၅၇။ ကျွန်ုပ်၏ သားအပေါ် ကျွန်ုပ်၏ အကြွေးတင်သည့် ခံစားချက်များကို လက်လွှတ်လိုက်သည်
ငယ်ငယ်ကတည်းက အမေ့ကို ကျွန်မ တကယ် လေးစားအားကျခဲ့တယ်။ သူက ကျွန်မတို့ မောင်နှမတွေအတွက် ဒုက္ခတွေအများကြီး ခါးစည်းခံခဲ့တယ်။ ညသန်းခေါင်မှာ ကျွန်မနိုးလာတဲ့အခါတိုင်း ရေနံဆီမီးခွက်လေးအောက်မှာ ကျွန်မတို့အတွက် ဂွမ်းထည်အဝတ်အစားတွေ ချုပ်ပေးနေတဲ့ သူ့ကိုတွေ့ရလေ့ရှိပြီး၊ နောက်နေ့မှာလည်း သူက လယ်လုပ်ဖို့ တောင်ပေါ်တက်ရသေးတယ်။ မိသားစုတစ်စုလုံးကို စောင့်ရှောက်ဖို့အတွက် သူ နေမကောင်းဖြစ်တဲ့အထိ အလုပ်လုပ်ခဲ့ရတယ်။ ကျွန်မအဖေက သိပ်တာဝန်ယူတတ်တဲ့သူ မဟုတ်ဘူး။ ကျွန်မအစ်ကို အိမ်ထောင်ပြုရတော့မယ့်အရွယ်ရောက်လာတော့ အမေကပဲ အရာရာကို စီစဉ်ပေးခဲ့တယ်။ ရွာသားတွေအားလုံးက ကျွန်မအမေကို ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက်အနေနဲ့ ချီးကျူးကြတယ်။ ကျွန်မစိတ်ထဲမှာလည်း အမေ့ကို စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မြင်ခဲ့ပြီး၊ စံနှုန်းပြည့်မီတဲ့ မိခင်တစ်ယောက်က ဘာလိုဆိုတာကို သူ့ရဲ့လုပ်ရပ်တွေက ပေါ်လွင်စေတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း အမေ့လိုပဲ အရာရာမှာ ကျွန်မရဲ့ခင်ပွန်းနဲ့ ကလေးတွေကို ဦးစားပေးခဲ့တယ်၊ သူတို့တွေ သက်သောင့်သက်သာရှိနေသရွေ့ ကျွန်မဘက်က ခံရတဲ့ ဘယ်ဆင်းရဲဒုက္ခမဆို တန်တယ်လို့ ခံစားရတယ်။ ဆောင်းရာသီမှာဆိုရင် ကျွန်မ အမြဲတမ်း စောစောထ၊ မီးဖိုကိုဖွင့်ပြီး စားစရာတစ်ခုခု ချက်တယ်၊ အိမ်က နွေးလာမှပဲ ကျွန်မရဲ့ခင်ပွန်းနဲ့ ကလေးတွေကို မနက်စာစားဖို့ နှိုးလေ့ရှိတယ်။ သူတို့တွေ ကောင်းကောင်း ဂရုစိုက်ခံရတာကို မြင်တော့ ကျွန်မ အရမ်းကျေနပ်မိတယ်။ ကျွန်မရဲ့ယောက္ခမနဲ့ ယောင်းမကြီးက ကျွန်မကို ဇနီးကောင်းတစ်ယောက်လို့ ချီးကျူးကြတယ်၊ ဒါဟာ အမျိုးသမီးတစ်ယောက် လုပ်သင့်တဲ့အရာပဲလို့ ကျွန်မကိုယ်တိုင်လည်း ယုံကြည်ခဲ့တယ်။ မထင်မှတ်ဘဲနဲ့ နောက်ပိုင်းမှာ ကျွန်မခင်ပွန်းက ရုတ်တရက် နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်၊ မိသားစုတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးက ကျွန်မတစ်ယောက်တည်းအပေါ် ကျရောက်လာခဲ့တယ်။ ကျွန်မဘာသာ စိတ်ပိုင်းဖြတ်ခဲ့တယ်၊ “ငါ့ကလေးတွေ ကျောင်းပြီးပြီး အခြေချဖို့ သေချာအောင် ငါ လုပ်ရမယ်။” ဒါနဲ့ ကလေးနှစ်ယောက်ရဲ့ ပညာရေးကို ထောက်ပံ့ပေးနိုင်ဖို့ ဈေးမှာ လုပ်ငန်းလေးတစ်ခု စလုပ်ခဲ့တယ်။
၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ သမ္မာတရားတော်တော်များများကို ကျွန်မ နားလည်လာခဲ့တယ်၊ ခင်ပွန်းကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကနေလည်း ကျွန်မ ရုန်းထွက်နိုင်ခဲ့တယ်။ နောက်ပိုင်း အသင်းတော်မှာ ကျွန်မ တတ်နိုင်သလောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ဆိုးယုတ်တဲ့လူတစ်ယောက် သစ္စာဖောက်လို့ ဒေသရဲစခန်းက ကျွန်မကို ဖမ်းဖို့ အိမ်ကို ရောက်လာကြတယ်။ ကံကောင်းထောက်မလို့ ကျွန်မအိမ်မှာမရှိတော့ ဒီဘေးအန္တရာယ်ကို ရှောင်နိုင်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်ဖို့အတွက် တာဝန်ထမ်းဆောင်ဖို့ ကျွန်မ အိမ်ကနေ ထွက်ခွာခဲ့ရတယ်။ ကလေးတွေကို ထားခဲ့ရမယ်ဆိုတဲ့ အတွေးက ကျွန်မနှလုံးသားကို မချိတင်ကဲခံစားရစေတယ်။ ကျွန်မခင်ပွန်းက စောစောစီးစီး ကွယ်လွန်သွားခဲ့တာဆိုတော့ ကျွန်မသာ ထွက်သွားခဲ့ရင် ကလေးနှစ်ယောက်က ဘာများဖြစ်ကြမလဲ။ ကျွန်မသားက အသက် ၁၈ နှစ်တောင်ရှိနေပြီ၊ အိမ်ထောင်ပြုရတော့မယ့် အရွယ်ကို ရောက်နေပြီ၊ ကျွန်မမရှိရင် သူ့ကို ဘယ်သူက အခြေတကျဖြစ်အောင် ကူညီပေးမှာလဲ။ ဒါပေမဲ့ ကျွန်မသာ မထွက်သွားရင်လည်း ဘယ်အချိန်မဆို အဖမ်းခံရနိုင်ပြီး အဲဒီအခါကျရင်လည်း သူတို့ကို ကျွန်မ စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလေ။ ကျွန်မသမီးကလည်း ပြောတယ်၊ “အမေ၊ သမီးတို့က အမေ အဖမ်းခံရတာကို မြင်ရမှာထက် အမေ သမီးတို့ကို ထားသွားတာကိုပဲ ပိုဖြစ်စေချင်ပါတယ်” တဲ့။ ကျွန်မရဲ့ ထောက်ထားတတ်တဲ့သမီးလေးကို ကြည့်ပြီး ကျွန်မ ပိုပြီးတော့တောင် ရင်နာသွားတယ်၊ နောက်ဆုံးတော့ အိမ်ကနေ ကျွန်မ မျက်ရည်စက်လက်နဲ့ ထွက်ခွာလာခဲ့တယ်။ အိမ်ကနေ ထွက်လာခဲ့ပေမဲ့ ကျွန်မရဲ့စိတ်က ကလေးနှစ်ယောက်ဆီမှာပဲ အမြဲရောက်နေခဲ့တယ်၊ ပြီးတော့ ကျွန်မတွေးမိတယ်၊ “သူတို့တွေ အဆင်ပြေရဲ့လား။ သူတို့မှာ ပိုက်ဆံအလုံအလောက်ရှိရဲ့လား။ အလုပ်ရှာလို့ရပါ့မလား။ ငါ့သား မင်္ဂလာဆောင်တဲ့အခါ ဘယ်သူက စီစဉ်ပေးမှာလဲ။ သူတို့က ငါ့ကို နာကြည်းပြီး သူတို့ကို ပစ်ထားခဲ့တယ်လို့ ပြောကြမလား” လို့ပေါ့။ ဒီအကြောင်းတွေကို တွေးမိတိုင်း ကျွန်မရင်ထဲမှာ နာကျင်ရတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းခဲ့ဘူး၊ ကလေးတွေကို တကယ် တာဝန်ပျက်ကွက်ခဲ့မိပြီလို့ ခံစားရတယ်။ ပြန်သွားပြီး သူတို့ကို စောင့်ရှောက်ပေးချင်ပေမဲ့ အဖမ်းခံရမှာကိုလည်း ကြောက်နေမိတယ်။ ကျွန်မရဲ့စိတ်နှလုံးက အရမ်းကို ညှဉ်းပန်းခံနေရသလိုပဲ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်နှလုံးက အများကြီး လင်းသွားတယ်။ ကလေးတွေကို ဘုရားသခင်လက်ထဲ အပ်လိုက်တာက ကျွန်မကိုယ်တိုင် စောင့်ရှောက်တာထက် ပိုကောင်းမှာပဲ မဟုတ်လား။ အရာရာတိုင်းဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာပဲ ရှိပြီး ကျွန်မကလေးနှစ်ယောက် နေကောင်းမကောင်းဆိုတာကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ဒီလိုတွေးမိတော့ ကျွန်မ အရမ်းကြီး စိတ်မကောင်း မဖြစ်တော့ဘူး။
ကျွန်မ အိမ်နဲ့ခွဲခွာနေရတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ၊ ကျွန်မသားလေးကလည်း အသက်နှစ်ဆယ်ကျော်ပြီး အိမ်ထောင်ပြုရတော့မယ့် အရွယ်ကို ရောက်လာပြီ၊ သူ အိမ်ထောင်ပြုနိုင်ပါ့မလားဆိုပြီး ကျွန်မ စိုးရိမ်လာတယ်။ ကျွန်မကလေးတွေက သူတို့အဖေကို ဆုံးရှုံးရပြီးသားဖြစ်တဲ့အပြင် ကျွန်မကလည်း သူတို့ကို ဂရုစိုက်ပေးဖို့ အနားမှာမရှိဘူးလေ။ ဒါကြောင့် သူတို့အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ၂၀၀၇ ခုနှစ်မှာ ခရိုင်ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိလို့ ကျွန်မ တာဝန်ကနေ ဖြုတ်ချခံလိုက်ရတယ်။ ကျွန်မကလေးတွေက ကျွန်မမောင်နှမတွေရှိတဲ့မြို့မှာ အလုပ်သွားလုပ်နေကြတယ်လို့ ကြားတော့ သူတို့ဆီကို ကျွန်မပြန်သွားခဲ့တယ်။ ကျွန်မသားက ကျွန်မကိုတွေ့တော့ ကျွန်မကို အေးတိအေးစက်ဆက်ဆံပြီး စကားမပြောဘူး။ ကျွန်မက ယုံကြည်ခြင်းကိုပဲ ဂရုစိုက်ပြီး သူတို့ကို ပစ်ထားခဲ့တယ်လို့ သူကပြောတယ်။ ကျွန်မလည်း အရမ်းကို အပြစ်ရှိသလိုခံစားရပြီး သူမကျေမချမ်းဖြစ်သင့်တယ်လို့လည်း ကျွန်မခံစားမိတယ်။ ကျွန်မရဲ့မောင်နဲ့ညီမလည်း ကျွန်မကို လာတွေ့ကြတယ်။ ကျွန်မမောင်က ကျွန်မကို ဆူတော့တာပဲ၊ သူကပြောတယ်၊ “မမ ထွက်သွားတဲ့ ဒီနှစ်တွေအတွင်းမှာ ကလေးနှစ်ယောက် တော်တော်ဒုက္ခရောက်ခဲ့ရတယ်။ ဒီတစ်ခါ ထပ်ပြီး ထွက်မသွားတာ ပိုကောင်းမယ်။ သူတို့လည်း ခုဆို အရွယ်ရောက်နေကြပြီဖြစ်လို့ မမရဲ့သားကို အမြန်ဆုံး အိမ်ထောင်ချပေးဖို့ လိုတယ်။ အဲဒါက တကယ်အရေးကြီးတဲ့ကိစ္စပဲ” တဲ့။ ကျွန်မညီမကလည်း ပြောတယ်၊ “မမ မရှိတဲ့နှစ်တွေမှာ မမသားအတွက် ကျွန်မတို့ပဲ စိတ်ပူပေးခဲ့ရတာ၊ အလုပ်တောင် ကျွန်မတို့ပဲ ကူရှာပေးခဲ့ရတယ်” တဲ့။ ဒီစကားတွေကြားတော့ ကျွန်မ ပိုပြီးတော့တောင် အပြစ်ရှိသလိုခံစားရပြီး ဝမ်းနည်းသွားတယ်။ ကျွန်မဟာ မိခင်ကောင်းတစ်ယောက်မဟုတ်ဘူး၊ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ ခံစားရတယ်။ ကျွန်မသားက အသက် ၁၇၊ ၁၈ နှစ်နဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရပြီး၊ သမီးလေးကလည်း ပိန်ပိန်ပါးပါးလေးနဲ့ ပင်ပင်ပန်းပန်း အလုပ်ကြမ်းတွေ လုပ်နေရတယ်။ ကျွန်မသာ အိမ်မှာရှိခဲ့ရင် သူတို့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ထွက်လုပ်ကြရမှာ မဟုတ်ဘူး။ သူတို့အပေါ် ကျွန်မ အကြွေးတင်မိခဲ့တာအတွက် ပြန်ဖြည့်ဆည်းဖို့ သူတို့ကြိုက်တဲ့ဟင်းတွေကို အတတ်နိုင်ဆုံး ချက်ကျွေးတယ်၊ သူတို့အဝတ်တွေကို လျှော်ဖွပ်ပေးတယ်၊ ကျွန်မလုပ်ပေးနိုင်သမျှ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေးခဲ့တယ်။ ကျွန်မသား မင်္ဂလာဆောင်ဖို့အတွက် ပိုက်ဆံစုဖို့ အိမ်မှာထိုင်ပြီး အထည်ချုပ်တဲ့ ပုတ်ပြတ်အလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ညဘက်မှာ အလုပ်လုပ်ပြီး မနက်ဘက်မှာ အော်ဒါတွေ သွားပို့တယ်၊ ပြီးတော့ နေ့ဘက်မှာ လူသစ်တွေကို ရေလောင်းတာ၊ စုဝေးပွဲတွေ တက်တာနဲ့ တာဝန်ထမ်းဆောင်တာတွေကို အနှောင့်အယှက်မရှိဘဲ လုပ်နိုင်သေးတယ်။ ၂၀၀၈ ခုနှစ်မှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်တင်မြှောက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို ဒွိဟဖြစ်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ကျိုးနွံနာခံသင့်မှန်း ကျွန်မသိတယ်၊ ဒါပေမဲ့ ခေါင်းဆောင်လုပ်ရင် အချိန်ကုန်လွန်းပြီး ပိုက်ဆံရှာဖို့ အချိန်မရှိတော့မှာကို စိုးရိမ်မိတယ်၊ ပိုက်ဆံမရှိ၊ အိမ်မရှိနဲ့ဆိုတော့ ဘယ်သူက ကျွန်မသားကို လက်ထပ်ချင်မှာလဲ။ ကျွန်မယောက်ျားက စောစောဆုံးသွားတော့ မိခင်တစ်ယောက်အနေနဲ့ ကျွန်မမှာ ပိုပြီးတော့တောင် တာဝန်ကြီးသေးတယ်။ ကျွန်မသားအတွက် ပိုက်ဆံမစုပေးနိုင်လို့ သူသာ အိမ်ထောင်မပြုနိုင်ခဲ့ရင်၊ တခြားလူတွေက ကျွန်မကို တာဝန်မဲ့တဲ့ မိခင်လို့ ခေါ်ကြမှာ မဟုတ်လား။ ဒီလိုတွေးပြီးတော့ ခေါင်းဆောင်တာဝန်ကို ကျွန်မငြင်းပယ်ခဲ့ပြီး လူသစ်တွေကိုပဲ ဆက်ပြီး ရေလောင်းပေးခဲ့တယ်။
အချိန်မြန်မြန် ကုန်သွားပြီး ၂၀၁၀ ခုနှစ်ကို ရောက်လာတယ်။ ကျွန်မသားက အခုဆို ၂၅ နှစ်ရှိပြီ၊ သူ့ရွယ်တူတွေအားလုံး အိမ်ထောင်ကျကုန်ကြပြီ၊ ဒါပေမဲ့ သူကတော့ အိမ်ထောင်မကျသေးဘူး။ ကျွန်မ အရမ်းကို စိတ်ပူနေခဲ့တယ်။ ကျွန်မက တာဝန်ထမ်းဆောင်ရင်းနဲ့ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေပေမဲ့ သူ့မင်္ဂလာဆောင်အတွက် စုထားတဲ့ပိုက်ဆံက လုံးဝကို မလုံလောက်သေးဘူး။ ပိုက်ဆံပိုစုနိုင်ဖို့အတွက် ကျွန်မ အလုပ်တွေကို ပိုပြီးတော့တောင် လက်ခံလုပ်ကိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတဲ့ လူသစ်တွေ များသထက် များလာတာနဲ့အမျှ၊ ကျွန်မဟာ နေ့ဘက်မှာ တာဝန်ထမ်းဆောင်ပြီး ညဘက်မှာ အလုပ်လုပ်ရတော့ လူသစ်တွေကို ရေလောင်းဖို့ အချိန်နဲ့ခွန်အား နည်းလာခဲ့တယ်၊ သူတို့ကို မှန်တဲ့ လမ်းခရီးမှာ အမြစ်စွဲအောင် ဘယ်လိုမိတ်သဟာယပြုပေးရမလဲဆိုတာကို ကျွန်မ မစဉ်းစားမိသလောက်ပဲ၊ လူသစ်တွေရဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းပေးဖို့လည်း ကျွန်မမှာ ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး။ ကျွန်မက ညနေ ၅ နာရီမှာ အလုပ်စလုပ်တာဆိုတော့ တစ်ခါတလေ ညသန်းခေါင်ထိ ဒါမှမဟုတ် မနက် ၁ နာရီထိတောင် အလုပ်လုပ်ရပြီး အဲဒီလိုနဲ့ မနက် ၄ နာရီမှ အလုပ်နားရတာလေ။ နောက်နေ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ကျွန်မ ခေါင်းမူးခေါင်းနောက်ဖြစ်ပြီး စိတ်ရှုပ်နေတတ်တယ်။ အချိန်အတော်ကြာတော့ ကျွန်မရေလောင်းနေတဲ့ လူသစ်တချို့က စုဝေးပွဲတွေကိုတောင် ပုံမှန်မတက်ကြတော့ဘူး။ တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိလို့ နောက်ဆုံးမှာ ကျွန်မ တာဝန်ကနေ ဖြုတ်ချခံလိုက်ရတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းကို ဝမ်းနည်းခဲ့ရတယ်။ အရင်က ခေါင်းဆောင်တာဝန်ကို ကျွန်မ ငြင်းခဲ့တာ တွေးမိပြီး အခုကျတော့ လူသစ်တွေကို ရေလောင်းတဲ့တာဝန်လေးတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကျွန်မ ရှက်လွန်းလို့ ဆုတောင်မတောင်းနိုင်ခဲ့ဘူး။ အခု တာဝန်မရှိတော့ သားအတွက် ပိုက်ဆံစုဖို့ အချိန်ပြည့်အလုပ်လုပ်လို့ရပြီဆိုပေမဲ့ ကျွန်မ စိတ်နှလုံးက မှောင်မိုက်နေပြီး ခံစားနေရတာကို မပြောပြတတ်အောင်ဖြစ်ခဲ့တယ်။
အဲဒီအချိန်တွေတုန်းက ကျွန်မ အလုပ်လုပ်ရင်းနဲ့ ဓမ္မတေးတွေ နားထောင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်မှာ ဒီလိုဆိုထားတယ်။ “ဆက်စောင့်ကြည့်လော့။ ဆက်စောင့်ကြည့်လော့။ ဆုံးရှုံးသွားသောအချိန်သည် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်။ ဤသည်ကို အမှတ်ရကြလော့။ နောင်တကို ကုသပျောက်ကင်းစေသောဆေး လောကတွင် မရှိ။ ထို့ကြောင့်၊ ငါသည် သင်တို့ကို အဘယ်သို့ ပြောဆိုသင့်သနည်း။ ငါ၏နှုတ်ကပတ်တော်သည် သင်တို့၏ သတိရှိသည့်၊ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းနှင့် မထိုက်တန်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ကို တို့ထိခဲ့တယ်။ ဘုရားသခင်က ဒီလောက်အများကြီး၊ ဒီလောက်စိတ်ရှည်လက်ရှည် ပြောခဲ့တာတောင် ကျွန်မ ဘာလို့ဒီလောက်တောင် စိတ်နှလုံးမာကျောပြီး နောက်ပြန်မလှည့်ချင်ရတာလဲ။ ကျွန်မစိတ်ထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ဒီအခြေအနေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးနေမိတယ်၊ “ကျွန်မသား မင်္ဂလာဆောင်ဖို့ ပိုက်ဆံရှာရုံလေးနဲ့ သမ္မာတရားလိုက်စားမှုကို ငါ စွန့်လွှတ်ရတော့မှာလား” လို့ပေါ့။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရမိတယ်။ “သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ ဤအခွင့်အရေးမျိုး ရှိပါဦးမည်လော။” “အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍များ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။” အဲဒီနောက်မှာ ဖတ်ဖို့အတွက် ဒီဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မရှာဖွေခဲ့တယ်။ ဘုရားသခင်က ပြောသည် “စိတ်ခိုင်မာမှုရှိပြီး ဘုရားသခင်အား ချစ်သော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမျိုး ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ ဤအခွင့်အရေးမျိုး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် စိတ်ခိုင်မာမှုနှင့် အသိစိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင်သည် စဉ်းစားသုံးသပ်ပြီး သင်၏အသက်တာကို သတိထား၍ ချဉ်းကပ်နိုင်ရမည်ဖြစ်ကာ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ စဉ်းစားသုံးသပ်ရမည်။...မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) “ဤလမ်းပေါ်တွင် လူများစွာက သိနားလည်မှုအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ တစ်သက်တာလုံး အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ သူတို့သည် အပြင်ပန်းတွင် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကို မလွတ်တမ်း အသုံးချကာ သင်ချစ်မြတ်နိုးသော သမ္မာတရား လိုက်စားခြင်းကို အဘယ်ကြောင့် သင် မပြုသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍များ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်) ဘုရားသခင်ရဲ့ အမှုတော်အဆင့်ဆင့်ဟာ လူသားတွေကို ကယ်တင်ခြင်းရဲ့ နောက်ဆုံးအမှုတော်ပဲ။ ကျွန်မ အမီလိုက်နိုင်ခဲ့ပေမဲ့ တန်ဖိုးမထားခဲ့ဘူး၊ ဘုရားသခင်ရဲ့အမှုတော် ပြီးဆုံးတဲ့တစ်နေ့ကျရင် ကျွန်မ တာဝန်ကို ကောင်းကောင်းပြန်ထမ်းဆောင်ချင်ရင်တောင် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး၊ ဒါဆိုရင် ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာပဲ မဟုတ်လား။ ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဘုရားသခင်ကို ယုံကြည်တာ၊ သမ္မာတရားကို လိုက်စားတာနဲ့ သမ္မာတရားကို ရရှိတာတွေဟာ ဘဝမှာ အကြီးမြတ်ဆုံးအရာတွေဖြစ်ပြီး၊ အဓိပ္ပာယ်အရှိဆုံးသောအရာတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့စိတ်နဲ့ ခေါင်းဆောင်တာဝန်ကို ငြင်းခဲ့တယ်၊ ဘာလို့လဲဆိုတော့ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရင် သားအတွက် ပိုက်ဆံရှာဖို့ အချိန်မရှိမှာကို စိုးရိမ်ခဲ့လို့ပဲ။ ဘုရားသခင်ရဲ့အမှုတော်ကို အခုမှလက်ခံတဲ့ လူသစ်တွေမှာ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးဖို့လိုတဲ့ အယူအဆတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မရဲ့သားကို တာဝန်ပျက်ကွက်ခဲ့မိတဲ့အတွက် ဘယ်လိုပြန်ဖြည့်ဆည်းပေးရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အချိန်ပိုမသုံးချင်ခဲ့ဘူး၊ စုဝေးပွဲတွေမှာလည်း ဟန်ပြပဲ လုပ်နေခဲ့တယ်။ ဒါကြောင့် လူသစ်တွေ စုဝေးပွဲ ပုံမှန်မတက်ကြတော့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပြီး ထောက်ပံ့တာတွေကို ကျွန်မ အများကြီး ခံစားခဲ့ရသလို ဘုရားသခင်က ကျွန်မကို ကယ်တင်ခြင်းရဖို့ အခွင့်အရေးကိုလည်း ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို ဘာပြန်ပေးဆပ်ခဲ့လို့လဲ။ တာဝန်ကို ငြင်းပယ်တာအပြင် ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်လည်း မဲ့ခဲ့တယ်။ ကျွန်မ လုံးဝကို လူ့သဘာဝတစ်စက်မှ မရှိခဲ့ပါလား။ အခု ကျွန်မမှာရှိတဲ့ တစ်ခုတည်းသော တာဝန်လေးကိုတောင် ဆုံးရှုံးသွားပြီဆိုတော့ ဒီလိုအသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒီလိုမျိုး အသက်ရှင်နေရတာ၊ တာဝန်ကိုထမ်းဆောင်ရင်းနဲ့ ကျွန်မရဲ့ ကလေးတွေကိုလည်း ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာ၊ တာဝန်အပေါ် သစ္စာမရှိတဲ့အပြင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ဖမ်းဖို့ ကြိုးစားနေတာတွေက နောက်ဆုံးကျရင် ကျွန်မ ဘာများရမှာလဲ။ ဘုရားသခင်ရဲ့အမှုတော်က ဘယ်သူ့ကိုမှ မစောင့်ဘူး၊ အခု မလိုက်စားရင် နောက်ထပ်အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ချစ်ခင်တွယ်တာမှုကို ဘေးဖယ်ထားပြီး သမ္မာတရားကို လိုက်စားရမယ်။ မကြာခင်မှာပဲ ကျွန်မ တာဝန်ပြန်ထမ်းဆောင်ခဲ့တယ်။
၂၀၁၁ ခုနှစ်မှာ ကျွန်မကို ရေလောင်းသင်းထောက်အဖြစ် ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ နည်းနည်းတော့ နှစ်ခွဖြစ်နေတုန်းပဲ။ ရေလောင်းသင်းထောက်ဆိုတာ တာဝန်ကြီးပြီး၊ ကျွန်မသားအတွက် ပိုက်ဆံရှာဖို့အချိန် နည်းသွားမှာပဲ။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်မသား မင်္ဂလာဆောင်ဖို့အတွက် အသည်းအသန် ပိုက်ဆံရှာခဲ့ပုံကိုလည် တွေးမိတယ်။ ကျွန်မဟာ တာဝန်အပေါ် ဝန်တာမထားခဲ့ဘူး၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်၊ ကိုယ့်ရဲ့အသက်တာလည်း နစ်နာဆုံးရှုံးခဲ့ရတယ်။ ဒီလိုဖြစ်နေတာတောင် အသင်းတော်က ကျွန်မကို ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးနေတုန်းပဲ။ ကျွန်မ ဘုရားသခင်ကို ပုန်ကန်လို့မဖြစ်တော့ဘူး၊ အစွမ်းကုန် တာဝန်ထမ်းဆောင်ရမယ်။ ဒါနဲ့ ကျွန်မ လက်ခံလိုက်တယ်။ ကျွန်မစိတ်ထဲမှာတော့ ပိုက်ဆံမရှိလို့ သားလေး အိမ်ထောင်မပြုနိုင်မှာကို အမြဲတမ်း စိုးရိမ်နေခဲ့တယ်။ ၂၀၁၄ ခုနှစ်ရောက်တော့မှ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရပြီး ဒီစိုးရိမ်စိတ်ကို အတိုင်းအတာတစ်ခုအထိ ဘေးဖယ်ထားနိုင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ယောက်သည် ရင့်ကျက်ခြင်းသို့ ရောက်ရှိသည့်အခါ၊ မိဘများကို စွန့်ခွာပြီး မိမိဘာသာရပ်တည်လာနိုင်ပါသည်။ ကိုယ့်တာဝန်ကိုယ်ယူရန် အမှန်တကယ် စတင်ပြုကာ၊ ဝေဝါးမနေတော့ဘဲ မိမိ၏ဘဝတာဝန်က တဖြည်းဖြည်း ရှင်းလင်းလာသည်မှာ ဤအချိန်တွင်ဖြစ်သည်။ နာမည်အရ၊ မိဘများနှင့် နီးကပ်စွာ နေထိုင်သေးသော်လည်း မိမိ၏ တာဝန်နှင့် ဘဝ၌ သူ ကပြရမည့် အခန်းကဏ္ဍသည် ၎င်း၏ မိခင်၊ ဖခင်တို့နှင့် ဘာမျှသက်ဆိုင်ခြင်းမရှိသောကြောင့် အနှစ်သာရအားဖြင့် လူတစ်ယောက်သည် တဖြည်းဖြည်း ကိုယ်ပိုင်ရပ်တည် လာနိုင်သည်နှင့်အမျှ ဤနီးစပ်နေသည့် နှောင်ကြိုးက ပျက်ပြယ်ပေသည်။ ဇီဝဗေဒ ရှုထောင့်မှကြည့်လျှင် လူတို့သည် မိဘအပေါ် မသိစိတ်နှင့်ဆိုင်သော နည်းလမ်းများဖြင့် မမှီခိုဘဲမနေနိုင် ဖြစ်သေး၏၊ သို့သော် အရှိအတိုင်း ပြောရမည် ဆိုလျှင် သူတို့တွေ အပြည့်အဝ အရွယ်ရောက်လာသည်နှင့် သူတို့၏ မိဘများနှင့် လုံးဝခွဲထွက်သွားပြီး သူတို့ တာဝန်ယူထားသည့် အခန်းကဏ္ဍများကို အမှီအခိုကင်းစွာ ဆောင်ရွက်ကြပါလိမ့်မည်။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် မိမိတို့ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပတ်ဝန်းကျင်တစ်ခုကို အပြင်ပန်းတွင် ပံ့ပိုးဖို့သာဖြစ်ပြီး ထိုမျှသာဖြစ်၏။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘများကမျှ ဘဝတွင် ၎င်းတို့၏ ကံကြမ္မာကို လုံးဝ မတားဆီးနိုင်ပေ သို့မဟုတ် ဘဝတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍနှင့်ပတ်သက်လာသည့်အခါတွင် ၎င်းတို့ကို စိုးစဉ်းမျှပင် ထောက်ပံ့မြှင့်တင်ပေး၍ မရနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ အလိုအလျောက်ပင် ၎င်းတို့သည် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားများကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူပင်လယ်ထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြပြီး ဘဝ၌ ၎င်းတို့၏ကျရာနေရာများကို ယူကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို အရမ်းလင်းလက်သွားစေခဲ့တယ်။ ကျွန်မရဲ့တာဝန်က ကလေးတွေကို ဒီလောကထဲခေါ်လာဖို့၊ သူတို့ကြီးပြင်းဖို့ ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးဖို့၊ ပြီးတော့ သူတို့ အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုပျိုးထောင်ပေးဖို့ပဲဖြစ်တယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ဒါပေမဲ့ ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ သူတို့မှာ သူတို့မိဘတွေနဲ့ လုံးဝသီးခြားဖြစ်တဲ့ ဘဝတွေ ရှိလာကြတယ်။ ကျွန်မတို့အားလုံးမှာ ကိုယ်စီကိုယ်စီရဲ့ အထူးတာဝန်တွေ ရှိကြတယ်။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ကျွန်မရဲ့ဝတ္တရားက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ပဲ၊ ကလေးတွေအတွက် အမြဲတမ်း အသက်ရှင်နေဖို့ မဟုတ်ဘူး။ အဲဒီနှစ်တွေအတွင်းမှာ ကျွန်မသားအပေါ် အကြွေးတင်နေတယ်လို့ ခံစားရတဲ့စိတ်ကို ပြန်ပေးဆပ်ဖို့ ပိုက်ဆံတွေ ရှာခဲ့တယ်၊ သူ့ကို အိမ်ထောင်ပြုပြီး မိသားစုတစ်ခုထူထောင်နိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒီလိုလုပ်မှသာ သူ့အပေါ် တာဝန်ကျေပွန်ရာရောက်မယ်လို့ ထင်ခဲ့တယ်။ ပိုက်ဆံရှာဖို့အတွက် ကျွန်မဟာ ခေါင်းဆောင်တာဝန်ကိုတောင် ငြင်းပယ်ခဲ့ပြီး လူသစ်တွေကို ရေလောင်းတဲ့နေရာမှာလည်း တာဝန်မဲ့ခဲ့တယ်။ ဒါက ကျွန်မရဲ့အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေကို ဖြစ်စေခဲ့တယ်။ အခုတော့ ကျွန်မနားလည်သွားပြီ၊ ကျွန်မသား အိမ်ထောင်ပြုနိုင်မပြုနိုင်ဆိုတာက ကျွန်မ သဘောအတိုင်း ဖြစ်မှာမဟုတ်ဘူး၊ သူ့ကို ကားတွေ၊ အိမ်တွေဝယ်ပေးဖို့ ပိုက်ဆံရှာပေးတာက သူအိမ်ထောင်ကျဖို့ အာမခံမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မသားရဲ့အိမ်ထောင်ရေးကို ကြိုတင်သတ်မှတ်ပြီးသားဖြစ်တယ်။ ဒါကို ကျွန်မ ပြောင်းလဲလို့မရဘူး။ ကျွန်မ အိမ်နီးချင်းတစ်ယောက်အကြောင်း တွေးမိတယ်။ လင်မယားနှစ်ယောက်လုံးက မသန်စွမ်းတွေ၊ အိမ်လည်းမရှိသလို ကားလည်း မရှိပေမဲ့၊ သူတို့သားကတော့ စောစောစီးစီးပဲ အိမ်ထောင်ကျပြီး မိသားစုဘဝကို ထူထောင်သွားခဲ့တယ်။ ကျွန်မမှာ ဆွေမျိုးတစ်ယောက်လည်းရှိတယ်၊ သူတို့မိသားစုမှာ သန်းနဲ့ချီတဲ့ ငွေစုငွေချေးတွေရှိတယ်၊ ကားရော၊ အိမ်ရော အကုန်ရှိတယ်၊ ဒါပေမဲ့ သူတို့သားသမီးကတော့ အသက် ၃၀ ကျော်နေပြီ၊ အိမ်ထောင်မပြုသေးဘူး။ ဒီအချက်တွေကနေတစ်ဆင့် အိမ်ထောင်ရေးဆိုတာက ပစ္စည်းဥစ္စာနဲ့ ဆုံးဖြတ်လို့မရဘဲ အရာရာတိုင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ကျွန်မမြင်ခဲ့ရတယ်။ ဒါကိုနားလည်သွားတော့ ကျွန်မစိတ်ထဲမှာ အများကြီး စိတ်အေးလက်အေးဖြစ်သွားတယ်၊ ပြီးတော့ တာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်ဖို့၊ ကျွန်မသားရဲ့အိမ်ထောင်ရေးကိစ္စကို ဘုရားသခင်လက်ထဲ အလုံးစုံအပ်နှံဖို့၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
၂၀၁၇ ခုနှစ်မှာ ကျွန်မသား အိမ်ထောင်ကျပြီး သူ့ဇနီးရဲ့မိဘအိမ်မှာ လိုက်နေခဲ့တယ်။ ကျွန်မချွေးမက တင်မတောင်းခိုင်းဘူး၊ ဘာတောင်းဆိုမှုမှလည်း မလုပ်ခဲ့ဘူး။ ကျွန်မ ယွမ်သုံးသောင်းပဲ ပေးခဲ့တယ်၊ ခမ်းခမ်းနားနား မင်္ဂလာမဆောင်ပေးခဲ့ဘူး။ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ ထမင်းတစ်နပ် အတူတူစားလိုက်ကြပြီး ပွဲက ရိုးရိုးလေး ပြီးသွားခဲ့တယ်။ ကျွန်မ ဝမ်းသာသင့်ပေမဲ့ စိတ်ထဲမှာတော့ အပြစ်ရှိသလို ခံစားချက်က ရှိနေတုန်းပဲ၊ ကျွန်မသားအတွက် ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခု မကျင်းပပေးနိုင်ခဲ့ဘူး၊ မဖြစ်စလောက် ပိုက်ဆံလေးပဲ ပေးနိုင်ခဲ့တယ်၊ မိခင်တစ်ယောက်ရဲ့တာဝန်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ ခံစားရပြီး၊ နောင်တရမိတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်မချွေးမ ကိုယ်ဝန်ရှိလာပြီး သူ့ကိုလာစောင့်ရှောက်ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက အသင်းတော်တော်တော်များများရဲ့ စာနှင့်ပတ်သက်သောအလုပ်တွေကို တာဝန်ယူထားရတော့ ချွေးမကို သွားစောင့်ရှောက်ရင် တာဝန်တွေ နှောင့်နှေးသွားမှာ။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်မသားအတွက် ဘာမှသိပ်မလုပ်ပေးနိုင်ခဲ့တာကို ပြန်တွေးမိတယ်။ အခု သားက အပြင်မှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေရတယ်၊ ကိုယ်ဝန်ဆောင်နေတဲ့ သူ့ဇနီးကို စောင့်ရှောက်ပေးဖို့က ကျွန်မလုပ်သင့်တဲ့အရာပဲ၊ ဒီတစ်ခါတောင် သူ့ဝန်ကို မကူညီနိုင်ခဲ့ရင် သူ့အပေါ် တကယ်ကို တာဝန်မကျေရာရောက်တော့မှာပဲ။ ဒါဆိုရင် ဆွေမျိုးတွေက ကျွန်မကို တကယ် တာဝန်မဲ့တဲ့မိခင်လို့ ခေါ်ကြမှာ မဟုတ်လား။ ကျွန်မကိုယ်ကျွန်မ တည်ငြိမ်အောင်မနေနိုင်ခဲ့သလို တာဝန်အပေါ်မှာလည်း အာရုံမစိုက်နိုင်တော့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ထမ်းဆောင်ရာမှာ အကျိုးသက်ရောက်မှုက နည်းနည်းကျဆင်းသွားခဲ့တယ်။ ကြီးကြပ်ရေးမှူးက ဒီအကြောင်းကိုသိသွားပြီးနောက်မှာ ကျွန်မရဲ့အခြေအနေနဲ့ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က ‘ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်’ ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် ‘ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ’ ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) “စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေအတိအကျကို ဖော်ပြခဲ့တယ်။ “ဇနီးကောင်း၊ ချစ်ခင်တတ်တဲ့ မိခင်” ဆိုတဲ့ တရုတ်ရိုးရာယဉ်ကျေးမှု အယူအဆဟာ စာတန်က အမျိုးသမီးတွေကို ချည်နှောင်ထားတဲ့ သံကြိုးတစ်ခုပဲ၊ ဒါက လူတွေကို အမျိုးသမီးကောင်းတစ်ယောက်ဟာ ခင်ပွန်းနဲ့သားသမီးတွေအတွက် အသက်ရှင်ရမယ်၊ သူတို့ကို အမြဲတမ်း ဦးစားပေးရမယ်၊ ခင်ပွန်းနဲ့သားသမီးတွေကို ကျေနပ်အောင် လုပ်ပေးနိုင်သမျှ ကာလပတ်လုံး ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ လုပ်ပေးသင့်တယ်၊ မလုပ်ပေးနိုင်ခဲ့ရင်တော့ ဇနီးကောင်း၊ ချစ်ခင်တတ်တဲ့ မိခင်တစ်ယောက် မဟုတ်ဘူး၊ တခြားသူတွေရဲ့ ကဲ့ရဲ့ပြက်ရယ်ပြုတာကို ခံရမယ်လို့ ယုံကြည်စေခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မတို့မိသားစု သက်သောင့်သက်သာနေနိုင်ဖို့ အမေက မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ခဲ့တာကို ကျွန်မမြင်ခဲ့ရတယ်၊ ပြီးတော့ အစ်ကို့ရဲ့မင်္ဂလာဆောင်ကိစ္စတွေကိုလည်း သူပဲ စီစဉ်ပေးခဲ့တယ်။ ရွာသားတွေအားလုံးက ကျွန်မအမေကို ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက်အဖြစ် ချီးကျူးခဲ့ကြတယ်။ အမေ့ရဲ့လွှမ်းမိုးမှုကြောင့် အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မလည်း ခင်ပွန်းနဲ့ကလေးတွေကို အရမ်းဂရုစိုက်ခဲ့တယ်။ ကျွန်မခင်ပွန်းက ကျွန်မကို အကျင့်သီလကောင်းတဲ့ ဇနီးတစ်ယောက်လို့ ပြောပြီး ကလေးတွေကလည်း ကျွန်မကို ချစ်ခင်တတ်တဲ့ မိခင်ကောင်းတစ်ယောက်လို့ ပြောကြတယ်။ ကျွန်မခင်ပွန်း ကွယ်လွန်ပြီးနောက်မှာ အဖေတစ်ယောက်ရဲ့တာဝန်တွေကိုပါ ကျွန်မယူခဲ့တယ်၊ ကလေးတွေကို ကျောင်းထားပေးနိုင်ဖို့ ပိုက်ဆံကို ကြိုးစားရှာခဲ့ပြီး ဘယ်လောက်ပဲခက်ခဲပါစေ တစ်ယောက်တည်းပဲ ကြိတ်မှိတ်ခံခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကြောင့် ကျွန်မ အိမ်ကနေ မဖြစ်မနေ ထွက်ခဲ့ရတယ်၊ ကျွန်မက တခြားတစ်နေရာမှာ တာဝန်ထမ်းဆောင်နေပေမဲ့ စိတ်ကတော့ ကလေးတွေဆီမှာပဲ အမြဲရှိနေခဲ့ပြီး သူတို့အပေါ် အကြွေးတင်နေသလို ခံစားရတဲ့ အခြေအနေမှာ နေထိုင်ခဲ့တယ်။ အထူးသဖြင့် ကျွန်မသား အိမ်ထောင်ပြုရတော့မယ့်အရွယ်ကို ရောက်လာတာ မြင်ရပြီး၊ သူ့ကို ငွေကြေးအရ မထောက်ပံ့နိုင်တဲ့အခါမှာ မိခင်တစ်ယောက်အနေနဲ့ ကျွန်မတာဝန်မကျေခဲ့ဘူးလို့ ပိုပြီးတော့တောင် ခံစားခဲ့ရတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားသင့်မှန်း ကျွန်မသိပေမဲ့ ကျွန်မသားရဲ့မင်္ဂလာဆောင်အတွက် ပိုက်ဆံရှာတာကို နှောင့်နှေးစေမှာစိုးလို့ ဒီတာဝန်ကို ငြင်းပယ်ခဲ့တယ်။ လူသစ်တွေကို ရေလောင်းတဲ့အချိန်မှာတောင် ကျွန်မ စိတ်မပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့အာရုံအားလုံးက သားအတွက် ပိုက်ဆံရှာဖို့အပေါ်မှာပဲ ရှိနေခဲ့လို့ပဲ၊ ဒါကြောင့် လူသစ်တွေက အချိန်မီ ရေလောင်းတာကို မခံခဲ့ကြရဘူး။ အခု ချွေးမကို စောင့်ရှောက်ရမယ့်ကိစ္စနဲ့ ရင်ဆိုင်ရတဲ့အခါမှာ၊ ကျွန်မ သူ့ဆီကို မသွားခဲ့ပေမဲ့ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်ဆီကနေ ဝေးကွာသွားခဲ့ပြီ။ ကျွန်မသားအပေါ် အကြွေးတင်နေသလို ခံစားရတဲ့အခြေအနေမှာ နေထိုင်ခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မရဲ့ တာဝန်ထမ်းဆောင်ရာမှာ အကျိုးသက်ရောက်မှုက ကျဆင်းသွားခဲ့တယ်။ ကျွန်မဟာ “ဇနီးကောင်း၊ ချစ်ခင်တတ်တဲ့ မိခင်” ဆိုတဲ့ ရိုးရာအယူအဆရဲ့ ချည်နှောင်မှုကို ခံခဲ့ရတယ်၊ ဒါကြောင့် ကျွန်မရဲ့တာဝန်က ဒီအယူအဆနဲ့ ဆန့်ကျင်ကွဲလွဲတဲ့အခါတိုင်းမှာ ကျွန်မရဲ့အတွေးတွေက ကလေးတွေကို တာဝန်မပျက်ကွက်ရဘူးဆိုတာကိုပဲ အမြဲတမ်းတွေးခဲ့ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝကို ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးတာနဲ့ ထောက်ပံ့တာတွေ အများကြီး ပျော်မွေ့ခံစားခဲ့ရပေမဲ့ ကိုယ်တော့်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်တဲ့အရာတွေကိုပဲ လုပ်နေခဲ့တယ်။ ကျွန်မမှာ တကယ်ကို လူ့သဘာဝမရှိပါလား။ ဒီရိုးရာယဉ်ကျေးမှု အယူအဆတွေဟာ စာတန်က လူတွေကို ချည်နှောင်ဖို့အသုံးပြုတဲ့ လက်နက်တွေပဲဆိုတာကို အခုမှ ကျွန်မနားလည်ခဲ့တယ်၊ ဒါက ကျွန်မကို မိခင်ကောင်းတစ်ယောက်ဆိုတဲ့ နာမည်ကောင်းရဖို့အတွက်ပဲ အသက်ရှင်စေခဲ့ပြီး နောက်ဆုံးမှာတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့လို့ ဖယ်ရှားရှင်းလင်းခံရတဲ့ဆီကိုပဲ ဦးတည်စေမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက စာတန်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ပိုင်းခြားသိမြင်နိုင်အောင် ကူညီပေးခဲ့တယ်။ ကျွန်မ ဒီရိုးရာယဉ်ကျေးမှုရဲ့ ချည်နှောင်တာနဲ့ ဘောင်ခတ်တာကို ဆက်ပြီးမခံနိုင်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရမယ်။
အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီတစ်ပိုဒ်ကို ဖတ်လိုက်တဲ့အခါ ကျွန်မစိတ်ထဲမှာ တော်တော်လေး လင်းသွားတယ်။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းဖို့က ကျွန်မရဲ့ဝတ္တရားပဲ။ ကျွန်မသာ တာဝန်တွေကို ကောင်းကောင်းမထမ်းဆောင်နိုင်ရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံယူဖို့ မထိုက်တန်ပါဘူး။ ကျွန်မဟာ ဇနီးကောင်း၊ ချစ်ခင်တတ်တဲ့ မိခင်တစ်ယောက် ဖြစ်နေရင်တောင် ဒါက ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတယ်လို့ မဆိုလိုဘူး၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ရနိုင်မှာမဟုတ်ဘူး။ အရင်က ကျွန်မဟာ ရိုးရာယဉ်ကျေးမှုအတိုင်း အသက်ရှင်ခဲ့ပြီး ဇနီးကောင်း၊ ချစ်ခင်တတ်တဲ့ မိခင်တစ်ယောက်အဖြစ် နေထိုင်ခြင်းနဲ့ တာဝန်ထမ်းဆောင်ခြင်းကြားမှာ အမြဲတမ်း ရုန်းကန်နေခဲ့ရတယ်။ ဒါက ကျွန်မကို ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့ပြီး မခံနိုင်လောက်အောင်ကို စိတ်ဆင်းရဲခဲ့ရတယ်။ အခုတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနားလည်သွားပြီ။ လူတစ်ယောက်ရဲ့ဘဝမှာ အရာအားလုံးဟာ ဘုရားသခင်ဆီက လာတာ၊ ကျွန်မ ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ဘူး၊ ကျွန်မ အကြွေးအတင်ဆုံးက ဘုရားသခင်အပေါ်မှာပဲ ဖြစ်တယ်။ သမ္မာတရားကို လိုက်စားပြီး တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းတာကသာ အဓိပ္ပာယ်အရှိဆုံးပဲ။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကျွန်မချွေးမကို ဘုရားသခင်ရဲ့လက်ထဲ အပ်နှံပြီး ပထမဦးဆုံး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မချွေးမ ကလေးမွေးတဲ့အခါမှာလည်း အရာရာ အဆင်ပြေချောမွေ့သွားတယ်လို့ သိခဲ့ရပြီး ကျွန်မသားနဲ့ချွေးမကလည်း သူတို့ကို လာမစောင့်ရှောက်တဲ့အတွက် ကျွန်မကို အပြစ်မတင်ခဲ့ကြဘူး။ ကျွန်မစိတ်ထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရပြီး၊ ဒါက အရွယ်ရောက်ပြီးသား ကိုယ့်သားသမီးတွေကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာကို နားလည်အောင် ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသောသူတစ်ယောက်အနေဖြင့် သင့်ဘဝတွင် ကျန်ရှိသော စွမ်းအင်နှင့်အချိန်ကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌လည်းကောင်း၊ ဘုရားသခင်က သင့်အား အပ်နှံသည့် မည်သည့်အရာမဆိုအပေါ်၌လည်းကောင်း အသုံးပြုသင့်သည်။ သင့်သားသမီးများနှင့်ပတ်သက်၍ အချိန်တစ်စက်မျှ အကုန်မခံသင့်ပေ။ သင့်ဘဝကို သင့်သားသမီးများက မပိုင်ဆိုင်ပေ။ ပြီးလျှင် သင့်ဘဝကို ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရှင်သန်ရေးအတွက် အကုန်ဆုံး မခံသင့်သကဲ့သို့ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း အကုန်ဆုံး မခံသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကိုလည်းကောင်း၊ အပ်နှံထားသည့်အလုပ်ကိုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်အပေါ်ကိုပါလည်းကောင်း ဆက်ကပ်သင့်သည်။ ဤသည်မှာ သင့်ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တည်ရှိသည့်နေရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်သိက္ခာကို ဆုံးရှုံးပြီး သားသမီးများအတွက် ကျွန်ဖြစ်လိုစိတ်ရှိလျှင်၊ ၎င်းတို့အတွက် စိတ်ပူလိုစိတ်ရှိလျှင်၊ ၎င်းတို့အပေါ် သင်၏ကိုယ်ပိုင်မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိလျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိဘဲ တန်ဖိုးကင်းမဲ့သည်။ ယင်းသည် အောက်မေ့ဂုဏ်ပြုခြင်းခံရမည် မဟုတ်။ သင်သည် ဤသို့ဆက်လက်လုပ်ဆောင်ပြီး ဤအယူအဆများ၊ လုပ်ဆောင်မှုများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်မဟုတ်၊ သင်သည် အတော်အတန် ပုန်ကန်တတ်သည်ဟူ၍သာ အဓိပ္ပာယ်ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် ဘဝနှင့်အချိန် နှစ်မျိုးလုံးကို မြတ်နိုးခြင်းမရှိ။ သင်၏ဘဝနှင့် သင်၏အချိန်ကို သင်၏ အသွေးအသားနှင့် ချစ်ခင်တွယ်တာမှုအတွက်သာ ကုန်ဆုံးစေလျှင်၊ ဘုရားသခင်က သင့်အားပေးသည့် တာဝန်အတွက် မကုန်ဆုံးလျှင် သင်၏ဘဝသည် လိုအပ်ခြင်းမရှိဘဲ တန်ဖိုးကင်းမဲ့သည်။ သင်သည် အသက်ရှင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ပြီးလျှင် ဘုရားသခင်က သင့်အားပေးသည့် အရာရာတိုင်းကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အား သားသမီးများကို ပျိုးထောင်သည့် ဖြစ်စဉ်ကို ပျော်မွေ့ရန်အတွက်၊ မိဘအနေဖြင့် ဤအရာထံမှ ဘဝအတွေ့အကြုံနှင့် အသိပညာရရန်အတွက်၊ လူသားဘဝတွင် ထူးခြားပြီး ပုံမှန်ထက်ထူးကဲသောအရာတစ်ခုအား သင့်ကိုတွေ့ကြုံခွင့်ပေးရန်၊ ထို့နောက် သင့်သားသမီးများအား မျိုးပွားစေရန်အတွက်သာ သားသမီးများကို ပေးခဲ့ခြင်းဖြစ်သည်။...ဤသည်မှာ မိဘအနေဖြင့် ဖန်ဆင်းခံ၏ တာဝန်ကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်မှာ မှန်သည်။ ဤသည်မှာ နောက်မျိုးဆက်အတွက် ဖြည့်ဆည်းပေးရန် သင့်အတွက် ဘုရားသခင်စီမံသည့် တာဝန်ဖြစ်ပြီး နောက်မျိုးဆက်အတွက် မိဘအနေဖြင့် သင်ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍလည်း ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအား ပျိုးထောင်ခြင်းဖြစ်သည့် ထူးကဲသောဖြစ်စဉ်ကို ဖြတ်သန်းရန် ဖြစ်ပြီး အခြားတစ်ဖက်တွင် နောက်မျိုးဆက်အား အယူဝါဒ ဖြန့်သည့်နေရာတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤဝတ္တရားကို ဖြည့်ဆည်းပြီးသည်နှင့် သင့်သားသမီးများက လူလာမြောက်သည်အထိ ကြီးပြင်းလာသည်နှင့် ၎င်းတို့သည် အလွန်အမင်း အောင်မြင်သည်ဖြစ်စေ၊ ရိုးစင်းသော၊ သာမန်ဖြစ်သော၊ ရိုးရှင်းသောသူများအဖြစ်သာ ရှိနေဆဲဖြစ်စေ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကံကြမ္မာကို သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်သကဲ့သို့ သင်၏ ရွေးချယ်မှုလည်း မဟုတ်သောကြောင့်၊ ပြီးလျှင် သင်က ၎င်းတို့အား ပေးခဲ့ခြင်း အသေအချာပင် မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံခြင်း ဖြစ်သည်။ ဘုရားသခင်က စီမံခြင်း ဖြစ်သောကြောင့် သင်သည် ၎င်းတို့ဘဝ၊ သို့မဟုတ် ၎င်းတို့၏ရှင်သန်ရေးကို ကြားမဝင်သင့်ပေ၊ သို့မဟုတ် မစွက်ဖက်သင့်ပေ။ ၎င်းတို့၏အလေ့အကျင့်များ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့် ဘဝအပေါ် သဘောထား၊ ၎င်းတို့၌ မည်သည့်ရှင်သန်ရေးနည်းဗျူဟာများရှိပါစေ၊ ဘဝအပေါ် မည်သည့်ရှုမြင်သုံးသပ်ချက်ရှိပါစေ၊ လောကအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ဖြစ်ပါစေ ယင်းတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်သည့် ရွေးချယ်မှုများဖြစ်သည်။ သင်၏ အရေးကိစ္စမဟုတ်။ သင်သည် ၎င်းတို့ကို နေ့စဉ်ပျော်ရွှင်စေဖို့ သေချာစေရန်အတွက် ၎င်းတို့ကို ပြုပြင်ပေးရန်၊ သို့မဟုတ် ၎င်းတို့ကိုယ်စား မည်သည့်ဒုက္ခကိုမဆို ခံပေးရန် ဝတ္တရားမရှိပေ။ ဤအရာအားလုံးသည် မလိုအပ်ပေ။...ထို့ကြောင့် သားသမီးများ အရွယ်ရောက်ပြီးနောက် မိဘများအတွက် ဆင်ခြင်တုံတရားအရှိဆုံး သဘောထားမှာ လက်လွှတ်ရန်၊ သားသမီးများအား ဘဝကို ၎င်းတို့ဘာသာ တွေ့ကြုံခွင့်ပြုရန်၊ ၎င်းတို့အား အမှီအခိုကင်းစွာ နေထိုင်ခွင့်ပြုရန်၊ ဘဝတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို အမှီအခိုကင်းစွာ ရင်ဆိုင်ခွင့်၊ ကိုင်တွယ်ခွင့်၊ ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။ ၎င်းတို့က သင့်အား အကူအညီတောင်းပြီး သင်က ကူညီရန် အစွမ်းနှင့် အခြေအနေရှိလျှင် သင်သည် လက်ကမ်းကူညီပေးနိုင်ပြီး လိုအပ်သော အကူအညီကို ပေးနိုင်သည်မှာ မှန်သည်။ သို့ရာတွင် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်မှာ မည်သည့်အကူအညီကို သင်ပေးသည်ဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ယာယီသာဖြစ်နိုင်ပြီး မည်သည့်အဓိကပြဿနာကိုမျှ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သွားလာရမည်။ ပြီးလျှင် ၎င်းတို့၏ မည်သည့်အရေးကိစ္စ၊ သို့မဟုတ် အကျိုးဆက်များကိုမဆို ထမ်းရွက်ရန် သင့်၌ ဝတ္တရားမရှိပေ။ ဤသည်မှာ မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာကတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းမှသာ ကျွန်မရဲ့ဘဝဟာ တန်ဖိုးနဲ့အဓိပ္ပာယ်ရှိနိုင်မှာ ဖြစ်တယ်။ ကျွန်မဟာ ကလေးတွေကို ကျေနပ်အောင်လုပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ သူတို့အတွက် အဖိုးအခပေးဆပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့အတွက်ပဲဖြစ်ဖြစ် အသက်ရှင်နေသင့်တာမဟုတ်ဘူး။ ကလေးတွေငယ်ငယ်တုန်းက သူတို့ကို ကျွန်မ သေသေချာချာ ဂရုစိုက်ခဲ့တယ်၊ သူတို့ အရွယ်ရောက်လာတဲ့အခါမှာ မိဘတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်တွေက ပြီးဆုံးသွားပြီ၊ အဲဒီနောက်မှာတော့ သူတို့ကို လက်လွှတ်ပြီး ဘဝကို တွေ့ကြုံခံစားခွင့်ပေးသင့်တယ်။ အဲဒီနောက်ပိုင်း သူတို့ ဘယ်လိုအသက်ရှင်သင့်တယ်၊ သူတို့ဘဝ ဘယ်လိုဖြစ်လာမယ်ဆိုတာက ကျွန်မနဲ့ မသက်ဆိုင်တော့ဘူး။ ကျွန်မမှာ အခြေအနေရှိရင် ကူညီပေးသင့်တယ်၊ မရှိရင်လည်း အကြွေးတင်နေတယ်လို့ ခံစားစရာမလိုဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ကံကြမ္မာကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားမို့ မိဘတွေက သားသမီးတွေရဲ့ကံကြမ္မာကို ပြောင်းလဲပေးလို့မရဘူး။ အခု ကျွန်မရဲ့ခွန်အားတွေအားလုံးကို တာဝန်တွေအပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြင်ဆင်ရမယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အရာရာကို စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမယ်။ ဒါက ဘုရားသခင်ကို နှစ်သက်စေတဲ့အရာပဲ။
ဒီလိုတွေ့ကြုံပြီးတဲ့နောက်မှာ ကျွန်မနားလည်ခဲ့တာကတော့ လူတွေဟာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ အရာရာကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း မကြည့်ရင်၊ စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေ၊ လောကီဆိုင်ရာ ဆက်ဆံရေးတွေအတွက် အတွေးအခေါ်တွေနဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကနေ လွတ်မြောက်ဖို့ သမ္မာတရားကို အသုံးမပြုရင် သူတို့ဟာ ဘယ်တော့မှ လွတ်မြောက်ခြင်းကို ရရှိမှာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့်သာ စာတန်ရဲ့ ချည်နှောင်မှုတွေနဲ့ ဘောင်ခတ်မှုတွေကနေ ရုန်းထွက်ပြီး စစ်မှန်တဲ့ လွတ်မြောက်ခြင်းနဲ့ လွတ်လပ်ခြင်းကို ရရှိနိုင်တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။