၃၂။ အခြားလူများ၏ ကျရှုံးမှုများထံမှ သင်ယူခြင်း

ထုံရှင်း ကိုးရီးယားနိုင်ငံ

မနှစ်တုန်းက အောက်တိုဘာလမှာ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူးနှစ်ယောက် အထုတ်ခံရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ ခေါင်းဆောင်က ဒီအလုပ်အရေးကြီးပုံကို ထပ်ခါထပ်ခါ အလေးပေးပြောပေမဲ့ သူတို့က ဘယ်တော့မှ အရေးတကြီးဖြစ်တဲ့စိတ် လုံးဝမရှိဘူး။ သူတို့က အထွေထွေကိစ္စတွေကိုပဲ အာရုံစိုက်ပြီး ဘာပြဿနာကိုမှ မဖြေရှင်းဘူး။ ဒါမှမဟုတ် ဗီဒီယိုထုတ်လုပ်ရေးမှာ တကယ် ဝင်မလုပ်ဘူး။ ဒီတော့ အလုပ်က နှောင့်နှေးတာပေါ့။ ခေါင်းဆောင်က တော်တော်စိတ်ဆိုးတယ်။ သူတို့လိုလူတွေက စိတ်မချရဘူး၊ တာဝန်မသိတတ်ဘူး၊ သူတို့အလုပ်မှာ စိတ်မရှိဘူး၊ ကြီးကြပ်ရေးမှူးလုပ်ဖို့ မသင့်တော်ဘူး၊ ဒါကြောင့်ထုတ်လိုက်တာဆိုပြီး ခေါင်းဆောင်ကပြောတယ်။ ကျွန်မက ဒါကို ကြားရတော့ အံ့အားသင့်သွားတယ်။ သူတို့က သူတို့တာဝန်ကို ပုံမှန်လုပ်နေတယ်လို့ ကျွန်မက ထင်တာ။ သူတို့က နည်းနည်း မထိရောက်ဘူး၊ မတက်ကြွဘူး၊ တာဝန်မခံဘူးဆိုရင်တောင် ဒါ အရေးကြီးတဲ့ ပြဿနာမဟုတ်ဘူးပေါ့။ လူတိုင်းက အတိုင်းအတာတစ်ခုအထိတော့ ဒီလိုမျိုးပဲ။ သူတို့က ဒီဟာကြောင့် တကယ် အထုတ်ခံရသင့်ရဲ့လား ပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မတို့ကို ကိုယ့်တာဝန်တွေကို ဘယ်လိုလုပ်လေ့ရှိလဲဆိုပြီး မေးတယ်။ ကျွန်မတို့က အစွမ်းကုန်လုပ်ရဲ့လား၊ တတ်နိုင်သလောက်လုပ်ရဲ့လား၊ တကယ် အလုပ်ကြိုးစားလား၊ ဖြစ်နိုင်သမျှ ထိရောက်မှုနဲ့ အထွက်နှုန်းကောင်းအောင် ကြိုးစားရဲ့လားပေါ့။ ဒီမေးခွန်းတွေကို ကြားရတော့ ကျွန်မ တော်တော်စိတ်လှုပ်ရှားတယ်။ ခေါင်းမထောင်ရဲဘူး။ ကျွန်မက အဲဒီစံနှုန်းတွေနဲ့ နီးစပ်မှုတောင်မရှိဘူးဆိုတာ သိတယ်လေ။ ပြီးတော့ ဒီ ကြီးကြပ်ရေးမှူးတွေကို “အလုပ်မှာ စိတ်မရှိဘူး”၊ “အရေးတကြီးဖြစ်စိတ် လုံးဝ မရှိဘူး”၊ “တာဝန်မခံဘူး”လို့ ပြောတာတွေကြောင့် ကျွန်မ ပိုပြီးတော့တောင် စိတ်လှုပ်ရှားတယ်။ ကျွန်မလည်း ကိုယ့်တာဝန်ကို ဒီလိုလုပ်နေတာပဲဆိုတာ သတိထားမိတယ်။ ခေါင်းဆောင်က ကျွန်မအတွက် ဗီဒီယိုအလုပ်ကို နောက်ဆက်တွဲလုပ်ဖို့ စီစဉ်ပေးတယ်။ အစတော့ ကျွန်မက စည်းမျဉ်းတွေကို ရှာတယ်။ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို လေ့လာတယ်။ အလုပ်ကို ဘယ်လို အမြန်ပြီးအောင်လုပ်ရမယ်ဆိုတာ စဉ်းစားတယ်။ ဒါပေမဲ့ သုံးလေးရက်ကြာတော့ ကျွန်မ စဉ်းစားမိတယ်။ “ဗီဒီယိုထုတ်လုပ်ရေးက တော်တော် ရှုပ်ထွေးတာပဲ။ ငါက အခုမှ စလုပ်တာ။ ငါ မရင်းနှီးသေးတာတွေ အများကြီးရှိတယ်။ ပြဿနာတွေက ရှောင်လို့မရဘူး။ ငါ တတ်နိုင်တာကိုပဲ လုပ်မယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ခေါင်းဆောင်က စစ်မှာပဲလေ။ ပြဿနာတွေရှိရင်တောင် သူ နားလည်မှာပါ” ပေါ့။ အဲဒါနဲ့ နေ့တိုင်း လုပ်ရိုးလုပ်စဉ် ပုံစံအတိုင်းပဲ လုပ်လိုက်တယ်။ ကျွန်မက အလုပ်က အရေးတကြီးဖြစ်တာကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ဖိအားမပေးတဲ့အချိန်မှာ ကျွန်မ သတိမထားမိဘဲ တိုးတက်မှုက နှေးသွားတယ်။ တစ်ပတ်အတွင်း ပြီးနိုင်တဲ့အလုပ်က နှစ်ပတ်ကြာသွားတယ်။ ကျွန်မ တာဝန်ယူရတဲ့ ရေလောင်းအလုပ်ကိုလည်း နောက်ဆက်တွဲမလုပ်တော့ဘူး။ တစ်ခါတလေမှာ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ ဒါပေမဲ့ အလုပ်က အရမ်းကြီး မနှောင့်နှေးနေတော့ စိတ်မပူခဲ့ဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို တခြားအလုပ်ကို ဦးဆောင်ခိုင်းတယ်။ ကျွန်မက ဒီသဘောထားပဲ ဆက်ရှိနေတယ်။ ကျွန်မက အပြင်ပန်းမှာ အလုပ်ရှုပ်တဲ့ပုံစံရှိပေမဲ့ အရေးတကြီးဖြစ်တဲ့စိတ် လုံးဝ မရှိဘူး။ တကယ့်ပြဿနာတွေအများကြီးကို မဖြေရှင်းဘူး။ တစ်ခါတလေမှာ ကျွန်မ တွေးမိတယ်။ “ငါ တာဝန်ရှိတဲ့အလုပ်တွေက ပိုများတယ်။ ဒီတော့ ငါ့ အချိန်ဇယားက ပိုပြီး အလုပ်ရှုပ်နေသင့်တယ်။ စိတ်ပူစရာတွေ ပိုပြီး ရှိသင့်တယ်။ ပိုပြီး စိတ်ဖိစီးသင့်တယ်။ ငါ ဘာလို့ ဒီလို မခံစားရတာလဲ။ တစ်နေကုန်ပြီးသွားရင် ငါ တော်တော် သက်သောင့်သက်သာဖြစ်တယ်” ပေါ့။ ကျွန်မ အချိန်ကို ပိုပြီး ဉာဏ်ရှိရှိနဲ့ စီစဉ်ဖို့ တွေးမိတယ်။ အချိန်ဇယားပိုကျပ်ရင် ကျွန်မက ပိုထိရောက်မှုရှိပြီး အလုပ် ပိုပြီးမယ်ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးတယ်။ “ငါက အခုတောင် အလုပ်တော်တော်ရှုပ်နေတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းခိုင်းမှာလဲ” ပေါ့။ အဲဒါနဲ့ ဒီစိတ်ကူးကို လက်လွတ်လိုက်တယ်။ ဒီ ကြီးကြပ်ရေးမှူးနှစ်ယောက်ကို မထုတ်ခင်အထိ ကျွန်မက ကိုယ့်တာဝန်မှာ အရေးတကြီးဖြစ်တဲ့ စိတ်တစ်ခုမှမရှိဘူး။ ခေါင်းဆောင်က ကျွန်မတို့ တာဝန်တွေအတွက် စံနှုန်းနှစ်ခု သတ်မှတ်ထားတယ်။ အစွမ်းကုန်လုပ်ရမယ်။ တတ်နိုင်သလောက် လုပ်ရမယ်။ ဖြစ်နိုင်သမျှ ထိရောက်မှုရှိပြီး အကျိုးဖြစ်ထွန်းရမယ်။ ကျွန်မက ဘာတစ်ခုမှ မရဘူး။ ကျွန်မတာဝန်မှာ ကျွန်မက အများအားဖြင့် စိတ်မချရဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်။ ဘုရားကို ကြောက်ရွံ့မှုတစ်ခုခုရှိဖို့ မပြောနဲ့။ သစ္စာတောင် မရှိဘူး။ ပြောပြလို့မရတဲ့ ကြောက်ရွှံ့မှုတစ်ခုကို စိတ်ထဲမှာ ခံစားနေရတယ်။ ကျွန်မသဘောထားကို ခေါင်းဆောင်က သိသွားရင် နောက်ထပ် ပြောင်းခံရတာ၊ အထုတ်ခံရတာက ကျွန်မ ဖြစ်မှာလား ပေါ့။ ကျွန်မ ပုံစံတွေကို မပြုပြင်ရင် အချိန်မရွေး ဖော်ထုတ်ခံရနိုင်တယ်။ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးက သမီးတာဝန်မှာ အရမ်းကို စိတ်မချရပါဘူး။ တစ်နေ့မှာ သမီး ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာကို စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု သမီး ကြောက်ပြီး စိတ်ပူနေပါတယ်။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမှန်တကယ် သိမြင်မှု၊ မုန်းတီးမှု မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်သိပြီး သမီးရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြုပြင်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်ကျတော့ ကျွန်မ တွေးမိတယ်။ “ဒီ ကြီးကြပ်ရေးမှူးတွေကို ထုတ်လိုက်တာနဲ့ ကျွန်မက ဘာလို့ အရမ်းကြောက်ပြီး ဘုရားကို သတိထားကာကွယ်နေတာလဲ” ပေါ့။ သူတို့ပြဿနာရဲ့ အနှစ်သာရကို ကျွန်မ မမြင်တာကြောင့်လည်းပါတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူတို့ပြဿနာက သိပ်မဆိုးဘူးလို့ ကျွန်မ ထင်တယ်။ ဒါကြောင့် သူတို့အပေါ် ဖြစ်သွားတဲ့ဟာကို ကျွန်မက တကယ် လက်မခံနိုင်ဘူး။ ဒီပြဿနာအတွက် ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့သွားတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးသည် ယခုအခါတွင် ၎င်းတို့၏ တာဝန်များကို လက်တွေ့လုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် လူအုပ်စုတစ်စုကို စုံလင်စေပြီး အခြားအုပ်စုကို ထုတ်ပယ်ရန်အတွက် လူတို့၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသည်။ လူအမျိုးအစားတစ်ခုစီတိုင်းအား ထုတ်ဖော်ပြသည်မှာ တာဝန်ထမ်းဆောင်မှုဖြစ်ပြီး လှည့်စားသူ၊ မယုံကြည်သူနှင့် ဆိုးယုတ်သူအမျိုးအစား တစ်မျိုးချင်းစီသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရသည်။ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာထမ်းဆောင်သောသူတို့သည် ရိုးသားသူများ ဖြစ်ကြသည်။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသူများသည် လှည့်စားတတ်ပြီး ပါးနပ်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်နှင့်၊ အဖျက်အဆီးများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောသူများဖြစ်ပြီး ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ယခုအချိန်တွင် တာဝန်ထမ်းဆောင်သောသူများစွာ၌ အမျိုးမျိုးအဖုံဖုံသော ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် အလွန် မတက်မကြွဖြစ်ပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှုဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် ဤတာဝန်ကို ထမ်းဆောင်ရန် စီစဉ်ပြီးဖြစ်သည်။ သို့တိုင်အောင် သင်သည် မည်မည်ရရအလုပ်တစ်ခုမျှ မပြီးဘဲ ဤအရာကို နေ့ရက်များစွာ တွေးတောနေသည်။ သင့်အား အလုပ်နေရာ၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူတို့တွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများရှိသောအခါ သင့်ကို ရှာ၍မရကြပေ။ သင်သည် ဤအလုပ်အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခြင်းမရှိပေ။ ခေါင်းဆောင်တစ်ယောက်က အလုပ်အကြောင်းကို မေးမြန်းလျှင် မည်သည့်အရာကို သင်ပြောမည်နည်း။ သင်သည် ယခုအချိန်တွင် မည်သည့်အလုပ်အမျိုးအစားကိုမျှ မလုပ်နေပေ။ ဤအလုပ်သည် သင်၏တာဝန်ဖြစ်သည်ကို ကောင်းကောင်းသိသော်လည်း မလုပ်ဆောင်ပေ။ မည်သည့်အရာကို သင် တွေးတောနေသနည်း။ သင်သည် မစွမ်းဆောင်နိုင်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်သလော။ သို့မဟုတ် သင်သည် သက်သာခြင်းကို အလိုကြူးနေခြင်း ဖြစ်သလော။ သင်၏ တာဝန်တွင် မည်သည့်သဘောထားရှိသနည်း။ သင်သည် စာများ၊ အယူဝါဒစကားများကိုသာ ဟောကြားပြီး ကြားကောင်းသောအရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိလျှင် သင် နုတ်ထွက်သင့်သည်။ ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသောသူတို့ကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်းခံရသောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတန်းကျေသာလုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် ရိုးသားစွာ အသုံးခံခြင်းဖြစ်သလော။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်ခြင်းမရှိပေ။ သို့တိုင်အောင် သင်က ဟန်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်းရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော ယုံကြည်ခြင်းရှိပုံရသည်။ သင်က အသင်းတော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုမျှလောက်ပင် အသုံးမဝင်ပေ။ ဤသည်မှာ သင်၏အပိုင်းမှ ဘုရားကို တမင်သက်သက် လှည့်စားခြင်းမဟုတ်သလော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ မည်သည့်ရလဒ်ကိုရရှိသည်ကို သင်သိသလော။ သင့်ကို သူ၏ အလွန်မုန်းတီးခြင်းနှင့် ဖယ်ရှားခြင်းဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လှည့်စားသူဖြစ်မဖြစ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်းခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်က ရှင်းရှင်းပြောပြတယ်။ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး စိတ်မချရတဲ့သူတွေ၊ နည်းနည်းလေးပဲလုပ်ပြီး အသင်းတော်ဆီက ညာစားနေတာနဲ့ပဲ ကျေနပ်နေသူတွေက လူ့သဘာဝမကောင်းဘူး။ စိတ်မချရဘူး။ ဉာဏ်များတဲ့သဘာဝရှိပြီး ဘုရားအတွက် တကယ် အသုံးမခံဘူး။ နောက်ဆုံးမှာ သူတို့အားလုံး ဘုရားက ထုတ်ပယ်တာကို ခံရတယ်။ ဘုရားက ဖြောင့်မတ်တယ်။ လူတစ်ယောက်ချင်း တာဝန်ပေါ်မှာထားတဲ့စိတ်အရ သူတို့အဆုံးသတ်ကို ဆုံးဖြတ်တယ်။ အဲဒီ ထုတ်ခံခဲ့ရတဲ့ ကြီးကြပ်ရေးမှူးတွေကို ကျွန်မ ပြန်တွေးကြည့်တယ်။ သူတို့က တော်တော်အရေးကြီးတဲ့အလုပ်ကို ဦးဆောင်ရတာ။ ဒါပေမဲ့ “ကြီးကြပ်ရေးမှူး”ဆိုတဲ့ ရာထူးကိုပဲယူတယ်။ ဝန်ထုပ်ဝန်ပိုးကို မယူဘူး။ သူတို့အလုပ်က ဘာကြောင့် အရမ်းကို မထိရောက်ဖြစ်နေတယ်၊ တခြားလူတွေက သူတို့တာဝန်တွေမှာ ဘာပြဿနာတွေရှိနေတယ်၊ အလုပ်ကို သူတို့ ဘယ်လိုလမ်းပြပေးသင့်တယ်၊ ဘယ်လို နောက်ဆက်တွဲ လိုက်လုပ်သင့်တယ်ဆိုတာတွေကို မစစ်ဆေးဘဲနဲ့ သူတို့တာဝန်တွေကို နေ့တိုင်း လုပ်ရိုးလုပ်စဉ်အတိုင်းပဲလုပ်တယ်။ တခြားလူတွေက သူတို့ကို ပိုပြီး တက်ကြွဖို့၊ အလုပ်ကို ဉာဏ်ရှိရှိနဲ့ စီစဉ်ဖို့၊ ထိရောက်မှုကို မြှင့်ဖို့ ဆက်တိုက်သတိပေးနေတာ။ သူတို့က ဒီလိုလုပ်ဖို့ ကတိပေးတယ်။ ဒါပေမဲ့ နောက်တော့ ဘာမှမပြောင်းလဲဘူး။ သူတို့က မတက်ကြွဘူး။ အလုပ်လုပ်ဖို့ကို တိုက်တွန်းနေရတယ်။ အထူးသဖြင့် သူတို့ထဲက တစ်ယောက်က စကားပြောကောင်းတယ်။ ပါရမီရှိတယ်။ အစွမ်းအစရှိတယ်။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ တစ်လကျော်ကြာသွားပြီးတော့ အလုပ်ရဲ့ အခြေခံတွေကို၊ ဘယ်လို ခန့်ခွဲရမယ်ဆိုတာကို မသိသေးဘူး။ သူက တော်တော်ပေါ့ပြီး တာဝန်မသိတတ်ဘူး။ ဘုရားနှုတ်ကပတ်တော်က ခေါင်းဆောင်တွေရဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုတာ၊ ကျွန်မတို့ခေါင်းဆောင်က တာဝန်တွေရဲ့ အရေးကြီးပုံကို ခဏခဏ ပြောပြတာတွေကို ကျွန်မ စဉ်းစားမိတယ်။ သူတို့က ဒါတွေအားလုံးကို သိပြီး ဝတ်ကျေတမ်းကျေလုပ်နေတုန်းပဲ။ သူတို့က သမ္မာတရားကို ချစ်တဲ့၊ လိုက်စားတဲ့သူတွေမဟုတ်ဘူး။ ဘုရားကို ကြောက်ရွံ့ခြင်းမရှိဘူး။ ဘုရားသခင်ပြောတာကို ကျွန်မ သတိရတယ်။ “ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) အရင်တုန်းက ကျွန်မက တာဝန်တွေကို လုပ်ဖို့ ငြင်းဆန်တဲ့သူတွေကသာ ဘုရားကို သစ္စာဖောက်နေတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အသင်းတော်က ကိုယ့်ကို အရေးကြီးတာဝန်တစ်ခု ပေးတဲ့အခါမှာ ကိုယ်က လေးကန်နေတယ်၊ ဂရုမစိုက်ဘူး၊ အမြဲတမ်း ဝတ်ကျေတမ်းကျေ သဘောထားရှိပြီး အလုပ်ကို ထိခိုက်စေတဲ့အခါမှာ ဒါက လျစ်လျူရှုတာ၊ သစ္စာဖောက်တာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ ခေါင်းဆောင်က ဒီကြီးကြပ်ရေးမှူးတွေကို ထုတ်တာက မကြမ်းပါဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေနဲ့ ညီပါတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်အတိုင်း မကြည့်တော့ ဒါကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားကို သတိထားကာကွယ်ခဲ့တယ်။ ကျွန်မက တကယ်ကို မသိနားမလည်ခဲ့တာပဲ။ ကျွန်မအပြုအမူက သူတို့နဲ့ တော်တော်တူတယ်ဆိုတာ သတိထားမိတယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင်ရဲ့တာဝန်မှာရှိတဲ့ ပြဿနာတွေကို အမြန် ဆင်ခြင်သုံးသပ်ဖို့ လိုတယ်လေ။

နောက်ပိုင်းကျတော့ လက်တွေ့လုပ်ပြီး ဝင်ရောက်ဖို့အတွက် ကျွန်မရဲ့ အခြေအနေနဲ့ တာဝန်အပေါ် သဘောထားနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “သင်သည် ဘုရားနှုတ်ကပတ်တော်ဖတ်ရာတွင် လုံ့လဝီရိယမရှိလျှင်၊ သမ္မာတရားကို နားမလည်လျှင် သင့်ကိုယ်သင် ဆင်ခြင်မကြည့်နိုင်ပေ။ ဖြစ်ရုံမျှလောက်သာ လုပ်ဆောင်ခြင်း၊ ပြစ်မှားမှု မကျူးလွန်ခြင်းမျှဖြင့်သာ သင် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုလိမ့်မည်။ သင်သည် နေ့စဉ် ကမောက်ကမဖြစ်လျက် ဖြတ်သန်းလိမ့်မည်။ စိတ်ရှုပ်ထွေးသည့်အခြေအနေတွင် အသက်ရှင်လိမ့်မည်။ အမှုအရာများကို စီစဉ်ထားသည့်အတိုင်းသာ လုပ်ဆောင်လိမ့်မည်။ ကြိုးစားပမ်းစား လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ စိတ်ကို မည်သည့်အခါမှ အသုံးချမည်မဟုတ်ပေ။ အစဉ်သဖြင့် ပြီးစလွယ်ပြုလုပ်ပြီး ပျာယာခတ်နေလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ်စံနှုန်းဖြင့် မည်သည့်အခါမျှ ထမ်းဆောင်မည်မဟုတ်ပေ။ တစ်စုံတစ်ခုအပေါ်သို့ အားစိုက်ထုတ်ရန် သင်သည် ရှေးဦးစွာ ယင်းအပေါ်သို့ စိတ်နှလုံးကို အပြည့်အဝ ထည့်ရမည်။ ရှေးဦးစွာ တစ်စုံတစ်ခုအပေါ်သို့ စိတ်နှလုံးအပြည့်အဝထည့်မှသာ သင်သည် အပြည့်အဝ အားစိုက်ထုတ်နိုင်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်သည်။ ယနေ့တွင် မိမိတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် စတင်ပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်သူများရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ကို စတင် စဉ်းစားကြပြီးဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ပျင်းရိခြင်းမရှိပေ။ အထက်မှ အမိန့်များထုတ်သည်အထိ မထုံတက်သေးဖြင့် စောင့်မနေဘဲ အချို့အရာများကို ကိုယ်တိုင်စတင်ပြုလုပ်သည်။ သင်တို့၏ တာဝန်ထမ်းဆောင်မှုကို အကဲဖြတ်လျှင် သင်တို့သည် ယခင်ကထက် အနည်းငယ်ပို၍ ထိရောက်မှုရှိသည်။ စံနှုန်း၏အောက်တွင် ရှိနေသေးသော်လည်း အနည်းငယ်တိုးတက်မှုရှိသည်။ ဤသည်မှာ ကောင်းမွန်ပေသည်။ သို့သော် သင်တို့သည် ရှိရင်းစွဲဖြင့် မကျေနပ်ရပေ။ ဆက်လက်၍ ရှာဖွေရမည်။ ဆက်လက်၍ ကြီးထွားရမည်။ သို့မှသာ သင်တို့၏တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ပြီး လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းကို ရောက်ရှိလိမ့်မည်။ လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ မည်သည့်အခါမျှ အလွန်အမင်း အားကုန်စိုက်ထုတ်ပြီး အစွမ်းကုန်လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့အားစိုက်ထုတ်မှု၏ ၅၀-၆၀ ရာခိုင်နှုန်းကိုသာ ပေးဆပ်ကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာ ပြီးဆုံးသည်အထိ ဖြစ်သလိုသာ ပြုလုပ်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပုံမှန် အခြေအနေကို မထိန်းသိမ်းနိုင်ကြပေ။ ၎င်းတို့ကို စောင့်ကြည့်ရန်၊ သို့မဟုတ် ပံ့ပိုးမှုပေးရန် မည်သူမျှမရှိသောအခါ ၎င်းတို့သည် အားလျော့ပြီး စိတ်မပါကြတော့ပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်ရှိသောအခါတွင် ၎င်းတို့သည် လန်းဆန်းရွှင်ပျလာကြသည်။ သို့သော် ၎င်းတို့အား အချိန်အနည်းငယ်ကြာ သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင် ၎င်းတို့သည် စိတ်မဝင်စားကြတော့ပေ။ ၎င်းတို့သည် ဤသို့ ရှုံ့ချည်နှပ်ချည် အမြဲ ဖြစ်နေသောအခါတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ လူတို့သည် သမ္မာတရားကို မရရှိသောအခါ ဖြစ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့အားလုံးသည် စိတ်ထက်သန်ပြင်းပြမှုဖြင့် အသက်ရှင်ကြသည်။ ထိန်းသိမ်းရန် အလွန့်အလွန်ခက်ခဲသော စိတ်ထက်သန်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အား နေ့စဉ်တရားဟောပြီး မိတ်သဟာယပြုပေးသည့်သူရှိမှဖြစ်သည်။ ၎င်းတို့ကို ရေလောင်းပြီး ပံ့ပိုးပေးသည့်သူ တစ်ယောက်မျှ မရှိသည်နှင့်၊ ၎င်းတို့ကို ထောက်ပံ့ရန် မည်သူမျှမရှိသည်နှင့်၊ ၎င်းတို့၏ စိတ်နှလုံးသည် တစ်ဖန် အေးစက်သွားသည်။ နောက်တစ်ဖန် အားလျော့လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးက အားလျော့သောအခါ ၎င်းတို့၏ တာဝန်တွင် ထိရောက်မှုနည်းလာကြသည်။ ၎င်းတို့သည် အလုပ်ပိုကြိုးစားလျှင် ထိရောက်မှုတိုးလာသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ အကျိုးပြုလာပြီး ၎င်းတို့သည် ပို၍ ရရှိကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်)လူအချို့သည် ၎င်းတို့၏တာဝန်ကို သင့်တင့်လျောက်ပတ်စွာ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် လှည့်ကွက်လေးများ အသုံးပြုကြသည်။ အလုပ်လုပ်နေသင့်သည့် အချိန်တွင် အပန်းဖြေနေခြင်း၊ နေမြင့်မှ အိပ်ရာထခြင်း၊ သို့မဟုတ် ၎င်းတို့ မြင်သည့်ပြဿနာများကို မျက်ကွယ်ပြုပြီး မည်သူ့ကိုမျှ ပြောမပြခြင်းတို့ကဲ့သို့ဖြစ်သည်။ ဤအရာတို့သည် အသိစိတ်မရှိသော သူတစ်ယောက်က လုပ်ဆောင်မည့်အရာများမဟုတ်သလော။ ၎င်းတို့၏ တာဝန်က အလုပ်ရှုပ်လေလေ၊ ၎င်းတို့၏ တစ်ကိုယ်ရေကိစ္စများဖြင့် အချိန်ကုန်လေလေဖြစ်သည်။ ၎င်းတို့သည် ချိန်းချက်၍ တွေ့ဆုံကြ၏။ ဗီဒီယိုဂိမ်းများ ကစား၏။ အသုံးမဝင်သော မဂ္ဂဇင်းများနှင့် သတင်းများကို ဖတ်၏။ ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သင့်သောအချိန်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စများကို အစဉ် ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့တွင် အသိတရားရှိသလော။ (မရှိပါ။) ငါသည် သင်တို့ကို သစ္စာရှိခြင်းနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းအကြောင်းကို ပြောရမည်ဆိုလျှင် ဤသည်မှာ သင်တို့အတွက် အလွန် ခက်ခဲနက်နဲသော အကြောင်းအရာဖြစ်လိမ့်မည်။ ယင်းသည် အတော်အသင့် ခက်ခဲကြောင်း သင်တို့တွေ့ရလိမ့်မည်။ သင်တို့သည် စိတ်ကျဉ်းကျပ်ပြီး အနည်းငယ် သက်သောင့်သက်သာမရှိဖြစ်လိမ့်မည်။ သို့သော် ငါသည် သင်တို့ကို အသိတရားနှင့် လူ့သဘာဝအကြောင်းကို ပြောရမည်ဆိုလျှင် အဘယ်သို့ဖြစ်မည်နည်း။ သင်တို့သည် ဤအရာနှစ်ခုဖြင့် ပြင်ဆင်ထားသလော။ သင်တို့သည် အသိတရား၊ လူ့သဘာဝနှင့် ပုံမှန်လူများပိုင်ဆိုင်သည့် အသိစိတ်ကိုပင် နားမလည်လျှင်၊ ဤအရာများနှင့် သင့်ကိုယ်သင် မည်သို့ယှဉ်ကြည့်ရမည်ကို မသိလျှင်၊ သင်၏စိတ်ကို ထိန်းညှိပြီး သင်၏ ပြုမူလုပ်ဆောင်မှုကို ချုပ်တည်းရန် ဤအရာများကို မည်သို့အသုံးပြုရမည်ကို မသိလျှင် သမ္မာတရားကို ချစ်ခြင်း၊ လိုက်စားခြင်းသည် မဖြစ်နိုင်ပေ။ သင်တို့၏ လုပ်ရပ်များနှင့် ပြုမူလုပ်ဆောင်မှုအားလုံးသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ဘုရားသခင်သည် လူ့သဘာဝ၊ အသိတရားနှင့် အသိစိတ်ပိုင်ဆိုင်သောသူများကြားတွင် သူ၏ ကယ်တင်ခြင်းကို လက်ခံရန် အလားအလာရှိသူများအား ရှာဖွေသည်။ ဤအရာများမရှိသောသူတို့သည် သမ္မာတရားကို နားလည်နိုင်ရန်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် အလွန်အလှမ်းဝေးပြီး ကယ်တင်ခြင်းနှင့် ပို၍ပင် အလှမ်းဝေးလေသည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ကျွန်မတို့ တာဝန်တွေကို ပြည့်မီအောင် ထမ်းဆောင်ဖို့အတွက် ကိုယ်ကစလုပ်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ အလုပ်ကြိုးစားဖို့၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ ဆန္ဒရှိရမယ်။ ပြီးတော့လည်း ကျွန်မတို့ တတ်နိုင်သမျှတိုင်းမှာ အကောင်းဆုံး လုပ်ရမယ်။ စိတ်ကို အကုန်နှစ်ပြီးလုပ်ရမယ်။ တာဝန်တွေကို ဖြည့်ဆည်းရမယ်။ ရလဒ်တွေ ရရှိရမယ်။ အပေါ်ယံပဲ မလုပ်ရဘူး။ ဒါက တာဝန်ကို လုံလုံလောက်လောက် ထမ်းဆောင်ခြင်းပဲ။ ခေါင်းဆောင်က ကျွန်မကို ဗီဒီယိုအလုပ်ကို ဦးဆောင်ခိုင်းတော့ အစကတော့ ကျွန်မက အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တာကို ပိုပြီး ကျွမ်းကျင်ချင်တယ်။ ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေကို တကယ် လေ့လာခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတဲ့အထိ ဒီလိုလုပ်ပြီးသွားတော့ ဗီဒီယိုအလုပ်က တော်တော်ခက်တယ်လို့ ကျွန်မ မြင်မိတယ်။ ကျွန်မက အခုမှ စလုပ်တာ။ ကျွန်မ မသိတာတွေ အများကြီးရှိသေးတယ်။ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်မက စပြီး အချောင်ခိုလာပြီး ကျွန်မ အချိန်ဇယားကို ဖြည့်မထားခဲ့ဘူး။ နေ့တိုင်း အလုပ်ရှုပ်နေတဲ့ပုံစံရှိပေမဲ့ ကျွန်မက ထိထိရောက်ရောက်မလုပ်ဘူး။ တကယ့်အလုပ်ကို သိပ်မပြီးဘူး။ ကျွန်မ ဘာစားမယ်၊ ဘာသောက်မယ်ဆိုတာကို စဉ်းစားဖို့တောင် အချိန်ရတယ်။ အချိန်ရရင် ကျွန်မက အနားယူတယ်။ အပန်းဖြေလမ်းလျှောက်တယ်။ ဒါမှမဟုတ် ပျော်စရာတစ်ခုခုလုပ်တယ်။ ကျွန်မက ကြီးကြပ်ရေးမှူးရာထူးရှိတယ်။ ဒါပေမဲ့ ကျွန်မတာဝန်မှာ သူများတွေထက်ပိုပြီး အလေလိုက်နေတယ်။ အလုပ်မှာ အခက်အခဲတွေ ကြုံရတော့ စည်းမျဉ်းတွေကို ရှာဖို့ မစဉ်းစားဘူး။ ကူညီပေးဖို့ နားလည်သူတစ်ယောက်ယောက်ကို မရှာဘူး။ “ကောင်းနေပါပြီ”၊ “ရလောက်ပြီ” ဆိုတာတွေပဲ ဦးတည်လုပ်ပြီး ကျန်တာကို ခေါင်းဆောင်စစ်ဖို့ ထားလိုက်တယ်။ ကျွန်မက ဝတ်ကျေတမ်းကျေလုပ်ပြီး ကိုယ့်တာဝန်မှာ တကယ့်ရလဒ်တွေကို မရှာတော့ ခေါင်းဆောင်က ကျွန်မအလုပ်မှာ ပြဿနာတွေကို အမြဲတမ်း ရှာတွေ့နိုင်တယ်။ ပြန်စစ်ဖို့အတွက် ပြန်ပို့ရပြီး တိုးတက်မှုက နှောင့်နှေးသွားတာပေါ့။ ကျွန်မက စိတ်နှလုံးရှိသမျှနဲ့ လုပ်ဖို့ မပြောနဲ့။ အားတောင် အကုန်မစိုက်ဘူး။ ကျွန်မက ဖြစ်ကတတ်ဆန်းပုံစံ၊ မစစ်မှန်တဲ့ ပုံစံနဲ့ လုပ်နေခဲ့တာ။ တကယ် အဖိုးအခပေးဆပ်တာမဟုတ်ဘူး။ နည်းနည်းအားစိုက်ရင်တောင် တကယ့်ရလဒ်တွေ မရဘူး။ ဒါက ဘယ်လိုဖြစ်ပြီး တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက ဘုရားကို လှည့်စားပြီး လိမ်ညာနေတယ်ဆိုတာ ရှင်းနေတာပဲ။ ဒါကို သဘောပေါက်တော့ ကျွန်မ တော်တော်အပြစ်ရှိသလို ခံစားရတယ်။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးအဖြစ် လေ့ကျင့်ပေးနေတာ။ ကျွန်မကို တာဝန်သိတတ်ပြီး အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်မက အချောင်ခိုနေတယ်။ တကယ်ကို နှလုံးသားမရှိတာပါ။ ကျွန်မက ကိုယ့်တာဝန်ကို မယုံကြည်သူတစ်ယောက်က သူဌေးအတွက် လုပ်နေသလိုမျိုး ဆက်ဆံနေပြီး စံမမီတဲ့ ဝန်ဆောင်မှုမျိုး ပေးနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရတယ်။ “သင်၏တာဝန်၌ သင့်ကို ဘုရားသခင် တောင်းဆိုသည့် စံနှုန်းမှာ ‘ပြည့်မီခြင်း’ ဖြစ်သည်။ ‘ပြည့်မီခြင်း’ ဟူသော စကားလုံးကို မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး သူ့ကို စိတ်ကျေနပ်စေရမည်ဖြစ်ကာ သင်၏အလုပ်ကို ပြည့်မီသည်ဟု ဘုရားသခင်က ခေါ်ဆိုရမည်ဖြစ်ပြီး သူ၏လက်ခံအတည်ပြုမှုကို သင်ရရှိရမည်ဟု ဆိုလိုသည်။ ထိုအခါတွင်သာ သင်သည် သင်၏တာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို ပြည့်မီခြင်းမရှိစွာဖြင့် ထမ်းဆောင်နေသည်ဟု ဘုရားသခင်က ဆိုလျှင် သင်သည် ဤတာဝန်ကို ထမ်းဆောင်နေသည်မှာ မည်မျှကြာသည်ဖြစ်စေ၊ ထိုတာဝန်အတွက် မည်မျှ အဖိုးအခ ပေးဆပ်ခဲ့သည်ဖြစ်စေ ပြည့်မီခြင်းမရှိနေဆဲဖြစ်သည်။ ဤအတွက် အကျိုးဆက်များမှာ မည်သည့်အရာဖြစ်မည်နည်း။ သင်သည် အစေခံနေခြင်း သက်သက်သာဖြစ်လိမ့်မည်။ သစ္စာရှိသော အစေခံသူ အနည်းငယ်သော အရေအတွက်သာ ကပ်ဘေးများတွင် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်။ သင်ပေးသော အစေခံမှုတွင် သစ္စာမရှိလျှင် သင်သည် အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။ ရှင်းလင်းစွာ ဆိုရလျှင် သင်သည် ကပ်ဘေးများတွင် ဖျက်ဆီးခြင်း ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ကျွန်မက ကိုယ့်တာဝန်မှာ အသိတရားနဲ့ပတ်သက်ပြီး အခြေခံအကျဆုံး စံနှုန်းကိုတောင် မရဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ ဒီသဘောထားကို ဘုရားက မုန်းပြီး ဒါကြောင့် ကျွန်မက ကယ်တင်ခြင်းနဲ့ မထိုက်တန်တော့ဘူး။ ဒီ ကြီးကြပ်ရေးမှူးနှစ်ယောက်ကို ထုတ်တာက ကျွန်မအတွက် သတိပေးချက်တစ်ခုပဲ။ ကိုယ့်တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ပေါ့ဆတဲ့သူတွေက အသင်းတော်မှာ ကြာရှည်မခံဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ နောက်ဆုံးမှာ သူတို့က ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရတယ်။ ကျွန်မက အသင်းတော်မှာ တာဝန်တစ်ခု လုပ်နေပေမဲ့ ဒါဟာ ကျွန်မက လုံလုံလောက်လောက် လုပ်နေတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ကျွန်မ အခြေအနေကို ဖြစ်နိုင်သမျှ အမြန်ဆုံး မပြုပြင်ရင် အသင်းတော်က ကျွန်မကို မထုတ်ရင်တောင် ဘုရားက ထုတ်ပယ်တာကို ခံရမှာပဲ။ ဒါကို ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဆုံးဖြတ်တယ်။ ဒါကို သဘောပေါက်သွားပြီး ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီးက ကိုယ့်တာဝန်မှာ တကယ့်အဖိုးအခကို မပေးဆပ်ပါဘူး။ အရမ်း ဝတ်ကျေတမ်းကျေလုပ်ပါတယ်။ နောင်တတွေ အများကြီးရပါတယ်။ သမီးအခြေအနေက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ၊ သမီးတာဝန်အပေါ် ဒီသဘောထားကို ထားလို့မရဘူးဆိုတာ အခု သဘောပေါက်ပါပြီ။ ကောင်းကောင်းနောင်တရပြီး သမီးတာဝန်ကို တတ်နိုင်သမျှ အကောင်းဆုံးလုပ်ချင်ပါတယ်” ဆိုပြီးတော့။

အဲဒီနောက်တော့ ကျွန်မ စဉ်းစားတယ်။ “တစ်ခါတလေမှာ ငါ့တာဝန်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ ခဏခဏပဲ အချောင်မခိုဘဲ မနေနိုင်ဘူး။ ကိုယ့်တာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ဘူး။ ဒီဟာရဲ့ အကြောင်းရင်းက ဘာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “အလွန်အကျွံပျင်းရိသောသူများသည် မည်သို့သော အပြုအမူနှင့် စရိုက်လက္ခဏာမျိုးကို ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေလုပ်ဆောင်ကြသည်။ အပေါ်ယံလုပ်ဆောင်ကြသည်။ အချိန်ဆွဲသည်။ အေးဆေးစွာ လုပ်ဆောင်သည်။ ရသမျှအချိန်ကို အနားယူပြီး အချိန်ဆွဲသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို အရေးမစိုက်ပေ။ ၎င်းတို့အတွက်မူ အားထုတ်ကြိုးပမ်းလိုသူ မည်သူမဆို ထိုသို့ လုပ်ဆောင်နိုင်သည်။ ၎င်းတို့က လုပ်ဆောင်မည်မဟုတ်။ ၎င်းတို့က တစ်စုံတစ်ခုအတွက် ၎င်းတို့အမှန်တကယ် ဇောက်ချ၍ ကြိုးစားလုပ်ကိုင်သောအခါတွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်။ သူတို့အတွက် အရေးပါသည့်အရာမှာ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်ခြင်းသာ ဖြစ်လေသည်။ တတိယအနေဖြင့် ၎င်းတို့၏အလုပ်က အနည်းငယ်မျှ ပို၍ ပင်ပန်းဖွယ်ဖြစ်လာသည်ကိုပင် ၎င်းတို့ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခံယူရန်၊ သို့မဟုတ် အနစ်နာခံမှုများ ပြုလုပ်ရန် အလွန်ပင် မကျေမနပ်ဖြစ်ကြပြီး မလိုလားကြပေ။ စတုတ္ထအနေဖြင့် ၎င်းတို့သည် ၎င်းတို့အလုပ်တွင် လုံ့လမစိုက်ထုတ်နိုင်ကြပေ။ အစဉ်သဖြင့် လမ်းတစ်ဝက်တွင် လက်လျှော့ပြီး ကိစ္စများကို ပြီးစီးအောင် လုပ်နိုင်စွမ်းမရှိကြပေ။ ဆန်းသစ်သောအရာတစ်ခုကို ခဏတာ လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အပျော်သဘောဖြင့် လက်ခံနိုင်ဖွယ် ရှိနိုင်သည်။ သို့သော် တစ်စုံတစ်ခုသည် ရေရှည်စိတ်နှစ်လုပ်ကိုင်ရန် လိုအပ်လျှင်၊ အစဉ် အလုပ်ရှုပ်စေလျှင်၊ များစွာတွေးတောရန် လိုပြီး ၎င်းတို့၏ အသွေးအသားကို ပင်ပန်းနွမ်းနယ်စေလျှင် အချိန်ကြာလာလျှင် ၎င်းတို့သည် စတင် ညည်းညူလာလိမ့်မည်။ ဥပမာအားဖြင့် အချို့ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို ကြီးကြပ်ရာတွင် အစ၌ အသစ်ဖြစ်ပြီး ဆန်းသစ်သည်ဟု မြင်သည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အလွန်ပင် စိတ်တက်ကြွပြီး ညီအစ်ကိုမောင်နှမများ၌ ပြဿနာများရှိသောအခါ ၎င်းတို့က ကူညီဖြေရှင်းနိုင်ကြသည်။ သို့သော် မရေမတွက်နိုင်သော ပြဿနာများ ထွက်ပေါ်လာသောအခါ ၎င်းတို့သည် အလုပ်တွင် အချိန်အနည်းငယ် ဆက်တိုက်လုပ်ဆောင်ပြီးနောက် ပြဿနာအားလုံးကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် ဆက်လက်၍ လုံ့လမထုတ်နိုင်တော့ဘဲ ပိုမိုလွယ်ကူသောအလုပ်တစ်ခုသို့ ပြောင်းရွှေ့လိုကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံလိုစိတ်မရှိ။ ဇွဲမရှိကြပေ။ ပဉ္စမအနေဖြင့် ပျင်းရိသောသူများကို ခွဲခြားသိမြင်စေသော အခြားစရိုက်လက္ခဏာတစ်ခုမှာ လက်တွေ့အလုပ်ကို လုပ်လိုစိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့၏ အသွေးအသားက ဒုက္ခခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အလုပ်ကို ရှောင်ပြီး အချောင်ခိုရန် ဆင်ခြေများပေးပြီး အကြောင်းပြချက်များရှာကြသည်။ ၎င်းတို့အတွက် လုပ်ဆောင်ပေးရန် အခြားတစ်ယောက်ကို တာဝန်ချပေးကြသည်။ ထိုလူက အလုပ်ပြီးသွားသောအခါ ၎င်းတို့က ဆုလာဘ်များကို အကျိုးကျေးဇူးခံစားကြသည်။ ဤသည်တို့မှာ ပျင်းရိသောသူများ၏ အဓိက စရိုက်လက္ခဏာငါးခုဖြစ်သည်။ အသင်းတော်များတွင် ခေါင်းဆောင်များ၊ အမှုဆောင်များကြား၌ ဤသို့သော ပျင်းရိသူများရှိမရှိကို သင်တို့ စစ်ဆေးသင့်သည်။ တွေ့ရှိလျှင် ချက်ချင်း ထုတ်သင့်သည်။ ပျင်းရိသူများသည် ခေါင်းဆောင်များအဖြစ် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့တွင် မည်သို့သော အစွမ်းအစရှိသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝက မည်သို့သော အရည်အသွေးဖြစ်စေ ၎င်းတို့က ပျင်းရိလျှင် ၎င်းတို့၏ အလုပ်ကို ကောင်းစွာ လုပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အလုပ်နှင့် ပိုမိုကြီးမားသော ပရောဂျက်ကို နှောင့်နှေးစေလိမ့်မည်။ အသင်းတော်အလုပ်သည် ရှုထောင့်များစွာရှိသည်။ ပရောဂျက်တစ်ခုစီသည် ပိုမိုသေးငယ်သော အစိတ်အပိုင်းများစွာ ပါဝင်ပြီး ကောင်းစွာလုပ်ဆောင်ရန်အတွက် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ လုံလောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိလျှင် အလိုရှိသော ရလဒ်ကို အလွန်ပင် မပြည့်မီဖြစ်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်နှင့် အမှုဆောင်များသည် လုံ့လရှိရမည်။ ၎င်းတို့သည် အလုပ်၏ ထိရောက်မှုကို သေချာစေရန်အတွက် နေ့စဉ် များစွာ ပြောဆိုပြီး များစွာ အလုပ်လုပ်ရမည်။ ၎င်းတို့ စကားပြောသည်မှာ အလွန်နည်းလျှင်၊ သို့မဟုတ် လုံလောက်စွာ အလုပ်မလုပ်လျှင် ရလဒ်များရှိမည်မဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် ပျင်းရိသောသူတစ်ယောက်ဖြစ်လျှင် သူသည် သေချာပေါက်ပင် အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး လက်တွေ့အလုပ်ကို လုပ်နိုင်စွမ်းမရှိပေ။ ပျင်းရိသူများသည် အလုပ်နေရာများသို့ ၎င်းတို့ကိုယ်တိုင် သွားရောက်ဖို့ မဆိုထားနှင့်၊ လက်တွေ့အလုပ်ကိုပင် မလုပ်ကြပေ။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းလိုစိတ်မရှိ၊ သို့မဟုတ် မည်သို့သော အသေးစိတ်အလုပ်တွင်မှ ပါဝင်လိုစိတ်မရှိကြပေ။ ၎င်းတို့သည် မည်သည့်ပရောဂျက်မဆိုတွင်ရှိသော ပြဿနာများကို အနည်းငယ်မျှပင် နားလည်ခြင်း၊ သို့မဟုတ် သဘောပေါက်ခြင်းမရှိပေ။ အခြားလူများပြောသည့်အရာကိုသာ နားထောင်လျက် ဖြစ်သလိုလုပ်ဆောင်ကြပြီး မည်သည့်အရာဖြစ်ပျက်နေသည်ကို အပေါ်ယံသာ သိမြင်ကာ အယူဝါဒ အနည်းငယ်ကိုသာ ဟောကြားသည်။ ဤခေါင်းဆောင်မျိုးကို သင်တို့ သိမြင်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်ဟု ပြောနိုင်သလော။ (အတိုင်းအတာတစ်ခုအထိ ပြောနိုင်သည်။) ပျင်းရိသူများသည် ဝတ်ကျေတမ်းကျေဆန်ပြီး ၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်မဆိုတွင် အပေါ်ယံလုပ်ဆောင်ကြသည်။ မည်သည့်တာဝန်ဖြစ်စေ ဇွဲမရှိကြပေ။ အလုပ်ကို လုပ်လိုက်၊ ရပ်လိုက် လုပ်ဆောင်ကြသည်။ ဆင်းရဲဒုက္ခအနည်းငယ်ကို ခံရသောအခါ ရက်များစွာ ဆက်တိုက် ညည်းညူကြသည်။ ၎င်းတို့ကို ဝေဖန်သူ၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသူ မည်သူမဆိုကို တိုက်ခိုက်ပြောဆိုသည်။ လမ်းများတွင် စူးစူးဝါးဝါးအော်နေသော ကြွက်စုတ်များကဲ့သို့ အစဉ်သဖြင့် သူတစ်ပါးကို လိုက်မဲသလို မိမိတို့၏ တာဝန်ကိုလည်း မထမ်းဆောင်ပေ။ ၎င်းတို့၏ တာဝန်ကို မလုပ်ဆောင်လိုသည်မှာ မည်သည့်အရာကို ပြသနည်း။ ၎င်းတို့သည် တာဝန်ထမ်းရွက်ခြင်းမရှိ၊ တာဝန်ယူဆောင်ရွက်ချင်စိတ်မရှိ၊ ပျင်းရိသူများဖြစ်ကြသည်ကို ပြသည်။ ဆင်းရဲဒုက္ခများကို မခံလိုပေ၊ သို့မဟုတ် အနစ်နာမခံလိုပေ။ အထူးသဖြင့် ခေါင်းဆောင်နှင့် အမှုဆောင်များသည် တာဝန်ထမ်းရွက်ခြင်းမရှိလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ တာဝန်ကို ၎င်းတို့ ဖြည့်ဆည်းနိုင်သလော။ လုံးဝ မဖြည့်ဆည်းနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကျွန်မက ကိုယ့်တာဝန်မှာ ဘာကြောင့် ဇွဲလုံ့လမရှိသလဲ၊ ကောက်ရိုးမီးစိတ်ထားပြီးတော့ ဘာကြောင့် အဖိုးအခမပေးချင်တော့တာလဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ကျွန်မ သဘောပေါက်သွားတယ်။ အဓိကက ကျွန်မက အရမ်းပျင်းပြီး အသွေးအသား သက်သာဖို့ကို အရမ်း တပ်မက်လို့ပဲ။ ကိုယ့်အလုပ်မှာ ထိရောက်မှုရှိဖို့ကို အားမထုတ်ဘူး။ ဘယ်သူကမှ ကျွန်မကို မတိုက်တွန်းဘူး၊ ကိုင်တွယ်မဖြေရှင်းဘူးဆိုရင် ကျွန်မက အရေးတကြီးဖြစ်တဲ့ စိတ်မရှိတော့ဘူး။ အလုပ်ပြဿနာတွေအပေါ် စိတ်အားထည့်ဖို့ တော်တော် ဆန္ဒမရှိဖြစ်နေတာ။ အခုမှ စလုပ်တာဆိုတဲ့ ဆင်ခြေနဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တယ်။ ပြီးတော့ ပြဿနာတွေကို ခေါင်းဆောင်ဆီ တွန်းပို့တယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတာပေါ့။ “အသက်ရှင်နေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေသင့်တယ်။ အလုပ်က ဘယ်လောက်အရေးကြီးနေပါစေ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်သင့်ဘူး၊ အလွန်အကျွံမလုပ်သင့်ဘူး။ ငါ အဖယ်ရှားမခံရသရွေ့ နည်းနည်းလေး အားစိုက်ပြီး အလုပ်နည်းနည်းလုပ်တာနဲ့တင် အဆင်ပြေပါတယ်။” ပေါ့။ တိုးတက်ဖို့ကို လုံးဝ အားမထုတ်ဘူး။ အဲဒီတော့ ကျွန်မ တိုးတက်တာက အရမ်းနှေးသွားတာပေါ့။ ညီအစ်ကိုမောင်နှမတွေအကြောင်းကို ကျွန်မ တွေးကြည့်တယ်။ တချို့က တာဝန်တွေပြီးဖို့ကို အချိန်တွေ၊ အားအင်တွေ အများကြီးစိုက်ပြီး အမြဲတမ်း သူတို့တာဝန်တွေကိုပဲ အာရုံစိုက်တယ်။ သူတို့အလုပ် ပြီးသွားတဲ့အချိန်မှာတောင် လမ်းလွဲတာတွေရှိသေးလား၊ ပိုကောင်းအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာတွေကို ဆက်ပြီး တွေးတယ်။ သူတို့ စဉ်းစားသမျှက တာဝန်တွေကို ဘယ်လို ကောင်းကောင်းလုပ်ရမယ် ဆိုတာပဲ။ အလုပ်ကို ကောင်းကောင်းလုပ်တယ်။ လူ့သဘာဝရှိတယ်။ တာဝန်တွေအပေါ် ဆက်ကပ်အပ်နှံမှုရှိတယ်။ သူတို့အလုပ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို အလွယ်တကူ ရကြတယ်။ အချိန်ကြာလာတော့ တိုးတက်လာပြီး အကျိုးအမြတ်တွေရကြတယ်။ ဒါပေမဲ့ ကျွန်မကို အသင်းတော်က ဗီဒီယိုအလုပ်ကို ဦးဆောင်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက အသိတရားမရှိဘူး။ ကျွန်မ အမြင်တွေ၊ လိုက်စားတာတွေက တိရစ္ဆာန်တစ်ကောင်လိုပဲ။ အချိန်ရတဲ့အခါ ကျွန်မက ဇာတိပကတိ ဆန္ဒတွေကို စဉ်းစားတယ်။ ကိုယ့်တာဝန်အကြောင်း လုံးဝ မစဉ်းစားဘူး။ ရာထူးတစ်ခုရှိပေမဲ့ တကယ့်အလုပ်ကို မလုပ်ဘူး။ ဒါကြောင့် ရလဒ်ကောင်းတွေ မရတော့ဘဲ အလုပ်လည်း နှောင့်နှေးသွားတယ်။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ။ ဒီလိုဆက်လုပ်နေရင် ဘာအလုပ်ကိုမှ တာဝန်ယူလုပ်နိုင်မှာမဟုတ်ဘူး။ ဘာမှ အောင်မြင်မှာမဟုတ်ဘဲနဲ့ ဘုရားက ဖယ်ရှားခံရဖို့ သေချာတယ်။ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးရဲ့ စက်ဆုပ်ဖွယ် သဘာဝက အရမ်းဆိုးလွန်းပါတယ်။ ဒီလောက်အရေးကြီးတဲ့အလုပ်မှာ သမီးက တာဝန်မသိတတ်ဘဲ စိတ်မချရပါဘူး။ ကိုယ်တော့် အပေါ် ကြောက်ရွံ့ခြင်း ကင်းမဲ့ပါတယ်။ အရင်က သမီးရဲ့ စက်ဆုပ်မှုက ဆိုးတယ်ဆိုတာ သိပေမဲ့ အမှန်တကယ် မမုန်းတီးခဲ့ပါဘူး။ အခု သမီး သိပါပြီ။ ဘုရားသခင် သမီး ပြောင်းလဲချင်ပါတယ်။ သမီးတာဝန်အပေါ် သမီးရဲ့ သဘောထားကို ပြုပြင်ပြီး ကောင်းစွာ လုပ်ဆောင်ချင်ပါတယ်။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် လမ်းပြပေးတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မ ဖတ်ခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရမိတယ်။ “သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ကို ထိုက်တန်စွာရရှိပြီး ညာစားနေခြင်းမဟုတ်ဟု ခံစားရမည်။ ဤသည်မှာ တာဝန်သိစိတ်ဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သင်တို့တွင် ထိုသို့သော သဘောထားတစ်ခုရှိသလော။ လူအချို့ကပြောသည်။ ‘ငါ့ကို တာဝန်ချပေးတဲ့အလုပ်မှာ မဖြစ်မနေ ကောင်းကောင်းလုပ်ဖို့ မလိုပါဘူး။ ငါ တတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံဖို့ မလိုဘူး၊ ဒါမှမဟုတ် တစ်ခုခုမှားလုပ်မိရင် စိတ်ပူပြီး သောကရောက်နေဖို့မလိုဘူး။ ဖိအားတွေ အများကြီး ယူဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံတော့ ဘာအကျိုးရှိလဲ။ တကယ်တမ်းတော့ ငါက အမြဲတမ်း အလုပ်လုပ်နေတာပဲ။ အလကားကပ်စားနေတာ မဟုတ်ဘူး’ ဟူ၍ ဖြစ်သည်။ မိမိတာဝန်အပေါ် ဤသို့သော သဘောထားမျိုးသည် တာဝန်မသိတတ်ခြင်းဖြစ်၏။ ‘ငါ အလုပ်လုပ်ချင်စိတ်ရှိရင် နည်းနည်းလုပ်မယ်။ ငါတတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ အရမ်းအလေးအနက်ထားစရာ မလိုပါဘူး’ ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့တာဝန်အပေါ် သိတတ်သော သဘောထားမရှိဘဲ တာဝန်ယူစိတ် မရှိကြပေ။ သင်တို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ ပထမအမျိုးအစားဖြစ်လျှင် သင်တို့သည် အသိစိတ်နှင့် လူ့သဘာဝရှိသောသူဖြစ်သည်။ ဒုတိယအမျိုးအစားဖြစ်လျှင် သင်တို့သည် ငါ ယခုပင် ပိုင်းခြားစိစစ်ခဲ့သော အယောင်ဆောင်ခေါင်းဆောင် အမျိုးအစားနှင့် ကွာခြားမှုမရှိပေ။ သင်သည် ရေလိုက်ငါးလိုက် နေခြင်းသာဖြစ်သည်။ ‘ငါ ပင်ပန်းတာတွေ၊ ဆင်းရဲဒုက္ခတွေကို ရှောင်မယ်။ နည်းနည်းပိုပြီး ပျော်ပျော်နေမယ်။ တစ်နေ့မှာ ငါ အထုတ်ခံရရင်တောင် ဘာကိုမှ ဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဂုဏ်အဆင့်အတန်းရဲ့ အကျိုးကို သုံးလေးရက်လောက် ခံစားခဲ့ရမှာပဲ။ ဒါ ငါ့အတွက် ဆုံးရှုံးမှု ဖြစ်ခဲ့မှာမဟုတ်ဘူး။ ငါခေါင်းဆောင်အဖြစ် အရွေးခံရရင် ဒါ ငါလုပ်မယ့်နည်းလမ်းပဲ’ ဟူ၍ ဖြစ်သည်။ ဤသို့သောသူများသည် မည်သို့သော စိတ်သဘောထားရှိသနည်း။ ဤလူများသည် သမ္မာတရားကို အနည်းငယ်မျှ မလိုက်စားသည့် မယုံကြည်သူများဖြစ်သည်။ သင်သည် အမှန်ပင် တာဝန်သိတတ်လျှင် သင်သည် အသိတရားရှိပြီး ဆင်ခြင်တုံတရား ရှိသည်ကို ပြသည်။ တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်သူက သင့်အား ထိုတာဝန်ကို ချပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်ကို ပေးအပ်သည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သင့်ကို တာဝန်ချပေးသည်ဖြစ်စေ သင်၏ သဘောထားက ‘ငါ့ကို ချပေးတဲ့ ဒီတာဝန်က ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်ချပေးခြင်းပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းလုပ်ဖို့ အရေးစိုက်သင့်တယ်။ ငါက သာမန်အစွမ်းအစပဲရှိပေမဲ့ ဒီတာဝန်ကို ယူပြီး ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန်လုပ်ချင်စိတ်ရှိတယ်။ ငါလုပ်တာ မကောင်းရင် တာဝန်ခံမယ်။ ငါလုပ်တာကောင်းရင် နာမည်မယူဘူး။ ဒါ ငါလုပ်သင့်တဲ့အရာပဲ’ ဟူ၍ ဖြစ်သင့်သည်။ မိမိတာဝန်အပေါ် သဘောထားသည့်ပုံစံသည် စည်းမျဉ်းနှင့်ဆိုင်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ သင်သည် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိပြီး တာဝန်သိတတ်သောသူဖြစ်လျှင် အသင်းတော်အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏တာဝန်အပေါ်တွင် ဂရုမစိုက်သော သဘောထားရှိလျှင် ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်သည် မသင့်လျော်ပေ။ ဘုရားနှင့် သင်၏တာဝန်အပေါ် သင်၏ သဘောထားတွင် ပြဿနာရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) တာဝန်သိတတ်တဲ့သူတွေက ကိစ္စတွေကို ဝီရိယရှိရှိနဲ့လုပ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ အလုပ်ကို သူတို့ ကြိုက်မကြိုက်၊ ကျွမ်းကျင်မှုရှိမရှိက အရေးမကြီးဘူး။ ပြီးတော့ သူတို့အစွမ်းအစက ဘယ်လိုပဲရှိရှိ သူတို့က ရိုးသားမှုနဲ့ ချဉ်းကပ်တယ်။ ကောင်းစွာထမ်းဆောင်ဖို့အတွက် လေးနက်စွာနဲ့ အကောင်းဆုံးလုပ်တယ်။ ဒီလူတွေက စကားတည်တယ်။ ယုံကြည်ထိုက်တယ်။ ဘုရားသခင်ရဲ့ လက်ခံမှုကို ရနိုင်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ လူတစ်ယောက်က တာဝန်တစ်ခုယူဖို့ သဘောတူပေမဲ့ နောက်ကျတော့ သိက္ခာဆည်ဖို့လောက်ပဲလုပ်ပြီး လက်တွေ့ဘာမှမလုပ်ရင် ရလဒ်တွေရဖို့၊ ထိရောက်မှုရှိဖို့ အားမထုတ်ရင် သူက လောကီထဲက အလကားနေနေသူတွေ၊ အပျင်းထူသူတွေလိုမျိုးပဲ။ မယုံကြည်ထိုက်ဘူး။ စိတ်မချရဘူး။ ဒါ ကျွန်မတာဝန်ကို ကျွန်မ လုပ်နေတဲ့ပုံစံပဲ။ ဇာတိပကတိကို အမြဲတမ်း အရေးစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်တာ ရှားတယ်။ ကျွန်မက ပိုပိုပြီးတော့ လူသားပုံသဏ္ဌာန်အတိုင်း အသက်မရှင်တော့ဘူး။ ကျွန်မတာဝန်အပေါ် ကျွန်မ သဘောထားကို ပြင်ရမယ်။ ကျွန်မ အလုပ်လုပ်နိုင်စွမ်းက ဘယ်လိုပဲရှိပါစေ အသင်းတော်က ကျွန်မကို ဒီတာဝန်ပေးအပ်ခဲ့တာကြောင့် ကောင်းကောင်းလုပ်ဖို့၊ အားကုန်စိုက်ထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ နောက်ပြီးတော့ အခုက တာဝန်ထမ်းဆောင်ဖို့ အရေးပါတဲ့အချိန်ပဲ။ ကျွန်မ တတ်နိုင်တာထက် လျှော့ပြီးလုပ်နေရင်၊ ပိုပြီး အားစိုက်ဖို့ကို ဘုရားအမှုတော်ပြီးဆုံးတဲ့အထိ စောင့်နေရင် နောင်တရဖို့ အရမ်းနောက်ကျသွားမှာပဲ။ ဒီလိုတွေးပြီးတဲ့နောက်မှာ ကျွန်မ တတ်နိုင်သလောက် အလုပ်တွေ အများကြီးပိုလုပ်ဖို့အတွက် ကျွန်မ အချိန်ဇယားကို ပြန်ဆွဲတယ်။ ပျင်းသလိုမျိုး ခံစားရရင် ဘုရားကို ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို တွေးတယ်။ ဒါကြောင့် ကျွန်မက နိုးနိုးကြားကြားရှိပြီး ဇာတိပကတိကို စွန့်လွှတ်နိုင်သွားတယ်။ တာဝန်တိုင်းကို စမလုပ်ခင်မှာ ဘုရားကို ဆုတောင်းပြီး ကျွန်မကို ကြည့်ရှုစောင့်ရှောက်ဖို့ ပြောတယ်။ ကောင်းအောင်လုပ်ဖို့ ကြိုးစားပြီး အပေါ်ယံပဲ မလုပ်ဘူး။ ဒီလိုလက်တွေ့လုပ်တော့ ကျွန်မ ပိုပြီးတော့ စိတ်သက်သာရာရတယ်။

ကျွန်မ တာဝန်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ တစ်ခါတလေ စံမမီဘူး။ တစ်နေ့တုန်းကလိုပေါ့။ ကျွန်မက ရေလောင်းအလုပ်ကို စစ်ဆေးနေတာ။ လူသစ်တစ်ယောက်က ဘာသာရေးအယူအဆတွေ အများကြီးရှိနေတုန်းပဲ။ ရေလောင်းတဲ့သူက ကျွန်မကို ဒါကို ကူဖြေရှင်းပေးဖို့ ပြောတယ်။ အစတော့ ကျွန်မ ဘယ်လောက်ပဲ အောင်မြင်နိုင်သည်ဖြစ်စေ ရေလောင်းသူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စဉ်းစားမိပြီး ကျွန်မ ကူညီဖို့ အကောင်းဆုံးကြိုးစားချင်တယ်။ ဒါပေမဲ့ တကယ်တမ်း လူသစ်ကို ကျွန်မ စကားပြောတော့ တချို့ပြဿနာတွေကို ဟိုတစ်ကွက်၊ ဒီတစ်ကွက်ပဲသိပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ဘူး။ သမ္မာတရားကို ငါ နားလည်တာက နည်းတယ်။ “ငါ လုပ်နိုင်သမျှက ဒါအကုန်ပဲ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်က ဒါကို ဆက်လုပ်မှာပဲလေ။ ဒီပြဿနာတွေကို သူ့ကို ဖြေရှင်းခိုင်းလိုက်မယ်” လို့ပဲ ကျွန်မ တွေးနေမိတယ်။ ဒါပေမဲ့ ခေါင်းဆောင်က အလုပ်ရှုပ်နေပြီး မလာနိုင်ဘူး။ ဒီတော့ ဖြေရှင်းဖို့က ကျွန်မတို့အပေါ် မူတည်တာပေါ့။ ဒီအခြေအနေရဲ့ နောက်ကွယ်မှာ ဘုရားအလိုတော်ရှိတယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ လွယ်ပြီး ရိုးရှင်းတဲ့ အလုပ်တွေကိုပဲ ရွေးလေ့ရှိတယ်။ အားထည့်ပြီးမလုပ်ဘူး။ အစွမ်းကုန်မလုပ်ဘူး။ ဒီတစ်ခါတော့ ကျွန်မ ဇာတိပကတိကို အရေးစိုက်တာ၊ သက်သာဖို့ရှာတာတွေ လုပ်လို့ မဖြစ်ဘူးလေ။ ကျွန်မ ဘာကိုပဲ လုပ်နိုင်ပါစေ တတ်နိုင်သမျှ လုပ်ရမယ်။ ဒီလိုစဉ်းစားပြီးတော့ ကျွန်မရဲ့ တွဲဖက်နဲ့ ကျွန်မက ရေလောင်းသူကို မိတ်သဟာယဖွဲ့ဖို့ ရှာတယ်။ ဘာသာရေးအယူအဆတွေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ ဧဝံဂေလိ ဗီဒီယိုတွေကို ကျွန်မတို့ တွေ့တယ်။ နည်းနည်း ဆွေးနွေးပြီးသွားတော့ ဒီသမ္မာတရားရှုထောင့်ကို ကျွန်မတို့အားလုံး ပိုရှင်းသွားတယ်။ နောက်ဆုံးတော့ လူသစ်ရဲ့ ပြဿနာတွေက ပြေလည်သွားတယ်။ တချို့ကိစ္စတွေက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုထက် ကျော်လွန်တဲ့ ပုံစံရှိနိုင်ပေမဲ့ ဘုရားကို အားကိုးရင်၊ တကယ် အဖိုးအခပေးဆပ်ရင် ရလဒ်တွေ ရနိုင်တယ်ဆိုတာ ဒီအတွေ့အကြုံကနေ ကျွန်မ မြင်သွားတယ်။ ကျွန်မက အလုပ်ကြိုးစားပြီး စံမမီသေးဘူးဆိုရင် ကိုယ့်အသိစိတ်က ရှင်းနေမှာပေါ့။

ကျွန်မနားမှာရှိတဲ့သူတွေရဲ့ ကျရှုံးမှုတွေကို ကြည့်ပြီး တချို့ သင်ခန်းစာတွေကို ယူတယ်။ ကျွန်မတာဝန်အပေါ် ထားတဲ့ သဘောထားကို ဆင်ခြင်သုံးသပ်တယ်။ ပြီးတော့ ပြည့်မီအောင် လုပ်ဖို့ ဘယ်လောက်လိုသေးတယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ ပြီးတော့ ကျွန်မရဲ့ စက်ဆုပ်စရာ သဘာဝက ဘယ်လောက် နက်နက်နဲနဲ အမြစ်တွယ်နေတယ်ဆိုတာ မြင်ခဲ့တယ်။ ကျွန်မက အခု နောင်တရပေမဲ့ ဘုရားရဲ့ တောင်းဆိုချက်တွေကို မမီသေးဘူး။ ဘုရားရဲ့ စိစစ်ခြင်းကို ကျွန်မ လက်ခံရမဘ်။ ကိုယ့်တာဝန်ကို ပြည့်မီအောင် လုပ်ဖို့ ကြိုးစားရမယ်။

အရှေ့သို့- ၃၁။ “ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်

နောက်တစ်ခုသို့- ၃၃။ တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။