၂၈။ ရက်စက်ကြမ်းတမ်းသော စိတ်သဘောထားကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
“ရက်စက်သော”ဟူသည့် စကားလုံးအရ ၎င်းက ဤစိတ်သဘောထားကို ထုတ်ဖော်သည့်အခါ လူတစ်ဦး လုပ်ဆောင်မည့်အရာများမှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားချင်ကြလိမ့်မည်။ ကြိုးကိုင်ညွှန်ကြားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က စွက်ဖက်ချင်ကြလိမ့်မည်၊ ကြားဝင်နှောင့်ယှက်ကာ အစီအစဉ်များ ပြုလုပ်ချင်ကြလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့က သင့်အတွက် စည်းမျဉ်းတစ်ခု ချမှတ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်က ထိုစည်းမျဉ်းကို စောင့်ထိန်းရလိမ့်မည်။ သင် မစောင့်ထိန်းလျှင် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့က သင့်ကို ကြိုးကိုင်ညွှန်ကြားချင်ကြသည်။ သင့်ကို အရှေ့အရပ်သို့ သွားရန် ၎င်းတို့ ပြောလျှင် သင် အရှေ့အရပ်သို့ သွားရမည်ဖြစ်ပြီး အနောက်အရပ်သို့ သွားရန် ပြောလျှင် အနောက်အရပ်သို့ သင် သွားရမည်ဖြစ်သည်။ ၎င်းတို့တွင် ဤစိတ်ဆန္ဒရှိကြပြီး ဤသို့ ပြုမူဆောင်ရွက်ကြသည်။ ဤသည်ကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ဤလူတစ်ဦး၏ စိတ်၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် ဆန္ဒများက ဘုရားသခင် ပြောဆိုသည့်အရာနှင့် ကိုက်ညီသည်ထက် ၎င်းတို့ ပြောဆိုသည့်အရာ၊ အလိုရှိသည့်အရာတို့နှင့် ကိုက်ညီရန်အလို့ငှာ ဤလူများသည် ထိုလူ၏ကံကြမ္မာကို ကြီးကြပ်ချင်ကြသည်၊ ထိုလူ၏ ဘဝ၊ စိတ်၊ အပြုအမူနှင့် နှစ်သက်မှုများကို ကြီးကြပ်ကာ ထိန်းချုပ်ချင်ကြသည်။ ဤအရာကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒအတိုင်း ဤအရာ၊ သို့မဟုတ် ထိုအရာလုပ်ဆောင်ရန် လူတို့အတွက် အမြဲ စီစဉ်လိုကြသည်။ စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် နှစ်သက်မှုများကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ သင် မည်သို့ခံစားရမည်ကို ၎င်းတို့ ဂရုမစိုက်ကြ၊ သင့်ကို အဓမ္မ အမိန့်ပေးကြပြီး ၎င်းတို့က သင့်ကို လုပ်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ အလိုဆန္ဒအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း မရှိလျှင် သင့်ကို ၎င်းတို့ ကိုင်တွယ်လိမ့်မည်ဖြစ်ကာ သင့်ထံတွင် အမှန်တကယ် ရွေးချယ်စရာမရှိသကဲ့သို့ မည်သည့်အရာမျှ လုပ်ဆောင်၍မရဟု ခံစားစေလိမ့်မည်။ သင့်အနေဖြင့် ညာခိုင်းခံရကာ ထိန်းချုပ်ခံရကြောင်း သင်၏ စိတ်နှလုံးတွင် သင် သိသော်လည်း ထိုအရာအား အတိုက်အခံလုပ်ရန် မဆိုထားနှင့်၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် မသိသေးချေ။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ အပြုအမူ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ အပြုအမူဖြစ်သည်။ စာတန်က လူတို့ကို ဤကဲ့သို့ အရူးလုပ်ပြီး ဤကဲ့သို့ လူများကို ထိန်းချုပ်သည်။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားရန် အစဉ်သဖြင့် ကြိုးစားစဉ် လူတို့တွင် ယင်းဘာသာ ထင်ရှားလေသည်။ အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားခြင်းနှင့်ဆိုင်သည့် ဤရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လူအားလုံးတွင် ဤစိတ်သဘောထားမျိုး ရှိကြ၏။ ဤစိတ်သဘောထားမှာ အဘယ်နည်း။ (ရက်စက်မှု ဖြစ်သည်။) ဤသည်မှာ ရက်စက်မှုဖြစ်၏။ အဘယ်ကြောင့် ရက်စက်မှုဟု ခေါ်သနည်း။ ဤစိတ်သဘောထား၏ သိသာထင်ရှားသည့် ထုတ်ဖော်ခြင်းများမှာ အဘယ်နည်း။ အကျပ်ကိုင်မှုနှင့်ဆိုင်သည့် ခံစားချက်တစ်ခုကို ဖော်ပြသလော။ (ဖော်ပြပါသည်။) ယင်းမှာ သင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ သင် မည်သို့ ခံစားရသည်ဖြစ်စေ၊ ထိုအရာကို သင် နှစ်သက်ခံစားသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ ၎င်းတို့က မည်သည့် ဆွေးနွေးမှုမျှမရှိဘဲ၊ သင့်ကို စကားပြောခွင့် မပေးသကဲ့သို့ မည်သည့် လွတ်လပ်မှုမျှ မပေးဘဲ ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ရန် သင့်အား အတင်းအကျပ် တောင်းဆိုလေသည်။ ထိုအရာတွင် ဤအဓိပ္ပာယ် အတိမ်အနက် ရှိသလော။ (ရှိပါသည်။) ဤအရာကို “ကြမ်းကြုတ်ရက်စက်ခြင်း”ဟု ခေါ်သည်၊ ယင်းမှာ ရက်စက်မှုက၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရက်စက်မှု၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုမှာ “ဆိုးယုတ်ခြင်း”ခ ဖြစ်သည်။ “ဆိုးယုတ်ခြင်း”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင့်ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုကို အလေးဂရုပြုစေကာ ထိုသို့ဖြင့် မိမိတို့ကိုယ်ကို စိတ်ကျေနပ်စေခြင်း ရလဒ်ကို စွမ်းဆောင်ရရှိရန် နိုင်ထက်စီးနင်း အယူသွတ်သွင်းခြင်းနှင့် ဖိနှိပ်ခြင်း နည်းစနစ်များကို လူတို့ အသုံးပြုခြင်းအား ရည်ညွှန်းပေသည်။ ဤအရာကို “ဆိုးယုတ်မှု”ဟု ခေါ်သည်။ ထိုအရာ၏ လုပ်ဆောင်ချက်များတွင် သင်၏ အသက်တာ ရင့်ကျက်နိုင်ဖို့အတွက် လွတ်လပ်စွာ ဆုံးဖြတ်မှုရှိခြင်း၊ တွေးဆတတ်ရန်နှင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့မှ စာတန်က သင့်ကို တားဆီးလိုသည်။ စာတန်က သင့်ကို ထိုအရာများ လုပ်ဆောင်ခွင့် မပေးသကဲ့သို့ သင့်ကို ထိန်းချုပ်ချင်သည်။ စာတန်က သင့်ကို သမ္မာတရား ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခွင့်မပေးသကဲ့သို့ သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ ထိုအစား မိမိ၏ရှေ့သို့ ခေါ်ဆောင်ကာ ၎င်းက သမ္မာတရားဖြစ်ကာ ၎င်း ပြောသည့်အရာ မည်သည့်အရာမဆို မှန်ကန်သည့်အလား၊ အရာခပ်သိမ်း၏ ဗဟိုဖြစ်သည့်အလား ၎င်းကို နာခံစေသည်၊ ထိုသိုဖြင့် ၎င်းကို သင် နာခံရမည်ဖြစ်ပြီး ၎င်း၏ စကားများက မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကို စိစစ်ရန် မကြိုးစားရပေ။ လူတို့၏ အပြုအမူနှင့် စိတ်များကို နိုင်ထက်စီးနင်းနှင့် ပြင်းပြင်းထန်ထန် ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်သည့် စိတ်သဘောထားကို ရက်စက်မှုဟု ခေါ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ယင်းမှာ ရက်စက်မှု၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
ခ။ မူရင်းစာသားတွင် “ရက်စက်မှု၏ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာ ‘ဆိုးယုတ်မှု’ဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
ဆိုးယုတ်သော စိတ်သဘောထားသည် အခြားမည်သည့်ပုံစံဖြင့် ထင်ရှားသနည်း။ ယင်းသည် သမ္မာတရားအား မနှစ်သက်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ အမှန်တကယ်တွင် သမ္မာတရားအား မနှစ်သက်ခြင်းသည် အာခံခြင်း၊ ဝေဖန်အပြစ်တင်ခြင်း သဘောထားများဆောင်လျက် ဆိုးရွားသော ပုံစံတစ်ခုဖြင့် ထင်ရှားသည့်အခါ၊ ဤအရာက ဆိုးယုတ်စိတ်သဘောထားကို ထုတ်ဖော်ပြပေသည်။ သမ္မာတရားအား မနှစ်သက်ခြင်းသည် သမ္မာတရားအား စိတ်ဝင်စားမှုကင်းမဲ့ခြင်းမှစ၍ သမ္မာတရားအား မနှစ်သက်ခြင်းအထိ အခြေအနေ များစွာ ပါဝင်သည်။ ယင်းက ဘုရားသခင်အား ဝေဖန်အပြစ်တင်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်းအထိ မြင့်တက်သွားသည်။ သမ္မာတရားအား မနှစ်သက်ခြင်းသည် အခြေအနေတစ်ခုသို့ ရောက်ရှိသောအခါ လူတို့သည် ဘုရားသခင်ကို ငြင်းဆန်တတ်သည်။ ဘုရားသခင်ကို မုန်းပြီး ဆန့်ကျင်တတ်သည်။ ဤအခြေအနေအချို့သည် ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သမ္မာတရားအား မနှစ်သက်သောသူတို့သည် ပို၍ပင် ဆိုးရွားသော အခြေအနေတစ်ခုရှိသည်။ ဤအခြေအနေအတွင်းတွင် စိတ်သဘောထားတစ်မျိုးရှိသည်။ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဥပမာအနေဖြင့်၊ အရာရာကို ဘုရားသခင်က အုပ်စိုးသည်ဟု လူအချို့က အသိအမှတ်ပြုသည်။ သို့သော် ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားပြီး၊ ၎င်းတို့၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းကို ခံရသောအခါ ၎င်းတို့သည် အပြင်ပန်းတွင် ညည်းညူခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မရှိသော်လည်း၊ စိတ်အတွင်းတွင် လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်းမရှိကြပေ။ ၎င်းတို့၏ သဘောထားသည် မလှုပ်မယှက်ဖြင့် ထိုင်နေပြီး ပျက်စီးခြင်းကို စောင့်မျှော်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားစွာပင် သမ္မာတရားအား မနှစ်သက်သည့် အခြေအနေဖြစ်သည်။ ပို၍ပင် ဆိုးရွားသော အခြေအနေဖြစ်သည့် အခြားတစ်ခုလည်းရှိသည်။ ၎င်းတို့သည် မလှုပ်မယှက်ဖြင့် ထိုင်ပြီး ပျက်စီးခြင်းကို မစောင့်မျှော်ဘဲ ထိုအစား ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို အာခံကာ ဘုရားသခင်က ၎င်းတို့ထံမှ အမှုအရာများ ယူဆောင်ခြင်းကို အာခံကြလေသည်။ ၎င်းတို့က မည်သို့ အာခံသနည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို တမင်ဖျက်ဆီးခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတည်ထောင်ဖို့ ကြိုးစားခြင်းတို့အားဖြင့် ဖြစ်သည်။) ဤသည်မှာ ပုံစံတစ်ခုဖြစ်သည်။ အသင်းတော်ခေါင်းဆောင်အချို့ လူစားလဲခံရပြီးနောက်တွင် ၎င်းတို့သည် အသင်းတော်အသက်တာကို အသက်ရှင်သည့်အခါ၊ အစဉ်သဖြင့် အမှုကိစ္စများကို နှောင့်ယှက်ပြီး အသင်းတော်ကို အဖျက်အမှောင့်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အသစ်ရွေးချယ်ထားခြင်းခံရသော ခေါင်းဆောင်ပြောသမျှကို အာခံပြီး လိုက်နာခြင်းမရှိသကဲ့သို့ သူ၏ နောက်ကွယ်တွင် သူ့အား သေးသိမ်စေရန် ကြိုးစားသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ၎င်းတို့အမှန်တကယ် စဉ်းစားသည်မှာ “ငါသည် ခေါင်းဆောင် မဖြစ်နိုင်လျှင် အခြားမည်သူမျှ ဤရာထူးကို ထိန်းသိမ်း၍မရနိုင်။ ၎င်းတို့အားလုံးကို ငါ မောင်းထုတ်ပစ်မည်။ ငါသည် သင်တို့အား အတင်းနှင်ထုတ်လျှင် ယခင်ကကဲ့သို့ ငါဦးဆောင်ရလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း သက်သက်မဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သည်။ မိမိ၏ ဂုဏ်သတင်း၊ မာနနှင့် အဆင့်အတန်းကို အဖတ်ဆယ်ရန်၊ သို့မဟုတ်လျှင် လက်စားချေဖို့အတွက် မိမိဆန္ဒကို ဖြည့်ဆည်းရန် အဆင့်အတန်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ နယ်မြေအတွက် ကြိုးစားရုန်းကန်ခြင်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ဂုဏ်သတင်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ လက်စားချေရန်အတွက် မည်သို့ဖြစ်စေ မရပ်တန့်ခြင်း၊ တတ်နိုင်သမျှ လုပ်ဆောင်ခြင်း၊ မိမိ၏ကျွမ်းကျင်မှုအားလုံးကို အသုံးချခြင်း၊ မိမိ၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက် ဖြစ်နိုင်သမျှတိုင်းကို လုပ်ဆောင်ခြင်းတို့ဖြစ်သော ဤအရာအားလုံးသည် ဆိုးယုတ်မှု၏ သရုပ်သကန်များဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထား၏ အပြုအမူအချို့တွင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောအရာများစွာကို ပြောဆိုခြင်းပါဝင်သည်။ အချို့မှာ မိမိ၏ ရည်မှန်းချက်များကို ရရှိရန်အတွက် မကောင်းသောအရာများစွာကို လုပ်ဆောင်ခြင်းပါဝင်သည်။ ၎င်းတို့၏ စကားများတွင်ဖြစ်စေ၊ လုပ်ရပ်များတွင်ဖြစ်စေဤသို့သောသူများလုပ်ဆောင်သမျှသည် သမ္မာတရားနှင့် ကွဲလွဲနေပြီးသမ္မာတရားကို ချိုးဖောက်သည်။ အားလုံးမှာ ဆိုးယုတ်သောစိတ်သဘောထား ထုတ်ဖော်ခြင်းဖြစ်သည်။ လူအချို့မှာ ဤအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ မှားယွင်းနေသော စကား၊ သို့မဟုတ် အပြုအမူက ပေါ်ပေါ်ထင်ထင် မဖြစ်လျှင် ၎င်းတို့က အရှိအတိုင်း မမြင်နိုင်ပေ။ သို့သော် သမ္မာတရားအား နားလည်သူများအတွက်မူ ဆိုးယုတ်သောသူများ ပြောဆို၊ လုပ်ဆောင်သည့်အရာတိုင်းသည် ဆိုးယုတ်ပြီး မှန်ကန်သောအရာ၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသောအရာတစ်ခုမျှ လုံးဝ မပါဝင်နိုင်ပေ။ ဤလူများ ပြောသည့်၊ လုပ်ဆောင်သည့်အရာများသည် ၁၀၀ ရာခိုင်နှုန်းဆိုးယုတ်သည်ဟု ဆိုနိုင်ပြီး အပြည့်အဝပင် ဆိုးယုတ်သော စိတ်သဘောထား ထုတ်ဖော်ခြင်းဖြစ်သည်။ ဤဆိုးယုတ်သော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြမီတွင် ဆိုးယုတ်သောလူများ၏ အရင်းခံအကြောင်းရင်းများမှာ အဘယ်နည်း။ မည်သည့်ပန်းတိုင်မျိုးကို ၎င်းတို့ စွမ်းဆောင်ရရှိဖို့ ကြိုးစားနေသနည်း။ ထိုသို့သောအရာများကို ၎င်းတို့ အဘယ်သို့ လုပ်နိုင်သနည်း။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ငါ ဥပမာတစ်ခုပေးမည်။ တစ်စုံတစ်ယောက်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်။ ထိုအိမ်သည် အဆင်းနီသော နဂါးကြီး၏ စောင့်ကြည့်ခြင်းကို ခံရပြီး သူ အိမ်ပြန်၍မရပေ။ ယင်းကြောင့် သူသည် အလွန်အမင်း နာကျင်ရသည်။ ညီအစ်ကိုမောင်နှမအချို့က သူ့ကို ခေါ်ထားကြသည်။ သူ၏ ဧည့်ခံအိမ်တွင် အရာရာတိုင်းက အလွန်ကောင်းမွန်သည်ကို မြင်ပြီး သူသည် “သင်၏ အိမ်တွင် မည်သည့်အရာမျှ မဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏အိမ်တွင် ဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ယင်းမှာ မတရားပါ။ မဖြစ်ချေဘူး။ သင် အိမ်မပြန်နိုင်ရန်အတွက် သင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ဖို့ နည်းလမ်းကို ငါ စဉ်းစားရမည်။ ငါ ခံရသည့် ဆင်းရဲဒုက္ခအချို့၏ အရသာကို သင့်အား မြည်းစမ်းခိုင်းမည်” ဟူ၍ စဉ်းစားသည်။ သူသည် တစ်ခုတလေကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာက လက်တွေ့ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ၊ သူ၏ ရည်မှန်းချက်ကို သူ ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ သူ့တွင် ဤကြံရွယ်ချက်မျိုး ရှိနေဆဲဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် ကောင်းမွန်သော ဘဝတစ်ခုကို မရှင်သန်နိုင်လျှင် အခြားလူများကိုလည်း သူရှင်သန်ခွင့် ပေးမည်မဟုတ်ပေ။ ထိုသို့သော စိတ်သဘောထားတစ်ခု၏ သဘာဝမှာ အဘယ်နည်း။ (မလိုမုန်းထားခြင်းဖြစ်သည်။) ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ဤလူသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ ဆိုရိုးစကားတစ်ခုအတိုင်းပင် ထိုသူသည် အတွင်းပုပ်ဖြစ်သည်။ ဤသည်မှာ သူ မည်မျှကြမ်းတမ်းသည်ကို ဖော်ပြသည်။ ထိုသို့သော စိတ်သဘောထား၏ သဘောသဘာဝမှာ အဘယ်နည်း။ သူ့တွင် ဤစိတ်သဘောထား ထုတ်ဖော်ပြသောအခါ သူ၏ အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များက မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားစိစစ်ကြည့်လော့။ ဤစိတ်သဘောထားကို သူထုတ်ဖော်ခြင်း၏ စမှတ်သည် မည်သည့် အရာ ဖြစ်သနည်း။ သူသည် မည်သည့်အရာကို စွမ်းဆောင်ရရှိလိုသနည်း။ သူကိုယ်တိုင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သူ၏ ဧည့်ခံအိမ်တွင် ကောင်းစွာထောက်ပံ့ပေးခြင်းခံရသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ဤအရာကို ဖျက်လိုဖျက်ဆီးလုပ်ချင်သနည်း။ သူသည် သူ့အား ဧည့်ခံသူများကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းကြောင့် ဧည့်ခံသူများ၏အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ဧည့်ခံသူများကလည်း မပြန်နိုင်သောအခါမှသာ ဝမ်းသာလေသလော။ သူသည် သူကိုယ်တိုင်၏ အကျိုးအတွက် ဤနေရာကို ကာကွယ်သင့်သည်။ မည်သည့်အရာမျှ မဖြစ်ရန် တားဆီးသင့်ပြီး သူ့ကို ဧည့်ခံသူများအား ထိခိုက်ခြင်းသည် သူ့ကိုယ်သူ ထိခိုက်စေခြင်းနှင့် တူသဖြင့် ၎င်းတို့ကို မထိခိုက်သင့်ပေ။ ဤသို့ဆိုလျှင် ဤသို့လုပ်ဆောင်လိုခြင်းတွင် သူ၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (အကြောင်းကိစ္စများက သူ့အတွက် အဆင်မပြေသောအခါ သူသည် အခြားမည်သူမဆိုအတွက်လည်း အဆင်မပြေစေလိုပေ။) ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည်။ ထိုသူ စဉ်းစားသည်မှာ “ငါ၏ အိမ်သည် အဆင်းနီသောနဂါးကြီးကြောင့် ပျက်စီးသွားပြီး ယခုတွင် ငါ့၌ အိမ်မရှိပါ။ သို့သော် သင်သည် သင်ပြန်နိုင်သည့် ကောင်းမွန်သော၊ နွေးထွေးသောအိမ်တစ်လုံးရှိသေးသည်။ ဤသည်မှာ မတရားပါ။ သင်သည် အိမ်သို့ပြန်နိုင်သည်ကို ငါ ကြည့်မနေနိုင်ပါ။ သင့်အား ငါ သင်ခန်းစာတစ်ခုပေးမည်။ သင်အိမ်ပြန်၍မရဘဲ ငါကဲ့သို့ပင်ဖြစ်ရန် ငါ လုပ်ဆောင်မည်။ ဤက မျှတသည်ဟု ခံစားရစေလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မလိုမုန်းထားခြင်း၊ မကောင်းသော ရည်ရွယ်ချက်ရှိခြင်းမဟုတ်လော။ ဤသည်မှာ မည်သည့်အရာ၏ သဘောသဘာဝဖြစ်သနည်း။ (ကြမ်းတမ်းခြင်းဖြစ်သည်။) ဆိုးယုတ်သောလူများက ပြောသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် ရည်ရွယ်ချက်တစ်ခုကို စွမ်းဆောင်ရရှိရန် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးကို လုပ်ဆောင်လေ့ရှိသနည်း။ ဆိုးယုတ်သော စိတ်သဘောထားများရှိသောသူများက အများဆုံး လုပ်ဆောင်လေ့ရှိသောအရာမှာ အဘယ်နည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်သည်။ အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးသည်။) (၎င်းတို့သည် လူများနှင့် မျက်နှာချင်းဆိုင်ရှိသောအခါတွင် မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားသည်။ သို့သော် လူတို့နောက်ကွယ်တွင် ၎င်းတို့အား သေးသိမ်စေရန် ကြိုးစားကြသည်။) (၎င်းတို့သည် လူတို့ကို တိုက်ခိုက်သည်။ အငြိုးကြီးပြီး လူတို့အား မလိုမုန်းထားစွာဖြင့် ဒေါသတကြီးရမ်းသည်။) (ကောလာဟလများ၊ အသရေဖျက်မှုများကို ဖြန့်သည်။) (အခြားလူများကို မကောင်းပြောသည်။ ဝေဖန်အပြစ်တင်သည်။ ရှုတ်ချသည်။) ဤလုပ်ရပ်များ၏ သဘာဝမှာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးရန်ဖြစ်သည်။ ထိုအရာအားလုံးသည် ဘုရားသခင်အား အာခံခြင်း၊ တိုက်ခိုက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ အားလုံးက ဆိုးယုတ်သောစိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် ဆိုးယုတ်သောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ပြီးလျှင် ဆိုးယုတ်သောစိတ်သဘောထား၏ သရုပ်သကန်အချို့ကို ပိုင်ဆိုင်သောသူတို့အားလုံးအား ဆိုးယုတ်သောသူများအဖြစ် သတ်မှတ်နိုင်သည်။ ဆိုးယုတ်သူတစ်ယောက်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် နတ်ဆိုး၊ စာတန်၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
ဆိုးယုတ်သော လူများသည် အပြုသဘောဆောင်သော အရာများကို ချစ်ကြသလော။ ဆိုးယုတ်သော လူများသည် ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ယုတ်မာပြီး အဆိပ်ရှိသော အရာများကို ချစ်ကြ၏။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများနှင့် ဆက်နွှယ်သည့် အရာများ အားလုံးကို နှစ်သက်ကြသည်။ သင်က ၎င်းတို့အား အပြုသဘောဆောင်သောအရာများအကြောင်းကို ဖြစ်စေ၊ တစ်စုံတစ်ရာသည် လူများအား အကျိုးရရှိစေပြီး ဘုရားသခင်ထံမှ လာပုံအကြောင်းကို ဖြစ်စေ ပြောပြသည့်အခါ၊ ၎င်းတို့သည် ဝမ်းသာခြင်း မရှိ၊ ယင်းတို့ကို နားထောင်ရန် စိတ်မဝင်စားကြပေ။ ၎င်းတို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြချေ။ လူတစ်ယောက်သည် ၎င်းတို့အား သမ္မာတရားကို မည်သို့ ကောင်းမွန်စွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့အား မည်သို့ လက်တွေ့ကျစွာ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့က စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ရန်လိုမှုနှင့် မုန်းတီးမှုကိုပင် ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က ဇာတိသွေးသား အပျော်အပါးများအကြောင်း ပြောဆိုနေသည်ကို ၎င်းတို့ ကြားရသည့်အခါ၊ ၎င်းတို့၏ မျက်လုံးများသည် ဝင်းလက်ကြကုန်၏။ ၎င်းတို့သည် ခွန်အားအပြည့် ဖြစ်လာကြ၏။ ဤသည်မှာ ကြောက်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ကြင်နာသနားတတ်ခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမှန်တကယ် မနှစ်သက်နိုင်ကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး၊ အထင်အမြင်သေးကြ၏။ ၎င်းတို့သည် ဤအရာများကို ပြက်ရယ်ပြုကြ၏။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းနှင် ပတ်သက်လာသည့်အခါ ၎င်းတို့က “ရိုးသားခြင်းသည် သင့်အား ဆိုးကျိုးသာ ဖြစ်စေသည်။ ကျွန်ုပ်သည် ယင်းကို ငြင်းဆိုရလိမ့်မည်။ သင်က ရိုးသားသည်ဆိုလျှင်၊ သင်သည် လူနုံလူအတစ်ယောက်သာ ဖြစ်သည်။ သင့်ကိုယ် ကြည့်လော့၊ မိမိကိုယ်တိုင်၏ အနာဂတ်၊ မိမိ၏ ကျန်းမာရေးကို တစ်ကြိမ်မျှ ထည့်မစဉ်းစားဘဲ၊ မိမိတာဝန်ကို ထမ်းဆောင်ရန် ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်နေသည်။ သင်သည် ခြေကုန်လက်ပန်းကျသောကြောင့် ပြိုလဲလျှင်၊ မည်သူက ဂရုစိုက်ပေးမည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကို ခြေကုန်လက်ပန်းကျစေ၍ မဖြစ်ပါ” ဟု စဉ်းစားကြသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း၊ “ကျွန်ုပ်တို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ချန်ကြပါစို့။ ကျွန်ုပ်တို့သည် ငတုံးငအများကဲ့သို့ ခါးကျိုးအောင် လုပ်ဆောင်နေ၍ မဖြစ်ပေ။ ကျွန်ုပ်တို့၏ အရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်ရမည်၊ ထို့နောက်အနည်းငယ်မျှသာ အားထုတ်ကြရမည်” ဟု ပြောကောင်း ပြောပေမည်။ ထိုဆိုးယုတ်သော လူများသည် ဤစကားကို ကြားကြသည့်အခါ ဝမ်းသာကြလိမ့်မည်။ ယင်းမှာ ၎င်းတို့ လိုချင်သောအရာအတိအကျ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်းနှင့် မိမိ၏ တာဝန်အတွက် သစ္စာစောင့်သိစွာ မိမိကိုယ်ကို အသုံးခံခြင်းတို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့သည် ပစ်ပစ်ခါခါ ငြင်းဆိုကာ အလွန်မုန်းတီးကြပြီး ထိုအရာများကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူတစ်ယောက်သည် ဆိုးသည် မဟုတ်လော။ ဤကဲ့သို့သော လူများအားလုံးတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိကြသည်။ သင် ပြုလုပ်ရမည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ခါးခါးသီးသီး ငြင်းပယ်ကာ၊ နားထောင်ရန် ဆန္ဒမရှိ ဖြစ်လာကြတော့သည်။ ဤအရာသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့အနေဖြင့် ယင်းမှတစ်ဆင့် အကျိုး မရရှိနိုင်ကြဟု ၎င်းတို့က တွေးထင်ကြလိမ့်မည်။ စိတ်အတွင်း၌ ၎င်းတို့က “သမ္မာတရားအကြောင်း၊ လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို မနားတမ်း ပြောဆိုနေသည်။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းအကြောင်းကို အမြဲ ဆွေးနွေးနေသည်။ ရိုးသားခြင်းသည် သင့်ကို ကျွေးမွေးနိုင်သလော။ ရိုးသားစွာ ပြောဆိုခြင်းသည် သင့်ကို ငွေကြေး ရစေနိုင်သလော။ လိမ်ညာခြင်းသည်သာ ကျွန်ုပ် အကျိုးအမြတ်ရရှိမည့် နည်းလမ်းဖြစ်သည်” ဟူ၍ ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှု ဖြစ်သနည်း။ သူခိုးဓားပြတစ်ယောက်၏ ဆင်ခြင်တွေးခေါ်မှု ဖြစ်ပေသည်။ ဤသည်မှာ ဆိုးသောစိတ်သဘောထားတစ်ခု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် ကြင်နာသနားတတ်သလော။ (မကြင်နာမသနားတတ်ပါ။) ဤလူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့ အမှန်တကယ် ဆက်ကပ်သော၊ အသုံးခံသော၊ စွန့်လွှတ်သော အရာအနည်းငယ်သည် ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြိုတင်၍ ကောင်းစွာ အပိုင်ကြံထားသော အရာတစ်ခု ဖြစ်၏။ အပြန်အလှန်အားဖြင့် ပို၍ ရရှိမှသာ တစ်စုံတစ်ခုအား အပေးအယူ လုပ်ရန် ကောင်းသည်ဟု ၎င်းတို့က ထင်ကြသည်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော၊ ဆိုးသော စိတ်သဘောထား တစ်ခု ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်
အသင်းတော်တွင် လူအချို့သည် ၎င်းတို့၏ တာဝန်ကို မှန်မှန်ကန်ကန် မထမ်းဆောင်သောကြောင့် ပြုပြင်ခြင်းခံရသည်။ လူတစ်ယောက်အား ပြုပြင်သောအခါတွင် ပြောသောအရာများ၌ မကြာခဏပင် ထိုလူကို အပြစ်ဖော်ဆုံးမခြင်းပါဝင်ပြီး ဆူငေါက်ခြင်းပင် ပါဝင်ကောင်းပါဝင်နိုင်သည်။ ဤအရာသည် ၎င်းတို့ကို သေချာပေါက် စိတ်မချမ်းမသာဖြစ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဆင်ခြေများရှာပြီး ပြန်လည်အဖြေပေးလိုလိမ့်မည်။ ၎င်းတို့က “အကြောင်းအရာများကို ပြော၍ ငါ့အား သင် ကိုင်တွယ်ဖြေရှင်းခြင်းသည် မှန်ကန်သော်လည်း သင်ပြောသည့်အရာအချို့မှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ပြီးလျှင် သင်သည် ငါ့ကို အရှက်ရစေပြီး ငါ၏ ခံစားချက်တို့ကို ထိခိုက်သည်။ ငါသည် ဤနှစ်များအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး မည်သည့်အခါမျှ ကူညီပံ့ပိုးခြင်းတစ်ခုတလေ မရှိသော်လည်း အလုပ်ကြိုးစားခဲ့သည်။ ငါသည် အဘယ်သို့ ဤသို့ ဆက်ဆံခံရမည်နည်း။ သင်သည် အခြားမည်သူ့ကိုမျှ ပြုပြင်ခြင်း အဘယ်သို့ဖြစ်သနည်း။ ဤအရာကို ငါလက်မခံနိုင်ပါ၊ သည်းမခံနိုင်ပါ” ဆိုသကဲ့သို့သောအရာများကို ပြောသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စောဒကတက်ခြင်း၊ မနာခံခြင်း၊ ရန်ငြိုးထားခြင်းတို့မှတစ်ဆင့်သာ ထင်ရှားသည်။ သို့သော် ထိုစိတ်သဘောထားသည် လက္ခဏာအချို့ ပြနေပြီဖြစ်ပြီး ပေါက်ထွက်တော့မည့် နေရာသို့ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အပြင်းထန်ဆုံး အဆင့်သို့ မရောက်သေးပေ။ အထွတ်အထိပ်သို့ မရောက်သေးပေ။ ဤအရာပြီးသည်နှင့် မရှေးမနှောင်းတွင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိကြပေ။ စိတ်ဆိုးသည်။ အာခံသည်။ မလိုမုန်းထားစိတ်ဖြင့် စတင် ပြုမူသည်။ စတင်၍ ရှာကြံအကြောင်းပြသည်။ “ခေါင်းဆောင်များ၊ အမှုဆောင်များသည် လူတို့ကို ပြုပြင်သောအခါတွင် အစဉ်သဖြင့် မှန်ကန်ခြင်းမရှိပါ။ ကျန်သည့် သင်တို့တွေက လက်ခံကောင်းလက်ခံနိုင်မည်။ သို့သော် ကျွန်ုပ် လက်မခံနိုင်ပါ။ ဤအရာကို သင်တို့ လက်ခံနိုင်သည်မှာ သင်တို့သည် မိုက်မဲပြီး ပျော့ညံ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ် လက်မခံပါ။ ဤအရာကို ဆွေးနွေးအဖြေရှာပြီး မည်သူက မှန်သည်၊ မှားသည်ကို ကြည့်ကြစို့” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် လူတို့က ၎င်းတို့အား မိတ်သဟာယပြုပြီး “မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပထမဆုံး သင်လုပ်ဆောင်ရမည့်အရာမှာ နာခံခြင်းဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် အနည်းငယ်မျှပင် အစွန်းအထင်းမရှိသည်မှာ ဖြစ်နိုင်သလော။ သင်သည် အရာရာကို မှန်မှန်ကန်ကန်လုပ်ဆောင်သလော။ သင်သည် အရာရာကို မှန်ကန်စွာ လုပ်ဆောင်လျှင်ပင် ပြုပြင်ခံရခြင်းသည် သင့်အတွက် အထောက်အကူဖြစ်သေးသည်။ ကျွန်ုပ်တို့သည် သင်နှင့်အတူ စည်းမျဉ်းများကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ သို့သော် သင်သည် မည်သည့်အခါမျှ နားမထောင်ဘဲ သင်နှစ်သက်သလိုသာ ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ရန် ရွေးချယ်သည်။ အသင်းတော်လုပ်အတွက် အဖျက်အမှောင့်များဖြစ်ပြီး ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ဤသို့ဆိုလျှင် ပြုပြင်ခြင်းကိုအဘယ်သို့ မရင်ဆိုင်ရဘဲရှိနိုင်မည်နည်း။ စကားအသုံးအနှုန်းက ကြမ်းကောင်းကြမ်းနိုင်သည်။ နားထောင်ဖို့ ခက်နိုင်သည်။ သို့သော် ဤသည်မှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ သင်သည် မည်သည့်အရာကို ငြင်းခုံနေသနည်း။ အခြားလူများကို သင့်အား ပြုပြင်ခွင့်မပြုဘဲ သင့်အား မကောင်းသောအရာများကိုသာ လုပ်ဆောင်ခွင့်ပေးသင့်သလော” ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့သည် ဤအရာကို ကြားပြီးနောက်တွင် ပြုပြင်ခြင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆင်ခြေများပေးခြင်း၊ အတိုက်အခံပြုခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိမ့်မည်။ မည်သည့်စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သနည်း။ နတ်ဆိုးဆန်ခြင်းဖြစ်သည်။ ယင်းသည် ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ အမှန်တကယ်တွင် ယင်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ “လူတို့က ငါ့အား စိတ်ဆိုးအောင်လုပ်ဆောင်ခြင်းကို ငါမခံ။ မည်သူကမျှ ငါ၏ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို စမ်းပြီးထိမကြည့်သင့်ပေ။ ငါ့ကို ရန်စဖို့ မလွယ်ကူသည်ကို သင့်အား ငါပြလျှင် နောင်အချိန်တွင် သင်သည် ငါ့အား ပြုပြင်ရဲမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ အနိုင်မရရှိသလော” ဟူ၍ ဖြစ်သည်။ အဘယ်သို့နည်း။ စိတ်သဘောထားက ဖော်ထုတ်ခံရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် သမ္မာတရားအား မနှစ်သက်ခြင်းသာ မဟုတ်ဘဲ သမ္မာတရားကို မုန်းတီးသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသောအခါ ထွက်ပြေးရန် ကြိုးစားသည်၊ သို့မဟုတ် လျစ်လျူရှုသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အလွန်အမင်း ရန်လိုကြသည်။ ယင်းမှာ ၎င်းတို့က ဆင်ခြေများ စိတ်ကူးရခြင်း ကိစ္စသက်သက်သာမဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ သဘောထားလုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အလျှော့ပေးခြင်းမရှိဘဲ အတိုက်အခံပြုတတ်သည်။ ရက်စက်ပြီး လောဘကြီးသော အမျိုးသမီးတစ်ဦးဦးကဲ့သို့ပင် ပြန်၍ ငြင်းခုံသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က၊ “သင်သည် ငါ့အား အရှက်ရစေရန်၊ တမင် ကသိကအောက်ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ကို ငါနားလည်သည်။ ငါသည် သင့်အား မျက်နှာချင်းဆိုင်၍ အတိုက်အခံမလုပ်ရဲသော်လည်း လက်စားချေရန် အခွင့်အရေးကို ငါရှာမည်။ သင်သည် ငါ့အား ပြုပြင်ရုံမျှပြုပြင်ပြီး ဩဇာပေးနိုင်မည်ဟု ထင်သလော။ လူတိုင်းကို ငါ့ဘက်သို့ပါအောင် ငါလုပ်မည်။ သင့်ကို တစ်ဦးတည်း သီးခြားဖြစ်စေမည်။ ပြီးလျှင် သင်ကိုယ်တိုင်လုပ်ဆောင်သည့်နည်းအတိုင်း သင့်အပေါ် ငါလုပ်ဆောင်မည်” ဟူ၍ စဉ်းစားသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားသည် နောက်ဆုံးတွင် သူ့ဘာသာ ထုတ်ဖော်ပြလာသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ရရှိပြီး ၎င်းတို့၏ မလိုမုန်းထားစိတ်ကို ဖွင့်ချရန်အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြပြီး လူတိုင်းအား ၎င်းတို့ဘက်သို့ ပါစေမည့် ဆင်ခြေများကို ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ပျော်ရွှင်ပြီး ဖြေသိမ့်နိုင်ကြသည်။ ဤသည်မှာ မလိုမုန်းထားခြင်းမဟုတ်သလော။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ပြုပြင်ခြင်းမခံရသေးသောအချိန်တွင် ထိုသို့သောသူများသည် သိုးသငယ်များကဲ့သို့ဖြစ်သည်။ ပြုပြင်ခြင်းကိုခံရသောအခါတွင်၊ သို့မဟုတ် ၎င်းတို့၏ သရုပ်မှန် ပေါ်လွင်သွားသောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် သိုးသငယ်မှ ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားပြီး ၎င်းတို့၏ ဝံပုလွေဆန်ခြင်း ပေါ်ထွက်လာသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ယင်းသည် အချိန်အများစုတွင် အဘယ်ကြောင့် မမြင်သာသနည်း။ (၎င်းတို့ ဆွပေးခြင်းမခံရသောကြောင့်ဖြစ်သည်။) မှန်သည်။ ၎င်းတို့သည် ဆွပေးခြင်းမခံရသကဲ့သို့ ၎င်းတို့၏ အကျိုးစီးပွားများက အန္တရာယ်မရှိပေ။ ဤသည်မှာ ဝံပုလွေတစ်ကောင်က မဆာလောင်သောအခါတွင် သင့်အား စားမည်မဟုတ်သကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ယင်းသည် ဝံပုလွေမဟုတ်ဟု သင်ဆိုနိုင်သလော။ ယင်းကို ဝံပုလွေဟုခေါ်ဆိုရန်အတွက် သင့်ကို စားရန် ကြိုးစားသည်အထိစောင့်နေလျှင် အလွန်နောက်ကျသွားမည်မဟုတ်လော။ သင့်အား စားရန် မကြိုးစားသေးချိန်တွင်ပင်၊ သင်သည် အချိန်ပြည့် သတိဝီရိယရှိသင့်သည်။ ဝံပုလွေက သင့်အား မစားခြင်းသည် သင့်အား မစားလိုသည့် သဘောမဟုတ်ပေ။ အချိန်မကျသေးခြင်းသာ ဖြစ်သည်။ အချိန်ကျလာသောအခါတွင် သူ၏ ဝံပုလွေသဘာဝက ပြလာသည်။ ပြုပြင်ခြင်းက လူမျိုးစုံကို ထုတ်ဖော်သည်။ လူအချို့က “အဘယ်ကြောင့် ပြုပြင်ခြင်းခံရသည်မှာ ငါတစ်ယောက်တည်းဖြစ်သနည်း။ အဘယ်ကြောင့် ငါသည် အစဉ်အမြဲ အနိုင်ကျင့်ခံရသနည်း။ ငါ့အား လွယ်ကူသော ပစ်မှတ်အဖြစ် မြင်ကြသလော။ ငါသည် သင်တို့ ရန်စ၍ရသည့်သူမျိုးမဟုတ်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ပြုပြင်ခံရသည်မှာ အဘယ်ကြောင့် ၎င်းတို့သာ ဖြစ်သနည်း။ အမှန်တကယ်တွင် ဤသို့မဟုတ်ပေ။ သင်တို့အထဲတွင် မည်သူက ပြုပြင်ခြင်းကို မခံရဖူးသနည်း။ သင်တို့အားလုံး ခံရဖူးပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ထိန်းကျောင်းရခက်ပြီး မဆင်မခြင်လုပ်ဆောင်သည်။ သို့မဟုတ်လျှင် အလုပ်အစီအစဉ်များအတိုင်း မလုပ်ဆောင်ကြပေ။ ၎င်းတို့အများစုသည် ပြုပြင်ခြင်းကို ခံရသည်။ ဤသည်မှာ အသင်းတော်အလုပ်ကို ကာကွယ်ရန်၊ လူများက ထင်ရာစိုင်း၍ လုပ်ဆောင်ခြင်းကို တားဆီးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ သီးသန့် ပုဂ္ဂိုလ်တစ်ဦးဦးကို ပစ်မှတ်ထားဖို့ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည် အချက်အလက်များကို သိသာစွာပင် လိုရာဆွဲ၍ မမှန်မကန်ပြောခြင်းဖြစ်သည်။ ဤသည်မှာလည်း ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
“လက်စားချေလိုစိတ်ရှိခြင်း” ဟူသော စကားရပ်အားဖြင့် ဤလူတို့သည် မည်သို့မျှ ကောင်းသောသူများ မဟုတ်ကြသည်မှာ သိသာထင်ရှားသည်၊ နေ့စဉ်သုံးစကားဖြင့်ဆိုသော် ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော တစ်သမတ်တည်းဖြစ်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအပြင် ၎င်းတို့၏ လုပ်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို အကဲဖြတ်ကြည့်သော် ၎င်းတို့၏ စိတ်နှလုံးများသည် ကြင်နာခြင်းမရှိပေ။ လူအများပြောလေ့ရှိသည့် စကားအတိုင်းဆိုလျှင် ၎င်းတို့သည် “အကျင့်ယုတ်သောသူများ” ဖြစ်ကြသည်။ ၎င်းတို့သည် ကြင်နာတတ်သောအမျိုးအစား မဟုတ်ဟု ငါတို့ ဆိုသည်၊ ပို၍ တိတိကျကျဆိုရလျှင် ဤလူပုဂ္ဂိုလ်များသည် ကြင်နာသောစိတ်နှလုံးမရှိဘဲ ရက်စက်ကြမ်းကြုတ်ခြင်း၊ မလိုမုန်းထားခြင်းနှင့် အကြင်နာတရားခေါင်းပါးခြင်းတို့ ပါဝင်သည်။ တစ်စုံတစ်ဦးသည် ဤလူပုဂ္ဂိုလ်တို့၏ အကျိုးစီးပွား၊ သိက္ခာ သို့မဟုတ် အဆင့်အတန်းတို့ကို ထိပါးသော သို့မဟုတ် ၎င်းတို့ကို စော်ကားသော တစ်စုံတစ်ခုကို ပြောဆိုသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရန်လိုမှုကို သိုထားကြသည်။ နောက်တစ်ဖက်တွင် ဤရန်လိုမှုကို အခြေခံ၍ ၎င်းတို့သည် ပြုမူကြသည်၊ ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို ပွင့်အံချရန်နှင့် ဒေါသကို ပြေပျောက်စေရန် ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့ဖြင့် ပြုမူကြပြီး ဤအပြုအမူကို လက်စားချေခြင်းဟု ကြားဖူးကြသည်။ လူတို့ကြားတွင် ဤကဲ့သို့သော လူပုဂ္ဂိုလ်တစ်စု အစဉ်အမြဲ ရှိတတ်သည်။ ယင်းသည် လူတို့က သေးသိမ်ခြင်း၊ ဗိုလ်ကျစိုးမိုးတတ်ခြင်း သို့မဟုတ် အလွန်အမင်း အကဲဆတ်ခြင်းဟု သရုပ်ဖော်သည့်အရာပင်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝကို သရုပ်ဖော်ရန် သို့မဟုတ် အကျဉ်းချုပ်ရန် အသုံးပြုသည့် ဝေါဟာရများ မည်သို့ပင်ဖြစ်စေ အခြားသူများနှင့် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများ၏ တူညီသော သရုပ်သကန်မှာ ၎င်းတို့ကို မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ နာကျင်စေသော သို့မဟုတ် စော်ကားသော မည်သူမဆိုသည် ဒုက္ခခံရမည်ဖြစ်ပြီး ထိုက်တန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ အချို့လူများ ပြောဆိုသကဲ့သို့ပင် ဖြစ်သည်။ “သူတို့ကို စော်ကားကြည့်ပါ၊ ပြီးလျှင် သင်သည် အလွန်အမင်း နာကျင်ခံစားရလိမ့်မည်။ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်လျှင် သို့မဟုတ် နာကျင်အောင်လုပ်လျှင် သင် အလွယ်တကူ လွတ်မြောက်မည်ဟု မထင်နှင့်” ဟူ၍ ဖြစ်သည်။ လူတို့ကြားတွင် ထိုသို့သော လူပုဂ္ဂိုလ်များ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် ဧကန်မုချ ရှိကြသည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ယင်းသည် ဒေါသထွက်ထိုက်သည်ဖြစ်စေ၊ သေးသိမ်ထိုက်သည်ဖြစ်စေ လက်စားချေလိုစိတ်ရှိသောသူတို့သည် ယင်းကို မိမိတို့၏ နေ့စဉ်လုပ်ငန်းစဉ်များထဲသို့ ထည့်သွင်းကြပြီး အရေးအကြီးဆုံးသော ကိစ္စရပ်တစ်ခုအဖြစ် သဘောထားကြသည်။ မည်သူမဆို ၎င်းတို့ကို စော်ကားသည်ဖြစ်စေ လက်ခံနိုင်ဖွယ်မရှိဘဲ ၎င်းတို့သည် ထိုက်တန်သော အဖိုးအခကို ပေးဆပ်ရန် တောင်းဆိုကြသည်၊ ဤသည်မှာ လူတို့ကို ဆက်ဆံခြင်းအတွက်၊ ၎င်းတို့က ရန်သူဟု သတ်မှတ်သော မည်သူ့ကိုမဆို ဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်အသက်တာ၌ အချို့လူများသည် မိမိတို့၏ အခြေအနေအကြောင်းကို မိတ်သဟာယဖွဲ့ကြသည် သို့မဟုတ် ပုံမှန်အားဖြင့် မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး မျှဝေကြကာ မိမိတို့၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ဆွေးနွေးကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် အခြားသူများ၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို အမှတ်တမဲ့ ထည့်သွင်းပြောဆိုမိကြသည်။ ပြောဆိုသူသည် မရည်ရွယ်ဘဲ ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း နားထောင်သူကမူ ယင်းကို အလေးအနက်ထား မှတ်ယူသည်။ နားထောင်ပြီးနောက် ဤလူပုဂ္ဂိုလ်သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ခြင်း သို့မဟုတ် ကိုင်တွယ်နိုင်ခြင်းမရှိဘဲ လက်စားချေလိုသော စိတ်နေစိတ်ထားတစ်ခု ဖြစ်ပေါ်လာရန် လွယ်ကူသည်။ ၎င်းတို့သည် ဤကိစ္စကို လက်မလွှတ်ဘဲ မရမက တိုက်ခိုက်ပြီး လက်စားချေပါက ယင်းသည် အသင်းတော်၏အလုပ်အတွက် ဒုက္ခကို ဖြစ်စေလိမ့်မည်ဖြစ်ရာ ဤကိစ္စကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမည်။ အသင်းတော်၌ ဆိုးယုတ်သောလူများ ရှိနေသရွေ့ အနှောင့်အယှက်များသည် မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်ရာ အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဖြစ်စဉ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သရွေ့ သို့မဟုတ် နာကျင်စေသရွေ့ ၎င်းတို့သည် ယင်းကို လွယ်လွယ်ကူကူ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်။ “သင်သည် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့အကြောင်းကို စကားထဲ ထည့်ပြောရသနည်း။ သင်သည် သင်၏ ကိုယ်ပိုင်အသိအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့ကို ဖော်ထုတ်ရသနည်း။ ငါ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခြင်းသည် ငါ့ကို အရှက်ရစေပြီး သိက္ခာကျစေသည်၊ ညီအစ်ကိုမောင်နှမများကြားတွင် ငါ့ကို အနေရခက်စေသည်၊ ငါ့ကို ဂုဏ်သိက္ခာကျဆင်းစေပြီး ငါ၏ ဂုဏ်သတင်းကို ပျက်စီးစေသည်။ ကောင်းပြီ၊ ငါသည် သင့်အပေါ် လက်စားချေမည်၊ သင် ထင်ထားသည်ထက် များစွာ ဆိုးရွားသော အကျိုးဆက်ကို ခံစားရလိမ့်မည်။ ငါသည် အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်နှင့်၊ ငါ၏ မိသားစုအခြေအနေက ဆင်းရဲပြီး ငါ၏ လူမှုအဆင့်အတန်းက မမြင့်မားရုံဖြင့် သင်သည် ငါ့ကို အနိုင်ကျင့်၍ရနိုင်သည်ဟု မထင်နှင့်။ ငါ့ကို သဘောလွယ်သူတစ်ဦးအဖြစ် မမှတ်ယူနှင့်၊ ငါသည် အနိုင်ကျင့်၍လွယ်သည့်သူတစ်ဦး မဟုတ်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို မည်သို့ လုပ်ဆောင်ကြသည်ကို ထားလော့၊ ဤလူတို့ကိုယ်တိုင်ကိုသာ သုံးသပ်ကြည့်ကြပါစို့။ ၎င်းတို့သည် ဤသေးငယ်သော ကိစ္စရပ်များ၊ အသင်းတော်အသက်တာ၌ အဖြစ်များသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ဤကိစ္စရပ်များကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိရုံသာမက အမုန်းတရားကိုလည်း ဖြစ်ပေါ်စေပြီး လက်စားချေရန် အခွင့်အရေးများကို စောင့်ဆိုင်းကြကာ မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် မသမာသော နည်းလမ်းများကိုပင် အားကိုးကြသည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်အရာကို ဖော်ပြသနည်း။ (ယင်းမှာ မလိုမုန်းထားခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် ကြင်နာတတ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။)...အခြားသူတို့သည် ထိုကိစ္စရပ်မျိုးကို သာမန်အဖြစ် ရှုမြင်ကြမည်ဖြစ်ပြီး ထိုအတိုင်း ကိုင်တွယ်ကာ သဘောထားပြုမူကြမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံသော လူကောင်းတို့သည် ယင်းကို လက်ဦးမှုယူ၍ အပြုသဘောဖြင့် ဖြေရှင်းကြမည်မှာ ပြောစရာမလိုပေ။ သာမန်လူတို့သည် ယင်းကို အပြုသဘောဖြင့် မဖြေရှင်းသော်လည်း အမုန်းတရားကို သိုမထားကြသကဲ့သို့ လက်စားချေရန် သာ၍ပင် မကြိုးစားကြပေ။ သို့သော် မကြင်နာတတ်သော လူစားမျိုး ဖြစ်သည့် ထိုဆိုးယုတ်သောလူများအတွက်မူ ကွဲပြားသည်။ ထိုသို့သော သာမန်ဖြစ်ပြီး လုံးဝ သာမညဖြစ်သည့် ကိစ္စရပ်တစ်ခုသည် ၎င်းတို့၏ စိတ်ထဲတွင် ကမောက်ကမဖြစ်စေနိုင်ပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်တော့ပေ။ ၎င်းတို့ ဖြစ်ပေါ်စေသည့်အရာများသည် အပြုသဘောဆောင်ခြင်း သို့မဟုတ် သာမန်ဖြစ်ခြင်းတို့မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်ပေသည်၊ ၎င်းတို့သည် လက်စားချေရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ လက်စားချေခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့အကြောင်း စစ်မှန်သောအခြေအနေများအပြင် ၎င်းတို့၏ အကျည်းတန်သောဘက်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖော်ထုတ်လျက် မလိုမုန်းထားသော မှတ်ချက်များဖြင့် ၎င်းတို့ကို တမင်တကာ အသရေဖျက်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် လူတို့ပြောဆိုသည့်အရာကို တမင်တကာ ပြောဆိုသည်ဟု မှတ်ယူကြပြီး ထိုသို့ဖြင့် ထိုသူတို့ကို မိမိတို့၏ ရန်သူများအဖြစ် သတ်မှတ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ လက်စားချေလိုသော ရည်မှန်းချက်များကို အောင်မြင်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလျက် ထိုကိစ္စကို ဖြေရှင်းရန် လက်စားချေခြင်းကို အသုံးပြုခြင်းသည် တရားနည်းလမ်းကျသည်ဟု ခံစားကြရသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်အသက်တာ၌ ညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ အခြေအနေများအကြောင်းကို ပြောဆိုသည့်အခါ နားထောင်သူအများစုသည် ကိုယ်ချင်းစာနိုင်ကြပြီး ဘုရားသခင်ထံမှ ယင်းကို ခံယူနိုင်ကြသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောသူတို့သာလျှင် ယင်းကို ကြားရသည့်အခါ ရန်လိုမှုနှင့် လက်စားချေလိုသော စိတ်ကိုပင် ဖြစ်ပေါ်စေကြပြီး ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ လက်စားချေလိုသော စိတ် ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် လက်စားချေလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များ တသီတတန်းသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်။ လက်စားချေခြင်း လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါ လူအချင်းချင်းကြားရှိ ဆက်ဆံရေးများသည် မည်သို့ ဖြစ်လာမည်နည်း။ ယင်းတို့သည် သင့်လျော်သော ဆက်ဆံရေးများ မဟုတ်ကြတော့ပေ။ ပြီးလျှင် ဤအထဲတွင် တကယ့် သားကောင်မှာ မည်သူနည်း။ (၎င်းတို့ လက်စားချေလိုသောသူ ဖြစ်ပါသည်။) မှန်ပေသည်။ တကယ့် သားကောင်များသည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယဖွဲ့သောသူများ ဖြစ်ကြသည်။ လက်စားချေလိုစိတ်ရှိသောသူတို့သည် ထို့နောက်တွင် ၎င်းတို့အနေဖြင့် မိမိတို့ကို ဖော်ထုတ်နေသည်ဟုဖြစ်စေ၊ မိမိတို့အပေါ် ရန်လိုမုန်းတီးမှုကို သိုထားသည်ဟုဖြစ်စေ ထင်မြင်သောသူတို့ကို အခြေအနေအမျိုးမျိုးတွင် စကားလုံးများ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးပြုလျက် ဝေဖန်သုံးသပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကွက်ဆင် စွပ်စွဲခြင်း သို့မဟုတ် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ကြလိမ့်မည်။ လက်စားချေလိုစိတ်ရှိသော ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို ယာယီမျှ သိုထားရုံမျှသာမဟုတ်ဘဲ ၎င်းတို့ လက်စားချေခြင်းခံရမည့် ပစ်မှတ်များဖြစ်သောသူတို့၊ ၎င်းတို့ ရန်လိုသောသူတို့နှင့် ၎င်းတို့က မိမိတို့အတွက် အဆင်မပြေဟု ထင်မြင်သောသူတို့ကို လက်စားချေရန် အခွင့်အရေးအမျိုးမျိုးကို ရှာဖွေကြပြီး ဖန်တီးကြသည်ပင် ဖြစ်သည်။ ဥပမာအားဖြင့် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်နေစဉ်အတွင်း ၎င်းတို့ ရန်လိုမုန်းတီးသောသူသည် ဘုရားအိမ်တော်အတွင်း လူတို့ကို အသုံးပြုခြင်းအတွက် စည်းမျဉ်းများနှင့် ကိုက်ညီပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် အရည်အချင်းပြည့်မီပါက ၎င်းတို့၏ ရန်လိုမှုသည် ထိုလူကို ဝေဖန်သုံးသပ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် နောက်ကွယ်မှ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ထိုလူအတွက် အန္တရာယ်ရှိသောအရာများကို လုပ်ဆောင်ခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အတိုချုပ်အားဖြင့် ၎င်းတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် နည်းလမ်းများသည် အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် တိုက်ခိုက်ရန် နိုင်ကွက်အဖြစ် အသုံးပြုခြင်းနှင့် ထိုသူအကြောင်း မကောင်းပြောခြင်း၊ ချဲ့ကားပြောဆိုခြင်းနှင့် အခြေအမြစ်မရှိသော တစ်ဆင့်စကားများအားဖြင့် ထိုလူအကြောင်း ကောလာဟလများကို ဖန်တီးခြင်း သို့မဟုတ် ထိုလူနှင့် အခြားသူများကြားတွင် သဘောထားကွဲလွဲမှုကို ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ၎င်းတို့သည် ထိုလူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိဘဲ အပျက်သဘောဆောင်ခြင်းအားဖြင့် အတိုက်အခံ လုပ်သည်ဟု အခိုင်အမာဆိုလျက် ခေါင်းဆောင်များထံ ထိုလူကို မမှန်မကန် စွပ်စွဲခြင်းကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ဤအရာအားလုံးသည် အမှန်တကယ်တွင် မရှိကို အရှိလုပ်ကာ တမင်တကာ ဖန်တီးထားခြင်းများသာ ဖြစ်သည်။ ထိုလူအပေါ် ၎င်းတို့၏ သံသယများနှင့် နားလည်မှု လွဲမှားခြင်းများမှစ၍ အကြောင်းမဲ့သက်သက် အပြုအမူများနှင့် လုပ်ဆောင်ချက်များ မည်မျှများပြားစွာ ပေါ်ပေါက်လာသည်ကို ကြည့်လော့၊ ဤချဉ်းကပ်နည်းအားလုံးသည် ၎င်းတို့၏ လက်စားချေလိုသော သဘာဝမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူသည် မိမိ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေခဲ့သည့်အခါ ယင်းသည် ၎င်းတို့ကို လုံးဝ ပစ်မှတ်ထားခြင်း မဟုတ်ခဲ့ပေ၊ ၎င်းတို့အပေါ် မည်သည့်မကောင်းကြံစည်မှုမျှ လုံးဝ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် လက်စားချေလိုစိတ်ရှိသော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားတစ်ခု ရှိသောကြောင့်သာလျှင် အခြားသူတို့က ၎င်းတို့ကို ဖော်ထုတ်သည်ကို ခွင့်မပြုခြင်းဖြစ်သကဲ့သို့ မိမိကိုယ်ကို သိခြင်းအကြောင်း ဆွေးနွေးခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ဆွေးနွေးခြင်း သို့မဟုတ် လူတစ်ဦး၏ စာတန်ဆန်သော သဘာဝအကြောင်း ပြောဆိုခြင်းတို့ကိုလည်း ခွင့်မပြုခြင်း ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါ ၎င်းတို့သည် မိမိတို့ ပစ်မှတ်ထားခြင်းနှင့် ဖော်ထုတ်ခြင်းခံနေရသည်ဟု ယူဆကာ ဒေါသထွက်လာကြပြီး ထို့ကြောင့် လက်စားချေလိုသော စိတ်တစ်ခုကို ဖြစ်ပေါ်ကာ ဖန်တီးကြသည်။ ဤလူစားမျိုး၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် သရုပ်သကန်များသည် အခြေအနေတစ်ရပ်တည်းတွင်သာ လုံးဝ ကန့်သတ်ထားခြင်းမရှိပေ။ ငါ အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူပုဂ္ဂိုလ်တို့တွင် ရက်စက်ကြမ်းကြုတ်သော သဘာဝတစ်ခု ရှိသောကြောင့် ဖြစ်သည်၊ မည်သူမျှ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်ခြင်း သို့မဟုတ် ရန်စခြင်း မပြုနိုင်ပေ။ ၎င်းတို့သည် ကင်းမြီးကောက် သို့မဟုတ် ကင်းခြေများကဲ့သို့ပင် မည်သူ့ကိုမဆို၊ မည်သည့်အရာကိုမဆို ရန်လိုတိုက်ခိုက်တတ်သည့် စိတ်ကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးသည် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားပြောဆိုခြင်းဖြင့် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သည်ဖြစ်စေ၊ နာကျင်စေသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ မာန သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းသွားသည်ဟု ခံစားရသရွေ့ မိမိတို့၏ မာနနှင့် ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် နည်းလမ်းများကို ကြံစည်ကြမည်ဖြစ်ပြီး ယင်းက လက်စားချေလိုသော လုပ်ဆောင်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာစေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅)
ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို မချစ်သော သူများမှာမူ ကြံစည်လှုပ်ရှားနေသော အတွေးများ အမြဲတမ်း ရှိကြ၏။ ၎င်းတို့သည် ယနေ့တွင် ကောင်းချီးများ ရရှိခြင်းအတွက် မျှော်လင့်ချက် ခပ်ရေးရေးတစ်ခုကို မြင်ရလျှင်၊ ယင်းအတွက် ၎င်းတို့ အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ပြီး၊ လူတို့ကို သိမ်းသွင်းနိုင်ရန် မျှော်လင့်လျက် ကောင်းမှုများကိုလည်း လူတိုင်းလူတိုင်း မြင်ရန် ပြုလုပ်ကြပေမည်။ သို့သော် အတန်ငယ်ကြာပြီးနောက် ဘုရားသခင်က ၎င်းတို့အား ကောင်းချီး မပေးသေးသည့်အခါ၊ ၎င်းတို့သည် စိတ်မချမ်းမြေ့ ဖြစ်လာကြပြီး ညည်းညူကြကာ ၎င်းတို့ ရရှိသည့် ကောက်ချက်မှာ ဤသို့ဖြစ်သည်။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်။ သူသည် မည်သည့် ဘက်လိုက်မှုကိုမျှ မပြပေ။ ဤစကားများ မှန်ကန်ကြောင်း ကျွန်ုပ်အနေဖြင့် များစွာ မသေချာပါ”ဟူ၍။ ၎င်းတို့သည် ၎င်းတို့၏ လက်ငင်း အကျိုးအမြတ်များကို ကျော်လွန်၍ မမြင်နိုင်ကြချေ။ ၎င်းတို့အား အကျိုးမပြုလျှင်၊ ၎င်းတို့သည် အနည်းငယ်မျှ အားထုတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ ဆိုးသည် မဟုတ်လော။ ၎င်းတို့သည် မည်သူနှင့် ပြောဆို လုပ်ကိုင်သည်ဖြစ်စေ၊ ထိုသူနှင့် အပေးအယူများ ပြုလုပ်ရန် ကြိုးစားကြပြီး ဘုရားသခင်နှင့်ပင် အပေးအယူများ ပြုလုပ်ရန် ကြိုးစားဝံ့ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် အကျိုးအမြတ်အချို့ကို ယခုပင် မြင်လိုပါသည်။ ယခုချက်ချင်း ကျွန်ုပ် အကျိုးအမြတ် ရကိုရရှိရမည်” ဟု ၎င်းတို့က စဉ်းစားကြသည်။ အတင်းအဓမ္မ ဖြစ်လွန်းလှ၏။ ၎င်းတို့၌ ဆိုးသော စိတ်သဘောထားတစ်ခု ရှိသည်ဟု ပြောလျှင် လွန်လွန်းမည်လော။ (မလွန်လွန်းပါ။) သို့ဖြစ်လျှင် ၎င်းတို့၏ ဆိုးခြင်းကို မည်သို့ သက်သေပြနိုင်သနည်း။ ၎င်းတို့သည် သေးငယ်သော စမ်းသပ်မှုတစ်ခု သို့မဟုတ် ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ယင်းကို လက်ခံနိုင်မည် မဟုတ်သလို၊ ၎င်းတို့၏ တာဝန်ကိုလည်း ထမ်းဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုတစ်ခုကို ခံစားရပြီးဖြစ်သည်ဟု ခံစားကြလိမ့်မည်။ “ကျွန်ုပ်သည် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီး မပေးသေးချေ။ ဘုရားသခင်ဆိုသည်မှာ ရှိပင် ရှိပါ၏လော။ ဤသည်မှာ မှန်ကန်သော လမ်းခရီး ဟုတ်သလော၊ မဟုတ်သလော။” ၎င်းတို့၏ စိတ်နှလုံးသည် သံသယဖြင့် နိုးကြွလာ၏။ ၎င်းတို့က အကျိုးအမြတ်ကို မြင်ချင်ကြပြီး၊ ဤအရာက ၎င်းတို့အနေဖြင့် စွန့်လွှတ်မှုများကို လိုလိုလားလား စိတ်ထက်သန်စွာ မပြုလုပ်ကြောင်း သက်သေပြလေသည်။ ဤနည်းဖြင့် ၎င်းတို့ ထုတ်ဖော်ခံကြရ၏။ ယောဘသည် စမ်းသပ်မှုများကို တွေ့ကြုံနေသည့်အချိန်တွင်၊ ယောဘ၏ဇနီးသည်က မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ (“သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့။” (ယောဘဝတ္ထု ၂:၉)) သူမသည် ဘေးဒုက္ခ ဆိုက်ရောက်သည့်အခါ ဘုရားသခင်ကို ငြင်းဆိုကာ ပစ်ပယ်နေသည့် မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့သည်။ ဘုရားသခင်က ကောင်းချီးများကို ပေးအပ်သည့်အခါ၊ သူမက “ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင် ဖြစ်ပေသည်။ ကိုယ်တော်သည် အကျွန်ုပ်အား များစွာသော ပစ္စည်းဥစ္စာကို ပေးအပ်ပြီး ကောင်းချီးပေးခဲ့လေပြီ။ အကျွန်ုပ်သည် ကိုယ်တော့်နောက် လိုက်လျှောက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်ပေသည်” ဟု ပြောဆိုခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူမ၏ ပစ္စည်းဥစ္စာများကို သိမ်းယူသွားသည့်အခါ၊ သူက “ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် မဟုတ်ပါ” ဟု ဆိုခဲ့သည်။ သူမသည် ယောဘအား၊ “မယုံကြည်နှင့်။ ဘုရားသခင် မရှိပါ။ ရှိသည်ဆိုလျှင်၊ သူသည် အကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာအား ဓားပြတို့ လုယူခြင်းကို မည်သို့ ခွင့်ပြုရက်နိုင်သနည်း။ သူသည် အကျွန်ုပ်တို့ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း” ဟူ၍ပင် ပြောခဲ့လေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဆိုးသော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ၎င်းတို့၏ အကျိုးအမြတ်များ ထိခိုက်ခံရကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မပြည့်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အကြီးအကျယ် ဒေါသဖြစ်ကြ၏။ ဘုရားသခင်ကို သစ္စာဖောက်ရင်း၊ ပစ်ပယ်ရင်းဖြင့် ပုန်ကန်ကြကာယုဒတစ်ယောက် ဖြစ်လာကြ၏။ ဤသို့သော လူများ အများအပြား ရှိသလော။ ထိုသို့ အတော် သိသာထင်ရှားသည့် ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများသည် အသင်းတော်အတွင်း၌ အတိုင်းအတာတစ်ခုထိ ရှိနေနိုင်သေးသည်။ သို့သော် အချို့သော လူများမှာ ဤအခြေအနေမျိုးသာ ရှိကြသည်။ ဆိုလိုသည်မှာ၊ ၎င်းတို့တွင် ဤစိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့သည် သေချာပေါက် ဤလူအမျိုးအစား မဟုတ်ကြပေ။ သို့ရာတွင် သင့်ထံ၌ ဤစိတ်သဘောထားမျိုး ရှိလျှင်၊ ယင်းသည် ပြောင်းလဲရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သင့်ထံ၌ ဤစိတ်သဘောထားမျိုးရှိလျှင်၊ သင်၏ သဘာဝသည်လည်း ဆိုးသည့် သဘောပင် ဖြစ်သည်။ ဤဆိုးသောစိတ်သဘောထားမျိုးနှင့်အတူ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ဘုရားသခင်အပေါ် အချိန်အခါမရွေး ရန်လိုစွာ ပြုမူဆောင်ရွက်နိုင်စွမ်းရှိသည်။ သင့်အနေဖြင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲသည့် နေ့ရက်တိုင်းသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်သော နေ့ရက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အခါ၊ သူ့ရှေ့မှောက်သို့ မလာနိုင်သကဲ့သို့ သူ၏အမှုတော်ကိုလည်း မတွေ့ကြုံနိုင်သည့်အပြင် သင်သည် ကယ်တင်ခြင်း ရရှိရန်လည်း မဖြစ်နိုင်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်
အန္တိခရစ်တို့၏ သဘာဝရှိ အဓိကစရိုက်များမှ တစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ “ရက်စက်ကြမ်းကြုတ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့၌ သမ္မာတရားနှင့်စပ်လျဉ်း၍ အထူးသဖြင့် ဆိုးယုတ်သော သဘောထားရှိခြင်း ဖြစ်သည်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိရုံသာမက၊ လက်ခံဖို့ ငြင်းဆန်ရုံသာမက ၎င်းတို့ကို ပြုပြင်သူတို့ကိုပင် ပြစ်တင်ရှုတ်ချလေသည်။ ယင်းမှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ ပြုပြင်ခံရခြင်းကို လက်ခံသူ မည်သူမဆိုသည် အနိုင်ကျင့်ခြင်းကို ခုခံနိုင်စွမ်း မရှိကြောင်းနှင့် အခြားသူများကို အစဉ်သဖြင့် ပြုပြင်သည့်လူများသည် အစဉ်သဖြင့် ရန်စပြီး အနိုင်ကျင့်လိုသည့် လူများဖြစ်သည်ဟု အန္တိခရစ်တို့က ထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို ပြုပြင်သည့်သူ မည်သူကိုမဆိုအား ခုခံလိမ့်မည် ဖြစ်ပြီး ထိုလူကို ခက်ခဲစေလိမ့်မည်။ ပြီးလျှင် အန္တိခရစ်တစ်ဦး၏ ချို့ယွင်းချက်များ၊ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဆွေးနွေးပြောဆိုလာသည့် မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်း မိတ်သဟာယပြုသည့်သူ မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိစေသည့် မည်သူ့ကိုမဆိုဖြစ်စေ ထိုလူသည် ၎င်းတို့အား ခက်ခဲအောင် လုပ်နေသည်ဟု တွေးထင်ကြပြီး ထိုလူကို သဘောမကျပေ။ ၎င်းတို့သည် ထိုလူကို အလွန်အမင်း မုန်းတီးကြပြီး ထိုသူကို လက်စားချေမည်ဖြစ်ကာ ထိုလူအတွက် ကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ငါတို့ မိတ်သဟာယပြုကြမည့် အန္တိခရစ်တို့က ပြုပြင်ခံရခြင်းအား သဘောထားပုံနှင့်ဆိုင်သော နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်သည့် မည်သူ့ကိုမဆို ၎င်းတို့က မုန်းတီးကြသည်။ ဤသည်မှာ အန္တိခရစ်များတွင် အလွန် သိသာထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ မည်သို့သော လူစားမျိုးများသည် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ကြသနည်း။ ဆိုးယုတ်သည့် လူများဖြစ်သည်။ အမှန်မှာမူ အန္တိခရစ်တို့သည် ဆိုးယုတ်သော လူများဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့သာလျှင် ထိုသို့သော ကြမ်းကြုတ်ရက်စက်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ ကြမ်းကြုတ်ရက်စက်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ စွပ်စွဲခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ ၎င်းတို့၏ သဘောထားသည် ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် နှိမ်ချစွာ လက်ခံခြင်း ဖြစ်ရမည့်အစား အရှက်ကြောင့် အမျက်ဒေါသထွက်ပြီး အလွန်အမင်း ရန်လိုခြင်း၊ မုန်းတီးခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ပင် ဖြစ်လေသည်။ “လတ်တလောတွင် သင်သည် စည်းမျဉ်းနှင့်အညီ မပြုမူဘဲ အထိန်းအကွပ်မဲ့နေခဲ့ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင့်ကိုယ်သင် တစ်စိုက်မတ်မတ် ကြွားလုံးထုတ်နေခဲ့သည်။ သင်သည် အဆင့်အတန်းအတွက် အလုပ်လုပ်နေခဲ့ပြီး သင်၏ တာဝန်ကို လုံးဝ ကမောက်ကမ ဖြစ်စေခဲ့သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ဖြောင့်မတ်လေပြီလော။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် သမ္မာတရားကို သင် မရှာသေးသနည်း။ စည်းမျဉ်းအတိုင်း အဘယ်ကြောင့် သင် ပြုမူဆောင်ရွက်ခြင်း မရှိသေးသနည်း။ ညီအစ်ကို မောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ သင်နှင့်အတူ မိတ်သဟာယပြုသည့်အခါ သင် အဘယ်ကြောင့် လက်မခံခဲ့သနည်း။ ယင်းတို့ကို သင် အဘယ်ကြောင့် လျစ်လျူရှုလေပြီနည်း။ သင် နှစ်သက်သည့်အတိုင်း အဘယ်ကြောင့် သင် ဆက်လုပ်ဆောင်လေပြီနည်း”ဟု ပြောဆိုခြင်းဖြင့် အန္တိခရစ်တစ်ဦးကို ပြုပြင်ကာ ဖော်ထုတ်သည့်သူအချို့ ရှိသည်။ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုင်သည့် ၎င်း၏ ထုတ်ဖော်ခြင်းကို ဖော်ထုတ်သည့် ဤအဘယ်ကြောင့်ဟူသည်အရာအချို့၊ ဤစကားများသည် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ “အဘယ်ကြောင့်နည်း။ “အဘယ်ကြောင့်”ဟူသည့်အရာ မရှိပါ။ ငါ အလိုရှိသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်သည်။ ငါ့ကို ပြုပြင်ရန် မည်သည့်အရာက သင့်အား အခွင့်ပေးသနည်း။ ထိုသို့လုပ်ဆောင်ရအောင် သင်သည် အဘယ်သူများနည်း။ ငါသည် တစ်ဇွတ်ထိုးလုပ်တတ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ယခုတွင် ငါ ဤအသက်အရွယ်ကို ရောက်ပြီဖြစ်သဖြင့် ငါ့ကို အဘယ်သူမျှ ဤသို့ မပြောဝံ့ပေ။ ငါတစ်ဦးတည်းသာ အခြားသူများကို ဤပုံစံဖြင့် စကားပြောနိုင်သည်။ အခြားမည်သူကမျှ ငါ့ကို ဤကဲ့သို့ စကားမပြောနိုင်ပါ။ မည်သူက ငါ့ကို ဩဝါဒပေးဝံ့သနည်း။ ငါ့ကို ဩဝါဒပေးနိုင်သည့်လူ မမွေးသေးပါ။ သင် ငါ့ကို ဩဝါဒပေးနိုင်သည်ဟု အမှန်တကယ် ထင်သလော”ဟူ၍ ဖြစ်သည်။ ၎င်း၏ စိတ်နှလုံးအတွင်းတွင် အမုန်းတရားဖြစ်ပေါ်ပြီး လက်စားချေဖို့အတွက် အခွင့်အရေးကို ရှာဖွေလေသည်။ ၎င်း၏ စိတ်ထဲတွင် ၎င်းက “ငါ့ကို ပြုပြင်နေသည့် ဤလူသည် အသင်းတော်တွင် တန်ခိုးအာဏာရှိသူလော။ ငါ သူ့ကို လက်တုံ့ပြန်မည်ဆိုလျှင် သူ့အတွက် မည်သူက ရပ်တည်ပေးမည်နည်း။ ငါ သူ့ကို ဒုက္ခပေးမည်ဆိုလျှင် အသင်းတော်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်လော။ ငါ့တွင် ဖြေရှင်းချက်တစ်ခုရှိသည်။ သူ့ကို ငါ ကိုယ်တိုင်ကိုယ်ကျ လက်တုံ့ပြန်မည် မဟုတ်ပါ။ တစ်စုံတစ်ခုကို လုံးဝ လျှို့ဝှက်စွာဖြင့် ငါ လုပ်ဆောင်မည်။ သူ့ကို ဝေဒနာခံစားစေကာ အရှက်ရစေရန်အတွက် သူ၏ မိသားစုကို ငါ တစ်စုံတစ်ခု လုပ်ဆောင်မည်၊ ထိုသို့ဖြင့် ငါသည် ဤမကျေမချမ်းဖြစ်ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။ ငါ လက်စားချေကိုချေရမည်။ ဤကိစ္စကို ယခု ငါ ဘေးချိတ်ထား၍မရပါ။ အခြားသူများက ငါ့ကို ဩဇာပေးနိုင်ရန်အလို့ငှာ ဘုရားကို ငါ ယုံကြည်လာခဲ့ခြင်း မဟုတ်သကဲ့သို့ အခြားသူများအား ငါ့ကို စိတ်တိုင်းကျ အနိုင်ကျင့်ခွင့်ပေးရန်အတွက် ဤနေရာသို့ ငါ လာခဲ့ခြင်း မဟုတ်ပါ။ ငါသည် ကောင်းချီးမင်္ဂလာများရရှိရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်။ လူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရန် ရဲရင့်ခြင်းရှိရမည်။ ငါ့ကို ဖော်ထုတ်ရလောက်အောင် သင်သည် ရဲတင်းလိုက်လေခြင်း။ ဤသည်မှာ အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။ ယခုအခါ သင်သည် ငါ့ကို အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် မဆက်ဆံသဖြင့် ငါသည် သင့်ကို ဒုက္ခပေးမည်ဖြစ်ပြီး ငါသည် သင့်ကို အကျိုးဆက်များ ခံစားစေမည်။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြစို့၊ ပြီးလျှင် မည်သူက ပို၍ရက်စက်သည်ကို ကြည့်ကြစို့”ဟူ၍ အပိုင်ကြံနေကြလေသည်။ ဖော်ထုတ်သည့် စကားအနည်းငယ်မျှက အန္တိခရစ်များကို အမျက်ထွက်စေပြီး ၎င်းတို့ထဲတွင် ကြီးမားလှသည့် အမုန်းတရားကို ဖြစ်ပေါ်စေခဲ့ကာ လက်စားချေဖို့အတွက် များစွာ အားထုတ်လုပ်ဆောင်စေလေတော့သည်။ ၎င်းတို့၏ ကြမ်းတမ်းရက်စက်သော စိတ်သဘောထားသည် လုံးဝ ပေါ်လွင်ထင်ရှားလျက် ရှိသည်။ ၎င်းတို့အနေဖြင့် အခြားတစ်ဦးကို မုန်းတီးမှုကြောင့် လက်တုံ့ပြန်သည့်အခါ ထိုသူအပေါ် မုန်းတီးမှု သို့မဟုတ် ယခင်ကရှိခဲ့သည့် အာဃာတကြောင့် မဟုတ်ဘဲ ထိုသူက ၎င်းတို့၏ အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်သာ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤအရာက မည်သူလုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ထိုသူ၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်သည့် လုပ်ရပ်သက်သက်က ထိုအန္တိခရစ်၏ မုန်းတီးမှုကို အစပျိုးစေနိုင်ပြီး ၎င်း၏ လက်စားချေမှုအား ဖြစ်ပေါ်စေနိုင်သည်ကို ပြသနေသည်။ မည်သူဖြစ်စေ၊ ၎င်းသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်ပြီး ပြုပြင်သရွေ့ ထိုသူကို ရန်သူတစ်ဦးအဖြစ် ၎င်းက သဘောထားလိမ့်မည် ဖြစ်သည်။ ၎င်းက “ကျွန်ုပ်ကို ပြုပြင်သူ မည်သူကိုမဆို ကျွန်ုပ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည်ဖြစ်သည်။ ကျွန်ုပ်ကို ပြုပြင်သူ၊ ကျွန်ုပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သူ၊ ကျွန်ုပ်အား ဘုရားအိမ်တော်၏ နှင်ထုတ်ခြင်းခံရအောင် လုပ်ဆောင်သူ၊ သို့မဟုတ် ကျွန်ုပ်၏ ကောင်းချီးဝေစုကို လုယက်သူ မည်သူကိုမဆို ကျွန်ုပ် လုံးဝ လွှတ်ထားမည် မဟုတ်ပါ။ ယင်းမှာ ဤလောကီ ကမ္ဘာတွင် ငါ၏ ပကတိအခြေအနေ ဖြစ်သည်။ မည်သူကမျှ ငါ့ကို ဒုက္ခမပေးဝံ့ပါ။ ငါ့ကို ဒုက္ခပေးဝံ့သည့်လူ မမွေးသေးပါ”ဟုပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည့် ကြမ်းတမ်းသော စကားများဖြစ်သည်။ ဤကြမ်းတမ်းသော စကားများကို ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့်အခါ အခြားသူတို့ကို ခြိမ်းခြောက်ရန်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ကာကွယ်ရန် ၎င်းတို့က ဖွင့်ထုတ်ပြောဆိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် အမှန်တကယ် မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ၎င်းတို့အတွက် ရရှိနိုင်သော မည်သည့်နည်းလမ်းကိုမဆို အောက်တန်းအကျခံ၍ ကျင့်သုံးကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ ရက်စက်သော စိတ်သဘောထား ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)
အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်လျှင်၊ မိမိတို့၏ သက်သေခံချက် ပြောဆိုကာ အခြားလူများကို ပံ့ပိုးလျက် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ကြလျှင် အန္တိခရစ်များက ၎င်းတို့၏ နောက်ဆုံးနည်းကို ကျင့်သုံးကြလိမ့်မည်။ ယင်းမှာ ထိုလူတို့အား အသင်းတော်မှ ရှင်းလင်းပစ်ခံရသည်အထိ အမှားရှာပြီး ရှုတ်ချခြင်း၊ သို့မဟုတ် ထိုလူတို့အား ညှဉ်းပန်းပြီး အပြစ်ပေးရန်အတွက် အမှုဆင်ပြီး လုပ်ကြံပြောဆိုခြင်းဖြစ်သည်။ ထိုအခါမှသာ အန္တိခရစ်များက အပြည့်အဝ စိတ်သက်သာရာရကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍ မသိမသာနှင့် အန္တရာယ်အရှိဆုံး၊ မလိုမုန်းထားဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို အကြောက်ဆုံးနှင့် စိတ်အပူပင်ဆုံးဖြစ်စေသောအရာမှာ သမ္မာတရားကို လိုက်စားပြီး စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စကားများနှင့် အယူဝါဒများကို အနှစ်မရှိစွာ ပေါက်တတ်ကရ ပြောသောသူများထက် ဤသို့သောသက်သေခံချက်ရှိသော လူတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများက လက်ခံပြီး အပံ့ပိုးဆုံးသူများဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပိုင်ဆိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ကောင်းမှုမည်မျှကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နားဝင်ချိုသောအရာများကို မည်မျှ ပြောဆိုသည်ဖြစ်စေ ဤအရာများမှာ ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှ လူတို့ထံ ဆောင်ကြဉ်းပေးနိုင်သော အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများနှင့် မယှဉ်သာသေးပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်း ပြောဆိုနိုင်သောသူများက ထောက်ပံ့ပေးသော ပံ့ပိုးမှုနှင့် ရေလောင်းမှု၏ အကျိုးတရားများအတွက် မည်သည့်အရာကိုမျှ အစားထိုး၍မရနိုင်ပေ။ ထို့ကြောင့် မိမိ၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုသောသူတစ်ဦးကို အန္တိခရစ်များက မြင်သည့်အခါ မျက်မုန်းကျိုးကြသည်။ ဒေါသက ၎င်းတို့၏စိတ်နှလုံးတွင် ထကြွလာကြသည်။ မုန်းတီးမှု ဖြစ်ပေါ်လာပြီး ပြောဆိုသူကို ပါးစပ်ပိတ်ရန်၊ နောက်ထပ်ပြောဆိုခြင်းမှ တားဆီးရန် စိတ်လောနေကြသည်။ ထိုလူတို့က ဆက်လက်၍ စကားပြောနေလျှင် အန္တိခရစ်များ၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည်။ ၎င်းတို့၏ အကျည်းတန်သော သဘောသဘာဝများကို အားလုံးမြင်ရဖို့ အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် သက်သေခံချက်ကို ပြောဆိုနေသောသူကို နှောင့်ယှက်ရန်၊ ဖိနှိပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို ရှာကြသည်။ အန္တိခရစ်များသည် လူတို့ကို စကားလုံးများ၊ အယူဝါဒများဖြင့် အထင်အမြင်မှားစေရန် မိမိတို့ကိုယ်ကိုသာ ခွင့်ပြုကြပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောခြင်းအားဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားအောင် ပြုလုပ်ခွင့် မပေးပေ။ ဤသည်မှာ အန္တိခရစ်များသည် မည်သို့သော လူအမျိုးအစားတို့ကို အမုန်းတီးဆုံး၊ အကြောက်ရွံ့ဆုံးဖြစ်သည်ကို ညွှန်ပြသည်။ လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် ပေါ်လွင်လာသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူတို့သည် အန္တိခရစ်များ၏ မျက်မှောက်တွင်ရှိသောအခါ အန္တိခရစ်များ၏ ညံ့ဖျင်းနုံချာမှု၊ စိတ်ပျက်စရာကောင်းမှု၊ အကျည်းတန်မှု၊ ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ပေါ်လွင်စေပြီး မီးမောင်းထိုးပြရန် လုပ်ဆောင်သည်။ ထို့ကြောင့် အန္တိခရစ်များက လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် တွဲဖက်အမှုဆောင် တစ်ယောက်ကို ရွေးချယ်သောအခါ သမ္မာတရားစစ်မှန်မှုများ ရှိသူတို့ကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပြောဆိုနိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ပြီးလျှင် ရိုးသားသောသူများ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ဤလူများမှာ အန္တိခရစ်များ မနာလိုဖြစ်ပြီး အမုန်းတီးဆုံးသောလူများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အန္တိရစ်များအတွက် ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် ကောင်းမွန်သည့်၊ သို့မဟုတ် အကျိုးဖြစ်စေသည့်အရာ မည်မျှလုပ်ဆောင်ပါစေ ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အန္တိခရစ်များက အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး အခြားလူတို့ကို သေးသိမ်စေရန်နည်းလမ်းအနေဖြင့် ကောင်းသောအရာများအတွက် နာမည်ကောင်းရယူရန် အချက်အလက်များကို မလိမ့်တပတ်လုပ်ပြီး မကောင်းသောအရာများအတွက်မူ သူတစ်ပါးတို့အပေါ် အပြစ်ပုံချလိမ့်မည်။ သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူများအပေါ်တွင် အန္တိခရစ်များက အလွန်ပင် မနာလိုဖြစ်ပြီး မုန်းတီးခြင်းရှိကြသည်။ ဤလူများက ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြသည်။ ဤလူတို့ကို မဆက်သွယ်ရန်၊ သို့မဟုတ် ဤလူတို့နှင့် မရင်းနှီးစေရန်၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သော ဤလူတို့ကို ပံ့ပိုးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းမပြုလုပ်ရန် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို ပိတ်ပင်တားမြစ်ကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ ဘုရားကို မုန်းတီးသည့် အန္တိခရစ်များ၏ ဆိုးယုတ်သောသဘာဝကို အထုတ်ဖော်ဆုံးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အန္တိခရစ်များသည် အသင်းတော်တွင် ဆိုးယုတ်သော ဆန့်ကျင်ရေးသမားဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနှင့် ဘုရားအလိုတော်ကို ဟန့်တားခြင်းအတွက် ၎င်းတို့သည် အပြစ်တင်ရမည့်သူများ ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)
အန္တိခရစ်များက လူစားထိုးခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်ကြပြီး ချုပ်တည်းခြင်းမရှိဘဲ ညည်းညူကြကာ ၎င်းတို့၏ ဘီလူးသရဲစီးသော ဘက်ခြမ်းက ပေါ်လာသည်။ ဘီလူးသရဲစီးသော မည်သည့်ဘက်ခြမ်းက ပေါ်လာသနည်း။ အတိတ်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့အလို့ငှာ မိမိတို့တာဝန်များကို လုံးဝ မထမ်းဆောင်ခဲ့ကြဘဲ ကောင်းချီးများရရှိဖို့ ထမ်းဆောင်ခဲ့ကြကာ ယခုတွင် ဤအမှန်တရားအကြောင်းကို ၎င်းတို့က ပြောပြီး စစ်မှန်သည့် အခြေအနေကို ထုတ်ဖော်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သို့မဟုတ် နောက်ပိုင်းတွင် ကောင်းချီးများနှင့် ကြီးမားသော ဂုဏ်အသရေ ရရှိဖို့အတွက် မကြိုးစားခဲ့လျှင် နောက်ချေးထက် နိမ့်ကျသည့်လူများဖြစ်သော သင်တို့နှင့် ကျွန်ုပ် ရောနှောနေခဲ့မည်လော။ ကျွန်ုပ်၏ ပါဝင်ပတ်သက်ခြင်းနှင့် သင်တို့ ထိုက်တန်ကြသလော။ သင်တို့သည် ကျွန်ုပ်ကို မလေ့ကျင့်ပေးကြ သို့မဟုတ် ကျွန်ုပ်ကို ရာထူး မတိုးပေးကြသကဲ့သို့ ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းချင်နေကြသည်။ တစ်နေ့တွင် ကျွန်ုပ်ကို သင်တို့ ဖယ်ရှားရှင်းလင်းခြင်းအတွက် ပေးရမည့် အဖိုးအခတစ်ခုနှင့် ထိုအရာကြောင့် သင် ခံစားရမည့် အကျိုးဆက်များ ရှိလိမ့်မည်ကို သင့်အား ကျွန်ုပ် ပြမည်” ပြောကြသည်။ အန္တိခရစ်များက ဤအယူအဆများကို ဖြန့်ကြပြီး ဤနတ်ဆိုးဆန်သော စကားများက ၎င်းတို့ထံမှ လွှတ်ခနဲ ထွက်လာသည်။ ၎င်းတို့ ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝနှင့် ရက်စက်သော စိတ်သဘောထားတို့က ပေါ်လာပြီး အယူအဆများကို ၎င်းတို့ စတင်၍ ဖြန့်ကြလေသည်။ ယုံကြည်သူသစ်များဖြစ်ကြသူများ၊ အတော်အတန် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သူများ၊ သမ္မာတရား မလိုက်စားကြသူများနှင့် မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းကြသူများကိုလည်း ၎င်းတို့က စတင်ချောဆွဲကြပြီး မိမိတို့တာဝန်များကို တစ်စိုက်မတ်မတ် ဝတ်ကျေတမ်းကျေဖြစ်ကြကာ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသူများကိုလည်း ချောဆွဲကြသည်။ ၎င်းတို့က “ငါ့ကို သင် ဖယ်ရှားရှင်းလင်းလျှင် ငါနှင့် အတူ အခြားသူအချို့ကို ငါ ဆွဲချသွားမည်”ဟု မိမိတို့ကိုယ်ကို ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝက ဖော်ထုတ်ခံရပြီးဖြစ်သည် မဟုတ်လော။ ပုံမှန်လူတို့က ဤအရာကို လုပ်ဆောင်ကြမည်လော။ ယေဘုယျအနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူတို့သည် အထုတ်ခံရသည့်အခါ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မဲ့သည်ဟု ယုံကြည်လျက် ဝမ်းနည်းကာ စိတ်ထိခိုက်ခံစားရုံသာဖြစ်ကြသော်လည်း ၎င်းတို့၏ အသိစိတ်က ၎င်းတို့အား “ဤသည်မှာ ငါတို့၏ အပြစ်ဖြစ်သည်။ ငါတို့တာဝန်များကို ငါတို့ မဖြည့်ဆည်းကြလေပြီ။ အနာဂတ်တွင် ပိုကောင်းအောင် လုပ်ဆောင်ဖို့ ငါ ကြိုးပမ်းမည်ဖြစ်ပြီး ဘုရားက ငါ့ကို မည်သို့ ဆက်ဆံမည်ဆိုသည်နှင့် ငါနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်များ သူပြုလုပ်မည်ဆိုသည်တို့အတွက်မူ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလုပ်ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ လုပ်ရပ်များသည် လူတို့၏ သရုပ်သကန်များပေါ် အခြေခံသည် မဟုတ်လော။ အကြင်သူသည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင် ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းခံရသင့်သည်။ ဤသည်မှာ သိသာထင်ရှားပေသည်။ ယခုအခါတွင် ဝမ်းနည်းစရာ ကောင်းသည့်အရာမှာ ငါ့ထံတွင် ညံ့ဖျင်းသည့် အစွမ်းအစရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သမ္မာတရား စည်းမျဉ်းများကို ငါ နားမလည်သကဲ့သို့ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူခြင်းဖြစ်သည်။ ငါသည် ဖယ်ရှားရှင်းလင်းခံထိုက်သော်လည်း အနာဂတ်တွင် ထိုအတွက် ပြုပြင်ဖို့ အခွင့်အရေး ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်”ဟု စဉ်းစားစေသည်။ အသိစိတ် အနည်းငယ်ရှိသည့် လူတို့သည် လမ်းကြောင်းတစ်ခုကို ဤကဲ့သို့ လျှောက်လှမ်းကြလိမ့်မည်။ ၎င်းတို့က ထိုပြဿနာကို ဤနည်းဖြင့် စဉ်းစားရန် ရွေးချယ်ကြပြီး အဆုံးတွင် ထိုပြဿနာကို ဤနည်းဖြင့် ဖြေရှင်းရန်လည်း ရွေးချယ်ကြသည်။ ဤအရာအတွင်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အရိပ်လက္ခဏာများစွာ မရှိသော်လည်း ဤလူများတွင် အသိစိတ်များ ရှိကြသောကြောင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အထိ၊ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသည့်အထိ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့်အထိ လုပ်ဆောင်ကြမည် မဟုတ်ပေ။ သို့သော် အန္တိခရစ်များကမူ ထိုသို့မဟုတ်ကြပေ။ ၎င်းတို့တွင် ရက်စက်သော သဘာဝ ရှိကြသောကြောင့် ဘုရားသခင်အပေါ် ပင်ကိုအားဖြင့် ရန်မူလိုကြသည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ ခြိမ်းခြောက်ခံရသည့်အခါ သို့မဟုတ် နုတ်ယူခြင်းခံရသည့်အခါ၊ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုမျှ ၎င်းတို့ မမြင်နိုင်သည့်အခါ လုပ်ဆောင်ရန် ၎င်းတို့ ဆုံးဖြတ်သည့်အရာမှာ အယူအဆများကို ဖြန့်ဝေဖို့၊ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ဖို့နှင့် ၎င်းတို့နှင့် အပေါက်အလမ်းတည့်သည့် မယုံကြည်သူများအား ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့နှင့်အတူ အဖျက်အမှောင့်လုပ်စေဖို့ ဖြစ်သည်။ ၎င်းတို့၏အတိတ်က ကောင်းမှုများနှင့် ပြစ်မှားမှု တစ်ခုတလေအပြင် ဘုရားအိမ်တော်၏ အလုပ်ကိုဖြစ်စေ၊ ပိုင်ဆိုင်မှုပစ္စည်းကိုဖြစ်စေ ၎င်းတို့ ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများ တစ်ခုတလေကို တာဝန်ယူရန်ပင် ၎င်းတို့ ငြင်းဆန်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ပြီး ဖယ်ရှားရှင်းလင်းသည့်အခါ အန္တိခရစ်များ မကြာခဏ အပြောဆုံးဖြစ်သည့် စကားတစ်ခွန်းကို ၎င်းတို့က ပြောကြသည်။ ထိုစကားမှာ အဘယ်နည်း။ (ဤနေရာက ငါ့ကို မခေါ်ထားလျှင် အပြင်၌ ငါ့အတွက် နေရာတစ်ခုရှိသည်။) ဤသည်မှာ နောက်ထပ် နတ်ဆိုးဆန်သော စကားဖြစ်သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၊ ရှက်စိတ်တစ်ခုနှင့် အသိစိတ်တစ်ခုရှိသည့် လူတစ်ဦး ပြောနိုင်မည် မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းတို့ကို ငါတို့က နတ်ဆိုးဆန်သော စကားများဟု ခေါ်သည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခံရပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက အန္တရာယ်ရှိသည်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာတို့ ခြိမ်းခြောက်ခံနေရသည်ဟူ၍လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို နုတ်ယူသွားတော့မည် ဟူ၍လည်းကောင်း ၎င်းတို့ ခံစားရချိန်တွင် ထုတ်ဖော်ကြသည့် ရက်စက်သော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များဖြစ်သည်။ ဤကဲ့သို့ တစ်ချိန်တည်းတွင် ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရက ထွက်ပေါ်လာသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)
၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ ရှင်းလင်းပစ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ဖယ်ရှားရှင်းလင်းခြင်း ခံရသူများသည် နတ်ဆိုးများနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့် ကိစ္စရပ်များ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသနည်း။ မည်သည့် ကိစ္စရပ်များတွင် မရှိသနည်း။ တစ်စုံတစ်ဦးသည် သင့်ကို စိတ်အနှောင့်အယှက်ပေးသည့်အခါ၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ သင်သည် ၎င်းကို မုန်းတီးနိုင်သလော။ တစ်စုံတစ်ဦးကို သင် မုန်းသည့်အခါ ၎င်းတို့ကို သင် အပြစ်ပေးပြီး လက်စားချေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်သည် အတော်လန့်စရာဖြစ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသကဲ့သို့ မကောင်းသည့်အရာများကို လုပ်ဆောင်နိုင်ပါက သင်၏ ဤရက်စက်သော စိတ်သဘောထားသည် အလွန် ပြင်းထန်လွန်းလှပေသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ စာတန်နှင့် နတ်ဆိုးများကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရားဖြင့် ဖိနှိပ်ကာ လက်စားချေနိုင်စွမ်းရှိပါက ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့ ပြုမူနေထိုင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် စည်းမျဉ်းများကို အာရုံစိုက်ကြသောကြောင့် ဤလူများသည် ဆိုးယုတ်သော လူများ မဟုတ်ကြပေ။ အခြားသူများနှင့် ဆက်ဆံကြသည့်အခါ ၎င်းတို့သည် မိမိတို့ တောင်းဆိုသင့်သည်ထက် ထိုသူများအပေါ် သာ၍ မတောင်းဆိုကြချေ။ ၎င်းတို့သည် လူတစ်ဦးနှင့် အဆင်ပြေလျှင် ထိုသူနှင့် ဆက်လက်ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး အဆင်မပြေပါက ၎င်းတို့ ဆက်ဆံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် မိမိတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှု မရှိသလောက်ဖြစ်၏။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် လိုလားနေခြင်းမရှိကြသကဲ့သို့ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ပုန်ကန်နိုင်ပြီး စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့ လွန်ကျူးသော သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် စကားတစ်လုံးမျှ မမြွက်ဆိုကြချေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်၏ ပင်ကိုစရိုက်သည် အခြားလူတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အရေးကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အခြေခံရှိခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် အခြားတစ်စုံတစ်ဦးသည် ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန် ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင့်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ ကျင့်ကြံပြုမူကာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ူဆက်ဆံနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိခြင်းအဖြစ်အဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်
ဆိုးယုတ်သော စိတ်သဘောထားရှိသူတစ်ယောက်၏ အသိသာဆုံး သရုပ်သကန်မှာ အဘယ်နည်း။ အနိုင်ကျင့်ရန် လွယ်ကူသော ရိုးသားဖြောင့်မတ်သူတစ်ယောက်ကို ကြုံတွေ့ပြီး ထိုသူအား စတင် အနိုင်ကျင့်ကာ ဆော့ကစားသောအချိန်တွင်ဖြစ်သည်။ ဤသည်မှာ အဖြစ်များသော ဖြစ်ရပ်ဖြစ်သည်။ အတော်အတန် ကြင်နာတတ်သောသူတစ်ယောက်သည် ရိုးသားဖြောင့်မတ်ပြီး၊ ကြောက်တတ်သောသူတစ်ယောက်ကို မြင်သောအခါ ထိုသူအပေါ် သနားကရုဏာစိတ်ကို ခံစားရလိမ့်မည်။ သူသည် မကူညီနိုင်လျှင်ပင် ထိုသူအား အနိုင်ကျင့်မည်မဟုတ်ပေ။ သင်၏ ညီအစ်ကိုမောင်နှမတစ်ယောက်က ရိုးသားဖြောင့်မတ်သည်ကို သင်မြင်သောအခါ မည်သို့ဆက်ဆံသနည်း။ သူ့အား အနိုင်ကျင့်သလော၊ သို့မဟုတ် စနောက်သလော။ (ကျွန်ုပ်သည် ထိုသူအား အထင်သေးဖို့များပါသည်။) လူတို့ကို အထင်သေးခြင်းသည် ၎င်းတို့အား မြင်သည့်၊ ရှုမြင်သည့် ပုံစံတစ်ခုဖြစ်ပြီး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ သို့သော် ၎င်းတို့အပေါ် သင်ပြုမူပြောဆိုသည့်ပုံစံတွင် သင်၏ စိတ်သဘောထားပါဝင်သည်။ ငါ့အား ပြောလော့။ သင်တို့သည် တွန့်ဆုတ်ပြီး ကြောက်တတ်သောသူတို့အပေါ် မည်သို့ ပြုမူသနည်း။ (ကျွန်ုပ်သည် သူတို့အား အမိန့်ပေးပြီး အနိုင်ကျင့်သည်။) (သူတို့၏ တာဝန်အား တလွဲလုပ်ဆောင်နေသည်ကို ကျွန်ုပ်မြင်သောအခါ သူတို့ကို ခွဲခြားဆက်ဆံပြီး ဖယ်ကြဉ်သည်။) သင်တို့ပြောသည့် ဤအရာများသည် ဆိုးယုတ်သောစိတ်သဘောထားတစ်ခု၏ သရုပ်သကန်များဖြစ်ပြီး၊ လူတို့၏ စိတ်သဘောထားများနှင့် ဆက်စပ်သည်။ ဤအရာများသည် နောက်ထပ် များစွာ ရှိသေးသည်။ ထို့ကြောင့် ထိုအရာများနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဖို့မလိုပေ။ သင်တို့သည် မိမိအား စိတ်မကျေမနပ်ဖြစ်စေသော မည်သူကိုမဆို သေစေဖို့ ဆန္ဒရှိသူ၊ ၎င်းတို့အား စီရင်ရန်၊ ကမ္ဘာမြေ၏ မျက်နှာပြင်မှ အပြတ်ရှင်းပစ်ရန် ဘုရားသခင်ထံပင် ဆုတောင်းသောသူမျိုးကို သင်တို့ ကြုံဖူးသလော။ မည်သူကမျှ ထိုသို့သော အစွမ်းတန်ခိုးမရှိသော်လည်း ထိုသို့အစွမ်းတန်ခိုးရှိလျှင်၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းပြီး ထိုသို့လုပ်ဆောင်ရန် ဘုရားသခင်အား တောင်းဆိုနိုင်လျှင် မည်မျှကောင်းမည်နည်းဟု ၎င်းတို့၏ စိတ်နှလုံးတွင် တွေးကြသည်။ သင်တို့၏ စိတ်နှလုံးတွင် ထိုသို့သော အတွေးမျိုးရှိသလော။ (ကျွန်ုပ်တို့သည် ဧဝံဂေလိဖြန့်ဝေပြီး ကျွန်ုပ်တို့ကို တိုက်ခိုက်ကာ ရဲသို့တိုင်ကြားသော မကောင်းသည့်သူများကို ကြုံရသောအခါ ၎င်းတို့အပေါ် မုန်းတီးပြီး “သင်သည် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းခံရမည့်အချိန်သို့ ရောက်လာမည်” ဟူသော အတွေးမျိုးရှိပါသည်။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော ဖြစ်ရပ်ဖြစ်သည်။ သင်သည် တိုက်ခိုက်ခြင်းခံရသည်။ ဆင်းရဲဒုက္ခခံရသည်။ နာကျင်ရသည်။ သင်၏ ကိုယ်ပိုင်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုတို့သည် လုံးလုံး နင်းချေခြင်းခံရသည်။ ဤသို့သော အခြေအနေမျိုးတွင် လူအများစုသည် ပြီးပြီးပျောက်ပျောက် သဘောထားနိုင်ရန် ခက်ခဲလိမ့်မည်။ (လူအချို့သည် အွန်လိုင်းတွင် ကျွန်ုပ်တို့၏ အသင်းတော်အကြောင်း ကောလာဟလများကို ဖြန့်သည်။ စွပ်စွဲမှုများစွာ ပြုလုပ်သည်။ ထိုအရာများကို ကျွန်ုပ်ဖတ်သောအခါ အလွန်စိတ်ဆိုးသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် မုန်းတီးခြင်းများစွာရှိသည်။) ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သလော၊ သို့မဟုတ် တဇောက်ကန်းခြင်းဖြစ်သလော၊ သို့မဟုတ် ဤသည်မှာ ပုံမှန်လူ့သဘာဝဖြစ်သလော။ (ပုံမှန်လူ့သဘာဝဖြစ်သည်။ မကောင်းဆိုးဝါးများနှင့် ဘုရားသခင်၏ ရန်သူတို့ကို မမုန်းတီးခြင်းသည်ပုံမှန် လူ့သဘာဝ မဟုတ်ပါ။) မှန်သည်။ ယင်းမှာ သာမန်လူ့သဘာဝ၏ ထုတ်ဖော်ပြခြင်း၊ သရုပ်သကန်နှင့် တုံ့ပြန်ခြင်းဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်သောအရာများကို မမုန်းတီးလျှင်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို မချစ်လျှင် ၎င်းတို့တွင် အသိတရား၏ စံနှုန်းများမရှိလျှင် လူမဟုတ်ပေ။ ဤအခြေအနေများအောက်တွင် လူတစ်ယောက်သည် ဆိုးယုတ်သောစိတ်သဘောထားရှိလာရန်အတွက် မည်သည့်လုပ်ရပ်ကို လုပ်ဆောင်နိုင်သနည်း။ ဤမုန်းတီးခြင်း၊ စက်ဆုပ်ခြင်းသည် အပြုအမူတစ်မျိုးမျိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလျှင်၊ သင်သည် အသိစိတ်အားလုံး ဆုံးရှုံးသွားပြီး သင်၏ လုပ်ရပ်များသည် လူ့သဘာဝအတွက် တားမြစ်ထားသော စည်းဘောင်တစ်ခုခုကို ကျော်သွားလျှင်၊ သင်သည် ၎င်းတို့ကို သတ်ပြီး ဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ဖွယ်ရှိလျှင် ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သည်။ တဇောက်ကန်း လုပ်ဆောင်ခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သောအခါ၊ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်ပြီး၊ ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးသောအခါ ဤသည်မှာ ပုံမှန်လူ့သဘာဝဖြစ်သည်။ သို့သော် လူတို့သည် တဇောက်ကန်းပုံစံဖြင့် အမှုအရာများကို ကိုင်တွယ်လျှင် ၎င်းတို့သည် စည်းမျဉ်းမရှိဘဲ ပြုမူလုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ မကောင်းမှုကျူးလွန်ခြင်းနှင့် ကွာခြားမှုတစ်ခုခုရှိသလော။ (ရှိပါသည်။) ကွာခြားမှုတစ်ခုရှိသည်။ လူတစ်ယောက်သည် အလွန့်အလွန် ဆိုးဝါးလျှင်လည်းကောင်း၊ အလွန့်အလွန် ကြမ်းတမ်းလျှင်လည်းကောင်း၊ အလွန့်အလွန် ဆိုးယုတ်လျှင်လည်းကောင်း၊ အလွန့်အလွန် အကျင့်ပျက်ပြီး သင်သည် ထိုသူ့အပေါ် အလွန်ပင် ရွံမုန်းမှုဖြစ်ကာ ဤရွံမုန်းမှုကြောင့် သင်သည် ဘုရားသခင်အား ၎င်းတို့ကို ကျိန်ဆဲရန် တောင်းဆိုသည်အထိဖြစ်လျှင်လည်းကောင်း ဤသည်မှာ ပြဿနာမရှိပေ။ သို့သော် သင်သည် နှစ်ကြိမ်၊ သုံးကြိမ်ဆုတောင်းပြီး ဘုရားသခင်က မလုပ်ဆောင်ဘဲ သင့်ဘာသာလုပ်ဆောင်လျှင် အဆင်ပြေသလော။ (အဆင်မပြေပါ။) သင်သည် ဘုရားသခင်ကို ဆုတောင်းပြီး သင်၏ အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်သည်။ ဤသို့ဆိုလျှင် သင်သည် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သို့သော် သင်သည် သင်၏ တဇောက်ကန်းလုပ်ဆောင်တတ်ခြင်းဖြင့် မိုက်မဲသောအရာများကို လုပ်ဆောင်စေဖို့ မဆိုထားနှင့်။ သင့်ကိုယ်စား လက်စားချေရန်အတွက် ဘုရားသခင်အား တောင်းဆိုခြင်း၊ သို့မဟုတ် အတင်းခိုင်းစေဖို့ ကြိုးစားခြင်းပင် မပြုသင့်ပေ။ သင်သည် ဆင်ခြင်တုံတရားရှိရှိဖြင့် ချဉ်းကပ်သင့်သည်။ စိတ်ရှည်သင့်သည်။ ဘုရားသခင်၏ အချိန်ကို စောင့်သင့်သည်။ ဘုရားသခင်ထံ ဆုတောင်းလျက် အချိန်ပို၍ ကုန်ဆုံးသင့်သည်။ ဘုရားသခင်သည် စာတန်နှင့် နတ်ဆိုးများအပေါ်တွင် ဉာဏ်ပညာဖြင့် မည်သို့ပြုမူသည်ကို ကြည့်လော့။ ဤနည်းအားဖြင့် သင်သည် စိတ်ရှည်နိုင်သည်။ ဆင်ခြင်တုံတရားရှိခြင်းဆိုသည်မှာ ဤအရာအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်အား ဆောင်ရွက်ခွင့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ တဇောက်ကန်းဖြစ်ခြင်းဖြင့် မလုပ်ဆောင်နှင့်။ တဇွတ်ထိုးလုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဘုရားသခင်က ရှုတ်ချသည်။ ထိုသို့သော အချိန်များတွင် လူတို့၌ ထုတ်ဖော်ပြသော စိတ်သဘောထားမှာ လူသား၏ အားနည်းချက်၊ သို့မဟုတ် ခဏတာဖြစ်သော ဒေါသမဟုတ်ဘဲ ဆိုးယုတ်သောစိတ်သဘောထားဖြစ်သည်။ ဆိုးယုတ်သောစိတ်သဘောထားအဖြစ် သတ်မှတ်သည်နှင့် တစ်ပြိုင်နက် သင်သည် ဒုက္ခရောက်ပြီဖြစ်ပြီး သင် ကယ်တင်ခြင်းခံရဖို့ ဖြစ်နိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတို့တွင် ဆိုးယုတ်သောစိတ်သဘောထားများရှိသောအခါ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်ပြီး ပြုမူတတ်ကြကာ ဥပဒေကို ချိုးဖောက်ရန်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရန် အလွန်ပင် ဆန္ဒရှိလာကြသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ အနည်းဆုံးအနေဖြင့် မကျော်ရမည့် တားမြစ်ထားသော စည်းသုံးခုရှိသည်။ ပထမတစ်ခုမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်သည့်အရာများအား မလုပ်ဆောင်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ဥပဒေကို မချိုးဖောက်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ခြင်းဖြစ်သည်။ ထပ်၍ဖြည့်စွက်ရလျှင် အလွန်အကျွံဖြစ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် အသင်းတော်အလုပ်အား အဖျက်အမှောင့်ပြုသည့် မည်သည့်အရာကိုမဆို မပြုလုပ်နှင့်။ ဤစည်းမျဉ်းများကို သင်လိုက်နာလျှင် အနည်းဆုံးအနေဖြင့် သင်၏ ဘေးကင်းလုံခြုံမှုက စိတ်ချရလိမ့်မည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်မဟုတ်ပေ။ သင်သည် မကောင်းမှုမျိုးစုံကို ကျူးလွန်သောကြောင့် ပြုပြင်ခြင်းကို ခံရသောအခါတွင် ကြမ်းတမ်းစွာ ခုခံလျှင် ဤသည်မှာ ပို၍ပင် အန္တရာယ်ရှိသည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားမိပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရဖို့ များသည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းထက် အလွန်ပင်ပို၍ ပြင်းထန်သည်။ ယင်းသည် သေခြင်းထက်ပို၍ ဆိုးသော ကံကြမ္မာဖြစ်သည်။ ဥပဒေကို ချိုးဖောက်ခြင်းက အများဆုံးအနေဖြင့် ထောင်ဒဏ်ကျခံရစေသည်။ ခက်ခဲသော နှစ်ကာလအနည်းငယ်ပြီးနောက်တွင် ပြန်ထွက်ရသည်။ ထိုမျှသာဖြစ်သည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင် သင်သည် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ထို့ကြောင့် ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် ဆင်ခြင်တုံတရားမရှိလျှင် အလွန့်အလွန်ပင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ အပြစ်ဒဏ်ခံရပြီး ပြန်လည်ပေးဆပ်ခံရဖို့ သေချာသည်။ လူတို့သည် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင်၊ သမ္မာတရားအား ရှာဖွေနိုင်ပြီး ကျိုးနွံနာခံနိုင်ကာ မကောင်းမှုများစွာကို ကျူးလွန်ခြင်းအား ရှောင်ကြဉ်နိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် လုံးဝ ရှိသည်။ လူတစ်ယောက်အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရန် အလွန်အရေးကြီးသည်။ အသိစိတ်ရှိသောသူသည် သမ္မာတရားကို လက်ခံပြီး ပြုပြင်ခြင်းကို မှန်ကန်သောနည်းဖြင့် ကိုင်တွယ်နိုင်ဖို့ အလားအလာများသည်။ အသိစိတ်မရှိသောသူသည် ပြုပြင်ခြင်း ခံရသောအခါ အန္တရာယ်ရှိသည်။ ဥပမာ ဆိုကြပါစို့။ လူတစ်ယောက်သည် ခေါင်းဆောင်တစ်ယောက်၏ ပြုပြင်ခြင်းကို ခံရပြီးနောက်တွင် အလွန်စိတ်ဆိုးသည်။ သူသည် ကောလာဟလများဖြန့်ပြီး ခေါင်းဆောင်ကို တိုက်ခိုက်ချင်သည်။ သို့သော် ပြဿနာများဖြစ်မည်စိုးသောကြောင့် မလုပ်ဆောင်ရဲပေ။ သို့ရာတွင် သူ၏ စိတ်နှလုံး၌ ထိုသို့သော စိတ်သဘောထားရှိနှင့်နေပြီဖြစ်သည်။ သူသည် ထိုသို့ အမှန်တကယ်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ပြောဖို့ခက်သည်။ လူတစ်ယောက်၏ စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးရှိသရွေ့၊ ဤအတွေးများ ရှိနေသရွေ့ သူသည် အမှန်တကယ် မလုပ်ဆောင်သော်လည်း အန္တရာယ်ရှိနှင့်နေပြီဖြစ်သည်။ အခြေအနေများက ခွင့်ပြုသောအခါ၊ ၎င်းတို့ အခွင့်အရေးရသောအခါ အမှန်တကယ် လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်ပေသည်။ သူ၏ ဆိုးယုတ်သော စိတ်သဘောထား တည်ရှိနေသရွေ့ ယင်းကို ဖြေရှင်းခြင်းမရှိလျှင် ဤလူသည် အနှေးနှင့်အမြန် မကောင်းမှုကျူးလွန်လိမ့်မည်။ ဤသို့ဆိုလျှင် လူတစ်ယောက်က ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည့် အခြားမည်သည့်အခြေအနေများ ရှိသေးသနည်း။ ငါ့အား ပြောလော့။ (ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး မည်သည့်ရလဒ်မျှမရပါ။ ထို့နောက်တွင် ကျွန်ုပ်သည် ခေါင်းဆောင်၏ စည်းမျဉ်းများနှင့်အညီ လူစားထိုးခြင်းကို ခံရပြီး အတော်အတန် အတိုက်အခံဖြစ်လာသည်။ ထို့နောက်တွင် ထိုခေါင်းဆောင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်သည်ကို ကျွန်ုပ်မြင်သောအခါ သူ့အား တိုင်ကြားရန် စာတစ်စောင်ရေးဖို့ တွေးမိသည်။) ဤစိတ်ကူးသည် အလိုအလျောက် ဖြစ်ပေါ်လာသလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင်၏ သဘာဝက ဖြစ်ပေါ်စေခြင်းဖြစ်သည်။ လူတို့၏ သဘာဝအတွင်းတွင်ရှိသောအရာများသည် အနှေးနှင့် အမြန် ပေါ်လွင်လာသည်။ ၎င်းတို့သည် မည်သည့်ဖြစ်ရပ်၊ သို့မဟုတ် အခြေအနေတွင် ပေါ်လွင်ပြီး ပြုမူဆောင်ရွက်လိမ့်မည်ဆိုသည်ကို မသိရပေ။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်သော်လည်း ယင်းမှာ အခြေအနေမပေးသောကြောင့်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူဖြစ်လျှင် ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို မလိုက်စားသောသူဖြစ်လျှင် ၎င်းတို့သည် ၎င်းတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်ကြလိမ့်မည်။ အခြေအနေပေးသည်နှင့် တစ်ပြိုင်နက် မကောင်းမှုကျူးလွန်လိမ့်မည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းလျှင် လူတို့သည် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေမည်မှာ အလွန့်အလွန်ပင် ဖြစ်နိုင်ခြေများသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ စိုက်သည့်အတိုင်း ရိတ်သိမ်းရမည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် စဉ်ဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ လက်မခံကြပေ။ မည်သည့်အခါမျှ နောင်တမရပေ။ နောက်ဆုံးတွင် ၎င်းတို့သည် ဆင်ခြင်သုံးသပ်စေရန် ရည်ရွယ်ချက်ဖြင့် ဖယ်ကြဉ်ထားခြင်းခံရသည်။ လူအချို့သည် အသင်းတော်အသက်တာကို စဉ်ဆက်မပြတ် အဖျက်အမှောင့်လုပ်ကာ အကျင့်ပျက်သူများဖြစ်လာသောကြောင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရသည်။ လူအချို့သည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်သောကြောင့် နှင်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် လူတစ်ယောက်သည် မည်သို့သောလူစားမျိုးဖြစ်စေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြပြီး ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ထိုသူသည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မာနထောင်လွှားခြင်းတစ်ခုသာ ပါဝင်သည်မဟုတ်ဘဲ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ကြမ်းတမ်းမှုလည်း ပါဝင်သည်။ မာနထောင်လွှားခြင်းနှင့် ကြမ်းတမ်းခြင်းသည် အတွေ့ရများသော အချက်များသာဖြစ်သည်။
ဤသို့ဆိုလျှင် ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သတိပြုရမည်။ လူအချို့၏ စိတ်သဘောထားသည် အထူးပင် ကြမ်းတမ်းသည်။ မလိုမုန်းထားသည်။ မာနထောင်လွှားသည်။ ပြီးလျှင် ၎င်းတို့သည် လုံးဝပင် မရိုးမဖြောင့်ပေ။ ဤသည်မှာ ဆိုးယုတ်သူ၏ သဘာဝဖြစ်ပြီး ဤလူတို့သည် အားလုံးထဲတွင် အန္တရာယ်အရှိဆုံးဖြစ်သည်။ ထိုသို့သောသူများက အာဏာကိုင်စွဲသောအခါတွင် နတ်ဆိုးများက အာဏာကိုင်စွဲခြင်း ဖြစ်သည်။ စာတန်များက အာဏာကိုင်စွဲခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ဆိုးယုတ်သူအားလုံးသည် မကောင်းသော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်သောကြောင့် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ သင်သည် ဆိုးယုတ်သူများကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ဖို့ သင် ကြိုးစားသောအခါ ၎င်းတို့က သင့်ကို တိုက်ခိုက်ဖို့၊ ဝေဖန်ဖို့၊ သို့မဟုတ် သင့်အပေါ် လက်စားချေခြင်းပင် ပြုဖို့ အလားအလာများသည်။ ထိုအရာအားလုံးသည် သူ၏ စိတ်သဘောထားများက အလွန် မလိုမုန်းထားခြင်းကြောင့်ဖြစ်သော အကျိုးဆက်များဖြစ်သည်။ ဤသည်မှာ အမှန်တကယ်တွင် အလွန် အဖြစ်များသည်။ ဥပမာအနေဖြင့်၊ အလွန်ပင် အဆင်ပြေသော၊ တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် ထောက်ထားပြီး နားလည်မှုရှိသောသူနှစ်ယောက်ရှိနိုင်သော်လည်း ၎င်းတို့၏ အကျိုးစီးပွားနှင့်ပတ်သက်သည့် တစ်ခုတည်းသော ကိစ္စကြောင့် အဆုံးတွင် ကွဲကွာသွားပြီး တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ဖြတ်ကြလေသည်။ လူအချို့သည် ရန်သူများပင် ဖြစ်လာပြီး တစ်ယောက်နှင့်တစ်ယောက် လက်စားချေဖို့ ကြိုးစားသည်။ ၎င်းတို့အားလုံးသည် အလွန်ဆိုးယုတ်ကြသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါတွင် ၎င်းတို့တွင် ထင်ရှားကာ ပေါ်လွင်သော မည်သည့်အရာများက ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤအရာများသည် အသေအချာပင် တည်ရှိပြီး ထိုအရာများကို သင် အမြစ်ပါမကျန် ဖယ်ရှားပစ်ရမည်။ ဤသို့ဆိုလျှင် ဤအရာများကို သင်တို့ ပိုင်းခြားသိမြင်ပြီး သတိပြုမိဖို့ အထောက်အကူဖြစ်လိမ့်မည်။ သင်တို့သည် ထိုအရာများကို မည်သို့ အမြစ်ပါမကျန် ဖယ်ရှားပြီး ပိုင်းခြားသိမြင်ရမည်ကို မသိလျှင် သင်တို့သည် မကောင်းသောသူတို့ကို မည်သည့်အခါမျှ ပိုင်းခြားသိမြင်နိုင်လိမ့်မည်မဟုတ်ပေ။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ပြီးနောက်တွင် လူအချို့၏ ဘဝများက ထိခိုက်နစ်နာကြရသည်။ ထိုနောက်မှသာ အန္တိခရစ်တစ်ဦးက အဘယ်အရာဖြစ်သည်၊ ဆိုးယုတ်သော စိတ်သဘောထားဆိုသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိကြလေသည်။ သမ္မာတရားအပေါ် သင်တို့၏ သိနားလည်မှုသည် အလွန်အပေါ်ယံဆန်လွန်းသည်။ သမ္မာတရားအများစုအပေါ် သင်တို့၏ သိနားလည်မှုသည် စကားပြောသည့်အဆင့်၊ သို့မဟုတ် စာရေးသည့်အဆင့်တွင် ရပ်တန့်သွားသည်။ သို့မဟုတ် စကားများနှင့် အယူဝါဒများကိုသာ နားလည်ပြီး ဤအရာများသည် လက်တွေ့အရှိတရားနှင့် လုံးဝ ထပ်တူမကျပေ။ တရားဒေသနာများစွာကို ကြားနာပြီးနောက်တွင် သင်တို့၏ စိတ်နှလုံး၌ သိနားလည်ခြင်း၊ ဉာဏ်အလင်းပွင့်ခြင်းရှိပုံရသည်။ သို့သော် လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် အမှုအရာများကို အရှိအတိုင်း အမှန်တကယ် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သေးပေ။ သဘောတရားအရ ပြောရလျှင် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာ ဖြစ်သည်ကို သင်တို့အားလုံး သိကြသည်။ သို့သော် အန္တိခရစ်စစ်စစ်တစ်ယောက်ကို သင်တို့ တွေ့မြင်သောအခါ ထိုသူအား အန္တိခရစ်အဖြစ် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ ဤသည်မှာ သင့်တွင် အတွေ့အကြုံအလွန်နည်းပါးသောကြောင့်ဖြစ်သည်။ သင်တို့သည် ပို၍ တွေ့ကြုံရသောအခါတွင်၊ အန္တိခရစ်များ၏ ထိခိုက်စေခြင်းကို လုံလောက်စွာ ခံရပြီးသည့်အခါတွင် ၎င်းတို့ကို အရှိအတိုင်း အပြည့်အဝ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်သည်။ ယခုအခါတွင် လူအများစုသည် စုဝေးပွဲများ၌ တရားဒေသနာများကို တာဝန်သိစွာဖြင့် နားထောင်ကြပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုသော်လည်း ၎င်းတို့သည် တရားဒေသနာကို ကြားနာပြီးသည်နှင့် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်ကြသည်။ သဘောတရားအဆင့်ထက် မည်သို့မျှ ပို၍ နားမလည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်းကို တွေ့ကြုံခံစားနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် အလွန်အပေါ်ယံဆန်သည်။ ယင်းမှာ ၎င်းတို့သည် ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်ဟု ဆိုလိုသည်။ အန္တိခရစ်များတွင် မကောင်းမှုပြုသူများ၏ အနှစ်သာရရှိသော်လည်း၊ အန္တိခရစ်များနှင့် မကောင်းမှုပြုသူများအပြင် အခြားလူများက ဆိုးယုတ်သော စိတ်သဘောထားမရှိကြသလော။ လက်တွေ့တွင် ကောင်းသောသူများ မရှိပေ။ မည်သည့်အရာမျှ တလွဲတချော်မဖြစ်လျှင် ၎င်းတို့အားလုံး ပြုံးပျော်လျက်ရှိကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်သည့် တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့ ကြောက်မက်ဖွယ်ကောင်းလာကြသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဤဆိုးယုတ်သော စိတ်သဘောထားသည် အချိန်မရွေး ပေါ်လာနိုင်သည်။ ယင်းသည် တမင်ရည်ရွယ်ပြီး ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤနေရာ၌ မည်သည့်အရာ အတိအကျ ဖြစ်ပျက်နေသနည်း။ ဝိညာဉ်ဆိုးများက ဝင်ပူးခြင်းနှင့် သက်ဆိုင်သလော။ မကောင်းဆိုးဝါး ဝင်စားခြင်းနှင့် သက်ဆိုင်သလော။ ဤနှစ်ခုထဲမှ တစ်ခုဖြစ်လျှင် ထိုသူသည် ဆိုးယုတ်သူတစ်ယောက်၏ အနှစ်သာရရှိပြီး ကူညီ၍ မရတော့ပေ။ သူ၏ အနှစ်သာရသည် ဆိုးယုတ်သူ၏ အနှစ်သာရမဟုတ်လျှင်၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသာဖြစ်လျှင် သူ၏ အခြေအနေသည် ပြုပြင်၍မရနိုင်သော အခြေအနေမဟုတ်ပေ။ သူသည် သမ္မာတရားအား လက်ခံနိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။ ဤသို့ဆိုလျှင် ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရသနည်း။ ရှေးဦးစွာ သင်သည် အမှုကိစ္စများကို ကြုံတွေ့သောအခါ မကြာခဏဆုတောင်းပြီး သင့်တွင် မည်သည့်အရင်းခံအကြောင်းများနှင့် အလိုဆန္ဒများရှိသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံပြီး သင်၏ အပြုအမူကို ထိန်းချုပ်ရမည်။ ထို့အပြင် မည်သည့် မကောင်းသောစကား၊ သို့မဟုတ် အပြုအမူကိုမဆို မထုတ်ဖော်ရပေ။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် မမှန်ကန်သော ရည်ရွယ်ချက်များနှင့် မလိုမုန်းထားမှုများရှိကာ မကောင်းသောအရာများအား လုပ်ဆောင်လိုသည်ကို မိမိဘာသာ တွေ့ရှိလျှင် ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤကိစ္စရပ်ကို နားလည်ပြီး ဖြေရှင်းရန်အတွက် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ ကွယ်ကာမှုကို တောင်းခံရမည်။ ဘုရားသခင်ထံ ကျိန်ဆိုရမည်။ ပြီးလျှင် သူသည် သမ္မာတရားကို လက်မခံဘဲ မကောင်းမှုကျူးလွန်သောအခါတွင် မိမိကိုယ်ကို ကျိန်ဆဲရမည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် ကွယ်ကာမှုကို ရရှိစေပြီး လူတစ်ယောက်အား မကောင်းမှုပြုလုပ်ခြင်းမှ တားဆီးပေးသည်။ လူတစ်ဦးထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး မကောင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသော်လည်း ထိုသူသည် ထိုအရာကို အရေးမစိုက်သကဲ့သို့ အမှုအရာများကို သူ့ဘာသာ ဖြစ်ပျက်စေလျှင်၊ သို့မဟုတ် ဤသည်မှာ သူပြုမူလုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်ဟု သတ်မှတ်လျှင် ထိုသူသည် မကောင်းသောလူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကာ သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်လိုဆဲဖြစ်သည်။ ကောင်းချီးခံစားပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုဆဲဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ သူသည် အိပ်မက်မက်နေခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ဒေါသတကြီး ရမ်းခြင်းမှ ရရှိသည့် သင်ခန်းစာများ
ကျွန်ုပ်၏ မုန်းတီးစိတ်များကို ဖယ်ရှားပုံ