အခန်း ၁၈

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့် အပြည့်အစုံဖော်ပြနိုင်ခြင်း မရှိပေ၊ ဤအချက်က သူ့တွင် ထူးကဲကြွယ်ဝမှု မည်မျှရှိသည်ကို ပြ၏။ လူတို့မြင်နိုင်၊ ကိုင်နိုင်သည့် အရာများမှာ စင်စစ်အားဖြင့် လူတို့၏စွမ်းရည်ကဲ့သို့ပင် အကန့်အသတ်ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ရှင်းလင်းသော်လည်း လူတို့သည် အပြည့်အစုံနားလည်နိုင်စွမ်း မရှိကြပေ။ ဤနှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- “လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။” ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ၏ဖြစ်ခြင်း ပါရှိ၏၊ လူအားလုံးသည် ဤနှုတ်ကပတ်တော်တို့ကို သတိမူမိကြသော်လည်း ၎င်းတို့၏အဓိပ္ပာယ်များကို မည်သည့်အခါကမျှ မသိခဲ့ကြပေ။ ဘုရားသခင်၏အမြင်တွင် သူ့ကိုခုခံသူအားလုံးသည် သူ၏ရန်သူများဖြစ်၏။ ဆိုလိုသည်မှာ နတ်ဆိုးများနှင့် သက်ဆိုင်သူတို့သည် တိရစ္ဆာန်များဖြစ်ကြ၏။ ဤအချက်မှ အသင်းတော်၏စစ်မှန်သောအခြေအနေကို တွေ့နိုင်ပေသည်။ လူအပေါင်းတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းကို ခံကြရပြီး၊ ဤအလင်းထဲတွင် အခြားသူများ၏ သြဝါဒပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် တိုက်ရိုက်ငြင်းပယ်ခြင်းတို့ကို မခံရဘဲ၊ အခြားသော လူ့လုပ်နည်းလုပ်ဟန်များကို မခံရဘဲ၊ ထို့ပြင် အခြားသူများ၏ ထောက်ပြခြင်းကို မခံရဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်ကြောကြ၏။ “အနုစိတ်ရှုထောင့်” မှကြည့်လျှင် ၎င်းတို့သည် မိမိတို့အထဲ၌ အနာရောဂါမည်မျှရှိနေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်ကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ဝိညာဉ်အမျိုးအစားတိုင်းသည် အမျိုးအစားသတ်မှတ်ခံရပြီး ၎င်းတို့၏ မူရင်းပုံစံအတိုင်း ဖော်ထုတ်ခြင်း ခံရ၏။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များရှိသူတို့သည် တိုး၍အလင်းပေးခြင်းခံရပြီး တိုး၍ဉာဏ်အလင်းရကြသဖြင့် ဘုရားသခင်က “တစ်ချိန်တစ်ခါက ၎င်းတို့ပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခြင်း” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ရရှိခဲ့သော နောက်ဆုံးရလဒ်အပေါ် အခြေခံထားခြင်းဖြစ်၏။ လတ်တလောတွင် ထိုရလဒ်ကို အပြည့်အဝ မရယူနိုင်သေးသည်မှာ အမှန်ပင်ဖြစ်၏— ယင်းမှာ နမူနာအမြည်းသာဖြစ်ပြီး ထိုအရာမှတစ်ဆင့် ဘုရားသခင်၏အလိုတော်ကို မြင်နိုင်ပေလိမ့်မည်။ များလှစွာသော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ပြိုလဲကြလိမ့်မည်ဖြစ်ကာ လူအားလုံးကို တဖြည်းဖြည်း သန့်ရှင်းစေသည့် ဖြစ်စဉ်၏ အနိုင်ယူခြင်းကို ခံကြရလိမ့်မည်။ ဤနေရာ၌ “ရွှံ့အတွင်း ပျော်ဝင်သွားခြင်း” ဆိုသည်မှာ လောကကို မီးဖြင့် ဘုရားသခင်ဖျက်ဆီးခြင်းနှင့် ကွဲလွဲဆန့်ကျင်ခြင်းမရှိပေ၊ ထို့ပြင် “လျှပ်ပြက်ခြင်း” သည် ဘုရားသခင်၏ အမျက်ဒေါသကို ရည်ညွှန်း၏။ ဘုရားသခင်သည် သူ၏မဟာအမျက်ဒေါသကို လွှတ်လိုက်သည့်အခါ အကျိုးဆက်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ရလိမ့်မည်။ မြင့်မားသော မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ ဘေးဒုက္ခမျိုးစုံသည် လူသားမျိုးနွယ်အားလုံးအပေါ် တစ်နေ့တခြား တိုး၍ချဉ်းကပ်လာနေသည်ကို တွေ့နိုင်၏။ အထက်အရပ်မှ အောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီတွေ့ရသော မြင်ကွင်းများနှင့်တူသည့် မြင်ကွင်းအမျိုးမျိုးကို တင်ဆက်ပြနေ၏။ မီးလောင်လွယ်သော ရေဆီတို့သည် အတားအဆီးမရှိ တစ်ဟုန်ထိုးစီးထွက်နေ၏၊ ချော်ရည်သည် ဒလဟောစီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အလင်းအေးသည် အားလုံးအပေါ် တလက်လက်တောက်ပနေ၏။ တစ်ကမ္ဘာလုံးသည် မီးထဲသို့ စုန်းစုန်းမြုပ်သွားလေပြီ။ ဤသည်မှာ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ရာ အချိန်ဖြစ်သည်။ အသွေးအသားရှိသူအားလုံးသည် လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန်အလို့ငှာ နိုင်ငံအချင်းချင်း စစ်တိုက်ရန်နှင့် လူမျိုးအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုအစား ကမ္ဘာကြီးသည် ဘုရားသခင်၏ပြစ်တင်ဆုံးမမှု ဆောင်ပန်းအတွင်း “အသိနိုးကြားစွာဖြင့် မွေ့လျော်ခံစား” လိမ့်မည်ဖြစ်၏။ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်၊ အယောက်စီတိုင်းသည် ဤတုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့နောက်တွင် စကြဝဠာတစ်ခုလုံးသည် သန့်ရှင်းသော ထွန်းလင်းဝင်းပမှုဖြင့် တစ်ဖန်ပြန်၍တောက်ပလာကာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် အသစ်သောအသက်တာကို နောက်တစ်ဖန် စတင်ကြလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် စကြဝဠာအထက်၌ အနားယူလျက် လူသားမျိုးနွယ်အားလုံးကို နေ့စဉ်ကောင်းချီးပေးလိမ့်မည်။ ကောင်းကင်သည် မခံမရပ်နိုင်အောင် တိတ်ဆိတ်ခြောက်ကပ်နေမည် မဟုတ်ဘဲ၊ လောကကို ဖန်ဆင်းချိန်ကတည်းက မရှိခဲ့သည့် ရှင်သန်တက်ကြွမှုကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။ ထို့အပြင် “ဆဋ္ဌမမြောက်နေ့” ရောက်လာသည့်အချိန်သည် အသစ်သောအသက်တာကို ဘုရားသခင်စတင်သည့်အချိန် ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့သည် ချမ်းသာထဲသို့ ဝင်စားကြကာ စကြဝဠာသည် နောက်ကျိခြင်း၊ သို့မဟုတ် ညစ်ညူးခြင်းတို့ မရှိတော့ဘဲ အသစ်တစ်ဖန် ပြုပြင်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က- “မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ” ဟုပြောခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် မဖြောင့်မတ်မှုသော်လည်းကောင်း၊ လူ့ခံစားချက်များသော်လည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသော်လည်းကောင်း မည်သည့်အခါကမျှ မရှိခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ စာတန်၏နှောင့်ယှက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ “လူ” အားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်နိုင်ကြ၏၊ ထို့ပြင် ကောင်းကင်အသက်တာသည် ဝမ်းမြောက်ခြင်းပြည့်ဝသော အသက်တာဖြစ်လေသည်။ ကောင်းကင်တွင်ရှိသောသူအားလုံး၌ ဘုရားသခင်၏ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ရှိကြသည်။ ကောင်းကင်နှင့် မြေကြီးတို့၏ ကွဲပြားမှုများကြောင့် ကောင်းကင်နိုင်ငံသားတို့ကို “လူ” ဟု မခေါ်ပေ၊ ထိုအစား ဘုရားသခင်က ၎င်းတို့ကို “ဝိညာဉ်များ” ဟု ခေါ်၏။ ဤစကားနှစ်လုံးတွင် ပဓာနကျသော ကွဲပြားချက်များရှိကြသည်- ယခုတွင် “လူ” ဟု အခေါ်ခံရသူများ အားလုံးသည် စာတန်၏ဖျက်ဆီးခြင်းကို ခံထားရသော်လည်း “ဝိညာဉ်များ” ဟု အခေါ်ခံရသောသူများမှာ စာတန်၏ဖျက်ဆီးခြင်းကို မခံထားရပေ။ အဆုံးတွင် ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူအားလုံးကို ကောင်းကင်ရှိဝိညာဉ်များ၏ ပင်ကိုအရည်အချင်းများရှိသော သတ္တဝါများအဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် စာတန်၏နှောင့်ယှက်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ ဤသည်မှာ “ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ” ဟူသော နှုတ်ကပတ်တော်တို့၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ “ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။” ကောင်းကင်တမန်တို့၏ဝိညာဉ်များရှိသော လူတို့ကို ရည်ညွှန်း၍ ထိုအရာကို ပြောထားခြင်းဖြစ်၏၊ ထို့အပြင် ထိုအချိန်တွင် “ကောင်းကင်တမန်တို့” သည် တစ်ဖန်ပြန်၍ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ကြမည်ဖြစ်ပြီး ၎င်းတို့၏မူလအနေအထားကို ပြန်လည်ရရှိကြမည်ဖြစ်ကာ ဇာတိပကတိကြောင့် ကောင်းကင်နှင့် မြေကြီး လောကနှစ်ခုအကြား ပိုင်းခြားခံနေရတော့မည် မဟုတ်ပေ။ မြေကြီးပေါ်ရှိ “ကောင်းကင်တမန်တို့” သည် ကောင်းကင်ရှိ ကောင်းကင်တမန်တို့နှင့် ပြောဆိုဆက်သွယ်နိုင်ကြလိမ့်မည်၊ မြေကြီးပေါ်ရှိ လူတို့သည် ကောင်းကင်၏နက်နဲသောအရာများကို သိကြလိမ့်မည်ဖြစ်ကာ ကောင်းကင်ရှိ ကောင်းကင်တမန်တို့သည် လူ့လောက၏လျှို့ဝှက်ချက်များကို သိကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးတို့သည် အလှမ်းကွာနေတော့မည် မဟုတ်ဘဲ ပေါင်းစည်းသွားလိမ့်မည်။ ဤသည်မှာ နိုင်ငံတော်ဖြစ်ထွန်းလာခြင်း၏ အလှတရားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ပြည့်စုံစေမည့်အရာဖြစ်ပြီး လူသားအားလုံးနှင့် ဝိညာဉ်အားလုံးက တောင့်တသည့်အရာလည်း ဖြစ်၏။ သို့ရာတွင် ဘာသာရေးလောက၌ရှိသောသူတို့သည် ထိုအကြောင်းကို လုံးဝမသိကြပေ။ ထိုသူတို့သည် ဖြူသောမိုးတိမ်ပေါ်မှ ကယ်တင်ရှင်ယေရှုကြွလာပြီး မြေကြီးပေါ်တွင် “အမှိုက်သရိုက်” (“အမှိုက်သရိုက်” ဟူသည် ဤနေရာ၌ အလောင်းကောင်များကို ရည်ညွှန်း၏) တို့ကို ကြဲပြန့်ထားခဲ့လျက် ၎င်းတို့၏ဝိညာဉ်များကို ယူဆောင်သွားမည်ကိုသာ စောင့်မျှော်နေကြ၏။ ဤသည်မှာ လူသားအားလုံး၏ အယူအဆပင်ဖြစ်သည် မဟုတ်သလော။ ထို့ကြောင့် ဘုရားသခင်က “ဘာသာရေးလောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း” ဟု ပြောခဲ့ခြင်းဖြစ်၏။ မြေကြီးပေါ်တွင် ဘုရားသခင်၏လူတို့ စုံလင်ခြင်းကြောင့် ဘာသာရေးလောကသည် မှောက်လှန်ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ပြောထားသည့် “သြဇာအာဏာ” ၏ စစ်မှန်သောအဓိပ္ပာယ်ဖြစ်၏။ ဘုရားသခင်က- “ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏” ဟုပြောခဲ့၏။ ဤသည်မှာ ဘာသာရေးလောကကို ဖျက်ဆီးခြင်း၏ အကျိုးဆက်များအကြောင်းကို သူပြောဆိုထားခြင်း ဖြစ်သည်။ ထိုလောကတစ်ခုလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် သူ၏ပလ္လင်တော်ရှေ့တွင် ကျိုးနွံနာခံကြမည်ဖြစ်ပြီး ဖြူသောမိုးတိမ် ဆင်းသက်လာရန် စောင့်နေခြင်း၊ သို့မဟုတ် မိုးကောင်းကင်ကို ကြည့်နေခြင်းတို့ ပြုတော့မည် မဟုတ်ဘဲ၊ ထိုအစား ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် သိမ်းပိုက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် “၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏” ဟူ၍ ပြောထားခြင်းဖြစ်သည်— ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လုံးလုံးလျားလျားခံရမည့် ဘာသာရေးလောက၏ ရလဒ်ဖြစ်သည်။ ယင်းသည်- ဘုရားသခင်ကို ၎င်းတို့သိကောင်းသိနေနိုင်သည်ဟူသည့် ၎င်းတို့၏ကိုယ်ပိုင် အယူအဆများကို မည်သည့်အခါမျှ နောက်တစ်ဖန် မစွဲကိုင်ကြတော့စေရန် လူသားမျိုးနွယ်ထဲမှ အပုန်ကန်ဆုံးသောသူများ ဖြစ်ကြသည့် ဘာသာရေးကိုင်းရှိုင်းသောသူအားလုံးကို ဖြိုချခြင်းဟု ဘုရားသခင်၏အနန္တတန်ခိုးက ရည်ညွှန်းပြောဆိုသည့်အရာ ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် နိုင်ငံတော်၏လှပမှုအကြောင်းကို ကြိမ်ဖန်များစွာ ကြိုတင်ပြောကြားခဲ့သော်လည်း၊ ထိုနိုင်ငံတော်၏ အမျိုးမျိုးသော ပုံပန်းသွင်ပြင်များအကြောင်းကို ပြောကြားခဲ့၍ ၎င်းကို ရှုထောင့်အမျိုးမျိုးမှ ဖော်ပြခဲ့သော်လည်း ထိုသူတို့သည် နိုင်ငံတော်ခေတ်၏ အခြေအနေတိုင်းကို စုံလင်စွာ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏လက်ခံနိုင်မှုစွမ်းရည်မှာ နည်းပါးလွန်း၍ဖြစ်သည်။ ဘုရားသခင့်မိန့်မြွက်ချက်များ၏ နှုတ်ကပတ်တော်အားလုံးကို ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း လူတို့သည် ၎င်းတို့အတွင်းထဲသို့ ဓာတ်မှန်ကြည့်စက်မှတစ်ဆင့် ဓာတ်ရောင်ခြည်များဖြင့် အရှိအတိုင်း မကြည့်ရသေးပေ။ ထို့ကြောင့်ပင် လူတို့သည် ရှင်းလင်းမှုနှင့် နားလည်မှုတို့ မရှိကြဘဲ ဇဝေဇဝါပင် ဖြစ်နေကြခြင်းဖြစ်၏။ ဤသည်မှာ ဇာတိပကတိ၏ အကြီးမားဆုံးသော ချို့ယွင်းချက်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်ကို ချစ်လိုကြသော်လည်း စာတန်၏နှောင့်ယှက်မှုကြောင့် ၎င်းတို့သည် သူ့အား ခုခံကြ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့ ပြန်လည်ရှင်သန်လာနိုင်ရန် ၎င်းတို့၏ ထုံ၍ နုံအနေသော နှလုံးသားများကို အကြိမ်ကြိမ် တို့ထိခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ဖော်ထုတ်သမျှမှာ စာတန်၏ အကျည်းတန်မှုဖြစ်၏။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များက ပိုခက်ထန်လေ၊ စာတန်က ပိုအရှက်ရလေဖြစ်ကာ၊ လူတို့၏နှလုံးသားများက ချည်နှောင်ခြင်းကို မခံထားရလေ၊ လူတို့၏ချစ်ခြင်းမေတ္တာကို ပိုနှိုးဆွနိုင်လေဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ပုံဖြစ်သည်။ စာတန်သည် ထုတ်ဖော်ခံထားရပြီး ထိုးထွင်းမြင်ခံထားရသဖြင့် ၎င်းသည် လူတို့၏နှလုံးသားများတွင် နေရာမယူဝံ့တော့ပေ၊ ထို့ကြောင့် ကောင်းကင်တမန်တို့သည် နှောင့်ယှက်ခြင်း မခံရတော့ပေ။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်ကြခြင်းဖြစ်၏။ ကောင်းကင်တမန်များသည် ၎င်းတို့၏စစ်မှန်သော ပင်ကိုသဘော၌ ဘုရားသခင်နှင့်သက်ဆိုင်၍ ဘုရားသခင်အား ချစ်ကြကြောင်းကို ထိုအခါမှသာ ရှင်းရှင်းလင်းလင်း တွေ့ရပေသည်။ ဤလမ်းကြောင်းအားဖြင့်သာ ဘုရားသခင်၏ အလိုတော်သည် အထမြောက်နိုင်၏။ “လူသားအားလုံးတို့၏နှလုံးသားများအတွင်း၌ ငါ့အတွက် နေရာတစ်နေရာ ယခုရှိနေပြီဖြစ်သည်။ လူသားတို့အကြား၌ ငါသည် မနှစ်မြို့ခြင်းကိုသော်လည်းကောင်း၊ ငြင်းပယ်ခြင်းကိုသော်လည်းကောင်း ကြုံရတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငါ၏ကြီးမြတ်သောအမှုသည် အထမြောက်ခဲ့ပြီးဖြစ်၍ နှောင့်ယှက်ခြင်းကို မခံရတော့သောကြောင့်ဖြစ်သည်။” ဤသည်မှာ အထက်ဖော်ပြပါအချက်၏ အနက်အဓိပ္ပာယ်ဖြစ်သည်။ စာတန်၏ နှောင့်ယှက်မှုကြောင့် လူတို့သည် ဘုရားသခင်ကိုချစ်ရန် အချိန်မပေးနိုင်ကြဘဲ လောက၏အရာများနှင့် အစဉ်ရစ်ပတ်နေလျက်၊ ၎င်းတို့သည် စိတ်ရှုပ်ထွေးမှုကိုအရင်းခံပြီး ပြုမူနေစေရန် စာတန်၏ လှည့်ဖြားခြင်းကို ခံရ၏။ ထိုကြောင့် လူသားမျိုးနွယ်သည် “ဘဝ၏အခက်အခဲများစွာ၊ လောက၏မတရားမှုများစွာ၊ လူ့လောက၏ လောကဓံတရားများစွာတို့နှင့် ကြုံခဲ့ရသော်လည်း ၎င်းတို့သည် ယခု ငါ၏အလင်းထဲ၌ နေထိုင်ကြ၏။ ယမန်နေ့က မတရားမှုများကြောင့် မငိုကြွေးသောသူ မည်သူရှိသနည်း” ဟု ဘုရားသခင်ဆိုခဲ့ခြင်းဖြစ်၏။ ဤနှုတ်ကပတ်တော်တို့ကို လူတို့ကြားပြီးသောအခါ၊ ဘုရားသခင်သည် ၎င်းတို့၏ ဒုက္ခခံဖော် ဒုက္ခခံဖက်ဖြစ်ဘိသည့်အလား၊ ၎င်းတို့ကို စာနာစကားပြောနေဘိသည့်အလား၊ ထိုအချိန်တွင် ဘုရားသခင်သည် ၎င်းတို့နှင့်အတူ မကျေနပ်ချက်များကို ဖွင့်ပြောနေဘိသည့်အလား ၎င်းတို့ခံစားကြရ၏။ ၎င်းတို့သည် လူ့လောက၏နာကျင်မှုကို ရုတ်တရက်ခံစားရကာ ဤသို့တွေးကြ၏- “မှန်လိုက်လေခြင်း— ငါသည် လောကကြီးထဲတွင် မည်သည့်အရာကိုမျှ တစ်ခါမျှ မမွေ့လျော်ခဲ့စဖူး။ ငါ့မိခင်၏ဝမ်းထဲမှ ထွက်လာစဉ်ကတည်းက ယခုအထိ ငါသည် လူ့ဘဝကို တွေ့ကြုံခံစားခဲ့ပြီး မည်သည့်အရာကိုမျှ ရရှိခဲ့ခြင်းမရှိချေ၊ သို့သော်လည်း ကြီးမားစွာ ဒုက္ခခံခဲ့ရ၏။ အားလုံးဗလာနတ္ထိပင် ဖြစ်နေတော့သည်တကား။ ယခုဆိုလျှင် ငါသည် စာတန်၏အလွန်အမင်းဖျက်ဆီးခြင်းကို ခံထားရလေပြီ။ အို။ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်သာမဟုတ်လျှင်၊ ငါသေဆုံးရမည့်အချိန် ရောက်လာသည့်အခါ ငါသည် တစ်ဘဝလုံးကို အချည်းနှီးနေထိုင်ခဲ့ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ လူ့ဘဝဟူသည်မှာ အဓိပ္ပာယ်ရော ရှိပါ၏လော။ နေအောက်ရှိ အရာခပ်သိမ်းသည် အနတ္တသက်သက်ဖြစ်ကြ၏ဟု ဘုရားသခင်ပြောသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဘုရားသခင်သည် ငါ့ကို ယနေ့ဉာဏ်အလင်းမပေးခဲ့လျှင် ငါသည် အမှောင်ထဲတွင် ရှိနေဦးမည်ဖြစ်သည်။ စိတ်ပျက်စရာကောင်းလိုက်လေခြင်း။” ဤအခိုက်တွင် ၎င်းတို့၏နှလုံးသား၌ “ငါသည် ဘုရားသခင်၏ကတိကို မရနိုင်လျှင် အသက်တာကို မည်သို့ဆက်လက်တွေ့ကြုံခံစားနိုင်မည်နည်း” ဟူသော ဒွိဟတစ်ရပ် ပေါ်လာ၏။ ဤနှုတ်ကပတ်တော်တို့ကို ဖတ်ရှုသူအားလုံးသည် ဆုတောင်းသောအခါ ငိုကြွေးကြလိမ့်မည်။ ဤသည်မှာ လူ့စိတ်သဘောပင်ဖြစ်၏။ တစ်စုံတစ်ဦးအနေဖြင့် စိတ်မူမမှန်သောသူ မဟုတ်ပါက ၎င်းတို့ကို ဖတ်ရှုပြီးနောက် မည်သည့်တုံ့ပြန်ချက်မျှ မရှိဘဲနေရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူအမျိုးမျိုး၏ အနေအထားများကို နေ့စဉ်ဖော်ထုတ်၏။ တစ်ခါတစ်ရံ သူသည် ၎င်းတို့ကိုယ်စား မကျေနပ်မှုများကို ရင်ဖွင့်၏။ တစ်ခါတစ်ရံ သူသည် လူတို့အား အချို့သောပတ်ဝန်းကျင်ကို ကျော်လွှား၍ ဖြတ်သန်းနိုင်ရန် ကူညီပေး၏။ တစ်ခါတစ်ရံ သူသည် လူတို့အား ၎င်းတို့၏ “ပုံသဏ္ဌာန်ပြောင်းလဲခြင်းများ” ကို ထောက်ပြ၏။ သို့မဟုတ်ပါက လူတို့သည် အသက်တာ၌ ၎င်းတို့မည်မျှကြီးထွားလာသည်ကို သိကြမည်မဟုတ်ပေ။ တစ်ခါတစ်ရံ ဘုရားသခင်သည် လက်တွေ့အရှိတရားရှိ လူတို့၏အတွေ့အကြုံများကို ထောက်ပြကာ၊ တစ်ခါတစ်ရံ သူသည် ၎င်းတို့၏ အားနည်းချက်များနှင့် အပြစ်အနာအဆာများကို ထောက်ပြ၏။ တစ်ခါတစ်ရံ သူသည် ၎င်းတို့အပေါ် တောင်းဆိုချက်အသစ်များကို ပြုကာ၊ တစ်ခါတစ်ရံ သူသည် သူ့အပေါ် မည်သည့်အတိုင်းအတာအထိ လူတို့နားလည်သည်ကို ထောက်ပြ၏။ သို့ရာတွင် ဘုရားသခင်သည်- “များစွာသောလူတို့က ပြောဆိုသော လှိုက်လှဲနွေးထွေးသည့် စကားများ၊ များစွာသောလူတို့ ပြောပြသည့် ဒုက္ခခံရမှုအကြားရှိ နာကျင်ဖွယ်ရာ အတွေ့အကြုံများအကြောင်း အဖြစ်အပျက်များကို ငါကြားခဲ့ဖူးပြီ။ အဆိုးရွားဆုံး အခြေအနေများတွင် လူများစွာတို့သည် ငါ့အပေါ် ၎င်းတို့၏သစ္စာစောင့်သိမှုအား မပျက်မကွက် ဆက်ကပ်ကြသည်ကို ငါတွေ့ခဲ့ဖူးပြီ၊ ထို့အပြင် လူများစွာတို့သည် ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းတွင် လျှောက်လှမ်းရင်း ထွက်မြောက်ရာလမ်းအား ရှာနေကြသည်ကိုလည်း ငါကြည့်ခဲ့ဖူးပြီ” ဟုလည်း ပြောခဲ့၏။ ဤသည်မှာ အပြုသဘောဆောင်သော ဇာတ်ကောင်တို့၏ ဖော်ပြချက်ဖြစ်၏။ “လူ့သမိုင်းပြဇာတ်” ၏ အခန်းတစ်ခုစီတွင် အပြုသဘောဆောင်သော ဇာတ်ကောင်များသာမက အပျက်သဘောဆောင်သော ဇာတ်ကောင်များပါ ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် အပျက်သဘောဆောင်သော ထိုဇာတ်ကောင်တို့၏ အကျည်းတန်မှုကို ဆက်၍ဖော်ထုတ်လေ၏။ ဤနည်းအားဖြင့် “သစ္စာဖောက်များ” နှင့် ၎င်းတို့၏ ကွဲပြားခြားနားချက်ကြောင့်သာ “ဖြောင့်မတ်သောလူများ” ၏ အလျှော့မပေးသော သစ္စာရှိမှုနှင့် ကြောက်ရွံ့ခြင်းကင်းသော သတ္တိတို့သည် ဖော်ထုတ်ခြင်းခံရ၏။ လူအားလုံး၏အသက်တာများတွင် အပျက်သဘောဆောင်သော အချက်များ ရှိကာ၊ အပြုသဘောဆောင်သော အချက်များလည်း ခြွင်းချက်မရှိ ရှိကြ၏။ သစ္စာဖောက်များသည် ခေါင်းများငုံ့လျက် ၎င်းတို့၏အပြစ်များကို ဝန်ခံစေရန်နှင့် ဖြောင့်မတ်သော လူများသည် အားပေးမှုနှင့် ဆက်လက်၍သစ္စာရှိစေရန် ဘုရားသခင်သည် လူအားလုံးနှင့်ပတ်သက်သည့် အမှန်တရားအား အဆိုပါအချက်နှစ်ချက်စလုံးကို အသုံးပြု၍ ဖော်ထုတ်၏။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်သော အဓိပ္ပာယ်များသည် လွန်စွာနက်နဲ၏။ ရံဖန်ရံခါ လူတို့သည် ၎င်းတို့ကိုဖတ်ပြီးနောက် ကိုယ်ကိုကိုင်း၍ ရယ်မောကြကာ၊ ရံဖန်ရံခါတွင် တိတ်ဆိတ်စွာဖြင့် ဦးခေါင်းငိုက်စိုက်ချကြ၏။ ရံဖန်ရံခါ ၎င်းတို့သည် စားမြုံ့ပြန်ကြ၍၊ ရံဖန်ရံခါ ၎င်းတို့သည် ခါးသီးစွာငိုကြွေးကာ ၎င်းတို့၏အပြစ်များကို ဝန်ခံကြ၏၊ ရံဖန်ရံခါ ၎င်းတို့သည် စမ်းတဝါးဝါးလုပ်ကာ၊ ရံဖန်ရံခါ ၎င်းတို့သည် ရှာဖွေကြ၏။ ခြုံငုံကြည့်လျှင် ဘုရားသခင်စကားပြောသည့် အခြေအနေများ မတူညီမှုကြောင့် လူတို့၏တုံ့ပြန်မှုများတွင် အပြောင်းအလဲများရှိကြ၏။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ တစ်ခါတစ်ရံတွင် ဘေးမှရပ်ကြည့်သူများက ထိုလူကို စိတ်ရောဂါသည်ဟုပင် မှားယွင်းစွာ ထင်မြင်ယူဆနိုင်၏။ ဤနှုတ်ကပတ်တော်များကို ဆင်ခြင်ကြည့်လော့- “ထို့ကြောင့် မြေကြီးပေါ်၌ အငြင်းပွားဖွယ်ရာ ငြင်းခုံမှုများ မဖြစ်တော့သည့်အပြင် ငါ၏နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ပြီးနောက် ခေတ်သစ်၏ အမျိုးမျိုးသော ‘လက်နက်များ’ သည်လည်း ရုပ်သိမ်းခြင်း ခံရ၏။” “လက်နက်များ” ဟူသော စကားတစ်လုံးတည်းသည်ပင် တစ်နေ့လုံးရယ်မောနေရအောင် ပြုလုပ်နိုင်၏၊ ထို့အပြင် တစ်စုံတစ်ဦးသည် “လက်နက်များ” ဟူသော စကားလုံးကို မတော်တဆ ပြန်မှတ်မိသွားသောအခါတိုင်း ခွက်ထိုးခွက်လန် ရယ်မောလိမ့်မည်။ ဟုတ်သည် မဟုတ်လော။ သင့်အနေဖြင့် ဤစကားလုံးကို မရယ်မောဘဲ မည်သို့နေနိုင်မည်နည်း။

သင်ရယ်မောသည့်အခါ လူသားမျိုးနွယ်အပေါ် ဘုရားသခင်တောင်းဆိုထားသောအရာကို နားလည်သဘောပေါက်ရန် မမေ့လေနှင့်။ ထို့အပြင် အသင်းတော်၏ စစ်မှန်သောအခြေအနေကို မြင်ရန်လည်း မမေ့လေနှင့်- “လူသားမျိုးနွယ်အားလုံးသည် ပုံမှန်အနေအထားသို့ ပြန်ရောက်ကာ အသစ်သော အသက်တာတစ်ရပ်ကို စတင်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်အသစ်များတွင် နေထိုင်ရင်း၊ လောကအသစ်စက်စက်အတွင်း ဝင်ရောက်ခဲ့သည့်အလား ခံစားကြလျက်၊ လူတော်တော်များများသည် ၎င်းတို့အနီးအနားကို ကြည့်ကြ၏။ ထို့အပြင် ဤအတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့၏လက်ရှိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန် ချက်ချင်းမပြောင်းလဲကြနိုင်ပေ၊ သို့မဟုတ် လမ်းကြောင်းမှန်ပေါ်သို့ ချက်ချင်းမရောက်နိုင်ကြပေ။” ဤသည်မှာ အသင်းတော်၏ လက်ရှိအခြေအနေမှန်ပင်ဖြစ်သည်။ လူအားလုံးကို လမ်းကြောင်းမှန်အတွင်း ချက်ချင်းဝင်ရောက်အောင်ပြုရန် ဆန္ဒစောလွန်းခြင်းမရှိနှင့်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် အဆင့်တစ်ခုသို့ တိုးတက်သွားသည်နှင့် လူအားလုံးသည် သတိမူမိခြင်းမရှိဘဲ လမ်းကြောင်းမှန်အတွင်းသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ အနှစ်သာရကို သင်နားလည်သည့်အခါ သူ၏ဝိညာဉ်သည် မည်သည့်အဆင့်အထိ လုပ်ဆောင်ထားပြီးဖြစ်ကြောင်းကို သင်သိလိမ့်မည်။ ဘုရားသခင်၏အလိုတော်မှာ အောက်ပါအတိုင်းဖြစ်သည်- “လူတိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်စေရေးအတွက် ပိုမိုကောင်းမွန်စွာ ထောက်ကူပေးရန် လူသား၏ မဖြောင့်မတ်ခြင်းအပေါ် မူတည်၍ သင့်တော်သည့် ‘ပညာ’ ပမာဏကို ပေးခြင်းသာ ငါပြု၏။” ဤသည်မှာ ဘုရားသခင်ပြောဆိုလုပ်ကိုင်သည့် နည်းလမ်းဖြစ်ကာ၊ လူသားမျိုးနွယ် လက်တွေ့ကျင့်သုံးရမည့် လမ်းကြောင်းအတိအကျလည်း ဖြစ်၏။ ဤနောက်ပိုင်းတွင် လူသားမျိုးနွယ်၏ အနေအထားနောက်တစ်ခုကို လူတို့အား သူထောက်ပြခဲ့၏- “ငါ၌ရှိသော သုခချမ်းသာကို ခံစားရန် လူသားတို့အနေဖြင့် လိုလိုလားလား မရှိပါက ငါသည် ၎င်းတို့၏အလိုဆန္ဒများကို လိုက်လျောလျက် ၎င်းတို့အား အနက်ဆုံးတွင်းထဲသို့ ပို့ရုံသာရှိ၏။” ဘုရားသခင်သည် ပြည့်ပြည့်စုံစုံ ပြောဆိုခဲ့ကာ လူတို့ညည်းညူရန် အခွင့်အရေးကို စိုးစဉ်းမျှပင် မပေးဘဲထားခဲ့၏။ ဤသည်မှာ ဘုရားသခင်နှင့် လူသားတို့၏ ကွဲပြားချက်အတိအကျပင်ဖြစ်၏။ ဘုရားသခင်သည် လူသားကို ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် အမြဲပြောဆို၏။ ဘုရားသခင်ပြောသမျှတွင် သူ၏ရိုးသားမှန်ကန်သော နှလုံးသားကို တွေ့နိုင်၏။ ထိုအချက်က လူတို့အား ၎င်းတို့၏နှလုံးသားများကို ဘုရားသခင်၏နှလုံးသားနှင့် နှိုင်းယှဉ်ရန်အကြောင်း ဖြစ်စေ၏၊ ထို့အပြင် ၎င်းတို့သည် သက်တံ၏ မည်သည့်အရောင်ဖြစ်နေမှန်း ဘုရားသခင်မြင်နိုင်ရန် ၎င်းတို့၏ နှလုံးသားများကို သူ့အား ဖွင့်ပြနိုင်အောင် ထိုအချက်က ပြုပေးသည်။ ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်၏ ယုံကြည်ခြင်းကိုပင်ဖြစ်စေ၊ ချစ်ခြင်းကိုပင်ဖြစ်စေ မည်သည့်အခါကမျှ ချီးကျူးခဲ့ခြင်း မရှိသော်လည်း သူသည် လူတို့အပေါ် တောင်းဆိုချက်များ အစဉ်ပြုကာ ၎င်းတို့၏အကျည်းတန်မှုကို ထုတ်ဖော်ခဲ့၏။ ဤအရာက လူတို့၏ “ဝိညာဉ်အသက်တာ” သည် မည်မျှသေးငယ်ကြောင်းနှင့် ၎င်းတို့၏ “ကြံ့ခိုင်မှု” သည် မည်မျှချို့တဲ့နေကြောင်းကို ပြ၏။ ဤဟာကွက်များကို ဖာထေးရန် ၎င်းတို့သည် “ကိုယ်လက်လေ့ကျင့်ခန်း” ကို သာ၍လုပ်ရန်လို၏။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အပေါ် အစဉ်အမြဲပင် “သူ၏ဒေါသကို ထုတ်လွှတ်နေခြင်း” ဖြစ်သည်။ လူသားမျိုးနွယ်နှင့်ပတ်သက်သည့် အမှန်တရားတစ်ရပ်လုံးကို ဘုရားသခင်က ထုတ်ဖော်ပြီးသည့် တစ်နေ့တွင် လူတို့သည် စုံလင်စေခြင်းကို ခံကြရမည်ဖြစ်ကာ ဘုရားသခင်သည် စိတ်သက်သာရာရလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကပ်ချွဲကြတော့မည် မဟုတ်ဘဲ၊ သူသည်လည်း ၎င်းတို့ကို “ပညာပေး” တော့မည် မဟုတ်ပေ။ ထိုအချိန်မှစ၍ လူတို့သည် “၎င်းတို့ဘာသာ” နေနိုင်ကြလိမ့်မည် ဖြစ်သော်လည်း ယခုအချိန်မကျသေး။ လူတို့၏အထဲတွင် “အတု” ဟုခေါ်နိုင်သောအရာ များစွာရှိနေသေးသဖြင့် အကြိမ်ရေအချို့ စမ်းသပ်စစ်ဆေးရန် လိုအပ်နေပြီး၊ ၎င်းတို့၏ “အခွန်များ” ကို မှန်မှန်ကန်ကန် ပေးဆောင်နိုင်မည့် နေရာများဖြစ်သော “စစ်ဆေးရေးဂိတ်များ” ပို၍လိုနေသေး၏။ ကုန်ပစ္စည်းအတုများ ရှိနေသေးပါက ရောင်းချခြင်း မပြုနိုင်အောင် ၎င်းတို့ကို သိမ်းယူမည်ဖြစ်၍ ခိုးသွင်းလာသော ထိုကုန်ပစ္စည်းတစ်သုတ်သည် ဖျက်ဆီးခံရမည်ဖြစ်သည်။ ဤသို့ပြုခြင်းမှာ ကောင်းသောနည်းလမ်းဖြစ်သည် မဟုတ်ပေလော။

အရှေ့သို့- အခန်း ၁၇

နောက်တစ်ခုသို့- အခန်း ၁၉

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။