အရှိအတိုင်း ကျွန်မ ဖော်ထုတ်ခံရခြင်း
ဝေးရှောင် စပိန်နိုင်ငံ ဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ၁၉၉၉ မှာ လက်ခံခဲ့တာပါ။ သိပ်မကြာခင် ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အလုပ်လုပ်ခဲ့တယ်။ ၂၀၀၀ ခုနှစ် ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် အဖမ်းခံရတယ်။ နေ့လယ်ခင်းကြီးပေါ့။ ကျွန်မက ကလေးနှစ်ယောက်ကို အိမ်မှာ နေ့လယ်စာ ကျွေးနေတာ။ အဲဒီအချိန်မှာ ရဲငါးယောက်က အိမ်ထဲကို ဗြုန်းခနဲ ဝင်လာတယ်။ ဘာစာရွက်စာတမ်းမှ မပြဘဲနဲ့ တစ်အိမ်လုံးကို ဗြောင်းဆန်အောင် ရှာကြတော့တာပဲ။ ကလေးတွေက ကြောက်လန့်ပြီး ကျွန်မအင်္ကျီကို တအား ဆွဲထားကြတယ်။ ကျွန်မသားလေးရဲ့လက်တွေ တုန်နေမှန်း ကျွန်မ သိတယ်။ သူက ခြောက်နှစ်ပဲရှိသေးတာ။ သူတို့က သမ္မာကျမ်းတစ်အုပ်နဲ့ ကျွန်မ ရေးထားတဲ့ ဝတ်ပြုမှတ်တမ်းတစ်ခုကိုလည်း တွေ့ရော၊ ကျွန်မကို ဖမ်းသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်မကို ဆွဲခေါ်သွားတဲ့အချိန်မှာ ကလေးတွေက ငိုကြအော်ကြတာပေါ့။ “မေမေ၊ မသွားပါနဲ့” ပေါ့။ ကလေးတွေကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်မိတော့၊ သူတို့က တံခါးဆွဲပိတ်လိုက်ရော။ ကျွန်မလည်း ရုတ်တရက် မျက်ရည်တွေကျလာတယ်။ ကျွန်မ အိမ်ပြန်ခွင့်ရပြီး ကလေးတွေနဲ့ ပြန်တွေ့နိုင်ပါဦးမလားဆိုတာ မသိဘူးလေ။ သူတို့က ကျွန်မကို ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ စစ်ကြောရေးခန်းတစ်ခုဆီ တန်းခေါ်သွားတာ။ အဲဒီမှာ ကျွန်မကို ထိုင်ခုံတစ်လုံးမှာ လက်ထိတ်ခတ်တယ်။ လူတချို့က အဲဒီမှာ ကျွန်မကို ခပ်ကြမ်းကြမ်း စိုက်ကြည့်နေကြတယ်။ ကျွန်မလည်း ကြောက်တာပေါ့။ ဘုရားကိုပဲ အမြန်ဆုံး မနားတမ်း ဆုတောင်းတော့တာ။ “အို ဘုရားသခင်၊ ဒီရဲတွေက ကျွန်မကို ဘယ်လိုနှိပ်စက်တော့မယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မက ဝိညာဉ်ရင့်သန်မှု နည်းပါတယ်။ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်အောင် ကျွန်မကို ယုံကြည်ခြင်း ပေးတော်မူပါ၊ ဘုရားသခင်” ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေက ခေါင်းထဲ ရောက်လာတယ်။ ဘုရားသခင်က ပြောသည်- “ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်း ပေးလိုက်တာပါ။ ဘုရားသခင်က ကိုယ့်အတွက် အထောက်အပံ့ပဲဆိုတာ တွေးရင်းနဲ့၊ သိပ်မကြောက်တော့ဘူး။ ရဲတွေက ဘယ်လောက်ပဲ ရက်စက်ရက်စက်၊ အဲဒါက ဘုရားရဲ့လက်ထဲမှာပဲလေ။ သူတို့ ကျွန်မကို ဘယ်လိုပဲနှိပ်စက်နှိပ်စက်၊ ကျွန်မက ယုဒတစ်ယောက် အဖြစ်မခံဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားအတွက် သက်သေခံမယ်လို့ သစ္စာဆိုလိုက်တယ်။
နောက်တော့ အရာရှိတစ်ယောက်က စစ်ကြောရေး စလုပ်တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ဖို့ ခင်ဗျားကို ဘယ်သူ ကူးပြောင်းပေးတာလဲ။ ခင်ဗျားတို့ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော်ရဲ့ အလှူငွေတွေ ဘယ်မှာထားလဲ” ဆိုပြီး သူက မေးတယ်။ ကျွန်မကလည်း ဘာမှမသိပါဘူးပေါ့။ သူက ကျွန်မရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်။ ပြီးတော့ ကျွန်မကို ခပ်ကြမ်းကြမ်းကြည့်ပြီး၊ “ခင်ဗျားက မပြောဘူးပေါ့လေ။ ခင်ဗျားပါးစပ် ပွင့်လာအောင် လုပ်ပြမယ်” ဆိုပြီး ပြောပြန်ရော။ ဒီလိုပြောရင်းနဲ့ သူက မဂ္ဂဇင်းတစ်စောင်ကို လိပ်လိုက်တယ်။ ကျွန်မလည်း အရိုက်ခံဖို့ပြင်ရင်း မျက်လုံးတွေ မှိတ်လိုက်တာပေါ့။ အဲဒီအချိန်မှာပဲ အမျိုးသားလုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူးရဲ့အသံကို ကြားလိုက်ရတယ်၊ “ငါတို့က ဒီနေ့ မင်းရဲ့အိမ်ကို ရှာတယ်ဆိုတာ၊ မင်းရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ သက်သေကို ရထားပြီးလို့ပဲ။ မင်းက တစ်ခွန်းမှ မပြောလည်း၊ ငါတို့က မင်းကို ပြစ်ဒဏ်ချလို့ရတယ်။ ဒါပေမဲ့ မင်း သိသမျှ ပြောမယ်ဆိုရင်၊ ငါတို့က မင်းကို အိမ်ပြန်ခွင့်ပေးလိုက်မှာ” တဲ့။ သူက ပြောသေးတယ်၊ “မင်းရဲ့ကလေးတွေက တော်တော် ငယ်သေးတာ။ သူတို့ကို စောင့်ရှောက်ဖို့ အမေ မရှိဘူးဆိုရင်၊ တော်တော် မကောင်းလှဘူး။ ဆရာဆရာမတွေ၊ အတန်းဖော်တွေက သူတို့အမေကို ထောင်ထဲမှာဆိုပြီး သိသွားရင်၊ အနှိမ်ခံရမယ်၊ အထင်သေးခံရမယ်။ အဲဒါက ကလေးတွေရဲ့စိတ်ကို တော်တော် ထိခိုက်စေမှာနော်” တဲ့။ ပြီးတော့ သူက ကျွန်မကို၊ “မင်းက အဲဒီအဖြစ်ကို ခံနိုင်ရည်ရှိပါ့မလား။ ကိုယ့်ဘာသာရေးအတွက်နဲ့ ကိုယ့်ကလေးတွေကို မပစ်ပယ်ဘူး မဟုတ်လား” ဆိုပြီး မေးတယ်။ သူ အဲဒီလိုပြောတာကို ကြားရတော့၊ ကျွန်မကလေးတွေ ကြောက်လန့်နေပုံတွေက ချက်ချင်း ခေါင်းထဲ ရောက်လာတယ်။ ချက်ချင်း ကသိကအောက်ဖြစ်သွားတာ။ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့သမျှကို ကျွန်မ စဉ်းစားတယ်။ ကလေးတွေ ဘယ်လိုထိခိုက်မှုများ ရှိသွားမလဲဆိုပြီး တွေးကြည့်တယ်။ ကျွန်မ ပြစ်ဒဏ်ချခံရတယ်ဆိုရင်၊ သူတို့ကို ဘယ်သူ စောင့်ရှောက်မှာလဲ။ အထူးသဖြင့် အမြဲတမ်း နေမကောင်းဖြစ်တတ်တဲ့ ကျွန်မရဲ့သားလေး၊ သူ့ကို စောင့်ရှောက်မယ့်အမေ မရှိဘဲ၊ သူ ဘယ်လိုလုပ်မလဲ။ ဆရာတွေ၊ အတန်းဖော်တွေက အထင်သေးပြီး နှိမ်ကြပြီဆိုရင်၊ သူတို့လေးတွေ ဘယ်လိုရင်ဆိုင်ကြမှာလဲ။ ကျွန်မလည်း ဒီအတွေးတွေနဲ့ မျက်ရည်တွေ တောက်လျှောက်ကျလာတယ်။ ဘုရားသခင်ကိုလည်း မြန်မြန်ဆုတောင်းလိုက်တယ်၊ “ကျွန်မကလေးတွေအတွက် ကျွန်မ စိတ်ပူပါတယ်၊ ဘုရားသခင်။ ကျွန်မမှာ စိတ်ရောကိုယ်ပါ ချုံးချုံးကျနေပါပြီ။ ကျွန်မအနေနဲ့ တည်ငြိမ်နိုင်အောင်၊ ကိုယ်တော့်ကို သက်သေခံနိုင်အောင်၊ သစ္စာမဖောက်မိအောင်၊ ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်ပေးတော်မူပါ” ပေါ့။
အဲဒီအချိန်မှာ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိသွားတယ်။ ဘုရားသခင်က ပြောသည်- “၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို ချက်ချင်းလင်းသွားစေတယ်။ ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင်ပဲ။ လူတိုင်းရဲ့ ကံကြမ္မာကို အုပ်စိုးတယ်။ ကျွန်မရဲ့ကလေးတွေ ရှေ့ဆက် ကြုံရသမျှအရာတိုင်းကို ဘုရားသခင်က စီမံအုပ်ချုပ်တာပါ။ ကျွန်မ စိတ်ပူတာတွေက အလကားသက်သက်ပဲ။ ကျွန်မက ဘုရားကို ယုံကြည်ခြင်းရှိရမယ်။ အားကိုးရမယ်။ ကလေးတွေကို ဘုရားဆီ အပ်နှံရမယ်။ ဒီအတွေးကြောင့် ကျွန်မ ကလေးတွေအတွက် အများကြီး စိတ်မပူမိတော့ဘူး။ နောက်တော့ ကျွန်မ စဉ်းစားကြည့်တယ်၊ ငါ့ယုံကြည်ခြင်းက ဘယ်ဥပဒေကိုမှ မချိုးဖောက်ပါဘူးပေါ့။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာ၊ စည်းဝေးတာ၊ ဧဝံဂေလိ မျှဝေတာလောက်ပဲ လုပ်ခဲ့တာ။ ရဲတွေက ကျွန်မကို တရားမဝင် ဖမ်းထားလိုက်ကြပြီ။ ကျွန်မရဲ့ ပုံမှန်မိသားစုဘဝကို ဖျက်ဆီးလိုက်ကြပြီ။ ကလေးတွေကို မငဲ့ဘူးဆိုပြီး ကျွန်မရဲ့ယုံကြည်ခြင်းကို အပြစ်တင်နေတယ်ဆိုတော့၊ သူတို့က ပြောင်းပြန်ဖြစ်မနေဘူးလား။ အဲဒါကို စဉ်းစားမိတော့ ကျွန်မလည်း သူတို့ကို ပြန်ပြောတာပေါ့၊ “ရှင်တို့တွေက ကျွန်မကို ဒီမှာ ဖမ်းထားတယ်ဆိုတာ ကျွန်မရဲ့ဘာသာရေးကြောင့်လား။ ဘုရားကို ယုံကြည်တယ်ဆိုတာ ဥပဒေနဲ့မဆန့်ကျင်ဘူး။ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး လူကောင်းဖြစ်အောင် ကြိုးစားတာ။ အဲဒါကို ရှင်တို့က ဘာဖြစ်လို့ ယုံကြည်သူတွေကို အမြဲတမ်း ဖမ်းနေတာလဲ” ပေါ့။ ကျွန်မက အဲဒီလိုပြောလိုက်တော့၊ သူတို့က ရိုင်းရိုင်းစိုင်းစိုင်း ရယ်ကြတယ်။ အရာရှိတစ်ယောက်က ပြောတယ်၊ “တော်တော် တုံးတဲ့မေးခွန်းပဲ။ လူတိုင်းက ဘုရားသခင်ကို ယုံကြည်သွားရင်၊ တရုတ်ကွန်မြူနစ်ပါတီကို ဘယ်သူက နာခံတော့မှာလဲ။ အဲဒီကျရင် ပါတီက ဘယ်သူတွေကို သွားဦးဆောင်မလဲ။ အဲဒါကြောင့် ငါတို့က မင်းတို့ကို ယုံကြည်ခွင့်မပေးနိုင်တာ။ ယုံကြည်သူတွေကို ဖမ်းရမှာပဲ” တဲ့။ သူ ဒီလိုရှင်းပြတာကို ကြားတော့ ကျွန်မ ဒေါသထွက်သွားတယ်။ ဘုရားသခင် မိန့်ဆိုတာတစ်ခုကို သွားသတိရတယ်။ “မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) တရုတ်ကွန်မြူနစ်ပါတီရဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိသွားတယ်။ သူတို့က ကောင်းကင်ဘုံကို အရွဲ့တိုက်ပြီး ဆန့်ကျင်ဘက်ပြုနေတာပဲ။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့တယ်၊ လူသားကို ဖန်ဆင်းခဲ့တယ်ဆိုတာ အထင်အရှားပဲလေ။ လူတွေကို အာဟာရပေးပြီး ပျိုးထောင်ပေးနေတာလည်း ဘုရားသခင်ပဲ။ ဘုရားကို ကိုးကွယ်တယ်ဆိုတာ သဘာဝကျတယ်၊ မှန်ကန်တယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက လူတွေကို ယုံကြည်ခွင့်မပေးဘူး။ ဘုရားနောက် လိုက်ခွင့်မပေးဘူး။ လူတွေ လမ်းလွဲသွားအောင်၊ ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ဆိုတာတွေကို အားပေးတယ်။ လောကမှာ ဘုရားဆိုတာ လုံးဝမရှိဘူး၊ ပြည်သူတွေရဲ့ ပျော်ရွှင်မှုဆိုတာ ပါတီကြောင့် အလုံးစုံဖြစ်လာတယ်ဆိုပြီးတော့တောင် အရှက်မရှိ ပြောကြတာ။ သူတို့ကို ပြည်သူတွေက အလေးအနက် ကျေးဇူးတင်ဖို့၊ နားထောင်နာခံဖို့ပဲ သူတို့က လိုချင်တာ။ တော်တော်ကို ယုတ်မာပြီး ရွံစရာကောင်းတဲ့ ပါတီပဲ။ ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့၊ သန်းနဲ့ချီတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြရင်းနဲ့၊ ကမ္ဘာပေါ်ကို ကိုယ်တော်တိုင်ကြွလာပြီလေ။ ဒီတော့ သူတို့အကြောက်ဆုံးက၊ လူတွေက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားရင်၊ သမ္မာတရားကို နားလည်လာမယ်။ ပါတီက ဘာလဲဆိုပြီး မြင်လာကြမယ်။ လူတွေက သူတို့ထိန်းချုပ်မှုအောက်မှာ ရှိတော့မှာမဟုတ်ဘူး။ ဘုရားဆီပဲ ဦးလှည့်ကြလိမ့်မယ်ပေါ့။ အဲဒါကြောင့် ခရစ်ယာန်တွေကို ဖမ်းဖို့ အသည်းအသန်ဖြစ်နေတာ။ ဘုရားအမှုတော်ကို တိုက်ဖျက်ဖို့၊ ပြည်သူကို ထာဝရ ထိန်းချုပ်ဖို့ဆိုပြီး အဓိပ္ပာယ်မရှိ မျှော်လင့်နေတာပဲ။ ကျွန်မလည်း သူတို့ ညှဉ်းပန်းနှိပ်စက်တာကို ကိုယ်တွေ့ကြုံရပြီးတော့မှ၊ သူတို့ရဲ့ မကောင်းဆိုးဝါး အနှစ်သာရကို မြင်သွားတာ၊ ဘုရားရဲ့ရန်ဘက်အဖြစ်နဲ့ သမ္မာတရားကို မုန်းတီးနေကြတာပဲ။ ဘုရားကို ဆန့်ကျင်တဲ့ မကောင်းဆိုးဝါးတွေချည်း ပြည့်နေတဲ့ ဒီ ဒုစရိုက်အုပ်စုကို ကျွန်မ ရွံသွားတယ်။ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်၊ ဘုရားနောက် လိုက်ပြီး သက်သေခံမယ်လို့ပဲ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
သူတို့က ကျွန်မကို တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတယ်၊ လူမှုတည်ငြိမ်မှုကို နှောင့်ယှက်တယ်ဆိုပြီး စွဲချက်တင်လိုက်ကြတယ်။ ကျွန်မကို ဆယ့်ရှစ်ရက်တိတိ ဖမ်းထားကြတာ။ အဲဒီတစ်ချိန်လုံး သူတို့က လူတွေခေါ်လာပြီး၊ ကျွန်မကို အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ဖို့ ကြိုးစားကြတယ်။ ကျွန်မအမျိုးသားကိုလည်း ထိန်းသိမ်းရေးစခန်းကို ခေါ်ပြီး၊ ကျွန်မကို ယုံကြည်ခြင်း စွန့်လွှတ်အောင် နားချခိုင်းတယ်။ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေက စာတန်ရဲ့ လှည့်ကွက်တွေကို မြင်အောင် လမ်းပြထားတာ။ ဒီတော့ ကျွန်မ လှည့်စားမခံခဲ့ဘူး။ နောက်တော့ ကျွန်မအမျိုးသားက တစ်ယောက်ကို လာဘ်ထိုးပြီး၊ ကျွန်မကို အာမခံနဲ့ ထုတ်လို့ရသွားတယ်။ ကျွန်မကို လွှတ်ပေးတဲ့နေ့မှာ ရဲတစ်ယောက်က ပြောသေးတာ၊ “ခင်ဗျားရဲ့လက်ရှိ သဘောထားအရ၊ ခင်ဗျားက သေချာပေါက် ဆက်ပြီး ယုံကြည်နေဦးမှာ။ ကျုပ်တို့က ခင်ဗျားကို စောင့်ကြည့်နေမှာ၊ စည်းဝေးပွဲလုပ်နေတာမျိုး၊ ဧဝံဂေလိ မျှဝေနေတာမျိုး တွေ့ပြီဆိုတာနဲ့၊ ခင်ဗျားကို ပြန်လာဖမ်းမှာပဲ” တဲ့။ ဒါနဲ့ ကျွန်မလည်း အဖမ်းမခံရဖို့ရော၊ ကိုယ့်ယုံကြည်ခြင်းကို အားထုတ်ပြီး ကိုယ့်တာဝန်ကို ပုံမှန်လုပ်နိုင်အောင်ရော၊ တစ်အိမ်ပြီး တစ်အိမ် ပြောင်းနေခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မအမျိုးသားက မြို့နယ်လက်ထောက်ခေါင်းဆောင်တစ်ယောက်ပေါ့။ ယုံကြည်ခြင်းကြောင့် ကျွန်မ အဖမ်းခံရပြီးကတည်းက သူလည်း ရာထူးတိုးဖို့ အခွင့်အရေးမရှိတော့ဘူး။ နောက်တော့ ၂၀၀၇ ဧပြီလပေါ့၊ တစ်ညနေ သူ အိမ်ပြန်လာတော့ ပြောတယ်၊ “မြို့မှာ တချို့ကေဒါတွေ မကြာခင် ရာထူးတိုးလိမ့်မယ်။ ဒီတစ်ခါတော့ ငါ အလျှော့မပေးတော့ဘူး။ မင်းမှာ ယုံကြည်ခြင်းရှိနေလို့၊ ပြီးခဲ့တဲ့ သုံးလေးကြိမ် အခွင့်အရေးရတုန်းက နိုင်ငံရေးနောက်ခံ စစ်ဆေးချက်တွေကို ငါ မအောင်ခဲ့ဘူး။ ဒီတစ်ခါတော့ ငါလည်း ရာထူးတိုးတဲ့အထဲ ပါချင်တယ်လို့ ငါ့ခေါင်းဆောင်ကို ပြောလိုက်ပြီ။ မင်းက ကိုယ့်ယုံကြည်ခြင်းကို စွန့်လွှတ်မယ်ဆို၊ ငါ့ကို ထောက်ခံပေးမယ်လို့ သူက ပြောတယ်။ ငါတို့ဘဝ ကောင်းသွားဖို့၊ မင်း ယုံကြည်နေတာကို ရပ်လိုက်ဖို့ပဲ လိုတယ်။ ကလေးတွေလည်း အေးအေးဆေးဆေး နေလို့ရသွားမယ်။ မင်း ယုံကြည်နေတာကို ဆက်ပြီး အလျှော့မပေးဘူးဆိုရင်၊ ငါတို့ ကွာရှင်းမှဖြစ်မယ်။ ငါ့ကို ဒီကိစ္စထဲ ဆွဲထည့်တာမျိုး ထပ်ပြီးအဖြစ်မခံတော့ဘူး။ သေချာစဉ်းစားပါ” တဲ့။ ပြီးတော့ တခြားအခန်းထဲ ဝင်သွားရော။ အဲဒီတုန်းက သူ ဒီလိုပြောတာတွေကို ကြားရတာ ကျွန်မ တကယ် ဝမ်းနည်းရတယ်။ သူက ကျွန်မအပေါ် အမြဲတမ်း တော်တော်ကောင်းခဲ့တာ။ ကျွန်မတို့မှာ ချစ်စရာကောင်းတဲ့၊ ဉာဏ်ကောင်းတဲ့ ကလေးနှစ်ယောက်လည်း ရှိနေပြီ။ သူ့မှာ အလုပ်တစ်ခုရှိတယ်၊ ကျွန်မက စီးပွားရေးလုပ်တယ်။ ကျွန်မတို့မှာ တကယ် ပျော်စရာကောင်းတဲ့ ဘဝတစ်ခု ရှိခဲ့ကြတာ။ အဲဒီပျော်စရာကောင်းတဲ့ မိသားစုက တရုတ်အစိုးရရဲ့ နှိပ်စက်မှုနဲ့ ပြိုကွဲနေရပြီလေ။ ကွာရှင်းတဲ့ကိစ္စကလည်း၊ ကျွန်မအနေနဲ့ ရှေ့ဆက် ဘယ်လိုနေထိုင်မလဲ၊ ကလေးတွေအတွက် ဘာလုပ်မလဲ၊ သူတို့ကို ဘယ်လောက် ထိခိုက်စေမှာလဲဆိုတာတွေ ကျွန်မ မသိခဲ့ဘူး။ အဲဒီအတွေးတွေနဲ့ ကျွန်မ တော်တော်ခံစားခဲ့ရတယ်။ ကူရာမဲ့တာရော နာကျင်တာရောဆိုတော့၊ တကယ်ကို စိတ်ထိခိုက်မိတာ။ ကိုယ့်ရင်ကို နှစ်ခြမ်းခွဲခံနေရသလို ထင်မိတယ်။ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူး။ ကျွန်မလည်း ဘုရားသခင်ကိုပဲ အမြန်ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ စွန့်လို့မဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့အိမ်၊ အမျိုးသားနဲ့ ကလေးတွေကို ကျွန်မ မစွန့်နိုင်ပါဘူး။ ကျွန်မ ဘာလုပ်ရမလဲ၊ ဘာကို ရွေးချယ်ရမလဲ မသိတော့ပါဘူး” ပေါ့။ ကျွန်မလည်း ထပ်ခါထပ်ခါ ဆုတောင်းတာ။ “ကျွန်မ ဘာလုပ်သင့်လဲ၊ ဘုရားသခင်။ ကိုယ်တော့်အလိုကို နားလည်နိုင်အောင် လမ်းပြတော်မူပါ” ပေါ့။
အဲဒီအချိန်မှာ ဒီကျမ်းပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ ဘုရားသခင်က ပြောသည်- “ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို သေချာဆင်ခြင်ကြည့်မှ၊ ကျွန်မ နားလည်သွားတယ်။ ယုံကြည်ခြင်းရှိတဲ့လူတွေနဲ့ မရှိတဲ့လူတွေဆိုတာ အခြေခံအားဖြင့် မတူညီတဲ့ လူအမျိုးအစားနှစ်ခုပဲ။ ဘဝနဲ့ တန်ဖိုးထားမှုတွေအပေါ် သူတို့အမြင်တွေက မတူကြဘူး။ ကျွန်မက ယုံကြည်ခြင်းဆိုတဲ့ လမ်းမှန်မှာ ရှိတယ်၊ သမ္မာတရားကို အားထုတ်တဲ့ လမ်းမှန်ပေါ်မှာ ရှိတယ်။ ကျွန်မအမျိုးသားကျတော့ ရာထူးတွေတက်ဖို့၊ ပိုက်ဆံရှာဖို့ဆိုတဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်နေတယ်။ သူ ရာထူးတက်ဖို့အတွက်၊ နှစ်ပေါင်းများစွာ ခိုင်မြဲလာတဲ့ အိမ်ထောင်နဲ့ ကလေးတွေရဲ့ ခံစားချက်တွေကို အလေးမထားတော့ဘူး။ ကွာရှင်းတာကိုပဲ ရွေးချယ်နေတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် သူ့စိတ်နှလုံးထဲမှာ၊ ရာထူးဂုဏ်နဲ့ အနာဂတ်ဆိုတာတွေက ကျွန်မနဲ့ ကလေးတွေထက် ဟိုးအရင်ကထက်ကို ပိုပြီးအရေးကြီးလာလို့ပဲ။ သူက ကလေးတွေကို တည်ငြိမ်တဲ့မိသားစုဘဝတစ်ခု ပေးချင်လို့၊ ပျော်စရာကောင်းတဲ့ဘဝတစ်ခု ရချင်လို့ပါလို့ ပြောလည်း၊ အဲဒါက မရေရာတဲ့မျှော်လင့်ချက်သက်သက်ပဲ။ သူ ကျွန်မအပေါ် ကောင်းခဲ့တယ်ဆိုတာ၊ ကျွန်မက သူ့အကျိုးစီးပွားတွေကို မထိပါးခဲ့လို့ပဲ။ ဒါပေမဲ့ အခု ကျွန်မ ယုံကြည်တာ၊ အဖမ်းခံရတာတွေက သူ့အလုပ်အကိုင်ကို ထိခိုက်နေပြီ။ အဲဒါက သူ ရာထူးတိုးဖို့ ပိုက်ဆံပိုရှာဖို့အတွက် အတားအဆီးပဲ။ ဒါကြောင့် သူက ကွာရှင်းချင်တာ။ အဲဒီလိုစဉ်းစားကြည့်တော့၊ အဲဒီကိစ္စက တကယ်ကို ခံစားချက်မဲ့သလိုပဲ။ လူတွေကြားမှာ စစ်မှန်တဲ့ တွယ်တာမှုတို့၊ အချစ်တို့ဆိုတာ မရှိဘူး၊ လှည့်စားအမြတ်ထုတ်တာတွေပဲ ရှိတယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ တကယ်တော့ ကွန်မြူနစ်ပါတီဆိုတာ ယုတ်မာတဲ့ အာဏာရှင်ဖြစ်မှန်း ကျွန်မအမျိုးသားက ကောင်းကောင်း သိတယ်။ ဒါပေမဲ့ သူက အဲဒီဘက်ကို လိုက်ပြီး၊ ကျွန်မယုံကြည်ခြင်းကို စွန့်ဖို့ပဲ ပြောနေတာ။ ဒီတစ်ခါတော့ ကျွန်မကို ကွာရှင်းမယ်ဆိုပြီး ဖိအားပေးနေတာ။ ကျွန်မတို့က အမြင်တွေရော၊ လမ်းကြောင်းတွေပါ မတူကြဘူးလေ။ ကျွန်မတို့ လက်တွဲဦးမယ်ဆိုရင်တောင် ပျော်ရတော့မှာ မဟုတ်ဘူး။ ဒါကို နားလည်သွားတော့၊ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ သိသွားတယ်။ နောက်နေ့မနက်ကျတော့ ကျွန်မတို့ ကွာရှင်းဖို့ကိစ္စအတွက်၊ တရားရေးဌာနကို သွားကြရော။ လမ်းမှာ သူက ပြောသေးတယ်၊ “ငါက မကွာရှင်းချင်ပါဘူး။ ဒါပေမဲ့ တခြားရွေးချယ်စရာ မရှိဘူး။ မင်းကိုယ်တိုင်ရော၊ ကလေးနှစ်ယောက်ရော သေချာ ဂရုတစိုက်နေကြပါ” တဲ့။ သူ ဒီလိုပြောတာကို ကြားတော့ ကျွန်မ ရုတ်တရက် စိတ်ထိခိုက်သွားတယ်။ ကွာရှင်းပြီးရင် ကျွန်မ ရင်ဆိုင်ရတော့မယ့် အခက်အခဲတွေ၊ လှောင်ပြောင်တာတွေ၊ ခွဲခြားဆက်ဆံခံရမှာတွေ အားလုံးကို တွေးလိုက်မိတယ်။ စိတ်ဆင်းရဲစရာတွေက လူကို ဆုပ်ကိုင်ထားသလိုပဲ။ ကျွန်မလည်း ခပ်မြန်မြန် ဆုတောင်းမိတယ်၊ ကိုယ်တော့်ကို မသွေဖည်မိအောင်၊ သက်သေရပ်တည်နိုင်အောင်၊ ကျွန်မစိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားကို တောင်းလျှောက်လိုက်တာ။ အဲဒီနောက်မှာ ကိုယ်တော့်နှုတ်ကပတ်တော်တချို့ကို စဉ်းစားမိတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) လူတစ်ယောက်က ဘဝတစ်ခုကို ဘယ်လိုပဲ ကောင်းမွန်အောင် နေရပါစေ၊ တခြားလူတွေအများကြီးက ဘယ်လိုပဲ လေးစားအားကျပါစေ၊ အဲဒါတွေက ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်သွားတယ်။ သမ္မာတရားကို အားထုတ်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်မှပဲ ဘုရားရဲ့ ထောက်ခံမှုကို ရနိုင်တာပါ။ ဒါကသာ ဣနြေ္ဒသိက္ခာရှိတဲ့ ဘဝတစ်ခုပါပဲ။ ဒါကသာ အဓိပ္ပာယ်ရှိတဲ့၊ တန်ဖိုးရှိတဲ့ ဘဝတစ်ခုပဲ။ ဒါကို စဉ်းစားမိတော့ တကယ်ကို လွတ်လပ်သွားတယ်။ ကွာရှင်းတဲ့ကိစ္စကိုလည်း ဒွိဟမဖြစ်တော့ဘဲနဲ့ ဖြေရှင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်၊ ကျွန်မက တွယ်တာမှုဆိုတဲ့ နှောင်ကြိုးကနေ လွတ်ခဲ့တာ။ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်နိုင်ခဲ့တာပါ။
၂၀၁၁ ခုနှစ် မေလမှာ၊ စည်းဝေးပွဲတစ်ခု လုပ်နေတုန်း ကျွန်မ ထပ်ပြီး အဖမ်းခံရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျွန်မကိုဖမ်းခဲ့တဲ့ ရဲတွေပါပဲ။ သူတို့က ကျွန်မမှတ်ပုံတင်ကို မြင်ပြီး၊ ကျွန်မနာမည်ကို အော်ပြောတော့တာ၊ “ဒီဆယ်နှစ်လုံးလုံး၊ ကျုပ်တို့က ခင်ဗျားအိမ်ကို အကြိမ်ကြိမ်သွားပေမဲ့၊ ခင်ဗျားကို ရှာမတွေ့ခဲ့ဘူး။ ခုတော့မှ တကယ်ကို အဖြေရှာတွေ့သွားတာ။ ဒီတစ်ခါတော့ ခင်ဗျားကို မလွှတ်ပေးတော့ဘူး” တဲ့။ သူတို့က ပြောရင်းနဲ့၊ ကျွန်မကို လက်ထိတ်ခတ်ပြီး ရဲကားပေါ် တင်လိုက်တယ်။ ကားပေါ်ရောက်တော့၊ အဲဒီမတိုင်ခင် အဖမ်းခံခဲ့ရတဲ့ ညီမသုံးယောက်အကြောင်း စဉ်းစားမိတယ်။ သူတို့ကို ရဲတွေက တစ်လလုံးလုံး ရက်ရက်စက်စက် နှိပ်စက်ကြတာ။ သူတို့ထဲကတစ်ယောက်ဆို ကြိုးနဲ့ အချိန်အကြာကြီး တွဲလောင်းဆွဲခံရတော့၊ သူ့ဘယ်ဘက်လက်က တစ်သက်လုံးကုမရအောင် ထိခိုက်သွားတယ်။ အဲဒါကို တွေးမိတော့ ကျွန်မ ရင်တွေ တဒိန်းဒိန်းခုန်လာရော။ သေမတတ် ရိုက်နှက်ခံရမှာ၊ မသန်စွမ်းဖြစ်သွားမှာကို ကြောက်တယ်လေ။ ကျွန်မလည်း စိတ်နှလုံးထဲကနေ ဘုရားကို အမြန် အကူအညီတောင်းမိတယ်။ “ဘုရားသခင်၊ ကိုယ်တော်က ကျွန်မကို ဒီနေ့ ထပ်ပြီး အဖမ်းခံရအောင် အခွင့်ပေးလိုက်ပြန်ပြီ။ ကျွန်မက ကိုယ်တော့်စီစဉ်ညွှန်ကြားမှုတွေကို နာခံချင်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဝိညာဉ်ရင့်သန်မှု နည်းတယ်။ ဇာတိပကတိက အားနည်းပါတယ်၊ ဘုရားသခင်။ ဒီအတွေ့အကြုံတစ်လျှောက်လုံးမှာ ကျွန်မကို လမ်းပြကာကွယ်ပေးတော်မူပါ။ ကျွန်မရဲ့အသက်ကို ပေးအပ်ချင်ပါတယ်။ ယုဒတစ်ယောက် အဖြစ်ခံပြီး ကိုယ်တော့်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ကိုယ်တော့်အတွက် သက်သေရပ်တည်ပါ့မယ်” ပေါ့။ ကျွန်မ ဆုတောင်းပြီးသွားတော့၊ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိပြန်ရော။ ဘုရားသခင်က ပြောသည်- “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဒီကနေ ကျွန်မ နားလည်သွားတာက၊ ကိုယ့်ရဲ့ရှင်ခြင်းနဲ့ သေခြင်းဆိုတာ လုံးဝကို ဘုရားရဲ့လက်ထဲမှာပဲ။ ဘုရားက ခွင့်မပြုဘဲနဲ့၊ သူတို့က ကျွန်မရဲ့အသက်ကို ယူလို့မရဘူးလေ။ စာတန်ဆိုရင် ဘယ်လိုပဲ ရက်စက်ကြမ်းကြုတ်ဦးတော့၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံရသေးတာပဲ။ သူလည်း ဘုရားရဲ့သြဇာအာဏာကို မကျော်လွန်နိုင်ပါဘူး။ စမ်းသပ်မှုတွေ ကြုံခဲ့ရတဲ့ ယောဘအကြောင်းလည်း ကျွန်မ တွေးကြည့်တယ်။ ယောဘရဲ့အသက်ကို အန္တရာယ်ပြုဖို့၊ ဘုရားက စာတန်ကို ခွင့်မပြုခဲ့ဘူးလေ။ စာတန်ကလည်း ဘုရား မိန့်ဆိုတာကို မဆန့်ကျင်နိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မလည်း ရင်ထဲမှာ နည်းနည်း ငြိမ်းချမ်းသွားတယ်။ ရှေ့မှာ ဘာတွေပဲကြုံကြုံ ရင်ဆိုင်ဖို့ ယုံကြည်ခြင်းရသွားတယ်။ ဘုရားသခင်ကိုလည်း တိုင်တည်တယ်၊ “ဘယ်လိုပဲဒုက္ခတွေ့ပါစေ၊ ဘယ်လိုတွေပဲကြုံရပါစေ၊ ကျွန်မက ကိုယ်တော့်နောက် ထာဝရလိုက်ပြီး၊ သက်သေခံပါ့မယ်” ပေါ့။ နောက်တော့ အဲဒီအမျိုးသားလုံခြုံရေးအဖွဲ့ ခေါင်းဆောင်က ကျွန်မကို စပြီး စစ်ဆေးတယ်။ သူက ဘာပြောလဲဆိုတော့၊ “အခုဟာက လောလောဆယ် ကျုပ်တို့မြို့မှာ တော်တော် ကြီးလေးတဲ့ပြစ်မှုပဲ။ ခင်ဗျားက ၂၀၀၁ မှာ တစ်ကြိမ် အဖမ်းခံရတယ်။ ၂၀၀၉ မှာလည်း ဧဝံဂေလိ ဖြန့်ဝေနေတယ်လို့ လူတစ်ယောက်က သတင်းပို့တယ်။ ခင်ဗျားကို ဖမ်းဖို့ ခဏခဏ ကြိုးစားတာတွေလည်း မအောင်မြင်ခဲ့ဘူး။ ဒီတစ်ခါတော့ စည်းဝေးပွဲ လုပ်နေတဲ့နေရာမှာကို ဖမ်းမိတာပဲ။ ဒီတော့ ခင်ဗျားက ဘာမှမပြောဘူးဆိုရင်တောင်၊ ထောင်ခုနစ်နှစ်ကနေ ဆယ်နှစ်အထိ ချလို့ရနေသေးတယ်။ ခင်ဗျားကို အမိန့်ချလိုက်ပြီဆိုတာနဲ့၊ ခင်ဗျားကလေးတွေကို ကောလိပ်က လက်ခံတော့မှာမဟုတ်ဘူး။ အစိုးရဝန်ထမ်းအလုပ်တွေလည်း ဘယ်တော့မှ ရကြမှာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားလိုအမေမျိုး ရှိနေတဲ့အတွက် လူတိုင်းက သူတို့ကို စော်စော်ကားကား ပြောကြလိမ့်မယ်။ သူတို့အနာဂတ်တွေကို ဖျက်ဆီးတဲ့အတွက် ခင်ဗျားကိုပဲ အပြစ်တင်လာမှာ။ သူတို့ဘဝတစ်လျှောက်လုံး ခင်ဗျားကို မုန်းသွားကြလိမ့်မယ်” တဲ့။ ပြီးတော့ သူက ပြောသေးတယ်၊ “ကိုယ့်အတွက်ကိုယ် မစဉ်းစားဘူးဆိုရင်တောင်၊ ကလေးတွေရဲ့ အနာဂတ်တွေကို စဉ်းစားကြည့်။ ကျုပ်တို့နဲ့ ပူးပေါင်းပြီး၊ ခင်ဗျား သိတာတွေကို ပြောပြ၊ ခင်ဗျားအပေါ်က ခေါင်းဆောင်ဆိုတာ ဘယ်သူလဲ၊ ပြီးတော့ အသင်းတော်ရဲ့ငွေတွေကိုလည်း ထုတ်ပေးမယ်ဆိုရင်၊ ခင်ဗျားကို လွှတ်ပေးလိုက်မယ်” တဲ့။ သူ အဲဒီလိုပြောတာတွေကို ကြားရတာ၊ ကျွန်မ တော်တော်ကို ရွံလာမိတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို နှိပ်ကွပ်ဖို့ဆိုရင် ဘာမဆိုလုပ်မှာပဲ။ ကျွန်မတို့ကလေးတွေကို တက္ကသိုလ် မတက်ရဖို့တောင် လုပ်နေကြတာလေ။ ဘုရားသခင်နဲ့ အသင်းတော်ကို သစ္စာဖောက်အောင် အကျပ်ကိုင်ဖို့၊ ကျွန်မကလေးတွေကို ပညာရေး ပိတ်ပင်မယ်ဆိုတဲ့ အဲဒီ အောက်တန်းကျတဲ့နည်းလမ်းကို သုံးကြတာ။ ပြီးတော့ ကျွန်မရဲ့ယုံကြည်ခြင်းကပဲ ကလေးတွေရဲ့ရှေ့ရေးကို ဖျက်ဆီးနေတယ်ဆိုပြီး သူတို့က ပြောသေးတယ်။ လုံးဝကို ပြောင်းပြန်ပဲ။ ကွန်မြူနစ်ပါတီက တော်တော်ကို ယုတ်မာတာပါ။ ဘုရားအမှုတော်ကို ဖျက်ဆီးဖို့၊ လူတွေကို ဘုရားဆီ ဦးမလှည့်အောင် တားဆီးဖို့အတွက်ဆိုရင်၊ သူတို့က ဘာမဆိုလုပ်ကြမှာ။ သူတို့စကားတွေက ချိုပေမဲ့၊ သူတို့လုပ်ရပ်တွေက အဆိပ်တွေပဲ။ ဒါကို နားလည်နေတော့၊ သူတို့ထောင်ချောက်ထဲ လုံးဝ ကျလို့မဖြစ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဘုရားသခင်အတွက်ပဲ သက်သေရပ်တည်ရမယ်ပေါ့။ သူတို့က ကျွန်မကို မနက်နှစ်နာရီကျော်တဲ့အထိ စစ်ဆေးတယ်။ ဘာမှ ပြောမှာမဟုတ်ဘူးဆိုတာ မြင်သွားတော့၊ ကျွန်မကို ထိန်းသိမ်းရေးစခန်းကို ပို့တယ်။ အရာရှိတစ်ယောက်က၊ “ဒီတစ်ခါတော့ ခင်ဗျား အမိန့်ချခံရပြီး ထောင်ကျမှာ” ဆိုပြီးပြောသွားတယ်။
ထိန်းသိမ်းရေးစခန်းမှာက ကျွန်မကို လူသတ်သမားတွေ၊ လူကုန်ကူးတဲ့လူတွေ၊ မကောင်းတဲ့မိန်းမတွေ၊ လူလိမ်တွေနဲ့ အတူတူထားတာ။ ကျွန်မ တကယ် ဝမ်းနည်းမိတယ်။ စိတ်ဓာတ်လည်း ကျတယ်။ အဲဒီမှာက အနံ့ဆိုးကြီးတစ်ခုနဲ့၊ မှောင်မည်းပြီး စိုထိုင်းထိုင်းဖြစ်နေတာ။ အဲဒီလိုပတ်ဝန်းကျင်မျိုးမှာ ကျွန်မမှာရှိတဲ့ ဒူလာရော၊ လေးဘက်နာလွန် နှလုံးရောဂါရော ပိုပိုပြီး ဆိုးလာတာပေါ့။ ရှိသမျှ အဆစ်အမြစ်တွေ အကုန်ကိုက်ခဲကုန်တာ။ ကျွန်မက ညတိုင်းလည်း နှစ်နာရီစာ ကင်းစောင့်ရတယ်။ ခဏလောက် မတ်တတ်ရပ်ပြီးတာနဲ့ နှလုံးက တလှပ်လှပ်ဖြစ်လာရော။ ရင်ဘတ်ထဲမှာ ကျပ်လာတယ်။ တော်တော်ကို ဆိုးတာ။ အရာရှိ ပြောသွားတဲ့ ခုနစ်နှစ်ကနေ ဆယ်နှစ်ထိ ကျလိမ့်မယ်ဆိုတာကို ကျွန်မ တွေးကြည့်တယ်။ ခုနစ်နှစ်ဆို ရက်ပေါင်း ဘယ်လောက်ရှိမလဲ၊ ဆယ်နှစ်ဆို ဘယ်လောက်ရှိမလဲဆိုတာတွေ စပြီးတွက်ကြည့်တယ်။ နေ့တွေညတွေက ထောင်နဲ့ချီပြီး ရှိလာမှာပဲ။ အဲဒါတွေကို ဒီအမှောင်ထုချောက်ကြီးထဲမှာ ကျွန်မ ကျော်ဖြတ်နိုင်ပါ့မလား။ ဒီကနေ ထွက်သွားရတဲ့အထိ အသက်ရှင်ပါဦးမလား။ ဒါကို စဉ်းစားရင်းနဲ့ မျက်ရည်တွေ မထိန်းနိုင်အောင် ကျလာတယ်။ ကိုယ့်စိတ်နှလုံးကို အမှောင်ထုက စိုးမိုးနေတာမျိုးပေါ့။ ငါက မှန်ကန်တဲ့အခြေအနေမှာ မရှိဘူးဆိုပြီး နားလည်သွားတယ်။ ဒါနဲ့ ကျွန်မ မြန်မြန် ဆုတောင်းမိတယ်၊ ဘုရားသခင်ရှေ့မှာ ငြိမ်သက်ခြင်းရှိအောင်၊ ကိုယ်တော့်ဆီက မသွေဖည်မိအောင် ကူညီပေးဖို့ တောင်းလျှောက်တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို စဉ်းစားမိတယ်၊ “ဤကျယ်ပြောသော လောကတွင်၊ မည်သူသည် ငါ၏ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခြင်းကို ခံရဖူးသနည်း။ ငါ့ဝိညာဉ်၏ နှုတ်ကပတ်တော်များကို မည်သူသည် ကိုယ်တိုင်ကိုယ်ကျ ကြားဖူးသနည်း။ များစွာသော လူတို့သည် အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် ရှာဖွေကြ၏။ လူများစွာတို့သည် အခက်အခဲအလယ်တွင် ဆုတောင်းကြ၏။ များစွာသော သူတို့သည် ဆာလောင်ကာ အေး၏၊ မျှော်လင့်ခြင်းဖြင့် စောင့်ကြည့်သကဲ့သို့၊ များစွာတို့သည် စာတန်၏ချည်နှောင်ခြင်း ခံရ၏။ သို့ရာတွင် များစွာသော သူတို့သည် အဘယ်သို့ လှည့်ရမည်ကို မသိကြ၊ များစွာသောသူတို့သည် ၎င်းတို့၏ ပျော်ရွှင်မှုအလယ်တွင် ငါ့ကို သစ္စာဖောက်ကြ၏၊ များစွာတို့သည် ကျေးဇူးကန်းကြပြီး၊ များစွာတို့သည် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကို သစ္စာစောင့် သိကြ၏။ သင်တို့ထဲမှ မည်သူသည် ယောဘဖြစ်သနည်း။ မည်သူသည် ပေတရုဖြစ်သနည်း။ ငါသည် အဘယ်ကြောင့် ယောဘကို အဖန်ဖန် ပြောဆိုခဲ့သနည်း။ ငါသည် အဘယ့်ကြောင့် ပေတရုကို ကြိမ်ဖန်များစွာ ရည်ညွှန်းပြီးဖြစ်သနည်း။ သင်တို့အတွက် ငါ၏မျှော်လင့်ချက်များ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သေချာအောင် လေ့လာစိစစ်ဖူးပါသလော။ ထိုသို့သောအရာများကို တွေးဆရာတွင် သင်တို့ အချိန် ပိုကုန်ဆုံးသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)) ဒါကို ဆင်ခြင်ကြည့်တော့မှ ကျွန်မ နားလည်သွားတယ်။ ဘုရားက ယောဘနဲ့ ပေတရုတို့လို လူတွေကို သဘောကျတယ်ဆိုတာ၊ သူတို့က ဆင်းရဲဒုက္ခတွေနဲ့ စမ်းသပ်မှုတွေကြားမှာ ဘုရားကို သက်သေရပ်တည်နိုင်လို့ပဲ။ ဥပမာ ယောဘပေါ့။ စမ်းသပ်မှုတွေ ကြုံရတဲ့အချိန်မှာ၊ သူ့ဥစ္စာဓနတွေနဲ့ သားသမီးတွေ အကုန်ဆုံးရှုံးရတယ်။ သူ့တစ်ကိုယ်လုံး အနာစိမ်းတွေ ပေါက်တယ်။ ဒါပေမဲ့ သူက ဘုရားရဲ့နာမတော်ကို ချီးမွမ်းနိုင်နေသေးတော့၊ စာတန်ပဲ အရှက်ရသွားတယ်။ ပြီးတော့ ရှင်ပေတရုဆိုရင် ဘုရားအတွက် သက်သေခံအဖြစ်နဲ့ သေတဲ့အထိ နာခံပြီး၊ ကားတိုင်တင်ခံသွားတာ။ ကျွန်မကျတော့ ဘုရားနှုတ်ကပတ်တော်တွေကနေ အာဟာရတွေ အများကြီး ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဆင်းရဲဒုက္ခနည်းနည်းလေး ရင်ဆိုင်ရပြီဆိုတာနဲ့၊ ကျွန်မက ထွက်ပြေးချင်တာ။ ငါ့မှာ စစ်မှန်တဲ့ယုံကြည်ခြင်း၊ နာခံခြင်း မရှိဘူး။ သက်သေခံဖို့အတွက် ကိုယ့်ဘဝကို ဆက်ကပ်ချင်စိတ် မရှိဘူးဆိုပြီး မြင်သွားတယ်။ ကျွန်မက ဘုရားသခင် တောင်းဆိုတာတွေနဲ့ တခြားစီဖြစ်ခဲ့တာပါ။ ကိုယ့်ဘဝကို ဖက်တွယ်လွန်းတယ်လေ။ ဘုရားအတွက် ဘယ်လိုလုပ် သက်သေခံနိုင်ပါ့မလဲ။ ကျွန်မလည်း ဒီအတွေးနဲ့ တကယ် နောင်တရပြီး၊ အပြစ်ရှိတယ်လို့ ထင်မိတယ်။ ဘုရားသခင်ကိုလည်း ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့သေခြင်းနဲ့ ရှင်ခြင်းကို ကိုယ်တော့်လက်ထဲ အပ်ဖို့ အသင့်ပါပဲ။ ကိုယ်တော့်အစီအစဉ်တွေကို ကျွန်မ နာခံပါ့မယ်။ ထောင်ဒဏ် ဘယ်နှနှစ်ပဲကျကျ၊ ဘယ်လိုပဲ ဆင်းရဲဒုက္ခရောက်ရောက်၊ ကိုယ်တော့်အတွက် သက်သေခံပြီး၊ စာတန်ကို အရှက်ရစေချင်ပါတယ် ဘုရားသခင်” ပေါ့။ ကျွန်မ အံ့သြရတာက၊ ကျွန်မက အရာအားလုံးကို ဆက်ကပ်ပြီး ဇာတိနဲ့ ချုပ်ကိုင်မခံတော့ဘူးဆိုတဲ့အချိန်၊ ထိန်းသိမ်းရေးစခန်း ရောက်တဲ့ ၂၈ ရက်မြောက်နေ့မှာ ပြန်လွတ်တယ်။ ကျွန်မရဲ့ခင်ပွန်းဟောင်းက ကျွန်မ ထောင်ဒဏ်ကျသွားရင် ကလေးတွေရဲ့ တက္ကသိုလ်ဝင်ခွင့် ထိခိုက်မှာစိုးလို့၊ ပြန်လွတ်အောင် လာဘ်ထိုးခဲ့ရတယ်ဆိုတာ ကျွန်မ နောက်မှ သိရတယ်။ ကျွန်မလည်း ရင်ထဲမှာ ဘုရားသခင်ကို တိတ်တိတ်လေး ကျေးဇူးတွေတင်မိတယ်။
ကျွန်မခင်ပွန်းဟောင်းက ကျွန်မ လွတ်တဲ့နေ့မှာ ထိန်းသိမ်းရေးစခန်းကို ကားနဲ့ရောက်လာတယ်။ တစ်လလောက်အချိန်အတွင်း ကျွန်မက တော်တော် ပိန်ကျသွားတာတွေ၊ လုံးဝ ပုံစံပြောင်းသွားတာတွေ မြင်တော့၊ သူက ကျွန်မကို၊ “မင်းက တစ်လလောက်နဲ့တင် တော်တော် ပိန်ကျသွားတာ။ နှစ်တွေအများကြီးဆို မင်း ခံနိုင်မှာမဟုတ်ဘူး။ ဒီတစ်ခါတော့ မင်း စွန့်လွှတ်တော့မယ်မဟုတ်လား” ဆိုပြီး မေးတယ်။ ကျွန်မက ပြန်မဖြေတော့၊ သူက ထပ်ပြီးတိုက်တွန်းတယ်။ “ပြောစမ်းပါ၊ မင်း ယုံကြည်တာကို ရပ်တော့မယ်မဟုတ်လား” တဲ့။ ဒါက ဝိညာဉ်ရေးလောကရဲ့တိုက်ပွဲတစ်ခုဆိုတာ ကျွန်မ သဘောပေါက်တယ်။ ကျွန်မအနေနဲ့ ဘုရားသခင်အတွက် သက်သေရပ်တည်ရမဲ့ အချိန်ပဲ။ ကျွန်မလည်း သူ့ကို တော်တော် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်၊ “ကျွန်မ ဆက်ပြီး ယုံကြည်ရမှာပဲ။ ယုံကြည်ခြင်းရှိတယ်ဆိုတာ မှန်ကန်တယ်၊ သဘာဝကျတယ်။ ကျွန်မ အသက်ရှင်နေသရွေ့ ယုံကြည်နေမယ်” ပေါ့။ ကျွန်မ ဒီလိုပြောတာကို ကြားတော့၊ သူက ဒေါသထွက်ပြီး စတီယာရင်ကို ထုတယ်။ ပြီးတော့ ခေါင်းတခါခါနဲ့ သက်ပြင်းတွေချပြီး၊ ပြောတော့တာပဲ၊ “ငါတော့ မင်းတို့ဘုရားသခင်ကို ချီးမွမ်းရတော့မှာပဲ။ ပါတီက လူတွေကို သိမ်းသွင်းဖို့ ရှိသမျှနည်းလမ်းတွေနဲ့ ကြိုးစားလည်း တစ်ခါမှ မအောင်မြင်ဘူး။ ဒါပေမဲ့ မင်းတို့ယုံကြည်သူတွေကျတော့ ပစ္စည်းဥစ္စာအကျိုးအမြတ်လည်း မရ၊ ခဏခဏ အဖမ်းခံရတာတောင်၊ မရမက ယုံကြည်နေကြတယ်။ မင်းတို့ဘုရားသခင်က တကယ်ကို ထူးခြားတာပဲ” တဲ့။ သူ ဒီလိုပြောတာ ကြားရတော့၊ ကျွန်မ တကယ်ကို လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ သက်သေခံဖို့၊ စာတန်ကို အရှက်ခွဲအနိုင်ယူဖို့၊ ကျွန်မကို လမ်းပြပေးတဲ့ ဘုရားကိုလည်း ကျေးဇူးတင်မိတယ်။ ဘုရားသခင်ကျေးဇူးပါပဲ။
ကျွန်မ လွတ်လာပြီး တစ်ရက်နှစ်ရက်မှာပေါ့၊ ကျွန်မသားက ကျောင်းက ပြန်လာတယ်၊ ကျွန်မက သူ အကြိုက်ဆုံး မှိုနဲ့ကြက်သားဟင်း ချက်ပေးထားတယ်။ စားသောက်ပြီးတော့ သူက ကျွန်မကို တော်တော် လေးလေးနက်နက်နဲ့ စကားပြောလာတယ်။ သူက ဘာပြောလဲဆိုတော့၊ “အမေ ဒီနေ့ ရွေးချယ်တာတစ်ခု လုပ်ရမယ်။ ကျွန်တော့်ကို အမေ့သားလို့ ဆက်ပြီး သတ်မှတ်ချင်တယ်ဆိုရင်၊ အမေ့ယုံကြည်ခြင်းကို စွန့်ရမယ်။ အမေ့ဘာသာရေးမှာပဲ ဆက်နေချင်တယ်ဆိုရင်၊ ကျွန်တော် အိမ်မှာ မနေတော့ဘူး။ ကျွန်တော့်ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး” တဲ့။ ကျွန်မ တုန်လှုပ်သွားတာ။ သူက ကျွန်မနဲ့ဆို အမြဲတမ်း နီးနီးကပ်ကပ် နေလာခဲ့တာ။ ကျွန်မရဲ့ယုံကြည်ခြင်းကိုလည်း တစ်ခါမှ မကန့်ကွက်ခဲ့ဖူးဘူး။ အဲဒီနေ့မှာ သူ ဘာဖြစ်လို့ အဲဒီလိုပြောလာမှန်း ကျွန်မလည်း မသိဘူး။ သူက ရုတ်တရက် သူစိမ်းတစ်ယောက်လို ဖြစ်သွားတာ။ ကျွန်မလည်း ခဏလောက် စကားမပြောနိုင်ဘူး။ အဲဒီအချိန်မှာ တကယ်ကို နာကျင်ရတယ်။ ဒီ ယုံကြည်ခြင်းလမ်းက တကယ်ကို ဆင်းရဲဒုက္ခတွေ၊ ပျော်ရွှင်ဝမ်းနည်းရတာတွေ အပြည့်ပါလားဆိုပြီး တွေးမိတယ်။ ခြေလှမ်းတိုင်းမှာ ရွေးချယ်စရာတစ်ခု ရှိနေတာကိုး။ အဲဒီအချိန်မှာ ဆုံးဖြတ်ရတာ ခက်ခဲလွန်းတယ်လို့ ထင်မိတယ်။ ဒါနဲ့ ကျွန်မလည်း “ဘုရားသခင် ကျွန်မ ကိုယ်တော့်ကို စွန့်ပယ်လို့မဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့သားကိုလည်း မဆုံးရှုံးချင်ဘူး။ ကိုယ်တော့်အလိုကို နားလည်အောင် လမ်းပြတော်မူပါ ဘုရားသခင်” ဆိုပြီး ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို စဉ်းစားမိရော။ ဘုရားသခင်က ပြောသည်- “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မက နောက်ထပ် ဝိညာဉ်ရေးတိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရတာပဲ။ ကျွန်မရဲ့သားက ကျွန်မကို ရွေးချယ်ခိုင်းနေတယ်လို့ ထင်ရပေမဲ့၊ အဲဒီနောက်ကွယ်မှာ စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်နေတာ၊ တိုက်ခိုက်နေတာပါ။ ဒီတစ်ခါတော့ ဘုရားက ကျွန်မရဲ့ဆုံးဖြတ်ချက်ကို စောင့်နေတယ်လို့လည်း ခံစားမိတယ်။ ကျွန်မက ဇာတိတွယ်တာမှုကြောင့် ကိုယ့်သားကို ရွေးမလား၊ ကိုယ်တော့်ကို ရွေးချယ်မလားဆိုတာ၊ ဘုရားသခင်က မြင်ချင်တာ။ ကျွန်မလည်း ဘုရားသခင် စိတ်ပျက်ရတာမျိုး မဖြစ်ချင်ဘူး။ စာတန် အရှက်ရအောင် သက်သေခံရမယ်ဆိုတာ သိတယ်။ ဒါနဲ့ ကျွန်မရဲ့သားကို၊ “အမေက ဘုရားဆီကနေ သွေဖည်လို့မဖြစ်ဘူး။ ဘုရားကို စွန့်ပယ်ဖို့ ရွေးတယ်ဆိုတာ ဒီနေ့ မင်းက အမေ့ကို ထားခဲ့ဖို့ ဆုံးဖြတ်တာမျိုးနဲ့ အတူတူပဲ။ အဆင်ခြင်မဲ့လွန်းသလို ဖြစ်မယ်။ ဘုရားသခင် စိတ်ပျက်ရလိမ့်မယ်။ အမေက ဘုရားသခင်နောက်ပဲ အမြဲတမ်းလိုက်မယ်။ အဲဒါ အမေ့ရွေးချယ်မှုပဲ” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မ ဒီလိုပြောတာကို ကြားတော့၊ သူက ငိုပြီးထွက်သွားရော။ အဲဒီအချိန်မှာလည်း ကျွန်မ ဝမ်းနည်းရတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ရွေးချယ်မှု လုပ်လိုက်ပြီဆိုတာ ကျွန်မ သိတယ်။
နာရီဝက်လောက်ကြာတော့ သူက ပြန်ရောက်လာပြီး၊ ကျွန်မကို ပြောတယ်၊ “ကျွန်တော် မှားသွားတယ်၊ အမေ။ ကျွန်တော် အဲဒီလို မရွေးချယ်ခိုင်းသင့်ဘူး။ အဖေက ကျွန်တော့်ကို ပြောလို့ပါ၊ အမေ့ကို စောင့်ကြည့်ဖို့၊ ဘာသာရေးကို စွန့်လွှတ်လားဆိုတာ သေချာအောင်လုပ်ဖို့၊ ရဲတွေက ပြောထားတယ်တဲ့။ အမေက နှစ်ခါတောင် အဖမ်းခံရပြီးပြီဆိုတော့၊ နောက်တစ်ခါ အဖမ်းခံရလို့ လုံးဝ မလွတ်တော့ဘူးဆိုရင်၊ ကျွန်တော့်မှာ အမေရှိတော့မှာမဟုတ်ဘူး။ အမေ့ယုံကြည်ခြင်းကို စွန့်လွှတ်အောင်၊ ခုန နည်းလမ်းကို သုံးမိတာပါ” တဲ့။ သူ ဒီလိုရှင်းပြတာကို ကြားတော့ ကျွန်မလည်း ဘုရားကို ဆန့်ကျင်တဲ့ အဲဒီကွန်မြူနစ်ပါတီ မကောင်းဆိုးဝါးတွေကို ရွံလို့မဆုံး ဖြစ်သွားတယ်။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံး၊ ကျွန်မကို ဥပဒေမဲ့ဖမ်းပြီး၊ ခဏခဏ ထောင်ချခဲ့ကြတာ။ ကျွန်မမိသားစုလည်း ပြိုကွဲရတယ်၊ ကျွန်မရဲ့အမျိုးသားနဲ့ ကလေးတွေကိုလည်း မဆီမဆိုင် ဆွဲထည့်တယ်။ ဒါတွေအားလုံးက ပါတီရဲ့လုပ်ရပ်တွေပဲ။ ကျွန်မက သူတို့ကို ကျောခိုင်းပြီး ဘုရားနောက် လိုက်ဖို့၊ သံမဏိစိတ်ဓာတ်နဲ့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့တာ။
ဒီလို စုံစမ်းသွေးဆောင်တဲ့ အချိန်တွေတစ်လျှောက်လုံး၊ စာတန်ရဲ့လှည့်ကွက်တွေကို မြင်အောင်၊ ဘုရားနှုတ်ကပတ်တော်တွေက လမ်းပြခဲ့တယ်။ ဘုရားအပေါ် ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ ကိုယ်တော့်နောက် လိုက်ဖို့ ဆုံးဖြတ်ချက်ကို အားဖြည့်ပေးခဲ့တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တန်ခိုးအာဏာကို ကျွန်မ မြင်နိုင်ခဲ့တယ်။ ဘုရားရဲ့ဉာဏ်ပညာက စာတန်ရဲ့လှည့်စားမှုပေါ် အခြေခံပြီး ကျင့်သုံးမှန်း နားလည်သွားတယ်။ အဲဒီပါတီက ဘယ်လိုပဲ ယုတ်မာရိုင်းစိုင်းပါစေ၊ ဘုရားရဲ့အမှုတော်ကို မဟန့်တားနိုင်ပါဘူး။ ဘုရားက ပါတီရဲ့ဖိနှိပ်မှုကို ခွင့်ပြုတယ်ဆိုတာ၊ အောင်မြင်သူများအုပ်စုတစ်ခုကို ပြုလုပ်ဖို့ အသုံးချနေတာပါ။ ဘုရားက ဘယ်လောက် အမြော်အမြင်ရှိတယ်၊ အနန္တတန်ခိုးရှိတယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဝေးရှောင် စပိန်နိုင်ငံ ဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က...
ပြီးခဲ့တဲ့တစ်ချိန်တုန်းက၊ အဖွဲ့ခေါင်းဆောင် အစ်မလီက ဝမ်မေကို ရေလောင်းသူအနေနဲ့ အဆိုပြုခဲ့တယ်။ သူ့လူ့သဘာဝက တော်တော်ညံ့တယ်လို့ ကျွန်မ...
ချင်ဟွေး၊ ဟေလုံကျန်းစီရင်စု ၁၉၉၄ ခုနှစ်တွင်၊ ကျွန်တော့် အမေနှင့်အတူ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါသည်။...
၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့...