သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်
လူအားလုံးတွင် ရှိသော ဖြစ်ရိုးဖြစ်စဉ် ပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ဖက်တွင် ၎င်းတို့က အဖိုးအခပေးရန် မလိုလားသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ ပိုင်းခြားသိမြင်မှုက အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်ဘဝများ၏ အခက်အခဲများစွာကို ရှိရင်းစွဲအတိုင်း မမြင်နိုင်ကြသည့်အပြင် မည်သို့ သင့်လျော်စွာ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ လူတို့၏ အတွေ့အကြုံများသည် အလွန် ပေါ့တန်ပြီး ၎င်းတို့၏ အစွမ်းအစက အလွန် ညံ့ဖျင်းကာ သမ္မာတရားကို ၎င်းတို့ နားလည်သည့် အတိုင်းအတာမှာလည်း ကန့်သတ်ချက်ရှိသောကြောင့် ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းရန် ၎င်းတို့တွင် နည်းလမ်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှုတ်ဖြင့်သာ ယုံကြည်ကြပြီး ဘုရားသခင်ကို ၎င်းတို့၏ နေ့စဉ်ဘဝများထဲသို့ ခေါ်ဆောင်လာနိုင်စွမ်း မရှိကြပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး ဘဝသည် ဘဝဖြစ်ကာ လူတို့သည် ၎င်းတို့၏ ဘဝများတွင် ဘုရားသခင်နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ယင်းမှာ လူတိုင်း တွေးထင်သည့်အရာ ဖြစ်သည်။ ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် လူတို့သည် လက်တွေ့တွင် ကိုယ်တော်၏ ရယူခြင်းနှင့် စုံလင်အောင် ပြုခြင်းကို မခံရနိုင်ပေ။ အမှန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိ၍ မဟုတ်ဘဲ ထိုအစား လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက အလွန် ညံ့ဖျင်းလွန်းသောကြောင့်သာ ဖြစ်သည်။ လူတို့ အကုန်နီးပါးသည် ဘုရားသခင်၏ မူလ လိုအင်ဆန္ဒများအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိဘဲ လူတိုင်းက မိမိတို့၏ ကိုယ်ပိုင် ဆန္ဒအတိုင်းသာ ပြုမူဆောင်ရွက်ကြသည်ဟု ဆိုနိုင်သည်။ လူတိုင်းသည် အတိတ်မှ ၎င်းတို့ စွဲကိုင်ခဲ့သော ဘာသာရေး အယူအဆများနှင့် ၎င်းတို့၏ ကိုယ်ပိုင် လုပ်နည်းလုပ်ဟန်များအတိုင်း ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံပြီးနောက်တွင် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရကာ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်အညီ စတင်ပြုမူဆောင်ရွက်သူ အလွန်နည်းပါးသည်။ ထိုအစား ၎င်းတို့သည် အသိတရားရရန် ငြင်းပယ်ကြသည်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ ဘာသာရေး၏ သမားရိုးကျ စည်းမျဉ်းများကို အခြေခံ၍ ယုံကြည်ကြပြီး ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်ကိုသာ လုံးလုံးလျားလျား အခြေခံ၍ အသက်ရှင်ကြသည်၊ ကျင့်ကြံပြုမူကြပြီး လောကနှင့် ဆက်ဆံကြသည်။ လူဆယ်ဦးလျှင် ကိုးဦးမှာ ဤသို့ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် အခြား အစီအစဉ်တစ်ခုကို ရေးဆွဲကာ ဘဝသစ်စတင်သူ အလွန်နည်းပါးသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် သဘောထားပြုမူရန် သို့မဟုတ် ထိုအတိုင်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။
ဥပမာအားဖြင့် ယေရှုကို ယုံကြည်ခြင်းကို ကြည့်လော့။ တစ်စုံတစ်ဦးသည် စတင်ယုံကြည်ခါစဖြစ်စေ၊ အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့သည်ဖြစ်စေ အားလုံးက ၎င်းတို့တွင်ရှိသော မည်သည့် ပင်ကိုစွမ်းရည်များကိုမဆို အသုံးပြုကြပြီး ၎င်းတို့ ပိုင်ဆိုင်သော မည်သည့် ကျွမ်းကျင်မှုများကိုမဆို ပြသကြရုံမျှသာ ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ပုံမှန် ဘဝများထဲသို့ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးများကို ထည့်သွင်းရုံမျှသာ ဖြစ်သော်လည်း ၎င်းတို့၏ စိတ်သဘောထားကို မည်သို့မျှ ပြောင်းလဲခြင်း မရှိခဲ့ကြသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည်လည်း စိုးစဉ်းမျှ တိုးပွားမလာခဲ့ပေ။ ၎င်းတို့၏ လိုက်စားမှုမှာ မပူလွန်း မအေးလွန်း ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်မည်ဟု မပြောခဲ့ကြသော်လည်း ဘုရားသခင်အတွက် အရာအားလုံးကို ပူဇော်ဆက်ကပ်ခြင်းလည်း မရှိခဲ့ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း သို့မဟုတ် ကိုယ်တော်ကို ကျိုးနွံနာခံခြင်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် အစစ်နှင့် အတု ရောနှောနေခြင်းဖြစ်ပြီး ၎င်းတို့သည် ယင်းကို မျက်စိတစ်ဖက်ဖွင့် တစ်ဖက်ပိတ်လျက် ချဉ်းကပ်ခဲ့ကြကာ အလေးအနက် မထားခဲ့ကြပေ။ ၎င်းတို့သည် ထိုသို့သော နားဝေတိမ်တောင်ဖြစ်သည့် အခြေအနေဖြင့် ဆက်လက်နေထိုင်ခဲ့ကြပြီး နောက်ဆုံးတွင် နားဝေတိမ်တောင်ဖြင့် သေဆုံးသွားခဲ့ကြသည်။ ထိုအရာအားလုံးမှာ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ယနေ့တွင် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ခြေချရမည်။ ဘုရားသခင်ကို သင်ယုံကြည်ရာတွင် ကောင်းချီးများကိုသာ မရှာဖွေသင့်ပေ၊ ထိုအစား ဘုရားသခင်ကို ချစ်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့ကို သင် လိုက်စားသင့်သည်။ သူ၏ ဉာဏ်ပွင့်စေခြင်းမှတစ်ဆင့်၊ သင်၏ ကိုယ်ပိုင် လိုက်စားမှုမှတစ်ဆင့် သူ၏ နှုတ်ကပတ်တော်ကို သင်စားသောက်နိုင်သင့်သည်၊ ဘုရားသခင်အပေါ် စစ်မှန်သည့် နားလည်မှုကို ဖြစ်ပေါ်စေသင့်ပြီး ဘုရားသခင်အပေါ်တွင် သင်၏ စိတ်နှလုံး အနက်ရှိုင်းဆုံးနေရာမှ လာသော စစ်မှန်သောချစ်ခြင်း ရှိသင့်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းကို မည်သူကမျှ မဖျက်ဆီးနိုင် သို့မဟုတ် မဟန့်တားနိုင်သည့်အခါ ယင်းမှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းတွင် သင်သည် လမ်းကြောင်းမှန်ပေါ် ရောက်နေသည့် အချိန်ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အကြောင်းမှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်က ပိုင်ဆိုင်ပြီးဖြစ်ကာ ထိုအခါတွင် အခြားမည်သည့်အရာကမျှ သင့်ကို ပိုင်ဆိုင်၍ မရနိုင်တော့သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင် ပေးဆပ်ခဲ့သော အဖိုးအခမှတစ်ဆင့်နှင့် ဘုရားသခင်၏ အလုပ်မှတစ်ဆင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက်ဖြစ်သော ချစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ထိုသို့ သင်ပြုလုပ်သည့်အခါ သင်သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်လာမည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော် အလင်းတွင် အသက်ရှင်လာလိမ့်မည် ဖြစ်သည်။ သင်သည် အမှောင် စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီးမှသာ ဘုရားသခင်ကို ရရှိပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် ဤပန်းတိုင်ကို လိုက်စားရန် သင် ကြိုးစားရမည်။ ဤသည်မှာ သင်တို့တစ်ဦးချင်းစီ၏ တာဝန် ဖြစ်သည်။ သင်တို့ထဲမှ မည်သူမျှ လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ ကျေနပ်ရောင့်ရဲမနေသင့်ပေ။ ဘုရားသခင်၏ အလုပ်အပေါ် သင်သည် စိတ်နှစ်ခွ ဖြစ်၍မရနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထား၍လည်း မရနိုင်ပေ။ သင်သည် အရာရာတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင်ကို စဉ်းစားသင့်ပြီး ဘုရားသခင်၏အကျိုးအတွက် အရာခပ်သိမ်းကို လုပ်ဆောင်သင့်သည်။ ပြီးလျှင် သင်၏ စကားနှင့် လုပ်ရပ်များတွင် ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို ပထမနေရာတွင် ထားသင့်သည်။ ဤသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ပေသည်။
ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် လူတို့၏ အကြီးမားဆုံးသော အားနည်းချက်မှာ ၎င်းတို့သည် နှုတ်ဖြင့်သာ ယုံကြည်ကြပြီး ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ဘုရားသခင် လုံးဝ မရှိခြင်းပင် ဖြစ်သည်။ လူအားလုံးသည် ဘုရားသခင် တည်ရှိခြင်းကို အမှန်ပင် ယုံကြည်ကြသည့်တိုင် ဘုရားသခင်သည် ၎င်းတို့၏ နေ့စဉ်ဘဝများ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ လူတို့၏ နှုတ်က ဘုရားသခင်ထံ ဆုတောင်းချက်များစွာ ပြောဆိုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာ အနည်းငယ်သာ ရှိသောကြောင့် ဘုရားသခင်က ၎င်းတို့ကို ထပ်တလဲလဲ စစ်ကြောတော်မူသည်။ လူတို့သည် မသန့်စင်သောကြောင့် ဘုရားသခင်တွင် ၎င်းတို့ကို စစ်ကြောရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိပေ။ သို့မှသာ ၎င်းတို့သည် ဤစမ်းသပ်မှုများအလယ်တွင် ရှက်ရွံ့မှုကို ခံစားရနိုင်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းလာနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ကောင်းကင်တမန်မင်း၏ သားမြေးများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး တိုး၍ ဖောက်ပြန်ပျက်စီးလာလိမ့်မည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း လုပ်ငန်းစဉ်တွင် လူတစ်ဦးစီသည် ဘုရားသခင်၏ အတောမသတ်သော သန့်စင်ခြင်းအောက်၌ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များစွာကို ဖယ်ရှားကြသည်။ သို့မဟုတ်ပါက ဘုရားသခင်သည် မည်သူ့ကိုမျှ အသုံးပြုရန် နည်းလမ်းမရှိနိုင်သည့်အပြင် လူတို့၌ ကိုယ်တော် လုပ်ဆောင်သင့်သော အမှုကို လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူတို့ကို ဦးစွာ သန့်စင်တော်မူပြီး ဤလုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းလာနိုင်ကာ ဘုရားသခင်က ၎င်းတို့ကို ပြောင်းလဲပေးနိုင်ပေမည်။ ထိုအခါမှသာ ဘုရားသခင်သည် ကိုယ်တော်၏ အသက်ကို ၎င်းတို့ထဲသို့ သွတ်သွင်းပေးနိုင်ပြီး ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်လှည့်လာနိုင်ပေမည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူတို့ပြောသကဲ့သို့ ရိုးရှင်းလှသည် မဟုတ်ပေ။ ဘုရားသခင် အမြင်အရ သင်သည် အသိပညာသာရှိပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အသက်အဖြစ် မရှိပါက၊ ပြီးလျှင် သင်သည် သင်၏ ကိုယ်ပိုင် အသိပညာ၌သာ ကန့်သတ်ခံရပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် မနေထိုင်နိုင်ပါက ဤသည်မှာ သင့်တွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး မရှိကြောင်း သက်သေပြနေဆဲဖြစ်ပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်း ယင်းက ပြသနေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ကို သိကျွမ်းလာနိုင်သည်။ ဤသည်မှာ နောက်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းမှာ လူ၏ လိုက်စားမှု ပန်းတိုင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် အကောင်အထည် ပေါ်လာနိုင်စေရန်အလို့ငှာ ယင်းတို့ကို အသက်ရှင် နေထိုင်ခြင်းအပေါ် သင် အားထုတ်ရမည်။ သင့်တွင် အယူဝါဒဆိုင်ရာ အသိပညာသာ ရှိပါက ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်မှသာ သင်၏ ယုံကြည်ခြင်းကို ပြီးပြည့်စုံပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သည်ဟု မှတ်ယူနိုင်ပေမည်။ ဤလမ်းကြောင်းပေါ်တွင် လူများစွာတို့သည် အသိပညာများစွာကို ပြောဆိုနိုင်ကြသော်လည်း ၎င်းတို့ သေဆုံးချိန်တွင် ၎င်းတို့၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံနေပြီး တစ်သက်တာကို အလဟဿ ဖြုန်းတီးခဲ့ကာ အချည်းနှီး အသက်ရှည်ခဲ့သည့်အတွက် မိမိတို့ကိုယ်ကို မုန်းတီးကြလေသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ နားလည်ကြသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် သို့မဟုတ် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ၎င်းတို့သည် ဟိုပြေးဒီလွှားသာ လုပ်ကြပြီး အလုပ်များမှာ တောင်ပုံရာပုံဖြစ်ကာ သေခါနီးအချိန်ရောက်မှသာ ၎င်းတို့တွင် စစ်မှန်သော သက်သေခံချက် မရှိကြောင်း၊ ဘုရားသခင်ကို လုံးဝ မသိကျွမ်းကြောင်း နောက်ဆုံးတွင် မြင်တွေ့ကြရသည်။ ဤသည်မှာ နောက်ကျလွန်းနေပြီ မဟုတ်လော။ သင် ချစ်မြတ်နိုးသော သမ္မာတရားကို လိုက်စားရန် ယနေ့ကို အဘယ်ကြောင့် အမိအရ မဆုပ်ကိုင်သနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းနေမည်နည်း။ ဘဝတွင် သင်သည် သမ္မာတရားအတွက် ဆင်းရဲဒုက္ခမခံပါက သို့မဟုတ် ယင်းကို ရရှိရန် မရှာဖွေပါက သင် သေဆုံးခါနီးမှ နောင်တရလိုသလော။ သို့ဆိုလျှင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း။ လက်တွေ့တွင် လူတို့သည် အနည်းငယ်မျှ အားထုတ်ရုံဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည့် ကိစ္စရပ်များစွာ ရှိသည်။ လူတို့၏ စိတ်များသည် အစဉ်သဖြင့် မကြည်မလင် ဖြစ်နေသောကြောင့်သာ ၎င်းတို့သည် ဘုရားသခင်၏ အကျိုးအတွက် မပြုမူနိုင်ကြဘဲ ၎င်းတို့၏ ဇာတိပကတိ အကျိုးအတွက် အစဉ်သဖြင့် ပြေးလွှားလှုပ်ရှားနေကြကာ နောက်ဆုံးတွင် မည်သည့်အရာမျှ မရရှိကြခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် လူတို့တွင် ပြဿနာများနှင့် အခက်အခဲများ အစဉ်သဖြင့် ရှိနေကြသည်။ ဤအရာများသည် စာတန်ထံမှ ညှဉ်းပန်းနှိပ်စက်မှုများ မဟုတ်လော။ ဤသည်မှာ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးမှု မဟုတ်လော။ သင်သည် နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ဘုရားသခင်ကို အရူးလုပ်ရန် မကြိုးစားသင့်ပေ၊ သင်သည် စင်စစ်အားဖြင့် လက်တွေ့လုပ်ဆောင်ရမည်။ မိမိကိုယ်ကို မလှည့်စားနှင့်၊ ထိုသို့လုပ်ခြင်းက မည်သည့် အကျိုးရှိမည်နည်း။ သင်၏ ဇာတိပကတိ အကျိုးအတွက် အသက်ရှင်ခြင်းနှင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်ခြင်းအားဖြင့် သင် မည်သည့်အရာကို ရရှိနိုင်မည်နည်း။