၅။ ဘုရားသခင်၌ ယုံကြည်ခြင်းမှာ ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများကို ရှာရန်အတွက်သာ မဖြစ်သင့်ပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာ ယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ သိရှိလာပြီးဖြစ်သနည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကြောင့် သင်မည်မျှ ပြောင်းလဲပြီးဖြစ်သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာ အတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝ ချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက် စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုမှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့် ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏ မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသော မီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခကြောင့်နှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက် ချစ်ခြင်း ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ သင်သည် စာတန်၏ လွမ်းမိုးမှုမှ ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လိမ့်မည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှသာလျှင် ဘုရားသခင်ကို သင်ရရှိပြီးဟု ဆိုနိုင်ပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သင်သည် ဤပန်းတိုင်ကို ရှာဖွေရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ သင်တို့ မည်သူတစ်ဦးမျှ အမှုအရာများကို ရှိနေသည့်အတိုင်း အားရကျေနပ်မနေသင့်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်အပေါ်တွင် စိတ်နှစ်ခွ မရှိနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် ခံယူခြင်းလည်း မပြုနိုင်ပေ။ သင်သည် အရာရာတိုင်း၊ အချိန်တိုင်း၌ ဘုရားသခင်ကို စဉ်းစားသင့်ပြီး သူ့အတွက် အရာရာကို လုပ်ဆောင်သင့်သည်။ ထို့အပြင် သင်စကားပြောသောအခါ သို့မဟုတ် အမှုအရာများပြုသည့်အခါတိုင်း သင်သည် ဘုရားသခင်၏ အိမ်တော်အကျိုးကို ဦးစားပေးသင့်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အားချစ်ခြင်းကို အားထုတ်ရန် ဖြစ်ကြောင်းကို ၎င်းတို့ နားလည်သင့်သည်။ သင့်ကို ဘုရားသခင်အသုံးချခြင်းမှာ သင့်ကို စစ်ဆေးရုံ သို့မဟုတ် သင့်ကို ဒုက္ခခံစေရုံသာ မဟုတ်ဘဲ၊ သူ၏လုပ်ရပ်များကို သင်သိနိုင်ရန်၊ လူ့ဘဝ၏ အဓိပ္ပာယ်အမှန်ကို သိနိုင်ရန်နှင့် အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ကြောင်း သင်သိနိုင်ရန်အတွက် သင့်ကို သူအသုံးချခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ကိုင်တွယ်ဖြေရှင်းပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို သုတ်သင်ဖယ်ရှင်းခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှင်းရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်း- ဤအရာများသည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ နာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို နာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ကြားပြီးကြသော်လည်း၊ မဆိုစလောက် ဂရုပြုကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာများ၏ အစိတ်အပိုင်းအဖြစ် လက်ခံဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။

ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ အလိုကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က ထောက်ခံလျက် ကြည်ညိုဖို့ မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ ထိတွေ့ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်း ခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ခဲ့ပြီးပါစေ၊ ကိုင်တွယ်ဖြေရှင်း ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

အရှေ့သို့- ၄။ ဘုရားသခင်ကို ယုံကြည်သူများ ပိုင်ဆိုင်သင့်သော သန့်ရှင်းသူများနှင့်ဆိုင်သော ကျင့်ဝတ်

နောက်တစ်ခုသို့- ၆။ ဒုက္ခဆင်းရဲ၏အဓိပ္ပာယ်နှင့် ဘုရားသခင်ကို ယုံကြည်သူများ သည်းခံရမည့် ဒုက္ခဆင်းရဲအမျိုးအစား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။