အထုတ်ခံရခြင်းမှ ကျွန်တော် သင်ယူခဲ့ရသည့် သင်ခန်းစာများ

03.08.2022

ရှောင်ဝေ စပိန်နိုင်ငံ

၂၀၁၈ခုနှစ်မှာ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ ဗီဒီယိုအလုပ်တချို့က တစ်ပြိုင်တည်းရောက်လာပြီး ထုတ်လုပ်ရေးအတွက် သင့်တော်တဲ့သူတွေဆီကို တာဝန်ချပေးဖို့လိုတယ်။ အချိန်တိုင်းမှာ ကျွန်တော်က အလုပ်ကို ဘယ်လိုခွဲဝေပေးရမယ်ဆိုတာ အမြန်စဉ်းစားတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခွဲဝေတဲ့အစီအစဉ်ကို တွဲဖက်ညီအစ်ကိုမောင်နှမတွေကို ပြောပြတဲ့အခါ သူတို့က အမြဲတမ်း ကျွန်တော့်အစီအစဉ်အတွက် ဖြည့်စွက်ချက်နဲ့ မွမ်းမံမှုတွေ လုပ်ပေးကြတယ်။ တစ်ခါတလေမှာ ဘယ်နေရာမှာ ကျွန်တော် ကောင်းကောင်းမစဉ်းစားခဲ့လဲဆိုတာ သူတို့က ထောက်ပြတယ်။ သူတို့က အကြံတွေအများကြီးပေးတဲ့အခါမှာ ကျွန်တော် နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ကျွန်တော့်ပြဿနာတွေကို သူတို့ထောက်ပြတဲ့ပုံစံကြောင့် ကျွန်တော့်အလုပ်စွမ်းဆောင်ရည်က သိပ်မကောင်းဘူးလို့ အမြဲတမ်း ခံစားရတယ်။ ဒါကြောင့်မို့ အဖွဲ့ခေါင်းဆောင်အနေနဲ့ကျွန်တော့်ကို သူများတွေက ဘယ်လိုထင်ကြလဲ ကျွန်တော် တွေးမိတယ်။ ကျွန်တော့်တွဲဖက်နှစ်ယောက်ထဲက တစ်ယောက်က ထူးချွန်တဲ့ အလုပ်စွမ်းဆောင်ရည်ရှိတယ်။ တခြားတစ်ယောက်က အတတ်ပညာပိုင်း အတွေ့အကြုံအများကြီးရှိပြီး ဘုရားကို ယုံကြည်တာ တော်တော်ကြာပြီ။ သူတို့နှစ်ယောက်လုံးက ပြဿနာတွေကို ပြည့်ပြည့်စုံစုံ စဉ်းစားကြတယ်။ ကျွန်တော်က အမြဲတမ်း တွေးမိတယ်။ “ငါက ပြဿနာတချို့ကိုမြင်ပြီး ကောင်းတဲ့စိတ်ကူး၊ အကြံတချို့ရှိရင်တောင် အဲဒါကို ဆောင်ရွက်ဖို့ အချိန်ရောက်တဲ့အခါ ဒါက ကျွန်တော်တို့သုံးယောက် ပူးပေါင်းဆွေးနွေးပြီးရလာတဲ့ ရလဒ်ပဲလို့ လူတိုင်းက ထင်မှာပဲ။ ငါ့ ပံ့ပိုးမှုက သိသာမှာမဟုတ်ဘူး။ အချိန်ကြာလာတာနဲ့ ငါက အဖွဲ့ခေါင်းဆောင်အနေနဲ့ ဗီဒီယိုနည်းနည်းလုပ်တာကလွဲပြီး အဖွဲ့ကလုပ်တဲ့အလုပ်ကို သိပ်လုပ်မပေးဘူးလို့ ညီအစ်ကိုမောင်နှမတွေက ခံစားရနိုင်တယ်” ပေါ့။ ကျွန်တော် တွေးလေ၊ နေလို့မကာင်းလေဖြစ်ပြီး စ စဉ်းစားမိတယ်။ “ငါ့တွဲဖက်တွေက တာဝန်မယူနိုင်တဲ့ဟာတွေကို ငါက နည်းနည်းပိုလုပ်ပြီး နည်းနည်းပိုကောင်းအောင်လုပ်နိုင်ရင် ငါ့အခန်းကဏ္ဍက ပိုသိသာလာမှာ မဟုတ်ဘူးလား” ပေါ့။ ကျွန်တော့် အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေက အဖွဲ့မှာ အတော်အသင့်ကောင်းတာကို ကျွန်တော် သိတယ်လေ။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော်က အသက်ဝင်ရောက်မှုရှိတယ်လို့ ပြောကြတယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကို ဖြေရှင်းရင်းနဲ့ အချိန်ကိုနည်းနည်းပိုအသုံးချပြီး ကျွန်တော့်ရဲ့ အတတ်ပညာပိုင်းအသိကို နည်းနည်းပိုမျှဝေရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးကြမှာပဲလို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် သူတို့ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ ပြဿနာတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့အခြေအနေတွေကို အမြဲသွားမေးပြီး မိတ်သဟာယဖွဲ့တယ်။ သူတို့ကို မျှဝေဖို့ နည်းပညာပိုင်းအချက်အလက်တွေကိုလည်း ခဏခဏ ရှာကြည့်ပြီး အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေကို အနှစ်ချုပ်တယ်။ ကျွန်တော့်ရဲ့ ဗီဒီယိုထုတ်လုပ်ရေးအလုပ် နှောင့်နှေးသွားတဲ့အခါမှာတောင် ဒါတွေကို ကျွန်တော်ဆက်လုပ်တယ်။ ဒီလိုပေးဆပ်ရတာက တန်တယ်လို့ ကျွန်တော် ခံစားမိတယ်။

ကျွန်တော့်ရည်ရွယ်ချက်တွေက မှားနေတော့ ကိစ္စတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ဘူး။ ကျွန်တော့်အလုပ် ထိရောက်မှုက သိသိသာသာ ကျဆင်းသွားပြီး အမြဲတမ်း ပြဿနာတွေရှိနေတယ်။ တစ်ခါတော့ လူသစ်တစ်ယောက်ကတောင် လုပ်မှာမဟုတ်တဲ့ အခြေခံအမှားတစ်ခုကို ကျွန်တော် လုပ်မိတယ်။ ဒါကြောင့် ကျွန်တော် တော်တော်ရှက်သွားတယ်။ ကျွန်တော် စဉ်းစားတယ်။ “အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီလိုအခြေခံအမှားကို လုပ်တာ အဓိပ္ပာယ်မရှိဘူး။ ငါ့ပုံရိပ်ကို ပြန်ရဖို့ ငါ တစ်ခုခုမလုပ်ရင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ငါ ဘယ်လိုဆက်လုပ်နိုင်မလဲ” ပေါ့။ အဲဒါနဲ့ အဲဒီနောက်မှာ အထင်သေးခံရတာကို ရှောင်ဖို့အတွက် တာဝန်တစ်ခုကို ကျွန်တော် လက်ခံရတဲ့အခါတိုင်းမှာ ညီအစ်ကိုမောင်နှမတွေကို အမြန် တာဝန်ချပေးလိုက်ပြီး ကိုယ့်အလုပ်ထဲမှာပဲ စိတ်နှစ်လုပ်ခဲ့တယ်။ အဖွဲ့ထဲက အလုပ်တိုးတက်မှုအကြောင်းကို ကျွန်တော် လုံးဝ မမေးဘူး။ ဒါကြောင့်မို့ အလုပ်ကို ကျွန်တော် နောက်ဆက်တွဲလိုက်မလုပ်လို့ အလုပ်တာဝန်တွေချပေးတာ ခဏခဏ နှောင့်နှေးတာတွေ ဖြစ်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အရမ်းထုံထိုင်းတယ်။ ဒါတွေဖြစ်ပျက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ဖို့တောင် မစဉ်းစားခဲ့ဘူး။ နောက်ပိုင်းမှာ အလုပ်လိုအပ်ချက်တွေကြောင့် ကျွန်တော့်တွဲဖက်တွေနဲ့ ကျွန်တော်က အဖွဲ့ဝင်သစ်တချို့ကို လေ့ကျင့်ပေးရတယ်။ ကျွန်တော်လေ့ကျင့်ပေးရတဲ့ အစ်မလီက သူများတွေထက် ပိုအားကောင်းတဲ့ အခြေခံအုတ်မြစ်ရှိတယ်၊ သူ့ကို အမြန်ပျိုးထောင်ပေးနိုင်ရင် လူတွေကို ပျိုးထောင်ပေးတဲ့ ကျွန်တော့်အရည်အချင်းက ကောင်းတယ်ဆိုတာ သက်သေပြလို့ရတယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ သူနဲ့ အချိန်တစ်ခုကြာ တကယ်ဆက်သွယ်ပြီးတဲ့နောက်မှာ သူက သာမန်အစွမ်းအစရှိပြီး တိုးတက်တာ တော်တော်နှေးမှန်း တွေ့ရတယ်။ အဲဒီနောက်တော့ ကျွန်တော် သူ့ကို သင်ပေးတဲ့အခါ သိပ်ဂရုမစိုက်၊ တွေးမပေးတော့ဘူး။ သူ့မှာ မေးခွန်းတွေရှိရင် ကျွန်တော်က ဖြစ်သလိုဖြေလိုက်တယ်။ တစ်ခါတလေမှာ ကျွန်တော့်အဖြေတွေကို သူနားမလည်တဲ့အခါ ရှင်းပြရတာ အရမ်းဒုက္ခများတယ်လို့တောင် ခံစားရတယ်။ အချိန်နည်းနည်းကြာတော့၊ သူက မတိုးတက်ရုံတင်မကဘူး၊ ထုတ်လုပ်ရေးတာဝန်တွေက တကယ်တမ်း ပိုခက်လာတယ်။ နောက်ပိုင်းမှာ ကျွန်တော့်တွဲဖက်က အစ်မလီကို ကျွန်တော်နဲ့အတူ သူကလေ့ကျင့်ပေးမယ်လို့ အကြံပြုတယ်။ ကျွန်တော်က စဉ်းစားတယ်။ “အခု ခင်ဗျားက ကျွန်တော့်ပုံရိပ်ကို တိုက်ခိုက်နေတာပဲ။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်လေ။ အစ်မလီကို ပျိုးထောင်ဖို့ ခင်ဗျားအကူအညီလိုတယ်လို့ ထင်တာလား။ ဒါဆိုရင် ကျွန်တော်က လုံးဝ မစွမ်းဆောင်နိုင်တဲ့ပုံစံဖြစ်မှာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ကျွန်တော် လေ့ကျင့်ပေးတာက မထိရောက်တာကိုလည်း သဘောပေါက်တော့ သူ့ကို ချက်ချင်း မငြင်းနိုင်ဘူး။ စိတ်မပါတပါနဲ့ သဘောတူလိုက်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ ကျွန်တော့်ပုံရိပ်ကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ တခြားအခွင့်အလမ်းတွေကို ရှာချင်ခဲ့တယ်။ တစ်ခါတော့ တခြားတစ်ဖွဲ့က အတတ်ပညာပိုင်းအခက်အခဲတချို့ရှိပြီး ကျွန်တော့်ကို အကူအညီတောင်းတယ်။ ကျွန်တော်စဉ်းစားတယ်။ “ဒီအခွင့်အရေးက လာဖို့ ခက်တယ်။ ဒီပြဿနာကို ငါတာဝန်ယူနိုင်ရင်၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို သေချာပေါက် အထင်ကြီးကြမှာပဲ။ ငါ့ဂုဏ်သတင်းကောင်းက တခြားအဖွဲ့တွေကိုလည်း ပြန့်သွားနိုင်တယ်” ပေါ့။ ဒါပေမဲ့ အခြေအနေကို တကယ်တမ်း စစ်ဆေးကြည့်လိုက်တော့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့က အချိန်နဲ့အားအင်အများကြီးလိုမယ်ဆိုတာ တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကိုယ့်အလုပ်ရဲ့ နယ်ပယ်ထဲမှာ အရေးတကြီးဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ အများကြီးရှိနေတာ။ တခြားအဖွဲ့ရဲ့ ပြဿနာက ဒီလောက် အရေးတကြီးမဖြစ်ဘူး။ အခုလောလောဆယ် သူတို့ပြဿနာကို ဘေးဖယ်ထားသင့်တယ်ထင်တယ်လို့ ကျွန်တော် စဉ်းစားမိတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ပုံရိပ်ကို ပြန်ရယူဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်တာကြောင့် လွဲချော်လို့မဖြစ်ဘူးလို့ တွေးမိတယ်။ နောက်ပြီးတော့ အဖွဲ့မှာ ကျွန်တော့်တွဲဖက်တွေက အလုပ်ကို ကိုင်တွယ်နိုင်‌ကြတယ်။ ဒီတစ်ခါ ကျွန်တော်မပါဘဲ သူတို့လုပ်နိုင်မှာပါပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ ယုံကြည်မှုအပြည့်နဲ့ ကျွန်တော် ဆက်လုပ်လိုက်တယ်။

သူများတွေ ကျွန်တော့်ကို အထင်ကြီးအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရင်း အချိန်ကုန်တယ်။ ဒါကြောင့် အဖွဲ့ရဲ့အလုပ်ကို ကျွန်တော်က လုံးဝ အာရုံမစိုက်ဘူး။ ဒါကြောင့် ဗီဒီယိုထုတ်လုပ်ရေးအလုပ်က တော်တော်ကို နှေးသွားတယ်။ ပြီးတော့လည်း ကျွန်တော်က အလုပ်ကို ကျိုးကြောင်းမသင့်ဘဲ ခွဲဝေပေးပြီး တာဝန်တွေ ပုံနေတော့ အလုပ်ထိရောက်မှုက သိသိသာသာ ကျဆင်းသွားတယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်တော်က ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် အခြေအနေက ပိုပိုဆိုးလာတယ်။ အလုပ်တာဝန်တွေကို အမီလုပ်ဖို့ နေ့တိုင်း အချိန်ပိုလုပ်ပေမဲ့ ရလဒ်ကောင်းတွေ ရမနေသေးဘူး။ ကျွန်တော့်ခေါင်းဆောင်က ဒါကိုသိပြီးတဲ့နောက်မှာ ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်တော်က ကိုယ့်တာဝန်မှာ ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်နေတယ်၊ ကိုယ့်အလုပ်မှာရှိတဲ့ တိကျတဲ့ ပြဿနာတွေကို မဖြေရှင်းဘူးလို့ ပြောတယ်။ အဲဒီနောက်မှာ ကျွန်တော်က အပြင်ပန်းပြောင်းလဲမှုတချို့လုပ်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိအောင် လုံးဝ မကြိုးစားခဲ့ဘူး။ ကိစ္စတွေုဖြစ်တဲ့အခါမှာ အရင်ဆုံး ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲတမ်းကြိုးစားတယ်။ နောက်ပိုင်းမှာ အစ်မလီက ဗီဒီယိုတွေကို တသီးတခြား မထုတ်လုပ်နိုင်တာကြောင့် ပြောင်းရွှေ့သွားတယ်။ သူထွက်မသွားခင်မှာ အလုပ်အကျဉ်းချုပ်ထဲမှာ သူ့အတွေးတွေကို ချရေးသွားတယ်။ ကျွန်တော်က အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေ သင်ပေးတဲ့အခါမှာ သူ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်၊ သူ့ရဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေက အစ်မလျူ သူ့ကို စသင်ပေးတဲ့အခါမှ တိုးတက်လာတယ်ဆိုပြီး ပြောထားတယ်။ ဒါကို ကျွန်တော် ဖတ်ရတော့ တော်တော်စိတ်ဆိုးမိတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါ့ခေါင်းဆောင်နဲ့ တွဲဖက်တွေက သူဒီလိုပြောတာကို တွေ့ရင် ဘယ်လိုထင်ကြမလဲ။ ငါက ဘာမှမလုပ်နိုင်ဘူးလို့ ထင်မှာမဟုတ်ဘူးလား” ပေါ့။ ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ဖို့ နည်းလမ်းအနေနဲ့ အစ်မလီရဲ့ ပြဿနာတွေကို တိုင်ဖို့ ခေါင်းဆောင်နဲ့ တွဲဖက်တွေဆီကို ကျွန်တော်သွားတယ်။ သူ့အစွမ်းအစကို တမင်သက်သက် နှိမ်ပြောလိုက်တယ်။ သူ့တာဝန်မှာ ဘယ်လိုဖြစ်သလိုလုပ်ပြီး ခဏခဏ ငြင်းခုံတယ်ဆိုတာကို ချဲ့ကားပြောတယ်။ သူ့လူ့သဘာဝမှာရှိတဲ့ ချို့ယွင်းချက်တွေကို အလေးပေးပြောဖို့ အရမ်းကြိုးစားတယ်။ ခေါင်းဆောင်က ဒီလိုပြောတော့ ကျွန်တော် အံ့သြသွားတယ်။ “အဲဒါအမှန်ဆိုရင် သူ့ရဲ့ လက်ရှိရေလောင်းတဲ့အလုပ်နဲ့ မသင့်တော်နိုင်ဘူး” တဲ့။ ကျွန်တော် ဒါကိုကြားတော့ အံ့အားသင့်သွားတယ်။ ကျွန်တော့်စကားလုံးတွေက ဒီလိုအကျိုးဆက်တွေဖြစ်လာစေနိုင်မှာကို လုံးဝ စိတ်မကူးမိဘူး။ အစ်မလီက တကယ်ပဲ ကျွန်တော်ပြောတာကြောင့် သူ့တာဝန်ကို ဆုံးရှုံးရရင် ကျွန်တော်က မကောင်းမှုလုပ်နေတာဖြစ်မှာပဲ။ ခေါင်းဆောင်ကို ကျွန်တော် ရှင်းပြချင်ခဲ့ပေမဲ့၊ ကျွန်တော်က လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းတဲ့ပုံရိပ်ရှိနှင့်ပြီးသားဖြစ်မှန်း သတိရတယ်။ ကျွန်တော်က ဒါကို ရိုးသားနေရင် ကျွန်တော့်အလုပ်မှာ အသုံးမဝင်တဲ့ပုံစံရှိတာအပြင်ကို မကောင်းတဲ့လူ့သဘာဝရှိတယ်လို့ သူများတွေက ထင်ကြမယ်။ အဲဒါနဲ့ ကျွန်တော်က ခေါင်းဆောင်ကို မပြတ်မသား ပြောလိုက်တယ်။ “ဒါကို စစ်ဆေးကြည့်သင့်တယ်” ပေါ့။ နောက်ပိုင်းမှာ ကိစ္စတွေကို စုံစမ်းပြီး အတည်ပြုပြီးတဲ့နောက်မှာ အစ်မလီရဲ့ပြဿနာက ကျွန်တော်ပြောသလောက်မဆိုးဘူးဆိုတာကို ခေါင်းဆောင်က တွေ့သွားပြီး သူ့ကို မပြောင်းလိုက်ဘူး။

အဲဒီအတောအတွင်းမှာ ကျွန်တော်က ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်ကို ခေါင်းမာမာနဲ့ လိုက်ပြီး ပြောင်းလဲဖို့ ငြင်းဆန်တာကြောင့် ကျွန်တော့်အပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်ကို အခြေခံပြီး ကျွန်တော်က တာဝန်မသိတတ်ဘူး၊ လက်တွေ့အလုပ်မလုပ်ဘူး၊ ကိုယ့်အတွက်အမြင်ကောင်းဖို့ပဲ လုပ်တယ်လို့ ခေါင်းဆောင်ကပြောပြီး ဒါတွေကြောင့် ကျွန်တော့်ကို ထုတ်လိုက်တယ်။ ကျွန်တော်က သဘောမပေါက်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ နေ့တိုင်း တော်တော်အလုပ်ရှုပ်နေတာ။ အဲဒါ ဒီလိုပုံစံမျိုးဖြစ်လာတာပဲ။ ကျွန်တော်အထုတ်ခံရတဲ့ အကြောင်းရင်းကို ညီအစ်ကိုမောင်နှမတွေက သိသွားရင် ကျွန်တော်က မကောင်းတဲ့ လူ့သဘာဝရှိတယ်၊ သမ္မာတရားကို လိုက်စားသူမဟုတ်ဘူးလို့ သူတို့သေချာပေါက်ပြောမှာပဲလို့ တွေးခဲ့တယ်။ နောင်ကျရင် လူတိုင်းကို ကျွန်တော် ဘယ်လိုရင်ဆိုင်ရမှာလဲ။ ဒါကို စဉ်းစားရင်းနဲ့ ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုကို ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တခြားဘာမှမလုပ်ခင်မှာ ကျွန်တော် နာခံရမယ်ဆိုတာ သိခဲ့တယ်။ ဒီလမ်းကြောင်းကို ကျွန်တော်လျှောက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိဘူး။ အဲဒီအချိန်အတွင်းမှာ ကျွန်တော့်ပြဿနာတွေကို ပြန်ဆင်ခြင်ကြည့်ချင်ခဲ့တယ်။ အဲဒါနဲ့ ဘုရားကိုဆုတောင်းပြီး ကျွန်တော့်ပြဿနာတွေကို နားလည်ရာမှာ လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် စားသောက်ပြီး ကျွန်တော့်အခြေအနေကို ပြည့်ပြည့်စုံစုံဖော်ပြတဲ့ စာတစ်ပိုဒ်ကို တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ ဂုဏ်အဆင့်အတန်း၏ အပြင်ပန်းအဆောင်အယောင်များတွင် ပျော်မွေ့ရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်း၊ အာဏာစွဲကိုင်ခြင်း၊ လွယ်ကူသောဘဝရှိခြင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည်နှင့် ၎င်းတို့အစဉ် ကြံစည်သော အဓိကအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိသည်အထိ လက်မလျှော့ကြပေ။ ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရလျှင် ၎င်းတို့က ထိတ်လန့်တုန်လှုပ်ကြသည်။ မိုးကောင်းကင်က ၎င်းတို့အပေါ် ပြိုကျတော့မည့်အလာဖြစ်သည်။ ၎င်းတို့သည် စား၍မဝင်နိုင်၊ အိပ်၍မပျော်နိုင်ပေ။ ၎င်းတို့သည် အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသကဲ့သို့ဖြစ်သည်။ မည်သို့ဖြစ်သည်ကို လူတို့က မေးသောအခါတွင် ၎င်းတို့က မုသားများဖန်တီးပြီး ‘မနေ့က ငါ အရမ်းအလုပ်ရှုပ်ပြီး တစ်ညလုံး မအိပ်ရဘူး။ ဒါကြောင့် အရမ်းပင်ပန်းနေတယ်။’ ဟု ပြောသည်။ သို့သော် အမှန်တကယ်တွင် မည်သည့်အရာမျှ မမှန်ပေ။ ၎င်းတို့သည် ‘ငါလုပ်ခဲ့တဲ့ မကောင်းတာတွေက ဖော်ထုတ်ခံရပြီ။ ဒီတော့ ငါ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုပြန်ရအောင်လုပ်နိုင်မလဲ။’ ဟူ၍ အစဉ်သဖြင့် တွေးတောနေခြင်းကြောင့် ဤသို့ ခံစားရခြင်းဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာသည်အထိ မည်သည့်အရာကိုလုပ်ရမည်ကို အဖြေမရှာနိုင်ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးသည် တစ်နေရာထဲတွင် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ မည်သည့်အရာကို ကြည့်သည်ကို မည်သူကမျှ မသိပေ။ ပြဿနာများက ၎င်းတို့ကို ဦးနှောက်ခြောက်အောင် စဉ်းစားစေသည်။ အကြောင်းပြချက်ပေါင်းစုံကို ကုန်စင်အောင် စဉ်းစားသည်။ စားချင်သောက်ချင်စိတ်မရှိအောင်ဖြစ်စေသည်။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် အသင်းတော်အလုပ်ကို ဂရုစိုက်သည့်အသွင် ဟန်ဆောင်နေဆဲဖြစ်ပြီး လူတို့ကို မေးလိမ့်မည်။ ‘ဧဝံဂေလိအလုပ်က ဘယ်လိုအခြေအနေရှိလဲ။ ဒီလ လူဘယ်နှယောက်ရပြီးပြီလဲ။ ညီအစ်ကိုမောင်နှမတွေက အခုရက်ပိုင်းမှာ အသက်ဝင်ရောက်မှု တစ်ခုခုရခဲ့လား။ တစ်ယောက်ယောက်က အနှောင့်အယှက်၊ အဖျက်အဆီးတွေ လုပ်နေလား။’ ဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသင်းတော်ကိစ္စများကို တမင်တကာ မေးလိမ့်မည်။ သို့သော် ၎င်းတို့သည် သူတစ်ပါးတို့အတွက် ဟန်ပြနေခြင်းသာဖြစ်သည်။ ၎င်းတို့ အမှန်တကယ်စဉ်းစားနေသည်မှာ ‘ငါ့ရဲ့ မကောင်းမှုတွေက ဖော်ထုတ်ခံရပြီးပြီ။ ငါ ဘာလုပ်သင့်လဲ။ အကျိုးဆက်က ဘာဖြစ်မလဲ။ ဒီအခြေအနေကို ငါ ဘယ်လို အဖတ်ဆယ်ရမလဲ။’ ဟူ၍ဖြစ်သည်။ ၎င်းတို့ လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ အန္တိခရစ်များ၏ တစ်ဘဝလုံးတွင် ၎င်းတို့ရင်ဆိုင်ရသည့် အကြီးဆုံး ပြဿနာဖြစ်သည်။...အန္တိခရစ်များရှိသည့် မည်သည့်နေရာမဆိုတွင် ၎င်းတို့၏ လွှမ်းမိုးမှုနယ်ပယ်က မည်သို့ရှိသည်ဖြစ်စေ၊ အဖွဲ့၊ သို့မဟုတ် အသင်းတော်တစ်ခုဖြစ်စေ ၎င်းတို့က အာဏာကိုင်စွဲနေသရွေ့၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ အလိုတော်သည် ထိုနေရာတွင် နှောင့်နှေးလိမ့်မည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အဘယ်ကြောင့် အကောင်အထည်မဖော်နိုင်သနည်း။ ဤအရာ ဖြစ်ပေါ်သည်ဆိုသည့်အချက်က အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်နှင့် သူတို့ကိုယ်သူတို့ လုံးဝ အလုပ်ရှုပ်မခကြောင်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို မည်သည့်အခါမျှ အကောင်အထည်မဖော်ကြောင်းကို သက်သေပြသည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက တစ်နေကုန် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ကိုင်ပြပြီး ကြွားဝါနေခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးစီးပွားနှင့် အဆင့်အတန်းပါဝင်သောအရာများကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သီးသန့်နိုင်ငံတော်တစ်ခု တည်ထောင်ရန်အတွက် အခြားလူများကို လှည့်စားခြင်း၊ လူတို့ကို ဆွဲဆောင်ခြင်း၊ ၎င်းတို့၏ အာဏာကို ခိုင်မာစေခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းတို့သည် သီးသန့်နိုင်ငံတော်တစ်ခုကို ဖန်တီးရန် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုက အောင်မြင်ခြင်းရှိမရှိ၊ အလုံးစုံအာဏာကိုရရှိပြီး ဘုရားသခင်ရွေးချယ်ထားသောလူများကိုပို၍ ထိန်းချုပ်နိုင်ခြင်း ရှိမရှိတို့ကိုသာ အရေးစိုက်ကြသည်။ အခြားမည်သည့်အရာကိုမျှ စိုးစဉ်းမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းရှိမရှိကို ဂရုစိုက်ရန်မဆိုထားနှင့်၊ အသင်းတော်အလုပ်ကို၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်ကြပေ။ ၎င်းတို့သည် မည်သည့်အချိန်တွင် သီးခြား အာဏာကိုင်စွဲနိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်သည်၊ ဘုရားသခင်နှင့် တန်းတူရပ်တည်နိုင်သည်ကိုသာ အရေးစိုက်သည်။ အန္တိခရစ်များ၏ ဆန္ဒများနှင့် ရည်မှန်းချက်များသည် အမှန်ပင် ကြီးမားလေသည်။ အန္တိခရစ်များသည် မည်မျှ အလုပ်ကြိုးစားသည့်ပုံပေါ်ပါစေ ၎င်းတို့နှစ်သက်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးစီးပွားများ၊ အဆင့်အတန်းများနှင့် ဆက်နွှယ်သည့်အရာများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့်တာဝန်အကြောင်းကိုပင် မစဉ်းစားကြပေ။ ၎င်းတို့သည် သင့်လျော်မှန်ကန်သည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်မျာ၏ဖြစ်ခြင်း အတိအကျပင် ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) အန္တိခရစ်တွေက ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက်ပဲ အသက်ရှင်ပြီး ဘယ်လက်တွေ့အလုပ်ကိုမှ မလုပ်ဘူးလို့ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ အထူးသဖြင့် သူများတွေ သူတို့ကို ပိုင်းခြားသိမြင်တာ၊ ရိပ်စားမိ်တာကို တားဆီးဖို့အတွက် သူတို့ရာထူးကို ထိန်းသိမ်းဖို့ နည်းလမ်းတွေကို ရှာဖို့ ဦးနှောက်ခြောက်ခံစဉ်းစားကြတယ်။ ဒီလိုလုပ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့အလုပ်ကို သူတို့က တားဆီးချင်ကြတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်ကတည်းက ကျွန်တော့်လုပ်ရပ်တွေကို ပြန်ဆင်ခြင်ကြည့်ပြီး ကျွန်တော်က အန္တိခရစ်လိုပဲ ပြုမူခဲ့မှန်း တွေ့ရတယ်။ ကျွန်တော့်တွဲဖက်က ပြဿနာတွေကို ပိုပြည့်ပြည့်စုံစုံ မြင်ပြီး ကျွန်တော့်အလုပ်မှာ ချို့ယွင်းချက်တွေကို အမြဲတမ်းထောက်ပြတာကို တွေ့တဲ့အခါ ကျွန်တော်က အစွမ်းအစနည်းပြီး အလုပ်မှာ အရည်အချင်းမရှိဘူးလို့ ညီအစ်ကိုမောင်နှမတွေထင်မှာကို ကြောက်မိတယ်။ ဒါကြောင့် ကျွန်တော့်သိက္ခာကို ကယ်တင်ဖို့ ရနိုင်တဲ့ အခွင့်အလမ်းတိုင်းကို ယူဖို့ ကြိုးစားတယ်။ ကျွန်တော်က ဝန်တာထားပြီး အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေကို နားလည်တယ်လို့ လူတိုင်းမြင်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေ စီစဉ်ရင်းနဲ့ အချိန်ကုန်တယ်။ ကျွန်တော့်အဖွဲ့ထဲက ဖြေရှင်းဖို့လိုတဲ့ အရေးတကြီးပြဿနာတွေကိုတောင် ဘေးချထားပြီး ကြွားဝါဖို့အတွက် တခြားအဖွဲ့က ပြဿနာကို ဖြေရှင်းဖို့ အချိန်ကုန်ခဲ့တယ်။ ကျွန်တော့်ဗီဒီယိုမှာ အမှားတစ်ခုလုပ်တဲ့အခါ ကျွန်တော့်ကျွမ်းကျင်မှုက ညံ့တယ်လို့ ညီအစ်ကိုမောင်နှမတွေက ပြောမှာကို ကြောက်တယ်။ အဲဒါနဲ့ အဖွဲ့ရဲ့အလုပ်ကို ဘေးဖယ်ထားပြီး ကိုယ့်ရဲ့ထုတ်လုပ်ရေး လုပ်ငန်းတာဝန်တွေကို စိတ်နှစ်ပြီးလုပ်တယ်။ ကျွန်တော့်မှာအရည်အချင်းရှိတယ်လို့ သက်သေပြဖို့လုံလောက်အောင် တာဝန်တွေကို ကောင်းကောင်းလုပ်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ သူများတွေကို ပျိုးထောင်ပေးတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးအနေနဲ့ အသုံးပြုခဲ့တယ်။ ကျွန်တော့် ကိုယ်ပိုင်အရည်အချင်းတွေကို ပြဖို့ အစ်မလီက အမြန်မတိုးတက်တာကို သိရတဲ့အခါမှာ ကျွန်တော်က သူ့အပေါ် အေးတိအေးစက်ဖြစ်ပြီး ဝတ်ကျေတန်းကျေဖြစ်သွားတယ်။ ဒါကြောင့် သူက ကျွမ်းကျင်မှုတွေကို ပိုင်နိုင်ဖို့ မဖြစ်နိုင်အောင်ဖြစ်သွားတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်လိုက်တာကိုပဲ ကျွန်တော် ဂရုစိုက်ခဲ့ပြီး ကျွန်တော့်ကို အကျိုးဖြစ်စေတာတွေကိုပဲလုပ်တယ်။ တကယ့်အလုပ်ကိုမလုပ်ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးစေပြီး ထိခိုက်စေခဲ့တယ်။ ကျွန်တော့်အပြုအမူက အန္တိခရစ်နဲ့ တစ်ထေရာတည်းပဲ မဟုတ်ဘူးလား။ အစ်မလီက သူ့တာဝန်ကနေ ထုတ်ခံရပြီးတဲ့ အချိန်မှာတောင် ကျွန်တော်က ဘာအပြစ်ရှိတဲ့စိတ်မှ မခံစားခဲ့ဘူး။ ကျွန်တော့် အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို သူထောက်ပြတာကြောင့် ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူ့ကို နှိမ်ပြီး ဝေဖန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြပြီး ခုခံကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ သူ့တာဝန်ကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သဘာဝက ဆိုးယုတ်လွန်းပြီး တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်ဖွယ်ဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ အစ်မလီအပေါ် ကျွန်တော်ဖြစ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုအားလုံးကို စဉ်းစားရင်းနဲ့ ကျွန်တော် အရမ်းကို စိတ်ဆင်းရဲခဲ့တယ်။ ဒီလုပ်ရပ်တွေက ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်မှုလမ်းကြောင်းကိုအစွန်းအထင်းဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ ဝန်ချပြီး နောင်တရဖို့အတွက် ကျွန်တော် ဘုရားကို ဆုတောင်းတယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ “လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လိုက်စားစဉ်တွင် အသင်းတော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် အခြားလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းအပေါ် ဩဇာလွှမ်းမိုးမှုတစ်ခုပင် ရှိကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိလေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့၏ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူနှင့် လုပ်ရပ်များကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် သူရွေးချယ်ထားသော လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ နောက်ဆုံးမှာ ကျွန်တော် နားလည်သွားတာက အဆင့်အတန်းကို ကျွန်တော် လိုက်စားတဲ့အခါ၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ မကာကွယ်တဲ့အခါမှာ အနှစ်သာရအရ ကျွန်တော်က စာတန်ရဲ့ အစေခံအဖြစ် ပြုမူနေပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်နေတာပါ။ အဲဒါက ဘုရားမုန်းတီးပြီး ကျိန်ဆဲတဲ့အရာတစ်ခုပဲ။ ကျွန်တော့်အလုပ်စွမ်းဆောင်ရည်နဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေက ကျွန်တော့်တွဲဖက်လောက် မကောင်းမှန်း ကျွန်တော် သိခဲ့တယ်။ ကျွန်တော်ကသာ ဂုဏ်သတင်းကို လက်လွတ်နိုင်ပြီး သူတို့ဆီကနေ နှိမ့်နှိမ့်ချချနဲ့ သင်ယူနိုင်ရင် သူတို့နဲ့ သဟဇာတဖြစ်စွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျွန်တော့် ကျွမ်းကျင်မှုတွေမှာ တိုးတက်မှုတချို့ရှိလာပြီး သမ္မာတရား စည်းမျဉ်းတချို့ကို နားလည်နိုင်ခဲ့မှာပဲ။ ဒါကကျွန်တော့်အတွက် ကောင်းတဲ့အရာဖြစ်မှာပဲ။ ဒါပေမဲ့ ဒီအခွင့်အလမ်းကို ကျွန်တော် သတိမထားမိခဲ့ဘူး။ “အဖွဲ့ခေါင်းဆောင်” ရာထူးက ကျွန်တော့်ကို လုံးဝ စိတ်လွတ်သွားအောင်လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့တကယ့်တာဝန်ကို လုပ်ရင်း အချိန်ကို မသုံးခဲ့ဘူး။ အဓိကအလုပ်အပေါ် အားမစိုက်ထုတ်ခဲ့ဘူး။ အဲဒီအစား ကျွန်တော့်ကို သူများတွေ လေးစားအောင်ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ပြီး ကြွားဝါဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ အလုပ်ကို တကယ်တမ်းမလုပ်ဘဲနဲ့ အဖွဲ့ခေါင်းဆောင်ရာထူးကို ကျွန်တော် ယူထားခဲ့တယ်။ တိုးတက်မှုကို တားဆီးပြီး နှောင့်နှေးစေခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တာတွေကို ဘုရားက မုန်းတီးစက်ဆုပ်ပါတယ်။ ကျွန်တော်အထုတ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းဖြစ်ပြီး ကျွန်တော့်အတွက် ဘုရားရဲ့ ကွယ်ကာမှုပါ။ ဘုရားအိမ်တော်ရဲ့အလုပ်အပေါ် ကျွန်တော် ဖြစ်စေခဲ့တဲ့ နစ်နာမှုကို တွေးရင်းနဲ့ အထူးသဖြင့် အပြစ်ရှိသလိုခံစားရတယ်။ ဘုရားက ကျွန်တော့်ကို ချီးမြှောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ကို စိတ်ပျက်စေခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် အဆင့်အတန်းကို လိုချင်တဲ့ ကျွန်တော့်ဆန္ဒက အားကောင်းလွန်းပါတယ်။ ဒီဖွင့်ပြခြင်းမရှိဘဲနဲ့ ကျွန်တော် ဘယ်လောက်ထိ ဆက်ပြီး ထုံထိုင်းနေမလဲဆိုတာ မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့အတွက် ဒီကျရှုံးမှုကို အသုံးပြုချင်ပါတယ်။”

နောက်ပိုင်းမှာ ဒီနယ်ပယ်ထဲက လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ကျွန်တော် ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်မလိုက်စားလျှင်၊ သင်သည် ဆင်ခြင်သုံးသပ်ပြီး မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်ဘဲ အသက်အတွင်းသို့ ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာ၏ ကြီးထွားမှုနှင့် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့အတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်သည်။ သို့သော် သင် စွန့်လွှတ်သည့်အရာမှာ သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် သင်သည် မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းဖြစ်သည်။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ပိုက်ဆံနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာသာဖြစ်သည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားဖို့ ဖြစ်လာစေသော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားမှာ ထာဝရဖြစ်သည်။ စာတန်က ၎င်းတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက၊ ဤရလဒ်များသည် သင်နှင့် သက်ဆိုင်သည်။ သင်သည် ယင်းတို့ကို သင့်ဘာသာ ရရှိခဲ့ခြင်း ဖြစ်လေသည်။ လူတို့က သမ္မာတရားကိုကျင့်သုံးရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးလျှင်ပင် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို အဆုံးရှုံးခံလျက် အကျိုးရရှိနေပါက သူတို့ဆုံးရှုံးသောအရာမှာ အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ အညံ့ဖျင်းဆုံးသောသူများ ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”) ကျွန်တော်တို့တာဝန်မှာ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ စွန့်လွှတ်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို နားလည်စေခဲ့ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအစား အရာရာမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်။ ဒီလိုလက်တွေ့လုပ်တာကသာ ဘုရားအလိုတော်နဲ့ ညီပါတယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ သူတစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ဒါကို သတိပြုမိပြီး ကျွန်တော့်ရဲ့ ဇာတိပကတိကို အသိရှိရှိနဲ့ စွန့်လွှတ်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရေးမစိုက်တော့ဘဲ တာဝန်ကို အာရုံစိုက်ခဲ့တယ်။ ကိုယ့်ရဲ့ ထုတ်လုပ်ရေးတာဝန်တွေကို ပြီးအောင်လုပ်တာအပြင် ကျွန်တော်ကိုယ်တိုင်နဲ့ သူများတွေရဲ့အလုပ်ထဲက ခဏခဏဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ လမ်းလွဲတာတွေကိုလည်း ကျွန်တော် ချရေးတယ်။ ဒါတွေကို ဆွေးနွေးပြီး ဖြေရှင်းချက်ရှာဖို့အတွက် အဖွဲ့ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေဆီကို ယူလာတယ်။ ဒီလိုလက်တွေ့လုပ်တာက လူတိုင်းကို အကျိုးဖြစ်စေခဲ့တယ်။ ကျွန်တော့်ရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေမှာ တိုးတက်မှု ရှိလာနိုင်ခဲ့တယ်။ ဒီရလဒ်ကို ကျွန်တော် တွေ့ရတော့ ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ ဒါက လူတိုင်း သူတို့တာဝန်ကို တစ်စိတ်တစ်ဝမ်းတည်း ထမ်းဆောင်ခြင်းရဲ့ ရလဒ်ပဲ။ အရင်တုန်းက ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲတမ်းကြိုးစားခဲ့တယ်။ ကျွန်တော့်ပုံရိပ်တိုးတက်ပြီး တာဝန်မှာ ကြွားဝါဖို့အတွက် အမြဲတမ်းလုပ်ခဲ့တယ်။ ဘာလက်တွေ့ပြဿနာကိုမှ မဖြေရှင်းခဲ့ဘူး။ ကျွန်တော် နောက်ချန်ထားခဲ့သမျှက ပြစ်မှားမှုတွေပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဂုဏ်သတင်းအကြောင်းစဉ်းစားတာကို ရပ်လိုက်ပြီး အဲဒီအစား အလုပ်ထဲက အားနည်းချက်တွေ၊ အမှားတွေကို ရှာဖို့ စလုပ်တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်မသေးရုံမကဘဲ ကျွန်တော်နဲ့ ဆွေးနွေးပြီး ညှိုနှိုင်းဆောင်ရွက်ခဲ့ကြတယ်။ တာဝန်ထမ်းဆောင်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု တွေ့ခဲ့တယ်။ အဲဒီအခါကျမှပဲ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အယောင်ဆောင်ပြီး ကြွားဝါတာ ဘယ်လောက် မိုက်မဲတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ဒီလိုသာ ပိုပြီးစောစောလက်တွေ့လုပ်ခဲ့ရင် ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်တော် နှောင့်နှေးအောင်လုပ်မိမှာမဟုတ်ဘူး။

နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်အတွက် လူသစ်တွေကို ရေလောင်းဖို့ အချိန်ပိုင်းအလုပ် စီစဉ်ပေးတယ်။ ခေါင်းဆောင်ကပြောတယ်။ တချို့လူသစ်တွေက ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်မှုမှာ အခြေခံအုတ်မြစ်မရှိလို့ မတက်မကြွဖြစ်လာကြတယ်။ အားနည်းလာတယ်။ အခက်အခဲတွေရင်ဆိုင်ရတဲ့အခါ၊ သင်းအုပ်ဆရာတွေက နှောင့်ယှက်တဲ့အခါ စုဝေးပွဲတွေမတက်ကြတော့ဘူး။ ဒါကြောင့် သူတို့တွေကို ရေလောင်းခြင်းကတစ်ဆင့် ပံ့ပိုးပေးဖို့ အရေးတကြီး လိုအပ်တယ် တဲ့။ ဒီတာဝန်က အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်တော် သိပေမဲ့ ကျွန်တော် နည်းနည်း တွန့်ဆုတ်နေတုန်းပဲ။ အများအားဖြင့်တော့ အချိန်ပိုင်းအလုပ်ဖြစ်နေလို့ပါ။ ဒီတော့ ကျွန်တော်က ဘယ်လောက်ကောင်းအောင် လုပ်လုပ်၊ အဖွဲ့ထဲက ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကျွန်တော့် ကိုယ်ပိုင်အလုပ်မှာပဲ အချိန်ပိုကုန်တာ ကောင်းမယ်လို့လည်း စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့ပိုတဲ့အချိန်ကို အတတ်ပညာပိုင်း နည်းပညာတွေ တိုးတက်အောင်လုပ်ရင်း အသုံးချလို့ရတယ်လေ။ ကျွန်တော့်ရဲ့ အဓိကအလုပ်မှာ ပိုပြီး ထိရောက်မှုရှိလာရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးကြမှာပဲ။ ဒါကြောင့် လူသစ်တွေကိုရေလောင်းပေတာကို အရမ်းကြိုးကြိုးစားစား မလုပ်ချင်ဘူး။ ဒါပေမဲ့ နောက်သုံးလေးရက်အတွင်းမှာ ကျွန်တော့်အခြေအနေ နည်းနည်းမကောင်းတာကို ခံစားရတယ်။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကိုလိုက်နေတုန်းပဲဆိုတာ သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဖတ်ရတယ်။ “လူအများစုသည် ၎င်းတို့က သမ္မာတရားကို ပျော်ရွှင်စွာ လိုက်စားသည်ဟု ဆိုသော်လည်း ယင်းကို လက်တွေ့လုပ်ဆောင်သောအချိန်၊ သို့မဟုတ် ယင်းအတွက် အဖိုးအခ ပေးဆပ်ရသောအချိန် ရောက်သောအခါ အချို့လူများက လက်လျှော့လိုက်ကြသည်။ ဤသည်မှာ အနှစ်သာရအားဖြင့် သစ္စာဖောက်ခြင်းဖြစ်သည်။ အချိန်အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး ပကာသနနှင့် ဂုဏ်တို့ကို ဘေးဖယ်ထားဖို့ သင် လိုအပ်လေလေဖြစ်သည်။ သင်သည် ဤသို့ မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မရရှိနိုင်ပေ။ ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် မနာခံသည်ကို ပြသည်။ အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ လူတို့သည် ကျိုးနွံနာခံနိုင်လေလေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများ၊ ဘဝင်မြင့်ခြင်း၊ မာနတို့ကို လက်လွှတ်နိုင်လေလေ ဖြစ်ကာ ၎င်းတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်လေလေ ဖြစ်ပါက၊ ထိုအခါတွင်မှသာ ၎င်းတို့ကို ဘုရားသခင် အမှတ်ရမည် ဖြစ်သည်။ ထိုအရာအားလုံးသည် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ လူတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ကြသည်၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း— ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သနည်း။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း— သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သမ္မာတရားကို ရရှိခြင်းသည် ပျော်ရွှင်စရာအကောင်းဆုံးအရာဖြစ်၏”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် အထင်ကြီးခံရခြင်း မခံရခြင်းက အရေးမပါဘူး၊ ဒါဟာ ကျွန်တော့်တာဝန်ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော် တာဝန်ခံရမှာဖြစ်ပြီး ဘုရားဆီက စေခိုင်းချက်ဖြစ်တယ်ဆိုတဲ့ သဘောပဲလို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ကျွန်တော် အဲဒါကို လက်ခံပြီး ရိုးရိုးသားသား ကိုင်တွယ်ရမယ်။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် တွက်ချက်နေလို့ မဖြစ်တော့ဘူး။ ရေလောင်းတဲ့အလုပ်ကို လုပ်ဖို့ အမှုထမ်းတွေလိုအပ်တယ်။ ဒီတာဝန်က ကြွားဝါဖို့အတွက် အခွင့်အရေးမပေးလို့ မလုပ်ချင်ရင် ဒါဟာ လွန်လွန်းတာ၊ ယုတ္တိမတန်တာပဲ။ အဲဒီညနေမှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကြားရတယ်။ စာသားတွေက “ဘုရားသခင်သည် လူတိုင်း၏ ချစ်ခြင်းမေတ္တာကို ရင်ဝယ်ပိုက်ထားသည်။ သူ့ကို ချစ်သောသူအားလုံးအပေါ်၊ လူသား၏ ချစ်ခြင်းမေတ္တာသည် ရရှိဖို့ အလွန်ခက်သကဲ့သို့၊ အလွန်နည်းပါးသည့်အတွက်၊ သူ၏ကောင်းချီးမင်္ဂလာများသည် ဆထက်ထမ်းပိုး ဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင့်စိတ်နှလုံးထဲရှိ ချစ်ခြင်းကို ဘုရားကိုပေးရန် သင်လိုလားသလောကျူး”) အဲဒီအချိန်မှာ ကျွန်တော် အရမ်းတို့ထိခြင်းခံရတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ဖို့ လိုအပ်လေလေ ကျွန်တော်ရဲ့ တာဝန်ဝတ္တရားကို ဖြည့်ဆည်းသင့်လေလေပဲ။ ဘုရားကို ထပ်ပြီး စိတ်ပျက်စေလို့ မဖြစ်ဘူး။ နောက်တော့ ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်တဲ့ အစ်မဆီကို ကျွန်တော် သွားပြီး ပြောလိုက်တယ်။ “ဒီတာဝန်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်” ပေါ့။ လူသစ်တွေကို ကျွန်တော် ရေလောင်းတဲ့အခါမှာ အားနည်းချက်တွေအများကြီးရှိပြီး အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်တွေကို မှန်အောင်ထားပြီး ဘုရားကို အမှီပြုတဲ့အခါ ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို မြင်ခဲ့ရတယ်။ လူသစ်တချို့အတွက် စုဝေးပွဲတွေကို ပုံမှန်တက်နိုင်ဖို့ အချိန်သိပ်မယူလိုက်ရဘူး။

မကြာခင်မှာ အသင်းတော်က ကျွန်တော့်ကို တခြားတာဝန်တစ်ခုကို ကြီးကြပ်ခိုင်းတယ်။ ကျွန်တော် စဉ်းစားတယ်။ “ဒီတစ်ခါတော့ ငါ့ရဲ့ ထုတ်လုပ်ရေးတာဝန်တွေနဲ့ ဘယ်လောက်အလုပ်ရှုပ်နေပါစေ အဖွဲ့ရဲ့ တိုးတက်မှုကို စောင့်ကြည့်မှတ်သားပြီး တာဝန်တွေကို အချိန်မီ ချပေးမယ်” ပေါ့။ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်မှာ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် သူတိုနဲ့အတူ အလုပ်ကိုလည်း သွားစစ်ဆေးခဲ့တယ်။ ကျွန်တော်နားမလည်တာတွေအတွက် ကူပြီးဖြေရှင်းပေးဖို့ ကျွမ်းကျင်မှုကောင်းရှိတဲ့သူတွေကို ရှာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရလဒ်တွေက သိသိသာသာ တိုးတက်လာတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကြောင့်ဆိုတာ ကျွန်တော် သိပါတယ်။ အရင်တုန်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်တော် ဂရုစိုက်ခဲ့တယ်။ အခု အဆင့်အတန်း လိုက်စားတာကို ကျွန်တော် လက်လွတ်နိုင်တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို အသိရှိရှိနဲ့ ကာကွယ်ပြီး ကျွန်တော့်တာဝန်ကို လက်တွေ့ကျတဲ့ပုံစံနဲ့ ထမ်းဆောင်နိုင်တယ်။ ဒါတွေက ဘုရားရဲ့လုပ်ဆောင်မှုကြောင့် ရရှိခဲ့တဲ့ ရလဒ်တွေပါပဲ။ ဘုရားကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

ဟော်ရှီး သြစတြေးလျတိုက် ကျွန်မက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ်...

ကျွန်မ၏ မိသားစုကို မည်သူက အမှန်တကယ် ပြိုကွဲစေခဲ့သနည်း

ဖန့်ရှ တရုတ်နိုင်ငံ ကျွန်မက ကျောင်းဆရာမဖြစ်ပြီး၊ ကျွန်မယောက်ျားက အင်ဂျင်နီယာပါ။ အိမ်ထောင်ရေးတစ်လျှောက်မှာ ကျွန်မတို့ ဆက်ဆံရေး ကောင်းခဲ့တယ်။...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

ရှီကျိ အမေရိကန်နိုင်ငံ ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။