၃၃။ တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်
အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ ကျွန်မကို ပြောင်းရွှေ့လိုက်တယ်။ အဲဒီနောက် အလုပ်လိုအပ်ချက်တွေကို ပြည့်မီဖို့ ကျွန်မ ထပ်ပြောင်းခံရတယ်။ မမျှော်လင့်ဘဲနဲ့ သုံးလေးလ ကြာတော့ ကျွန်မတို့အလုပ် အရှိန်လျော့သွားပြီး ရေလောင်းတဲ့ဆီ ကျွန်မ ပြန်သွားခဲ့ရတယ်။ အဲဒီနောက် ကျွန်မ ထပ်အပြောင်းခံရပြီး၊ ညီအစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ “အစ်မကို လိုအပ်တဲ့ ဘယ်နေရာကိုမဆို သွားသာသွားလိုက်ပါ”တဲ့။ အဲဒီတုန်းက ဒါကို ကျွန်မ သိပ်မတွေးခဲ့ဘူး။ ဒါပေမဲ့ တစ်လမပြည့်ခင်မှာ၊ ဗီဒီယိုအလုပ်က လျော့ကျသွားပြန်တယ်။ မကြာခင် ကျွန်မတို့ လူအများကြီးမလိုတော့ဘဲနဲ့ လူသစ်တွေကို ရေလောင်းဖို့ ကျွန်မကို ပြန်ပို့ကြမှာပဲလို့ ကျွန်မ စပြီး မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီအတွေးနဲ့ ကျွန်မ ရင်နင့်သွားတယ်။ ငါ ဘာလို့ အရမ်း အသုံးမကျရတာလဲ ပေါ့။ အလုပ်နည်းသွားပြီး လူလိုအပ်တာ ပိုနည်းသွားတာနဲ့ ရွှေ့ပြောင်းခံရတာက ကျွန်မပဲ။ အဖွဲ့အတွက် ကျွန်မက မရှိလည်းဖြစ်တယ်။ ကျွန်မ တကယ် ထပ်ပြီး ရွှေ့ပြောင်းခံရရင်၊ တခြားလူတွေက ကျွန်မကို ဘာထင်ကြမလဲ။ ကျွန်မ အမြဲ ပြောင်းနေရပြီး တခြားလူတွေက မပြောင်းရတာ ဘာကြောင့်လဲလို့ သူတို့ တွေးကြမလား။ ကျွန်မက ဘာမှမတော်လို့၊ ပြီးတော့ အရေးပါတဲ့ အခန်းကဏ္ဍ မရှိလို့ဆိုပြီး သူတို့ တွေးကြမှာပဲ။ ဒီအတွေးကြောင့် တကယ် စိတ်မကောင်းဖြစ်ပြီး ဒီအခြေအနေကို ရင်မဆိုင်ချင်ခဲ့ဘူး။
နောက်ပိုင်းမှာ ပိုတောင်ဆိုးတဲ့ အခြေအနေ ရောက်သွားစေခဲ့တဲ့ကိစ္စတချို့ ဖြစ်သွားတယ်။ တစ်ခါ၊ ဗီဒီယိုတစ်ခုမှာရှိတဲ့ ပြဿနာတချို့ကို ကျွန်မတို့ ဆွေးနွေးနေခဲ့ပြီး၊ လူတိုင်းက သူတို့အမြင်တွေနဲ့ စကားဝိုင်းမှာ ဝင်ပါကြတော့၊ ပွဲစည်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အတော်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတောင် ကျွန်မမှာ ဘာအကြံကောင်းမှ မရှိသေးဘူး၊ ပြောစရာဘာမှ မရှိခဲ့ဘူး။ ကျွန်မ ဘာလုပ်ရမှန်းမသိဘဲ၊ ဒီအတိုင်း ငြိမ်နေလိုက်တယ်။ လူတိုင်းက ဝင်ပါကြပေမဲ့ ကျွန်မ လုံးဝ ဝင်ပြီးမပါခဲ့ဘူး။ ကျွန်မရှိမနေသလိုမျိုးတောင် ခံစားရတယ်။ တစ်ခုခုပြောမှဖြစ်မယ်လို့ ကျွန်မ တွေးနေမိတယ်။ ကျွန်မကို လျစ်လျူမရှုအောင်အသိအမြင်ရှိတာတစ်ခုခုကို မျှဝေရမယ်။ ကျွန်မ ဦးနှောက်ခြောက်ခံစဉ်းစားပြီး နောက်ဆုံးမှာ စိတ်ကူးတစ်ခု ပြောပြနိုင်ခဲ့ပေမဲ့၊ ဘယ်သူကမှ သဘောမတူဘူး။ ကျွန်မ အရှက်ကွဲခဲ့ရတယ်။ အရမ်း ရှက်စရာကောင်းတယ်။ သူတို့ ကျွန်မကို ဘာများ ထင်ကြမလဲပေါ့။ ဗီဒီယိုအလုပ်ကို နောက်ဆုံး ကျွန်မလုပ်ခဲ့တာ ရှစ်လရှိသွားပြီ၊ ဒီတော့ ကျွန်မရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်း နားလည်မှုက အဖွဲ့ကနေ ကျွန်မ ထွက်ခဲ့တဲ့ အချိန်တုန်းကထက် ပိုဆိုးနေခဲ့တယ်။ တခြားလူတွေနောက်မှာ ကျွန်မ တော်တော်နောက်ကျ ကျန်ခဲ့ပြီပဲ။ အဲဒီလို ကျွမ်းကျင်မှုမျိုးတွေ တိုးတက်အောင် အဆက်မပြတ် လေ့လာရတာ။ တခြားလူတွေက ဗီဒီယိုအလုပ်ကို တစ်ချိန်လုံး လုပ်နေခဲ့ကြတာလေ။ ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေပေါ် သူတို့ရဲ့ နားလည်မှုက ဆက်ပြီး တိုးတက်နေတာလေ။ ကျွန်မကတော့ ဒီနေရာ နည်းနည်း၊ ဟိုနေရာနည်းနည်း အချိန်ကုန်နေခဲ့တယ်။ ဘယ်နေရာမှ အချိန်အကြာကြီး လက်တွေ့မလုပ်ခဲ့ရဘူး။ ဒါကြောင့် ဘယ်နယ်ပယ်မှာမဆို ထူးပြီး ကျွမ်းကျင်တာ မရှိခဲ့ဘူး။ အလုပ်နည်းသွားတာနဲ့ ကျွန်မ အရင်ဆုံး ထွက်သွားရတယ်။ သူတို့က ကျွန်မ ရှရှိမရှိရှိ အဆင်ပြေတယ်။ အလုပ်ပမာဏအရ၊ ကြီးကြပ်ရေးမှူးက လူသစ်တွေကို ရေလောင်းပေးဖို့ ကျွန်မကို အချိန်မရွေး ပြန်ပို့နိုင်တယ်လို့ တွေးမိတယ်။ ဒီစိတ်ကူးကြောင့် ကျွန်မ တကယ် ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ငိုနေမိတယ်။ ကျွန်မ တွေးမိတယ်၊ “ဒါ ငါ့ဆီ ဘာလို့ အမြဲ ဖြစ်ရတာလဲ”ပေါ့။ အဖွဲ့မှာရှိတဲ့ လူတချို့က အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုရှိတယ်၊ တချို့က အရည်အချင်း ရှိတယ်၊ တခြားလူတွေက အတွေ့အကြုံရှိပြီး ဒီတာဝန်ကို ခဏ လုပ်ခဲ့ဖူးတယ်။ တချို့က တကယ် ကျွမ်းကျင်ကြတယ်။ အားလုံးက တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ထင်ပေါ်ကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အရည်အချင်းက သူတို့လောက် မကောင်းဘူး၊ မကျွမ်းကျင်ဘူး။ ပြီးတော့ သူတို့နောက် ခြေတစ်လှမ်း အမြဲနောက်ကျတယ်။ ဒါကြောင့် အလုပ်ပမာဏ လျော့သွားပြီး လိုအပ်တဲ့လူ နည်းသွားတဲ့အခါ အလိုလိုနဲ့ ကျွန်မက အဖယ်ခံရတဲ့သူ ဖြစ်သွားတယ်။ ကျွန်မမှာ သူတို့လို အစွမ်းအစကောင်းရှိပြီး အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိခဲ့ရင်၊ တစ်ချိန်လုံး ပြောင်းရွှေ့ခံနေရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံအကြောင်းမလှစွာပဲ ကျွန်မမှာ မရှိခဲ့ဘူး။ တခြားလူတွေလောက် ဘာလို့ ကျွန်မ မကျွမ်းကျင်ရတာလဲ။ ဒီလိုတွေးလေ၊ ဝမ်းနည်းလေဖြစ်ပြီး ဘုရားကို စအထင်လွဲမိတယ်။
အဲဒီနောက်မှာ၊ ကိုယ့်တာဝန်ကို လုပ်နေပေမဲ့၊ စိတ်မပါခဲ့ဘူး။ အရာရာမှာ သတ်မှတ်ထားတဲ့ လုပ်ရိုးလုပ်စဉ်နောက်ပဲ လိုက်တယ်၊ လုပ်ပြီးသမျှနဲ့ ရောင့်ရဲခဲ့တယ်။ ပိုဖြစ်မြောက်အောင် ဘယ်လို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်လုပ်ရမယ် မတွေးခဲ့ဘူး။ ကြုံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး မလုပ်ခဲ့ဘူး။ အဖွဲ့မှာ ဘယ်လောက် ကြာကြာနေရမယ် မသိတော့ ကိစ္စတွေကို ဒီအတိုင်း ထားလိုက်တယ်။ အဲဒီအတောအတွင်းမှာ၊ အဖွဲ့ခေါင်းဆောင်က ကျွန်မဆီကို လာစကားပြောတိုင်း ကျွန်မတာဝန်ကို သူ ပြင်ဆင်မဲ့အကြောင်း ပြောဖို့ဖြစ်နိုင်တယ်လို့ တွေးပြီး တကယ် စိတ်ပူခဲ့ရတယ်။ ပုံမှန် အလုပ်စကားပြောတာလို့ မသိရမချင်း ကျွန်မနှလုံးက အရမ်းခုန်နေခဲ့တယ်။ ဒီလိုမျိုး အကြိမ်ကြိမ်ဖြစ်ပြီး နေ့တိုင်း ပင်ပန်းရတယ်။ ကျွန်မက အိပ်ရေးဝပေမဲ့ ဝတ်ပြုနေတဲ့အချိန်တွေမှာဆိုး ဆက်တိုက် အိပ်ပျော်ပျော်သွားတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကနေအသိအမြင် ရမနေခဲ့ဘူး။ ကျွန်မ အခြေအနေ မမှန်တာကို သိလိုက်တယ်။ ဒါကြောင့် ဘုရားရှေ့မှာ အမြန်ဆုတောင်း၊ ရှာဖွေပြီး၊ ကိုယ့်ပြဿနာကို သုံးသပ်တယ်။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သိနားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ သင့်ကိုယ်သင် ပြုမူဆောင်ရွက်သင့်သည်။ သင့်အတွက် သင့်တော်သော ရာထူးအဆင့်အတန်းကို ရှာဖွေသင့်သည်။ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်ကသာ အသိစိတ်ရှိသောသူဖြစ်သည်။ ဥပမာအားဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး အခြေခံသဘောတရားများကို နားလည်သဘောပေါက်သူများ ရှိကြသည်၊ ၎င်းတို့သည် ထိုတာဝန်ကို ယူသင့်ပြီး ထိုနယ်ပယ်၌ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ စိတ်ကူးများနှင့် အသိအမြင်များကို ပေးနိုင်ပြီး အခြားလူများကို လှုံ့ဆော်ပေးပြီး ၎င်းတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးသည့်လူများရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။ သင်သည် သင်၏အတွေးအခေါ် အနည်းငယ်ကို ပေးနိုင်ဖို့သာ ဖြစ်သော်လည်း၊ အခြားအရာများကိုပါ ပေးလိုပြီး၊ ထိုသို့လုပ်ဆောင်ရန် သင်သည် အဆုံး၌ အလွန်ကြိုးစား လုပ်ဆောင် သော်လည်း၊ မလုပ်ဆောင်နိုင်ဆဲ ရှိနေသည်၊ ထို့နောက်တွင် အခြားသူများက ထိုအခြားအရာများကို ထောက်ပံ့ပေးသည့်အခါ၊ သင်သည် သက်သောင့်သက်သာမဖြစ်တော့ဘဲ၊ နားထောင်ဖို့လည်း ဆန္ဒမရှိကာ၊ သင်၏ စိတ်နှလုံးသည် နာကျင်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်ကို အပြစ်တင်ပြီး ဘုရားသခင်သည် တရားမမျှတဟု သင်ပြောပါက- ဤအရာသည် ရည်မှန်းချက်ဖြစ်သည်။ လူတစ်ယောက်တွင် ရည်မှန်းချက် ဖြစ်ပေါ်စေသည်မှာ မည်သည့် စိတ်သဘောထားနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ရည်မှန်းချက် ဖြစ်ပေါ်စေသည်။ ဤအခြေအနေများသည် သင်တို့ထဲ၌ သေချာပေါက် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး၊ ၎င်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို သင်တို့ မရှာဖွေဘဲ၊ အသက်တာ ဝင်ရောက်မှု မရှိကာ၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ပြောင်းလဲ၍မရနိုင်ပါက၊ သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်ရာတွင် အသုံးပြုသည့် အရည်အချင်း အတိုင်းအတာနှင့် စင်ကြယ်ခြင်းတို့သည် နိမ့်ကျပေလိမ့်မည်။ ပြီးလျှင် ရလဒ်များကလည်း အလွန်ကောင်းမည်မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ထံမှ ဂုဏ်ကျက်သရေကို မရရှိဟု ဆိုလိုသည်။ ဘုရားသခင်သည် လူတိုင်းအား မတူညီသော ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများပေးပြီးဖြစ်သည်။ လူအချို့က နယ်ပယ် နှစ်ခု သုံးခုတွင် ပါရမီများရှိကြသည်၊ အချို့က နယ်ပယ် တစ်ခုတွင် ပါရမီရှိပြီး၊ အချို့က ပါရမီလုံးဝ မရှိကြပေ- သင်တို့သည် ဤအရေးကိစ္စများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက၊ သင်သည် အသိတရားတစ်ခု ရှိပြီး ဖြစ်လိမ့်မည်။ အသိတရားတစ်ခုရှိသည့် လူများသည် ၎င်းတို့၏ ရာထူးအဆင့်အတန်းများကို ရှာတွေ့နိုင်မည်။ ၎င်းတို့၏ ရာထူး အဆင့်အတန်းများအတိုင်း မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်နိုင်ပြီး ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းစွာ ထမ်းဆောင်နိုင်သည်။ မိမိ၏ ရာထူးအဆင့်အတန်းကို လုံးဝ ရှာမတွေ့နိုင်သောသူသည် အစဉ်သဖြင့် ရည်မှန်းချက်ရှိသောသူဖြစ်သည်။ သူသည် အစဉ်သဖြင့် ဂုဏ်အဆင့်အတန်းနှင့် အကျိုးအမြတ်နောက်သို့ လိုက်သည်။ ရှိသည့်အရာဖြင့် မည်သည့်အခါမျှ သူ မကျေနပ်ပေ။ အကျိုးအမြတ်ပို ရရှိရန်အတွက် ရနိုင်သမျှကို ယူရန် သူကြိုးစားသည်။ သူ၏ လွန်ကျူးသော ဆန္ဒများကို ဖြည့်ဆည်းရန် အစဉ် မျှော်လင့်သည်။ ဆုကျေးဇူးရှိပြီး မိမိ၏ အစွမ်းအစက ကောင်းမွန်လျှင် ဘုရားကျေးဇူးတော်ကို ပို၍ ခံစားသင့်သည်၊ လွန်ကျူးသော ဆန္ဒအချို့ရှိခြင်းက အမှားမဟုတ်ဟု သူထင်သည်။ ဤသို့သောလူစားမျိုးသည် အသိတရားရှိသလော။ လွန်ကျူးသော ဆန္ဒများအစဉ်ရှိခြင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အရှက်မဲ့သည်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူများက ခံစားနိုင်သည်။ သမ္မာတရားကို နားလည်သောသူများသည် ဤမိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန် သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ဖို့ မျှော်လင့်လျှင် ဤသည်မှာ လွန်ကျူးသော ဆန္ဒမဟုတ်ပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်။ ဤအရာက ဘုရားသခင်ကို ပျော်ရွှင်စေသည်။ သင်၏တာဝန်ကို အမှန်ပင် ကောင်းစွာထမ်းဆောင်လိုလျှင် ရှေးဦးစွာ သင့်အတွက် သင့်တော်သော ရာထူးအဆင့်အတန်းကို ရှာရမည်ဖြစ်ပြီး ထို့နောက်တွင် သင် လုပ်ဆောင်နိုင်သမျှကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ရှိသမျှနှင့်၊ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့် လုပ်ဆောင်ပြီး သင်တတ်နိုင်သမျှ လုပ်ဆောင်လော့။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး၊ ထိုကဲ့သို့သော တာဝန် ထမ်းဆောင်မှုတွင် စင်ကြယ်မှု အတိုင်းအတာတစ်ခု ရှိသည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ကျွန်မရဲ့ အားကြီးတဲ့ ဆန္ဒတွေ ဖြည့်ဆည်းမခံရလို့ ကျွန်မ စိတ်ဓာတ်ကျနေတာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေက ပြတယ်။ တခြားလူတွေက ကျွန်မကို မလေးစား၊ တန်ဖိုးမထားကြသလို၊ ကျွန်မရဲ့ အခြေအနေကို ကျွန်မ မပြောင်းလဲနိုင်ခဲ့ဘူး။ ဒီတော့ ဘုရားက ကျွန်မကို ပေးတာ မလုံလောက်ဘူးလို့ ခံစားမိပြီး ဘုရားကို အထင်လွဲပြီး အပြစ်တင်မိခဲ့တာပဲ။ အလုပ်က နှေးသွားလို့ ကျွန်မတာဝန် နှစ်ခါ ပြောင်းသွားခဲ့တယ်။ ပြန်ရောက်လာပြီးတဲ့နောက် တစ်လမပြည့်ခင် တတိယအကြိမ် ပြောင်းခံရတာကိုလည်း ရင်ဆိုင်ရနိုင်တယ်။ ဒီအခြေအနေမှာ၊ ကျွန်မက အဖွဲ့မှာ အဆိုးဆိုးဖြစ်တယ်၊ မရှိလည်း ဖြစ်တဲ့သူပဲ၊ ကျွန်မရဲ့ တည်ရှိခြင်းက တန်ဖိုးမရှိဘူးဆိုတာမျိုးတွေ ခံစားရတယ်။ ဒီလက်တွေ့အရှိတရားကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ စိတ်ဒုက္ခရောက်နေတာပေါ့။ အလုပ်ဆွေးနွေးတာတွေမှာ အရမ်းအဆင့်မမီတဲ့ပုံ မဖြစ်ချင်လို့ ဦးနှောက်ခြောက်ခံစဉ်းစားပြီး၊ တန်ဖိုးရှိတဲ့၊ အသိအမြင်ရှိတဲ့ စိတ်ကူးတွေကို ဖော်ပြဖို့ ကြိုးစားခဲ့ပေမဲ့၊ ကျွန်မရဲ့ အကြံတွေပယ်ချခံရပြီး လုံးဝ အရှက်ရခဲ့တယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေက တခြားလူတွေထက် ဘယ်လောက် နောက်ကျကျန်ခဲ့တယ်ဆိုတာ မြင်တော့ ကျွန်မ မအီမသာဖြစ်ပြီး မကျေမချမ်း ခံစားရတယ်။ ကျွန်မတာဝန်က အမြဲ ပြောင်းနေတော့ ဘယ်အရာမှာမှ သိပ်မကျွမ်းတော့ဘူး၊ ပြီးတော့ သွားတဲ့နေရာတိုင်းမှာ ကျွန်မက အနိမ့်ဆုံး အဆင့်မှာရှိပြီး၊ အချိန်မရွေး အပြောင်းခံရနိုင်တယ်လို့ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် တခြားလူတွေနဲ့ တိတ်တဆိတ် နှိုင်းယှဉ်ခဲ့တယ်။ သူတို့အားလုံးမှာ အားသာချက်တွေရှိပြီး တချို့ နယ်ပယ်မှာ ထူးချွန်ကြတယ်၊ ကျွန်မက ဘယ်နည်းနဲ့မဆို အဆင့်မမီဖြစ်ပြီး၊ အရာရာမှာ နှေးကွေးတဲ့ ဆိုးရွားတဲ့ အားနည်းချက်လည်း ရှိတယ်လို့ ခံစားရတယ်။ လက်တွေ့အရှိတရားကို ရင်မဆိုင်နိုင်ဘဲ၊ ကျွန်မကို အစွမ်းအစကောင်းမပေးတဲ့အတွက် ဘုရားကို အပြစ်တင်ခဲ့တယ်။ စိတ်ဖိစီးပြီး မတရားခံရတယ်လို့ ခံစားရပြီး၊ ကိုယ့်တာဝန်မှာ တက်ကြွမှု မရှိတော့ဘူး။ ဒါပေမဲ့ တကယ်တော့ ဘုရားက လူတိုင်းကို မတူညီတဲ့ ဆုကျေးဇူး၊ အားသာချက်နဲ့ အစွမ်းအစ ပေးတယ်။ မတူညီတဲ့ တာဝန်တွေကို လုပ်ဖို့ ကျွန်မတို့ကို စီမံထားတာ၊ အားလုံးကို ဘုရားက စီစဉ်ညွှန်ကြားထားတာပဲ။ ဆင်ခြင်တုံတရားရှိတဲ့လူက ကျိုးနွံနာခံတဲ့ စိတ်နှလုံးရှိတယ်။ သူတို့က ရာထူးကို အားသာချက်တွေအတိုင်း ယူပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း အသုံးခံကြတယ်။ ဒါပေမဲ့ ကျွန်မက လုံးဝမနာခံခဲ့ဘူး။ အရေးမပါဆုံးဖြစ်ဖို့ မလိုလားခဲ့ဘူး။ တခြားလူတွေရဲ့ စိတ်နှလုံးတွေထဲက နေရာနဲ့ သူတို့ရဲ့ ရိုသေ၊ လေးစားမှုကို လိုက်စားခဲ့တယ်။ မရတဲ့အခါ ချောင်ခိုတယ်။ ကျွန်မက ဆင်ခြင်တုံတရား မရှိခဲ့တာပါ။ ဘုရားက ကျွန်မကို အစွမ်းအစကောင်း မပေးခဲ့ပေမဲ့၊ ကျွန်မအပေါ် အများကြီးလည်း မတောင်းဆိုခဲ့ဘူး။ သူက ကျွန်မကို သင့်တော်တဲ့ ရာထူးကိုပဲ ရှာတွေ့စေချင်ခဲ့ပြီး ကျွန်မတာဝန်ကို အစွမ်းကုန်လုပ်စေချင်ခဲ့တာပါ။ ကိုယ်လုပ်နိုင်တာကိုပဲ လုပ်ဖို့က ကျွန်မအတွက် လုံလောက်ပါတယ်။ ဒါပေမဲ့ ကျွန်မက အရမ်း မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တယ်။ ဘယ်အရာမှာမဆို မတော်ခဲ့သလို၊ လက်တွေ့အရှိတရားကို ရင်မဆိုင်ချင်ခဲ့ဘူး။ ညတွင်းချင်း အောင်မြင်လာပြီး တခြားလူတွေရဲ့ လေးစားမှုရဖို့ဆိုတဲ့ ပရမ်းပတာ ရည်မှန်းချက် ထားခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ အားအင်အများကြီး ကုန်ခဲ့ပေမဲ့၊ အဲဒါကို လုံးဝ မရခဲ့ဘဲ အပျက်သဘောဆောင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေခဲ့တာပါ။
နောက်ပိုင်းမှာ ကျွန်မတွေးမိတယ်။ သူများရဲ့ ဆုကျေးဇူးနဲ့ အားသာချက်တွေကို ဘာလို့ ကျွန်မ အမြဲ မနာလိုရတာလဲ။ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ခုရဖို့ ဘာလို့ ကျွန်မ အမြဲ ကြိုးစားပြီး နောက်ကျမကျန်ခဲ့ချင်ရတာလဲ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲမှာ တွေ့ရတယ်။ “အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။...၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက သိက္ခာနဲ့ အဆင့်အတန်းကို တော်တော် တန်ဖိုးထားတယ်လို့ ဘုရားက ထုတ်ဖော်ပြတယ်။ သူတို့ လုပ်သမျှမှာ၊ တခြားလူတွေကြားက သူတို့နေရာကို အမြဲ တွေးကြတယ်။ သိက္ခာနဲ့ အဆင့်အတန်းကို သူတို့ဘဝနဲ့ သူတို့လိုက်စားတဲ့အရာ ဖြစ်စေကြတယ်။ သိက္ခာ၊ ဒါမှမဟုတ် လူတွေရဲ့ လေးစားမှု မရှိရင်၊ ကိစ္စတွေမှာ စိတ်ဝင်စားမှု လုံးဝ ပျောက်ဆုံးသွားတဲ့အထိ စိတ်ပျက်ကြတယ်။ ကျွန်မက အဲဒီအတိုင်း ပြုမူနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မ ခေါက်တုံ့ခေါက်ပြန် ပြောင်းရွှေ့ခံရတော့ ကျွန်မက ဘာအဆင့်အတန်းမှမရှိ၊ သိသိသာသာ အရေးမပါတဲ့ မရှိလည်းဖြစ်၊ အဓိကမဟုတ်တဲ့ လူတစ်ယောက်လို ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်မ အရမ်းစိတ်ပျက်ခဲ့တယ်။ ပြဿနာတွေကို ဆွေးနွေးတဲ့အခါ၊ ပါဝင်အကြံပြုဖို့ တန်ဖိုးရှိတဲ့ ဘာအကြံမှမရှိဘဲ ကျွန်မဖော်ပြတဲ့ အမြင်တွေကို ဘယ်သူကမှ လက်မခံခဲ့ဘူး။ အဖွဲ့မှာ ကျွန်မက အဆိုးဆုံးဖြစ်ပြီး ဘယ်သူမှ အထင်မကြီးသလိုမျိုး ခံစားမိတယ်။ ကျွန်မဘဝက တန်ဖိုးမရှိသလိုမျိုး ဖြစ်နေတယ်။ ကျွန်မ ဘုရားကို အထင်လွဲ၊ အပြစ်တင်ရင်းနဲ့ အားနည်းပြီး အပျက်သဘောဆောင်လာခဲ့တယ်။ သိက္ခာနဲ့ အဆင့်အတန်းကို ကိုယ့်ဘဝ ဖြစ်စေခဲ့ပြီး၊ အဲဒါတွေ မရတော့ အချောင်ခိုတယ်၊ ပြီးတော့ စိတ်ပါဝင်စားမှု မရှိတော့ဘူး။ ဒါတွေကို ကျွန်မ အရမ်း ဂရုစိုက်လွန်းခဲ့တယ်။ ဒါတွေနောက် ဘာလို့ ကျွန်မ အမြဲလိုက်နေရလဲဆိုတာ သုံးသပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မက၊ “ထိပ်ကို တက်ပါ”၊ “လူတစ်ယောက်ရဲ့ အမွေအနစ်က သူ့ဘဝရဲ့ ပဲ့တင်သံဖြစ်တယ်” ဆိုတာနဲ့ “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်းမွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်”ဆိုတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေရဲ့ လွမ်းမိုးမှုခံခဲ့ရလို့ပဲ။ အဲဒါတွေက ဘဝမှာ သဘာဝအကျဆုံး ရည်မှန်းချက်တွေဖြစ်ပြီး၊ အဲဒါတွေကို လိုက်စားတာက ပြင်းပြတဲ့ ဆန္ဒရှိခြင်းသဘောဖြစ်တယ်လို့ ထင်ခဲ့တယ်။ ကျောင်းမှာ တကယ် စာကြိုးစားခဲ့တယ်။ အလယ်တန်းနဲ့ အထက်တန်းကျောင်းမှာ ကျွန်မက အခန်းထဲမှာ စာမေးပွဲတိုင်းလိုလို အဆင့်က ထိပ်မှာရှိခဲ့တယ်။ ကျွန်မက တကယ် လူကြိုက်များခဲ့ပြီး အတန်းဖော်တွေနဲ့ ဆရာတွေက ခဏခဏ ချီးမွမ်းတာ ခံရတယ်။ အဲဒီလို ဘဝမျိုးကပဲ အသက်ရှင်ထိုက်တယ်လို့ ခံစားမိခဲ့တယ်။ အသင်းတော်မှာ ပါဝင်ပြီး တာဝန်တစ်ခု ယူပြီးတဲ့နောက်မှာ၊ အဲဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ဆက်အသက်ရှင်ခဲ့ပြီး၊ သူများရဲ့ စိတ်နှလုံးထဲက ကျွန်မနေရာကို အရမ်း ဂရုစိုက်ခဲ့တယ်။ ကျွန်မရဲ့ တန်ဖိုးကို ကြွားပြီး လူတွေ ကျွန်မကို လေးစားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ အဖွဲ့ခေါင်းဆောင်၊ ဒါမှမဟုတ် ကြီးကြပ်ရေးမှူး မဟုတ်ခဲ့ပေမဲ့၊ တခြားလူတွေ သဘောကျမဲ့ အရေးပါတဲ့ လူတစ်ယောက်ယောက် ဖြစ်ရမယ်ပေါ့။ ဒါကို မရဘဲ ကျွန်မရဲ့ ရည်မှန်းချက်တွေ မပြည့်တော့ စောဒကတက်ပြီး ဘုရားရဲ့ အချုပ်အခြာအာဏာရှိတဲ့ အစီအစဉ်တွေကို မကျေမနပ်ဖြစ်တယ်။ ဘာကိုမှ မပြောရဲခဲ့ပေမဲ့ စိတ်နှလုံးထဲမှာတော့ ဘုရားကို ဆန့်ကျင်နေခဲ့ပြီး ကိုယ့်တာဝန်မှာ အချောင်ခိုခဲ့တယ်။ ကျွန်မ အဲဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခြင်းကနေ ကိုယ့်ကိုယ်ကိုယ် နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုပဲ ဖြစ်စေခဲ့တယ်။ ကျွန်မက ဘုရားဘက်ကမနေဘဲ ဘုရားကို အကြောင်းပြချက်ပေးပြီး အပေးအယူလုပ်တယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကိုတောင် သံသယဝင်ပြီး ဘုရားကို ဆန့်ကျင်တယ်။ ဒီလိုဆက်ဖြစ်နေရင် ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားပြီး သူဖယ်ရှားတာ ခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လူတို့သည် ရည်မှန်းချက်များကို မကိုင်စွဲထားရန်၊ သို့မဟုတ် အချည်းနှီး အိပ်မက်များကို လက်သင့်မခံရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို မရှာဖွေရန်၊ သို့မဟုတ် လူအများထဲတွင် ထင်ပေါ်ဖို့ မကြိုးစားရန် သေချာလုပ်ရမည်။ ထို့အပြင် ၎င်းတို့သည် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားရပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မကယ်တင်ပေ။ အကယ်၍ လူများက ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ ဖယ်ရှားခံရဖို့ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) အရင်က၊ အဲဒီအကျိုးဆက်တွေ ဘယ်လောက်ဆိုးလဲဆိုတာ လုံးဝ သဘောမပေါက်ခဲ့ဘူး။ အန္တိခရစ်လိုမျိုး မကောင်းမှုကြီးကို ကျွန်မ လုပ်မိမှာ မဟုတ်ဘူး၊ အသင်းတော် အလုပ်ကို နှောင့်ယှက်မိမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပြီး၊ အများဆုံးအနေနဲ့ သူများတွေရဲ့ လေးစားမှုကို မရနိုင်တဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး စိတ်ပျက်တာပဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို လုံးဝ မဟုတ်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ အပေါ်ယံမှာ ကျွန်မက ဘာတစ်ခုမှ ဆိုးဆိုးရွားရွား လုပ်ခဲ့ပုံမရပေမဲ့၊ ဘုရားပြင်ဆင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်ပြီး အမြဲ စောဒကတက်နေခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို ဆန့်ကျင်နေခဲ့တာ။ ဘုရားကို အတိုက်အခံလုပ်နေခဲ့တာပဲ။ ကျွန်မလိုလူတစ်ယောက်ကို ဘုရားက ဘယ်လိုလုပ် ကယ်တင်ဖို့ဖြစ်နိုင်မှာလဲ။ အရင်က ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ ညီအစ်မတစ်ယောက်ကို တွေးမိတယ်။ ပထမတော့ သူ့တာဝန်မှာ စိတ်ထက်သန်ပြီး ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရပေမဲ့၊ နောက်ပိုင်းမှာ အထုတ်ခံရပြီး သူ့ရဲ့ သိက္ခာနဲ့ အဆင့်အတန်း ဆုံးရှုံးသွားခဲ့တယ်။ တခြားလူတွေရဲ့ လေးစားမှုကို မရနိုင်လို့ အမြဲတမ်း အပျက်သဘောဆောင်ပြီး၊ နောက်ဆုံးမှာ ဘုရားကိုစွန့်ပြီး ထွက်သွားခဲ့တယ်။ သိက္ခာနဲ့ အဆင့်အတန်းနောက်ကို လူတွေ အမြဲတမ်းလိုက်ရင်၊ သူတို့ရည်မှန်းချက်တွေ မပြည့်တဲ့အခါမှာ၊ အပျက်သဘောဆောင်လာတယ်၊ ဘုရားကို အထင်လွဲပြီး အပြစ်တင်ကြတယ်။ ဘုရားနဲ့ ယှဉ်ပြိုင်ကြတယ်၊ သူ့ကို စွန့်တောင်စွန့်ပစ်ကြတယ်။ ဒီအချိန်မှာ၊ အန္တရာယ်များတဲ့ အခြေအနေမှာ ကျွန်မရှိမှန်း သဘောပေါက်လိုက်တယ်။ ဘုရားကို ဆက်ပြီး အတိုက်အခံ မလုပ်ချင်တော့ဘူး၊ သိက္ခာနဲ့ အဆင့်အတန်းရဲ့ ချုပ်ချယ်မှုတွေကို စွန့်ပစ်ချင်ခဲ့တယ်။
ကျွန်မ ဝတ်ပြုနေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ “လူသားတို့အား မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင် တောင်းဆိုသည့်အခါ၊ ၎င်းတို့အား အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးဖို့၊ သို့မဟုတ် ဧရာမတာဝန်ယူမှု တစ်ခုတလေကို ပြီးမြောက်ဖို့ တောင်းဆိုနေခြင်း မဟုတ်ပေ၊ သို့မဟုတ် မည်သည့် ကြီးမားသည့် တာဝန်ယူခြင်းကိုမျှ ဆောင်ရွက်စေခြင်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် လိုအပ်သမျှမှာ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ တည်ကြည်ခိုင်မာစွာ သင်လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်နားထောင်သည့်အခါ သင်နားလည်ခဲ့သည့်အရာကို လုပ်ဆောင်ပါ။ သင်သဘောပေါက်သည့်အရာကို ဆောင်ရွက်ပါ။ သင်ကြားပြီးခဲ့သည့်အရာကို သတိရပါ။ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပါ။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အသက်၊ သင်၏လက်တွေ့အရှိတရားနှင့် သင် အသက်ရှင်နေထိုင်သည့် အရာဖြစ်လာနိုင်ပေသည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) “ဘုရားသခင်က သင့်အား မိုက်မဲအောင်ပြုပါက၊ သင်၏မိုက်မဲမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက၊ သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့် ကျွမ်းကျင်မှုကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ၊ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော ကျွမ်းကျင်မှုကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍မြင်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ၊ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့်နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် လက်တွေ့ကျကျ နားထောင်ကာ နာခံသည့်သူသာ ဖြစ်လော့။ သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ကျွန်မတို့ ကြီးမြတ်တဲ့ လူတွေ ဖြစ်လာဖို့က ဘုရားရဲ့ အလိုတော်မဟုတ်မှန်း သူ့စကားတွေကနေ တွေ့ရတယ်။ ကျွန်မတို့ အားလုံး အခြေခိုင်ပြီး ကိုယ့်ရာထူးတွေနဲ့အညီ ပြုမူဖို့၊ ကိုယ့်တာဝန်တွေကို လုပ်ဖို့ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဖို့ကို အာရုံစိုက်ပြီး နာခံတဲ့ ဖန်ဆင်းခံတွေဖြစ်ဖို့ သူ မျှော်လင့်တယ်။ ကျွန်မတို့မှာ ဘာအစွမ်းအစ၊ အတတ်ပညာဆိုင်ရာ လုပ်နိုင်စွမ်းတွေ ရှိပါစေ၊ ဘုရားရဲ့ အချုပ်အခြာအာဏာရှိတဲ့ အစီအစဉ်တွေကြောင့် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ လက်ခံပြီး ကျိုးနွံနာခံဖို့နဲ့ ကိုယ့်အားသာချက်တွေအရ ဘုရားပေးထားသမျှကို ကောင်းကောင်း အသုံးချပြီး၊ အကောင်းဆုံးလုပ်ဖို့ သင်ယူရမယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေက သူများတွေလောက် မကောင်းပေမဲ့၊ အလုပ်ကို လုပ်နိုင်စွမ်းမရှိတာ မဟုတ်ပါဘူး။ အသင်းတော်က အဲဒီတာဝန်လုပ်ဖို့ ကျွန်မကို စီစဉ်ပေးမှတော့၊ ကျွန်မ တစ်စိုက်မတ်မတ် အစွမ်းကုန်လုပ်ပြီး လုပ်နိုင်တာမှန်သမျှ လုပ်ရမယ်။ အလုပ်ကို ဆွေးနွေးတဲ့အခါမှာ၊ ကိုယ်နားလည်တဲ့အရာတွေကိုပဲ ပြောဖို့လိုတယ်။ ထိုးထွင်းအမြင်မရှိရင်၊ စည်းမျဉ်းတွေ မသိခဲ့ရင်၊ တခြားလူတွေနဲ့ ရှာဖွေပြီး မိတ်သဟာယပြုဖို့ လိုတယ်၊ သူတို့အကြံတွေကို နားထောင်ပြီး၊ ကိုယ့်အားနည်းချက်တွေ ဖာထေးဖို့ သူတို့အားသာချက်တွေကနေ သင်ယူဖို့လိုတယ်။ ဒီအတွေးနဲ့ ကျွန်မစိတ်နှလုံး လင်းလက်သွားပြီး၊ လက်တွေ့လုပ်ဖို့အတွက် လမ်းကြောင်းနဲ့ ဦးတည်ချက် ရှိခဲ့တယ်။ ရွှေ့ပြောင်းခံရတာက ရှက်စရာ တစ်ခုခုလို ကျွန်မ တွေးလေ့ရှိခဲ့တယ်။ အဲဒီလို ဖြစ်လာတော့၊ ကျွန်မ အဆိုးဆုံးဖြစ်မှန်း သက်သေပြတယ်လို့ ခံစားရလို့ မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ခဲ့ဘူး။ အခုတွေးကြည့်တော့၊ အဲဒါက ကျွန်မရဲ့ ရှုထောင့်အမြင်နဲ့ပတ်သက်တဲ့ ပြဿနာပဲ။ လူတိုင်းကို ဘုရားက မတူညီတဲ့ ဆုကျေးဇူးတွေ၊ အားသာချက်တွေနဲ့ အစွမ်းအစတွေ ပေးပြီး လူတိုင်းအပေါ် မတူညီတဲ့ တောင်းဆိုချက်တွေ ရှိတယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေ မကောင်းတာ မှန်တယ်။ ဒါကြောင့် အဖွဲ့က လုပ်စရာအလုပ် သိပ်မရှိတဲ့အခါ၊ အသင်းတော်က ကျွန်မရဲ့ အားသာချက်တွေအရ ကျွန်မတာဝန်ကို ပြင်ဆင်ပေးခဲ့တာပါ။ အဲဒါက စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး အသင်းတော် အလုပ်ကို အကျိုးပြုတယ်။ နောက်ပြီးတော့ ဘုရားက လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါ၊ အလုပ်ကို သူတို့ ကောင်းကောင်း လုပ်နိုင်ခြင်း ရှိမရှိဆိုတဲ့အပေါ်တင် မဟုတ်ဘဲ၊ သမ္မာတရားကို သူတို့ လိုက်စားခြင်းရှိမရှိ၊ သူ့ကို ကျိုးနွံနာခံခြင်း ရှိမရှိနဲ့ သူတို့တာဝန်မှာ ဆက်ကပ်ခြင်းရှိမရှိဆိုတဲ့အပေါ်မှာ အခြေခံပါတယ်။ ဒါကို တွေးမိတော့ ကျွန်မ စိတ်နှလုံး လင်းလက်သွားပြီး ကျွန်မတာဝန် အပြောင်းအလဲတွေနဲ့ ဘောင်ခတ်မခံရတော့ဘူး။ ဘာကို လိုက်စားသင့်တယ်ဆိုတာလည်း တိတိကျကျ သိခဲ့တယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်အောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်အချိန်မှာ ကျွန်မ ပြောင်းရွှေ့ခံရမလဲ မသိပါဘူး။ ဒါပေမဲ့ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မအသင့်ပါ။ ဘယ်နေရာမှာ ကျွန်မတာဝန် လုပ်ရသည်ဖြစ်စေ၊ အစွမ်းကုန်လုပ်ပြီး ကိုယ်တော့်ကိုပဲ စိတ်ကျေနပ်စေချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ”ဆိုပြီးတော့။
ကျွန်မရဲ့ အမြင်ကို ပြောင်းလဲပြီးတဲ့နောက်မှာ၊ ကျွန်မတာဝန်ရဲ့ အခြေအနေလည်း ပြောင်းလဲသွားတယ်။ ကျွန်မက သူများနဲ့ မတူဘူး၊ အချိန်မရွေး ထွက်သွားနိုင်တဲ့ ယာယီအဖွဲ့သားတစ်ယောက်ပဲ ဖြစ်တယ်လို့ အမြဲ တွေးခဲ့တယ်။ ကျွန်မက အဆင့်အနိမ့်ဆုံးမှာ ရှိတယ်လို့ ခံစားရပြီး သက်ဆိုင်မှုရှိတဲ့ ခံစားချက် မရှိခဲ့ဘူး။ ဘုရားကို အထင်လွဲပြီး သူနဲ့ ကင်းကွာသလို ခံစားခဲ့ရတယ်။ တာဝန်ကို အစွမ်းကုန် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မအဲဒီလို မခံစားရတော့ဘူး။ ဘယ်နေရာမှာ၊ ဘယ်လောက်ကြာကြာ တာဝန်လုပ်ရသည်ဖြစ်စေ၊ ဘုရားရဲ့ ကောင်းမြတ်တဲ့ အလိုတော်က နောက်ကွယ်မှာ ရှိလို့ ကျွန်မ ကျိုးနွံနာခံဖို့ သင်ယူသင့်တယ်။ နောက်ပိုင်းမှာ ထွက်သွားရမယ်ဆိုရင်တောင်၊ အခု ကျွန်မ ဗီဒီယိုတွေ ဖန်တီးနေပြီး နေ့တိုင်း အကောင်းဆုံး လုပ်ရမယ်။ ကိုယ့်တာဝန်နဲ့ တွေ့ကြုံရတဲ့ အခြေအနေတိုင်းမှာ စိတ်နှစ်ထားရမယ်။ ကျွန်မ ကိုယ့်တာဝန်ကို လုပ်တဲ့အခါ၊ ပိုကျွမ်းကျင်လာအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ မကြာခဏ ဆုတောင်းတယ်။ အလုပ်မှာ ဘာပြဿနာတွေရှိတယ် ဆိုတာကိုလည်း ကျွန်မ တွေးကြည့်တယ်။ ဒီတော့ အဲဒါတွေကို အမြန် အကျဉ်းချုပ်ပြီး ပြင်နိုင်သွားတယ်။ နားမလည်တဲ့ စည်းမျဉ်းတွေကို ကြုံရတဲ့အခါ၊ တခြားလူတွေနဲ့ မိတ်သဟာယပြုတယ်။ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်တော့ စိတ်အေးလက်အေးဖြစ်ရပြီး ဘုရားနဲ့ ပိုနီးတယ်လို့ ခံစားရတယ်။
စုဝေးပွဲတစ်ခုမှာ ကျွန်မကို တကယ်တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ၎င်းတို့၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်များနှင့် အချုပ်အခြာအာဏာကို တုံ့ပြန်ရာတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်သည်။) ရှေးဦးစွာ ဖန်ဆင်းရှင်က သင့်အတွက် အဘယ်ကြောင့် ဤကံကြမ္မာနှင့် ပတ်ဝန်းကျင်မျိုးကို စီစဉ်ခဲ့သည်၊ အချို့သောအရာများကို အဘယ်ကြောင့် သင့်အား ကြုံတွေ့စေပြီး တွေ့ကြုံခံစားစေသည်၊ သင်၏ ကံကြမ္မာသည် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသည်တို့ကို သင်ရှာဖွေသင့်သည်။ ဤအရာမှနေ၍ သင်၏ ကိုယ်ပိုင်လိုအပ်ချက်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင်နားလည်သင့်သည်။ ဤအရာများကို သင်နားလည်သိမြင်ပြီးနောက်တွင် သင်သည် အတိုက်အခံမပြုသင့်။ သင်၏ ကံကြမ္မာနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်မှုကို မပြုလုပ်သင့်။ ငြင်းဆန်ခြင်း၊ ဆန့်ကျင်ခြင်း၊ သို့မဟုတ် ရှောင်ကြဉ်ခြင်း မပြုလုပ်သင့်ပေ။ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ မကြိုးစားသင့်သည်မှာလည်း မှန်၏။ ထိုအစား သင်နာခံသင့်သည်။ အဘယ်ကြောင့် နာခံသင့်သနည်း။ အကြောင်းမှာ သင်သည် သင်၏ ကံကြမ္မာကို မစီစဉ်မညွှန်ကြားနိုင်သလို ယင်းနှင့်ပတ်သက်၍ သင်သည် အချုပ်အခြာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သင်၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ သင်၏ ကံကြမ္မာနှင့် ပတ်သက်လျှင် သင်သည် ပြုသမျှနုရမည်ဖြစ်ပြီး ရွေးချယ်စရာမရှိပေ။ သင်လုပ်ဆောင်သင့်သည့်တစ်ခုတည်းသောအရာမှာ နာခံခြင်းဖြစ်သည်။ သင့်ကံကြမ္မာနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်မှုများ မလုပ်ဆောင်သင့်၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ဘုရားသခင်နှင့် အပေးအယူမလုပ်သင့်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် စောဒကတက်ခြင်း မပြုလုပ်သင့်ပေ။ အထူးသဖြင့် ‘ဘုရားသခင်က ငါ့အတွက် စီစဉ်ပေးထားတဲ့ ကံကြမ္မာက မကောင်းဘူး။ စိတ်ဆင်းရဲစရာကောင်းပြီး သူများတွေရဲ့ ကံကြမ္မာထက် ပိုဆိုးတယ်၊’ သို့မဟုတ် ‘ငါ့ ကံကြမ္မာက မကောင်းဘူး။ ပျော်ရွှင်မှု၊ ကြွယ်ဝမှု တစ်ခုမှ မခံစားရဘူး။ ဘုရားက ငါ့အတွက် အကြောင်းအရာတွေကို ဆိုးဆိုးရွားရွား စီစဉ်ပေးထားတယ်’ ဆိုသောအရာမျိုးတို့ကို သင်မပြောသင့်သည်မှာလည်း မှန်သည်။ ဤစကားများသည် ထင်မြင်ယူဆချက်များဖြစ်ပြီး ဤအရာများကို ပြောဆိုခြင်းအားဖြင့် သင်သည် သင်၏ ဩဇာအာဏာကို ကျော်လွန်နေခြင်းဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခံတစ်ဦးက ပြောသင့်သည့်အရာများ မဟုတ်။ ဖန်ဆင်းခံတစ်ဦးတွင် ရှိသင့်သည့် အမြင်ရှုထောင့်များ၊ သို့မဟုတ် သဘောထားများမဟုတ်ပေ။ ထိုအစား ကံကြမ္မာအပေါ် ဤအမျိုးမျိုးသော မမှန်ကန်သော နားလည်မှုများ၊ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ အမြင်များနှင့် သဘောပေါက်နားလည်ခြင်းများကို သင် လက်လွှတ်သင့်သည်။ တစ်ချိန်တည်းတွင် သင့်အတွက် ဘုရားသခင်က စီစဉ်ပေးထားသော ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်ပျက်မည့်အရာများအားလုံးကို နာခံရန်အတွက် မှန်ကန်သော သဘောထားနှင့် ရပ်တည်မှုကို သင်ခံယူနိုင်သင့်သည်။ အတိုက်အခံမပြုသင့်ပေ။ သင်သည် စိတ်ဓာတ်ကျပြီး ကောင်းကင်ဘုံသည် မမျှတကြောင်း၊ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ဆိုးရွားစွာ စီစဉ်ပေးထားကြောင်း၊ သင့်အား အကောင်းဆုံးကို မပေးကြောင်း သေချာပေါက် စောဒကမတက်သင့်ပေ။ ဖန်ဆင်းခံများသည် ၎င်းတို့၏ ကံကြမ္မာကို ရွေးချယ်ခွင့်မရှိပေ။ ဘုရားသခင်သည် သင့်အား ဤဝတ္တရားမျိုးကို မပေးခဲ့သကဲ့သို့ သင့်အပေါ် ဤလုပ်ပိုင်ခွင့်ကို မအပ်နှင်းခဲ့ပေ။ ထို့ကြောင့် သင်သည် ရွေးချယ်မှုများပြုလုပ်ရန်၊ ဘုရားသခင်အား အကြောင်းပြချက်ပေးရန်၊ သို့မဟုတ် ဘုရားသခင်အား ဖြည့်စွက် တောင်းဆိုမှုများ ပြုရန် မကြိုးစားသင့်ပေ။ ဘုရားသခင်၏ အစီအစဉ်များက မည်သည့်အရာများဖြစ်ပါစေ ယင်းတို့ကို လိုက်နာပြီး ရင်ဆိုင်သင့်သည်။ ဘုရားသခင်က မည်သည့်အရာကို စီစဉ်ထားသည်ဖြစ်စေ ရင်ဆိုင်သင့်ပြီး တွေ့ကြုံကာ တန်ဖိုးထားဖို့ ကြိုးစားသင့်သည်။ ဘုရားသခင်၏ အစီအစဉ်များမှတစ်ဆင့် သင်တွေ့ကြုံသင့်သည့် အရာရာတိုင်းကို အပြည့်အဝ နာခံသင့်သည်။ သင့်အတွက် ဘုရားသခင်က စီစဉ်ထားသော ကံကြမ္မာကို လိုက်နာသင့်သည်။ တစ်စုံတစ်ခုကို သင် မနှစ်သက်လျှင်ပင်၊ သို့မဟုတ် ယင်းကြောင့် သင် ဒုက္ခခံရလျှင်ပင်၊ သင်၏ မာနနှင့် သိက္ခာကို ခြိမ်းခြောက်ပြီး ဖိနှိပ်လျှင်ပင် ယင်းသည် သင် တွေ့ကြုံသင့်သည့်အရာတစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်က သင့်အတွက် စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသောအရာတစ်ခု ဖြစ်သရွေ့ သင် နာခံသင့်ပြီး ယင်းနှင့်ပတ်သက်၍ သင့်တွင် ရွေးချယ်စရာမရှိပေ။ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို စီစဉ်ပြီး ယင်းတို့အပေါ်တွင် အချုပ်အခြာအာဏာရှိသောကြောင့် ထိုကံကြမ္မာများအတွက် ဘုရားနှင့် ညှိနှိုင်းဆွေးနွေးခြင်း ပြု၍မရနိုင်ပေ။ ထို့ကြောင့် လူတို့သည် အသိတရားရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်လျှင် ၎င်းတို့၏ ကံကြမ္မာသည် မကောင်းပေ၊ သို့မဟုတ် ဤအရာ၊ ထိုအရာသည် ၎င်းတို့အတွက် မကောင်းပေဟု စောဒကမတက်သင့်ပေ။ ၎င်းတို့၏ ကံကြမ္မာသည် ဆိုးသည်ဟု ခံစားရရုံဖြင့် ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ ဘဝ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် လိုက်လျှောက်သည့် လမ်းကြောင်း၊ ဘုရားသခင်က စီစဉ်ထားသော အခြေအနေများ၊ သို့မဟုတ် ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို စိတ်ဓာတ်ကျသော သဘောထားဖြင့် မချဉ်းကပ်သင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့ ဘုရားရဲ့အချုပ်အခြာအာဏာရှိတဲ့ အစီအစဉ်တွေကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မတို့ရဲ့ ကံကြမ္မာအားလုံး ဘုရားလက်ထဲမှာ ရှိတယ်။ လူတစ်ယောက်က ဘယ်မိသားစုထဲ မွေးဖားတယ်၊ ဘယ်ပညာရေးမျိုး ရတယ်၊ သူတို့ရဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေ၊ အသင်းတော်ကို လာပြီး တာဝန်တစ်ခု ယူတဲ့အချိန်နဲ့ ဘာတာဝန်ကို သူတို့ လုပ်တယ်ဆိုတာတွေ အားလုံးကို ဘုရားက စီစဉ်တာဖြစ်ပြီး ဘုရားရဲ့ ကောင်းမြတ်တဲ့အလိုတော်က နောက်ကွယ်မှာ ရှိတယ်။ အရင်က ကျွန်မဘာလို့ အမြဲ ပြောင်းရွှေ့ခံရတယ်ဆိုတာ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ သေချာတွေးပြီးတဲ့နောက်မှာ၊ အဲဒါ ကျွန်မ တကယ်လိုအပ်ခဲ့တဲ့ အရာဖြစ်မှန်း တွေ့ခဲ့ရတယ်။ ဒီအတွေ့အကြုံတွေ မရှိဘဲနဲ့၊ သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ ဆန္ဒက ဘယ်လောက်ဆိုးတယ်ဆိုတာ မြင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မ နည်းနည်း ပြောင်းလဲခဲ့တယ်လို့ ထင်နေဦးမှာဖြစ်ပြီး၊ စာတန်ရဲ့ အတွေးအခေါ်တွေ ကျွန်မထဲမှာ ဘယ်လောက် နက်တဲ့အထိ အမြစ်တွယ်တယ်၊ အဲဒါတွေက ကျွန်မကို ပုံမှန် လူ့သဘာဝရဲ့ ဆင်ခြင်တုံတရား ပျောက်စေပြီး ဘုရားကို ဆန့်ကျင်စေမှန်းကို သိခဲ့မှာ မဟုတ်သလို၊ ဒါတွေကို ဆက်လိုက်စားရင် ထုတ်ပယ်ခံရမယ်ဆိုတာ မြင်ခဲ့မှာ မဟုတ်ဘူး။ ဒါကို ဖြတ်သန်းရတဲ့အခါ၊ သိက္ခာနဲ့ အဆင့်အတန်း လိုက်စားခြင်းနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့မမှန်တဲ့ အမြင်တွေကို နည်းနည်း ရှင်းသွားတယ်။ ပြီးတော့ အဲဒါ မှန်တဲ့ လမ်းကြောင်းမဟုတ်မှန်း၊ လူသားတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်နစ်နာစေဖို့ စာတန်အတွက် နည်းလမ်းတစ်ခုဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အစွမ်းအစကိုမှန်မှန်ကန်ကန် ချဉ်းကပ်သင့်တယ်၊ ဘုရားရဲ့ အစီအစဉ်တွေကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ ကိုယ့်ရာထူးမှာ ရပ်တည်နိုင်ပြီး ဆင်ခြင်တုံတရားရှိတဲ့ ဖန်ဆင်းခံ ဖြစ်သင့်တယ်ဆိုတာကိုလည်း သင်ယူခဲ့ရတယ်။ နောင်မှာ ကျွန်မ ရွှေ့ပြောင်းခံရသည်ဖြစ်စေ၊ ဘာတာဝန်ကို လုပ်ရသည်ဖြစ်စေ၊ ဘုရားရဲ့ အချုပ်အခြာအာဏာ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ဘုရားအလိုတော်ကို ရှာဖို့၊ ကျွန်မအတွက် သူ စီစဉ်ပေးတဲ့ အခြေအနေတိုင်းမှာ ကျင့်သားရဖို့၊ တွေ့ကြုံပြီး မြှုပ်နှံဖို့နဲ့ တစ်ခုခုကို ရဖို့ ကြိုးစားပြီး အဲဒါတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သင်ယူဖို့လိုတယ်။