စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

04.04.2021

ချန်းလူ တရုတ်နိုင်ငံ

ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို ရုတ်ချည်း ကြားလိုက်ရချိန်တွင် ညီအစ်ကိုမောင်နှမ တစ်ဒါဇင်ကျော်တို့သည် အစည်းအဝေး ပြုလုပ်နေကြချိန် ဖြစ်ပါသည်။ “တံခါးဖွင့်စမ်း။ တံခါးဖွင့်စမ်း။ အိမ်ကို စစ်ဆေးမယ်။” အစ်မတစ်ယောက်က တံခါးကို ဖွင့်လိုက်ိုလျှင်ပင်၊ ရဲအရာရှိ ၆ယောက် သို့မဟုတ် ၇ ယောက်သည် လက်ကိုင်တုတ်များကို ကိုင်ကာ အတင်းတွန်းတိုက် ဝင်ရောက် လာကြပါသည်။ ၎င်းတို့သည် ကျွန်မတို့အား ကြမ်းတမ်းစွာဖြင့် လူကွဲသွားအောင် တွန်းထုတ်လိုက်သည်။ ပြီးနောက်တွင် အံဆွဲများကို မွှေနှောက်ပြီးလျှင်၊ နေရာအနှံ့ကိုလည်း ရှာဖွေပါတော့သည်။ ညီမငယ်တစ်ယောက်က ရှေ့ထွက်ပြီး ၎င်းတို့အား “ကျွန်မတို့ ဥပဒေ မချိုးဖောက်မိပါဘူး။ ရှင်တို့ ဘာဖြစ်လို့ အိမ်ကို ရှာဖွေနေကြတာလဲ။” ဟု မေးလေသည်။ ရဲအရာရှိက “ကောင်းကောင်းနေစမ်း၊ ငါက မင်းတို့ကို အဲဒီမှာရပ်လို့ပြောရင်၊ အဲဒီမှာပဲ ရပ်နေလိုက်။ မင်းတို့ကို စကားမပြောခိုင်းရင်၊ ပါးစပ်တွေကို ပိတ်ထားလိုက်။” ဟု ကြမ်းကြမ်းတမ်းတမ်း ဖြေဆိုလိုက်သည်။ ထို့နောက်တွင် ထိုညီမငယ်ကို ကြမ်းတမ်းရက်စက်စွာဖြင့် ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်ပြီး၊ “မင်းခုခံချင်ရင်၊ ငါကရိုက်မှာနော်။” ဟု ကြမ်းတမ်းစွာ အော်ဟစ်လေသည်။ သူမ၏ လက်သည်းများသည် ကျိုးပဲ့ကုန်ပြီးလျှင်၊ သူမလက်ချောင်းသည် သွေးများထွက်၍နေသည်။ ရဲများ၏ ကြောက်မက်ဖွယ် မျက်နှာများကို ကြည့်ရင်းဖြင့်၊ ကျွန်မသည် အမုန်းတရားနှင့် အကြောက်တရား နှစ်ခုလုံးကို ခံစားရသောကြောင့်၊ သက်သေခံရန် ကာကွယ်ပေးဖို့၊ ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ကို ပေးပါရန် ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်မ၏ နှလုံးသားသည်လည်း အလွန်အခြေကျ ငြိမ်သက်သွားခဲ့ပါသည်။ ရဲများသည် ဧဝံဂေလိတရားတော်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ် များစွာ တို့ကို သိမ်းဆည်းသွားခဲ့ပါသည်။ ပြီးနောက်တွင် ကျွန်မတို့ကိုလည်း ရဲကားရှိရာသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ရဲစခန်းသို့ရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့က ကျွန်မတို့ သယ်ဆောင်လာသမျှ အားလုံးကို သိမ်းဆည်းသည့်အပြင်၊ ကျွန်မတို့ အမည်များ၊ လိပ်စာများနှင့် ကျွန်မတို့၏ အသင်းတော် ခေါင်းဆောင်များ မည်သူတို့ဖြစ်ကြောင်း စသည်တို့ကို စုံစမ်းစစ်ဆေး ခဲ့ပါသည်။ ကျွန်မသည် မည်သည့်အရာကိုမျှ မပြောခဲ့ပါ။ အခြား အစ်မတစ်ယောက်ကလည်း မည်သည့်အရာကိုမျှ မပြောဆိုခဲ့သောကြောင့်၊ ရဲများက ကျွန်မတို့ကို ဂိုဏ်းခေါင်းဆောင်များဟု ရှုမြင်ကာ၊ သီးသန့်စီ စစ်ကြောဖို့ ရည်ရွယ်ခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်ကြောက်ရွံ့ခဲ့ပါသည်- ရဲများသည် အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သူများနှင့် ပတ်သက်ပါက ရက်စက်ကြကြောင်းကိုလည်း ကြားသိခဲ့ဖူးပြီး ကျွန်မက စုံစမ်းမေးမြန်းရန်အတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ ထိုသို့ သတ်မှတ်ခံရခြင်းသည် ရှေ့လျှောက်တွင် ရက်စက်မှုများဖြင့် အတိဖြစ်ဖို့သာ ဖြစ်နိုင်ချေ ရှိပါတော့သည်။ ကျွန်မသည် ဆိုးရွားသည့် အခြေအနေတွင်၊ အကြောက်တရားဖြင့် ရှင်သန်နေရချိန်တွင်၊ ကျွန်မအနီး၌ ရှိသည့် ကျွန်မအစ်မ၏ ဆုတောင်းသံကို ကြားရပါသည်။ “အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်မတို့ရဲ့ ကျောက်ဆောင်၊ ကျွန်မတို့ရဲ့ ခိုလှုံရာပါ။ စာတန်က ကိုယ်တော်ရဲ့ ခြေဖဝါးအောက်မှာ ရှိပါတယ်၊ ပြီးတော့ ကျွန်မက ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အတိုင်း ရှင်သန်ဖို့နဲ့ ကိုယ်တော်ကို ကျေနပ်စေဖို့ သက်သေခံဖို့အတွက်လည်း လိုလားပါတယ်။” ဟု ဖြစ်ပါသည်။ ထိုဆုတောင်းသံကို ကြားပြီးနောက်တွင်၊ ကျွန်မ၏ နှလုံးသားသည်လည်း ပို၍ အားတက်လာခဲ့ပါသည်။ ကျွန်မ စဉ်းစားမိသည်မှာ- မှန်ပါသည်၊ ဘုရားသခင်သည် ကျွန်မတို့၏ ကျောက်ဆောင်ဖြစ်ပြီး စာတန်သည် သူ၏ ခြေဖဝါးတော် အောက်တွင်ရှိ၏၊ ထို့ကြောင့် ကျွန်မ မည်သည့်အရာကို ကြောက်ရမည်နည်း။ ဘုရားသခင်ကို ကျွန်မ အားကိုးနေသမျှ စာတန်ကို နှိမ်နင်းလို့ရပါသည်။ ကျွန်မသည် ကြောက်ရွံ့ခြင်း မရှိတော့သော်ငြားလည်း၊ ရှက်ရွံ့မှုကို ခံစားရပါသည်။ ထိုအစ်မက ယခုအခြေအနေကို ကြုံတွေ့ရချိန်တွင်၊ သူမသည် ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး အားကိုးခဲ့သည်။ ထိုအပြင် ဘုရားသခင်ထံတွင် ထားရှိသော ယုံကြည်မှုကို ပျောက်ဆုံး မသွားစေခဲ့သော်လည်း၊ ကျွန်မကမူ တွန့်ဆုတ်ကာ သတ္တိနည်းခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သည့် သူတစ်ယောက်၏ အားမာန်မျိုး အနည်းငယ်မျှပင် မရှိခဲ့ပါ။ ဘုရားသခင် ချစ်ခြင်းမေတ္တာနှင့် ကျွန်မကို နှိုးဆော်ကာ ကူညီခဲ့သည့် ထိုအစ်မ၏ ဆုတောင်းခြင်းတို့၏ ကျေးဇူးကြောင့်၊ ကျွန်မသည် ရဲများ၏ မတရားအုပ်စိုးမှုကို ကြောက်ရွံ့ခြင်း မရှိတော့ပါ။ ကျွန်မ တိတ်ဆိတ်စွာ ဆုံးဖြတ်ခဲ့ပါသည်။ ယခုကဲ့သို့ အဖမ်းဆီးကို ခံရပြီးနောက်တွင်၊ ကျွန်မသည် ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်စေရန် သက်သေခံမည်ဟု စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ဘုရားသခင်ကို စိတ်ပျက်စေသည့် သူရဲဘောကြောင်သူတစ်ယောက် လုံးဝ အဖြစ်ခံတော့မည် မဟုတ်ပါ။

၁၀ နာရီခန့်တွင်၊ ရဲအရာရှိနှစ်ဉီးက ကျွန်မကို လက်ထိတ်ခတ်ပြီး၊ ကျွန်မတစ်ဉီးတည်းကို စုံစမ်းစစ်ဆေးရန် အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာပါသည်။ ရဲများထဲမှ တစ်ဦးက ကျွန်မကို ဒေသခံစကားဖြင့် စစ်ဆေးမေးမြန်းပါသည်။ ကျွန်မ နားမလည်ဘဲ၊ ထိုရဲ ပြောသွားသည့်စကားကို ကျွန်မက ပြန်မေးသည့်အခါတွင်၊ မမျှော်လင့်ဘဲ၊ ထိုမေးခွန်းက ၎င်းတို့အား အမျက်ထွက်စေခဲ့သည်။ အနီးတွင် မတ်တပ်ရပ်နေသည့် ရဲများထဲမှ တစ်ဦးက ပြေးလာပြီးနောက် ကျွန်မ ဆံပင်များကို ဆွဲကာ၊ အရှေ့အနောက် တွန်းထိုးခဲ့သည်။ ကျွန်မသည် ခေါင်းများမူးနေပြီး၊ နေရာအနှံ့ တွန်းထိုးခြင်း ခံရပါသည်။ ပြီးနောက်တွင် ကျွန်မ၏ ဉီးရေပြားများသည် အရေခွံခွာထားသကဲ့သို့ ခံစားရသည့်အပြင်၊ ကျွန်မ ဆံပင်များလည်း ကျွတ်ကုန်ပါသည်။ ထို့နောက်တွင်မူ နောက်ထပ် ရဲအရာရှိတစ်ယောက်က ကျွန်မထံသို့ ပြေးလာကာ၊ “အဲဒီတော့ ငါတို့က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရတော့မှာပေါ့။ စကားပြောစမ်း။ မင်းဘယ်သူ့ကို ဧဝံဂေလိတရားဟောခဲ့လဲ။” ဟု အော်ဟစ်သည်။ ဒေါသအပြည့်ဖြင့် ကျွန်မက “ဧဝံဂေလိတရား ဟောကြားတယ်ဆိုတာက ကျွန်မတာဝန်ပဲ။” ဟု ပြန်ဖြေလိုက်သည်။ ကျွန်မက ထိုကဲ့သို့ ဆိုပြီးသည်နှင့်တစ်ပြိုင်နက် သူက ကျွန်မ၏ ဆံပင်များကို ဆွဲပြီး ကျွန်မကို ပါးရိုက်သည်၊ ထိုးနှက်ကာ “မင်း ဧဝံဂေလိတရားတွေ ထပ်ပြီး ဟောဖို့ ကြိုးစားတာကို ငါ ကြည့်ချင်လိုက်တာ။” ဟု အော်ဟစ်နေခဲ့သည်။ ၎င်းသည် ကျွန်မ၏ မျက်နှာကို ထိုးနှက်သည်မှာ နီရဲပြီး နာကျင်လာသည်အထိ ဖြစ်ကာ၊ စတင်ယောင်ယမ်း လာပါတော့သည်။ ၎င်းသည် ကျွန်မကို ရိုက်နှက်၍ သူ့ဘာသာ ပင်ပန်းလာသည့်အချိန်မှသာလျှင် ကျွန်မကို လွှတ်ပေးပါသည်၊ ထို့နောက်တွင် ကျွန်မထံတွင် လက်ဝယ်တွေ့ရှိသည့် လက်ကိုင်ဖုန်းနှင့် အမ်ပီဖိုး(Mp4) သီချင်းစက်တို့ကို ယူဆောင်သွားကာ၊ အသင်းတော် အကြောင်း သတင်းအချက်အလက်များ အတွက် မေးမြန်းခဲ့ပါသည်။ ၎င်းတို့ကို ဆက်ဆံရန်အတွက် ကျွန်မမှာ အမျှော်အမြင်ကို မှီခိုအားကိုး ရပါတော့သည်။ ရဲအရာရှိတစ်ယောက်က မဆီမဆိုင် “မင်းက ဒီဒေသက မဟုတ်ဘူး။ မင်းက မန်ဒရင်းဘာသာစကားကို ကောင်းကောင်း ပြောတတ်တယ်- မင်းက သာမာန်လူတစ်ယောက် မဟုတ်တာတော့ အသေအချာပဲ။ အမှန်အတိုင်းပြောစမ်း။ မင်းဒီကို ဘာလို့ ရောက်လာတာလဲ။ မင်းကို ဘယ်သူက ဒီကို လွှတ်လိုက်တာလဲ။ မင်းခေါင်းဆောင်က ဘယ်သူလဲ။” ဟု မေးမြန်းပါတော့သည်။ ဤမေးခွန်းတို့ကို ကြားရသည်မှာ ကျွန်မနှလုံးသားသည် စို့နင့်လာပြီး၊ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားများ ပေးသနားပါရန် ဘုရားသခင်ကို ဆုတောင်းမိပါတော့သည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်မ၏ နှလုံးသားသည် ဖြည်းညှင်းစွာ ငြိမ်သက်လာပြီးလျှင်၊ ကျွန်မက “ကျွန်မ ဘာမှ မသိပါဘူး။” ဟု ဖြေဆိုခဲ့ပါသည်။ ကျွန်မထိုသို့ဖြေဆိုသည်ကို ၎င်းတို့ကြားရသည့်အခါတွင်၊ ၎င်းတို့ထဲမှ တစ်ဦးက ဒေါသတကြီးဖြင့် စားပွဲကို ထုကာ၊ “မင်းတော့နေနှင့်ဉီး။ မင်းခဏနေရင် ဘယ်လို ခံစားရမယ် ဆိုတာကို ငါတို့တွေ့ကြသေးတာပေါ့။” ဟု အော်ဟစ်လေသည်။ ထို့နောက်တွင် သူသည် အမ်ပီဖိုး(Mp4) သီချင်းစက်ကို ကောက်ယူကာ၊ စက်ဖွင့်လိုက်သည်။ ကျွန်မက အလွန် ကြောက်ရွံ့နေခဲ့ပါသည်။ ၎င်းသည် ကျွန်မကို မည်သည့်နည်းလမ်း အသုံးပြု၍ ပြုမူဆက်ဆံမည်ကို ကျွန်မ မသိခဲ့သောကြောင့်၊ ဘုရားသခင်ထံသို့ အရေးပေါ် ငိုကြွေး ဆုတောင်းခဲ့ပါသည်။ စက်ဖွင့်လိုက်ရာတွင် ထွက်လာသည့်အသံသည် ဘုရားသခင့် နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်ကို ရွတ်ဖတ်ပြထားခြင်း ဖြစ်ကြောင်း ကျွန်မ စိတ်မကူးခဲ့မိပါ။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြားသည့်အခါတွင်၊ ကျွန်မနှလုံးသားတွင်း၌ ဓါးဖြင့်ထိုးသကဲ့သို့ နာကျင်မှုကို ခံစားရပါသည်။ သခင်ယေရှု အမှုတော်ဆောင်ခဲ့ချိန်က၊ သူ့နောက်လိုက်သူများနှင့် သူ၏ ကျေးဇူးတော်ကို ခံစားကြရသူများသည် များပြားလှသော်လည်း၊ သူ ကားတိုင်တော်ပေါ်တွင် သံမှိုစွဲခြင်း ခံရသည့်အခါနှင့် ရောမ စစ်သည်တော်များက ခရစ်ယာန်များကို မဲမဲမြင်သမျှ ဖမ်းဆီးနေချိန်တွင်၊ လူအများစုတို့သည် ကြောက်သောကြောင့်၊ ထွက်ပြေးခဲ့ကြသည့်အကြောင်းကို ကျွန်မ မတွေးဘဲ မနေနိုင်ပါ။ ဤအရာက ဘုရားသခင်ကို ကြီးမားစွာ နာကျင်စေခဲ့ပါသည်။ သို့သော်လည်း ကျွန်မနှင့် ထိုကျေးဇူးတရားမသိတတ်သည့် လူများအကြားမှ ကွာခြားချက်မှာ အဘယ်နည်း။ ကျွန်မ်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကို ခံစားနေရချိန်တွင်၊ ဘုရားသခင်ကို နောက်လိုက်ရခြင်းအတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိခဲ့ပါသည်၊ သို့သော်လည်း ကျွန်မကို ဆင်းရဲဒုက္ခခံစားစေပြီး ပေးဆပ်မှုများပြုစေမည့် ဘေးအန္တရာယ်ဆိုးများဖြင့် ရင်ဆိုင်ရသည့်အခါတွင်မူ၊ ကျွန်မသည် တွန့်ဆုတ်ကာ၊ ကြောက်ရွံ့ခဲ့ပါသည်။ ယင်းက ဘုရားသခင်၏ နှလုံးသားကို မည်သို့ နှစ်သိမ့်နိုင်မည်နည်း။ ကျွန်မတို့ကဲ့သို့ ဖောက်ပြန်ပျက်စီးတတ်သည့် လူသားများကို ကယ်တင်ရန် အကြီးမြတ်ဆုံးသော ဘုရားသခင်သည် လူ့ဇာတိကို ခံယူတော်မူခဲ့သည်၊ နှိမ့်ချစွာနှင့် ဘာသာမဲ့နိုင်ငံရေးပါတီ တစ်ခု အုပ်စိုးသည့် တရုတ်ပြည်သို့ တိတ်တဆိတ် ကြွလာတော်မူခဲ့သည်၊ ထိုနတ်ဆိုးများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို သည်းခံခဲ့ပြီး ကျွန်မတို့အား သမ္မာတရားကို လိုက်လံရှာဖွေခြင်း လမ်းကြောင်းပေါ်သို့ ဉီးဆောင်ခဲ့သည်ကို ကျွန်မ စဉ်းစားမိခဲ့သည်။ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ရန် အရာအားလုံးကို ဆောင်ရွက်ခဲ့သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ခံစားရသည့် ကျွန်မကဲ့သို့ သူများသည်လည်း ကိုယ်တော့်ကို သက်သေခံရန်အတွက် အဘယ့်ကြောင့် အနည်းငယ်သော ပေးဆပ်မှုတစ်ခု မပြုနိုင်ရသနည်း။ ကျွန်မ၏ အသိစိတ်တွင် ကျွန်မသည် ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး၊ ကျွန်မသည် အလွန်အတ္တကြီးသူတစ်ယောက်၊ တန်ဖိုးမဲ့သောသူတစ်ဦး ဖြစ်ခဲ့သည်ကို မုန်းတီးမိပါသည်။ ဘုရားသခင်သည် ကျွန်မအတွက် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ် အပြည့်အဝရှိသည်ကိုလည်း နက်ရှိုင်းစွာ အမှန်တကယ်ပင် ခံစားရပါသည်။ ကျွန်မသည် ဝိညာဉ်ရင့်ကျက်မှု ရင့်သန်ခြင်းလည်း မရှိသည့်အပြင်၊ စာတန်၏ နှိပ်စက်မှုကို ရင်ဆိုင်ရာတွင်လည်း အကြောက်တရားတို့ဖြင့် ပြည့်နှက်နေကြောင်းကို ဘုရားသခင် ကောင်းမွန်စွာ သိရှိတော်မူသည်ဟု ကျွန်မ ခံစားရပါသည်။ ရဲအရာရှိများက ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရွတ်ဖတ်ပြထားသော အသံဖိုင်ကို ဖွင့်ခြင်းအားဖြင့် ကျွန်မ ထိုနှုတ်ကပတ်တော်ကို ကြားစေရန် ဘုရားသခင်က အခွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်၊ ကျွန်မအား ဘုရားသခင်၏ အလိုတော်ကို နားလည်စေခဲ့ပါသည်၊ ထိုသို့နားလည်စေခြင်းဖြင့် ဘေးအန္တရာယ်ဆိုးများ အကြားတွင်လည်းကောင်း၊ ဖိနှိပ်မှုများအကြားတွင်လည်းကောင်း ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ပြီး၊ ဘုရားသခင်ကိုလည်း ကျေနပ်စေမည် ဖြစ်ပါသည်။ ထိုအခိုက်အတန့်လေးတွင် ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် တို့ထိခြင်းခံရကာ၊ ကျွန်မမျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းလာခဲ့ပါသည်၊ ပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်ကို “အို ဘုရားသခင်၊ ကျွန်မ ကိုယ်တော်ကို သစ္စာမဖောက်ချင်ဘူး။ စာတန်က ကျွန်မကို ဘယ်လောက်ပဲ နှိပ်စက်ပါစေ၊ ကျွန်မက ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့နဲ့ ကိုယ်တော့်ရဲ့ နှလုံးသားကို နှစ်သိမ့်ဖို့အတွက် စိတ်ပိုင်းဖြတ် ထားပါတယ်။” ဟု တိတ်ဆိတ်စွာ ဆိုခဲ့ပါသည်။

ထို့နောက် ရဲအရာရှိက အသံသွင်းစက်ကို ပိတ်လိုက်ရာတွင် ဝုန်းဆိုသည့် အသံတစ်ခု ထွက်ပေါ်လာပါသည်၊ ပြီးလျှင် ထိုရဲအရာရှိသည် ကျွန်မထံသို့ အလျင်စလို ရောက်လာကာ၊ “မပြောရင် ငါ မင်းကို နှစ်ဆပိုနှိပ်စက်မယ်။” ဟု မုန်းတီးစွာဖြင့် ဆိုလေသည်။ ထို့နောက်တွင် သူတို့က ကျွန်မကို မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ၊ မတ်တပ်ရပ်ဖို့ အမိန့်ပေးပါသည်၊ ပြီးနောက်တွင် ကျွန်မ၏ ညာဖက်လက်ကို မြေပေါ်တွင် ခပ်နိမ့်နိမ့် ရှိသည့် ဘိလပ်မြေတုံးတစ်တုံး အလယ်ရှိ သံကွင်း၌ လက်ထိတ်ခတ် ထားပါသည်။ ၎င်းတို့က ကျွန်မကို ခါးကုန်းပြီး မတ်တပ် ရပ်နေစေပါသည်၊ ပြီးလျှင် ကျွန်မကို ဆောင့်ကြောင့်ထိုင်ဖို့ အခွင့်မပေးသကဲ့သို့၊ ကျွန်မ ခြေထောက်များကို ထောက်ပိုးထားရန်အတွက် ကျွန်မ၏ ဘယ်ဖက်လက်ကိုလည်း အသုံးပြုခွင့်မပေးပါ။ အချိန်ခဏ ကြာသည့်အခါတွင် ကျွန်မသည် ဆက်၍ မတ်တပ်ရပ်နိုင်စွမ်း မရှိတော့ဘဲ၊ ဆောင့်ကြောင့် ထိုင်လိုပါသော်လည်း၊ ရဲသားက “ဆောင်ကြောင့်မထိုင်နဲ့။ မင်း ဆင်းရဲဒုက္ခခံစားရတာ သက်သာချင်ရင် မြန်မြန် ဝန်ခံလိုက်လေ။” ဟု အော်ပါသည်။ ကျွန်မ လုပ်နိုင်သည်မှာ အံကြိတ်ပြီး၊ ဒုက္ခကို ခံယူဖို့သာ ရှိပါသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ၏ ခြေဖဝါးများသည် ရေခဲတုံးကဲ့သို့ဖြစ်နေကာ၊ ကျွန်မ၏ ခြေထောက်များမှာလည်း ထုံကာ နာကျင်နေသည့်အပြင်၊ ကျွန်မ မတ်တပ်ရပ်နိုင်စွမ်း မရှိတော့သည့်အခါ ဆောင့်ကြောင့် ထိုင်ချလိုက်ပါသည်။ ရဲအရာရှိက ကျွန်မကို ပြန်ထူပြီး ရေခဲရေတစ်ခွက်ကို ယူလာကာ၊ ကျွန်မလည်ပင်း တစ်လျှောက်ကို လောင်းချပါသည်။ အေးလွန်းသောကြောင့် ကျွန်မ ခိုက်ခိုက်တုန် စပြုလာသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျွန်မ လက်ထိတ်များကို ဖယ်ရှားလိုက်ကာ၊ သစ်သားထိုင်ခုံတစ်ခုပေါ်သို့ ကျွန်မကို တွန်းချပြီး ကျွန်မ၏ လက်များကို နောက်ပို့၍ ထိုင်ခုံ၏ တစ်ဖက်တစ်ချက်စီတွင် လက်ထိတ် ခတ်လိုက်ပါသည်၊ ပြီးနောက်တွင် ပြတင်းပေါက်တံခါးများ ဖွင့်သည့်အပြင်၊ လေအေးပေးစက်ကိုပါ ဖွင့်လိုက်ပါသည်။ ကျွန်မကို လေပြင်းအေးအေးတစ်ချက် ရုတ်ချည်းလာရောက် တိုက်ခတ်လိုက်ရာ၊ ကျွန်မမှာ အအေးဒဏ်ဖြင့် ခိုက်ခိုက်တုန်နေပါသည်။ ကျွန်မနှလုံးသားထဲတွင် အားငယ်စိတ် အချို့ အလိုအလျောက် ဝင်ရောက်လာခဲ့ပါသော်လည်း၊ ထိုကဲ့သို့ ဆင်းရဲဒုက္ခများကြားမှ ကျွန်မသည် အဆက်မပြတ် ဆုတောင်းနေခဲ့ပါသည်၊ ထိုနာကျင်မှုကို သည်းခံနိုင်မည့် ဆန္ဒနှင့် ခွန်အားတို့ကို ပေးသနားပါရန်၊ ဇာတိပကတိ၏ အားနည်းချက်ကို အောင်မြင်ခွင့်ပေးပါရန် ဘုရားသခင်ထံသို့ တောင်းလျှောက် နေခဲ့ပါသည်။ ထိုသို့တောင်းလျှောက်ပြီး ခဏတွင်းချင်းပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မကို စိတ်ထဲမှနေပြီး ညွှန်ကြားခဲ့ပါသည်။ “သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။...ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မအနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်ရန် စာတန်က ကျွန်မ၏ အသွေးအသားကို နှိပ်စက်ညှဉ်းပန်းလိုကြောင်းနှင့်၊ ကျွန်မသည် မိမိ၏ အသွေးအသားကို အာရုံစိုက်မိပါက၊ စာတန်၏ လှည့်ဖြားမှုတွင် သားကောင်အဖြစ် ကျဆင်းရမည်ဖြစ်ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအား နားလည်စေခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ထိုစာကြောင်းနှစ်ကြောင်းကို အဆက်မပြတ်တွေးတောနေမိကာ ကျွန်မသည် စာတန်၏ လှည့်ဖျားမှုများကို ဆန့်ကျင်ပြီး မိမိကိုယ်ကို ကာကွယ်ရန် နှင့် စာတန်၏ အကြံဉာဏ်များကို ငြင်းဆန်ရန် မိမိကိုယ်ကိုယ် သတိပေးနေရပါသည်။ နောက်ပိုင်းတွင် ရဲသားသည် ရေအေးကို အိုးကြီးတစ်အိုးဖြင့် ယူဆောင်လာကာ၊ ထိုတစ်အိုးလုံးကို ကျွန်မလည်ပင်းပေါ်သို့ လောင်းချပါသည်။ ကျွန်မ၏ အဝတ်အစားများ အားလုံး လုံးဝ စိုရွှဲကုန်သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ရေခဲသိုလှောင်ခန်းတစ်ခုထဲသို့ ထိုးထည့်လိုက်သကဲ့သို့ ခံစားရပါသည်။ ကျွန်မ ဆိုးဆိုးရွားရွား တုန်ခါနေသည်ကို ကြည့်ကာ၊ ဆိုးညစ်သော ရဲ သားများထဲမှ တစ်ဉီးက ကျွန်မဆံပင်များကို လက်ဖြင့်အပြည့် ဆုပ်ကိုင်ပြီး၊ ကျွန်မဉီးခေါင်းကို အတင်းမော့ခိုင်းကာ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကို ကြည့်ခိုင်းပါသည်၊ ပြီးနောက်တွင် “မင်းမအေးဘူးလား။ အေးနေတယ်ဆိုရင် မင်းဘုရားကို လာကယ်ခိုင်းလေ။” ဟု ရွဲ့ပြောသည်။ ၎င်းက ကျွန်မ မည်သို့မျှ မတုံ့ပြန်သည်ကို မြင်သောကြောင့်၊ ကျွန်မအပေါ်ကို ရေအေးအိုးကြီးဖြင့် တစ်ဖန် ထပ်မံ လောင်းချပြန်ပါသည်။ ပြီးနောက်တွင် လေအေးပေးစက်ကိုလည်း အအေးဆုံးဖြစ်အောင် တင်ထားပါသည်၊ ထို့နောက်တွင် ကျွန်မကို လေအေးပေးစက်မှ လေများ တိုက်ရိုက် မှုတ်ထုတ်စေပါသည်။ ခိုက်ခိုက်တုန်အောင် ချမ်းသော လေအေးများနှင့် အပြင်မှ အေးမြသော လေထုတို့က ကျွန်မကို တစ်ဖန် လွှမ်းခြုံလိုက်ပြန်သည်။ ကျွန်မမှာ အေးလွန်းလှသဖြင့် ဘောလုံးကဲ့သို့ လုံးခွေနေပြီး တစ်ကိုယ်လုံးနီးပါးလည်း အေးခဲတောင့်တင်းနေပြီ ဖြစ်ပါသည်။ ကျွန်မ သွေးပြန်ကျောများထဲမှ သွေးများ ခဲသွားသည့်အလား ခံစားခဲ့ရပါသည်။ ရူးသွပ်သောအတွေးများကို ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ပါ။ “ဒါက အရမ်းအေးတဲ့ ရက်တစ်ရက်ဖြစ်ပေမဲ့ သူတို့က ငါ့ကို ရေခဲရေနဲ့ စိုအောင် လုပ်ထားတဲ့အပြင်၊ လေအေးပေး စက်ကလည်း ဖွင့်ထားတယ်။ သူတို့က ငါ့ကို အေးခဲပြီးသေသွားအောင် ကြိုးစားနေကြတာများလား။ ငါ ဒီမှာ သေသွားရင်၊ ငါ့မိသားစုက အဲဒါကို သိတောင်သိကြမှာ မဟုတ်ဘူး။” ကျွန်မသည် မှောင်မိုက်ခြင်းနှင့် စိတ်အားငယ်ခြင်းများဖြင့် နစ်မြုပ်နေချိန်တွင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်ပေါ်တွင် သံမှိုစွဲခံရချိန်တွင်၊ သခင်ယေရှုခံစားရသည့် ဆင်းရဲဒုက္ခများ အကြောင်းကို ရုတ်တရက် ကျွန်မ တွေးတောမိပါသည်။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းတွေးတောမိပါသည်၊ “စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လား ဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) ဘုရားသခင်ထံမှ ထိုနှုတ်ကပတ်တော်များသည် ကျွန်မကို အလွန်ပင် အားပေးပါသည်။ ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်းရှိခြင်းသည် ဘုရားသခင်က ကျွန်မကို ချီမြှောက်ခြင်းသာ ဖြစ်ပါသည်- ကျွန်မက ဇာတိပကတိကို မည်သို့များ အာရုံစိုက်နိုင်မည်နည်း။ ထိုသို့အာရုံမစိုက်ခြင်းသည် ကျွန်မဘဝကို ဆုံးရှုံးခြင်းဆိုလျှင်ပင်၊ ကျွန်မသည် ဘုရားသခင်ကို သစ္စာစောင့်ထိန်းရန်အတွက် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါသည်။ တဖြည်းဖြည်းချင်း ကျွန်မသည် ထိုမျှအေးခြင်းကိုလည်း မခံစားရတော့ပါ။ နေ့လယ်ခင်း အချိန်မှစပြီး ညပိုင်း ခုနှစ်နာရီခန့်အထိ ရဲသားသည် ကျွန်မကို ဆက်လက် စုံစမ်းစစ်ဆေးခဲ့ပါသည်။ ၎င်းတို့က ကျွန်မပါးစပ် လုံးဝဟလာမည် မဟုတ်သည်ကို တွေ့မြင်သောကြောင့်၊ ကျွန်မကို စုံစမ်းစစ်ဆေးသည့် အခန်းထဲတွင် သော့ပိတ်ထားပြီး၊ ကျွန်မကိုလည်း လေအေးများဖြင့် ဆက်မှုတ်ထားကြပါသည်။

ညစာစားအပြီးတွင် ရဲများသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးခြင်းကို ပိုမိုပြင်းပြင်းထန်ထန်ပင် တစ်ဆင့်တိုး ဆောင်ရွက်လာခဲ့ပါသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုများဖြင့် “ငါတို့ကို ပြောစမ်း။ မင်းရဲ့အသင်းတော်က ခေါင်းဆောင်က ဘယ်သူလဲ။ မင်းငါတို့ကို မပြောရင် ငါတို့မှာ တခြားနည်းလမ်းတွေ ရှိတယ်နော်။ ငါတို့က မင်းကို ငရုတ်သီးပူပူ ဖျော်ရည်တွေ၊ ဆပ်ပြာရည်တွေ တိုက်လို့ရတယ်၊ မင်းကို မစင်တွေ စားခိုင်းလို့ရတယ်။ မင်းကို ဝတ်လစ်စလစ် ချွတ်ခိုင်း၊ ပြီးရင် မြေအောက်ခန်းထဲ ပစ်ထားလိုက်ပြီးတော့ အေးခဲပြီးသေအောင် လုပ်လို့ရတယ်နော်။” ဟု ပြောသည်။ ဆိုးယုတ်သည့် ထိုရဲသားက ထိုစကားများကို ပြောသည့်အခါတွင်၊ ထိုသူများသည် လူသားများ လုံးဝမဟုတ်ကြဘဲ၊ လူ့အရေခြုံထားသည့် မကောင်းဆိုးဝါးများ ဖြစ်သည်ကို ကျွန်မ အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။ ၎င်းတို့က ကျွန်မကို ထိုနည်းဖြင့် ခြိမ်းခြောက်လေ၊ ကျွန်မနှလုံးသားထဲတွင် ၎င်းတို့အား ပိုမိုမုန်းတီးလေ ဖြစ်ပြီး ၎င်းတို့ကို လုံးဝ အရှုံးမပေးရန် အတွက်လည်း ပို၍ စိတ်ပိုင်းဖြတ်မိလေ ဖြစ်ပါသည်။ ကျွန်မ အရှုံးမပေးမှန်းကို ၎င်းတို့တွေ့မြင်သည့်အခါတွင်၊ ၎င်းတို့သည် ပိတ်စအိတ်တစ်လုံးကို ရှာဖွေလာကာ၊ ရေစိမ်၍ ကျွန်မဉီးခေါင်းပေါ်တွင် တင်စွတ်ထားပါသည်။ ကျွန်မ ဉီးခေါင်းကို အတင်းဖိထားကာ၊ ကျွန်မကို လှုပ်ရှားခွင့်လည်း မပေးပါ၊ ပြီးနောက်တွင် အပေါက်ဝကို ပိုမို တင်းကျပ်အောင် စတင် ဆွဲတော့သည်။ ကျွန်မ၏ လက်များကို ထိုင်ခုံတွင် လက်ထိတ်ခတ်ထားသောကြောင့်၊ ကျွန်မသည် လုံးဝ လှုပ်ရှား၍လည်း မရပါ။ မကြာမီတွင်ပင် ကျွန်မသည် အသက်ရှူကျပ်လုနီးပါး ဖြစ်လာခဲ့ပါသည်။ ကျွန်မတစ်ကိုယ်လုံးသည် တောင့်တင်းလာသည်ကို ခံစားရပါသည်။ သို့သော်လည်း ထိုအရာက ၎င်းတို့ကို မုန်းတီးသည့် အမုန်းတရားများကို ပပျောက်စေရန် လုံလောက်မှု မရှိသေးပါ။ ၎င်းတို့သည် ရေအေးတစ်အိုးကို ယူဆောင်ကာ ကျွန်မ၏ နှာခေါင်းထဲသို့ လောင်းချပါသည်။ ကျွန်မ စကားမပြောပါက၊ ကျွန်မသည် အသက်ရှုကြပ်လာမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုပါသည်။ အိတ်အစိုတစ်ခုတည်းနှင့်ပင် လေမဝင်သည့်အပြင်၊ ထိုစိုနေသည့် ရေများအပေါ်မှ ကျွန်မနှာခေါင်းထဲသို့ ရေထပ် လောင်းချခြင်း ဖြစ်ပါသည်။ အသက်ရှုရခြင်းသည် အလွန်ခက်ခဲပြီး၊ သေခြင်းတရားသည် ကျွန်မထံသို့ အလွန်နီးကပ်နေပြီဟု ခံစားရပါသည်။ ကျွန်မက “အို ဘုရားသခင်။ ကျွန်မရဲ့ ဒီဝင်သက်ထွက်သက်က ဘုရားသခင်က ပေးထားတာပါ။ ပြီးတော့ ဒီနေ့မှာ ကျွန်မဟာ ဘုရားသခင်အတွက် ရှင်သန်သင့်ပါတယ်။ ဒီမကောင်းဆိုးဝါး ရဲတွေက ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ညှဉ်းဆဲပါစေ၊ ကျွန်မ ကိုယ်တော့်ကို သစ္စာမဖောက်ပါဘူး။ ကိုယ်တော်က ကျွန်မရဲ့ အသက်တာကို စတေးဖို့ လိုအပ်တယ်ဆိုရင်၊ ကျွန်မကလည်း ကိုယ်တော်ရဲ့ အကြံအစည်နဲ့ စီစဉ်ညွှန်ကြားခြင်းတို့ကိုနည်းနည်းမှ မညည်းညူပဲ နာခံချင်ပါတယ်...” ဟု ဘုရားသခင်ထံတွင် တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ကျွန်မ စတင်သတိမေ့လာပြီး၊ အသက်ရှု စတင်ရပ်ဆိုင်းခါနီးတွင်ပင်၊ ၎င်းတို့က ၎င်းတို့၏ လက်များကို ရုတ်ချည်း လွှတ်လိုက်ကြသည်။ ကျွန်မသည် ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို ကျေးဇူးတော် ဆက်လက် မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် မကောင်းဆိုးဝါး ရဲများ၏ လက်ထဲသို့ ကျရောက်ခဲ့သည့်တိုင်၊ ဘုရားသခင်သည် ၎င်းတို့အား ကျွန်မ၏ လူ့ဇာတိပကတိ ခန္ဓာကိုယ်ကိုသာ နှိပ်စက်ခွင့်ပေးပြီး၊ ကျွန်မ၏ အသက်ကို ယူခွင့်မပေးခဲ့ပါ။ ထို့နောက်တွင် ကျွန်မ၏ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးပွားလာခဲ့ပါသည်။

နောက်နေ့ နေ့လယ်ပိုင်းအချိန်ခန့်တွင်၊ ရဲအချို့သည် ကျွန်မနှင့် နောက်ထပ် အစ်မတစ်ယောက်ကို ရဲကားဖြင့် အကျဉ်းစခန်းတစ်ခုကို ခေါ်ဆောင်လာပါသည်။ ၎င်းတို့ထဲမှ တစ်ဉီးက ခြိမ်းခြောက်မှု အပြည့်ဖြင့် “မင်းက ဒီဒေသက မဟုတ်ဘူး။ မင်းကို ခြောက်လလောက် ပိတ်ထားလိုက်ပြီး ၃နှစ် ကနေ ၅ နှစ်အထိ ကျခံဖို့ အပြစ်ဒဏ် ပေးလိုက်မယ်၊ မင်းကို ဘာပဲလုပ်လုပ် ဘယ်သူမှ သိမှာမဟုတ်ဘူး။” ဟု ဆိုလာပါသည်။ “အပြစ်ဒဏ်ဆိုပါလား” ကျွန်မသည် အပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်ဟု ကြားသည်နှင့်တစ်ပြိုင်နက်၊ အလိုအလျောက် စိတ်အားငယ် လာခဲ့ပါသည်။ အကျဉ်းထောင်မှာသာ အပြစ်ဒဏ် ကျခံရပါက၊ ကျွန်မမျက်နှာကို မည်သို့ပြရမည်ကိုလည်းကောင်း၊ လူများက ကျွန်မကို မည်သို့မြင်ကြမည်ကိုလည်းကောင်း တွေးတောမိပါသည်။ ထိုအချိန်တွင် ကျွန်မကို ပို့ထားသည့် အကျဉ်းခန်းထဲတွင်ရှိသည့် ကျန်သည့် လူများအားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြသည့် အစ်မများပင် ဖြစ်ပါသည်။ ၎င်းတို့သည် နတ်ဆိုး၏ တွင်းထဲတွင် ကျရောက်နေကြသော်လည်း၊ ကြောက်ရွံ့မှု အနည်းငယ်မျှ မပြခဲ့ကြပါ။ ၎င်းတို့ အချင်းချင်း အားပေးထောက်ပံ့ကြပါသည်၊ ပြီးနောက်တွင် ကျွန်မအနေဖြင့် အပျက်သဘောဆောင်ပြီး စိတ်အားငယ်နေသည်ကို ၎င်းတို့ မြင်တွေ့ရချိန်တွင်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများကို ပြောပြကာ၊ သက်သေခံကြပါသည်၊ ကျွန်မကို ဘုရားသခင်၌ ယုံကြည်မှုရှိလာစေပါသည်။ ၎င်းတို့သည် ကျွန်မကို ခွန်အားပေးရန် ဓမ္မသီချင်းတစ်ပုဒ်ကိုလည်း သီဆိုကြပါသည်။ “လူသားမျိုးနွယ်ကို ကယ်တင်ရန် အသင်းတော်များကြားတွင် လမ်းလျှောက်ရင်း၊ သမ္မာတရားကို ဖော်ပြရင်း၊ ကျွန်ုပ်တို့ကို အပင်ပန်းခံ ရေလောင်းပေးရင်း၊ ခြေလှမ်းတိုင်းတွင် ကျွန်ုပ်တို့ကို လမ်းပြရင်း ဘုရားသခင်သည် နှိမ့်ချစွာ လူ့ဇာတိ ဖြစ်လာပေသည်။ ဤအရာကို ဆယ်စုနှစ်များစွာ နေ့တိုင်း လုပ်ဆောင်ခဲ့သည်၊ ထိုအရာအားလုံးမှာ လူသားကို သန့်စင်ပြီး စုံလင်စေဖို့ဖြစ်သည်။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်ဦးရာသီ၊ ဆောင်းရာသီများစွာ သူမြင်တွေ့ခဲ့ရပြီး၊ ခါးသီးမှုကို ချိုမြိန်ခြင်းနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ခံယူလေသည်။ နောင်တတစ်ခုတစ်လေမျှ မရှိဘဲ အရာအားလုံးကို ကိုယ်ကျိုးမငဲ့ သူ စွန့်လွှတ်ခဲ့သည်၊ လူသားမျိုးနွယ်ကို သူ၏ ချစ်ခြင်းမေတ္တာအားလုံး သူ ပေးလေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံရပြီး စမ်းသပ်မှုများ၏ ခါးသီးမှုကို မြည်းစမ်းခဲ့ရသည်။ ခါးသီးမှုနောက် ချိုမြိန်မှုက လိုက်လာသည်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရပြီ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ကျွန်ုပ် စိတ်နှလုံးနှင့် ခန္ဓာကို ကျွန်ုပ် ဆက်ကပ်သည်။ ကိုယ်တော့်အတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း၊ အားသွန်ခွန်စိုက်လုပ်ရင်း တစ်နေရာမှတစ်နေရာ ကျွန်ုပ် သွားသည်။ ချစ်ခင်သူများက ကျွန်ုပ်ကို စွန့်ပစ်ကြသည်၊ အခြားသူများက ကျွန်ုပ်ကို အသရေဖျက်ကြသည်၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်ကို မဆုတ်မနစ် အဆုံးထိ ချစ်သွားပါမည်။ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဒုက္ခတို့ကို ကျွန်ုပ် ကြံ့ကြံ့ခံကာ၊ ဘဝ၏ အနိမ့်အမြင့်တို့ကို တွေ့ကြုံရသည်။ ခါးသီးမှုဘဝကို ကျွန်ုပ်ခံရိသော်လည်း၊ ဘုရားသခင်နောက် ကျွန်ုပ်လိုက်ပြီး ကိုယ်တော့်အတွက် သက်သေခံရပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်း အသစ်များကို သီဆိုပါ ရှိ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော်၏ သက်သေဖြစ်ခြင်း”) ထိုဓမ္မသီချင်းအကြောင်း တွေးတောသည့်အခါတွင်၊ ကျွန်မ ကြီးစွာ အားတက်ခဲ့ရသည်။ ကျွန်မတို့သည် ဘုရားသခင်ကို ရန်သူအဖြစ် ရှုမြင်သော ဘုရားမဲ့သော ပါတီတစ်ခု၏ အုပ်စိုးမှု လက်အောက်တွင် ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် စစ်မှန်သော ဘုရားသခင်ကို နောက်လိုက်ပြီး မှန်ကန်သည့် အသက်တာလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းမှာ မှန်ကန်ပါသည်။ ကျွန်မတို့သည် ဆင်းရဲဒုက္ခများစွာကို ခံစားရရန် ကံကြမ္မာဖန်လာသော်လည်း၊ ထိုသို့သော ဆင်းရဲဒုက္ခများအားလုံးက အနှစ်သာရရှိပါသည်၊ ထို့အပြင် ကျွန်မတို့သည် သမ္မာတရားကို လိုက်စားပြီး၊ ဘုရားသခင်၏ လမ်းခရီးအတိုင်း လိုက်လျှောက် နေခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရခြင်း ဖြစ်သောကြောင့်၊ အကျဉ်းထောင်ထဲတွင် ထိုင်နေရခြင်းသည်ပင်လျှင် ဂုဏ်ကျက်သရေ ရှိသည့် အရာတစ်ခု ဖြစ်ပါသည်။ ထိုသို့အကျဉ်းထောင်ထဲတွင် နေရခြင်းသည် လောကီလူသားများအနေဖြင့် ဆိုးရွားလှသော ပြစ်မှုများကို ကျူးလွန်ခြင်းကြောင့် အကျဉ်းချခံရသည့် အခြေအနေနှင့် အလုံးစုံကွဲပြားပါသည်။ ထို့နောက်တွင်ကျွန်မသည် စစ်မှန်သည့် လမ်းကြောင်းကို လျှောက်သောကြောင့်၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အရှက်တကွဲဖြစ်ခြင်းတို့ကို ခံစားခဲ့ရသည့် မျိုးဆက်တစ်ခုပြီးတစ်ခုမှ သူတော်စင်များအကြောင်းကို တွေးတောမိပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို များစွာ လွတ်လပ်စွာ ရရှိထားသည်- လူမျိုးဆက်များစွာတို့ နားမလည်နိုင်သော သမ္မာတရားကို ကျွန်မ နားလည်ခဲ့ပြီး ဖြစ်ပါသည်၊ မျိုးဆက်များစွာ မသိရှိထားသည့် နက်နဲသောအရာများကို သိရှိခဲ့ရသောကြောင့်၊ ကျွန်မသည် ဘုရားသခင်ကို သက်သေခံရန် အနည်းငယ်မျှသော ဆင်းရဲဒုက္ခကို အဘယ့်ကြောင့် သည်းမခံနိုင်ရသနည်း။ ထိုအချက်ကို တွေးမိသည့်အခါတွင် ကျွန်မသည် မိမိ၏ စိတ်အားငယ်နေသည့် အခြေအနေမှ ပြန်လည် တိုးထွက်လာခဲ့ပြန်ပါသည်၊ ကျွန်မ၏ စိတ်နှလုံးသည်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုများနှင့် ခွန်အားများဖြင့် ပြည့်နှက်နေခဲ့ပါသည်၊ ပြီးနောက်တွင်လည်း ကျွန်မသည် ဘုရားသခင်ကို မှီခိုအားထားပြီး၊ မနက်ဖြန်လာမည့် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်းကောင်း၊ ပြစ်မှုကို ဝန်ခံရန် အတင်းအကျပ် စေခိုင်းခြင်းများကိုလည်းကောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ တွေ့ဖို့အတွက် စိတ်ပိုင်းဖြတ်လိုက်ပါသည်။

နောက်ဆယ်ရက်အကြာတွင် ရဲအရာရှိများ ကျွန်မကို ထိန်းသိမ်းရေး စင်တာသို့တစ်ယောက်တည်း ပို့လိုက်ကြသည်။ ထိုနေရာတွင် အခြားသူများအားလုံးကို လိမ်လည်မှု၊ ခိုးယူမှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ စသည်တို့အတွက် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်းကို ကျွန်မသိမြင်လာခဲ့ရပါသည်။ ကျွန်မ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ဒီကို ရောက်ပြီးတဲ့သူမှန်သမျှ ဘယ်သူမှ ပြန်မထွက်ရဘူး။ ငါတို့အားလုံးလည်း ငါတို့အတွက် စီရင်ချက်ချမှာကို စောင့်နေကြတာပဲ၊ ပြီးတော့ ငါတို့ထဲက တချို့ဆိုရင် စောင့်နေတာ လနဲ့ချီနေပြီ။” ဟု ဆိုကြသည်။ ထိုလူများကို ကြည့်ပြီး ကျွန်မသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ကျွန်မနှလုံးသား ပေါက်ကွဲ ထွက်လုနီးပါး ဖြစ်ခဲ့ရပါသည်။ ၎င်းတို့သည် ကျွန်မကို ဆိုးရွားစွာ ဆက်ဆံမည်ကိုလည်း ကြောက်ရွံ့လာခဲ့ပါသည်။ ပြီးနောက်တွင်လည်း ရဲများက ကျွန်မကို ဤလူများနှင့် အတူ ထိန်းသိမ်းထားသည့်အတွက်၊ ကျွန်မကိုလည်း ကြီးလေးသောပြစ်မှု ကျူးလွန်သောသူတစ်ဦး၏ စီရင်ချက်မျိုးသာ ချမှတ်မည်မှာ ဖြစ်နိုင်ချေများသည်ဟု တွေးမိပါသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် အကျဉ်းထောင်ထဲတွင် ၈ နှစ်ခန့် ကြာမြင့်အောင် နေထိုင်ခဲ့ရကြောင်းကိုလည်း ကြားသိရပါသည်။ ကျွန်မ၏ စီရင်ချက်သည် နှစ်မည်မျှ ကျခံရမည်ကိုမူ မသိရှိနိုင်ခဲ့ပါ၊ ပြီးနောက်တွင်လည်း ကျွန်မသည် အသက် ၂၉ နှစ်သာ ရှိပါသေးသည်။ ကျွန်မက မိမိ၏ လူငယ်ဘဝကို မှောင်မိုက်နေသည့် အကျဉ်းခန်းထဲတွင် ပိတ်မိပြီး အချိန်ကုန်နေရမလား။ ရှေ့လျှောက် ကျွန်မ၏ ရှည်လျားသော နေ့ရက်များကို မည်သို့ကုန်ဆုံး ရမည်နည်း။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ မွေးရပ်ဇာတိ၊ မိဘများ၊ ခင်ပွန်းနှင့် ကလေးငယ်တို့သည် ကျွန်မနှင့် ရုတ်တရက် အလွန် ဝေးကွာနေသည်ဟု ခံစားလာရပါသည်။ ကျွန်မနှလုံးသားတွင်လည်း ဓါးတစ်ချောင်းဖြင့် မွှေနှောက်နေသကဲ့သို့ ခံစားရကာ၊ ကျွန်မ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပါသည်။ ကျွန်မက စာတန်၏လှည့်စားမှုသို့ ကျရောက်ခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့သောကြောင့်၊ ယခုဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ဘုရားသခင် ဉီးဆောင်ပေးဖို့ မျှော်လင့်ရင်းဖြင့် ဘုရားသခင်ကို ပြင်းပြစွာ တောင်းလျှောက် မိပါသည်။ ကျွန်မ၏ ဆုတောင်းခြင်း တစ်ဝက်တစ်ပျက်တွင် ကျွန်မစိတ်ထဲတွင် ရှင်းလင်းသော လမ်းညွှန်ချက်ကို ခံစားလိုက်ရပါသည်။ ယောဘ စုံစမ်းစစ်ဆေးခြင်း ခံရသကဲ့သို့ပင် ဘုရားသခင်က ဤအရာကို ဖြစ်ခွင့်ပေးထားခြင်း ဖြစ်ပြီး ကျွန်မ ညည်းညူ၍မရပါ။ ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မစဉ်းစားမိလိုက်သည်။ “လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။...ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း”) ဘုရားသခင်၏နှုတ်ကပတ်တော်မှ စီရင်ချက်နှင့် ပြစ်တင်ဆုံးမခြင်း တို့သည် ကျွန်မကို အရှက်ရစေပါသည်။ ကျွန်မသည် ဘုရားသခင်နှင့် ပတ်သက်ပါက အနည်းငယ်မျှပင် ရိုးသားခြင်း မရှိခဲ့သော်ငြားလည်း၊ ဘုရားသခင်ကို သက်သေခံသည့် လူကောင်းတစ်ယောက် ဖြစ်လိုသည်ဟုသာ အခိုင်အမာ ဆိုခဲ့မိသည်ကို တွေ့မြင်လာရသည်၊ သို့သော်လည်း ကျွန်မသည် အကျဉ်းကျခံရမည့် ဘေးကို အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင်၊ ထွက်ပြေးလွတ်မြောက်လိုခြင်းသာ ရှိပါသည်။ ကျွန်မက သမ္မာတရားအတွက် ဆင်းရဲဒုက္ခမခံစားနိုင်ပါ။ ကျွန်မ အဖမ်းဆီးခံရပြီးကတည်းက အချိန်ကို ပြန်လည် တွေးကြည့်သည့်အခါတွင်၊ ဘုရားသခင်သည် ကျွန်မဘေးတွင် အချိန်ပြည့် ရှိနေပါသည်။ ဘုရားသခင်သည် ကျွန်မ လမ်းပျောက်သွားခြင်း သို့မဟုတ် လမ်းကြောင်းပေါ်တွင် ခလုတ်တိုက်လဲခြင်းတို့ ဖြစ်မည်ကို စိုးသောကြောင့် လမ်းခရီးမှ ခြေလှမ်းတစ်ခုမျှတွင်လည်း ပစ်ထားခဲ့ခြင်းမရှိပါ။ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလုံးစုံ ရိုးသားပြီး၊ လစ်ဟာခြင်းလည်း လုံးဝ မရှိခဲ့ပါ။ သို့သော်လည်း ကျွန်မသည် အတ္တကြီးပြီး၊ ကိုယ်ကျိုးကိုသာ ကြည့်ခဲ့ပြီး ကျွန်မ၏ ဇာတိပကတိအတွက် အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများ အတွက်သာ အချိန်ပြည့် တွေးတောဆင်ခြင်နေခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်အတွက် မည်သည့်အဖိုးအခကိုမျှ ပေးဆပ်လိုခြင်း မရှိပါ- ကျွန်မသည် မည်သည့်များ လူ့သဘာဝကို ရရှိနိုင်မည်နည်း။ အသိစိတ်တစ်စုံတစ်ရာ မည်သို့ ရရှိမည်နည်း။ ထိုအချက်ကို တွေးမိချိန်တွင် ကျွန်မသည် နောင်တနှင့် အကြွေးတင်ရှိခြင်းတို့ကို အပြည့်အဝ ခံစားခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပြီး၊ ဝန်ချတောင်းပန်ခဲ့ပါသည်။ “အို ဘုရားသခင်။ ကျွန်မမှားခဲ့ပါတယ်။ ကိုယ်တော့်ကို ကျွန်မနှုတ်နဲ့ပဲ တဖွဖွပြောပြီး မလိမ်သင့်ပါဘူး။ စစ်မှန်မှုနဲ့အသက်ရှင်နေထိုင်ပြီး ကိုယ်တော့်ကို ကျေနပ်စေဖို ဆန္ဒရှိပါတယ်။ ကျွန်မရဲ့ စီရင်ချက်က ဘာပဲဖြစ်ဖြစ်၊ ကိုယ်တော့်အတွက် ကျွန်မဧကန်မုချ သက်သေခံသွားပါမယ်။” ထိုအချိန်တွင် ရာသီဉတုအလွန်အေးခဲ့သည်။ အခြားသော အကျဉ်းသားများသည် ကျွန်မကို ရန်လိုခြင်း တစ်စုံတစ်ရာမရှိရုံမျှမက၊ ကျွန်မကို အမှန်တကယ် စောင့်ရှောက်ကာ၊ အဝတ်အစားများ ပေးခြင်း၊ ကျွန်မနေ့စဉ် လုပ်ကိုင်ရသည့် အလုပ်များ အတွက်လည်း ကူညီခဲ့ကြပါသည်။ ထိုအရာများအားလုံးသည် ဘုရားသခင်၏ အကြံအစည်နှင့် အစီအစဉ်တို့ဖြစ်သည်ကို ကျွန်မ သိရှိခဲ့ပြီး ဖြစ်ပါသည်။ ဘုရားသခင်ကို ကျွန်မ အမှန်တကယ် ကျေးဇူးတင်လှပါသည်။

ထိန်းသိမ်းရေးစင်တာတွင် ရဲများသည် ရက်အနည်းငယ်လျှင် တစ်ကြိမ် ကျွန်မကို စစ်မေးကြပါသည်။ ပြင်းပြင်းထန်ထန် စစ်ဆေးခြင်းသည် ကျွန်မအပေါ် မည်သို့မျှ အကျိုးသက် ရောက်ခြင်းမရှိကြောင်း ၎င်းတို့ သတိပြုမိလာချိန်တွင်၊ ၎င်းတို့သည် နူးညံ့သည့် ဆက်ဆံမှုသို့ ပြောင်းလဲခဲ့ကြပါသည်။ ကျွန်မကို စုံစမ်းစစ်ဆေးသည့် ရဲများသည် ဆက်ဆံရလွယ်သည့် ဟန်ပန်မျိုးဖြင့် နေထိုင်လာကာ၊ ကျွန်မနှင့် စကားစမြည် ပြောဆိုခြင်း၊ စားကောင်းသည့် အစားအစာပေးခြင်း တို့အပြင်၊ ကျွန်မကို အလုပ်ကောင်းတစ်ခုရအောင်ကူညီမည်ဟုလည်း ဆိုလာပါသည်။ ထိုအရာများအားလုံးသည် စာတန်၏လှည့်စားမှုများ ဖြစ်ကြောင်း ကျွန်မသိရှိပြီးဖြစ်ပါသည်၊ ထို့ကြောင့် ၎င်းတို့က ကျွန်မကို စုံစမ်းစစ်ဆေးသည့်အခါတွင်၊ ကျွန်မက ဘုရားသခင်ကိုသာ ကျွန်မကို ကာကွယ်ပါရန်နှင့် ထိုလှည့်စားမှုများထဲသို့ သားကောင်အဖြစ် ကျရောက် ခွင့်မပေးပါရန်တို့အတွက် ဆုတောင်းခဲ့ပါသည်။ တစ်ချိန်တွင် ရဲဝန်ထမ်းတစ်ယောက်က ကျွန်မကို စုံစမ်းစစ်ဆေးနေချိန်၌၊ ၎င်းတို့၏ အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်များကို နောက်ဆုံးတွင် ဖော်ပြလာခဲ့ပါသည်။ “ငါတို့က မင်းနဲ့ ပတ်သက်ပြီး မကျေနပ်တာ တစ်ခုမှ ပြောစရာမရှိပါဘူး။ ငါတို့တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အသင်းတော်ကိုပဲ ဖြိုချပစ်ချင်တာပါ။ မင်းလည်း ငါတို့နဲ့ ပူးပေါင်းနိုင်ဖို့ကို မျှော်လင့်တာပဲကွာ။” ဟု ဖြစ်ပါသည်။ ကျွန်မသည် ထိုဆိုးရွားသည့် စကားများကို ကြားသိရချိန်တွင်၊ အလွန်အမင်း ဒေါသထွက်မိပါသည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းကာ၊ ကျွန်မတို့ လူသားများအတွက် ယခုအချိန်အထိ ထောက်ပံ့ပေးပြီး ဉီးဆောင်နေဆဲဖြစ်ကြောင်းကို ကျွန်မ တွေးမိပါသည်။ ပြီးနောက် ယခု ဘုရားသခင်သည် သူ ဖန်ဆင်းတော်မူသည့် သူများကို ကယ်တင်ရန် ကြွတော်မူလာကာ၊ ကျွန်မတို့၏ ဆင်းရဲဒုက္ခချောက်နက်ကြီးထဲမှ လွတ်မြောက်ရန် ကူညီတော်မူပါသည်။ ထိုသို့ ပြုတော်မူခြင်းသည် မည်သည့်အမှားများ ပါနေပါသနည်း။ ထိုမကောင်းဆိုးဝါး နတ်ဆိုးများသည် ဘုရားသခင်၏ ထိုအပြုအမူကို အဘယ့်ကြောင့်များ အလွန်မုန်းတီးပြီး၊ သွားပုပ်လေလွင့် ပြောကြသနည်း။ ကျွန်မတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်ပါသည်။ ဘုရားသခင် နောက်လိုက်ပြီး၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသည် သင့်တော်မှန်ကန်ပါသည်၊ ထို့ကြောင့် စာတန်သည် ကျွန်မတို့အား အဘယ့်ကြောင့် ဤနည်းလမ်းဖြင့် ဖီလာကန့်လန့်တိုက်နေသနည်း၊ ပြီးလျှင် ဘုရားသခင်ကို နောက်လိုက်ရာတွင် ကျွန်မတို့၏ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခြင်းကို အဘယ့်ကြောင့် လုယူရန် ကြိုးစားနေပါသနည်း။ ယခုအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်လဲဖြိုသည့် ၎င်းတို့၏ ကြိုးပမ်းမှုတွင် ကျွန်မကိုပါ ရုပ်သေးတစ်ရုပ် ဖြစ်လာစေရန် ကြိုးစားနေကြသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ထားသည့် နတ်ဆိုးအုပ်စု အစစ်အမှန်ပင် ဖြစ်ပါတော့သည်။ ၎င်းတို့သည် အလွန် ဆိုးယုတ်ကြသည်။ ကျွန်မသည် ခါးသီးသော ခံစားချက်အပြည့်ဖြင့် တရုတ်ကွန်မြူနစ်ပါတီကို ပို၍ပင် မုန်းတီးလာခဲ့ပါသည်၊ ပြီးနောက်တွင်လည်း ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်ကာ၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်လိုပါသည်။ ရဲများက ကျွန်မ စကားမပြောသေးသည်ကို တွေ့မြင်သောအခါတွင်၊ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များ အသုံးပြုကာ စတင်တိုက်ခိုက် လာပါသည်။ ၎င်းတို့သည် ကျွန်မ၏ ခင်ပွန်းကို တရုတ်ပြည်နယ် လက်ကိုင်ဖုန်းအားဖြင့် ရှာဖွေတွေ့ရှိလာကာ၊ ကျွန်မကို ဖျောင်းဖျသိမ်းသွင်းရန် ကျွန်မ ခင်ပွန်းနှင့် ကလေးငယ်တို့ကို ခေါ်ဆောင်လာခဲ့ပါသည်။ ကျွန်မ၏ ခင်ပွန်းသည် နဂိုမူလက ကျွန်မ၏ ဘုရားသခင်ကို သက်ဝင်ယုံကြည်မှုနှင့် ပတ်သက်ပြီး ကျေနပ်ပြီးသားဖြစ်သော်လည်း၊ ရဲများ၏ လှည့်ဖြားမှုကို ခံရပြီးနောက်တွင်၊ ကျွန်မခင်ပွန်းက “မင်းရဲ့ သက်ဝင်ယုံကြည်မှုကို စွန့်ပစ်ဖို့ ငါတောင်းပန်နေတာပါ။ ငါ့အတွက် မတွေးဘူးဆိုရင်တောင်၊ အနည်းဆုံး ငါတို့ ကလေးအတွက်တော့ တွေးပေးပါ။ အမေဖြစ်တဲ့သူက အကျဉ်းထောင်ထဲရောက်နေတာဟာ သားလေးအတွက် အရမ်းဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။...” ဟု ထပ်ခါတလဲလဲ ပြောခဲ့ပါသည်။ ကျွန်မ၏ ခင်ပွန်းသည် သူ၏ စကားများက ကျွန်မ၏ စိတ်ကို ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ကြောင်း သိရှိသည့်အခါတွင်၊ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော စကားများကို ပြောဆိုလာခဲ့ပါသည်။ “မင်းကလေ အရမ်းခေါင်းမာပြီး၊ နားကို မထောင်ဘူး- အဲဒါဆိုရင်လည်း မင်းကို ငါက ကွာရှင်းရတော့မှာပဲ။” ဟု ဆိုလေသည်။ “ကွာရှင်း” ဆိုသည့် ထိုစကားသည် ကျွန်မ၏နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါသည်။ ထိုစကားကြောင့် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ပို၍ပင် မုန်းတီးလာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အသရေဖျက်ခြင်းနှင့် စိတ်ဝမ်းကွဲပြားစေခြင်းတို့ကြောင့် ကျွန်မ၏ ခင်ပွန်းသည် ဘုရားသခင်၏ အမှုတော်ကို ထိုကဲ့သို့ မုန်းတီးလာပြီး၊ ကျွန်မကိုလည်း ထိုသို့ ခံစားချက်မဲ့သောစကားများကို ပြောဆိုလာခြင်း ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ကောင်းကင်ဘုံကို စော်ကားရန်အတွက် သာမာန်လူသားများကို ဆင့်ခေါ်သည့် တရားခံလက်သည် အစစ်အမှန်ပင် ဖြစ်ပါသည်။ ကျွန်မတို့၏ ခင်ပွန်းနှင့် ဇနီး စိတ်ခံစားချက်များကိုလည်း လျော့ပါးစေခဲ့သည့် တရားခံလက်သည်လည်း ဖြစ်ပါသည်။ ထိုအတွေးကို တွေးမိသည့်အခါတွင်၊ ကျွန်မသည် ခင်ပွန်းဖြစ်သူကို မည်သည့်အရာမျှ ပြောဆိုလိုခြင်း မရှိတော့ပါ။ ကျွန်မက တည်ငြိမ်စွာဖြင့် “မြန်မြန် သွက်သွက်လုပ်လေ၊ ပြီးတော့ ကျွန်မတို့ ကလေးကိုလည်း အိမ်ပြန်ခေါ်သွားတော့။” ဟု ပြောခဲ့ပါသည်။ ရဲများက ထိုနည်းဗျူဟာသည် အလုပ်မဖြစ်သည်ကို တွေ့မြင်သည့်အခါတွင်၊ ၎င်းတို့က အလွန်အမင်း စိတ်ဆိုးကာ ၎င်းတို့ စားပွဲရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ ကျွန်မကိုလည်း “ငါတို့ အရမ်းကြိုးစားခဲ့တယ်၊ ဒါလည်း မင်းဆီက ဘာတုန့်ပြန်ချက်တစ်ခုမှ မရသေးဘူး။ မင်းစကားပြောဖို့ကို ဆက်ပြီး ငြင်းဆန်နေဉီးမယ် ဆိုရင်တော့၊ မင်းက ငါတို့က ဒီဒေသရဲ့ ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသမားတစ်ယောက်ဆိုပြီး အမည်တပ်ရတော့မယ်။ ဒီနေ့မှာ ဘာစကားမှ မပြောဘူးဆိုရင်တော့၊ မင်းနောက်ထပ် အခွင့်အရေး ရတော့မှာမဟုတ်ဘူး။” ဟု အော်ဟစ်ကြပါတော့သည်။ သို့သော်လည်း ၎င်းတို့ မည်မျှပင် ကြိမ်းမောင်းဟိန်းဟောက်ပြီး ကယောင်ကတမ်း ပြောနေကြပါစေ၊ ကျွန်မသည် မိမိနှလုံးသားထဲတွင် ဘုရားသခင်ထံသို့သာ ဆုတောင်း၍၊ ကျွန်မ၏ သက်ဝင်ယုံကြည်မှုအတွက် ခွန်အားဖြည့်ပေးရန် တောင်းလျှောက်နေပါသည်။

ကျွန်မကို စုံစမ်းစစ်ဆေးခြင်းကာလအတွင်း၊ ကျွန်မကို စိတ်အတွင်းမှနေပြီး ဆက်လက်လမ်းညွှန်သွားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ရှိပါသည်။ “နောက်ဆုံးသောကာလ အမှုတွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည့် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားစုံလင်စေသော အရာသည် ယုံကြည်ခြင်းဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လက်ခံရရှိသည့် သက်ဝင်ယုံကြည်မှု နှင့် ခွန်အားတို့ကြောင့်၊ ကျွန်မသည် စုံစမ်းစစ်ဆေးခြင်း ခံနေရချိန်တွင် အလွန်ကြံ့ကြံ့ခံနိုင်သည့် ပုံစံပေါက်နေခဲ့ပါသည်။ သို့သော်လည်း မိမိအကျဉ်းခန်းတွင်းသို့ ပြန်လည်ရောက်ရှိသည့် အခါတွင်မူ၊ အားငယ်စိတ်နှင့် နာကျင်မှု အနည်းငယ်တို့က အလိုအလျောက် ဝင်ရောက်လာခဲ့ပါသည်။ ကျွန်မ၏ခင်ပွန်းသည်လည်း ကျွန်မကို အမှန်တကယ်ပင် ကွာရှင်းတော့မည့်ပုံပေါ်ပြီး၊ ကျွန်မမှာလည်း နေအိမ်ရှိတော့မည် မဟုတ်ပါ။ ကျွန်မ၏ စီရင်ချက် အပြစ်ဒဏ်သည်လည်း နှစ်မည်မျှ ကျခံရမည်ကို မသိရှိခဲ့ပါ။ ဤနာကျင်မှုကြားမှ၊ ကျွန်မသည် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်ကို တွေးတောမိပါသည်။ “ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ”) ကျွန်မသည် ပေတရု၏လုပ်ရပ်များကြောင့် နက်နက်ရှိုင်းရှိုင်းပင် စိတ်ထိခိုက် ခံစားရပါသည်၊ ထို့အပြင် ၎င်း၏ လုပ်ရပ်များသည် အရာအားလုံးကို စွန့်လွှတ်ကာ ဘုရားသခင် ကျေနပ်နှစ်သက်လာရန် ဆောင်ရွက်လိုသည့် ကျွန်မ၏ ဆန္ဒကိုလည်း ပိုမိုထကြွလာစေပါသည်။ မှန်ပါသည်။ ရှင်ပေတရုသည် ဝမ်းအနည်းရဆုံးအချိန်ကာလကို ရောက်ရှိသည့်အခါတွင်၊ ထိုဝမ်းနည်းမှုများကို ခံနိုင်ဆဲဖြစ်သကဲ့သို့၊ ဘုရားသခင်ကိုလည်း ကျေနပ်စေနိုင်ခဲ့ပါသည်။ ၎င်း၏ ကိုယ်ပိုင် မျှော်လင့်ချက်များ သို့မဟုတ် ကံကြမ္မာ သို့မဟုတ် ၎င်း၏ ကိုယ်ပိုင်အကျိုးအမြတ် စသည်တို့အတွက် သူ ထည့်မတွက်ခဲ့ဘဲ၊ နောက်ဆုံး၌ ၎င်းသည် လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးမိုးမျှော်ထားပြီး သံမှိုစွဲခြင်းခံရသည့် အချိန်တွင်ပင်၊ ဘုရားသခင်အတွက် ကောင်းမွန်ပြီး ထူးကဲလှသော သက်သေကိုခံခဲ့သူတစ်ယောက် ဖြစ်ပါသည်။ ကျွန်မကမူ လူ့ဇာတိခံ ဘုရားသခင် နောက်လိုက်ရန် ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိသည့်အပြင်၊ ကျွန်မ၏ အသက်တာတွင် ဘုရားသခင်၏ မဆုံးနိုင်သော ထောက်ပံ့မှုများနှင့်တကွ၊ သူ၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကိုပါ ခံစားရပါသော်လည်း၊ ဘုရားသခင်အတွက် မည်သည့်စစ်မှန်သည့် ပေးဆပ်မှုကိုမျှ မပြုခဲ့ပါ။ ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ဘုရားသခင်က ကျွန်မကို လိုအပ်သည့်အချိန် ရောက်လာခဲ့ပြီးဖြစ်ကာ၊ ကျွန်မသည် ထိုတစ်ကြိမ်လေးမျှပင် ဘုရားသခင် ကျေနပ်အောင် မဆောင်ရွက်နိုင်ပါသလား။ ဤအခွင့်အရေးကို လက်လွှတ် ဆုံးရှုံးရခြင်းသည် ကျွန်မတစ်သက်လုံး နောင်တရနေရမည့် အခြေအနေများ ဖြစ်နေမည်လား။ ထိုအချက်ကို ကျွန်မ တွေးမိသည့်အခါတွင်၊ ကျွန်မသည် ဘုရားသခင်ရှေ့တော်တွင် ကျွန်မ၏ ဆန္ဒကို စိတ်ပိုင်းဖြတ်လိုက်ပါသည်။ “အို ဘုရားသခင်၊ ကျွန်မ ပေတရုရဲ့ စံနမူနာကို လိုက်နာဖို့ လိုလားပါတယ်။ ကျွန်မရဲ့ ရလဒ် ဘယ်လိုပဲ ထွက်လာပါစေ၊ အဲဒီရလဒ်က ကျွန်မ ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲရဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အကျဉ်းထောင်ထဲမှာ အပြစ်ဒဏ်ကျခံရဖို့ပဲဖြစ်ဖြစ် ဖြစ်လာပါစေ ဘုရားသခင်ကို သစ္စာမဖောက်ပါဘူး။” ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းအပြီးတွင် ကျွန်မစိတ်ထဲတွင် ခွန်အားများ တလိပ်လိပ် တက်လာသည်ကို ခံစားရပါသည်။ ကျွန်မသည် အပြစ်ဒဏ်စီရင်ချက် ကျခံရခြင်း ရှိမရှိကိုလည်းကောင်း၊ အပြစ်ဒဏ် မည်မျှ ကျခံရခြင်း ရှိမရှိကိုလည်းကောင်း တွေးမနေတော့ပါ၊ ထို့အပြင် ကျွန်မသည် နေအိမ်သို့ပြန်ပြီး မိသားစုနှင့် ပြန်လည်ဆုံစည်းရခြင်းရှိမရှိကိုလည်း တွေးတောမနေတော့ပါ။ ကျွန်မတွေးတောသည်မှာ နတ်ဆိုးများ၏ သားရဲတွင်းတွင် နောက်ထပ်တစ်ရက် ထပ်မံနေထိုင်ရခြင်းသည် ဘုရားသခင်အတွက် နောက်ထပ်တစ်ရက် သက်သေရပ်တည်ခြင်း ဖြစ်သည်ဟုပင် ဖြစ်ပြီး အဆုံးထိ ကျွန်မ အပြစ်ဒဏ်ကျခံရသည့်တိုင်အောင်၊ စာတန်ကို လက်မြှောက် အလျှော့ပေးမည် မဟုတ်ပါ။ ကျွန်မက အရာအားလုံးကို ပူဇော်လိုက်သည့်အခါ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် နှစ်လိုကြင်နာမှုတို့ကို အမှန်တကယ်ပင် မြည်းစမ်းလိုက်ရပါသည်။ ရက်များအနည်းငယ် ကြာသည့်အခါတွင်၊ နေ့လည်ခင်းတစ်ချိန်၌၊ အစောင့်တစ်ယောက်က ကျွန်မကို “မင်းပစ္စည်းတွေ သိမ်းစမ်း။ မင်းအိမ်ပြန် လို့ရပြီ။” ဟု ရုတ်ချည်း ပြောလာပါသည်။ ကျွန်မသည် မိမိနားကိုပင် မယုံရဲပါ။ ကျွန်မအလွန့်အလွန် စိတ်လှုပ်ရှားခဲ့ရပါသည်။ ယခုဝိညာဉ်လောကတွင် စာတန်က ရှုံးနိမ့်ခဲ့ရပြီး၊ နောက်ဆုံးတွင် ဘုရားသခင်က ဘုန်းတော်ထင်ရှားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ ထိန်းသိမ်းမှုနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ၃၆ ရက်အကြာ ခံရပြီးနောက်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်ကြမ်းကြုတ်သည့် မင်းမဲ့စရိုက်၊ တော်လှန်ပုန်ကန်သော၊ ဖောက်ပြန်ရေးဝါဒီ အနှစ်သာရတို့ကို အမှန်တကယ်ပင် နားလည်သဘောပေါက်ခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး ကျွန်မစိတ်ထဲ၌ ထိုအစိုးရကို နက်ရှိုင်းသော မုန်းတီးမှုလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုဘေးအန္တရာယ်ဆိုးများကြားတွင် ဘုရားသခင်သည် ကျွန်မနှင့် အမြဲတစေ ရှိနေခဲ့သည်၊ ကျွန်မကို အသိဉာဏ်ပွင့်လင်းစေသည်၊ လမ်းညွှန်ပေးတော်မူပြီး လမ်းခရီးတစ်လျှောက်လုံး စာတန်၏ ရက်စက်မှုများနှင့် စစ်ဆေးမှုများကို ခြေလှမ်းတိုင်း၌ အောင်မြင်ခွင့်ကို ပေးခဲ့ပါသည်။ ထို့သို့သော စောင်မမှုများကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားမျိုးနွယ်၏ အသက်နှင့် ကျွန်မတို့၏ ခွန်အားဖြစ်သည်ဆိုသည့် အချက်ကိုသိရှိရန် စစ်မှန်သည့် တွေ့ကြုံခံစားမှုကိုလည်းပေးခဲ့ပါသည်။ ထို့အပြင် ဘုရားသခင်သည် ကျွန်မတို့၏ သခင်ဖြစ်ပြီး အရာအားလုံးကို အုပ်စိုးကာစာတန်သည် မည်မျှ လှည့်စားမှုများ ရှိနေပါစေ၊ ဘုရားသခင်ကြောင့် အမြဲတမ်း ရှုံးနိမ့်နေရမည်သာ ဖြစ်ကြောင်းကို အမှန်တကယ်ပင် သတိပြုမိစေခဲ့ပါသည်။ ကျွန်မအနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန်၊ ဘုရားသခင်ကို ပစ်ပယ်စေရန် တရုတ်ကွန်မြူနစ်ပါတီသည် ကျွန်မ၏ ခန္ဓာအသွေးအသားကို ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း ၎င်း၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုသည် ကျွန်မကို မချိုးဖောက်နိုင်ခဲ့ဘဲ၊ ယင်းက ကျွန်မ၏ သန္နိဌာန်ကို ပိုမို ခိုင်မာလာစေကာ၊ ၎င်း၏ ဆိုးညစ်သော အသွင်အပြင်ကိုပါ လုံးလုံးလျားလျား တွေ့မြင်ခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို တွေ့ကြုံခံစားရခွင့်ကိုလည်းကောင်း ပေးခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝ၏ အံ့သြဖွယ် ဖြစ်ရပ်များ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို...

ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စု ကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

လူငယ်ဘဝ၏ အရွယ်ကောင်းချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း

ချန်ရှီ တရုတ်နိုင်ငံ ကျွန်မတို့ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်သည် ဘဝ၏ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးအချိန်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။...

မိစ္ဆာကောင်များ၏ မှောင်မိုက်သော သားရဲတွင်းထဲက အသက်၏ ခပ်ရေးရေး အလင်းရောင်

လင်းယင်၊ ရှန်ဒုံစီရင်စု ကျွန်မနာမည် လင်းယင်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်...