(ဌ) ဘုရားသခင်ကို အစေခံပုံ၊ သူ့ကို သက်သေခံပုံတို့နှင့် ပတ်သက်၍

(၄၆၉) စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အလိုကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ အလိုကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်- သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

(၄၇၀) ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

(၄၇၁) ဘုရားသခင်ကို အမှန်တကယ် အစေခံသူတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူနှင့် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းအား ထိရောက်စေလိုပါက၊ သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ကာ အရာရာတိုင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန် သာ၍ပင် လိုအပ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူတစ်ဦးက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဤအသိမရှိပါက၊ သင် အစေခံသည်နှင့်တစ်ပြိုင်နက်၊ သင်သည် အနှောင့်အယှက်နှင့် အတားအဆီးများ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ သင်၏ အယူအဆများကို ဆက်လက်စွဲကိုင်ထားပါက၊ သင် မည်သည့်အခါမျှ ပြန်မထဖို့၊ ဘုရားသခင်က သင့်ကို မလွဲဧကန် ရိုက်ချလိမ့်မည်။ ဥပမာအနေဖြင့် လက်ရှိအချိန်ကို ကြည့်လော့- ယနေ့၏ မိန့်မြွက်ချက်များနှင့်အမှု များစွာသည် သမ္မာကျမ်းစာနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ယခင်က ဘုရားသခင် ပြုခဲ့သည့်အမှုနှင့် သဟဇာတမဖြစ်ပေ၊ ပြီးလျှင် သင်သည် နာခံရန် ဆန္ဒမရှိပါက၊ အချိန်မရွေး ပြိုလဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ရမည် ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ အမြင်များကို ပြုပြင်ရမည်။ ပြောဆိုမည့်အရာ များစွာသည် အတိတ်၌ ပြောခဲ့သောအရာနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် ယခု နာခံရန် လိုအင်ဆန္ဒမရှိပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုပြုခြင်း နည်းစနစ်များထဲမှ တစ်ခုသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ သင်သည် ထိုအရာကို မည်သည့်အခါမျှ လက်မလွှတ်ပါက၊ ဤနည်းစနစ်သည် သင်၏ ဘာသာရေးအယူအဆ ဖြစ်သွားလိမ့်မည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏အသက် ဖြစ်လာနိုင်စွမ်းရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ သင်၌ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ပိုင်ဆိုင်သူများသည် မည်သည့်အယူအဆမျှ ရှိကြလိမ့်မည်ဟုတ်သကဲ့သို့၊ အယူဝါဒကိုလည်း လိုက်နာလိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

(၄၇၂) ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။

ယနေ့မှ စ၍၊ ဘုရားသခင်သည် ဘာသာရေးအယူအဆများ လုံးဝမရှိသူများ၊ မိမိတို့၏ ဇာတိဟောင်းကို ဘေးဖယ်ထားရန် လိုလားနေသူများနှင့် ရိုးသားပွင့်လင်းသည့်နည်းလမ်းဖြင့် ဘုရားသခင်ကို နာခံသောသူများအား စနစ်တကျ စုံလင်စေမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တသူများကို သူ စုံလင်စေလိမ့်မည်။ ဤလူများသည် ထရပ်ကာ ဘုရားသခင်အား အစေခံသင့်ကြသည်။ ဘုရားသခင်၌ မဆုံးနိုင်သော ကြွယ်ဝမှုနှင့် အကန့်သတ်မဲ့ ဉာဏ်ပညာရှိ၏။ သူ၏ အံ့သြဖွယ်သော အမှုနှင့် အဖိုးတန်သော နှုတ်ကပတ်တော်များသည် သာ၍ပင် များပြားသော လူများ၏ မွေ့လျော်ခြင်းကို ခံရရန် အသင့်ကြိုလင့်နေပေသည်။ လက်ရှိအခြေအနေအရ၊ ဘာသာရေးအယူအဆများ ရှိသည့်သူများ၊ သက်ကြီးဝါကြီးများနှင့်၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်မထားနိုင်သူများသည် ဤအသစ်သောအရာများကို လက်ခံရန် ခက်ခဲသည်ကို တွေ့ရှိရကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤလူများကို စုံလင်စေရန် အခွင့်အရေး လုံးဝမရှိပေ။ အကယ်၍ လူတစ်ဦးသည် နာခံဖို့ သန္နိဋ္ဌာန်မချရသေးသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း မရှိပါက၊ ၎င်းတို့သည် ဤအသစ်သော အရာများကို လက်ခံရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် တကယ့်ကို သာ၍ သာ၍ ပုန်ကန်တတ်လာကြကာ၊ သာ၍ သာ၍ ပါးနပ်ကောက်ကျစ်လာကြပြီး၊ ထိုသို့ဖြင့် မှားယွင်းသည့် လမ်းကြောင်း ပေါ်တွင်သာ အဆုံးသတ်ရလိမ့်မည်။ သူ၏ အမှုကို ယခု လုပ်ဆောင်ရာတွင်၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်ကာ အသစ်သော အလင်းကို လက်ခံနိုင်သော သူများအား ချီးမြှောက် လိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ဝါရင့်မှုကြောင့် ရောင့်တက်တတ်သော ဘာသာရေး အရာရှိများကို ဘုရားသခင်သည် လုံးဝဖြတ်ချလိမ့်မည်။ ပြောင်းလဲမှုကို ခေါင်းမာစွာ ငြင်းဆန်သောသူများထဲမှ မည်သူ့ကိုမျှ ဘုရားသခင် အလိုမရှိပေ။ သင်သည် ဤလူများထဲမှ တစ်ဦး ဖြစ်ချင်သလော။ သင်သည် သင်၏ အစေခံခြင်းကို သင်ကိုယ်တိုင်၏ အကြိုက်များအတိုင်း သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အရာအတိုင်း ဆောင်ရွက်ပါသလော။ ဤသည်မှာ သင်ကိုယ်တိုင်အတွက် သင်သိရှိရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် ဘာသာရေး အရာရှိတစ်ဦးလော၊ သို့မဟုတ် ဘုရားသခင် စုံလင်စေသော မွေးကင်းစ ကလေးငယ်တစ်ဦးလော။ သင်၏ အစေခံခြင်းထဲမှ မည်မျှကို သန့်ရှင်းသော ဝိညာဉ်တော်က ချီးကျူးသနည်း။ ထိုအရာထဲမှ မည်မျှကို ဘုရားသခင်သည် စိတ်ရှုပ်ခံပြီး အမှတ်ရ နေမည်နည်း။ သင်၏ နှစ်များစွာကြာ အစေခံမှုအားလုံး၏ အကျိုးဆက်အနေဖြင့် သင့်အသက်တာတွင် မည်မျှကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်သနည်း။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင် ရှင်းသလော။ သင်သည် အမှန်တကယ် ယုံကြည်ခြင်းရှိပါက၊ သင်၏ ယခင်က ဘာသာရေး အယူအဆဟောင်းများကို သင် ဘေးဖယ်ထားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အသစ်သော နည်းလမ်းဖြင့် သာ၍ကောင်းမွန်စွာ အစေခံပေလိမ့်မည်။ ယခုထရပ်ရန် နောက်မကျလွန်းသေးပေ။ ဘာသာရေး အယူအဆဟောင်းများသည် လူတစ်ဦး၏ဘဝကို အဆုံးခံရစေနိုင်သည်။ လူတစ်ဦး ရရှိသည့် အတွေ့အကြုံသည် ဘုရားသခင်ထံမှ ၎င်းကို သွေဖည်စေနိုင်ပြီး အမှုအရာများကို မိမိကိုယ်တိုင်၏ နည်းလမ်းဖြင့် လုပ်ဆောင်စေနိုင်သည်။ ထိုသို့သောအရာများကို သင် ဘေးဖယ်မထားနိုင်ပါက၊ ယင်းအရာများသည် သင့်အသက်တာ ကြီးထွားမှုအဖို့ ခလုတ်တံသင်းများ ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် သူ့ကို အစေခံသောသူများကို အမြဲ စုံလင်စေပြီး၊ ၎င်းတို့ကို ပေါ့ပေါ့တန်တန် မစွန့်ပစ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံပါက၊ သင်၏ ဘာသာရေး ကျင့်ကြံမှုအဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို ဘေးဖယ်ထားနိုင်ကာ ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို အကဲဖြတ်သည့်အရာအဖြစ် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်နိုင်ပါက၊ ထိုအခါမှသာ သင့်အတွက် အနာဂတ်တစ်ခု ရှိလိမ့်မည်။ သို့သော် ဟောင်းသောအရာများကို သင် ဖက်တွယ်ပါက၊ ယင်းအရာများကို သင် တန်ဖိုးထားဆဲဖြစ်ပါက၊ သင်သည် ကယ်တင်ခံရဖို့ နည်းလမ်းမရှိပေ။ ထိုသို့သော လူများကို ဘုရားသခင်သည် အရေးမထားပေ။ သင်သည် စုံလင်ခံရဖို့ အမှန်တကယ် ဆန္ဒရှိပါက၊ ယခင်က အရာအားလုံးကို လုံးဝ စွန့်လွှတ်ဖို့ရန် သင် စိတ်ဆုံးဖြတ်ရမည်။ ယခင်က လုပ်ဆောင်ခဲ့သည့် အရာသည် မှန်ကန်လျှင်ပင်၊ ယင်းသည် ဘုရားသခင်၏ အမှု ဖြစ်ခဲ့လျှင်ပင်၊ သင်သည် ထိုအရာကို ဘေးဖယ်ထားနိုင်ဆဲ ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို ဖက်တွယ်ထားခြင်းအား ရပ်တန့်နိုင်ရမည်ဖြစ်သည်။ ယင်းသည် သိသာထင်ရှားစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့လျှင်ပင်၊ သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့လျှင်ပင်၊ ယနေ့တွင် ထိုအရာကို သင် ဘေးဖယ်ထားရမည်။ သင်သည် ထိုအရာကို ကိုင်စွဲမထားသင့်ပေ။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့် အရာဖြစ်သည်။ အရာရာတိုင်း အသစ်ပြုပြင်ခံရမည်။ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သူသည် ယခင်က ဖြစ်ခဲ့သည့် အမှုအရာ ဟောင်းများကို ရည်ညွှန်းခြင်းမရှိ၊ သူသည် နှစ်ချုပ်စာအုပ်ဟောင်းကို မတူးဆွပေ။ ဘုရားသခင်သည် အမြဲ သစ်လွင်ပြီး၊ မည်သည့်အခါတွင်မျှ အိုဟောင်းခြင်း မရှိသော ဘုရားသခင်ဖြစ်သကဲ့သို့၊ အတိတ်က သူကိုယ်တိုင်၏ နှုတ်ကပတ်တော်များကိုပင် ဖက်တွယ်ခြင်း မရှိပေ- ယင်းက ဘုရားသခင်သည် မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာသည်ကို ပြသ၏။ ထို့ကြောင့် ဘုရားသခင်သည် ယခင်က သူအသုံးပြုခဲ့သည့် နည်းလမ်းကိုအသုံးပြုလျက် အမှုမပြုတော့စဉ်တွင်၊ လူသား တစ်ဦးအနေဖြင့် သင်သည် အတိတ်က အရာများကို အမြဲ ဖက်တွယ်ပါက၊ ယင်းတို့ကို လက်လွှတ်ဖို့ သင် ငြင်းဆန်ပြီး၊ ပုံသေကားကျ ပုံစံတစ်ခုဖြင့် ယင်းတို့ကို တင်းကျပ်စွာ အသုံးပြုပါက၊ သင်၏ စကားများနှင့် အပြုအမူများသည် အနှောင့်အယှက်ဖြစ်စေသည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်လာပြီ မဟုတ်လော။ သင်သည် သင်၏ ဘဝတစ်ခုလုံးကို ဤဟောင်းသောအရာများနှင့်ပတ်သက်၍ ပျက်စီးဆုံးပါးသွားစေဖို့ လိုလားနေသလော။ ဤဟောင်းသော အရာများသည် သင့်ကို ဘုရားသခင်၏ အမှုအား တားဆီးသောသူတစ်ဦး ဖြစ်စေလိမ့်မည်- သင် ဖြစ်ချင်သည်မှာ ထိုသို့သော လူစားမျိုး ဖြစ်သလော။ သင်သည် ထိုသို့ အမှန်တကယ် မဖြစ်ချင်ပါက၊ သင်လုပ်ဆောင်နေသည့် အရာကို အလျင်အမြန် ရပ်တန့်ပြီး၊ ပြန်လှည့်လော့။ အရာအားလုံးကို တစ်ဖန် ပြန်၍စတင်လော့။ ဘုရားသခင်သည် သင်၏ အတိတ်မှ အစေခံမှုကို အမှတ်ရလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

(၄၇၃) သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို အစွမ်းကုန် ဂရုစိုက်သူများနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သူများသာလျှင် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆက်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။

အကယ်၍ သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်မည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

(၄၇၄) အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

(၄၇၅) အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။...

လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန်၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန်နှင့် လူသားကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့နှင့် မိတ်ဆက်ပေးရန်တို့အတွက် အလုပ်လုပ်ပြီး၊ ဤနည်းအားဖြင့် ဘုရားသခင်၏ အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်စေသည်။ ထို့ကြောင့် သင်တို့သည် အလုပ်၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

(၄၇၆) သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏အလိုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

(၄၇၇) သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင်၊ အတိတ်က သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအားဖြင့် ထုတ်ဖော်ပြခဲ့သည့်အရာများကို ဖက်တွယ်ထားပါက၊ သင်၏ အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေလိမ့်မည် ဖြစ်ပြီး၊ သင်၏လက်တွေ့လုပ်ဆောင်ခြင်းသည် ဘာသာရေး ဟိတ်ဟန်များထက် ဘာမျှမပိုဘဲ၊ ခေတ်နောက်ကျနေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အခြားအရည်အချင်းများကြားတွင်၊ အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံရမည်ဟု သင်ယုံကြည်ပါက၊ ပြီးလျှင် သင်သည် ထိုအသိမျိုးကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ထိုသို့သော အသိသည် ဘာသာရေး အယူအဆတစ်ခု ဖြစ်ပေသည်။ ထိုလက်တွေ့လုပ်ဆောင်ခြင်းသည် သူတော်ကောင်းယောင်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ “ဘာသာရေးအယူအဆများ” ဟူသော စကားရပ်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ပြခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့သကဲ့သို့ အသုံးမဝင်တော့သည့် အရာများကို ရည်ညွှန်းပြီး ထိုအရာများကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို နှောင့်ယှက်ကာ လူသားအား အကျိုးမပြုပေ။ လူတို့သည် ဘာသာရေး အယူအဆများနှင့်သက်ဆိုင်သည့် အရာများကို မိမိတို့ကိုယ်ကိုယ်မှ မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင် ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ- ၎င်းတို့ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ပြီးနောက်၊ ခြေနှစ်လှမ်း နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု အလွန့်အလွန် မှတ်ယူစေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက၊ ယင်းကို သူဖယ်ရှားလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်က ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက၊ ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ၊ ယင်းအစား အတိတ်က အလင်းကို ဖက်တွယ်ထားပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြသလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

(၄၇၈) လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၄၇၉) ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏အလိုကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏အလိုနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

(၄၈၀) ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။ ယေရှု၏သာဓကနှင့် နှိုင်းယှဉ်ပါက၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နေသည်ဟု အရဲစွန့်၍ဆိုဝံ့သလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ အစေခံနေသည်ဟု အရဲစွန့်၍ပြောရဲသလော။ ယနေ့ ဘုရားသခင်အား အဘယ်သို့ အစေခံရမည်ကို သင်နားမလည်ပါ၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ပြောပါက၊ သူ့ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤအရာကို စဉ်းစားကြည့်လော့- သင်သည် ဘုရားသခင်ကို အစေခံနေသလော၊ သို့တည်းမဟုတ် သင့်ကိုယ်သင် အစေခံနေသလော။ သင်သည် စာတန်ကို အစေခံသော်ငြားလည်း၊ ဘုရားသခင်ကို အစေခံနေပါသည်ဟု ခေါင်းမာစွာ သင်ပြောသည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်သလော။ ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

(၄၈၁) သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

(၄၈၂) ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

(၄၈၃) သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

(၄၈၄) ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ စစ်မှန်မှု၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။...သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ ဤအသိပညာကို အသုံးပြုရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

(၄၈၅) ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများနှင့် သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက၊ ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

(၄၈၆) သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

(၄၈၇) သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း၊ သင်တို့အထဲမှ မည်သူမျှ ငါ့အကြောင်းကို အပြည့်အဝ မပြောပြနိုင်ကြ၊ မည်သူမျှ သင်တို့ မြင်သည့် အချက်အလက်များအားလုံးကို အပြည့်အဝ သက်သေမခံနိုင်ကြချေ။ ယင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်ကြလော့- ယနေ့တွင်၊ သင်တို့အများစုသည် သင်တို့၏ တာဝန်များကို ပျက်ကွက်နေကြ၏၊ ယင်းအစား ဇာတိပကတိကို လိုက်စားနေကြသည်၊ ဇာတိပကတိကို ဆန္ဒဖြည့်နေကြပြီး ဇာတိပကတိကို လောဘတကြီး မွေ့လျော်ခံစားနေကြ၏။ သင်တို့သည် မပြောပလောက်သော သမ္မာတရား ပိုင်ဆိုင်ကြ၏။ သို့ဆိုလျှင် သင်တို့ မြင်ပြီးသမျှအားလုံးအဖို့ မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေများဖြစ်နိုင်သည်ဟု အမှန်တကယ် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်ကြသလော။ ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ ယင်းက သင့်ကို အစဉ်အမြဲ အပြစ်သား ဖြစ်စေမည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။ သင်သည် သာ၍ဆိုးရွားစွာ စိတ်ပျက်လက်ပျက်ဖြစ်လိမ့်မည်မဟုတ်လော။ ယနေ့ ငါ၏အမှုအားလုံးသည် အားနေခြင်းနှင့် ပျင်းရိရာမှ လုပ်ဆောင်သည်မဟုတ်ဘဲ၊ ငါ၏ အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိပြီး အသစ်သောအရာတစ်ခုကို အကြံထုတ်ဖို့ လိုအပ်သောကြောင့် မဟုတ်ပေ။ ငါ လုပ်ဆောင်သည့် အမှုကို သင် နားလည်သင့်သည်။ ယင်းသည် လမ်းပေါ်၌ ကစားနေသော ကလေးတစ်ဦးက လုပ်ဆောင်သည့် အရာတစ်ခုမဟုတ်ဘဲ၊ ငါ့အဖကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်သည့် အမှုဖြစ်သည်။ ဤအရာအားလုံးကို ငါကိုယ်တိုင် တစ်ဦးတည်း လုပ်ဆောင်နေခြင်း မဟုတ်သည်ကို သင်တို့သိသင့်သည်။ ယင်းထက်၊ ငါသည် ငါ့အဖကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဤအတောအတွင်း၊ သင်တို့၏ အခန်းကဏ္ဍသည် တစ်သဝေမတိမ်း လိုက်လျှောက်ရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန် ဖြစ်သည်။ သင်တို့ နားလည်သင့်သည်မှာ ငါ့ကို သင်တို့ ယုံကြည်သင့်သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ အသီးသီး နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖသည် သူ၏ ဘုန်းအသရေအတွက် ဤလောကကို သူ ဖန်ဆင်းခဲ့သည့် အခိုက်အတန့်မှ သင်တို့အားလုံးကို ငါ့အတွက် ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ သင်တို့ကို သူ ခွဲခန့်မှတ်သားထားသည်မှာ ငါ၏အမှုအတွက်ဖြစ်ပြီး၊ သူ၏ ဘုန်းအသရေအတွက် ဖြစ်သည်။ သင်တို့ ငါ့ကို ယုံကြည်ကြသည်မှာ ငါ၏ ဖခမည်းတော်ကြောင့် ဖြစ်သည်။ သင်တို့ ငါ့နောက်လိုက်ကြသည်မှာ ငါ၏ အဖခမည်းတော်၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့် ဖြစ်သည်။ ဤအရာထဲမှ မည်သည့်အရာမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ ငါ့ကို သက်သေခံခြင်း ရည်ရွယ်ချက်အတွက် ငါ၏ ဖခမည်းတော်က ငါ့အပေါ် အပ်နှင်းသူများမှာ သင်တို့ ဖြစ်သည်ကို သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အား သူပေးခဲ့သောကြောင့်၊ သင်တိုသည် သင်တို့အပေါ် ငါ အပ်နှင်းသော လမ်းခရီးများအပြင် သင်တို့ကို ငါ သွန်သင်သည့် လမ်းခရီးများနှင့် နှုတ်ကပတ်တော်များကို လိုက်နာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများကို လိုက်နာစောင့်ထိန်းရန်မှာ သင်တို့၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ငါ့ကို သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့အပေါ် အပ်နှင်းထားသော သူများသာ ဖြစ်သည်။ သို့ရာတွင်၊ သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလမိသားစုမှ မဟုတ်ဘဲ၊ ထိုအစား ရှေးဟောင်းမြွေ၏ အမျိုးဖြစ်သောကြောင့် ငါနှင့် မသက်ဆိုင်ကြချေ။ သင်တို့လုပ်ဆောင်ရန် ငါတောင်းဆိုသမျှမှာ ငါ့အတွက် သက်သေခံရန် ဖြစ်သော်လည်း၊ ယနေ့တွင် သင်တို့သည် ငါ၏ လမ်းခရီးများ၌ လျှောက်လှမ်းကြရမည်ဖြစ်သည်။ ဤအရာအားလုံးသည် အနာဂတ် သက်သေခံချက်အတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သည့် လူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက၊ သင်တို့သည် တန်ဖိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့ကို ငါ၏ ခမည်းတော်က ငါ့အပေါ် အပ်နှင်းရခြင်း၏ အရေးပါမှု ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သင်တို့ကို ငါ ခိုင်ခိုင်မာမာ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများတွင် လျှောက်လှမ်းသင့်ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

အရှေ့သို့- (ဋ) ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို စွမ်းဆောင်ရရှိပုံနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဍ) စာတန်၏ စွမ်းအားကို ဖယ်ရှားပုံနှင့် ကယ်တင်ခြင်းကို ရရှိပုံတို့နှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။