သခင့်ကို ကျွန်မကြိုဆိုဖို့ ဖြစ်လာခဲ့ပုံ

28.08.2023

တင်းရန့် တရုတ်နိုင်ငံ

၁၉၉၁ ခုနှစ်မှာ၊ သခင်ယေရှုကို ကျွန်မ ယုံကြည်ခဲ့တယ်။ ယုံကြည်ပြီးတဲ့နောက်မှာ၊ မကြာမကြာ ကျမ်းစာဖတ်ဖြစ်ခဲ့တယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှု ကားစင်တင်ခံခဲ့ရပုံကို ဖတ်ရတော့ အရမ်းတို့ထိခံခဲ့ရပြီး စုဝေးပွဲတွေကို တက်တက်ကြွကြွ စတက်တယ်။ ကိုယ့်ကိုယ်ကိုယ် သခင့်အတွက် ထက်ထက်သန်သန် အသုံးခံခဲ့တယ်။ တစ်ခါ စုဝေးပွဲတစ်ခုမှာ၊ တရားဟောဆရာမက ပြောတယ်။ “သခင့်ရဲ့ ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်အားလုံး အခု ပြည့်စုံပြီဖြစ်သလို၊ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ဖို့ သခင်က မိုးတိမ်စီး ကြွလာမှာ။ သခင့်ရဲ့ ကြွလာခြင်းအတွက် ပြင်ဆင်ဖို့ နိုးနိုးကြားကြားနဲ့ ဆုတောင်းရမယ်”တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားတယ်။ သခင့်ကို ကြိုဆိုပြီး နိုင်ငံတော်ထဲ ချီဆောင်ခံရဖို့က အံ့ဩစရာကောင်းတဲ့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်မှာလေ။ ဒါက ယုံကြည်သူတိုင်း မျှော်လင့်တဲ့ အရာပဲ။ ဒါပေမဲ့ ၁၉၉၇ ခုနှစ် ရောက်တော့၊ သခင့်ကို ကျွန်မတို့ မကြိုဆိုရသေးဘူး။ ပြီးတော့ အသင်းတော်က ပိုပြီး ခြောက်ကပ်လာနေတယ်။ တရားဟောဆရာတွေရဲ့ တရားဒေသနာတွေက အပ်ကြောင်းထပ်ပြီး ဘာအမြင်သစ်မှ မပေးဘူး။ ယုံကြည်သူတွေက ခွန်အားမရဘဲ သူတို့ ယုံကြည်ခြင်းက အားနည်းလာခဲ့တယ်။ တချို့ တရားဟောဆရာတွေဆိုရင် စီးပွားရေးလုပ်ဖို့ လောကီရေးရာထဲတောင် ပြန်သွားကြတယ်။ ဒါတွေအားလုံး ဖြစ်နေတာ မြင်ရတော့ ကျွန်မ တော်တော် ဝမ်းနည်းမိတယ်။ ကျွန်မလည်း နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချနေမိမှန်း၊ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်နိုင်သလို၊ ကိုယ့်မိသားစုနဲ့ ပတ်သက်ပြီး စိတ်ရှည်၊ သည်းခံခြင်းကိုတောင် လက်တွေ့မလုပ်နိုင်မှန်း သိတယ်။ ယောက္ခမနဲ့ ယောက်ျားက ကျွန်မကို နာကျင်စေတာတွေ၊ ကျွန်မအကျိုးကို ထိခိုက်တာတွေ လုပ်တဲ့အခါ၊ မလိုမုန်းတီးစိတ်တွေ ဖြစ်တယ်။ ကျွန်မ တကယ် ပူပန်မိတယ်။ အပြစ်လုပ်ပြီး ဝန်ချတဲ့ အဆုံးမဲ့ သံသရာထဲမှာ ကျွန်မ ပိတ်မိနေတာပဲ။ သခင်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံထဲ ကျွန်မကို ချီဆောင်ပါ့မလားပေါ့။ ဒါပေမဲ့ တရားဟောဆရာတစ်ယောက်က ပြောတယ်။ “အသက်ရှင်သရွေ့၊ ကျွန်မတို့ အားလုံးက မလွဲမသွေ အပြစ်လုပ်မိမှာဖြစ်ပေမဲ့၊ သခင် ကားစင်တင်ခံရချိန်မှာ ကျွန်မတို့ အပြစ်တွေကို ယူဆောင်သွားခဲ့တယ်။ သခင့်ဆီ ဝန်ချပြီး နောင်တရသရွေ့၊ အပြစ်တွေ ခွင့်လွတ်ခံရမှာဖြစ်ပြီး၊ သခင်ကြွလာတဲ့အခါ ချီဆောင်ခံရမှာပါ”တဲ့။ ကျွန်မလည်း သံသယတွေရှိခဲ့တယ်။ ဘုရားပြောခဲ့တာကို ပြန်သတိရမိတယ်။ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဘုရားက သန့်ရှင်းပြီး ကောင်းကင်နိုင်ငံတော်က သန့်ရှင်းတဲ့ နယ်မြေဖြစ်တယ်။ သန့်ရှင်းခြင်းကို မရရင်၊ နိုင်ငံတော်ထဲကို ကျွန်မတို့ တကယ် ဝင်လို့ရပါ့မလားပေါ့။ ကျွန်မ အရမ်းကို မရှင်းမလင်းဖြစ်ပြီး စိုးရိမ်မိခဲ့ပေမဲ့၊ အပြစ်ကနေ ကိုယ့်ကိုယ်ကိုယ် ဖယ်ရှားဖို့ လမ်းကြောင်း ရှာမတွေ့နိုင်ခဲ့ဘူး။

အဲဒီနှစ် ခရစ္စမတ် စုဝေးပွဲမှာ၊ အစ်မရှင်းလုက ကျွန်မကို စာအုပ်တစ်အုပ် ပေးတယ်။ သိချင်စိတ်နဲ့ သူ့ကို ကျွန်မမေးတယ်။ “ဒီစာအုပ် ဘယ်ကလာတာလဲ”လို့ပေါ့။ သူက ပြောတယ်။ “ဒါတွေက ဘုရားနှုတ်ကပတ်တော်တွေပဲ။ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီးပြီ။ ဒီစကားတွေက ဘုရားရဲ့ လက်ရှိ လူ့ဇာတိခံခြင်းက ဖော်ပြတဲ့ သမ္မာတရားဖြစ်တယ်”တဲ့။ ကျွန်မ အံ့ဩသွားပြီး စိတ်လှုပ်ရှားရင်းနဲ့ မေးမိတယ်။ “သခင် ပြန်ကြွလာပြီလား။ ဒါတွေက ဘုရားနှုတ်ကပတ်တော်တွေလား”လို့ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ နည်းနည်းလည်း မရှင်းမလင်းဖြစ်ပြီး မေးမိတယ်။ “ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သခင် ပြန်ကြွလာတဲ့အခါ၊ မိုးတိမ်စီး ကြွလာမှာလေ။ လူ့ဇာတိခံတာ ဘယ်လိုဖြစ်နိုင်မှာလဲ”လို့ပေါ့။ ရှင်းလုက ပြန်ဖြေတယ်။ “သခင့်ရဲ့ ကြွလာခြင်းက အသေးအမွှား ကိစ္စမဟုတ်ဘူး။ ဘောင်မခတ်သင့်ဘူး။ မရှင်းတာတချို့ ရှိရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတို့ ရှာဖွေလို့ရတယ်”တဲ့။ သခင်ယေရှု ပြောခဲ့သည်မှာ- “ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ရက်နည်းနည်းကြာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အစ်မဝမ်ကျင်း၊ လီရှူးတို့နဲ့ တွေ့ပြီး၊ ကျွန်မ မရှင်းတာကို ပြောပြတယ်။ “သခင်က လူ့ဇာတိခံပြီးပြီလို့ အစ်မတို့ ပြောပေမဲ့ ဒါ မဖြစ်နိုင်ဘူး။ ဘုရားက မိုးတိမ်စီး ကြွဆင်းလာမယ်လို့ တရားဟောဆရာတွေက ကျွန်မတို့ကို ခဏခဏ ပြောကြတယ်။ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုသလိုပေါ့။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ (ဗျာဒိတ်ကျမ်း ၁:၇) ဘုရားက ထပ်ပြီး လူ့ဇာတိခံပြီးပြီလို့ အစ်မတို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ကျမ်းစာမှာ သက်သေရှိလား” ပေါ့။ ဝမ်ကျင်းက ပြန်ဖြေတယ်။ “သခင် ပြန်ကြွလာမဲ့ပုံနဲ့ ပတ်သက်လို့ ကျမ်းစာမှာ ပရောဖက်ပြုချက်တွေ အများကြီးပဲ။ မိုးတိမ်စီး ကြွလာတာက အမျိုးအစား တစ်ခုသာဖြစ်တယ်။ သခင်က လူ့ဇာတိခံပြီး တိတ်တဆိတ် ဆင်းကြွမယ်ဆိုတဲ့ ဒီလိုပရောဖက်ပြုချက်တွေလည်း အများကြီးရှိတယ်။ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။’ (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။’ (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒီကျမ်းချက်နှစ်ခုက ‘လူသားရဲ့ ကြွလာခြင်း’ ကို ဖော်ပြတယ်။ ဒီတော့ ဒီလူသားက ဘယ်သူလဲ။ သခင်ယေရှုက လူသားဖြစ်ပြီး ဘုရားရဲ့ လူ့ဇာတိခံခြင်းဖြစ်မှန်း ကျွန်မတို့အားလုံး သိပါတယ်။ ဒီတော့ ‘လူသား’ဆိုတာက ဘုရားရဲ့ လူ့ဇာတိခံခြင်းကို ရည်ညွှန်းတာပဲ။ လူသားရဲ့ ကြွလာခြင်းဆိုတာက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူ့ဇာတိခံခြင်းကို ရည်ညွှန်းတာပဲ။ ပြီးတော့ သခင်က သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ မိုးတိမ်စီးကြွလာခဲ့ရင်၊ အဲဒါကို မြင်တာနဲ့ အားလုံးက သူ့ရှေ့မှာ ဦးညွှတ်ကြမှာပဲ။ အဲဒါဆိုရင် ဘုရားက ဆင်းရဲဒုက္ခခံပြီး ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာခံရပါ့မလား။ သခင်က လူသားအနေနဲ့ လူ့ဇာတိခံတဲ့အခါမှပဲ လူတွေက သူ့ကို လူ့ဇာတိခံဘုရားအနေနဲ့ သတိမထားမိဘဲ၊ သူ့ကို ရှုတ်ချ၊ ငြင်းပယ်မိမှာဖြစ်ပြီး အဲဒီအခါမှပဲ ဘုရားက ဆင်းရဲဒုက္ခခံရမှာ။ ဒီတော့ ဒီတစ်ခါ ဘုရားက သူ့အမှုကို ပြုဖို့ မိုးတိမ်စီးကြွမလာဘဲ၊ အဲဒီအစား လူသားအနေနဲ့ လူ့ဇာတိခံဖို့ ရွေးခဲ့တာပဲ”တဲ့။ ဝမ်ကျင်းပြောတဲ့ ဟာကြောင့် ကျွန်မ အံ့ဩသွားတယ်။ သူ မိတ်သဟာယပြုတဲ့အရာက ကျမ်းစာနဲ့ ကိုက်တယ်လေ။ သခင်က နောက်ဆုံးသော ကာလမှာ လူသားအနေနဲ့ ကြွလာမယ်လို့ ကျမ်းစာက ပရောဖက်ပြုထားတယ်။ အရင်က ဒါကို ကျွန်မဘယ်လိုလုပ် မမြင်ခဲ့တာလဲ။ ဒါပေမဲ့ ဘုရားက ပေါ်ထွန်းပြီး အမှုပြုဖို့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံရင် ဗျာဒိတ် ၁:၇ထဲက ပရောဖက်ပြုချက်ဖြစ်တဲ့ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” ဆိုတာက ဘယ်လိုလုပ် ပြည့်စုံမှာလဲ။ ကျွန်မ မရှင်းတာကို ဝမ်ကျင်းကို ပြောပြလိုက်တယ်။ သူက ဆက်မိတ်သဟာယပြုပြီး ပြောတယ်။ “ဒီပရောဖက်ပြုချက်တွေအားလုံး သေချာပေါက် ပြည့်စုံလိမ့်မယ်၊ ဒါပေမဲ့ အဲဒါတွေအတွက် အစီအစဉ်တစ်ခုရှိတယ်။ နောက်ဆုံးသော ကာလမှာ သခင်က နည်းလမ်းနှစ်ခုနဲ့ ကြွလာမှာ။ လူသားမျိုးနွယ်ကို လုံးလုံး သန့်စင်ပြီး ကယ်တင်ဖို့နဲ့ အောင်မြင်သူတစ်စု ဖန်တီးရအောင်လို့ သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကိုပြုဖို့ သခင်က အရင်ဆုံး လူ့ဇာတိခံပြီး တိတ်တဆိတ် ကြွဆင်းလာမယ်။ ဒါပြီးရင် ကပ်ဘေးတွေ စမှာဖြစ်ပြီး ဘုရားလူ့ဇာတိခံခြင်းရဲ့ လျှို့ဝှက်တဲ့အမှုက အဆုံးသတ်မယ်။ ကပ်ဘေးတွေ ပြီးသွားတဲ့အခါ၊ ဘုရားက တိုင်းနိုင်ငံနဲ့ လူမျိုးအားလုံးရှေ့မှာ ပေါ်ထွန်းရင်းနဲ့ မိုးတိမ်စီးပြီး ပွင့်ပွင်းလင်းလင်း ကြွလာမယ်။ အဲဒီအခါ ဗျာဒိတ်ကျမ်းမှာရှိတဲ့ ဒီပရောဖက်ပြုချက် ပြည့်စုံမယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ (ဗျာဒိတ်ကျမ်း ၁:၇) ဘုရားမိုးတိမ်စီး ကြွလာချိန်မှာ ဘာလို့ မြေကြီးသားအားလုံးက ငိုကြွေးမြည်တမ်းကြမှာလဲ။ ဘာလို့လဲဆိုတော့ ဘုရားက သူ့အမှုကို ပြုဖို့ လူ့ဇာတိခံခဲ့ချိန်မှာ၊ သူ့ကို သူတို့ အသိအမှတ်မပြုခဲ့သလို အတိုက်အခံလုပ်ပြီး ငြင်းပယ်ခဲ့ကြလို့ပဲ။ ဘုရားက မိုးတိမ်စီး ကြွလာတဲ့အခါမှပဲ သူတို့ အတိုက်အခံလုပ်ပြီး ရှုတ်ချနေခဲ့တာက နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်မှန်း သဘောပေါက်ကြမှာ။ အဲဒီအခါ၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို သူတို့ လက်ခံချင်ရင်တောင်၊ အရမ်းနောက်ကျသွားမယ်။ ဘာလို့လဲဆိုတော့ ဘုရား မိုးတိမ်စီး ကြွလာချိန်မှာ၊ လူကို ကယ်တင်မဲ့ သူ့အမှု အဆုံးသတ်နှင့်ပြီးသား ဖြစ်မှာဖြစ်လို့ပဲ။ လူတွေရဲ့ အဆုံးသတ်ကို သူ ဆုံးဖြတ်မယ်၊ ပြီးတော့ ဆိုးတဲ့သူကို အပြစ်ပေးပြီး ကောင်းတဲ့သူကို ဆုပေးမှာဖြစ်တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ အမှုတော်ကို အတိုက်အခံလုပ်သူတွေဟာ ထာဝရ မြည်တမ်းပြီး အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးတွေကို လွန်ဆန်နိုင်မှာ မဟုတ်ဘူး”တဲ့။

ဝမ်ကျင်းရဲ့ မိတ်သဟာယက အသိအမြင်နဲ့ ပြည့်နေတာ တွေ့ရတယ်။ သခင် ပြန်ကြွလာတဲ့ နည်းလမ်းနှစ်ခု တကယ်ရှိတာပဲ။ အရင်ဆုံး သူက တိတ်တဆိတ် လူ့ဇာတိခံတယ်၊ ပြီးတော့ မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်း ကြွလာတယ်။ ဒါ ကျမ်းစာနဲ့ ကိုက်တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့ သက်သေခံချက်ကိုတော့ ကျွန်မ မသေမချာ ဖြစ်နေတုန်းပဲ။ ဒါကြောင့် ကျွန်မ ဆက်ပြောလိုက်တယ်။ “နောက်ဆုံးသော ကာလမှာ ဘုရားက လူသားအနေနဲ့ လူ့ဇာတိခံတယ်ဆိုတာကို ကျွန်မ လက်ခံပေမဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံ ဘုရားဖြစ်မှန်း ကျွန်မတို့ ဘယ်လို သေချာနိုင်မှာလဲ”ပေါ့။ အရင်ဆုံး လီရှူးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ၊ လီရှူးက ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက တော်တော်ရှင်းတယ်။ အပြင်ပန်း သွင်ပြင်ကိုပဲ အခြေခံပြီး လူ့ဇာတိခံဘုရားဖြစ်တယ်လို့ ကျွန်မတို့ ဆုံးဖြတ်လို့မရဘူး။ အဓိကအချက်က ခရစ်တော်ရဲ့ အနှစ်သာရ ရှိလားဆိုတာ ကြည့်ဖို့ပဲ။ ခရစ်တော်ဖြစ်တဲ့သူက သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအမှု ပြုနိုင်တယ်။ သခင်ယေရှုကို ကြည့်လိုက်။ အပြင်ပန်းမှာ၊ သာမန်လူဖြစ်ပုံရပြီး၊ သူကို ဘုရားလို့ မြင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အထဲမှာ ဘုရားဝိညာဉ်တော်ရှိလို့၊ သူဟာ ဘုရားကိုယ်တိုင်ရဲ့ လူ့ဇာတိခံခြင်း ဖြစ်တယ်။ လူသားမျိုးနွယ်ကို နောင်တလမ်း ပေးသနားဖို့ သမ္မာတရားကို သူ ဖော်ပြနိုင်ခဲ့ပြီး၊ လူသားမျိုးနွယ်ကို ရွေးနုတ်တဲ့ အမှုကို ကားစင်တင်ခံခြင်းနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒီတုန်းက၊ သခင်ယေရှုရဲ့ တပည့်တော်တွေက သူ့စကားနဲ့ အလုပ်ပေါ် အခြေခံပြီး သူ့ကို ဘုရားအနေနဲ့ အသိအမှတ်ပြုခဲ့ကြတယ်။ ဒါပေမဲ့ ဖာရိရှဲတွေကတော့ သမ္မာတရားကို လက်မခံခဲ့ကြဘူး။ သခင်ယေရှုရဲ့ အပြင်ပန်း သွင်ပြင်ကို အခြေခံပြီး သူ့ကို သာမန်လူအနေနဲ့ပဲ သဘောထားခဲ့ကြတယ်။ သူ့ကို အကြောင်းမဲ့ အာခံ၊ ရှုတ်ချပြီး နောက်ဆုံးမှာ ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့ကြတယ်။ ဒါကြောင့် တစ်ယောက်ယောက်က နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ လူ့ဇာတိခံခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အဓိကအချက်က သူတို့ ဖော်ပြတဲ့ စကားတွေက သမ္မာတရားလားဆိုတာနဲ့ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အမှု လုပ်နိုင်လားဆိုတာ ကြည့်ဖို့ပဲ။ ဒါက ခရစ်တော်ကို အသိအမှတ်ပြုပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”တဲ့။ ဒါကို ပြောပြီးတော့ ဝမ်ကျင်းက ကျွန်မတို့ကို မေးတယ်။ “ပရောဖက် ဟေရှာယ၊ ယေဇကျေလ၊ ယေရမိနဲ့ ဒံယေလတို့ကို ခရစ်တော်တွေလို့ ခေါ်လို့မရပေမဲ့ ယေရှုကို ခရစ်တော်လို့ ခေါ်လို့ရတာ ဘာကြောင့်လဲ”တဲ့။ ဒီမေးခွန်းကြောင့် ကျွန်မ အခက်တွေ့သွားတယ်။ ကျွန်မမှာ အဖြေမရှိတော့ ချက်ချင်း သူတို့ကို မိတ်သဟာယပြုခိုင်းလိုက်တယ်။ ဝမ်ကျင်းက ပြောတယ်။ “ခရစ်တော်က ဘုရားရဲ့ လူ့ဇာတိခံခြင်း ဖြစ်ပုံကို ကျွန်မတို့ ပြောသာပြောနေကြတာ။ အပြင်ပန်းမှာ၊ သူက သာမန်လူနဲ့ တူကောင်းတူမှာပဲ။ ဒါပေမဲ့ သူဟာ ဘုရားဝိညာဉ်တော်ရဲ့ ပြယုဂ်ဖြစ်ပြီး အခြေခံအားဖြင့် ဖန်ဆင်းခံတွေနဲ့ ကွဲပြားခြားနားတယ်။ သူ့မှာ သာမန် လူ့သဘာဝသာမက၊ ပြီးပြည့်စုံတဲ့ ဘုရားသဘာဝလည်း ရှိတယ်။ ဒါက ဘုရားရဲ့ လူ့ဇာတိခံခြင်းက အချိန်မရွေး သမ္မာတရား ဖော်ပြနိုင်ပြီး နက်နဲမှုတွေ ထုတ်ဖော်ပြနိုင်သလို၊ ဘုရားရဲ့ စိတ်သဘောထား၊ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်း၊ သူ့အတွေးနဲ့ စိတ်ကူးတွေ၊ သူ့မေတ္တာ၊ တန်ခိုးကြီးမားခြင်းနဲ့ ဉာဏ်ပညာတွေကို ဖော်ပြနိုင်တယ်၊ ဒီလိုနဲ့ လူသားမျိုးနွယ်အားလုံးကို ဘုရားကို နားလည်ပြီး အသိအမှတ်ပြုစေတယ်ဆိုတဲ့ အချက်မှာ သိသာထင်ရှားတယ်။ ဒါက ခရစ်တော်မှာ ပြီးပြည့်စုံတဲ့ ဘုရားသဘာဝရှိတာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ပရောဖက်တွေက အဖန်ဆင်းခံသက်သက်ပဲ။ သူတို့မှာ လူ့သဘာဝရှိပေမဲ့ ဘုရားသဘာဝမရှိဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို သယ်ဆောင်နိုင်ပေမဲ့ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ ဒါကြောင့် ဘုရားရဲ့ လူ့ဇာတိခံခြင်းကိုပဲ ခရစ်တော်လို့ ခေါ်လို့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ။ ‘လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေနဲ့ အဲဒီညီအစ်မတွေရဲ့ မိတ်သဟာယကနေ ကျွန်မ သိသွားတယ်။ ခရစ်တော်မှာ လူ့သဘာဝနဲ့ ပြီးပြည့်စုံတဲ့ ဘုရားသဘာဝနှစ်ခုလုံး ရှိပြီး၊ ခရစ်တော်ကပဲ သမ္မာတရား ဖော်ပြနိုင်တယ်၊ ပရောဖက် ဒါမှမဟုတ် အလေးစားခံရတဲ့ လူသက်သက်က မဖော်ပြနိုင်ဘူး။ ဒါတွေဟာ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေအများကြီးမှာ မကြားခဲ့ဖူးတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်များ ဖြစ်နိုင်မလား။ မဟုတ်ရင်၊ ဘုရားကလွဲလို့ ဘယ်သူက အဲဒီလို သမ္မာတရားတွေ ဖော်ပြပြီး နက်နဲမှုတွေကို ထုတ်ဖော်နိုင်မှာလဲ။

အဲဒီတုန်းက ကျွန်မမှာ မရှင်းလင်းတာတချို့ ရှိနေတုန်းပဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကို လုပ်နေတယ်လို့ သူတို့ ပြောတာ ကြားခဲ့ရပေမဲ့၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ပြုပြီး ကျွန်မတို့ အပြစ်တွေကို ယူဆောင်ခဲ့တယ်၊ ကျွန်မတို့အားလုံး ခွင့်လွှတ်ခံရပြီး အပြစ်မရှိတော့သလို၊ သခင်ကြွလာတဲ့အခါ နိုင်ငံတော်ထဲကို တိုက်ရိုက် ချီဆောင်ခံရမယ်လို့ တရားဟောဆရာတွေ ပြောတာကို အရင်က ကျွန်မ ကြားဖူးတယ်။ ဒီတော့ ဘုရားက တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုဖို့ ဘာလို့ ထပ်ပြီး လူ့ဇာတိခံမှာလဲ ပေါ့။ ဒီမရှင်းလင်းတာကို အဲဒီအစ်မတွေဆီ ကျွန်မ ပြောပြခဲ့တယ်။ ဝမ်ကျင်းက ပြန်ပြောတယ်။ “ကျွန်မတို့က အပြစ်နဲ့မဆိုင်ဘူး လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့က အပြစ်ကနေ လွတ်မြောက်ပြီး သန့်စင်ခြင်းရပြီးပြီလား။ ထပ်ပြီး အပြစ်မလုပ်တော့ဘူးလို့ ကျွန်မတို့ သေချာနိုင်လား”တဲ့။ အဲဒီအစ်မရဲ့ မေးခွန်းကြောင့် ကျွန်မ အာစေးမိသွားတယ်။ သခင်ယေရှုရဲ့ ရွေးနုတ်တာခံခဲ့ရပေမဲ့ ကျွန်မတို့ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချနေကြတုန်းပဲလေ။ အပြစ်ရဲ့ ချုပ်ချယ်မှုကနေ ကျွန်မတို့ တကယ် မလွတ်မြောက်ကြသေးဘူးကိုး။ ဝမ်ကျင်းက ဆက်ပြောတယ်။ “ကျွန်မတို့ရဲ့အပြစ်တွေကို ယူဆောင်သွားပြီး ရွေးနုတ်ဖို့ သခင်ယေရှုက ကားစင်တင်ခံခဲ့ရပေမဲ့၊ ကျွန်မတို့ ဘဝမှာ အပြစ်ကျူးလွန်မိတုန်းပဲဆိုတာ ငြင်းလို့မရဘူး။ ကျွန်မတို့ မလိမ်ညာ၊ မလှည့်စားဘဲ မနေနိုင်ကြသလို၊ ဘုရားအတွက် စွန့်လွှတ်တာတွေတချို့ လုပ်ပြီး အသုံးခံပြီးတဲ့နောက်မှာ၊ ကိုယ့်ရဲ့ ဝါရင့်မှုကို ကျွန်မတို့ ကြွားကြတယ်။ ဘုရားအမှုတော်က ကျွန်မတို့ အယူအဆနဲ့ မကိုက်တဲ့အခါ၊ ဘုရားကို အပြစ်တင်ပြီး ဝေဖန်တာတောင်လုပ်ကြတယ်။ ဘုရားကို ယုံကြည်ပေမဲ့ လူတွေကို ကိုးကွယ်ပြီး နာခံနေကြတုန်းပဲ။ အပြစ်ရဲ့ချုပ်ခြယ်မှုတွေကနေ မလွတ်မြောက်သေးတာ သိသာတယ်။ ကျမ်းစာက ပြောတယ်။ ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။’ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ‘ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ အပြစ်ထဲ အသက်ရှင်သူတွေက ခဏခဏ အပြစ်လုပ်ပြီး ဘုရားကို အာခံကြတုန်းပဲ။ စာတန်ရဲ့ အတန်းစားတွေဖြစ်ပြီး၊ ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်လို့မရဘူး။ နောက်ဆုံးသော ကာလမှာ၊ လူသားမျိုးနွယ်ရဲ့ အပြစ်ရှိခြင်းကို ဖြေရှင်းဖို့၊ သူတို့ကို အပြစ်ကနေ ရွေးနုတ်ကယ်တင်ဖို့၊ ဘုရားက နောက်တစ်ခါ လူ့ဇာတိခံပြီး လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ဖို့၊ လူတွေကို ပြီးပြည့်စုံတဲ့ ကယ်တင်ခြင်းပေးပြီး နိုင်ငံတော်ထဲ ဝင်ရအောင် အရည်အချင်း ပြည့်မီစေဖို့ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုပြတယ်”တဲ့။ အဲဒီနောက်မှာ ဝမ်ကျင်းက ကျွန်မအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ပြတယ်။ “နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း မခံရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ဝမ်ကျင်းက မိတ်သဟာယပြုပြီး ပြောတယ်။ “သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ခဲ့တာ။ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်၊ ကယ်တင်တဲ့အမှုကို သူ မဆောင်ရွက်ခဲ့ဘူး။ အပြစ်ကနေ ချိုးဖျက်လွတ်မြောက်ဖို့၊ ကယ်တင်ခြင်းရပြီး ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်မတို့ ကြိုးစားရင်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုကို လက်ခံရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှု အခြေခံအုတ်မြစ်ပေါ်မှာ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတယ်။ သူက နှုတ်ကပတ်တော် သန်းချီ ဖော်ပြတယ်။ ဘုရားရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေအပြင်၊ ဘုရားရဲ့ လူ့ဇာတိခံခြင်း နက်နဲမှုတွေနဲ့ ကျမ်းစာရဲ့ အတွင်းဇာတ်ကြောင်းတွေကို ထုတ်ဖော်ပြနေတယ်။ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပုံ၊ နောက်ဆုံးသော ကာလမှာ ဘုရားက တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှု ဆောင်ရွက်ပုံ၊ လူအမျိုးအစား အသီးသီးရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်ကို သူ ဆုံးဖြတ်ပုံ စတာတွေကိုလည်း ဖော်ထုတ်ပြီးပြီ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ဆိုတာ နောက်ဆုံး‌သောကာလ ဘုရားအမှုတော်အတွင်း ဘုရားဆီက ဖော်ပြချက်တစ်ခုနဲ့ ဘုရားရဲ့ တရားစီရင်ခြင်း အမှုအတွက် သက်သေခံချက်တစ်ခု ဖြစ်တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကိုယ်တိုင် ထိန်းကျောင်း၊ ရေလောင်းခြင်းကတစ်ဆင့် ဘုရားရွေးချယ်ထားသူအားလုံးက လူ့ဇာတိခံဘုရားရဲ့ အမှုတော်က တကယ် လက်တွေ့ကျမှန်း မြင်ကြတယ်။ ဘုရားက တကယ်ကို လူသားမျိုးနွယ်ကြားမှာ အသက်ရှင်ပြီး၊ လူတွေရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ အမှားတွေ၊ လိုက်စားမှုအပေါ် သူတို့ရဲ့ မမှန်တဲ့ ရှုထောင့်အမြင်တွေ၊ ဆိုးယုတ်တဲ့ စိတ်သဘောထားမျိုးစုံကို ဖော်ထုတ်ရင်းနဲ့ ထောက်ပံ့၊ အားဖြည့်ပေးဖို့ လူတွေရဲ့ လက်တွေ့ အခြေအနေတွေနဲ့ဆိုင်တဲ့ သမ္မာတရားတွေကို ဖော်ပြတယ်။ အဲဒါက သူတို့ကို သိနားလည်ပြီး ပြောင်းလဲခွင့်ပေးတယ်။ ဘုရားက လူတွေကို သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ တောင်းဆိုချက်တွေကိုလည်း အသိပေးခဲ့ပြီး လူတွေကို သူတို့လိုက်စားဖို့နဲ့ လက်တွေ့လုပ်ဖို့ စည်းမျဉ်းတွေအတွက် လက်တွေ့အကျဆုံး၊ အတိကျဆုံး ပန်းတိုင်တွေကို ပေးတယ်။ ဒီလိုနဲ့ လူတွေကို သမ္မာတရားရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ခွင့်ပေးပြီး ကယ်တင်ခြင်းကို ရရှိစေတယ်။ အပြစ်နဲ့ စာတန်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်စေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်သူအားလုံးက လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ဖို့ ဘုရားလူ့ဇာတိခံခြင်းက သမ္မာတရား မဖော်ပြခဲ့ရင်၊ လူဟာ အပြစ်ရဲ့ အချုပ်အနှောင်၊ အချုပ်အချယ်တွေကနေ ချိုးဖျက်လွတ်မြောက်နိုင်ဖို့ မပြောနဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကိုတောင် လုံးဝ သတိပြုမိမှာ မဟုတ်ဘူးလို့ နက်နက်ရှိုင်းရှိုင်း ခံစားမိကြတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနဲ့ပဲ လူဟာ သူရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ သန့်စင်ခံရပြီး ကယ်တင်ခြင်း ရနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ၊ အမှုတော်နဲ့ သူ့အမှုတော်က ရရှိခဲ့တာတွေအရ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားရဲ့ လူ့ဇာတိခံခြင်းနဲ့ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်မှန်း သေချာနိုင်တယ်။”

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အဲဒီညီအစ်မတွေရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှပဲ သခင်ယေရှုက ကျွန်မတို့ အပြစ်တွေကိုပဲ ခွင့်လွှတ်ပေးခဲ့ပြီး ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို အပြည့်အဝ မဖြေရှင်းခဲ့ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် အပြစ်ထဲမှာ ကျွန်မတို့ အသက်ရှင်ကြတုန်းပဲဖြစ်ပြီး အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ မလွတ်နိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုကို လက်ခံခြင်းနဲ့ပဲ အပြစ်ကနေ ကျွန်မတို့ အပြည့်အဝ လွတ်နိုင်တယ်၊ ကယ်တင်ခြင်း ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်နိုင်တယ်။ အဲဒီနောက်မှာ၊ ဝမ်ကျင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တချို့ကို ဖတ်ပြတယ်။ အဲဒါက ကျွန်မကို ပိုလို့တောင် ရှင်းသွားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု တကယ် ဖြစ်နိုင်တယ်လို့ ခံစားရတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာ၊ ကျွန်မရဲ့ နဂိုအသင်းတော်က သင်းအုပ်ဆရာက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်မ စုံစမ်းနေမှန်း သိသွားတယ်။ သူက ကျွန်မကို တားဆီး၊ နှောင့်ယှက်ဖို့ တခြာ်တွဲဖက်အမှုဆောင် ဆယ်ယောက်ကျော်နဲ့ အိမ်ကို လာတယ်။ အဲဒီညီအစ်မနှစ်ယောက်ကို ဧည့်မခံဖို့ ကျွန်မကို ပြောပြီး သူတို့ကို နှင်ထုတ်ခိုင်းဖို့တောင် ကြိုးစားကြတယ်။ သင်းအုပ်ကို ကျွန်မ ပြောလိုက်တယ်။ “လူစိမ်းတွေကို မေတ္တာနဲ့ ဂရုစိုက်ပြီး ဆက်ဆံရမယ်လို့ ကျမ်းစာက ပြောတယ်။ သူတို့ကို ကျွန်မတို့ ဧည့်မခံဘဲ၊ ညသန်းခေါင်မှာ နှင်ထုတ်ရင် အဲဒါ မေတ္တာထားပြီး ဂရုစိုက်တာလား။ ဒါက သခင့်ကို ဘုန်းမထင်ရှားစေဘူး။ ဒါ့အပြင် ဗျာဒိတ်ကျမ်းက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။’ (ဗျာဒိတ်ကျမ်း ၂:၇) နောက်ဆုံးသော ကာလမှာ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်အားလုံးကို စကားပြောမယ်။ လူတွေက နားထောင်ပြီး စုံစမ်းဖို့ ပျက်ကွက်မယ်ဆိုရင်၊ သခင့်အသံကို သူတို့ ဘယ်လိုကြားပြီး သူ့ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မှာလဲ”လို့ပေါ့။ ဒါပေမဲ့ သင်းအုပ်က နားမထောင်ဘဲ အဲဒီညီအစ်မတွေကို မောင်းထုတ်ဖို့ မရမကပြောတယ်။ သူတို့ အလျှော့မပေးပုံကို မြင်တော့ အဲဒီညီအစ်မတွေ ဆက်နေရင် သူတို့ အန္တရာယ်ရှိမှာကို ကျွန်မ စိုးရိမ်လာလို့ သူတို့ကို အမြန်လိုက်ပို့လိုက်တယ်။ အဲဒီနောက်မှာ၊ သင်းအုပ်က ကျွန်မနဲ့ ရှင်းလုကို လူခွဲလိုက်ပြီး၊ ကျွန်မတို့ကို လှည့်စားဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်တဲ့ အရာတွေအများကြီး ပြောတယ်။ တခြား ကယ်တင်ခြင်းအမှု တစ်ခုမှ မရှိသလို၊ တခြားအယူဝါဒကို ကျွန်မတို့က ယုံကြည်ရင်၊ အသင်းတော်နဲ့ သခင့်ကို သစ္စာဖောက်နေတာ ဖြစ်မှာပဲလို့လည်း ပြောတယ်။ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်က ကြားခဲ့တဲ့ သမ္မာတရားကို သူတို့နဲ့ ကျွန်မ မိတ်သဟာယယဖွဲ့ခဲ့ပေမဲ့၊ ကျွန်မ ဘာပဲပြောပြော၊ နားမထောင်ကြဘူး။ သင်းအုပ်နဲ့ တရားဟောဆရာတွေက ကျွန်မကို တစ်လှည့်စီ ရက်အတော်ကြာ နှောင့်ယှက်တယ်၊ ကျွန်မတို့က မမှန်တဲ့ယုံကြည်ချက်ကို ယုံကြည်နေကြောင်း ပြောတယ်၊ ကျွန်မတို့ကို သောကပွေအောင်လုပ်ပြီး ခေါင်းကို ချာချာလည်သွားစေခဲ့တယ်။ တွဲဖက်အမှုဆောင် စုဝေးပွဲမှာလည်း ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြီး၊ လမ်းကြောင်းမှားပေါ် ခြေချမိပါတယ်လို့ လူအားလုံးရှေ့မှာ ကျွန်မတို့ကို ပြောခိုင်းတယ်။ ကျွန်မ ပြန်ပြောလိုက်တယ်။ “သခင်က လုပ်ဖို့ပြောတဲ့အတိုင်းပဲ စစ်မှန်တဲ့လမ်းကို ကျွန်မ စုံစမ်းနေတာပါ။ ဘာအမှားမှ လုပ်နေတာ မဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ (ရှင်မဿဲခရစ်ဝင် ၂၅:၆) သခင် ပြန်ကြွလာပြီလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သက်သေခံတယ်။ အရမ်း အရေးကြီးတဲ့အရာတစ်ခုကို ဘာလို့ ကျွန်မတို့ မစုံစမ်းသင့်တာလဲ။ ရှင်တို့က ဘာလို့ ကျွန်မတို့ကို ဆက်ပြီး တားဆီးနေတာလဲ”ပေါ့။ အဲဒီနောက် ရှင်းလုက ပြောလိုက်တယ်။ “ဟုတ်တယ်။ ဒီရက်တွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေ အများကြီး ကျွန်မတို့ ကြားခဲ့ပြီး အရင်က ကျမ်းစာဖတ်ရာကနေ နားမလည်ခဲ့တဲ့ သမ္မာတရား အများကြီးကို သိခဲ့ရတယ်။ ဒါ ဘုရားရဲ့ အသံဖြစ်ပြီး စုံစမ်းသင့်တယ်လို့ ကျွန်မလည်း ယုံကြည်တယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်းလောက် ကြီးမားတဲ့ အရာတစ်ခုနဲ့ ပတ်သက်ပြီး ရှင်တို့က ဘာလို့ မစုံစမ်း၊ မရှာဖွေဘဲ ကျွန်မတို့ကိုတောင် တားနိုင်ရတာလဲ”တဲ့။ သင်းအုပ်က အထင်သေးတဲ့ သဘောနဲ့ ပြန်ပြောတယ်။ “စုံစမ်းစရာ မလိုဘူး၊ မှားတဲ့ လမ်းကြောင်းပေါ် မင်းတို့ သေချာပေါက် ခြေချနေကြတာ။ သခင့်ဆီ အမြန် နောင်တရရင် ပိုကောင်းမယ်။ မင်းတို့မှာ ဝိညာဉ်ရင့်ကျက်မှု မရှိဘူး၊ ကျမ်းစာသိတာ နည်းပြီး လွယ်လွယ် လှည့်ဖြားခံရတာပဲ။ မင်းတို့ ကောင်းဖို့အတွက် ငါ မင်းတို့ကို စုံစမ်းခွင့်မပေးဘဲ နေတာ။ မှားတဲ့ လမ်းကြောင်းပေါ် မင်းတို့ ခြေချမိပြီး သခင်စွန့်ပစ်တာ ခံရရင်၊ မင်းတို့ရဲ့ စွန့်လွှတ်၊ အားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားမှာ။ နောင်တရဖို့ အရမ်းနောက်ကျသွားမယ်”တဲ့။ ဒါကို ကြားတော့ ကျွန်မ တွေးမိတယ်။ “ငါ တကယ်ပဲ သင်းအုပ်ပြောသလို မှားတဲ့ လမ်းကြောင်းပေါ် ခြေချမိခဲ့ရင်၊ ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက တကယ် ထူးခြားပြီး ဘုရားရဲ့ အသံဖြစ်ပုံရတယ်။ မစုံစမ်းရင်၊ သခင့်ကို ကြိုဆိုဖို့ အခွင့်အရေး ငါ လွတ်သွားမှာ မဟုတ်လား”ပေါ့။ ကျွန်မ နည်းနည်း ဝေခွဲမရဖြစ်သွားတယ်။ အဲဒီနောက်မှာ၊ သူတို့က တစ်လကြာ “သစ္စာစောင့်သိမှု သင်တန်း နှီးနှောဖလှယ်ပွဲ” ကို သေချာ စီစဉ်ပြီး စဖွင့်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မတို့ မစုံစမ်းတော့အောင် ရည်ရွယ်ပြီး ဖွင့်တာ။ နေ့တိုင်း၊ ကျွန်မတို့ကို စောင့်ကြည့်တဲ့ လူတွေ ရှိတယ်။ တရားဟော ဆရာတွေက ကျမ်းစာရှင်းပြဖို့ ထပ်တလဲလဲ လာကြပြီး၊ နောက်ဆုံးသော ကာလမှာ မတရားမှု တိုးပွားသလို၊ အတော်များများက သူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားတယ်လို့ သူတို့ ပြောကြတယ်။ သူတို့ အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်မ ရုတ်တရက် သဘောပေါက်လိုက်တယ်။ “ဟုတ်တယ်၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကို ငါတို့ ရရှိပြီးပြီဖြစ်ပေမဲ့၊ လူတိုင်းက အပြစ်ထဲမှာ အသက်ရှင်တုန်းပဲဖြစ်သလို အပြစ်လုပ်ပြီး ဝန်ချမှုမှာ ပတ်သက်မိကြတယ်။ အပြစ်ရဲ့ အချုပ်အနှောင်နဲ့ အချုပ်အချယ်တွေကနေ ဘယ်သူမှ မလွတ်နိုင်ဘူး။ သင်းအုပ်နဲ့ အကြီးအကဲတွေကြားမှာတောင်၊ အမြဲ ခွက်စောင်းခုတ်တာတွေရှိတယ်။ ငါတို့်တွဲဖက်အမှုဆောင်တချို့ရဲ့ အပြုအမူက မယုံကြည်သူ အတော်များများထက်တောင် ဆိုးတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းအမှုကို ငါတို့ လက်မခံရင်၊ အပြစ်ကနေ လွတ်ပြီး ဖြူစင်မှုရဖို့ ငါတို့ ဘယ်လို မျှော်လင့်လို့ရမှာလဲ။ ငါတို့ သန့်စင်မခံရရင်၊ ဘယ်လိုလုပ် ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်မှာလဲ။ အဲဒါက ငါတို့ကို ပျက်စီးစေမှာ မဟုတ်လား”လို့ပေါ့။ ဒါကို သဘောပေါက်သွားတော့ စိတ်ပိုင်းဖြတ်လိုက်တယ်။ သခင့်ကို ကြိုဆိုဖို့ ဒီအခွင့်အရေးကို ကျွန်မ လွတ်သွားလို့ မဖြစ်ဘူး။ ဆက်စုံစမ်းရမယ်။ ဒါကြောင့် ဘုရားဆီမှာ ဆုတောင်းပြီး ကျွန်မတို့အတွက် လမ်းဖွင့်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဧည့်ခံတဲ့ အိမ်ကနေ လွတ်ဖို့ အခွင့်အရေးကို ကျွန်မ တွေ့သွားတယ်။

ကျွန်မ ပြန်သွားတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ ဆက်စုံစမ်းပြီး သူ့စကား အတော်များများကို ဖတ်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ မိတ်သဟာယကတစ်ဆင့် ကျမ်းစာရဲ့ နက်နဲမှုတွေ၊ ဘုရားရဲ့ အမည်နာမတွေနဲ့ လူ့ဇာတိခံယူခြင်းတွေ၊ ဘုရားရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ နက်နဲမှုတွေ၊ လူသားမျိုးနွယ်က ဒီအဆင့်ထိ ဘယ်လို တိုးတက်ပြောင်းလဲခဲ့ပုံ၊ စာတန်ကြောင့် လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်း ရင်းမြစ်နဲ့ လူအမျိုးအစားတိုင်းရဲ့ ရလဒ်တွေကို ကျွန်မ နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ကျွန်မ ဖတ်လေ၊ ပိုရှင်းလာလေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်မ လုံးဝ လက်ခံယုံကြည်သွားတယ်။ သင်းအုပ်နဲ့ တရားဟောဆရာတွေရဲ့ လုပ်ရပ်တွေကြောင့် ဖာရိရှဲတွေဆီ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရတယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) သခင်ယေရှု အမှုပြုနေခဲ့တုန်းက၊ ဖာရိရှဲတွေက လူတိုင်း သူ့နောက်လိုက်ကြပြီး သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှု ဆုံးရှုံးမှာကို စိုးရိမ်လာခဲ့ကြတယ်။ ဒါကြောင့် သခင့်ကို အပြစ်ရှာဖို့ ကြိုးစားခဲ့ကြတယ်၊ အကြောင်းမဲ့ အာခံပြီး ရှုတ်ချခဲ့ကြတယ်။ ယုံကြည်သူတွေကို သူ့နောက်မလိုက်အောင် တားဆီးပြီး၊ နောက်ဆုံးမှာ သူ့ကို ကားစင်တင်သတ်ဖို့ ရောမအစိုးရနဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်ခဲ့ကြတယ်။ အနှစ်သာရအနေနဲ့၊ ဖာရိရှဲတွေက ဘုရားကို မုန်းတဲ့၊ အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေပဲ။ ဒီသင်းအုပ်နဲ့ အကြီးအကဲတွေက ဖာရိရှဲတွေအတိုင်းပါပဲ။ ဘုရားက နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး သူ့အမှုတော်ကို လုပ်ဆောင်ဖို့ ပေါ်ထွန်းခဲ့မှန်း၊ ဘာသာရေး လောကတစ်ခုလုံးကို သူ့ရဲ့ သမ္မာတရား ဖော်ပြချက်တွေနဲ့ တုန်လှုပ်သွားစေခဲ့မှန်း သူတို့ မြင်ပေမဲ့၊ အဲဒါကို မစုံစမ်းရုံမက၊ လမ်းမှန်ကို မစုံစမ်းအောင် ယုံကြည်သူတွေကို တားဆီးဖို့ တတ်နိုင်သမျှ လုပ်ခဲ့ကြပြီး၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဝေမျှတဲ့ ညီအစ်မတွေကို မောင်းထုတ်ဖို့ ယတိပြတ်ဆုံးဖြတ်ထားကြတယ်။ သူတို့က သခင်ယေရှုကို‌ အတိုက်အခံလုပ်ခဲ့ကြတဲ့ ဖာရိရှဲတွေ၊ လူတွေကို နိုင်ငံတော်ထဲ မဝင်အောင် တားဆီးတဲ့ ဆိုးယုတ်တဲ့ အစေခံတွေနဲ့ အတူတူပါပဲ။ သူတို့ရဲ့ တားဆီး၊ နှောင့်ယှက်မှုကတစ်ဆင့်၊ သင်းအုပ်နဲ့ အကြီးအကဲတွေရဲ့ စစ်မှန်တဲ့ အနှစ်သာရအပေါ် ချင့်ချိန်နိုင်စွမ်း ကျွန်မ ရခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မကို သူတို့ ဘယ်လိုပဲ တားဆီးပါစေ၊ ကျွန်မစိတ်မကျဉ်းကျပ်တော့ဘူး။ အဲဒီနောက်မကြာခင်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် စလိုက်ခဲ့တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းစာပြင်ပတွင် ဘုရားသခင်သည် မိန့်မြွက်ချက်များ ပြုလုပ်ခဲ့ပါသလား

ရွှင်ချို စင်္ကာပူနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏...

ကောင်းကင်နိုင်ငံသို့ လမ်းကို ကျွန်မ တွေ့လိုက်ရပြီ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှားကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။