၅၈။ သုံးသပ်ချက်တစ်ခု ရေးသားစဉ် စိုးရိမ်ပူပန်မှုများ

တရုတ်ပြည်မှ ဝူရှင်း

၂၀၂၁ ခုနှစ်၊ အသင်းတော်က ဖယ်ရှားတဲ့အလုပ် လုပ်နေချိန်မှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ယူမှတ်တာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ ဇာတိပကတိကို အလေးထားတာ၊ ဒါမှမဟုတ် အကျိုးအကြောင်းပြ ငြင်းခုံတာမျိုး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို လူတစ်ယောက် ထုတ်ဖော်တာကို ခရိုင်ခေါင်းဆောင် လီကျင်းက သတိပြုမိတော့ အဲဒီလူကို ကူညီဖို့ မိတ်သဟာယမပြုဘဲ လီကျင်းဟာ အသင်းသား ၈၀ ရာခိုင်နှုန်းကျော်ရဲ့ လက်မှတ်ထိုး အတည်ပြုချက် မပါဘဲနဲ့ကို အဲဒီလူကို ရှင်းလင်းပစ်နေတာ ကျွန်မ တွေ့ခဲ့တယ်။ လီကျင်းက သူတို့ရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကိုလည်း သိမ်းယူလိုက်တယ်။ ညီအစ်ကို မောင်နှမတွေအားလုံးက ကြောက်ရွံ့ပြီး နေနေခဲ့ရတယ်။ ကျွန်မလည်း ကိုယ့်အခြေအနေကို စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထားက တော်တော် မာနထောင်လွှားပြီး ကိုယ့်တာဝန်မှာ ဝန်တာထားစိတ် မရှိမှန်း ကျွန်မသိတယ်လေ။ တစ်ခါတလေဆို ကျွန်မက ဇာတိပကတိကို အလေးထားပြီး ဝတ်ကျေတမ်းကျေတောင် ဖြစ်ခဲ့တာ။ လီကျင်း လူတွေကို စစ်ဆေးတဲ့ပုံစံအရဆိုရင် ကျွန်မအလှည့်က အနှေးနဲ့အမြန် ရောက်လာမှာပဲလို့ တွေးမိတယ်။ တစ်ခါတုန်းက ကျွန်မအခြေအနေနဲ့ပတ်သက်ပြီး လီကျင်းကို ဖွင့်ဟပြောပြတော့ သူက “ဒါက ဘုရားသခင် အမှုတော်ရဲ့ အဆင့်တစ်ခုပဲ။ လူတိုင်း ရှင်းလင်းပစ်ခံရတာကို ကြုံရမှာ။ ကြောက်နေလဲ အလကားပဲ” လို့ ပြောတယ်။ သူအဲလိုပြောတာ ကြားတော့ တစ်ခုခု လွဲနေတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဘုရားသခင် အမှုပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်တဲ့ကာလအတွင်းမှာ လူတိုင်း ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတချို့ကို ထုတ်ဖော်ကြမှာပဲ။ ဒါပေမဲ့ လူတစ်ယောက်က သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရပြီး ပြောင်းလဲနိုင်သရွေ့ သူက ကယ်တင်လို့ရတဲ့သူပဲလေ။ ဘုရားသခင်က လူတစ်ယောက်ရဲ့ ခဏတာ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုကို မကြည့်ဘူး၊ သူ့ရဲ့ တစ်သမတ်တည်းသော အပြုအမူနဲ့ သဘာဝ အနှစ်သာရအရ သူ့ကို အကဲဖြတ်ပြီး ဆုံးဖြတ်သတ်မှတ်တာ။ အသင်းတော်မှာ တစိုက်မတ်မတ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့သူတွေ၊ မကောင်းမှုအများကြီးလုပ်ပြီး နောင်တရဖို့ ငြင်းဆန်တဲ့သူတွေကျတော့ သူတို့ရဲ့ အနှစ်သာရက ဆိုးယုတ်တဲ့သူရဲ့ အနှစ်သာရ ဖြစ်နေလို့ သူတို့ကို ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းသင့်တယ်။ ခဏတာ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုတစ်ခုတည်းကြောင့် လူတစ်ယောက်ကို ရှင်းလင်းပစ်လိုက်တာက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလေ။ ဒါပေမဲ့ နောက်ထပ်အတွေးတစ်ခု ဝင်လာပြန်ရော။ “ဘာပဲဖြစ်ဖြစ်၊ ငါက အဲဒီလိုတာဝန်မျိုး လုပ်နေတာမှ မဟုတ်တာ၊ ဒီတော့ စည်းမျဉ်းတော်တော်များများကို ငါနားမလည်ဘူး။ ငါ ပေါ့ပေါ့ဆဆ ပြောမိရင် နောက်ထပ် အစစ်ခံရမယ့်လူက ငါဖြစ်နိုင်တယ်။ ငါသာ ရှင်းလင်းပစ်ခံရရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို ငါ့ရဲ့ ယုံကြည်ခြင်း ခရီးလမ်းက အဆုံးသတ်သွားမှာပေါ့။ ‘ပြဿနာနည်းလေ ပိုကောင်းလေ’၊ ‘သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်’။ လီကျင်းနဲ့ တခြားလူတွေက ဘယ်လိုကိုင်တွယ်တယ်ဆိုတာ သူတို့ကိစ္စလေ၊ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ အစစ်ဆေးမခံရသရွေ့ ပြီးတာပဲ” ပေါ့။ ဒါကြောင့် ကျွန်မ တစ်ခွန်းမှ မပြောခဲ့ဘူး။ အဲဒီနောက်ပိုင်း လူရှင်းလင်းပစ်တာနဲ့ပတ်သက်ပြီး တစ်ယောက်ယောက် ပြောလာတိုင်း စကားမှားပြောမိပြီး စစ်ဆေးမဲ့ ပစ်မှတ်ဖြစ်သွားမှာ အရမ်းကြောက်လို့ အဲဒီခေါင်းစဉ်ကို ကျွန်မ ရှောင်ခဲ့တယ်။

တစ်နေ့ကျတော့ လီကျင်းဆီက စာတစ်စောင် ကျွန်မရတယ်၊ အဲဒီစာထဲမှာ သူအကျဉ်းချုံးထားတဲ့ သမ္မာတရား မလိုက်စားသူတစ်ယောက်ရဲ့ အပြုအမူ ပုံစံအမျိုးမျိုးအပေါ် အခြေခံပြီး ဝမ်ယုအကြောင်း သုံးသပ်ချက်ရေးပေးဖို့ ကျွန်မကို ခိုင်းထားတယ်။ အဲဒါကို ဖတ်ပြီး ကျွန်မ တော်တော် လန့်သွားတယ်။ ဝမ်ယုနဲ့ ကျွန်မ အလုပ်အတူလုပ်လာတာ သုံးနှစ်ကျော်ပြီ။ သူ့တာဝန်မှာ သူအမြဲတမ်း အရမ်းတက်ကြွပြီး မာနထောင်လွှားတဲ့ စိတ်သဘောထား နည်းနည်းရှိပေမဲ့ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ဘောင်မခတ်ခဲ့သလို အသင်းတော်အလုပ်ကိုလည်း မနှောင့်ယှက်ခဲ့ဘူး။ သူက ဘာလို့ စစ်ဆေးခံနေရတာလဲ။ ကျွန်မ လုံးဝ စဉ်းစားလို့ကို မရဘူး။ စာထဲမှာ ပြုပြင်တာကို လက်မခံတာ၊ အကျိုးအကြောင်းပြ ငြင်းခုံတာနဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်တာတွေ အပါအဝင် သမ္မာတရား မလိုက်စားတဲ့ ဝမ်ယုရဲ့ အပြုအမူတွေအကြောင်း ရေးဖို့ ကျွန်မကို ညွှန်ကြားထားတယ်။ တခြားဘာအကြောင်းမှ မရေးရဘူးလို့လည်း ပြောထားတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးလိုက်တယ်၊ “လူတိုင်းက ဒီလို ဖောက်ပြန်ပျက်စီးမှုမျိုးကို အတိုင်းအတာတစ်ခုအထိ ထုတ်ဖော်ကြတာပဲ။ ဒါအပေါ်မှာပဲ အခြေခံပြီး သုံးသပ်ချက်ရေးရင် လုံးဝ အပျက်သဘောဆောင်သွားမှာ။ အဲဒါ မမှန်ဘူးလေ။ သုံးသပ်ချက်ဆိုတာ ကိုယ်တိုင်မြင်ဖူးတဲ့အရာအပေါ် အခြေခံရမှာ၊ လူတစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ပတ်သက်ပြီး ဓမ္မဓိဋ္ဌာန်ကျပြီး မျှတတဲ့ ဖော်ပြချက် ဖြစ်ရမှာ မဟုတ်ဘူးလား။ သူ့ရဲ့ အားသာချက်တွေ မဟုတ်ဘဲ အားနည်းချက်တွေအကြောင်းပဲ ငါ့ကို ဘာလို့ ရေးခိုင်းရတာလဲ။ ကြည့်ရတာ ခေါင်းဆောင်က ဝမ်ယုအပေါ် မကောင်းမြင်ပုံရတယ်။ ဒီတစ်ခါတော့ ဝမ်ယု ရှင်းလင်းပစ်ခံရမဲ့ အန္တရာယ် တကယ်ရှိနေပြီ” ပေါ့။ ဒါကို တွေးမိတော့ ဝမ်ယုအတွက် ကျွန်မ စိတ်ပူလာတယ်။ ကျွန်မ စာကို ထပ်ခါတလဲလဲ ဖတ်ပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီအလုပ်ကို အဓိက လိုက်လုပ်နေတာက လီကျင်းပဲလေ။ သူက ခရိုင်ခေါင်းဆောင်၊ ငါက သာမန်ယုံကြည်သူတစ်ယောက်ပဲ။ ငါက သူ့ကို ဘယ်ယှဉ်နိုင်မှာလဲ။ ဒီလို အရေးကြီးတဲ့အချိန်မှာ ပြဿနာတက်လို့ မဖြစ်ဘူး။ ရေးလိုက်တာပဲ ကောင်းပါတယ်လေ” ပေါ့။ ဒါပေမဲ့ စရေးတော့ ကျွန်မ ရှေ့ဆက်မရ ဖြစ်သွားတယ်။ ဝမ်ယု ပြုပြင်ခံရတုန်းက တစ်ခါတလေ သူက ခုခံကာကွယ်ပြီး ပြန်ပြောတတ်ပေမဲ့ နောက်ပိုင်းကျတော့ သူက သမ္မာတရားကို ရှာဖွေနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု ရခဲ့တယ်ဆိုတာတွေကို ကျွန်မ တွေးမိတယ်။ သူက အပြောင်းအလဲနဲ့ ဝင်ရောက်မှုတချို့ ရှိခဲ့တဲ့အပြင် ယေဘုယျအားဖြင့် အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ခဲ့တယ်။ ဒါတွေအားလုံးက သမ္မာတရား လိုက်စားခြင်းကို ဖော်ပြနေတာတွေ မဟုတ်ဘူးလား။ ဒါပေမဲ့ လီကျင်းက သူ့ရဲ့ သမ္မာတရား မလိုက်စားတဲ့ လက္ခဏာတွေအကြောင်းပဲ ရေးစေချင်တာ။ အဲဒါကို ငါ ဘယ်လို ရေးရမှာလဲ။ အဲဒီအခါ နောက်ထပ်အတွေးတစ်ခု ဝင်လာပြန်ရော။ “လီကျင်းက ဝမ်ယုအကြောင်း ကောင်းကောင်း သိတာပဲ။ ဝမ်ယုနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု တွေ့ထားလို့ ငါ့ဆီကနေ ဒီအချက်အလက်တွေ တောင်းနေတာများလား။ မဟုတ်ရင် သူက ဘာလို့ ဝမ်ယုအကြောင်း စုံစမ်းနေမှာလဲ။ ငါက သမ္မာတရားကို နားလည်တာ သိပ်နည်းတော့ ငါ့ရဲ့ ပိုင်းခြားသိမြင်မှုက ညံ့တယ်၊ ပြီးတော့ ငါ့အမြင်က တိကျချင်မှ တိကျမှာ။ ငါ့ထင်မြင်ချက်တွေကို လျှောက်မပြောတာ ပိုကောင်းမယ်။ သူက အထက်ပိုင်းခေါင်းဆောင်လေ၊ ပြဿနာတွေ ပိုကိုင်တွယ်ဖူးပြီး လူတွေနဲ့ ပိုထိတွေ့ဖူးတာပဲ။ ကိစ္စတွေကို ငါနဲ့မတူတဲ့ ရှုထောင့်ကနေ သူမြင်တာ နေမှာပါ။ နောက်ပြီးတော့ ငါ တစ်ခုခု မမှန်တာပြီး ပြောမိရင် ဘယ်လိုလုပ်မလဲ။ လီကျင်းက ပြောလိမ့်မယ်၊ ‘နင် ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာတာတောင် သမ္မာတရားကို နားမလည်သေးဘူး။ ဝမ်ယုနဲ့ အလုပ်အတူလုပ်လာတာ ဒီလောက်ကြာတာတောင် ဒီလောက်လေးတောင် ပိုင်းခြားသိမြင်မှု မရှိဘူးလား။ နင် သိပ် နားဝေတိမ်တောင်ဖြစ်လွန်းတယ်’ ဆိုပြီးတော့။ အခုလောလောဆယ် လီကျင်းက ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်တဲ့ ဘယ်သူ့ကိုမဆို စစ်ဆေးနေတာ။ ငါ့ကို နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှု မရှိဘူးလို့ သူမြင်ရင် ငါ့ကိုရော သူစစ်ဆေးမှာလား။ အဲဒါဆို ငါ အန္တရာယ် မရှိဘူးလား။ အချိန်မရွေး ငါ ရှင်းလင်းပစ်ခံရနိုင်တယ်၊ ပြီးတော့ ငါ့ရဲ့ ကယ်တင်ခံရဖို့ အခွင့်အရေး ပျက်စီးသွားမှာ။ ငါ သတိထားရမယ်။ အခုလောလောဆယ် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နဲ့ ကိုယ့်အမြင်တွေကို လျှောက်မပြောဖို့ပဲ။ ကိုယ့်ပြဿနာတွေကို ထုတ်ဖော်မိပြီး ရှင်းလင်းပစ်ခံရရင် ငါ့မှာ အဆုံးသတ်ကောင်း ရှိမှာ မဟုတ်ဘူး” ပေါ့။ ဒါကြောင့် စာထဲမှာ တောင်းဆိုထားတဲ့အတိုင်း ဝမ်ယုရဲ့ သမ္မာတရား မလိုက်စားတဲ့ လက္ခဏာတွေအကြောင်း ဘယ်လိုရေးရမလဲဆိုတာ ကျွန်မ ကြိုးစားပြီး စဉ်းစားတယ်။ ဒါပေမဲ့ ပိုရေးလေ၊ ဝမ်ယုက ဖောက်ပြန်ပျက်စီးခြင်းတချို့ကို ထုတ်ဖော်ရုံပဲရှိပြီး နောက်ပိုင်းကျတော့ သူဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်လာတယ်လို့ ပိုခံစားရလေပဲ။ ကျွန်မ တစ်ဝက်လောက်မှာ ရပ်လိုက်ပြီး တွေးမိတယ်၊ “ငါရေးနေတဲ့ ဒီအရာတွေက သူ သမ္မာတရား မလိုက်စားတဲ့ လက္ခဏာတွေ မဟုတ်ဘူး။ ဒါ လီကျင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား” ပေါ့။ ဒါနဲ့ ကျွန်မ ညှိယူလိုက်ပြီး ဝမ်ယုရဲ့ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုတွေအကြောင်း နည်းနည်း ပိုရေးလိုက်တယ်။ ဒါပေမဲ့ အဆုံးသတ်ရောက်လို့ ကိုယ့်အမြင်ကို ဖော်ပြရမဲ့အခါကျတော့ ကျွန်မ တွန့်ဆုတ်ပြန်ရော။ “ဝမ်ယုက သမ္မာတရား မလိုက်စားဘူးလို့ ငါပြောရင် အဲဒါ ငါ့အသိစိတ်ကို ဆန့်ကျင်ရာ ရောက်မယ်။ ကိုယ့်အသိစိတ်ကို ဖိနှိပ်ပြီး အမှန်မပြောတာက ဘုရားသခင်ရှေ့မှောက်မှာ ပြစ်မှားခြင်း ဖြစ်မှာလေ။ ဒါပေမဲ့ သူ သမ္မာတရား လိုက်စားပါတယ်လို့ ငါပြောရင် လီကျင်းရဲ့အမြင်နဲ့ ကွဲလွဲနေမှာ။ ငါ့အပေါ် သူ တစ်မျိုးတစ်မည်ထင်ပြီး ငါ့ကို စစ်ဆေးရင် ငါအန္တရာယ်ရှိမှာ။ ငါ့ကိုယ်ငါ ဂရုစိုက်ပြီး ဒီအထဲ ပါမသွားအောင် နေတာ ပိုကောင်းမယ်” ပေါ့။ ဒီလိုနဲ့ ကျွန်မ ဒီစကားလုံးတွေကို ရေးချလိုက်တယ်။ “သူ့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး” ပေါ့။ ကျွန်မ တွေးမိတယ်။ “ဝမ်ယု သမ္မာတရား လိုက်စားလား၊ မလိုက်စားဘူးလားဆိုတာ လီကျင်း ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ဖို့ပဲလေ။ ငါကတော့ ကောက်ချက်ချမှာ မဟုတ်ဘူး” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မ တော်တော် ဉာဏ်ကောင်းတယ်လို့တောင် ထင်ခဲ့သေးတာ။ အဲဒီလိုနဲ့ပဲ ကျွန်မ သုံးသပ်ချက်ကို တင်လိုက်တယ်။ မကြာခင်မှာပဲ အကြောင်းပြချက်မသိရဘဲ ဝမ်ယုဟာ ဧဝံဂေလိတရားဟောတဲ့ သူ့တာဝန်ကနေ ဖယ်ရှားခံလိုက်ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ သူ နည်းနည်း အပျက်သဘောဆောင်ပြီး စကားသိပ်မပြောတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မ စိတ်ထဲ နည်းနည်း စိတ်မကောင်းဖြစ်ပေမဲ့ “ဒါ ငါတစ်ယောက်တည်းရဲ့ သုံးသပ်ချက်ကြောင့် ဖြစ်သွားတာ မဟုတ်ပါဘူး” လို့ တွေးမိပြီး ကိုယ့်ပြဿနာကို ကျွန်မ ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး။

ခဏကြာတော့ ဖယ်ရှားတဲ့အလုပ်နဲ့ပတ်သက်တဲ့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက် ရောက်လာတယ်။ ညီအစ်ကို မောင်နှမတချို့က ဖောက်ပြန်ပျက်စီးခြင်းတချို့ကို ထုတ်ဖော်မိရုံနဲ့ ရှင်းလင်းပစ်ခံလိုက်ရတာကို သူတို့ တွေ့သွားတယ်။ ဒါက ခရိုင်ခေါင်းဆောင် လီကျင်းနဲ့ ဖယ်ရှားတဲ့အလုပ် တာဝန်ခံတွေက စည်းမျဉ်းတွေအတိုင်း မဟုတ်ဘဲ စိတ်ထင်တိုင်း၊ တဇောက်ကန်း လုပ်ခဲ့တဲ့ ရလဒ်ပဲလေ။ အတည်ပြုစစ်ဆေးပြီးတဲ့နောက်မှာ မှားပြီး ရှင်းလင်းပစ်ခံရတဲ့ ဒီညီအစ်ကို မောင်နှမတွေကို အသင်းတော်ထဲ ပြန်လက်ခံလိုက်တယ်။ လီကျင်းကတော့ သူလုပ်ခဲ့တာတွေအတွက် နောင်တမရတဲ့အပြင် ပြန်တောင် ငြင်းခုံပြီး သူ့လုပ်ရပ်တွေ မှန်ကန်ကြောင်းပြဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူက အန္တိခရစ်အဖြစ် သတ်မှတ်ခံရပြီး နှင်ထုတ်ခံလိုက်ရတယ်။ ဖယ်ရှားတဲ့အလုပ် တာဝန်ရှိသူတချို့လည်း အဖြုတ်ခံလိုက်ရတယ်။ ဝမ်ယု အသင်းတော်ကို ပြန်ရောက်လာပြီးတဲ့နောက် စာနဲ့ပတ်သက်တဲ့ တာဝန်ကို တာဝန်ယူခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ဝမ်ယုက အဲဒီကာလအတွင်းက သူ့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို ဝေမျှခဲ့တယ်။ အစပိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ သူ့အပေါ်ထားတဲ့ သဘောထား ပြောင်းလဲသွားတာကို သတိထားမိလိုက်တည်းက သူ စစ်ဆေးခံနေရမှန်း သိခဲ့တယ်တဲ့။ နှစ်ပေါင်းများစွာ ယုံကြည်လာပြီးမှ အခုလို ရှင်းလင်းပစ်ခံရဖို့ ရင်ဆိုင်နေရတယ်၊ သူ့ရဲ့ ယုံကြည်ခြင်း ခရီးလမ်း အဆုံးသတ်တော့မယ်ဆိုတဲ့ အတွေးက သူ့ကို လုံးဝ မျှော်လင့်ချက်မဲ့စေတယ်၊ နာကျင်ပြီး ပူပန်သောကရောက်စေတယ်တဲ့။ သူ စားမဝင်၊ အိပ်မပျော်ဘူးတဲ့လေ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး ကြုံရတာ မတော်တဆ မဟုတ်မှန်း သူသိပြီး ကျိုးနွံနာခံဖို့၊ သင်ခန်းစာယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနားလည်ဖို့ စိတ်ဆန္ဒရှိခဲ့တယ်။ နောက်ပိုင်းမှာ သမ္မာတရားကို လက်မခံတာနဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတာတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ ကိုယ်ပိုင် လက္ခဏာတချို့ကို သူဆင်ခြင်သုံးသပ်ခဲ့တယ်။ အရင်က သူများတွေထက် သူ တာဝန်ပိုထမ်းဆောင်တယ်၊ သမ္မာတရားကို သူများတွေထက် ပိုနားလည်တယ်လို့ ထင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အတော်ဟုတ်တယ်လို့ အမြဲခံစားခဲ့ရတယ်တဲ့။ ညီအစ်ကို မောင်နှမတွေ တာဝန်ထမ်းဆောင်ရာမှာ လွဲချော်တာတွေ တွေ့ရင် သူတို့ကို အထင်တောင်သေးခဲ့တာလို့ သူပြောတယ်။ ဒီတစ်ခါသာ သူ့တာဝန်ကနေ အဖယ်ရှားမခံရရင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အမှန်တကယ် ဆင်ခြင်သုံးသပ်မိမှာ မဟုတ်ဘူးတဲ့။ ဒီလောက် ဖောက်ပြန်ပျက်စီးပြီး ပုန်ကန်တတ်နေမှတော့ ရှင်းလင်းပစ်ခံရရင်တောင် ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲဖြစ်ပြီး သူ တစ်စက်မှ မညည်းညူသင့်ဘူးလို့ ခံစားမိတယ် တဲ့။ သူ့မိတ်သဟာယကို ကြားရတော့ ကျွန်မ အကြာကြီး နေမထိထိုင်မထိ ဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် အပြစ်တင်မိတယ်။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “ဒီကာလအတွင်း ဝမ်ယု ခံစားခဲ့ရတဲ့ ဒုက္ခအတွက် ငါ့မှာ တစ်စိတ်တစ်ပိုင်း တာဝန်မရှိဘူးလား။ ဒီကိစ္စမှာ ငါ ဘယ်လို လုပ်ဆောင်ခဲ့သလဲ။ ငါ့ရဲ့ တကယ့်အတွေးတွေကို ငါ ဘာလို့ မရေးချခဲ့တာလဲ။ ‘သူ့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး’ ဆိုတဲ့ စကားလုံးတွေကို ငါ ဘာလို့ ရေးခဲ့တာလဲ။ ငါ့မှာ ဘာလို့ တရားမျှတစိတ် မရှိရတာလဲ။ ဒီလိုအပြုအမူမျိုးကို ဘုရားသခင်က ဘယ်လို သတ်မှတ်မလဲ” လို့ပေါ့။ ဒါတွေကို တွေးမိလိုက်တဲ့အချိန်မှာ ကျွန်မရင်ကို အပ်နဲ့ထိုးနေသလို ခံစားလိုက်ရတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဝမ်ယုက သမ္မာတရား မလိုက်စားတဲ့သူ မဟုတ်မှန်း သမီး ရှင်းရှင်းလင်းလင်း သိရက်နဲ့ သမီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့မိပါဘူး။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သမီးကို ထိန်းချုပ်နေတာပါလဲ။ အို ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သိနားလည်ဖို့ သမီးကို လမ်းပြတော်မူပါ” ပေါ့။

တစ်နေ့မှာ ကျွန်မကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အသင်းတော်တိုင်းတွင် လူ့အကြိုက်လိုက်သူအချို့ ရှိသည်။...ဤလူတို့သည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်လျက် လွယ်ကူသောဘဝကို အသက်ရှင်ရန်သာ ကြိုးစားကြသည်။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး အလွန်ပါးနပ်လွန်းကြသည်။ လူ့အဖွဲ့အစည်းတွင် ထိုသို့သောလူများ များစွာရှိသလော။ မည်သည့်နိုင်ငံရေးပါတီက အာဏာရှိသည်ဖြစ်စေ၊ မည်သူက ရာထူးလက်ကိုင်ရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်၊ မိမိတို့၏ လူမှုရေးဆက်ဆံမှုများကို အလွန်အောင်မြင်စွာ ၎င်းတို့ ကိုင်တွယ်နိုင်ကြပြီး သက်သောင့်သက်သာ အသက်ရှင်နေထိုင်ကြသည်။ မည်သည့်နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်သည်ဖြစ်စေ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ ဤသူတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ‘ကိုင်တွယ်ရခက်သော ငါးရှဉ့်များ’ နှင့် ‘မြွေအိုများ’အဖြစ် သိကြသည့် အလှည့်စားတတ်ဆုံးသော၊ အပါးနပ်ဆုံးသော လူများဖြစ်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်း တစ်စက်မျှမရှိဘဲ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ မည်သူပင် အာဏာရှိပါစေ ၎င်းတို့က ထိုသူတို့ကို ဖြည့်ဆည်းပေးသည်၊ မြှောက်ပင့်ကြသည်၊ ၎င်းတို့၏ ကောင်းကွက်များကို ချီးမွမ်းသီဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများကို ကာကွယ်ပေးခြင်းမှလွဲ၍ ဘာမျှမလုပ်သည့်အပြင် ၎င်းတို့ကို မည်သည့်အခါမျှ စိတ်အနှောင့်အယှက်မပေးကြပေ။ ၎င်းတို့၏ အထက်လူကြီးများက မည်မျှပင် ဆိုးယုတ်မှုကို ပြုသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာကို ဆန့်ကျင်ခြင်း သို့မဟုတ် ထောက်ခံခြင်း မပြုဘဲ မိမိတို့၏ အတွေးများကို စိတ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသည်။ မည်သူပင် အာဏာရှိသည်ဖြစ်စေ ၎င်းတို့သည် လူချစ်လူခင်ပေါများကြသည်။ စာတန်နှင့် နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို နှစ်သက်ကြသည်။ နတ်ဆိုးဘုရင်များသည် ဤလူစားမျိုးကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် နတ်ဆိုးဘုရင်များ၏ အမှုကိစ္စများကို မဖျက်ဆီးကြသည့်အပြင် သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မပြုသောကြောင့် ဖြစ်သည်။ ဤ လူစားမျိုးသည် စည်းကမ်းမဲ့ပြီး ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းမျဉ်းမရှိသည့်အပြင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုများနောက်သို့သာ လိုက်ကာ နတ်ဆိုးဘုရင်များ၏ ရှေ့မှောက်တွင် ဦးညွှတ်လျက် သူတို့၏ အကြိုက်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေကြသည်။ အသင်းတော်၌လည်း ထိုသို့သောလူများ ရှိသည်မဟုတ်လော။ ထိုသို့သောလူများသည် အောင်မြင်သောသူများ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်၏ စစ်သူရဲကောင်းများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံများ ဖြစ်ကြသလော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် ထကြွပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အခါ ထိုသို့သောလူများသည် ၎င်းတို့ကို ဆန့်ကျင်၍ စစ်ဖြစ်ရန်၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် စွန့်ပယ်ရန်၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို အဆုံးသတ်စေကာ ဘုရားသခင်အတွက် သက်သေခံရန် ထရပ်နိုင်ကြသလော။ လုံးဝ မပြုလုပ်နိုင်ကြပေ။ ဤကိုင်တွယ်ရခက်သော ငါးရှဉ့်များသည် ဘုရားသခင် စုံလင်အောင်ပြုမည့်သူများလည်းမဟုတ်၊ သူကယ်တင်မည့်သူများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အခါမျှ သက်သေမခံကြသကဲ့သို့ သူ့အိမ်တော်၏ အကျိုးစီးပွားများကိုလည်း မထိန်းသိမ်းကြပေ။ ၎င်းတို့ကို ဘုရားသခင် ရှုမြင်သည့်အတိုင်းဆိုရလျှင်၊ ဤလူတို့သည် သူ့နောက်သို့လိုက်သောသူများ သို့မဟုတ် သူ့ကို ကျိုးနွံနာခံသောသူများမဟုတ်ဘဲ ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်သောသူများ၊ စာတန်၏ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ သူ၏အမှုတော် ပြီးဆုံးသည့်အခါ သူဖယ်ရှားရှင်းလင်းမည့်သူများမှာ ၎င်းတို့ပင် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အသုံးမကျသူများကို တန်ဖိုးမထားပေ။ ၎င်းတို့၌ သမ္မာတရား သို့မဟုတ် အသက် မရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်သည့်အပြင် သူ၏ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန်လည်း မထိုက်တန်ပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ထိုသို့သောလူများကို လွယ်ကူစွာ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းကာ အသင်းတော်သည်လည်း ၎င်းတို့ကို မယုံကြည်သူများအဖြစ် ချက်ချင်း ရှင်းလင်းပစ်သင့်သည်။...ဤလူစားမျိုးများသည် စိတ်လှုပ်ရှားဖွယ်ရာကို ကြည့်ရှုရန်နှင့် ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်ရန်သာ ဘုရားအိမ်တော်ထဲသို့ စိမ့်ဝင်ကြသည်။ ၎င်းတို့၌ တရားမျှတစိတ်နှင့် တာဝန်သိစိတ် မရှိကြပေ။ ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေခြင်းကို ခံရသော လူကောင်းများအပေါ်၌ပင် ၎င်းတို့ စာနာမှု မရှိကြပေ။ ထိုသို့သောလူများကို နတ်ဆိုးများနှင့် စာတန်များဟု ခေါ်ဆိုခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ တရားမျှတစိတ်ရှိသူတစ်ဦးက ဆိုးယုတ်သောလူများကို ဖော်ထုတ်လျှင် ၎င်းတို့သည် ထိုသူကို အားပေးခြင်း သို့မဟုတ် ထောက်ခံခြင်းပင် ပြုကြလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလူတို့ကို မည်သည့်အခါမျှ မယုံကြည်နှင့်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ၊ ပုတ်သင်ညိုများ၊ မြွေအိုများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ရှင်းလင်းသော အလိုဆန္ဒ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၉)) ကောက်ကျစ်စဉ်းလဲသူတွေက ဘယ်သူ့အပေါ်မှ စိတ်ရင်းမမှန်ဘူး၊ သူတို့က လူလည်ကျပြီး လှည့်ဖြားတတ်သလို အရိပ်အကဲကြည့်တဲ့နေရာမှာ ကျွမ်းကျင်သူတွေဖြစ်တယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ပြထားတယ်။ သူတို့ရဲ့ ကျင့်ကြံပြုမူမှုမှာ စည်းမျဉ်း သို့မဟုတ် အနိမ့်ဆုံး စံနှုန်း မရှိသလို သူတို့က ယုံကြည်စိတ်ချလို့ မရဘူးတဲ့။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လိုက်တယ်။ “ဤလူတို့ကို မည်သည့်အခါမျှ မယုံကြည်နှင့်။ ၎င်းတို့သည် ကိုင်တွယ်ရခက်သော ငါးရှဉ့်များ၊ ပုတ်သင်ညိုများ၊ မြွေအိုများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ရှင်းလင်းသော အလိုဆန္ဒ ဖြစ်သည်။” ဒီစကားလုံးတွေက ကျွန်မရင်ကို စူးစူးရှရှ ထိုးနှက်သွားတယ်။ ကျွန်မက အဲဒီလိုလူစားမျိုး ဖြစ်နေတယ်လို့ ခံစားလိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဖောက်ပြန်ပျက်စီးခြင်းတချို့ကို ထုတ်ဖော်ရုံပဲရှိတဲ့ အဲဒီညီအစ်ကို မောင်နှမတွေကို လီကျင်း ရှင်းလင်းပစ်ပြီးတဲ့နောက် တစ်နေ့ကျရင် ငါလဲ ရှင်းလင်းပစ်ခံရမှာပဲလို့ စိုးရိမ်ခဲ့တာကို ကျွန်မ တွေ့လိုက်တယ်။ ဒါကြောင့် ကျွန်မ စပြီးတော့ အရိပ်အကဲကြည့်ခဲ့တာပေါ့။ လူတွေကို ရှင်းလင်းပစ်ရာမှာ လီကျင်းက စည်းမျဉ်းတွေကို မလိုက်နာမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သလို သူဖြန့်နေတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အရာတွေကို ကြားရတဲ့အခါ ကျွန်မစိတ်ထဲမှာ သံသယတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူရဲဘောကြောင်သူလို ပြုမူခဲ့တယ်၊ ဘာမှန်တယ်၊ ဘာမှားတယ်ဆိုတာကို မဝေဖန်ဘဲ ရှောင်နေခဲ့တယ်။ ဖယ်ရှားအလုပ်အကြောင်း တစ်ယောက်ယောက် ဆွေးနွေးနေတာ ကြားတိုင်း ခေါင်းစဉ်လွှဲလိုက်ပြီး သတိထား နှုတ်ဆိတ်နေတတ်တယ်။ လီကျင်းက ဝမ်ယုအကြောင်း သုံးသပ်ချက်ရေးခိုင်းတဲ့အခါ စည်းမျဉ်းတွေနဲ့အညီ ကျွန်မနားလည်သလို အခြေအနေမှန်တွေကို ချရေးမဲ့အစား ဝမ်ယုအပေါ်ထားတဲ့ လီကျင်းရဲ့အမြင်ကို ကျွန်မ ခန့်မှန်းဖို့ ကြိုးစားခဲ့တယ်။ ကျွန်မအမြင်နဲ့ သူ့အမြင် မတူရင် ကျွန်မပါ စစ်ဆေးခံရမှာကို ကြောက်ခဲ့တာ။ ဒါကြောင့် အလယ်အလတ်လမ်းစဉ်ကို ကျွန်မ လိုက်ခဲ့တယ်၊ ကောင်းတာတချို့၊ ဆိုးတာတချို့ ရေးခဲ့တယ်။ အဖြစ်အပျက်တွေရဲ့ ဖြစ်စဉ်ကိုပဲ ဖော်ပြရင်း ကိုယ့်အမြင်ကို မဖော်ပြဘဲ ဝမ်ယုဟာ ရှင်းလင်းပစ်ခံရမဲ့ ပစ်မှတ်မဖြစ်သင့်မှန်း ကျွန်မ ကောင်းကောင်း သိသလို လီကျင်းက လူတွေကို စစ်ဆေးပြီး ရှင်းလင်းပစ်ရာမှာ စည်းမျဉ်းတွေကို မလိုက်နာမှန်းလည်း သိတယ်။ ဒါပေမဲ့ အာဏာရှိသူကို ကျွန်မ ဖော်လံဖားခဲ့တယ်။ “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏” တို့၊ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍” တို့လို စာတန်ဆန်တဲ့ အတွေးအခေါ်တွေအတိုင်း ပြုမူခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မ အလယ်အလတ်လမ်းစဉ်ကို လိုက်ခဲ့တယ်၊ ဘယ်သူ့ကိုမှ မထိခိုက်အောင်၊ စိတ်မဆိုးအောင် ကြိုးစားခဲ့တယ်။ ပြီးတော့ သူ့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလို့ပဲ ပြောခဲ့တာ။ အဲဒီနည်းနဲ့ဆို ဝမ်ယုကို ရှင်းလင်းပစ်တာ မှားရင်တောင် အဲဒါက လီကျင်းရဲ့ တာဝန်ဖြစ်ပြီး ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူးလေ။ ကျွန်မ သိပ်ကို လူလည်ကျခဲ့တာပဲ။ ကျွန်မက ကိုင်တွယ်ရခက်တဲ့ ငါးရှဉ့်တစ်ကောင် ဖြစ်နေတာ မဟုတ်ဘူးလား။ သုံးသပ်ချက်ရေးတာလို သေးငယ်တဲ့ ကိစ္စလေးတစ်ခုမှာတောင် လူတိုင်း စိတ်ကျေနပ်အောင် လုပ်ဖို့ ကျွန်မ ခေါင်းခြောက်ခံပြီး ကြိုးစားခဲ့တယ်။ ကျွန်မ သိပ်ကို လူလည်ကျပြီး လှည့်ဖြားတတ်လိုက်တာ။ ကိုယ့်အကျိုးစီးပွားတစ်ခုခု ထိခိုက်မှာကို ရှောင်ဖို့အတွက် ဉာဏ်ဆင်ပြီး လှည့်ကွက်တွေ သုံးခဲ့တယ်၊ ကိုယ်တကယ် ထင်တာကို ဘယ်တော့မှ မပြောခဲ့ဘူး။ အဲဒီအစား မရေရာ၊ မရှင်းလင်းတာတွေကို ပြောခဲ့တယ်။ ဒါက စာတန် ပြောဆိုပုံနဲ့ ဘာကွာခြားလို့လဲ။ စာတန်ကို ဘုရားသခင်က မေးတုန်းက အကြောင်းကို ကျွန်မ တွေးမိတယ်။ “အသင် အဘယ်အရပ်က လာသနည်း။(ယောဘဝတ္ထု ၁:၇) စာတန်က ပြန်ဖြေတယ်၊ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” (ယောဘဝတ္ထု ၁:၇) ဘုရားသခင်ရဲ့ မေးခွန်းအပေါ် စာတန်ရဲ့ အဖြေက ဒွိဟဖြစ်စရာ ကောင်းပြီး အမှန်တရားကို နားလည်သဘောပေါက်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မလည်း အတူတူပဲ။ ဝမ်ယုက သမ္မာတရား လိုက်စားမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိသလို သမ္မာတရား လိုက်စားတဲ့ သူ့ရဲ့ လက္ခဏာတချို့ကိုတောင် ကျွန်မ ရေးခဲ့သေးတယ်၊ ဒါတောင်မှ “သူ့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး” ဆိုတာမျိုး ဒွိဟဖြစ်စရာကောင်းပြီး မရေရာတာတွေကို ပြောခဲ့တုန်းပဲ။ ကျွန်မ သိပ်ကို လူလည်ကျပြီး လှည့်ဖြားတတ်လိုက်တာ။ ဆင်ခြင်သုံးသပ်လေ၊ ကိုယ့်ကိုယ်ကိုယ် ပိုစက်ဆုပ်လေပဲ။ ဝမ်ယုကို မကြည့်ရဲလောက်အောင် ကျွန်မ သိပ်ကို ရှက်ပြီး သိက္ခာကျခဲ့တယ်။

ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်မှာ အယောင်ဆောင် ခေါင်းဆောင်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်၊ အဲဒါက ကျွန်မအခြေအနေနဲ့ တော်တော် သက်ဆိုင်နေတာ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အနည်းငယ် အစွမ်းအစရှိပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည့်အပြင်၊ လူအမျိုးမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့်ပတ်သက်၍ အနည်းငယ်သိသော အယောင်ဆောင်ခေါင်းဆောင်အချို့လည်း ရှိသေးသည်။ သို့သော်လည်း ၎င်းတို့သည် လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သောကြောင့်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည်ကို တွေ့ရှိသည့်အခါ၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြပြီး၊ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့ခံစားရသော ကိစ္စရပ်များကို မသိကျိုးကျွန်ပြုကြသည်။ အသင်းတော်အလုပ်၏ ရလဒ်များက မည်သို့ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုက မည်မျှထိခိုက်ခံရသည်ကိုဖြစ်စေ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ထိုသို့သောအရာများသည် ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍၊ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းအတောအတွင်းတွင်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်သည် ပုံမှန် ထိန်းသိမ်းခြင်းမခံရသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်များနှင့် အသက်ဝင်ရောက်မှုသည်လည်း ကာကွယ်ခြင်းမခံရပေ။ ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအယောင်ဆောင်ခေါင်းဆောင်များက၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် အလုပ်မလုပ်နိုင်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ လူ့သဘာဝ ညံ့ဖျင်းပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်နည်းလမ်းဖြင့် အယောင်ဆောင်ဖြစ်ကြသနည်း။ ၎င်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ထို့ကြောင့်၊ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အလုပ်လုပ်နေစဉ်ကာလအတောအတွင်းတွင်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်ကိစ္စက လုံးဝ ဖြေရှင်းခြင်းမခံရပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် ကြီးစွာထိခိုက်ခံရပြီး၊ အသင်းတော်၏အလုပ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို သတိပြုမိသည့်အခါ၊ ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်စေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ မိမိတို့၏ တာဝန်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပြီး မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း သိကြသော်လည်း၊ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြသည့်အပြင်၊ မသိချင်ယောင်ဆောင်ကြသည်။ လုံးဝ လျစ်လျူရှုပြီး၊ ထိုကိစ္စကို အထက်လူကြီးများထံသို့ တိုင်ကြားခြင်းမရှိပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို အသင်းတော်၏အလုပ်အား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ခွင့်ပြုလျက်၊ မည်သည့်အရာမျှ မသိသည့်အပြင်၊ မည်သည့်အရာမျှ မမြင်သယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့နှင့် တစ်ဂိုဏ်းတည်း မဟုတ်လော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်စည်းမျဉ်းကို ၎င်းတို့ ခံယူကျင့်သုံးကြသနည်း။ ‘ငါ့ကြောင့် အနှောင့်အယှက်၊ အဖျက်အဆီးတွေ မဖြစ်ဘူး။ ဒါပေမဲ့ စိတ်မကျေမနပ်ဖြစ်စေတဲ့ အရာ၊ သူများတွေရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်တဲ့အရာ ဘာကိုမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို အယောင်ဆောင်ခေါင်းဆောင်လို့ သတ်မှတ်လိုက်။ စိတ်မကျေမနပ်ဖြစ်စေမယ့်အရာ ဘာကိုမှ ငါ လုပ်ဦးမှာမဟုတ်ဘူး။ ငါ့အတွက် လွတ်လမ်းတစ်ခုကို ငါချန်ထားဖို့လိုတယ်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ တွေးခေါ်မှုစနစ် ဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည် မဟုတ်လော။ ဤသို့သောသူသည် ဘုရားသခင်၏ စေခိုင်းချက်အပေါ် သူ၏ သဘောထားတွင် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဉာဏ်များပြီး မယုံကြည်ရပေ။ မနှစ်မြို့ဖွယ် မျှော်ကိုးမှုများစွာရှိပြီး၊ အရာရာတွင် မိမိတို့ကိုယ်ကိုအတွက် စဉ်းစားကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အနည်းငယ်မျှပင် မစဉ်းစားဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားလုံးဝ မရှိပေ။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အခြေခံအားဖြင့် မထိုက်တန်ပေ။ ထိုသို့သောလူများသည် အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ဝန်တာ အနည်းငယ်မျှ မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပျော်ရွှင်မှုကိုသာ ဂရုစိုက်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက မည်သို့သောအခြေအနေတွင် ရှိသည်ကို မည်သည့်ပူပန်မှုမျှမရှိဘဲ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအပေါ်တွင်သာ အဓိကအာရုံစိုက်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့် စက်ဆုပ်ဖွယ် အကောင်းဆုံးသောလူ မဟုတ်လော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်အား နှောင့်ယှက်နေသည်ကို ၎င်းတို့ တွေ့ရှိသည့်အခါတွင်ပင်၊ ဤကိစ္စရပ်များသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဘိသည့်အလား၊ အာရုံမစိုက်ကြပေ။...အပြီးသတ်ဖို့ရန်အတွက် ဤလူမျိုးကို ငါ အဓိပ္ပာယ်သတ်မှတ်မည်။ ၎င်းတို့က ကြီးမားသောအမှားတစ်ခုခုကို လုပ်ကောင်းလုပ်မည်မဟုတ်သော်လည်း၊ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည်။ မည်သည့်တာဝန်ကိုမျှ လုံးဝ မယူသကဲ့သို့ အသင်းတော်အလုပ်ကိုလည်း လုံးဝ မထိန်းသိမ်းပေ။ ၎င်းတို့သည် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်အမျိုးအစားတစ်ခုဖြစ်နေသကဲ့သို့ ငါ ခံစားရသည်။ ကောက်ကျစ်စဉ်းလဲရာတွင် ၎င်းတို့သည် မြေခွေးကဲ့သို့ အနည်းငယ် ဆင်တူသည်။ မြေခွေးများသည် ကောက်ကျစ်စဉ်းလဲသည်ဟု လူတို့ ဆိုကြသော်လည်း၊ အမှန်တကယ်တွင် ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ ကောက်ကျစ်စဉ်းလဲကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀)) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ချိန်ဆကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုတချို့ ကျွန်မ ရခဲ့တယ်။ သုံးသပ်ချက်ထဲမှာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလို့ ကျွန်မ ဘာလို့ ရေးခဲ့တာလဲ။ ကျွန်မ တကယ် မမြင်နိုင်လို့လား။ မဟုတ်ပါဘူး။ လီကျင်း လူတွေကို စစ်ဆေးတာမှာ လွဲချော်မှုတွေ ရှိတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သလို ဝမ်ယုက ဖောက်ပြန်ပျက်စီးခြင်းတချို့ကို ထုတ်ဖော်ရုံပဲရှိပြီး သန့်စင်ခံရမဲ့ ပစ်မှတ် မဖြစ်သင့်မှန်းလည်း မြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အမှုပတ်ပြီး စစ်ဆေးခံရမှာ ကြောက်လို့ အမှန်အတိုင်း မပြောရဲခဲ့ဘူး။ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ ကိစ္စတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ တစ်ခွန်းမှ မပြောရဲခဲ့ဘူး။ ကျွန်မမှာ တရားမျှတစိတ် မရှိခဲ့ဘူး။ ကျွန်မရဲ့ သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းမှန်း၊ လူလည်ကျပြီး လှည့်ဖြားတတ်မှန်း၊ ပြီးတော့ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မှန်း ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင်က ရိုးသားတဲ့သူတွေကို ဘာလို့ နှစ်သက်သလဲဆိုတာ ကျွန်မ တွေးမိတယ်။ ရိုးသားတဲ့သူတွေက စိတ်သဘောထား ကောင်းမွန်ပြီး ဖြောင့်မတ်ကြလို့လေ။ သူတို့ရဲ့ စကားတွေ၊ လုပ်ရပ်တွေမှာ သူတို့က မျှတပြီး မှန်ကန်တယ်၊ သူတို့မှာ တရားမျှတစိတ် ရှိတယ်၊ ကိုယ့်အကျိုးစီးပွားကို မစဉ်းစားသလို အာဏာ ဒါမှမဟုတ် အဆင့်အတန်းကို မကြောက်ကြဘူး။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့နဲ့ မှန်ကန်တာကို ကာကွယ်ဖို့ သူတို့ မားမားမတ်မတ် ရပ်တည်နိုင်ကြတယ်။ အဲဒီလိုလူတွေက လူ့သဘာဝနဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ အပြုအမူတွေမှာ ရိုးသားတဲ့လူတစ်ယောက်ရဲ့ ပုံသဏ္ဌာန် နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ကျွန်မက သူများတွေကို လုံးဝ ဂရုမစိုက်ဘဲ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ တွေးခဲ့တယ်။ ဝမ်ယု သူ့တာဝန်ကနေ ဖယ်ရှားခံရပြီး ခံစားနေရတာကို ကျွန်မ မြင်ရက်နဲ့ လျစ်လျူရှုခဲ့တယ်၊ ကြင်နာမှု သို့မဟုတ် စာနာမှု နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတယ်။ “ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးယုတ်သူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် နေထိုင်ရန် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းခြင်း) ဘုရားသခင်က သန့်ရှင်းတယ်၊ ပြီးတော့ ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားရှိတဲ့ ဘယ်သူ့ကိုမဆို သူ့အိမ်တော်မှာ ကျန်ရှိနေတာကို သူ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။ အရင်တုန်းက ဘုရားနှုတ်ကပတ်တော်ထဲက “မြေခွေးတွေ” ဆိုတာ ဘာကို ရည်ညွှန်းမှန်း ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်တွေရဲ့ ဖော်ထုတ်ချက်ကနေတစ်ဆင့် ကျွန်မရဲ့ သဘာဝက သစ္စာမရှိဘဲ လူလည်ကျပြီး ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်တဲ့ “မြေခွေး” ဆိုတဲ့ လူစားမျိုး အတိအကျ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီတော့မှ လူ့ဆင်ခြင်တုံတရား ကင်းမဲ့နေတဲ့ ကိုယ့်ရဲ့ ရုပ်ဆိုးတဲ့ ဝိညာဉ်ကို ကျွန်မ မြင်တော့တယ်။ ကျွန်မ ရှက်ပြီး သိက္ခာကျသလို ခံစားရပြီး မျက်နှာ ဘယ်နား သွားထားရမှန်း မသိတော့သလို ဖြစ်သွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ကို သမီး ယုံကြည်ပေမဲ့ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သမီးရဲ့ လုပ်ရပ်တွေက ကိုယ်တော်ရဲ့ နာမတော်ကို အရှက်ရစေခဲ့ပါတယ်။ အို ဘုရားသခင်၊ သမီး နောင်တရပြီး စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်လိုပါတယ်။ သမီးကို လမ်းပြတော်မူပါ” ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော’ ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။...ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များကသမ္မာတရားနှင့် မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်၊ ဘယ်အဆင့် ခေါင်းဆောင်ကမှ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိတာ မဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်တွေက သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီရင် ကျွန်မတို့ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က စည်းမျဉ်းတွေအတိုင်း မလုပ်ဘဲ သမ္မာတရားကို ချိုးဖောက်ရင် ကျွန်မတို့က သမ္မာတရား စည်းမျဉ်းတွေကို ထိန်းသိမ်းကာကွယ်ပြီး သူတို့ကို ဖော်ထုတ်ပြီး တားဆီးသင့်တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့က ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ခေါင်းဆောင်တစ်ယောက် စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး လုပ်နေတာ တွေ့တဲ့အခါ ကျွန်မက ဘေးကြည့်ပရိတ်သတ် မဖြစ်သင့်ဘူး။ သမ္မာတရားနဲ့ တရားမျှတမှုကို ထိန်းသိမ်းသင့်တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သတ္တိရှိပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တယ်။ အဲလိုမဟုတ်ရင် ကျွန်မက သူရဲဘောကြောင်သူနဲ့ အသုံးမကျတဲ့သူ တစ်ယောက်ပဲ ဖြစ်မှာ။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းများစွာ ကြာတာတောင် ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးတယ်ဆိုတာကို ကျွန်မ မယုံကြည်ခဲ့သေးဘူး။ ဘုရားသခင်အပေါ် ကျွန်မမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ခဏတာ ပြစ်မှားခြင်း ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းကြောင့် ညီအစ်ကို မောင်နှမတွေ ရှင်းလင်းပစ်ခံရတာကို မြင်တဲ့အခါ ခေါင်းဆောင်တွေက လူတစ်ယောက်ရဲ့ အလားအလာ၊ ကံကြမ္မာ၊ အဆုံးသတ်နဲ့ ပန်းတိုင်ကို ဆုံးဖြတ်နိုင်တယ်လို့ ကျွန်မ မှားယွင်းယုံကြည်ခဲ့တယ်။ ကျွန်မ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ လီကျင်းက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြသချက် တချို့ကို ကိုင်ပြီး ကျွန်မကို ရှင်းလင်းပစ်မှာ၊ ကျွန်မရဲ့ ကယ်တင်ခံရမယ့် မျှော်လင့်ချက်ကို ဖျက်ဆီးပစ်မှာကို ကျွန်မ အရမ်းကြောက်ခဲ့တယ်။ နှုတ်ဖျားနဲ့ပဲ ဘုရားကို ယုံကြည်တယ်လို့ ပြောပြီး ကျွန်မစိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာ မရှိခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်ကို ကျွန်မရဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့ အချုပ်အခြာအာဏာပိုင်ရှင်အဖြစ် ကျွန်မ မှားယွင်းဆက်ဆံခဲ့ပြီး အာဏာနဲ့ အဆင့်အတန်းကို တခြားအရာအားလုံးထက် ပိုမြင့်မြတ်တယ်လို့ မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ယုံကြည်ဖို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနိုင်ခဲ့ဘူး။ ကျွန်မ သိပ်ကို မိုက်မဲပြီး ကန်းနေခဲ့တာ၊ တကယ့်ကို နားဝေတိမ်တောင်ဖြစ်တဲ့သူပါပဲ။ တကယ်တော့ ဘယ်မကောင်းမှုပြုသူကမှ ဘုရားအိမ်တော်မှာ ခိုင်ခိုင်မြဲမြဲ မရပ်တည်နိုင်ပါဘူး။ အနှေးနဲ့ အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပါ။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်၊ လူကောင်းတစ်ယောက်ကို သူ မတရားမလုပ်ဘူး၊ လူဆိုးတစ်ယောက်ကိုလည်း သူ အလွတ်မပေးဘူး။ ဘုရားအိမ်တော်မှာ မကောင်းမှု အများကြီး ပြုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တဲ့သူ ဘယ်သူမဆို ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ သာမန်ယုံကြည်သူပဲဖြစ်ဖြစ် နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပါ။ ဒါပေမဲ့ သမ္မာတရား လိုက်စားတဲ့သူတွေကျတော့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကြောင့် ခဏတာ မှားပြီး ရှင်းလင်းပစ်ခံရရင်တောင် သူတို့ရဲ့ ကယ်တင်ခံရမယ့် မျှော်လင့်ချက် ပျောက်ဆုံးသွားတယ်လို့ မဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကို တကယ် ယုံကြည်ပြီး သမ္မာတရား လိုက်စားသူတွေက သူတို့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ပါစေ ဘုရားသခင်ကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူး၊ ဝေးရာကို ထွက်သွားမှာ မဟုတ်လို့ပါ။ သူတို့ ရှင်းလင်းပစ်ခံရရင်တောင် ဘုရားသခင်ကို ဆက်ယုံကြည်မယ်၊ သူတို့တာဝန်တွေ ထမ်းဆောင်မယ်၊ သင်ခန်းစာယူဖို့ သမ္မာတရားကို ရှာဖွေကြမှာပါ။ အဆုံးမှာ အသင်းတော်က သူတို့ကို ပြန်လက်ခံဦးမှာပဲ။ သူတို့အပေါ် ဘေးအန္တရာယ်တွေ ကျရောက်ရင်တောင် သူတို့မှာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိမှာပါ။ လူတစ်ယောက်စီတိုင်းရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီး ဘယ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမှ လုံးဝ မူတည်တာမျိုးမရှိတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီအတွေ့အကြုံက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို စစ်မှန်တဲ့ နားလည်သဘောပေါက်မှုနဲ့ တန်ဖိုးထားမှု ကျွန်မကို ပေးခဲ့တယ်။ ဒီထက်ပိုတာက ကျွန်မ ဘယ်လောက် ချွတ်ခြုံကျပြီး သနားစရာကောင်းလဲဆိုတာ၊ သမ္မာတရား လက်တွေ့ကျမှု တစ်ခုမှ မရှိခဲ့ဘူးဆိုတာကို မြင်လိုက်ရတယ်။ အဖြစ်အပျက်လေးတစ်ခုက ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ လူ့သဘာဝကို အပြည့်အဝ ထုတ်ဖော်ပြခဲ့ပြီး ကျွန်မရဲ့ စရိုက်က ဘယ်လောက် နိမ့်ကျလဲဆိုတာ၊ ကိုယ့်အကျိုးစီးပွားအတွက် ဒီလို စက်ဆုပ်စရာကောင်းတဲ့အရာကို လုပ်နိုင်တယ်ဆိုတာ ပြသခဲ့တယ်။ သမ္မာတရား မလိုက်စားဘဲ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ လူသားပုံသဏ္ဌာန် တစ်စက်မှ မရှိဘဲ အသက်ရှင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်မ နောင်တရပြီး ဘုရားသခင်ဆီကို စိတ်ထက်ထက်သန်သန်နဲ့ ဆုတောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသတ်မှတ်ချက်တွေအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်ပြီး လူတွေရဲ့ အဆုံးသတ်တွေကို ဘုရားသခင် ဘယ်လိုဆုံးဖြတ်သလဲဆိုတာနဲ့ပတ်သက်တဲ့ နားလည်သဘောပေါက်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နောက်ဆုံးသောကာလ ဘုရားသခင်၏ အလုပ်တွင် သူသည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များအပေါ် မူတည်၍ အဆုံးအဖြတ်ပေးသည်။ ဤတွင် ‘သရုပ်သကန်များ’ ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းကြောင်း သင်တို့သိသလော။ သရုပ်သကန်များသည် အမှုအရာများကို လုပ်ဆောင်စဉ် လူတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရည်ညွှန်းသည်ဟု သင်တို့ ထင်ကောင်းထင်နိုင်‌သော်လည်း၊ ယင်းမှာ ဤအရာက အမှန်တကယ် ဆိုလိုသည့်အရာ မဟုတ်ပေ။ ဤနေရာ၌ သရုပ်သကန်များဟူသည်မှာ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ သင်၏ တာဝန်ထမ်းဆောင်စဉ် သစ္စာစောင့်သိနိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်၊ ဘုရားသခင်အပေါ် သင်၏ သဘောထား၊ အခက်အခဲများကို ခံစားဖို့ သင်၏ စိတ်ပိုင်းဖြတ်ချက်တို့ကို ဆိုလိုသည်။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းအား လက်ခံခြင်းအပေါ် သင်၏ သဘောထားကို ဆိုလိုသည်။ သင်ကျူးလွန်ထားသည့် ကြီးလေးသော ပြစ်မှားခြင်းအရေအတွက်နှင့် နောက်ဆုံးတွင် သင် နောင်တတရားနှင့် အသွင်ပြောင်းလဲခြင်းကို ရရှိသည့်အတိုင်းအတာတို့ကို ဆိုလိုသည်။ ဤအရာများအားလုံး ပေါင်းလိုက်လျှင် သင်၏ သရုပ်သကန်များကို ဖန်တီးလေသည်။ ဤနေရာတွင် သရုပ်သကန်များဟူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဘယ်မျှကို သင်ထုတ်ဖော်ပြီးဖြစ်သည် သို့မဟုတ် မကောင်းသော အရာများ အဘယ်မျှကို သင်ပြုလုပ်ပြီးဖြစ်သည်ကို မရည်ညွှန်းဘဲ ရလဒ်များ အဘယ်မျှကို သင်ရရှိထားသည်နှင့် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် စစ်မှန်သောပြောင်းလဲမှု အဘယ်မျှကို သင်ကြုံရပြီးဖြစ်သည်ကို ရည်ညွှန်းသည်။ အကယ်၍ လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏သဘာဝက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်ပြီးဖြစ်သည် ဟူသည့်အပေါ် အဆုံးအဖြတ်ပေးခဲ့ပါက မည်သူမျှ ကယ်တင်ခြင်း ရရှိနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများအားလုံးသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသည်၊ ၎င်းတို့အားလုံး၌ စာတန်ဆန်သော သဘာဝရှိကြသည်၊ ထို့ပြင် ၎င်းတို့အားလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ဘုရားသခင်က သမ္မာတရားကို လက်ခံနိုင်ပြီး သူ၏ အလုပ်အား ကျိုးနွံနာခံနိုင်သော လူတို့ကို ကယ်တင်လိုသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်သည်ဖြစ်စေ နောက်ဆုံးတွင် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ စစ်မှန်သော နောင်တတရားကို ရရှိနိုင်ခြင်းနှင့် စစ်မှန်သော ပြောင်းလဲမှုကို ကြုံနိုင်ခြင်းတို့ ရှိသရွေ့ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောလူတို့ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို သူ ဘယ်လောက် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်တယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘဲ ထုတ်ဖော်ပြီးနောက်မှာ သူ့မှာ စစ်မှန်တဲ့ နောင်တရခြင်းနဲ့ ပြောင်းလဲခြင်း ရှိ၊ မရှိကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ လူတစ်ယောက်က ဖောက်ပြန်ပျက်စီးခြင်း ဘယ်လောက်ပဲ ထုတ်ဖော်ပါစေ၊ သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်စွာ နောင်တရသရွေ့ ကယ်တင်ခံရမှာပါ။ ဘုရားသခင်က လူကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ ကယ်တင်ပါတယ်။ ဘုရားသခင်နောက်လိုက်တဲ့အခါ ကျွန်မတို့ တစ်ယောက်စီတိုင်းက ဖောက်ပြန်ပျက်စီးခြင်း အများကြီးကို ထုတ်ဖော်ကြမှာပါ။ ကျွန်မတို့ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးခြင်း ပမာဏအပေါ် အခြေခံပြီး ကျွန်မတို့ရဲ့ အဆုံးသတ်တွေကို ဘုရားသခင် ဆုံးဖြတ်မယ်ဆိုရင် ကျွန်မတို့ထဲက ဘယ်သူမှ ကယ်တင်ခံရနိုင်မှာ မဟုတ်ပါဘူး။ ကိစ္စတွေ ကြုံရတုန်းက ကျွန်မ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ သုံးသပ်ချက်ရေးတုန်းက ဝမ်ယုရဲ့ အပြုအမူဟာ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြသမှု ဖြစ်ပြီး သူဟာ စစ်ဆေးခံရမဲ့ ပစ်မှတ် မဖြစ်သင့်မှန်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်ကို စိတ်ဆိုးအောင်လုပ်မိမှာ ကြောက်ပြီး ကျွန်မအမြင်ကို မပြောရဲခဲ့ဘူး။ ကျွန်မရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်အတွက် သူများတွေ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်ခဲ့ဘဲ ဘုရားသခင် ရှေ့မှောက်မှာ ပြစ်မှားခြင်းနဲ့ အစွန်းအထင်းတစ်ခု ချန်ထားခဲ့တယ်။ ဒါတွေကို တွေးမိတော့ လှည့်ဖြားတတ်တဲ့ ကျွန်မရဲ့ သဘာဝအတိုင်း ဆက်အသက်မရှင်တော့ဖို့ ကျွန်မစိတ်နှလုံးထဲမှာ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်အတောအတွင်းမှာ ကျွန်မရဲ့ လူလည်ကျပြီး လှည့်ဖြားတတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘယ်လို ဖယ်ရှားရမလဲဆိုတာ တွေးတောဆင်ခြင်ခဲ့တယ်။ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့အတွက် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “ဘုရားသခင်ကို ယုံကြည်ရန်နှင့် အသက်တာ၌ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာနှင့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်ရမည်၊ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ထိုက်တန်ပြီး တန်ဖိုးရှိသည်ဟု သ‌ဘောထားခြင်း ခံရမည်ဖြစ်သည်။ သင်၏ အကျင့်စာရိတ္တနှင့် တည်ကြည်မှုတွင် အနှစ်သာရရှိသည်၊ သင်သည် သင်ကတိထားသမျှ လုပ်ဆောင်ပြီး မိမိ၏စကားအတိုင်း တည်သည်ဟု လူတို့ ခံစားရမည်ဖြစ်သည်။...ဂုဏ်သိက္ခာရှိသည့် လူတို့အားလုံး၌ ကိုယ်ရည်ကိုယ်သွေး အတိုင်းအတာတစ်ခု ရှိကာ တစ်ခါတစ်ရံ အခြားသူများနှင့် အဆင်မပြေသော်လည်း ရိုးသားကြသည့်အပြင် ထိုသူတို့အပေါ် ယုံမှားစေခြင်း သို့မဟုတ် လိမ်လည်လှည့်စားမှု မရှိပေ။ အခြားသူများက အခြေခံအားဖြင့် သူတို့ကို လေးစားသမှု ပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ရိုးသားသည်၊ ဂုဏ်သိက္ခာ၊ တည်ကြည်မှုနှင့် အကျင့်စာရိတ္တ ရှိကြသည်။ သူတို့သည် အခြားသူများကို မည်သည့်အခါမျှ အခွင့်အရေးမယူကြ။ လူတို့ ဒုက္ခရောက်သောအခါ ကူညီကြသည်။ လူတို့ကို အသိတရားနှင့် အသိစိတ်ဖြင့် ဆက်ဆံကြပြီး သူတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှောင်တခင် ထင်မြင်ချက် မပေးကြပေ။ အခြားလူတို့နှင့်ပတ်သက်၍ အကဲဖြတ်သောအခါ သို့မဟုတ် ဆွေးနွေးသောအခါ ဤသူတို့ပြောသမျှက တိကျမှန်ကန်သည်။ သူတို့သိသည့်အရာကို ပြောပြီး မသိသည့်အရာကို ပါးစပ်မသရမ်းကြပေ။ ကွန့်ညွန့်၍ စကားမပြောဘဲ သူတို့၏ စကားများကို အထောက်အထား သို့မဟုတ် ထောက်ခံချက်အဖြစ် အသုံးချနိုင်သည်။ တည်ကြည်မှုကို ပိုင်ဆိုင်သောသူတို့သည် စကားပြောပြီး ပြုမူလုပ်ဆောင်သောအခါ အတော်ပင် လက်တွေ့ကျပြီး ယုံကြည်စိတ်ချ၍ရသည်။ တည်ကြည်မှုမရှိသော လူတို့ကို မည်သူမျှ တန်ဖိုးရှိသည်ဟု မသတ်မှတ်ပေ။ သူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာကို မည်သူမျှ အာရုံမစိုက်၊ သို့မဟုတ် သူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို အရေးကြီးသည်ဟု သဘောမထားသည့်အပြင် သူတို့ကို မည်သူမျှ မယုံကြည်ပေ။ ဤသည်မှာ သူတို့က မုသားအမြောက်အမြား ပြောပြီး ရိုးသားသောစကား အလွန်နည်းပါးစွာ ပြောသောကြောင့်၊ ယင်းမှာ သူတို့သည် လူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သို့မဟုတ် ထိုသူတို့အတွက် တစ်စုံတစ်ခု ပြုလုပ်သောအခါ ရိုးသားမှန်ကန်မှု ကင်းမဲ့သောကြောင့် ဖြစ်ကာ လူတိုင်းကို လိမ်လည်လှည့်စားပြီး ကျီစားဖို့ ကြိုးစားပြီး သူတို့ကို မည်သူမျှ မနှစ်သက်ပေ။ သင်တို့၏အမြင်၌ ယုံကြည်စိတ်ချ၍ရသောသူ တစ်စုံတစ်ဦးကို သင်တို့တွေ့ဖူးသလော။ သင်တို့သည် မိမိတို့ကိုယ်ကို အခြားလူတို့၏ ယုံကြည်မှုရထိုက်သည်ဟု ထင်သလော။ အခြားလူတို့က သင်တို့ကို ယုံကြည်နိုင်သလော။ အကယ်၍ လူတစ်ဦးက အခြားလူတစ်ဦး၏ အခြေအနေအကြောင်း သင့်အား မေးလျှင် သင်သည် ထိုသူကို သင့်ကိုယ်ပိုင် စိတ်ဆန္ဒအတိုင်း တန်ဖိုးဖြတ်ခြင်းနှင့် အကဲဖြတ်ခြင်း မပြုသင့်ပေ။ သင်၏ စကားများသည် တကယ်ဖြစ်ရမည်၊ မှန်ကန်တိကျရမည်ဖြစ်ပြီး အချက်အလက်နှင့် ကိုက်ညီရမည်။ သင် အမှန်တကယ် နားလည်သော မည်သည့်အရာကိုမဆို ပြောပြသင့်ပြီး သင် ထိုးထွင်းအမြင်မရှိသော အရာများအကြောင်း မပြောသင့်ပေ။ ထိုသူ့အပေါ် တရားမျှတမှု ရှိရမည်။ ယင်းမှာ စိတ်ချယုံကြည်ရသော ပြုမူလုပ်ဆောင်နည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ရင်း ကျွန်မတို့ အသက်ရှင်နေထိုင်ဖို့ ဘုရားသခင် လိုလားတဲ့ ပုံမှန် လူ့သဘာဝဆိုတာ ကျွန်မတို့မှာ တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိပြီး အချက်အလက်တွေအပေါ် အခြေခံပြီး ပြောဆိုတာ၊ ချဲ့ကားတာမျိုး ဒါမှမဟုတ် လျှော့ပေါ့တာမျိုး မရှိတာ၊ ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေမှာ တာဝန်ယူမှုရှိတာ ဖြစ်မှန်း ကျွန်မ နားလည်လာခဲ့တယ်။ အဲဒီလိုလူတွေက ရိုးသားပြီး စိတ်ထားကောင်းမွန်ကြတယ်၊ သူတို့က ဉာဏ်နီဉာဏ်နက်သုံးတာ သို့မဟုတ် လှည့်ကွက်တွေ သုံးတာ ဘယ်တော့မှ မလုပ်ဘူး၊ လူတွေ၊ ကိစ္စရပ်တွေအပေါ် ရိုးသားစစ်မှန်တဲ့ သဘောထား ရှိပြီး သူတို့ကို ယုံကြည်စိတ်ချလို့ ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘယ်လို ကျင့်ကြံပြုမူရမလဲဆိုတဲ့ ဦးတည်ချက်တစ်ခု ကျွန်မ ရှာတွေ့ခဲ့တယ်။ ဘုရားသတ်မှတ်ချက်တွေနဲ့အညီ ကျွန်မ ရိုးရိုးသားသား ပြောဆို၊ ပြုမူသင့်မှန်း၊ သူများတွေ ယုံကြည်စိတ်ချရသူ ဖြစ်ဖို့နဲ့ ဘုရားသခင် စိတ်ချရသူ ဖြစ်ဖို့ လိုမှန်း ကျွန်မ သိခဲ့တယ်။ ကိုယ့်အမြင်ကို ဖော်ပြဖို့ လိုအပ်တဲ့အခါ အမှန်တရားကို ပြောပြီး တခြားသူတွေကို ကျွန်မရဲ့ တကယ့်အမြင်တွေ၊ အတွေးတွေ သိစေသင့်တယ်။

အဲဒီနောက်ပိုင်းမှာ ကျွန်မတာဝန်နဲ့ပတ်သက်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်တဲ့ သွင်ပြင်မှာ သမ္မာတရားထဲကို ဝင်ရောက်ဖို့ ကျွန်မ အာရုံစိုက်လာတယ်။ တစ်ခါတော့ ကျွန်မရဲ့ အဖွဲ့သားနှစ်ယောက်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးက မေးလာတယ်၊ ပြီးတော့ သူတို့ မသင့်တော်ရင် အချိန်မီ အလုပ်တာဝန်ပြောင်းဖို့ လိုတယ်လို့ ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒီနှစ်ယောက် အခုတလော သူတို့တာဝန်တွေမှာ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာ ကြီးကြပ်ရေးမှူးလည်း အကြမ်းဖျင်း သိမှာပါ။ ငါ့အမြင်က သူ့အမြင်နဲ့ မတူရင် ငါ့မှာ ပိုင်းခြားသိမြင်မှု မရှိဘူး၊ လူတွေ သို့မဟုတ် ကိစ္စရပ်တွေကို ဘယ်လိုရှုမြင်ရမလဲဆိုတာ မသိဘူးလို့ သူပြောမှာ မဟုတ်လား။ ငါ့မှာ အစွမ်းအစ ညံ့ပြီး အဖွဲ့ခေါင်းဆောင် ဖြစ်ဖို့ မသင့်တော်ဘူးလို့ သူ ပြောမလား။ ထားလိုက်ပါတော့။ ငါ ဘာမှ မပြောတာ ပိုကောင်းမယ်။ ဒါမှမဟုတ် သိပ်မခွဲခြားတတ်သေးဘူးလို့ပဲ ပြောလိုက်မယ်လေ” ပေါ့။ အဲဒီအခိုက်အတန့်မှာ ကျွန်မ လှည့်ဖြားဖို့ ထပ်ကြိုးစားနေမှန်း သတိပြုမိလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတယ်။ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဖတ်ပြီးတဲ့နောက် ကျွန်မ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး လှည့်ဖြားတာမျိုး ထပ်မလုပ်ချင်တော့ပါဘူး။ သမီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်၊ သမီး မြင်ခဲ့တာကို အမှန်အတိုင်း ချရေးပြီး ကိုယ့်အမြင်ကို ဖော်ပြရမယ်” ပေါ့။ ရေးပြီးတာနဲ့ ကြီးကြပ်ရေးမှူးဆီ ပို့လိုက်တော့ ကျွန်မစိတ်နှလုံး လုံးဝ ငြိမ်းချမ်းသွားတယ်။ အဲဒီအချိန်ကစပြီး သုံးသပ်ချက်ရေးရတိုင်း အမှန်တရားကို ပြောပြီး ကျွန်မမြင်ခဲ့တဲ့ ပြဿနာတွေနဲ့ ကိုယ့်အမြင်တွေကို သစ္စာရှိရှိ ချရေးခဲ့တယ်။ ဒီလို အပြောင်းအလဲနဲ့ အကျိုးကျေးဇူး နည်းနည်း ရရှိနိုင်တာက ဘုရားနှုတ်ကပတ်တော်ကြောင့် ရရှိတဲ့ ရလဒ်ပါပဲ။ ဘုရားကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၅၇။ ကျွန်ုပ်၏ သားအပေါ် ကျွန်ုပ်၏ အကြွေးတင်သည့် ခံစားချက်များကို လက်လွှတ်လိုက်သည်

နောက်တစ်ခုသို့- ၅၉။ အသက်ကြီးတဲ့ ကျွန်မ တာဝန်ကောင်းကောင်း မထမ်းဆောင်နိုင်မှာကို မစိုးရိမ်တော့ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။