ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဦးစွာ ဓမ္မတေးတစ်ပုဒ်ကို သီဆိုကြပါစို့- ကောင်းကင်နိုင်ငံတော်သီချင်း (၁) နိုင်ငံတော် မြေကြီးပေါ် ဆင်းသက်လာပြီ။

အတွဲအဖက်- လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏။

၁ လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် ငါ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။

၂ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ ကောင်းကင်၏ ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် ငါ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။

၃ ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။

—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ဤသီချင်းကို သင်တို့သီဆိုသည့် အချိန်တိုင်း မည်သည့်အရာကို ဆင်ခြင်မိသနည်း။ (ကျွန်ုပ်တို့သည် အလွန်စိတ်လှုပ်ရှားကာ ပျော်မြူးကြပြီး၊ နိုင်ငံတော်၏ လှပခြင်းသည် မည်မျှဂုဏ်သရေရှိကြောင်း၊ လူသားမျိုးနွယ်နှင့် ဘုရားသခင်သည် မည်သို့ ထာဝစဉ် အတူရှိမည့်အကြောင်း ဆင်ခြင်မိသည်။) ဘုရားသခင်နှင့်အတူရှိနေရန် လူတို့အနေဖြင့် ဆောင်ယူရမည့် အသွင်သဏ္ဌာန် အကြောင်းကို တစ်စုံတစ်ဦးက ဆင်ခြင်ဖူးသလော။ ဘုရားသခင်နှင့်အတူ ဆုံစည်းရန်နှင့် နိုင်ငံတော်ထဲတွင် လိုက်ပါလာမည့် ဘုန်းအသရေနှင့်ပြည့်ဝသော အသက်တာကို မွေ့လျော်ရန်အတွက် သင်တို့၏ စိတ်ကူးများထဲတွင် လူတို့သည် မည်ကဲ့သို့ ဖြစ်ရမည်နည်း။ (၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲသင့်သည်။) ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲသင့်သည်မှာ မည်သည့် အတိုင်းအတာအထိနည်း။ စိတ်သဘောထား ပြောင်းလဲသွားပြီးနောက် ၎င်းတို့သည် မည်ကဲ့သို့ ဖြစ်လာကြမည်နည်း။ (၎င်းတို့သည် သန့်ရှင်းလာကြမည် ဖြစ်သည်။) သန့်ရှင်းခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (လူတစ်ဦး၏ ထင်မြင်ချက်များနှင့် အရေးထားမှုများသည် ခရစ်တော်နှင့် သဟဇာတ ဖြစ်ရမည်။) ယင်းသို့ သဟဇာတဖြစ်ခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ (လူသည် ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း မရှိဘဲ၊ ဘုရားသခင်ထံ အကြွင်းမဲ့ နာခံနိုင်ပြီး ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အလွန်တရာကြောက်ရွံ့ခြင်း ရှိသည်။) သင်တို့၏ အဖြေအချို့မှာ လမ်းကြောင်းမှန် ပေါ်၌ ရှိသည်။ သင်တို့အားလုံး၊ သင်တို့၏ စိတ်နှလုံးများကို ဖွင့်ဟကာ သင်တို့အား သင်တို့ ပြောလိုသောအရာကို ရင်ဖွင့်ကြလော့။ (ဘုရားသခင်နှင့်အတူ နိုင်ငံတော်ထဲ၌ အသက်ရှင်သော လူတို့သည် သမ္မာတရားကို လေ့လာလိုက်စား၍ တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုသောဖြစ်ရပ် သို့မဟုတ် အရာတစ်ခု၏ ချုပ်ထိန်းမှုကို မခံရဘဲ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်နိုင်ကြသည်။ ထိုအခါ ၎င်းတို့အနေဖြင့် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်နှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ဖြစ်နိုင်ခြေရှိလာပေမည်။) (အမှုအရာများအပေါ် ကျွန်ုပ်တို့၏ရှုထောင့်မှာ ဘုရားသခင်နှင့် ကိုက်ညီလာနိုင်ပြီး အမှောင်၏ လွှမ်းမိုးမှုအောက်မှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်မည် ဖြစ်သည်။ အနည်းဆုံး အနေဖြင့် ကျွန်ုပ်တို့သည် စာတန်၏ အသုံးချခြင်းကို နောက်ထပ်မခံရမည့် နေရာနှင့်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုမဆို စွန့်ပစ်ပြီး ဘုရားသခင်အား နာခံသည့်နေရာကို ရောက်ရှိနိုင်သည်။ လူတို့သည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်မှာ ပဓာနကျသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ အမှောင်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ချည်နှောင်မှုများမှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသော လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရကြသေးချေ။) (ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ ရောက်ခြင်းအတွက် စံနှုန်းကိုဖြည့်ဆည်းရန် လူတို့သည် ဘုရားသခင်နှင့်အတူ တစ်စိတ်တည်း တစ်နှလုံးတည်း ဖြစ်ရမည်ဖြစ်ပြီး သူ့ကို နောက်ထပ်ခုခံခြင်း မပြုရတော့ပေ။ သူတို့သည် မိမိကိုယ်ကိုယ် သိနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို နားလည် သဘောပေါက်ခြင်း ရရှိနိုင်ရမည်၊ ဘုရားသခင်ကို ချစ်နိုင်ပြီး ဘုရားသခင်နှင့် ကိုက်ညီနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ယင်းကလိုအပ်သမျှဖြစ်သည်။)

လူတို့၏ အဆုံးသတ်များက သူတို့၏စိတ်နှလုံးများထဲတွင် အဘယ်မျှလေးလံသနည်း

သင်တို့လျှောက်လှမ်းသင့်သော လမ်းကြောင်းနှင့် ပတ်သက်၍ သင်တို့မှာ ထင်မြင်ချက်တချို့ ရှိဟန်တူပြီး ၎င်းကို နားလည်မှု သို့မဟုတ် တန်ဖိုးထားမှု အချို့အား ရရှိထားပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့ ပြောထွက်ခဲ့သမျှ စကားလုံးများအားလုံးမှာ အနှစ်သာရမဲ့နေသလော သို့မဟုတ် စစ်မှန်နေသလော ဆိုသည်မှာ နေ့တဓူဝ လက်တွေ့လုပ်ဆောင်မှုထဲ၌ သင်တို့၏ အာရုံစိုက်မှုအပေါ် မူတည်သည်။ လွန်ခဲ့သော နှစ်များအတွင်း သြဝါဒနှင့် သမ္မာတရား၌ အမှန်တကယ်ပါဝင်သော အကြောင်းအရာ နှစ်မျိုးအားဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုစီမှ အသီးအပွင့်အချို့ကို သင်တို့အားလုံး ရိတ်သိမ်းခဲ့ပြီး ဖြစ်သည်။ ဤအရာက ယနေ့ခေတ်လူများသည် သမ္မာတရားအတွက် ကြိုးပမ်းမှုအပေါ် များစွာအလေးထားကြောင်းနှင့် ရလဒ်တစ်ခု အနေဖြင့် သမ္မာတရား၏ ရှုထောင့်နှင့် အချက် တစ်ခုစီတိုင်းသည် လူအချို့၏ စိတ်နှလုံးများထဲ၌ ဧကန်မုချ အမြစ်ချပြီးဖြစ်ကြောင်း သက်သေပြသည်။ သို့သော်လည်း ငါ အကြောက်ဆုံးမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သမ္မာတရား၏ ဤအကြောင်းအရာများနှင့် ဤအယူအဆများသည် သင်တို့၏ နှလုံးသားထဲတွင် အမြစ်စွဲထားပြီး ဖြစ်သော်လည်း၊ ၎င်းတို့ အမှန်တကယ်ပါဝင်သော အကြောင်းအရာတွင် အနှစ်သာရ အနည်းငယ်သာရှိခြင်းပင် ဖြစ်သည်။ ပြဿနာများကို သင်တို့ကြုံတွေ့ပြီး စမ်းသပ်မှုများနှင့် ရွေးချယ်စရာများကို ရင်ဆိုင်ရသည့်အခါ၊ သင်တို့အတွက် လက်တွေ့အသုံးချမှု အဘယ်မျှသည် ဤသမ္မာတရားများ၏ စစ်မှန်မှု ဖြစ်လိမ့်မည်နည်း။ ယင်းသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းထားလျက်၊ သင်တို့အား အခက်အခဲများကို ကျော်လွန်စေကာ၊ စမ်းသပ်မှုများမှ လွတ်စေရန် ကူညီမည်လော။ သင်တို့သည် သင်တို့၏ စမ်းသပ်မှုများထဲ၌ မြဲမြံစွာ ရပ်တည်ပြီး ဘုရားသခင်အတွက် ထူးကဲသော သက်သေကို ခံမည်လော။ ဤအကြောင်းအရာများကို သင်တို့ စိတ်ဝင်စားဖူးပါ၏လော။ သင်တို့ကို ငါမေးအံ့- သင်တို့၏ စိတ်နှလုံးထဲ၌၊ သင်တို့၏ နေ့စဉ်အတွေးများနှင့် ဆင်ခြင်သုံးသပ်မှုများ အားလုံးထဲ၌ သင်တို့အတွက် အရေးကြီးဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာနှင့် ပတ်သက်၍ သုံးသပ်ချက်တစ်ခု သင်တို့ ရရှိဖူးကြသလော။ သင်တို့အတွက် အရေးကြီးဆုံးအရာမှာ မည်သည့်အရာဖြစ်သည်ဟု ယုံကြည်သနည်း။ လူအချို့က “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်” ဟု ပြောစဉ်၊ လူအချို့ကမူ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ခြင်းပင်ဖြစ်သည်” ဟု ပြောကြသည်။ လူအချို့က “မှန်ပေသည်၊ ဘုရားသခင်ရှေ့မှောက်သို့လာကာ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းပင်ဖြစ်သည်” ဟု ဆိုကြသည့်အပြင်၊ “မှန်ပေသည်၊ ကျွန်ုပ်၏တာဝန်ကို နေ့စဉ် ကောင်းမွန်စွာ ထမ်းရွက်ခြင်းပင် ဖြစ်သည်” ဟု ဆိုသောသူများလည်းရှိသည်။ ဘုရားသခင်ကို မည်ကဲ့သို့ ကျေနပ်စေမည့်အကြောင်း၊ အရာခပ်သိမ်း၌ သူ့အား မည်ကဲ့သို့ နာခံမည့်အကြောင်းနှင့် သူ၏ အလိုတော်နှင့် ကိုက်ညီအောင် မည်ကဲ့သို့ လုပ်ဆောင်မည့်အကြောင်းကိုသာ အစဉ်တွေးနေသည် ဟူ၍ပင် ဆိုသောသူအချို့ ရှိသည်။ ယင်းကမှန်သလော။ ဤသည်မှာ အားလုံးအကုန်အစင် ဖြစ်သလော။ ဥပမာအားဖြင့် “ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလိုရှိသော်လည်း၊ ပြဿနာကြုံတွေ့ရတိုင်း ကျွန်ုပ် မနာခံနိုင်ပါ” ဟု ဆိုသောသူ အချို့ရှိသည်။ အခြားသူများက “ဘုရားသခင်ကို ကျေနပ်စေရန်သာ ကျွန်ုပ် အလိုရှိပြီး အကယ်၍ သူ့ကို တစ်ကြိမ်တစ်ခါမျှသာ ကျွန်ုပ် ကျေနပ်စေနိုင်ခဲ့လျှင်ပင် ကောင်းလိမ့်မည်၊ သို့သော် ကျွန်ုပ်သူ့ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ” ဟု ဆိုကြသည်။ လူအချို့က “ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလိုရှိသည်။ စမ်းသပ်မှုခံရသော အချိန်များတွင် ညည်းညူခြင်း သို့မဟုတ် တောင်းဆိုခြင်း တစ်စုံတစ်ရာ မပြုဘဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများ၊ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်သာ ကျွန်ုပ် အလိုရှိသည်၊ သို့သော်လည်း အချိန်တိုင်းလိုလို နာခံရန် ကျွန်ုပ် ပျက်ကွက်သည်” ဟု ဆိုကြသည်။ အခြားသောလူအချို့က “ဆုံးဖြတ်ချက်များနှင့် ကျွန်ုပ်ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကျွန်ုပ် မည်သည့်အခါမျှ မရွေးချယ်နိုင်ပါ။ ကျွန်ုပ်သည် ဇာတိပကတိကို အမြဲဖြည့်ဆည်းလိုပြီး ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်သော ပုဂ္ဂိုလ်ရေးလိုအင်ဆန္ဒများကို အမြဲဖြည့်ဆည်းလိုသည်” ဟု ဆိုကြသေးသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ စမ်းသပ်မှု မရောက်လာမီ၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ အကြိမ်ကြိမ် စိန်ခေါ်ပြီး သင်တို့ကိုယ်သင်တို့ ထပ်ခါထပ်ခါ စမ်းသပ်ကာ စစ်ဆေးနှင့်ပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို စစ်မှန်စွာ နာခံနိုင်ခြင်း၊ အမှန်တကယ် ကျေနပ်စေနိုင်ခြင်း ရှိမရှိနှင့် ဘုရားသခင်ကို သင်သစ္စာမဖောက်မည်ကို အာမခံနိုင်ခြင်း ရှိမရှိ ကြည့်လော။ သင်တို့ကိုယ်သင်တို့ ကျေနပ်စေခြင်း၊ သင်တို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို ဖြည့်ဆည်းခြင်းမှ ရှောင်ကြဉ်ကာ၊ သင်တို့၏ ကိုယ်စီရွေးချယ်မှုများ ပြုလုပ်ခြင်း မရှိဘဲ ဘုရားသခင်ကိုသာ ကျေနပ်စေနိုင်ခြင်းရှိမရှိ ကြည့်လော့။ တစ်စုံတစ်ဦးက ဤသို့ပြုသလော။ အကယ်စင်စစ် သင်တို့၏ မျက်လုံးများရှေ့၌ ချထားပြီးသော အမှန်တရား တစ်ခုသာရှိသည်။ ၎င်းမှာ သင်တို့အယောက်တိုင်း စိတ်ဝင်စားဆုံးသောအရာ၊ သင်တို့သိရန် အလိုဆုံးရှိသောအရာဖြစ်ပြီး အယောက်တိုင်း၏ အဆုံးသတ် ရလဒ်နှင့် ခရီးဆုံးပန်းတိုင် နှင့်သက်ဆိုင်သော အကြောင်းအရာပင်ဖြစ်သည်။ ၎င်းကို သင်တို့ သဘောပေါက် ကောင်းပေါက်မည် မဟုတ်သော်လည်း၊ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့၏ အဆုံးသတ်များ၊ လူသားတို့အတွက် ဘုရားသခင်၏ ကတိတော်နှင့် ဘုရားသခင်သည် လူကို မည်ကဲ့သို့သော ခရီးပန်းတိုင်ထဲသို့ ခေါ်ဆောင်ရန် ရည်ရွယ်သနည်း ဟူသည်နှင့် သက်ဆိုင်သည့် သမ္မာတရားနှင့် ပတ်သက်လာပါက၊ ဤအကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်ကြိမ် လေ့လာထားပြီးသော လူအချို့ရှိကြောင်း ငါသိသည်။ ထိုသို့ဖြင့် အဖြေကို ထပ်တလဲလဲ ရှာဖွေလျက်နေပြီး ၎င်းတို့၏ ဦးနှောက်ထဲ၌ အချိန်ယူ စဉ်းစားနေသောသူများ ရှိကြသော်ငြားလည်း၊ ၎င်းတို့သည် မည့်သည့်အဖြေမျှ မရကြသေးပေ သို့မဟုတ် မရေရာသော ကောက်ချက်ချခြင်းတစ်ခုသို့သာ ရောက်ရှိပြီး အဆုံးသတ်ကောင်း အဆုံးသတ်နိုင်သည်။ အဆုံးတွင် မည်သည့် အဆုံးသတ်မျိုးက ၎င်းတို့အား စောင့်နေကြောင်း မသေချာကြသေးပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ လူအများစုသည် ဆက်လက်ဖော်ပြပါ မေးခွန်းများအတွက် ခိုင်မာသောအဖြေများကို သိရန် ရည်ရွယ်ကြသည်- “ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ကျွန်ုပ်သည် ဤလမ်းကြောင်းကို အဆုံးတိုင်အောင် လျှောက်နိုင်မည်လော။ လူသားတို့အပေါ် ဘုရားသခင်၏ သဘာထားမှာ အဘယ်နည်း။” ဤသို့ဖြင့် “ကျွန်ုပ်သည် အတိတ်က အမှုအရာအချို့ကို လုပ်ခဲ့ပြီ၊ အချို့သော အကြောင်းအရာများကို ပြောခဲ့မိပြီ၊ ဘုရားသခင်ကို ကျွန်ုပ် နာခံခဲ့ခြင်းမရှိ၊ ဘုရားသခင်အပေါ် သစ္စာမဲ့သော အမှုအရာအချို့ကို ကျွန်ုပ် လုပ်ခဲ့ပြီးလျှင်၊ အချို့သော ဖြစ်ရပ်များတွင် ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေရန် ပျက်ကွက်ခဲ့သည်၊ ဘုရားသခင်၏ ခံစားချက်များကို နာကျင်စေခဲ့သည်၊ ဘုရားသခင်ကို စိတ်ပျက်စေခဲ့ကာ၊ ကျွန်ုပ်ကို ဘုရားသခင် မုန်းတီးပြီး စက်ဆုပ်ရွံရှာအောင် လုပ်ခဲ့မိသည်။ ထို့ကြောင့် ကျွန်ုပ်၏ အဆုံးသတ်မှာ မရေမရာ ဖြစ်ကောင်း ဖြစ်နိုင်သည်” ဟူ၍ပင် လူအချို့က စိုးရိမ်တတ်ကြသည်။ လူအများစုသည် ၎င်းတို့ကိုယ်တိုင်၏ အဆုံးသတ် နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်ဟု ဆိုရန်မှာ တရားမျှတပါသည်။ “ကျွန်ုပ်သည် အောင်မြင်ကျော်လွှားသူ ဖြစ်လိမ့်မည်ဟု ရာနှုန်းပြည့် သေချာကြောင်း ခံစားရသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်မည်ဟု ရာနှုန်းပြည့် သေချာသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီသောသူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင် ချီးကျူးသောသူတစ်ဦး ဖြစ်သည်” ဟူ၍ မည်သူမျှ မပြောဝံ့ပေ။ ဘုရားသခင်၏ လမ်းခရီးကိုလိုက်နာရန် အထူးသဖြင့် ခက်ခဲပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ အရာခပ်သိမ်းတွင် အခက်ခဲဆုံး ဖြစ်သည်ဟု လူအချို့က ထင်ကြသည်။ အကျိုးဆက်အနေဖြင့် ဤကဲ့သို့သောလူများက မိမိတို့သည် ကူညီ၍ မရနိုင်လောက်အောင် ဖြစ်သည်ဟု ယုံကြည်ကြပြီး အဆုံးသတ်ကောင်းတစ်ခု ရရှိဖို့အတွက် မိမိတို့၏ မျှော်လင့်ချက်များကို မဖော်ထုတ်ဝံ့ကြပေ။ သို့တည်းမဟုတ် မိမိတို့သည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်သောကြောင့် အောင်မြင်ကျော်လွှားသူများ ဖြစ်လာနိုင်မည်မဟုတ် ဟူ၍ ၎င်းတို့က ယုံကြည်ကြလေသည်။ ဤအကြောင်းကြောင့် ၎င်းတို့ထံ၌ အဆုံးသတ် မရှိကြောင်းနှင့် ကောင်းသောခရီးဆုံးပန်းတိုင် မရနိုင်ကြောင်း အခိုင်အမာ ဆိုကြသည်။ လူတို့သည် မည်သို့ပင် အတိအကျ စဉ်းစားစေကာမူ သူတို့အားလုံးသည် ၎င်းတို့၏ အဆုံးသတ်အကြောင်းကို ကြိမ်ဖန်များစွာ သိချင်ကြသည်။ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်သည့် မေးခွန်းများ၊ ဘုရားသခင်သည် သူ၏အမှုကို အပြီးသတ်သည့်အခါ၊ မည်သည့်အရာကို ၎င်းတို့ရမည့်အကြောင်းနှင့် ပတ်သက်သည့် မေးခွန်းများအပေါ် ၎င်းတို့သည် တွက်ချက်ခြင်းနှင့် စီစဉ်ခြင်းကို အမြဲတစေ ပြုနေကြသည်။ အချို့က အဖိုးအခနှစ်ဆကို ပေးကြသည်၊ အချို့က ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်ကြသည်၊ အချို့က ၎င်းတို့၏ အိမ်ထောင်ရေးကို အဆုံးရှုံးခံကြသည်၊ အချို့က ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံရန် အလုပ်မှနုတ်ထွက်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ၎င်းတို့၏အိမ်များကို စွန့်ခွာကြသည်၊ အချို့က ခက်ခဲမှုကို ရွေးချယ်ကြပြီး အခါးသီးဆုံးနှင့် အပင်ပန်းဆုံး အလုပ်များကို စတင်လုပ်ဆောင်ကြသည်၊ အချို့က မိမိ၏ ဓနဥစ္စာနှင့် မိမိ၏ တတ်နိုင်သမျှ အစွမ်းကုန် ဆက်ကပ်ရန် ရွေးချယ်ကြပြီး၊ အခြားသူများက သမ္မာတရားကို အားထုတ်ရန် ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းရန် ကြိုးပမ်းကြသေးသည်။ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် မည်သို့ပင် ရွေးချယ်ပါစေ၊ သင်တို့ လက်တွေ့လုပ်ဆောင်သည့် ပုံစံမှာ အရေးကြီးသလော မကြီးသလော။ (အရေးမကြီးပါ။) ထိုသို့ဆိုသော် ဤ “အရေးမကြီးမှု” ကို ကျွန်ုပ်တို့ မည်ကဲ့သို့ ရှင်းပြမည်နည်း။ အကယ်၍ လက်တွေ့လုပ်ဆောင်မှု ပုံစံမှာ အရေးမကြီးပါက၊ အရေးကြီးသည့် အရာမှာ အဘယ်နည်း။ (အပြင်ပန်း ကောင်းမွန်သော အပြုအမူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုပေ။) (လူအယောက်တိုင်း၏ ထင်မြင်ချက်များမှာ အရေးမကြီးပေ။ ဤနေရာတွင် အဓိကအချက်မှာ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ နှင့် ဘုရားသခင်ကို ချစ်မချစ် ဖြစ်သည်။) (အန္တိခရစ်များနှင့် ခေါင်းဆောင် အတုအယောင်များ၏ ရှုံးနိမ့်ခြင်းက အပြင်ပန်းအပြုအမူမှာ အရေးကြီးဆုံး အရာ မဟုတ်ကြောင်းကို ကျွန်ုပ်တို့ နားလည်စေရန် ကူညီပေးသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မြောက်မြားစွာကို စွန့်လွှတ်ခဲ့ပြီးသယောင် ထင်ရပြီး အဖိုးအခကို ပေးဆပ်ရန် အလိုရှိသယောင် ထင်ရသည်၊ သို့သော် အနီးကပ်စစ်ဆေးသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြောက်ရိုသေခြင်း မရှိကြောင်း၊ ထိုအစား အရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ကြောင်းကို ကျွန်ုပ်တို့ မြင်နိုင်သည်။ ၎င်းတို့သည် အရေးပါသော အချိန်များတွင် စာတန်နှင့်အတူ အမြဲပူးပေါင်းကာ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ကြသည်။ ထို့ကြောင့် ဤနေရာတွင် အဓိက ဆင်ခြင်သုံးသပ်ရမည့် အချက်များမှာ ကျွန်ုပ်တို့သည် အချိန်ကျသည့်အခါ၊ မည်သည့်ဘက်၌ ရပ်တည်သည်ဟူသည်နှင့် အမှုအရာများအပေါ် ကျွန်ုပ်တို့၏သဘောထားများမှာ မည်သည့်အရာတို့ဖြစ်သည် ဟူ၍ဖြစ်သည်။) သင်တို့အားလုံးသည် ကောင်းစွာ ပြောဆိုတတ်ကြပြီး သင်တို့၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားတို့ထံမှ ဘုရားသခင်တောင်းဆိုသည့် အရာများနှင့် ပတ်သက်၍ အခြေခံနားလည်မှုနှင့် အသုံးပြုမည့် စံနှုန်းတစ်ခု ပိုင်ဆိုင်ထားပြီးဟန်တူသည်။ ဤကဲ့သို့ သင်တို့ပြောဆိုနိုင်ခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ သင်တို့ပြောဆိုသည့် အချို့အရာမှာ သိပ်မတိကျသော်လည်း၊ သမ္မာတရားအပေါ် ထိုက်လျောက်သော ရှင်းပြချက်ရှိခြင်းသို့ နီးစပ်လုပြီ ဖြစ်သောကြောင့်၊ ဤအချက်က သင်တို့သည် သင်တို့ အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများ၊ ဘုရားသခင်စီစဉ်ထားသည့် သင်တို့၏ ပတ်ဝန်းကျင်များ အားလုံးနှင့် သင်တို့မြင်နိုင်သမျှနှင့် ပတ်သက်၍ သင်၏ကိုယ်ပိုင် စစ်မှန်သော သိနားလည်ခြင်းကို တိုးတက်စေခဲ့ပြီး ဖြစ်ကြောင်း သက်သေပြ လေသည်။ ဤသည်မှာ သမ္မာတရားနှင့် နီးစပ်သည့် သိနားလည်ခြင်းဖြစ်သည်။ သင်တို့ ပြောခဲ့သောအရာမှာ အကြွင်းမဲ့ ပြည့်စုံခြင်းမရှိဘဲ သင်တို့၏ စကားလုံးအနည်းငယ်မှာ ဆီလျော်မှု သိပ်မရှိသော်လည်း၊ သင်တို့၏ သဘောပေါက်နားလည်ခြင်းမှာ သမ္မာတရား၏ စစ်မှန်မှုနှင့် နီးစပ်လုပြီဖြစ်သည်။ သင်တို့ ဤ ပုံစံအတိုင်း ပြောခြင်းကို ကြားရသည်မှာ ငါ့ကို အလွန် အားရကျေနပ်စေသည်။

လူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားကို အစားမထိုးနိုင်ပေ

အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝ၏အနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ ထိုသို့သောအရာကို သူတို့ အဘယ်ကြောင့် ယုံကြည်ရသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ဆန့်ကျင်ရန် အသာစီးရစေပြီး ယင်းကို လူတို့က ဘုရားအား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

လူတို့၏ အဆုံးသတ်များကို ဘုရားသခင် ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည်

ဤခေါင်းစဉ်ကို ပြန်ကြည့်ပြီး အဆုံးသတ်ကိစ္စကို ဆက်၍ ဆွေးနွေးကြပါစို့။

လူအယောက်တိုင်း ပူပန်သောအရာမှာ ၎င်းတို့၏ အဆုံးသတ်ပင် ဖြစ်သည်ကို ထောက်ဆလျက်၊ ဘုရားသခင်သည် ထိုအဆုံးသတ်ကို မည်ကဲ့သို့ အဆုံးအဖြတ်ပေးကြောင်း သင်တို့သိသလော။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို မည်သည့်ပုံစံဖြင့် သတ်မှတ်သနည်း။ ထို့ပြင် ယင်းကိုသတ်မှတ်ရန် မည်သည့်စံနှုန်း အမျိုးအစားကို သူအသုံးပြုသနည်း။ လူ၏ အဆုံးသတ်ကို မသတ်မှတ်ရသေးသည့်အချိန်တွင်၊ ဘုရားသခင်သည် ယင်းကို ထုတ်ဖော်ရန်အတွက် မည်သည့်အရာကို ပြုလုပ်သနည်း။ တစ်ယောက်ယောက် သိသလော။ ခုတင်က ငါပြောခဲ့သည်နှင့်အညီ လူတို့၏ အဆုံးသတ်အကြောင်း၊ ဤအဆုံးသတ်များကို ပိုင်းခြားသည့် အတန်းအစားများအကြောင်းနှင့် ခြားနားသော လူအမျိုးမျိုးကို စောင့်ဆိုင်းလျက်ရှိသော အဆုံးသတ် အမျိုးမျိုးအကြောင်း သဲလွန်စများကို ရှာဖွေရန် အားထုတ်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာ သုတေသနပြုနှင့်ပြီးသောသူ အချို့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ကြောင်း၊ သူက မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်းနှင့် လူတစ်ဦး၏ အဆုံးသတ်ကို သူ မည်သို့ အတိအကျ သတ်မှတ်ကြောင်းတို့ကိုလည်း ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြသည်။ သို့သော်လည်း အဆုံးတွင် ဤလူတို့သည် မည်သည့်အဖြေကိုမျှ လုံးဝမတွေ့ရှိဖြစ်ကြပေ။ အမှန်အားဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်နည်းပါးစွာ ဖော်ပြထားလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ အဆုံးသတ်များကို မထုတ်ဖော်သေးသရွေ့ ဘုရားသခင်သည် အဆုံးတွင် အဘယ်အရာ ဖြစ်ပျက်မည့်အကြောင်းအား မည်သူ့ကိုမျှ မပြောလိုသည့်အပြင်၊ သူသည် မည်သူ့ကိုမျှ ၎င်းတို့၏ ခရီးဆုံးပန်းတိုင်အကြောင်း ကြိုတင်၍ အသိပေးလိုခြင်းမရှိ၊ အကြောင်းမှာ ထိုသို့ပြုခြင်းက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ယခု ဤနေရာတွင် လူ၏ အဆုံးသတ်ကို ဘုရားသခင် သတ်မှတ်သော ပုံစံအကြောင်း၊ ဤအဆုံးသတ် ရလဒ်များကို ဆုံးဖြတ်ရန်နှင့် ထင်ရှားစေရန်အတွက် သူ၏အမှုထဲတွင် သူအသုံးချသော နိယာမများအကြောင်းအပြင်၊ တစ်စုံတစ်ဦးက အောင်မြင်ကျော်လွှားနိုင်ခြင်းရှိ မရှိ သတ်မှတ်ရန်အတွက် သူသုံးသော စံနှုန်းအကြောင်းကိုသာ ငါ သင်တို့အား ပြောလိုသည်။ ဤသည်တို့မှာ သင်တို့ အပူပန်ဆုံးသော မေးခွန်းများ ဖြစ်သည်မဟုတ်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်သည်ဟု လူတို့ ယုံကြည်ကြသနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းကို ယခုလေးတင် သင်တို့ ဖော်ပြခဲ့ကြသည်- သင်တို့အချို့က ၎င်းသည် လူတစ်ဦး၏ တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ဆိုင်သည်ဟု ဆိုကြသည်။ အချို့က ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်ဟု ပြောကြသည်၊ အချို့က အခြေခံအကြောင်းမှာ ဘုရားသခင် စီရင်သမျှကို ခံယူခြင်း ဖြစ်သည်ဟု ဆိုကြပြီး၊ အချို့က အဓိကအချက်မှာ ရိုးရိုးကုပ်ကုပ် အသက်တာကို နေထိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်...သင်တို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သည့် အခါနှင့် သင်တို့သည် မှန်ကန်သည်ဟု ယုံကြည်သော နိယာမများနှင့်အညီ လက်တွေ့လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်က မည်သို့ သဘောရကြောင်းကို သင်တို့သိသလော။ ဤကဲ့သို့ ရှေ့ဆက်ခြင်းက ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းရှိ မရှိ သင်တို့ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းက သူ၏စံနှုန်းကို ပြည့်မီသလော။ ၎င်းက သူ၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးသလော။ လူအများစုသည် ဤမေးခွန်းများကို အမှန်တကယ် အချိန်ယူ မစဉ်းစားကြသည်ကို ငါယုံကြည်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် တရားဟောချက်များ အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် အချို့သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ စံနှုန်းများကို စက်ရုပ်ကဲ့သို့သာ ကျင့်သုံးပြီး မိမိကိုယ်ကို ဟိုဟာသည်ဟာလုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အဆုံး၌ မည်သို့ဖြစ်လာစေကာမူ ၎င်းကို ဆက်၍ လိုက်နာစောင့်ထိန်းပြီး လုပ်ဆောင်ကြသည်။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းအတော်ကြာ ယုံကြည်မှုရှိခဲ့ပြီးပြီ၊ ဤနည်းလမ်းကို ကျွန်ုပ်အမြဲ လက်တွေ့လုပ်ဆောင်ခဲ့ပြီးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေပြီဟု ခံစားရပြီး ထိုမှ မြောက်မြားစွာကို ရရှိခဲ့ပြီဟုလည်း ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကျွန်ုပ်သည် မြောက်မြားစွာသော သမ္မာတရားများအပြင် ယခင်က ကျွန်ုပ်နားမလည်ခဲ့သော အမှုအရာများစွာကို နားလည်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်၏ အတွေးအခေါ်များနှင့် အမြင်များစွာ ပြောင်းလဲခဲ့သည်၊ ကျွန်ုပ်၏ အသက်တာ တန်ဖိုးများ အကြီးအကျယ် ပြောင်းလဲခဲ့ပြီဖြစ်ပြီး ဤလောကကြီးအပေါ် အတော်အတန်ကောင်းသော နားလည်ခြင်း ယခု ကျွန်ုပ်၌ရှိသည်” ဟု ထင်တတ်ကြသည်။ ယင်းကဲ့သို့သော လူများက ဤသည်မှာ ရိတ်သိမ်းမှု တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့၏ ထင်မြင်ချက်ထဲတွင် ဤစံနှုန်းများနှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးကို ခြုံငုံ၍ဆိုပါက သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသလော။ လူအချို့က “ဟုတ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင် နေသည်၊ ကျွန်ုပ်တို့သည် အထက်တွင် ဟောပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည့် အရာနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အမြဲထမ်းရွက်နေကြပြီး ဘုရားသခင်နောက် အမြဲလိုက်နေကြကာ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သည့်အခါမှ စွန့်ခွာခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေကြောင်း ယုံကြည်မှုအပြည့်အဝဖြင့် ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်မျှပင် နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှပင် နားလည်ပါစေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးစားရှာဖွေနေခြင်း လမ်းကြောင်းပေါ်၌ အမြဲရှိနေခဲ့သည်။ ကျွန်ုပ်တို့သည် မှန်ကန်စွာပြုမူပြီး မှန်ကန်စွာ လက်တွေ့ လုပ်ဆောင်နေသရွေ့ မှန်ကန်သောရလဒ် ရရှိရန် သေချာပါသည်” ဟု အကြွင်းမဲ့ သေချာမှုဖြင့် ဆိုကြမည်ဖြစ်သည်။ ဤရှုထောင့်နှင့်ပတ်သက်၍ သင်တို့ မည်ကဲ့သို့ထင်သနည်း။ ၎င်းမှာ မှန်ကန်သလော။ “ဤအရာများကို ယခင်က ကျွန်ုပ် တစ်ခါမျှ မတွေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဆက်လက် ဖြည့်ဆည်းပြီး ဘုရားသခင့် မိန့်မြွက်ချက်များ၏ တောင်းဆိုချက်များနှင့်အညီ ဆက်၍ လုပ်ဆောင်နေသရွေ့ ကျွန်ုပ်သည် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဟုသာ ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ခြင်းရှိ မရှိ ဟူသော မေးခွန်းကို ကျွန်ုပ် တစ်ခါမှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိသကဲ့သို့၊ ကျွန်ုပ်သည် သူသတ်မှတ်ထားသော စံနှုန်းနှင့် ပြည့်မီခြင်း ရှိမရှိကို ကျွန်ုပ်တစ်ခါမျှ ဆင်ခြင်သုံးသပ်ခဲ့ခြင်းလည်း မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်အား ရှင်းလင်းသောလမ်းညွှန်ချက် တစ်ခုကိုမျှ ပြောပြခဲ့ခြင်း သို့မဟုတ် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် ကျွန်ုပ်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ပြီး မရပ်တန့်သရွေ့၊ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး ကျွန်ုပ်ကို နောက်ထပ် တောင်းဆိုချက်များ ပြုမည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်” ဟု ဆိုသော သူအချို့လည်း ရှိကောင်းရှိမည်။ ဤယုံကြည်ချက်များမှာ မှန်သလော။ ငါ၏ခံယူချက်မှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤကဲ့သို့ တွေးခေါ်ခြင်းနှင့် ဤ ရှုထောင့်အမြင်များအားလုံးတွင် စိတ်ကူးယဉ်မှုများအပြင် ကျိုးကြောင်း မမြင်မှုလည်း အနည်းငယ်ပါဝင်သည်။ ဤအရာကို ငါပြောသည့်အခါ၊ “ကျိုးကြောင်းမမြင်မှု ဟုတ်စ၊ အကယ်၍ ဤအရာက ကျိုးကြောင်းမမြင်မှု ဖြစ်လျှင်၊ ကယ်တင်ခြင်းနှင့် အောင်မြင်ကျော်လွှားခြင်းအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ အလွန်ပင်နည်းပြီး မသေမချာဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ သုံးနှုန်းခြင်းဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည် မဟုတ်လော” ဟု စဉ်းစား၍ အချို့သောသင်တို့ကို အနည်းငယ် စိတ်ပျက်အားလျော့ကောင်း အားလျော့စေမည်။ သင်တို့ မည်သည့်အရာကို ယုံကြည်ပါစေ၊ ငါပြောသောအရာများနှင့် ပြုသောအရာများသည် သင်တို့ကို စိတ်ပျက်စေသကဲ့သို့ ခံစားရစေရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့၏ သိနားလည်မှု တိုးတက်စေပြီး ဘုရားသခင် စဉ်းစားသောအရာ၊ သူဖြစ်မြောက်လိုသောအရာ၊ သူသဘောကျသော လူအမျိုးအစားများ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူရွံမုန်းသော အရာ၊ သူရယူလိုသော လူအမျိုးအစားနှင့် သူပစ်ပယ်သော လူအမျိုးအစားနှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှု တိုးပွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ သင်တို့၏ စိတ်အာရုံတို့ကို ရှင်းလင်းမှုပေးရန်၊ သင်တို့ တစ်ဦး တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများနှင့် အတွေးများသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမှ အဘယ်မျှ လမ်းလွဲနေခဲ့ပြီ ဖြစ်ကြောင်းကိုသာ သင်တို့အား ရှင်းလင်းသောနားလည်မှု ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သလော။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး များလှစွာသော တရားဟောချက်တို့ကို နားထောင်ခဲ့ပြီးဖြစ်ကြောင်း ငါသိသည်၊ သို့သော်လည်း ဤသည်တို့မှာ သင်တို့ အချို့တဲ့ဆုံးသော အရာများပင် အတိအကျဖြစ်သည်။ သမ္မာတရားတိုင်းကို မှတ်စု စာအုပ်များထဲတွင် သင်တို့ ရေးမှတ်ခဲ့ကြပြီး သင်တို့ဘာသာ အရေးကြီးသည်ဟု ယုံကြည်သည့် အချို့သောအရာများကို သင်တို့စိတ်နှလုံးထဲ၌ ကျက်မှတ်ကာ ကမ္ပည်းထိုးထားကြစေကာမူ၊ ထို့ပြင် သင်တို့လက်တွေ့လုပ်ဆောင်စဉ်အတွင်း ဘုရားသခင်ကို ကျေနပ်စေဖို့ ဤအရာများကို အသုံးပြုရန်၊ သင်တို့ မိမိကိုယ်ကိုယ် အကူအညီလိုအပ်သည်ဟု တွေ့မြင်သောအခါ ၎င်းတို့ကို အသုံးပြုရန်၊ ရှေ့လျှောက်ရှိနေသည့် ခက်ခဲသောအချိန်များကို ကျော်ဖြတ်ရာတွင် ၎င်းတို့ကို အသုံးပြုရန်၊ သို့မဟုတ် သင်တို့၏ အသက်တာများကို နေထိုင်စဉ် ဤအရာများကို သင်တို့နှင့်အတူ ပါရှိစေရန်သက်သက်သာ အသုံးပြုရန် သင်တို့ ကြံစည်ထားကြစေကာမူ၊ ငါ၏ခံယူချက်မှာ သင်တို့ မည်သို့မည်ပုံ လုပ်ဆောင်ပါစေ သင်တို့သည် ယင်းကိုသာ ပြုလုပ်နေပါက၊ ယင်းက သိပ်အရေးမကြီးပေ။ ထိုသို့ဆိုသော် အလွန်အရေးကြီးသည့် အရာမှာ အဘယ်နည်း။ အရေးကြီးဆုံးမှာ သင် လက်တွေ့လုပ်ဆောင်နေစဉ်တွင် သင် လုပ်ဆောင်နေသမျှ၊ လုပ်ဆောင်မှု တစ်ခုစီတိုင်းသည် ဘုရားသခင် အလိုရှိသောအရာနှင့် သင့်မြတ်မှုရှိမရှိ၊ ထို့ပြင် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ စိတ်ကူးများအားလုံးနှင့် သင်ရရှိလိုသော ရလဒ်များနှင့် ရည်မှန်းချက် ပန်းတိုင်တို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်းရှိမရှိ၊ ထို့ပြင် ၎င်းတို့အား ဘုရားသခင် လက်ခံမခံ ဆိုသည်တို့ကို သင်၏ စိတ်နှလုံးက လုံးဝကျိန်းသေသိရမည်ဖြစ်သည်။ ဤသည်တို့မှာ အလွန်အရေးကြီးသော အရာများဖြစ်သည်။

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့

သင်တို့ မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း၊ ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် ငါ၏ စိတ်နှလုံးထဲ၌ အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့်၊ ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ၊ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရားစစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း- ဤ ဆိုရိုးစကားက သမ္မာတရား မဟုတ်လော။ ၎င်း၌ ဤမျှ အရေးပါမှု ရှိသလော သို့မဟုတ် မရှိသလော။ ထို့ပြင် သင်တို့အချို့သည် ဤဆိုရိုးစကားအကြောင်းကို စဉ်းစားနေပြီး ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားကောင်း ကြိုးစားနေနိုင်ပြီး၊ ၎င်းကို သံသယဖြစ်သော လူအချို့ပင် ရှိကောင်းရှိနိုင်သည်- ဤဆိုရိုးစကားမှာ အလွန် အရေးကြီးသလော။ ၎င်းက အလွန်အရေးကြီးသလော။ ၎င်းကို လွန်စွာ အလေးထားရန် လိုအပ်သလော။ သင်တို့အချို့သည် ဤဆိုရိုးစကားကို သိပ်သဘောမကျသောသူများလည်း ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီးကိုယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုထဲသို့ အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောခဲ့သော အရာအားလုံးကိုယူကာ ဆိုရိုးစကားတစ်ခုအဖြစ် အကျဉ်းချုံးခြင်း- ယင်းမှာ ဘုရားသခင်ကို တစ်ဆိတ် သေးသိမ်လွန်းအောင် ပြုလုပ်ရာ မကျသလော။ ယင်းက ဤသို့ပင်ဖြစ်သလော။ သင်တို့အများစုက ဤစကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့အားလုံးသည် ၎င်းကို မှတ်စုရေးမှတ်ခဲ့သော်လည်း၊ ဤဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန် ရည်ရွယ်ခြင်းမရှိပေ၊ ၎င်းကို အားလပ်ချိန်တွင် ပြန်ကြည့်ရန်နှင့် ဆင်ခြင်တွေးတောရန်အတွက် သင်တို့၏ မှတ်စုစာအုပ်ထဲတွင် ရေးချရုံမျှသာ ရေးချခဲ့ကြခြင်း ဖြစ်သည်။ သင်တို့အချို့သည် ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် ဒုက္ခခံကြမည် မဟုတ်ပေ။ သို့သော် ငါသည် ဤဆိုရိုးစကားကို အဘယ်ကြောင့် ဖော်ပြလိုသနည်း။ သင်တို့၌ မည်သည့်သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ထင်ပါစေ၊ ဤဆိုရိုးစကားကို ငါ ဖော်ပြရမည်၊ အကြောင်းမှာ ၎င်းသည် ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးပုံနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက၊ သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤဆိုရိုးစကား အကြောင်းကို သင်တို့ကိုယ်၌၏ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုအတွက် ပြောခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် သင်တို့ကို တိုင်းတာရန် မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်း သင်တို့သိစေရန် ဖြစ်သည်။ ခုလေးတင် ငါပြောပြခဲ့သည့်အတိုင်း ဤဆိုရိုးစကားသည် လူသားတို့အား ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်သာမက၊ လူတို့၏ အဆုံးသတ်များကို သူဆုံးဖြတ်သည့်ပုံနှင့် အလွန်အမင်း သက်ဆိုင်ပေသည်။ ၎င်းက မည်သည့်နည်းအားဖြင့် သက်ဆိုင်သနည်း။ သင်တို့ အမှန်တကယ်ပင် သိလိုကြမည် ဖြစ်သောကြောင့် ထိုအကြောင်းကို ယနေ့ ငါတို့ပြောကြမည်။

လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်

ဘုရားသခင်၏ အမှုတော်၏ ခေတ်ကာလတိုင်း၌ သူသည် လူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။ ထိုသို့ဆိုသော် ဘုရားသခင် အလုပ်လုပ်နေစဉ်တစ်လျှောက်တွင်၊ သူသည် လူတစ်ဦး၏ အဆုံးသတ်ကို မည်ကဲ့သို့ သတ်မှတ်သနည်း။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် ဘုရားသခင်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ လောလောဆယ်တွင် သင်တို့သည် ဤအရာအပေါ် အနည်းငယ် ယောင်ဝါးဝါးရှိကြဆဲ ဖြစ်နိုင်သော်လည်း၊ သင်တို့အား ဖြစ်စဉ်ကို ငါပြောပြသောအခါ၊ ၎င်းမှာ အတော်ပင် ရှင်းလင်းလာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့များစွာသည် ၎င်းကို ကိုယ်တိုင် တွေ့ကြုံခံစားနှင့်ပြီး ဖြစ်ကြောင့်ပင်တည်း။

အစအဦးမှစ၍ သူ့အမှု၏ ဖြစ်စဉ်တစ်လျှောက် ဘုရားသခင်သည် လူအယောက်တိုင်းအတွက်- သို့မဟုတ် သူ၏နောက်သို့လိုက်သောသူ အယောက်တိုင်းအတွက်ဟု ဆိုနိုင်သည်- စမ်းသပ်မှုများကို စီစဉ်ထားခဲ့ပြီး ဤစမ်းသပ်မှုများမှာ အတိုင်းအတာအမျိုးမျိုးဖြင့် လာတတ်သည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်- ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ် တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ၊ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်ကို ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အလှူငွေကို ထိန်းသိမ်းရသည့် တာဝန်နှင့် ရင်ဆိုင်ရပြီး ထိုတာဝန်သည် ဘုရားသခင်၏ အလှူငွေအား ထိတွေ့ကိုင်တွယ်ရန် ဖြစ်လာပါက၊ ဤသည်မှာ ဘုရားသခင် စီစဉ်ထားသောအရာတစ်ခု ဖြစ်သည်ဟု သင် ဆိုမည်လော။ ဧကန်မုချပင် ဖြစ်သည်။ သင် ကြုံတွေ့ရသော အရာခပ်သိမ်းမှာ ဘုရားသခင် စီစဉ်ထားသော အရာတစ်ခု ဖြစ်သည်။ ဤကိစ္စနှင့် သင်ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်သည် သင့်အား တိတ်တဆိတ် လေ့လာကာ၊ မည်သည့်ရွေးချယ်မှုများ သင်ပြုလုပ်သည်၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သည်၊ သင်၌ မည်သည့်အတွေးများ ရှိသည်တို့ကို စောင့်ကြည့်နေမည်ဖြစ်သည်။ ဘုရားသခင် အလေးထားဆုံးသော အရာမှာ နောက်ဆုံးရလဒ် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဤစမ်းသပ်မှု၌ပင် သူ၏စံနှုန်းနှင့် လျော်ညီအောင် နေခဲ့ပြီးခြင်း ရှိမရှိကို သူ့အား အကဲဖြတ်ခွင့် ပေးမည့်အရာမှာ ဤရလဒ် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့ရတိုင်း၊ သူတို့သည် ယင်းကို အဘယ်ကြောင့် ရင်ဆိုင်နေရကြောင်း၊ ဘုရားသခင်က သူတို့ မည်သည့်စံနှုန်းကို ပြည့်မီရန် မျှော်လင့်ထားကြောင်း၊ သူက သူတို့အထဲတွင် မည်သည့်အရာကို တွေ့မြင်လိုကြောင်း သို့မဟုတ် ၎င်းတို့ထံမှ သူ မည်သည့်အရာကို ရရှိလိုကြောင်းကို စဉ်းစားလေ့မရှိကြပေ။ ဤပြဿနာကို ရင်ဆိုင်ရသည့်အခါ ထိုကဲ့သို့သော လူတို့က “ဤအရာသည် ကျွန်ုပ် ရင်ဆိုင်ရသည့်အရာတစ်ခု ဖြစ်သည်၊ ကျွန်ုပ် သတိထားရမည်၊ ဂရုမစိုက်ဘဲ မနေရ။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ဘုရားသခင်၏ အလှူငွေဖြစ်ပြီး ၎င်းကို ကျွန်ုပ်ထိ၍မရပါ” ဟူ၍သာ တွေးတတ်ကြသည်။ လူတို့သည် ဤကဲ့သို့သော လွယ်သယောင် ရှိသော အတွေးများဖြင့် ပြည့်ဝနေကာ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးပြီဟု ယုံကြည်တတ်ကြသည်။ ဤစမ်းသပ်မှု၏ ရလဒ်က ဘုရားသခင်ကို ကျေနပ်မှုရရှိစေမည်လော သို့မဟုတ် မရရှိစေဘဲ နေမည်လော။ ဤအကြောင်းကို ဆက်၍ ပြောကြလော့။ (အကယ်၍ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ပါက၊ ဘုရားသခင်၏ အလှူငွေကို ထိတွေ့ကိုင်တွယ်ခွင့်ရသော တာဝန်တစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားဖို့ အဘယ်မျှပင် လွယ်ကူမည်ကြောင်း ဆင်ခြင်သုံးသပ်ကြလိမ့်မည် ဖြစ်ပြီး ယင်းက ၎င်းတို့ကို သတိဖြင့်ဆက်လုပ်ရန် သေချာစေလိမ့်မည်။) သင်၏တုံ့ပြန်မှုမှာ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိသော်လည်း၊ ယင်းမှာ သိပ်မဟုတ်သေးပေ။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ၊ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ၊ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဉ်းစားရမည်။ အလှူငွေများကို ထိန်းသိမ်းခြင်းအကြောင်း ငါတို့အခုလေးတင် ပြောခဲ့ပြီးဖြစ်သည်။ ဤကိစ္စရပ်တွင် အလှူငွေများပါဝင်ပြီး သင်၏တာဝန်နှင့် သင်၏ဝတ္တရားလည်း အကျုံးဝင်သည်။ ဤဝတ္တရား ကျေပွန်စေရန် သင်၌ တာဝန်ရှိသည်။ သို့သော်လည်း ဤကိစ္စရပ်ကို သင်ရင်ဆိုင်ရသည့်အခါ၊ စုံစမ်းသွေးဆောင်ခြင်း တစ်စုံတစ်ရာ ရှိသလော။ ရှိပေသည်။ ဤစုံစမ်းသွေးဆောင်ခြင်းက မည်သည့်နေရာမှ လာသနည်း။ ဤစုံစမ်းသွေးဆောင်ခြင်းသည် စာတန်ထံမှလာပြီး ၎င်းသည် လူသားတို့၏ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလည်း လာသည်။ စုံစမ်းနှောင့်ယှက်ခြင်း ရှိသည်ကို ထောက်ဆလျှင်၊ ဤအရေးကိစ္စတွင် လူတို့ ရပ်တည်သင့်သည့် သက်သေရပ်တည်ခြင်း ပါဝင်ပြီး၊ ယင်းမှာ သင်၏ဝတ္တရားနှင့် တာဝန်လည်း ဖြစ်သည်။ လူအချို့က “ဤအရာမှာ အသေးအမွှားကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမှနေ၍ ပုံကြီးချဲ့ရန် အမှန်တကယ် လိုအပ်သလော” ဟု ဆိုကြသည်။ ယင်းထက် ပို၍ လိုအပ်သည့်အရာ မရှိနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရသောကြောင့် ဖြစ်သည်။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက၊ ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက၊ ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက၊ သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

လူတို့ များစွာအရေးမစိုက်သော ကိစ္စရပ်များနှင့် အများအားဖြင့် ဖော်ပြလေ့မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်မှုမရှိဟူ၍ ယုံကြည်သောသူများ ရှိတတ်သည်။ ဤလူတို့သည် ယင်းကဲ့သို့သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ယင်းကို များစွာ မဆင်ခြင်ဘဲ သတိလက်လွတ် ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤအကြောင်းအရာသည် သင်လေ့လာသင့်သော သင်ခန်းစာတစ်ခု၊ ဘုရားသခင်ကို ကြောက်ရွံ့နည်းနှင့် မကောင်းမှုကို ရှောင်နည်းဆိုင်ရာ သင်ခန်းစာတစ်ခု ဖြစ်ခဲ့လေသည်။ ထိုမျှမက သင် ပို၍ပင်အလေးထားသင့်သည့် အရာမှာ သင့်ကိုရင်ဆိုင်ရန် ဤကိစ္စ ပေါ်ပေါက်သည့်အခါ၊ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။ လူအချို့က “ဤသို့မှန်လျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားခဲ့ရသနည်း” ဟု မေးကြသည်။ သင်မခံစားရသည့်အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်လမ်းခရီးကို သင်၏ ပဓာနလမ်းစဉ်အဖြစ် သင် လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်ပြုလုပ်သည့် သိမ်မွေ့သောအမှုကို မခံစားနိုင်ရခြင်း ဖြစ်သည်၊ ၎င်းက လူတို့၏ အတွေးအခေါ်များနှင့် ပြုမူပုံအမျိုးမျိုးနှင့်အညီ ပေါ်လွင်ခြင်းဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သူတစ်ဦး ဖြစ်ပေတကား။ အရေးပါသော ကိစ္စရပ်မှာ အဘယ်နည်း။ အရေးမပါသော ကိစ္စရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ၊ ၎င်းတို့အားလုံးသည် အရေးကြီးကိစ္စဖြစ်သည်။ ထိုအရာကို သင် လက်ခံနိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင်၊ လူတို့၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက၊ သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်စေခြင်း သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ အဖြစ် အရှိကိုအရှိအတိုင်း ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော မနာခံခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် စိတ်နာကျင် ထိခိုက်မည်လော။ (သူ နာကျင်ထိခိုက်ပါလိမ့်မည်။) မှားသည်။ ဘုရားသခင်သည် စိတ်နာကျင်ထိခိုက်မည်မဟုတ်။ ဤကဲ့သို့ ငါပြောသည်ကို ကြားရခြင်းက သင်တို့ကို နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေပြန်ပြီ။ “ဘုရားသခင်သည် အမြဲ စိတ်နာကျင် ထိခိုက်မည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင် နာကျင်ထိခိုက်ခြင်းမရှိဘဲ နေမည်လော။ သို့ဆိုလျှင် သူသည် မည်သည့်အချိန်တွင် နာကျင်ထိခိုက်သနည်း” ဟု သင်တွေးနေနိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် ဤအခြေအနေ၌ နာကျင်ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် အကြမ်းဖျင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ၊ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ “ပစ်ပယ်သည်” ဟူသော စကားလုံးအတွက် အဓိပ္ပာယ်နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ၏ ရှုထောင့်အမြင်မှ အဘယ်သို့ ရှင်းပြရအံ့နည်း။ အမှန်မှာ “ပစ်ပယ်” ဟူသော စကားလုံးသည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းဟူသော ဂယက်အနက်ကို ဆောင်သည်။ ထိုအဓိပ္ပာယ်၏ အခြားအလွှာမှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုအား စွန့်ခြင်းကို ညွှန်းဆိုသော အပိုင်းဖြစ်သည်။ “စွန့်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့အားလုံး သိကြသည် မဟုတ်သလော။ လိုရင်းတိုရှင်းဆိုရလျှင် “ပစ်ပယ်ခြင်း” ဆိုသည်မှာ ဤသို့နည်းဖြင့် ပြုမူနေကြသော ထိုလူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှုနှင့် သဘောထားကို သရုပ်ဖော်သည့် စကားလုံးဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို အလွန်အမင်း မုန်းတီးခြင်းနှင့် ရွံမုန်းခြင်းဖြစ်သောကြောင့်၊ ၎င်းတို့ကို စွန့်ပစ်မည့် ဆုံးဖြတ်ချက်အဖြစ် အကျိုးသက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူတစ်ယောက်နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ငါအစောပိုင်းက ပြောခဲ့သော ထိုဆိုရိုးစကား၏ အရေးပါပုံကို ယခု သင်တို့အားလုံး မြင်နိုင်ကြပြီလော။

လူတို့၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းကို ယခု သင်တို့ နားလည်ကြပြီလော။ (နေ့စဉ်နေ့တိုင်းပင် မတူညီသောအခြေအနေများကို သူစီစဉ်သည်။) မတူညီသော အခြေအနေများကို သူစီစဉ်သည်။ ဤသည်မှာ လူတို့ခံစားပြီး ထိတွေ့နိုင်သော အရာတစ်ခုဖြစ်သည်။ ထိုသို့ဆိုသော် ဤသို့ပြုခြင်းအတွက် ဘုရားသခင်၏ အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းအား မတူညီသော အချိန်များနှင့် မတူညီသော နေရာများ၌ စမ်းသပ်မှုအမျိုးမျိုးကို ပေးရန်ဖြစ်သည်။ စမ်းသပ်မှုတစ်ခုအတွင်းတွင် လူ၏ မည်သည့်ကဏ္ဍမှာ စစ်ဆေးခြင်းကို ခံရသနည်း။ သင်သည် သင်ရင်ဆိုင်ရသော၊ ကြားရ၊ မြင်ရသော၊ ထို့ပြင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသော အကြောင်းကိစ္စတိုင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ် မဟုတ် စမ်းသပ်မှုက အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်သည် လူအားလုံးအပေါ် တရားမျှတသောကြောင့် အယောက်တိုင်းက ဤစမ်းသပ်မှု အမျိုးအစားကို ရင်ဆိုင်ကြရလိမ့်မည်။ သင်တို့ထဲမှ အချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပါပြီ၊ ထို့ကြောင့် စမ်းသပ်မှုတစ်ခုမျှ ကျွန်ုပ် အဘယ်ကြောင့် ရင်မဆိုင်ရဖူးသနည်း” ဟု ဆိုကြသည်။ မည်သည့်စမ်းသပ်မှုကိုမျှ မရင်ဆိုင်ဖူးကြောင်း သင်ခံစားရခြင်းမှာ ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို စီစဉ်ပေးသောအခါတိုင်း၊ သင်သည် ၎င်းတို့ကို အလေးအနက် မထားခဲ့ဘဲ၊ ဘုရားသခင်၏ လမ်းခရီး၌ လိုက်လျှောက်လိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို လုံးလုံး သတိမပြုမိခြင်းသာ ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် စမ်းသပ်မှု အနည်းငယ်ကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် ကျွန်ုပ်သည် မည်သို့ မှန်မှန်ကန်ကန် လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါ။ ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ခဲ့သောအခါ၌ပင် ဘုရားသခင်၏ စမ်းသပ်မှုများအတွင်း ကျွန်ုပ် မြဲမြံစွာရပ်တည်ခဲ့ခြင်း ရှိ မရှိကို မသိသေးပါ” ဟု ဆိုကြသည်။ ဤအခြေအနေမျိုး၌ရှိသော လူများမှာ လူနည်းစုထဲ၌ မရှိကြသည်မှာ သေချာပါသည်။ ထိုသို့ဆိုသော် လူတို့အား ဘုရားသခင်တိုင်းတာသော စံနှုန်းမှာ အဘယ်နည်း။ ၎င်းမှာ စောစောက ငါပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- သင်လုပ်သမျှ၊ တွေးသမျှနှင့် ထုတ်ဖော်ပြသမျှ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း ရှိ မရှိပင် ဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဟုတ်မဟုတ်ကို အဆုံးအဖြတ်ပေးပုံ ဖြစ်သည်။ ဤအယူအဆမှာ ရိုးရှင်းသလော၊ မရိုးရှင်းဘူးလော။ ပြောရသည်မှာ ရိုးရှင်းသော်လည်း၊ လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ (သိပ်မလွယ်ကူပါ။) ၎င်းမှာ အဘယ်ကြောင့် သိပ်မလွယ်ကူသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင်၊ ဘုရားသခင်သည် လူတို့အား မည်ကဲ့သို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို သူတို့မသိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ၊ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်ကဲ့သို့ ရှာဖွေရမည်ကို မသိကြခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၏ လက်တွေ့အရှိတရားကို မပိုင်ဆိုင်နိုင်မီ၊ အမျိုးမျိုးသော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများကို သူတို့ ဖြတ်သန်းကြရသည်။) သင်တို့ ထိုကဲ့သို့ ဆိုကောင်း ဆိုနိုင်သော်လည်း၊ သင်တို့၏ ထင်မြင်ချက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ ယခုပင်လျှင် လွယ်ကူစွာ လုပ်ဆောင်၍ရနိုင်သယောင် ထင်ရသည်။ ဤသို့ အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် တရားဟောချက် မြောက်မြားစွာကို နားထောင်ခဲ့ကြပြီဖြစ်ပြီး သမ္မာတရား စစ်မှန်မှုမှ ပမာဏ မနည်းသော ရေလောင်းပေးခြင်းကို ခံခဲ့ကြပြီးသောကြောင့် ဖြစ်သည်။ ဤအရာက သင်တို့အား သဘောတရားအရနှင့် ဉာဏ်ပညာအရ ဘုရားသခင်အား မည်ကဲ့သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရမည်ကို နားလည်စေပြီဖြစ်သည်။ ထိုသို့ ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ခြင်းကို လက်တွေ့လုပ်ဆောင်ပုံ နှင့်ပတ်သက်၍၊ ဤသိနားလည်ခြင်း အားလုံးသည် အလွန် အထောက်အကူ ဖြစ်နေပြီး ထိုကဲ့သို့သော အရာတစ်ခုကို လွယ်ကူစွာ ရရှိနိုင်သကဲ့သို့ သင်တို့အား ခံစားစေခဲ့သည်။ ထိုသို့ဆိုသော် လူတို့သည် ၎င်းကို အဘယ်ကြောင့် မည်သည့်အခါမျှ အမှန်တကယ် မရရှိနိုင်ကြသနည်း။ ဤသည်မှာ လူသား၏ သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိဘဲ၊ မကောင်းမှုကို နှစ်သက်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ့်အကြောင်းရင်းဖြစ်သည်။

ဘုရားသခင်ကို မကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း” ဟူသော ဤဆိုရိုးစကား မည်သည့်နေရာမှ လာခဲ့ကြောင်း သင်တို့ကို မေးခြင်းအားဖြင့် ငါအစပြုမည်။ (ယောဘဝတ္ထု။) ယောဘကို ကျွန်ုပ်တို့ ဖော်ပြခဲ့ပြီဖြစ်၍၊ သူ့အကြောင်းကို ဆွေးနွေးကြပါစို့။ ယောဘ၏ခေတ်တွင် ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ခြင်းနှင့် သိမ်းပိုက်ခြင်းအတွက် အလုပ်လုပ်နေခဲ့သလော။ သူ လုပ်မနေခဲ့ပါ။ ထိုသို့မဟုတ်သလော။ ယောဘနှင့်စပ်လျဉ်း၍လည်း ထိုအချိန်တွင် ဘုရားသခင်အကြောင်း သူ၌ အသိပညာမည်မျှ ရှိခဲ့သနည်း။ (များစွာ မရှိခဲ့ပေ။) ယောဘက ယခု သင်တို့၌ရှိသော ဘုရားသခင်ပေါ် သိမြင်ခြင်းထက် များခဲ့သလော သို့မဟုတ် နည်းခဲ့သလော။ သင် မဖြေဝံ့သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာမှာ အလွန်ဖြေရ လွယ်ကူသော မေးခွန်းတစ်ခုဖြစ်သည်။ နည်းခဲ့သည်။ ၎င်းမှာ အသေအချာပင်။ သင်တို့သည် ယခုအခါ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် ရှိကြသည်။ သင်တို့သည် ယောဘထက် ဘုရားသခင်ကိုသိသော အသိသည် များစွာပိုသည်။ ဤအရာကို အဘယ်ကြောင့် ငါတင်ပြရသနည်း။ ဤအရာများကို ပြောပြရာ၌ ငါ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့အား အဖြစ်မှန်တစ်ခုကို ငါရှင်းပြလိုသည်၊ သို့သော် ငါမရှင်းပြမီ သင်တို့အား မေးခွန်းတစ်ခုကို မေးလိုသည်- ယောဘသည် ဘုရားသခင်အကြောင်း တကယ့်အနည်းအကျဉ်းသာ သိခဲ့သော်လည်း၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခဲ့သေးသည်။ ယနေ့ခေတ် လူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရန် ပျက်ကွက်ကြသည်မှာ အဘယ့်ကြောင့်နည်း။ (သူတို့သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြသည်။) ၎င်းတို့သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြသည်မှာ ပြဿနာကို ဖြစ်ပွားစေသော အပေါ်ယံဖြစ်ရပ် ဖြစ်သည်၊ သို့သော်လည်း ငါသည် ၎င်းကို ထိုနည်းအတိုင်း ဘယ်သောအခါမှ ယူဆမည် မဟုတ်ပေ။ “အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း”၊ “ဘုရားသခင်ကို ပုန်ကန်ခြင်း”၊ “ဘုရားသခင်အပေါ် သစ္စာမဲ့ခြင်း”၊ “နာခံမှုမရှိခြင်း”၊ “သမ္မာတရားကို မနှစ်သက်ခြင်း” စသည်တို့ကဲ့သို့သော ခဏခဏအသုံးပြုသည့် သြဝါဒများနှင့် ဝေါဟာရများကို မကြာခဏမှတ်ယူကာ ဤမှတ်သားရလွယ်သော စကားရပ်များအား အရေးကိစ္စ တစ်ခုချင်းစီ၏ အနှစ်သာရကို ရှင်းပြရန် အသုံးပြုတတ်ကြသည်။ ဤသည်မှာ အားနည်းချက်ရှိသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်မျိုး ဖြစ်သည်။ ကွဲပြားသော သဘောသဘာဝများ၏ အရေးကိစ္စများကို ရှင်းပြရန် တူညီသောအဖြေကို အသုံးပြုခြင်းက သမ္မာတရားနှင့် ဘုရားသခင်အကြောင်း ပြစ်မှားစော်ကားသော သံသယများကို မလွဲမရှောင်သာ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော အဖြေမျိုး ကြားရသည်ကို ငါမကြိုက်ပေ။ ၎င်းကို လုံးစေ့ပတ်စေ့ ဆင်ခြင်လော့။ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤအကြောင်းအရာကို ဆင်ခြင်ခဲ့ဖူးခြင်း မရှိကြပေ၊ သို့သော်လည်း ၎င်းကို နေ့စဉ် ငါမြင်နိုင်ပြီး နေ့စဉ် ငါခံစားနိုင်သည်။ ထို့ကြောင့် သင်တို့ လုပ်ဆောင်နေကြစဉ် ငါစောင့်ကြည့်နေ၏။ သင်တို့သည် တစ်စုံတစ်ခုကို ပြုလုပ်နေသည့်အချိန်တွင်၊ ၎င်း၏ အနှစ်သာရကို မခံစားနိုင်ကြပေ၊ သို့သော် ငါကြည့်သည့်အခါ ၎င်း၏အနှစ်သာရကို ငါမြင်နိုင်ပြီး ၎င်း၏အနှစ်သာရကိုလည်း ငါခံစားနိုင်သည်။ ထိုသို့ဆိုသော် ဤအနှစ်သာရမှာ အဘယ်နည်း။ အဘယ်ကြောင့် ယနေ့ခေတ် လူများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်နိုင်စွမ်း မရှိကြသနည်း။ သင်တို့၏အဖြေများမှာ ဤပြဿနာ၏ အနှစ်သာရကို ရှင်းလင်းနိုင်ရန်အတွက် အလှမ်းဝေးသည့်အပြင်၊ ၎င်းတို့က ထိုအရာကိုလည်း မရှင်းပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်း၌ သင်တို့ သတိမပြုမိသော အရင်းအမြစ်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအရင်းအမြစ်မှာ အဘယ်နည်း။ ထိုအကြောင်းကို သင်တို့ ကြားလိုကြောင်း ငါသိသည်၊ ထို့ကြောင့် ဤပြဿနာ၏ အရင်းအမြစ်အကြောင်းကို သင်တို့အား ငါ ပြောပြမည်။

ဘုရားသခင်သည် အမှုကို စလုပ်ခဲ့ကတည်းက သူသည် လူသားများကို မည်သို့ သဘောထားခဲ့သနည်း။ ဘုရားသခင်သည် သူတို့ကို ကယ်ဆယ်ခဲ့သည်။ သူသည် လူသားတို့ကို သူ၏မိသားစုဝင်များအဖြစ်၊ သူ့အမှု၏ ဦးတည်ရာများအဖြစ်၊ သူ သိမ်းပိုက်ပြီး ကယ်တင်လိုခဲ့သောသူများနှင့်၊ သူ စုံလင်စေလိုသောသူများအဖြစ် ရှုမြင်ထားခဲ့သည်။ ဤသည်မှာ သူ့အမှု၏ အစ၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထား ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ထိုအချိန်က ဘုရားသခင်အပေါ် လူသားတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားများအတွက် စိမ်းနေခဲ့ပြီး ဘုရားသခင်ကို သူတို့က သူစိမ်းတစ်ယောက်အဖြစ် သဘောထားခဲ့ကြသည်။ ဘုရားသခင်အပေါ် သူတို့၏သဘောထားမှာ မှန်ကန်သော ရလဒ်များကို မဖြစ်ထွန်းစေခဲ့ဘဲ၊ သူတို့က ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်ကြောင်း ရှင်းလင်းသော နားလည်ခြင်း မရှိခဲ့ကြပါဟု ဆိုနိုင်ပါသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်ကို သူတို့အလိုရှိသကဲ့သို့ ဆက်ဆံခဲ့ပြီး သူတို့နှစ်သက်သည့် အရာမှန်သမျှကို လုပ်ခဲ့ကြသည်။ သူတို့၌ ဘုရားသခင်နှင့် ပတ်သက်သော ထင်မြင်ချက်တစ်စုံတစ်ရာ ရှိခဲ့ကြသလော။ အစ၌ သူတို့ မရှိကြပေ။ သူတို့၏ မည်ကာမတ္တ ထင်မြင်ချက်များတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အချို့သော အယူအဆများနှင့် ခန့်မှန်းစိတ်ကူးများသာ ပါဝင်ခဲ့သည်။ သူတို့သည် သူတို့၏ အယူအဆများနှင့် ကိုက်ညီသည့်အရာကို လက်ခံခဲ့ပြီး၊ တစ်စုံတစ်ရာက သူတို့၏အယူအဆများနှင့် မကိုက်ညီသောအခါ၊ သူတို့က ယင်းကို အပေါ်ယံ၌သာ နာခံခဲ့ကြသော်လည်း၊ စိတ်နှလုံးထဲတွင် ၎င်းကို ပြင်းထန်စွာ ကွဲလွဲသည်ဟု ခံစားပြီး ယင်းကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ အစအဦး၌ ဘုရားနှင့် လူသားများကြားက ဆက်ဆံရေး ဖြစ်ခဲ့သည်- ဘုရားသခင်က သူတို့ကို မိသားစုဝင်များအဖြစ် သဘောထားခဲ့သော်လည်း၊ သူတို့က ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်အမှု၏ အချိန်ကာလတစ်ခုနောက်တွင် သူက မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူသားတို့ နားလည်လာခဲ့ကြပြီး သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို သူတို့ သိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို ရရှိနိုင်ကြောင်းကိုလည်း သူတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ သဘောထားခဲ့ကြသနည်း။ သူတို့သည် သူ့ကို အသက်သွေးကြောအဖြစ် ရှုမြင်ခဲ့ကြပြီး သူ၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့်၊ ကတိတော်များကို ပေးအပ်ခြင်းခံရရန် မျှော်လင့် ခဲ့ကြသည်။ ဤအချိန်တွင် ဘုရားသခင်သည် လူသားတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ သူသည် လူတို့အား သူ့သိမ်းပိုက်ခြင်း၏ ပစ်မှတ်များအဖြစ် ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်ရန်၊ သူတို့ကို စစ်ဆေးရန်နှင့်၊ သူတို့အား စမ်းသပ်မှုများကြား၌ ထားရှိရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုလိုခဲ့သည်။ သို့သော် ထိုအချိန်၌ လူတို့နှင့် ပတ်သက်သရွေ့၊ ဘုရားသခင်သည် သူတို့ကိုယ်တိုင်၏ ရည်မှန်းချက်ပန်းတိုင်များ ရရှိရန် သူတို့အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခုမျှ ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင် နိုင်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့အလိုရှိသော အရာတို့ကို ရရန်သော်လည်းကောင်း၊ ၎င်းတို့အလိုရှိသော ခရီးဆုံးပန်းတိုင်သို့ ရောက်ရန်သော်လည်းကောင်း ၎င်းတို့၌ အခွင့်အရေး တစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုးသားမှု အစအနလေး ဖြစ်တည်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့လိုက်ရန် အလိုရှိလာခဲ့ကြသည်။ အချိန်ကျော်လွန်ခဲ့သည်နှင့်အမျှ လူတို့၌ ဘုရားသခင် အကြောင်း အပေါ်ယံနှင့် သြဝါဒဆိုင်ရာ သိနားလည်မှု ရှိလာခဲ့ခြင်းကြောင့်၊ လူသားတို့သည် ဘုရားသခင်နှင့် သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူ၏ ဟောပြောချက်၊ သူထုတ်ပြန်လိုက်သော သမ္မာတရားများနှင့် သူ၏အမှုတို့နှင့် စတင် “ရင်းနှီးကျွမ်းဝင်” လာသည်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့မှာ ဘုရားသခင်သည် မစိမ်းတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့် လမ်းကြောင်း၌ လျှောက်လှမ်းနှင့်ပြီးပြီဖြစ်ကြောင်း မှားယွင်းသော အယူအဆ အောက်တွင် ရှိခဲ့ကြသည်။ ယခုတွင်မူ လူတို့သည် သမ္မာတရားနှင့်စပ်လျဉ်း၍ တရားဟောချက်များစွာကို နားထောင်ခဲ့ကြပြီး ဘုရားသခင်၏ များစွာသောအမှုတို့ကို တွေ့ကြုံခဲ့ဖူးကြပြီ ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းရင်းများနှင့် အခြေအနေများက ဖြစ်ပေါ်စေသော နှောင့်ယှက်မှုနှင့် တားဆီးပိတ်ဆို့မှုတို့ကြောင့် လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ မအောင်မြင်နိုင်ကြသလို၊ ဘုရားသခင်ကိုလည်း မကျေနပ်စေနိုင်ကြချေ။ လူတို့သည် ပို၍ပို၍ လျော့ရဲလာကြပြီး ယုံကြည်စိတ်ချမှုအပိုင်း၌ ပို၍ပို၍ ချို့တဲ့လာကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အဆုံးသတ်ကို မသိရပါဟု ပို၍ပို၍ ခံစားလာကြရသည်။ ၎င်းတို့သည် လွန်ကဲသော အကြံအစည် တစ်စုံတစ်ရာမျှ မရှိဝံ့ကြဘဲ၊ တိုးတက်မှု ပြုလုပ်ရန်အတွက် မကြိုးပမ်းကြတော့ပေ၊ ၎င်းတို့သည် အင်တင်တင်ဖြင့်သာ လိုက်ပါကြပြီး ရှေ့သို့ တစ်လှမ်းချင်း သွားနေကြသည်။ လူသားတို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားများကို ပေးရန်နှင့် သူ၏ လမ်းခရီးကို လူတို့အထဲ၌ ပြည့်ဝစေပြီး သူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန်အတွက် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန်သာ အလိုရှိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် သူ၏ အမှုတို့ကိုယူကာ လူသားများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိလာမည့် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါမြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ သြဝါဒများ၊ စာရွက်ပေါ်က ကျမ်းဟောင်းတရားသက်သက်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာလျှင် သဘောထားကြသည်။ သူတို့၏ လုပ်ဆောင်များနှင့် စကားပြောဆိုပုံတို့တွင်၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သူတို့သည် ဘုရားသခင်၏ လမ်းခရီးကို သူတို့ လိုက်နာသင့်သော လမ်းခရီးတစ်ခုအဖြစ် သဘောမထားကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့် ဦးတည်ရာဘက်၌ လက်တွေ့လုပ်ဆောင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါမမြင်ဖူးပေ။ ဤအရာကြောင့် လူသားများ အပေါ် ဘုရားသခင်၏ သဘောထားမှာ အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် မနှစ်သက်ခြင်းတို့ဖြင့် ပြည့်လျက်ရှိပေသည်။ ဘုရားသခင်သည် လူတို့အား စမ်းသပ်မှုများကို အကြိမ်ရာပေါင်းများစွာပင် အဖန်ဖန် ပေးခဲ့ပြီးသော်လည်း၊ ၎င်းတို့က “ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုပါသည်” ဟူသည့် စိတ်ပိုင်းဖြတ်ချက်ကို လက်တွေ့ပြသည့် ရှင်းလင်းသော မည်သည့်သဘောထားကိုမျှ မရှိကြသေးပေ။ လူတို့၌ ဤစိတ်ပိုင်းဖြတ်ချက် မရှိကြဘဲ၊ ဤကဲ့သို့ ပြသခြင်းမျိုး မရှိကြသည့်အတွက် ၎င်းတို့အပေါ် ဘုရားသခင်၏ လက်ရှိသဘောထားသည် အတိတ်ကကဲ့သို့ သူတို့အား သူ၏ သနားခြင်းကရုဏာ၊ သည်းခံခြင်း၊ သဘောထားကြီးခြင်းနှင့် စိတ်ရှည်ခြင်းကို တိုးပေးခဲ့သည့်အချိန်နှင့် မတူညီတော့ပေ။ ထိုအစား သူသည် လူသားတို့အပေါ် အလွန်အမင်း စိတ်ပျက်လာသည်။ မည်သူက ဤစိတ်ပျက်ခြင်းကို ဖြစ်စေခဲ့သနည်း။ လူသားတို့အပေါ်ရှိသော ဘုရားသခင်၏ သဘောထားမှာ မည်သူ့အပေါ် မူတည်သနည်း။ ၎င်းမှာ ဘုရားသခင်နောက်လိုက်သောသူ အယောက်တိုင်းအပေါ် မူတည်သည်။ သူ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့် ကာလအတွင်း ဘုရားသခင်သည် လူတို့အား တောင်းဆိုချက်များစွာ ပြုခဲ့ပြီး သူတို့အတွက် အခြေအနေများစွာကို စီစဉ်ခဲ့သည်။ သို့သော်လည်း သူတို့သည် မည်သို့ပင် လုပ်ဆောင်ထားပြီးစေကာမူ၊ ဘုရားသခင်အပေါ် သူတို့၏ သဘောထားမှာ မည်သို့ပင်ဖြစ်ပါစေ၊ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ ရည်မှန်းချက်ပန်းတိုင် နှင့် လုံးဝအညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ ထို့ကြောင့် ငါသည် အနှစ်ချုပ်စကားရပ်တစ်ခုကို ပေးပြီး လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ မလျှောက်လှမ်းနိုင်ခြင်းနှင့် ပတ်သက်၍ ငါတို့ ယခုတင်ပြောခဲ့သည့် အရာမှန်သမျှကို ရှင်းပြရန် ဤစကားရပ်ကို ငါအသုံးပြုမည်။ ဤစကားရပ်မှာ အဘယ်နည်း။ ယင်းမှာ- ဘုရားသခင်သည် လူသားများကို သူ့ကယ်တင်ခြင်း၏ ဦးတည်ရာများနှင့် သူ့အမှု၏ ဦးတည်ရာများအဖြစ် သဘောထားပြီး၊ လူသားများက ဘုရားသခင်ကို သူတို့၏ရန်သူ၊ သူတို့၏ ပကတိဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည် ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာအပေါ် ရှင်းလင်းသောနားလည်မှု သင် ယခုရှိပြီလော။ လူသားမျိုးနွယ်၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်းနှင့်၊ လူသားများနှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာ မည်သို့ဖြစ်ကြောင်းတို့မှာ အလွန်ပင် ရှင်းလင်းပေသည်။ သင်တို့သည် တရားဟောချက် မည်မျှကို နားထောင်ခဲ့စေကာမူ၊ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်လာမည့်လမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်အတွက် ရာသက်ပန် အသုံးတော်ခံလိုခြင်းနှင့်၊ ဘုရားသခင်အတွက် အသက်ရှင်လိုခြင်းကဲ့သို့သော သင်တို့ကိုယ်တိုင်၏ ကောက်ချက်ဆွဲခြင်းများ၊ ငါ့အတွက်မူကား ထိုအရာများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမူကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ သတိရှိစွာ လျှောက်လှမ်းခြင်း၏ ပြယုဂ်များ မဟုတ်ပေ၊ ထို့ထက် ၎င်းတို့မှာ သေချာသော ရည်မှန်းချက်ပန်းတိုင်များကို သင်တို့ ရနိုင်သော လမ်းကြောင်းများသာလျှင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်များကို ရယူရန် သင်တို့သည် အချို့သော စည်းမျဉ်းများကို ဝန်လေးစွာဖြင့် လိုက်နာကြသည်၊ ထို့အပြင် လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ လမ်းခရီးမှ ပို၍ပင် အဝေးသို့ ခေါ်ဆောင်သွားပြီး ဘုရားသခင်အား လူတို့နှင့် ဆန့်ကျင်ဘက်အဖြစ် နောက်ထပ် တစ်ကြိမ် ရောက်ရှိစေသည်မှာ ဤစည်းမျဉ်းများပင် အတိအကျဖြစ်သည်။

ယနေ့ ခေါင်းစဉ်မှာ အနည်းငယ် ခက်ခဲနက်နဲပါသည်၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ရောက်လာမည့် အတွေ့အကြုံများနှင့် ကျရောက်လာမည့် အချိန်များကို ကျော်ဖြတ်သည့်အခါ၊ သင်တို့အား ငါ ယခုလေးတင် ပြောခဲ့သောအရာများကို သင်တို့လုပ်နိုင်ကြမည်ဟု ငါ မျှော်လင့်နေဆဲဖြစ်သည်။ ဘုရားသခင်ကို ဘာမျှမရှိသော လေထုကြီးကဲ့သို့၊ သင့်အတွက် အသုံးဝင်သည့်အခါ၌ သူတည်ရှိသော်လည်း၊ အသုံးမဝင်သည့် အခါ၌ သူမတည်ရှိသကဲ့သို့ သဘောမထားကြနှင့်။ သင်သည် ဤကဲ့သို့သော အတွေးမျိုး သင်၏မသိစိတ်ထဲတွင် ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေပြီ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ဘာမျှမရှိသော လေသက်သက်အဖြစ် သဘောမထားပါ။ ဘုရားသခင်ထံ ကျွန်ုပ် အမြဲဆုတောင်းပြီး ဘုရားသခင်ကို ကျေနပ်စေရန် ကျွန်ုပ် အမြဲကြိုးစားသည့်အပြင်၊ ကျွန်ုပ်ပြုသမျှမှာ ဘုရားသခင်တောင်းဆိုသော နယ်ပယ်၊ စံနှုန်းနှင့် နိယာမများအတွင်း၌ ရှိပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမပြုပါ” ဟု ဆိုသောလူများ ရှိကောင်းရှိနိုင်ပါသည်။ ဟုတ်ပါသည်၊ သင်လက်တွေ့လုပ်ဆောင်နေသော ပုံစံမှာ မှန်ကန်ပါသည်။ သို့သော်လည်း ပြဿနာတစ်ခုကို မျက်နှာချင်းဆိုင် သင်ရင်ဆိုင်ရသည့်အခါ၊ သင် မည်ကဲ့သို့ စဉ်းစားသနည်း။ ကိစ္စရပ်တစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ၊ သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ လူအချို့က ၎င်းတို့ ဘုရားသခင်ထံ ဆုတောင်းသည့်အခါနှင့် ဘုရားသခင်ထံ အသနားခံသည့်အခါ ဘုရားသခင် တည်ရှိကြောင်း ခံစားကြသော်လည်း၊ ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါတိုင်း ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများ ရလာပြီး ယင်းတို့ကို လိုက်နာလိုကြသည်။ ဤသည်မှာ သူတို့က ဘုရားသခင်အား ဘာမျှမရှိသော လေထုကြီးကဲ့သို့ သဘောထားသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးက ၎င်းတို့၏ စိတ်ထဲ၌ ဘုရားသခင်ကို မတည်ရှိသောသူ ဖြစ်စေသည်။ လူတို့က ဘုရားသခင်သည် ၎င်းတို့ သူ့ကို လိုအပ်သည့်အချိန်၌ ရှိသင့်ပြီး ၎င်းတို့ သူ့ကို မလိုအပ်သည့်အခါ၊ မရှိသင့်ဟု တွေးတတ်ကြသည်။ လူတို့က ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးများအပေါ် အခြေခံ၍ လက်တွေ့လုပ်ဆောင်ခြင်းမှာ လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့က မိမိနှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု ထင်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို ရှာဖွေရန် လိုအပ်သည်ဟု တကယ့်ကို မတွေးကြပေ။ ဤကဲ့သို့သော အနေအထားမျိုး၌ လောလောဆယ် ရှိနေပြီး ဤကဲ့သို့သော အခြေအနေမျိုး၌ နစ်နေသော လူများအနေဖြင့် သူတို့သည် အန္တရာယ်ကို ဖိတ်ခေါ်နေကြသည် မဟုတ်လော။ လူအချို့က “ကျွန်ုပ်သည် အန္တရာယ်ကို ဖိတ်ခေါ်နေသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပစ်ရက်မည် မဟုတ်သောကြောင့် ကျွန်ုပ်အား စွန့်ပစ်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်” ဟု ဆိုကြသည်။ အခြားလူတို့က “ကျွန်ုပ်သည် မိခင်၏ဝမ်းထဲ၌ ရှိနေခဲ့သည့် အချိန်မှစ၍ သခင့်ကို ယုံကြည်ခဲ့ပြီ။ နှစ်ပေါင်းလေးဆယ် သို့မဟုတ် ငါးဆယ် ရှိပြီဖြစ်သဖြင့် အချိန်အားဖြင့်ဆိုလျှင် ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရရန် အရည်အချင်း အပြည့်မီဆုံးဖြစ်ပြီး ကျွန်ုပ်သည် အောင်မြင်ကျော်လွှားရန် အရည်အချင်း အပြည့်မီဆုံးဖြစ်သည်။ ဤဆယ်စုနှစ် လေးစု သို့မဟုတ် ငါးစုအတွင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ်၏အလုပ်ကို စွန့်ပစ်ထားခဲ့သည်။ ငွေကြေး၊ ရာထူးဂုဏ်ပုဒ်၊ ပျော်ရွှင်မှုနှင့် မိသားစုအချိန် ကဲ့သို့သော ကျွန်ုပ်၌ရှိသမျှ အရာများအားလုံးကို စွန့်လွှတ်ခဲ့သည်။ အရသာရှိသည့် အစားအစာများစွာ ကျွန်ုပ်မစားဖူးခဲ့၊ ပျော်ရွှင်စရာများစွာ ကျွန်ုပ်မပျော်မွေ့ဖူးခဲ့ပါ၊ စိတ်ဝင်စားဖွယ်ကောင်းသော နေရာများစွာ ကျွန်ုပ် မလည်ပတ်ခဲ့ဖူးပါ၊ ထို့ပြင် ကျွန်ုပ်သည် သာမန်လူတို့ မခံနိုင်သော ဒုက္ခဆင်းရဲကိုပင် ကြုံတွေ့ခံစားခဲ့ဖူးသည်။ အကယ်၍ ဘုရားသခင်သည် ဤအရာအားလုံးအတွက်ကြောင့် ကျွန်ုပ်အား မကယ်တင်နိုင်ပါက၊ ကျွန်ုပ်သည် မျှတမှုမရှိဘဲ ဆက်ဆံခံနေရပြီဖြစ်ပြီး ဤကဲ့သို့သော ဘုရားသခင်မျိုးကို ကျွန်ုပ် မယုံကြည်နိုင်ပါ” ဟု ဆိုကြသည်။ ဤကဲ့သို့သော အမြင်မျိုးရှိသည့် လူတို့ များစွာရှိသလော။ (များစွာရှိပါသည်။) ထိုသို့ဆိုသော် ယနေ့ သင်တို့အား အဖြစ်မှန်တစ်ခုကို နားလည်စေဖို့ ငါကူညီမည်- ဤကဲ့သို့သော အမြင်မျိုးနှင့် လူတို့အားလုံးမှာ မိမိတို့ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်နေကြခြင်းပင် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများဖြင့် မိမိတို့၏မျက်လုံးများကို ဖုံးကွယ် နေကြသောကြောင့် ဖြစ်သည်။ လူသားများ ဖြည့်ဆည်းရန် ဘုရားသခင်တောင်းဆိုသော စံနှုန်းကို အစားထိုးပြီး ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်များကို လက်ခံခြင်းမှ ၎င်းတို့အား ဟန့်တားထားသည်မှာ ဤစိတ်ကူးများရော သူတို့၏ကိုယ်ပိုင် ကောက်ချက်များပါ ဧကန်ဖြစ်သည်။ ယင်းက သူ့တို့အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို မခံစားရနိုင်စေရန် ပြုလုပ်ပြီး ယင်းက သူတို့အား ဘုရားသခင်၏ ကတိတော်ထဲတွင်ရှိသော အစိတ်အပိုင်း သို့မဟုတ် ဝေစုဟူသမျှကို ပစ်ပယ်ကာ ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးစေပါသည်။

လူတို့၏ အဆုံးသတ်များကို ဘုရားသခင် သတ်မှတ်ပုံနှင့် ထိုသို့ပြုရာ၌ သူအသုံးပြုသော စံနှုန်းများ

သင်သည် မည်သည့်အမြင် သို့မဟုတ် ကောက်ချက် တစ်စုံတစ်ရာကို မရွေးချယ်မီ သင်သည် သင့်အပေါ်၌ ရှိသော ဘုရားသခင်၏ သဘောထားနှင့် သူ စဉ်းစားနေသည့်အရာကို ဦးစွာ နားလည်သင့်ပြီး၊ ထို့နောက် သင်၏ကိုယ်ပိုင် အတွေးအခေါ် မှန်သည်မမှန်သည်ကို ဆုံးဖြတ်နိုင်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် အချိန်ကို အတိုင်းအတာယူနစ်အဖြစ် မည်သည့်အခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးသကဲ့သို့၊ သူသည် လူတစ်ဦးက မည်မျှ ဒုက္ခခံစားခဲ့ရသည် ဟူသည့် စိစစ်သတ်မှတ်ခြင်းမျိုး အပေါ်၌လည်း မည်သည့်အခါမျှ အခြေမံပြုခဲ့ဖူးပါပေ။ ထိုသို့ဆိုသော် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန် စံနှုန်းတစ်ခုအဖြစ် မည်သည့်အရာကို ဘုရားသခင် အသုံးပြုသနည်း။ အချိန်ကို အခြေခံ၍ သတ်မှတ်ခြင်းမှာ လူတို့၏ အယူအဆများနှင့် အကိုက်ညီဆုံးသော အရာပင်ဖြစ်မည်။ ထို့အပြင် သင်တို့ မကြာခဏတွေ့မြင်ရသည့် တစ်ချိန်တစ်ခါက များစွာ ဆက်ကပ်ခဲ့သော၊ အသုံးတော်ခံခဲ့သော၊ အဖိုးအခကြီးစွာ ပေးခဲ့သော၊ ကြီးမားစွာ ဒုက္ခဆင်းရဲခံခဲ့သောသူများ ရှိသည်။ သင်တို့၏အမြင်တွင် ထိုသူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သောသူများ ဖြစ်ကြသည်။ ဤလူများ လက်တွေ့ပြသပြီး အသက်ရှင်နေထိုင်ခဲ့သည့်အရာ မှန်သမျှသည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ဘုရားသခင်ချမှတ်ထားသော စံနှုန်းများနှင့်ပတ်သက်၍ လူသားတို့၏ အယူအဆများနှင့် အတိအကျ ကိုက်ညီပေသည်။ သင်တို့ မည်သည့်အရာကို ယုံကြည်သည်ဖြစ်စေ၊ ငါသည် ဤဥပမာများကို တစ်ခုပြီးတစ်ခု စာရင်းမှတ်မည်မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဘုရားသခင်ကိုယ်တိုင်၏ အယူအဆ၌ ရှိသော စံနှုန်းမဟုတ်သည့်အရာ မှန်သမျှသည် လူ၏ စိတ်အထင်မှ လာခြင်းသာဖြစ်ပြီး ထိုကဲ့သို့သော အရာအားလုံးမှာ လူ၏ အယူအဆများပင် ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ နှင့် စိတ်ကူးများအပေါ် ကျိုးကြောင်းမမြင်ဘဲ မလျှော့တမ်း ပြောနေလျှင် ရလဒ်က အဘယ်အရာဖြစ်မည်နည်း။ ဤအရာ၏ အကျိုးဆက်မှာ ဘုရားသခင် သင့်အား ပစ်ပယ်ခြင်းသာလျှင် ဖြစ်နိုင်သည်မှာ အတော်ပင် သိသာပါသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အရည်အချင်းများကို ဘုရားသခင်ရှေ့၌ အမြဲကြွားလုံးထုတ်ကာ သူနှင့် ယှဉ်ပြိုင်ပြီး သူနှင့် အငြင်းပွားသောကြောင့် ဖြစ်ပြီး၊ သင်တို့သည် သူ၏ တွေးခေါ်ခြင်းကို အမှန်တကယ် နားလည်သဘောပေါက်ရန် မကြိုးစားသည့်အပြင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတော်နှင့် သူ၏သဘောထားကို နားလည်သဘောပေါက်ရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ဤပုံစံအတိုင်း ရှေ့ဆက်ခြင်းက သင့်ကိုယ်သင် အရာခပ်သိမ်းအထက်၌ ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ချီးပင့်မြှောက်စားခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ယုံကြည်ပြီး၊ ဘုရားသခင်ကို မယုံကြည်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို အလိုမရှိသည့်အပြင် သူသည် သူတို့အတွက် ကယ်တင်ခြင်းကိုလည်း ယူဆောင်လာမည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအမြင်မျိုးကို လက်လွှတ်နိုင်သည်သာမက၊ အတိတ်က သင်ရှိခဲ့သည့် မှားယွင်းသော ထိုအမြင်များကို ပြုပြင်နိုင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ရှေ့ဆက်နိုင်ပါက၊ ယခုအချိန်မှစ၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုအား ရှောင်ခြင်းလမ်းခရီးကို လက်တွေ့လုပ်ဆောင် နိုင်ပါက၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြီးမြတ်သောအရှင်အဖြစ် ချီးမြှောက်လာနိုင်ပြီး မိမိကိုယ်ကိုယ်နှင့် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် သင်ကိုယ်တိုင်၏ တစ်ကိုယ်ရေစိတ်ကူးများ၊ သဘောထားများ၊ သို့မဟုတ် ယုံကြည်ချက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်နိုင်ပါက၊ ထို့ပြင် ယင်းအစား သင်သည် ကဏ္ဍတိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားအား သဘောပေါက်ခြင်းနှင့် သိနားလည်ခြင်းကို ရရှိလာခြင်းနှင့် သူ၏စံနှုန်းများကို ဖြည့်ဆည်းပေးခြင်း အားဖြင့် သူ့ကို ကျေနပ်စေခြင်းတို့ ရှိမည်ဆိုပါက၊ ၎င်းမှာ ချီးကျူးလောက်စရာ ဖြစ်ပေမည်။ ယင်းက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးပေါ်၌ စတင်လုနီးပါးဖြစ်ကြောင်း ညွှန်ပြလိမ့်မည်။

ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို သတ်မှတ်ပေးမည့် စံနှုန်းများအဖြစ် သူတို့၏ အမျိုးမျိုးသော စိတ်ကူးများ၊ ထင်မြင်ချက်များနှင့် သဘောထားများကို အသုံးမပြုပါက၊ လူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန်အတွက် မည်သည့် စံနှုန်းမျိုးကို သူအသုံးပြုသနည်း။ ဘုရားသခင်သည် သူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို အသုံးပြုပါသည်။ လူတို့၏ အဆုံးသတ်များကို သတ်မှတ်ရန် စမ်းသပ်မှုများကို ဘုရားသခင် အသုံးပြုခြင်းအတွက် စံနှုန်းနှစ်ခု ရှိလေသည်- ပထမမှာ လူတို့ ကြုံတွေ့ရသော စမ်းသပ်မှုအရေအတွက်ဖြစ်ပြီး ဒုတိယမှာ ဤစမ်းသပ်မှုများက လူတို့အပေါ်တွင် ရရှိသော ရလဒ်များပင် ဖြစ်သည်။ လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ပေးသောအရာမှာ ဤအညွှန်းနှစ်ခုပင် ဖြစ်သည်။ ယခု ငါတို့ ဤစံနှုန်းနှစ်ခုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းကြမည်။

ဦးစွာ လူတစ်ဦးသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရပါက (ဤစမ်းသပ်မှုသည် သင့်အတွက် ဖော်ပြရန် မထိုက်တန်သည့်၊ သေးငယ်သော စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်)၊ ဤသည်မှာ သင့်အပေါ် သူ၏ပြုလုပ်ချက်ဖြစ်ကြောင်းနှင့် ဤအခြေအနေကို သင့်အတွက် စီစဉ်ခဲ့သူမှာ သူဖြစ်ကြောင်းကို ဘုရားသခင်သည် သင့်အား ထင်ရှားစွာ သတိပြုမိစေမည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု မရင့်ကျက်သေးသည့်အခါ ဘုရားသခင်သည် သင့်ကို စစ်ဆေးရန်အလို့ငှာ စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး ဤစမ်းသပ်မှုများမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ သင်တို့ သဘောပေါက်နိုင်သည့် အရာနှင့် သင်တို့ ကြံ့ကြံ့ခံနိုင်သော အရာတို့နှင့် ညီမျှပါလိမ့်မည်။ သင်၏ မည်သည့်အပိုင်းက စစ်ဆေးခြင်း ခံရမည်နည်း။ ဘုရားသခင်အပေါ် သင်၏ သဘောထားပင်။ ဤသဘောထားမှာ အလွန် အရေးကြီးသလော။ အမှန်တကယ် အရေးကြီးပါသည်။ ၎င်းမှာ အထူးအရေးကြီးသည့် အရာဖြစ်သည်။ လူသားတို့၌ရှိသော ဤသဘောထားမှာ ဘုရားသခင် အလိုရှိသော ရလဒ်ပင်ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ကား ၎င်းမှာ အားလုံးထက် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် ထိုသို့သောအလုပ်ကို ဝင်ရောက်လုပ်ဆောင်ခြင်းအားဖြင့် လူတို့အပေါ်တွင် သူ၏ကြိုးပမ်းမှုများကို အသုံးပြုခဲ့လိမ့်မည် မဟုတ်ပေ။ ဤစမ်းသပ်မှုများအားဖြင့် ဘုရားသခင်သည် သူ့အပေါ် သင်၏ သဘောထားကို မြင်လိုသည်။ သင်သည် မှန်သောလမ်းကြောင်းပေါ်၌ ရှိမရှိကို သူမြင်လိုသည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိကိုလည်း သူမြင်လိုသည်။ ထို့ကြောင့် သင်သည် သီးသန့်အချိန်တစ်ခုခု၌ သမ္မာတရားကို များစွာ သို့မဟုတ် အနည်းငယ် နားလည်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ပြီး သင်နားလည်သော သမ္မာတရားအတိုင်းအတာ တိုးပွားလာပြီးနောက်တွင် သင့်အတွက် ဆီလျော်သော စမ်းသပ်မှုများကို သူ ဆက်လက်စီစဉ်လိမ့်မည် ဖြစ်သည်။ သင်သည် စမ်းသပ်မှုတစ်ခုကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရသည့်အခါ၊ သူ့အပေါ်ထားသော သင်၏ရှုထောင့်၊ အတွေးအခေါ်များနှင့် သဘောထားတို့သည် ထိုကြားကာလအချိန်အတွင်း တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို ဘုရားသခင်မြင်လိုသည်။ လူအချို့က “ဘုရားသခင်က အဘယ်ကြောင့် လူတို့၏ သဘောထားများကို အမြဲမြင်လိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ကြောင်းကို ဘုရားသခင် မမြင်သေးသလော။ လူတို့၏ သဘောထားများကို အဘယ်ကြောင့် သူမြင်လိုရသေးသနည်း” ဟု တွေးတတ်ကြသည်။ ဤသည်မှာ ထင်ရာမြင်ရာပြောသော ပေါက်ကရစကား ပါတကား။ ဘုရားသခင်သည် ဤပုံစံအတိုင်း အမှုပြုသည်ကို ထောက်ဆလျှင်၊ သူ၏ အလိုတော်မှာ ယင်း၌ရှိရမည်။ ဘုရားသခင်သည် ဘေးမှနေ၍ လူတို့ကို အမြဲတမ်း လေ့လာနေကာ၊ သူတို့၏ စကားလုံးနှင့် လုပ်ဆောင်မှုတိုင်း၊ သူတို့၏ ဆောင်ရွက်ချက်နှင့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူသည် ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းကိုပင် စောင့်ကြည့်သည်။ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ အမှားများ၊ ၎င်းတို့၏ ကျူးလွန်ပြစ်မှားမှုများ၊ ၎င်းတို့၏ ပုန်ကန်မှုများနှင့် သစ္စာဖောက်မှုများစသည့် လူတို့၌ ဖြစ်ပျက်သမျှကိုပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်များကို သတ်မှတ်ရာ၌ အထောက်အထားအဖြစ် မှတ်သားထားသည်။ ဘုရားသခင်၏ အမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာသည်နှင့်အမျှ သင်သည် နောက်ထပ် သမ္မာတရားများကို ကြားရပြီး အပြုသဘောဆောင်သော အရာများနှင့် အချက်အလက်တို့ကို နောက်ထပ် လက်ခံလာမည် ဖြစ်သည့်အပြင် သင်သည် သမ္မာတရား၏ စစ်မှန်မှုကို နောက်ထပ်ရရှိလိမ့်မည် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာလည်း တိုးပွားလာမည် ဖြစ်ကာ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်သည် သင့်အတွက် ပို၍ပြင်းထန်သော စမ်းသပ်မှုများကို စီစဉ်ပေးလိမ့်မည်။ သူ၏ရည်မှန်းချက်မှာ ဘုရားသခင် အပေါ်၌ရှိသော သင်၏ သဘောထားသည် ထိုအချိန်အတောအတွင်း ရင့်ကျက်လာခြင်း ရှိမရှိကို ဆန်းစစ်ရန် ဖြစ်သည်။ ဤသို့ဖြစ်သောအခါ သင့်အား ဘုရားသခင် တောင်းဆိုသော အမြင်သဘောထားက သမ္မာတရား စစ်မှန်မှုအပေါ် သင်၏နားလည်မှုနှင့် ကိုက်ညီမည်မှာ အမှန်ပင် ဖြစ်သည်။

သင်၏ ဝိညာဉ်ရင့်ကျက်မှု တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သင့်အား ဘုရားသခင်တောင်းဆိုသော စံနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ သင် မရင့်ကျက်သေးသည့်အခါ၊ ဘုရားသခင်သည် သင်ဖြည့်ဆည်းဖို့ အလွန်နိမ့်သော စံနှုန်းတစ်ခုကို ချမှတ်ပေးမည် ဖြစ်သည်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကြီးမားသည့်အခါ သူသည် သင့်စံနှုန်းကို အနည်းငယ်ပိုမြှင့်ပေးမည် ဖြစ်သည်။ သို့သော်လည်း သမ္မာတရားအားလုံးကို သင် နားလည်ခြင်း ရရှိပြီးနောက်တွင် ဘုရားသခင်သည် မည်ကဲ့သို့ ပြုလိမ့်မည်နည်း။ သူသည် သင့်အား ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်စေမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အကြားတွင်၊ ဘုရားသခင် သင့်အား ရရှိစေလိုသောအရာ၊ ဘုရားသခင် သင့်ထံမှ မြင်တွေ့လိုသောအရာမှာ ဘုရားသခင်အပေါ် ပို၍နက်ရှိုင်းသော သိနားလည်ခြင်းနှင့် သူ့အပေါ် သင်၏ စစ်မှန်သော ကြောက်ရွံ့မှု ဖြစ်သည်။ ဤအချိန်တွင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ယခင်က သင်၏ ပို၍ နုနယ်သေးသည့် ဝိညာဉ်ရင့်ကျက်မှုထက် ပို၍မြင့်လာပြီး “ပို၍ပြင်းထန်” လာလိမ့်မည် ဖြစ်သည် (လူတို့က ၎င်းကို ပြင်းထန်သည်ဟု မြင်သော်လည်း၊ ဘုရားသခင်က ၎င်းမှာ အသင့်အတင့် ဖြစ်သည်ဟု မြင်သည်)။ ဘုရားသခင်သည် လူတို့အား စမ်းသပ်နေသည့်အခါ မည်ကဲ့သို့သော စစ်မှန်မှုမျိုးကို သူဖန်တီးလိုခြင်း ဖြစ်သနည်း။ ဘုရားသခင်က လူတို့အား မိမိတို့၏ စိတ်နှလုံးကိုပေးရန် အဆက်မပြတ် တောင်းနေသည်။ လူအချို့က “၎င်းကို ကျွန်ုပ် မည်ကဲ့သို့ပေးရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီ။ နေအိမ်နှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီး ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သည်။ ဤအရာများအားလုံးမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးခြင်း၏ သာဓကများပင် ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အား နောက်ထပ်မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤအရာများမှာ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်အားပေးသော နည်းလမ်းများ အမှန်တကယ် မဟုတ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ တောင်းဆိုချက် အတိအကျမှာ အဘယ်နည်း” ဟု ဆိုတတ်ကြသည်။ သတ်မှတ်ချက်မှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ အမှန်အားဖြင့် ၎င်းတို့၏ အမျိုးမျိုးသော စမ်းသပ်မှုများ အဆင့်ဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ခြားနားသော အတိုင်းအတာဖြင့် ဘုရားသခင်အား ပေးနှင့်ပြီးသောသူအချို့ ရှိလေသည်၊ သို့သော်လည်း လူပေါင်းမြောက်မြားစွာတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးကြပေ။ ဘုရားသခင်သည် သင့်အား စစ်ကြောသောအခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၌၊ ဇာတိပကတိ၌ သို့မဟုတ် စာတန်၌ ရှိ မရှိကို သူ မြင်သည်။ ဘုရားသခင်သည် သင့်အား စမ်းသပ်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းရှိ မရှိ သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့် အနေအထား၌ ရပ်တည်ခြင်းရှိ မရှိ၊ ဘုရားသခင်မြင်ပြီး သင်၏ စိတ်နှလုံးသည် သူ့ဘက်၌ရှိ မရှိကို သူမြင်သည်။ သင်သည် ရင့်ကျက်ခြင်းမရှိဘဲ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သင်သည် ယုံကြည်ခြင်း နည်းပါးပြီး သင်၌ သမ္မာတရားအား သိနားလည်ခြင်းမှာ နည်းပါးသောကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သင်ပြုဖို့လိုအပ်သည့်အရာကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဘုရားသခင်ထံ စစ်မှန်စွာနှင့် ရိုးသားစွာ ဆုတောင်းနိုင်သေးပါက၊ ထို့ပြင် သင့်စိတ်နှလုံးကို သူ့အားပေးရန်၊ သူ့အား သင်၏ အချုပ်အခြာအာဏာပိုင် ဖြစ်စေရန်နှင့် တန်ဖိုးအရှိဆုံးဟု သင်ယုံကြည်သော ထိုအရာများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်ရန် ဆန္ဒရှိပါက၊ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနှင့်ပြီးဖြစ်လိမ့်သည်။ သင်သည် နောက်ထပ် တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို ပို၍နားလည် လာသည်နှင့်အမျှ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု သည်လည်း တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင့် တောင်းဆိုချက်များ၏ စံနှုန်းမှာ သင်မရင့်ကျက်သည့် အချိန်ကနှင့် တူတော့မည် မဟုတ်ပေ။ သူသည် သင့်အား ပိုမြင့်သော စံနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ လူတို့သည် မိမိတို့၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း ဘုရားသခင်ထံ ပေးလာသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း ဘုရားသခင်နှင့် သာ၍နီးကပ်လာသည်၊ လူတို့သည် ဘုရားသခင်ထံ အမှန်တကယ် နီးကပ်လာနိုင်သည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ကို သာ၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဘုရားသခင် အလိုရှိသော အရာမှာ ထိုစိတ်နှလုံးမျိုးပင် ဖြစ်သည်။

ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ရလိုသည့်အခါ၊ သူသည် ထိုသူအား စမ်းသပ်မှုအတော်များများကို ခံစားစေလိမ့်မည်။ ဤစမ်းသပ်မှုများ အတွင်း အကယ်၍ ဘုရားသခင်သည် ထိုသူ၏ စိတ်နှလုံးကိုမရ သို့မဟုတ် ထိုသူ၌ သဘောထား တစ်စုံတစ်ရာရှိကြောင်း မမြင်သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောပုံစံဖြင့် လက်တွေ့ကျင့်သုံးကြောင်း သို့မဟုတ် ပြုမူကြောင်း သူ မမြင်ရသည့်အခါ၊ ပြီးလျှင် ဤလူထံ၌ မကောင်းမှုကို ရှောင်ရှားသည့် သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်ကိုလည်း မမြင်ရသည့်အခါ၊ စမ်းသပ်မှု အတော်များများ အပြီးတွင် ထိုသူအပေါ် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ဤလူကို သူ နောက်ထပ်သည်းခံတော့မည် မဟုတ်ပေ။ သူသည် ဤလူအား ဆက်၍စစ်ကြောတော့မည် မဟုတ်သည့်အပြင်၊ သူသည် သူ့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူ၏ အဆုံးသတ်အတွက် ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၌ အဆုံးသတ် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ဤလူသည် မကောင်းမှု ပြုဖူးကောင်းပြုဖူးမည် မဟုတ်ပါ။ ၎င်းတို့သည် မည်သည့်အရာမျှ ဖျက်လိုဖျက်ဆီး မလုပ်ဖူးသည့်အပြင် အနှောင့်အယှက်လည်း မဖြစ်ပေါ် စေခဲ့ဖူးလောက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း မပြုဖူးလောက်ပါပေ။ သို့သော်လည်း ဤလူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဆက်လက် ဖုံးကွယ်ထားလေသည်။ ၎င်းတို့ထံ၌ ဘုရားသခင်အပေါ် ရှင်းလင်းသော သဘောထားနှင့် အမြင် မည်သည့်အခါမျှ မရှိခဲ့ပေ၊ ထို့ပြင် ၎င်းတို့၏ စိတ်နှလုံးကို သူ့အား ပေးပြီးခဲ့ကြောင်း သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ကြိုးပမ်းနေကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူများအပေါ် စိတ်ရှည်ခြင်း ကုန်ဆုံးပြီး၊ သူတို့အတွက် မည်သည့်အဖိုးအခပေးခြင်း၊ သူတို့အား မည်သည့် သနားခြင်းကရုဏာကိုမျှ တိုးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် အမှုပြုခြင်း နောက်ထပ် ပြုတော့မည်မဟုတ်ပေ။ ဘုရားသခင်အပေါ် ဤကဲ့သို့သောလူ၏ ယုံကြည်ခြင်း အသက်တာမှာ အဆုံးသတ်နှင့်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူတို့အား ဘုရားသခင်ပေးပြီးသည့် များစွာသော စမ်းသပ်မှုများ အားလုံး၌ ဘုရားသခင်သည် သူ အလိုရှိသော ရလဒ်ကို မရသေးခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းကို ငါ တစ်ခါမျှ မမြင်ခဲ့ဖူးသော လူတစ်စုရှိ၏။ ဤအရာကို အဘယ်သို့ မြင်ရနိုင်မည်နည်း။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပြီး အပေါ်ယံတွင် ၎င်းတို့သည် အားကြိုးမာန်တက် ပြုမူခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီးကာ၊ အရေးကိစ္စများစွာကို ကိုင်တွယ်ခဲ့ကြပြီး မှတ်စုစာအုပ် ၁၂ အုပ်ခန့်ကို ရေးမှတ်ခဲ့ကြပြီးသကဲ့သို့ ဝေါဟာရများနှင့် သြဝါဒများ မြောက်မြားစွာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတို့၌ သိသာထင်ရှားသော မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိ၊ ဘုရားသခင်အပေါ် သူတို့၏ရှုထောင့်များမှာ သိသာထင်ရှားမှု မရှိသေးသည့်အပြင် သူတို့၏ သဘောထားများမှာ ရှင်းလင်းမှု မရှိသေးပေ။ တစ်နည်းအားဖြင့် သူတို့၏ စိတ်နှလုံးကို မမြင်ရနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးမှာ အမြဲလုံးထွေးနေပြီး ၎င်းတို့မှာ ဘုရားသခင်ထံမှ ပိတ်ဆို့ထားကြသည်- အကျိုးဆက်မှာ သူသည် သူတို့၌စစ်မှန်သော စိတ်နှလုံးကို မမြင်ဖူးခဲ့ရ၊ ဘုရားသခင်သည် ဤလူတို့အထဲ၌ သူ့အား စစ်မှန်သော ချစ်ကြောက်ရိုသေခြင်းကို မမြင်ဖူးခဲ့ရသည့်အပြင်၊ ထိုမျှမက ဤလူတို့သည် ဘုရားသခင်၏ လမ်းခရီး၌ မည်ကဲ့သို့ လျှောက်လှမ်းကြောင်းကို သူ မမြင်ခဲ့ဖူးပါပေ။ အကယ်၍ ယခုတိုင်အောင် ဘုရားသခင်သည် ဤသို့သော လူတို့ကို မရယူရသေးပါက၊ အနာဂတ်တွင် ၎င်းတို့ကို သူ ရယူနိုင်မည်လော။ မရယူနိုင်ပါပေ။ ဘုရားသခင်သည် မရယူနိုင်သော အရာများအတွက် ဆက်၍ ကြိုးစားပမ်းစား တောင်းဆိုလိမ့်မည်လော။ တောင်းဆိုလိမ့်မည်မဟုတ်။ ထိုအခါ ဤသို့သော လူများအပေါ် ဘုရားသခင်၏ လက်ရှိသဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့အား ပစ်ပယ်ပြီး၊ မသိကျိုးကျွန်ပြုသည်။) သူသည် ၎င်းတို့ကို မသိကျိုးကျွန်ပြုသည်။ ဘုရားသခင်သည် ဤသို့သော လူတို့ကို အလေးဂရုမပြုပေ၊ ၎င်းတို့ကို သူပစ်ပယ်ထားသည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို အလွန်လျင်မြန်စွာနှင့် အလွန် တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ကြပြီး ဖြစ်သည်။ သင်တို့သည် သင်တို့ကြားခဲ့ပြီးသော အရာကို နားလည်ပြီးသကဲ့သို့ ထင်ရပါသည်တကား။

ဘုရားသခင်နောက်သို့ စလိုက်သည့်အချိန်တွင် ရင့်ကျက်ခြင်း မရှိဘဲ မသိနားမလည်သော လူအချို့ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်လျှောက်ခြင်း နှင့်ပတ်သက်၍ လူ့စိတ်ကူးဖြစ်ပြီး လွဲမှားသော နည်းလမ်းတစ်ခုကို ခံယူကြသည်။ ဤကဲ့သို့သော လူတို့သည် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ယင်းကို သတိမထားမိကြဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းအပေါ် တုံ့ပြန်မှု ကင်းမဲ့မြဲ ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် စမ်းသပ်မှုတစ်ခုအတွင်း မြဲမြံစွာရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိကြပေ။ ဘုရားသခင်သည် ဤသို့သော လူတို့အား အချိန်အကန့်အသတ်တစ်ခုကို ပေးပြီး ဤအချိန်အတောအတွင်း သူသည် ၎င်းတို့အား သူ့စမ်းသပ်မှုများ၏ သဘောသဘာဝနှင့် သူ၏ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်ကြောင်းကို နားလည်စေမည် ဖြစ်သည်။ ထို့နောက်တွင် ဤလူများသည် ၎င်းတို့၏ ရှုထောင့်အမြင်များကို ပြသရပေမည်။ ဤအဆင့်၌ရှိသော ထိုလူများကို ဘုရားသခင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ အမြင်အချို့ရှိသော်လည်း၊ ယိမ်းယိုင်နေသေးသော သူများ၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုသော်လည်း၊ ထိုသို့ပေးရန် မပြေလည်သောသူများနှင့်၊ အခြေခံ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ခဲ့ပြီးစေကာမူ ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ပုန်းရှောင်ပြီး လက်လျှော့ရန် ကြိုးစားသောသူများ နှင့်ပတ်သက်၍ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့အပေါ် အနည်းငယ် မျှော်လင့်နေသေးပြီး ရလဒ်မှာမူ ၎င်းတို့၏ သဘောထားနှင့် လုပ်ဆောင်မှုအပေါ် မူတည်ပါသည်။ အကယ်၍ လူတို့သည် တိုးတက်ခြင်း၌ ထိရောက်မှုမရှိလျှင် ဘုရားသခင် မည်သို့ပြုသနည်း။ ၎င်းတို့အား သူလက်လျှော့လိုက်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကို လက်မလျှော့မီ သင်သည် သင့်ကိုယ်သင် လက်လျှော့နှင့်ပြီးပြီဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ဤသို့လက်လျှော့ခြင်းကြောင့် သူ့ကို အပြစ်တင်၍ မရနိုင်ပေ။ သင်က ဘုရားသခင်အပေါ် မကျေနပ်ချက်ထားခြင်းမှာ မှားယွင်းသည်။

လက်တွေ့ကျသော မေးခွန်းတစ်ခုက လူတို့အထဲ၌ ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အကျပ်အတည်းများ

အားလုံးထဲတွင် ဝမ်းနည်းဖွယ်အကောင်းဆုံး အဆုံးသတ်ရှိသော အခြားလူအမျိုးအစား တစ်မျိုးရှိသည်။ ဤသည်မှာ ငါမဖော်ပြချင်ဆုံးသော လူအမျိုးအစားပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ရရှိထားသဖြင့် သို့မဟုတ် ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ ပြင်းထန်ခြင်းကြောင့် ၎င်းတို့၌ ဝမ်းနည်းဖွယ် အဆုံးသတတစ်ခု ရရှိထားသဖြင့် ဝမ်းနည်းဖွယ်ကောင်းခြင်း မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် မည်သူမပြု မိမိမှုဖြစ်သောကြောင့် ဝမ်းနည်းဖွယ်ကောင်းခြင်း ဖြစ်သည်။ ကိုယ့်သေတွင်း ကိုယ်တူးသည် ဟူသည့် အများသိသော ဆိုရိုးစကား ရှိသကဲ့သို့ပင် ဖြစ်သည်။ မည်သို့သော လူအမျိုးအစားက ဤသို့ပြုသနည်း။ ဤလူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြသဖြင့် ၎င်းတို့၏ အဆုံးသတ်များမှာ ကြိုတင်၍ ထုတ်ဖော်ပြထားပြီးဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ဤလူအမျိုးအစားမှာ သူ၏ စက်ဆုပ်ရွံရှာခြင်းကို အများဆုံးခံရသောသူများပင် ဖြစ်သည်။ လူ့အသုံးအနှုန်းအရ ဤကဲ့သို့သော လူတို့မှာ သနားစရာ အကောင်းဆုံး ဖြစ်ကြသည်။ ဤသို့သော လူတို့သည် ဘုရားသခင်နောက်သို့ စလိုက်သည့်အချိန်တွင် အလွန် စိတ်အားထက်သန် ကြသည်။ ၎င်းတို့သည် အဖိုးအခများစွာ ပေးကြပြီး ဘုရားသခင့်အလုပ်၏ အလားအလာအပေါ် ကောင်းသောအမြင် ရှိကြသည်သာမက၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်နှင့်ပတ်သက်၍ စိတ်ကူးစိတ်သန်း အပြည့်ရှိကြသည်။ ၎င်းတို့သည် အထူးသဖြင့် ဘုရားသခင်အပေါ် စိတ်ချယုံကြည်မှုလည်း ထားကြကာ၊ သူက လူသားများကို စုံလင်စေနိုင်ပြီး သူတို့ကို ဘုန်းအသရေရှိသော ခရီးဆုံးပန်းတိုင်တစ်ခုသို့ ခေါ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဤလူတို့သည် ဘုရားသခင် အလုပ်လုပ်နေဆဲအချိန်တွင် ထွက်ပြေးကြသည်။ ဤနေရာ၌ “ထွက်ပြေးသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် နှုတ်မဆက်ဘဲ အသံပင်မပြုဘဲ ပျောက်ကွယ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဘာမျှမပြောဘဲ ထွက်သွားကြသည်။ ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုသော်လည်း၊ ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်း လမ်းကြောင်းပေါ်၌ မည်သည့်အခါမျှ အမှန်တကယ် အမြစ်မချကြချေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းနိုင်စွမ်း ရှိကြသေးသည်။ လူအချို့သည် စီးပွားရေးလုပ်ငန်းထဲသို့ ထွက်သွားကြသည်၊ အချို့က ၎င်းတို့၏ဘဝကို နေထိုင်ရန် ထွက်သွားကြသည်၊ အချို့က ကြွယ်ဝချမ်းသာရန် ထွက်သွားကြသည်၊ အချို့က အိမ်ထောင်ပြု၊ ကလေးယူရန် ထွက်သွားကြသည်...ထွက်သွားကြသော သူများထဲတွင် နောင်အခါ အသိစိတ်၏ ထိုးနှက်မှုများ ရရှိကာ ပြန်လာလိုကြသူ အချို့နှင့် လောကထဲ၌ နှစ်ပေါင်းမြောက်မြားစွာ ဖူလုံရန် အလွန်ခက်ခဲပြီး မကောင်းသော အခြေအနေသို့ တစ်စတစ်စကျရောက်လျက် အဆုံးသတ်ကြရသော အခြားသူများ ရှိကြသည်။ ဤလွင့်မျောသူများသည် ဒုက္ခဆင်းရဲများစွာကို ကြုံတွေ့ခံစားကြသဖြင့် လောကထဲရှိနေခြင်းမှာ အလွန် နာကျင်ဖွယ်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့်ခွဲခွာ၍ နေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို ရရှိရန် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာလိုကြပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အလို့ငှာ သို့မဟုတ် ကယ်တင်ခြင်းနှင့် သာယာလှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရန်အလို့ငှာ ဘုရားသခင်ကို ဆက်လက် ယုံကြည်လိုကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤလူတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကြောင်းနှင့်၊ သူ၏ ကျေးဇူးတော်သည် မကုန်မခမ်းနိုင်ကြောင်း ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အရာကိုမဆို ပြုခဲ့စေကာမူ ဘုရားသခင်သည် ၎င်းတို့အား ခွင့်လွှတ်သင့်ပြီး ၎င်းတို့၏အတိတ်ကို သည်းခံသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤလူများက ၎င်းတို့သည် ပြန်လာ၍ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်လိုသည်ဟု အထပ်ထပ် အခါခါဆိုကြသည်။ အသင်းတော်အား မိမိတို့၏ ပိုင်ဆိုင်မှုများ အချို့ကို လှူဒါန်းခြင်းဖြင့် ဤအရာက ဘုရားသခင်၏ အိမ်တော်သို့ မိမိတို့၏ အပြန်လမ်းကို ခင်းပေးလိမ့်ည်ဟု မျှော်လင့်သောသူများပင် ရှိသည်။ ဤကဲ့သို့သော လူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်သင့်သနည်း။ ထုတ်ဖော်ပြောဆိုရန် ဝန်မလေးပါနှင့်။ (ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံမည်ဟု ထင်ခဲ့သော်လည်း၊ ထိုအရာကို ယခုလေးတင် ကြားပြီးနောက်တွင် ၎င်းတို့အား ဘုရားသခင် လက်ခံနိုင်မည်မဟုတ်ဟု ထင်ပါသည်။) သင်၏ အကြောင်းပြချက်ကို ပြောပြပါ။ (ဤကဲ့သို့သော လူတို့က မိမိ၏ အဆုံးသတ်မှာ သေခြင်းတရား မဖြစ်ရန်အလို့ငှာသာ ဘုရားသခင်ရှေ့သို့ လာကြခြင်းဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော ရိုးသားမှုမှနေ၍ ဘုရားသခင်ကို ယုံကြည်ရန်လာကြခြင်း မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် မကြာမီ ပြီးဆုံးတော့မည်ကို သိကြသောကြောင့် ရောက်လာကြခြင်းဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် လာရောက်ပြီး ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်သည်ဟူသော လှည့်စားမှုအောက်၌ ရှိကြသည်။) ဤလူတို့သည် ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ မယုံကြည်သောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့အား လက်မခံနိုင်ဟု သင်ဆိုနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) (ဤကဲ့သို့သော လူတို့မှာ အခွင့်အရေးသမားများသာ ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ မယုံကြည်ကြ ဟူသည်မှာ ငါ၏နားလည်ပုံဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာကြသည်မဟုတ်၊ ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်သည်။ မှန်လိုက်လေ။ ဤအခွင့်အရေးသမားများမှာ လူတိုင်း မုန်းတီးသော လူအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် လေတိုက်သော မည်သည့် ဦးတည်ရာဘက်သို့မဆို ရွက်လွှင့်ကြပြီး တစ်စုံတစ်ခုကို သူတို့ရမည် မဟုတ်ပါက မည်သည့်အရာကိုမျှ လုပ်ဖို့ အပင်ပန်း မခံနိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့မှာ အမှန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းကြသည်တကား။ အခြားညီအစ်ကိုများ သို့မဟုတ် မောင်နှမများက သူတို့ဝေငှလိုသည့် ထင်မြင်ချက် ရှိသလော။ (ဘုရားသခင်၏ အလုပ်သည် ပြီးစီးလုနီးပါးဖြစ်၍ ယခုအချိန်သည် လူတို့၏ အဆုံးသတ်များကို သတ်မှတ်လျက်နေပြီ ဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား လက်ခံမည် မဟုတ်ပေ။ ဤလူတို့သည် သမ္မာတရားကို အမှန်တကယ် အားထုတ်လိုခြင်းကြောင့် မဟုတ်ဘဲ၊ ဘေးအန္တရာယ်များ ကျရောက်လာနေခြင်းကို ၎င်းတို့မြင်ခြင်းကြောင့်၊ သို့မဟုတ် ၎င်းတို့သည် ပြင်ပအကြောင်းအရာများ၏ လွှမ်းမိုးခြင်းကို ခံနေရခြင်းကြောင့် ၎င်းတို့ ပြန်လာလိုကြသည်မှာ ဤအချိန်ပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့ထံ၌ သမ္မာတရားကို အားထုတ်မည့် ရည်ရွယ်ချက် အမှန်တကယ်ရှိခဲ့ပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှု တစ်ဝက်တစ်ပျက်ဖြင့် လုံးဝ ထွက်ပြေးကြလိမ့်မည် မဟုတ်ပေ။) အခြားထင်မြင်ချက် တစ်စုံတစ်ရာ ရှိသလော။ (၎င်းတို့ကို လက်ခံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ၎င်းတို့အား အမှန်တကယ် အခွင့်အရေးများ ပေးခဲ့ပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်အပေါ် အလေးမစိုက်သော သဘောထားတစ်ခု ရှိမြဲရှိခဲ့ကြသည်။ ဤလူတို့၏ ရည်ရွယ်ချက်များမှာ မည်သို့ပင်ဖြစ်စေကာမူ၊ ထို့ပြင် ၎င်းတို့သည် အမှန်တကယ်ပင် နောင်တရစေကာမူ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လာဖို့ ခွင့်ပြုတော့မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့အား အခွင့်အရေးများစွာကို ပေးခဲ့ပြီးသော်လည်း၊ ၎င်းတို့သည် မိမိတို့၏ သဘောထားကို အထင်အရှားပြခဲ့ကြပြီး ဖြစ်သောကြောင့်ပင်တည်း- ၎င်းတို့သည် ဘုရားသခင်ထံမှ ထွက်သွားလိုခဲ့သည်။ ဤအကြောင်းကြောင့် ၎င်းတို့ ယခု ပြန်လာဖို့ကြိုးစားလျှင်၊ ဘုရားသခင် ၎င်းတို့အား လက်ခံမည် မဟုတ်တော့ပေ။) (ဘုရားသခင်သည် ဤလူအမျိုးအစားအား လက်မခံခြင်းကို ငါလည်း အသိအမှတ်ပြုသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ လူတစ်ဦးသည် မှန်သောလမ်းခရီးကို မြင်တွေ့ခဲ့ကာ၊ ဘုရားသခင်၏အမှုကို အချိန်ကာလ ကြာမြင့်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊ လောကနှင့် စာတန်၏ ပွေ့ဖက်မှုသို့ ပြန်သွားနိုင်သေးပါက၊ ဤသည်မှာ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရမှာ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာ ဖြစ်လင့်ကစား၊ ထိုအနှစ်သာရက မည်သည့် လူအမျိုးအစားကို ဦးတည်နေသည် ဟူသည့်အပေါ် မူတည်သည်။ အကယ်၍ ဤလူသည် နှစ်သိမ့်မှုကို ရှာရန် သို့မဟုတ် သူတို့၏ မျှော်လင့်ချက်များအတွက် ပုံ၍အားထားနိုင်မည့် တစ်စုံတစ်ရာကို ရှာဖွေရန် ဘုရားသခင်ရှေ့သို့ လာပါက၊ သူတို့သည် ဘုရားသခင်ကို မှန်ကန်ရိုးသားစွာ ယုံကြည်သောသူ အမျိုးအစား တကယ့်ကို မဟုတ်သဖြင့် ထိုကဲ့သို့သော လူတို့အပေါ် ဘုရားသခင်၏ သနားကရုဏာမှာ ဤမျှလောက်သာ ဖြစ်လေသည်။) ဘုရားသခင်၏ အနှစ်သာရမှာ သနားကရုဏာ ဖြစ်သည်ဆိုလျှင်၊ သူသည် ဤလူအမျိုးအစားကို အဘယ်ကြောင့် သနားကရုဏာ အနည်းငယ် ထပ်မပေးသနည်း။ အနည်းငယ်ပိုသော သနားကရုဏာကြောင့်၊ ဤသူသည် အခွင့်အရေးတစ်ခု ရမည်မဟုတ်လော။ ယခင်က ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။ အကယ်၍ သိုးတစ်ရာထဲမှ သိုးတစ်ကောင်ပျောက်ပါက၊ ဘုရားသခင်သည် ပျောက်သောတစ်ကောင်ကို ရှာဖွေရန် ကိုးဆယ့်ကိုးကောင်ကို ချန်ခဲ့မည် ဖြစ်သည်။ ယနေ့တွင် ဤလူတို့နှင့်ပတ်သက်၍၊ ၎င်းတို့၏ စစ်မှန်သောယုံကြည်မှုကြောင့် ဖြစ်ပါက၊ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံသင့်ပြီး ဒုတိယကြိမ် အခွင့်အရေး ပေးသင့််သလော။ စင်စစ် ၎င်းမှာ ခက်ခဲသောမေးခွန်းတစ်ခု မဟုတ်ပေ။ အလွန် ရိုးရှင်းလွယ်ကူပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် နားလည်ပြီး ဘုရားသခင်အကြောင်း စစ်မှန်သော သိကျွမ်းခြင်းရှိပါက၊ များများစားစား ရှင်းပြရန် မလိုအပ်ပေ၊ ထင်မြင်ချက် မြောက်မြားစွာလည်း မလိုအပ်သည် မဟုတ်လော။ သင်တို့၏ အဖြေများသည် မှန်သောလမ်းကြောင်းပေါ်၌ ရှိသော်လည်း၊ ၎င်းတို့မှာ ဘုရားသခင်၏ သဘောထားကို လုံးဝ မပြည့်မီသေးချေ။

ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံနိုင်လောက်မည် မဟုတ်ကြောင်း ကျိန်းသေမှုကို သင်တို့အချို့က အခုလေးတင် ဖော်ပြခဲ့ကြသည်။ အခြားသူတို့မှာမူ ဘုရားသခင်က ၎င်းတို့ကို လက်ခံနိုင်မည် သို့မဟုတ် လက်မခံနိုင်မည်ကို တွေးလျက် သိပ်မရှင်းလင်းခဲ့ကြပေ- ဤသဘောထားမှာ ပို၍အသင့်အတင့်ဖြစ်သော သဘောထားဖြစ်သည်။ သင်တို့တွင် ဘုရားသခင်သည် ဤလူအမျိုးအစားကို လက်ခံလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်သည့် ရှုထောင့်ရှိသောသူများလည်း ရှိခဲ့သည်၊ ဤသဘောထားမှာ ပို၍မရေရာသော သဘောထားဖြစ်သည်။ မိမိထင်သည့်အရာ၌ ကျိန်းသေနေသော သင်တို့က ဘုရားသခင်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ပြီးပြီ၊ ထို့ပြင် သူ၏အမှုမှာ ပြီးပြည့်စုံသောကြောင့် သူသည် ဤလူများကို သည်းခံရန် မလိုအပ်ပါဟူ၍ ယုံကြည်ကြသည်။ ထိုသို့ဖြစ်၍ သူသည် ၎င်းတို့အား နောက်တစ်ဖန် လက်ခံလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ သင်တို့အထဲမှ အသင့်အတင့်ဖြစ်သော သူများက ဤအရေးကိစ္စများကို တစ်ဦးချင်းစီ၏ အခြေအနေများအရ ကိုယ်တွယ်ဖြေရှင်းသင့်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤလူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ခွဲခွာ၍ မရနိုင်ပါက၊ ထို့ပြင် ၎င်းတို့မှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို အားထုတ်ပါက၊ ဘုရားသခင်သည် ၎င်းတို့၏ ယခင်အားနည်ချက်များနှင့် အမှားများကို မေ့လျော့သင့်သည်၊ သူသည် ဤလူတို့အား ခွင့်လွှတ်သင့်ကာ၊ ၎င်းတို့အား ဒုတိယကြိမ်အခွင့်အရေး ပေးသင့်ပြီး၊ ၎င်းတို့အား သူ၏အိမ်တော်သို့ ပြန်လာ၍ သူ၏ကယ်တင်ခြင်းကို လက်ခံခွင့်ပေးသင့်ပေသည်။ သို့သော်လည်း အကယ်၍ ဤလူတို့သည် နောင်အခါ နောက်ထပ်တစ်ကြိမ် ထွက်ပြေးပါက၊ ဘုရားသခင်သည် ဤလူကို အလိုရှိတော့မည် မဟုတ်ဘဲ၊ ၎င်းတို့အား ပစ်ပယ်ခြင်းကို မတရားမှုတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်ပေ။ ဘုရားသခင်က ဤသို့သောလူကို လက်ခံနိုင်မည်ဟု မျှော်လင့်သော အခြားအုပ်စုရှိသည်။ ဘုရားသခင်က အမှန်တကယ် ဤသို့ပြုမည် မပြုမည်ကို ဤအုပ်စုက သိပ်မသေချာပေ။ အကယ်၍ ဘုရားသခင်သည် ဤသို့သောလူမျိုးကို လက်ခံသင့်ပါသည်ဟု သူတို့ ယုံကြည်သော်လည်း၊ ဘုရားသခင် လက်မခံပါက၊ ဤအမြင်သည် ဘုရားသခင်၏ ရှုထောင့်နှင့် အနည်းငယ် ကိုက်ညီမှု မရှိသကဲ့သို့ ထင်ရသည်။ အကယ်၍ ၎င်းတို့က ဘုရားသခင်သည် ဤသို့သောလူအား လက်မခံသင့်ပါဟု ယုံကြည်ကြသော်လည်း၊ လူသားတို့အပေါ် သူ၏ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ် မရှိသဖြင့် ဤသို့သောလူအား နောက်တစ်ကြိမ် အခွင့်အရေးပေးရန် သူအလိုရှိသည်ဟု ဘုရားသခင် ပြောဖြစ်လိုက်ပါက၊ ဤသည်မှာ လူသား၏ မသိနားမလည်ခြင်းကို ဖော်ထုတ်ပြခြင်း၏ သာဓကတစ်ခုပင် ဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဆိုစေ သင်တို့အားလုံး၌ သင်တို့၏ ကိုယ်ပိုင်ရှုထောင့်များ ရှိကြသည်။ ဤရှုထောင့်များမှာ သင်တို့၏ ကိုယ်ပိုင်အတွေးများထဲမှ အသိပညာတစ်မျိုးကို သရုပ်ဖော်သည်၊ ၎င်းတို့မှာ သမ္မာတရားအပေါ် နှင့် ဘုရားသခင်၏ အလိုတော်အပေါ် သင်တို့ နားလည်ခြင်း၏ နက်ရှိုင်းမှုကို ထင်ဟပ်ခြင်းလည်း ဖြစ်သည်။ ဤသို့ဆိုခြင်းမှာ မှန်ကန်သည် မဟုတ်သလော။ သင်တို့၌ ဤကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်များ ရှိကြသည်မှာ ကောင်းလေစွ။ သို့သော်လည်း သင်တို့၏ ထင်မြင်ချက်များမှန် မမှန် နှင့် ပတ်သက်သည့် မေးခွန်း ရှိသေးသည်။ သင်တို့အားလုံး အနည်းငယ် စိုးရိမ်ကြသည် မဟုတ်သလော။ “ထိုသို့ဆိုသော် မည်သည့် အရာက မှန်သနည်း။ ကျွန်ုပ်သည် ရှင်းလင်းစွာ မမြင်နိုင်ဘဲ၊ ဘုရားသခင်က မည်သည့်အရာကို စဉ်းစားနေကြောင်း ကျွန်ုပ် အတိအကျ မသိရသည့်အပြင်၊ ဘုရားသခင်က ကျွန်ုပ်ကို တစ်စုံတစ်ခုမျှ မပြောထားခဲ့ပေ။ သူ မည်သည့်အရာကို စဉ်းစားနေကြောင်း ကျွန်ုပ် အဘယ်သို့သိနိုင်မည်နည်း။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ အတိတ်က ဘုရားသခင်၌ ရှိခဲ့ပြီးသော သဘောထားအတိုင်း လိုက်နာပါက၊ သူသည် ဤသို့သောလူကို လက်ခံသင့်သည်၊ သို့သော် ဘုရားသခင်၏ လက်ရှိ သဘောထားနှင့်ပတ်သက်၍ ကျွန်ုပ်သိပ်မရှင်းပါ။ သူသည် ဤလူကို လက်ခံကောင်း လက်ခံလိမ့်မည်၊ သို့မဟုတ် လက်ခံကောင်း လက်ခံလိမ့်မည် မဟုတ် ဟုသာ ကျွန်ုပ်ပြောနိုင်သည်။” ဤအရာမှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤမေးခွန်းက သင်တို့အား အမှန်တကယ်ပင် အကျပ်ရိုက်စေပြီ ဖြစ်သည်။ အကယ်၍ သင်တို့၌ ဤကိစ္စနှင့်ပတ်သက်၍ မှန်ကန်သောအမြင် မရှိပါက၊ သင်တို့၏ အသင်းတော်သည် ဤသို့သောလူမျိုးနှင့် တကယ် ရင်ဆိုင်ရသည့်အခါ၊ သင်တို့ အဘယ်သို့ပြုကြမည်နည်း။ သင်တို့သည် အခြေအနေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုပါက၊ ဘုရားသခင်ကို သင်တို့ ပြစ်မှားကောင်း ပြစ်မှားမိနိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသော ကိစ္စတစ်ခု ဖြစ်သည်မဟုတ်လော။

ငါ ယခုတင်လေး တင်ပြခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ အမြင်များအကြောင်းကို အဘယ်ကြောင့် ငါ မေးလိုသနည်း။ သင်တို့၏ ရှုထောင့်များကို ငါ စမ်းသပ်ရန်၊ သင်တို့၌ ဘုရားသခင်အကြောင်း အသိပညာ မည်မျှရှိကြောင်းနှင့် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဘောထားအကြောင်း မည်မျှနားလည်ကြောင်း စမ်းသပ်လိုခြင်း ဖြစ်သည်။ အဖြေမှာ အဘယ်နည်း။ အဖြေက သင်တို့၏ အမြင်ရှုထောင့်များကိုယ်တိုင်ပင် ဖြစ်သည်။ သင်တို့အချို့သည် အလွန်ရှေးရိုးဆန်ကြပြီး သင်တို့အချို့သည် မှန်းဆဖို့အတွက် သင်တို့၏ စိတ်ကူးများကို အသုံးပြုနေကြသည်။ “မှန်းဆခြင်း” ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်းကို မသိမြင်နိုင်ဘဲ၊ သို့ဖြစ်၍ ဘုရားသခင်သည် နည်းလမ်းအချို့ဖြင့် စဉ်းစားသင့်သည်ဟူသည့် အခြေအမြစ်မရှိသော ထင်ကြေးရှိခြင်းကို ဆိုလိုသည်။ သင် မှန်သည် သို့မဟုတ် မှားသည်ကို သင်ကိုယ်တိုင် အမှန်တကယ် မသိကြသောကြောင့် သင်တို့သည် မရေရာသော အမြင်ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဤဖြစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ၊ သင်တို့ မည်သည့်အရာကို မြင်တွေ့ပြီနည်း။ ဘုရားသခင်နောက်သို့ လိုက်သည့်အခါ၊ လူတို့သည် သူ၏အလိုတော်ကို အာရုံစိုက်ခဲကြပြီး လူသားများအပေါ် သူ၏အတွေးများနှင့် သူ၏သဘောထားတို့ကို သူတို့ ဂရုစိုက်ခဲကြသည်။ လူတို့သည် ဘုရားသခင်၏ အတွေးများကို နားမလည်ကြသဖြင့် သူ၏ရည်ရွယ်ချက်များနှင့် သူ၏ စိတ်နေသဘောထားအကြောင်း မေးသည့်အခါ၊ သင်တို့ စိတ်ရှုပ်ထွေးတတ်ကြသည်။ သင်တို့သည် ကြီးမားသော မသေချာမှုထဲသို့ ရောက်ရှိသွားပြီးနောက် မှန်းဆခြင်းဖြစ်စေ အလောင်းအစားဖြစ်စေ သင်တို့ပြုကြသည်။ ဤသည်မှာ မည်သို့သော အတွေးအခေါ်မျိုး ဖြစ်သနည်း။ ၎င်းက ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် သူ့ကို ဘာမျှမရှိသော လေထုကြီးအဖြစ်၊ ထို့ပြင် တဒင်္ဂသာရှိပြီး တစ်ခဏနေ မရှိတော့ပုံရသည့် အရာတစ်ခုအဖြစ် သဘောထားကြသည့်အချက်ကို သက်သေပြပါသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၏ အလိုတော်ကို သင်တို့ မသိကြပေ။ သူ၏အလိုတော်ကို သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာမဟုတ်၊ အစမှအဆုံးတိုင်၊ ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့မသိကြပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို မသိသော်လည်း၊ သင်သည် ၎င်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းကို သိနားလည်ရန် သင် ရှာဖွေဖူးသလော။ ထိုအကြောင်းကို သင် မိတ်သဟာယ ပြုဖူးသလော။ မလုပ်ဖူးပါ။ ဤအရာက သင့်ယုံကြည်ချက် နှင့်ယှဉ်သော ဘုရားသခင်နှင့် စစ်မှန်မှုနှင့်ယှဉ်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပါ ဟူသည့်အချက်ကို အတည်ပြုပေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သင်သည် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် သင့်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကိုသာ ချင့်ချိန်တွေးဆသည်၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အပေါ်ယံနှင့် သြဝါဒဆိုင်ရာ အဓိပ္ပာယ်ကိုသာလျှင် စဉ်းစားသုံးသပ်ကာ ဘုရားသခင်၏ အလိုတော်ကိုသိဖို့ သို့မဟုတ် ရှာဖွေဖို့ အမှန်တကယ်ကြိုးစားခြင်း လုံးဝမရှိပေ။ ဤသည်မှာ စစ်မှန်သော ကိစ္စတစ်ရပ် ဖြစ်သည်မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အတော့်ကို ဆိုးရွားလိုက်လေခြင်း။ နှစ်ပေါင်းများစွာပြီးမှ ငါသည် ဘုရားသခင်ကို ယုံကြည်သော လူမြောက်မြားစွာကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ယုံကြည်မှုက ဘုရားသခင်ကို မည်သည့်အရာအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲလိုက်ကြသနည်း။ လူအချို့က ဘုရားသခင်သည် ဘာမျှမရှိသော လေထုကြီးဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်းဆိုင်ရာ မေးခွန်းများအတွက် အဖြေမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ရှင်းလင်းစွာ သိမြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိဖို့နေနေသာသာ၊ ခံစားနိုင်ခြင်း သို့မဟုတ် သိနိုင်ခြင်း မရှိကြချေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင်မတည်ရှိဟု ထင်တတ်ကြသည်။ အခြားသူများက ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ၎င်းတို မလုပ်နိုင်သော အရာများအားလုံးကို ဘုရားသခင်လည်း မလုပ်နိုင်ပါ ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်ပုံစံအတိုင်း တွေးရလိမ့်မည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မမြင်ရသော၊ ထိတွေ့၍မရသော ပုဂ္ဂိုလ်တစ်ဦး” ပင် ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်အလား ဖြစ်သည်ဟု ယုံကြည်သော လူတစ်စုလည်း ရှိသည်။ ဤလူများက ဘုရားသခင်၌ ခံစားချက်မရှိဟု ယုံကြည်ကြသည်။ သူတို့က ဘုရားသခင်သည် ရွှံ့စေးရုပ်တုတစ်ရုပ် ဖြစ်ပြီး ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၌ သဘောထားမရှိ၊ အမြင်ရှုထောင့်မရှိ၊ သို့မဟုတ် အတွေးအခေါ်များမရှိဟု ထင်ကြသည်။ သူသည် လူ၏ ပြုသမျှနုရမည်ဟု သူတို့က ယုံကြည်ကြသည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်းသာ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက၊ သူ ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက၊ သူ သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ၊ ဘုရားသခင်သည် သူ၏ သနားကရုဏာကို ပေးသင့်သည်ဟု သူတို့ယူဆကြသည်။ ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများထဲ၌ “ဘုရားသခင်” တစ်ပါးကို ပုံဖော်ကြကာ၊ ဤ “ဘုရားသခင်” အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏ အလိုဆန္ဒအားလုံးကို ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ၌ဖြစ်စေ၊ ထို့ပြင် ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှုနှင့် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသော သူများပင် ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး၊ လူတစ်ဦးက ဘုရားသခင်ကို မည်မျှပင်ပြစ်မှားပါစေ သူသည် ထိုအရာ တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည်မဟုတ်ဟု ယူဆကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ လူ၏ ကျူးလွန်မှုများ နှင့် လူ၏ မနာခံမှုတို့မှာ ထိုလူ့စိတ်သဘောထား၏ တဒင်္ဂဖော်ပြချက်များ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကိုပေးပြီး ၎င်းတို့အပေါ် သည်းခံကာ စိတ်ရှည်လိမ့်မည်ဟု သူတို့က ထင်ကြသည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ချစ်နေဦးမည်ဟု သူတို့ယုံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် မြင့်မားသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြသည်။ အမှန်မှာ လူတို့သည် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်စေကာမူ၊ သူတို့သည် သမ္မာတရားကို အားထုတ်နေခြင်း မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သော သဘောထားတစ်ခုကို စွဲကိုင်ထားမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သင်ယုံကြည်စဉ်တစ်လျှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ရတနာအဖြစ် သတ်မှတ်ရှုမြင်ထားကာ ၎င်းကို နေ့စဉ် လေ့လာဖတ်ရှုသော်လည်း၊ သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ထားသောကြောင့် ဖြစ်သည်။ သင်သည် သူ့အား ဘာမျှမရှိသော လေသက်သက်အဖြစ် သို့မဟုတ် လူတစ်ဦးသက်သက်အဖြစ် သဘောထားပြီးလျှင်၊ သင်တို့အချို့က သူ့ကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ်လောက်သာ သဘောထားကြသည်။ ငါသည် ယင်းကို အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဤသို့ ငါဆိုခြင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါမြင်သည့်ပုံစံအတိုင်းဆိုလျှင် သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ရှိသော ထိုအရာများ၊ အတွင်း၌ သင်ကြီးထွားလာစေသော ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအား အားထုတ်ခြင်းနှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝ မရှိခဲ့ဖူးပေ။ သင်သည် သင်ကိုယ်တိုင် မည်သည့်အရာကို တွေးနေသည်၊ သင်၏ ကိုယ်ပိုင်ရှုထောင့်က မည်သည့်အရာ ဖြစ်သည်ကိုသာ သိပြီး၊ ထို့ပြင် သင်သည် သင်၏ကိုယ်ပိုင် အတွေးအခေါ်များနှင့် ရှုထောင့်များအတိုင်း ဘုရားသခင်အပေါ် အတင်းအကျပ်ပြုကြသည်။ သင်၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာကြပြီး ဤရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းသည့် စံနှုန်းများအဖြစ် သင် ပြုလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းက သင့်ကို ဘုရားသခင်ထံမှ သာ၍သာ၍ ဝေးကွာသွားစေသည်။

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ အားလုံးကို စွန့်လော့

သင်တို့ လက်ရှိယုံကြည်ကြသော ဤဘုရားသခင်သည် မည်ကဲ့သို့သော ဘုရားသခင်ပင် ဖြစ်သနည်း။ ထိုအကြောင်းကို သင်တို့ စဉ်းစားဖူးသလော။ ဆိုးယုတ်သောသူတစ်ဦး မကောင်းမှုများ ကျူးလွန်နေသည်ကို သူမြင်သည့်အခါ၊ ယင်းကို သူစက်ဆုပ်ရွံရှာသလော။ (စက်ဆုပ်ရွံရှာပါသည်။) မသိနားမလည်သော လူများက အမှားများ ပြုလုပ်သည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်သို့ ရှိသနည်း။ (ဝမ်းနည်းခြင်း။) သူ၏ အလှူငွေများကို လူတို့ ခိုးယူနေသည်ကို သူမြင်သည့်အခါ၊ သူ၏သဘောထားမှာ အဘယ်နည်း။ (၎င်းတို့ကို သူ စက်ဆုပ်ရွံရှာသည်။) ဤအရာအားလုံးမှာ အလွန်ရှင်းသည်။ သမ္မာတရားကို လေ့လာလိုက်စားခြင်း လုံးဝမရှိသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်း၏ ယုံကြည်မှုတွင် ရှုပ်ထွေးနေသည်ကို သူမြင်သည့်အခါ၊ ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ သင်တို့ သိပ်မသေချာကြသည် မဟုတ်လော။ “ရှုပ်ထွေးခြင်း” မှာ သဘောထားတစ်ခု ဖြစ်သည့်အတွက်၊ အပြစ်မဟုတ်သကဲ့သို့ ၎င်းက ဘုရားသခင်ကို စော်ကားပြစ်မှားရာလည်း မရောက်သည့်အပြင်၊ ၎င်းမှာ ကြီးမားသောအမှားမျိုး မဟုတ်ပါဟု လူတို့က ယူဆကြသည်။ ထိုသို့ဆိုသော် ငါ့အားပြောလော့၊ ဤအရေးကိစ္စတွင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့ကို အသိအမှတ် မပြုလိုပေ။) “အသိအမှတ် မပြုလိုခြင်း”၊ ဤသည်မှာ အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းမှာ ဘုရားသခင်က ဤလူများကို အထင်အမြင်သေးပြီး သူတို့အား အရေးမစိုက်ခြင်းကို ဆိုလိုလေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ သူတို့ကို အေးတိအေးစက်ဖြင့် ဆက်ဆံလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ ၎င်းတို့အပေါ် မည်သည့်အလုပ်ကိုမျှ မပြုလုပ်ဘဲ၊ ၎င်းတို့အား ဘေးဖယ်ထားခြင်းဖြစ်ပြီး၊ ဤအရာတွင် ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ အလုပ်တို့ ပါဝင်လေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်၏ အမှုထဲ၌ အမှန်ပင် ထည့်သွင်းရေတွက်မထားပေ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာခြင်းပင်။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်းနှင့် ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ “ဒေါသထွက်သည်” ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ မဟုတ်တော့ပေ၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုနှင့် အလားတူခြင်းမရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားက ဤသို့သော လူတို့အတွက် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်- ယင်းက ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေလိမ့်မည် ဖြစ်ပါတကား။ ဤအလွန်အမင်း စက်ဆုပ်ရွံရှာမှု၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူကို ဘေးဖယ်ထားပြီး လောလောဆယ် တုန့်ပြန်မှု ပြုလိမ့်မည် မဟုတ်ခြင်းဖြစ်သည်။ ထို့နောက် “ဆောင်းဦးကာလပြီးနောက်” တွင် ၎င်းတို့ကို အပြစ်ပေးရန် သူ စောင့်ဆိုင်းလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤလူတို့၌ အဆုံးသတ်များ ရှိလိမ့်ဦးမည်လော။ ဘုရားသခင်သည် ဤသို့သော လူတို့ကို မည်သည့်အဆုံးသတ်ကိုမျှပေးရန် လုံးဝ မရည်ရွယ်ခဲ့ပါပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူတို့ကို ယခု မတုံ့ပြန်သည်မှာ လုံးဝ ပုံမှန်ပင်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်ရန် ပြင်ဆင်နေသင့်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ကျူးလွန်ခဲ့ပြီးသည့် မကောင်းသော လုပ်ရပ်များ၏ အပျက်သဘောဆောင်သော အကျိုးဆက်များကို တာဝန်ယူရန် ပြင်ဆင်သင့်သည်။ ဤသည်မှာ ဤကဲ့သို့သော လူစားမျိုးအတွက် ဘုရားသခင်၏ တုံ့ပြန်မှုဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့ကို ယခု ငါ ရှင်းရှင်းလင်းလင်း ပြောမည်- သင်တို့၏ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို နောက်ထပ် ဆုပ်ကိုင်မထားကြနှင့်၊ ထို့ပြင် ဖြစ်လိုသော စိတ်ကူးများကို ဆက်၍ မတွေးကြနှင့်။ ဘုရားသခင်သည် လူတို့ကို အကန့်အသတ်မဲ့ သည်းခံလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ ကျူးလွန်မှုများ သို့မဟုတ် မနာခံမှုတို့ကို ထာဝရသည်းခံလိမ့်မည် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည်လည်း ဤကဲ့သို့သော လူအနည်းငယ်ကို မြင်ဖူးပြီး ၎င်းတို့ ဆုတောင်းသောအခါ၊ အထူးသဖြင့် ဘုရားသခင်၏ တို့ထိခြင်းကို ၎င်းတို့ခံကြရကာ အသည်းအသန် ငိုကြွေးကြသည်။ အများအားဖြင့် ၎င်းတို့သည် အလွန်လည်း ပျော်ရွှင်ကြသည်။ ၎င်းတို့သည် မိမိတို့အပေါ် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ဘုရားသခင်၏ လမ်းပြမှုကို ရရှိဟန်တူသည်” ဟု ဆိုကြလိမ့်မည်။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားကို မပြောလေနှင့်။ အသည်းအသန် ငိုကြွေးခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ တို့ထိမှုကိုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်အား အကျိုးခံစားရခြင်းကို သေချာပေါက် ဆိုလိုသည်မဟုတ်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ဒေါသထွက်စေပါက၊ ဘုရားသခင်သည် ၎င်းတို့အား လမ်းပြဦးမည်လော။ အချုပ်အားဖြင့် ဘုရားသခင်သည် တစ်စုံတစ်ဦးကို ပယ်ထုတ်ရန်နှင့် စွန့်ပစ်ရန် ဆုံးဖြတ်ပြီးသောအခါ၊ ထိုလူ၌ အဆုံးသတ် ကင်းမဲ့နှင့်ပြီဖြစ်သည်။ ၎င်းတို့ ဆုတောင်းသည့်အခါ၊ ၎င်းတို့၏ ခံစားချက်များမှာ မည်သို့ပင် အားရကျေနပ်ဖွယ် ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ယုံကြည်မှု မည်မျှပင် ရှိသည်ဖြစ်စေ ယင်းက အကျိုးဆက်နှင့် မဆိုင်တော့ပါ။ အရေးကြီးသည့်အရာမှာ ဘုရားသခင်သည် ဤယုံကြည်မှုမျိုးကို မလိုအပ်ပေ၊ သူသည် ဤလူတို့ကို ပစ်ပယ်ထားနှင့်ပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ ဤလူတို့က ဘုရားသခင်ကို ဒေါသထွက်စေသည့် အခိုက်အတန့်မှာပင် ၎င်းတို့၏ အဆုံးသတ်များမှာ သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဆုံးဖြတ်ထားပြီး မဟုတ်ပါက၊ ၎င်းတို့သည် ပြစ်ဒဏ်ခတ်ခံရရန်အတွက် ချန်ရစ်ထားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားပင် ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင်၊ ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ၊ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။

လူတို့၏ အဆုံးသတ်များကို မည်သူ သတ်မှတ်သနည်း

ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားပင် ဖြစ်သည်။ ဤသဘောထားမှာ အလွန်တရာ အရေးပါပေသည်။ သင်တို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းရှိရာသို့ လျှောက်လှမ်းမည် မလှမ်းမည် သို့မဟုတ် သင်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုထဲသို့ လျှောက်လှမ်းမည် မလှမ်းမည်ကို ၎င်းသဘောထားက အဆုံးအဖြတ်ပေးသည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် နှစ်ပေါင်းနှစ်ဆယ်မက အလုပ်လုပ်ခဲ့ပြီးဖြစ်၍ ဤဆယ်စုနှစ်ခု ကာလအတွင်း သင်တို့သည် စိတ်နှလုံးထဲတွင် သင်တို့၏ ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ပြီး အနည်းငယ် မရေမရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သူသည် သင်တို့ အယောက်စီတိုင်းအတွက် အမှန်တကယ်ရှိပြီး ရိုးသားမှန်ကန်သော မှတ်တမ်းကို မှတ်သားခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် သူ့နောက်သို့ စတင်လိုက်လျှောက်ပြီး သူ၏ တရားဟောချက်များကို နားထောင်သည့် အချိန်မှစ၍ သမ္မာတရားကို ပို၍ပို၍ နားလည်လာပြီး ၎င်းတို့၏တာဝန်ကို ၎င်းတို့ စတင်လုပ်ဆောင်သည်အထိ ဘုရားသခင်က လူတစ်ဦးစီအတွက် မှတ်သားနိုင်သော အပြုအမူ အမျိုးမျိုးအတွက် မှတ်တမ်းတစ်ခု ရေးမှတ်ထားသည်။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ပြီး ပတ်ဝန်းကျင်နှင့် စမ်းသပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ၊ လူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်ကဲ့သို့ ဆောင်ရွက်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်ကဲ့သို့ ခံစားကြသနည်း။...ဘုရားသခင်၌ ဤအရာအားလုံး၏ စာရင်းတစ်ခုရှိသည်၊ သူ၌ ထိုအရာ အားလုံး၏ မှတ်တမ်းတစ်ခု ရှိသည်။ သင်တို့၏ ရှုထောင့်မှကြည့်ပါက၊ ဤကိစ္စရပ်များမှာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ရပ်တည်သည့်ဘက်မှ ကြည့်ပါက၊ ၎င်းတို့မှာ ရှင်းလင်းပြတ်သားပြီး ဖြစ်ကတတ်ဆန်းဖြစ်သော အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။ ဤသည်မှာ လူတစ်ဦးချင်းစီ၏ အဆုံးသတ် ပါဝင်ပြီး လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် အနာဂတ်အလားအလာများကိုပါ သက်ရောက်မှုရှိသော ကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမျှမက ဤသည်မှာ ဘုရားသခင်သည် သူ၏ အပတ်တကုပ် ကြိုးပမ်းမှုအားလုံးကို သုံးစွဲသည့်နေရာ ဖြစ်သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် ၎င်းကို တစ်စက်မျှပင် လုံးဝလျစ်လျူရှုမည် မဟုတ်သည့်အပြင် မည်သည့် အရေးမထားမှုကိုမျှ သည်းမခံပေ။ အစအဦးမှ အဆုံးထိတိုင်အောင် ဘုရားသခင်သည် လူသားမျိုးနွယ်အကြောင်း ဤစာရင်းကို မှတ်တမ်းတင်နေကာ၊ ဘုရားသခင်နောက်သို့ သူတို့လိုက်ရာတွင် လူသားတို့၏ လမ်းကြောင်း တစ်ခုလုံးကို မှတ်စုရေးထားလျက် ရှိသည်။ ဤကာလ အတောအတွင်း၌ ဘုရားသခင်အပေါ် သင်၏ သဘောထားက သင်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီးဖြစ်သည်။ ဤအရာမှာ မမှန်သလော။ ဘုရားသခင် ဖြောင့်မတ်ကြောင်းကို သင်တို့ ယခု ယုံကြည်သလော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ လျော်ကန်သလော။ သင်တို့၏ စိတ်ထဲတွင် ဘုရားသခင်အကြောင်း အခြားသော စိတ်ကူးစိတ်သန်း တစ်စုံတစ်ရာ ရှိနေဆဲလော။ (မရှိပါ။) ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ်များမှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည် သို့မဟုတ် လူတို့ မိမိတို့ကိုယ်တိုင် သတ်မှတ်ဖို့ဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (၎င်းတို့မှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည်။) ၎င်းတို့ကို သတ်မှတ်သောသူမှာ အဘယ်သူ ဖြစ်သနည်း။ (ဘုရားသခင်ပင်။) သင်တို့ မသေချာကြပေ၊ ဟုတ်သလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ အသံကျယ်ကျယ် ပြောကြလော၊ ၎င်းတို့ကို အဘယ်သူ သတ်မှတ်သနည်း။ (လူတို့ကိုယ်တိုင်က ၎င်းတို့ကို သတ်မှတ်သည်။) ၎င်းတို့ကို လူတို့က ကိုယ်တိုင်သတ်မှတ်သလော။ ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ် ရလဒ်များမှာ ဘုရားသခင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်မည်မဟုတ်လော။ တောင်ကိုးရီးယားမှ ညီအစ်ကိုမောင်နှမများ၊ အသံကျယ်ကျယ် ပြောကြလော့။ (ဘုရားသခင်သည် လူတို့၏ အဆုံးသတ် ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်မှုများ အားလုံးအပေါ် အခြေခံသည့်အပြင် ၎င်းတို့ မည်သည့်လမ်းကြောင်းပေါ်ရှိသည် ဟူသည်နှင့်အညီ သတ်မှတ်သည်။) ဤအရာမှာ အလွန်ဓမ္မဓိဌာန်ကျသော အဖြေတစ်ခုပင် ဖြစ်သည်။ ဤတွင် သင်တို့အားလုံးကို ငါအသိပေးရမည့် အချက်တစ်ခု ရှိသည်- ဘုရားသခင်၏ ကယ်တင်ခြင်းအမှု တစ်လျှောက်တွင် သူသည် လူသားများအတွက် စံနှုန်းတစ်ခုကို ချမှတ်ထားသည်။ ဤစံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ နာခံပြီး ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရမည် ဟူသည်ပင်ဖြစ်သည်။ လူတို့၏ အဆုံးသတ်များကို တွက်ဆရန် အသုံးပြုသည့်အရာမှာ ဤစံနှုန်းပင် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဤစံနှုန်းနှင့်အညီ လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် ကောင်းသော အဆုံးသတ်ကို ရရှိနိုင်သည်၊ အကယ်၍ သင် ထိုသို့မပြုပါက ကောင်းသော အဆုံးသတ်ကို သင် မရနိုင်ပေ။ ထိုသို့ဆိုသော် ဤအဆုံးသတ်ကို မည်သူသတ်မှတ်သည်ဟု သင်ဆိုမည်နည်း။ ၎င်းကို သတ်မှတ်သည်မှာ ဘုရားသခင် တစ်ပါးတည်းမဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်နှင့် လူသားများ အတူတကွပင် ဖြစ်သည်။ ဤအရာမှာ မှန်သလော။ (မှန်ပါသည်။) ၎င်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန်နှင့် လူသားတို့အတွက် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ပြင်ဆင်ပေးရန် ဆန္ဒရှိသူမှာ ဘုရားသခင်ပင်လျှင် ဖြစ်သည်၊ လူသားများသည် ဘုရားသခင့်အမှု၏ အပြုခံများဖြစ်ပြီး ဤအဆုံးသတ်၊ ဤခရီးဆုံးပန်းတိုင်သည် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသောအရာ ဖြစ်သည်။ အကယ်၍ သူ အမှုပြုရန်အတွက် အပြုခံများ မရှိခဲ့ပါက သူသည် ဤအမှုကိုပြုရန် လိုအပ်မည်မဟုတ်ပေ။ သူ ဤအမှုကို ပြုနေခြင်းမရှိပါက၊ လူတို့၌ ကယ်တင်ခြင်းကို ရယူရန်အတွက် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။ လူသားများမှာ ကယ်တင်ခံရမည့်သူများ ဖြစ်ပြီး ကယ်တင်ခံရခြင်းမှာ ဤလုပ်ငန်းစဉ်၏ ပြုခြင်းခံရသောအပိုင်း ဖြစ်သော်လည်း၊ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏အလုပ်တွင် အောင်မြင်မည် မအောင်မြင်မည်ကို အဆုံးအဖြတ်ပေးသည့် ဤအပိုင်းကို ဆောင်ရွက်နေသောသူများ၏ သဘောထားဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်ပေးသော လမ်းပြမှုကြောင့် မဟုတ်ပါက၊ သင်သည် သူ၏စံနှုန်းကိုသိမည် မဟုတ်သည့်အပြင်၊ သင်၌ ရည်မှန်းချက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်၌ ဤစံနှုန်း၊ ဤရည်မှန်းချက် ရှိသော်လည်း၊ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အဖိုးအခပေးခြင်း မရှိပါက၊ သင်သည် ဤအဆုံးသတ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ဤအကြောင်းရင်းကြောင့် လူတစ်ဦး၏ အဆုံးသတ်ကို ဘုရားသခင်နှင့် ခွဲခြား၍ မရနိုင်ကြောင်းနှင့် ၎င်းကို ထိုလူနှင့်လည်း ခွဲခြား၍ မရနိုင်ကြောင်း ငါပြောရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယခုတွင် လူတို့၏ အဆုံးသတ်များကို မည်သူသတ်မှတ်ကြောင်း သင်တို့သိကြလေပြီ။

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည်

ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ် မိတ်သဟာယပြုသောအခါ၊ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုခဲ့မိသလော။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ သဘောထားက အပြောင်းအလဲတစ်ခု ကြုံရပြီးဖြစ်သည်ကို သင်တို့ သတိပြုမိပြီးပြီလော။ လူသားများအပေါ် သူ၏ သဘောထားမှာ ပြောင်းလဲ၍ရနိုင်သလော။ ဘုရားသခင်သည် လူသားများအပေါ် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာ အလုံးစုံကို အကန့်အသတ်မရှိပေးလျက်၊ ဤကဲ့သို့ အမြဲသည်းခံလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။ အစောပိုင်းတွင် ဖော်ပြထားသည့် ပျောက်သောသားဟု ဆိုသောသူအကြောင်း မေးခွန်းကို ပြန်သွားကြပါစို့။ ဤမေးခွန်းကို မေးခဲ့ပြီးနောက်တွင် သင်တို့၏ အဖြေများမှာ သိပ်မရှင်းလင်းခဲ့ပေ။ တစ်နည်းအားဖြင့် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် တကယ်ခိုင်မာသော နားလည်မှု မရှိကြသေးချေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ၊ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့အပေါ် သနားကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ၊ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အကြွင်းမဲ့၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း၊ သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး ယောင်ချာချာဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ၊ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း၊ သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့်၊ ကျွန်ုပ်၏မနာခံခြင်းနှင့် ကျွန်ုပ်၏ ကျူးလွန်မှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း၊ သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ မသိမသာ ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်၊” “ကျွန်ုပ်သည် သမ္မာတရားကို အားထုတ်သည်၊” “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်၊” “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်၊” အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် သိက္ခာရှိပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင် တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့်၊ ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ပါတကား။

ဆက်လက်ဖော်ပြမည့် ဇာတ်ဝင်ခန်းကို ဗွီဒီယိုတစ်ခုတွင် ငါမြင်ခဲ့သည်- ညီအစ်မအချို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟူသောစာအုပ်ကို ကိုင်ကာ ယင်းကို အပေါ်သို့ မြှောက်ထားကြသည်။ ၎င်းတို့သည် စာအုပ်ကို ၎င်းတို့၏အလယ်တွင် ၎င်းတို့၏ ဦးခေါင်းထက်သို့ မြှောက်၍ ကိုင်ထားကြသည်။ ဤသည်မှာ ပုံရိပ်တစ်ခုသာ ဖြစ်ခဲ့သော်လည်း ငါ၏အတွင်း၌ လှုံ့ဆော်သောအရာမှာ ပုံရိပ်တစ်ခု မဟုတ်ပေ။ ထို့ထက် လူအယောက်တိုင်းက ၎င်းတို့၏ စိတ်နှလုံးထဲ၌ မြှောက်၍ကိုင်ထားသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်သာ ဖြစ်ကြောင်း ငါ့ကို ဆင်ခြင်မိစေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ် အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်သည် ဘုရားသခင်အား မြှောက်၍ကိုင်ထားခြင်းနှင့် လုံးဝမတူညီပေ၊ အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဘုရားသခင်အား နားလည်ခြင်းကင်းမဲ့မှုက အလွန်သိသာသော မေးခွန်းတစ်ခု၊ အလွန်တရာ သေးငယ်သော အရေးကိစ္စတစ်ခု၌ပင် သင်တို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများ ရရှိစေသည့် အဆင့်အထိ ရောက်ရှိလာပြီဖြစ်သည်။ သင်တို့အား အမှုအရာများကို ငါမေးသည့်အခါ၊ သင်တို့အား ငါအလေးအနက်ထားသည့်အခါ၊ သင်တို့သည် ထင်ကြေးနှင့် သင်တို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများဖြင့် တုံ့ပြန်ကြသည်၊ သင်တို့အချို့သည် သံသယလေသံဆောင်ကာ ငါ၏မေးခွန်းများကို မေးခွန်းများဖြင့်ပင် ပြန်၍တုန့်ပြန်ကြသည်။ ဤအရာက သင်တို့ယုံကြည်သော ဘုရားသခင်မှာ စစ်မှန်သောဘုရားသခင် မဟုတ်ကြောင်း ငါ့ကို ပိုမိုရှင်းလင်းစွာ ပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ ဖတ်ရှုပြီးနောက်၊ ဘုရားသခင်အကြောင်း နောက်တစ်ဖန် ကောက်ချက်များချရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏အမှုနှင့် နောက်ထပ် သြဝါဒများကို သင်တို့ အသုံးပြုကြသည်။ ထိုမျှမက သင်တို့သည် ဘုရားသခင်ကို နားလည်ရန် မည်သည့်အခါမျှ ကြိုးပမ်းခြင်းမရှိပေ၊ သူ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန်၊ လူသားများအပေါ် ဘုရားသခင်၏ သဘောထားကို နားလည်ရန် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်း၊ သူသည် အဘယ်ကြောင့် ဝမ်းနည်းကြောင်း၊ သူသည် အဘယ်ကြောင့် ဒေါသထွက်ကြောင်း၊ သူသည် လူတို့ကို အဘယ်ကြောင့် ပစ်ပယ်ကြောင်းနှင့် ယင်းကဲ့သို့သော အခြားမေးခွန်းများကို သဘောပေါက်ရန် သင် မည်သည့်အခါမျှ ကြိုးစားခြင်း မရှိပေ။ ထိုထက်မက ဘုရားသခင်သည် လူသားတို့၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များအပေါ် သဘောထား သို့မဟုတ် ထင်မြင်ချက်များမရှိဘဲ စောင့်ကြည့်ရုံသာ ကြည့်နေသောကြောင့်၊ ဘုရားသခင်သည် အမြဲတစေ တိတ်ဆိတ်နေခဲ့သည်ဟု မြောက်မြားစွာသော လူတို့ကပင် ယုံကြည်ကြသည်။ အခြားလူအုပ်စုက ဘုရားသခင်က သဘောတူလိုက်လျောပြီး ဖြစ်သောကြောင့်၊ သူက အသံမထွက်ခြင်း ဖြစ်သည်၊ သူသည် စောင့်ဆိုင်းနေသောကြောင့် သို့မဟုတ် သူ၌ သဘောထားမရှိသောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။ ဘုရားသခင်၏ သဘောထားကို စာအုပ်ထဲ၌ အပြည့်အဝ အသေးစိတ်ဖော်ပြထားနှင့်ပြီဖြစ်ပြီး ယင်းသဘောထား အလုံးစုံကို လူသားမျိုးနွယ်အား ဖော်ပြထားပြီ ဖြစ်သောကြောင့်၊ ၎င်းကို လူတို့အား အကြိမ်ကြိမ်အခါခါ ပြောရန် မလိုအပ်ပါဟု ဤလူများက တွေးထင်ကြသည်။ ဘုရားသခင်သည် နှုတ်ဆိတ်၍နေသော်လည်း၊ သူ၌ သဘောထားတစ်ခုနှင့် ရှုထောင့်တစ်ခုအပြင် လူတို့အမှီလိုက်ရန် သူတောင်းဆိုသော စံနှုန်းတစ်ခုလည်း ရှိနေဆဲဖြစ်သည်။ လူတို့သည် သူ့ကို နားလည်ရန် သို့မဟုတ် သူ့ကို ရှာဖွေရန် မကြိုးစားကြသော်လည်း၊ ဘုရားသခင်၏ သဘောထားမှာ အလွန် ရှင်းလင်းပါသည်။ တစ်ချိန်က ဘုရားသခင်နောက်သို့ စိတ်အားထက်သန်စွာ လိုက်ခဲ့သော်လည်း၊ တစ်ချိန်ချိန်၌ သူ့ကိုစွန့်ပစ်ပြီး ထွက်ခွာသွားခဲ့သောသူ တစ်စုံတစ်ဦးကို ဆင်ခြင်လော့။ အကယ်၍ ဤလူသည် ထူးထူးဆန်းဆန်း ယခုအခါ ပြန်လာချင်ခဲ့ပါက၊ ဘုရားသခင်၏ ရှုထောင့်မှာ အဘယ်သို့ရှိမည် သို့မဟုတ် သူ၏ သဘောထားမှာ အဘယ်သို့ရှိမည်ကို သင်တို့ မသိကြပေ။ ဤသည်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းသည် မဟုတ်လော။ အမှန်အားဖြင့် ဤသည်မှာ အတော်အတန် အပေါ်ယံကိစ္စတစ်ခုပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်ပါက၊ ဤလူစားမျိုးအပေါ် သူ၏သဘောထားကို သင်တို့ သိကြမည်ဖြစ်၍ မရေရာသော အဖြေတစ်ခုကို သင်တို့ ပေးကြမည် မဟုတ်ပေ။ သင်တို့ မသိကြသောကြောင့်၊ ငါ့ကို သင်တို့အား ပြည့်ပြည့်စုံစုံ ပြောပြခွင့်ပြုလော့။

သူ၏အမှုတော်အတွင်း ထွက်ပြေးသောသူများအပေါ် ဘုရားသခင်၏ သဘောထား

ဤကဲ့သို့သော လူများမှာ နေရာတကာတွင်ရှိသည်- ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှမပြောဘဲ၊ ၎င်းတို့၏ စိတ်နှလုံး အလိုဆန္ဒရှိတိုင်း သွားလုပ်ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ်တွင် ဤလူတို့ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ငါတို့ အသေးစိတ် ကြည့်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ကြည့်ကြမည်။ ၎င်းမှာ အလွန်ရှင်းပါသည်။ ဤလူတို့ ထွက်သွားသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှုသက်တမ်း ကုန်လွန်ပြီဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူကိုယ်တိုင်မဟုတ်ဘဲ၊ ဘုရားသခင်သာ ဖြစ်သည်။ ဤလူက ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံတော့ကြောင်းကို ဆိုလိုသည်။ ဤသို့သောလူတို့က ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်က ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤကဲ့သို့သော လူတို့က ဤသဘောထားမျိုး၊ ဤအမြင်မျိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်လာပြီးသောအခါ၊ ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ဘုရားသခင်ကို ဆဲဆိုခြင်း မရှိခဲ့ကြစေကာမူ၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော မည်သည့်အပြုအမူကိုမျှ မပြုခဲ့ကြစေကာမူ၊ ထို့ပြင် ဤလူတို့က “ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသော သို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသောတစ်နေ့ ရောက်ရှိလာပါက၊ ကျွန်ုပ်ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို ခေါ်ဆိုပါက ကျွန်ုပ် ပြန်လာမည်” ဟု စဉ်းစားနေကြသည်၊ သို့မဟုတ် ၎င်းတို့က “ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ သို့မဟုတ် အပြင်လောကသည် အလွန်မှောင်မိုက်၍ အလွန်ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါနှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ်ပြန်လာမည်” ဟု ပြောကြစေကာမူ၊ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နှောင့်ယှက်ပြီးဖြစ်သည်။ ဤလူတို့သည် ၎င်းတို့၏စိတ်ထဲတွင် မည်သည့်အချိန် အတိအကျ၌ ၎င်းတို့ပြန်လာမည်ကို တွက်ချက်ထားသော်လည်း၊ ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏အပြန်အတွက် တံခါးကိုဖွင့်ထားရန် ကြိုးစားထားသော်လည်း၊ ၎င်းတို့အနေဖြင့် မည်သည့်အရာကို ယုံကြည်ပြီး သို့မဟုတ် မည်သို့ပင် ကြံစည်စေကာမူ၊ ဤအရာအားလုံးမှာ ဆန္ဒအတွေးသက်သက်သာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုသည့်ဆန္ဒက ဘုရားသခင်ကို မည်သို့ခံစားစေကြောင်း မသဲကွဲခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ခွာရန် သူတို့ ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ပင်၊ ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်လိုက်သည်၊ ထိုစဉ်တွင် ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုသို့သောလူ၏ အဆုံးသတ်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အဆုံးသတ်နည်း။ ဤလူသည် သနားစရာ့ သတ္တဝါလေးများထဲမှ တစ်ကောင်ဖြစ်သဖြင့် အခြားသတ္တဝါတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း၊ ပြစ်ဒဏ်ခတ်ခြင်းကို မခံရသည့် ဤအခြေအနေမျိုးကို လူတို့ မကြာခဏ မြင်ရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲသည်။ အမှုအရာအချို့ကိုသာ မြင်ရနိုင်ပြီး အခြားအမှုအရာတို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ ဆုံးဖြတ်ချက်ချသောကြောင့်၊ လူတို့သည် ရလဒ်များကို မမြင်နိုင်ကြပေ။ လူတို့အတွက် မြင်ရသောအရာများမှာ အမှုအရာများ၏ စစ်မှန်သောဘက် သေချာပေါက် မဟုတ်ပေ၊ သို့သော်လည်း သင်မမြင်သောဘက်၊ ထိုတစ်ဘက်ခြမ်းတွင် ဘုရားသခင်၏ စစ်မှန်သော ရင်တွင်းဖြစ် အတွေးများနှင့် သုံးသပ်ချက်များ အမှန်ပင် ပါရှိလေသည်။

ဘုရားသခင်၏ အမှုတော်ကာလအတွင်း ထွက်ပြေးသောလူများမှာ စစ်မှန်သောလမ်းခရီးကို စွန့်ပစ်သောသူများပင် ဖြစ်သည်

ဘုရားသခင်သည် သူ၏ အလုပ်အချိန်ကာလတွင် ထွက်ပြေးကြသော ဤလူများအား အဘယ်ကြောင့် ထိုမျှပြင်းထန်သော အပြစ်ဒဏ်ကို ပေးသနည်း။ ၎င်းတို့အပေါ် အဘယ်ကြောင့် သူ အလွန်ဒေါသထွက်ရသနည်း။ ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် သိမ်မွေ့သည့် အပြုအမူပုံစံ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော အပြုအမူအားဖြင့်ပင်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ လမ်းကြောင်းတွင် လျှောက်ခြင်းမှာ သမ္မာတရားကို သင်မည်မျှသိသည်၊ စမ်းသပ်မှု မည်မျှကို သင် ကြုံတွေ့ခဲ့ဖူးသည် သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို သင်မည်မျှခံခဲ့ဖူးသည် ဟူသည့်အကြောင်း သေချာပေါက် မဟုတ်ပေ။ ယင်းထက် ၎င်းမှာ သင်၏ စိတ်နှလုံး၌ ဘုရားသခင်အပေါ် သင် ထားရှိသည့် သဘောထားမျိုးနှင့် မည်သည့် အနှစ်သာရကို သင် ဖော်ပြသည် ဆိုသည့်အပေါ် မူတည်သည်။ လူတို့၏အနှစ်သာရများနှင့် သူတို့၏ ပုဂ္ဂလဓိဌာန်ကျသော သဘောထားများ၊ ဤအရာများမှာ အလွန်အရေးကြီးပြီး အလွန်အဓိကကျသည်။ ဘုရားသခင်ကို ကျောခိုင်းပြီး စွန့်ခွာသွားခဲ့သော ထိုလူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ဘုရားသခင်အပေါ် စက်ဆုပ်ဖွယ် သဘောထားများနှင့် သမ္မာတရားကို မထီမဲ့မြင်ပြုသော ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက်ဖြစ်စေနှင့်ပြီ ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်သရွေ့ ၎င်းတို့သည် မည်သည့်အခါမျှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သိထားကြပြီ၊ ဘုရားသခင် ရောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏ အသစ်သောအမှုကိုပင် ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့သည် ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခံရဖို့ မဆိုထားနှင့်၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ဝိုးတိုးဝါးတား ဖြစ်ခြင်းကိစ္စတစ်ခု မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ဘုရားသခင်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့ လမ်းပျောက်ခြင်းကိစ္စ မဟုတ်သကဲ့သို့၊ ၎င်းတို့ နှင်ထုတ်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် ၎င်းတို့မှာ အပြင်တွင် မိမိ၏လမ်းပျောက်ဆုံးသော ပျောက်သောသားများ ဖြစ်ဖို့နေနေသာသာ၊ သိုးအုပ်ထဲမှ လမ်းလွဲသွားသော သိုးများပင် မဟုတ်ကြပေ။ ၎င်းတို့သည် ဒဏ်ခတ်မခံရဘဲ ထွက်ခွာခဲ့ကြပြီး ယင်းအနေအထားတစ်ခု၊ ယင်းအခြေအနေ တစ်ခုက ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက် ဖြစ်စေကာ၊ ဤအနှောင့်အယှက် ဖြစ်စေခြင်းကြောင့် သူသည် ၎င်းတို့အား မျှော်လင့်ချက်မဲ့သော အဆုံးသတ်များကို ပေးခြင်းဖြစ်လေသည်။ ဤကဲ့သို့သော အဆုံးသတ် ရလဒ်မျိုးမှာ ကြောက်မက်ဖွယ် မကောင်းသလော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို မသိပါက ဘုရားသခင်ကို ပြစ်မှားမိနိုင်သည်။ ဤအရာမှာ သေးငယ်သောကိစ္စ မဟုတ်ပါပေ။ အကယ်၍ လူတို့သည် ဘုရားသခင်၏ သဘောထားကို အလေးအနက်မထားဘဲ၊ မိမိတို့သည် သူ၏ ပျောက်ဆုံးနေသော သိုးများဖြစ်ပြီး ပြောင်းလဲသော စိတ်နှလုံးသားရှိရန် သူတို့ကို ဘုရားသခင်ဆက်၍ စောင့်ဆိုင်းနေခြင်းဖြစ်သောကြောင့်၊ သူတို့ပြန်အလာကို ဘုရားသခင်က မျှော်နေသည်ဟု ယုံကြည်နေသေးပါက၊ ဤလူတို့သည် မိမိတို့၏ ပြစ်ဒဏ်ခတ်ခံရမည့်နေ့ရက်နှင့် မဝေးလှချေ။ ဘုရားသခင်သည် ၎င်းတို့အား လက်ခံရန် ငြင်းပယ်ရုံငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ ဤသည်မှာ သူ၏ စိတ်သဘောထားကို ၎င်းတို့ အနှောင့်အယှက်ပေးခြင်းက ဒုတိယအကြိမ် ဖြစ်သည့်အတွက် ထိုကိစ္စမှာ ပို၍ပင် ဆိုးဝါးလှသည်တကား။ ဤလူတို့၏ မရိုသေသော သဘောထားများက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံလိမ့်ဦး မည်လော။ သူ၏စိတ်နှလုံးထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်သည့် ဘုရားသခင်၏ နိယာမများမှာ၊ အကယ်၍ တစ်စုံတစ်ဦးသည် စစ်မှန်သောလမ်းခရီးက အဘယ်လမ်းဖြစ်သည် ဟူသည့်အကြောင်းကို သေချာမှု ရထားလင့်ကစား၊ ဘုရားသခင်ကို အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ငြင်းပယ်နိုင်သေးပြီး ဘုရားသခင်ထံမှ သွေဖည်ပါက၊ ဘုရားသခင်သည် ထိုသို့သောလူ၏ ကယ်တင်ခြင်းလမ်းကို ပိတ်ဆို့ပြီး နိုင်ငံတော်၏ ဂိတ်ဝသည် ဤအချိန်မှစ၍ ထိုသူအတွက် ပိတ်ထားလိမ့်မည် ဖြစ်သည်။ ဤလူသည် နောက်ထပ်တစ်ကြိမ် တံခါးလာခေါက်သည့်အခါ၊ ဘုရားသခင်သည် တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဤလူကို ထာဝရ အဝင်ခံလိမ့်မည်မဟုတ်ပေ။ သင်တို့အချို့သည် သမ္မာကျမ်းစာထဲမှ မောရှေ၏ ဇာတ်ကြောင်းကို ဖတ်ဖူးကောင်း ဖတ်ဖူးကြမည် ဖြစ်သည်။ မောရှေသည် ဘုရားသခင်၏ ဘိသိက်ပေးခြင်း ခံခဲ့ရပြီးနောက် သူ၏ လုပ်ဆောင်ချက်များနှင့် အမျိုးမျိုးသော အခြားအကြောင်းရင်းများကြောင့်၊ ခေါင်းဆောင်အယောက် ၂၅၀ တို့က မောရှေအား သူတို့၏ မနာခံမှုကို ပြသခဲ့ကြသည်။ ၎င်းတို့သည် မည်သူ့ကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသနည်း။ ၎င်းက မောရှေမဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသည်၊ ၎င်းတို့သည် ဤအရေးနှင့်ပတ်သက်၍ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က ဆက်လက်ဖော်ပြပါအတိုင်း ပြောခဲ့ကြသည်မှာ- “သင်တို့သည် ပရိသတ်အပေါ် အလွန်အကျွံ တာဝန်ယူကြ၏။ ပရိသတ်အပေါင်း၊ အယောက်တိုင်းတို့သည် သန့်ရှင်းကြသည်ကို မြင်ရပြီး ယေဟောဝါသည် သူတို့အလယ်တွင် ရှိတော်မူ၏” ဟူ၍ဖြစ်သည်။ လူသား၏ ရှုထောင့်အမြင်မှနေ၍ ဤစကားများနှင့် စာကြောင်းများမှာ အလွန်လေးနက် ပြင်းထန်သလော။ ၎င်းတို့မှာ မပြင်းထန်ပါပေ။ အနည်းဆုံးအနေဖြင့် ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ မပြင်းထန်ပေ။ တရားဥပဒေ သဘောအရ ၎င်းတို့မှာ မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၌ မည်သည့် ရုန့်ရင်းကြမ်းတမ်းသော ဂယက်အနက်များ ပါဖို့မဆိုထားနှင့်၊ ယင်း၏ တကယ့်အပေါ်ယံ၌ ဤသည်မှာ ရန်လိုသော အသုံးအနှုန်း သို့မဟုတ် ဝေါဟာရပင် မဟုတ်ပေ။ ဤသည်တို့မှာ သာမန်ဝါကျများဖြစ်ပြီး ဘာမျှမပိုပေ။ ထိုသို့ဆိုလျှင် ဤစကားလုံးများက ဘုရားသခင်ထံမှ အမျက်ကို အဘယ်ကြောင့် နှိုးဆော်နိုင်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုစကားများမှာ လူကို ပြောဆိုခြင်းမဟုတ်ဘဲ၊ ဘုရားသခင်ကို ပြောဆိုနေခြင်းပင် ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြသော သဘောထားနှင့် စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ဖြစ်စေသောအရာ အတိအကျပင်ဖြစ်ပြီး၊ အထူးသဖြင့် ပုန်ကန်ပြစ်မှား၍ မရသည့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ ထိုခေါင်းဆောင်တို့၏ အဆုံးသတ်များမှာ မည်သည့်အရာ ဖြစ်ကြောင်းကို ငါတို့အားလုံးသိကြသည်။ ဘုရားသခင်ကို စွန့်လွှတ်ထားခဲ့သော သူများနှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်မှာ အဘယ်နည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ထို့ပြင် ၎င်းတို့၏ ရှုထောင့်နှင့် သဘောထားက ဘုရားသခင်အား ၎င်းတို့ကို ထိုကဲ့သို့သော ပုံစံဖြင့် အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းစေသနည်း။ အကြောင်းရင်းမှာ ၎င်းတို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသော်လည်း၊ သူတို့သည် သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သေးသောကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ၎င်းတို့၏ အခွင့်အရေးကို လုံးလုံးလျားလျား ချွတ်ယူခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ထဲတွင် ရေးထားသည်နှင့်အညီ၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲ သြဝါဒစာ ၁၀:၂၆) ဟူ၍ ဖြစ်သည်။ ယခု ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော နားလည်မှု ရှိပြီလော။

လူတို့၏ ကံကြမ္မာများကို ဘုရားသခင်အပေါ်၌ရှိသော သူတို့၏ သဘောထားအားဖြင့် ဆုံးဖြတ်သည်

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့၊ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့်၊ ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ် အတွက် ထိုက်သင့်သော လေ့လာလိုက်စားမှု တစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ၊ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ၊ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ချစ်ကြောက်ရိုသေနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော သြဝါဒများ၊ ကျမ်းဟောင်းတရားများနှင့် အယူအဆ သဘောတရားများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏အမှုကို လူသားများက မြင်နိုင်ခြင်းနှင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ့အပေါ် လူတစ်ဦး တစ်ယောက်ချင်းစီ၏ သဘောထားနှင့်အတူ လုပ်ဆောင်ချက်များမှာ ဘုရားသခင် အတွက် သိသာထင်ရှားသည်သာမက မြင်လည်းမြင်နိုင်ပေသည်။ ဤအရာမှာ လူတိုင်းလက်ခံထားပြီး ရှင်းရှင်းလင်းလင်း သိသင့်သောအရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသောအရာကို ဘုရားသခင် သိသလော။ ယခုလက်ငင်း ကျွန်ုပ်တွေးနေသောအရာကို သူသိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့ရှုထောင့်မျိုးကို ခံယူကာ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်နေလျက်နှင့် သူ၏အမှုနှင့် သူ၏တည်ရှိခြင်းကို သံသယထားပါက၊ သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါးတစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေပြီ ဖြစ်သောကြောင့်၊ သင် သူ၏ဒေါသကို နိုးဆွပေးမည့် နေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မဆိုနှင့်၊ သမ္မာတရား၏ စစ်မှန်မှုကို မရသေးသော လူတို့ကို ငါတွေ့မြင်ခဲ့ပြီ။ ဤလူတို့သည် ၎င်းတို့၏ဘဝနှင့် ဝိညာဉ်ရင့်ကျက်မှု၌ တိုးတက်မှုမရှိဘဲ၊ အတိမ်ပါးဆုံးသော သြဝါဒများကိုသာ လိုက်နာစောင့်ထိန်းလျက် ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်၌ကို အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်း မရှိဖူးခဲ့ကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်းနှင့် လက်ခံခြင်း မရှိဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူများကိုမြင်သောအခါ၊ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်သလော။ ၎င်းတို့သည် သူ့ကို စိတ်ချမ်းသာစေကြသလော။ ထို့ကြောင့် ယင်းမှာ ၎င်းတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘုရားသခင်အပေါ် လူတို့ ယုံကြည်သည့်ပုံစံပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင် ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းကျကျ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတချို့ကို ငါအကြံတချို့ ပေးလိုသည်- ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝပုံသေဖြစ်ပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမအား မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ခိုင်ခံ့သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အလွန်စိတ်ထက်သန်စွာ ရှာဖွေရမည်။ သင်ယုံကြည်သည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ ဘုရားသခင်နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းအားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။ ဤအရာကို အောက်မေ့ကြလော့။ ဤနေရာတွင် သင်တို့ကြားရန် လိုအပ်ခဲ့သော အမှန်တရားအချို့ကို ငါ ဆွေးနွေးပြီးသော်လည်း၊ သင်တို့၏ လက်ရှိ အခြေအနေနှင့် လက်ရှိ ဝိညာဉ်ရင့်ကျက်မှုအရ သင်တို့၏ စိတ်အားထက်သန်မှု မကုန်ခန်းစေရန်အတွက် ငါသည် ပို၍ကြီးမားသော မည်သည့် တောင်းဆိုချက်များကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းသည် သင်တို့၏ စိတ်နှလုံးများကို စိတ်ဓာတ်ကျစရာ မြောက်များစွာနှင့် ပြည့်နှက်စေ၍ သင်တို့အား ဘုရားသခင်အပေါ် စိတ်ပျက်မှု မြောက်များစွာကို ခံစားရစေနိုင်ပါသည်။ ယင်းအစား သင်တို့သည် သင်တို့၏ စိတ်နှလုံးထဲ၌ရှိသည့် ဘုရားသခင်ကို ချစ်ခြင်းမေတ္တာကို အသုံးပြုနိုင်ပြီး ရှေ့တွင်ရှိသည့်လမ်းကြောင်း၌ လျှောက်လှမ်းသည့်အခါ၊ ဘုရားသခင်အပေါ် ရိုသေလေးစားသော သဘောထားတစ်ခုကို အသုံးပြုနိုင်မည်ဟု ငါမျှော်လင့်ပါသည်။ ဘုရားသခင် အပေါ် မည်သို့ယုံကြည်ရမည့် အကြောင်းအရာကို အိုးနင်းခွက်နင်း မပြုနှင့်။ ယင်းကို အကြီးမားဆုံးသော ရှိရင်းစွဲပြဿနာများထဲမှ တစ်ခုအဖြစ် သဘောထားလော့။ ၎င်းကို သင်၏ စိတ်နှလုံးထဲ၌ ထားလော့၊ ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး၊ ၎င်းကို လက်တွေ့ဘဝနှင့် ဆက်စပ်လော့။ နှုတ်ပြောမျှဖြင့်သာ မပြုကြနှင့်၊ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သေရေးရှင်ရေး ကိစ္စတစ်ခုဖြစ်ပြီး သင်၏ ကံတရားကို ဆုံးဖြတ်မည့် ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းကို ဟာသတစ်ခုအဖြစ် သို့မဟုတ် အလွန်လွယ်ကူသောအရာ တစ်ခုကဲ့သို့ သဘောမထားကြလေနှင့်။ ဤနှုတ်ကပတ်တော်များကို သင်တို့အား ယနေ့ ငါဝေငှပြီးနောက်တွင် သင်တို့၏ စိတ်နှလုံးက သိနားလည်ခြင်း အဘယ်မျှ ဆွတ်ခူးထားသည်ကို ငါသိလိုသည်။ ယနေ့ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာများနှင့်ပတ်သက်၍ သင်တို့မေးလိုသော မေးခွန်းတစ်စုံတစ်ရာ ရှိသလော။

ဤအကြောင်းအရာများမှာ အနည်းငယ် အသစ်ဖြစ်ပြီး သင်တို့၏ အမြင်များ၊ သင်တို့၏ ပုံမှန် လေ့လာလိုက်စားမှုများနှင့် အာရုံစိုက်သောအရာများနှင့် အနည်းငယ် ခြားနားသော်လည်း၊ ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ သင်တို့ မိတ်သဟာယပြုပြီးသည့်အခါ ဤနေရာတွင် ငါပြောခဲ့ပြီးသော အရာတိုင်းအပေါ် သင်တို့၌ သာမန်သိနားလည်ခြင်း တိုးပွားလာမည်ဟု ငါထင်ပါသည်။ ဤအရာများမှာ လုံးဝအသစ်ချည်းဖြစ်ပြီး ယခင်က သင်တို့ ဆင်ခြင်သုံးသပ်ခြင်း လုံးဝမရှိခဲ့ဖူးသော အကြောင်းအရာအသစ်များ ဖြစ်သောကြောင့် ၎င်းတို့က မည်သည့်နည်းနှင့်မျှ သင်တို့၏ဝန်ကို ထပ်တိုးစေလိမ့်မည် မဟုတ်ဟု ငါမျှော်လင့်ပါသည်။ ငါသည် ယနေ့ ဤ နှုတ်ကပတ်တော်များကို သင်တို့အား ခြောက်လှန့်ရန် ပြောနေခြင်း မဟုတ်သည့်အပြင် သင်တို့ကို အရေးယူမည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ ထို့ထက် ငါ၏ရည်မှန်းချက်မှာ အမှန်တရား၏ တကယ့် အချက်အလက်များကို သင်တို့နားလည်ဖို့ အကူအညီပေးရန်ပင် ဖြစ်သည်။ လူသားမျိုးနွယ်နှင့် ဘုရားသခင်အကြားတွင် ကွာဟချက်တစ်ခုရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ နားလည်ခြင်း သို့မဟုတ် သူ၏သဘောထားကို သိခြင်း မရှိခဲ့ပေ။ လူတို့သည် ဘုရားသခင်၏ သဘောထားအတွက် သူတို့၏ အလေးထားမှုတွင် မည်သည့်အခါမျှ စိတ်အားထက်သန်ခဲ့ဖူးခြင်းလည်း မရှိပေ။ ထို့ထက် သူတို့သည် မမြင်မကန်းနှင့် ယုံကြည်လျက် ရှေ့ဆက်ခဲ့ပြီး ဘုရားသခင်အပေါ် သူတို့၏ သိကျွမ်းခြင်းနှင့် နားလည်မှုတွင် အရေးထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ငါသည် သင်တို့အတွက် ဤအကြောင်းအရာများကို ရှင်းလင်းရန်နှင့် သင်တို့ ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့သော ဘုရားသခင်မျိုးဖြစ်ကြောင်းသာမက သူသည် မည်သည့်အရာကို စဉ်းစားနေကြောင်း၊ မတူညီသော လူအမျိုးမျိုးအပေါ် သူ၏ဆက်ဆံမှု၌ သူ၏သဘောထားမှာ မည်သည့်အရာဖြစ်ကြောင်း၊ သူ၏ သတ်မှတ်ချက်များ ဖြည့်ဆည်းခြင်းမှ သင်တို့ မည်မျှဝေးကွာနေကြောင်းနှင့် သင်တို့၏ လုပ်ဆောင်ချက်များနှင့် သူတောင်းဆိုသော စံနှုန်းအကြား ကွာဟချက်မှာ မည်မျှကြီးမားကြောင်း သင်တို့ နားလည်စေဖို့ မဖြစ်မနေကူညီရမည်ဟု ငါခံစားရသည်။ ဤအရာများကို သင်တို့အား အသိပေးခြင်း၏ ရည်မှန်းချက်မှာ မိမိကိုယ်ကိုယ် တိုင်းတာရမည့် စံတစ်ခုကိုပေးရန် ဖြစ်ပြီး သို့မှသာ သင်တို့ရှိနေသောလမ်းသည် မည်ကဲ့သို့သော အကျိုးဆက်မျိုးရှိရာဆီ ဦးတည်နေပြီဖြစ်ကြောင်း၊ ဤလမ်းပေါ်တွင် သင်တို့မရရှိသေးသော အရာများနှင့် မည်သည့်နယ်ပယ်များတွင် သင်တို့ တကယ်မပါဝင်ရသေးကြောင်း သင်တို့ သိလိမ့်မည်ဖြစ်သည်။ သင်တို့အကြားတွင် မိတ်သဟာယပြုသောအခါ၊ သင်တို့သည် အတိုင်းအတာ အလွန်ကျဉ်းမြောင်းပြီး အချက်အလက်၌ အလွန်တိမ်ပါးသည့် ဆွေးနွေးနေကျ အကြောင်းအရာများ အနည်းငယ်အပေါ်တွင် အများအားဖြင့် ပြောဆိုလေ့ရှိကြသည်။ သင်တို့ ဆွေးနွေးသောအရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြား၌ လည်းကောင်း၊ သင်တို့၏ ဆွေးနွေးချက်များနှင့် ဘုရားသခင့် တောင်းဆိုချက်များ၏ အတိုင်းအတာနှင့် စံနှုန်းအကြားတွင် လည်းကောင်း အကွာအဝေးတစ်ခု၊ ကွာဟချက်တစ်ခု ရှိသည်။ ဤကဲ့သို့ ရှေ့ဆက်ခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ လမ်းလွဲခြင်းသည် ဘုရားသခင်၏ လမ်းမှ ပို၍ပို၍ ဝေးကွာသွားစေလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကို ယူ၍ ၎င်းတို့ကို ကိုးကွယ်ရာပစ္စည်းများအဖြစ် ပြောင်းလဲကာ၊ ၎င်းတို့ကို ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများအဖြစ် ရှုမြင်နေကြသည်။ ၎င်းမှာ သင်တို့လုပ်နေသမျှပင် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးထဲ၌ နေရာလုံးလုံး မရှိသည့်အပြင် သူသည် သင်တို့၏ စိတ်နှလုံးကို မည်သည့်အခါမျှ အမှန်တကယ် မရရှိခဲ့ပေ။ လူအချို့က ဘုရားသခင်ကို သိရန်မှာ အလွန်ခက်ခဲသည်ဟု ထင်ကြပြီး ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ခက်ခဲပေစွ။ လူတို့ကို အပြင်ပန်းအားဖြင့် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန်နှင့် အမှုအရာများကို လုပ်ဆောင်ပြီးစီးစေရန်အပြင် ကြိုးစားလုပ်ဆောင်ရန် ခိုင်းစေပါက၊ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်လွယ်ကူသည်ဟု ထင်ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးမှာ လူ့တတ်နိုင်စွမ်း၏ အတိုင်းအတာအတွင်း၌ ရှိခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားတို့အပေါ် ဘုရားသခင်၏ သဘောထားဘက်သို့ အကြောင်းအရာ ပြောင်းသွားသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်း၏ ရှုထောင့်မှနေ၍ အမှုအရာများက အမှန်တကယ် အနည်းငယ်ပို၍ ခက်ခဲလာသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤအရာတွင် သမ္မာတရားအပေါ် လူတို့၏ နားလည်မှုနှင့် စစ်မှန်မှုထဲ သူတို့၏ ဝင်ရောက်ခြင်း ပါဝင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ခက်ခဲမှု အတိုင်းအတာတစ်ခု အမှန်ပင် ရှိမည်ဖြစ်လေသည်။ သို့သော်လည်း သင်သည် ပထမတံခါးကို ဖြတ်ကျော်ပြီး ဝင်ရောက်မှုကို စတင်ရရှိပြီးနောက်တွင် ၎င်းတို့သည် တဖြည်းဖြည်း ပို၍ လွယ်ကူလာမည် ဖြစ်သည်။

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည်

တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင် ပို၍သိသော်လည်း၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကြောက်ရိုသေခြင်း မရှိနိုင်သေးသည်မှာ အဘယ်သို့နည်းဟူသော မေးခွန်းတစ်ခုကို ခုလေးတင် မေးခဲ့၏။ ဤအကြောင်းနှင့်ပတ်သက်၍ ယခင်က ကျွန်ုပ်တို့ အနည်းငယ် ဆွေးနွေးခဲ့သည်။ အမှန်အားဖြင့် ဤမေးခွန်း၏ အနှစ်သာရကိုလည်း ယခင်က ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးဖြစ်သည်၊ ၎င်းမှာ ယောဘသည် ထိုစဉ်အချိန်က ဘုရားသခင်ကို မသိခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခဲ့ပြီး သူ့အား ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့သည် ဟူသောအချက် ဖြစ်သည်။ ယောဘသည် ဘုရားသခင်အား ရန်သူတစ်ဦးအဖြစ် သဘောထားခဲ့ခြင်းမရှိပေ။ ယင်းထက်၊ သူသည် ဘုရားသခင်အား အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်ခဲ့သည်။ ယနေ့ခေတ် လူတို့သည် ဘုရားသခင်ကို အဘယ်ကြောင့် အလွန်ပင် ဆန့်ကျင်ကြသနည်း။ ဘုရားသခင်ကို သူတို့ အဘယ်ကြောင့် မကြောက်ရွံ့နိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရပြီး အလွန်အမင်း အရိုးစွဲနေသည့် ဆိုးယုတ်သော သဘာဝနှင့်အတူ သူတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး လက်ခံကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုပြီး ၎င်းတို့ကိုယ်ကို ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအနေတွင် ရောက်နိုင်ကြသေးကြသည်။ ဤအရာကို လူသား သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ ဘုရားသခင်၌ သူတို့၏ယုံကြည်မှု ရှိလင့်ကစား လူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ့်ကို သဘောမထားကြပေ။ ယင်းအစား၊ သူတို့က ဘုရားသခင်ကို လူ၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ သူ့ကို သူတို့၏ ရန်သူအဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့် မကျေအေးနိုင်ကြပေ။ ၎င်းမှာ ရိုးရှင်းပါသည်။ ဤအကြောင်းအရာကို ယခင်အစည်းအဝေးအတွင်း၌ အစပျိုးထားခဲ့သည် မဟုတ်သလော။ ၎င်းကို စဉ်းစားကြည့်ပါ- ယင်းမှာ အကြောင်းရင်း မဟုတ်သလော။ သင်၌ ဘုရားသခင်အကြောင်း အနည်းငယ်သော သိနားလည်ခြင်း ရှိနိုင်သော်လည်း၊ ဤသိနားလည်ခြင်းက မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ ဤအရာမှာ အယောက်တိုင်းက ပြောနေသော အရာဖြစ်သည် မဟုတ်သလော။ ၎င်းမှာ ဘုရားသခင် သင့်အား ပြောခဲ့သောအရာ ဖြစ်သည် မဟုတ်သလော။ သင်သည် အယူအဆဆိုင်ရာနှင့် သြဝါဒဆိုင်ရာ ရှုထောင့်များကိုသာ အကျွမ်းတဝင် ရှိသည်၊ သို့သော် သင်သည် ဘုရားသခင်၏ စစ်မှန်သော ရှုထောင့်ကို နားလည်သက်ဝင်ဖူးသလော။ သင်၌ ပုဂ္ဂလဓိဌာန်ကျသော သိနားလည်ခြင်းရှိသလော။ သင်၌ လက်တွေ့ကျသော သိနားလည်ခြင်းနှင့် အတွေ့အကြုံ ရှိသလော။ အကယ်၍ ဘုရားသခင်သည် သင့်အား မပြောထားခဲ့ပါက၊ သင် သိနိုင်ခဲ့မည်လော။ သင်၏ အယူအဆဆိုင်ရာ သိနားလည်ခြင်းသည် စစ်မှန်သော သိနားလည်ခြင်းကို ကိုယ်စားမပြုပေ။ အချုပ်အားဖြင့် ယင်းကို သင် မည်မျှပင်သိပြီး သို့မဟုတ် သင် မည်သို့ပင် သိလာခဲ့သည်ဖြစ်စေ၊ ဘုရားသခင်အကြောင်း စစ်မှန်သော သိနားလည်ခြင်း တစ်ခုကို သင် မရမီတိုင်အောင် ဘုရားသခင်သည် သင်၏ ရန်သူဖြစ်လိမ့်မည် ဖြစ်ပြီး သင်သည် ဘုရားသခင်ကို အမှန်တကယ် ဘုရားသခင်ကဲ့သို့ စတင်ဆက်ဆံရသည်တိုင်အောင် သင်သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်သောကြောင့် သင် အမှန်တကယ် သဘောမထားမီ သူသည် သင်ကို ဆန့်ကျင်ပေလိမ့်မည်။

သင်သည် ခရစ်တော်နှင့်အတူ ရှိသည့်အချိန်တွင် သင်သည် သူ့အား တစ်နေ့သုံးကြိမ် ထမင်းကျွေးခြင်း၊ သို့မဟုတ် သူ့အား လက်ဘက်ရည် တည်ခင်းပေးခြင်းနှင့် သူ၏ ဘဝလိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးခြင်း ရှိကောင်းရှိနိုင်ပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောထားသည့်ပုံ ပေါက်မည်ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်း၊ လူတို့၏ ရှုထောင့်များမှာ ဘုရားသခင်၏ ရှုထောင့်များနှင့် အမြဲဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ရှုထောင့်ကို နားလည်ရန်နှင့် လက်ခံရန် အမြဲပျက်ကွက်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် အပေါ်ယံအားဖြင့် အဆင်ပြေကောင်း ပြေနိုင်သော်လည်း၊ ဤသည်မှာ ၎င်းတို့သည် သူနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ တစ်စုံတစ်ခု ဖြစ်လျှင်ဖြစ်ချင်း လူသားတို့၏ မနာခံခြင်း အမှန်တရားသည် ထွက်ပေါ်လာပြီး လူသားများနှင့် ဘုရားသခင်ကြား၌ရှိသော ရန်လိုမှုကို ခိုင်မာစေလျက်ရှိသည်။ ဤရန်လိုမှုမှာ ဘုရားသခင်က လူကို ဆန့်ကျင်နေခြင်း သို့မဟုတ် ဘုရားသခင်က လူအပေါ် ရန်လိုရန် ဆန္ဒရှိနေခြင်းမျိုး မဟုတ်သည့်အပြင်၊ ယင်းမှာ သူက လူတို့ကို သူ၏ ဆန့်ကျင်ဘက်၌ထားပြီး သူတို့ကို ထိုကဲ့သို့ ဆက်ဆံနေခြင်းမျိုးလည်း မဟုတ်ပေ။ ထို့ထက် လူသားများ၏ ပုဂ္ဂလဓိဌာန်ကျသော အလိုဆန္ဒနှင့် သူတို့၏ မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသော ဤအနှစ်သာရကိစ္စပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှလာသည့် အရာခပ်သိမ်းကို သူတို့၏ သုတေသနပြုစရာများအဖြစ် မှတ်ယူခြင်းကြောင့် ဘုရားသခင်ထံမှ လာသည့်အရာအပေါ်နှင့် ဘုရားသခင် ပါဝင်ပတ်သက်သော အရာတိုင်းအပေါ် သူတို့၏ တုံ့ပြန်မှုမှာ အဓိကအားဖြင့် မှန်းဆခြင်း၊ သံသယဖြစ်ခြင်းနှင့်၊ ဘုရားသခင်ကိုဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘောထားတစ်ခုကို အလျင်အမြန် ခံယူခြင်းတို့ပင် ဖြစ်သည်။ များမကြာမီတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုကိုယူကာ ထိုကဲ့သို့သော ဘုရားသခင်ကို နောက်လိုက်ဖို့ ထိုက်တန်မထိုက်တန် သံသယဖြစ်သည့် အဆင့်အထိ ဘုရားသခင်နှင့် ငြင်းခုံခြင်းများ သို့မဟုတ် ယှဉ်ပြိုင်ခြင်းများသို့ ရောက်ရှိကြသည်။ သူတို့၏ ဆင်ခြင်တုံတရားက သူတို့သည် ဤပုံစံအတိုင်း ရှေ့မဆက်သင့်ကြောင်း ပြောသော်လည်း၊ သူတို့သည် အလိုလို ထိုသို့လုပ်ရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး အဆုံးတိုင်အောင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်ဦးမည့် သဘောဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့ ပြုလုပ်တတ်သည့် ပထမဆုံးတုံ့ပြန်ချက်မှာ အဘယ်နည်း။ သူတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဤကောလာဟလများ မှန်မမှန်နှင့် ဤကောလာဟလများ တကယ်ရှိမရှိကို စဉ်းစားရန်နှင့် စောင့်ကြည့်တတ်သည့် စိတ်ထားကို ခံယူရန်ပင် ဖြစ်သည်။ ထို့နောက် သူတို့သည် “ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် စစ်ဆေးမည့် နည်းလမ်းမရှိပေ။ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်သလော။ ဤ ကောလာဟလက မှန်သလော သို့မဟုတ် မမှန်သလော” ဟူ၍ စတင် စဉ်းစားကြသည်။ ဤကဲ့သို့သော လူတို့သည် အပေါ်ယံတွင် ဤသို့ မဖော်ပြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲက စတင်သံသယရှိထားပြီဖြစ်ပြီး ဘုရားသခင်ကို စတင်၍ ငြင်းပယ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော သဘောထားနှင့် ဤကဲ့သို့သော ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်ရမချင်း ဤလူတို့၏ ရှုထောင့်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင်မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိသကဲ့သို့၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင်ရချင်း စာတန်ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ရန်သူအဖြစ် မှတ်ယူသည် မဟုတ်သော်လည်း၊ လူ၏အနှစ်သာရ ကိုယ်၌က ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ခဲ့ပြီးပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြီးမားစွာ ပေးဆပ်ခဲ့ပြီးပါစေ၊ ထို့ပြင် သူတို့က ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံမပြုမိရန် မိမိကိုယ်ကိုယ် မည်သို့ရှောင်ပါစေ၊ သူတို့က ဘုရားသခင်ကို ချစ်ရန် မိမိကိုယ်ကိုယ် မည်သို့ပင် အစွမ်းကုန်နှိုးဆော်ပါစေ၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ဆက်ဆံနိုင်ခြင်း မရှိပေ။ ဤအရာကို လူတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားပြီး သူ့ကို ဘုရားသခင်ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်ပါက၊ သင်၌ သူ့အပေါ် သံသယတစ်စုံတစ်ရာ ရှိနိုင်သေးသလော။ သင်၏စိတ်နှလုံးက သူနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ခြင်း တစ်စုံတစ်ရာ ကိန်းအောင်းစေနိုင်ဦးမည်လော။ နောက်ထပ်မရှိနိုင်သည် မဟုတ်လော။ ဤလောက၏ ဦးတည်ရာများမှာ အလွန်ဆိုးယုတ်ပြီး ဤလူသားမျိုးသည်လည်း အလွန်ဆိုးယုတ်သည်ဆိုလျှင်၊ သင်၌ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်ကိုယ်တိုင်ပင်လျှင် အလွန်ကောက်ကျစ်သည်ဆိုလျှင်၊ သင်၌ ၎င်းနှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ မရှိသည်မှာ အဘယ်သို့နည်း။ သို့သော်လည်း ကောလာဟလ အနည်းငယ်နှင့် မဟုတ်မမှန် စကားအချို့က ဘုရားသခင်နှင့်ပတ်သက်၍ ထိုမျှကြီးမားသော အယူအဆများကို ဖြစ်ပေါ်စေနိုင်ပြီး သင်၏ စိတ်ကူးစိတ်သန်း၌ များစွာသောအရာတို့ကို ပေါ်လာစေနိုင်သည်၊ ၎င်းက သင်၏ ဝိညာဉ်ရင့်ကျက်မှု အဘယ်မျှ ရင့်ကျက်မှုမရှိကြောင်းကို ပြသသည်တကား။ ခြင်အနည်းငယ်နှင့် ရွံစရာကောင်းသော ယင်ကောင်အနည်းငယ် “တဝီဝီ” မြည်သံအလား သင့်ကို လှည့်စားရန် ဤမျှသာ လိုအပ်သလော။ ဤသည်မှာ မည်ကဲ့သို့သော လူအမျိုးအစားနည်း။ ဤကဲ့သို့သော လူတို့ကို ဘုရားသခင်သည် မည်ကဲ့သို့ယူဆကြောင်း သင်သိသလော။ ဘုရားသခင်သည် ဤလူများကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ သူ၏သဘောထားမှာ အမှန်အားဖြင့် အလွန် ရှင်းလင်းပါသည်။ ဤလူတို့အား ဘုရားသခင်၏ ဆက်ဆံမှုမှာ ၎င်းတို့အား တမင်အဖက်မလုပ်ခြင်းသာ ဖြစ်ကာ၊ သူ၏ သဘောထားမှာ ၎င်းတို့အား မည်သည့်အာရုံစိုက်မှုမျှ မပြုခြင်းနှင့် ပညာမဲ့သော ဤလူတို့အား အလေးအနက် မထားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် သူ့အပေါ် အဆုံးအထိပင် ရန်လိုဖို့ ကတိပြုခဲ့ပြီး သူနှင့် သဟဇာတကျမည့် လမ်းခရီးကို ရှာဖွေရန်အတွက် မည်သည့်အခါမျှ မရည်ရွယ်ထားသော ထိုလူများကိုရယူရန် ဘုရားသခင်သည် လုံးဝ မကြံစည်ခဲ့သောကြောင့် ဖြစ်သည်။ ငါမိန့်မြွက်ထားသော ဤနှုတ်ကပတ်တော်များက လူတချို့ကို နာကျင်ကောင်း နာကျင်စေမည်။ ကောင်းပြီ၊ သင်တို့အား ငါ ဤသို့ အမြဲနာကျင်စေရန် သင်တို့ အလိုရှိသလော။ သင်တို့ အလိုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါပြောသမျှမှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ငါသည် သင့်တို့အား ဤသို့ အမြဲတမ်းနာကျင်စေပြီး သင်တို့၏အမာရွတ်များကို ထုတ်ဖော်ပြပါက၊ သင်တို့၏ စိတ်နှလုံးထဲမှ အလွန်မြင့်မြတ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ယင်းက ထိခိုက်စေမည်လော။ (မထိခိုက်စေပါ။) ယင်းက ထိခိုက်စေမည် မဟုတ်ကြောင်း ငါ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တကယ်ကို မရှိခြင်းကြောင့်သာလျှင် ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲ၌ နေထိုင်သော အလွန်မြင့်မြတ်သည့် ဘုရားသခင်၊ သင်တို့ အပြင်းအထန် ခုခံပြီး ကာကွယ်သောသူမှာ ဘုရားသခင် မဟုတ်ပေ။ ထို့ထက် သူသည် လူ့စိတ်အာရုံ၏ စိတ်ကူးသက်သက်ဖြစ်သည်၊ သူသည် တကယ်ပင် မတည်ရှိပေ။ ထို့ကြောင့် ငါသည် ဤပဟေဠိ၏ အဖြေကို ဖော်ထုတ်ခြင်းမှာ ပို၍ပင်ကောင်းပေသည်။ ဤအရာက သမ္မာတရားတစ်ခုလုံးကို ဖွင့်ချသည်မဟုတ်လော။ စစ်မှန်သော ဘုရားသခင်မှာ လူသားများက သူ အဘယ်အရာဖြစ်မည်ဟု စိတ်ကူးကြသည့်အရာ မဟုတ်ပေ။ ဤအမှန်တရားကို သင်တို့အားလုံး ရင်ဆိုင်နိုင်မည်ဟု ငါမျှော်လင့်ပြီး ယင်းက ဘုရားသခင်အပေါ် သင်တို့၏ သိနားလည်ခြင်းအတွက် အထောက်အကူပြုလိမ့်မည်။

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသော ထိုလူများ

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။ ဤလူတို့က “ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုအရာကို ပြုသနည်း။ ဤအရာကို ကျွန်ုပ်နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ်နားမလည်ပါ၊ ဤအရာသည် လူ၏အယူအဆများနှင့် မကိုက်ညီပါ၊ ၎င်းကို ကိုယ်တော် ကျွန်ုပ်အား ရှင်းပြရမည်...” ဟု ပြောတတ်ကြသည်။ ဤအရာကို ဖြေဖို့အတွက် ငါပြန်မေးသည်မှာ- ဤအကြောင်းအရာများကို သင့်အား ရှင်းပြရန် အမှန်ပင် လိုအပ်သလော။ ဤအကြောင်းအရာများသည် အမှန်တကယ် သင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ သင့်ကိုယ်သင် မည်သူဟု သင်ထင်သနည်း။ သင် မည်သည့်နေရာမှ လာခဲ့သနည်း။ သင်သည် ဘုရားသခင်ကို အကြံဉာဏ်များ ပေးရန် အမှန်တကယ် အရည်အချင်း ပြည့်မီသလော။ သူ့ကို သင်ယုံကြည်သလော။ သူသည် သင်၏ယုံကြည်မှုကို အသိအမှတ် ပြုသလော။ သင်၏ယုံကြည်မှုသည် ဘုရားသခင်နှင့် မသက်ဆိုင်ခြင်းကြောင့် သူ၏ လုပ်ဆောင်မှုများတွင် သင်မည်သည့်အကြောင်းကိစ္စ ရှိသနည်း။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မည်သည့်နေရာ၌ ရှိနေကြောင်းကို မသိသောကြောင့် သင်သည် ဘုရားသခင်နှင့် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်လော။

သတိပေးချက်ဆိုင်ရာ နှုတ်ကပတ်တော်များ

ဤမှတ်ချက်များကို ကြားပြီးနောက်တွင် သင်တို့သည် နေမထိထိုင်မသာ မဖြစ်ကြသလော။ သင်တို့သည် ၎င်းတို့ကို နားထောင်ရန် အလိုမရှိခြင်း သို့မဟုတ် ၎င်းတို့ကို လက်ခံရန် အလိုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့အားလုံးမှာ အမှန်တရားများပင် ဖြစ်သည်။ အမှု၏ ဤအဆင့်ကို ဘုရားသခင်လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သင်တို့သည် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်ပါက၊ သူ၏ သဘောထားကို အလေးထားမှု မရှိပါက၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် စိတ်နေသဘောထားကို နားမလည်ပါက၊ နောက်ဆုံးတွင် အခွင့်အရေးဆုံးရှုံးရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များမှာ နားထောင်ရန် ခက်ခဲသည့်အတွက် အပြစ်မတင်နှင့်၊ ထို့ပြင် သင်တို့၏ စိတ်အားထက်သန်မှု လျော့ကျခြင်းအတွက် ၎င်းတို့ကို အပြစ်မတင်ကြနှင့်။ ငါသည် အမှန်တရားကို ပြော၏။ သင်တို့ စိတ်ဓာတ်ကျစေရန်မှာ ငါ၏ ရည်ရွယ်ချက်မဟုတ်ပါ။ သင်တို့အား ငါ မည်သည့်အရာကို စေခိုင်းသည်ဖြစ်စေ၊ ထို့ပြင် ၎င်းကိုလုပ်ဆောင်ရန် သင်တို့အား မည်ကဲ့သို့ သတ်မှတ်ထားသည်ဖြစ်စေ သင်တို့သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ကာ ဘုရားသခင်၏လမ်းသို့ လိုက်လျှောက်မည့်အကြောင်းနှင့် မှန်ကန်သောလမ်းကြောင်းမှ မည်သည့်အခါမျှ လမ်းလွဲမသွားမည့်အကြောင်း၊ ငါ မျှော်လင့်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ရှေ့ဆက်ခြင်းမရှိပါက သို့မဟုတ် သူ၏ လမ်းခရီးနောက်သို့ မလိုက်လျှောက်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်နေပြီး မှန်ကန်သောလမ်းကြောင်းမှ သွေဖည်သွားပြီ ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိနိုင်ပေ။ ထို့ကြောင့် သင်တို့ကို ငါ ရှင်းပြပေးရမည့် အကြောင်းအရာ အချို့ရှိပြီး တိတိကျကျ၊ ရှင်းရှင်းလင်းလင်းနှင့် မသေချာမှု တစ်စက်မျှမရှိဘဲ သင်တို့ကို ယုံကြည်စေရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များ၊ သူကလူကို စုံလင်အောင် ပြုလုပ်ပေးပုံနှင့် လူတို့၏ အဆုံးသတ်များကို မည်သည့်ပုံစံဖြင့် သူသတ်မှတ်ကြောင်း ရှင်းလင်းသော နားလည်မှုတစ်ခု သင်တို့ရရှိရန် ကူညီပေးရမည်ဖြစ်သည်ဟု ငါယူဆသည်။ သင်သည် ဤလမ်းကြောင်းကို မစတင်နိုင်သော နေ့ရက်တစ်ရက် ရောက်ခဲ့ပါလျှင် ငါ၌တာဝန်မရှိပေ၊ အကြောင်းမှာ ဤနှုတ်ကပတ်တော်များကို သင့်အား အလွန်ရှင်းလင်းစွာ ပြောခဲ့ပြီးပြီဖြစ်သည်။ သင်ကိုယ်တိုင်၏ အဆုံးသတ်ကို သင် မည်သို့ကိုင်တွယ်ဖြေရှင်းသည်နှင့်စပ်လျဉ်း၍၊ ဤသည်မှာ သင့်အပေါ်၌ လုံးလုံးလျားလျား မူတည်သည့်ကိစ္စ ဖြစ်သည်။ ဘုရားသခင်၌ မတူညီသော လူအမျိုးအစားများ၏ အဆုံးသတ်များနှင့် စပ်လျဉ်း၍ခြားနားသော သဘောထားများရှိသည်၊ သူ၌ ၎င်းတို့ကို ချိန်ဆသည့် ကိုယ်ပိုင် နည်းလမ်းများရှိပြီး ၎င်းတို့အတွက် သတ်မှတ်ချက်များနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်စံနှုန်းလည်း ရှိသည်။ လူတို့၏ အဆုံးသတ်များကို ချိန်ဆသည့် သူ၏စံနှုန်းမှာ အယောက်တိုင်းအတွက် မျှတသောစံနှုန်းတစ်ခု ဖြစ်ကာ၊ ထိုအရာအတွက် သံသယမရှိပါပေ။ ထို့ကြောင့် အချို့တို့၏ စိုးရိမ်ကြောက်ရွံ့မှုများမှာ မလိုအပ်ပေ။ သင်တို့ ယခု စိတ်သက်သာရာ ရကြပြီလော။ ယနေ့အတွက် ဤမျှလောက်ပင် ဖြစ်သည်။ နှုတ်ဆက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

အရှေ့သို့- ကျမ်းဦးစကား

နောက်တစ်ခုသို့- ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။