၆။ အန္တိခရစ်များ စရိုက်ကို ပိုင်းခြားသိမြင်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် ပထမဆုံးသရုပ်သကန်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြစ်ပြီး၊ ယင်းကို ငါတို့က မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုအဖြစ် သတ်မှတ်မည်။ ဤမကောင်းဆိုးဝါးဆန်သော သဘာဝ၏ သရုပ်သကန်မှာ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ သို့မဟုတ် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ထိုသို့သောလူများ ပြောဆိုသောစကားများသည် မြွေနှင့် နတ်ဆိုးများ ပြောဆိုသည့်အရာနှင့် တူညီသည်။ မယုံကြည်ထိုက်ပေ။ လူတစ်ဦးသည် ထိုသို့သောလူများနှင့်ပတ်သက်၍ အထူးသတိထားပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး၊ နတ်ဆိုးများ၏ စကားများကို အလျင်စလို မယုံကြည်ရပေ။ ၎င်းတို့၏ အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့်ဆိုင်သည့် တိကျသောသရုပ်သကန်မှာ လိမ်ညာမှုများသည် ၎င်းတို့၏ လျှာဖျားမှ လွယ်လင့်တကူ ထွက်လာခြင်း ဖြစ်သည်။ ၎င်းတို့ပြောဆိုသော စကားများသည် စဉ်းစားဆင်ခြင်မှု၊ ဆန်းစစ်လေ့လာမှု သို့မဟုတ် ပိုင်းခြားသိမြင်မှုကို မခံနိုင်ပေ။ ၎င်းတို့သည် အချိန်မရွေး လိမ်ညာနိုင်ပြီး၊ အမှုကိစ္စအားလုံး၌ ၎င်းတို့သည် မှန်ကန်သောအရာ မည်သည့်အရာကိုမျှ မပြောနိုင်ကြောင်း၊ ၎င်းတို့ပြောသမျှက လိမ်ညာမှုတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သင်သည် ၎င်းတို့အား ၎င်းတို့၏ အသက်အရွယ်နှင့်ပတ်သက်၍ မေးလျှင်ပင်၊ ၎င်းတို့က၊ “ငါ့အသက်အရွယ်အကြောင်း မေးခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ အသက်ကြီးသည်ဟု ပြောလျှင်၊ ငါ့ကို သူတို့ အထင်သေးပြီး မပျိုးထောင်ဘဲ နေကြမည်လော။ ငါ အသက်ငယ်သည်ဟု ပြောလျှင်၊ ငါ့မှာ အတွေ့အကြုံကင်းမဲ့သည်ဟု ပြောပြီး သူတို့ ငါ့ကို အထင်သေးကြမည်လော။ ငါ မည်သို့ တုံ့ပြန်သင့်သနည်း”ဟု တွေးလျက် ဤအရာကို စဉ်းစားကြလေသည်။ ထိုသို့သော ရိုးရှင်းသည့်ကိစ္စနှင့်ပတ်သက်၍ပင်၊ ၎င်းတို့သည် လိမ်ညာနိုင်သေးပြီး သင့်အား အမှန်တရားကို ပြောရန် ငြင်းဆန်နိုင်သေးသည်။ မေးခွန်းကို သင့်ထံသို့ပင် ပြန်လှည့်ပြီး၊ “သင် မည်သို့ထင်သနည်း”ဟု မေးနိုင်သေးသည်။ သင်က “အသက် ငါးဆယ်လော” ဟု ဆိုသည်။ “နီးစပ်သည်။” “လေးဆယ့်ငါးနှစ်လော။” “နီးစပ်နေပြီ။” ၎င်းတို့သည် သင့်အား တိကျသောအဖြေတစ်ခု ပေးကြသလော။ ၎င်းတို့၏ တုံ့ပြန်မှုများမှတစ်ဆင့်၊ ၎င်းတို့ အသက်မည်မျှရှိသည်ကို သင်သိသလော။ (မသိပါ။) ယင်းမှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။
အန္တိခရစ်များ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု ရှိသေးသည်။ ယင်းမှာ ၎င်းတို့သည် သက်သေခံနေစဉ်တွင်ပင် လိမ်ညာခြင်း ဖြစ်သည်။ မမှန်သော သက်သေကိုခံခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော ကျိန်ခြင်းခံရသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းကိစ္စ၌ပင်၊ ၎င်းတို့သည် လုပ်ကြံဖန်တီးမှု၊ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများကို လုပ်ဆောင်ဝံ့ကြသည်။ ယင်းက အကျိုးဆက်များအတွက် ၎င်းတို့၏ မဆင်မခြင် ဂရုမစိုက်မှုနှင့် ၎င်းတို့၏ မပြောင်းလဲသောသဘာဝကို အမှန်တကယ် ပြသနေသည်တကား။ ၎င်းတို့က မလုပ်ဆောင်နိုင်စဉ်တွင် အခြားသူများက အတွေ့အကြုံနှင့် နားလည်မှုအပေါ် အခြေခံ၍ သက်သေခံသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် အခြားလူများ ပြောဆိုသမျှကို ပြောဆိုပြီး အခြားသူများ ရရှိခဲ့သော တူညီသည့်အတွေ့အကြုံများကို လုပ်ကြံဖန်တီးလျက် ၎င်းတို့ကို အတုခိုးကြသည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို အခြားသူများ နားလည်သကဲ့သို့ နားမလည်ပါက၊ ၎င်းတို့ နားလည်သည်ဟု အခိုင်အမာ ဆိုကြသည်။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ နားလည်မှုနှင့် ဉာဏ်အလင်းရခြင်းများ ၎င်းတို့ ကင်းမဲ့ပါက၊ ထိုအရာများကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်းမရှိခဲ့လျှင်ပင်၊ ဆုံးမပဲ့ပြင်ခဲ့သည်ဟု အခိုင်အမာ ဆိုကြသည်။ ဤကိစ္စ၌ပင် ၎င်းတို့သည် လိမ်ညာပြီး ဟန်ဆောင်နိုင်ကြသည်။ အကျိုးဆက်များ မည်မျှပင် ဆိုးရွားနိုင်စေကာမူ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဝင်စားမှု မပြကြပေ။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ထို့အပြင်၊ ဤကဲ့သို့သောလူများသည် မည်သူ့ကိုမဆို လှည့်စားကြလိမ့်မည်။ အချို့က “မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ်များသည် လူများဖြစ်နေဆဲပင်၊ ၎င်းတို့သည် ၎င်းတို့နှင့် အနီးစပ်ဆုံးသောသူများ၊ ၎င်းတို့ကို ကူညီခဲ့သောသူများ သို့မဟုတ် ၎င်းတို့နှင့်အတူ ဆင်းရဲဒုက္ခများကို မျှဝေခံစားခဲ့သောသူများကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော။ ၎င်းတို့သည် မိသားစုဝင်များကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော”ဟု တွေးကောင်းတွေးနိုင်သည်။ ၎င်းတို့က အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသည်ဟု ဆိုခြင်းက ၎င်းတို့အနေဖြင့် မည်သူကိုမဆို၊ မိဘများ၊ သားသမီးများနှင့် ညီအစ်ကိုမောင်နှမများကိုပင် လှည့်စားနိုင်သည်ဟု သွယ်ဝိုက်ညွှန်းဆိုပေသည်။ ကိစ္စကြီးငယ် နှစ်မျိုးလုံး၌ ၎င်းတို့သည် လူတို့ကို လှည့်စားနိုင်သည်။ ၎င်းတို့ မှန်ကန်စွာ ပြောဆိုသင့်သည့်ကိစ္စများ၊ ထိုသို့ပြုလုပ်ခြင်းက မည်သည့်အကျိုးဆက်မျှ သို့မဟုတ် ၎င်းတို့ကို မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိစေမည့်ကိစ္စများနှင့် ဉာဏ်ပညာကို အသုံးချရန် မလိုအပ်သည့်ကိစ္စများ၌ပင် လှည့်စားနိုင်သည်။ အပြင်လူများအတွက် လိမ်ညာရန် အကြောင်းခိုင်လုံမှုမရှိဟု မြင်သည့်၊ ရိုးရှင်းစွာ ပြောလိုက်လျှင် လွယ်ကူပြီး ပြဿနာမရှိသည့် သေးငယ်သော ကိစ္စရပ်များကိုပင် ဖြေရှင်းရန်အတွက် ၎င်းတို့သည် လူတို့ကို လှည့်စားပြီး လိမ်ညာမှုများကို အသုံးပြုကြသည်။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ အကျင့်ဖြစ်နေသော လိမ်ညာခြင်းကို နတ်ဆိုးများနှင့် စာတန်၏ အဓိကသရုပ်သကန်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်များ၏ လူ့သဘာဝသည် မရိုးသားရုံသာမက၊ စိတ်ချမရဖြစ်စေလျက် အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြင့်လည်း အမှတ်အသားပြုခံရသည်ဟု ငါတို့ ဆိုနိုင်သည် မဟုတ်လော။ (ဆိုနိုင်ပါသည်။) အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်များသည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်းနှင့် ပြစ်တင်ပြောဆိုခြင်းကို ခံရပြီးနောက် မျက်ရည်များကျကာ၊ အပေါ်ယံအားဖြင့် ဘုရားသခင်ကို အကြွေးတင်ကြောင်း အခိုင်အမာဆိုပြီး၊ အနာဂတ်တွင် နောင်တရမည်ဟု ကတိပေးပါက၊ ၎င်းတို့ကို သင် ယုံကြည်ဝံ့သလော။ (မယုံကြည်ဝံ့ပါ။) အဘယ်ကြောင့် မယုံကြည်ဝံ့သနည်း။ အခိုင်လုံဆုံးသော သက်သေအထောက်အထားမှာ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် နောင်တရလျှင်ပင်၊ အသည်းအသန် ငိုကြွေးလျှင်ပင်၊ ရင်ဘတ်ကိုထုပြီး ကျိန်ဆိုလျှင်ပင်၊ ၎င်းတို့ကို မယုံကြည်နှင့်။ အကြောင်းမှာ ၎င်းတို့သည် ဟန်ဆောင်မျက်ရည်များ၊ လူတို့ကို လှည့်စားရန် မျက်ရည်များကို ကျနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ မြွက်ဆိုသော ဝမ်းနည်းမှုနှင့် နောင်တရသည့် စကားများသည် စိတ်ရင်းမှန်မှလာခြင်း မဟုတ်ပေ။ ယင်းတို့သည် အခြေအနေအရ အသုံးချသော ပရိယာယ်များ ဖြစ်ပြီး၊ လိမ်လည်သောနည်းလမ်းများဖြင့် လူတို့၏ ယုံကြည်မှုကို ရရှိရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ လူများရှေ့တွင်၊ ၎င်းတို့သည် အသည်းအသန် ငိုကြွေးသည်၊ အပြစ်ကို ဝန်ခံသည်၊ ကျိန်ဆိုသည်၊ ၎င်းတို့၏ ရပ်တည်ချက်ကို လူသိရှင်ကြား ဖြစ်စေသည်။ သို့ရာတွင်၊ သီးသန့်အားဖြင့် ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများ၊ ၎င်းတို့ အတော်အတန် ယုံကြည်စိတ်ချသူများထံမှ ပြန်ကြားရသည့်အခြေအနေမှာမူ ထိုသို့မဟုတ်ပေ။ လူသိရှင်ကြား အပြစ်ကို ဝန်ခံပြီး မိမိတို့၏ နည်းလမ်းများအား ပြောင်းလဲမည်ဟု ကျိန်ဆိုခြင်းသည် အပေါ်ယံအားဖြင့် စစ်မှန်ပုံရကောင်းရနိုင်သော်လည်း၊ ထိုအရာများ၏ နောက်ကွယ်တွင် ပြောဆိုသည့်အရာက ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှန်ကန်ခြင်းမရှိဘဲ မှားယွင်းကြောင်း၊ လူအများ၏ မျက်စိကို လှည့်စားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့ နောက်ကွယ်တွင် အဘယ်အရာကို ပြောဆိုကြမည်နည်း။ ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှားယွင်းကြောင်း ၎င်းတို့ ဝန်ခံကြမည်လော။ ဝန်ခံမည်မဟုတ်။ အပျက်သဘောဆောင်မှုကို ၎င်းတို့ ဖြန့်ဝေလိမ့်မည်၊ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ကြလိမ့်မည်။ ၎င်းတို့၏ ဝန်ခံမှုများ၊ နောင်တရမှုများနှင့် သစ္စာဆိုမှုများအားလုံးက လူတို့ကို လှည့်စားရန် ရည်ရွယ်သည့် အလိမ်အညာများသာဖြစ်ကြောင်း ဤသို့ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ခြင်းက အတည်ပြုသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ယုံကြည်စိတ်ချနိုင်သလော။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ၎င်းတို့သည် ဝန်ခံခြင်းများကိုပင် လုပ်ကြံဖန်တီးနိုင်သည်။ မျက်ရည်တုများကို ကျနိုင်ပြီး မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲမည်ဟု ကတိပြုနိုင်သည်၊ ၎င်းတို့၏ ကျိန်ဆိုခြင်းပင်လျှင် လိမ်ညာမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု မဟုတ်လော။ “ကျွန်ုပ် ဤမျှသာ နားလည်ပါသည်၊ ကျန်တာကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေပြီး တဖြည်းဖြည်း နားလည်မှု ရရှိရန်အတွက် ညီအစ်ကိုမောင်နှမများ၏ အကူအညီကို မျှော်လင့်ပါသည်”ဟု ၎င်းတို့ ဆိုလျှင်ပင်၊ ဤသည်မှာ ရိုးသားသော သဘောထားနှင့် ဖော်ပြချက် ဖြစ်ပေလိမ့်မည်။ သို့ရာတွင်၊ အန္တိခရစ်များသည် ထိုသို့သော မှန်ကန်သည့်စကားများကို လုံးဝ မပြောဆိုနိုင်ပေ။ ၎င်းတို့က “ရိုးသားစွာ ပြောဆိုခြင်းက လူများအား ကျွန်ုပ်ကို အထင်သေးစေလိမ့်မည်။ ကျွန်ုပ် မျက်နှာပျက်ပြီး နိမ့်ကျသည်ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်၏ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားမည် မဟုတ်လော။ ကျွန်ုပ် အဘယ်သူနည်း။ ကျွန်ုပ် ရှုံးနိမ့်ကြောင်း ဝန်ခံနိုင်မည်လော။ ကျွန်ုပ် နားမလည်လျှင်ပင်၊ ကျွန်ုပ် အလွန်ကောင်းစွာ နားလည်သကဲ့သို့ ဟန်ဆောင်ရမည်။ လူများကို ကျွန်ုပ်လှည့်စားပြီး သူတို့၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၏ ရပ်တည်ချက်ကို အရင်ဆုံး ခိုင်မာအောင် လုပ်ရမည်”ဟု ခံစားကြရသည်။ ဤသည်မှာ အန္တိခရစ်များ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များ စကားပြောဆိုသည့် ရင်းမြစ်နှင့် နည်းလမ်းအပြင်၊ ၎င်းတို့ မြွက်ဆိုသော စကားများမှကြည့်သည့်အခါ၊ ထိုသို့သောလူများသည် မည်သည့်အခါမျှ ရိုးသားမည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ ယင်းမှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၌ ပင်ကိုဖြစ်နေသောကြောင့်၊ ၎င်းတို့သည် အရာရာတိုင်း၌ လူတို့ကို လှည့်စားပြီး ကိစ္စရပ်များကို ဖုံးကွယ်လိုသည်။ မည်သူ့ကိုမျှ စစ်မှန်သော အချက်အလက်များ သို့မဟုတ် တကယ့် အခြေအနေကို သိရှိရန် သို့မဟုတ် မြင်တွေ့ရန် မလိုလားသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အတွင်းကျကျ ဖြစ်တည်မှုက အလွန်အမင်း မှောင်မိုက်နေသည်။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို လူ့သဘာဝ ကင်းမဲ့ပြီး မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု ပိုင်ဆိုင်သည်ဟု ယုံကြည်စိတ်ချစွာ သတ်မှတ်နိုင်သည်။ လိမ်ညာမှုများသည် စဉ်းစားခြင်းမရှိဘဲ ၎င်းတို့၏ လျှာဖျားမှ အလွယ်တကူ ထွက်လာသည်။ ၎င်းတို့ အိပ်မက်ထဲတွင် စကားပြောသည့်အခါ၌ပင် မှန်ကန်သည့်အရာ တစ်စုံတစ်ရာကိုမျှ မပြောဆိုသည့်အထိ ဖြစ်သည်။ ထိုအရာသည် လှည့်ဖြားခြင်း၊ လိမ်ညာမှုများချည်းသာ ဖြစ်သည်။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်များသည် ၎င်းတို့၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းကို မည်သို့ ထင်ရှားပေါ်လွင်စေသနည်း။ (လိမ်ညာမှုများကို လုပ်ကြံဖန်တီးပြီး အခြားသူများကို အမှုဆင်နိုင်သည့် ၎င်းတို့၏ စွမ်းရည်၌ ဖြစ်ပါသည်။) လိမ်ညာမှုများကို လုပ်ကြံဖန်တီးခြင်းနှင့် အခြားသူများကို အမှုဆင်ခြင်းတွင် အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည်လည်းကောင်း၊ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းသည်လည်းကောင်း နှစ်မျိုးလုံး ပါဝင်သည်။ ဤလက္ခဏာရပ်နှစ်ခုသည် အနီးကပ် ဆက်စပ်နေသည်။ ဥပမာအနေနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး တာဝန်မယူလိုပါက အထင်အမြင်မှားစေသော အသွင်အပြင်တစ်ခုကို ဖန်တီးသည်၊ လိမ်ညာစကားများ ပြောဆိုသည်၊ ယင်းက မိမိတို့၏ လုပ်ဆောင်မှုမဟုတ်ဘဲ အခြားတစ်စုံတစ်ဦး၏ လုပ်ဆောင်မှုဖြစ်သည်ဟု လူတို့ကို ယုံကြည်စေသည်။ ၎င်းတို့သည် အပြစ်ကို အခြားတစ်စုံတစ်ဦးအပေါ်သို့ ပုံချပြီး ထိုသူတို့အား အကျိုးဆက်များကို ခံစားစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သည်သာမက သာ၍ပင် မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။ အန္တိခရစ်များ၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ အခြားသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ (၎င်းတို့သည် လူတို့ကို ညှဉ်းပန်းနိုင်သည်၊ တိုက်ခိုက်နိုင်သည်၊ လက်စားချေနိုင်ပါသည်။) လူတို့ကို ညှဉ်းပန်းနိုင်ခြင်းသည် ရက်စက်ပေသည်။ ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်း သို့မဟုတ် ဩဇာအရှိန်အဝါကို ခြိမ်းခြောက်မှုပြုသော မည်သူမဆို၊ သို့မဟုတ် ၎င်းတို့ အကြိုက်မတွေ့သောသူ မည်သူမဆိုကို ၎င်းတို့က တိုက်ခိုက်ရန်နှင့် လက်စားချေရန် မဖြစ်မနေ ကြိုးပမ်းကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့သည် လူတို့ကို ထိခိုက်နစ်နာစေရန် အခြားသူများကိုပင် အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤသည်မှာ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင် “မသိမသာ ဒုက္ခပေးပြီး ရက်စက်သော” ဟူသည့် စကားစုက အန္တိခရစ်များသည် အထူးသဖြင့် မလိုမုန်းထားတတ်ကြောင်း ညွှန်ပြသည်။ ၎င်းတို့အနေဖြင့် လူတို့ကို ဆက်ဆံပြီး အပြန်အလှန် ထိတွေ့ပေါင်းသင်းသည့် နည်းလမ်းသည် အသိစိတ်အပေါ် အခြေမခံသည့်အပြင် ၎င်းတို့သည် ထိုသူတို့နှင့် တန်းတူရည်တူ အဆင့်အတန်းဖြင့် သဟဇာတဖြစ်စွာ အသက်မရှင်ကြပေ။ ယင်းအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အသုံးပြုမှုအတွက် အခြားသူများကို အမြတ်ထုတ်ရန်၊ ထိန်းချုပ်ရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အချိန်တိုင်း ကြိုးပမ်းကြသည်။ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာ၌ ၎င်းတို့၏ ချဉ်းကပ်ပုံသည် ပုံမှန် သို့မဟုတ် ဖြောင့်မတ်ရိုးသားခြင်း မရှိပေ။ ယင်းအစား လူတို့ သတိမမူမိစေဘဲ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ အမြတ်ထုတ်ရန်နှင့် လက်နက်အဖြစ် သိမ်မွေ့စွာ အသုံးချရန် အချို့သော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ မည်သူ့ကိုမဆိုကို ၎င်းတို့ ဆက်ဆံရာတွင် အပေါ်ယံ၌ ကောင်းပုံပေါ်သည်ဖြစ်စေ၊ ဆိုးပုံပေါ်သည်ဖြစ်စေ ရိုးသားစစ်မှန်ခြင်း ဘာဆိုဘာမျှ မရှိပေ။ ၎င်းတို့ အသုံးဝင်သည်ဟု မြင်သောသူများထံသို့ ၎င်းတို့ ချဉ်းကပ်ပြီး အသုံးမဝင်ဟု ယူဆသူများကို မည်သို့မျှ အာရုံမစိုက်ဘဲ ခပ်ကင်းကင်းနေကြသည်။ အတော်အတန် ဟန်ဆောင်မှုကင်းမဲ့သော ပုဂ္ဂိုလ်များ သို့မဟုတ် အားနည်းသော ပုဂ္ဂိုလ်များအပေါ်၌ပင်လျှင် ၎င်းတို့သည် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို ကြံဆအသုံးပြုကြ၍ ထိုသူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ မိမိတို့အတွက် အသုံးချနိုင်အောင် လုပ်ဆောင်ကြ၏။ သို့သော် လူတို့ အားနည်းသောအခါ၊ အခက်အခဲ ရှိသောအခါ သို့မဟုတ် အကူအညီ လိုအပ်သောအခါ အန္တိခရစ်များသည် မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထိုသို့သောလူများအား ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ မပြသကြပေ သို့မဟုတ် အကူအညီ မပေးကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ထိုသူတို့ကို ပို၍ပင် အနိုင်ကျင့်ရန်၊ အထင်အမြင်မှားစေရန်နှင့် အမြတ်ထုတ်ရန် နည်းလမ်းများကိုပင် ကြံဆတတ်ကြသည်။ အကယ်၍ ၎င်းတို့သည် ထိုသူတို့ကို အမြတ်မထုတ်နိုင်ပါက ဘေးဖယ်ထားပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကြင်နာမှု မပြပေ။ ဤအရာ၌ ကြင်နာခြင်းနှင့်ဆိုင်သည့် အရိပ်အယောင်တစ်ခုတလေ ရှိသလော။ ဤသည်မှာ မလိုမုန်းထားခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များက လူတို့နှင့် အပြန်အလှန်ဆက်ဆံသည့် နည်းလမ်းနှင့် အတွေးအခေါ်မှာ ၎င်းတို့အား ထိုးထွင်းသိမြင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အတွက် ကျွန်ခံရန်နှင့် အစဉ်သဖြင့် ၎င်းတို့၏ ထားရာနေစေရာသွား ဖြစ်စေလျက် လူတို့ကို အမြတ်ထုတ်ရန်နှင့် လှည့်စားရန် အကြံအစည်များနှင့် နည်းဗျူဟာများကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ပိုင်းခြားသိမြင်သွားပြီး နောက်ထပ် အမြတ်ထုတ်၍ မရနိုင်တော့သောသူများကို အနိုင်ကျင့်ပြီး ညှဉ်းပန်းနှိပ်စက်နိုင်သည်။ ၎င်းတို့သည် ထိုလူများကို သာမန်ကာလျှံကာပင် အပြစ်တင်နိုင်ကြပြီး ထိုညီအစ်ကိုမောင်နှမများအား ထိုလူများကို စွန့်ပစ်စေရန် ဖန်တီးကြကာ ထို့နောက်တွင် ထိုသူများကို နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပြုကြလေသည်။ တိုတိုပြောရလျှင် အန္တိခရစ်များသည် မသိမသာ ဒုက္ခပေးပြီး ရက်စက်ကြသည်၊ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်း လုံးဝကင်းမဲ့ကြသည်။ အခြားသူများ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ စာနာမှု သို့မဟုတ် ချစ်ခြင်းမေတ္တာ မပြသကြဘဲ အခြားသူများကို မည်သည့်အခါမျှ စစ်မှန်စွာ မကူညီကြပေ။ ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အကျိုးအမြတ်အတွက် ကြံစည်ကြသည်။ မည်သူက ၎င်းတို့ထံ ချဉ်းကပ်သည်ဖြစ်စေ၊ အခက်အခဲရှိသဖြင့် အကူအညီ တောင်းသည်ဖြစ်စေ ၎င်းတို့သည် ထိုသူနှင့်ပတ်သက်၍ အစဉ်သဖြင့် တွက်ချက်မှုများ ပြုလုပ်နေကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ “အကယ်၍ ဤသူကို ငါကူညီလျှင်၊ အနာဂတ်တွင် ၎င်းတို့ထံမှ ငါ အဘယ်အသုံးဝင်မှုကို ရရှိနိုင်မည်နည်း။ သူတို့ ငါ့ကို ကူညီနိုင်ပါမည်လော။ သူတို့သည် ငါ့အတွက် အသုံးဝင်နိုင်ပါမည်လော။ ၎င်းတို့ထံမှ ငါ အဘယ်အရာ ရရှိနိုင်မည်နည်း” ဟူ၍ စဉ်းစားကြလေသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ အမြဲ စဉ်းစားခြင်းသည် ၎င်းတို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော် ရွေးကောက်ပွဲများတွင် အန္တိခရစ်များသည် အဘယ်နည်းလမ်းများကို အသုံးပြုကြမည်နည်း။ (၎င်းတို့သည် မိမိတို့ထက် ပိုတော်သူများကို နှိမ့်ချလျက် အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြမည်ဖြစ်သည်။) အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းသည်လည်း မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
ဟိရိဩတ္တပ ရှိခြင်းသည် ပုံမှန်လူ့သဘာဝ၌ ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဆင်ခြင်တုံတရားရှိခြင်းကို ဆိုလိုသည်။ ဟိရိဩတ္တပ ရှိခြင်းနှင့် ဆန့်ကျင်ဘက် ဝေါဟာရမှာ အဘယ်နည်း။ (အရှက်တရားကို အလေးမထားခြင်းဖြစ်သည်။) အရှက်တရားကို အလေးမထားခြင်း၏ အဓိပ္ပာယ်မှာ မျက်နှာပြောင်တိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းကို ဟိရိဩတ္တပကင်းမဲ့ခြင်းအဖြစ် အကျဉ်းချုပ်နိုင်သည်။ အန္တိခရစ်များသည် မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း၊ ပြီးလျှင် မည်သည့် တိကျသော သရုပ်သကန်များ သို့မဟုတ် ကျင့်ကြံပြုမူမှုများက ၎င်းတို့အနေဖြင့် ဟိရိဩတ္တပကင်းမဲ့ပြီး အရှက်တရားကို အလေးမထားကြောင်း ပြသသနည်း။ အန္တိခရစ်များသည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပွင့်လင်းစွာ ယှဉ်ပြိုင်ကြသည်။ ယင်းမှာ ဟိရိဩတ္တပကင်းမဲ့ပြီး အရှက်တရားကို အရေးမထားခြင်း ဖြစ်သည်။ အန္တိခရစ်များသာလျှင် အဆင့်အတန်းနှင့် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် သူနှင့် ပွင့်လင်းစွာ ပြိုင်ဆိုင်နိုင်သည်။ လူတို့ လိုလားလျက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အန္တိခရစ်များသည် ၎င်းတို့ကို ထိန်းချုပ်လိုကြသည်။ ၎င်းတို့၌ တတ်နိုင်စွမ်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အန္တိခရစ်များသည် အဆင့်အတန်းအတွက် ကြိုးပမ်းလိုကြပြီး ထိုအဆင့်အတန်းကို ရရှိပြီးနောက် အသင်းတော်ကို ခိုကပ်ကြကာ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများထံမှ စားသောက်ကြပြီး၊ မိမိတို့ကိုယ်တိုင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ၎င်းတို့အား ထောက်ပံ့ကျွေးမွေးစေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် အသက်ကို လုံးဝ မပေးကမ်းသည့်အပြင်၊ ၎င်းတို့ကို နားထောင်စေခြင်း၊ အစေခံစေခြင်းနှင့် မိမိတို့အတွက် ကျွန်ခံစေခြင်းတို့ကို ပြုလုပ်စေလျက် မိမိတို့၏ အာဏာအောက်သို့ ခေါ်ဆောင်ချင်ကြပြီး လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏ ကိုယ်ပိုင်နေရာကို တည်ထောင်လိုကြသည်။ အကယ်၍ သင်သည် အခြားသူများ၏ ကောင်းကြောင်းကို ပြောဆိုပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ ကြီးမြတ်လှသော ကြင်နာမှု၊ ကျေးဇူးတော်၊ ကောင်းချီးများနှင့် အနန္တတန်ခိုးကို ချီးမွမ်းပါက ၎င်းတို့ မပျော်မရွှင်ဖြစ်ပြီး မကျေမနပ် ဖြစ်ကြသည်။ ၎င်းတို့က သင့်အား မိမိတို့ကို အမြဲတမ်း အမွှမ်းတင်စေလိုသည်၊ သင့်စိတ်နှလုံးထဲ၌ ၎င်းတို့အတွက် နေရာတစ်ခု ရှိစေလိုသည်၊ ၎င်းတို့ကို ရိုသေပြီး အားကိုးစေလိုကာ၊ ယင်းမှာ အနည်းငယ်မျှ ရောနှောပါဝင်ခြင်းမရှိရပေ။ သင်ပြုလုပ်သမျှ အရာတိုင်းသည် ၎င်းတို့အတွက်ဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့ကို ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်သည်။ အကြိမ်တိုင်း၊ သင်ပြောဆိုကာ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့၏ အတွေးအခေါ်များနှင့် ခံစားချက်များကို ထည့်သွင်းစဉ်းစားလျက် ၎င်းတို့ကို ရှေ့တန်းတင်ရမည်။ ဤသည်မှာ ဟိရိဩတ္တပကင်းမဲ့ပြီး အရှက်တရားကို အရေးမထားခြင်း မဟုတ်လော။ အန္တိခရစ်များသည် ဤသို့ ပြုမူကြသည် မဟုတ်လော။ (ပြုမူကြပါသည်။) အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ခိုးယူပြီး ဖြုန်းတီးကာ၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို မိမိတို့အတွက် သိမ်းပိုက်ကြသည်။ ဤသည်မှာလည်း ဟိရိဩတ္တပနှင့် အရှက်တရားကို အရေးမထားခြင်း ဖြစ်သည်။ ယင်းမှာ အလွန် သိသာထင်ရှားလှပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဟိရိဩတ္တပကင်းမဲ့ပြီး အရှက်တရားကို အရေးမထားကြောင်းကို အခြားမည်သို့ ထင်ရှားပေါ်လွင်စေသေးသနည်း။ ၎င်းတို့က တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်မိသောအခါ နောင်တရရန် မသိကြသည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲ၌ အပြစ်ရှိစိတ်ကို မထားရှိကြပေ။ မည်သို့ ပြန်လည် ပြုပြင်မှုများ ပြုလုပ်ရမည် သို့မဟုတ် နောင်တရရမည်ကို ၎င်းတို့ မဆင်ခြင်ကြသည့်အပြင်၊ ၎င်းတို့၏ လုပ်ရပ်များက မျှတသည်ဟုပင် ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းနှင့် ရင်ဆိုင်ရသောအခါ မတရားဆက်ဆံခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အဆက်မပြတ် ငြင်းခုံပြီး တစ်ပတ်ရိုက်မှုကို လုပ်ဆောင်ကြသည်။ ဤသည်မှာ ဟိရိဩတ္တပကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အကြိမ်တိုင်းတွင် ၎င်းတို့သည် အခြားသူများကို ဟောပြောကြပြီး၊ အခြားသူများကို ၎င်းတို့ ဝိညာဉ်ရေးရာပြည့်ဝကြောင်းနှင့် သမ္မာတရားကို နားလည်ကြောင်း ထင်မြင်စေလျက်၊ အနှစ်မဲ့သော သီအိုရီများဖြင့် လူတို့ကို အထင်အမြင်မှားစေကြသည်။ ၎င်းတို့သည် မိမိတို့ မည်မျှ အလုပ်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်း မကြာခဏ ကြွားဝါကြကာ၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ညီအစ်ကိုမောင်နှမများ၏ ဧည့်ခံခြင်းနှင့် ဂရုစိုက်မှုကို ခံစားထိုက်သည်ဟု ဆိုကြပြီး၊ ထိုသို့ဖြင့် အသင်းတော်ကို ပုံမှန်ကိစ္စတစ်ခုအဖြစ် မှီခိုကပ်ရပ်ကြသည့်အပြင်၊ အရသာရှိသော အရာများကိုလည်း စားသောက်လိုပြီး အထူးအခွင့်အရေးကို ခံစားလိုကြသည်။ ဤသည်မှာ ဟိရိဩတ္တပကင်းမဲ့ခြင်းနှင့် အရှက်တရားကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ထို့ပြင်၊ အရည်အချင်း ညံ့ဖျင်းကြောင်း၊ သမ္မာတရားကို နားမလည်ကြောင်းနှင့် လက်တွေ့ကျင့်သုံးခြင်း၏ စည်းမျဉ်းများကို ရှာမတွေ့နိုင်ကြောင်း ရှင်းလင်းစွာ သိသာနေသည့်အပြင်၊ မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသော်လည်း၊ ၎င်းတို့သည် အရာရာတိုင်း၌ လုပ်နိုင်စွမ်းရှိပြီး ကောင်းမွန်သည်ဟု ကြွားဝါကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ရှင်းလင်းစွာပင် ဘာမျှမဟုတ်သော်လည်း၊ လူတို့ ၎င်းတို့ကို လေးစားပြီး အားကိုးစေရန်အလို့ငှာ အရာရာတိုင်းကို သိသကဲ့သို့ ဟန်ဆောင်ကြသည်။ အကယ်၍ မည်သူမဆို ပြဿနာများရှိသော်လည်း ၎င်းတို့၏ အကြံဉာဏ်ကို မတောင်းခံဘဲ၊ အခြားလူများကို ယင်းအစား မေးမြန်းပါက၊ ၎င်းတို့သည် ဒေါသထွက်ခြင်း၊ မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ ဖြစ်လာကြပြီး၊ ထိုသူကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းရှာကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့သည် မကြာခဏ လိမ်ညာတတ်ကြောင်း၊ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြောင်း သိသာထင်ရှားသော်လည်း၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိသကဲ့သို့၊ ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးပြီး ချစ်မြတ်နိုးတော်မူသကဲ့သို့ ဟန်ဆောင်ကြသည်၊ အခွင့်အရေးတိုင်း၌ ၎င်းတို့သည် ဆင်းရဲဒုက္ခကို အလွန် ခံနိုင်ရည်ရှိသကဲ့သို့၊ ကျိုးနွံနာခံနိုင်သကဲ့သို့၊ သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်သကဲ့သို့၊ ပင်ပန်းသောအလုပ် သို့မဟုတ် ဝေဖန်မှုကို မကြောက်ရွံ့သကဲ့သို့၊ မည်သည့်အခါမျှ မညည်းညူသကဲ့သို့ ဟန်ဆောင်ကြသည်၊ သို့သော် လက်တွေ့တွင်မူ ၎င်းတို့သည် မကျေမနပ်မှုဖြင့် ပြည့်နေကြသည်။ မည်သည့်နားလည်မှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်ခြင်း၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းနှင့် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့နေသော်လည်း၊ ၎င်းတို့သည် လူတို့ကို ၎င်းတို့ အလွန် ဝိညာဉ်ရေးရာကျပြီး နားလည်မှုများစွာ ရှိသည်ဟု ရှုမြင်စေရန်အလို့ငှာ မိမိတို့၏ ကိုယ်ပိုင်အသိပညာနှင့်ပတ်သက်၍ အနှစ်မဲ့သောနည်းလမ်းဖြင့် ပြောဆိုလျက်၊ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်ခြင်းတို့၌ ပါဝင်ပတ်သက်ကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့၌ များပြားသော ပြဿနာများနှင့် မကောင်းသော လူ့သဘာဝ ရှိကြောင်း ရှင်းလင်းစွာ သိသာနေသော်လည်း၊ ၎င်းတို့သည် မည်သည့်သစ္စာစောင့်သိမှုမျှမရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြောင်းနှင့် ၎င်းတို့ လုပ်ဆောင်သမျှ မည်သည့်အလုပ်၌မဆို မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်နှင့် ပါးနပ်မှုအပေါ်သာ မှီခိုကြောင်း၊ သမ္မာတရားကို လုံးဝ မရှာဖွေကြောင်း၊ သို့တိုင် ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်ကြောင်း၊ အလွန် ဝိညာဉ်ရေးရာကျပြီး အစွမ်းအစရှိကြောင်းနှင့် လူအများစုထက် သာလွန်ကြောင်းကိုမူ ယုံကြည်နေဆဲ ဖြစ်သည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဤအရာများသည် အန္တိခရစ်များ၏ လူ့သဘာဝ ကင်းမဲ့ခြင်း၏ သရုပ်သကန်များ မဟုတ်လော။ ၎င်းတို့သည် ထိုသို့သောအရာများကို မကြာခဏ ထုတ်ဖော်ပြသကြသည် မဟုတ်လော။ ရှင်းလင်းစွာပင်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်မှု ကင်းမဲ့ကြပြီး၊ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ လက်တွေ့ကျင့်သုံးခြင်း၏ မည်သည့်စည်းမျဉ်းကိုမျှ မတွေ့ရှိနိုင်သော်လည်း၊ ရှာဖွေရန် သို့မဟုတ် မိတ်သဟာယဖွဲ့ရန် ငြင်းပယ်ကြသည်၊ ၎င်းတို့သည် အလုပ်ပြီးမြောက်ရန် မိမိတို့၏ ကိုယ်ပိုင်ပါးနပ်မှု၊ အတွေ့အကြုံနှင့် အသိဉာဏ်အပေါ် မှီခိုကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လိုခြင်း၊ အခြားသူများကို ညွှန်ကြားလိုခြင်းနှင့် လူတိုင်းကို ၎င်းတို့အား နားထောင်စေလိုခြင်းတို့ကိုပင် ဆန္ဒရှိကြပြီး၊ မည်သူမဆို နားမထောင်ပါက ဒေါသထွက်ကာ စိတ်ဆိုးကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့၌ ရည်မှန်းချက်များ၊ ဆုကျေးဇူးများနှင့် ပါးနပ်မှုအနည်းငယ် ရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်၌ အမြဲတမ်း လူအများကြားတွင် ထင်ပေါ်လိုကြပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို အရေးကြီးသော ရာထူးများ၌ ထားရှိပြီး ပျိုးထောင်ပေးစေလိုကြသည်။ အကယ်၍ ၎င်းတို့ ပျိုးထောင်ခြင်း မခံရပါက၊ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ပြီး မကျေမနပ်ဖြစ်ကာ၊ ဘုရားအိမ်တော်သည် မမျှတကြောင်း၊ အရည်အချင်းရှိသောလူများကို အသိအမှတ်မပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ ထူးကဲသော စွမ်းရည်များကို ရှာဖွေတွေ့ရှိရန် ဘုရားအိမ်တော်၌ အရည်အချင်းကို အကဲဖြတ်နိုင်သူမရှိကြောင်း ညည်းညူကြသည်။ အကယ်၍ ၎င်းတို့ ပျိုးထောင်ခြင်း မခံရပါက၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ကြိုးစားလုပ်ဆောင်လိုခြင်း၊ ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံလိုခြင်း သို့မဟုတ် အဖိုးအခကို ပေးဆပ်လိုခြင်းတို့ မရှိတော့ပေ၊ ယင်းအစား၊ ၎င်းတို့သည် အလုပ်မှ ရှောင်ထွက်ရန် မိမိတို့၏ ပါးနပ်မှုကို အသုံးချလိုကြရုံသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌၊ ဘုရားအိမ်တော်ရှိ တစ်စုံတစ်ယောက်က ၎င်းတို့ကို လေးစားပြီး ချီးမြှောက်ကာ၊ ၎င်းတို့ကို အခြားသူများထက် သာလွန်စေပြီး ဤနေရာ၌ ၎င်းတို့၏ ကြီးကျယ်သော အစီအစဉ်များကို အကောင်အထည်ဖော်ခွင့်ပြုမည်ဟု မျှော်လင့်ကြသည်။ ဤအရာများသည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မဟုတ်လော။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ အဖြစ်အများဆုံးသော သရုပ်သကန် မဟုတ်လော။ အကယ်၍ သင်သည် အမှန်တကယ် စွမ်းရည်များ ရှိပါက၊ သင်သည် သမ္မာတရားကို လိုက်စားသင့်သည်၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်သင့်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် သင့်ကို သဘာဝကျကျ လေးစားကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား တစ်စုံတစ်ရာကိုမျှ မပိုင်ဆိုင်ဘဲ ထင်ပေါ်ကျော်ကြားလိုစိတ် အမြဲ ရှိနေသေးပါက၊ ယင်းမှာ အလွန်တရာ ဆင်ခြင်တုံတရား ကင်းမဲ့လှပေသည်တကား။ အကယ်၍ သင်၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများလည်း ရှိပြီး၊ ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ရန် အမြဲ လိုလားနေပါက၊ သင်သည် ကျရှုံးရန် သေချာပေသည်။ လူ့အဖွဲ့အစည်း၌ တစ်ချိန်က အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအချို့ကို ပိုင်ဆိုင်ခဲ့ပြီးနောက်၊ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ အိမ်တော်သို့ ဝင်ရောက်ပြီးနောက်တွင် ဩဇာအာဏာပြလိုကြသည်၊ အဆုံးအဖြတ်စကား ပြောဆိုလိုကြပြီး လူတိုင်းကို ၎င်းတို့၏ အမိန့်များကို နာခံစေလိုကြသည်။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းများနှင့် အလုပ်အတွေ့အကြုံများကို ချပြလိုကြသည်၊ ၎င်းတို့သည် လူတိုင်းကို မိမိတို့အောက် နိမ့်ကျသည်ဟု မှတ်ယူပြီး လူတိုင်း မိမိတို့၏ အာဏာကို လက်အောက်ခံသင့်သည်ဟု ထင်ကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဟုတ်ပေသည်။ လူအချို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အကျိုးရလဒ်အချို့ ရရှိပြီး ပံ့ပိုးကူညီမှုအချို့ ပြုလုပ်သောအခါ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အကြီးအကဲများ၊ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် အထူးပုဂ္ဂိုလ်များအဖြစ် ကြီးစွာသော လေးစားမှုဖြင့် ဆက်ဆံစေလိုကြသည်။ ၎င်းတို့သည် လူတို့ ၎င်းတို့ကို အားကိုးစေလိုခြင်း၊ နောက်လိုက်စေလိုခြင်းနှင့် နားထောင်စေလိုခြင်းတို့ကိုပင် လိုလားကြသည်။ ၎င်းတို့သည် အသင်းတော်၏ ခေါင်တိုင် ဖြစ်လာရန် ရည်မှန်းကြသည်၊ ၎င်းတို့သည် အရာရာတိုင်းကို ဆုံးဖြတ်လိုကြသည်၊ တရားစီရင်လိုကြပြီး ကိစ္စရပ်အားလုံး၌ အဆုံးအဖြတ်စကား ပြောဆိုလိုကြသည်။ အကယ်၍ မည်သူမျှ ၎င်းတို့ ပြောဆိုသည့်အရာကို နားမထောင် သို့မဟုတ် လက်မခံပါက၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စွန့်လွှတ်လိုကြပြီး၊ အလုပ်ကို ဖြိုဖျက်ကာ အခြားလူတိုင်းကို လှောင်ပြောင်လိုကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ အရှက်တရားကို ဂရုမစိုက်ခြင်းအပြင်၊ ၎င်းတို့သည် အထူးသဖြင့် မလိုမုန်းထားတတ်ကြသည်၊ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း”၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး အရေးလုပ်မည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို “တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်”ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်က စီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများက ဖျက်လိုဖျက်ဆီးပြုလုပ်သည့်အခါ၊ နှောင့်ယှက်သည့်အခါ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး၏ ဒုစရိုက်အမှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ သို့ရာတွင် ၎င်းတို့သည် စစ်မှန်သော အလုပ်မလုပ်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားကြောင်းကို တစ်စုံတစ်ဦးက ၎င်းတို့ကို တိုင်ကြားပြီး ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း သိရှိအောင် လုပ်ဆောင်ရန် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏ အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ ၎င်းတို့ကို တိုင်ကြားရာတွင် ပါဝင်နေခဲ့သည့်လူတိုင်းကို ၎င်းတို့ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်မှုကိုပင် ခံစားနိုင်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းတွင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၏ အနှစ်သာရသည် သိသာသည်။ ဤအမျိုးအစားကို ၎င်းတို့ ဖော်ပြခြင်းသည် အထူးပင် ထင်ရှားသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခု အပ်နှံသည်။ ဤအလုပ်က ကျော်ကြားမှုရှိပြီး အကျိုးအမြတ်ရစေလျှင်၊ ၎င်းတို့၏ မျက်နှာကို ပြခွင့်ပေးလျှင် ၎င်းတို့က အလွန်စိတ်ဝင်စားကြပြီး လက်ခံလိုစိတ်ရှိကြသည်။ ဤအလုပ်သည် ကျေးဇူးတင်ခံရခြင်း မရှိသော၊ သို့မဟုတ် လူများကို စိတ်ဆိုးစေရန် ပြုလုပ်ခြင်းပါဝင်သော သို့မဟုတ် ၎င်းတို့၏ မျက်နှာကို ပြခွင့်မပေးသော သို့မဟုတ် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို အကျိုးမဖြစ်စေသော အလုပ်ဖြစ်လျှင် ၎င်းတို့က စိတ်ဝင်စားခြင်းမရှိဘဲ လက်ခံမည်မဟုတ်ပေ။ ဤအလုပ်က ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့က အခက်အခဲများကို ရင်ဆိုင်ရသောအခါ အဘက်ဘက်မှ ခြုံငုံကြည့်ဖို့ ကြိုးစားပြီး အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားမှု တစ်ခုခုရှိရန်မဆိုထားနှင့်၊ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ချေပင် မရှိပေ။ ဥပမာ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ် အတွင်းတွင် အလုပ်အားလုံး၏ လိုအပ်ချက်များကို အခြေခံပြီး အမှုထမ်းအချို့ကို ပြောင်းရွှေ့မှုများ ရှိနိုင်သည်။ လူအချို့ကို အသင်းတော်မှ ပြောင်းရွှေ့လျှင် ဤကိစ္စကို ကိုင်တွယ်ရန် အသင်းတော်ခေါင်းဆောင်များအတွက် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ မည်သည့်အရာ ဖြစ်မည်နည်း။ အဘက်ဘက်မှ အကျိုးစီးပွားများအားလုံးထက် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်အကျိုးစီးပွားကိုသာ အရေးစိုက်လျှင်၊ ၎င်းတို့သည် ထိုလူများအား ပြောင်းရွှေ့ဖို့ လုံးဝ မလိုလားလျှင် ပြဿနာက အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်အနေဖြင့် အဘယ်ကြောင့် ဘုရားအိမ်တော်၏ ဗဟိုမှချုပ်ကိုင်သော အစီအစဉ်များအားလုံးကို မကျိုးနွံမနာခံနိုင်ကြသနည်း။ ဤသို့သောသူသည် ဘုရားရည်ရွယ်ချက်များကို အလေးထားသလော။ အလုပ်အပေါ် အဘက်ဘက်မှ ခြုံငုံကြည့်ခြင်းကို အာရုံစိုက်သလော။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်အားလုံးကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်၏ အကျိုးစီးပွားများကိုသာ စဉ်းစားလျှင် ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများတို့ကို အကြွင်းမဲ့ နာခံသင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား သို့မဟုတ် သူ၏ ဆုံးဖြတ်ချက်ကို ခံရမည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောလူများက နာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအစီအစဉ်များကို မည်သူမျှ အာခံ၍မရနိုင်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ထင်ရာမြင်ရာလုပ်သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်မှသာ ဤအခြေအနေတွင် ဤအစီအစဉ်ကို မနာခံခြင်း ပြုလုပ်နိုင်သည်။ စည်းမျဉ်းများနှင့်အညီ ပုံမှန်ရွှေ့ပြောင်းမှုကို ပြုလုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးက နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး “သင်၏အလုပ်” နှင့် “ကျွန်ုပ်၏အလုပ်” ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဤသင့်တော်သည့်လူများကို ၎င်းတို့အနီးတွင် ထားရှိရန် မမှန်ကန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြသည်။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက် သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီး လူတို့အား ပြောင်းရွှေ့ခြင်းအားဖြင့် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရအောင် ပြုလုပ်သည်။ ဤသည်မှာ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ ဘာသာတရားမရှိသူများက အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ် ကြိုးစားပြီး ကာကွယ်နေသည့် လူများသည် လူကောင်းများ ဖြစ်သလော။ ၎င်းတို့သည် စည်းမျဉ်းအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။ အစွမ်းအစကောင်း ရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်လက်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် အသင်းအဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ “ညာလက်ရုံး” ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ရလဒ်များနှင့် တိုးတက်မှုကို ထိခိုက်မည်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ရလဒ်များကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြုလုပ်လျှင် ၎င်းတို့က များစွာ စောဒကတက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် စွန့်လွှတ်လိုက်ချင်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က ဗဟိုမှ စီမံခန့်ခွဲသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် “ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်” ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်ကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော ပိုင်ဆိုင်မှုအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် အစဉ်သဖြင့် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် ဩဇာအာဏာကြီးသောသူများ၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲများဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်တို့၏ လူ့သဘာဝက စက်ဆုပ်ဖွယ်ကောင်းပြီး ရွံလည်းရွံရှာဖွယ်ဖြစ်သော အရာတစ်ခုကိုလည်း ပိုင်ဆိုင်သည်။ ယင်းမှာ ၎င်းတို့သည် အာဏာရှိသူတို့ထံ တွယ်ကပ်နေပြီး အားနည်းသူကို ဖိနှိပ်ခြင်း ဖြစ်သည်။ အသင်းတော်၌ဖြစ်စေ၊ လောက၌ဖြစ်စေ အချို့သော နာမည်ကြီးပုဂ္ဂိုလ်များ သို့မဟုတ် အာဏာ သို့မဟုတ် အဆင့်အတန်းရှိသော လူများ ရှိပါက ထိုသူတို့က မည်သူပင်ဖြစ်စေ အန္တိခရစ်တို့က ထိုလူတို့နှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲ၌ အဆုံးမရှိသော အားကျမှုနှင့် လေးစားကြည်ညိုမှုကို ထားရှိကြပြီး ထိုလူတို့ကို မျက်နှာလိုအားရပင် လုပ်ကြသည်။ ခရစ်ယာန်ဘာသာကို ၎င်းတို့ ယုံကြည်ကြသည့်အခါ နိုင်ငံရေး အကြီးအကဲအချို့မှာ ယုံကြည်သူများဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာဆိုကြပြီး ဘုရားသခင်၏ ဤနောက်ဆုံးသော ကာလ အမှုတော် အဆင့်ကို ၎င်းတို့ လက်ခံကြချိန်တွင် ထင်ရှားသော ဂိုဏ်းဂဏများမှ သင်းအုပ်ဆရာအချို့လည်း ထိုအမှုတော်အဆင့်ကို လက်ခံကြပြီးဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို အထင်ကြီးဖွယ်ရာ ခေါင်းစဉ်တစ်ခု အမြဲတမ်း ပေးကြသည်။ နာမည်ကြီးပုဂ္ဂိုလ်များကို ၎င်းတို့က အမြဲ ရိုသေလေးစားပြီး အတုယူကြကာ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသော တစ်စုံတစ်ဦးကို အနည်းဆုံးအနေဖြင့် တွယ်ကပ်နိုင်သည့်အခါတွင်သာ ၎င်းတို့ ကျေနပ်မှု ခံစားရသည်။ အဆင့်အတန်းရှိသော လူများနှင့် ပတ်သက်လာသည့်အခါ ထိုသူတို့က လူကောင်းများဖြစ်စေ၊ လူဆိုးများဖြစ်စေ အန္တိခရစ်တို့သည် မမောနိုင်မပန်းနိုင် ကပ်ပါးရပ်ပါးလုပ်ကြပြီး မြှောက်ပင့်ကာ ဖော်လံဖားကြသည်။ ၎င်းတို့အတွက် လက်ဖက်ရည် ကမ်းခြင်းနှင့် ဆီးအိုး သွန်ပေးခြင်းကိုပင် ၎င်းတို့ လိုလိုလားလား ရှိကြသည်။ အခြားတစ်ဖက်တွင်မူ အဆင့်အတန်းမရှိသူများနှင့် ဆက်ဆံသောအခါ ဤပုဂ္ဂိုလ်များ မည်မျှပင် တည်ကြည်ဖြောင့်မတ်၊ ရိုးသားပြီး ကြင်နာသည်ဖြစ်စေ အန္တိခရစ်တို့က အခွင့်အရေးရတိုင်း ၎င်းတို့ကို အနိုင်ကျင့်ပြီး နင်းခြေကြသည်။ မည်သူမည်ဝါသည် လူ့အဖွဲ့အစည်း၌ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပုံ၊ မည်သူမည်ဝါ၏ ဖခင်သည် မည်မျှ ချမ်းသာသည်၊ မည်သူမည်ဝါ၌ ငွေမည်မျှ ရှိသည်ဟူသည်နှင့် မည်သူမည်ဝါ၏ မိသားစု သို့မဟုတ် ကုမ္ပဏီက မည်မျှ ကြီးမားသည်ဟူသည်တို့ကို ၎င်းတို့ မကြာခဏ ကြွားဝါကြပြီး လူ့အဖွဲ့အစည်း၌ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အလေးထားကြသည်။ အသင်းတော်၌ရှိသော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် စပ်လျဉ်း၍ ၎င်းတို့က မည်သည့်ဒုစရိုက်အမှုများကို ကျူးလွန်သည်ဖြစ်စေ အန္တိခရစ်တို့သည် ၎င်းတို့ကို ဘယ်သောအခါမျှ တိုင်ကြားခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မပြုကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အား ပြောသမျှကို လုပ်ဆောင်လျက် ထိုသူတို့နောက်သို့ နီးကပ်စွာ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့လိုက်သော မည်သည့်အဆင့်ရှိ ခေါင်းဆောင်မဆို၏ နောက်လိုက်များ၊ လက်ပါးစေများနှင့် ကျွန်များ ဖြစ်လာကြသည်။ အာဏာ၊ သြဇာလွှမ်းမိုးမှု၊ ဓနဥစ္စာနှင့် အဆင့်အတန်းရှိသောသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် ထူးကဲစွာပင် ခယဝပ်တွားပုံပေါ်သည်၊ နှိမ့်ချပြီး အသုံးမကျသည့်ပုံ ပေါ်ကြသည်။ ၎င်းတို့သည် အလွန် နာခံတတ်ပြီး ကျိုးနွံတတ်ကြကာ ထိုလူများ ပြောသမျှ အရာရာတိုင်းကို ခေါင်းညိတ်ပြီး လိုက်နာကြသည်။ သို့ရာတွင် အဆင့်အတန်းမရှိသော သာမန်လူများနှင့် ဆက်ဆံသောအခါ၌မူ ၎င်းတို့သည် အခြားဟန်ပန်တစ်မျိုး ပြောင်းသွားကြသည်၊ ၎င်းတို့သည် မိမိတို့မှာ မရှုံးနိမ့်နိုင်ဘဲ မည်သူ့ထက်မဆို ပို၍ အင်အားကြီးကာ မြင့်မြတ်နေသည့်အလား အထက်စီးရလိုစိတ်ဖြင့် လူတို့ကို လွှမ်းမိုးရန် ဩဇာကြီးမားသော ဟန်ပန်ကို အသုံးပြုကာ စကားပြောကြသည်၊ ယင်းက ၎င်းတို့၌ရှိသည့် ပြဿနာတစ်ခုတလေကိုဖြစ်စေ၊ ချို့ယွင်းချက်တစ်ခုတလေကိုဖြစ်စေ၊ အားနည်းချက်တစ်ခုတလေကိုဖြစ်စေ ပိုင်းခြားသိမြင်ရန် ခက်ခဲစေလေသည်။ ဤသည်မှာ မည်သည့် ကိုယ်ကျင့်စရိုက်မျိုး ဖြစ်သနည်း။ ဤအရာနှင့် မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်းတို့ကြား ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အကျည်းတန်ပြီး ဆိုးယုတ်သောဘက်ခြမ်း မဟုတ်လော။ ထိုသို့သော လူ့သဘာဝရှိသည့် လူများသည် တည်ကြည်ဖြောင့်မတ်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဆင့်အတန်းရှိသူများနှင့် အာဏာရှိသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ အားနည်းသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ (မည်သည့်အရာမျှ မမှန်ကန်ပါ။) ထို့ကြောင့် ဤအချက်သည် လိမ်နေကျဖြစ်ခြင်းနှင့် ဆက်စပ်မှုအချို့ ရှိပေသည်။ ဤအချက်အားဖြင့် အကဲဖြတ်ရသော် အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်းတို့သည် လုံးဝကွဲပြားသော သဘောသဘာဝနှစ်ခုကို ပိုင်ဆိုင်ကြသည်။ ဤလူစားမျိုး၌ “ပုတ်သင်ညို” ဟူသော အမည်ပြောင်တစ်ခု ရှိသည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား စည်းမျဉ်းများ၊ လူ့သဘာဝ သို့မဟုတ် ထိုလူများက ဘုရားအိမ်တော်အတွင်း၌ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ဟူသည်ကို အခြေခံ၍ ဘယ်သောအခါမျှ မဆက်ဆံကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ၎င်းတို့၏ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုကိုသာ အခြေခံ၍ ကွဲပြားစွာ ဆက်ဆံကြသည်။ အဆင့်အတန်းနှင့် စွမ်းရည်များ ရှိသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် မျက်နှာလုပ်ရန်၊ ထိုသူတို့ကို မြှောက်ပင့်ရန်နှင့် ထိုသူတို့ထံ တိုးဝင်ချဉ်းကပ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြသည်။ ဤလူများက ၎င်းတို့ကို ရိုက်နှက်သည်ဖြစ်စေ၊ ဆူပူကြိမ်းမောင်းသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်စောဒကတက်ခြင်းမျှမရှိဘဲ ထိုအရာကို လိုလိုလားလား ခါးစည်းခံကြသည်။ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ အမှန်တကယ် စဉ်းစားသည့်အရာက ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် လုံးဝ ကွဲပြားခြားနားသော်လည်း ကိုယ့်အသုံးမကျမှုကိုယ် အဆက်မပြတ်ပင် ဝန်ခံပြီး ဖော်လံဖားလာကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိသော တစ်စုံတစ်ယောက်က စကားပြောပါက ယင်းမှာ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိသည့် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးနှင့် မိစ္ဆာဒိဋ္ဌိဝါဒဖြစ်နေလျှင်ပင် ၎င်းတို့သည် ယင်းကို နားထောင်မည်။ သဘောတူညီကြောင်း ခေါင်းညိတ်လိမ့်မည်ဖြစ်ပြီး အပေါ်ယံအားဖြင့် လက်ခံလိမ့်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ယောက်၌ စွမ်းဆောင်နိုင်စွမ်း သို့မဟုတ် အဆင့်အတန်း ကင်းမဲ့ပါက ၎င်းတို့၏ စကားများက မည်မျှပင် မှန်ကန်စေကာမူ အန္တိခရစ်တို့သည် ၎င်းတို့ကို လျစ်လျူရှုပြီး အထင်သေးကြလိမ့်မည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် စည်းမျဉ်းများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီနေလျှင်ပင် ၎င်းတို့ နားထောင်မည် မဟုတ်ဘဲ ထိုအစား ယင်းကို ချေပခြင်း၊ လှောင်ပြောင်ခြင်းနှင့် သရော်ခြင်းတို့ ပြုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင် တွေ့ရှိရသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ ကျင့်ကြံပြုမူခြင်းအပြင် လောကနှင့် ဆက်ဆံခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများနှင့် စည်းမျဉ်းများကို အကဲဖြတ်သော် ဤပုဂ္ဂိုလ်များကို အကြွင်းမဲ့ မယုံကြည်သူများအဖြစ် အခိုင်အမာ သတ်မှတ်နိုင်သည်။ ၎င်းတို့ ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်များမှာ နိမ့်ကျမှု၊ ယုတ်ညံ့ခြင်းနှင့် သိမ်ဖျင်းမှုတို့ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အန္တိခရစ်တို့၏ လူ့သဘာဝတွင် နောက်ထပ် သရုပ်သကန်တစ်ခု ရှိသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တကြသည်။ ဆိုလိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် တောင်းဆိုမှုသည် အထူးသဖြင့် ကြီးမားသည်။ ယင်းမှာ အကန့်အသတ်မဲ့ ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲသော ဘဝနေထိုင်မှုပုံစံတစ်ခုအတွက် ရည်သန်မျှော်မှန်းချက်များဖြင့် ပြည့်နှက်နေပြီး မတင်းတိမ်နိုင်လောက်အောင် လောဘကြီးကြသည်။ အချို့က “အန္တိခရစ်အများစုသည် ဤသရုပ်သကန်ကို မပိုင်ဆိုင်ကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအရာကို မပိုင်ဆိုင်ခြင်းက ၎င်းတို့၏ လူ့သဘာဝ၌ ထိုအရာမရှိဟု မဆိုလိုပေ။ ထိုသို့သောလူများသည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စားသည့်အရာ၊ ဝတ်စားဆင်ယင်ပုံနှင့် အပြင်အဆင်တို့အတွက် ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် မိမိတို့သဘောအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်၊ အခွင့်အရေးများကို ၎င်းတို့ ရသွားကြသည်၊ ၎င်းတို့၌ သီးခြားအခြေအနေများ ရှိကြပြီး ၎င်းတို့၏ ဘဝက ကွဲပြားခြားနားသွားသည်။ ၎င်းတို့သည် မိမိတို့ စားသည့်အရာနှင့် ပတ်သက်၍ ဇီဇာကြောင်လာကာ ပကာသနနှင့် ဇိမ်ခံခြင်းတို့ကို အလေးထားလာကြသည်။ ၎င်းတို့သည် နာမည်ကြီး တံဆိပ်ပါ ပစ္စည်းများကို မရမက ဝတ်ဆင်ကာ အသုံးပြုကြပြီး ၎င်းတို့ နေထိုင်သော အိမ်များနှင့် မောင်းနှင်သော ကားများသည် အဆင့်မြင့်ကာ ဇိမ်ခံပစ္စည်းများ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် လုပ်ငန်းသုံးယာဉ်တစ်စီးကို ဝယ်ယူသည့်အခါ၌ပင် ယင်းမှာ ဇိမ်ခံပစ္စည်းများဖြင့် တပ်ဆင်ထားရမည်ဖြစ်သည်။ အချို့က “အကယ်၍ သူတို့၌ ငွေမရှိပါက ဤအရာများကို အဘယ်ကြောင့် ၎င်းတို့ ထိုမျှ အလေးပေးကြသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့၌ ငွေမရှိရုံကြောင့် ထိုသို့သောအရာများကို ၎င်းတို့ မလိုက်စား သို့မဟုတ် ဤလိုအင်ဆန္ဒက ၎င်းတို့၏ လူ့သဘာဝ၌ မရှိဟု မဆိုလိုပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားအိမ်တော်ရှိ ပူဇော်သက္ကာများကို လက်ဝယ်ရရှိသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို မဆင်မခြင် ဖြုန်းတီးကြသည်။ ၎င်းတို့အနေဖြင့် အရှက်ကင်းမဲ့သည့် အဆင့်နှင့် ထိန်းချုပ်ရန် ခက်ခဲသည့် အတိုင်းအတာအထိ အရာရာကို ဝယ်ယူပြီး မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် ရွှေချထားသော ခွက်များဖြင့် တည်ခင်းသော အရည်အသွေးမြင့် လက်ဖက်ရည်ကို သောက်သုံးရမည်၊ ၎င်းတို့၏ အစားအစာများသည် ခမ်းနားထည်ဝါသော စားပွဲတော်များ ဖြစ်ရမည်၊ ၎င်းတို့သည် ထိပ်တန်းဂျင်ဆင်းကို စားသုံးရန် မလျှော့တမ်း တောင်းဆိုကြပြီး အမြဲ နောက်ဆုံးပေါ် မော်ဒယ်များဖြစ်သော ကမ္ဘာ့အဆင့်မီ နာမည်ကြီးတံဆိပ်များမှ ကွန်ပျူတာများနှင့် ဖုန်းများကိုသာ အသုံးပြုကြသည်။ ၎င်းတို့သည် ယွမ်ထောင်ချီ ကုန်ကျသော မျက်မှန်များကို တပ်ဆင်ကြသည်၊ ဆံပင်ပုံစံအတွက် ရာနှင့်ချီ သုံးစွဲကြပြီး နှိပ်နယ်ခြင်းနှင့် ချွေးထုတ်ခန်းများအတွက် တစ်ထောင် သို့မဟုတ် ထို့ထက်ပို၍ ပေးချေကြသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် အရာရာကို အကောင်းဆုံးနှင့် တံဆိပ်ပါသည့်အရာဖြစ်ရန် တောင်းဆိုကြပြီး နာမည်ကြီးပုဂ္ဂိုလ်များနှင့် အာဏာရှိသူများ မွေ့လျော်ခံစားသမျှကို ခံစားလိုကြသည်။ အန္တိခရစ်တို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ဤအကျည်းတန်သော အရာအားလုံးက ထင်ရှားလာသည်။ စုဝေးပွဲများအတောအတွင်းတွင် လူ သုံးဦးမှ ငါးဦးသာ ၎င်းတို့၏ တရားဒေသနာကို နားထောင်ပါက ၎င်းတို့သည် ယင်းကို မလုံလောက်ဟု ယူဆပြီး လူ သုံးရာမှ ငါးရာအထိရှိရန် မလျှော့တမ်း တောင်းဆိုကြသည်။ အခြားသူများက ဆိုးရွားသော ပြင်ပအခြေအနေများ ရှိနေသဖြင့် လူ သုံးဦးမှ ငါးဦးအထိ စုဝေးခြင်းသည် အတော်ပင် ကောင်းမွန်နေပြီဖြစ်ကြောင်း ပြောသောအခါ ၎င်းတို့က “ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပါ။ အဘယ်ကြောင့် ကျွန်ုပ်၏ တရားဒေသနာကို နားထောင်သူ ထိုမျှ နည်းပါးရသနည်း။ ဤသည်မှာ ကျွန်ုပ်၏အချိန်နှင့် မတန်ပါ။ ကျွန်ုပ်တို့သည် ပိုမိုသိက္ခာရှိသော တရားဒေသနာတစ်ခုအတွက် လူသောင်းချီ ဆံ့သော ကြီးမားသည့် အသင်းတော် အဆောက်အအုံတစ်ခုကို ဝယ်ယူသင့်သည်” ဟု ပြန်လည်ချေပကြသည်။ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်တတ်သည့် အရာမျိုး ဖြစ်သည်။ ၎င်းတို့က အရှက်တရားကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဇိမ်ခံဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် အလွန်အမင်း မထိန်းချုပ်နိုင်သော လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှု ရှိသည်။ ယင်းမှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က အရသာထူးကဲသော အစားအစာ၊ ဇိမ်ခံကားများ၊ နာမည်ကြီး တံဆိပ်ပါအဝတ်အစားများနှင့် အဆင့်မြင့်ပြီး ဈေးကြီးသော ပစ္စည်းများအကြောင်း ထုတ်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး လောဘဇော တက်လာကာ ၎င်းတို့၏ လိုအင်ဆန္ဒများက ပေါ်ထွက်လာသည်။ ဤလိုအင်ဆန္ဒသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ သိသိသာသာပင် ၎င်းတို့၏ မကောင်းဆိုးဝါး သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ချက်တစ်ခုဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် ငွေကြေး အခက်အခဲ ရှိနိုင်ပြီး တစ်စုံတစ်ယောက်က အဆင့်မြင့် လက်ဝတ်ရတနာ သို့မဟုတ် နှစ်ကာရက် သို့မဟုတ် သုံးကာရက် စိန်လက်စွပ်အား ဝတ်ဆင်ထားသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး ၎င်းတို့က “အကယ်၍ ဘုရားကို ငါ မယုံကြည်ခဲ့လျှင် ငါးကာရက် စိန်လက်စွပ်တစ်ကွင်းကို ဝတ်ဆင်နိုင်မည်ဖြစ်သည်”ဟု စဉ်းစားကြသည်။ ၎င်းတို့၌ တစ်ကာရက် လက်စွပ်တစ်ကွင်းပင် မပိုင်ဆိုင်ဟူသော အချက်ကို ၎င်းတို့ ဆင်ခြင်မိပြီး စိတ်မကောင်းဖြစ်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းက မတန်ဟု စတင်စဉ်းစားလာကြသည်။ သို့သော် ပို၍ စဉ်းစားကြည့်သောအခါ ၎င်းတို့က “ဘုရားကို ငါ၏ ယုံကြည်ခြင်းကြောင့် အနာဂတ်တွင် ငါသည် ကြီးမြတ်သော ကောင်းချီးများကို ရရှိလိမ့်မည်။ ငါသည် ကာရက်ငါးရာရှိသော စိန်တစ်လုံးကို ပိုင်ဆိုင်နိုင်ပြီး ယင်းကို ငါ့ခေါင်းပေါ်၌ ဝတ်ဆင်နိုင်မည်” ဟု တွေးကြသည်။ ၎င်းတို့၌ လိုအင်ဆန္ဒများ ရှိသည် မဟုတ်လော။ တီဗီပေါ်တွင် ချမ်းသာသော ပုဂ္ဂိုလ်များက ဒီဇိုင်နာ အဝတ်အစားများကို ဝတ်ဆင်ပြီး ပင်လယ်၌ ဇိမ်ခံသင်္ဘောကြီးများပေါ်တွင် ပျော်ပါးနေသည်ကို မြင်သောအခါ ၎င်းတို့သည် ယင်းက မယုံနိုင်လောက်အောင် ပျော်ရွှင်ဖွယ်ကောင်းသည်၊ စိတ်ကူးယဉ်ဆန်သည်၊ မြင့်မြတ်ပြီး အားကျဖွယ်ကောင်းသည်ဟု ခံစားရသည်။ ၎င်းတို့က “ငါ မည်သည့်အခါမှများ ထိုသို့သော လူစားမျိုး၊ လူတို့ထဲမှ အထင်ကရလူတစ်ဦး ဖြစ်လာနိုင်မည်နည်း။ ငါ မည်သည့်အခါမှများ ထိုသို့သော ဘဝကို ခံစားနိုင်မည်နည်း”ဟု ဆိုလျက် ထိုအရာနှင့်ပတ်သက်၍ သွားရည်ယိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက အမှန်တကယ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေးထင်လာသည်အထိ ထိုအရာကို အကြိမ်ကြိမ်အခါခါ ကြည့်ရှုကြသည်။ သို့သော်ငြားလည်း ၎င်းတို့က “ငါ ဤသို့ တွေး၍မရပါ။ ဘုရားကို ငါ အဘယ်ကြောင့် ယုံကြည်သနည်း။ ‘လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည်’ ဟူ၍ဖြစ်သည်။ အနာဂတ်တွင် ငါ့ဘဝသည် သူတို့ထက် များစွာ ပိုကောင်းလိမ့်မည်။ သူတို့က ဇိမ်ခံသင်္ဘောကြီး စီးကြသည်၊ သို့သော် ငါက ဇိမ်ခံလေယာဉ် သို့မဟုတ် ဇိမ်ခံ ပန်းကန်ပြားပျံ စီးမည်၊ ငါ လကမ္ဘာသို့ သွားမည်”ဟု တွေးလျက် ထပ်မံ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဤအတွေးများသည် အနည်းငယ်မျှပင် သင့်တင့်လျောက်ပတ်သလော။ ယင်းတို့သည် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝ၌ရှိသော နောက်ထပ် လက္ခဏာတစ်ခုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများနှင့် ဇိမ်ခံသော ဘဝနေထိုင်မှုပုံစံအတွက် အလွန်အမင်း ထိန်းချုပ်၍မရသော လိုအင်ဆန္ဒဖြစ်သည်။ ထိုအရာများကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့သည် တင်းတိမ်ခြင်းမရှိ လောဘတက်လာကြကာ အငမ်းမရဖြစ်သော အကြည့်နှင့် သဘာဝတို့ဖြင့် ထိုအရာများကို ထာဝရ ပိုင်ဆိုင်ထားရန် လိုလားကြလေသည်။ အန္တိခရစ်တို့၏ လူ့သဘာဝတွင် အာဏာရှိသူကို အားကျဖြစ်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် အဆင့်မြင့် ဘဝတစ်ခုကိုလည်း လိုချင်တပ်မက်ကြသည်။ ပုံမှန်လူ့သဘာဝ၌ ဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ကျိုးကြောင်းဆီလျော်သော လိုအပ်ချက် အမျိုးစုံ ရှိသည်။ ၎င်းတို့၌ နေ့စဉ် လိုအပ်သောအရာများ၊ အလုပ်နှင့် နေထိုင်မှု ပတ်ဝန်းကျင်၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိသည်။ ဤလိုအပ်ချက်များ ပြည့်မီလျှင် လုံလောက်ပြီး မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် စီးပွားရေး အခြေအနေများအပေါ်အခြေခံ၍ ၎င်းတို့ကို ချင့်ချိန်ထိန်းညှိခြင်းသည် အတော်အတန် ပုံမှန်ဖြစ်သည်ဟု မှတ်ယူကြသည်။ သို့ရာတွင် အန္တိခရစ်တို့၏ ရုပ်ဝတ္ထုပစ္စည်းများအတွက် လိုအပ်ချက်နှင့် ထိုရုပ်ဝတ္ထုပစ္စည်းများကို အကြိုက်တွေ့ခြင်းတို့က ပုံမှန်မဟုတ်ဘဲ မတင်းတိမ်နိုင်လောက်အောင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)
အကျင့်ဖြစ်နေသော လိမ်ညာခြင်း၊ မသိမသာဒုက္ခပေးတတ်ခြင်းနှင့် ရက်စက်ခြင်း၊ ဟိရိဩတ္တပ မရှိခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၊ အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တခြင်းတည်းဟူသော ဤအန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် အင်္ဂါရပ်များသည် စံပြုလောက်ပြီး အလွန် ကိုယ်စားပြုနိုင်စွမ်းရှိကာ ထင်ရှားသော အင်္ဂါရပ်များ ဖြစ်ကြသည်။ ဤသရုပ်သကန်အချို့သည် သာမန်လူများ၌ အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်နိုင်သော်လည်း ၎င်းတို့၏ သရုပ်သကန်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သို့မဟုတ် မူမမှန်သော လူ့သဘာဝ၏ သရုပ်သကန်များ သို့မဟုတ် လူ့သဘာဝ ကင်းမဲ့ခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ဤလူများသည် အသိစိတ် နိုးကြားလာကာ ဤအရာများကို စွန့်လွှတ်ပြီး ပုန်ကန်နိုင်သည့် စွမ်းရည်ကို ရရှိလာပြီး နောင်တရကြလေသည်။ ဤထူခြားသောလက္ခဏာများသည် ၎င်းတို့၌ အဓိကမကျသည့်အပြင် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုဖြစ်စေ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိုဖြစ်စေ ထိခိုက်စေမည် မဟုတ်ပေ။ အန္တိခရစ်တို့သာလျှင် တရားဒေသနာများကို မည်မျှကြားရသည်ဖြစ်စေ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပေသည်။ ၎င်းတို့၏ လူ့သဘာဝ၌ ပင်ကိုပါသော လက္ခဏာများနှင့် အင်္ဂါရပ်များသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ ပြစ်တင်ရှုတ်ချခြင်းခံရပြီး ဘယ်သောအခါမျှ ကယ်တင်ခြင်း မခံရနိုင်ပေ။ အဘယ်ကြောင့် ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်သနည်း။ ထိုသို့သော ကိုယ်ကျင့်စရိုက်ရှိသည့် လူများသည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောကြောင့်လည်းကောင်း၊ သမ္မာတရား၊ ဘုရားသခင်နှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုသောကြောင့်လည်းကောင်း ကယ်တင်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အခြေအနေများနှင့် လူ့သဘာဝ ကင်းမဲ့ကြသည်။ ထို့ကြောင့် ဤပုဂ္ဂိုလ်များသည် ဖယ်ရှားရှင်းလင်းခြင်း ခံရပြီး ငရဲသို့ ပစ်ချခြင်းခံရရန် ကံပါလာကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)