၁။ မယုံကြည်သူများအား ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို ကျိုးနွံနာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိသော သူများဖြစ်ကြသည်။ ၎င်းတို့တွင် ၎င်းတို့၏အသိတရားများနှင့် အသိစိတ်တို့က စေ့ဆော်တိုက်တွန်းသည့်ခံစားချက်များ ရှိကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်လုပ်သမျှအရာရာသည် မှန်ကန်သည့်အပြင် ယင်းသည် လူများကို ကယ်တင်ခြင်းနှင့် သန့်စင်ခြင်း လုပ်ဖို့အတွက် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းသည် လူများ၏အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသည်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သောသူများတွင် အသိတရားများ မရှိကြပေ၊ အသိစိတ် မရှိကြသကဲ့သို့ ၎င်းတို့သည် အသိတရားများ သို့မဟုတ် အသိစိတ်တို့ ရှိဖို့အတွက်လည်း ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် မယုံတစ်ဝက်၊ ယုံတစ်ဝက် သဘောထားတစ်ခု အမြဲတမ်း ရှိကြသည်။ ၎င်းတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု မခံစားနိုင်ကြချေ။ သို့ဆိုလျှင် ဘုရားသခင်၏တည်ရှိမှုအပေါ် ၎င်းတို့၏အမြင်က မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ ၎င်းတို့က “အကယ်၍ ဘုရားရှိသည်ဟုဆိုလျှင် သူက အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ် မမြင်ရပါ။ ဘုရားအမှန်တကယ် ရှိသလောဟူသည်ကို ကျွန်ုပ် မသိပါ။ အကယ်၍ သူရှိသည်ဟု သင်တို့ ယုံကြည်လျှင် သူရှိသည်၊ အကယ်၍ သူမရှိဟု သင်တို့ ယုံကြည်လျှင် သူမရှိပေ” ဟု စဉ်းစားကြသည်။ ဤသည်မှာ သူတို့၏အမြင်ဖြစ်သည်။ သို့သော်လည်း “လူပေါင်းများစွာက ဘုရားကို ယုံကြည်ကြပြီး သူ့ကို သက်သေခံခဲ့ကြသည်။ ဘုရားတစ်ပါး အမှန်တကယ် ရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရှိနေဖို့ ကျွန်ုပ် မျှော်လင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သို့မှသာ အခြေအနေအပေါ် ကျွန်ုပ် အခွင့်ကောင်းယူနိုင်ပြီး ကောင်းချီးများကို ရနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ် ကံကောင်းလိမ့်မည်” ဟူ၍ တွေးရင်း ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားကြသည်။ ၎င်းတို့သည် ကံတရားနှင့် လောင်းကစားခြင်း စိတ်ထားမျိုးကို သုံးကာ အပျော်အပါး အနည်းငယ်အတွက်သက်သက်သာ ပါဝင်လိုကြသည်။ အကယ်၍ သူတို့သည် ကောင်းချီးပေးခြင်းမခံရလျှင်ပင် မည်သည်ကိုမှ မရင်းနှီးမြှုပ်နှံထားသောကြောင့် အရှုံးမရှိဟု ၎င်းတို့ ထင်ကြသည်။ ဘုရားသခင်၏တည်ရှိမှုအပေါ် သူတို့၏အမြင်နှင့် သဘောထားတို့မှာ “ဘုရားက တကယ်ကို ရှိသလော။ ကျွန်ုပ် ဘယ်နည်းနှင့်မျှ မပြောနိုင်ပါ။ ဘုရားက အဘယ်မှာနည်း။ ကျွန်ုပ် အတိအကျ အသေအချာ မသိပါ။ သက်သေခံခဲ့ကြသည့် ဤလူများအားလုံးသည် တကယ်လော။ သို့မဟုတ် သူတို့သည် လိမ်နေခြင်းလော။ တစ်ခုမျှ ကျွန်ုပ် သေချာမသိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးသည် ဤပြဿနာများအားလုံးအပေါ် သံသယဖြစ်နေကြသည်။ ၎င်းတို့သည် အဖြေရှာ၍ မရနိုင်ဖြစ်နေကြသည်။ သို့ဖြစ်၍ ယင်းကို ၎င်းတို့ အမြဲ သံသယဖြစ်နေကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုသည် သံသယစိတ်နှင့် မှားယွင်းသည့်အမြင်များဖြင့် စွန်းထင်းနေသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြောဆိုသောအခါ သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏သဘောထားက မည်သည့်အရာဖြစ်သနည်း။ (သံသယနှင့် မယုံနိုင်ခြင်းဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏အဓိကအမြင် မဟုတ်ပေ။ သင်တို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်ကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ၎င်းတို့ မှတ်ယူကြသလော။ (မမှတ်ယူကြပါ။) ၎င်းတို့ အဘယ်အရာ စဉ်းစားကြသနည်း။ “လူပေါင်းများစွာသည် ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ဖို့ နှစ်သက်ကြသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်က ယင်းကို စိတ်ဝင်စားစရာကောင်းသည်ဟု မမြင်နိုင်သနည်း။ ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြင့် မည်သည့်အရာကို ရနိုင်သနည်း။ အကျိုးကျေးဇူးက အဘယ်အရာနည်း။ ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် သင်ဝင်ရောက်နိုင်သလော။ လူများသည် ကောင်းကင်နိုင်ငံတော်ကို မမြင်နိုင်ကြပေ။ ကျွန်ုပ် မြင်သည့်အတိုင်းဆိုလျှင်၊ ဘုရားကို ယုံကြည်သည့်အတွက် အမှန်တကယ် အကျိုးကျေးဇူးအချို့ရှိရမည်။ စစ်မှန်သည့် အကျိုးအမြတ် အချို့ရှိရမည်” ဟူ၍ ဖြစ်သည်။ အကယ်၍ သူတို့သည် သမ္မာတရားကို နားမလည်ပါက ဖယ်ရှားရှင်းလင်းခံရမည်ကို သူတို့ စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့သည် တရားဒေသနာများကို ရံဖန်ရံခါ နားထောင်ကြသည်။ သို့သော် ထို့နောက်တွင် သူတို့က၊ “ဘုရား၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြသည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် ယင်းကို ကျွန်ုပ် အဘယ်ကြောင့် မကြားရ၊ မခံစားရသနည်း။ ဘုရား၏နှုတ်ကပတ်တော်များသည် လူတို့ကို ပြောင်းလဲနိုင်သည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် သူ၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို အဘယ်ကြောင့် မပြောင်းလဲသေးသနည်း။ ဇာတိပကတိ၏ဇိမ်ခံစရာများကို ယခင်ကအတိုင်းပင် ကျွန်ုပ် တပ်မက်ဆဲဖြစ်သည်။ အစားအစာနှင့် အဝတ်အစားများကို ကျွန်ုပ် ကြိုက်နှစ်သက်သည်။ ကျွန်ုပ်၏စိတ်မှာ ယခင်ကဲ့သို့ပင် ဆိုးနေမြဲသာ ဖြစ်သည်။ အဆင်းနီသောနဂါးကြီးက ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောအခါ ကျွန်ုပ် ကြောက်ရွံ့ဆဲပင်ဖြစ်သည်။ ကျွန်ုပ်တွင် အဘယ်ကြောင့် ယုံကြည်ခြင်း မရှိသေးသနည်း။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုသည်။ သမ္မာတရားနှင့် လူ့သဘာဝရှိသော လူများဖြစ်ဖို့ သူတို့ကို သူတောင်းဆိုသည်။ ရိုးသားသောလူများသည် လူနုံလူအများဖြစ်ကြသည်မဟုတ်လော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လူတို့ကို ဘုရားသခင် တောင်းဆိုသော်လည်း၊ လူမည်မျှက ဤအရာကို အမှန်တကယ် ဖြစ်မြောက်အောင်လုပ်နိုင်သနည်း။ လူသားသဘာဝသည် တစ်ကိုယ်ကောင်းဆန်သည်။ အကယ်၍ သင်သည် သင်၏လူသားသဘာဝအတိုင်း လိုက်လျှောက်ပါက သင့်ကိုယ်သင်အတွက် ကောင်းချီးများမည်သို့ရဖို့ကို သင်စဉ်းစားရမည်။ သင့်ကိုယ်သင် အကျိုးရှိစေရန် သင်ကျိတ်ကြံစည်ရမည်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်။ သင့်ကံကြမ္မာကို သင့်လက်ဖြင့် ဖန်တီးရမည်။ သင့်ပျော်ရွှင်မှုအတွက် သင်ကိုယ်တိုင် လုပ်ယူရမည်။ ဤသည်မှာ လက်တွေ့အကျဆုံးဖြစ်သည်။ အကယ်၍ လူများသည် သူတို့ကိုယ်သူတို့အတွက် ကြိုးပမ်းပြီး အမှုအရာများကို အရမယူပါက၊ ထို့အပြင် အကယ်၍ သူတို့သည် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အကျိုးကျေးဇူးအတွက် အသက်မရှင်ပါက သူတို့ မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ သင်၏အိမ်တံခါးဝရှေ့သို့ ဤအရာများကို မည်သူကမျှ မိမိဘာသာ တာဝန်ယူလာချပေးထားလိမ့်မည်မဟုတ်ပါ။ မန္နမုန့်သည် အကယ်စင်စစ် ကောင်းကင်မှ ဘယ်တော့မှ ကျမလာပါ” ဟူ၍ တွေးရင်း သူတို့ စားမြုံ့ပြန်ကြသည်။ ဤသည်တို့မှာ သူတို့၏အတွေးများနှင့် အမြင်များ၊ လောကီဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် သူတို့ရှင်သန်သည့် ယုတ္တိအတွေးနှင့် စည်းမျဉ်းများ ဖြစ်ကြသည်။ ဤအတွေးများနှင့် အမြင်များကို ပိုင်ဆိုင်သူများသည် မယုံကြည်သူများဖြစ်ကြသလော။ ဤသည်မှာ မယုံကြည်သူများက သမ္မာတရားအပေါ် ထားရှိသည့်သဘောထားမျိုး အတိအကျပင်ဖြစ်သည်။ သူတို့၏စိတ်များသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိကြချေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ဩဇာအာဏာနှင့် တန်ခိုးတို့က မည်သည့်နေရာတွင် ထင်ရှားသည်ကို မသိကြသည့်အပြင် လူများ၏ အဆုံးသတ်အတွက် ဘုရားသခင်က မည်သို့စီစဉ်ပေးသည်ကို မသိကြပေ။ သူတို့သည် တန်ခိုးအာဏာကို ကိုးကွယ်ပြီး သူတို့၏ရှေ့တည့်တည့်တွင် ရှိသည့် အကျိုးကျေးဇူးများကို ရှာဖွေရုံရှာဖွေကြသည်။ အကယ်၍ သူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ပါက ကောင်းချီးပေးခံရသင့်သည်ဟု သူတို့ ထင်ကြသည်။ ထို့အပြင် ဘုရားသခင်သည် လူများအား ကောင်းသည့်ကံကြမ္မာကိုသာ ပေးအပ်ပါက၊ သူတို့၏အသက်တာကို ချမ်းသာကြွယ်ဝမှုနှင့် အလျှံပယ်ရှိခြင်းတို့ဖြင့် ဖြည့်ပေးပြီး သူတို့ကို ပျော်ရွှင်စရာအသက်တာကို ပေးမှသာ ယင်းသည် စစ်မှန်သောလမ်းခရီးဖြစ်သည်ဟု သူတို့ တွေးကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု သူတို့ မယုံကြည်ကြသည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များက လူ၏စိတ်သဘောထား သို့မဟုတ် ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဆိုသည်ကို မဆိုထားနှင့်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည်ကိုပင် သူတို့ မယုံကြည်ကြချေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားခဲ့ကြပေ။ တိုတိုပြောရလျှင်၊ သူတို့၏အသက်အဖြစ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ လက်မခံကြသောကြောင့်လည်းကောင်း၊ သူတို့အသက်တာ၏ရည်မှန်းချက်ပန်းတိုင်၊ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းတို့သည် တိုး၍တိုး၍ အားနည်းလာသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရာတွင်ဖြစ်စေ၊ တရားဒေသနာများကို နားထောင်ရာတွင်ဖြစ်စေ သူတို့သည် စိတ်ပါဝင်စားခြင်းမရှိကြပေ။ သမ္မာတရားအကြောင်း မိတ်သဟာယပြုနေစဉ်အတွင်းမှာပင် သူတို့သည် အိပ်ပျော်၍ပင်သွားကြလေသည်။ ဤအရာအပြင် သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အပိုဝန်ထုပ်တစ်ခုဖြစ်သည်၊ သူတို့သည် အချည်းနှီး အလုပ်လုပ်နေကြသည်ဟု သူတို့ ခံစားကြသည်။ သူတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏အမှုတော် ပြီးပြည့်စုံမည့်အချိန်၊ ဘုရားသခင်က သူတို့ကို ဆုံးဖြတ်ချက်ကြေညာချက် ပေးမည့်အချိန်တို့ကို တမ်းတကြသည်။ ထို့အပြင် သူတို့ အမှန်တကယ် ကောင်းချီးများ ရမည်၊ မရမည်ဆိုသည်ကို သူတို့ မြင်နိုင်သည်။ ဘုရားသခင်အပေါ် ဤနည်းအတိုင်း ယုံကြည်ခြင်းဖြင့် ကောင်းချီးများကို မည်သည့်အခါတွင်မျှ ရလိမ့်မည်မဟုတ်ကြောင်း၊ သူတို့ ကျိန်းသေ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်ဖြစ်ကြောင်း ကပ်ဘေးတစ်ခုတွင် သူတို့ သေနိုင်သေးကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ပါက သူတို့ ချက်ချင်း စွန့်ခွာနိုင်သည်။ ဘုရားသခင်အပေါ် ယုံကြည်သည်ဟု သူတို့ ပြောကြသော်လည်း သူတို့၏စိတ်နှလုံးများက သူ့ကို သံသယဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သူတို့ ဆိုကြသော်လည်း၊ သူတို့၏စိတ်နှလုံးများသည် သမ္မာတရားအပေါ် မယုံကြည်ကြချေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ မည်သည့်အခါကမျှ မဖတ်ကြသလို တရားဒေသနာတစ်ခုကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် နားမထောင်ခဲ့ဖူးပေ။ သူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါကမျှ မိတ်သဟာယမပြုဖူးသည့်အပြင် သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် သူတို့သည် သမ္မာတရားကို မည်သည့်အခါကမျှ မရှာဖွေခဲ့ဖူးချေ။ သူတို့၏ကိုယ်တိုင်အားထုတ်မှုများကိုသာ အသုံးပြုကြသည်။ ဤသည်မှာ မယုံကြည်သူစစ်စစ်ဖြစ်သည်။ သူတို့သည် ဘာသာတရား မရှိသူများနှင့် ဘာမျှ မကွာခြားပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့ပင် ဖြစ်ကာ လူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် ဘာသာတရားမရှိသူများ၏ စည်းမျဉ်းများနှင့် နည်းစနစ်များအပြင် ဘာသာတရားမရှိသူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား ဘာသာတရားမရှိသူများအဖြစ် ရှုမြင်သည်။ လူအချို့က “ဘာသာတရားမရှိသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် စိုးစဉ်းမျှ လက်မခံသူသည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်သူ မဟုတ်ပေ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်စေကာမူ အကျိုးမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရုံသာရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူမဟုတ်သည့်အပြင် ၎င်းတို့ကို ဘုရားသခင်က အသိအမှတ်မပြုပေ။ ဘုရားသခင်သည် သင့်အား သူ၏နောက်လိုက်အဖြစ် အသိအမှတ်ပြုဖို့ဆိုလျှင် သင်သည် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းများကို သင်သိပါသလော။ သင်သည် သူ၏ တောင်းဆိုချက်များအတိုင်း အရာရာကို လုပ်ဆောင်ခြင်းရှိမရှိအပြင် သူ၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိမရှိကို ဘုရားသခင် အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းဖြစ်သည်။ ဘုရားသခင်၏ တိုင်းတာမှုဟူသည် နှစ်ပေါင်းမည်မျှကြာကြာ သင်ယုံကြည်လာခဲ့ပြီ၊ မည်မျှဝေးဝေး သင်ခရီးပြုလာခဲ့ပြီ၊ သင်၌ ကောင်းမွန်သည့် အပြုအမူ မည်မျှရှိသည် သို့မဟုတ် စကားနှင့် အယူဝါဒမည်မျှ သင်နားလည်သည် စသည်တို့အပေါ် မမူတည်ပေ။ သူသည် သင့်အနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သည်ဆိုသည်ကို အခြေခံ၍ သင့်အားတိုင်းတာသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ယုံကြည်ကြပြီး သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနှစ်သက်ကြပေ။ ထိုသူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ စာတန်၏ဒဿနများ သို့မဟုတ် လောကီသီအိုရီအမျိုးမျိုးအတိုင်း အသက်ရှင်ခြင်းသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ပုံဖြစ်ကြောင်းနှင့် ဤလောကတွင် တန်ဖိုးရှိရှိ နေထိုင်နည်းဖြစ်ကြောင်း အမြဲယုံကြည်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူများလော။ မဟုတ်ကြချေ။ မြင့်မြတ်ပြီး ကျောဇောသူများ၏ စကားများသည် အထူးသဖြင့် အမြော်အမြင်ကြီးဟန်တူပြီး သူတစ်ပါးတို့ကို အလွယ်တကူ အထင်အမြင်မှားစေနိုင်သည်။ သင်သည် ၎င်းတို့၏စကားများကို သမ္မာတရားများ သို့မဟုတ် လိုက်နာရမည့် ဆောင်ပုဒ်များအဖြစ် စွဲကိုင်ကောင်း စွဲကိုင်ထားမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ မိမိ၏နေရာကို လိုလိုလားလားနှင့် လုံးလုံးလျားလျား ထိန်းသိမ်းခြင်း၊ ဖန်ဆင်းခံ အဖြစ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် တည်ငြိမ်ရိုးသားသော ပြုမူကျင့်ကြံမှုရှိခြင်းတို့ကဲ့သို့ လူတို့အပေါ် သူထားရှိသော သာမန်တောင်းဆိုချက်တို့နှင့် ပတ်သက်၍ သင်သည် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ၊ ယင်းတို့ကို သမ္မာတရားများအဖြစ် မမှတ်ယူပါက သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ပေ။ သင်သည် သမ္မာတရားကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း ဘုရားသခင်က သင့်အား “သင်ကျင့်သုံးနေသည့် ‘သမ္မာတရားများ’ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟုတ်ပါသလော။ သင်လိုက်နာကျင့်သုံးနေသည့် အခြေခံစည်းမျဉ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပါသလော” ဟု မေးလျှင် မိမိကိုယ်ကို မည်သို့ဖြေရှင်းမည်နည်း။ သင်၏ အခြေပြုချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါက ယင်းသည် စာတန်၏ စကားများဖြစ်သည်။ သင်သည် စာတန်၏ စကားများအတိုင်း အသက်ရှင်နေလင့်ကစား သင်သည် သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျေနပ်စေသည်ဟု ဆိုသည်။ ယင်းက ဘုရားသခင်ကို စော်ကားနေသည် မဟုတ်လော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ညွှန်ကြားထားသော်လည်း အချို့သောလူများသည် ရိုးသားသူဖြစ်ခြင်းတွင် အမှန်တကယ် ပါဝင်သည့်အရာ၊ ရိုးသားသူဖြစ်လာရန် လေ့ကျင့်နည်း၊ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက မရိုးသားဘဲ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက ရိုးသားသည်ကို မစဉ်းစားကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား၏ အနှစ်သာရကို ဆင်ခြင်ရမည့်အစား ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ စာအုပ်များကို အားထားကြသည်။ “ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားများလည်း အတော်ကောင်းသည်။ ယင်းတို့ကလည်း လူတို့ကို လူကောင်းဖြစ်ရန် သွန်သင်ပေးသည် ဟု သူတို့က ထင်ကြ၏။ သာဓကအားဖြင့်၊ ‘ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်’ ‘မာယာကင်းသော လူများ အမြဲ အောင်မြင်သည်’ ‘သူတစ်ပါးကို ခွင့်လွှတ်ခြင်းသည် မိုက်မဲခြင်းမဟုတ်၊ နောင်တွင် အကျိုးကို ဆောင်တတ်၏’ တို့ ဖြစ်ကြသည်။ ဤဖော်ပြချက်များလည်း မှန်ကန်သည်၊ ထို့ပြင် သမ္မာတရားနှင့် ကိုက်ညီ၏။” ဟု သူတို့က ထင်ကြသည်။ ထို့ကြောင့် ဤစကားများကို သူတို့က လိုက်နာကြသည်။ ဘာသာတရားမရှိသူများ၏ ဤဆိုရိုးစကားများကို လိုက်နာခြင်းဖြင့် မည်သို့သော လူစားမျိုးအဖြစ် သူတို့အသက်ရှင်နိုင်မည်နည်း။ သူတို့သည် သမ္မာတရားစစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ (မနေထိုင်နိုင်ပါ။) ဤကဲ့သို့သောလူ များစွာရှိသည် မဟုတ်လော။ သူတို့သည် အသိပညာတစ်ချို့ကို ဆည်းပူးကြသည်။ စာအုပ်အနည်းငယ်နှင့် ကျော်ကြားသော စာပေလက်ရာအချို့ကို ဖတ်ဖူးသည်။ ရှုထောင့်တစ်စုံတစ်ရာကို ရရှိကြပြီး ကျော်ကြားသော ဆိုရိုးစကားနှင့် ရိုးရာစကားပုံအနည်းငယ်ကို ကြားသိပြီးနောက် ယင်းတို့ကို သမ္မာတရားအဖြစ်ခံယူကာ ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်ပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိတို့၏အသက်တာတွင် အသုံးချပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ သမ္မာတရားကို အမှားဖြင့် အစားထိုးခြင်း မဟုတ်လော။ လိမ်လည်လှည့်ဖြားမှုနှင့် ပတ်သက်သည်မဟုတ်လော။ ဘုရားသခင်အတွက် ဤအရာသည် စော်ကားခြင်းပင်။ ဤအရာများသည် လူတစ်ဦးစီတိုင်းတွင် အနည်းအကျဉ်းမျှမက ပေါ်လွင်သည်။ လူတို့ကြားမှလာသည့် နှစ်သက်ဖွယ်ကောင်းသော စကားများနှင့် မှန်ကန်သော အယူဝါဒများကို လက်ကိုင်ထားရမည့် သမ္မာတရားများအဖြစ် မှတ်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ယင်းတို့ကို လျစ်လျူရှုသောသူ၊ ယင်းတို့ကို အကြိမ်မည်မျှဖတ်သည်ဖြစ်စေ နှလုံးသွင်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သောသူ တစ်ဦးအနေဖြင့် ထိုသူသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သလော။ သူသည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်လော။ (မဟုတ်ပါ။) ထိုသို့သောလူတို့သည် ဘာသာတရားကို ယုံကြည်ကြခြင်းဖြစ်သည်။ စာတန်နောက်သို့ လိုက်နေကြဆဲပင်။ စာတန်ပြောသော စကားများသည် အတွေးအခေါ်မြင့်မားပြီး လွန်စွာ လေးနက်ကာ ဂန္တဝင်ဆန်သည်ဟု သူတို့ယုံကြည်ကြသည်။ ၎င်းတို့ကို အဆုံးစွန်သော အမှန်တရားဆိုင်ရာ ကျော်ကြားသော ဆိုရိုးစကားများဟု မှတ်ယူကြသည်။ သူတို့သည် အခြားမည်သည့်အရာကို စွန့်လွှတ်ရသည်ဖြစ်စေ ထိုစကားများကို လက်လွှတ်မခံနိုင်ကြပေ။ ထိုစကားများကို စွန့်ပစ်လိုက်ခြင်းက သူတို့၏နှလုံးသားကို ညှစ်ထုတ်ပစ်သကဲ့သို့ သူတို့၏ အသက်တာ၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရသည်နှင့်တူပေမည်။ ဤသူတို့မှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏နောက်လိုက်များဖြစ်ကြပြီး၊ ယင်းကြောင့် ၎င်းတို့သည် စာတန်၏ ကျော်ကြားသောဆိုရိုးစကားများကို သမ္မာတရားအဖြစ် လက်ခံခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို နာခံသော စိတ်နှလုံး မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အခွင့်ကောင်းယူ၍ ကောင်းချီးများရရှိရန်သက်သက် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ရယူလိုစိတ်မရှိသည့် မယုံကြည်သူအမျိုးအစားကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်းတို့သည် တရားဒေသနာမည်မျှ ကြားရသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များ၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤသည်မှာ အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ အလေးအနက် မဆင်ခြင်သုံးသပ်သည့်အပြင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကိုဖြစ်စေ၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကိုဖြစ်စေ လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များနှင့် စာတန်၏ အတွေးအခေါ်များကိုသာ စွဲကိုင်ထားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စာတန်၏ အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့သည် သင့်တော်ပြီး မှန်ကန်သည်ဟု ၎င်းတို့ ယုံကြည်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လက်ဆောင်ယူလာသူများကို အရာရှိများ ဒုက္ခမပေး” သို့မဟုတ် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” တို့ ဖြစ်သည်။ “လူတို့သည် ဘုရားကို ယုံကြည်သည့်အခါ ၎င်းတို့သည် လူကောင်းများ ဖြစ်ရမည်၊ ဆိုလိုသည်မှာ အသက်တစ်ချောင်းကို မည်သည့်အခါမျှ မသတ်ရ၊ အသက်တစ်ချောင်းကို သတ်ခြင်းသည် အပြစ်ဖြစ်ပြီး ဘုရာအတွက် ခွင့်မလွှတ်နိုင်စရာဖြစ်သည်” ဟု ပြောဆိုသောသူများပင် ရှိသေးသည်။ ဤသည်မှာ မည်သို့သော အမြင်မျိုးဖြစ်သနည်း။ ယင်းမှာ ဗုဒ္ဓဘာသာ အမြင်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ အမြင်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သော်လည်း သမ္မာတရား တစ်စက်မျှ မရှိချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ အချို့လူများသည် ဘာသာတရား မရှိသူများ၏ အဓိပ္ပာယ်မဲ့သော အမြင်များနှင့် ဘာသာရေးလောက၏ မှားယွင်းသော သဘောတရားများကိုပင် သမ္မာတရားအဖြစ် လက်ခံကြသည်၊ ၎င်းတို့သည် ထိုအရာများကို တန်ဖိုးထားပြီး ဖက်တွယ်ထားကြသည်။ ဤလူများသည် သမ္မာတရားကို လက်ခံသောသူများလော။ ၎င်းတို့သည် လူ၏စကားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား သို့မဟုတ် နတ်ဆိုးများ၊ စာတန်ကြားနှင့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်၊ ဖန်ဆင်းရှင်ကြားတို့ကို မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြပေ၊ သို့မဟုတ် သမ္မာတရားကိုလည်း မရှာဖွေကြသကဲ့သို့ ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမျှလည်း လက်မခံကြပေ။ လူများ၊ အပြင်လောကနှင့် အခြားအမှုအရာအားလုံးအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုမှ လာသည့် မိမိတို့ အစဉ်အမြဲ စွဲကိုင်ခဲ့သော အမြင်ရှုထောင့်များကိုသာ ဖက်တွယ်ထားကြသည်။ ထိုအမြင်များသည် မည်မျှပင် ရယ်ဖွယ်ဖြစ်နေပါစေ ၎င်းတို့သည် ဤအရာကို မသိမြင်နိုင်ဘဲ ထိုမှားယွင်းသော အမြင်ရှုထောင့်များကို မြဲမြံစွာ ဆက်လက်စွဲကိုင်ထားပြီး လက်မလွှတ်ကြပေ။ ဤသည်မှာ မယုံကြည်သူတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်သည် အတိုင်းအတာအရ တိုးပွားလာသည်နှင့်အမျှနှင့် လူ့အဖွဲ့အစည်းအတွင်း ယင်း၏ အဆင့်အတန်းသည် အစဉ်မပြတ် ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ စိတ်အားထက်သန်မှု၊ စိတ်ခံစားမှုများနှင့် ယုံကြည်ခြင်းတို့သည် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်၏အလုပ်သည် ပြည်ပသို့ ပျံ့နှံ့သွားပြီး အတိုင်းအတာအရ တိုးပွားလာသည့်အခါ၊ ဧဝံဂေလိအလုပ်သည် အပြည့်အဝ ပျံ့နှံ့သွားသည့်အခါ ၎င်းတို့သည် ဤအရာကို မြင်ပြီး ချက်ချင်းပင် အားအင်ပြည့်ဝလာသည်ဟု ခံစားခဲ့ကြသည်။ အသင်းတော်သည် ပို၍ပို၍ ဩဇာလွှမ်းမိုးမှုရှိလာပြီး အစိုးရ၏ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို နောက်ထပ် ခံရတော့မည်မဟုတ်ဟု ၎င်းတို့ ခံစားခဲ့ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်းအတွက် မျှော်လင့်ချက် ရှိသည်ဟု ယုံကြည်ခဲ့ကြပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပြီဟု ယုံကြည်ခဲ့ကြသည်၊ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လောင်းကြေး ထပ်ခြင်းဖြစ်သည်၊ ၎င်းတို့၏ လောင်းကြေးက နောက်ဆုံးတွင် အမြတ်ထွက်တော့မည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန် ၎င်းတို့၏ အခွင့်အရေးသည် ပို၍ ပို၍ ကြီးထွားလာပြီး နောက်ဆုံးတွင် ၎င်းတို့ ရွှင်ပြစပြုလာကြသည်။ ယခင်နှစ်များအတွင်း ၎င်းတို့သည် ခရစ်ယာန်များအပေါ် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးမှုများနှင့် နှိမ်နင်းမှုများကို မကြာခဏ မြင်တွေ့ခဲ့ရသောကြောင့် ဖိနှိပ်ခံရသည်၊ နာကျင်ရသည်၊ မချိတင်ကဲဖြစ်ရသည်ဟု ခံစားခဲ့ကြရသည်။ ၎င်းတို့သည် အဘယ်ကြောင့် မချိတင်ကဲဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ အသင်းတော်သည် အလွန်ဆိုးရွားသော အခြေအနေများတွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့ကြသည့်အပြင် ထို့ထက်ပို၍ အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ အသင်းတော်မှ ထွက်သွားသင့်ခြင်း ရှိမရှိကိုဖြစ်စေ သောကရောက်ပြီး စိုးရိမ်ပူပန်ကြသောကြောင့် ဖြစ်လေသည်။ ထိုနှစ်များအတွင်း အသင်းတော်သည် မည်သို့သော ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်၊ အသင်းတော်သည် မည်သည့်အလုပ်ကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွင်း အသင်းတော်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် မည်သို့ပင် အတက်အကျရှိသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများနှင့် စိတ်အခြေအနေကို သက်ရောက်မှုရှိစေလိမ့်မည်။ ၎င်းတို့ နေသင့်သည် သို့မဟုတ် သွားသင့်သည်ဟူသည့် ကိစ္စသည် ၎င်းတို့၏ စိတ်ထဲတွင် အစဉ်သဖြင့် ရှိနေခဲ့သည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ အသင်းတော်သည် နိုင်ငံတော်အစိုးရ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် နှိမ်နင်းခြင်းကို ခံရသည့်အခါ သို့မဟုတ် ယုံကြည်သူများသည် ဘာသာရေးလောက၏ ဖမ်းဆီးခြင်း သို့မဟုတ် တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်းနှင့် ပယ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အလွန်အမင်း ဂုဏ်သိက္ခာကျဆင်းပြီး ကြီးစွာသော အရှက်ရခြင်းနှင့် အသရေပျက်ခြင်းကိုပင် ခံစားရသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ယိမ်းယိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းအတွက် နောင်တရကြသည်။ ၎င်းတို့သည် အသင်းတော်၏ ဝမ်းမြောက်မှုများနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားခြင်းဖြစ်စေ၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံရန်ဖြစ်စေ ရည်ရွယ်ချက်တစ်ခုမျှ မည်သည့်အခါမျှ မရှိကြပေ။ ထိုအစား အသင်းတော် ကြီးပွားနေသည့်အခါ ၎င်းတို့သည် ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသော်လည်း အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပယ်ချခြင်း၊ နှိမ်နင်းခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် ထွက်ပြေးလိုကြသည်၊ ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန် မည်သည့်မျှော်လင့်ချက်ကိုမျှဖြစ်စေ၊ နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့ရန် မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်နိုင်သည့်အခါ သာ၍ပင် ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို မမြင်ရသည့်အခါတွင်လည်းကောင်း၊ ကြီးမားသော ကပ်ဘေးများ မည်သည့်အချိန်တွင် ဆိုက်ရောက်မည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုလည်းကောင်း၊ ခရစ်တော်၏ နိုင်ငံတော် မည်သည့်အချိန်တွင် အကောင်အထည် ပေါ်မည်ကိုလည်းကောင်း မသိသည့်အခါ စိတ်ထဲတွင် မပြတ်သားဘဲ ယိမ်းယိုင်နေပြီး စိတ်ငြိမ်သက်မှုဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိကြပေ။ ဤသို့ဖြစ်သည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာလိုကြသည်၊ အသင်းတော်ကို စွန့်ခွာလိုကြပြီး ထွက်ပေါက်တစ်ခုကို ရှာဖွေလိုကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအတွက် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် ဘုရားသခင်၏အလုပ်ကို ၎င်းတို့၏ တွေ့ကြုံခြင်းမှတစ်ဆင့်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းတို့အားဖြင့်ဖြစ်စေ မည်သည့်အခါမျှ တဖြည်းဖြည်း ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဆိုသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်က လူတို့ကို မည်သို့ လမ်းပြသည်ကိုဖြစ်စေ၊ သူက လူတို့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ကိုဖြစ်စေ မရှာဖွေကြပေ။ အသင်းတော်သို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အသင်းတော် “ဂုဏ်ယူဝင့်ကြွား” နိုင်သည့်နေ့ကို စောင့်ဆိုင်းရန်ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ အစဉ်အမြဲ လိုအင်ဆန္ဒရှိခဲ့သော အကျိုးကျေးဇူးများကို အလျင်အမြန် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မြင်သောကြောင့်လည်း အသင်းတော်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်မှာ အမှန်ပင်၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံမည်ဟု မယုံကြည်ကြပေ။ သို့ဆိုလျှင် သင်တို့ မည်သို့ပြောမည်နည်း၊ ထိုသို့သောလူများသည် မယုံကြည်သူများလော။ (ဟုတ်ပါသည်။) အသင်းတော်၌ သို့မဟုတ် အပြင်လောက၌ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ၎င်းတို့သည် မိမိတို့၏ အကျိုးစီးပွားများ မည်မျှ သက်ရောက်မှု ရှိမည်ကိလည်းကောင်း၊ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များအပေါ် မည်မျှ ကြီးမားသော သက်ရောက်မှုတစ်ခု ရှိမည်ကိုလည်းကောင်း အကဲဖြတ်ကြလိမ့်မည်။ ပြဿနာစိုးစဉ်းမျှ မြင်သည်နှင့်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလားအလာများ၊ အကျိုးစီးပွားများနှင့် အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ ထွက်ခွာသင့်ခြင်း ရှိမရှိကိုဖြစ်စေ အလွန် ထက်မြက်စွာဖြင့် ချက်ချင်း တွေးတောကြလိမ့်မည်။ “ပြီးခဲ့သည့်နှစ်က ဘုရား၏အလုပ် ပြီးဆုံးတော့မည်ဟု ပြောခဲ့သည်၊ သို့ဖြစ်၍ ယင်းသည် အဘယ်ကြောင့် ဆက်နေသေးသနည်း။ ဘုရား၏ အမှုသည် အတိအကျ မည်သည့်နှစ်တွင် ပြီးဆုံးမည်နည်း။ ကျွန်ုပ် သိခွင့်မရှိသလော။ ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကျွန်ုပ်၏ အချိန်သည် တန်ဖိုးရှိသည်၊ ကျွန်ုပ်၏ နုပျိုမှုသည် တန်ဖိုးရှိသည်။ ကျွန်ုပ်ကို ဤကဲ့သို့ ဆက်၍ စောင့်ဆိုင်းခိုင်းနေ၍ မရပြီး မဟုတ်လော” ဟု အဆက်မပြတ် မေးနေသောလူများပင် ရှိသေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိမရှိ၊ အသင်းတော်၏ အခြေအနေနှင့် ယင်း၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အထူးသဖြင့် သတိထားကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရယူနိုင်စွမ်းရှိမရှိကိုဖြစ်စေ၊ ကယ်တင်ခြင်း ခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ဂရုမစိုက်ကြသော်လည်း ၎င်းတို့ ရှင်သန်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ဘုရားအိမ်တော်၌ နေထိုင်ခြင်းဖြင့် အကျိုးကျေးဇူးများနှင့် ကောင်းချီးများကို ရရှိနိုင်ခြင်း ရှိမရှိကိုလည်းကောင်း အလွန် သတိထားကြသည်။ ထိုသို့သောလူများသည် ကောင်းချီးခံစားရရန် ၎င်းတို့၏ လိုအင်ဆန္ဒဖြင့် အခွင့်ကောင်းယူသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးတိုင် ယုံကြည်လျှင်ပင် သမ္မာတရားကို နားလည်ေဦးမည်မဟုတ်ဘဲ ပြောဆိုရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်လည်း ရှိမည်မဟုတ်ပေ။ သင်တို့သည် ဤသို့သောလူများနှင့် တွေ့ဖူးသလော။ အမှန်မှာ ထိုသို့သောလူများသည် အသင်းတော်တိုင်း၌ ရှိကြသည်။ သင်တို့သည် ၎င်းတို့ကို သတိပြု၍ ပိုင်းခြားသိမြင်ရမည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် မယုံကြည်သူများအားလုံး ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ရှိ ကပ်ဘေးတစ်ခု ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်အတွက် ကြီးစွာသော အန္တရာယ်ကို ဆောင်ကြဉ်းမည်ဖြစ်ပြီး အကျိုးကျေးဇူးများ မရှိသည့်အပြင် ၎င်းတို့သည် အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းခံရရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃)

ကောင်းသောသူ သို့မဟုတ် မကောင်းသောသူဟု သတ်မှတ်၍မရနိုင်သည့်၊ နာမည်ခံ ယုံကြည်သူများသာဖြစ်သည့် အခြားလူစားမျိုးတစ်မျိုး ရှိသည်။ သင်က ၎င်းတို့ကို တစ်စုံတစ်ခု ရံဖန်ရံခါ လုပ်ဆောင်ခိုင်းပါက ၎င်းတို့ လုပ်ဆောင်နိုင်သော်လည်း သင်သည် ၎င်းတို့အတွက် စီစဉ်မပေးပါက ၎င်းတို့၏ တာဝန်ကို အလျင်ဦးအောင် လုပ်ဆောင်ကြမည် မဟုတ်ပေ။ အားလပ်သည့်အခါတိုင်း ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်အချိန်များတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဓမ္မသီချင်းများ သင်ယူခြင်း သို့မဟုတ် ဆုတောင်းခြင်းတို့ကို ပြုလုပ်ခြင်း ရှိမရှိ မသိရပေ။ သို့ရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်အပေါ် အတော်အသင့် ဖော်ရွေကြသည်။ အတော်အသင့် ဖော်ရွေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက ၎င်းတို့ သဘောတူမည်ဖြစ်ကြောင်း ဆိုလိုသည်။ ယုံကြည်သူအချင်းချင်း ဖြစ်ကြသည့်အတွက် ၎င်းတို့သည် မိမိတို့၏ စွမ်းရည်အတိုင်းအတာအတွင်းမှ အမှုအရာအနည်းငယ်ကို ပြီးမြောက်အောင် ကူညီပေးနိုင်သည်။ သို့ရာတွင် ၎င်းတို့ကို ကြီးမားသော ကြိုးစားအားထုတ်မှုကို အသုံးချရန် သို့မဟုတ် တစ်စုံတစ်ရာသော အဖိုးအခကို ပေးဆပ်ရန် တောင်းဆိုခံရပါက ၎င်းတို့သည် လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ အကယ်၍ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် အခက်အခဲတစ်ခုခု ကြုံတွေ့နေပြီး ၎င်းတို့ကို ကူညီပေးရန် လိုအပ်ပါက၊ ဥပမာအားဖြင့် အိမ်ကို ရံဖန်ရံခါ ကူညီစောင့်ရှောက်ပေးခြင်း၊ အစားအစာ ချက်ပြုတ်ပေးခြင်း သို့မဟုတ် မဆိုစလောက် အိမ်မှုကိစ္စအနည်းငယ်ကို ရံဖန်ရံခါ ကူညီပေးခြင်း၊ သို့မဟုတ် ထိုသူသည် နိုင်ငံခြားဘာသာစကားတစ်ခုကို တတ်ကျွမ်းပြီး ညီအစ်ကိုမောင်နှမများကို စာကူဖတ်ပေးခြင်းကဲ့သို့သော အရာမျိုးတွင် ၎င်းတို့သည် ကူညီနိုင်စွမ်းရှိပြီး အတော်အသင့် ဖော်ရွေကြသည်။ ၎င်းတို့သည် အများအားဖြင့် အခြားသူများနှင့် အတော်အတန် အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံကြပြီး လူတို့အပေါ် တေးမှတ်ထားခြင်းများ မရှိသော်လည်း အရေးကြီးသော သို့မဟုတ် အန္တရာယ်ရှိသော အလုပ်တစ်ခုခုကို တာဝန်ယူရန် မဆိုထားနှင့်၊ စုဝေးပွဲများကိုပင် ပုံမှန် မတက်ရောက်ကြသကဲ့သို့ တာဝန်တစ်ခုကို ထမ်းဆောင်ရန်လည်း မတောင်းဆိုကြပေ။ အကယ်၍ သင်သည် ၎င်းတို့ကို အန္တရာယ်ရှိသော အလုပ်တစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုပါက ၎င်းတို့သည် သင့်ကို “ကျွန်ုပ်သည် ငြိမ်သက်ခြင်းကို ရှာဖွေရန်အလို့ငှာ ဘုရားကို ယုံကြည်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အန္တရာယ်ရှိသော အလုပ်များကို ကျွန်ုပ် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ယင်းမှာ ဒုက္ခကို မိမိကိုယ်တိုင် ဖိတ်ခေါ်နေခြင်းဖြစ်မည် မဟုတ်လော။ ကျွန်ုပ် လုံးဝ မလုပ်ဆောင်နိုင်ပါ” ဟု ပြောဆိုလျက် သေချာပေါက် ငြင်းပယ်ကြလိမ့်မည်။ သို့သော် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်က ၎င်းတို့ကို မဆိုစလောက်သော တစ်စုံတစ်ရာကို လုပ်ဆောင်ခိုင်းပါက ၎င်းတို့သည် မိတ်ဆွေတစ်ဦးကဲ့သို့ ကူညီနိုင်ပြီး မဆိုစလောက် အားထုတ်ပေးနိုင်သည်။ ဤသို့ မိမိကိုယ်ကို အားထုတ်ခြင်းနှင့် ကူညီခြင်းပုံစံကို တာဝန်ထမ်းဆောင်ခြင်းဟု မခေါ်နိုင်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းဟုလည်း မခေါ်နိုင်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်နိုင်ရန်မှာ သာ၍ပင် ဝေးသေးသည်။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများအပေါ် အလေးပေးသော ထင်မြင်ချက်ရှိပြီး ၎င်းတို့အပေါ် အတော်အသင့် ဖော်ရွေကာ တစ်စုံတစ်ဦးက အကူအညီ လိုအပ်ပါက ကူညီပေးနိုင်ခြင်းကိစ္စသာ ဖြစ်သည်။ ဤလူစားမျိုးအတွက် အမည်မှာ အဘယ်နည်း။ ဘုရားအိမ်တော်က ၎င်းတို့ကို အသင်းတော်၏ မိတ်ဆွေများဟု ခေါ်သည်။ အသင်းတော်၏ မိတ်ဆွေများဖြစ်ကြသည့် ထိုလူစားမျိုးကို မည်သို့ ဆက်ဆံသင့်သနည်း။ အကယ်၍ ၎င်းတို့သည် အစွမ်းအစနှင့် အားသာချက်အချို့ကို ပိုင်ဆိုင်ပြီး အသင်းတော်ကို ပြင်ပကိစ္စအချို့ကို ကူညီကိုင်တွယ်နိုင်ပါက ၎င်းတို့သည်လည်း အစေခံသူများဖြစ်ကြပြီး အသင်းတော်၏ မိတ်ဆွေများ ဖြစ်ကြသည်။ အကြောင်းမှာ ဤလူစားမျိုးအား ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မသတ်မှတ်ဘဲ ဘုရားအိမ်တော်က ၎င်းတို့ကို အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အသိအမှတ်ပြုခြင်းကို မခံရပါက ဘုရားသခင်သည် ၎င်းတို့ကို ယုံကြည်သူများအဖြစ် အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) ထို့ကြောင့် ဤလူစားမျိုးကို အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများ၏ အဆင့်အတန်းများ၌ ပါဝင်ရန် မည်သည့်အခါမျှ လုံးဝ မတောင်းဆိုနှင့်။ “အချို့သောလူများသည် ပထမဦးဆုံး စတင်ယုံကြည်သည့်အခါ ယုံကြည်ခြင်း အနည်းငယ်သာရှိပြီး အသင်းတော်၏ မိတ်ဆွေများသာ ဖြစ်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရာများစွာကို နားမလည်ကြသဖြင့် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်လိုစိတ် အဘယ်သို့ရှိနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ အသုံးခံလိုစိတ်အဘယ်သို့ ရှိနိုင်မည်နည်း” ဟူ၍ ဆိုသောသူများ ရှိသည်။ ငါတို့သည် ဘုရားသခင်ကို သုံးလမှ ငါးလအထိ သို့မဟုတ် တစ်နှစ်အထိ ယုံကြည်လက်ခံခဲ့ပြီးသော လူများအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ဘဲ ဘုရားသခင်ကို သုံးနှစ်ကျော် သို့မဟုတ် ငါးနှစ် သို့မဟုတ် ဆယ်နှစ်အထိပင် နာမည်ခံ ယုံကြည်ခဲ့ကြသော လူများအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ ဤကဲ့သို့သောလူများက ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စစ်မှန်သော အသင်းတော်ဖြစ်ကြောင်း နှုတ်ဖြင့် မည်မျှပင် အသိအမှတ်ပြုပါစေ ယင်းက ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း သက်သေမပြပေ။ ဤလူစားမျိုး၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ ယုံကြည်ခြင်းပုံစံကို အခြေခံ၍ ငါတို့သည် ၎င်းတို့ကို အသင်းတော်၏ မိတ်ဆွေများဟု ခေါ်သည်။ ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မများအဖြစ် မဆက်ဆံနှင့်။ ၎င်းတို့သည် ညီအစ်ကို သို့မဟုတ် ညီအစ်မများ မဟုတ်ကြပေ။ ထိုသို့သောလူများကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်သို့ ဝင်ရောက်ခွင့်မပြုနှင့်။ ၎င်းတို့ကို အချိန်ပြည့် တာဝန်ထမ်းဆောင်သောသူများ၏ အဆင့်အတန်းများ၌ ပါဝင်ခွင့်မပြုနှင့်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အသုံးမပြုပေ။ အချို့က “ကိုယ်တော်သည် ဤလူစားမျိုးအပေါ် အမြင်စောင်းနေသည် မဟုတ်လော။ ၎င်းတို့သည် အပြင်ပန်းတွင် ဟက်ဟက်ပက်ပက် မရှိပုံရသော်လည်း အတွင်းထဲတွင်မူ အမှန်တကယ် အလွန်ပင် စိတ်အားထက်သန်ကြသည်” ဟု ပြောကောင်းပြောနိုင်သည်။ ရိုးသားစစ်မှန်သော ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကြာအောင် ယုံကြည်ပြီးသည့်တိုင် ဟက်ဟက်ပက်ပက် မရှိသေးသည်မှာ မဖြစ်နိုင်ပေ။ ဤလူစားမျိုး၏ အပြုအမူက ၎င်းတို့သည် မယုံကြည်သူများ၊ ဘုရားနှုတ်ကပတ်တော်နှင့် ကင်းကွာနေသူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း အပြည့်အဝ ထုတ်ဖော်နှင့်ပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ဆိုနေသေးလျှင်၊ ၎င်းတို့သည် မတရားမျှ ဆက်ဆံခံနေရသည်ဟု ပြောဆိုနေသေးလျှင် ယင်းမှာ သင်၏ အယူအဆနှင့် သင်၏ ခံစားချက်များက စကားပြောနေခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)

သမ္မာတရားကို လုံးဝလက်မခံသောသူတို့၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ မယုံကြည်သူများ၏ လက္ခဏာရပ်များမှာ အဘယ်နည်း။ ၎င်းတို့သည် အခွင့်အရေးသမားဖြစ်ရန်၊ အသင်းတော်ကို မှီခိုကပ်ရပ်ရန်၊ ဘေးအန္တရာယ်များကို ရှောင်ရှားရန်၊ အထောက်အပံ့နှင့် မြဲမြံသောဝင်ငွေကို ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် မျက်နှာသာရရှိရန်နှင့် ရာထူးတစ်ခုရရှိရန် အချို့သောကိစ္စရပ်များမှတစ်ဆင့် အစိုးရနှင့် အဆက်အသွယ်များ တည်ဆောက်လိုလျက် နိုင်ငံရေး ရည်မှန်းချက်များကိုပင် လိုက်စားကြသည်။ ထိုသို့သောလူများသည် တစ်ဦးတစ်ယောက်မကျန် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဤလှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ထားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်တစ်ပါး ရှိသည်ကို လုံးဝသေချာမှုဖြင့် မယုံကြည်ကြပေ။ ၎င်းတို့သည် ကိုယ်တော်ကို အသိအမှတ်ပြုလျှင်ပင် သံသယဖြင့်သာ အသိအမှတ်ပြုကြသည်၊ အကြောင်းမှာ ၎င်းတို့ စွဲကိုင်ထားသော အမြင်များသည် ဘုရားမရှိဟု ယူဆသော အမြင်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရုပ်ဝတ္ထုလောက၌ ၎င်းတို့ မြင်နိုင်သောအရာများကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး ရှိသည်ကို မယုံကြည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုရသနည်း။ အကြောင်းမှာ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အချက်များနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းတို့အပေါ် ဦးဆောင်လျက် အချုပ်အခြာအာဏာ ကိုင်စွဲလျက်ရှိသည်ဟူသည့် အချက်များကို ၎င်းတို့သည် တညီတညွတ်တည်း မယုံကြည်ကြသောကြောင့် သို့မဟုတ် အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်က လူ့ဇာတိခံနိုင်သည်ဟူသည့် အချက်ကို ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်က လူ့ဇာတိခံနိုင်သည်ကို မယုံကြည်ပါက ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားအားလုံးကို ယုံကြည်ပြီး အသိအမှတ်ပြုနိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့သည် ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများကို မယုံကြည်ပါက ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ်ကိုလည်းကောင်း ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ မယုံကြည်ကြပေ။ ၎င်းတို့၏ မယုံကြည်ခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားမရှိဝါဒီများနှင့် ရုပ်ဝါဒီများ ဖြစ်ကြသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုလောက၌ ၎င်းတို့ မြင်နိုင်သောအရာများသာလျှင် စစ်မှန်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ပရိယာယ်များနှင့် မသမာသောနည်းလမ်းများမှတစ်ဆင့်သာ ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကြီးပွားတိုးတက်ပြီး ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က မိမိတို့၏ ကံကြမ္မာသည် မိမိတို့၏လက်ထဲ၌သာ ရှိသည်ဟုလည်းကောင်း၊ ပျော်ရွှင်သောဘဝကို ဖန်တီးပြီး သေချာစေရန် မိမိတို့ကိုယ်ကို အားကိုးရမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုဖြစ်စေ၊ ကိုယ်တော်၏ အနန္တတန်ခိုးကိုဖြစ်စေ မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အားကိုးပါက မိမိတို့၌ မည်သည့်အရာမျှ ရှိတော့မည်မဟုတ်ဟု ထင်မှတ်ကြသည်။ နောက်ဆုံး၌ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ အနန္တတန်ခိုးကိုလည်း မယုံကြည်ကြပေ။ ထိုအကြောင်းကြောင့် အခွင့်အရေးသမားဖြစ်ခြင်း၊ အသင်းတော်ကို မှီခိုကပ်ရပ်ခြင်း၊ ခိုလှုံရာ ရှာဖွေခြင်း၊ အားကိုးရာ ရှာဖွေခြင်း၊ ဆန့်ကျင်ဘက်လိင်နှင့် မိတ်ဆွေဖွဲ့ခြင်း၊ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားခြင်း၊ မိမိတို့ကိုယ်တိုင်အတွက် ရာထူးတစ်ခုနှင့် မြဲမြံသောဝင်ငွေကို သေချာစေခြင်းတို့ကဲ့သို့သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စိုးစံသည်ကို မယုံကြည်သောကြောင့် အတိအကျပင် ၎င်းတို့သည် အသင်းတော်၌ မိမိတို့၏ ပင်ကိုစွမ်းရည်များကို အသုံးချရန် သို့မဟုတ် မိမိတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိလျက် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များဖြင့် အသင်းတော်ထဲသို့ ရဲတင်းစွာနှင့် အရှက်ကင်းမဲ့စွာ ခိုးဝင်နိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မိမိတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ အသင်းတော်ထဲသို့ ခိုးဝင်နေကြခြင်းဖြစ်သည်ဟု ဆိုလိုသည်၊ ၎င်းတို့သည် အသင်းတော်၌ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရယူလိုကြပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ မြဲမြံသောဝင်ငွေကို ရရှိကြလိမ့်မည်။ ၎င်းတို့၏ အပြုအမူအပြင် ၎င်းတို့၏ သဘာဝအနှစ်သာရမှတစ်ဆင့် ကြည့်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်များ၊ လှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များသည် တရားနည်းလမ်းမကျကြောင်းနှင့် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို လက်မခံကြ သို့မဟုတ် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လျှင်ပင် နေရာဖြည့်ရုံသက်သက်သာဖြစ်ပြီး မည်သည့်အပြုသဘောဆောင်သော အခန်းကဏ္ဍမှမျှ လုံးဝ ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍ အသင်းတော်သည် ထိုသို့သောလူများကို လက်မခံသင့်ပေ။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်ခဲ့ကြသော်လည်း ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြဘဲ အခြားသူများ၏ ရည်ရွယ်ချက်ကောင်းများကြောင့်သာ ခေါ်ဆောင်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။ “၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြ” ဟူသည့် ဤစကားကို မည်သို့ အနက်ဖွင့်သင့်သနည်း။ ယင်းမှာ ဘုရားသခင်သည် ၎င်းတို့ကို ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ခဲ့ခြင်းမရှိဟု ဆိုလိုသည်၊ ကိုယ်တော်သည် ၎င်းတို့ကို သူ၏ အမှုတော်၏ ပစ်မှတ်များအဖြစ် မရှုမြင်ပေ၊ သို့မဟုတ် သူကယ်တင်မည့် လူသားများအဖြစ် ၎င်းတို့ကို ကြိုတင်သတ်မှတ်ထားခြင်း မရှိပေ။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ငါတို့သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထား၍မရနိုင်သည်မှာ သဘာဝကျသည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို စစ်မှန်စွာ လက်ခံသော သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသောသူများ မဟုတ်သောကြောင့် ဖြစ်သည်။ အချို့က “၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကိုမောင်နှမများ မဟုတ်ကြသည်ဖြစ်၍ အသင်းတော်သည် ၎င်းတို့ကို အဘယ်ကြောင့် ရှင်းလင်းမပစ်သနည်း သို့မဟုတ် မနှင်ထုတ်သနည်း” ဟု မေးကောင်းမေးနိုင်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ရွေးချယ်ထားသောလူများက ဤလူတို့အားဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်ယူနိုင်ကြပြီး ထိုသို့ဖြင့် စာတန်၏ အကြံအစည်များကို ထွင်းဖောက်မြင်ကာ စာတန်ကို ငြင်းပယ်နိုင်ကြရန် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်နှင့်တစ်ပြိုင်နက် ဤမယုံကြည်သူများကို ဖယ်ရှားပစ်သင့်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်း၏ ပန်းတိုင်မှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဤမယုံကြည်သူတို့ကို ဖော်ထုတ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ရန် ဖြစ်သည်၊ အကြောင်းမှာ ဤလူတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို လက်ခံပြီး လိုက်စားသောလူများ သာ၍ပင် မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ အသင်းတော်၌ ဆက်လက်နေထိုင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးမျှ ရရှိမည်မဟုတ်ဘဲ ကြီးမားသော အန္တရာယ်သာ ကျရောက်လိမ့်မည်။ ပထမဦးစွာ အသင်းတော်ထဲသို့ ခိုးဝင်ပြီးနောက် ဤမယုံကြည်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ စားသောက်ခြင်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း စိုးစဉ်းမျှ လက်မခံကြပေ။ ၎င်းတို့သည် အခြားသူတို့၏ စိတ်နှလုံးများကို နှောင့်ယှက်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားမှလွဲ၍ အခြားအရာများကို အစဉ်အမြဲ ဆွေးနွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေလျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရုံသာ ပြုကြလိမ့်မည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်ပါက ဘာသာတရားမရှိသူများကဲ့သို့ပင် မကောင်းမှုများကို ကျူးလွန်လျက် သောင်းကျန်းကြလိမ့်မည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်လျက် အသင်းတော်ကို ပုန်းကွယ်နေသည့် အန္တရာယ်များစွာသို့ ကျရောက်စေလိမ့်မည်။ တတိယအချက်မှာ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လျှင်ပင် အစေခံသူများအဖြစ် လိုလိုလားလား ပြုမူဆောင်ရွက်ကြမည်မဟုတ်ဘဲ အစေခံမှုအနည်းငယ်ကို ပြုလုပ်လျှင်ပင် ကောင်းချီးများ ရရှိရန်အတွက်သာ ဖြစ်လိမ့်မည်။ ကောင်းချီးများ မရရှိနိုင်ကြောင်း ၎င်းတို့ သိရှိလာသည့်နေ့ရက် ရောက်လာပါက ၎င်းတို့သည် ဒေါသပေါက်ကွဲကြပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကာ ထိခိုက်စေလိမ့်မည်။ ယင်းကို လက်သင့်ခံမည့်အစား ၎င်းတို့ကို အသင်းတော်မှ တတ်နိုင်သမျှ စောစီးစွာ ရှင်းလင်းပစ်ခြင်းက ပိုကောင်းသည်။ စတုတ္ထအချက်မှာ ဤမယုံကြည်သူတို့သည် ဂိုဏ်းဂဏများ ဖွဲ့ကြရန်နှင့် အန္တိခရစ်တို့ကို ထောက်ခံပြီး လိုက်လျှောက်ကြရန် ဖြစ်နိုင်ချေရှိပြီး အသင်းတော်အတွင်း၌ ယင်း၏အလုပ်အပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် ဆိုးယုတ်သော အင်အားစုတစ်ခုကို ဖန်တီးကြလိမ့်မည်။ ဤအချက်လေးချက်ကို ထောက်ရှု၍ ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဤမယုံကြည်သူတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန်၊ ထို့နောက် ၎င်းတို့ကို ရှင်းလင်းပစ်ရန် လိုအပ်သည်။ ဤသည်မှာ အသင်းတော်၏အလုပ်တွင် ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ပြီး အသင်းတော်အသက်တာကို ပုံမှန်အတိုင်း အသက်ရှင်နေထိုင်နိုင်ကာ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ ဝင်ရောက်နိုင်ကြောင်းကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ ဤမယုံကြည်သူတို့၏ အသင်းတော်ထဲသို့ ခိုးဝင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ကြီးစွာသော အန္တရာယ်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားကြသော လူများစွာ ရှိသည်။ အချို့လူများသည် ၎င်းတို့၌ ဆုကျေးဇူးအနည်းငယ် သို့မဟုတ် အားသာချက်အနည်းငယ် ရှိသည်ကို မြင်တွေ့ရသဖြင့် ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် ရွေးချယ်ကြသည်။ ဤသည်မှာ အသင်းတော်၌ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ ပေါ်ပေါက်လာပုံ ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရကို ကြည့်လျှင် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင် တည်ရှိသည်ကိုလည်းကောင်း၊ သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်းကောင်း မယုံကြည်ကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် မယုံကြည်သူများ ဖြစ်ကြသည်။ ကိုယ်တော်သည် ၎င်းတို့ကို အရေးမစိုက်သည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ အနှစ်သာရကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြသည့်အပြင် ကိုယ်တော်၏ ကြိုတင်သတ်မှတ်ခြင်း သို့မဟုတ် ရွေးချယ်ခြင်းခံရသူများလည်း သေချာပေါက် မဟုတ်ကြပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်စရာ အကြောင်းမရှိပေ။ မည်သို့ပင် ကြည့်ရှုသည်ဖြစ်စေ ဤမယုံကြည်သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြပေ။ ၎င်းတို့ကို ချက်ချင်း တိကျစွာ ပိုင်းခြားသိမြင်သင့်ပြီး ထို့နောက် ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့အား အခြားသူများကို နှောင့်ယှက်လျက် အသင်းတော်၌ ခိုအောင်းနေခွင့် မပြုသင့်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄)

လူအချို့သည် ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူများကို ကိုးကွယ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို အမှန်တကယ် ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ အမြဲ သံသယများရှိကြပြီး ထင်ရှားကာ ထင်ပေါ်ကျော်ကြားသည့် လူတို့၏ စကားများသာ ဩဇာသက်ရောက်မှုနှင့် ဩဇာတိက္ကမပြည့်စုံခြင်းရှိသည်ဟု အမြဲ ယုံကြည်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ငါတို့ ပြည်နယ်ခေါင်းဆောင် အထင်ကြီးစရာကောင်းပုံကို ကြည့်လိုက်ပါ။ ငါတို့ အမျိုးသားစည်းဝေးပွဲများ၏ ထည်ဝါမှု၊ ကြီးကျယ်ခမ်းနားမှု၊ ရင်သပ်ရှုမောဖွယ်ကောင်းမှုတို့ကို ကြည့်ပါ။ ဘုရားအိမ်တော်သည် ထိုအရာများအားလုံးနှင့် ယှဉ်နိုင်ပါသလော”ဟု အမြဲ တွေးနေကြသည်။ ထိုသို့သော အရာတစ်ခုကို ပြောဆိုနိုင်ခြင်းက သင်သည် ဘာသာတရားမရှိသူတစ်ဦး ဖြစ်ကြောင်း ပြပေသည်။ သင်သည် နိုင်ငံရေး၏ ဆိုးယုတ်မှု၊ သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ မှောင်မိုက်မှု၊ သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင်မမြင်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသည့် လူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များက မည်သည့်အရာ ထင်ရှားစေသည်ကို သင် မမြင်နိုင်၊ သို့မဟုတ် နားမလည်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် အလွန်များသည့် သက်သေခံချက်များရှိပြီး ဘုရားသခင် ရွေးချယ်ထားသည့် လူအားလုံးသည် အမြင်ကျယ်ကာ ပြောင်းလဲနေကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အမှုတော်ကို စတင် တွေ့ကြုံကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေကြသည်။ ဘုရားသခင်၏ လူများက သူ့ကို ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းမှ လာသည့် ထိုမြင်ကွင်းကို သင် မြင်နိုင်သလော။ ထိုအရာသည် သင် စိတ်ကူးစိတ်သန်းကို ကျော်လွန်၏။ ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် လောကကြီးထက် အဆတစ်ရာ၊ အဆတစ်ထောင် သာ၍ ကောင်းမွန်ကာ အနာဂတ်တွင် ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် ဆက်လက်၍ ပိုမို ကောင်းမွန်ကာ ပိုမို ပုံမှန်ဖြစ်ပြီး ပိုမို စုံလင်ဖို့သာ ဖြစ်နိုင်ပေသည်။ ဤအရာအားလုံးကို တဖြည်းဖြည်း စွမ်းဆောင်ရရှိထားခြင်း ဖြစ်၍ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်က ဖြစ်မြောက်စေမည့်အရာဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် သူ၏ ရွေးချယ်ခြင်းကို ခံရခြင်းဖြစ်ကာ သူ၏ ကြိုတင်စီမံထားခြင်း ခံရသောကြောင့် လောက၏ လူများထက် များစွာ သာ၍ ကောင်းမွန်သည်မှာ သေချာပေသည်။ ဤအမှန်တရားများကို တစ်စုံတစ်ဦးက မမြင်နိုင်ပါက မျက်ကန်းဖြစ်သည် မဟုတ်လော။ လူအချို့က ကမ္ဘာလောကသည် ကြီးမြတ်သည်ဟု အမြဲ ခံစားကြပြီး စိတ်ထဲတွင် ထင်ရှားကာ ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များကို ကိုးကွယ်နေကြသည် မဟုတ်လော။ ဤထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ ဘုရားသခင်ကို ကျိုးနွံနာခံသော လူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသလော။ သမ္မာတရားကို လက်ခံကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မကောင်းဆိုးဝါးများသာ ဖြစ်၏။ ယင်းကို သင် အမှန်တကယ် မြင်နိုင်ခြင်း မရှိသလော။ ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို သင်ကိုးကွယ်သည်ကို မြင်ရသဖြင့် အဘယ်ကြောင့်များ ဘုရားသခင်ကို သင် ယုံကြည်သနည်း။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးကို သင်တို့ အမှန်တကယ် မည်သို့ ရှုမြင်ကြသနည်း။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ လူအချို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း မရှိရုံမျှသာ မဟုတ်၊ သူ့အတွက် အနည်းငယ်မျှပင် ရိုသေမှု မရှိကြချေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူတို့ကို ချက်ချင်း ထွက်သွားခိုင်းသင့်သည် မဟုတ်လော။ (ထွက်သွားခိုင်းသင့်ပါသည်။) ၎င်းတို့ ထွက်မသွားပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့ကို အမြန် မောင်းထုတ်၊ ရှင်းလင်းလော့။ မယုံကြည်သူများသည် မြင်ရသည်မှာ စက်ဆုပ်ဖွယ်အလွန်ကောင်းသည့် မသတီစရာ ယင်ကောင်များဖြစ်သည်။ ဘုရားအိမ်တော်ကို သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များက အုပ်စိုးပြီး ပြုမူဆောင်ရွက်မှုများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် ရှင်းလင်းပစ်ခြင်းခံရသင့်သည်။ ၎င်းတို့သည် မိမိတို့၏ စကားများဖြင့် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုကြသော်လည်း စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်အပေါ် အထင်သေးပြီး ဘုရားသခင်ကို စက်ဆုပ်ကြသည်။ သင်တို့ကြားတွင် ထိုသို့သော မယုံကြည်သူများ ရောနှောနေစေရန် သင်တို့ လိုလားလျက် ရှိကြပါသလော။ (မလိုလားပါ။) ထို့ကြောင့် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်။ ၎င်းတို့ မည်မျှ ပညာတတ်သည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ လူအချို့က “ယင်းသည် မေတ္တာမထားခြင်းဖြစ်သည် မဟုတ်လော”ဟု မေးကြသည်။ မဟုတ်ပါ၊ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းဖြစ်၏။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ သင်၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားပါစေ၊ သမ္မာတရားကို အားထုတ်ရန် သင်၏အလိုဆန္ဒက မည်မျှကြီးမားပါစေ၊ သို့မဟုတ် ဘုရားသခင်အပေါ်၌ သင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေချာသောအရာတစ်ခုရှိ၏၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး အသက်ဖြစ်သည်။ ဤသည်မှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ ဤအရာသည် သင်၏ကျောက်ဆောင်ဖြစ်သင့်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၏ အခိုင်မာဆုံးအုတ်မြစ်ဖြစ်သင့်သည်။ သင်သည် ဤအရာနှင့်ပတ်သက်၍ သင်၏စိတ်နှလုံးတွင် တိကျသေချာပြီး သံသယမရှိသင့်ပေ။ ဤအရာကိုပင် သင်သံသယရှိပါက ဘုရားအိမ်တော်တွင် သင်သည် ဆက်ရှိနေရန် သင့်တော်ခြင်းမရှိပေ။ လူအချို့က “ကျွန်ုပ်တို့၏ တိုင်းနိုင်ငံသည် ကြီးမြတ်သည့် တိုင်းနိုင်ငံတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ လူမျိုးသည် မြင့်မြတ်သည့် လူမျိုးတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုသည် နှိုင်းယှဉ်၍မရနိုင်ပါ။ သမ္မာတရားကို လက်ခံရန် ကျွန်ုပ်တို့ မလိုအပ်ပါ”ဟု ဆိုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ သဘောထား ဖြစ်သည် မဟုတ်လော။ ထိုအရာသည် မယုံကြည်သူများ၏ သဘောထားဖြစ်ပြီး ထိုသို့သော မယုံကြည်သူများကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။ လူအချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မကြာခဏ ထုတ်ဖော်ကြပြီး တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်သဘောထားသည် အကြောင်းမဲ့ဖြစ်ကာ ထိန်းမနိုင်သိမ်းမရဖြစ်သော်လည်း ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်ပြီး သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း အတိုင်းအတာတစ်ခုကို ကြုံရပါက နောင်တရနိုင်ကြသည်။ ထိုသို့သော လူများကို အခွင့်အရေးတစ်ခု ပေးသင့်၏။ လူတို့သည် အနည်းငယ် မိုက်မဲကြသည်၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြ၊ သို့မဟုတ် ၎င်းတို့ အထင်အမြင်မှားစေခြင်းခံရသည်၊ သို့မဟုတ် မိုက်မဲသည့် အခိုက်အတန့်တစ်ခုတွင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် မရှင်းမလင်းဖြစ်သည့် တစ်စုံတစ်ရာကို ၎င်းတို့ ပြောကောင်းပြောနိုင်သည်၊ သို့မဟုတ် မရှင်းလင်းသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူနေနိုင်သည်။ ဤအရာကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ မိုက်မဲခြင်း၊ မသိနားမလည်မှုနှင့် သမ္မာတရားအပေါ် သိနားလည်မှု ကင်းမဲ့ခြင်းတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ သို့ရာတွင် ထိုသို့သော လူများသည် မယုံကြည်သူများကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤနေရာတွင် လိုအပ်သည့်အရာမှာ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယကို ရှာဖွေရန် ဖြစ်သည်။ နှစ်အတော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိကြလေပြီ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ ဘုရားအိမ်တော်သားများ မဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

ဘုရားသခင်ကို ယုံကြည်သည်ဆိုသော်လည်း လူကို ကယ်တင်ရန် ဘုရားသခင် အမှုပြုပုံဖြစ်စေ၊ သမ္မာတရားကို လူက လိုက်စားသင့်သည်မှာ အဘယ်သို့ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားကို သင် ချစ်ခြင်း ရှိမရှိဖြစ်စေ၊ မည်သည့်အဖြစ်အပျက်များက ဘုရားသခင်ထံ သင်၏ ဆုတောင်းချက်ကို ဖြစ်စေသင့်သည်ဖြစ်စေ မသိဘဲလျက် စိတ်နှလုံးတွင် မကြာခဏ သင် တွေဝေနေပါက၊ အရာရာတွင် အလေးအနက်မရှိဘဲ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရုံမျှရှိလျက် နေ့စဉ် ကမောက်ကမဖြစ်နေပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့၌ ငြိမ်သက်နိုင်စွမ်း မရှိသကဲ့သို့၊ သင့်ထံ တစ်စုံတစ်ရာဖြစ်သောအခါအတိုင်း၊ ဆုမတောင်းပါက သို့မဟုတ် သမ္မာတရားကို မရှာဖွေပါက၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံသကဲ့သို့ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက စိတ်ထဲတွင် သင်သည် စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်ပြီး သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် ထိုသမ္မာတရားကို ဆန့်ကျင်၏။ သို့ဆိုလျှင် ထိုသို့သော လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် သူ၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့၏ စိတ်နှလုံးများသည် သူ၏ရှေ့သို့ မည်သည့်အခါတွင်မျှ ရောက်လာခြင်း မရှိသကဲ့သို့၊ သူ့ကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် ဆုမတောင်းကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ‌သော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် သူ့ကို အလေးအနက် ကိုးကွယ်ခြင်းအား မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်ကြောင်း ထင်ကြ၏။ ၎င်းတို့က မိမိတို့စိတ်နှလုံးများတွင်၊ “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ဆိုကြ၏။ ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရား အမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ဤအရာမှာ ၎င်းတို့ကို မယုံကြည်သူများ မဖြစ်စေသလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ စိတ်တွင် ဤလူတို့သည် မကောင်းမှုပြုသူများသာ ဖြစ်သည်။ တစ်နေ့လုံး ၎င်းတို့ တွေးသမျှ အားလုံးသည် ဆိုးယုတ်၏။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ ကိုယ်ကျင့်တရားပျက်သူများဖြစ်ပြီး ထိုသို့သော လူတို့ကို သူ၏ အိမ်တော်သားများအဖြစ် သူ အသိအမှတ်မပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

အချို့လူများသည် အကြိုက်မတွေ့သော အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် အခြားသူများကို စတင်၍ စောဒကတက်ပြီး အပြစ်တင်ကြသည်။ ၎င်းတို့လုပ်ဆောင်မှုကြောင့် ၎င်းတို့အပေါ် ဤအခြေအနေ ဖြစ်ပျက်ရခြင်းဖြစ်နိုင်သည်ဟု မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ထိုအစား အခြားသူတစ်ဦးအပေါ်ကို အစဉ်သဖြင့် ခေါင်းပုံချကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျေနပ်ရောင့်ရဲမှုကို ခံစားရကာ စိတ်အေးသွားကြပြီး “ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်းပြီး လွယ်ကူသည်” ဟု တွေးထင်ကြသည်။ ပြဿနာများကို ဤနည်းဖြင့် ဖြေရှင်းခြင်းအား သင်မည်ကဲ့သို့သဘောရသနည်း။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရနိုင်သလော။ ထိုအရာက ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းသဘောထားကို ပြသလော။ ထိုသို့သောလူများက မည်သည့်ရှုထောင့်နှင့် မည်သည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲ၏၊ ဖြစ်ရပ်ခပ်သိမ်းနှင့် အရာခပ်သိမ်းတို့သည် သူ၏လက်တော်၌ ရှိ၏” ဟူသော နှုတ်ကပတ်တော်များကို ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာ၌ ကျင့်သုံးထားသလော။ ၎င်းတို့သည် လူ့ဉာဏ်ကို အသုံးပြု၍ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသောအခါ၊ လူ့နည်းလမ်းများဖြင့် ကိစ္စရပ်ကို ဖော်ပြဆွေးနွေးကြသောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်နေကြသလော။ လူများ၊ ဖြစ်ရပ်များနှင့် အခြင်းအရာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို ၎င်းတို့နာခံနေကြသလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ပထမအနေဖြင့် ၎င်းတို့သည် နာခံခြင်းမရှိကြ။ ဤသည်မှာ အမှားတစ်ခုဖြစ်နှင့်ပြီးဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေအပြင် လူများ၊ ဖြစ်ရပ်များနှင့် အခြင်းအရာများကို ဘုရားသခင်ထံမှ ၎င်းတို့လက်မခံနိုင်ကြ၊ ၎င်းတို့သည် အပေါ်ယံကိုကျော်၍ မကြည့်ကြ။ အခြေအနေက အပြင်ပန်းအားဖြင့် မည်သို့ပုံပေါ်သည်ကိုသာ ၎င်းတို့ကြည့်ကြသည်၊ ထိုအချိန်တွင် လူ့ဉာဏ်ကိုအသုံးပြု၍ ယင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြပြီး လူ့နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားကြသည်။ ဤသည်မှာ နောက်ထပ် အမှားတစ်ခုမဟုတ်သလော။ ယင်းက အမှားကြီးပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့လျှင် ထိုသို့ဖြစ်ရသနည်း။ အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို ၎င်းတို့မယုံကြပေ။ အရာရာသည် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ အမှုအရာတစ်ခုကိုမျှ ဘုရားသခင် မအုပ်စိုးသကဲ့သို့ လူသား၏ လုပ်ရပ်များကြောင့် အမှုအရာအများစု ဖြစ်ပျက်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရရှိရသနည်း။ ဘုရားသခင်က အရာရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်သည် ကိစ္စရပ်များအားလုံးနှင့် အရာဝတ္ထုအားလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း၊ အခြေအနေတိုင်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ မိမိတို့ စိတ်ကူးသည့်အတိုင်း တစ်စုံတစ်ရာမဖြစ်လျှင်၊ ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြချေ။ ဤအခြေအနေများကို ဘုရားသခင် စီစဉ်ညွှန်ကြားနိုင်သည်ကို ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ မမြင်နိုင်သောကြောင့်၊ ဤအခြေအနေများသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းထက် လူတို့လုပ်ရပ်များ၏ အကျိုးဆက်တစ်ခုအဖြစ် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြချေ။ ဤသို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်မှု အနှစ်သာရသည် အဘယ်နည်း။ (သူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။) မှန်ပေ၏၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများသည် ဘုရားသခင်ထံမှ မည်သည့်အရာမျှ လက်မခံကြချေ။ ထိုအစား၊ လူသား ရှုထောင့်အမြင်များ၊ ဉာဏ်များနှင့် နည်းစနစ်များကို သုံးလျက် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။ အနာဂတ်၌ ဤကဲ့သို့သောလူစားမျိုးနှင့် သင်တို့ကြုံဆုံရသောအခါ ၎င်းတို့နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုခု သင်တို့၌ စတင်ပြီးရှိသင့်သည်။ အကြောင်းအခြင်းအရာများ ပေါ်ပေါက်လာသောအခါ မယုံကြည်သူများသည် ၎င်းတို့၏ဦးနှောက်များကို အသုံးချခြင်းနှင့် စိတ်ကူးများ ထုတ်ကြခြင်းအရာ၌ ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် လက်ရှိကိစ္စရပ်ကို အစဉ်တစိုက် လေ့လာကြပြီး လူ့နည်းလမ်းများကို သုံးလျက် ထိုအရာကို ဖြေရှင်းရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်က သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာက အရာရာကို လွှမ်းခြုံကြောင်း မယုံကြည်ဘဲ၊ လူ့တွေးခေါ်မျှော်မြင်မှုနှင့် စာတန်ဆန်သော အတွေးအခေါ်များ သုံးလျက်၊ သို့မဟုတ် ဥပဒေအရ လူများနှင့် အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ ဖြစ်ပျက်သမျှတိုင်းကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်သော်လည်း မယုံကြည်သူများသည် ဘုရားသခင်ထံမှ ဤအရာများကို လက်မခံနိုင်ကြသကဲ့သို့၊ လူသားအယူအဆများနှင့် စိတ်ကူးများအရ အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ လူတစ်ဦး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တွင်ရှိကြောင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် လိုလားလျက်ရှိကြကြောင်း မယုံကြည်သူများက ပုံမှန်အားဖြင့် ပြောဆိုကြသော်လည်း၊ အမှုအရာများက ၎င်းတို့အပေါ် အမှန်တကယ် ကျရောက်သည့်အခါ၊ ထိုအရာများကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြသကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလေသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏

လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် မလိုအပ်ဘဲ ငြင်းခုံပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ဆိုးယုတ်ခြင်းမရှိသလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားကို ပြုလုပ်မည်မဟုတ်ပေ။ သို့သော် အဓိပ္ပာယ်မရှိသောသူများသည် ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင်ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ ခက်ခဲအောင်ပြုလုပ်သည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အစဉ် ရန်မူကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားနှင့် ပတ်သက်သောအခါတွင် အားစိုက်ထုတ်ခြင်းမရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အရေးမကြီးသောအရာများကို အငြင်းပွားရန် နှစ်သက်ကြပြီး ရှင်းပြရန် တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤကိစ္စရပ်များကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန် လူသား၏ ဖြေရှင်းချက်များကို အသုံးပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူ့ထံမှ အလွန်ဝေးကွာသည်အထိ လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံမှ ဝေးကွာသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ အမှုအရာများကို အစဉ်သဖြင့် အလွန်အကျွံ စိစစ်ပြီး မလိုအပ်ဘဲ ငြင်းခုံမှုများပြုသူတို့ကို ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။ စကားတတ်သောသူများ၊ အပြောအဆို ပြေပြစ်သောသူများ၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး ပါးနပ်သောသူများ၊ “ငါသည် စကားပြောကောင်းသည်။ အခြားလူများက ငါ့ကို အလွန်လေးစားပြီး အထင်ကြီးသည်။ ရိုသေသည်။ လူတို့က ငါ့အား နားထောင်လေ့ရှိသည်”ဟု ထင်သောသူများရှိသည်။ ဤသည်မှာ အသုံးဝင်သလော။ သင်သည် လူတို့ကြားတွင် ဂုဏ်သိက္ခာကို တည်ဆောက်ပြီးဖြစ်သော်လည်း ဘုရားသခင်ရှေ့တွင် သင်ပြုမူသည့်ပုံစံက ဘုရားသခင်ကို မကျေနပ်စေပေ။ သင်သည် ယုံကြည်ခြင်းမရှိသူတစ်ယောက်ဖြစ်သည်၊ သမ္မာတရားကို မုန်းတီးသည်ဟု ဘုရားသခင်က ဆိုသည်။ လူတို့ကြားတွင် သင်သည် ခေတ်ဆန်ပြီး ပြေပြစ်မှုရှိနိုင်သည်။ အမှုအရာများကို အလွန်ကောင်းစွာ ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်သည်။ မည်သူနှင့်မဆို ဆက်ဆံရေး အဆင်ပြေနိုင်သည်။ အခြေအနေက မည်သို့ဖြစ်စေ အမှုအရာများကို ကိုင်တွယ်ပြီး ဖြေရှင်းရန် နည်းလမ်းကို အစဉ်ရှာကောင်းရှာနိုင်သည်။ သို့သော် သင်သည် ပြဿနာများကို ဖြေရှင်းရန်အတွက် ဘုရားသခင်ရှေ့သို့လာပြီး သမ္မာတရားကို မရှာဖွေပေ။ ဤသို့သောသူများသည် အလွန်ပင် ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင်တို့ကဲ့သို့သောသူများကို အကဲဖြတ်ရာတွင် ပြောစရာတစ်ခုတည်းသာရှိသည်။ “သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်ပြီး ကောင်းချီးများရရန် ဤအခွင့်အလမ်းကို အသုံးချဖို့ သင် ကြိုးစားနေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံသူတစ်ယောက် မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဤအကဲဖြတ်မှုမျိုးကို သင်မည်သို့ ထင်သနည်း။ ဤသည်မှာ သင်တို့ အလိုရှိသည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ လူအချို့မှာ ဂရုမစိုက်ဘဲ “ဘုရားသခင်က ငါတို့ကို မည်သို့မြင်သည်မှာ အရေးမကြီးပေ။ မည်သို့ဆိုစေ ဘုရားသခင်ကို ငါတို့ မြင်နိုင်သည်လည်း မဟုတ်ပေ။ ငါတို့၏ အနီးကပ်ဆုံးပြဿနာသည် ရှေးဦးစွာ ငါတို့အနီးရှိ လူများနှင့် အဆင်ပြေစေရန်ဖြစ်သည်။ မိမိတို့ကိုယ်တိုင်အတွက် ခိုင်မာသော ခြေကုပ်ကို တည်ဆောက်ပြီးသည်နှင့် လူတိုင်းက ငါတို့ကို အထင်ကြီးရန်အလို့ငှာ ခေါင်းဆောင်များ၊ အမှုဆောင်များကို စည်းရုံးနိုင်သည်” ဟု ဆိုသည်မှာ ဖြစ်နိုင်သည်။ ဤလူသည် မည်သည့် လူစားမျိုးဖြစ်သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

များစွာသောလူတို့သည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ၎င်းတို့က မည်သည့်အရာကဲ့သို့ သဘောထားကြသနည်း။ အလုပ်တစ်မျိုး၊ ဝါသနာတစ်မျိုး သို့မဟုတ် မိမိတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့ သဘောထားကြသည်။ ဘုရားသခင် ပေးထားသည့် အထူးတာဝန် သို့မဟုတ် အလုပ်တာဝန်တစ်ခု သို့မဟုတ် ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုကဲ့သို့ သဘောမထားကြပေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်ရန်အလို့ငှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ၎င်းတို့ သာ၍ပင် မကြိုးစားကြပေ။ ထို့ကြောင့် လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် အခက်အခဲအနည်းငယ်ကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် မလိုမလား ဖြစ်လာကြပြီး ရှောင်ရှားချင်ကြလေသည်။ အခက်အခဲအချို့ကို ၎င်းတို့ ကြုံရသည့်အခါ သို့မဟုတ် ဆုတ်ဆိုင်းမှုအချို့ကို ခံစားရသည့်အခါ ၎င်းတို့ တပ်ခေါက်ကာ တစ်ဖန် ရှောင်ရှားချင်ကြသည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ ရှောင်ရှားဖို့အကြောင်းကိုသာ တွေးကြသည်။ လိပ်များကဲ့သို့ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည့်အခါ မိမိတို့ အခွံများထဲတွင်သာ ၎င်းတို့ ပုန်းကွယ်ကြပြီးနောက် ၎င်းတို့ တစ်ဖန် ထွက်မလာမီ ပြဿနာ လွန်သွားသည်အထိတိုင် စောင့်ဆိုင်းကြလေသည်။ ဤကဲ့သို့သော လူများစွာ ရှိသည်။ အထူးသဖြင့် အလုပ်တစ်ခုခုအတွက် တာဝန်ယူရန် စေခိုင်းခံရသည့်အခါ မိမိတို့၏ သစ္စာစောင့်သိမှုများ မည်သို့ပေးနိုင်မည်ကိုဖြစ်စေ၊ ဤတာဝန်အား မည်သို့ ကောင်းစွာ ထမ်းဆောင်ကာ ဤအလုပ်အား လုပ်ဆောင်ရမည်ဆိုသည်ကိုဖြစ်စေ မစဉ်းစားကြသည့် လူအချို့ ရှိကြ၏။ ထို့ထက် တာဝန်ကို မည်သို့ ခေါင်းရှောင်ရမည်၊ ပြုပြင်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ တာဝန်တစ်ခုခုကို ထမ်းပိုးခြင်းအား မည်သို့ ရှောင်းရှားရမည်ဆိုသည်နှင့် ပြဿနာများ သို့မဟုတ် အမှားများ ဖြစ်ပေါ်သည့်အခါ မထိမခိုက်ဘဲ မည်သို့ ထွက်လာရမည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ၎င်းတို့သည် ဦးစွာပထမ မိမိတို့ကိုယ်ပိုင် လွတ်လမ်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် အကျိုးစီးပွားများအား မည်သို့ ဖြည့်ဆည်းရမည်ကိုလည်းကောင်း စဉ်းစားကြသည်။ မိမိတို့၏တာဝန်များအား မည်သို့ ကောင်းစွာထမ်းဆောင်ပြီး မိမိတို့၏ သစ္စာစောင့်သိမှုအား ပေးရမည်ကို မစဉ်းစားကြပေ။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက်မူ အမေကျော် ထွေးတော်လွမ်းဆိုသကဲ့သို့ အသစ်အဆန်းကို မျက်စိကျကြသည်။ ယနေ့တွင် ဤအရာကို လုပ်ဆောင်လိုသည်၊ မနက်ဖြန်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုကြပြီး အခြားလူတိုင်း၏ တာဝန်များက ၎င်းတို့၏ကိုယ်ပိုင်တာဝန်များထက် ပိုကောင်းမွန်ပြီး လွယ်ကူသည်ဟု တွေးထင်ကြလေသည်။ သို့တိုင် သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြချေ။ ၎င်းတို့၏ ဤစိတ်ကူးများနှင့်ပတ်သက်၍ မည်သည့် ပြဿနာများရှိသည်ကို ၎င်းတို့ မစဉ်းစားကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ ၎င်းတို့၏ စိတ်များက ၎င်းတို့၏ အိမ်မက်များ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လိမ့်မည်၊ မည်သူက ကျော်ကြားသည်၊ မည်သူက အထက်မှ အသိအမှတ်ပြုခြင်းကို ရရှိနေသည်၊ မည်သူက ပြုပြင်ခံရခြင်းမရှိဘဲ အလုပ်လုပ်ကာ ရာထူးတိုးနေသည်ဟူသည်တို့ကို အမြဲ အာရုံစိုက်နေသည်။ ၎င်းတို့၏ စိတ်များက ဤအရာများနှင့် ပြည့်နေသည်။ ဤအရာများအကြောင်းကို အမြဲ စဉ်းစားနေသည့် လူတို့သည် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြသလော။ ဤအရာကို ၎င်းတို့ မည်သည့်အခါတွင်မျှ မဖြစ်မြောက်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်လူစားမျိုးက မိမိတို့တာဝန်များကို ဤသို့ ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ကြသလော။ ဦးစွာပထမ အမှုအရာတစ်ခုက သေချာ၏။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် လူမှုအဖွဲ့အစည်းတွင် ၎င်းတို့ ပြည့်စုံလုံလောက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ကောင်းချီးအနည်းငယ် မွေ့လျော်ခံစားရန်၊ ကျော်ကြားလာရန်နှင့် ဘုရားအိမ်တော်တွင် အာရုံစိုက်ခြင်း ခံရသည့်အဖြစ်သို့ရောက်ရှိရန် ကြိုးစားကြလေသည်။ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်ကြ၏။ မယုံကြည်သူများသည် ပြင်ပလောကတွင် ၎င်းတို့အလုပ်လုပ်သကဲ့သို့ ဘုရားအိမ်တော်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ကြသည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက အသင်းတော်ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက ၎င်းအလုပ်ကြောင့် လူတိုင်း၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ချီးမြှောက်ခံရပြီး ထုတ်ဖော်ပြောခြင်းခံရသည် ဆိုသည်တို့ကို ၎င်းတို့ဂရုစိုက်သည်။ ဤအရာများကို ၎င်းတို့ဂရုစိုက်၏။ ဤသည်မှာ ကုမ္ပဏီတစ်ခုကဲ့သို့ပင် ဖြစ်သည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက လစာတိုးသည်၊ မည်သူက ခေါင်းဆောင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ခေါင်းဆောင်နှင့် ရင်းနှီးလာသည်ဆိုသည့် ဤအရာများကို လူတို့က ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဤအရာများကို ဘုရားအိမ်တော်တွင်လည်း ရှာဖွေပြီး တစ်နေကုန် ဤအရာများအပေါ်သာ အာရုံရောက်နေကြသည်ဆိုလျှင် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ အနှစ်သာရတွင် ၎င်းတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ မယုံကြည်သူစစ်စစ်များဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ထမ်းဆောင်ပါစေ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ အလုပ်လုပ်ပေးပြီး ပြုမူဆောင်ရွက်နေလိမ့်မည်ဖြစ်သည်။ မည်သည့်တရားဒေသနာများကို ၎င်းတို့ကြားသည်ဖြစ်စေ သမ္မာတရားကို လက်ခံဦးမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အပြောင်းအလဲကိုမျှ မကြုံရဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ ၎င်းတို့တာဝန်များကို နှစ်မည်မျှကြာ ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပေးအပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ်တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ၎င်းတို့တွင် သစ္စာစောင့်သိမှုမရှိ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်။ သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

ခရစ်တော်အပေါ် စစ်မှန်သော ယုံကြည်ခြင်း လူသား၌မရှိ

အရှေ့သို့- ၃၁။ အန္တိခရစ်လမ်းကြောင်းအား လျှောက်လှမ်းသည့် ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၂။ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။