၄၁။ မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း
လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က ပြောင်းလာသည်။ အချိန်ကြာ လာသည်နှင့်အမျှ၊ သူမက ငယ်သော်လည်း၊ အစွမ်းအစ ကောင်းသည်၊ တကယ် လုပ်နိုင်စွမ်းရှိသည်ကို ကျွန်မ သိလာသည်။ ပြဿနာများ ပေါ်ပါက၊ သူမက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေဖို့ အာရုံစိုက်သည်။ အစွမ်းအစပိုင်းရော အလုပ်လုပ်နိုင်စွမ်းမှာပါ ကျွန်မ သူမကို မမီခဲ့ပါ။ သူမကို တကယ် အားကျမိပြီး ပင်ကိုစွမ်းရည်ရှိသည်ဟု ထင်မိသည်။ တစ်ခါက အကျိုးတော်ဆောင်များ စည်းဝေးပွဲ တစ်ခု၌ အသင်းတော်မှာ သမ္မာတရားကို အားထုတ်သည့်၊ အစွမ်းအစမြင့်မားသည့်လူများ ရှိမရှိကို ခေါင်းဆောင် တစ်ယောက်က ကျွန်မကို မေးခဲ့သည်။ ကျွန်မလည်း သူမကို ညီမရှောက်ကျီ၏ အားသာချက်များအကြောင်း မဆိုင်းမတွ ပြောပြလိုက်သည်။ သိပ်မကြာမီတွင်ပင်၊ ခေါင်းဆောင်က သူမကို အကျိုးတော်ဆောင်များ စည်းဝေးပွဲကို ဖိတ်ပြီး နောက်ထပ် စည်းဝေးပွဲများကိုလည်း လာတက်ခိုင်းခဲ့သည်။ ကျွန်မလည်း စိတ်ထဲမှာ “စည်းဝေးပွဲတွေကို ငါပဲ အမြဲတမ်း တက်ခဲ့ရပြီး ခေါင်းဆောင်က အသင်းတော်အလုပ်ကို ငါနဲ့ပဲ ဆွေးနွေးတာ။ အခု သူက ရှောက်ကျီကို သွားခိုင်းနေပြီ။ ရှောက်ကျီကိုပဲ ပုံအောပြီး လေ့ကျင့်ပေးချင်တဲ့သဘောပဲ။ အဲဒီလိုမှန်းသိရင်၊ ရှောက်ကျီ တော်တဲ့အချက်တွေကို ငါ မပြောပါဘူး။” ဟု တွေးလျက်၊ တဖြည်းဖြည်းနှင့် ခံရခက်သကဲ့သို့ ဖြစ်လာသည်။ သူမကြောင့် ကျွန်မက မေ့လျော့ခံဖြစ်သွားပြီ၊ နောက်မှာကျန်ခဲ့ပြီဟု ခံစားရသည်။ ကျွန်မ ပိုပို၍ ဝမ်းနည်းလာသည်၊ ပြီးလျှင် အကယ်၍ ခေါင်းဆောင်က သူမကို အခြားနေရာ ပြောင်းလိုက်ပါက၊ သိပ်ကောင်းမည်ဆိုသည့် အတွေးက တိတ်တိတ်လေး ဖြစ်လာသည်။ ကျွန်မတို့နှစ်ယောက် မတွဲရသရွေ့၊ ကျွန်မက သူမထက် ညံ့ပုံပေါက်တော့မည် မဟုတ်ဘဲ၊ သို့ဆိုလျှင် ခေါင်းဆောင်ကလည်း အလုပ်ကိစ္စများကို ကျွန်မနှင့်သာ ဆွေးနွေးကောင်း ဆွေးနွေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် ရှောက်ကျီက မြန်မြန်ဆန်ဆန်ကြီး ပြောင်းရွှေ့ခံရမည် မဟုတ်သည်ကို ကျွန်မ သိခဲ့သည်။ ရင်ထဲမှာ အလေးအပင် ကြီးတစ်ခု ဖိစီးနေသကဲ့သို့ ကျွန်မ ခံစားရသည်။ ထို့အပြင် ကျွန်မက အရှုံးပေးဖို့ ဆန္ဒလည်း မရှိနေခဲ့ပါ။ ကျွန်မက သမ္မာတရားကို မိတ်သဟာယပြုလျှင် သူမထက် သာနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ တိတ်တိတ်လေး လေ့လာသည်၊ ဖတ်ရှုသည်၊ အလွတ်ကျက်သည်၊ ပြီးလျှင် ပို၍ တွေးဆဆင်ခြင်ကြည့်သည်။ ကျွန်မလည်း တော်ကြောင်း သက်သေပြဖို့ဖြစ်သည်။ သို့ရာတွင် ကျွန်မ၏ရည်ရွယ်ချက်များက မှားခဲ့သည်။ ကျွန်မက သူမကို ဂုဏ်ဒြပ်အတွက် ပြိုင်နေခြင်း ဖြစ်သောကြောင့်၊ မိမိ၏တာဝန်၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိခဲ့ပါ။ မည်သည့်ပြဿနာကိုမျှ ကျွန်မ နားမလည်နိုင်ခဲ့သကဲ့သို့၊ မဖြေရှင်းနိုင်ခဲ့ပါ။
တစ်ခါတွင် ညီအစ်မနှစ်ယောက်က အသင်းတော် သင်းထောက်များအဖြစ် အရွေးခံရသည်။ သူတို့က အခြားသူများ၏ လက်တွေ့ပြဿနာများကို အသက်ဝင်ရောက်မှုနှင့် ဖြေရှင်းပေးဖို့ သမ္မာတရားကို လုံလုံလောက်လောက် နားမလည်မည်ကို စိုးရိမ်ကြသည်။ ထိုဂုဏ်ဒြပ်ကို သူတို့က မလိုချင်ကြပါ။ ဤသည်ကို ကြားလျက်၊ ကျွန်မက “ညီမရှောက်ကျီက ငါ့ထက် မတော်ပါဘူးဆိုတာ လူတိုင်း မြင်နိုင်ဖို့အတွက်၊ ငါက သူတို့အခြေအနေကို ဖြေရှင်းပေးဖို့ ဘုရားသခင်ရဲ့ ဘယ်နှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုပေးလို့ ရမလဲ။” ဟု စဉ်းစားခဲ့သည်။ ထိုညီအစ်မများ ပြောသည့်စကားဆုံးသည်နှင့်တစ်ပြိုင်နက်၊ ကျွန်မလည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကျမ်းပိုဒ် တစ်ခုနှစ်ခုခန့်ကို အပြေးအလွှား ဖတ်ပြီး၊ မိတ်သဟာယ ဝေမျှခဲ့သည်။ သို့ရာတွင် ကျွန်မက ကိုယ်ရည်သွေးပြချင်ပြီး၊ အထင်ကြီးခံလိုခြင်းသာ ဖြစ်သည်၊ ပြဿနာ၏ရင်းမြစ်ကို ရှာတွေ့ဖို့ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကိုယ် ငြိမ်သက်ချင်၍ သမ္မာတရားကို ရှာဖွေချင်၍ မဟုတ်ပါ။ ကျွန်မ၏ မိတ်သဟာယက မအောင်မြင်ပါ။ သူတို့ မည်သည့်အရာမျှ မတုံ့ပြန်ဘဲ ထိုင်နေသည်ကို မြင်ရသည့်အတွက် တကယ်ကို အနေရခက်သည်။ ကျွန်မ မည်သည့်အရာ ပြောရမည်ကို မသိပါ။ ထို့နောက်တွင် ညီမရှောက်ကျီက မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်အကြောင်း စတင် မိတ်သဟာယ ပြုပေးပြီး သူမ၏ကိုယ်ပိုင် အတွေ့အကြုံနှင့် နားလည်မှုကိုလည်းကောင်း၊ ဘုရားသခင်၏အလိုတော် အကြောင်းကိုလည်းကောင်း ပြောခဲ့သည်။ ထိုညီအစ်မများက မျက်ရည်ပါ ဝဲကုန်ကြပြီး ထိုတာဝန်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က ရှောက်ကျီကို လေးလေးစားစား ကြည့်နေကြသည်ကို မြင်ရသည့်အတွက်၊ ကျွန်မ မကျေမနပ်ဖြစ်သွားခဲ့သည်။ သူမ ရောက်မလာမီက လူတိုင်းက ကျွန်မကို တကယ်ကို လက်ခံကြသော်လည်း၊ အသင်းတော်ကို သူမ ရောက်လာပြီးသည့်နောက်၊ အရာရာတိုင်းမှာ မြန်မြန်ဆန်ဆန်နှင့် အသာစီးရသွားသည်။ ခေါင်းဆောင်က သူမကို တန်ဖိုးထားပြီး ညီအစ်ကိုမောင်နှမများကလည်း သူမကို လေးစားကုန်ကြသည်၊ ပြီးလျှင် ကျွန်မက ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အချိန် ပိုကြာခဲ့သော်လည်း၊ သူမကို လိုက်မမီခဲ့ပါ။ ကျန်သည့်သူများ ကျွန်မကို မည်သို့ထင်မည်ကို ကျွန်မ စိုးရိမ်ခဲ့မိသည်။ ကျွန်မမှာ သမ္မာတရား၏စစ်မှန်မှု မရှိကြောင်း၊ သူမနှင့်ယှဉ်ခြင်းအားဖြင့် သူမကိုသာ ပို၍လူမြင်ကောင်းစေကြောင်း ပြောကြမလား။ ထိုကာလတစ်လျှောက်လုံးမှာ ကျွန်မအတွေးများက ဤကိစ္စနှင့်သာ အချိန်ကုန်နေခဲ့သည်။ ကျွန်မ ရသင့်သည့် အရာများကို ညီမရှောက်ကျီက ဖြတ်ယူနေသည်ဟု ခံစားရပြီး သူမကို ကျွန်မ မနာလိုဖြစ်လာသည်။ တစ်ခါတစ်ရံတွင် သူမကို ကျွန်မတို့အသင်းတော်မှ တစ်နည်းနည်းဖြင့် ပထုတ်နိုင်လျှင် ကောင်းမည်ဟု ဆန္ဒဖြစ်မိသည်။ ယင်းနှင့်ပတ်သက်ပြီး ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း၊ မည်သည့်နည်းလမ်းမျှ ရမလာပါ။ ကျွန်မက ဘုရားသခင်ထံမှ ပို၍ ဝေးကွာလာပြီး ကျွန်မ၏ဝိညာဉ်က အမှောင်ထဲ ကျရောက်နေသည်ကိုလည်း ခံစားမိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ကျွန်မ၏ မိတ်သဟာယပြုခြင်းများက မည်သည့်အလင်းမျှ မပါရှိဘဲ၊ အခြားသူများ၏ ပြဿနာများကို ကျွန်မ မကူညီပေးနိုင်ခဲ့ပါ။ ကျွန်မက မိမိတာဝန်ကိုမူ နေ့စဉ် ထမ်းဆောင်နေဆဲ ဖြစ်သော်လည်း၊ စိတ်ဆင်းရဲပြီး နာကျင်နေသည်။ ကျွန်မက သူ၏အလိုတော်ကို နားလည်ဖို့နှင့် မိမိဖောက်ပြန်ပျက်စီးမှုကို သိဖို့ ကျွန်မကို လမ်းပြပေးပါရန် တောင်းလျှောက်လျက်၊ ဆုတောင်းရင်း မိမိအခြေအနေကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာခဲ့သည်။
နောက်ပိုင်းတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “အသင်းတော်ခေါင်းဆောင်များအနေဖြင့်၊ ပါရမီကို မည်သို့ ရှာဖွေတွေ့ရှိပြီး ပျိုးထောင်ရမည်ကို သင် သိသင့်ပြီး၊ ပါရမီရှိသော လူတို့ကို မနာလိုဝန်တိုခြင်း မဖြစ်သင့်ပေ။ ဤနည်းဖြင့်၊ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးပြီ ဖြစ်လိမ့်မည်။ သင်သည် ဆက်ကပ်ဖို့ အစွမ်းကုန် လုပ်ဆောင်ပြီးပြီလည်း ဖြစ်လိမ့်မည်။ လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက တကယ်ကို အရှိုက်ထိစေခဲ့သည်။ ထိုနှုတ်ကပတ်တော်များက ကျွန်မ၏ အခြေအနေကို အတိအကျ ဖော်ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ ကျွန်မညီမ၏ ကောင်းသည့်အစွမ်းအစနှင့် လက်တွေ့ကျသည့် မိတ်သဟာယကို မြင်ကြသည့်အတွက်၊ သူမကို ခေါင်းဆောင်က တန်ဖိုးထားပြီး အခြားသူများကလည်း လေးစားကြသည်၊ ကျွန်မမှာမူ သူမကို မနာလိုဖြစ်ပြီး သူမကို ကြဉ်ထားသည်။ သူမကို အသင်းတော်မှ အမြန်ဆုံး ထွက်သွားစေချင်သည်။ အသင်းတော်၏အလုပ်ကိုဖြစ်စေ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကိုဖြစ်စေ၊ မည်သို့ထိခိုက်လာမည်ကို ကျွန်မ ထည့်မတွက်ခဲ့ပါ။ ကျွန်မက ဆိုးယုတ်မှုကိုသာ ပြခဲ့ခြင်း ဖြစ်သည်၊ ပြီးလျှင် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး ရွံစရာကောင်းခဲ့သည်။ ကျွန်မက သာမန်လူ့သဘာဝကို လုံးဝ မရှိခဲ့ပါ။ မိမိတာဝန်ကို ထိုနည်းလမ်းဖြင့် ထမ်းဆောင်ခြင်းက ဘုရားသခင်ကို မည်သို့များ မရွံရှာစေဘဲနေမည်နည်း။ မိမိတာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆုံးရှုံးပြီး ကျွန်မလည်း အမှောင်ထဲ ကျခဲ့သည်။ ယင်းက ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည်။ ထို့ကြောင့် ဂုဏ်ဒြပ်ကို ပစ်ပယ်ဖို့၊ သာမန်လူ့သဘာဝနှင့် အသက်ရှင်နေထိုင်ဖို့၊ ပြီးလျှင် ကျွန်မညီမနှင့် ကောင်းမွန်စွာ အလုပ်လုပ်ဖို့ လမ်းပြပေးပါရန် တောင်းလျှောက်ရင်း၊ ဘုရားသခင်ကို ကျွန်မ ဆုတောင်းသည်။
ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မလည်း ပို၍ပင် နောင်တရပြီး၊ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ တက်ကြွဖို့နှင့် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ သမ္မာတရားကို အားထုတ်သည့် လူများကို ဘုရားသခင်က ပို၍ လိုချင်ပါသည်။ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း၊ ဘုရားသခင် အလိုရှိသည့်အရာက ကျွန်မ၏စိတ်နှလုံးမှာ မရှိခဲ့ပါ။ အသင်းတော်၌ ထိုကဲ့သို့ အားထုတ်နေသည့် လူတစ်ယောက်ကို မြင်ရသည့်အခါ၊ ကျွန်မက ဝမ်းမသာရုံသာမကဘဲ၊ မနာလိုဖြစ်ပြီး မိမိ၏ဂုဏ်ဒြပ်အတွက် ပူပန်လာသည်။ လူတစ်ယောက်၏ အခြေခံအကျဆုံးဆိုသည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ကျွန်မမှာ မရှိခဲ့ပါ။ ကျွန်မက ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လုံးဝ မထိုက်တန်ပါဟု မြင်ခဲ့ရပြီး ကျွန်မ မည်မျှ တစ်ကိုယ်ကောင်းဆန်ခဲ့သည်ကိုလည်း မုန်းတီးမိသည်။ ညီမရှောက်ကျီမှာ အစွမ်းအစကောင်း ရှိခြင်းနှင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းပေးခြင်းတို့က အသင်းတော်၏အလုပ်အတွက်ရော၊ ညီအစ်ကိုမောင်နှမများ၏ အသက်များအတွက်ပါ အကျိုးရှိသည်။ ကျွန်မက သူမကို ပံ့ပိုးပေးခဲ့ပြီး သူမ၏ အားသာချက်များကို သင်ယူခဲ့သင့်သည်။ ကျွန်မတို့၏တာဝန်မှာ သူမနှင့် ကောင်းမွန်စွာ အတူတူလုပ်ကိုင်ကြခြင်းက ဘုရားသခင်၏ အလိုတော်ကို အလေးထားရာရောက်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။ ကျွန်မက ဘုရားသခင်အလိုတော်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ အခြားသူများက ညီမရှောက်ကျီကို လက်ခံသဘောကျနေကြသည်ကို သတိပြုမိသည့်အခါ၊ အနည်းငယ် မနာလိုဖြစ်ဆဲ ဖြစ်သော်လည်း၊ ကျွန်မက ဘုရားသခင်ကို ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် ပစ်ပယ်သည်။ မိမိတာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့အတွက် ဘုရားသခင် ရှေ့မှောက် နေထိုင်ခြင်းကို အာရုံစိုက်ပြီး၊ မည်သူက လေးစားခြင်း ခံရသည်ကို သိပ်မတွေးတော့ဘဲ၊ မနာလိုစိတ် ဖြစ်ခြင်းလည်း အလွန် နည်းသွားသည်။ ပြဿနာတစ်ခု ရင်ဆိုင်ရာတွင် သူမနှင့်အတူ အကြောင်းအရာများကို ရှာဖွေ ဆွေးနွေးနိုင်လာပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို အတူတကွ ရှာဖွေရင်း၊ မိမိအားနည်းချက်များကို ထေမိစေဖို့ သူမ၏ အားသာချက်များကို အသုံးချနိုင်လာသည်။ ကျွန်မက ပို၍ လွတ်လပ်ပြီး ငြိမ်းအေးလာသည်ဟု ခံစားရသည်။ အပြောင်းအလဲအချို့ ကြုံပြီးသည့်နောက်၊ မနာလိုတတ်သည့် မိမိသဘာဝကို တိုးတက်သွားပြီဟု ထင်မိသော်လည်း၊ ဆိုးယုတ်သည့် မိမိ၏သဘာဝက မည်မျှ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်ကို ပြလာသည့်နောက်ထပ် အခြေအနေ တစ်ခုနှင့်လည်း ကြုံသည့်အခါ၊ ကျွန်မ အံ့သြသွားရသည်။ ကျွန်မ သန့်စင်ခြင်းခံရဖို့ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ထပ်ပြီးကြုံရရန် လိုအပ်လာသည်။
တစ်ခါတွင် ရှောက်ကျီနှင့် ကျွန်မက တွဲဖက် အကျိုးဆောင်များ စည်းဝေးပွဲတစ်ခုကို သွားကြကာ၊ ထိုနေရာတွင် ခေါင်းဆောင်က ကျွန်မကို ခဏ နှုတ်ဆက်ပြီး၊ ထို့နောက်တွင် အသင်းတော်အလုပ်အကြောင်းကို ရှောက်ကျီနှင့် စတင် ဆွေးနွေးလေသည်။ ကျွန်မက လူပိုကြီး တစ်ယောက်ကဲ့သို့ ဘေးမှာ ထိုင်နေရပြီး ကျွန်မလည်း ရုတ်တရက် စိတ်ချဉ်ပေါက်လာသည်။ ရှောက်ကျီကို မကျေနပ်သည့်အကြည့်နှင့် ကြည့်မိပြီး စိတ်ထဲမှာ “ခေါင်းဆောင်ကတော့ နင့်ကို ငါ့ထက်ပိုပြီး တန်ဖိုးထားတယ်။ နင်က အသင်းတော်မှာရော ခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာရော အသည်းကြော်လေးပဲ၊ ပြီးတော့ ငါနဲ့ယှဉ်လိုက်ရင် အများအမြင်မှာ နင်ကပဲ သာသွားတာ။” ဟု တွေးလျက်၊ သံသယမဖြစ်ဘဲ မနေနိုင်တော့ပါ။ နောက်ပိုင်းတွင် ခေါင်းဆောင်က ရှောက်ကျီကို အခြားနယ်မြေတစ်ခုမှာ တရားဟောပွဲများ သွားတက်ဖို့၊ သင်တန်းအချို့ တက်ဖို့ စီစဉ်ပေးလိုက်သည်ကို ကျွန်မ ကြားသည်။ ဤသည်ကို ကြားတော့ ကျွန်မ တကယ်ကို မကျေနပ်ပါ။ “သူက ဘာဖြစ်လို့ ရှောက်ကျီကိုပဲ သွားခိုင်းတာလဲ၊ ငါက ဘာဖြစ်လို့လဲ။” ဟု ကျွန်မ တွေးမိသည်။ “ငါက တကယ်ပဲ အဲဒီလောက်ညံ့လား။ ငါက သင်တန်းလေးတစ်ခုနဲ့တောင် မတန်ဘူးလား။” ကျွန်မက အရှက်ရသည်မှာ မိမိမျက်နှာကို ရေအေးနှင့် ပက်ခံလိုက်ရသကဲ့သို့ ဖြစ်လေသည်။ ကျွန်မလည်း မိမိ၏တာဝန်ကို သူမ ကြိုးစားသလောက် ကြိုးစားခဲ့သော်လည်း၊ သူမက တရားဟောပွဲများ သွားနားထောင်သည့်အချိန်မှာ ကျွန်မက ကျန်နေခဲ့ရသည်ဟု တွေးရင်း၊ ယင်းကို လုံးဝ လက်မခံနိုင်သကဲ့သို့ ခံစားရသည်။ ကျွန်မက လျစ်လျူရှုခြင်းခံရပြီး မည်သည့်အရာကို လုပ်ပါစေ သူမကို မည်သည့်အခါမျှ မီမည်မဟုတ်ပါဟု ကျွန်မ ခံစားရသည်။ မိမိကိုယ်ကိုယ် ထိုနည်းဖြင့် ပို၍ လိုက်ယှဉ်မိလေလေ၊ ခံစားရသည်က ပိုဆိုးလာလေဖြစ်ပြီး မနာလိုဖြစ်မှု၊ မကျေမနပ်ဖြစ်မှု အခြေအနေထဲမှာ ကျွန်မ စတင် နေထိုင်လာသည်။ ကျွန်မ ထင်ပေါ်ခွင့်ရနိုင်ဖို့အလို့ငှာ၊ ခေါင်းဆောင်က ကျွန်မတို့ကို ခွဲပြီးအလုပ်လုပ်ခိုင်းရန် အသည်းအသန် ဆန္ဒဖြစ်မိခဲ့ပါသည်။
ထို့နောက် သိပ်မကြာပါ၊ ရှောက်ကျီ၏အမျိုးသားက ဆိုးဆိုးဝါးဝါး မကျန်းမမာဖြစ်လာသည်။ ဤသည်မှာ သူမအတွက် တော်တော် အခက်အခဲဖြစ်သည်။ ကျွန်မက သူမကို နှစ်သိမ့်ပေးပြီး ဤစမ်းသပ်မှုမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့ ဆုတောင်းရန် အားပေးခဲ့သည်၊ သို့ရာတွင် ကျွန်မမှာ “သူက တကယ်ကို ထိပ်ဆုံး ရောက်နေတဲ့အချိန်ပဲ။ အခု သူ စစ်ဆေးခံနေရပြီ၊ အခြေအနေ ဆိုးနေပြီ၊ ဒီတော့ ငါ့ကိုယ်ငါ ထုတ်ပြဖို့အခွင့်အရေး ဖြစ်လာတော့မယ်။ သူ့အခြေအနေ ပြန်ကောင်းသွားတယ်ဆိုရင်၊ အဲဒီအခွင့်အရေးကို ငါ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဒီစစ်ဆေးမှုက သူ့အတွက် နည်းနည်းကြာနေရင် ကောင်းမယ်။ ဒါမှ သူက အခြေအနေတွေ ပုံမှန်ဖြစ်နေတဲ့အခါမှ မိတ်သဟာယ ပြုတာ ကောင်းတယ်၊ ဒါပေမဲ့ ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုနဲ့ အသက်ရှင်နေထိုင်နိုင်တာ မဟုတ်ဘူးဆိုပြီး အားလုံးက မြင်သွားကြမှာ။ အဲဒါဆို သူ့ကို သိပ်ပြီး လေးစားကြတော့မှာ မဟုတ်ဘူး။ ခေါင်းဆောင်ကလည်း သူ့မှာ သမ္မာတရားရဲ့ စစ်မှန်မှု မရှိတာကို မြင်ပြီး သူ့ကို လေ့ကျင့်ပေးတော့မှာ မဟုတ်ဘူး၊ ဒါဆို တခြားလူတွေက ငါ့ကိုပဲ အလိုလို အထင်ကြီးလာလိမ့်မယ်။” ဟု မစဉ်းစားဘဲလည်း မနေနိုင်ပါ။ ကျွန်မက မိမိစိတ်အခြေအနေကို များစွာ မစဉ်းစားကြည့်သော်လည်း၊ ထိုအတွေးများကို သည်အတိုင်းသာ လက်ခံလိုက်သည်။ တစ်ရက်တွင် ညီအစ်မ နှစ်ယောက်က ရှောက်ကျီအတွက် စိုးရိမ်ပြီး မေးကြသည်၊ ပြီးလျှင် သူမက အခြေအနေဆိုးနေကြောင်းနှင့် ပုံမှန်ဆို သူမက မိတ်သဟာယပြုသည်မှာ သိပ်ကောင်းသော်လည်း၊ စမ်းသပ်မှု ခံနေရခြင်းနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိခြင်းတို့မှတစ်ဆင့် အပျက်သဘောဆောင်လာကြောင်းတို့ကို ကျွန်မ ပြောလိုက်သည်။ ယင်းကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်မ ဘဝင်မကျသကဲ့သို့ ခံစားရသည်။ ကျွန်မက သူမကို ဝေဖန်ဖို့ သိက္ခာချဖို့၊ ချဲ့ကားပြောနေခြင်း ဖြစ်သည်။ သို့ရာတွင် ထိုညီအစ်မများက ကျွန်မ ပြောသည့်အရာကို ယုံသွားကြသည်ကို မြင်ရသည့်အခါ၊ တိတ်တိတ်လေး ကျေနပ်မိသည်။ သူတို့က ရှောက်ကျီကို သိပ်ပြီး လေးစားတော့မည် မဟုတ်ဟု တွေးလိုက်သည်။ သို့ရာတွင် ထိုနောက်ပိုင်း ကျွန်မ သူမကို ပြန်တွေ့သည့်အခါ၊ သူမက တကယ်ကို ဒုက္ခရောက်ပြီး၊ ဆုတောင်းသည့်အချိန်တိုင်း ငိုနေရသည့်တိုင်၊ သူမတာဝန်ကို လုံးဝ မထိခိုက်စေခဲ့ပါ။ ကျွန်မလည်း အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားမိသွားသည်။ ထိုစမ်းသပ်မှုနှင့် ကြုံရလျက်၊ စိတ်မထိခိုက်ဖို့နှင့် ယိမ်းယိုင် မသွားဖို့ဆိုသည်မှာ ခက်ခဲလှပေမည်။ ကျွန်မမှာ တကယ်ကို လူ့သဘာဝရှိခဲ့ပါက၊ သူမအတွက် ဆုတောင်းပေးမိမည် ဖြစ်သည်၊ ပြီးလျှင် သူမကို ကူညီဖို့နှင့် ထောက်ပံ့ဖို့ အစွမ်းကုန် လုပ်ဆောင်ခဲ့မည် ဖြစ်သည်။ သို့ရာတွင် ကျွန်မက မည်သည့်အရာကို လုပ်ပေးခဲ့သနည်း။ ယင်းနှင့်ပတ်သက်ပြီး ကျွန်မ အလွန် စိတ်မကောင်းဖြစ်ရသည်။ ကျွန်မက ဘုရားသခင်ရှေ့မှောက် သွားပြီး “အို ဘုရားသခင်၊ ကျွန်မက မနာလိုစိတ်ကြီးလွန်းပါတယ်။ ညီမရှောက်ကျီထက် သာအောင်ဆိုပြီး၊ ကျွန်မက သူ့ကို ဝေဖန်ပြီး နှိမ့်ချခဲ့မိတယ်။ သူ ဒုက္ခရောက်တာကိုတောင် ကျေနပ်ခဲ့မိတယ်၊ ပြီးတော့ သူ အပျက်သဘောဆောင်လာဖို့၊ လဲပြိုဖို့ကို အရမ်းကို မြင်ချင်ခဲ့မိတယ်။ ကျွန်မက လုံးဝကို လူ့သဘာဝ ကင်းမဲ့နေတာပါ။ ဘုရားသခင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိအောင်၊ ဆိုးယုတ်တဲ့ ကိုယ့်စိတ်သဘောထားကနေ လွတ်မြောက်အောင် ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပေး လမ်းပြတော်မူပါ။” ဟု ပြောလျက် ဆုတောင်းခဲ့သည်။
ဆုတောင်းပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ဤသည်ကို ကျွန်မ ဖတ်မိသည်၊ “လူအချို့က မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။...ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် စာတန် ဖြစ်ကြသည်မဟုတ်လော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသလော။ တိရစ္ဆာန်များကို ဘေးဖယ်ထားပါက၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသောသူများ အားလုံးတွင် နတ်ဆိုးများ၊ စာတန်၊ ကောင်းကင်တမန်မင်းနှင့် ဘုရားသခင်ကို ဖက်ပြိုင်သောသူများ ပါဝင်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဤသည်ကို ဖတ်လိုက်ရခြင်းက တကယ်ကို ရင်ထဲအထိ လာထိမှန်ခဲ့သည်။ ကျွန်မက သေချာပေါက် ထိုသို့သော လူမျိုးဖြစ်သည်။ ညီမရှောက်ကျီကို အစွမ်းအစကောင်း ရှိမှန်း၊ သမ္မာတရား အားထုတ်မှန်း၊ လေ့ကျင့်ပေးသင့်မှန်း ကျွန်မ သိသော်လည်း၊ ခေါင်းဆောင်က သူမကို တန်ဖိုးထားပြီး၊ စည်းဝေးပွဲများအတွက် လွှတ်ချင်သည်ကို မြင်ရသည့်အချိန်မှာ၊ ကျွန်မက ယိမ်းယိုင်သွားသည်။ မတရားသဖြင့် ခံရသည်ဟုထင်ပြီး ယင်းကို လက်မခံနိုင်ခဲ့ပါ။ ညီမကို မနာလိုဖြစ်ပြီး၊ မကျေမချမ်းဖြစ်လာကာ၊ ခေါင်းဆောင်က သူမကို နေရာပြောင်းပေးပါစေဟု အသည်းအသန် ဆန္ဒဖြစ်ခဲ့မိသည်။ သူမက စမ်းသပ်မှုအားဖြင့် အားနည်းပြီး နာကျင်နေသည့်အချိန်မှာ၊ ကျွန်မက သူမကို ကူညီယောင် ဟန်ဆောင်သည်၊ သို့ရာတွင် သူမ ဒုက္ခရောက်သည်ကို ကျေနပ်မိခဲ့သည်။ လူများကြားမှာ ကျွန်မပဲ ထင်ရှားစေဖို့အလို့ငှာ၊ ကျွန်မက သူမကို အပျက်သဘောဆောင် လာစေချင်ခဲ့သည်။ ကျွန်မ ထင်ပေါ်နိုင်ဖို့ အလို့ငှာ၊ မိမိကိုယ်ကိုယ် ချီးမြှောက်ဖို့ အခြားသူများရှေ့မှာပင် သူမကို ဝေဖန်ပြီးနှိမ့်ချခဲ့သည်။ ကျွန်မက ဘုရားသခင်ကို နှစ်များစွာ ယုံကြည်လာသည်ဆိုသော်လည်း၊ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိခဲ့ပါ။ မိမိအဆင့်အတန်းကို ကာကွယ်ဖို့အတွက်သက်သက် မနာလိုဖြစ်ပြီး လွန်လွန်ကဲကဲ ကိစ္စများ လုပ်ခဲ့မိသည်။ ကျွန်မက တော်တော် ရွံဖို့ကောင်းခဲ့ပြီး မလိုတမာစိတ်ကြီးခဲ့သည်။ ကျွန်မက သဘောထား သေးသိမ်သည်၊ ယုတ်မာသည်၊ ရက်စက်ပြီး သိမ်ဖျင်းခဲ့သည်။ ကျွန်မက စာတန်နှင့် မည်သို့များ ကွာခြားသနည်း။ အမှုအရာများ အဆင်ပြေနေသည်ကို စာတန်တစ်ဦးတည်းသာ မခံမရပ်နိုင်ဖြစ်ပြီး၊ လူများကို အပျက်သဘောဆောင်စေချင်ကာ၊ ဘုရားသခင်နှင့် ဝေးကွာစေပြီး၊ ဘုရားသခင်ကို သစ္စာဖောက်စေချင်သည်။ ကျွန်မက အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရင်း စာတန်၏လက်ပါးစေကဲ့သို့ ပြုမူခဲ့သည်မှာ သိသာထင်ရှားနေသည်။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့်အတူ ရပ်တည်လျက်၊ ဘုရားသခင်၏အိမ်တော်ကို ထိခိုက်စေခဲ့တာ၊ မကောင်းမှု လုပ်ခဲ့ခြင်းဖြစ်သည်။ သို့တိုင် မိမိအတွက်သာ များစွာ စဉ်းစားခဲ့သည်။ ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှု မရှိခဲ့ဘဲ၊ ကျွန်မ၏ အစွမ်းအစကလည်း ညီမရှောက်ကျီ၏အစွမ်းအစကို မမီခဲ့သည်မှာ သိသာပါသည်။ ကျွန်မက သူမထက် သာချင်လျက်၊ အမြဲတမ်း ဂုဏ်ဒြပ်အတွက် ပြိုင်ခဲ့မသည်။ ကျွန်မက အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မသိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှာ ကျွန်မ မိမိကိုယ်ကိုယ် တကယ် မုန်းပြီး မကောင်းသည့် မိမိစိတ်သဘောထားကို အမြန်ဆုံး ဖယ်ရှားပစ်ချင်သည်။
ထို့နောက် ဘုရားသခင်နှုတ်ကပတ်တော်များထဲမှာ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်မိသည်၊ “လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရပြီးဖြစ်သောကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ခြင်းနောက် လိုက်ခြင်းသည်လည်း မဖြစ်နိုင်ပေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ကျွန်မက စာတန်၏ဖျက်ဆီးမှုကို ခံထားရသောကြောင့်၊ ဖောက်ပြန်ပျက်စီးမှုထဲမှာ နေထိုင်ရင်း၊ ဘုရားသခင်ကို အမြဲတမ်း ခုခံပုန်ကန်နေခဲ့သည်ကို ဤသည်က ကျွန်မကို နားလည်စေဖို့ ကူညီခဲ့သည်။ ကျွန်မဆီမှာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏၊” “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း၊” “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” စသည့် ဆိုးယုတ်သော ကိုယ်ကျင့်တရားများနှင့် တွေးခေါ်ပုံများ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက စာတန်ဆီက ဤဆိုရိုးစကားများကို လက်ခံခဲ့ခြင်းက ကျွန်မကို ပို၍ မာနထောင်လွှားစေပြီး ဆိုးယုတ်စေကာ၊ လူ့သဘာဝ ကင်းမဲ့စေလျက်၊ ကျွန်မ၏အမြင်ရှုထောင့်များ၊ ရပ်တည်ရှင်သန်ဖို့ စည်းမျဉ်းများနှင့်၊ အသိစိတ်တို့က ဖောက်ပြန်သွားခဲ့သည်။ စာတန်ထံမှ ဤအဆိပ်အတောက်များအားဖြင့် ထိန်းချုပ်ခံထားရလျက်၊ ကျွန်မက နာမည်နှင့် ဂုဏ်ဒြပ်ကိုသာ ရှာချင်မိပြီး အထင်ကြီးသာ ခံချင်မိသည်။ မည်သည့်လူများကြားတွင်မဆို ကျွန်မ ထင်ပေါ်ချင်ပြီး ဘယ်သူ့ကိုမျှ မိမိထက် မသာစေချင်သကဲ့သို့၊ တစ်ယောက်ယောက်က သာသွားသည့်အခါတိုင်း၊ ကျွန်မက လိုက်မပြိုင်ဘဲ မနေနိုင်ခဲ့ပါ။ အခြားသူများထက် မသာနိုင်ပါက၊ ကျွန်မက မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်လာမည် သို့မဟုတ် မိမိရည်မှန်းချက် ရောက်ဖို့ လက်သီးပုန်းထိုးခြင်းပင် လုပ်လာသည်။ ဆိုးယုတ်သည့် စိတ်သဘောထားများဖြစ်သည့် မာနထောင်လွှားခြင်း၊ မရိုးသားခြင်း၊ ယုတ်မာခြင်းတို့ကိုသာ ကျွန်မ ပြခဲ့သည်။ ကျွန်မက မိမိတာဝန်ကို လုပ်နေသည်ဟု အခိုင်အမာဆိုသော်လည်း၊ တကယ်တော့ မကောင်းမှု လုပ်ပြီး၊ ဘုရားကို ခုခံလျက်၊ မိမိအတွက် လုပ်နေခြင်းဖြစ်သည်။ နှင်ထုတ်ခံကြရသည့် အန္တိခရစ်များအကြောင်းကို ကျွန်မ တွေးမိသေးသည်။ ၎င်းတို့က သမ္မာတရားကို အားထုတ်သည့်လူများ သို့မဟုတ် ဘုရားသခင်၏အလိုတော်ကို အလေးထားသည့်လူများအပေါ် မနာလိုဖြစ်ပြီး ခါးခါးသီးသီး ဖြစ်ကြသည်၊ ပြီးလျှင် သူတို့၏ ဂုဏ်ဒြပ်ကို ခြိမ်းခြောက်သည့် လူတိုင်းကို ဆူးငြောင့်ခလုတ်ကဲ့သို့ သဘောထားခဲ့ကြတာ။ သူတို့က ဖိနှိပ်ချုပ်ချယ်ကြပြီး မလိုတမာစိတ်ကြီးခဲ့ကြသည်၊ ပြီးလျှင် ထိပ်ဆုံးမှာ သူတို့ပဲ စိုးမိုးနိုင်ဖို့အလို့ငှာ၊ အခြားသူများကိုပင် အသင်းတော်မှ မောင်းထုတ်လိုကြသည်။ ၎င်းတို့အားလုံးက မကောင်းမှုများစွာ လုပ်မိရင်း အသင်းတော်မှ မောင်းထုတ်ခံရခြင်းဖြင့် အဆုံးသတ်ကြလေသည်။ ကျွန်မက အန္တိခရစ်များကဲ့သို့ မလိုတမာစိတ် မကြီးသကဲ့သို့၊ မကောင်းမှုကြီးများ မလုပ်ခဲ့ပါ၊ သို့ရာတွင် ကျွန်မ၏ မာနထောင်လွှားသည့် ဆိုးရွားသည့် သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး၊ မနာလိုဖြစ်ခဲ့သည်။ မိမိဂုဏ်ဒြပ်ကို ထိန်းထားဖို့ ညီမရှောက်ကျီကို ကြဉ်ခြင်းနှင့် ဝေဖန်ခြင်းတို့ကိုပင် ပြုခဲ့သည်။ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ် တစ်ယောက်၏ လမ်းကြောင်းပေါ် ရောက်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သို့ ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံပါ။ ကျွန်မက နောင်တမရပါက၊ နောက်ဆုံးမှာ ဘုရားသခင်၏ ပစ်ပယခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည် ဖြစ်သည်ကို ကျွန်မ သိသွားသည်။ ယင်းက ကျွန်မအတွက် ကြောက်မက်ဖွယ် ဖြစ်သည်။ ဘုရားသခင်က ကျွန်မကို ပြင်းထန်သည့် တရားစီရင်မှုနှင့် ကာကွယ်ပေးနေခြင်း ဖြစ်သည်ကို ကျွန်မ သိခဲ့ရသည်။ သို့မဟုတ်ပါက ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်မည် မဟုတ်ဘဲ၊ တကယ်ကို မကောင်းမှု တစ်ခုခု လုပ်မိသည့်အချိန်တွင် နောက်ကျမှ နောင်တများ ရလိမ့်မည်။ ဘုရားသခင်၏အလိုတော်ကို တွေးဆရင်း၊ ကျွန်မ တကယ်ကို တို့ထိခြင်းခံခဲ့ရသည်။ နောင်တရဖို့နှင့် ပြောင်းလဲဖို့ အသင့်ဖြစ်လျက်၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့ပါသည်။
တစ်ရက် ကျွန်မ၏ဝတ်ပြုခြင်း၌ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “သင်တို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့် သင်တို့ အသီးသီးအတွက်၊ သမ္မာတရားကို သင် မည်သို့ နက်နက်နဲနဲ နားလည်ပါစေ၊ သမ္မာတရား လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်လိုလျှင်၊ လက်တွေ့လုပ်ဆောင်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင့် အိမ်တော်၏ အကျိုးများကို တွေးဖို့ရန်နှင့် သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ သင်၏ တစ်ဦးချင်း အကြံ၊ ကြံရွယ်ချက်များ၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို ဦးစားပေးလော့- ဤသည်မှာ သင် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ကိုယ်ပိုင်အကျိုးများ နှင့် သူ၏ အမှုတော်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစွာပထမ ထည့်သွင်းစဉ်းစားသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။...ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) လူတစ်ယောက်ချင်းစီ၏ အရည်အချင်းနှင့် သူတို့ မည်သည့်ကဏ္ဍမှ ပါဝင်နိုင်သည်တို့ကို ဘုရားသခင်က ကြိုပြီး ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်သွားသည်။ ကျွန်မတို့က ထိုအရာများအတွက် ယှဉ်ပြိုင်၍ မရသကဲ့သို့၊ ရုန်းကန်ကြိုးစား၍မရပါ။ တစ်ယောက်ယောက်က အစွမ်းအစ ပို၍သာနေသည့်အခါ၊ ဘုရားသခင်က မိမိကို မြက်ပင်ဖြစ်ရမည်၊ သစ်ပင် မဖြစ်ရပါဟု ကြိုတင်ပြဋ္ဌာန်းသည့်အခါ၊ ကျွန်မက ထိုမြက်ပင်လေးသာ ဖြစ်သင့်ပြီး ထိုအခန်းကဏ္ဍကို ပျော်ရွှင်စွာ လုပ်ရမည်။ ကျန်သည့်သူများကို အဆင့်အတန်းအတွက် ကျွန်မ ဆက်ပြီး မပြိုင်ချင်မိတော့ဘဲ၊ တစ်ကိုယ်ကောင်းဆန်သည့် မိမိဆန္ဒများကို စွန့်ပစ်ဖို့နှင့် မိမိ၏ဆိုးယုတ်သည့် စိတ်သဘောထားနှင့် မနေထိုင်မိဖို့၊ ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့နှင့်၊ မိမိတာဝန်ကို စဉ်းစားချင့်ချိန်မှုဖြင့် ကောင်းစွာ လုပ်ဆောင်ဖို့တို့ကိုသာ ဆန္ဒရှိတော့သည်။ ယင်းက အလင်းထဲမှာ ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။ ကျွန်မက မိမိ၏ဖောက်ပြန်ပျက်စီးမှုကို ညီအစ်မများထံ ဖွင့်ပြောလိုက်ပြီး ညီမရှောက်ကျီကိုလည်း တောင်းပန်လိုက်သည်။ သူမက ကျွန်မ၏ မလိုတမာ ရည်ရွယ်ချက်များနှင့်၊ လုပ်ရပ်များကို သိသွားသည့်အခါ၊ ကျွန်မကို လုံးဝ အပြစ်မတင်ဘဲ၊ ကျွန်မကို ကူညီဖို့ သမ္မာတရားအပေါ် မိတ်သဟာယပြုပေးသေးသည်။ ကျွန်မ တကယ်ကို တို့ထိခြင်းခံရပါသည်။ မိမိမှာ လူ့သဘာဝ မရှိခဲ့ဘဲ၊ သူမကို ထိခိုက်စေခဲ့သည်ကိုလည်း ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။ နောက်ပိုင်းတွင် ကျွန်မလည်း ဂုဏ်ဒြပ်အတွက် ကြံစည်ခြင်းများကို ရပ်ဖို့နှင့်၊ မိမိတာဝန်ကိုသာ ကောင်းအောင် လုပ်ဆောင်ဖို့ ဘုရားသခင်ကို ဆုတောင်းလိုက်သည်။
နောက်တစ်လကျော် ကြာသည့်နောက်၊ ရှောက်ကျီက ခရီးထွက်ရာမှ ပြန်ရောက်လာခဲ့ပြီး သူမ သိခဲ့သည့် အရာများကို စည်းဝေးပွဲများ၌ မျှဝေပေးသည်။ သူမ၏မိတ်သဟာယက တကယ်ကို စိတ်ကို မြှင့်တင်ပေးပြီး အကျိုးရှိသော်လည်း၊ ကျန်သည့်သူများက အာရုံစိုက်ပြီး နားထောင်ကြသည်ကို မြင်ရသည့်အခါ၊ ကျွန်မမှာ ထိုကသိကအောက်ခံစားချက်က ထပ်ဖြစ်ပြန်သည်။ ကျွန်မသည် ဂုဏ်ဒြပ်အတွက် နောက်တစ်ကြိမ် ရုန်းကန်ကြိုးစားနေပြီး၊ မနာလိုဖြစ်ပြန်ပြီဟု ကျွန်မ သဘောပေါက်သွားသောကြောင့်၊ မိမိကိုယ်ကိုယ် ပစ်ပယ်ဖို့ ဘုရားသခင်ကို အမြန် ဆုတောင်းလိုက်သည်။ ဘုရားသခင်ကို အစေခံသည့် အသိစိတ်ရှိသည့် လူတစ်ယောက်က မနာလိုမဖြစ်တတ်ဘဲ၊ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေယူနိုင်သည့်လူများ ပိုများ လာစေဖို့အလို့ငှာ၊ အခြားသူများကို သူတို့ထက် ပို၍သာဖို့ပဲ မျှော်လင့်တတ်ကြသည်ဟု ဒေသနာတစ်ခုတွင် ကျွန်မ ကြားခဲ့ဖူးသည့် အရာတစ်ခုကို ကျွန်မ သတိရမိသည်။ ဘုရားသခင်က တစ်ဦးတစ်ယောက်ကို ရယူသည့်အခါ၊ ထိုသို့သောလူမျိုးတစ်ယောက်က ဝမ်းမြောက်ပေးနိုင်သည်။ ထိုညီမက တရားများနာလာသည့် သူမခရီးမှ အများကြီး သိလာပြီး ရင့်ကျက်လာကာ၊ အခြားသူများကို ရေလောင်းထောက်ပံ့ ပေးနိုင်သည်ကို ကျွန်မ နားလည်သွားသည်။ ဤသည်မှာ သမ္မာတရားကို အယောက်တိုင်း နားလည်ကြဖို့အတွက် ကောင်းမွန်ပြီး ဘုရားသခင်ကိုလည်း နှစ်သိမ့်ပေးမည် ဖြစ်သည်။ ကျွန်မက သူမထံမှ သင်ယူရမည်ဖြစ်ပြီး၊ မိမိအလုပ်မှာ သူမအားသာချက်များကို ယူသုံးရမည်။ ယင်းက အလွန် အရေးကြီးသည်။ ကျွန်မလည်း ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် ထိုနည်းဖြင့် ပစ်ပယ်လိုက်သည့်အခါ၊ အများကြီး အေးချမ်းသွားသည်။ ညီအစ်ကိုမောင်နှမများက မည်သို့ပဲထင်ပါစေ၊ အသင်းတော်မှာ မိမိအဆင့်အတန်းက မည်သို့ပဲရှိပါစေ၊ ကျွန်မအတွက် အရေးမကြီးတော့ပါ။ ကျွန်မလည်း အေးအေးဆေးဆေးနှင့်၊ ထိုညီမ၏ မိတ်သဟာယကို နားထောင်သည်၊ ပြီးလျှင် အသိဉာဏ်လည်း ပွင့်လင်းခဲ့သည်။ ကျွန်မတို့အလုပ်ထဲမှာ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေဖို့ သူမနှင့်အတူ ကြိုးစားသည်။ ထိုနောက်ပိုင်း ခေါင်းဆောင်က သူမနှင့် တစ်ခုခု ဆွေးနွေးနေသည်ကို ကျွန်မ မြင်သည့်အခါ၊ ကျွန်မက ဘာမှမဖြစ်တော့ဘဲ၊ မနာလိုလည်း မဖြစ်မိပါ။ ဤသည်မှာ ကျွန်မအတွက် ကြီးစွာသော စိတ်သက်သာရာရခြင်း ဖြစ်သည်။ မိမိမနာလိုစိတ်ကို စွန့်ပစ်လိုက်သည့်အချိန်မှာ ပို၍ အေးချမ်းသည်၊ ရိုးသားဖြောင့်မှန်သကဲ့သို့ ခံစားရပြီး အချိန်ကြာလာသည်နှင့်အမျှ ကျွန်မသည် လူသားပုံသဏ္ဌာန် တစ်ခုနှင့်၊ အသက်ရှင်နေထိုင်နိုင်သည်ကို ကျွန်မ ကိုယ်တွေ့ ကြုံလိုက်ရပါသည်။ ကျွန်မက ဘုရားသခင် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများကြောင့်သာ အနည်းငယ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ကျွန်မ၏ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။