ကျွန်မ အရမ်းမာနထောင်လွှားရတဲ့ အကြောင်းရင်း
ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မကို ပြဿနာတစ်ခုပြောပြတယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်တဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၅၊ သြဂုတ်လမှာ အစ်မချန်းက လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံရတာကို ကျွန်တော် သိလိုက်ရတယ်။ သူက ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် သူများတွေနဲ့ ယှဉ်ပြိုင်တယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာ သူ့အလုပ်ဖော်အကြောင်း ဝေဖန်တာတွေကို ဖြန့်တယ်။ ဒါတွေကြောင့် အသင်းတော်အလုပ်က အနှောင့်အယှက်ဖြစ်သွားတယ်။ အစ်မချန်းက အထုတ်ခံရပြီးတဲ့နောက်မှာ မိတ်သဟာယဖွဲ့တာ၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာတွေကတစ်ဆင့် သူ့ရဲ့ ပြစ်မှားမှုနဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို နည်းနည်းနားလည်လာတယ်။ သူက အရမ်းကို နောင်တရပြီး အပြစ်ရှိတယ်လို့ခံစားရတယ်။ နောင်တရချင်စိတ်ရှိနေတာပေါ့။ ကျွန်တော့်ရဲ့ အလုပ်ဖော်လီကျင်က တစ်ခါတုန်းက အစ်မချန်းရဲ့ အလုပ်ဖော်ဖြစ်ခဲ့တယ်။ အစ်မချန်းက အယောင်ဆောင်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတာကို သူကြားတော့ သူကပြောတယ်။ “အစ်မချန်းက ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ သူက လူတိုင်းထက်သာသလိုနေတယ်။ ကျွန်မက သူ့ကိုစကားပြောတော့ သူက ဂရုမစိုက်လေ့ရှိတယ်။ သူက သူများတွေကို အမြဲတမ်း အလေးမထားဘူး။ ပြီးတော့ အရမ်းမာနကြီးတယ်။ သူက ဂုဏ်အဆင့်အတန်းရဖို့ အုပ်စုတွေတောင်ဖွဲ့ပြီး သဘောထားကွဲလွဲအောင် သွေးထိုးတယ်။ အန္တိခရစ်ကသာ ဒီလိုဟာမျိုးတွေကို လုပ်နိုင်တာ။ သူ့ကို အယောင်ဆောင်ခေါင်းဆောင်လို့ခေါ်တာ မလုံလောက်ဘူး။ သူ့ကို အန္တိခရစ်အဖြစ် သတ်မှတ်သင့်တယ်” တဲ့။ သူက အစ်မချန်းကို ပြန်ပြင်ပြီးသတ်မှတ်ဖို့ အထက်ခေါင်းဆောင်တွေကိုတောင် မေးဖို့ စီစဉ်တယ်။ တခြားအလုပ်ဖော် ရှောင်မင်ကလည်း လီကျင်ပြောသမျှကို သဘောတူတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် စဉ်းစားတယ်။ “အစ်မချန်းက ကိုယ့်ဘာသာကိုယ် ကြီးကျယ်တယ်။ သူ့ရဲ့ မာနကြီးတဲ့ စိတ်သဘောထားက တော်တော်ဆိုးတယ်။ ဒါပေမဲ့ သူက ကြီးကြီးမားမား မကောင်းတာ ဘာမှမလုပ်ဘူး။ အမြဲတမ်း အနှောင့်အယှက်လုပ်တာတွေလည်းမရှိဘူး။ ပြီးတော့ သူ အထုတ်ခံရပြီးတော့ သူက နောင်တရပြီး သုံးသပ်နိုင်တယ်။ သူ့ကိုယ်သူသိနိုင်တယ်။ သူက သမ္မာတရားကို လုံးဝ လက်မခံတဲ့သူမဟုတ်ဘူး။ သူ့ရဲ့ ပြစ်မှားမှုနဲ့ ခဏတာ ဖောက်ပြန်ပျက်စီးမှုကိုပဲ အခြေခံပြီး သူ့ကို အန္တိခရစ်လို့ သတ်မှတ်ရင် ဒါက လွန်သွားမှာမဟုတ်ဘူးလား။ ဒီလိုမှားပြီး ဆုံးဖြတ်ရင် လူကောင်းတစ်ယောက်ကို မမျှမတ နစ်နာစေတာဖြစ်မှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်တော့်အမြင်ကို သူတို့နဲ့ မျှဝေလိုက်တယ်။ ဒါပေမဲ့ လီကျင်က ကျွန်တော်ပြောတာကို လက်မခံဘဲ ဆက်ပြောတယ်။ “အစ်မချန်းရဲ့ တချို့အပြုအမူတွေကို အစ်ကိုက နားမလည်ဘူး။ စည်းမျဉ်းတွေကို ကျွန်မတို့ စွဲကိုင်ထားရမယ်။ အန္တိခရစ်တစ်ယောက်ကိုမှ အလွတ်ပေးလို့မဖြစ်ဘူး” တဲ့။ အဲဒီအချိန်တုန်းက ကျွန်တော် နည်းနည်း စိတ်မသက်သာဘူး။ ဒါပေမဲ့ လီကျင်နောက်ထပ်လုပ်လိုက်တာကြောင့် ကျွန်တော်ပိုပြီးတော့တောင် အံ့သြသွားတယ်။
နောက်တော့ လီကျင်က ရှောင်မင်ကို အစ်မချန်အပေါ် အကဲဖြတ်ချက်တွေကို စုဖို့ပြောတယ်။ သူက အထက်ခေါင်းဆောင်တွေကို မမေးဘဲ ဒီလိုလုပ်လိုက်တာ။ နောက်တော့ သူက အစ်မချန်းအကြောင်းသိအောင်လုပ်ပြီး စိစစ်ဖို့ လူတိုင်းအတွက် စုဝေးပွဲတစ်ခုကို သူ့ဘာသာကျိတ်ပြီးစီစဉ်တယ်။ စုဝေးပွဲမှာ လီကျင်က အစ်မချန်းက အရင်က မာနကြီးပြီးပြုမူတာကို ထပ်ပြောပြပြီး အစ်မချန်းက ထင်ရာမြင်ရာလုပ်တယ်ဆိုတာကိုလည်း အလေးပေးပြောတယ်။ ဒါပေမဲ့ အစ်မချန်းက ဒီဖောက်ပြန်ပျက်စီးမှုကို ခဏပဲလား၊ အမြဲတမ်း ဖွင့်ပြနေတာလားဆိုတာကို သူက မပြောဘူး။ အစ်မချန်းက နောက်ပိုင်းမှာ သမ္မာတရားကို လက်ခံနိုင်ခဲ့သလား၊ နောင်တရခဲ့သလားဆိုတာကိုလည်း သူကမပြောဘူး။ ဒါတွေတစ်ခုမှ သူက မပြောဘူး။ စုဝေးပွဲပြီးတော့ အစ်မတစ်ယောက်က ဒီစုဝေးပွဲက အစ်မချန်းကို လူသိရှင်ကြားရှုတ်ချဖို့ ရည်ရွယ်တာဆိုတာ သတိထားမိပြီး ရှောင်မင်ကို သတိပေးဖို့ သူက သေချာရှင်းပြတယ်။ “ဒီလိုလုပ်ပြီးတော့ ဘာကိုရအောင် ကြိုးစားနေတာလဲ။ ဒါက ဘုရားအလိုတော်နဲ့ ညီရဲ့လား။ လုံလောက်တဲ့ သက်သေမရှိဘဲနဲ့ သူများတွေကို တစ်ဖက်သတ် ခွဲခြားသတ်မှတ်လို့မရဘူး။ ဘုရားကို ဒီလိုပုန်ကန်ပြစ်မှားဖို့က အရမ်းလွယ်တယ်” တဲ့။ ရှောင်မင်ကဒါကိုကြားပြီးတော့ နည်းနည်းကြောက်သွားတယ်။ အစ်မချန်းကို ဒီလိုဆက်ဆံတာက လွန်တယ်လို့ သူကလည်း ထင်တယ်။ အဲဒါနဲ့ သူက ကျွန်တော်နဲ့ လီကျင်ကို သူ့သံသယတွေနဲ့ပတ်သက်ပြီးပြောပြတယ်။ သူက စိတ်ဆိုးပြီး ပြန်ပြောတယ်။ “သမ္မာတရားကို ကျွန်မတို့ လက်တွေ့လုပ်ချင်တဲ့အခါတိုင်းမှာ စာတန်ကနှောင့်ယှက်တယ်” တဲ့။ နောက်ဆုံးမှာ သူက အစ်မချန်းရဲ့ အပြုအမူကို ထပ်ပြီး စစ်ဆေးတယ်။ ပြီးတော့ အစ်မချန်းက သူ့အလုပ်ဖော်ကို မနာလိုလို့ အုပ်စုဖွဲ့တယ်၊ သူ့ကို ဝေဖန်အပြစ်တင်ပြီး ဖိနှိပ်တယ်လို့ အလေးပေးပြောတယ်။ သူက ထင်ရာမြင်ရာလုပ်တယ်။ ကိစ္စတွေကို သူများတွေနဲ့ မဆွေးနွေးဘူး၊ လူတွေကို ထင်သလိုထုတ်ပစ်တယ်လို့လည်း လီကျင်က ပြောတယ်။ လီကျင်ပြောတဲ့အပြုအမူတွေက တော်တော်ဆိုးတယ်။ ဒီတော့ ရှောင်မင်က လက်ခံယုံကြည်သွားပြီး လီကျင်ဘက်ကနေ နေပြန်တယ်။ ဒီတစ်ခါမှာ ကျွန်တော်လည်း နည်းနည်း မသေချာဖြစ်သွားတယ်။ လီကျင်ရဲ့အမြင်က မှန်နေရင်ရော ဘယ်လိုလုပ်မလဲ။ အထူးသဖြင့် လီကျင်က ယုတ္တိရှိတဲ့ပုံစံရှိတဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် အန္တိခရစ်တွေက အုပ်စုတွေဖွဲ့တာကို ဖွင့်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုတာကို ကျွန်တော်ကြားတဲ့အချိန်မှာ ပိုပြီးတော့တောင် ခေါင်းရှုပ်သွားတယ်။ သူစိစစ်တာက မှန်နိုင်တယ်လို့ ခံစားမိတယ်။ အထက်ခေါင်းဆောင်က သူ့ကို မရိပ်စားမိနိုင်ဖြစ်ပြီး အန္တိခရစ်တစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်လို့ မှားပြီး အကဲဖြတ်ပြီးတော့ သူ့ကို အသင်းတော်မှာ ဆက်နေခွင့်ပေးတာများဖြစ်နိုင်မလား။ ဒါမှန်တယ်ဆိုရင် ကျွန်တော်က အန္တိခရစ်ကို မရိပ်စားမိဘဲ အန္တိခရစ်ဘက်ကနေ ပြောပေးတော့သူ ဖြစ်မသွားဘူးလား။ ကျွန်တော့်ရာထူးကို ထိန်းမထားနိုင်လောက်ဘူး။ အန္တိခရစ်ကို ခုခံကာကွယ်ပေးတယ်လို့ စွပ်စွဲခံရမယ်။ ဒါဆိုရင် ကျွန်တော့်ဂုဏ်သတင်းက ပျက်စီးသွားမှာပဲ။ လီကျင်နဲ့ ရှောင်မင်ဘက်ကနေ ရပ်တည်တာ ပိုကောင်းနိုင်တယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါဆိုရင် ကျွန်တော် မှားနေရင် ကျွန်တော်တစ်ယောက်တည်းရဲ့ အမှားဖြစ်မှာမဟုတ်ဘူး။ ဒါဆို မှားတယ်လို့ ပေါ်လွင်သွားပြီး အပြစ်တွေအကုန် ကိုယ့်ဘာသာခံရမှာထက် ပိုကောင်းမှာပဲ။ ကျွန်တော်က သူတို့နဲ့ သဘောတူမလို့လုပ်တုန်းမှာပဲ နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ အခြေအနေတွေက မရှင်းသေးတော့ လူတစ်ယောက်ရဲ့ စကားကို ဒီအတိုင်းနားထောင်လို့မဖြစ်ဘူးဆိုပြီး တွေးမိတယ်။ အစ်မချန်းက အန္တိခရစ်တစ်ယောက်မဟုတ်ဘဲနဲ့ ကျွန်တော်က သူများတွေနောက်လိုက်ပြီး သူ့ကို မဆင်မခြင်နဲ့ ခွဲခြားသတ်မှတ်လိုက်ရင် ကျွန်တော်က လူတစ်ယောက်ကို တစ်ဖက်သတ်ရှုတ်ချပြီး ဖျက်ဆီးနေတာဖြစ်မှာပဲ။ ဒါက ဘုရားကို ပုန်ကန်ပြစ်မှားတဲ့အရာတစ်ခုပဲ။ ပြစ်မှားမှုတစ်ခုပြုပြီးတာနဲ့ လုံးဝ ပြန်ဖျက်လို့မရနိုင်ဘူး။ ကျွန်တော့်ရဲ့ အပြစ်တင်တဲ့ ခံစားချက်ကြောင့် လီကျင်နောက်မလိုက်ခဲ့ဘူး။
အဲဒီနောက်တော့ အန္တိခရစ်တွေကို ဘယ်လိုရိပ်စားမိရမယ်ဆိုတဲ့အကြောင်း သမ္မာတရားကို ကျွန်တော်ရှာတယ်။ ကျွန်တော် ဖတ်ရတဲ့ ဘုရားနှုတ်ကပတ်တော်မှာ “အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားသာ ရှိသောသူကို အန္တိခရစ်အဖြစ် အမျိုးအစား သတ်မှတ်၍ မရပေ။ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရ ရှိသောသူများသာ အန္တိခရစ်အစစ်များဖြစ်သည်။ ဤနှစ်ခု၏ အပြင်ပန်းလူ့သဘာဝတွင် ကွဲပြားမှုများရှိသည်မှာ အမှန်ပင် ဖြစ်သည်။ မတူညီသော လူ့သဘာဝအမျိုးအစားများ၏ အုပ်စိုးမှုနှင့် လည်ပတ်မှုအောက်တွင် သမ္မာတရားနှင့်ပတ်သက်၍ ထိုလူများခံယူသော ရပ်တည်ချက်များသည်လည်း မတူညီပေ။ သမ္မာတရားနှင့်ပတ်သက်၍ လူတို့ခံယူသော ရပ်တည်ချက်များသည် မတူညီသောအခါ ၎င်းတို့ရွေးချယ်သောလမ်းများက မတူညီကြပေ။ လူတို့ရွေးချယ်သောလမ်းများက မတူညီသောအခါ ၎င်းတို့၏ လုပ်ရပ်များမှ ထွက်လာသော စည်းမျဉ်းများနှင့် အကျိုးဆက်များကလည်း မတူညီကြပေ။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားရှိသောသူသည် အလုပ်တွင် အသိစိတ်ရှိသောကြောင့်၊ ဆင်ခြင်တုံတရားရှိသောကြောင့်၊ ရှက်စိတ်ရှိပြီး သမ္မာတရားကို ချစ်သောကြောင့် နှိုင်းယှဉ်ပြီးပြောရလျှင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူဖွင့်ပြသောအခါတွင် သူ၏ စိတ်နှလုံး၌ ယင်းအတွက် ပြစ်တင်ရှုတ်ချမှုရှိသည်။ ထိုသို့သော အချိန်များတွင် သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သူ့ကိုယ်သူ သိမြင်နိုင်သည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်ပြခြင်းကို ဝန်ခံနိုင်သည်။ ဤနည်းအားဖြင့် သူသည် ဇာတိပကတိနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်လွှတ်နိုင်သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံနိုင်လာသည်။ သို့ရာတွင် အန္တိခရစ်တစ်ယောက်အတွက်မူ ဤသို့ မဟုတ်ပေ။ ၎င်းတို့သည် ရှက်စိတ်ရှိရန် မဆိုထားနှင့်၊ အလုပ်တွင် အသိတရားသော်လည်းကောင်း၊ တာဝန်သိသော အသိစိတ်သော်လည်းကောင်း မရှိသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ဖွင့်ပြသောအခါ ၎င်းတို့၏ ထုတ်ဖော်ပြချက်သည် မှန်ကန်သလော၊ မှားယွင်းသလော၊ သို့မဟုတ် ၎င်းတို့တွင် ရှိသည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သာမန်လူ့သဘာဝ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီသလောဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မတိုင်းတာပေ။ ဤအရာများကို ၎င်းတို့ ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ပြုမူကြသနည်း။ ၎င်းတို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့ရွေးချယ်သည့် လမ်းသည် မှန်ကန်သော အရာများဖြစ်သည်ဟု အမြဲ ခံယူထားကြသည်။ ၎င်းတို့လုပ်သမျှသည် မှန်ကန်ကြောင်း၊ ၎င်းတို့ပြောသမျှသည် မှန်ကန်ကြောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် စိတ်အလွန်ထက်သန်ကြ၏။ ထို့ကြောင့် ၎င်းတို့လုပ်မိနိုင်သည့် အမှားတစ်ခုသည် မည်မျှကြီးပါစေ၊ ၎င်းတို့ဖွင့်ပြနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြင်းထန်ပါစေ ၎င်းတို့သည် အကြောင်းအရာ၏ လေးနက်မှုကို သိမြင်လိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သေချာပေါက် သိမြင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအား နာခံခြင်း လမ်းကြောင်းကို ရွေးချယ်ရန်အတွက် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆန့်ကျင်ပုန်ကန်ခြင်းတို့ ပြုလိမ့်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားရှိသောသူသည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်၊ ကယ်တင်ခြင်းရရန် အခွင့်အလမ်းရှိသော်လည်း အန္တိခရစ်တစ်ယောက်၏ အနှစ်သာရရှိသော လူစားမျိုးကမူ သမ္မာတရားကို နားမလည်နိုင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ကယ်တင်ခြင်းလည်း မရရှိနိုင်ကြောင်းကို ဤမတူညီသော ရလဒ်နှစ်မျိုးမှတစ်ဆင့် မြင်နိုင်သည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ ကွာခြားချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)) “အတိတ်က ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အန္တိခရစ် စိတ်သဘောထားအချို့ကို မကြာခဏ ထုတ်ဖော်ပြကြသည်- ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် သိသာသည့် မကောင်းမှုတစ်ခုကိုမျှ မကျူးလွန်ကြဘဲ ၎င်းတို့၏ လူ့သဘာဝကလည်း ဆိုးဝါးခြင်းမရှိပေ။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအားဖြင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ကူညီခြင်းအားဖြင့်၊ ပြောင်းရွှေ့ခံရခြင်း၊ လူစားထိုးခံရခြင်းအားဖြင့်၊ အချိန်တစ်ခုအထိ အပျက်သဘောဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ယခင်က ၎င်းတို့ ဖွင့်ပြခဲ့သည့်အရာများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်ကို နောက်ဆုံးတွင် သိမြင်လာကြသည်။ နောင်တရချင်စိတ် ရှိလာကြပြီး ‘မည်သည့်အရာဖြစ်ပါစေ၊ အရေးကြီးဆုံးမှာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မလျှော့တမ်းလုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေခဲ့သော်လည်း၊ အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ် မခံရသေးပေ။ ဤသည်မှာ ဘုရားသခင်၏ ကြင်နာမှုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်၏ယုံကြည်မှု၌ ကျွန်ုပ်သည် ကောင်းမြတ်ရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။’ ဟူ၍ စဉ်းစားကြသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲကြသည်။ ထို့နောက်တွင် နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေနိုင်ပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေနိုင်ကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် သာ၍ ကောင်းမွန်သော ဦးတည်ချက်ကို ရှေးရှုနေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ဤသည်မှာ အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြန်လှည့်ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် အမျိုးအစား သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည်နောင်တရမည့်အစား သေဖို့သာ ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့တွင် ရှက်စိတ်ဟူ၍ ဘာမျှမရှိ။ ၎င်းတို့သည် စိတ်သဘောထား ကြမ်းတမ်းပြီး ဆိုးယုတ်ကြ၏။ ထို့ပြင် သမ္မာတရားကို အလွန်အမင်း စိတ်ကုန်ကြ၏။ သမ္မာတရားကို အလွန်စိတ်ကုန်သောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ သို့မဟုတ် နောင်တရနိုင်သလော။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့ အကြွင်းမဲ့ စိတ်ကုန်ခြင်းက မည်သည့်အခါမျှ ၎င်းတို့နောင်တရမည် မဟုတ်သည်ကို သေချာစေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) အန္တိခရစ်စစ်စစ်တွေက ကြမ်းတမ်းတဲ့ စိတ်သဘောထား၊ အဆိပ်ရှိတဲ့ လူ့သဘာဝရှိပြီး မကောင်းမှုပြုသူတွေဖြစ်တယ်။ သူတို့မှာ အသိတရားမရှိ၊ အရှက်မရှိဘူး။ ဘယ်လောက်ပဲ မကောင်းမှုလုပ်ပါစေ အသင်းတော်အလုပ်အပေါ်၊ သူများတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် ဘယ်လောက်ပဲ သူတို့က ထိခိုက်ပါစေ သူတို့အသိစိတ်က အလေးမထားဘူး။ သူတို့က သမ္မာတရားကို အရမ်းကို စိတ်ကုန်ပြီး မုန်းတီးကြတယ်။ လုံးဝ လက်မခံဘူး။ သူတို့အမှားကို ဘယ်တော့မှ ဝန်မခံဘူး၊ ဒါမှမဟုတ် ဘယ်လောက်ပဲ မကောင်းမှုတွေလုပ်ခဲ့ပါစေ နောင်တမရဘူး။ ဒါပေမဲ့ အန္တိခရစ်စိတ်သဘောထားနဲ့လူတွေက လူ့သဘာဝမှာ မဆိုးဘူး၊ အနှစ်သာရမှာ မကောင်းမှုပြုသူတွေမဟုတ်ဘူး။ သူတို့မှာ တစ်ခါတလေ အန္တိခရစ်ပုံစံတွေရှိပေမဲ့ တစ်ဖက်သတ်လုပ်တာ၊ တစ်ယောက်တည်းလုပ်တာ၊ သဘောထားမတူတဲ့သူကို ငြင်းပယ်တာမျိုးတွေရှိပေမဲ့ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကတစ်ဆင့်၊ ထုတ်ပယ်တာ၊ ညှိုနှိုင်းတာကတစ်ဆင့် သမ္မာတရားကို သူတို့ ရှာဖွေနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်တယ်။ သူတို့ရဲ့ ဆိုးယုတ်မှုတွေအတွက် နောင်တရနိုင်တယ်။ အဲဒီနောက်မှာ တကယ်နောင်တရပြီး ပြောင်းလဲနိုင်တယ်။ တချို့ အယောင်ဆောင်ခေါင်းဆောင်တွေက သုံးလေးခါအထုတ်ခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး နားလည်နိုင်တယ်။ နောက်ဆုံးမှာ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်နိုင်တယ်။ အန္တိခရစ်တွေနဲ့ ဆင်တဲ့ တချို့အပြုအမူတွေကြောင့် သူတို့ကို အန္တိခရစ်တွေလို့ ဆုံးဖြတ်ရင် သူတို့ကို မျှတမှုမရှိဘဲ စွပ်စွဲနေတာပဲ။ အဲဒီနောက်မှာ အစ်မချန်းရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး လီကျင်စုထားတဲ့ဖိုင်တွေကို ကျွန်တော် ပြန်ဖတ်တယ်။ အများစုက ဖောက်ပြန်ပျက်စီးမှုကို ပြတာသက်သက်ပဲဆိုတာ တွေ့ရတယ်။ မာနထောင်လွှားတာ၊ သူများတွေကို အထင်သေးတာ၊ ကိစ္စတွေကို ထင်ရာမြင်ရာလုပ်တာ တွဲဖက်အမှုဆောင်တွေနဲ့ မဆွေးနွေးဘဲ လူတွေကို ပြောင်းရွှေ့တာ၊ အဲဒါမျိုးတွေပေါ့။ သူက သူ့အလုပ်ဖော်ကို ဝေဖန်အပြစ်တင်ဖို့ ညီအစ်ကိုမောင်နှမတွေကိုလည်း စည်းရုံးတယ်။ ဒါကြောင့် အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်တယ်။ ဒါက သေချာပေါက်ကို မကောင်းမှုတစ်ခုပဲ။ ဒါပေမဲ့ ဒါက သူလုပ်နေကျ အပြုအမူမဟုတ်ဘူး။ အရင်တုန်းက သူက သူများတွေကို လုံးဝ ဖိနှိပ်တာ၊ ဝေဖန်အပြစ်တင်တာမရှိဘူး။ သူအထုတ်ခံရပြီးတော့ သူ့ရဲ့ ပြစ်မှားမှုနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြန်သုံးသပ်နိုင်တယ်။ သူ့ကိုယ်သူမုန်းတီးပြး နောင်တရနိုင်တယ်။ သူက ပြောင်းလဲဖို့၊ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တဲ့သူမဟုတ်ဘူး။ ဒါကို အခြေခံကြည့်ရင် သူက အန္တိခရစ်ပုံစံနည်းနည်းပဲရှိတယ်။ အန္တိခရစ်အနှစ်သာရတစ်ခုမဟုတ်ဘူး။ သူက ဒီပြစ်မှားမှုကြောင့် အန္တိခရစ်လို့ အမည်တပ်ခံရရင် ကိစ္စတွေကို ပုံကြီးချဲ့တာဖြစ်မှာပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့ ညီမှာမဟုတ်ဘူး။ သူ့ကို ဖိနှိပ်ပြီး ရှုပ်ချနေတာဖြစ်မှာပဲ။ ဒါဆိုရင် မကောင်းမှုတစ်ခုပဲ။
အဲဒီနောက်တော့ အထက်ခေါင်းဆောင်တွေက ကျွန်တော်တို့ကို ဖောက်ပြန်ပျက်စီးတဲ့ပုံစံတွေနဲ့ အနှစ်သာရကြား ကွာခြားချက်နဲ့ပတ်သက်ပြီး ထပ်ပြောတယ်။ ကျွန်တော် စဉ်းစားတယ်။ “အခု လီကျင် နားလည်သင့်ပြီ။ ဒါကို ဖက်တွယ်ထားမှာမဟုတ်တော့ဘူး” ပေါ့။ မျှော်လင့်မထားဘဲ စုဝေးပွဲပြီးတော့ လီကျင်က ကျွန်တော်တို့ကိုပြောတယ်။ “အထက်ခေါင်းဆောင်ပိုင်းက အစ်မချန်းကို ကာကွယ်ပေးနေတာ။ သူတို့က အစ်မချန်းရဲ့ အပြုအမူတွေရဲ့ အနှစ်သာရအတိုင်း ပြဿနာတွေကို မကြည့်ဘူး။ အစ်မချန်းက အစွမ်းအစနည်းနည်းရှိတယ်လို့ သူတို့က ထင်ပြီး ကာကွယ်ပေးနေတာလား မသိပါဘူး” တဲ့။ ကျွန်တော် စဉ်းစားတယ်။ “လီကျင်က ဘာလို့ အစ်မချန်းရဲ့ ဒီပြစ်မှားမှုတစ်ခုကို ဆုပ်ကိုင်ထားပြီး လက်မလွတ်နိုင်ရတာလဲ။ ခေါင်းဆောင်တွေက အခုပဲ ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့လိုက်တာမဟုတ်ဘူးလား။ အစ်မချန်းရဲ့ အပြုအမူက ဖောက်ပြန်ပျက်စီးမှုကို ပြတာသက်သက်ပဲ။ ယာယီ ပြစ်မှားမှုတစ်ခုပဲ။ သူ့ကို အန္တိခရစ်လို့ လုံးဝ သတ်မှတ်လို့မရဘူး” ပေါ့။ ဒါပေမဲ့ လီကျင်နဲ့ သူ့အုပ်စုက လက်မခံနိုင်ဘူး။ ခေါင်းဆောင်တွေက အစ်မချန်းကို မကိုင်တွယ်ရင် နောက်ထပ် အထက်ပိုင်းကို တိုင်မယ်လို့လည်း သူကပြောတယ်။ လီကျင်ရဲ့ သဘောထားက အရမ်းခေါင်းမာတယ်။ တခြားအလုပ်ဖော်နှစ်ယောက်ကလည်း သူ့ဘက်ကရှိတယ်။ သူတို့နဲ့ သဘောမတူတာ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ကျွန်တော် တော်တော်စိတ်ဒုက္ခရောက်တယ်။ ကိစ္စတွေကို ခေါင်းဆောင်တွေက ကိုင်တွယ်ပုံကို ကျွန်တော်က ဆက်ပြီး လက်ခံနေရင် ကျွန်တော်က အဆင့်အတန်းကို ကိုးကွယ်တယ်၊ ပိုင်းခြားသိမြင်မှုမရှိဘူး၊ ခေါင်းဆောင်တွေပြောသမျှကို သံယောင်လိုက်တယ်လို့ လီကျင်နဲ့ သူ့အုပ်စုက ပြောမှာလား။ ဒါပေမဲ့ ကျွန်တော်က သူတို့အမြင်ကို သဘောတူရင် လူတစ်ယောက်ကို မစဉ်းမစားနဲ့ ရှုပ်ချနေတာဖြစ်မှာမဟုတ်ဘူးလား။ ကျွန်တော့်ရဲ့ အကောင်းဆုံးရွေးချယ်စရာက ဘယ်လိုပိုင်းခြားသိမြင်ရမယ်ဆိုတာ မသိဘူးလို့ပြောဖို့ပဲလို့ ကျွန်တော် စဉ်းစားမိတယ်။ ဒါဆိုရင် ကျွန်တော့်ရဲ့ တကယ့်အမြင်တွေကို သူတို့ သိမှာမဟုတ်ဘူး။ ကျွန်တော်က ပိုင်းခြားသိမြင်မှုမရှိဘူး၊ အန္တိခရစ်ဘက်ကနေ ရပ်တည်တယ်လို့ ပြောမှာမဟုတ်ဘူး။ အဲဒါနဲ့ စကားထစ်ရင်းနဲ့ ပြောလိုက်တယ်။ “အစ်မချန်းရဲ့အပြုအမူကို ကျွန်တော် ကောင်းကောင်းမသိဘူး။ ဒါကြောင့် သူ့ကို ဘယ်လိုအမျိုးအစားခွဲရမှန်းမသိဘူး” ပေါ့။ ကျွန်တော်က သူ့နောက်မလိုက်တာကို မြင်တော့ လီကျင်ရဲ့ အမူအရာက ချက်ချင်းပြောင်းသွားတယ်။ အဲဒီနောက်မှာ သူတို့က အစ်မချန်းကို တိုင်ဖို့ဆွေးနွေးတဲ့အခါ ကျွန်တော့်ကို တမင်ရှောင်ကြတယ်။ ကျွန်တော်က အကြဉ်ခံထားရသလိုခံစားရတယ်။ အဲဒါက တော်တော်အနေရခက်တယ်။ “ငါ အမှားတစ်ခုခုလုပ်ခဲ့သလား။ သူတို့က ဘာလို့ငါ့ကို ဒီလိုဆက်ဆံနေတာလဲ” ပေါ့။ ဒါက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး တာဝန်ထမ်းဆောင်တဲ့နေရာမှာ စိတ်မတည်ငြိမ်နိုင်ဘူး။ ကျွန်တော်က သမ္မာတရားကို နားလည်တာ အရမ်းနည်းလွန်းတယ်။ ပိုင်းခြားသိမြင်မှုမရှိဘူးလို့ သူတို့ပြောမှာကို စိတ်ပူမိတယ်။ ဒီအတွက်နဲ့ ကျွန်တော့်ကို ဆက်ပြီးတော့ ငြင်းပယ်ကြမှာလား။ ကျွန်တော်ဒါကို တွေးမိတော့ ကျွန်တော့်နှလုံးသားကပိုပြီးတော့တောင် နှစ်မြုပ်သွားတယ်။ “ထားလိုက်တော့။ ငါ့အကြံတွေကို နားမထောင်ဘူး။ ငါ့ကို မပါစေချင်ဘူးဆိုရင် ငါလည်း မလိုအပ်ဘဲ ငါ့ကိုယ်ငါ ဝင်မပါတော့ဘူး။ သူတို့ကို စိတ်ဆိုးအောင်လုပ်တဲ့အတွက် ငါ့ကို ထုတ်ဖို့ အကြောင်းပြချက်တွေ ဖန်တီးမှာမဟုတ်တော့ဘူး။ အစ်မချန်းကို သူတို့ ကြိုက်သလို ဆက်ဆံနိုင်တယ်။ ငါ့အလုပ်မဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ ကျွန်တော်က အဲဒီလိုရွေးချယ်ပြီးတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ အပြစ်တင်မှုကို ခံစားရတယ်။ “ငါက ထွက်ပြေးနေတာမဟုတ်ဘူးလား။ ငါက အသင်းတော်အလုပ်ကို ကာကွယ်ပေးနေတာမဟုတ်ဘူး” ပေါ့။ နောက်ပိုင်းမှာ ကျွန်တော့်အခြေအနေကို ခေါင်းဆောင်တွေကို ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့တယ်။ သူတို့က ကျွန်တော့်ကို သတိပေးတယ်။ ဘုရားအလိုတော်ကို ရှာဖွေပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့၊ ကျွန်တော်က မတက်မကြွနဲ့ နောက်ဆုတ်သွားရင်၊ လီကျင်က ကျွန်တော့်ကို သီးခြားခွဲထားလို့ လွတ်မြောက်တာတောင် ဖြစ်ချင်ရင် ကျွန်တော်က ကိုယ့်တာဝန်ကို လျစ်လျူရှုနေတာဖြစ်မှာပဲ ပေါ့။ ခေါင်းဆောင်ပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်တော်က ကိုယ့်အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားနေတယ်ဆိုတာ သဘောပေါက်သွားတယ်။ အစ်မချန်းက အဖိနှိပ်ခံနေရတာကို ကျွန်တော်မြင်တယ်။ ဒါပေမဲ့ ဂရုမစိုက်ခဲ့ဘူး။ ဖယ်ကြဉ်ခံရမှာကို ရှောင်ဖို့အတွက် ထွက်ပြေးချင်ခဲ့တယ်။ ကျွန်တော်က အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာပါပဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ အဲဒီအခါကျမှ ကျွန်တော့်သဘာဝကို နည်းနည်းပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ဘုရားသခင်က ပြောသည်- “လူတို့သည် ၎င်းတို့်တာဝန်အပေါ် တာဝန်ယူမှုမရှိသောအခါ၊ ပေါ့ဆပြီး ဝတ်ကျေတန်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ မည်သူနှင့်မဆို သဘောတူသူ အဖြစ်ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ဉာဏ်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် စိတ်မကျေမနပ်မဖြစ်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ မယုံကြည်သူများအားလုံးက စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် မှန်ပါ့သမားများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည်။ ဘုရားအိမ်တော်၏ တရားဒေသနာများကို နားထောင်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် မှန်ပါ့သမား လုပ်နေရသနည်း။ မှန်ပါ့သမားများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် မှန်ပါ့သမားများ ဖြစ်လိုကြသည်။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့၏ နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့သည် ထိုသို့သော ကောင်းမွန်သည့် ရည်ရွယ်ချက်များ မထားရှိကြပေ။ ထိုရည်ရွယ်ချက်များက လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်အရာကိုမဆို ဒုက္ခခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်၊ အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်အရာကိုမဆို ဒုက္ခခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ လှည့်စားမှုများကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မှန်ကန်သင့်လျော်သောအရာကို မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ သူရဲကောင်းဆန်သော အပြုအမူနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ထိုအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ တစ်ယောက်ယောက်က ၎င်းတို့ကို ဝေဖန်ပြီး ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်၊ စက်ဆုပ်ဖွယ် မဖြစ်သင့်ကြောင်း၊ မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း ပြောလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က ‘ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် မည်သည့်ကောင်းကျိုးရှိမည်နည်း’ ဟု ဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အဆင့်အတန်းကို ရှာဖွေလိုကြ၏။ ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကို ရွေးချယ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြပေ။ သမ္မာတရားကို စိတ်မဝင်စားကြပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့စိတ်ကုန်နေကြောင်း ရှင်းလင်းစွာ ပြနေသည်။ သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကိုပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ တာဝန်ကို မဖြစ်မနေလုပ်ဆောင်နိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့ကို လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏အလုပ်အပေါ် နာခံမှုကို ၎င်းတို့အား ရရှိစေသည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားအလိုတော်ကို ဂရုစိုက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော်က အရမ်းကို ကောက်ကျစ်ပြီး လှည့်စားတာကို မြင်ရတယ်။ လီကျင်နဲ့ တခြားလူတွေက အစ်မချန်းကို အန္တိခရစ်အဖြစ် ခွဲခြားသတ်မှတ်ချင်တယ်။ ကျွန်တော်က သိသိသာသာပဲ သူတို့နဲ့ သဘောမတူဘူး။ သူတို့က အစ်မချန်းကို မမျှမတနဲ့ တစ်ဖက်သတ်ရှုတ်ချနေတယ်ဆိုတာကိုလည်း ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ကို စိတ်ဆိုးအောင်လုပ်မိပြီး သူတို့က ရှုတ်ချတာ၊ ထုတ်တာကို ခံရမှာကို ကြောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ သိက္ခာကို ကာကွယ်ဖို့ ကျွန်တော့်စကားတွေကို ပြောင်းလိုက်ပြီး မရောရာတာတစ်ခုကို ပြောလိုက်တယ်။ ကျွန်တော်က မှန်ကန်တဲ့ အမြင်ကို လုံးဝ ကိုင်မထားရဲခဲ့ဘူး။ အရာရာမှာ ကျွန်တော်က ကိုယ့်အကျိုးစီးပွားအတွက် ကြံစည်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားတယ်။ အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ အသင်းတော်အလုပ်ကို သူတို့ ဘယ်လောက်နှောင့်ယှက်နိုင်တယ်ဆိုတာ ထည့်မစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုပါဝင်တဲ့ အကြီးစားကိစ္စတစ်ခုမှာ ကျွန်တော်က ဘယ်သူမှ စိတ်မဆိုးအောင်၊ မထိခိုက်အောင် ခေါင်းရှုပ်ချင်ယောင်ဆောင်ခဲ့တယ်။ ကျွန်တော့်ရာထူးကို ထိန်းသိမ်းဖို့အတွက် ရေစုန်မျှောလိုက်ပြီး စည်းမျဉ်းတွေကို ဆန့်ကျင်ပြီးပြောခဲ့တယ်။ ကျွန်တော်က တကယ်ပဲ ကောက်ကျစ်လွန်းပါတယ်။ ကျွန်တော်က ကောက်ကျစ်ရုံတင်မကဘူး။ သမ္မာတရားကိုလည်း စိတ်ကုန်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တာက ဖြောင့်မတ်ပြီး အပြုသဘောဆောင်တဲ့အလုပ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင်အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံရမှာကိုမြင်တော့ လက်တွေ့မလုပ်ခဲ့ဘူး။ ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းတဲ့အတွက် ဒုက္ခခံရမယ်လို့တောင် ထင်ခဲ့တယ်။ ဒါက အတိအကျကို အပြုသဘောဆောင်တာတွေနဲ့ သမ္မာတရားကို မကြိုက်တာမဟုတ်ဘူးလား။ ကျွန်တော် တော်တော်နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။
အဲဒီနောက်မှာ ခေါင်းဆောင်တွေက ကျွန်တော့်ကို အသိပေးတယ်။ အစ်မချန်းအထုတ်ခံရပြီးတဲ့နောက်မှာ လီကျင်က သူ့ကို အန္တိခရစ်ဆိုပြီး တိုင်နေတယ်၊ သူ နှင်အထုတ်မခံရခင်အထိ ရပ်မှာမဟုတ်ဘူး၊ ဒါက သာမန် ဖောက်ပြန်ပျက်စီးမှုကို ပြတာမဟုတ်တော့ဘူးတဲ့။ လီကျင်ရဲ့ ရည်ရွယ်ချက်က တကယ်ပဲ အန္တိခရစ်ကို ရိပ်စားမိပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့အတွက်ဖြစ်တယ်၊ ဒါပေမဲ့ သူက တိတိကျကျ မရိပ်စားမိနိုင်တာဆိုရင် ခေါင်းဆောင်တွေက သမ္မာတရားစည်းမျဉ်းတွေကို မိတ်သဟာယပြုပြီးတဲ့နောက်မှာ သူ့အမှားတွေကို မြင်နိုင်ပြီး အစ်မချန်းရဲ့ ပြစ်မှားမှုကို မှန်မှန်ကန်ကန် မြင်နိုင်သင့်တယ်။ အဲဒီအစား သူက မိတ်သဟာယကို လုံးဝ လက်မခံဘူး၊ အစ်မချန်းကို လက်မလွတ်ဘူး။ ဒါက လူတွေကို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးတဲ့ အနှစ်သာရရှိတယ်။ ခေါင်းဆောင်က ကျွန်တော့်ကို လီကျင်ကို စုံစမ်းစစ်ဆေးပြီး ဒီကိစ္စရဲ့ အမှန်တရားကို သိအောင်လုပ်ဖို့ ပြောတယ်။ ကျွန်တော်က သဘောတူလိုက်တယ်။ ဒါပေမဲ့ ဒီကိစ္စကို သူများတွေကို ကျွန်တော် မေးတော့မယ့်အချိန်မှာ နောက်ဆုတ်ချင်လာပြန်တယ်။ ဒီအချိန်မှာ လီကျင်ကို မရိပ်စားမိတာက ရှောင်မင်တင်မဟုတ်ဘူး။ အသင်းတော်က တချို့ ညီအစ်ကိုမောင်နှမတွေတောင် သူ့ဘက်ကနေတယ်။ ဒီကိစ္စရဲ့ အမှန်တရားကို ကျွန်တော်က လျှို့ဝှက်ပြီးသိအောင်လုပ်ပြီးတော့ ကျွန်တော်စုံစမ်းတဲ့အကြောင်းကို သူတို့က လီကျင်ကို ပြောလိုက်ရင် လီကျင်နဲ့ သူ့အုပ်စုက ကျွန်တော့်ကို ဖယ်ထုတ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလား။ ဒါကို ကျွန်တော် တွေးမိတာနဲ့ တစ်ပြိုင်နက် ထပ်ပြီး စိတ်ကဒွိဟဖြစ်လာတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် သတိရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်စိတ်နှလုံးကို လှုံ့ဆော်တယ်။ ဘုရားရဲ့ မေးခွန်းတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော်က ကြောက်တတ်တဲ့ ငကြောက်တစ်ယောက်လို ခံစားမိတယ်။ အမှုကိစ္စတွေ ဖြစ်တဲ့အခါတိုင်းမှာ ကျွန်တော်က ထွက်ပြေးချင်တယ်။ ဘုရားရဲ့ ဝန်ထုပ်ဝန်ပိုးကို လုံးဝ မထောက်ထားဘူး။ သူများတွေကို စိတ်ဆိုးအောင်လုပ်မိပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်မှာကြောက်ပြီး အသင်းတော်အလုပ်ကို မကာကွယ်ခဲ့ဘူး။ ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို နိုးထစေတယ်။ ဘုရားက ကျွန်တော့်ကို စမ်းသပ်ဖို့ ဒီပတ်ဝန်းကျင်ကို ပြင်ဆင်ပေးတယ်။ လီကျင်ရဲ့ အပြုအမူက အသင်းတော်အသက်တာမှာ အနှောင့်အယှက်ဖြစ်နေတယ်။ ကျွန်တော်က အခု ထပြီးမဖြေရှင်းရင် လီကျင်ကြောင့် အသင်းတော်အလုပ်က ပိုပြီးတော့တောင် ထိခိုက်မှာပဲ။ ကျွန်တော် သတ္တိနည်းတာ၊ ကြောက်တာတွေက ဘုရားအပေါ် ယုံကြည်ခြင်းကင်းမဲ့တာပဲ။ အရာရာတိုင်းက ဘုရားလက်ထဲမှာရှိတာကို ကျွန်တော် မယုံခဲ့ဘူး။ ဒါကြောင့် သူများတွေဖိနှိပ်တာ ခံရမှာကို ကျွန်တော် အမြဲတမ်းကြောက်ခဲ့တယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်။ အပျက်သဘောဆောင်သူတွေ၊ မကောင်းမှုပြုသူတွေက ဒီမှာ လုံးဝ အခြေမချနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ယုံကြည်ခြင်းက သေးငယ်လွန်းတယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော့်စိတ်နှလုံးထဲမှာ ကြောက်ရွံ့ခြင်း၊ သတ္တိနည်းခြင်းရှိနေပါတယ်။ အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် ကျွန်တော်ထရပ်နိုင်ဖို့ ကျွန်တော့်ကိုယုံကြည်ခြင်းပေးတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ အတော်လေးဖြောင့်မှန်ပြီး ပိုင်းခြားသိမြင်မှုတချို့ရှိတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ကျွန်တော် စဉ်းစားမိတယ်။ အဲဒါနဲ့ ဒီကိစ္စကို စုံစမ်းတဲ့နေရာမှာ ကျွန်တော်နဲ့အတူလုပ်ဖို့ သူ့ကိုပြောတယ်။ အစ်မချန်းရဲ့ အန္တိခရစ်ပုံစံတွေနဲ့ပတ်သက်ပြီး လီကျင်ရဲ့ တိုင်ကြားမှုတွေကို ကျွန်တော်တို့ စစ်ဆေးအတည်ပြုပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ့လိုက်ရတဲ့အပေါ် မအံ့သြဘဲ မနေနိုင်ခဲ့ဘူး။ ဒီတိုင်ကြားချက်တချို့က အဖြစ်မှန်မဟုတ်တာကို တွေ့လိုက်ရတယ်။ တချို့နေရာတွမှာ သူက ဖောက်ပြန်ပျက်စီးမှုကို ပြတယ်။ ဒါပေမဲ့ ဒါတွေက အနှစ်သာရပြဿနာတွေမဟုတ်ဘူး။ ဒါတွေကို အခြေခံပြီး အစ်မချန်းကို အန္တိခရစ်အဖြစ်ရှုတ်ချတာက သူက အစ်မချန်းကိုဖိနှိပ်ဖို့ အချက်အလက်တွေကို မလိမ့်တပတ်လုပ်နေတာမဟုတ်ဘူးလား။ လီကျင်က အစ်မချန်းအပေါ် အလျှော့မပေးတာကို အထွေထွေအရေးကိစ္စနဲ့ဆိုင်တဲ့ သင်းထောက်ကလည်း မြင်ပြီးတော့ သူ့ကို မကောင်းမှုမလုပ်ဖို့ အသိပေးပြီး သတိပေးတယ်။ ဒါပေမဲ့ လီကျင်က စိတ်မဝင်စားဘူး။ အစ်မချန်းကို အန္တိခရစ်အဖြစ် ရှုတ်ချဖို့ အော်ဟစ်တောင်းဆိုနေတုန်းပဲ။ လီကျင်က အစ်မချန်းကို အရမ်းမုန်းပြီး အထုတ်ခံရစေချင်တယ်ဆိုတာ ကျွန်တော်တို့ မြင်ခဲ့တယ်။ အဲဒါနဲ့ အစ်မချန်းနဲ့ လီကျင်ရဲ့ လက်တွဲဆက်ဆံရေးကို ကျွန်တော်တို့ စပြီးစူးစမ်းကြည့်တယ်။ သူတို့တွေက တွဲဖက်တွေဖြစ်တဲ့အချိန်တုန်းက အစ်မချန်းရဲ့ အစွမ်းအစနဲ့ အလုပ်အရည်အချင်းက သူ့ထက် တော်တော်ပိုသာတာကြောင့် အထက်အဆင့်ခေါင်းဆောင်တွေက အစ်မချန်းကို အရေးကြီးတဲ့အလုပ်တော်တော်များများအပ်တာကို ကျွန်တော်တို့ တွေ့ရတယ်။ လီကျင်က အစ်မချန်းက သူ့ရဲ့ထင်ပေါ်မှုကို ခိုးယူတယ်လို့ ထင်တယ်။ အဲဒါနဲ့ သူက အစ်မချန်းကို မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်တယ်။ အစ်မချန်းက သူ့အလုပ်မှာ ပြဿနာတွေကိုလည်း ခဏခဏ ထောက်ပြတယ်။ အဲဒါနဲ့ လီကျင်က အစ်မချန်းက သူ့အပေါ် အထင်သေးတယ်လို့ ခံစားရပြီး သူ့အပေါ် အာဃာတ ထားလာတယ်။ သူက လက်စားချေဖို့ အခွင့်အရေးကို အမြဲတမ်းရှာနေတယ်။ အစ်မချန်းက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အယောင်ဆောင်ခေါင်းဆောင်အဖြစ် ပေါ်လွင်လာတာတွေဖြစ်တော့ လီကျင်က အစ်မချန်းကို အန္တိခရစ်အဖြစ် သတ်မှတ်ပြီး သူ့ကို ထုတ်ပစ်ဖို့ အခွင့်အရေးကို ယူချင်တယ်။ အစတုန်းက ကျွန်တော်က အစ်မချန်းကို သူရှုတ်ချတာက သမ္မာတရားကို သူ နားမလည်လို့ဆိုပြီး အမြဲတမ်း ခံစားမိတယ်။ အခုတော့ လီကျင်ရဲ့ လက်စားချေဖို့ ဆန္ဒက အရမ်းပြင်းပြီးတော့ သူက သူနဲ့အတူ အစ်မချန်းကို ရှုတ်ချဖို့အတွက် လူတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး စည်းရုံးဖို့အတွက် အချက်အလက်တွေကို ပုံဖျက်နေတာပဲဆိုတာ ကျွန်တော် မြင်သွားတယ်။ ဒါရဲ့ အနှစ်သာရက တော်တော်ဆိုးယုတ်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဖွင့်ပြခြင်းကတစ်ဆင့် လီကျင်ရဲ့ အနှစ်သာရကို ကျွန်တော် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ဘုရားသခင်က ပြောသည်- “အမြင်မတူသူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ အမြင်မတူသူအဖြစ် အန္တိခရစ်မြင်သောသူများက မည်သူများဖြစ်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အန္တိခရစ်ကို ခေါင်းဆောင်အဖြစ် အလေးအနက် မမှတ်ယူသောသူများ ဖြစ်သည်။ အန္တိခရစ်များကို အထင်ကြီး လေးစားခြင်းမရှိသော၊ သို့မဟုတ် မကိုးကွယ်သော၊ အန္တိခရစ်များကို သာမန်လူအဖြစ် ဆက်ဆံသောသူများ ဖြစ်သည်။ ဤသည်မှာ အမျိုးအစားတစ်မျိုးဖြစ်သည်။ ထို့နောက်တွင် သမ္မာတရားကို ချစ်သော၊ သမ္မာတရားကို လိုက်စားသော၊ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲအောင် ကြိုးပမ်းအားထုတ်သော၊ ဘုရားသခင်အတွက် ချစ်ခြင်းကို လိုက်စားသောသူများ ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ယောက်နှင့် မတူညီသော လမ်းကို လျှောက်ကြသည်။ ၎င်းတို့သည် အန္တိခရစ်၏ အမြင်တွင် အမြင်မတူသူများ ဖြစ်သည်။ ထို့အပြင် အန္တိခရစ်အား ကိုယ်ပိုင်အကြံများပေးပြီး ဖော်ထုတ်ရဲသော၊ သို့မဟုတ် ကိုယ်ပိုင်ရှုထောင့်အမြင်က အန္တိခရစ်များ၏ ရှုထောင့်အမြင်နှင့်မတူသော မည်သူမဆိုကို အန္တိခရစ်များက အမြင်မတူသူများအဖြစ် မြင်ကြသည်။ ပြီးလျှင် အခြားအမျိုးအစားတစ်ခုရှိသည်။ အစွမ်းအစနှင့် အရည်အချင်းတွင် အန္တိခရစ်နှင့် ညီမျှသောသူများ၊ ပြောဆိုပြုမူနိုင်စွမ်းက အန္တိခရစ်နှင့် ထပ်တူညီသောသူများ၊ သို့မဟုတ် ၎င်း၏ အထက်တွင်ရှိပြီး ၎င်းကို ခွဲခြားဖော်ထုတ်နိုင်သည်ဟု အန္တိခရစ်မြင်သောသူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်အတွက် လက်မခံနိုင်စရာဖြစ်သည်။ ၎င်း၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဤသို့သောသူများသည် အန္တိခရစ်အတွက် အကြီးမားဆုံးသော သဘောထားကွဲလွဲသူများ ဖြစ်သည်။ အန္တိခရစ်သည် ဤသို့သောသူများကို လျစ်လျူမရှုရဲပေ၊ သို့မဟုတ် အနည်းငယ်မျှပင် လျှော့မပေးရဲပေ။ အန္တိခရစ်က ၎င်းတို့ကို ခလုတ်ဆူးငြောင့်များအဖြစ် သတ်မှတ်သည်။ အန္တိခရစ်သည် ၎င်းတို့ကို အချိန်ပြည့်သတိထားပြီး ကာကွယ်သည်။ သူလုပ်ဆောင်သမျှတွင် ၎င်းတို့ကို ရှောင်ကြဉ်သည်။ အန္တိခရစ်က အမြင်မတူသူတစ်ယောက်သည် သူ့ကို ရွေးထုတ်ပြီး ဖော်ထုတ်တော့မည်ကို မြင်သောအခါ အထူးပင် ထိတ်လန့်သည်။ ဤသို့သော အမြင်မတူသူတစ်ယောက်ကို အသည်းအသန် ဖယ်ကြဉ်ပြီး တိုက်ခိုက်သည်။ ထိုအမြင်မတူသူက အသင်းတော်မှ ဖယ်ရှားမခံရမချင်း သူကျေနပ်မည် မဟုတ်သည်အထိပင် ဖြစ်သည်။...အန္တိခရစ်တစ်ဦးအတွက်မူ အမြင်မတူသူသည် သူ၏ဂုဏ်အဆင့်အတန်းနှင့် အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ခြိမ်းခြောက်သည့်သူ မည်သူမဆို၊ ထိုသူသည် မည်သူဖြစ်နေပါစေ၊ အန္တိခရစ်တို့က သူတို့ကို ထိန်းဖို့ မည်သည့်အရာမဆို လုပ်လိမ့်မည်။ ဤလူများကို နာခံအောင် အမှန်တကယ် မလုပ်နိုင်လျှင်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင် အင်အားစုထဲသို့ ပါဝင်ပေါင်းစည်းအောင် မလုပ်နိုင်လျှင် အန္တိခရစ်တို့သည် သူတို့ကို ဖြုတ်ချလိမ့်မည်၊ သို့မဟုတ် သုတ်သင်လိမ့်မည်။ အဆုံး၌ အန္တိခရစ်တို့သည် အကြွင်းမဲ့ အာဏာရရှိဖို့နှင့် ထင်ရာစိုင်းဖို့ဟူသည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့ အန္တိခရစ်များ အသုံးပြုနေကျ နည်းနိဿယများထဲမှ တစ်ခုဖြစ်သည်— ၎င်းတို့သည် အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏) “ကြမ်းကြုတ်ရက်စက်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ စွပ်စွဲခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ၊ ၎င်းတို့၏ သဘောထားသည် နှိမ်ချစွာ ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် လက်ခံခြင်း မဟုတ်ဘဲ၊ ထိုအစား အမျက်ဒေါသထွက်ပြီး အလွန်အမင်း မုန်းတီးခြင်း၊ ရန်လိုခြင်းနှင့် လက်စားချေခြင်းအတွက် အလိုဆန္ဒတို့ပင် ဖြစ်လေသည်။...၎င်းတို့က မုန်းတီးမှုကြောင့် အခြားလူအပေါ် လက်တုံ့ပြန်သောအခါ အာဃာတဟောင်းတစ်ခုရှိသောကြောင့်မဟုတ်ဘဲ ထိုသူက သူ၏အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်ဖြစ်သည်မှာ မှန်ပေသည်။ ဤသည်မှာ မည်သူက ထိုသို့လုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ၎င်းတို့ ဆက်ဆံရေးက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့ကို ဖော်ထုတ်သည့်လုပ်ရပ်မျှက ၎င်းတို့၏ မုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့၏ လက်စားချေမှုအား လှုံ့ဆော်နိုင်သည်ကို ပြသည်။ မည်သူဖြစ်စေ၊ ထိုသို့လုပ်ဆောင်သူသည် သမ္မာတရားကို နားလည်သူဖြစ်စေ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ သာမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်စေ အရေးမကြီးပေ။ တစ်စုံတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းလျှင် ၎င်းတို့သည် ထိုသူကို ရန်သူအဖြစ် ဆက်ဆံမည်ဖြစ်ပြီး ‘တစ်စုံတစ်ယောက်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလျှင် သူတို့အပေါ် ကြမ်းတမ်းမည်။ တစ်စုံတစ်ယောက်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလျှင်၊ ပြုပြင်လျှင်၊ ငါ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လျှင်၊ ဘုရားအိမ်တော်မှ ထုတ်ပယ်ခံရအောင် ပြုလုပ်လျှင်၊ ငါ၏ ကောင်းချီးဝေစုကို လုယူလျှင်၊ ထိုသူတို့ကို ငါ မည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ် ဟူ၍ပင် ပွင့်လင်းစွာ ပြောဆိုလိမ့်မည်။ ငါသည် အပြင်လောက၌လည်း ထိုကဲ့သို့ပင် ဖြစ်သည်— မည်သူမျှ ငါ့ကို ပြဿနာမရှာရဲ၊ ငါ့ကို ဒုက္ခပေးရဲသည့်သူ မမွေးလာသေး’ ဟူ၍ ပြောသောသူများပင် ရှိကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရင်ဆိုင်ရသည့်အခါတွင် ပြောဆိုသည့် စိတ်ဆိုးသော စကားလုံးအမျိုးအစားဖြစ်သည်။ ဤစိတ်ဆိုးသော စကားများကို ၎င်းတို့ ပြောဆိုသည့်အခါ သူတစ်ပါးတို့ကို ခြိမ်းခြောက်ရန်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကာကွယ်ရန် ထွက်ပေါက်ရှာခြင်းလည်း မဟုတ်ပေ။ ဤသည်မှာ စစ်မှန်သည့် ကောက်ကျစ်ဆိုးယုတ်မှု အတိတ်နိမိတ်များဖြစ်ပြီး၊ ၎င်းတို့တတ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို အောက်တန်းကျစွာ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ရက်စက်သော စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော် ဖွင့်ပြခြင်းကြောင့်သာ လီကျင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်သွားတာပါ။ သူက အသင်းတော်အလုပ်ကို ကာကွယ်ပေးချင်ပြီး အန္တိခရစ်ကို လွတ်မထားချင်ဘူးလို့ပြောတယ်။ ဒါပေမဲ့ သူက တစ်ကိုယ်ရေလက်စားချေဖို့အတွက် အများပိုင်တရားရေးကို အသုံးပြုနေတာပါ။ အစ်မချန်းက သူ့အလုပ်မှာ လမ်းလွဲတာတွေကို ထောက်ပြတာသက်သက်နဲ့ သူက မကျေမနပ်ဖြစ်တယ်။ ဒါကြောင့် ဒီလို မလိုအပ်ဘဲ ချဲ့ကားပြောဖို့အတွက် အစ်မချန်းအထုတ်ခံရတာကို အသုံးပြုခဲ့တယ်။ အစ်မချန်းကို အန္တိခရစ်အဖြစ် သတ်မှတ်ဖို့ သူ့ရဲ့ ယာယီပြစ်မှားမှုကို ဆုပ်ကိုင်ပြီးအသုံးချခဲ့တယ်။ ခေါင်းဆောင်တွေက ဖောက်ပြန်ပျက်စီးမှုနဲ့ မကောင်းမှုလုပ်ဆောင်မှုကြား ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက လက်မလွတ်ဘူး။ အစ်မချန်းနဲ့ပတ်သက်တဲ့ အချက်အလက်ကို စုစည်းဖို့ နည်းလမ်းတိုင်းကို ကြိုးစားနေတုန်းပဲ။ သူက ချဲ့ကားပြောပြီး အစ်မချန်းကို လက်လွတ်စပယ် ရှုတ်ချတယ်။ အစ်မချန်းကို ဖယ်ရှားဖို့ သူကြိုးစားတဲ့နေရာမှာ သူရှုတ်ချတာကို ဝင်ပါဖို့အတွက် ညီအစ်ကိုမောင်နှမတွေကိုလှည့်စားပြီး စည်းရုံးတယ်။ ခေါင်းဆောင်တွေက သူမျှော်လင့်သလိုမျိုး အစ်မချန်းကို မကိုင်တွယ်တော့ သူက မကျေမနပ်ဖြစ်လာတယ်။ ခေါင်းဆောင်တွေက အစ်မချန်းကို ကာကွယ်ပေးနေတယ်ဆိုပြီးတော့ ဝေဖန်အပြစ်တင်တာတွေကိုလည်း တွဲဖက်အမှုဆောင်တွေကြားမှာ ဖြန့်တယ်။ ဒီလိုနဲ့ လူတချို့ကို သူ့ဘက်မှာနေပြီး ခေါင်းဆောင်တွေကို အမြင်စောင်းလာအောင် လှည့်စားတာပေါ့။ ကျွန်တော်က အစ်မချန်းနဲ့ပတ်သက်ပြီး တခြားအမြင်တစ်ခုကို ထုတ်ပြတော့ သူက ကျွန်တော့်ကို ငြင်းပယ်ပြီး သီးခြားခွဲထားတယ်။ ညီအစ်ကိုမောင်နှမတချို့က သူ့ကို သတိပေးပြီး အသိပေးတဲ့အခါမှာ သူက လက်မခံရုံတင်မကဘဲ ဒါ စာတန်ရဲ့ နှောင့်ယှက်မှုလို့ပြောတယ်။ ဒီအချက်တွေကနေ လီကျင်ဟာ သမ္မာတရားကို မုန်းတီးပြီး တော်တော်ကြမ်းတမ်းတဲ့ စိတ်သဘောထားရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ တစ်ယောက်ယောက်က သူ့ကို ရိပ်မိတာ၊ သူ့အဆင့်အတန်းအပေါ် ခြိမ်းခြောက်လာတာဖြစ်ရင် သူက အဲဒီလူတွေကို ရန်လိုလာတယ်။ သူတို့ကို တိုက်ခိုက်တယ်။ ဖယ်ကြဉ်တယ်။ အပြစ်ပေးတယ်။ လက်တုံ့ပြန်တယ်။ လီကျင်က မကောင်းမှုပြုသူတစ်ယောက်ပဲ။ အဲဒီနောက်တော့ ကျွန်တော်သိရတဲ့ အချက်တွေကို ခေါင်းဆောင်တွေဆီ တင်ပြလိုက်တယ်။ နောက်တော့ ခေါင်းဆောင်တွေက လီကျင်ကို ထုတ်လိုက်ပြီး သူ့ကို သီးခြားခွဲထားလိုက်တယ်။ သူ့အပြုအမူကို စောင့်ကြည့်လေ့လာတယ်။ သူက နောက်ထပ် နှောင့်ယှက်တာတွေလုပ်လာရင် ထုတ်ပစ်ဖို့အတွက်ပေါ့။ မိတ်သဟာယကတစ်ဆင့် ရှောင်မင်ကလည်း လီကျင်ကို ရိပ်စားမိသွားတယ်။ သူက လီကျင်နောက်လိုက်ပြီး မကောင်းမှုလုပ်တာကို မြင်တော့ အရမ်းနောင်တရပြီး သူ့ကိုယ်သူ မုန်းတယ်။
ဒါက ဖြစ်ခဲ့တာ တော်တော်ကြာပြီဆိုပေမဲ့ ဒီလိုဖြစ်နေတုန်းမှာ ကျွန်တော်က ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အသင်းတော်အလုပ်က ဆုံးရှုံးမှုတွေဖြစ်တာကိုပဲ ကြည့်နေလိမ့်မယ်ဆိုတာကို စဉ်းစားမိတော့ တော်တော်ရှက်မိတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကူညီပြီး မိတ်သဟာယဖွဲ့ဖို့ ညီအစ်ကိုမောင်နှမတွေကို စီစဉ်ပေးတာမရှိဘူးဆိုရင် အသင်းတော်အလုပ်ကို ကာကွယ်ဖို့ သတ္တိတောင်ရှိမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ကျွန်တော့်ကိုပေးတာက ဘုရားနှုတ်ကပတ်တော်ပါ။ သမ္မာတရား ဘယ်လောက်ကိုပဲ ကျွန်တော်နားလည်ပါစေ အသင်းတော်ရဲ့ အကျိုးစီးပွားတွေပါနေရင် ကျွန်တော်က ထရပ်ပြီး ဒါတွေကို ကာကွယ်ရမယ်။ ဒါက ရှောင်လို့မရတဲ့ တာဝန်တစ်ခုပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မကို ပြဿနာတစ်ခုပြောပြတယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်တဲ့...
ကျွန်မမိသားစုက အမြဲ တော်တော် ဆင်းရဲခဲ့တယ်၊ ငွေကြေး အရမ်းမကျပ်တည်းအောင်လို့ ဘဏ်အမှုဆောင်တစ်ယောက်ဖြစ်ဖို့၊ လူ့အဖွဲ့အစည်းမှာ...
နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...
ပေဟီ၊ ဟေဘေးစီရင်စု စာကိုလုံလောက်စွာ ကျွန်မတို့ မသင်ခဲ့သောကြောင့်၊ အသိပညာ မရှိခဲ့ကြသောကြောင့်၊ ကျွန်မနှင့် ကျွန်မအမျိုးသာတို့က “နဖူးက ချွေး...