၄၂။ မနာလိုခြင်းကင်းသော စိတ်ပေါ့ပါးမှု

တရုတ်နိုင်ငံ ကွမ်တုန်း စီရင်စု၊ အမ်းကျင့်

၂၀၁၇ ဇန်နဝါရီလမှာ ကျွန်မကို အသင်းတော်ထဲမှာ ရေလောင်းပေးရတဲ့ တာဝန် ပေးပါတယ်။ ဒီတာဝန်နဲ့ ကြိုးစားခွင့်ရလို့ ကျွန်မလည်း ဘုရားကို တော်တော် ကျေးဇူးတင်ခဲ့မိတယ်။ စိတ်ပါလက်ပါနဲ့ ကောင်းကောင်းမွန်မွန် လုပ်မယ်လို့ ဆုံးဖြတ်တယ်။ အချိန်နည်းနည်း ကြာလာတော့၊ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို အခြေအနေတွေ မှန်ကန်အောင် ကူညီပေးတဲ့ဘက်မှာဖြစ်ဖြစ်၊ စည်းဝေးပွဲတွေမှာ သူတို့ကို မိတ်သဟာယပြုပေးတဲ့ဘက်မှာဖြစ်ဖြစ်၊ နည်းနည်း အောင်မြင်လာတယ်။ ညီအစ်ကိုမောင်နှမတွေရော၊ အသင်းတော်ခေါင်းဆောင်တွေရော အားလုံးက ကျွန်မကို အထင်ကြီးသွားတာပေါ့။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ကျေနပ်လာတယ်၊ ငါ လုပ်နေတာ အရမ်းကောင်းတယ်ပေါ့။

ဇွန်လပိုင်းရောက်တော့၊ အသင်းတော်ခေါင်းဆောင်တွေက အစ်မဝမ်ကျင်းကို ဒီတာဝန်မှာ ကျွန်မနဲ့တွဲလုပ်ဖို့ စီစဉ်ပေးကြတယ်။ သူ လိုအပ်တဲ့နေရာမှာလည်း ကျွန်မက ကူညီပေးရမယ်ပေါ့။ ကျွန်မလည်း ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူလိုက်တယ်။ အတူတူ အလုပ်လုပ်တဲ့အချိန်ကျတော့ အစ်မဝမ်ကျင်းက သမ္မာတရားကို လက်ကိုင်ပြုမှန်း၊ ကျွန်မ တွေ့လာတယ်။ သူ့အရည်အချင်းရော ပြောပုံဆိုပုံတွေရော တော်တော် ကောင်းနေတယ်။ ဒါကို မြင်ရတော့ ကျွန်မ သူ့ကို နည်းနည်း သတိထားလာတယ်။ “အလေ့အကျင့်နည်းနည်း ထပ်ရသွားတာနဲ့ သူ ငါ့ထက် သာတော့မယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်ကြီးလာတော့မှာ သေချာတယ်။ ခေါင်းဆောင်တွေကလည်း သူ့အရည်အသွေးကို ပျိုးထောင်ပေးဖို့ အချိန်ပေးလာလိမ့်မယ်။ အဲဒါဆို ငါ့ကို ဘယ်သူမှ အထင်ကြီးတော့မှာမဟုတ်ဘူး” ဆိုပြီး ကျွန်မ တွေးလာတယ်။ ဒါပေမဲ့ ကျွန်မ စိုးရိမ်ခဲ့တဲ့ဟာက နောက်ဆုံးတော့ ဖြစ်လာတယ်။ တစ်ရက်ကျတော့ စည်းဝေးပွဲအပြီးမှာ၊ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ကို ကိုယ်တွေ့သက်သေခံချက်တွေ သွားပေးတယ်။ ရေးတာက ကျွန်မနဲ့ အစ်မဝမ်ကျင်းပေါ့။ အဲဒါတွေကို ဖတ်ကြည့်ပြီးတော့ အသင်းတော်ခေါင်းဆောင်က ခပ်ပြုံးပြုံးနဲ့ ပြောရော၊ “ညီမဝမ်ကျင်းရဲ့ သက်သေခံချက်ဆောင်းပါးက မဆိုးဘူး။ လက်တွေ့ဆန်တဲ့ အတွေ့အကြုံလေးတွေ ပါတယ်။ သူ ရေးတာ တော်တော်ကောင်းတယ်” ပေါ့။ သူက အစ်မဝမ်ကျင်းကို ဒီလိုမျိုး ချီးကျူးတာ ကြားရတော့၊ ကျွန်မ တော်တော် မပျော်နိုင်ဘူး။ တစ်ယောက်တည်း စဉ်းစားကြည့်တယ်၊ “အစ်မဝမ်ကျင်းက အရည်အချင်းကောင်းရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ငါက အလုပ်ထဲက ပြဿနာတွေကို သူ့ထက်ပိုပြီး ဖြေရှင်းပေးထားတာ။ အဲဒီလိုကြည့်ရင်တော့ ငါက သူ့ထက် သာနေတုန်းပဲ။ ငါ အလုပ်ပိုကြိုးစားရမယ်။ သူ ငါ့ကို ကျော်တက်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ဒီက ငါ့ရာထူးပါ ပျောက်သွားလိမ့်မယ်” ပေါ့။

နောက် သုံးလေးရက်ကြာတော့၊ အစ်မဝမ်ကျင်းက နောက်ထပ် ကိုယ်တွေ့သက်သေခံချက်တစ်ခု ရေးပြန်ရော။ အသင်းတော်ခေါင်းဆောင်က ဖတ်ကြည့်တယ်။ ဆောင်းပါး ရေးတဲ့နေရာမှာ အစ်မဝမ်ကျင်းရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုပြည့်ဝတာတွေကို ထပ်ပြီး ချီးကျူးတယ်။ ကျွန်မကိုလည်း ဆောင်းပါးရေးတာကို အချိန် ပိုပေးဖို့ ပြောတယ်။ ခေါင်းဆောင် ပြောတဲ့စကားတွေကို ကျွန်မ ဆတ်ခနဲဖြစ်သွားတာ။ သူ့ကိုလည်း အပြစ်တင်လာမိတယ်။ စိတ်ထဲမှာလည်း၊ “ရှင်က ဝမ်ကျင်းရဲ့အရည်အချင်း ဘယ်လောက် ကောင်းတယ်ဆိုတာချည်းပဲ အမြဲတမ်း ပြောနေတာ။ သူက အရာရာတိုင်းမှာ ကျွန်မထက် ပိုတော်လို့လား။ အစ်မဝမ်ကျင်းက ဒီဆောင်းပါးတွေ ရေးဖို့ အချိန်တွေအများကြီး ပေးပြီးတော့၊ စည်းဝေးပွဲလုပ်တဲ့နေရာတွေဆို လက်တစ်ဆုပ်စာလောက်ပဲ တက်ရတာ။ ကျွန်မလည်း အသင်းတော်အလုပ်တွေ မများဘူးဆိုရင်၊ ဆောင်းပါးတွေ ရေးဖို့ အချိန်ပိုတွေ အများကြီး ရလာမှာပဲ” ပေါ့။ အစ်မဝမ်ကျင်းကို ချီးကျူးတာတွေ ကြားရတာကို ကျွန်မ စိတ်ကုန်လာတာ။ ဒါနဲ့ ကျွန်မလည်း အသင်းတော်ခေါင်းဆောင်ကို၊ “ကျွန်မလည်း ရေးနိုင်ပါတယ်” ဆိုပြီး တဲ့တဲ့ပဲ ပြောလိုက်တယ်။ တစ်ပတ်လောက်ကြာတော့၊ ကျန်တဲ့အသင်းတော်ခေါင်းဆောင်က အစ်မဝမ်ကျင်းရဲ့ ကိုယ်တွေ့ သက်သေခံချက်တွေကို သိပ်ပြီး လက်တွေ့ကျတယ်ဆိုပြီး ချီးကျူးပြန်ရော။ ပိုရေးဖို့လည်း သူ့ကို အားပေးတယ်။ ကျွန်မကိုလည်း သူ့လို မဖြစ်ဖြစ်အောင် ရေးဖို့ ပြောတယ်။ ကျွန်မ တကယ် ဝမ်းနည်းသွားတာ။ သူက ဒီကိုရောက်တာ ဘာမှမကြာသေးဘူး။ ကိုယ်တွေ့ သက်သေခံချက်နှစ်ခု ရေးပြီးသွားပြီ။ အသင်းတော်ခေါင်းဆောင်တွေ ချီးကျူးတာကိုလည်း ခံနေရတယ်။ ကျွန်မကျတော့ ဒီတာဝန်ကို လုပ်လာတာ နည်းနည်းကြာပြီ၊ ဒါပေမဲ့ သက်သေခံချက်တစ်ခုပဲ ရေးထားသေးတယ်။ အသင်းတော်ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မက အချိန်ကို စနစ်ကျအောင် မစီစဉ်နိုင်ဘူး၊ သက်သေခံချက်တွေ ရေးဖို့ ဒုက္ခခံတာမျိုး၊ အဖိုးအခပေးတာမျိုး လုပ်ချင်စိတ်မရှိဘူးဆိုပြီး ပြောကြမှာလား။ အစ်မဝမ်ကျင်းက အရည်အချင်း ပိုပြီးသာနေလို့၊ ကျွန်မက အရှက်ကွဲခဲ့ရပြီးပြီ။ အခု သူက ဒီဆောင်းပါးတွေကိုလည်း ရေးနိုင်တယ်။ ခေါင်းဆောင်တွေက သူ့ကို ကျွန်မထက် တော်တယ်ဆိုပြီး ထင်ကြမှာသေချာတယ်။ သူသာ အဲဒါတွေ ဆက်ရေးနေမယ်ဆိုရင်၊ ကျွန်မက ပိုပြီးတော့ မျက်နှာမလှဖြစ်တော့မှာ မဟုတ်ဘူးလား။ ကျွန်မလည်း ဆုံးဖြတ်လိုက်တယ်။ ကျွန်မ လုပ်ရမှာက သူ့ကို အလုပ်များနေအောင် ထားဖို့ နည်းလမ်းတစ်ခု ရှာဖို့ပဲ။ ဒါမှ သူ့မှာ ဒီဆောင်းပါးတွေရေးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေရဲ့အမြင်မှာလည်း ကျွန်မတို့နှစ်ယောက်ကြားက အပြောင်းအလဲက အများကြီး သိသာမှာမဟုတ်ဘူး။ ကျွန်မလည်း အသင်းတော်မှာ ကိုယ့်အဆင့်အတန်းကို ဆက်ထိန်းနိုင်အောင်၊ သူ့အပေါ်မှာ ဖိအားတွေ အလျှော့အတင်း စလုပ်တယ်။ မိတ်သဟာယတွေ့ဆုံတဲ့ အဖွဲ့တွေတချို့ကို သူ့ဆီ တာဝန်ခွဲပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ သူ နေ့တိုင်း အလုပ်တွေများလာတာကို ကြည့်ရင်းနဲ့၊ သူ့တာဝန်တွေကို နည်းနည်းလောက် ပြန်လျှော့ပေးရင်ကောင်းမလားဆိုပြီး စဉ်းစားသေးတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ တွေးကြည့်တယ်၊ “ရှင်က ဒီလောက် အလုပ်မများဘူးဆိုရင်၊ အဲဒီဆောင်းပါးတွေ ရေးဖို့ အချိန်ရသွားမှာ။ ရှင့်ကို အလုပ်ရှုပ်နေအောင် ထားတာ အကောင်းဆုံးပဲ” ပေါ့။ တစ်ညနေကျတော့ သူက သက်သေခံချက်တစ်ခု ရေးနေတာကို ကျွန်မ တွေ့ရော။ ကျွန်မလည်း သူ တာဝန်ယူနေတဲ့ အဖွဲ့တွေအားလုံးရဲ့ လုပ်ဆောင်ချက်အကြောင်း အသေးစိတ်ကို လေသံမာမာနဲ့ အတင်းဖိမေးတာပေါ့။ တချို့ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းပေးရသေးဘူးဆိုတာလည်း ပေါ်လာတယ်။ ကျွန်မလည်း သူ့ကို အပြစ်တင်တော့တာပဲ။ ကိုယ့်တာဝန်ကို အာရုံမစိုက်ဘူးပေါ့။ သူ့ကို ကြိမ်းမောင်းပြီးသွားတော့၊ သူက ခေါင်းလေးငုံ့ပြီး ဘာမှကို မပြောဘူး။

နောက်တစ်လကြာတော့၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်က အစ်မဝမ်ကျင်းနဲ့ပတ်သက်ပြီး တွေ့သွားရော။ သူ တာဝန်ယူထားတဲ့အဖွဲ့တွေနဲ့ သိပ်ပြီး အောင်မြင်မှုမရခဲ့ဘူးဆိုတာတွေ၊ သူ မဖြေရှင်းဘဲထားထားတဲ့ ပြဿနာတွေ ရှိနေသေးတယ်ဆိုတာတွေပေါ့။ ခေါင်းဆောင်က ကျွန်မကိုလည်း ဘာတွေဖြစ်နေတာလဲဆိုပြီး မေးတယ်။ ကျွန်မလည်း ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ရှင်က သူ့ကို အရမ်းအထင်ကြီးခဲ့တာ။ ဒါပေမဲ့ အခု သူ့တာဝန်မှာ မအောင်မြင်ဘူးဆိုတာ ရှင် သိပြီဆိုတော့၊ သူ့ကို အရမ်းကြီး အထင်ကြီးတော့မှာ မဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်က သူ့ကို ပိုပြီးတော့ ကူညီပေးဖို့ တောင်းဆိုလာတော့ ကျွန်မ အံ့သြသွားရော။ ကျွန်မ ဒါကို တော်တော် အတိုက်အခံဖြစ်သွားတာ။ စိတ်ထဲမှာလည်း၊ “ရှင်တို့က အစ်မဝမ်ကျင်းကိုပဲ ဂရုစိုက်ကြတာကိုး၊ သူ့အရည်အချင်းက ကျွန်မထက် သာတယ်။ ကျွန်မက သူ့ကိုပဲ ကူညီနေရမယ်ဆိုရင်၊ သူက နောက်ဆုံး ကျွန်မနေရာကို ဝင်ယူသွားမှာပေါ့” ဆိုပြီး စဉ်းစားတယ်။ ကျွန်မလည်း ဆင်ခြေတွေ စပေးတာပေါ့၊ ဒါပေမဲ့ အသင်းတော်ခေါင်းဆောင်က ကျွန်မရဲ့ အခြေအနေကို ကောင်းကောင်းသိတယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်တာ၊ စိတ်ဓာတ်မကောင်းတာကို မြင်အောင်ပြတယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို မထိန်းသိမ်းဘူးပေါ့။ အစ်မဝမ်ကျင်းကျတော့ အရည်အချင်းကောင်းရှိတယ်၊ လေ့ကျင့်ပေးသင့်တယ်တဲ့။ ကျွန်မက သူ့ကို ပိုပြီး မိတ်သဟာယပြု ကူညီပေးရမယ်၊ ကိုယ့်အဆင့်အတန်းနဲ့ နာမည်အတွက်ပဲ ပူပန်နေလို့မရဘူးဆိုပြီး ပြောတယ်။ နောက်တော့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်အားတင်းပြီး အစ်မဝမ်ကျင်းကို မေးတယ်၊ သူ့အလုပ်မှာ ဘာအခက်အခဲတွေ ရှိသလဲပေါ့။ သူက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်သလိုဖြစ်နေတာ၊ ကျွန်မကို ပွင့်ပွင့်လင်းလင်း မပြောချင်မှန်းလည်း ကျွန်မ မြင်တယ်။ အဲဒီအခြေအနေမျိုးမှာ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်ကြည့်ခဲ့သင့်တာ။ ဒါပေမဲ့ သူ့ကိုပဲ သဘောမကျဖြစ်သွားတယ်။ “ငါက သူ့ကိုကူညီဖို့ ကြိုးစားတာပဲ။ ဒါပေမဲ့ သူက ဘာမှမပြောချင်တော့ မတတ်နိုင်ဘူး” ဆိုပြီး ကိုယ့်ဘာသာ တွေးလိုက်တယ်။ ကျွန်မရဲ့ဝိညာဉ်က တဖြည်းဖြည်းနဲ့ အမှောင်ဘက်ရောက်လာရော။ အသင်းတော်ရဲ့အလုပ်အကြောင်း ဆွေးနွေးပြီဆိုရင်၊ သိသိသာသာ ပေါ်နေတဲ့ ပြဿနာတွေ တော်တော်များများကို ကျွန်မ သတိထားမိလာတယ်။ အစ်မဝမ်ကျင်းကို မြင်ရလေလေ၊ သူ ရှိနေတာကို ပိုပြီး စိတ်တိုမိလေပဲ။ တစ်ရက်ကျတော့ သူ အမှားတစ်ခုလုပ်နေတာကို ကျွန်မက မြင်ရော။ ကျွန်မလည်း ဒေါသထွက်ပြီး၊ သူ့ကို လေသံမာမာနဲ့ အပြစ်တင်လိုက်တယ်၊ “ဒီပြဿနာကို ကျွန်မတို့ ဆွေးနွေးထားပြီးသားလေ။ အစ်မက အဲဒါကို မဖြေရှင်းသေးဘူး။ အစ်မက ဟိုဆောင်းပါးတွေ ရေးပြီဆိုရင် အမြဲတမ်း သတိထားတယ်။ ကိုယ့်တာဝန်ကို လုပ်တဲ့အချိန်ကျတော့ အဲဒီလိုဖြစ်မလာတာ စိတ်ပျက်စရာကောင်းတယ်” ပေါ့။ ဒီနောက်ပိုင်းမှာ အစ်မဝမ်ကျင်းက ကျွန်မကြောင့် တော်တော် ချုပ်ချယ်ခံရသလို ဖြစ်သွားတာ။ သက်သေခံချက်တွေလည်း ထပ်မရေးရဲတော့ဘူး။ ကျွန်မကြောင့် သူ နာကျင်သွားတယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မ မထိန်းနိုင်ခဲ့ဘူး။ မရည်ရွယ်ဘဲနဲ့ သူ့ကိုပဲ အမြဲတမ်း ဒေါသထွက်မိနေတယ်။ ကျွန်မလည်း ရင်ထဲမှာ ခံစားရတယ်။ ဒါနဲ့ ဒီအခြေအနေကနေ လွတ်အောင် ကျွန်မကို ကူညီပေးဖို့၊ ဘုရားကို ဆုတောင်းတယ်။

နောက်တစ်နေ့ကျတော့ စည်းဝေးပွဲတစ်ခု လုပ်နေတုန်း၊ အစ်မဝမ်ကျင်းက ပြောလာတယ်။ သူ့ချို့ယွင်းချက်တွေက များလွန်းတယ်လို့ ထင်မိတယ်တဲ့။ ဒီတာဝန်ကို လုပ်ဖို့ သူ့အနေနဲ့ အဆင့်မမီဘူး၊ ဟိုအရင် လုပ်ခဲ့တဲ့တာဝန်ကိုပဲ ပြန်လုပ်ချင်တယ်ပေါ့။ ဒါကို ကြားရတော့ ကျွန်မ ချက်ချင်း စဉ်းစားတယ်၊ “ဒါတွေအားလုံးက ငါက သူ့ကို နာကျင်အောင်လုပ်မိတာတွေကြောင့်လား။ အဲဒီလိုဆိုရင်တော့ ငါက တကယ့် မကောင်းမှုတစ်ခု လုပ်လိုက်မိပြီ” ပေါ့။ နည်းနည်းတော့ ကြောက်သလို လန့်သလို ဖြစ်လာတယ်။ သူ့ကိုလည်း ဒီကိစ္စနောက်ကွယ်က အကြောင်းရင်းကို မေးကြည့်တယ်။ အထောက်အပံ့ဖြစ်အောင်ဆိုပြီး ဘုရားအလိုတော်အကြောင်း မိတ်သဟာယပြုပေးတယ်။ မိတ်သဟာယပေးပြီးတော့မှ၊ သူ့အခြေအနေက အများကြီး ကောင်းသွားတယ်။ ဒီတာဝန်ကို ဆက်လုပ်ချင်တယ်လို့လည်း သူက ပြောလာတော့၊ ကျွန်မ စိတ်အေးသွားတာပေါ့။ အဲဒီအချိန်မှာတင် အသင်းတော်ခေါင်းဆောင်တစ်ယောက် ရောက်လာရော။ ကျွန်မက အစ်မဝမ်ကျင်းကို ချုပ်ချယ်နေတယ်၊ ဝမ်ကျင်းက ကျွန်မနဲ့အတူ အလုပ်ဆက်မလုပ်ချင်ဘူးဆိုတာတွေ သိသွားတော့၊ သူက ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းတော့တာ။ “သူ အမှားတွေလုပ်နေတာကို မြင်တဲ့အချိန်မှာ ညီမက ဘာဖြစ်လို့ သူ့ကို အေးအေးဆေးဆေး မိတ်သဟာယမပြုပေးတာလဲ၊ ဘာဖြစ်လို့ ကူညီမပေးနိုင်တာလဲ။ ညီမက ဒေါသတွေကြီးပြီး သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်။ ညီမရဲ့အလုပ်ရလဒ်တွေလည်း အခုနောက်ပိုင်း သိသိသာသာ ဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် လေးလေးနက်နက် ဆင်ခြင်ကြည့်ဖို့လိုပြီ” တဲ့။ သူ ပြောတာတွေကို ကျွန်မ တော်တော် ခံစားလိုက်ရတယ်။ မျက်ရည်ပါ လည်လာတယ်။ မတရားသဖြင့် ခံရတယ်လို့ ခံစားရတာ။ စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်လာတယ်၊ “အလုပ်နဲ့ပတ်သက်ပြီး မအောင်မြင်တာတွေ ဖြစ်နေတယ်ဆိုရင်၊ အဲဒါက ကျွန်မတစ်ယောက်တည်းကြောင့် မဟုတ်ဘူး။ ဘာဖြစ်လို့ ကျွန်မတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းခံနေရတာလဲ” ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်၊ “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင်၊ နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာကို ဘုရားသခင်က စီစဉ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) အမှန်ပဲလေ။ ကျွန်မက ဒီလူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းကိစ္စတွေအားလုံးနဲ့ ကြုံဆုံနေတယ်ဆိုတာ ဘုရားရဲ့ခွင့်ပြုချက်ကြောင့်ပဲ။ အသင်းတော်ခေါင်းဆောင်က အဲဒါတွေကို ကျွန်မအတွက် တမင်ခက်ခဲအောင် လုပ်နေတာမဟုတ်ဘူး။ ဆင်ခြင်ကြည့်ဖို့ ဖြေရှင်းဖို့လိုနေတာက ကျွန်မရဲ့ ပျက်စီးနေတဲ့ စိတ်သဘောထားပဲ။ ကျွန်မအနေနဲ့ ဆင်ခြေပေးတာတွေ၊ မကျေမနပ်ဖြစ်တာတွေကို ရပ်ပစ်ရမယ်။ နာခံတတ်တဲ့ စိတ်နှလုံးကို ထိန်းသိမ်းထားရမယ်၊ ဖြစ်ပျက်နေတာတွေကို လက်ခံရမယ်။ ဖြစ်ခဲ့တာတွေအားလုံးကို ဝမ်းနည်းနေတဲ့စိတ်က ဒါကို စဉ်းစားမိတော့မှ နည်းနည်း သက်သာသွားတယ်။

အဲဒီညရောက်တော့ ကျွန်မ အိပ်လို့မရဘူး။ အိပ်ရာထဲမှာပဲ လူးလှိမ့်နေတာ။ အဲဒီနေ့မှာ ဖြစ်ခဲ့တာတွေအားလုံးက ခေါင်းထဲမှာ ရုပ်ရှင်တစ်ကားလိုပဲ အစအဆုံး ပြန်ပြန်ပေါ်နေတာ။ ကိုယ့်ကိုယ်ကိုယ်လည်း မေးနေမိတယ်၊ “ဘုရားက ငါ့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးဖို့ အသင်းတော်ခေါင်းဆောင်ကို စီစဉ်ခဲ့တာဆိုရင်၊ ငါက ဒါတွေအားလုံးကနေ ဘာကို သင်ယူသင့်တာလဲ။ ငါက အစ်မဝမ်ကျင်းကို ဘယ်လိုဆက်ဆံမိခဲ့တာလဲ” ပေါ့။ သူ့မှာ အရည်အချင်းကောင်းရှိမှန်း ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူ့ဆီကနေ သင်ယူဖို့ ကြိုးစားရမယ့်အစား ကျွန်မက ပြိုင်ဖို့ကြိုးစားခဲ့တာပဲ။ သူက ဘုရားကို သက်သေခံတဲ့ ဆောင်းပါးတွေကို ရေးချင်ခဲ့တာ။ ဒါပေမဲ့ ဒီဆောင်းပါးတွေ ရေးမယ်ဆိုတဲ့ ထက်သန်တဲ့ သူ့စိတ်ကို ကျွန်မက ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ။ အဲဒီလောက် ယုတ်မာတာမျိုးကို ကျွန်မ ဘယ်လိုလုပ်ခဲ့မိတာလဲ။ အဲဒီနောက်ကွယ်မှာ ဘယ်လို အတွေးအခေါ်မျိုးရှိခဲ့လဲ၊ ပြီးတော့ အဲဒါက ဘယ်ကနေ ဝင်လာတာလဲပေါ့။

နောက်နေ့ကျတော့ ဝတ်ပြုတာတွေ လုပ်ရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတယ်၊ “လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွ်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်”) ဘုရားနှုတ်ကပတ်တော်တွေ မိန့်ဆိုတဲ့အကြောင်းအရာက ကျွန်မရဲ့ အခြေအနေနဲ့ ကွက်တိဖြစ်နေတာပါ။ ကျွန်မက အသိအမှတ်ပြုခံချင်စိတ်နဲ့ နာမည်အတွက် အဲဒီအစ်မကို လိုက်ပြိုင်နေခဲ့မိတာပဲ။ ကျော်ကြားမှုနဲ့ ဂုဏ်ဒြပ်ကို လိုချင်တဲ့ ကိုယ့်ဆန္ဒနဲ့ ပိတ်မိနေခဲ့တာပဲ။ အဲဒီထဲကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မလုပ်နိုင်ခဲ့တာပါ။ ဒီတာဝန်မှာ အစ်မဝမ်ကျင်းနဲ့အတူတူ အလုပ်စလုပ်ကတည်းက၊ သူ့မှာ အရည်အချင်းကောင်းရှိတာ၊ ကိုယ်တွေ့ သက်သေခံချက်တွေ ရေးဖို့ စိတ်ထက်သန်တာ၊ အသင်းတော်ခေါင်းဆောင်တွေရဲ့ ချီးကျူးတာတွေကို မြင်ပြီး၊ ကျွန်မက မနာလိုဖြစ်ခဲ့တယ်။ အဲဒါကို လက်ခံချင်စိတ် မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သူနဲ့ယှဉ်ပြီး သနားနေမိတာ။ ကိုယ့်စိတ်ထဲမှာ သူ့ကို တိတ်တိတ်လေး လိုက်ပြိုင်နေခဲ့မိတယ်။ ဆောင်းပါးတွေ ရေးဖို့ အချိန်မရအောင်ဆိုပြီး၊ သူ့ကို စည်းဝေးပွဲအုပ်စုတွေနဲ့ တစ်သီတစ်တန်းကြီး တာဝန်ပေးခဲ့မိတယ်။ သူ့အလုပ်မှာ ပြဿနာတွေ ရှိလာတော့လည်း၊ ကျွန်မက မကူညီခဲ့တဲ့အပြင်၊ သူ စိတ်ကျဉ်းကျပ်ပြီး ဘာမှမလုပ်နိုင်အောင် ဖြစ်လာတဲ့အထိ သူ့ကို ဆူပူခဲ့မိတယ်။ သူ့မှာ အရည်အချင်းကောင်းရှိတယ်၊ သူ့ကို သင်ပေးသင့်တယ်ဆိုတာတွေ၊ ပိုပြီး ကူညီပေးခဲ့သင့်တယ်ဆိုတာတွေ ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မက သူ့အရည်အချင်းတွေကို မနာလိုဖြစ်မိတယ်။ သူများတွေ ကျွန်မထက် သာနေတာကို မလိုချင်ခဲ့ဘူး။ သူက ကျွန်မထက် ပိုတော်တယ်ဆိုတာကို နားလည်မိတဲ့အချိန်မှာ မနာလိုဖြစ်လာတယ်၊ အာဃာတ ထားလာတယ်။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ထိန်းထားနိုင်အောင်၊ ကျွန်မက သူ့ကို မကူညီတဲ့အပြင် ချုပ်ချယ်လိုက်တယ်။ ဆောင်းပါးတွေရေးဖို့ အားသန်နေတဲ့ သူ့စိတ်ကိုလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့မိတယ်။ ကျွန်မက မလိုတမာစိတ်ကြီးခဲ့တာ၊ ရွံစရာကောင်းခဲ့တာပါ။ ဘုရားက ကျွန်မကို ရေလောင်းတဲ့တာဝန် လုပ်ခိုင်းပြီး သင်ယူစေတယ်ဆိုတာ၊ ကျွန်မကို ကျေးဇူးတော်ပေးခဲ့တာ။ ကျွန်မက ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် မလုပ်ခဲ့ဘူး။ အဲဒီအစား ဝမ်ကျင်းရဲ့အရည်အချင်းတွေကို မနာလိုဖြစ်ပြီး၊ နာမည်နဲ့ အကျိုးအမြတ်အတွက် သူ့ကို ပြိုင်ခဲ့မိတယ်။ ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်ဉာဏ်ဆိုတာ လုံးဝ မရှိခဲ့တာပါ။ ကျွန်မလည်း နောင်တရလို့မဆုံးဘူး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေတင်မိတယ်။ ဒါနဲ့ ဒီပြဿနာရဲ့ရင်းမြစ်ကို ရှာတွေ့အောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း၊ ဘုရားကို ဆုတောင်းလိုက်တယ်။

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်၊ “ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်ရင်းနဲ့၊ ကျွန်မ နားလည်သွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးရလိုမှုဆိုတာ ကျွန်မတို့ကို ချုပ်နှောင်ဖို့ စာတန် အသုံးပြုတဲ့ လက်ထိတ်ခြေချင်းတွေပဲ၊ ကျွန်မတို့ကို ပျက်စီးအောင် စာတန် အသုံးပြုတဲ့ လက်နက်တွေပဲ။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးရလိုမှုဆိုတဲ့ လက်ထိတ်ခြေချင်းတွေ၊ အချုပ်အနှောင်တွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မလုပ်နိုင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အသက်ရည်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ အမြင်တွေက အမြဲတမ်း မှားနေခဲ့တာကိုး။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ၊ သူ့တောင်းဆိုချက်တွေနဲ့အညီ ပြုမူနေထိုင်ခဲ့တာ မဟုတ်ဘူး။ စာတန်က ကျွန်မတို့ဆီမှာ သွတ်သွင်းပေးတဲ့၊ မကောင်းတဲ့ ရှင်သန်ရေးစည်းမျဉ်းတွေအတိုင်း ကျွန်မက လုပ်ကိုင်နေခဲ့တာ၊ ဥပမာ၊ “လူအများကြားတွင် ထင်ပေါ်ပါစေ”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “လူတို့သည် ၎င်းတို့နှင့် တစ်ခေတ်တည်းမွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” ဆိုတာမျိုးတွေ။ ကျွန်မက ကျောင်းတုန်းကရော၊ လူတွေကြားမှာ အလုပ်လုပ်တဲ့အချိန်မှာရော၊ နာမည်နဲ့ အကျိုးအမြတ်ရဖို့၊ နံပါတ်တစ်ဖြစ်ဖို့၊ ပြီးတော့ လူတွေကြားမှာ ထင်ပေါ်ရမယ်ဆိုတဲ့ ကိုယ့်ရည်မှန်းချက် ပြည့်ဖို့ဆိုပြီး၊ အမြဲတမ်း နေ့နေ့ညည အပြင်းအထန် ကြိုးစားခဲ့တာပါ။ ဘုရားကို ယုံကြည်လာပြီးတော့လည်း၊ နာမည်နဲ့ အဆင့်အတန်းဆိုတာတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ဆက်ပြီးနေနေတုန်းပဲ။ ကိုယ့်အလုပ်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးတာ၊ ချီးကျူးတာကို ခံရတဲ့အချိန်မျိုး၊ နာမည်၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုချင်တဲ့ ကိုယ့်ဆန္ဒ ပြည့်နေတဲ့အချိန်မျိုးမှာ၊ ထင်ပေါ်မှုဆိုတဲ့ အရသာကို ကျွန်မ ကြိုက်မိတယ်။ အရမ်းကို ပျော်မိတာ။ ဒါပေမဲ့ အစ်မဝမ်ကျင်းက ကျွန်မထက် ပိုတော်မှန်း မြင်လာတဲ့အချိန်မှာ၊ သူ့အရည်အချင်းတွေကို မနာလိုဖြစ်လာမိတယ်။ သူက ကျွန်မထက် ထူးချွန်သွားမယ်၊ ကိုယ့်နေရာကို ခြိမ်းခြောက်လာမယ်ဆိုပြီး စိုးရိမ်မိတယ်။ ဒါနဲ့ ကျွန်မက သူ့ကို ဖိနှိပ်ချုပ်ချယ်လို့ရတာမှန်သမျှ လုပ်ခဲ့မိတာပဲ။ ဘုရားအိမ်တော်ရဲ့အကျိုးကိုဖြစ်ဖြစ်၊ သူ့ခံစားချက်တွေကိုဖြစ်ဖြစ် ထည့်မတွက်ခဲ့ဘူး။ ကျွန်မက နာမည်နဲ့ အကျိုးအမြတ်ကို တမ်းတမ်းစွဲတဲ့ ကျေးကျွန်တစ်ယောက် ဖြစ်လာခဲ့ပြီဆိုတာကို အဲဒီအချိန်မှာ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ အဲဒါတွေနောက် လိုက်ရင်းနဲ့ ကိုယ့်အသိစိတ်ရော ဆင်ခြင်တုံတရားဆိုတာရော ပျောက်နေခဲ့ပြီ။ ကျွန်မက ဉာဏ်များလာပြီ၊ မလိုတမာစိတ်ကြီးလာပြီ။ ပိုပိုပြီးတော့ တစ်ကိုယ်ကောင်းဆန်လာတယ်၊ စိတ်ထားမကောင်းသလို ဖြစ်လာတယ်။ ကျွန်မက စာတန်နတ်ဆိုးရဲ့ပုံသဏ္ဌာန်နဲ့ပဲ အသက်ရှင်နေထိုင်ခဲ့မိတာပါ။ နာမည်၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းဆိုတာတွေက တကယ်ကို စာတန်ရဲ့လက်နက်တွေ ဖြစ်နေပြီ။ ဘုရားကို ခုခံသစ္စာဖောက်မိအောင် ကျွန်မကို အမိဖမ်းပြီး ပျက်စီးစေခဲ့တဲ့ဟာတွေပဲ။ ဟိုးတစ်ချိန်တုန်းက ဘုရားအိမ်တော်ကနေ နှင်ထုတ်ခံရတဲ့ အန္တိခရစ်တွေအကြောင်း ကျွန်မ တွေးမိတယ်။ သူတို့က ဂုဏ်ဒြပ်ဆိုတာကို ကျန်တာတွေအားလုံးထက် ပိုပြီး တန်ဖိုးထားခဲ့ကြတာ။ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ဂုဏ်ဒြပ်အတွက် ပစ်ပယ်ခဲ့ကြတယ်၊ ဖိနှိပ်ခဲ့ကြတယ်။ လူတွေကို သူတို့စိတ်ကြိုက် အပြစ်ပေးပြီး နှင်ထုတ်ခဲ့ကြတာ။ နောက်ဆုံး မကောင်းမှုမျိုးစုံကို လုပ်မိကြတော့၊ သူတို့တွေ သုတ်သင်ဖယ်ရှင်းခံခဲ့ရတယ်လေ။ ကျွန်မဆိုလည်း အစ်မဝမ်ကျင်းကို ပြုမူဆက်ဆံခဲ့တဲ့ပုံစံက ကိုယ့်ရဲ့ အန္တိခရစ်စိတ်သဘောထားကို ထုတ်ပြခဲ့တာပဲ။ ဘုရားရဲ့ တရားစီရင်မှုနဲ့ သန့်စင်ပေးမှုကို လက်မခံဘူး၊ လေးလေးနက်နက် နောင်တမရဘူးဆိုရင်၊ ကိုယ်လည်း တစ်နေ့နေ့မှာ အဲဒီအန္တိခရစ်တွေလို သုတ်သင်ဖယ်ရှင်းခံရလိမ့်မယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ငါတော့ အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်နေပြီ၊ ငါ့ဝိညာဉ်မှာ မှောင်မိုက်နေတာတွေ၊ ငါ့အလုပ်မှာ မအောင်မြင်တာတွေက ဘုရားရဲ့ ပြင်းထန်တဲ့ တရားစီရင်မှုနဲ့ ဆုံးမပဲ့ပြင်မှုပဲဆိုပြီး ကျွန်မ မြင်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးတော့၊ အချိန်သိပ်နောက်မကျသေးခင် ကိုယ် လျှောက်နေတဲ့လမ်းမှားကို စွန့်ပြီး၊ နောက်ပြန်လှည့်သင့်တယ်ဆိုတာ ကျွန်မအတွက် ဘုရားရဲ့အလိုတော်ပဲလေ။

ဒါနဲ့ ကျွန်မ ဘုရားဆီမှာ ဆုတောင်းတယ်။ ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းဆီ ညွှန်ပြပေးဖို့ တောင်းလျှောက်တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီစာပိုဒ်ကို ဖတ်မိရော၊ “ဤအရာကို စဉ်းစားကြည့်လော့- အကယ်၍သာ ထိုသူသည် ယင်းအခြေအနေများထဲ အမိဖမ်းခံရခြင်းမှ ရှောင်လိုကာ ၎င်းတို့မှ လွတ်ကင်းနိုင်လိုပြီး ယင်းအရာများ၏ စိတ်သောကများနှင့် အချုပ်အနှောင်မှ လွတ်မြောက်နေလိုလျှင် ထိုသူသည် မည်ကဲ့သို့သော အပြောင်းအလဲများကို လုပ်ရမည်နည်း။ လူတစ်ဦးသည် အမှန်တကယ် မလွတ်လပ်နိုင်ခင်၊ မလွတ်မြောက်နိုင်ခင် အဘယ်အရာကို ရယူရမည်နည်း။ တစ်ဖက်တွင် သူရိပ်စားမည့်ရမည်မှာ- ဂုဏ်သတင်း၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်သိန်များသည် လူတို့အား ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ချောက်ဆင်ဖမ်းရန်၊ ဒုက္ခပေးရန်နှင့် စာရိတ္တပျက်ပြားလာစေရန် စာတန် အသုံးပြုသော ကိရိယာများနှင့် နည်းလမ်းများသာဖြစ်သည်။ သဘောတရားအရ သင်သည်ပထမဆုံး၎င်းအား ရှင်းလင်းစွာနားလည်အောင်လုပ်ရမည်။ ထိုထက်မက သင်သည်ယင်းအရာများကို စွန့်လိုက်ပြီး ဘေးဖယ်ထားရန် သင်ယူရမည်။...သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) လက်တွေ့လုပ်ဆောင်ရမယ့်လမ်းကို ဘုရားနှုတ်ကပတ်တော်တွေက ပြလိုက်တာပါ။ မနာလိုတဲ့အတွေးတွေ ဖြစ်လာပြီဆိုရင်၊ ဘုရားကို ဆုတောင်းရမယ်။ ဒေါသပါနေတဲ့ ကိုယ့်ရည်ရွယ်ချက်ကို စွန့်ပစ်ရမယ်၊ ကိုယ်ပိုင် အကျိုးအမြတ်တွေကို ဘေးဖယ်ထားရမယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျန်တာအားလုံးထက် ဦးစားပေးရမယ်၊ ပြီးတော့ ဘုရားရဲ့အလိုတော်ကို အလေးထားရမယ်ဆိုတာတွေကို နှုတ်ကပတ်တော်တွေက ညွှန်ပြတာပါ။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်အားသာချက်တွေ၊ အားနည်းချက်တွေ ရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားသာချက်တွေကို သင်ယူဖို့၊ အားနည်းချက်တွေကို ဖာထေးပေးဖို့ဆိုတာ ဘုရားရဲ့အလိုတော်ပဲ။ ဒါမှ အယောက်တိုင်းက ကိုယ်တာဝန်ကျရာမှာ ရပ်တည်နိုင်မယ်၊ ကိုယ့်ရည်မှန်းချက်ကို တတ်နိုင်သမျှ အကောင်းဆုံး လုပ်နိုင်ကြမယ်။ အစ်မဝမ်ကျင်းဆိုရင် အရည်အချင်းကောင်းရှိတယ်၊ သမ္မာတရားကို အားထုတ်တဲ့သူပဲ။ သူ့ကို ကျွန်မနဲ့အတူ အလုပ်လုပ်ဖို့၊ ဘုရားရဲ့အိမ်တော်က စီစဉ်ပေးတယ်ဆိုတာ သူ့အရည်အချင်းတွေကို မနာလိုဖြစ်လာဖို့၊ ကိုယ်ရည်သွေးရင်းနဲ့ သူ့ကို လိုက်ပြိုင်လာဖို့ မဟုတ်ဘူး။ ကျွန်မအနေနဲ့ သူ့အားသာချက်တွေကို သင်ယူနိုင်အောင်၊ ကိုယ့်အားနည်းချက်တွေကို အစားထိုးနိုင်အောင်လို့ပဲ။ ဒါက ကျွန်မအတွက် ဘုရားရဲ့သနားကြင်နာခြင်းပါ။ ကျွန်မအနေနဲ့ ကိုယ့်သဘောထားကို ပြင်ရမယ်။ သူများတွေက ကိုယ့်ထက် တော်တယ်၊ ကောင်းတဲ့ စရိုက်လက္ခဏာတွေ ရှိတယ်ဆိုရင်၊ အမှန်အတိုင်း ရင်ဆိုင်ရမယ်၊ ကိုယ့်အားနည်းချက်တွေ ချို့ယွင်းချက်တွေကို ဝန်ခံရမယ်။ အဲဒီအစ်မဆီက သင်ယူရမယ်။ ကျွန်မက ဒီတာဝန်ကို လုပ်နေတာ ကြာပြီဆိုတော့၊ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး နားလည်တယ်။ ဒီတော့ အဲဒီအစ်မကို ကူညီဖို့တတ်နိုင်တာမှန်သမျှ လုပ်ပေးရမယ်။ ဒါမှ ကျွန်မတို့က ကိုယ့်တာဝန်ကို ညီညီညွတ်ညွတ်နဲ့ အတူတူလုပ်နိုင်ကြမယ်လေ။

နောက်တော့ ကျွန်မလည်း အစ်မဝမ်ကျင်းဆီ သွားပြီး၊ ကျွန်မမှာ ဖြစ်နေတဲ့ ဖောက်ပြန်ပျက်စီးမှုတွေအကြောင်း ပြောပြလိုက်တယ်။ သူ့ကိုလည်း တောင်းပန်တယ်။ သူကလည်း ကျွန်မကို ပွင့်ပွင့်လင်းလင်းပဲ။ ဒီအခြေအနေကနေ သူ သင်ယူမိတာတွေအကြောင်း မိတ်သဟာယပြုပေးတယ်။ ကျွန်မကို နှစ်သိမ့်ပေးတယ်၊ အားပေးတယ်။ ကျွန်မလည်း တော်တော် ရှက်မိတာပေါ့။ အပြစ်ရှိသလို ခံစားရတယ်။ အဲဒီနောက်ပိုင်း သူ့အလုပ်မှာ အခက်အခဲတွေ ရှိနေတာ မြင်ပြီဆိုရင်၊ တစ်ခါတလေ ကိုယ့်ဘာသာ စဉ်းစားမိသေးတယ်၊ “ငါက ဒီပြဿနာကို ကူရှင်းပေးလိုက်ရင်၊ ခေါင်းဆောင်တွေက သူ့ကို အလုပ်ကောင်းကောင်း လုပ်နေတယ်လို့ပဲ မြင်ကြလိမ့်မယ်။ ငါ ကူညီပေးတာကို ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ထင်ပေါ်ဖို့ ဂုဏ်ယူဖို့ အခွင့်အရေးက သူ့အတွက်ချည်းပဲ ဖြစ်သွားမှာ” ပေါ့။ ဒီလိုစဉ်းစားမိတော့၊ သူ့ကို ကူညီဖို့ နည်းနည်း ဝန်လေးမိပြန်ရော။ ဒါပေမဲ့ ကျွန်မက သူ့ကို နာမည်နဲ့ အကျိုးအမြတ်အတွက် ပြိုင်ဖို့ ကြိုးစားနေပြန်ပြီဆိုတာကို မြန်မြန်ဆန်ဆန် သတိဝင်သွားတယ်။ ကျွန်မလည်း ကိုယ့်ရည်ရွယ်ချက်တွေကို ပြန်ပြင်ရင်းနဲ့၊ ဘုရားရဲ့အကူအညီကို ဆုတောင်းတယ်။ သူ့ကို ကိုယ့်ဘက်ကပဲ စပြီးကူညီတော့မယ်ပေါ့။ တဖြည်းဖြည်း အချိန်ကြာလာတော့ ကျွန်မအခြေအနေက တိုးတက်လာတယ်။ ကိုယ့်စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိခဲ့ဖူးတဲ့ ဝမ်းနည်းတာ စိတ်ပျက်တာမျိုးကို ကျွန်မ မခံစားရတော့ဘူး။ အစ်မဝမ်ကျင်းနဲ့ ဆက်ဆံရေးကလည်း ပိုပြီးတော့ သဟဇာတဖြစ်လာတယ်။ အစ်မဝမ်ကျင်းက သူ့အခြေအနေကိုဖြစ်ဖြစ်၊ သူ ရလိုက်တဲ့ အကြောင်းအရာတွေဖြစ်ဖြစ်၊ ကျွန်မကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ ကျွန်မရင်ထဲမှာလည်း ကြည်နူးတာတွေ ဝမ်းသာတာတွေ အပြည့်ပေါ့။

ကျွန်မရဲ့မနာလိုစိတ်နဲ့ မလိုမုန်းထားတတ်တဲ့ လူ့သဘာဝရဲ့ ဖောက်ပြန်ပျက်စီးမှုစစ်စစ်ကို ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ လက်ခံမိခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ရွံရှာတတ်လာတဲ့အပြင်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို လက်တွေ့ကျကျ နားလည်မှုတချို့ ရလာအောင် အထောက်အပံ့ပေးပါတယ်။ ကိုယ့်မနာလိုစိတ်ရဲ့ အချုပ်အနှောင်တွေ၊ အကန့်အသတ်တွေကနေ လွတ်မြောက်နည်းကို ကျွန်မ သိခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော် သမ္မာတရားနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းကနေ ရလာတဲ့ ငြိမ်သက်မှုနဲ့ တည်ငြိမ်မှုကိုလည်း ခံစားခဲ့ရတယ်။ သမ္မာတရားကို အားထုတ်ဖို့၊ ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားကို စွန့်ပစ်ဖို့၊ ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်ဖို့ဆိုတဲ့ စိတ်ဆန္ဒကို အဲဒီအတွေ့အကြုံကနေ ရခဲ့တာပါ။ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ချီးမွမ်းပါတယ်။

အရှေ့သို့- ၄၁။ မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

နောက်တစ်ခုသို့- ၄၃။ အတ္တကြီးမှု ကိုစွန့်လွှတ်ခြင်းဖြင့် ကျွန်တော်လွတ်မြောက်ခဲ့ပါတယ်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ ရှောင်မင်ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်