၁၅။ နိုင်ငံတော်၏ လှပမှု၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးမင်္ဂလာများကို ပရောဖက်ပြုခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၆၈၆) ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် ကြာမည် မဟုတ်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ ဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့၊ နောက်ထပ် နှောင့်နှေးတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် အမှုပြုလိမ့်မည် မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် အမှုအရာ တစ်ခုသာ ငါ လုပ်ဆောင်မည်- လူသားမျိုးနွယ်၊ သန့်ရှင်းကာ ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်မည့် လူသားမျိုးနွယ်ကို ငါ အသစ်ပြုပြင်မည်။ သို့သော် တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ- ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး၊ ပေါများစွာသော သိုးများ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ကမ္ဘာမြေ၏ ကြွယ်ဝမှုများအားလုံးဖြင့် အာဟာရဖြည့်တင်းပေးလျက်၊ ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤလူသားမျိုးနွယ် သုံးပုံတစ်ပုံကိုလည်း ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့၏ လူသားမျိုးနွယ်ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး၏ အစုအဝေး ဖြစ်သည့် လူသားမျိုးနွယ် တစ်ခု ဖြစ်လိမ့်မည်။ ထိုသို့သော လူသားမျိုးနွယ်သည် စာတန်၏ ပျက်စီးစေခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝိုင်းထားခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန်အုပ်စိုးခြင်းမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး၊ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်သည်၊ မတူကွဲပြားသော ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ တိုင်းနိုင်ငံတိုင်း၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

(၆၈၇) ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး၊ နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုး လိုက်သည်။ လူတို့သည် မှုန်မှိုင်းနေသော၊ စိတ်ပျက်ဖွယ်ကောင်းသည့် လူ့လောကကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ သွားသည်၊ ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သောအကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် အသက်ရှင်ကြသည်။ မနက်ဖြန်တွင် သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူသားအပေါ် ငါအပ်နှင်းသည့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

(၆၈၈) နိုင်ငံတော်သည် ကမ္ဘာမြေပေါ်သို့ လုံးဝဆင်းသက်သည့်အခါ၊ လူအပေါင်းတို့သည် ၎င်းတို့၏ မူလပုံသဏ္ဌာန်ကို ပြန်ရရှိကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သော အကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။” ဟု ပြောပေသည်။ ဤအရာက ပြီးပြည့်စုံသည့် ဘုန်းအသရေကို ဘုရားသခင် ရရှိသည့် နေ့ရက်သည် လူသားက သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို မွေ့လျော်ရာနေ့ ဖြစ်သည်ကို ပြ၏၊ လူတို့သည် စာတန်၏နှောင့်ယှက်မှု အကျိုးဆက်အနေဖြင့်၊ ဟိုဟိုသည်သည် မပြေးလွှားတော့ပေ၊ လောကသည် ရှေ့သို့ တိုးတက်နေခြင်းကို ရပ်တန့်ကာ လူတို့သည် ငြိမ်သက်ခြင်းချမ်းသာ၌ အသက်ရှင်ကြသည်- အကြောင်းမှာ မိုးကောင်းကင်ရှိ ကြယ်အသင်္ချေတို့သည် အသစ်ပြုပြင်ခြင်းခံရပြီး၊ နေ၊ လ၊ ကြယ်များ အစရှိသည်တို့နှင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ တောင်များနှင့် မြစ်များအားလုံး ပြောင်းလဲကြသည့်အတွက် ဖြစ်သည်။ ပြီးလျှင် လူသားသည် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်သည် ပြောင်းလဲပြီးဖြစ်သောကြောင့်၊ အရာခပ်သိမ်းတို့သည်လည်း ပြောင်းလဲကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အန္တိမ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ နောက်ဆုံး၌ စွမ်းဆောင်ရရှိမည့်အရာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၀)

(၆၈၉) လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။ အို၊ ငါ၏ဖန်ဆင်းရာ၊ လူသားမျိုးနွယ်ပေါင်းတို့။ အဆုံးတွင် ၎င်းတို့သည် အလင်း၌ နောက်တစ်ဖန် အသက်ပြန်ရှင်လာ၍ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ကို ရှာတွေ့ကာ ရွှံ့ထဲ၌ ရုန်းကန်နေရခြင်း မရှိကြတော့ပေ။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်မြားလှသည့် ဖန်ဆင်းခြင်းအရာတို့။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် အသစ်ပြုပြင်ခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့နေနိုင်မည်နည်း။ မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားခံထားရခြင်းမရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တစ်ဖန်အခွဲခံရတော့မည် မဟုတ်ပေ။ ဝမ်းမြောက်ဖွယ်ရာ ဤအခါသမယ၊ ပီတိဖြစ်ဖွယ်ရာ ဤအခါသမယတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ၊ ထို့ပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့ကို မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ မြေကြီး၏ နိုင်ငံတော်သည် ဝမ်းမြောက်မှုဖြင့် ကလျက်နေ၏။ ဤအချိန်တွင် မဝမ်းမြောက်နေသောသူ မည်သူရှိသနည်း၊ ထို့အပြင် ဤအချိန်၌ မငိုကြွေးနေသောသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် အားရကျေနပ်ခြင်း အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့၏ နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ဝှက်ထား၏။ လူသားအချင်းချင်း ခိုက်ရန်မဖြစ်ကြသကဲ့သို့ ထ၍လည်း မသတ်ကြပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူ တစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ပြည့်ဝနေ၏။ လူတိုင်းသည် ငါ့ကို သိကျွမ်းလာနေကြ၍ ငါ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်လာကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာ ရပ်တည်နေပြီး လူသား၏မျက်လုံးများထဲတွင် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရကာ လူသား၏သွေးကြောများထဲရှိ သွေးထဲတွင် စီးဆင်းနေ၏။ လူသား၏နှလုံးသားထဲရှိ ဝမ်းမြောက်ခြင်းပီတိသည် မြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေပြင်ကို ဖုံးလွှမ်းနေခြင်း မရှိတော့ဘဲ နေသည် တောက်ပခံ့ညားစွာ ထွန်းလင်းနေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၈)

(၆၉၀) ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည် အရှေ့အရပ်မှ လာ၏၊ အရှေ့အရပ်မှ ငါ နှုတ်ခွန်းဆက်သည်။ ငါ၏ ဘုန်းအသရေ ထွန်းတောက်သည့်အခါ၊ တိုင်းနိုင်ငံအားလုံးသည် ထွန်းလင်းကြ၏၊ အားလုံး အလင်းသို့ ဆောင်ယူခြင်းခံရကြ၏၊ အမှောင်ထဲတွင် တစ်ခုမျှ မကျန်ရှိပေ။ နိုင်ငံတော်ထဲတွင်၊ ဘုရားသခင်နှင့်အတူ ဘုရားသခင်၏လူတို့ အသက်ရှင်ကြသော အသက်တာသည် အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ရေထုသည် လူတို့၏ မင်္ဂလာရှိသော အသက်တာများ၌ ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ တောင်များသည် ငါ၏ အလျှံပယ်ရှိခြင်းကို လူတို့နှင့်အတူ မွေ့လျော်ကြ၏။ လူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် ကြိုးပမ်းနေကြသည်၊ ကြိုးစားလုပ်ဆောင်နေကြသည်၊ ၎င်းတို့၏ သစ္စာစောင့်သိခြင်းကို ပြသနေကြသည်။ နိုင်ငံတော်ထဲတွင်၊ ပုန်ကန်ခြင်း မရှိတော့ပေ၊ ခုခံခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးတို့သည် အချင်းချင်း မှီခိုကြသည်၊ လူသားနှင့် ငါသည် ဘဝ၏ ချိုမြိန်သော ကြီးစွာဝမ်းမြောက်ခြင်းများ တစ်လျှောက်၊ တစ်ဦးကိုတစ်ဦး အားထားလျက် နက်ရှိုင်းသော ခံစားချက်ဖြင့် ချဉ်းကပ်ကြ၏။...ဤအချိန်တွင်၊ ငါသည် ကောင်းကင်ဘုံ၌ ငါ၏ အသက်တာကို စနစ်တကျ စတင်သည်။ စာတန်၏ နှောင့်ယှက်မှု မရှိတော့သကဲ့သို့ လူတို့သည် ချမ်းသာထဲသို့ ဝင်စားကြ၏။ စကြဝဠာတစ်လျှောက်လုံးတွင်၊ ငါ၏ အရွေးချယ်ခံ လူတို့သည် ငါ၏ ဘုန်းအသရေအတွင်း၌ အသက်ရှင်ကြပြီး၊ လူတို့အလယ် အသက်ရှင်နေသည့် လူများကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့်အတူ အသက်ရှင်သည့် လူများကဲ့သို့ တုနှိုင်းမမှီ ကောင်းကြီးခံစားရကြသည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ဖြတ်သန်းကြရပြီးဖြစ်ကာ ဘဝ၏ ခါးသီးမှုနှင့် ချိုမြိန်မှု အနည်အနှစ်ကို သောက်သုံးကြရပြီးဖြစ်သည်။ ယခုတွင်၊ ငါ၏ အလင်းတွင် အသက်ရှင်ရင်း၊ အဘယ်သို့ မဝမ်းမြောက်ဘဲ နေနိုင်မည်နည်း။ ဤနှစ်သက်ဖွယ်သော အခိုက်အတန့်ကို အဘယ်သို့ ပေါ့ပေါ့တန်တန် စွန့်လွှတ်ပြီး တစ်စတစ်စ လက်လွှတ် ဆုံးရှုံးနိုင်မည်နည်း။ အသင် လူတို့။ သင်တို့ စိတ်နှလုံးများထဲတွင် ငါ့အတွက် သီချင်းသီဆိုပြီး ဝမ်းမြောက်မှုဖြင့် ကခုန်ကြလော့။ သင်တို့၏ စစ်မှန်သော စိတ်နှလုံးများကို ချီမကာ ငါ့ထံ ပူဇော်ကြလော့။ သင်တို့၏ စည်များကို တီးကြပြီး ငါ့အတွက် ဝမ်းမြောက်စွာ တီးခတ်ကြလော့။ ငါသည် ငါ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းကို စကြဝဠာတစ်လျှောက် ဖြာထွက်စေ၏။ ငါ၏ အသရေတင့်တယ်သော မျက်နှာကို လူတို့အား ငါထုတ်ဖော်ပြ၏။ ငါသည် ကျယ်သောအသံဖြင့် ဟစ်ကြွေးမည်။ စကြဝဠာကို ငါ ကျော်လွန်မည်။ ငါသည် လူတို့အလယ် စိုးစံနှင့်ပြီ။ ငါသည် လူတို့၏ ချီးမြှောက်ခြင်းခံရ၏။ အထက်ကောင်းကင်ပြာ၌ ငါသည် တဖြည်းဖြည်းသွားပြီး လူတို့သည် ငါနှင့်အတူ လျှောက်လှမ်းသွားကြသည်။ လူတို့အလယ် ငါ လျှောက်လှမ်းကာ ငါ၏ လူတို့သည် ငါ့ကို ဝန်းရံကြသည်။ လူတို့၏ စိတ်နှလုံးများ ဝမ်းမြောက်ကြ၏၊ ၎င်းတို့၏ သီချင်းများက အမြင့်ဆုံးကောင်းကင်ဘုံကို အက်ကွဲသွားစေရင်း စကြဝဠာကို လှုပ်ခါကြ၏။ စကြဝဠာသည် မြူဖြင့် မပိတ်ဖုံးတော့ပေ။ ရွှံ့နွံများ မရှိတော့ပေ၊ အညစ်အကြေး စုဝေးမှု မရှိတော့ပေ။ စကြဝဠာ၏ သန့်ရှင်းသူများတို့။ သင်တို့သည် ငါ၏စစ်ဆေးမှုအောက်တွင် သင်တို့၏ စစ်မှန်သော မျက်နှာထားကို ပြကြ၏။ သင်တို့သည် အညစ်အကြေးဖြင့် ဖုံးလွှမ်းသော လူများမဟုတ်ဘဲ၊ ကျောက်စိမ်းကဲ့သို့ သန့်စင်သော သန့်ရှင်းသူများဖြစ်၏၊ သင်တို့အားလုံးသည် ငါ၏နှစ်သက်မြတ်နိုးရသူများ ဖြစ်ကြ၏၊ သင်တို့သည် ငါ၏ ပျော်ရွှင်ဝမ်းမြောက်မှု ဖြစ်ကြ၏။ အရာခပ်သိမ်းသည် အသက်ပြန်ရှင်လာကြ၏။ သန့်ရှင်းသူများအားလုံးသည် ငါ၏ နွေးထွေးသော ထွေးပွေ့မှုထဲ ဝင်ရောက်ရင်း၊ ငိုကြွေးခြင်းမရှိတော့၊ စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ငါ့ထံ ဆက်ကပ်ရင်း၊ ငါ၏ အိမ်သို့ ပြန်လာကြရင်း ကောင်းကင်ဘုံတွင် ငါ့ကို အစေခံရန် ပြန်လာကြ၏၊ ပြီးလျှင် ၎င်းတို့၏ ဇာတိမြေတွင် ငါ့ကို စဉ်ဆက်မပြတ် ချစ်ခင်ကြလိမ့်မည်။ ထာဝရကာလပတ်လုံး ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိပေ။ ဝမ်းနည်းပူဆွေးမှုသည် အဘယ်မှာနည်း။ မျက်ရည်များသည် အဘယ်မှာနည်း။ ဇာတိပကတိသည် အဘယ်မှာနည်း။ ကမ္ဘာမြေကြီး ကုန်လွန်သွားသော်လည်း ကောင်းကင်သည် ထာဝရဖြစ်၏။ လူအပေါင်းတို့ထံ ငါ ပေါ်ထွန်းပြီး လူအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ ဤအသက်တာ၊ ဤအလှတရား၊ ရှေးအတီတေ အချိန်ကာလမှ အဆုံးသတ်ကာလအထိ၊ ပြောင်းလဲမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော် အသက်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။

(၆၉၁) နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားများထဲက လူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူထုထံ ကြေညာလိုက်သည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အခြေအနေကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သင်တို့ တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည်ဟူသော မျှော်လင့်ချက်များကို သင်သည် ဧကန်မုချ သိုထားဆဲ မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

(၆၉၂) ငါ၏ဉာဏ်ပညာသည် မြေတစ်ပြင်လုံးနှင့် စကြဝဠာ တစ်ဝှမ်းလုံးတွင် တည်ရှိနေသည်။ အရာအားလုံးအကြားတွင် ငါ၏ဉာဏ်ပညာ အသီးအပွင့်တို့ တည်ရှိနေပြီး လူအားလုံးတို့၏ အကြားတွင် ငါ့ဉာဏ်ပညာ၏ အပြောင်မြောက်ဆုံးသော အရာများ ပေါက်ပွားကြသည်။ အရာခပ်သိမ်းသည် ငါ၏ နိုင်ငံတော်ထဲ၌ ရှိနေသော အရာအားလုံးကဲ့သို့ ဖြစ်ကြပြီး၊ လူအားလုံးသည် ငါ၏စားကျက်၌ရှိသော သိုးများကဲ့သို့ ငါ၏ ကောင်းကင်အောက်၌ ငြိမ်းချမ်းစွာ နေထိုင်ကြသည်။ ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိပြီး ငါသည် လုံးလုံးလျားလျား စိတ်ကျေနပ်နေသည်၊ အကြောင်းမှာ အရာအားလုံးသည် မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်၍ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်နိုင် ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲရှိ အရာအားလုံးကို စီမံနေကြသည်၊ လူသားအားလုံးသည် သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဌာန်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ၊ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်ရှင်းကြပေသည်၊ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။ အကြောင်းမှာ ငါ၏ နိုင်ငံတော်သည် လူသားတို့၏အကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၆)

(၆၉၃) “ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်...” ယင်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသောသူများ အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်သို့ ပြန်ပြောင်းကြပြီး၊ ယင်းအရာကြောင့် နှစ်ပေါင်းများစွာ ဝေဒနာခံခဲ့ရသော ကောင်းကင်တမန်တို့သည် လွတ်မြောက်ကြကာ၊ “၎င်းတို့၏မျက်နှာများသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။” ဟု ဘုရားသခင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ပြီး ဘုရားသခင်အား အစေခံကြသည့်အတွက်နှင့်၊ ဘုရားသခင်၏ ဘုန်းတော်သည် လောကတစ်ဝှမ်းတွင် ပျံ့နှံ့သည့်အတွက်၊ ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးသို့ ယူဆောင်ခံရကာ၊ ကမ္ဘာမြေကြီးသည် ကောင်းကင်ဘုံသို့ ချီမသွားခြင်းကို ခံရသည်။ ထို့ကြောင့်ပင် လူသားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဆက်သွယ်ပေးသော အချိတ်အဆက် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ဝေးကွာခြင်း မရှိတော့ဘဲ၊ ကင်းကွာခြင်း မရှိတော့ဘဲ၊ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ပေါင်းဆက်သွားသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင်၊ ဘုရား သခင်နှင့် လူသားသာ တည်ရှိသည်။ မြေမှုန့် သို့မဟုတ် အညစ်အကြေးလည်း မရှိဘဲ၊ အရာအားလုံးသည် အသစ်လဲကြပြီး၊ ကောင်းကင်အောက် စိမ်းလန်းသော မြက်ခင်းပြင်တွင် လဲလျောင်းနေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတော် အားလုံးကို မွေ့လျော်ခံစားလျက် ရှိကြသည်။ ဤစိမ်းလန်းခြင်း ဆိုက်ရောက်လာမှုကြောင့် အသက်ဇီဝသည် ထွန်းလင်းခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသား၏ဘေးတွင် ထာဝရကာလတိုင် နေထိုင်ရန်အလို့ငှာ လောကကြီးထဲသို့ ကြွဆင်းလာခြင်းကြောင့် ဖြစ်သည်၊ “ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး။” ဟူ၍ ဘုရားသခင်၏ နှုတ်မှ ပြောခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ဤအရာသည် စာတန်၏ရှုံးနိမ့်မှု သင်္ကေတပင် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် အနားယူရာ ရက်ပင်ဖြစ်ပြီး၊ ဤနေ့ရက်သည် လူအားလုံး၏ ချီးမွမ်းထောမနာပြုခြင်းနှင့် ကြွေးကြော်ခြင်းအား ခံရမည်ဖြစ်ကာ၊ လူအားလုံး၏ အမှတ်တရ ကျင်းပခြင်းလည်း ခံရမည်ဖြစ်သည်။ ပလ္လင်ပေါ်တွင် ဘုရားသခင် အနားယူသော အချိန်သည် ကမ္ဘာပေါ်ရှိ သူ၏အလုပ်အား ဘုရားသခင် နိဂုံးချုပ်ချိန်လည်း ဖြစ်ပြီး၊ ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို လူသားအားပြသသော အခိုက်အတန့်လည်း ဖြစ်သည်။ ဘုရားသခင်နှင့် လူသားသည် အစဉ်အမြဲ သဟဇာတဖြစ်လိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ဝေးကွာလိမ့်မည် မဟုတ်၊ ဤအရာများသည် နိုင်ငံတော်၏ လှပသော မြင်ကွင်းများပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၆)

(၆၉၄) ၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်ပေါ်လိမ့်မည်။ ထိုအချိန်ရောက်သည့်အခါတွင်၊ လူ့အနေဖြင့် လုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အတွင်းတွင် ဘုရားသခင်နှင့်အတူတကွ သူ၏ အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေခိုင်သည်နှင့် တစ်ပြိုင်နက်၊ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုးအစားအလိုက် ခွဲခြားခံရပြီး ၎င်းတို့၏မူလ အနေအထားသို့ ပြန်သွားကြကာ ယင်းသည် ဘုရားသခင်၏ အမှု အောင်မြင်ခြင်း၏ အမှတ်အသား ဖြစ်သည့်အတွက် ဘုရားသခင်၏ အမှုသည် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်ခြင်းတို့၏ နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့၏ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ အဆုံးတွင် လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

(၆၉၅) သိမ်းပိုက်ခြင်းအမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ လူသည် လှပသော ကမ္ဘာလောကတစ်ခုထဲသို့ ခေါ်ဆောင်ခံရလိမ့်မည်။ ဟုတ်ပေ၏၊ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်လိမ့်မည် ဖြစ်သော်လည်း၊ ယနေ့ လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံး သိမ်းပိုက်ခံရပြီးနောက်၊ လူသားမျိုးနွယ် ရှိမည့် အသက်တာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ လူသားအတွက် အသစ်စတင်ခြင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် ထိုသို့သော အသက်တာတစ်ခု ရှိရန်မှာ လူသားမျိုးနွယ်သည် သစ်လွင်ပြီး လှပသော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သည့် သက်သေ ဖြစ်လိမ့်မည်။ ယင်းသည် ကမ္ဘာမြေပေါ်တွင် လူနှင့် ဘုရားသခင်၏ ဘဝ စတင်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့သော လှပသည့် အသက်တာ၏ အကြောင်းပြချက်မှာ လူသည် သန့်စင်ခံရကာ သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် သူ ကျိုးနွံနာခံခြင်းကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့်၊ သိမ်းပိုက်ခြင်း အမှုသည် လူသားမျိုးနွယ်က နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မဝင်ရောက်မီ ဘုရားသခင်၏ အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထိုသို့သော အသက်တာတစ်ခုသည် ကမ္ဘာမြေပေါ်က လူ၏အနာဂတ် အသက်တာဖြစ်၏၊ ကမ္ဘာပေါ်က အလှပဆုံးသော အသက်တာဖြစ်၏၊ လူသား တောင့်တသော အသက်တာမျိုးဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသော အသက်တာမျိုး ဖြစ်၏။ ယင်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် အတမ်းတဆုံးသောအရာဖြစ်ပြီး လူသားထံ ဘုရားသခင်၏ ကတိလည်း ဖြစ်သည်။ သို့ရာတွင် ဤကတိသည် ချက်ချင်းဖြစ်မလာနိုင်ပေ။ နောက်ဆုံးသော ကာလ၏ အမှု ပြီးဆုံးပြီး လူသည် လုံးဝသိမ်းပိုက်ခံရပြီးမှသာ၊ ဆိုလိုသည်မှာ စာတန် လုံးဝ ရှုံးနိမ့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် လူသည် အနာဂတ် ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်လိမ့်မည်။ လူသည် စစ်ဆေးခံရပြီးနောက်တွင်၊ အပြစ်ရှိသော သဘာဝမရှိဘဲ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်း ရှိမည်မဟုတ်သကဲ့သို့၊ လူ၏ ဇာတိပကတိကို တိုက်ခိုက်နိုင်သည့် ရန်လိုသည့် အင်အားစုများ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူသည် လွတ်လပ်ကာ သန့်ရှင်းလိမ့်မည်- သူသည် ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၆၉၆) လူသည် ကမ္ဘာမြေပေါ်တွင် စစ်မှန်သည့် လူ့အသက်တာကို ရရှိပြီး စာတန်၏အင်အားစု တစ်ခုလုံး ကျေးကျွန်ဘဝတွင် ထားရှိခြင်းခံရသည့်အခါ၊ လူသည် ကမ္ဘာမြေပေါ်တွင် လွယ်ကူစွာ အသက်ရှင်လိမ့်မည်ဖြစ်သည်။ အမှုအရာများသည် ယနေ့လောက် ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ- လူသားဆက်ဆံရေးများ၊ လူမှု ဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာ ဆက်ဆံရေးများ- ၎င်းတို့သည် များလှစွာသော ဒုက္ခ၊ များလှစွာသော ဝေဒနာကို ဆောင်ကြဉ်းလေသည်။ ဤနေရာရှိ လူ၏ဘဝသည် အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှလုံးသားနှင့် စိတ်တို့ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ကြည်ညိုကာ ချစ်သော စိတ်နှလုံးတစ်ခု ရှိလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် စကြဝဠာအတွင်းရှိသည့် သူအားလုံး သိမ်းပိုက်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမှောင် အင်အားစုအားလုံးဖြစ်သည့် စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သူသည် ကမ္ဘာမြေပေါ်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ လူ၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိပါက၊ လွန်စွာ သာ၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိ ဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းသကဲ့သို့၊ လူသားအနေဖြင့် ထိုသို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ လိုသေးသည့် သက်သေဖြစ်သည်။ သင်သည် သင်၏ညီအစ်ကို မောင်နှမများတစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်၏မိသားစုဝင်တစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်သည် ပူပန်စရာများ ရှိမည်မဟုတ်သကဲ့သို့၊ မည်သူမျှနှင့်ပတ်သက်၍ စိုးရိမ်ဖို့ လိုအပ်မည်မဟုတ်ပေ။ သာ၍ ကောင်းသည့်အရာ မရှိနိုင်သကဲ့သို့၊ ဤနည်းဖြင့် လူသည် ၎င်း၏ဒုက္ခတစ်ဝက် သက်သာရာရမည် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် သာမန်လူသားဘဝတစ်ခုကို အသက်ရှင်ရင်း၊ လူသည် ကောင်းကင်တမန်များနှင့် အလားတူ ပေလိမ့်မည်။ ဇာတိပကတိ၏ ဖြစ်တည်မှုရှိဆဲဖြစ်သော်လည်း၊ သူသည် ကောင်းကင်တမန်တစ်ပါးနှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ၊ လူသားအပေါ် အပ်နှင်းသည့် နောက်ဆုံးကတိဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၆၉၇) စုံလင်စေဖို့ ဘုရားသခင် ရည်ရွယ်သော သူအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကို ရရှိကြလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ၎င်းတို့အတွင်း ရှိသည့်အရာဖြစ်လာဖို့အလို့ငှာ ၎င်းတို့ ခံယူကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို သူတို့၏အထဲတွင် ဖြစ်ပေါ်စေခဲ့ကြသည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် မည်သည့်အရာဖြစ်ပါစေ၊ သင်တို့သည် အဖြစ်အတိုင်း အတိအကျ အားလုံးကို ခံယူနိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး ဘုရားသခင်၏ ရယူခြင်းခံရသည့် လူစားမျိုးဖြစ်သည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသာ ဘုရားသခင် အပ်နှင်းသည့် ကောင်းချီးမင်္ဂလာများကို ရရှိရန် အရည်အချင်း ပြည့်မီပေသည်-

၁) ဘုရားသခင်၏ မေတ္တာတစ်ခုလုံးကို ရရှိခြင်း။

၂) အရာခပ်သိမ်းတွင် ဘုရားသခင်အလိုနှင့်အညီ ပြုမူခြင်း။

၃) ဘုရားသခင်၏လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း။

၄) ဘုရားသခင် ချစ်သော ပုံသဏ္ဌာန်ကို မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခြင်း။ ဘုရားသခင်အတွက် ကားစင်တင်ခံရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ဆုလာဘ်အနေဖြင့် အသေခံထိုက်သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း။ ပေတရုကဲ့သို့ ထပ်တူ ဘုန်းအသရေ ရှိခြင်း။

၅) ကမ္ဘာပေါ်က အယောက်တိုင်း၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ ရိုသေခံရခြင်းနှင့် အားကျလေးစားခံရခြင်း။

၆) သေခြင်းနှင့် မရဏာနိုင်ငံ၏ ကျေးကျွန်ဘဝနှင့်ဆိုင်သည့် ရှုထောင့်တိုင်းကို အောင်မြင်ခြင်း၊ စာတန်ကို သူ၏ အလုပ် လုပ်ဆောင်ရန် အခွင့်အရေးမပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်းပြီး တက်ကြွသော စိတ်ဝိညာဉ်အတွင်း အသက်ရှင်ခြင်းနှင့် တိုးကာ ပန်းလျနွမ်းနယ်မသွားခြင်း။

၇) ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ရောက်ရှိခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက် အချိန်တိုင်း ပြောမပြတတ်လောက်အောင်ဖြစ်သည့် ပီတိစိတ်နှင့် စိတ်လှုပ်ရှားပျော်ရွင်မှုတို့ ရှိခြင်း။

၈) ဘုရားသခင်နှင့်အတူ ဘုန်းအသရေ ရရှိခြင်းနှင့် ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ဆင်သော မျက်နှာတစ်ခု ရှိခြင်း။

၉) မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သောအရာ၊ ဆိုလိုသည်မှာ ဘုရားသခင် ချစ်သောသား၊ ဖြစ်လာခြင်း။

၁၀) အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့် အတူ တက်ကြွခြင်းနှင့် ဇာတိပကတိကို ကျော်လွန်ခြင်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

(၆၉၈) လူသည် ထာဝရခရီးပန်းတိုင်ထဲသို့ ဝင်ရောက်သည့်အခါ၊ ဖန်ဆင်းရှင်ကို ကိုးကွယ်လိမ့်မည် ဖြစ်ပြီး၊ လူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်ကာ ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့်၊ လူသည် မည်သည့် ရည်မှန်းချက်များကိုမျှ လိုက်စားရှာဖွေလိမ့်မည် မဟုတ်သည့်အပြင်၊ သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုအပ်မည်မဟုတ်ပေ။ ဤအချိန်တွင်၊ လူသည် သူ၏နေရာကို သိလိမ့်မည်ဖြစ်ပြီး၊ သူ၏ တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်း မခံကြရလျှင်ပင်၊ လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ လူသားသည် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းနှစ်ခုလုံးတွင် အဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန်တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသည် လူသားမျိုးနွယ်အတွက် စနစ်ကျပြီး သင့်တော်သော ခရီးပန်းတိုင်တစ်ခုတွင် အသက်ရှင်လိမ့်ဦးမည်ဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းအတွက် လူသည် သူ၏တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထာဝရကာလနှင့်သက်ဆိုင်သော လူသားမျိုးနွယ်ဖြစ်လာမည်မှာ ဤလူသားမျိုးနွယ် ဖြစ်ပေသည်။ ထိုအချိန်တွင် လူသည် ဘုရားသခင်၏ အလင်းပေးခံရသည့် အသက်တာတစ်ခု၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်မှုအောက်တွင် ရှိသည့် အသက်တာတစ်ခု၊ ဘုရားသခင်နှင့် အတူရှိသည့် အသက်တာတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်ဘဝတစ်ခုကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှုနောက်ပိုင်း လူသား၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ပြည့်စုံပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၆၉၉) ငြိမ်သက်ခြင်းချမ်းသာထဲတွင် အသက်ရှင်ခြင်းဆိုသည်မှာ စစ်ပွဲ မရှိ၊ ညစ်ညမ်းမှု မရှိသကဲ့သို့၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိသည့် အသက်တာတစ်ခုကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ နှောင့်ယှက်ခြင်းများ (ဤနေရာတွင် “စာတန်” ဆိုသည်မှာ ရန်လိုသော အင်အားစုများကို ရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိသည့် အင်အားစု တစ်ခုတစ်လေ၏ ကျူးကျော်ခြင်း ခံရလေ့မရှိသည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ယင်းမှာ အရာအားလုံးက မိမိ၏အမျိုးအစားနောက် လိုက်ကြပြီး ဖန်ဆင်းခြင်း၏ သခင်ကို ကိုးကွယ်နိုင်ကြကာ၊ ကောင်းကင်နှင့် မြေကြီး လုံးဝ ငြိမ်သက်အေးချမ်းလျက် ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်- ဤသည်မှာ “လူသားများ၏ အေးအေးလူလူ ရှိသော အသက်တာ” ဟူသည့် စကားများဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင် အနားယူသည့်အခါတွင်၊ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိလိမ့်မည် မဟုတ်တော့ဘဲ၊ ရန်သူအင်အားစုတို့၏ နောက်ထပ် ကျူးကျော်မှု တစ်ခုတစ်လေမျှလည်း ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် နယ်ပယ်သစ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်- စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် ဖြစ်ကြတော့မည် မဟုတ်ဘဲ၊ ယင်းထက် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက် ကယ်တင်ခံရပြီးဖြစ်သော လူသားမျိုးနွယ် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ အနားယူသောနေ့ရက်သည် ဘုရားသခင်၏ အနားယူသောနေ့ရက်လည်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် နဂိုမူလက အနားမယူနိုင်ခဲ့သောကြောင့် မဟုတ်ဘဲ၊ လူသား၏ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို ဆုံးရှုံးခဲ့ရပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အရာရာတိုင်း ရပ်တန့်သွားသည် သို့မဟုတ် တိုးတက်ဖွံ့ဖြိုးမှု ရပ်စဲသွားသည်ဟု မဆိုလိုသကဲ့သို့၊ ဘုရားသခင်က အမှုပြုခြင်း ရပ်တန့်သွားသည် သို့မဟုတ် လူသားများက အသက်ရှင်မှု ရပ်တန့်သည်ကိုလည်း မဆိုလိုပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်း လက္ခဏာမှာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည့်အချိန်၊ ၎င်း၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ကြသော ထိုဆိုးယုတ်သည့် လူများ အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံပြီးသည့်အချိန်နှင့်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံး တည်ရှိခြင်း ရပ်စဲသွားချိန် ဖြစ်လိမ့်မည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်တော့မည်မဟုတ်သည်ကို ဆိုလိုပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း ဆိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း မရှိဘဲ၊ လူသားမျိုးနွယ် အားလုံးသည် ဘုရားသခင်၏ အလင်းအတွင်းနှင့် သူ၏ ကောင်းချီးမင်္ဂလာ အောက်တွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး မည်သည့် မတရားမှုမျှ ဖြစ်ပွားလိမ့်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု အောက်တွင်၊ လူသားများသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင် ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အလယ်တွင် နေထိုင်တော့မည် မဟုတ်သကဲ့သို့၊ လူသားများသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ် တစ်ခုတည်းအတွင်းတွင် အသက်မရှင်နိုင်ချေ။ ယင်းထက် နှစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် သက်ဆိုင်ရာ နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို လမ်းပြသောသူ ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ပုံဆောင်ခဲ ဖြစ်သည်။ လူသားများသည် ဦးဆောင်ခံရသူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကဲ့သို့ တူညီသော အနှစ်သာရ မရှိချေ။ “အနားယူ” ဖို့ဆိုသည်မှာ မိမိ၏ မူလနေရာသို့ ပြန်သွားဖို့ ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားသည်ကို ဆိုလိုသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် နေထိုင်တော့မည် မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ် အလယ်တွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားဖို့ ရှိတော့မည် မဟုတ်ပေ။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွဲ၍မရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်နေဆဲ ဖြစ်စဉ်တွင်၊ လူသားများသည် အသွေးအသား ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးလုံးသည် မတူညီသော ပုံစံတစ်ခုဖြင့် အနားယူကြလိမ့်မည်။ ဘုရားသခင် အနားယူစဉ်တွင်၊ သူသည် လူသားများအလယ်တွင် ကြွလာကာ ကိုယ်ထင်ပြလိမ့်မည်။ လူသားများ အနားယူစဉ်တွင်၊ ၎င်းတို့သည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်အပြင်၊ ထိုနေရာ၌ အသက်တာကို မွေ့လျော်ရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၇၀၀) လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ သူသည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

အရှေ့သို့- ၁၄။ လူသား၏ရလဒ်နှင့် လူအမျိုးအစားတိုင်းအတွက် နိဂုံးအပေါ် သတ်မှတ်ခြင်းအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။