စုံလင်အောင်ပြုခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်
အမှန်အားဖြင့် ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား စာတန်နှင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို ပုန်ကန်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ ထိုသို့ဖြင့် အသက်ကို သိနိုင်ဖို့၊ ညစ်ညူးသော ဤလောကကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ဒဏ်ရာရစေရန် ရည်ရွယ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုက ဤကဲ့သို့ ပို၍ဖြစ်လေ၊ လူသား၏ စိတ်နှလုံးသည် ပို၍ ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်သည် ပို၍ နိုးထလာနိုင်လေဖြစ်သည်။ ထိုကဲ့သို့သော တရားစီရင်မှု၏ ပန်းတိုင်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး အလွန်အမင်း နက်ရှိုင်းစွာ လှည့်ဖြားခြင်းခံထားရသော ဤလူတို့၏ ဝိညာဉ်များကို နိုးထစေရန် ဖြစ်၏။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီးဖြစ်၍ သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော လူ့ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်သိုးနေသော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးသည့်နောက်တွင် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ ကိုယ်တော် ကယ်တင်နိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းတိုင်းကို ကြုံရသည့်နောက်တွင်ပင် သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် လုံးဝ မလှုပ်ရှားဘဲ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤတရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးမုန်းတိုင်းသဖွယ်ဖြစ်သော်လည်း ယင်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ကို စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် အမှုမပြုဘဲ လူတို့သည် မရဏနိုင်ငံမှ ထွက်မြောက်ရန် အလွန်ခက်ခဲလိမ့်မည်။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီးဖြစ်၍ ၎င်းတို့၏ ဝိညာဉ်သည် စာတန်၏ နင်းခြေမှုကို လွန်လေပြီးသောအခါတည်းက ခံခဲ့ရသောကြောင့်ဖြစ်သည်။ ယိုယွင်းမှု၏ အနက်ရှိုင်းဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ဟစ်ခေါ်ရန်၊ သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့ လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို လှုပ်နှိုးနိုင်လိမ့်မည်။
သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကျူးသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်လျက် ရှိသည်။ ဤအရာများသည် သင်တို့၏ စိတ်နှလုံးတို့ကို အစဉ်သဖြင့် ထိန်းချုပ်ထားသောကြောင့် သင်တို့သည် ထိုမြေရှင်ပဒေသရာဇ်ဆန်ပြီး ယိုယွင်းသော အတွေးအခေါ်များ၏ ထမ်းပိုးကို ဖယ်ရှားနိုင်စွမ်း မရှိကြ။ သင်တို့သည် မိမိတို့၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်လည်း မတောင့်တ၊ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်လည်း မတမ်းတကြ။ သင်တို့သည် ထိုအရာများဖြင့် ရိုးရှင်းစွာ ချည်နှောင်ခြင်း ခံထားရသည်။ ဤအသက်တာသည် အလွန် နာကျင်ဖွယ်ကြောင်းနှင့် ဤလူ့လောကသည် အလွန် မှောင်မိုက်ကြောင်းကို သင်တို့အားလုံး သိသော်လည်း သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏အသက်တာကို ပြောင်းလဲရန် သတ္တိမရှိပေ။ သင်တို့သည် ဤဘဝ၏ လက်တွေ့ကျမှုများမှ လွတ်မြောက်ရန်၊ စိတ်ဝိညာဉ်၏ ထူးကဲသာလွန်မှုကို ရရှိရန်နှင့် ငြိမ်းချမ်း၍ အံ့ဖွယ်ကောင်းသော၊ ကောင်းကင်ဘုံကဲ့သို့ ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်နေထိုင်ရန်သာ တောင့်တကြသည်။ သင်တို့သည် သင်တို့၏ လက်ရှိအသက်တာကို ပြောင်းလဲရန် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံဖို့ ဆန္ဒမရှိကြ၊ သင်တို့ဝင်ရောက်သင့်သော အသက်တာကို ဤတရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းထဲ၌ ရှာဖွေရန်လည်း သင်တို့ ဆန္ဒမရှိကြ။ ထိုအစား သင်တို့သည် ဇာတိပကတိ၏အလွန်ရှိ လှပသည့် ထိုလောကနှင့်ပတ်သက်၍ လုံးလုံး လက်တွေ့မကျသော အိပ်မက်များကိုသာ မက်ကြသည်။ သင်တို့ တောင့်တသော အသက်တာမှာ နာကျင်မှု တစ်စုံတစ်ရာကိုမျှ မခံစားရဘဲ သင် အလွယ်တကူ ရရှိနိုင်သော အသက်တာ ဖြစ်သည်။ ယင်းသည် လုံးဝ လက်တွေ့မဆန်လိုက်လေစွ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့ မျှော်လင့်သည့်အရာမှာ ဇာတိပကတိ၌ အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန်နှင့် ဘဝတစ်သက်တာတစ်လျှောက် သမ္မာတရားကို ရရန်၊ ဆိုလိုသည်မှာ သမ္မာတရားအတွက် အသက်ရှင်ရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ရန် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် တောက်ပ၍ မျက်စိကျိန်းလောက်သော ဘဝဟု ယူဆရမည့်အရာ မဟုတ်ပေ။ ဤသည်မှာ မက်မောဖွယ်အသက်တာ သို့မဟုတ် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်မည်မဟုတ်ဟု သင်ခံစားရသည်။ ထိုကဲ့သို့သော အသက်တာဖြင့် ရှင်သန်နေခြင်းသည် မတရားမှုတစ်ခုဖြစ်သည့်အလား သင်တို့ ခံစားရပေလိမ့်မည်။ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ ယနေ့လက်ခံသော်လည်း သင်တို့ လိုက်စားနေသော အရာမှာမူ သမ္မာတရားကို ရရှိရန် သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန် မဟုတ်ဘဲ ထိုအစား နောက်ပိုင်းတွင် ဇာတိပကတိအလွန်၌ ရှိသော ပျော်ရွှင်ဖွယ်ရာ အသက်တာထဲ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ သင်တို့သည် သမ္မာတရားအတွက် အသက်ရှင်နေခြင်းဖြစ်ဖို့ဝေးစွ သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်ပေ။ ယနေ့ သင်တို့သည် ဝင်ရောက်ရန် အားထုတ်နေခြင်း မရှိဘဲ ထိုအစား သင်တို့၏ အတွေးများသည် တစ်နေ့နေ့တွင် ဖြစ်လာနိုင်မည့်အရာဖြင့် ပြည့်နှက်နေ၏။ သင်တို့သည် ကောင်းကင်ပြာကြီးကို ငေးမော့ကြည့်လျက် ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခြင်းခံရမည့်နေ့ကို မျှော်လင့်ရင်း ခါးသီးသော မျက်ရည်များကျနေကြသည်။ ဤကဲ့သို့တွေးခေါ်ပုံသည် လက်တွေ့အရှိတရားနှင့် ကင်းကွာနေပြီးသားဖြစ်သည်ကို သင်တို့ မသိကြသလော။ အဆုံးမရှိသော ကြင်နာမှုနှင့် သနားကရုဏာရှိသော ကယ်တင်ရှင်သည် ဤလောက၌ အခက်အခဲနှင့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ရသော သင့်အား တစ်နေ့တွင် ကိုယ်တော်နှင့်အတူ ခေါ်ဆောင်သွားရန် မလွဲမသွေ ကြွလာလိမ့်မည်ဖြစ်ပြီး ကိုယ်တော်သည် သားကောင်ဖြစ်ခဲ့ရပြီး ဖိနှိပ်ခြင်းခံခဲ့ရသော သင်၏ နစ်နာချက်များကို တရားသဖြင့်ဖြစ်စေပြီး သင့်အတွက် လက်စားချေပေးလိမ့်မည်ဟု သင် ဆက်လက်တွေးတောနေ၏။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲခဲ့ရပြီးသောသူမှာ သင် တစ်ယောက်တည်းလော။ သင်ကိုယ်တိုင်သည် စာတန်၏ တန်ခိုးအောက်သို့ ကျရောက်ပြီး ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ ဘုရားသခင်အနေဖြင့် သင်၏ မကျေနပ်ချက်များကို အမှန်တကယ် ဖြေရှင်းပေးရန် လိုအပ်နေသေးသလော။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိသောသူများဖြစ်သည့် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူများ ဖြစ်သည့် ၎င်းတို့အားလုံးသည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ သင်၏ ကောင်းမွန်သော အပြုအမူသည် အဘယ်တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံးကို အစားထိုးနိုင်သလော။ ကောင်းသောအရာအချို့ကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရရှိနိုင်ဘဲ ဘုရားသခင်သည် သင် သားကောင်ဖြစ်ခဲ့ရပြီး ဖိနှိပ်ခြင်းခံခဲ့ရသောကြောင့် သင်၏ နစ်နာချက်များကို ဖြေရှင်းပေးပြီး သင့်အပေါ်ပြုသော မတရားမှုများအတွက် လက်စားချေပေးမည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ကို မသိဘဲ ကောင်းမှု ပြုသောသူများသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာဖြစ်ပြီး သင့်အပေါ် ပြုခဲ့သော မတရားမှုများအတွက် ဖြေရှင်းပေးပြီး လက်စားချေပေးရန်သာ အလိုရှိကာ ဘုရားသခင်က သင့်အား သင်၏နေ့၊ သင် နောက်ဆုံးတွင် ဂုဏ်ယူဝင့်ကြွားနိုင်မည့် နေ့တစ်နေ့ကို ပေးသနားရန် အလိုရှိ၏။ သို့သော်လည်း သင်သည် သမ္မာတရားကို လျစ်လျူရှုပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ရန် ဆာငတ်ခြင်းလည်း မရှိ။ ထိုမျှမက ခက်ခဲပြီး အနှစ်သာရမဲ့သော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်းကား သင်၌ သာ၍မရှိပေ။ ထိုအစား သင်၏အသက်တာကို ဇာတိပကတိ၌လည်းကောင်း၊ အပြစ်တရားအလယ်၌လည်းကောင်း အသက်ရှင်နေစဉ် သင်၏ နစ်နာချက်များကို ဖြေရှင်းပေးပြီး သင်၏ ဖြစ်တည်မှုတွင်ရှိသော မှောင်မှိုင်းကို ဖယ်ရှားပေးရန် ဘုရားသခင်အား သင် မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။ သို့သော် ယင်းသည် ဖြစ်နိုင်သလော။ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် လိုက်လျှောက်နိုင်မည် ဖြစ်သည်။ သင်သည် အသက်ရှင်နေထိုင်ခြင်းရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သရုပ်သကန်တစ်ခု ဖြစ်နိုင်သည်။ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ပျော်မွေ့ခံစားနိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် ကိုယ်တော့်အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ဖြစ်စေမည်မှာ သေချာသည်၊ သို့သော် မိမိတို့ကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လှည့်ဖြားမှုများ၏ သားကောင်ဖြစ်သွားသော သူများကိုမူ တရားသဖြင့်ဖြစ်စေခြင်း မရှိချေ။ သမ္မာတရားကို မချစ်သောသူများ၌ ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၌ ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းမြတ်ခြင်း နှစ်ခုလုံးသည် သမ္မာတရားကို ရည်ညွှန်း၍သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်ဘဲ ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သည့် ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို သိုထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်သည် မဟုတ်လော။ သင်တို့ရော အဘယ်သို့ရှိသနည်း။
သင်သည် ဤအမှောင်၏ လွှမ်းမိုးမှုများထဲမှ လွတ်မြောက်နိုင်ပြီး ထိုမစင်ကြယ်သောအရာများနှင့် ကင်းကွာအောင်နေပါက၊ သန့်ရှင်းစင်ကြယ်လာနိုင်ပါက သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ယင်းသည် သင်၏သဘာဝ ပြောင်းလဲသွားသောကြောင့် မဟုတ်ဘဲ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဇာတိပကတိကို ပုန်ကန်နိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သန့်စင်စေခြင်းကို ခံရပြီးသောသူများ ပိုင်ဆိုင်သောအရာ ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်၏ အဓိကပန်းတိုင်မှာ လူတို့ သမ္မာတရားကို ပိုင်ဆိုင်နိုင်ရန်အတွက် ၎င်းတို့ကို သန့်စင်ပေးရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သမ္မာတရားကို နားလည်သည်မှာ နည်းလွန်းခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတို့အပေါ် သိမ်းပိုက်သောအလုပ်ကို လုပ်ဆောင်ရန်မှာ အနက်ရှိုင်းဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် အမှောင်၏ စွမ်းအားအောက်သို့ ကျရောက်ခဲ့ပြီး အလွန်အမင်း ထိခိုက်ခဲ့ရသည်။ သို့ဖြစ်၍ ဤအလုပ်၏ ပန်းတိုင်မှာ လူ့သဘာဝကို သင်တို့သိစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ စုံလင်အောင်ပြုခြင်းခံရခြင်းသည် ဖန်ဆင်းခံများအားလုံး လက်ခံသင့်သော အရာတစ်ခု ဖြစ်သည်။ ဤအဆင့်၏အမှုတွင် လူတို့အား စုံလင်အောင်ပြုခြင်းသာ ပါဝင်ပါက ယင်းကို ယူကေ သို့မဟုတ် အမေရိက သို့မဟုတ် အစ္စရေးတွင် လုပ်ဆောင်နိုင်ခဲ့လိမ့်မည်ဖြစ်သည်။ မည်သည့်တိုင်းနိုင်ငံမှ လူတို့အပေါ်တွင်မဆို လုပ်ဆောင်နိုင်ခဲ့လိမ့်မည်။ သို့သော်လည်း သိမ်းပိုက်ခြင်းအလုပ်သည် ရွေးချယ်မှုရှိသည်။ သိမ်းပိုက်ခြင်းအလုပ်၏ ပထမအဆင့်မှာ ရေတိုဖြစ်သည်၊ ထို့အပြင် စာတန်အား အရှက်ရစေရန်နှင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် ယင်းကို အသုံးပြုပေလိမ့်မည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအလုပ်၏ ကနဦးအလုပ်တည်း။ ဘုရားသခင်ကို ယုံကြည်သော မည်သည့်ဖန်ဆင်းခံမဆို စုံလင်အောင် ပြုခြင်းခံနိုင်သည်ဟု ဆိုနိုင်၏။ အကြောင်းမှာ စုံလင်အောင် ပြုခြင်းခံရခြင်းသည် ကာလရှည်ကြာသော ပြောင်းလဲမှုပြီးနောက်မှသာ ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာ ဖြစ်သောကြောင့် ဖြစ်၏။ သို့သော်လည်း သိမ်းပိုက်ခံရခြင်းမှာမူ ကွဲပြားသည်။ သိမ်းပိုက်ခြင်းအတွက် နမူနာနှင့် စံပြပုံစံသည် ခေတ်နောက်အကျဆုံးလူများ၊ အမှောင်မိုက်ဆုံး၌ နေထိုင်သောလူများ ဖြစ်ရမည်။ ၎င်းတို့သည် အကျင့်ပျက်ဆုံးသောသူများ၊ ဘုရားသခင်ကို အသိအမှတ်ပြုမှု အနည်းဆုံးသောသူများနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသောသူများ ဖြစ်ရမည်။ ဤကဲ့သို့သော လူစားမျိုးသည်သာ သိမ်းပိုက်ခြင်းခံရခြင်း၏ သက်သေခံချက်ကို ခံနိုင်သောသူ အတိအကျ ဖြစ်၏။ သိမ်းပိုက်ခြင်းအလုပ်၏ အဓိက ရည်မှန်းချက်ပန်းတိုင်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်ပြီး လူတို့ကို စုံလင်အောင်ပြုခြင်း၏ ပန်းတိုင်မှာမူ လူတို့ကို ရယူရန် ဖြစ်သည်။ ယင်းမှာ သိမ်းပိုက်ခြင်းခံရပြီးနောက် လူတို့အား သက်သေခံချက်ရှိစေရန်အတွက် ဤသိမ်းပိုက်ခြင်းအလုပ်ကို ဤနေရာ၌၊ သင်တို့ကဲ့သို့သော လူများအပေါ်၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ရည်ရွယ်ချက်မှာ သိမ်းပိုက်ခံရပြီးသည့်နောက်တွင် လူတို့ကို သက်သေခံစေရန် ဖြစ်သည်။ စာတန်အား အရှက်ရစေခြင်း ရည်မှန်းချက်ပန်းတိုင်ကို အထမြောက်စေရန် ဤအသိမ်းပိုက်ခံရသော လူတို့သည် အသုံးပြုခြင်း ခံရမည်။ ထိုသို့ဖြစ်လျှင် သိမ်းပိုက်ခြင်း၏ အဓိကနည်းလမ်းမှာ အဘယ်နည်း။ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းများနှင့် ထုတ်ဖော်ခြင်းဟူသည့် ဖြောင့်မတ်သော စိတ်သဘောထားကို အသုံးပြု၍ လူတို့ကို သိမ်းပိုက်ခြင်းဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် အကြွင်းမဲ့ ယုံကြည်လက်ခံလာကြမည် ဖြစ်၏။ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားနှင့် သြဇာအာဏာကို အသုံးပြု၍ လူတို့ကို သိမ်းပိုက်ခြင်း၊ ၎င်းတို့အား အပြည့်အဝ ယုံကြည်လက်ခံလာစေခြင်းဟူသည်မှာ သိမ်းပိုက်ခြင်းခံရသည်ဟု အဓိပ္ပာယ်ရ၏။ စုံလင်အောင်ပြုခြင်းခံရပြီးသူများသည် သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင် ကျိုးနွံနာခံခြင်း ဖြစ်မြောက်အောင်မြင်နိုင်ကြသည်သာမက တရားစီရင်ခြင်း အလုပ်နှင့်သက်ဆိုင်သည့် အသိပညာကိုလည်း ရနိုင်ကြကာ ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း ရှိကြပြီး ဘုရားသခင်ကိုလည်း သိကျွမ်းလာနိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းကို တွေ့ကြုံခံစားပြီး သမ္မာတရားနှင့်လည်း ပြည့်ဝလာကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနိုင်ကာ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံနိုင်ပြီး ကိုယ့်စိတ်ပိုင်းဖြတ်ချက်နှင့်ကိုယ် ရှိကြ၏။ စုံလင်အောင်ပြုခြင်း ခံရပြီးသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းကြောင့် သမ္မာတရားကို လက်တွေ့ကျကျ နားလည်မှုရှိသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသူများသည် သမ္မာတရားကို သိသော်လည်း သမ္မာတရား၏ အဓိပ္ပာယ်အစစ်အမှန်ကို သဘောပေါက်နားလည်ခြင်း မရှိသူများ ဖြစ်သည်။ သိမ်းပိုက်ခံရပြီးနောက်တွင် ၎င်းတို့ ကျိုးနွံနာခံကြသော်လည်း ၎င်းတို့၏ ကျိုးနွံနာခံခြင်းမှာ ၎င်းတို့ လက်ခံရရှိခဲ့သော တရားစီရင်ခြင်း၏ ရလဒ်သာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာ၏ အဓိပ္ပာယ်အစစ်အမှန်ကို လုံးဝ သိနားလည်ခြင်း လုံးဝမရှိကြ။ ၎င်းတို့သည် သမ္မာတရားကို နှုတ်ဖြင့် အသိအမှတ်ပြုကြသော်လည်း သမ္မာတရားထဲ ဝင်ရောက်ခြင်း မရှိသေးပေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း သမ္မာတရားကို အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိကြပေ။ စုံလင်အောင် ပြုခြင်းခံနေရသောသူများအပေါ် လုပ်ဆောင်နေသောအမှုတွင် ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်ခြင်းများအပြင် အသက်ကို ပေးသနားခြင်းလည်း ပါဝင်၏။ သမ္မာတရားထဲ ဝင်ရောက်ခြင်းကို အာရုံစိုက်သောသူသည် စုံလင်အောင်ပြုခြင်းခံရမည့်သူ တစ်ဦးဖြစ်သည်။ စုံလင်အောင် ပြုခြင်းခံရသူနှင့် သိမ်းပိုက်ခြင်းခံရသူတို့ကြား ကွာခြားချက်မှာ ၎င်းတို့ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း ရှိမရှိ၌ တည်၏။ စုံလင်အောင်ပြုခြင်းခံရပြီး သူများသည် သမ္မာတရားကို နားလည်သူ၊ သမ္မာတရားထဲ ဝင်ရောက်သူနှင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ စုံလင်အောင်ပြုခြင်းကို မခံရနိုင်သူများသည် သမ္မာတရားကို နားလည်ခြင်း မရှိသူနှင့် သမ္မာတရားထဲ မဝင်ရောက်သူ၊ ဆိုလိုသည်မှာ သမ္မာတရားဖြင့် အသက်မရှင်သောသူများ ဖြစ်ကြသည်။ ယင်းသို့သော လူများသည် ယခုအခါ အပြည့်အဝ ကျိုးနွံနာခံနိုင်စွမ်း ရှိပါက ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံကြရမည် ဖြစ်သည်။ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို မရှာဖွေပါက၊ ၎င်းတို့သည် သမ္မာတရားကို လိုက်လျှောက်သော်လည်း သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ၎င်းတို့သည် သမ္မာတရားကို မြင်တွေ့ကြားသိသော်လည်း သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ခြင်းကို အာရုံမစိုက်ပါက ၎င်းတို့သည် စုံလင်အောင်ပြုခြင်းကို မခံရနိုင်ပေ။ စုံလင်အောင်ပြုခြင်းခံရမည့် လူတို့သည် စုံလင်အောင်ပြုခံရခြင်းသို့ လမ်းကြောင်းတစ်လျှောက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြလေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ ဖြည့်ဆည်းကြပြီး စုံလင်အောင်ပြုခြင်းကို ခံကြရသည်။ သိမ်းပိုက်ခြင်းအလုပ် မပြီးဆုံးမီအထိ အဆုံးတိုင် လိုက်လျှောက်သောသူ မည်သူမဆိုသည် သိမ်းပိုက်ခံရသောသူ ဖြစ်သော်လည်း စုံလင်အောင်ပြုခြင်း ခံရသူတစ်ဦးဟု မဆိုနိုင်ပေ။ “စုံလင်အောင်ပြုခြင်း ခံရသူများ” သည် သိမ်းပိုက်ခြင်းအလုပ် ပြီးဆုံးသည့်နောက်တွင် သမ္မာတရားအား လိုက်စားနိုင်ပြီး ဘုရားသခင်၏ရယူခြင်းကို ခံရနိုင်သောသူများကို ရည်ညွှန်းသည်။ ယင်းသည် သိမ်းပိုက်ခြင်းအလုပ် ပြီးဆုံးသည့်နောက် အတိဒုက္ခထဲတွင် ခိုင်မာစွာ ရပ်တည်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သူများကို ရည်ညွှန်းသည်။ သိမ်းပိုက်ခြင်းခံရခြင်းနှင့် စုံလင်အောင် ပြုခြင်းခံရခြင်းကို ခွဲခြားသောအရာမှာ အမှုတော်၏ အဆင့်များ ကွာခြားခြင်းနှင့် လူတို့ သမ္မာတရားကို နားလည်ပြီး ဝင်ရောက်သည့် အတိုင်းအတာ ကွာခြားခြင်းတို့ ဖြစ်၏။ စုံလင်အောင်ပြုခြင်း လမ်းကြောင်းပေါ် တက်ရောက်ခြင်း မရှိသေးသောသူအားလုံး၊ ဆိုလိုသည်မှာ သမ္မာတရားကို မပိုင်ဆိုင်သူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည် ဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သော သူများသာလျှင် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ ပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်အောင်ပြုခြင်းခံရသောသူများ ဖြစ်ကြပြီး အခြားသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုသောအမှုတွင် ကျိန်ဆဲခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်ဒေါသတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ဆဲခြင်းများ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ဦးအပေါ် အမှုပြုခြင်းသည် အနည်းငယ်မျှသော လျှော့ပေါ့ပေးမှုမရှိဘဲ ဖော်ထုတ်ခြင်း၊ ၎င်းတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင် အသိအမှတ်ပြုပြီး အပြည့်အဝ ယုံကြည်လက်ခံလာကြမည် ဖြစ်၏။ လူသားသည် အပြည့်အဝ ကျိုးနွံနာခံလာသည့်အခါ သိမ်းပိုက်ခြင်းအလုပ် ပြီးဆုံးသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် မလိုက်စားသေးလျှင်ပင် သိမ်းပိုက်ခြင်းအလုပ်သည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။
သင် စုံလင်အောင်ပြုခြင်းခံရမည်ဆိုပါက ပြည့်မီရမည့် စံသတ်မှတ်ချက်များ ရှိသည်။ သင်သည် မိမိ၏ စိတ်ပိုင်းဖြတ်မှု၊ သင်၏ ဇွဲလုံ့လ၊ သင်၏ အသိစိတ်နှင့် သင်၏ လိုက်စားမှုတို့အားဖြင့် အသက်တာနှင့်ပတ်သက်၍ တွေ့ကြုံခံစားမှုရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရမည်။ ယင်းသည် သင်၏ ဝင်ရောက်မှု ဖြစ်ပြီး ဤအရာများသည် စုံလင်အောင်ပြုခြင်း လမ်းကြောင်းပေါ်တွင် လိုအပ်သောအရာ ဖြစ်၏။ စုံလင်အောင်ပြုခြင်း အလုပ်ကို လူ အားလုံးအပေါ်တွင် ပြုနိုင်သည်။ ဘုရားသခင်နောက် လိုက်လျှောက်သူ မည်သူမဆို စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး စုံလင်အောင်ပြုခြင်းခံရရန် အခွင့်အရေးနှင့် အရည်အချင်းများ ရှိသည်။ ယင်းသည် ကြိုတင်သတ်မှတ်ထားသောအရာ မဟုတ်ပေ။ လူတစ်ဦး စုံလင်အောင်ပြုခြင်း ခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ ထိုလူ၏ လိုက်စားမှုအပေါ်တွင် အဓိက မူတည်သည်။ သမ္မာတရားကို ချစ်သောလူများနှင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်သော လူများသည် စုံလင်အောင်ပြုခြင်း ခံရနိုင်သည်မှာ သေချာ၏။ သမ္မာတရားကို မချစ်သော လူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံကြရ။ ၎င်းတို့သည် ဘုရားသခင် တောင်းဆိုသော အသက်ကို မပိုင်ဆိုင်ကြသည့်အပြင် စုံလင်အောင် ပြုခြင်းမခံရနိုင်ပေ။ စုံလင်အောင်ပြုခြင်းအလုပ်သည် လူတို့အား ရရှိရန်အတွက်သာ ဖြစ်၏။ ယင်းသည် စာတန်နှင့် တိုက်လှန်ခြင်းအလုပ်၏ အစိတ်အပိုင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်းအလုပ်သည် စာတန်အား တိုက်လှန်ရန်အတွက်သာဖြစ်ပြီး ယင်းမှာ လူကို သိမ်းပိုက်ခြင်းအားဖြင့် စာတန်ကို အနိုင်ယူခြင်းကို ဆိုလို၏။ သိမ်းပိုက်ခြင်းအလုပ်သည် အဓိကအလုပ်၊ ခေတ်ကာလအားလုံး၌ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးသော အသစ်ဆုံးသောအလုပ် ဖြစ်၏။ ဤအဆင့်၏ အမှုတော်၏ ပန်းတိုင်သည် အဓိကအားဖြင့် လူအားလုံးကို သိမ်းပိုက်၍ စာတန်ကို အနိုင်ယူရန်ဖြစ်သည်ဟု ဆိုနိုင်၏။ လူများကို စုံလင်အောင်ပြုခြင်းအလုပ်သည် အလုပ် အသစ် မဟုတ်ပေ။ ဘုရားသခင်သည် ဇာတိပကတိ၌ အမှုပြုတော်မူစဉ်ကာလအတွင်း လုပ်ဆောင်တော်မူသော အမှုတော်အားလုံး၏ ပန်းတိုင်သည် အဓိကအားဖြင့် လူတို့ကို သိမ်းပိုက်ခြင်း ဖြစ်၏။ ဤသည်မှာ ကျေးဇူးတော်ခေတ်၌ကဲ့သို့ပင် အဓိကအလုပ်သည် ကားတိုင်တင်ခြင်းအားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့၏။ “လူတို့အား ရယူခြင်း” မှာ ဇာတိပကတိ၌ လုပ်ဆောင်သော အလုပ်အပြင် အပိုဆောင်းအလုပ်ဖြစ်ပြီး ကားတိုင်တင်ခြင်းပြီးနောက်မှသာ လုပ်ဆောင်ခဲ့၏။ ယေရှု ကြွလာပြီး ကိုယ်တော်၏ အမှုတော်ကို လုပ်ဆောင်တော်မူသောအခါ ကိုယ်တော်၏ ပန်းတိုင်သည် အဓိကအားဖြင့် ကိုယ်တော်၏ ကားတိုင်တင်ခြင်းကို အသုံးပြု၍ သေခြင်းတရားနှင့် မရဏနိုင်ငံ၏ ချည်နှောင်မှုအပေါ် အောင်ပွဲခံရန်၊ စာတန်၏ စွမ်းအားအပေါ် အောင်ပွဲခံရန်၊ ဆိုလိုသည်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်ခဲ့၏။ ဆိုလိုသည်မှာ စာတန်အား အောင်နိုင်ရန် ဖြစ်သည်။ ယေရှု ကားစင်တင်သတ်ခံရပြီးသည့် နောက်ပိုင်းမှသာ ပေတရုသည် စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် စတင်လျှောက်လှမ်းခဲ့၏။ ပေတရုသည် ယေရှု အမှုပြုနေခဲ့စဉ် အချိန်က ယေရှုနောက် လိုက်လျှောက်ခဲ့သူများအကြား တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်မှာ မှန်သော်လည်း သူသည် ထိုအချိန်အတောအတွင်းက စုံလင်အောင်ပြုခြင်း မခံခဲ့ရပေ။ ထိုအစား ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး နောက်ပိုင်းမှသာ ပေတရုသည် သမ္မာတရားကို တဖြည်းဖြည်း နားလည်ခဲ့ပြီးနောက် စုံလင်အောင် ပြုခြင်းခံခဲ့ရ၏။ လူဇာတိခံယူထားသော ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခြင်းမှာ ကာလတိုအတွင်း အဓိကကျပြီး အရေးကြီးသော အမှုတော်အဆင့်တစ်ခုကို ပြီးမြောက်စေရန်သာဖြစ်ပြီး လူတို့ကို စုံလင်အောင်ပြုရန် ရည်ရွယ်ချက်ဖြင့် မြေကြီးပေါ်ရှိ လူတို့အလယ်၌ ကာလရှည်ကြာ နေထိုင်ဖို့ မဟုတ်ပေ။ ကိုယ်တော်သည် ထိုအမှုကို မလုပ်ဆောင်ပေ။ ကိုယ်တော်သည် မိမိ၏ အမှုကို လက်စသတ်ရန် လူသား အပြည့်အဝ စုံလင်အောင်ပြုခြင်းခံရသည့် အချိန်အထိ မစောင့်ပေ။ ထိုအရာသည် ကိုယ်တော်၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်ပန်းတိုင်နှင့် အရေးပါမှု မဟုတ်ပေ။ ကိုယ်တော်သည် လူသားမျိုးနွယ်အား ကယ်တင်သော ရေတိုအမှုကို လုပ်ဆောင်ရန်သာ လာခြင်းဖြစ်ပြီး လူသားမျိုးနွယ်အား စုံလင်အောင်ပြုခြင်းဖြစ်သော ရေရှည်အမှုကို လုပ်ဆောင်ရန်အတွက် လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုသည် ကိုယ်စားပြုနိုင်ပြီး ခေတ်ကာလ အသစ်ကို စတင် နိုင်စွမ်းရှိသော အမှု ဖြစ်သည်။ ယင်းကို ကာလတိုအတွင်း လုပ်ဆောင်ပြီးစီးနိုင်သည်။ သို့သော်လည်း လူသားမျိုးနွယ်အား စုံလင်အောင်ပြုခြင်းသည် လူသားတို့အား တိကျသော အဆင့်တစ်ခုသို့ ရောက်စေရန်အတွက် အလုပ်လုပ်ရန် လိုအပ်သည်၊ ယင်းကဲ့သို့သောအမှုသည် ကြာမြင့်သောအချိန်ကို လိုအပ်သည်။ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ရမည့် အလုပ်ဖြစ်သော်လည်း ယင်းကို ဘုရားသခင်၏ ဇာတိပကတိဖြင့် အမှုတော်အတွင်း မိန့်မြွက်ခဲ့သော သမ္မာတရား၏ အခြေခံအုတ်မြစ်ပေါ်၌ လုပ်ဆောင်ခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ယင်းကို ကိုယ်တော်သည် တမန်တော်များကို ကာလရှည်ကြာ သိုးထိန်းခြင်းအလုပ်ကို လုပ်ဆောင်ရန် ပေါ်ထွန်းစေခြင်းအားဖြင့် လုပ်ဆောင်သည်။ ဤနည်းလမ်းဖြင့် လူသားမျိုးနွယ်ကို စုံလင်အောင်ပြုခြင်း၏ ကိုယ်တော်၏ ပန်းတိုင်သည် ပြီးမြောက်၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤအမှုကို မလုပ်ဆောင်ပေ။ ကိုယ်တော်သည် လူတို့ နားလည်စေမည့် အသက်လမ်းခရီးအကြောင်းကိုသာ မိန့်မြွက်ပြီး လူသားမျိုးနွယ်အား သမ္မာတရားကိုသာ ပေးသနားတော်မူ၏။ လူနှင့်အတူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အဆက်မပြတ် အတူရှိနေခြင်း မဟုတ်ပေ။ အကြောင်းမှာ ထိုအရာသည် ကိုယ်တော်၏ အမှုတော်အတွင်း၌ မပါဝင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်သည် လူသား သမ္မာတရားကို အပြည့်အဝ နားလည်ပြီး သမ္မာတရားကို အပြည့်အဝ ရရှိသည့် နေ့ရက်အထိ လူသားနှင့်အတူ ရှိနေလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စနစ်တကျ ဝင်ရောက်သည့်အခါ၊ လူသားသည် စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းမှန်ပေါ်သို့ ခြေချသည့်အခါ ကိုယ်တော်၏ ဇာတိပကတိ၌အမှု ပြီးဆုံးသည်။ ဤသည်မှာ ကိုယ်တော်သည် စာတန်အား အကြွင်းမဲ့ အောင်နိုင်ပြီး လောကကြီးကို အောင်မြင်သော အချိန်လည်း အမှန်ပင် ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် အဆုံး၌ သမ္မာတရားထဲသို့ ဝင်ရောက်ပြီးလိမ့်မည် ဟုတ် မဟုတ်ကို ကိုယ်တော်ဂရုမစိုက်သည့်အပြင် လူသား၏ အသက်သည် ကြီးမြတ်သည်ကိုဖြစ်စေ၊ သေးနုပ်သည်ကိုဖြစ်စေ ကိုယ်တော် ဂရုမစိုက်ပေ။ ထိုအရာများထဲမှ တစ်ခုမျှ ဇာတိပကတိ၌ရှိသော ကိုယ်တော် စိုးရိမ်သင့်သည့်အရာ မဟုတ်ပေ။ ထိုအရာများထဲမှ တစ်ခုမျှ လူဇာတိခံယူထားသော ဘုရားသခင်၏ အမှုတော်အတွင်း၌ မပါဝင်ပေ။ ကိုယ်တော်သည် ကိုယ်တော်ရည်ရွယ်ထားသော အမှုကို လုပ်ဆောင်ပြီးစီးသည့်အခါ ကိုယ်တော်၏ ဇာတိပကတိ၌အမှုကိုလည်း အပြီးသတ်မည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်သော အမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သည့် အမှုသာ ဖြစ်သည်။ ထို့အပြင် ထိုအရာသည် ရေတို ကယ်တင်ခြင်းအမှု ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် ကိုယ်တော်ရေရှည် လုပ်ဆောင်မည့် အမှု မဟုတ်ပေ။
သင်တို့၏ အစွမ်းအစကို မြှင့်တင်ခြင်းသည် ငါ့အမှု၏ နယ်ပယ်အတွင်း မရှိ။ သင်တို့၏ အစွမ်းအစသည် နိမ့်ကျလွန်းနေခြင်းကြောင့်သာ ဤအရာကို လုပ်ရန် သင်တို့အား ငါ တောင်းဆိုခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဤအရာသည် စုံလင်အောင်ပြုခြင်းအမှု၏ အစိတ်အပိုင်း မဟုတ်ဘဲ ထိုအစား ယင်းသည် သင်တို့အပေါ် လုပ်ဆောင်နေသော အပိုဆောင်း အမှုသာ ဖြစ်သည်။ ယနေ့ သင်တို့အပေါ် လုပ်ဆောင်နေသော အမှုသည် သင်တို့ လိုအပ်သောအရာနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်၏။ ယင်းသည် တစ်ဦးချင်းအတွက် သီးသန့်ဖြစ်ပြီး စုံလင်အောင် ပြုခြင်းခံနေရသော လူတိုင်း ဝင်ရောက်သင့်သော လမ်းခရီး မဟုတ်ပေ။ အကြောင်းမှာ သင်တို့၏ အစွမ်းအစသည် အတိတ်ရှိ စုံလင်အောင် ပြုခြင်းခံခဲ့ရသော မည်သူ့ထက်မဆို နိမ့်ကျပြီး ဤအလုပ်သည် သင်တို့အပေါ် လုပ်ဆောင်သောအခါ အတားအဆီးများနှင့် ပြည့်နှက်နေသောကြောင့် ဖြစ်၏။ စုံလင်အောင်ပြုခြင်း၏ ပစ်မှတ်များသည် အားလုံး ကွဲပြားခြားနားသောကြောင့် ငါသည် သင်တို့အလယ်၌ အပိုအလုပ်အချို့ကို လုပ်ဆောင်ရမည် ဖြစ်၏။ မူလက ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာသောအခါ ကိုယ်တော်သည် မိမိ၏ လုပ်သင့်လုပ်ထိုက်သော တာဝန်ဘောင်အတွင်း၌ နေ၍ မိမိ၏ အမှုကို ဆောင်ရွက်ပြီး အခြားမသက်ဆိုင်သော ကိစ္စများကို စိတ်မပူပန်ခဲ့ပေ။ ကိုယ်တော်သည် မိသားစုကိစ္စများတွင် မပါဝင်ခဲ့သည့်အပြင် လူတို့၏ အသက်တာများတွင်လည်း မပါဝင်ခဲ့ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော သေးငယ်သည့်အရာများကို လုံးဝဂရုမစိုက်ပေ။ ယင်းတို့သည် ကိုယ်တော်၏ အမှုတော်၏ အစိတ်အပိုင်း မဟုတ်ပေ။ သို့သော်လည်း သင်တို့၏ အစွမ်းအစသည် ငါ တောင်းဆိုခဲ့သည်ထက် လွန်စွာ နိမ့်ကျပြီး စင်စစ်တွင် မည်သို့မျှ နှိုင်းယှဉ်၍မရသည်မှာ ယင်းက အမှုအတွက် အစွန်းရောက်သော အဟန့်အတားများကို ဖြစ်ပေါ်စေသည်။ ထို့အပြင် ဤအမှုကို ဤတရုတ်ပြည်ရှိ လူတို့အကြား၌ လုပ်ဆောင်ရမည်ဖြစ်ပြီး သင်တို့သည် ပညာရေးညံ့ဖျင်းလှသောကြောင့် ငါသည် သင်တို့ ပညာသင်ကြားရန် မဖြစ်မနေ မိန့်မြွက်၍ တောင်းဆိုခဲ့ရ၏။ ဤသည်မှာ အပိုဆောင်းအမှု ဖြစ်ကြောင်း သင်တို့အား ငါ ပြောခဲ့ပြီးသော်လည်း ယင်းသည် သင်တို့ ရယူရမည့်အရာလည်း ဖြစ်ပြီး သင်တို့ စုံလင်သွားစေရန် အထောက်အကူပြုမည့်အရာ ဖြစ်သည်။ အမှန်စင်စစ် ပညာရေး၊ ကျင့်ကြံပြုမူခြင်းဆိုင်ရာ အခြေခံအသိပညာနှင့် အသက်တာဆိုင်ရာ အခြေခံအသိပညာတို့သည် သင်တို့ သဘာဝအလျောက် ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်၏။ ဤအရာများ အကြောင်းကို သင်တို့အား ငါပြောရန် မလိုအပ်သင့်။ သို့သော် သင်တို့၌ ဤအရာများ မရှိသည့် အားလျော်စွာ သင်တို့ထဲသို့ ဤအရာများ သွတ်သွင်းပေးသည့် အမှုကို လုပ်ပေးရန်မှတစ်ပါး ငါ့တွင် အခြားရွေးစရာ မရှိပေ။ သင်တို့သည် ငါနှင့် ပတ်သက်ပြီး အယူအဆများစွာကို လက်သင့်ခံထားလျှင်ပင် ဤအရာကို သင်တို့ထံမှ ငါ တောင်းဆိုဆဲဖြစ်သည်၊ သင်တို့၏ အစွမ်းအစကို မြှင့်တင်ရန် ငါတောင်းဆိုဆဲ ဖြစ်သည်။ ဤအလုပ်ကို လာ၍လုပ်ဆောင်ရန်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ အကြောင်းမှာ ငါ၏အလုပ်သည် သင်တို့ကို သိမ်းပိုက်ရန်သာဖြစ်ပြီး သင့်ကို တရားစီရင်ခြင်းအားဖြင့် သင်၏ အပြည့်အဝ ယုံကြည်လက်ခံမှုကို ရရှိရန်သာဖြစ်ကာ ထိုမှတစ်ဆင့် သင်တို့ ဝင်ရောက်သင့်သော အသက်လမ်းခရီးကို ညွှန်ပြရန် ဖြစ်၏။ တစ်နည်းဆိုရလျှင် ငါသည် သင်တို့အား ငါ၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်ရန်လိုသည်ဟူသော အချက်ကြောင့်သာ မဟုတ်ပါက သင်တို့ မည်မျှ ပညာတတ်ပါစေ၊ အသက်အကြောင်း နှံ့စပ်သိကျွမ်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေတို့မှာ ငါနှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာအားလုံးသည် သိမ်းပိုက်ခြင်းအလုပ်၌ ရလဒ်များ စွမ်းဆောင်ရရှိစေရန်နှင့် သင်တို့၏ နောင်တွင် စုံလင်အောင် ပြုခြင်းခံရခြင်းအတွက် သေချာစေရန် ထပ်ပေါင်းထည့်ခြင်း ဖြစ်၏။ ယင်းသည် သိမ်းပိုက်ခြင်းအလုပ်တွင် မပါဝင်ပေ။ အကြောင်းမှာ သင်တို့သည် အစွမ်းအစ ညံ့ဖျင်းပြီး ပျင်းရိ၍ ထိုင်းမှိုင်းသည်၊ မိုက်မဲ၍ ဉာဏ်ထိုင်းသည်၊ ထုံထိုင်း၍ အသိဉာဏ် မရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အလွန်အမင်း ပုံမှန်မဟုတ်သောကြောင့်လည်းကောင်း ငါသည် သင်တို့၏ အစွမ်းအစကို ဦးစွာ မြှင့်တင်ရန် တောင်းဆို၏။ စုံလင်အောင်ပြုခြင်းခံလိုသူ မည်သူမဆို သတ်မှတ်ချက်အချို့နှင့် ပြည့်မီရမည်။ စုံလင်အောင်ပြုခြင်းခံရရန် လူတစ်ဦးသည် ရှင်းလင်း တည်ကြည်သောစိတ် ရှိပြီး အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်ရန် လိုလိုလားလား ရှိရမည်။ သင်သည် အချည်းနှီးဖြစ်သော ဘဝဖြင့် အသက်ရှင်လိုစိတ် မရှိသောသူ၊ သမ္မာတရားကို လေ့လာလိုက်စားသောသူ၊ မိမိပြုသော အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားသောသူ ဖြစ်ပြီး ထူးခြားစွာ ပုံမှန်လူ့သဘာဝ ရှိသောသူ ဖြစ်ပါက သင်သည် စုံလင်အောင်ပြုခြင်းခံရရန် သတ်မှတ်ချက်များနှင့် ပြည့်မီသည်။
သင်တို့အလယ်၌ လုပ်ဆောင်နေသော ဤအလုပ်သည် အမှု၏ လိုအပ်ချက်များနှင့်အညီ သင်တို့ အပေါ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤလူတို့ကို သိမ်းပိုက်ပြီးနောက် လူတစ်စုသည် စုံလင်အောင်ပြုခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ယခုအမှု၏ ပမာဏများစွာသည် သင်တို့အား စုံလင်စေရန်ဟူသော ရည်မှန်းချက်ပန်းတိုင်အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ အကြောင်းမှာ စုံလင်အောင်ပြုခြင်းခံရနိုင်သော သမ္မာတရားကို ဆာငတ်နေသူ များစွာရှိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ကို သင်တို့အပေါ်၌ လုပ်ဆောင်ခဲ့ပြီး ထို့နောက်တွင် နောက်ထပ်အလုပ်ကို မလုပ်ဆောင်ခဲ့ပါက သမ္မာတရားကို တမ်းတသော လူအချို့တို့သည် ယင်းကို မရရန်ဘဲ နေလိမ့်မည် မဟုတ်လော။ ယခုမျက်မှောက်အမှုသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးဖို့ ရည်ရွယ်သည်။ ငါ၏အမှုသည် သိမ်းပိုက်ခြင်းအလုပ်မျှသာ ဖြစ်သော်လည်း ငါပြောသော အသက်လမ်းခရီးသည် လူတို့အား နောက်ပိုင်းတွင် စုံလင်စေရန် ပြင်ဆင်ပေးခြင်းပင် ဖြစ်သည်။ သိမ်းပိုက်ခြင်းပြီးနောက် လာမည့်အလုပ်သည် လူတို့ကို စုံလင်အောင်ပြုခြင်းအပေါ် အဓိကထားပြီး သိမ်းပိုက်ခြင်းကို စုံလင်အောင်ပြုခြင်းအလုပ်အတွက် အခြေခံအုတ်မြစ်ချရန် လုပ်ဆောင်ခြင်း ဖြစ်၏။ လူသည် သိမ်းပိုက်ခြင်းခံရပြီးနောက်မှသာ စုံလင်အောင် ပြုခြင်းခံနိုင်၏။ ယခုအချိန်တွင် အဓိကတာဝန်မှာ သိမ်းပိုက်ရန်ဖြစ်ကာ နောင်တွင် သမ္မာတရားကို ရှာဖွေပြီး တောင့်တသောသူများသည် စုံလင်အောင် ပြုခြင်းခံရမည် ဖြစ်၏။ စုံလင်အောင် ပြုခြင်းခံရခြင်းတွင် လူတို့၏ ဝင်ရောက်ခြင်း၏ အပြုသဘောဆောင်သော အသွင်အပြင်များ ပါဝင်၏။ သင်သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိ၊ မရှိကိုလည်းကောင်း၊ သင်သည် ဤလမ်းကြောင်းကို လျှောက်လှမ်းရာ၌ မည်မျှ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သည်ကိုလည်းကောင်း၊ သင်၏ ဘုရားသခင်ကို ချစ်ခြင်းသည် မည်မျှ စင်ကြယ်သည်ကိုလည်းကောင်း၊ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်မျှ တိကျသည်ကိုလည်းကောင်း ဖြစ်၏။ စုံလင်အောင် ပြုခြင်းခံရရန် လူတစ်ဦးသည် အသွင်အပြင်အားလုံး၌ လူ့သဘာဝ၏ အခြေခံအသိပညာ ရှိရမည်။ ဤသည်မှာ အခြေခံလိုအပ်ချက် ဖြစ်၏။ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်အောင် ပြုခြင်းမခံနိုင်သောသူများအားလုံးသည် အစေခံသည့်အရာများ ဖြစ်လာပြီး အဆုံး၌ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်ခြင်းခံရမည်ဖြစ်ကာ အနက်ဆုံးသောတွင်းထဲသို့ ကျရောက်မည်သာ ဖြစ်၏။ အကြောင်းမှာ သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးဘဲ သင်သည် စာတန်နှင့်သက်ဆိုင်နေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ လူတစ်ဦးသည် စုံလင်ခြင်းအတွက် အခြေအနေများနှင့် မပြည့်မီလျှင် အသုံးမဝင်သူသည် အမှိုက်၊ တန်ဆာပလာ၊ မီး၏ စစ်ဆေးခြင်းကို မခံနိုင်သောအရာ ဖြစ်၏။ သင်သည် ယခုအချိန်တွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး မည်မျှ ပိုင်ဆိုင်သနည်း။ မိမိကိုယ်ကို မုန်းတီးသော စိတ်နှလုံး မည်မျှ ပိုင်ဆိုင်သနည်း။ သင်သည် စာတန်ကို အမှန်တကယ် မည်မျှ နက်ရှိုင်းစွာ သိသနည်း။ သင်တို့သည် သင်တို့၏ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေပြီးပြီလော။ သင်သည် မိမိ၏ လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်ပုံသည် စနစ်တကျ ရှိသလော။ သင်၏ အသက်တာ ပြောင်းလဲပြီးပြီလော။ သင်သည် အသက်တာသစ်ဖြင့် အသက်ရှင်နေသလော။ သင်တို့၏ ဘဝအမြင် ပြောင်းလဲပြီးပြီလော။ ဤအရာများ မပြောင်းလဲသေးလျှင် နောက်မဆုတ်သော်လည်း သင်သည် စုံလင်အောင် ပြုခြင်းမခံနိုင်ပေ။ ထိုအစား သင်သည် သိမ်းပိုက်ခြင်းခံရရုံသာ ဖြစ်၏။ သင့်ကို စစ်ဆေးရန် အချိန်ကျသောအခါ သင်၌ သမ္မာတရား ရှိမည်မဟုတ်၊ သင်၏ လူ့သဘာဝသည် ပုံမှန်မဟုတ်ဘဲ သင်သည် လူ့တိရစ္ဆာန်တစ်ကောင်ကဲ့သို့ နိမ့်ကျနေလိမ့်မည်။ သင် ရရှိခဲ့သမျှမှာ သိမ်းပိုက်ခံရခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် ငါ သိမ်းပိုက်ခဲ့သော အရာတစ်ခုမျှသာ ဖြစ်လိမ့်မည်။ သခင်၏ ကြိမ်လုံးကို ခံစားဖူးသော မြည်းတစ်ကောင်သည် သခင်ကို မြင်တိုင်း ကြောက်ရွံ့ပြီး မဆိုးရဲတော့သကဲ့သို့ သင်သည် သိမ်းပိုက်ခြင်းခံရသော မြည်းတစ်ကောင်မျှသာ ဖြစ်လိမ့်မည်။ လူတစ်ဦးသည် ထိုအပြုသဘောဆောင်သော အသွင်အပြင်များ ကင်းမဲ့ပြီး ထိုအစား အပျက်သဘောဆောင်၍ ကြောက်ရွံ့ကာ အရာခပ်သိမ်း၌ ကြောက်တတ်၍ တုံ့ဆိုင်းနေပြီး မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်၊ သမ္မာတရားကို နားမလည်နိုင်၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းမရှိသေးဘဲ ထို့အပြင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးပင် မရှိလျှင် လူတစ်ဦးသည် ဘုရားသခင်ကို မည်သို့ချစ်ရမည်ကိုဖြစ်စေ၊ အဓိပ္ပာယ်ရှိသော ဘဝဖြင့် မည်သို့အသက်ရှင်ရမည်ကိုဖြစ်စေ၊ စစ်မှန်သော လူတစ်ဦး မည်သို့ဖြစ်ရမည်ကိုဖြစ်စေ နားလည်မှုမရှိလျှင် ထိုကဲ့သို့သော လူသည် ဘုရားသခင်အတွက် မည်သို့ သက်သေခံနိုင်မည်နည်း။ ဤသည်မှာ သင်၏ အသက်တာသည် တန်ဖိုးအနည်းငယ်သာ ရှိပြီး သင်သည် သိမ်းပိုက်ခြင်းခံရသော မြည်းတစ်ကောင်မျှသာ ဖြစ်သည်ကို ပြသလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်းခံရလိမ့်မည်၊ သို့သော် ထိုအရာသည် သင်သည် အဆင်းနီသော နဂါးကြီးကို ပုန်ကန်ခဲ့ပြီး ၎င်း၏ တန်ခိုးအာဏာကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့သည်ဟုသာ အဓိပ္ပာယ်ရလိမ့်မည်။ ယင်းသည် သင်သည် ဘုရားသခင်ရှိသည်ကို ယုံကြည်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းအားလုံးကို ကျိုးနွံနာခံလိုကာ မည်သည့်ညည်းညူမှုမျှ မရှိဟု အဓိပ္ပာယ် ရလိမ့်မည်။ သို့သော် အပြုသဘောဆောင်သော အသွင်အပြင်များနှင့်ပတ်သက်၍မူ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ကို ထင်ရှားပြနိုင်သလော။ သင်၌ ဤအသွင်အပြင်များထဲမှ တစ်ခုမျှ မရှိလျှင် ယင်းသည် သင်သည် ဘုရားသခင်၏ ရယူခြင်းကို မခံရသေးဟု အဓိပ္ပာယ်ရပြီး သင်သည် သိမ်းပိုက်ခြင်းခံရသော မြည်းတစ်ကောင်မျှသာ ဖြစ်၏။ သင်၌ နှစ်သက်ဖွယ် ကောင်းသောအရာ တစ်ခုမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၌ အလုပ်မလုပ်ပေ။ သင်၏ လူ့သဘာဝသည် အလွန်အမင်း ချို့တဲ့နေပြီး ဘုရားသခင်သည် သင့်ကို အသုံးပြုရန် မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ ထိုက်တန်သည်ဟု သတ်မှတ်ခြင်းကို ခံရမည်ဖြစ်ပြီး မယုံကြည်သော လူ့တိရစ္ဆာန်များနှင့် လမ်းလျှောက်နေသော လူသေများထက် အဆတစ်ရာ ပို၍ကောင်းမွန်ရမည်။ ဤအဆင့်သို့ ရောက်သောသူများသာ စုံလင်အောင် ပြုခြင်းခံရရန် အရည်အချင်းပြည့်မီ၏။ တစ်ဦးတစ်ယောက်သည် လူ့သဘာဝရှိပြီး အသိစိတ်ရှိမှသာ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်၏။ သင်တို့သည် စုံလင်အောင် ပြုခြင်းခံရပြီးမှသာ လူဟု သတ်မှတ်ခြင်းခံနိုင်မည်။ စုံလင်အောင် ပြုခြင်းခံရသူများသာ အဓိပ္ပာယ်ရှိသော ဘဝဖြင့် အသက်ရှင်သောသူများ ဖြစ်၏။ ထိုကဲ့သို့သော လူများသာ ဘုရားသခင်အတွက် ပို၍အားကောင်းသော သက်သေခံချက်ကို ခံနိုင်ကြ၏။