တာဝန်တစ်ခုတွင် အရန်အစီအစဉ်များ မကြံစည်နှင့်
ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် ကျွန်မနားက ညီအစ်ကိုမောင်နှမတွေက တာဝန်တွေကို ခဏခဏ ပြောင်းရွှေ့ရတယ်။ တချို့ကတော့ အရည်အချင်းမရှိတာကြောင့် နောက်ပိုင်းမှာ တခြားတာဝန်တွေမှာ ချပေးတာခံရတယ်။ ဒါတွေအားလုံးက ကျွန်မအတွက် တော်တော် မတည်ငြိမ်သလိုခံစားရတယ်။ ကျွန်မ စဉ်းစားတယ်။ “တစ်နေ့မှာ ငါက ပြောင်းရွှေ့ခံရရင် ဘာတာဝန်ကို ငါ့အတွက် စီစဉ်ပေးမလဲဆိုတာ မသိရဘူး။ ငါ မကျွမ်းကျင်တဲ့အလုပ်ဆိုရင်၊ ငါက ထိရောက်မှုမရှိရင် ထပ်ပြီး ပြောင်းရွှေ့ခံရနိုင်တယ်။ ငါ့အတွက် သင့်တော်တဲ့တာဝန်လုံးဝမရှိဘူးဆိုရင် ငါက ထုတ်ပယ်ခံရပြီး ကယ်တင်ခြင်းမခံရနိုင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား” ပေါ့။ ဒါကို တွေးမိတော့ ကျွန်မတကယ်ကို ပြောင်းရွှေ့မခံချင်ဘူး။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်မတာဝန်က တည်ငြိမ်နေတာ ကံကောင်းတယ်လို့ ခံစားမိတယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့အဖွဲ့က အလုပ်ပမာဏက တဖြည်းဖြည်းချင်း လျော့လာတယ်။ တချို့ညီအစ်ကိုမောင်နှမတွေက တခြားတာဝန်တွေကို ပြောင်းရတယ်။ အဲဒါနဲ့ ကျွန်မ စပြီး စိတ်ပူလာပြီးတော့ တွေးမိတယ်။ “ငါက အကောင်းဆုံး အတတ်ပညာပိုင်းကျွမ်းကျင်မှုမရှိဘူး။ ငါလည်း ပြောင်းရွှေ့ခံရနိုင်တယ်။ ငါ့မှာ တခြား ဘာအထူးကျွမ်းကျင်မှုမှမရှိဘူး။ ဒီတော့ သီချင်းရေးတဲ့အလုပ်မရှိဘဲ တခြားဘာကို လုပ်နိုင်မှာလဲ။ နောက်ဆုံးမှာ ဘယ်တာဝန်မှ မထမ်းဆောင်ရင် ထုတ်ပယ်ခံရတာနဲ့ အတူတူပဲမဟုတ်ဘူးလား” ပေါ့။ ဒီလိုစိုးရိမ်ကြောက်ရွံ့နေရတဲ့ အခြေအနေမှာ ကျွန်မ အကြာကြီး ရှင်သန်ခဲ့ရတယ်။ ကျွန်မနားက ဘယ်သူက ပြောင်းရွှေ့ခံရပါစေ ကျွန်မရဲ့ အနာဂတ်အတွက် အရမ်းစိတ်ပူမိတယ်။
မနှစ်တုန်းက ဇူလိုင်လမှာ ကျွန်မရဲ့ပိုနေတဲ့အချိန်မှာ အချိန်ပိုင်းအလုပ်လုပ်ဖို့ ခေါင်းဆောင်က ပြောတယ်။ အလုပ်နဲ့ ကျွန်မကို မိတ်ဆက်ပေးပြီး ခေါင်းဆောင်က သာမန်ကာလျှံကာပြောတယ်။ “ဒီအလုပ်က ဆက်သွားမှာ။ ဒီတော့ အခြေချပြီး ဒီအလုပ်ကို ကောင်းကောင်းလုပ်ပါ” တဲ့။ ဒါကိုကြားရတော့ ကျွန်မ စိတ်နှလုံးက လင်းလက်သွားတယ်။ ဘာကြောင့်လဲဆိုရင် ဒီအလုပ်က သီချင်းရေးတဲ့အလုပ်ထက်ပို တည်ငြိမ်ပြီး ရေရှည်မြဲမယ့်ပုံစံရှိတယ်လေ။ ဒီအဖွဲ့ကလူတွေက ဒီလူနည်းနည်းပဲရှိပုံရတယ်။ တချို့တွေက ဒီအလုပ်ကို ခြောက်နှစ်၊ ခုနစ်နှစ်ကြာအောင်လုပ်နေပြီး လုံးဝမပြောင်းရွှေ့ခံရဘူး။ ဒါ ပိုကောင်းတဲ့အလုပ် ဖြစ်ပုံရတယ်။ ဒါကို ကျွန်မ တတ်နိုင်သမျှအမြန်ဆုံး လေ့ကျင့်ပြီး ကျွမ်းကျင်အောင်လုပ်ရမယ်။ တစ်နေ့မှာ ကျွန်မ အပြောင်းရွှေ့ခံရရင် အရန်အစီအစဉ် ရှိသေးတာပဲပေါ့။ ကျွန်မ ကောင်းကောင်းလေ့ကျင့်ပြီး အမှားအကြီးစားတွေ မလုပ်သရွေ့ ဒီအလုပ်ကို အမြဲတမ်းဆက်လုပ်နေနိုင်တယ်။ တာဝန်မရှိတဲ့အတွက် ထုတ်ပယ်ခံရမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။ ဒီလိုစဉ်းစားမိတော့ အရမ်းကို စိတ်ချလက်ချဖြစ်ပြီး ကျွန်မ တော်တော်ပျော်သွားတယ်။ ဒီလိုကောင်းတဲ့ အခွင့်အလမ်းကိုရတာဟာ တကယ်ကို ဘုရားရဲ့ ကျေးဇူးတော်ပဲလို့ ခံစားမိတယ်။ အဲဒီအချိန်ကစပြီး ဒီအချိန်ပိုင်းအလုပ်ကို ကျွန်မ အထူးအာရုံစိုက်တယ်။ ကျွန်မနားမလည်တာတွေကို ကြုံရရင် တခြားညီအစ်ကိုမောင်နှမတွေကို မေးပြီး အမြန်ကျွမ်းကျင်ဖို့ မျှော်လင့်မိတယ်။
မျှော်လင့်မထားဘဲနဲ့ လဝက်ကျော်လောက်တင်မှာပဲ ကျွန်မရဲ့ သီချင်းရေးတဲ့အလုပ်က စပြီး အလုပ်ရှုပ်လာတယ်။ ဒီတော့ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်ကို အရေးစိုက်ဖို့ အချိန်နဲ့ အားအင်မရှိဘူး။ ဒါပေမဲ့ ကျွန်မက အချိန်ပိုင်းအလုပ်ကို အာရုံစိုက်နေတုန်းပဲ။ ဘာကြောင့်လဲဆိုရင် ကျွန်မကို ချပေးထားတဲ့အလုပ်ကို မပြီးရင် ဒီအရန်အစီအအစဉ်ကို ဆုံးရှုံးရနိုင်ခြေတော်တော်များမှာကို စိတ်ပူမိလို့ပေါ့။ အဲဒါနဲ့ သုံးလေးရက်လောက် နှောင့်နှေးတာ ဘာမှမဖြစ်လောက်ပါဘူးလို့ စဉ်းစားပြီး ကျွန်မရဲ့ သီချင်းရေးတဲ့အလုပ်ကို ရသလောက် ရွှေ့ဆိုင်းထားလိုက်တယ်။ ဒါပေမဲ့ ကျွန်မက အလျင်လိုတာကြောင့် ခဏခဏ ပြာယာခတ်နေတယ်။ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်မှာ ခဏခဏ ပေါ့ဆတယ်။ ဒီအမှားတွေကိုပဲ ထပ်ခါထပ်ခါလုပ်တယ်။ ကျွန်မက အချိန်ပိုင်းအလုပ်မှာ အချိန်တွေအားလုံး အသုံးချနေပြီး ကျွန်မရဲ့ အဓိအလုပ်က နှောင့်နှေးတာတွေဖြစ်နေတာကို အဖွဲ့ခေါင်းဆောင်ကမြင်ပြီးတော့ အလုပ်နှစ်ခုလုံးကို ကျွန်မ အာရုံစိုက်နိုင်မလားဆိုတာ ထည့်စဉ်းစားဖို့ ကျွန်မကို ပြောတယ်။ အလုပ်နှစ်ခုလုံးကို ကျွန်မ မကိုင်တွယ်နိုင်ဘူးဆိုတာ၊ သီချင်းရေးတဲ့အလုပ်မှာ နှောင့်နှေးနေတယ်ဆိုတာ သိပေမဲ့ ကျွန်မက ဝန်မခံချင်သေးဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်မက အလုပ်များလွန်းတယ်လို့ ပြောလိုက်တာနဲ့ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်လုပ်နေတာကနေ အရပ်ခံရဖို့များတယ်။ ဒါဆိုရင် ဒီရေရှည်ခံပြီး တည်ငြိမ်တဲ့အလုပ်ကို ဆုံးရှုံးရမယ်ဆိုတဲ့ သဘောပဲလေ။ ဒါကို ကျွန်မ လက်မခံနိုင်ဘူး။ အဲဒါနဲ့ အဖွဲ့ခေါင်းဆောင်ကို ကျွန်မ ဆင်ခြေနည်းနည်းပေးလိုက်တယ်။ အလုပ်နှစ်ခုလုံးမှာ တစ်ချိန်တည်းရောက်လာတဲ့ အရေးကြီးတာဝန်တွေ ရှိတယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးက ရံဖန်ရံခါပဲ ဖြစ်တာ။ အချိန်အများစုမှာ မဖြစ်ဘူး။ ကျွန်မက အချိန်ပိုင်းအလုပ်မှာ လူသစ်ပဲရှိသေးတယ်၊ ဒါပေမဲ့ ရင်းနှီးလာတာနဲ့ ပိုကောင်းသွားမှာ၊ ကျင့်သားရအောင် အချိန်နည်းနည်းပဲ ပိုလိုတယ်ဆိုပြီး ထပ်ဖြည့်ပြောလိုက်တယ်။ အဲဒါအပြင်ကို ကျွန်မက အရင်ထက် ပိုအလုပ်ရှုပ်ပေမဲ့ တာဝန်ချိန်အတွင်းမှာ ကျွန်မအချိန်ကို ဖြည့်ပေးတယ်လို့ ပြောလိုက်တယ်။ အဲဒီနောက်တော့ အဖွဲ့ခေါင်းဆောင်က ဘာမှထပ်မပြောတော့ဘူး။
သုံးလေးရက်ကြာတော့ သူက ကျွန်မကို အလုပ်နှစ်ခုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပိုပြီးရှာဖွေဖို့၊ ဘုရားအလိုတော်နဲ့အညီ ဘယ်လိုလက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ ရှာဖွေဖို့ ထပ်ပြီး သတိပေးတယ်။ ကျွန်မက အချိန်ပိုင်းအလုပ်ကို တကယ်ကိုကိုင်ထားချင်တယ်ဆိုတာကို သူမြင်နိုင်တယ်လို့လည်း ပြောပြီး ကျွန်မမှာ မမှန်ကန်တဲ့ အမြင်၊ ရည်ရွယ်ချက်တစ်ခုခုရှိသလားဆိုတာ ဆင်ခြင်ကြည့်ဖို့ ပြောတယ်။ အဖွဲ့ခေါင်းဆောင်က ဒီလိုပြောတာကို ကျွန်မကြားတော့ အချိန်ပိုင်းအလုပ်ကို ကိုင်ထားချင်တာကို ကျွန်မ ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အလုပ်ကို လိုအပ်သလို ဦးစားပေးလုပ်နေတာလို့ ခံစားမိတယ်။ အရေးတကြီးဖြစ်တဲ့ ဘယ်အလုပ်ကိုမဆို ကျွန်မ အချိန်ပိုသုံးတယ်။ ဒါက မှန်ကန်တဲ့ ပုံစံရှိတယ်လေ။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ အဖွဲ့ခေါင်းဆောင်က သတိပေးတာရဲ့နောက်ကွယ်မှာ ဘုရားအလိုတော်ရှိနေပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ဆင်ခြင်ရမယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် အဖွဲ့ခေါင်းဆောင်ရဲ့ သတိပေးချက်က ကိုယ်တော့်အလိုတော်ပါဝင်တာကို သမီး သိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဘယ်နေရာကနေ စရမှန်း မသိပါဘူး။ သမီး အနည်းငယ်ဝမ်းနည်းနေပါတယ်။ ဒါကြောင့် သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ တာဝန်အပေါ် ကျွန်မသဘောထားကို ဆင်ခြင်ကြည့်ဖို့ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ဘာကြောင့်သတိပေးခဲ့တာလဲဆိုတာ တွေးမိတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတာဖြစ်နိုင်မလား ပေါ့။ ကျွန်မမှာ အချိန်ပိုင်းအလုပ် မရှိခင်တုန်းက သီချင်းရေးတဲ့အလုပ်ကို ချစ်မြတ်နိုးဆဲပဲဆိုတာ ကျွန်မ သတိထားမိတယ်။ ဒါကို ကျွန်မရဲ့ တစ်ခုတည်းသောထွက်ပေါက်ပဲလို့ မြင်ပြီး ဆုံးရှုံးရမှာကို ကြောက်တယ်။ အချိန်ပိုင်းအလုပ်ကို ကျွန်မစလုပ်ပြီး ဒီအလုပ်က ကျွန်မရဲ့ အဓိကအလုပ်ထက် ပိုတည်ငြိမ်ပြီး ရေရှည်ခံတာကို မြင်တဲ့အခါ ဒီအလုပ်ကို ကိုင်ထားဖို့ ကျွန်မ တတ်နိုင်သမျှ လုပ်ချင်ခဲ့တယ်။ ကျွန်မမှာ တည်ငြိမ်ပြီး ရေရှည်ခံတဲ့ တာဝန်ရှိပြီး အစားထိုးမခံရမှသာ ကယ်တင်ခြင်းခံရဖို့ အာမခံနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒီအချိန်မှာ ကိုယ့်တာဝန်ကို ကျွန်မ ထမ်းဆောင်တာမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရောထွေးနေတယ်ဆိုတာ နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ အရွှေ့ပြောင်းခံရတဲ့ ညီအစ်ကိုမောင်နှမအများစုက ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်တယ်။ ဘာလို့ ကျွန်မ အတွေးတွေက အရမ်းရှုပ်ထွေးနေတာလဲ။ ဘာလို့ စိုးရိမ်ကြောက်ရွံ့မှုတွေ အများကြီးရှိနေတာလဲ ပေါ့။ ကျွန်မ ဆက်ပြီးတော့ ဘုရားကို ဆုတောင်းတယ်၊ ရှာဖွေတယ်။ ဖတ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ရဲ့ သက်ဆိုင်မှုရှိတဲ့ အပိုင်းတွေရှာတယ်။
အန္တိခရစ်တွေရဲ့ စိတ်သဘောထားကို ဘုရားသခင်ဖွင့်ပြတဲ့ အပိုဒ်တစ်ပိုဒ်က ကျွန်မအခြေအနေအတွက် အရမ်းတိကျတယ်။ ဘုရားသခင်က ပြောသည်- “၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။...အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ ဘဝများကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ၎င်းတို့၏ ကောင်းချီးအိပ်မက်များ ပျက်စီးခြင်းကို ကာကွယ်ရန် ဘုရားအိမ်တော်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့က သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဖက်တွယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကောင်းချီးရရန် ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) တာဝန်ပြောင်းရွှေ့ခြင်းအပေး အန္တိခရစ်တွေရဲ့ သဘောထားကို ဘုရားသခင် ဖွင့်ပြခြင်းက လုံးဝ ကျွန်မနဲ့ ကိုက်တယ်။ ကျွန်မက ဘုရားအိမ်တော်မှာနေပြီး ထုတ်ပယ်တာမခံရဖို့အတွက် ရေရှည်ဖြစ်ပြီး တည်ငြိမ်တဲ့ တာဝန်တစ်ခုကို လိုချင်တာကြောင့် ကျွန်မရဲ့ အချိန်ပိုင်းအလုပ်ကို ထိန်းသိမ်းဖို့ ကြိုးစားရင်းနဲ့ ဦးနှောက်ခြောက်ခံစဉ်းစားတယ်။ ကျွန်မလုပ်သမျှက ကောင်းချီးရဖို့ပဲ။ ဒါက ကျွန်မရဲ့ တကယ့် ရည်ရွယ်ချက်ပဲ။ တကယ်တော့ အသင်းတော်မှာ လူတစ်ယောက်က ဘယ်တာဝန်ကိုပဲ ပြောင်းရွှေ့ခံရပါစေ အဲဒါက အလုပ်လိုအပ်ချက်တွေအပေါ် အခြေခံတယ်။ ဒါက လုံးဝ သာမန်ပါပဲ။ ဒါပေမဲ့ အန္တိခရစ်တွေက မကောင်းတဲ့ စိတ်သဘောထားရှိတယ်။ ဒါကြောင့် ဒီကိစ္စကို ပုံမှန်မဟုတ်တဲ့ နည်းနဲ့ တွေးတယ်။ ဘုရားအိမ်တော်ထဲက ဘယ်သူ့ကိုမှ ယုံလို့မရဘူး၊ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့ ထင်ကြတယ်။ သူတို့က အပြန်အလှန် ရွှေ့ပြောင်းခံရတဲ့အခါမှာ ဂရုမစိုက်ရင် အထုတ်ခံရပြီး ခရီးပန်းတိုင်ပျောက်မယ်လို့ ထင်ကြတယ်။ ဒါကြောင့် သူတို့က ဂရုတစိုက်စီစဉ်ပြီး ပြင်ဆင်ဖို့၊ သတိရှိဖို့၊ အရန်အစီအစဉ်တစ်ခုရှိထားဖို့ လိုအပ်ကြတယ်။ အဲဒီအခါမှပဲ သူတို့အတွက် ရလဒ်တစ်ခုနဲ့ ခရီးပန်းတိုင်တစ်ခုအတွက် အာမခံချက်ရှိကြတယ်။ အန္တိခရစ်တွေအတွက် ကောင်းချီးခံစားရတာက တာဝန်ထမ်းဆောင်တာ၊ ကယ်တင်ခြင်းခံရတာထက် ပိုအရေးကြီးတယ်။ ကျွန်မအမြင်တွေက အန္တိခရစ်တွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ ကျွန်မတာဝန်ကနေ ပြောင်းရွှေ့ခံရတာကို အမြဲတမ်း သတိထားနေခဲ့တာ။ တစ်နေ့မှာ ကျွန်မ အပြောင်းခံရရင် ဘာလုပ်မလဲ။ ကျွန်မ မကျွမ်းကျင်တဲ့အလုပ်၊ မထိရောက်တဲ့အလုပ်ဖြစ်ပြီး ထပ်ပြီး အပြောင်းခံရရင် ဘယ်လိုလုပ်မလဲ။ တစ်နေ့မှာ ထမ်းဆောင်ဖို့အတွက် တာဝန်မရှိရင် အထုတ်ခံရမှာလား ပေါ့။ ဒါကို စဉ်းစားမိတော့ စပြီး စိတ်ပူလာတယ်။ အန္တိခရစ်လိုမျိုးပဲ။ ကျွန်မမှာ အရမ်းရှုပ်ထွေးပြီး ဆိုးယုတ်တဲ့ စိတ်တစ်ခုရှိတယ်။ လမ်းဆုံးကို လျှောက်မိသွားမှာကို ကြောက်နေတယ်။ အဲဒါနဲ့ အကြာကြီးလုပ်ရပြီး လက်မလွတ်လို့ရတယ်လို့ ထင်တဲ့အလုပ်တစ်ခုကို ဖက်တွယ်ထားချင်ခဲ့တယ်။ “သံဇလုံ” တစ်ခုနောက်လိုက်တဲ့ မယုံကြည်သူတစ်ယောက်လိုပေါ့။ စိတ်ချရတဲ့ တာဝန်ကို အမြဲတမ်းလုပ်ရတာကို ကျွန်မ စိတ်ကူးယဉ်ကြည့်တယ်။ ဘုရားအမှုတော်ပြီးတဲ့အထိပေါ့။ ကျွန်မ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဘေးကင်းကင်းနဲ့ ဝင်နိုင်တယ် ပေါ့။ ဒီပန်းတိုင်ကို ရဖို့အတွက် အချိန်ပိုင်းအလုပ်ကို အမြန်ကျွမ်းကျင်အောင်လုပ်ပြီး အရန်အစီအစဉ်တစ်ခုရဖို့မျှော်လင့်ရင်းနဲ့ ဒီအလုပ်ကို ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ အလုပ်နှစ်ခုကို မျှတအောင်မလုပ်နိုင်ရင်တောင်မှ ကျွန်မက လုံးဝ ဝန်မခံဘူး။ ကျွန်မအဖွဲ့ခေါင်းဆောင်က ဒါကို မေးတဲ့အခါ ကျွန်မက မလိမ့်တပတ်လုပ်ပြီးပြောတုန်းပဲ။ ကျွန်မရဲ့ အဓိကအလုပ်နှောင့်နှေးသွားမယ်ဆိုရင်တောင် အချိန်ပိုင်းအလုပ်ကို ကိုင်ထားချင်ခဲ့တယ်။ ဒါကြောင့် နောက်ဆုံးကျ အလုပ်ကို ထိခိုက်တယ်လေ။ အဲဒီအခါကျမှ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်အတွက် တာဝန်ထမ်းဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ကျွန်မက ကိုယ့်ရဲ့ခရီးပန်းတိုင်အတွက် အလဲအလှယ်အဖြစ် ကျွန်မတာဝန်ကို အပေးအယူလုပ်တဲ့အရာအဖြစ် အသုံးပြုနေတာပါ။ ကျွန်မလုပ်သမျှက ကောင်းချီးရဖို့အတွက်ပဲ။ ဒါဟာ ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်ပြီး ဘုရားကို လှည့်စားဖို့ ကြိုးစားနေတာပဲမဟုတ်ဘူးလား။ အရင်တုန်းက ဘုရားသခင်ကို ကျွန်မ အမြဲတမ်းဆုတောင်းတယ်။ ဘုရားသခင်ကို ပြန်ပေးဆပ်ပြီး လူသားပုံသဏ္ဍန်တစ်ခုအတိုင်း အသက်ရှင်နေထိုင်ဖို့ တာဝန်ထမ်းဆောင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အမှန်တရားက ကျွန်မကို ဖွင့်ပြတဲ့အခါမှာ ဒါဟာ မုသားတစ်ခုပဲဖြစ်တာကို မြင်ခဲ့ရတယ်။ ဒါဟာ လှည့်စားမှုပဲ။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ သင် လာသည့်အခါ၊ သင်၏တာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တော်သည့် အရာဖြစ် ပြီး သင့်ပခုံးပေါ်ရှိ တာဝန်ဖြစ်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် အမှု၏နောက်ထပ်တစ်ဆင့် သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ်် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်စေ ရနသာလုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားနိုင်စေရန်မျှလုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။ ဤ ‘ဖန်ဆင်းရှင်၏ မျက်နှာ အလင်း’ သည် ရှည်လျားသော အဓိပ္ပာယ်နှင့် အကြောင်းအရာပမာဏများစွာ ပါဝင်သည်။ ယနေ့ ဤအရာကို ကျွန်ုပ်တို့ ပြောဆိုမည်မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ထံသို့ ဘုရားသခင်က သေချာပေါက် ကတိများ၊ ကောင်းချီးများ ထုတ်ပေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မတူညီသော ဖော်ပြချက်များပြုလုပ်မည်မှာ မှန်ပေသည်။ ဤသည်မှာ နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။ ယခုခေတ်တွင် ဘုရားသခင် ရှေ့မှောက်သို့ လာရောက်ပြီး မိမိတို့၏တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဆောင်ရွက်ကြသူတိုင်းသည် ဘုရားသခင်ထံမှ မည်သည့်အရာကို လက်ခံရရှိသနည်း။ လူသားမျိုးနွယ်အကြားတွင် တန်ဖိုး အရှိဆုံးနှင့် အလှဆုံးအရာကို လက်ခံရရှိကြသည်။ လူသားမျိုးနွယ်ထဲမှ မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ ဖန်ဆင်းရှင်၏ လက်တော်ထဲမှ တိုက်ဆိုင်မှုသက်သက်ဖြင့် ထိုသို့သော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်ခြင်း မရှိချေ။ ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဖန်ဆင်းရှင်၏လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး ဖြောင့်မတ်သည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် အဆိုးယုတ်ဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ၊ အန္တိခရစ်များသည် ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ဤသည်မှာ ၎င်းတို့ ဆိုးယုတ်မှု၏ သွင်ပြင်လက္ခဏာတစ်ခုနှင့်သက်ဆိုင်သည့် သရုပ်သကန်တစ်ခုမျှသာ ဖြစ်ပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို ထိုးဖောက်သွားတယ်။ ဘုရားအပေါ် အရမ်းအကြွေးတင်သလို ခံစားမိတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တာဟာ လူသားမျိုးနွယ်ကြားထဲမှာ အလှပဆုံးအရာဖြစ်တယ်၊ အဓိပ္ပာယ်အရှိဆုံး၊ အဖြောင့်မတ်ဆုံးအရာဖြစ်တယ်၊ ဒီကောင်းချီးကို ဖန်ဆင်းခံသက်ရှိတိုင်း မရနိုင်ဘူးလို့ ဘုရားကပြောတယ်။ ဒါမှန်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကမ္ဘာမှာရှိတဲ့ လူတွေအားလုံးထဲမှာ ဘုရားသခင်က ကျွန်မကို နောက်ဆုံးသောကာလမှာ မွေးဖွားဖို့ စီမံခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အမီလိုက်ဖို့ သိပ်ကံကောင်းပါတယ်။ ပြီးတော့ တာဝန်ထမ်းဆောင်ပြီး ဘုရားအမှုတော်ကို တွေ့ကြုံဖို့ အခွင့်အရေးရှိတယ်။ ဒီကောင်းချီးကို လူတိုင်းမရဘူး။ ဒါဟာ ဘုရားရဲ့ အထူးကျေးဇူးတော်နဲ့ ချစ်ခြင်းပဲ။ ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်တာဟာ ဘာတာဝန်ပဲဖြစ်ဖြစ် ကမ္ဘာမှာ ဘာကိုမဆိုလုပ်တာထက်ပိုတန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ကျွန်မ ကျေးဇူးတင်ပြီး ဒါကို ချစ်မြတ်နိုးသင့်တယ်။ ဒါ့အပြင် ဘုရားက လူတွေကို အမြဲတမ်း ကိုယ်ကျိုးမကြည့်ဘဲ သမ္မာတရား ပံ့ပိုးပေးတယ်။ လူတွေကို မျက်နှာချင်းဆိုင်စကားပြောပြီး ပါးစပ်နဲ့ ခွံ့ကျွေးတယ်။ တာဝန်ထမ်းဆောင်တဲ့လုပ်ငန်းစဉ်မှာ သမ္မာတရားကို နားလည်ရရှိပြီး အသက်တာမှာတဖြည်းဖြည်းချင်းကြီးထွားခွင့်ပေးတယ်။ ဒီလုပ်ငန်းစဉ်တစ်လျှောက်မှာ ဘုရားက လူတွေဆီကနေ ဘာမှ မတောင်းဆိုဘူး။ ဘုရားသခင်က လူတွေကို ရိုးသားနာခံတဲ့နှလုံးသားနဲ့ သူ့ခိုင်းစေချက်ကိုပဲ လက်ခံစေချင်တယ်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အကောင်းဆုံးလုပ်စေချင်တယ်။ နောက်ဆုံးမှာ သမ္မာတရားကိုရရှိ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ လွတ်မြောက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရစေချင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘာဖြစ်လဲ။ ဖန်ဆင်းခံတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ လှပတဲ့အချက်ကို ယူပြီး အလဲအလှယ်တစ်ခုအဖြစ် လှည့်ပြောင်းလိုက်တယ်။ ကိုယ့်တာဝန်ကို ကောင်းချီးနဲ့ လဲလှယ်ဖို့ ကြိုးစားတယ်။ ကျွန်မက တကယ်ကို ဉာဏ်များပြီး မရိုးသားဘူး၊ ဘုရားအတွက် ရွံရှာဖွယ်ပါပဲ။
ဒီနောက်မှာတော့ ကျွန်မအခြေအနေနဲ့ပတ်သက်ပြီး ဘုရားကို ခဏခဏဆုတောင်းတယ်။ ကျွန်မပြဿနာတွေကို ပိုရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့အတွက် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြဖို့ ဘုရားကို တောင်းလျှောက်တယ်။ တစ်ခါတော့ ကျွန်မဘုရားဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေဖတ်တယ်။ “လူတို့သည် ဘုရားသခင်အပေါ်၊ မိမိတို့တာဝန်အပေါ် ရိုးသားသော စိတ်နှလုံးတစ်ခုရှိရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသာသူတို့သည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို နာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများ၊ သို့မဟုတ် ကံဆိုးခြင်းများကို စုံစမ်းမေးမြန်းခြင်း မပြုလုပ်ပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဝကွက်အပ်နှံထားကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သံသယရှိသောသူ၊ ဘုရားသခင်အား အစဉ် ကြည့်ရှုစစ်ဆေးနေသောသူ၊ ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန် အစဉ်ကြိုးစားနေသောသူများသည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်သလော။ (မဟုတ််ပါ။) ဤသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ ကောက်ကျစ်မှုနှင့် ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့ ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။) ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားကို အစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ကြည့်ရှုစစ်ဆေးသနည်း။ ၎င်းတို့၏ မရှိမဖြစ်သော အကျိုးစီးပွား ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့ကိုယ်ကိုယ် စဉ်းစားကြသည်။ ‘ဘုရားသခင်က ဤအခြေအနေများကို ငါ့အတွက် ဖန်တီးခဲ့သည်။ သူသည် ဤအရာကို ငါ့ထံ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့် ထိုသို့ သူလုပ်ဆောင်ခဲ့သနည်း။ ဤအရာက အခြားသူများအပေါ် မဖြစ်ပျက်ခဲ့ပါ။ ငါ့ထံတွင် အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ နောက်ပိုင်းတွင် အကျိုးဆက်များက မည်သည့်အရာဖြစ်လိမ့်မည်နည်း။’ ဤအရာတို့သည် ၎င်းတို့ ကြည့်ရှုစစ်ဆေးသောအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများ၊ ကောင်းချီးများနှင့် ကံဆိုးမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဤအရာများကို ကြည့်ရှုစစ်ဆေးနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်ကို နာခံနိုင်သလော။ ဤသို့မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့စိတ်၏ စဉ်းစားဆင်ခြင်ခြင်းများမှ မည်သည့်အရာများ ထွက်ပေါ်သနည်း။ အားလုံးက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအတွက်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ထည့်စဉ်းစားကြသည်။...မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ အစဉ် စဉ်းစားနေသောလူတို့၏ ကြည့်ရှုစစ်ဆေးမှု အဆုံးစွန်ရလဒ်သည် အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဆက်လက်ထမ်းဆောင်သောအခါတွင်ပင် ပေါ့ဆစွာ၊ ဝတ်ကျေတန်းကျေဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားအခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ကောက်ကျစ်ခြင်းဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမဟုတ်တော့ပေ။ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ မြှင့်တက်သွားပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသို့သော ဆိုးယုတ်သည့် စိတ်သဘောထားမျိုးရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရုန်းကန်ကြိုးစားခြင်းဖြစ်သည်။ ဤပြဿနာနှင့် ပတ်သက်၍သင်ရှင်းလင်းစွာ သိသင့်သည်။ လူတို့သည် ဘုရားသခင်ကို အစဉ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ အပေးအယူများပြုလုပ်ရန် အစဉ်ကြိုးစားလျှင်၊ ၎င်းတို့သည် မှန်ကန်စွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ စိတ်ဝိညာဉ်ဖြင့်၊ ရိုးသားမှုဖြင့် မကိုးကွယ်ပေ။ ၎င်းတို့တွင် ရိုးသားသော စိတ်နှလုံးမရှိပေ။ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်လျက်ဖြင့် စောင့်ဆိုင်းကြည့်ရှုနေကြသည်။ အစဉ်သဖြင့် တွန့်ဆုတ်နေကြသည်။ ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့တွင် အလုပ်မလုပ်ပေ။ ၎င်းတို့သည် ကမောက်ကမဖြစ်စေကာ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကာ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် လွဲချော်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ရှင်းလင်းပြတ်သားမှု အလွန်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့ထံ အကြောင်းအရာများ ဖြစ်ပျက်သောအခါ မိမိတို့ကိုယ်ကိုယ် မသုံးသပ်ကြပေ၊ သို့မဟုတ် ဖြေရှင်းချက်ရှာရန်အတွက် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့်အညီ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း အမှုကိစ္စများကို ဆက်လက်လုပ်ဆောင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအတွက် အစဉ် လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် အစဉ် စီစဉ်ကြပြီး၊ မိမိတို့တာဝန်ကို ညံ့ဖျင်းစွာထမ်းဆောင်ရုံတင်မကဘဲ အသင်းတော်၏ အလုပ်ကို နှောင့်နှေးပြီး ထိခိုက်စေသည်။ ဤသည်မှာ လမ်းလွဲခြင်း၊ မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ လူတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် အလားအလာများအတွက် အစဉ် စီစဉ်ပြီး အသင်းတော်၏ အလုပ်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မစဉ်းစားလျှင် ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ ၎င်းတို့ လုပ်ရပ်များ၏ အနှစ်သာရနှင့် သဘာဝက ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ ဤသို့သောအရာများ၏ သဘာဝသည် ဆိုးရွားလျှင်၊ ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်လာပြီး၊ ဆိုးရွားသော အကျိုးဆက်များဖြစ်စေလျှင် ပါဝင်သောသူကို ထုတ်ပယ်သင့်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ အရင်တုန်းက ကိုယ့်တာဝန်မှာ သတိထားပြီး အရန်အစီအစဉ်တစ်ခုကို အမြဲတမ်းရှာနေတာက ဉာဏ်များပြီး မရိုးသားခြင်းကို ပြတာပဲလို့ပဲ နားလည်ခဲ့တာ။ အခု ဘုရားနှုတ်ကပတ်တော် ဖွင့်ပြခြင်းကတစ်ဆင့် ဒါဟာ ဉာဏ်များပြီး မရိုးသားတာထက် အများကြီးပိုပြီး ဆိုးယုတ်တဲ့အဆင့်ကို တက်သွားတာကို မြင်ရတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက တစ်စုံတစ်ယောက်နဲ့ပဲ လှည့်ကွက်တွေကစားနေတာမဟုတ်ဘဲ ဘုရားနဲ့ တွက်ချက်နေလို့ပါ။ အပြင်ပန်းကကြည့်ရင် ကျွန်မက တာဝန်ထမ်းဆောင်နေတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်မှာ လုံးဝ ရိုးသားမှုမရှိခဲ့ဘူး။ ကျွန်မက အမြဲတမ်း လေ့လာစောင့်ကြည့်၊ တွက်ချက်နေပြီး ကျွန်မအတွက် အကျိုးဖြစ်တဲ့ ဘယ်တာဝန်ကိုမဆို လုပ်နေခဲ့တယ်။ ကျွန်မ သီချင်းရေးတဲ့အလုပ်လုပ်နေတဲ့အချိန်ကို ပြန်စဉ်းစားကြည့်တော့ ဒီအလုပ်ကို ကျွန်မအသက်ကို ကယ်ဖို့ တစ်ခုတည်းသောနည်းလမ်းအဖြစ် မှတ်ယူခဲ့တယ်။ တစ်နေ့မှာ ကျွန်မက လူစားလဲခံရပြီး ထမ်းဆောင်ဖို့အတွက် သင့်တော်တဲ့တာဝန်မရှိမှာ၊ ကောင်းချီးရဖို့ အခွင့်အရေးမရှိမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ဆုံးရှုံးရမှာကို တစ်ချိန်လုံး စိတ်ပူနေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်ကို ရတော့ ဒါက ကောင်းချီးရဖို့အတွက် ပိုကောင်းတဲ့ အခွင့်အရေးပေးတယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မအစွမ်းရှိသမျှနဲ့ ဖက်တွယ်ထားတယ်။ အပြင်ပန်းကကြည့်ရင် ကျွန်မက အရမ်းတက်ကြွပုံရတယ်။ မသိတာတွေအားလုံးကို မေးတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းက ဒီတာဝန်မှာ မရှိမဖြစ်ရာထူးတစ်ခုကို နေရာယူနိုင်ဖို့အတွက် အမြန်ကျွမ်းကျင်ချင်ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ အဓိကအလုပ်ကနေ ပြောင်းရွှေ့ခံရမလားဆိုတာကို စောင့်ကြည့်နေခဲ့တယ်။ မပြောင်းခံရရင် ကယ်တင်ခံရဖို့ ပိုပြီးအာမခံချက်ရှိအောင် အလုပ်နှစ်ခုလုံး လုပ်မယ်ပေါ့။ ပြောင်းရွှေ့ခံရရင် ထုတ်ခံရတာကို စိတ်ပူဖို့ မလိုတော့ဘူး။ အချိန်ပိုင်းအလုပ်ရှိနေသေးတာကြောင့်ပေါ့။ တာဝန်အပေါ် ကျွန်မသဘောထားက ဘုရားသခင်ဆီက စေခိုင်းချက်နဲ့ တာဝန်ကို လက်မခံသလို ဘုရားဆီက ဒီတာဝန်တွေကို သန့်ရှင်းပြီးရိုးသားတဲ့ စိတ်နှလုံးနဲ့ လက်ခံမနေခဲ့ဘူး။ အဲဒီအစား မရိုးသားတဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ကျွန်မရဲ့ အကျိုးအမြတ်တွေနဲ့ ကောင်းချီးရဖို့ မျှော်လင့်ချက်ကိုလေ့လာတွက်ချက်တယ်။ ကျွန်မက ဘယ်လောက် လှည့်စားသလဲဆိုတာ မယုံနိုင်ဘူး။ အပြင်ပန်းကကြည့်ရင် ကျွန်မက အလုပ်အများကြီးလုပ်ပြီး တစ်နေကုန် အလုပ်ရှုပ်နေတယ်။ ကိုယ့်တာဝန်အတွက် အရမ်းတာဝန်သိတတ်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ပန်းတိုင်အတွက်ပဲ အလုပ်ရှုပ်နေတာပါ။ အလုပ်နှစ်ခုကို ကျွန်မ ကိုင်တွယ်နိုင်သလားဆိုတာ စဉ်းစားဖို့ အဖွဲ့ခေါင်းဆောင်က ကျွန်မကိုပြောတော့ ကျွန်မအစီအစဉ် ပျက်ဆီးမှာကိုကြောက်ပြီး သူ့ကို လှည့်စားဖို့ ဆင်ခြေတွေရှာပြီး “ကျွန်မရဲ့ နောက်ထပ်အချိန်တွေကို တာဝန်နဲ့ဖြည့်ထားချင်တယ်” လို့ ပြောလိုက်တယ်။ ကျွန်မပြောတာက တကယ်ကို အထင်မှားစရာပါပဲ။ ကျွန်မရဲ့ စက်ဆုပ်ဖွယ်၊ ရှက်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့ အဖွဲ့ခေါင်းဆောင်ကို လှည့်စားဖို့ မရိုးသားတဲ့ အလင်္ကာကို သုံးခဲ့တယ်။ ကျွန်မစိတ်သဘောထားက တကယ်ကို ဆိုးယုတ်လွန်းတယ်။ ကျွန်မရဲ့ တွက်ချက်တဲ့ အတွေးတွေနဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်တွေကို ပြန်တွေးကြည့်တယ်။ ကျွန်မက ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတာ လုံးဝမဟုတ်ပါဘူး။ ဘုရားကို အသုံးပြုပြီး လှည့်စားနေတာပါ။ ဘုရားအပေါ် ရိုးသားမှုမရှိခဲ့ဘူး။ ကျွန်မက အခွင့်အရေးယူတတ်တဲ့ ကုန်သည်လိုပဲ။ အရမ်းဉာဏ်များတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်ဖွယ်ဖြစ်တယ်။ ကြေးစားဆန်တယ်။ အကျိုးအမြတ်ကိုပဲ စိတ်ဝင်စားတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတိုးပွားအောင် နည်းလမ်းမျိုးစုံကို အသုံးပြုချင်တယ်။ ကိုယ့်တာဝန်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထည့်မစဉ်းစားတဲ့သူတွေက သူတို့ဘာသာဆိုရင် သူတို့လုပ်တဲ့အရာမှာ ဘယ်တော့မှ ရလဒ်ကောင်းတွေရမှာမဟုတ်ဘူးလို့ ဘုရားကပြောတယ်။ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်မှာ ကျွန်မက ပိုပြီး လက်တွေ့လုပ်ဆောင်ချင်ပေမဲ့ ကျွန်မရည်ရွယ်ချက်က အရန်အစီအစဉ်ကို ရှာဖို့ပဲ။ ဒီရည်ရွယ်ချက်နဲ့ ကိစ္စတွေကို လုပ်တဲ့အခါမှာ စည်းမျဉ်းတွေနဲ့အညီ ဘယ်လိုဆောင်ရွက်ရမယ်၊ ရလဒ်ကောင်းတွေ ဘယ်လိုရအောင်လုပ်ရမယ်ဆိုတာကို သေချာမစဉ်းစားခဲ့ဘူး။ အဲဒီအစား အမြန်အောင်မြင်ဖို့ပဲ ရှာပြီး အထင်ကြီးစရာကောင်းတဲ့ တာဝန်တွေကိုပဲ လုပ်ခဲ့တယ်။ တာဝန်တွေပြီးဖို့အတွက် အမြန်အလုပ်လုပ်တာကြောင့် အမှုကိစ္စတွေကို မေ့ပြီး စည်းမျဉ်းတွေကို နားမလည်နိုင်တော့ဘူး။ ကျွန်မအလုပ်ကလည်း အမြဲတမ်း အမှားတွေ ပြည့်နေတယ်။ ကျွန်မရဲ့ အဓိကတာဝန်မှာ ကျွန်မတို့ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင်လုပ်ပြီးနေပြီ။ ဒါပေမဲ့ စိတ်မကူခဲ့ဘူး။ အရေးတကြီးမဖြစ်ခဲ့ဘူး။ တာဝန်တစ်ခုစီတိုင်းကို ကျွန်မ ရှုပ်ပွအောင်လုပ်ခဲ့တာတွေကို စဉ်းစားမိတယ်။ ဒီလိုဆက်ဖြစ်နေရင် ဘုရားအိမ်တော်ရဲ့အလုပ်ကို သေချာပေါက် ထိခိုက်မှာပဲ။ ဒါဆိုရင် ကျွန်မ တကယ် အထုတ်ခံရမှာ။ ဒါကို ကျွန်မ သဘောပေါက်တော့ နည်းနည်းကြောက်သွားတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး နောင်တရပြီး ပြောင်းလဲချင်တယ်၊ ကိုယ့်တာဝန်အပေါ် သဘောထားကို ပြောင်းပစ်ဖို့ လိုလားတယ်လို့ ဘုရားကို ပြောလိုက်တယ်။
နောက်ပိုင်းမှာ ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်းကတစ်ဆင့် ကျွန်မက အမြဲတမ်း အဓိပ္ပာယ်မရှိတဲ့အမြင်ကို ကိုင်စွဲထားတယ်ဆိုတာ သဘောပေါက်သွားတယ်။ ဘုရားအိမ်တော်မှာ ရေရှည်ဖြစ်ပြီး တည်ငြိမ်တဲ့တာဝန်ကို ထမ်းဆောင်ရပြီး အပြောင်းမခံရသရွေ့ ဘုရားအမှုတော်ပြီးဆုံးတဲ့အခါမှာ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်နိုင်တယ်ဆိုတဲ့ အမြင်ပေါ့။ ကျွန်မအမြင်က သမ္မာတရားနဲ့ညီသလား ဘုရားရဲ့ သတ်မှတ်ချက်တွေက အတိအကျဘာတွေလဲဆိုတာကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ အဲဒါနဲ့ ကျွန်မအခြေအနေနဲ့သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ရှာကြည့်ပြီး ဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည်- “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ ဘုရားသခင်နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းကို သင်၏ စိတ်တွင် ကမ္ဗည်ထိုးထားပြီး အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်က အရမ်းရှင်းပါတယ်။ လူတွေက ဘာတာဝန်ထမ်းဆောင်တယ်ဆိုတာနဲ့၊ တာဝန်တွေက ရှေရှည်ဖြစ်ပြီး တည်ငြိမ်ခြင်းရှိမရှိက သူတို့တွေ ကောင်းချီးခံရမလား၊ ကျိန်ဆဲခြင်းခံရမလားဆိုတာနဲ့ ဘာမှမသက်ဆိုင်ဘူး။ ဖန်ဆင်းခံတွေအနေနဲ့ ကောင်းချီးခံရသည်ဖြစ်စေ၊ ကျိန်ဆဲခံရသည်ဖြစ်စေ ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တယ်။ ဒါက လူသားဘဝရဲ့ တန်ဖိုးဖြစ်တဲ့အပြင် လူသားတွေရဲ့ တာဝန်ဝတ္တရားလည်းဖြစ်တယ်။ ပြီးတော့လည်း ရေရှည်ဖြစ်ပြီး တည်ငြိမ်တဲ့ တာဝန်တစ်ခုကို လုပ်သရွေ့ အပြောင်းမခံရဘူး ကောင်းမွန်တဲ့ပန်းတိုင်ရှိပြီး၊ ကယ်တင်ခံရနိုင်တယ်လို့ ဘုရားက လုံးဝ မပြောခဲ့ဘူး။ သမ္မာတရားကို လိုက်စားခြင်း ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်ခြင်း၊ စစ်မှန်တဲ့ နာခံမှုကို ရရှိခြင်းတွေကသာ လူတွေကို ကယ်တင်နိုင်တယ်လို့ ဘုရားက လူတွေကို အမြဲတမ်းပြောခဲ့တယ်။ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့ စံနှုန်းတွေက လုံးဝ မပြောင်းလဲဘူး။ ပြီးတော့ ဘုရားက သူ့သတ်မှတ်ချက်တွေကို အမြဲတမ်း ထပ်ပြောနေတာ။ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မက မသိတာ၊ မမြင်တာလည်းမဟုတ်ဘူး။ ဒါပေမဲ့ မယုံကြည်သူတစ်ယောက်လို ဖြစ်နေခဲ့တာပါ။ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ လုံးဝမယုံကြည်ခဲ့၊ လက်မခံခဲ့သလို လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ ကောင်းတဲ့ရည်ရွယ်ချက်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးတွေအပေါ်ပဲ အမှီပြုခဲ့ပြီး ကိုယ်ပိုင်လွဲမှားတဲ့အမြင်တွေကိုပဲ ဖက်တွယ်ထားတယ်။ လိုက်စားဖို့အတွက် ရီစရာကောင်းလောက်အောင် နုံအတဲ့ ပန်းတိုင်ကိုပဲ ကိုယ့်ကိုယ်ကိုယ် ပေးထားခဲ့တယ်။ ပြုပြင်မခံရဘဲနဲ့ ဘုရားအိမ်တော်မှာ တာဝန်တစ်ခုကို ဆက်ပြီး ထမ်းဆောင်နေသရွေ့ ဘုရားအမှုတော် နိဂုံးချုပ်တဲ့အခါမှာ အသက်ရှင်ကျန်မယ်လို့ ခံစားမိခဲ့တယ်။ ဒါကို အခုစဉ်းစားကြည့်တော့ လုံးဝ အဓိပ္ပာယ်မရှိသလိုမြင်ရတယ်။ ထမ်းဆောင်ပြီးတော့ အပြောင်းရွှေ့မခံရဖို့အတွက်ပဲ တာဝန်တစ်ခုရှိနေဖို့ လိုက်စားခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားခြင်းအပေါ် လုံးဝ အာရုံမစိုက်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းခဲ့ဘူး။ ရလဒ်အနေနဲ့ ကောင်းချီးရဖို့ ကျွန်မရဲ့ အရမ်းသိသာတဲ့ ရည်ရွယ်ချက်တွေ၊ ဒါမှမဟုတ် ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သတိမထားမိခဲ့ဘူး။ ဒါတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ဆိုတာ ထားလိုက်တော့။ ကျွန်မတာဝန်က ရေရှည်ခံရင်တောင်မှ ဒါကို အမြဲတမ်းလုပ်နိုင်မယ်လို့ အာမခံနိုင်လား။ ကျွန်မနားက လူတချို့က သူတို့တာဝန်တွေမှာ နှစ်ချီပြီးရှိနေကြပြီး လုံးဝ အပြောင်းမခံရဘူး။ ဒါပေမဲ့ သူတို့က သမ္မာတရားကို မလိုက်စားတာကြောင့်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းရာမှာ အာရုံမစိုက်တာကြောင့် သူတို့တာဝန်တွေမှာ အဆက်မပြတ် ဖြစ်သလိုလုပ်ကြတယ်။ ရလဒ်အနေနဲ့ သူတို့တာဝန်တွေကို ရလဒ်မရှိဘဲ နှစ်တွေအများကြီးလုပ်ခဲ့ကြပြီး နောက်ဆုံးမှာ ထုတ်ပယ်ခံရတယ်။ တခြားလူတွေက သူတို့အလုပ်ကို အတွေ့အကြုံသက်တမ်းနဲ့ သူတို့ရဲ့ ဆုကျေးဇူးအပေါ် အခြေခံပြီးလုပ်ကြတယ်။ ပိုပိုပြီး မာနထောင်လွှားလာကြတယ်။ ကိုယ်ပိုင်စိတ်ကူးတွေကို အခြေခံပြီး ပြုမူကြတယ်။ ဘုရားမိသားစုရဲ့ အလုပ်ကို တော်တော်ကို အနှောင့်အယှက်ဖြစ်စေပြီး ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရတယ်။ ဒါပေမဲ့ တချို့ ညီအစ်ကိုမောင်နှမတွေက ရိုးရှင်းပြီး ရိုးသားတယ်။ သူတို့အတွက် စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို လက်ခံနိုင်တယ်။ သမ္မာတရားကို လိုက်စားခြင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းခြင်းမှာ အာရုံစိုက်နိုင်ကြတယ်။ ကိစ္စတွေကို နားမလည်တဲ့အခါမှာ သမ္မာတရားကို ရှာဖွေဖို့ ဘုရားကို ဆုတောင်းနိုင်ကြတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ရှာဖွေပြီး မိတ်သဟာယဖွဲ့နိုင်တယ်။ သူတို့ဟာ တာဝန်တွေမှာ ပိုပိုပြီး ထိရောက်လာတယ်။ ဘဝမှာ တဖြည်းဖြည်းချင်း ကြီးထွားတိုးတက်လာပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိကြတယ်။ ဒီဖြစ်ရပ်တွေက ကျွန်မနားမှာ ဖြစ်ပျက်နေခဲ့တယ်။ ဒါဆို ကျွန်မက ဘယ်လိုဖြစ်ပြီး မမြင်နိုင်ခဲ့တာလဲ။ ပြီးတော့ ဘုရားအိမ်တော်က လူတွေကို ရွှေ့ပြောင်းတဲ့အခါမှာ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေနဲ့ လူတိုင်းရဲ့ ကျွမ်းကျင်မှုတွေအပေါ် အမြဲတမ်း အခြေခံတယ်။ လူတစ်ယောက်က ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိရင် ဘုရားအိမ်တော်က သူ့အတွက် သင့်တော်တဲ့ တာဝန်ကို စီစဉ်ပေးလိမ့်မယ်။ ဒါက တာဝန်တစ်ခုကနေ တခြားတာဝန်ကို ပြောင်းတာသက်သက်ပဲ။ ဘုရားအမှုတော်ကို တွေ့ကြုံပြီး သမ္မာတရားကို လိုက်စားဖို့ သူတို့အခွင့်အရေးကို ဖယ်ရှားပစ်တာမဟုတ်သလို ကယ်တင်ခံရဖို့ သူတို့ အခွင့်အလမ်းကို ယူသွားတာလည်း မဟုတ်ဘူး။ ဒါက လုံးဝ မှန်ကန်တဲ့ အရာတစ်ခုပါ။ တာဝန်ပြောင်းရွှေ့တာကို ကျွန်မက ဘာလို့ အပျက်သဘောဆောင်တဲ့အရာ၊ မကောင်းတဲ့အရာအဖြစ် အမြဲတမ်း မှတ်ယူခဲ့တာလဲ။ အခုတော့ တည်ငြိမ်ပြီး ရေရှည်ခံတဲ့တာဝန်က ကျွန်မကို ကောင်းတဲ့ပန်းတိုင်တစ်ခု အာမခံပေးမယ်၊ ထုတ်ဖော်ခံရပြီး ထုတ်ပယ်တာမခံရဖို့ အာမခံပေးမယ်ဆိုတဲ့ ကျွန်မယုံကြည်မှုက အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်စရာကောင်းတဲ့ အမြင်တစ်ခုဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါဟာ လုံးဝ ကျွန်မရဲ့ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးတွေဖြစ်ပြီး အန္တရာယ်ရှိပါတယ်။ ဒါကို ကျွန်မက သတိထားမိတော့ ကျွန်မစိတ်နှလုံးက လင်းလက်သွားပြီး လွတ်မြောက်မှုကို အရမ်းကို ခံစားမိတယ်။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ကျွန်မစိတ်အခြေအနေက ပိုကောင်းသွားတယ်။ ကျွန်မတာဝန်တစ်ခုက တခြားတစ်ခုထက်ပိုအရေးကြီးတယ်လို့ မခံစားရတော့ဘူး။ အဲဒီအစား နှစ်ခုလုံးက ဘုရားဆီက စေခိုင်းချက်ဖြစ်တယ်၊ နှစ်ခုလုံးက အဖိုးတန်တယ်လို့ ခံစားမိတယ်။ နှစ်ခုလုံးကို ကျွန်မအရည်အချင်းနဲ့ အကောင်းဆုံးကြိုးစားလုပ်ချင်တယ်။ ကျွန်မရဲ့ အချိန်ပိုင်းအလုပ်ကို ဆက်လုပ်ရမလားဆိုတာကိုတော့ ဘုရားသခင်ဆီမှာ အပ်ထားလိုက်ပြီး ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့ လိုလားနေခဲ့ပါတယ်။
တစ်နေ့မှာ နိုဝင်ဘာလကုန်မှာ တခြားတစ်ယောက်ရှိနေလို့ အချိန်ပိုင်းအလုပ်ကို ကျွန်မလုပ်ဖို့မလိုတော့ဘူးလို့ ကြီးကြပ်သူက ပြောတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ ပြောပြလို့မရတဲ့အရာတစ်ခုကို ခံစားမိတယ်။ နည်းနည်းဝမ်းနည်းပြီး လက်လွတ်ရမှာ တွန့်ဆုတ်နေတယ်။ ကျွန်မအခြေအနေက မှားနေတယ်ဆိုတာ သဘောပေါက်ပြီး ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားတယ်။ “လူတို့သည် ဘုရားသခင်အပေါ်၊ မိမိတို့တာဝန်အပေါ် ရိုးသားသော စိတ်နှလုံးတစ်ခုရှိရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသာသူတို့သည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို နာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများ၊ သို့မဟုတ် ကံဆိုးခြင်းများကို စုံစမ်းမေးမြန်းခြင်း မပြုလုပ်ပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဝကွက်အပ်နှံထားကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) ဘုရားသခင်က ရိုးသားသူတွေကို နှစ်သက်တယ်၊ ဘုရားသခင်က ကျွန်မကို ရိုးသားတဲ့စိတ်နှလုံးနဲ့ ကိုယ့်တာဝန်ကို ကိုင်တွယ်တာ၊ ရိုးရိုးလေးပဲ နာခံနိုင်တာ၊ ရလဒ်တွေနဲ့ ကိုယ့်အတွက် စိတ်ပူမနေတာ၊ ကိုယ့်အတွက် မကြံစည်တာ၊ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုကို နာခံတာကို မြင်ချင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ထပ်ခါထပ်ခါ ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ လှည့်ကွက်တွေကစားပြီး ကိုယ့်အတွက်ကိုယ် ကြံစည်ပြီးတော့ ကိုယ့်နေရာကို ထိန်းသိမ်းထားတဲ့သူတွေ ဘုရားအိမ်တော်မှာ လုံးဝ မရှိခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သန့်စင်၊ ရိုးသားပြီး လက်တွေ့ကျတဲ့နည်းနဲ့ အလုပ်လုပ်တဲ့သူတွေ၊ ဘုရားကို နာခံတဲ့သူတွေကသာ ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်။ ဒီအခြေအနေက ကျွန်မအတွက် ဘုရားသခင်ရဲ့ စမ်းသပ်မှုပဲဆိုတာ အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားက ကျွန်မသဘောထားကို ကြည့်နေခဲ့တာပါ။ ကျွန်မတာဝန်မှာ ရွေးနေလို့ မရတော့ဘူး။ ဘုရားရဲ့ အစီအစဉ်တွေကို စိတ်နှလုံးကနေ နာခံပြီး လက်ရှိတာဝန်ကို မြတ်နိုးရမယ်။ ဒီတာဝန်က ဘယ်လောက်ပဲ ကြာရှည်ခံနိုင်ပါစေ နောင်မှာ ကျွန်မအတွက် အသင်းတော်က တခြားဘာတာဝန်တွေကိုပဲ စီစဉ်ပါစေ သန့်စင်ပြီး ရိုးသားတဲ့စိတ်နှလုံးနဲ့ လက်ခံပြီး နာခံရမယ်။ ကောင်းကောင်းထမ်းဆောင်ဖို့အတွက် အကောင်းဆုံးလုပ်ရမယ်။ ဒါကို စဉ်းစားပြီးတဲ့နောက်မှာ ဒီအချိန်ပိုင်းအလုပ်ကို ကျွန်မအပေါ် ကျရောက်လာဖို့အတွက် စီစဉ်တာမှာ ဘုရားသခင်က ကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ ကျွန်မ ရုတ်တရက်နားလည်သွားတယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ မမှန်ကန်တဲ့ သဘောထားနဲ့ ကောင်းချီးရဖို့ စိတ်အတွင်းထဲမှာ အမြစ်တွယ်နေတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြဖို့ ဒီပတ်ဝန်းကျင်ကို စီစဉ်ခဲ့တာပါ။ အမှန်တရားတွေကို ဖွင့်ပြခြင်းမရှိဘဲ ကျွန်မယုံကြည်ခြင်းမှာ ရောယှက်နေတာတွေကို လုံးဝသိမှာမဟုတ်ဘူး။ တာဝန်အပေါ် ဘယ်သဘောထားက ဘုရားအလိုတော်နဲ့ ညီတယ်ဆိုတာကို ကျွန်မ သိမှာမဟုတ်ဘူး။ ကျွန်မကို ဘုရားသခင်ပေးတဲ့အရာတိုင်းက အဖိုးထိုက်ရတနာတွေပါပဲ။ ပြီးတော့လည်း ကျွန်မတာဝန်မှာ ဒီရုတ်တရက်ပြောင်းလဲမှုက အမှန်တစ်ခုကို ကျွန်မကို မြင်စေတယ်။ ဘုရားက အရာရာကို ထိန်းချုပ်ပြီး လူတစ်ယောက်က ဘယ်တာဝန်ကို ထမ်းဆောင်တယ်ဆိုတာကို ဘုရားက ကြိုတင်ပြဌာန်းထားတယ်။ ဒါဟာ လူတွေ ခန့်မှန်းလို့မရ၊ ပြောင်းလဲလို့ မရနိုင်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက မယုံကြည်သူတစ်ယောက်လိုပဲ ဘုရားရဲ့ အချုပ်အခြာအာဏာကို မသိခဲ့ဘဲ ကိုယ်ပိုင်အားထုတ်မှုတွေနဲ့ တာဝန်တွေကို ထိန်းသိမ်းချင်ခဲ့တယ်။ ကျွန်မက အရမ်းမိုက်မဲပြီး မသိနားမလည်ခဲ့တာပါ။ ကျွန်မထမ်းဆောင်ချင်တဲ့တာဝန်တစ်ခုကို ကိုင်ထားဖို့ ဘယ်လိုဖြစ်ပြီး မျှော်လင့်မိတာလဲ။ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို နာခံခြင်းအားဖြင့်သာ သက်သာပြီး လွတ်မြောက်တဲ့ဘဝကို ရှင်သန်နိုင်ပါတယ်။ အချိန်နည်းနည်းကြာပြီးတော့ အသင်းတော်က ကျွန်မကို တခြားအချိန်ပိုင်းအလုပ်တစ်ခုလုပ်ဖို့ စီစဉ်ပေးတယ်။ ဒါပေမဲ့ တာဝန်က အကြာကြီးခံမလားဆိုတာကို ကျွန်မ ထည့်မစဉ်းစားတော့ဘူး။ အဲဒီအစား ကိုယ့်တာဝန်ကို လုံ့လရှိရှိနဲ့ပဲ ကောင်းစွာလုပ်ဆောင်ချင်တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ချင်တယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းချင်တယ်။ စစ်မှန်တဲ့ လူသားပုံသဏ္ဍန်အတိုင်း အသက်ရှင်နေထိုင်ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ နာခံမှုနဲ့ သစ္စာရှိမှုကို ရရှိဖို့ ကြိုးပမ်းချင်တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။