၂၆။ ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏
အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ လုပ်ခဲ့တယ်။ အစ်မက အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေကို တရားတွေ နာကြဖို့ ဖိတ်တော့ဖိတ်တယ်။ ဒါပေမဲ့ သူတို့ နာကြားမိတာတွေကို ဘယ်လိုခံစားမိလဲဆိုတာနဲ့ပတ်သက်ပြီး မမေးချင်၊ မဆွေးနွေးချင်ဘူး။ တရား လာနာဖို့ လူတွေအများကြီး ဖိတ်တယ်ဆိုတာ ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်နေတာလို့ပဲ ထင်မိတယ်။ ပြီးတော့ ဒါက အစ်မအတွက် ပိုပြီးလွယ်တယ်လေ။ သူတို့နဲ့ စကားပြောဖို့က ခက်တယ်လို့ မြင်မိတယ်။ အချိန်ကုန်တာတင်မကဘူး၊ သူတို့မေးခွန်းတွေကို ဖြေရတာက မသက်သာဘူး။ ဒါနဲ့ အစ်မက သူတို့နဲ့ မထိတွေ့ချင်ဘူးပေါ့။ သူတို့ကို ဧဝံဂေလိအမှုထမ်းတွေက စကားပြောလိမ့်မယ်၊ အဲဒါဆို လုံလောက်ပြီလို့ အစ်မက ထင်တာ။ အစ်မက သူတို့အခြေအနေကို မသိလည်း အရေးမကြီးဘူးပေါ့လေ။ စည်းဝေးပွဲတစ်ခုကျတော့ ကြီးကြပ်သူက ပြောတယ်၊ “လူတွေကို တရားတွေ လာပြီးနာဖို့ ဖိတ်တဲ့အခါ၊ နောက်ပိုင်းမှာ သူတို့တွေ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာကို သိဖို့လိုတယ်။ စည်းဝေးပွဲတွေကို လာကြရဲ့လား၊ ပြောတာတွေကို နားလည်ရဲ့လားဆိုတာ ကြည့်ပေးဖို့။ သူတို့အမြင်တွေကို နားထောင်ဖို့လိုတယ်။ သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ ကူညီပေးဖို့ အစွမ်းကုန် ကြိုးစားဖို့လိုတယ်။ ဒါကလည်း ငါတို့ရဲ့တာဝန်ပဲ” တဲ့။ ဒါပေမဲ့ အစ်မလည်း အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး။ ကသီလင်တ များတယ်လို့ပဲ ထင်တာ။ ဒါနဲ့ အဲဒီလောက်ကြီး မပေးဆပ်ခဲ့ဘူး၊ သိပ်ပြီး ခက်ခဲပင်ပန်းတာတွေကို သည်းမခံခဲ့ဘူး။ အစ်မက အလွယ်ဆုံးလမ်းကို ရွေးခဲ့တာ။ အကျိုးရလဒ်တွေ ရမရဆိုတာလည်း လုံးဝ မစဉ်းစားခဲ့ဘူး။ တစ်ခါကျတော့ ကြီးကြပ်သူက ပြောတယ်။ တချို့လူတွေက တရားနာတဲ့လူတွေကို အများကြီး ဖိတ်ပေမဲ့၊ အဲဒီလူတွေထဲမှာ အမှန်တကယ် ရှာဖွေ၊ စုံစမ်းတဲ့သူက မရှိသလောက်ပဲတဲ့။ အစ်မလည်း အဲဒီလို ဖိတ်တဲ့လူတွေထဲမှာ ပါမှန်း သိတယ်။ အစ်မက အပေါ်ယံအလုပ်ကိုပဲ စိတ်ဝင်စားတာ၊ တကယ့်ရလဒ်တွေ ဘာမှ မရခဲ့ဘူးလေ။ နောက်တော့ ကြီးကြပ်သူက အစ်မရဲ့အလုပ်ကို စစ်ဆေးဖို့ လာရော၊ “အလားအလာရှိတယ်ဆိုတဲ့ ဒီက ဧဝံဂေလိ လက်ခံသူတွေ အခြေအနေ ဘယ်လိုရှိလဲ” ဆိုပြီး မေးတယ်။ အစ်မလည်း ရှက်ရှက်နဲ့ ဘာပြောရမှန်း မသိဘူး။ အစ်မက သူတို့တွေတော်တော်များများနဲ့ အဆက်အသွယ်မရှိဘူး။ တရား လာမနာကြတဲ့ တချို့လူတွေကိုလည်း မဆက်သွယ်ထားဘူး။ အစ်မက သူတို့ကို အဲဒီအတိုင်းပဲ ပစ်ထားလိုက်တာ။
ကြီးကြပ်သူနဲ့ စကားပြောပြီးတော့ အစ်မလည်း စပြီး ဆင်ခြင်မိတယ်။ ဘုရား မိန့်ဆိုတာတွေကို မြင်သွားတယ်၊ “လူတို့ကို လုပ်ဆောင်ရန် ဘုရားသခင် ခိုင်းစေသောအရာအားလုံးနှင့် ဘုရားအိမ်တော်ရှိ အလုပ်အမျိုးအစား အားလုံးကို လူတို့က လုပ်ဆောင်ရန်လိုအပ်သည်။ အားလုံးက လူတို့၏ တာဝန်များအဖြစ် အကျုံးဝင်သည်။ မည်သည့်အလုပ်ကို လူတို့လုပ်ဆောင်သည်ဖြစ်စေ ဤသည်မှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ တာဝန်များသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုကို ခြုံငုံပြီး၊ နေရာများစွာ ပါဝင်သည်။ သို့သော် မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ ရိုးရှင်းစွာဆိုရလျှင် ဤသည်မှာ သင်၏ ဝတ္တရားဖြစ်သည်။ သင်လုပ်ဆောင်နေသင့်သည့် အရာတစ်ခုဖြစ်သည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ကောင်းစွာလုပ်ဆောင်ရန် သင်ကြိုးပမ်းသရွေ့ ဘုရားသခင်က သင့်ကို ချီးမွမ်းလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ သင် မည်သူဖြစ်စေ သင်၏ တာဝန်ကို အစဉ်သဖြင့် ရှောင်ကြဉ်ရန်၊ သို့မဟုတ် ကွယ်ဝှက်ရန် ကြိုးစားနေလျှင် ပြဿနာတစ်ခုရှိသည်။ လျှော့ပြောရလျှင်၊ သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အချောင်ခိုပြီး အားလပ်ချိန်ကို နှစ်သက်ကာ အားထုတ်မှုကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိ၊ သင်၌ ဆက်ကပ်မှုမရှိ၊ နာခံမှုမရှိပါပေ။ သင်သည် ဤသေးငယ်သော အလုပ်တာဝန်ထဲ၌ပင် လုံ့လမစိုက်ထုတ်နိုင်လျှင် မည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် ဆက်ကပ်ပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို မရွေးဘဲ သူလုပ်ဆောင်လိမ့်မည်။ ဤသည်မှာ မိမိတတ်နိုင်ပြီး လုပ်ဆောင်သင့်သည့်အရာမှန်သမျှကို တာဝန်ယူပြီး ပြီးမြောက်အောင် ဆောင်ရွက်ရန် မိမိတာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများထဲမှ တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)) “သင်က နာခံပြီး ရိုးသားလျှင် တာဝန်တစ်ခုကို သင်ဆောင်ရွက်သောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်ခြင်းမရှိပေ။ ခိုကတ်ရန် နည်းလမ်းများကို မရှာဖွေပေ။ သင်၏ ကိုယ်နှင့်ဝိညာဉ် အစွမ်းရှိသမျှ လုပ်ဆောင်သည်။ အတွင်း၌ မှားယွင်းသော အခြေအနေရှိခြင်းသည် အပျက်သဘောဆောင်မှုကို ဖြစ်ပေါ်စေပြီး လူတို့ကို စိတ်ဓာတ်ခွန်အား ပျောက်ဆုံးစေသောကြောင့် ၎င်းတို့သည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်လာသည်။ မိမိတို့၏စိတ်နှလုံးထဲတွင် မိမိတို့၏အခြေအနေသည် မမှန်ကန်ကြောင်း ကောင်းစွာ သိသော်လည်း၊ ဤအရာကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ပြင်ဆင်ရန် မကြိုးစားသေးသည့် လူများ၊ ဤသို့သောလူတို့သည် သမ္မာတရားကို ချစ်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ရန် အနည်းငယ်မျှသာ ဆန္ဒရှိသည်။ ၎င်းတို့သည် အားထုတ်မှုတစ်ခုခုပြုလုပ်ရန်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံရန် စိတ်မပါကြဘဲ ခိုကတ်ဖို့ နည်းလမ်းများကို အစဉ်ရှာဖွေနေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာအားလုံးကို မြင်ပြီးသားဖြစ်သည်။ ဤသို့ဆိုလျှင် ဤလူတို့ကို ဘုရားသခင်က အဘယ်ကြောင့် အလေးမထားသနည်း။ ဘုရားသခင်သည် သူရွေးချယ်ထားသောသူတို့က နိုးထပြီး ၎င်းတို့ကို အရှိအတိုင်း ခွဲခြားဖော်ထုတ်စေရန်၊ ၎င်းတို့ကို ဖော်ထုတ်ပြီး ထုတ်ပယ်စေရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)) ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ အစ်မ မြင်သွားတာက၊ ကိုယ့်အလုပ်ကို တာဝန်ယူတတ်တဲ့လူတွေဟာ အလုပ်တွေ ပြီးဖို့အတွက် တခြားလူတွေက ကြီးကြပ်ပေးဖို့ မလိုဘူး။ ကိုယ့်တာဝန်အတွက် အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်ကို အလေးအနက် မထားတဲ့လူတွေကျတော့ အပေါ်ယံပဲ ဟန်ဆောင်လုပ်ကြတယ်။ လူတွေအမြင်မှာ သူတို့က အလုပ်တွေအများကြီး လုပ်ထားသလိုလို ထင်ရရင်တောင်၊ အဲဒါက အပေါ်ယံသက်သက်ပဲ၊ တကယ့် အကျိုးရလဒ်တွေ မရကြသေးဘူး။ သူတို့က လူတွေကို လှည့်စားနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက အစ်မရဲ့အခြေအနေကို ဖော်ထုတ်ပြတာပဲ။ အစ်မက အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေကို တရားတွေ လာပြီးနာဖို့ ဖိတ်ပြီဆိုရင် ပျော်တယ်။ ဘာလို့လဲဆိုတော့ အစ်မ ဖိတ်လိုက်တဲ့ လူတွေအများကြီးကို မြင်ကြရင်၊ လူတိုင်းက အစ်မကို တာဝန်သိတဲ့လူတစ်ယောက်ပဲလို့ ထင်ကြမှာကိုး။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလူတွေ နောက်ပိုင်းမှာ ဘယ်လိုအခြေအနေရှိလဲဆိုတာကို သိဖို့လိုပြီဆိုရင်၊ အစ်မက တန်ရာတန်ကြေး မပေးဆပ်ချင်ဘူး။ အချိန်တွေ၊ အားစိုက်တာတွေ မလုပ်ချင်ဘူး။ အဲဒီအလုပ်ကို ဧဝံဂေလိအမှုထမ်းတွေဆီပဲ လွှဲပေးလိုက်ချင်တာ။ လွယ်တဲ့လမ်း ရွေးရတာကို ကြိုက်ခဲ့တာ။ အခက်အခဲ နည်းပြီး အသက်သာဆုံးဆိုတဲ့ လမ်းဆိုရင် အစ်မက အဲဒီလမ်းကိုပဲ ရွေးလိုက်တာ။ အခြေအနေတွေ ခက်ခဲလာပြီဆိုလည်း ဖြတ်လမ်းတွေ သုံးလိုက်တယ်။ တစ်ခုခု ခက်ခဲသလိုဖြစ်လာတယ်၊ အများကြီး အားစိုက်ရတော့မယ်ဆိုရင်၊ အစ်မက လက်လျှော့ချင်သွားရော။ အဲဒီလောက်ကို အပျင်းထူခဲ့တာ။ တရားတွေ နာပြီးသွားရင် အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတွေမှာ ဘယ်လိုမေးခွန်းတွေ ရှိမလဲ၊ စည်းဝေးပွဲတွေကို ဆက်ပြီး လာကြရဲ့လား၊ မလာဘူးဆိုလည်း ဘာကြောင့် မလာတာလဲဆိုတာတွေကို စုံစမ်းဖို့၊ အစ်မက အပင်ပန်းမခံနိုင်ခဲ့ဘူး။ ကိုယ့်အလုပ်မှာ တကယ်ကို တာဝန်မဲ့ခဲ့တာ။ ကြိုးစားအားထုတ်တာတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်အလုပ်မှာ အကျိုးဖြစ်ထွန်းသလိုလို ပုံစံမျိုးတော့ ဖြစ်ချင်သေးတာ။ အစ်မက တော်တော် ဉာဏ်များပြီး မရိုးသားခဲ့တာပါ။ ယုံကြည်ထိုက်တဲ့လူ မဟုတ်ခဲ့ဘူး။ အစ်မလည်း ဟိုတုန်းက ကိုယ် ကြုံခဲ့တာလေးကို သတိရသွားတယ်။ ငယ်ငယ်က ကျောင်းမှာ အဆင့်တွေ မကောင်းဘူးဆိုရင်၊ အဲဒီအတန်းကိုပဲ ပြန်တက်ရတာလေ။ ဒါပေမဲ့ အဲဒီလိုဖြစ်လည်း အစ်မက စာမကြိုးစားသေးဘူး။ ကြိုးစားရတာနဲ့စာရင် လွယ်တဲ့အလုပ်ကိုပဲ အမြဲတမ်း ရွေးခဲ့တာ။ အစ်မက ပျင်းခဲ့တာပဲ။ အဲဒါက အစ်မရဲ့သဘာဝ တစ်စိတ်တစ်ပိုင်းပဲလေ။ ဒါကို နားလည်သွားတော့၊ အစ်မလည်း ကိုယ့်အလုပ်အတွက် ပိုပြီး စဉ်းစားဆင်ခြင်လာတယ်၊ လုပ်ပုံလုပ်နည်းတွေကို ပြောင်းလဲလာတယ်။ အလားအလာရှိတဲ့ အဲဒီ ဧဝံဂေလိလက်ခံသူတွေနဲ့လည်း ပြောဆိုဆက်ဆံလာတယ်။ ဧဝံဂေလိအမှုထမ်းတွေနဲ့လည်း ဆွေးနွေးပြီး၊ သူတို့အကူအညီကို ယူတယ်။ ဒီလိုလုပ်လိုက်တော့ နည်းနည်း ပိုပြီး ထိရောက်လာတယ်။
နောက်တော့ လမ်းမှန်ကို လက်ခံဖို့ အသင့်ဖြစ်နေတဲ့လူတွေကို ရေလောင်းသူတွေဆီ လွှဲပေးလိုက်တယ်။ ဒါပေမဲ့ စည်းဝေးပွဲတွေဆီ ဆက်ပြီးလာတဲ့လူတွေ အများကြီး မရှိသေးဘူး။ အလုပ်တွေများလွန်းလို့၊ စည်းဝေးပွဲတွေကို မလာနိုင်တဲ့လူတစ်ယောက်လည်း ရှိတယ်။ ပြီးတော့ သူ့အမေကလည်း ဆုံးပြီးစဖြစ်နေတယ်။ သူ့ခမျာ ဝမ်းနည်းပက်လက်နဲ့ လောကကြီးကို ရှောင်ဖယ်သွားတာ။ အစ်မလည်း စကားနည်းနည်းပါးပါး ပြောပေးတာကလွဲရင်၊ သူ့ကို ဘယ်လို မိတ်သဟာယပြုပေးရမှန်း မသိဘူး။ ပြီးတော့ တချို့လူတွေမှာ ပြဿနာတွေ ကြုံပြီဆိုရင်၊ အဲဒါတွေကို ကူပြီးဖြေရှင်းပေးဖို့ ဘုရားရဲ့ ဆိုင်ရာဆိုင်ရာ နှုတ်ကပတ်တော်တွေကို အစ်မက မရှာတတ်ခဲ့ဘူး။ ဒါက အစ်မအတွက် မလွယ်ကူဘူးလေ။ အစ်မက လူတွေကို တရားတွေ လာပြီးနာကြဖို့ ဖိတ်ရတာကိုပဲ ပိုသဘောကျတာ။ အဲဒါက ပိုလွယ်တာကိုး။ သူတို့နဲ့ စကားပြောရတာကို တကယ် သဘောမကျဘူး။ သူတို့က အစ်မ မဖြေနိုင်မယ့် မေးခွန်းတွေ မေးလာမှာကို အစ်မ ကြောက်တယ်။ အဲဒါကြောင့် သူတို့ကို ရှောင်တာတွေ၊ ပစ်ထားတာတွေပဲ လုပ်ခဲ့မိတာ။ နောက်ထပ် နှစ်ဝက်လောက် ကြာတော့၊ အစ်မ ဖိတ်ခဲ့တဲ့လူတွေထဲမှာ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတာ ခြောက်ယောက်ပဲရှိပြီး တခြားညီအစ်ကိုမောင်နှမတွေကျတော့ လူတွေအများကြီး ကူးပြောင်းလာကြတာကို တွေ့ရတယ်။ အစ်မလည်း ရှက်လည်းရှက်၊ နောင်တတွေလည်း ရမိတယ်။ ဒီခြောက်လလုံးလုံး အစ်မက ကိုယ့်တာဝန်တွေမှာ ပေါ့ဆခဲ့တာကိုး။ အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် အစ်မ ပေါ့ဆမိတော့မှာ မဟုတ်ဘူး။ သူများတွေက လူတွေအများကြီးကို ဘုရားရဲ့အိမ်တော်ဆီ ပို့ဆောင်ပေးသွားတယ်ဆိုတဲ့ အချက်က ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို ပြနေတာလေ။
အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်ဆိုတာတွေကို အစ်မ မြင်သွားတယ်၊ “ဧဝံဂေလိ ဖြန့်ဝေရာတွင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီး သင် ဧဝံဂေလိဖြန့်ဝေသည့်သူတိုင်းကို စိတ်ပါလက်ပါ ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်သည် လူများကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြုမည်။ စစ်မှန်သော လမ်းခရီးကို ရှာဖွေပြီး ဆင်ခြင်စဉ်းစားနေသည့် မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် လျစ်လျူမရှုရပေ။ ထို့အပြင် ဧဝံဂေလိဖြန့်ဝေရာတွင် စည်းမျဉ်းများကို သင်နားလည်ရမည်။ မှန်သောလမ်းကို သုံးသပ်ဆင်ခြင်နေကြသည့် လူတိုင်း၏ ဘာသာရေးနောက်ခံ၊ ၎င်းတို့၏ အစွမ်းအစအတိုင်းအတာ၊ ၎င်းတို့၏ လူ့သဘာဝ အရည်အချင်းတို့ကဲ့သို့သော အရာများကို သင် လေ့လာစောင့်ကြည့်ပြီး နားလည်ရမည်၊ သဘောပေါက်ရမည်။ သမ္မာတရားကို ဆာငတ်သောသူ၊ ဘုရားနှုတ်ကပတ်တော်များကို နားလည်သောသူ၊ သမ္မာတရားကို လက်ခံနိုင်သောသူကို တွေ့ရှိလျှင် ထိုသူကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ၎င်းတို့ကို ရရှိရန် အစွမ်းကုန် ကြိုးစားသင့်၏။ ဤသည်မှာ ၎င်းတို့၌ မကောင်းသော လူ့သဘာဝနှင့် ဆိုးရွားသော အကျင့်စရိုက် မရှိမှသာ၊ ၎င်းတို့၏ဆာငတ်မှုက ဟန်ဆောင်ခြင်း မဟုတ်မှသာ၊ အစဉ် ငြင်းခုံနေခြင်းနှင့် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ထားခြင်း မရှိမှသာဖြစ်သည်။ ဤသို့ရှိခဲ့လျှင် ၎င်းတို့ကို ဘေးဖယ်လိုက်ပြီး လက်လျှော့သင့်သည်။ မှန်သောလမ်းကို သုံးသပ်ဆင်ခြင်နေသည့် လူအချို့သည် နားလည်နိုင်စွမ်းရှိပြီး အစွမ်းအစ ကြီးကြသော်လည်း မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်၍ ဘာသာရေးအယူအဆများကို တစ်သဝေမတိမ်း လိုက်နာကြ၏။ ထို့ကြောင့် ဤအရာကို ကူညီဖြေရှင်းပေးရန် သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယပြုပေးသင့်သည်။ မည်သို့မိတ်သဟာယပြုပေးသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့လက်မခံဘဲ ရှိနေမှသာလျှင် လက်လျှော့သင့်သည်။ တတ်နိုင်သမျှနှင့် လုပ်သင့်သည့်အရာအားလုံးကို လုပ်ထားပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ အတိုချုပ်အားဖြင့် သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံနိုင်သူ မည်သူမဆိုကို ပေါ့ပေါ့တန်တန်ဖြင့် လက်မလျှော့လိုက်နှင့်။ မှန်သောလမ်းကို ၎င်းတို့သုံးသပ်ဆင်ခြင်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များ ပို၍ ဖတ်ပြကာ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပေးရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံပြီး ၎င်းတို့၏ အယူအဆများကို ဖြေရှင်းပေးရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ရရှိနိုင်ပြီး ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာနိုင်ရန်အတွက်ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းများနှင့် ညီသောအရာဖြစ်၏။ သို့ဖြစ်လျှင် ၎င်းတို့ကို မည်သို့ရရှိနိုင်သနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်း ဖြစ်စဉ်တွင်၊ ဤပုဂ္ဂိုလ်သည် အစွမ်းအစကောင်းမွန်ပြီး လူ့သဘာဝကောင်းမွန်ကြောင်း သင်တွေ့ရှိပါက၊ သင့်တာဝန်ကို ဖြည့်ဆည်းရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်သည် အဖိုးအခအချို့ ပေးဆပ်ရမည်ဖြစ်ပြီး အချို့သောနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရမည်။ ၎င်းတို့ကို ရရှိဖို့ဖြစ်သရွေ့၊ မည်သည့်နည်းလမ်းများနှင့် နည်းစနစ်များကို သင် အသုံးပြုပါစေ အရေးမကြီးပေ။ အချုပ်အားဖြင့်ဆိုရသော် ၎င်းတို့ကို ရရှိရန်အလို့ငှာ သင့်တာဝန်ကို ဖြည့်ဆည်းရမည်၊ ချစ်ခြင်းမေတ္တာကို အသုံးပြုကာ အရာရာကို အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ သင်နားလည်သဘောပေါက်သည့် သမ္မာတရားအားလုံးကို မိတ်သဟာယပြုပြီး သင်လုပ်ဆောင်သင့်သည့် အရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤလူကို မရရှိခဲ့လျှင်ပင် သင်သည် လိပ်ပြာလုံသောစိတ်ဖြင့် ကျန်ရစ်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာအားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုသကဲ့သို့၊ ထိုလူသည် မိမိ၏ အယူအဆများကို ဆက်လက် ဖက်တွယ်ထားပါက၊ အကယ်၍ သင်သည် စိတ်မရှည်ဘဲ သင့်သဘောအလျောက် ဤလူကို စွန့်လွှတ်ပါက၊ သင်သည် သင်၏ တာဝန်များကို လျစ်လျူရှုနေခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အတွက်မှာမူ ဤအရာသည် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ လူအချို့က ‘ဤအစွန်းအထင်းရှိခြင်းသည် ကျွန်ုပ်အား ဘုရားသခင် ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော’ ဟု ပြောကြသည်။ ထိုကဲ့သို့ကိစ္စများသည် လူများက ဤအရာများကို တမင်တကာနှင့် လုပ်နေကျအတိုင်း လုပ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ရံဖန်ရံခါ ပြစ်မှားခြင်းများအတွက် ဘုရားသခင်သည် လူတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိချေ။ ၎င်းတို့ နောင်တရဖို့သာ လိုအပ်ပါသည်။ သို့သော် ၎င်းတို့သည် သိလျက်နှင့် အမှားလုပ်ပြီး နောင်တရဖို့ ငြင်းဆိုသည့်အခါ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရပေသည်။ စစ်မှန်သောလမ်းခရီးကို ရှင်းရှင်းလင်းလင်း သိသည့်တိုင် တမင်တကာ အပြစ်ပြုသောအခါတွင် ဘုရားသခင်သည် သူတို့ကို မည်သို့ ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ နေနိုင်မည်နည်း။ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ ကြည့်လျှင်၊ ဤသည်မှာ တာဝန်မဲ့ခြင်း၊ ပေါ့ဆခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏တာဝန်ကို သင်မဖြည့်ဆည်းရသေးသကဲ့သို့၊ ယင်းမှာ ဘုရားသခင်က သင့်အမှားများကို စီရင်သည့်ပုံဖြစ်သည်။ သင်သည် နောင်တရရန် ငြင်းဆိုပါက အပြစ်စီရင်ခြင်းကို ခံရမည်။ ထို့ကြောင့် ထိုသို့သောအမှားများကို လျှော့ချရန်၊ သို့မဟုတ် ရှောင်ရှားရန်၊ လူများသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းဖို့ အစွမ်းကုန် လုပ်ဆောင်သင့်သည်။ စစ်မှန်သောလမ်းခရီးကို ချင့်ချိန်စဉ်းစားနေသည့် လူများက ရှိသည့် မေးခွန်းများအားလုံးကို တက်ကြွစွာ ဖြေရှင်းဖို့ ကြိုးစားပြီး အရေးပါသောမေးခွန်းများကို ရွှေ့ဆိုင်းခြင်း၊ သို့မဟုတ် နှောင့်နှေးခြင်း လုံးဝမပြုသင့်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကြောင့် အစ်မ တကယ် စဉ်းစားမိလာတယ်။ စိတ်ထဲမှာလည်း အရမ်းခံစားရတယ်။ ဘုရားက အစ်မကို တာဝန်ပေးစေခိုင်းထားတာပဲ။ အဲဒါကို အစွမ်းရှိသရွေ့ လုပ်ဆောင်ဖို့ အစ်မကို မျှော်လင့်ထားတာ။ ဒါပေမဲ့ လူတွေကို ဘုရားဆီ ပို့ပေးရမယ့် ကိုယ့်တာဝန်မှာ အစ်မက ပေးဆပ်ရတာတွေ မလုပ်ချင်ခဲ့ဘူး။ တကယ်ကို အပျင်းထူပြီး၊ ကိုယ့်တာဝန်မှာ လျော့ရဲလွန်းခဲ့တယ်။ အစ်မက ဘုရား မိန့်ဆိုတဲ့အတိုင်း မလုပ်ခဲ့ဘူး။ လမ်းမှန်ကို စုံစမ်းတဲ့သူတွေအားလုံးကို အလေးအနက်ထားပြီး၊ ဂရုမစိုက်ခဲ့ဘူး၊ ကိုယ့်တာဝန်တွေကို မကျေပွန်ခဲ့ဘူး။ လူတွေအများကြီးကို တရားနာဖို့ ဖိတ်လိုက်ရုံနဲ့ လုံလောက်ပြီ၊ အဲဒီနောက်ပိုင်း ဆက်ဖြစ်တာတွေက ကိုယ့်အလုပ် မဟုတ်ဘူးလို့ပဲ ထင်ခဲ့တာ။ အစ်မအမြင်မှာ သူတို့တွေက ရေလောင်းသူတွေရဲ့တာဝန်ပဲပေါ့လေ။ သူတို့တွေ စည်းဝေးပွဲတွေကို လာကြလား၊ မလာဘူးလားဆိုတာက ကိုယ့်ပြဿနာ မဟုတ်ဘူး၊ ကိုယ့်တာဝန် မဟုတ်ဘူးပေါ့။ အဲဒါကြောင့် သူတို့တွေ စည်းဝေးပွဲတွေကို မလာကြတဲ့အခါ၊ အစ်မက သူတို့တွေ အထောက်အပံ့ဖြစ်မယ့် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖို့ အစွမ်းကုန် မကြိုးစားမိဘူး။ သူတို့ပြဿနာတွေက အစ်မအတွက် ဖြေရှင်းဖို့ ခက်တယ်လို့ပဲ ထင်ခဲ့တယ်။ အဲဒါကြောင့် သူတို့ကို လက်လျှော့လိုက်ချင်တာ။ ဒါပေမဲ့ တကယ်တော့ သူတို့က ဧဝံဂေလိဟောပြောဖို့အတွက် စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့၊ အစ်မက အလေးအနက် ဂရုစိုက်ခဲ့သင့်တာ။ သူတို့တွေကို တရားနာဖို့ ဖိတ်ခဲ့တာက အစ်မပဲလေ။ ပုံမှန်အခြေအနေတွေမှာ အစ်မက သူတို့ကို နောက်ပိုင်းမှာ ဆက်ပြီး ပြောဆိုဆက်ဆံနေဖို့ လိုတယ်။ ဒါပေမဲ့ အစ်မ မလုပ်ခဲ့ဘူး။ ရေလောင်းသူတွေဆီ လွှဲပေးပြီး အဲဒီအတိုင်း ထားလိုက်တော့တယ်။ အစ်မက တကယ်ကို တာဝန်ယူစိတ်မရှိခဲ့ဘူး။ ဘုရားအလိုတော်ကို အလေးထားတာလည်း မရှိခဲ့ဘူး။ အစ်မလည်း ကိုယ့်ပြဿနာကို လက်ခံမိသွားတော့၊ ကိုယ့်သဘောထားကို ပြောင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒါကို ကိုယ်တစ်ယောက်တည်း မလုပ်နိုင်မှန်း သိတယ်။ ဆုတောင်းဖို့လိုတယ်၊ ဘုရားရဲ့အကူအညီကို တောင်းဖို့လိုတယ်လေ။ အဲဒီနောက်ပိုင်း အလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူတွေနဲ့ ဆုံမိပြီဆိုရင်၊ အစ်မက ဘုရားကို မကြာမကြာ ဆုတောင်းတော့တာပဲ။ သူတို့ကို ဘုရားဆီ ကူပြီးပို့ဆောင်ပေးဖို့၊ အစ်မအနေနဲ့ အလုပ်ကြိုးစားချင်စိတ်၊ အမှန်တကယ် ပေးဆပ်ချင်စိတ်တွေ ရှိအောင်၊ ဟိုအရင်လို ကိုယ့်တာဝန်ကို မလျော့ရဲအောင် ကူညီပေးဖို့ပေါ့။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လူတွေ လက်ခံအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း အစ်မက ကိုယ့်ကြီးကြပ်သူကို မေးတယ်။ သူက အစ်မကို နည်းလမ်းတချို့ မျှဝေပေးတယ်။ အစ်မလည်း ကိုယ် ဘာတွေ မလုပ်မိသေးတာလဲဆိုတာ သိချင်တော့၊ စပြီး ဆင်ခြင်ကြည့်တယ်။ အစ်မက ကိုယ့်အလုပ်မှာ သမ္မာတရားကို မရှာဖွေဘူး၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေဆီကနေ မသင်ယူဘူးဆိုတာတွေကို နားလည်သွားတယ်။ တချို့လူတွေက စည်းဝေးပွဲတွေကို မလာကြတော့ဘူးဆိုရင်၊ အစ်မက အကြောင်းရင်းကို မသိချင်ခဲ့ဘူး။ သူတို့ကို လက်လျှော့လိုက်ဖို့ကိုပဲ ရွေးချယ်လိုက်တာ။ ကိုယ့်တာဝန်အပေါ် အစ်မရဲ့သဘောထားက လျော့ရဲလွန်းခဲ့တာပါ။
အစ်မလည်း ဘုရား မိန့်ဆိုပြတာကို စဉ်းစားမိသွားတယ်လေ၊ “ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့မှ အစ်မလည်း ရှက်မိတယ်။ ဘုရားရဲ့ဖန်ဆင်းမှုတစ်ခု ဖြစ်တဲ့ အစ်မက ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တာပါ။ ဒါက အစ်မရဲ့အထူးတာဝန်ပဲ၊ အစ်မ အသက်ရှင်နေတဲ့ အကြောင်းရင်းပဲ။ အစ်မက ဒါကို မလုပ်နိုင်ဘူးဆိုရင်၊ ကိုယ် ဖန်ဆင်းခံထားရတဲ့ လုပ်ငန်းတာဝန်အတွက် ဆုံးရှုံးမှုဖြစ်သွားမယ်။ ဘုရားရှေ့မှောက် နေထိုင်ဖို့လည်း ထိုက်တန်တော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ဘုရားက အစ်မကို ရွံရှာပြီး ပစ်ပယ်လာလိမ့်မယ်။ နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ဝေတာက ဘုရားရဲ့ အရေးတကြီးအဖြစ်ဆုံး ဆန္ဒပဲ။ ဘုရားက အစ်မကို ကိုယ့်တာဝန်မှာ အစွမ်းကုန် ပေးဆပ်စေချင်တာ၊ ပေါ့ပေါ့တန်တန် လုပ်စေချင်တာ မဟုတ်ဘူး။ ဘုရားက နောဧကို သင်္ဘောကြီး ဆောက်ခိုင်းတဲ့အကြောင်းကို အစ်မ စဉ်းစားကြည့်တယ်။ တော်တော်ကြီး ခက်ခဲတဲ့အလုပ် ဖြစ်ပေမဲ့၊ နောဧက လက်မလျှော့ခဲ့ဘူး။ သင်္ဘောကြီးကို ဘယ်အချိန် အပြီးဆောက်ရမလဲ၊ ရေလွှမ်းမိုးမှုကြီး ဘယ်တော့ လာမလဲဆိုတာကို သူက ဘုရားကို မမေးခဲ့ဘူး။ ဘုရားရဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီး သင်္ဘောကို ဆောက်လိုက်တာပဲ။ ဒါကို သတိရသွားတော့မှ အစ်မလည်း နားလည်သွားတယ်။ ငါ့တာဝန်အပေါ် ငါ့သဘောထားကို ပြောင်းလဲပစ်ဖို့ လိုတယ်၊ နောဧကို နမူနာယူဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ အစွမ်းကုန်လုပ်ဖို့ လိုတယ်ပေါ့။ တစ်ခါကျတော့ စည်းဝေးပွဲတစ်ခုမှာ သူများတွေက သူတို့ဟောပြောတဲ့ အတွေ့အကြုံတွေ၊ အလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူတွေရဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လိုအသုံးချတယ်ဆိုတာတွေ မျှဝေနေကြရော။ သူတို့ပြောတာတွေ နားထောင်ပြီးသွားတော့ အစ်မ တော်တော် အားတက်သွားတယ်။ ထပ်ပြီးတော့ အပျင်းမထူချင်တော့ဘူး။ တာဝန်ယူချင်လာတယ်။ ကိုယ့်တာဝန်အတွက် ရှိသမျှခွန်အားတွေ အကုန်သုံးချင်သွားတယ်။
စည်းဝေးပွဲတွေကို ဘယ်သူတွေ မလာဘူးလဲဆိုတာကို အစ်မ မကြာမကြာ စောင့်ကြည့်မိလာတယ်၊ မလာတဲ့သူတွေကို ချက်ချင်း ဆက်သွယ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုပေးတယ်။ အစ်မက အယောက်တိုင်းကို ဂရုစိုက်ဖို့ ကြိုးစားလိုက်တော့၊ သူတို့တွေအများစုက စည်းဝေးပွဲတွေကို ပုံမှန် လာကြတယ်။ သုံးလေးရက်လောက် မလာတော့တဲ့ လူတစ်ယောက်ကို မှတ်မိသေးတယ်။ အစ်မက သူ့ဆီ စာလေး ပို့လိုက်တာပေါ့။ ဒါပေမဲ့ သူက တစ်ရက်နှစ်ရက်လောက်အထိ မတုံ့ပြန်တော့၊ အစ်မလည်း စိတ်ပူလာရော။ အစ်မက အခြေအနေကို မေးဖို့၊ အစ်ကိုဒါလီဆိုတဲ့ ရေလောင်းပေးတဲ့လူဆီ ဖုန်းဆက်တယ်။ အဲဒီတစ်ယောက်က အလုပ်မှာ အခက်အခဲတွေ ကြုံသွားရတယ်ဆိုပြီး သူက ပြောပြတယ်။ ဒါနဲ့ သူက ဘုရားနှုတ်ကပတ်တော်တချို့ မျှဝေပေးလိုက်တယ်တဲ့။ ဒါကို ကြားရတော့ မလုံလောက်သေးဘူးလို့ အစ်မ ခံစားရတယ်။ အဲဒါနဲ့ အစ်ကိုဒါလီကိုပဲ အဲဒီမိန်းကလေးဆီ ဖုန်းဆက်ပြီး မိတ်သဟာယပြုပေးဖို့ ပြောလိုက်ရော။ အံ့ဩဖို့ကောင်းတာက၊ မိတ်သဟာယ ပေးပြီးတဲ့နောက်မှာ သူက အဲဒီနေ့မှာတင် စည်းဝေးပွဲတက်ဖို့ သဘောတူတယ်။ ဟိုအရင် မလာမိတာတွေကိုလည်း တောင်းပန်တယ်။ နောက် သိပ်မကြာဘူး၊ သူက အသင်းတော်ထဲကိုပါ ဝင်တယ်။ အစ်မလည်း ပျော်လို့မဆုံးဘူး။ ဘုရားကိုလည်း တော်တော် ကျေးဇူးတင်မိတယ်။
ဘုရားက ဒီလိုပြောထားတာတွေကိုလည်း အစ်မ တွေ့ရတယ်။ “သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အမှုအရာများကို သင်လုပ်ဆောင်သည့်အခါ၊ ယင်းတို့ထဲ သင့်စိတ်နှလုံး အနည်းငယ်အပြင် ကြင်နာမှု၊ တာဝန်နှင့် စဉ်းစားဆင်ခြင်ခြင်း အနည်းငယ်တို့ကို သင် ပိုထည့်မည်ဆိုလျှင်၊ သင်သည် လုံ့လပို၍ စိုက်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် လုံ့လပို၍ စိုက်ထုတ်သည့်အခါ၊ သင်ဆောင်ရွက်သည့် တာဝန်များ၏ ရလဒ်များ တိုးတက်လိမ့်မည်ဖြစ်၏။ သင်၏ ရလဒ်များ ပိုကောင်းလာလိမ့်မည်ဖြစ်ပြီး အခြားလူများနှင့် ဘုရားသခင်နှစ်ဦးလုံးကို သင် ကျေနပ်စေနိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဥ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉)) ဟိုအရင်ကတော့ အစ်မက ကိုယ့်တာဝန်မှာ လျော့ရိလျော့ရဲနေခဲ့တာ။ လုပ်ရဲကိုင်ရဲတာတွေ မရှိခဲ့ဘူး။ အလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူတွေကို အရေးမထားဘဲ ပစ်ထားလိုက်တာချည်းပဲ။ အစ်မတို့ရင်ထဲမှာ ရှိတဲ့အရာက သိပ်ပြီး အရေးကြီးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ အစ်မ နားလည်သွားတာပါ။ လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံပြီး၊ ရိုးသားမှုနဲ့ မိတ်သဟာယ ပေးတဲ့အခါမှာ၊ ဘုရားရဲ့လမ်းပြမှုကို အစ်မတို့ မြင်လာကြလိမ့်မယ်။ ဒါကို နားလည်သွားတော့ အစ်မလည်း ဘုရားကို ဆုတောင်းတယ်၊ ကိုယ့်တာဝန်ကို ကျေပွန်ဖို့အတွက်ရော၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို သတိရှိရှိ လက်တွေ့လုပ်ဆောင်ဖို့အတွက်ရော ကူညီပေးဖို့ တောင်းလျှောက်လိုက်တယ်။ နောက်ပိုင်းမှာ အစ်မက အဲဒီအလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူတွေနဲ့ ပြောဆိုရတာကို အားတက်သရော ဖြစ်လာတယ်။ သူတို့က ဟောပြောပေးဖို့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်ဆိုရင်၊ အစ်မက သူတို့တွေ ဘုရားရဲ့အမှုတော်ကို လက်ခံတဲ့အထိ သူတို့အခြေအနေကို ဆက်ပြီးလေ့လာတယ်။ အစ်မ ဒီလိုလုပ်လာတော့၊ ဘုရားက အစ်မကို တဖြည်းဖြည်း လမ်းပြပေးနေတယ်လို့ ခံစားရတယ်။ ကိုယ့်တာဝန်ကို ဘယ်လိုထမ်းဆောင်မလဲဆိုတာကို နားလည်အောင် ကူညီပေးနေသလိုပဲ။ စိတ်နှလုံးထဲမှာလည်း တော်တော် တည်ငြိမ်အေးဆေးသွားတယ်။ ဘုရားကျေးဇူးတော်ကို ချီးမွမ်းပါတယ်။