ကျန့်ချီ တရုတ်နိုင်ငံ
၂၀၀၇ ခုနှစ် ဆောင်းဦးရာသီမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော် ဖတ်တယ်၊ စုဝေးပြီး ညီအစ်ကို မောင်နှမတွေနဲ့ ဘဝကို အပြည့်အဝ ခံစားရင်း တာဝန်တွေကို လုပ်ကြတယ်။ ဘုရားကို အရမ်းကျေးဇူးတင်မိကြတယ်။ ပထမတော့၊ သားနဲ့ သူ့မိန်းမက ကျွန်တော်တို့ ယုံကြည်ခြင်းကို အားပေးကြတယ်။ ဒါပေမဲ့ ကောင်းတဲ့အရာက မမြဲဘူး။ နောက်နှစ်မှာ၊ ကျွန်တော်တို့ ချွေးမက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လုပ်ကြံ စွပ်စွဲထားတဲ့ တီဗီပေါ်က အတုအယောင် သတင်းတချို့ကို တွေ့သွားပြီး၊ သိမ်းသွင်းခံလိုက်ရတယ်။ ကျွန်တော်တို့က ပါတီကို ဆန့်ကျင်နေတယ်လို့ ပြောပြီး ကျွန်တော်တို့ယုံကြည်ခြင်းကို စဆန့်ကျင်ခဲ့တယ်။ စုဝေးပွဲတွေအတွက် ညီအစ်ကို မောင်နှမတွေလာတော့၊ သူက မျက်မှောင်ကြုတ်ပြီး သူတို့ကို အဝင်မခံသလို၊ တစ်ခါတလေ ကျွန်တော်တို့နဲ့ဗရုန်းဗရင်း ဖြစ်တယ်။
တစ်ခါ ကျွန်တော်တို့ကို ယုံကြည်ခြင်း အတင်းစွန့်ခိုင်းဖို့ ကြိုးစားတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေကို စီစီပီက သိသွားရင်၊ မိသားစု မျိုးဆက်သုံးဆက် ပျက်စီးသွားမယ်လို့ ပြောတယ်။ သူတို့မျိုးဆက်တွေက ကောလိပ်၊ စစ်တပ်၊ ပါတီထဲ ဝင်လို့ရမှာမဟုတ်ဘူး၊ အရာရှိ ဖြစ်လာမှာ မဟုတ်ဘူး။ အလုပ်ရဖို့၊ ဇနီးခင်ပွန်းရဖို့ ရုန်းကန်ရမယ်တဲ့။ သူအဲဒီလိုပြောပြီးတဲ့နောက်မှာ ကျွန်တော် ဒေါသထွက်သွားတယ်။ သူ့ကို ပြောလိုက်တယ်။ “လူတွေရဲ့ ကံကြမ္မာအားလုံး ဘုရားလက်ထဲမှာ ရှိတယ်။ ကွန်မြူနစ်ပါတီက ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး”လို့ပေါ့။ ဒေါသတကြီးနဲ့ သူပြောတယ်။ “ပါတီက အခုအာဏာရှိနေတာ။ ကောလိပ်သွားလို့မရဘူးလို့ သူတို့ပြောရင်၊ သွားလို့မရဘူး။ အလုပ်လုပ်ခွင့်မပေးရင်၊ လုပ်လို့မရဘူးပဲ။ အဖေတို့ရဲ့ ယုံကြည်ခြင်းက မြေးတွေရဲ့ အနာဂတ်ကို သက်ရောက်တော့မှာ”တဲ့။ အဲဒီနောက် ဒေါနဲ့မောနဲ့ထွက်သွားတယ်။ သူ့ရဲ့ လက်မခံမှုကြောင့် ညီအစ်ကို မောင်နှမတွေဟာ စုဝေးပွဲတွေအတွက် အိမ်ကိုမလာနိုင်ကြတော့ဘူး။ ဒါကြောင့် ခြောက်လကြာ အသင်းတော် အသက်တာကို ကျွန်တော်တို့ အသက်မရှင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ယုံကြည်သူစဖြစ်လာချိန်မှာ၊ ကျွန်တော်တို့က အများကြီး ပိုတက်ကြွပြီး ကျန်းမာရေး အများကြီး တိုးတက်ခဲ့တာ ကျွန်တော်တို့ ချွေးမက သတိထားမိခဲ့ပြီး၊ တကယ်ကို အားပေးတတ်ခဲ့တာလေ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေ သိမ်းသွင်းတာ ခံရကတည်းက သူက တစ်နေကုန် ဆူဆဲရင်း၊ ကိုယ့်ယုံကြည်ချက်ကိုစွန့်ဖို့ တောင်းဆိုရင်းနဲ့ ကျွန်တော်တို့အတွက် ရန်သူလို ဖြစ်လာခဲ့တယ်။ တခြားရွာသားတွေကလည်း ကျွန်တော်တို့ကို လှောင်ပြောင်တယ်။ ဘုရားကို ယုံကြည်တာ အရမ်းခက်သလိုမျိုး ကျွန်တော် နည်းနည်း အားနည်းလာလို့ ချက်ချင်း ဆုတောင်းလိုက်တယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာတဲ့ အကြိမ်နှစ်ကြိမ်လုံးကို တွေးမိတယ်။ လူသားမျိုးနွယ်ရဲ့ ပစ်ပယ်၊ အသရေဖျက်တာ ခံခဲ့ရတယ်။ ဘုရားက အထွတ်အထိပ်ဖြစ်ပြီး ကြီးမြတ်ပေမဲ့၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့သက်သက် ဒီအရှက်ကွဲခြင်းနဲ့ စိတ်ဆင်းရဲခြင်းကို သည်းခံခဲ့တယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားအနေနဲ့၊ ကျွန်တော် ကယ်တင်ခံရဖို့ ဘုရားကို ယုံကြည်ပေမဲ့၊ ချွေးမရဲ့ မထီမဲ့မြင်ပြုခြင်းနဲ့ အရှက်ခွဲခြင်းတွေကြောင့်၊ ပြီးတော့ အိမ်နီးချင်းတွေရဲ့ လှောင်ပြောင်သံနဲ့ အသရေဖျက်မှုတွေကြောင့်၊ ကျွန်တော် အပျက်သဘောဆောင်လာပြီး ညည်းညူခဲ့တယ်။ အရမ်းယုတ္တိမတန်ခဲ့တာပဲ။ အဲဒီဆင်းရဲဒုက္ခက ကိုယ့်ယုံကြည်ခြင်းနဲ့ သမ္မာတရား လိုက်စားရာမှာ ကျွန်တော် သည်းခံရမဲ့အရာပဲ။ ဒါကြောင့် ဘုရားအပေါ် မှီခိုပြီး ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ချက်လိုတယ်။ ကျွန်တော့်ဇနီးက ကျွန်တော်က အိမ်မှာ တာဝန်မလုပ်နိုင်တဲ့အတွက်၊ ဧဝံဂေလိကို ထွက်ဝေမျှနိုင်ခဲ့တယ်။ အဲဒါ ကျွန်တော်တို့လုပ်သင့်တဲ့ နောက်ထပ် တာဝန်ပဲ။ နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတချို့နဲ့အတူ အလုပ်ထွက်လုပ်ခဲ့ပြီး၊ မကြာခင်မှာ ဘုရားရှေ့ကို မိတ်ဆွေနဲ့ ဆွေမျိုး ၁၀ ယောက်ကျော် ခေါ်ဆောင်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဧဝံဂေလိ ဖြန့်ဝေဖို့ စိတ်ထက်သန်မှု ပိုလို့တောင် ရှိခဲ့တယ်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာမှာ ဧဝံဂေလိ ဖြန့်ဝေတဲ့အတွက် ဘာသာရေးသမားရဲ့ တိုင်တာ ခံလိုက်ရပြီး၊ ရဲတွေက ကျွန်တော့်ကို ထိန်းသိမ်းရေး ငှာနဆီ နာရီအတော်ကြာ ခေါ်သွားကြတယ်။ ကျွန်တော့်ရဲ့ ကြီးရင့်တဲ့ အသက်ရွယ်ကြောင့်နဲ့ ကျွန်တော့်ဆီက ဘာမှ တကယ်ရနိုင်မှာမဟုတ်လို့သာ ကျွန်တော့်ကို သွားခွင့်ပေးလိုက်ကြတာ။ ရွာကိုပြန်ရောက်တော့ တပ်မဟာဌာနခွဲ အတွင်းရေးမှူးက ကျွန်တော့်ကိုတွေ့ပြီး လှောင်ပြီးပြောတယ်၊ “ခင်ဗျား သုံးနှစ်၊ လေးနှစ်ကြာမယ် ထင်တာ။ ထွက်လာတာ အတော်မြန်သားပဲ။ ကိုယ့်အသက်အရွယ်နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ပြီး ဘာလုပ်နေတာလဲ”တဲ့။ ရွာကလူတွေက ကျွန်တော့်ကို မြင်တဲ့အခါ လျစ်လျူရှုပြီးတော့ ကွယ်ရာမှာ လှောင်ရယ်ပြီး ဝေဖန်ကြတယ်။ ကျွန်တော့်ဝမ်းကွဲက ပြောင်ပြောင်တင်းတင်း လှောင်ပြောင်တယ်။ “သူက ယုံကြည်ခြင်းနဲ့ ရူးသွားပြီ။ ပါတီက သူ့မြေကို သိမ်းသွားပြီး စားစရာ ဘာသီးနှံမှ မရှိရင်၊ သူ့ယုံကြည်ခြင်းကို သူထိန်းသိမ်းမလား ကြည့်ရတာပေါ့”တဲ့။ ကျွန်တော် အရမ်းဒေါသထွက်သွားတယ်။ ကျွန်တော်တို့ ယုံကြည်ခြင်းက လမ်းကြောင်းမှန်ဖြစ်ပေမဲ့ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးနှိပ်စက်တာ ခံရပြီး၊ အမျိုးနဲ့ အိမ်နီးချင်းတွေက လှောင်ပြောင်၊ အရှက်ခွဲကြတယ်။ တကယ်နာကျင်စရာပဲ။ ဘုရားပြောခဲ့တာ တစ်ခု တွေးမိတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) မှန်တယ်။ ဒီဘုရားမဲ့နိုင်ငံ တရုတ်ပြည်မှာ ဘုရားကိုယုံကြည်ပြီး မှန်တဲ့ လမ်းကြောင်းလျှောက်တာက အရှက်ခွဲခံရပြီး အဖိနှိပ်ခံရဖို့ သေချာတယ်။ ဒါပေမဲ့ အဲဒီဆင်းရဲဒုက္ခက ခဏတာဖြစ်ပြီး၊ ဘုရားနောက်လိုက်ပြီး ကယ်တင်ခံရတဲ့အတွက်ဖြစ်တယ်၊ အဲဒါက ဂုဏ်ယူစရာကိစ္စတစ်ခုပဲ။ ဒီဆင်းရဲဒုက္ခက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါကိုသိနားလည်တာက စိတ်သက်သာစရာဖြစ်ပြီး၊ အရမ်း စိတ်မကျဉ်းကျပ်တော့ဘူး။
အဲဒီလနှောင်းပိုင်းမှာ၊ ကျွန်တော့်သားနဲ့ ကျွန်တော့်ဇနီးက နှစ်သစ်ကူးအတွက် မြို့ပြင်ကနေ အိမ်ပြန်ရောက်လာတယ်။ ကျွန်တော့်ချွေးမ ပြန်ရောက်တာနဲ့ ကျွန်တော်တို့လင်မယားကို ဒေါကန်တော့တာ။ “အဖေတို့ကို ဘုရားကို မယုံကြည်နဲ့လို့ ကျွန်မတို့ ပြောခဲ့ပေမဲ့ နားမထောင်ဘူး။ မရမကယုံကြည်တယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင်၊ ကျွန်မတို့ကို ဆွဲမထည့်နဲ့။ အဖေတို့ ကိုယ့်ယုံကြည်ခြင်းကို စွန့်ရင်၊ ဒီမှာ ဆက်နေလို့ရတယ်၊ ဒါပေမဲ့ မရမကယုံကြည်ရင်တော့၊ ထွက်သွားမှဖြစ်မယ်။ ပြတ်ပြတ်သားသား အဆက်ဖြတ်ပြီး ဘယ်သူက ဘယ်သူ့ကိုမှ တားမှာ မဟုတ်တော့ဘူး”တဲ့။ ဒါကိုပြောရင်းနဲ့၊ ဒေါသနဲ့ ကျွန်တော့်ဇနီးကို ပါးရိုက်တယ်။ ကျွန်တော် အမြန်တားပြီး ပြောလိုက်တယ်၊ “ဘာလို့ သူ့ကို လက်ပါနိုင်ရတာလဲ”လို့ပေါ့။ သူက ပြန်ဖြေတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှင်တို့ယုံကြည်တာက ပါတီကို ဆန့်ကျင်ပြီး အခု ကျွန်မတို့ တစ်မိသားစုလုံး ငြိစွန်းသွားပြီ” တဲ့။ ကျွန်တော် ပြောလိုက်တယ်၊ “ငါတို့က ကိုယ့်ယုံကြည်ခြင်းနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ရုံဖတ်တာ။ ပါတီက ယုံကြည်သူတွေကို ဖမ်းပြီး နှိပ်စက်သလို၊ မိသားစုဝင်တွေကိုတောင် ငြိစွန်းခိုင်းတယ်။ ကွန်မြူနစ်ပါတီက ဆိုးယုတ်တာပဲ။ ဒါပေမဲ့ ပါတီကို မုန်းမဲ့အစား၊ မင်းက ငါတို့ကို နှိပ်စက်တယ်။ မင်းက အမှန်ကို ပြောင်းပြန်လုပ်တာ၊ အမှားနဲ့အမှန်ကို ရှုပ်ထွေးနေတာပဲ” လို့ပေါ့။ အဲဒီနောက် တခြားဘာကိုမှ သူမပြောတော့ဘူး။ သူက ဘေးထွက်ရပ်နေတယ်၊ အဲဒီလိုပဲ ကျွန်တော်တို့ကို ဆက်ဆံခွင့်ပေးနေတယ်၊ သက်ကြီးရွယ်အို နှစ်ယောက်ကို အိမ်ကနေ နှင်ထုတ်တော့မှာ။ ကျွန်တော် အရမ်းကို စိတ်မချမ်းမသာဖြစ်သွားပြီး၊ မျက်နှာမှာ မျက်ရည်တွေ စီးကျလာနေတယ်။ တရုတ်နှစ်သစ်ကူးလေ၊ တခြားလူတွေမှာ သားသမီးတွေက ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်လာကြတယ်၊ ပြန်ပေါင်းစည်းမိကြပေမဲ့၊ ကျွန်တော်တို့ ချွေးမက ကျွန်တော်တို့ကို နှင်ထုတ်ချင်နေတယ်။ ကျွန်တော်တို့ ဘယ်သွားရမလဲ။ ကျွန်တော့်ဇနီးက မျက်ရည်တွေ အကြိမ်ကြိမ် သုတ်နေတာကို မြင်ရတာလည်း ဆိုးရွားပါတယ်။ ကျွန်တော်တို့က အသက် ၆၀ ကျော်ပြီဖြစ်သလို ကျန်းမာရေးလည်း အရင်လိုမဟုတ်တော့ဘူး။ နေမကောင်းဖြစ်ပြီး ဂရုစိုက်မဲ့ သားသမီးမရှိရင်၊ ကျွန်တော်တို့ ဘာလုပ်မလဲ။ အိမ်မှာနေရင်၊ ရုပ်ပိုင်းဆိုင်ရာအရ သက်သောင့်သက်သာဖြစ်မှာ ဖြစ်ပေမဲ့၊ ကိုယ့်ယုံကြည်ချက်ကို လက်တွေ့လုပ်ဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး။ ကျွန်တော် တကယ် ဒွိဟဖြစ်နေပြီး ဘုရားဆီ သူ့ရဲ့လမ်းပြမှု တောင်းခံရင်းနဲ့ ဆက်ပြီး ဟစ်အော်နေမိခဲ့တယ်။ ယောဘအစမ်းသပ်ခံရချိန်ကို တွေးမိတယ်။ သူ့သားသမီးတွေနဲ့ မိသားစု ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့သလို တစ်ကိုယ်လုံး အနာစိမ်းပေါက်ခဲ့တယ်။ ဒါပေမဲ့ ဘုရားကို လုံးဝ အပြစ်မတင်၊ မငြင်းပယ်ခဲ့သလို၊ ဘုရားရဲ့ နာမကိုတောင် ချီးမွမ်းခဲ့တယ်။ ယောဘက ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိခဲ့ပြီး၊ ဘုရားရဲ့ ချီးမွမ်းခြင်းရရင်းနဲ့ ဘုရားအတွက် သက်သေခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း လမ်းဆုံကို ရောက်နေခဲ့တယ်။ အေးဆေးတဲ့ဘဝကို မွေ့လျော်ပြီး စာတန်နောက်လိုက်ဖို့၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခခံပြီး ဘုရားနောက်လိုက်ဖို့ပေါ့။ ကျွန်တော် တွေးတာကို ဘုရားက စောင့်ကြည့်နေတယ်။ ဒီအတွေးနဲ့ ကျွန်တော့်မှာ စိတ်ပြတ်သားမှုရှိခဲ့တယ်၊ ဘာအခက်အခဲ ဖိနှိပ်မှု ရင်ဆိုင်ရပါစေ၊ ဘုရားနောက်လိုက်မယ်၊ သက်သေ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေမယ်လို့ပေါ့။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို သတိရသွားတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကနေ ယုံကြည်ခြင်းမှာ သမ္မာတရား ရရှိတာက ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့လိုမှန်း တွေ့ရတယ်။ သမ္မာတရားလိုက်စားဖို့ ကိုယ့်အိမ်နဲ့ ဇာတိဆိုင်ရာ သက်သာမှုတွေကို စွန့်တာ တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိပါတယ်။ ပြီးတော့ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ကယ်တင်ခံရပြီး ဘုရားရဲ့ စုံလင်စေခြင်းခံရဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဇာတိရဲ့ သက်သာမှုတွေကို မွေ့လျော်ဖို့ သက်သက် သမ္မာတရားကို လိုက်စားရရှိဖို့ အခွင့်အရေး ဆုံးရှုံးတာ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်တာ မခံရတာက အရမ်းကို မိုက်မဲတာပဲဖြစ်မှာ။ ဝတ်ကြီးဝတ်ငယ်တွေနဲ့ လိုက်လျောညီထွေရှိတဲ့ အိမ်ဘဝကို အမြဲပျော်ချင်ခဲ့တာ။ အသက်ကြီးလာလို့ ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိဖြစ်ပြီး၊ နေလို့မရမှာကို စိုးရိမ်မိတယ်။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံဖို့ ဘုရားကို ယုံကြည်ခြင်း၊ ခံနိုင်ရည်တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော့် ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းတယ်။ ယောဘက ဘုရားကို ယုံကြည်ခြင်းရှိပြီး သက်သေ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်၊ အဲဒါက အင်မတန် ဂုဏ်ရှိတဲ့အရာတစ်ခုပဲ။ ယောဘလိုဖြစ်ချင်တယ်၊ သမ္မာတရားရဖို့ ဆင်းရဲဒုက္ခခံနိုင်ဖို့ဆိုတာ၊ အဲဒီဆင်းရဲဒုက္ခက တန်တယ်။
နောက်ပိုင်းမှာ ဘုရားအလိုတော်ကို နည်းနည်း ပိုနားလည်စေတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်ခဲ့တယ်။ “‘ယုံကြည်ခြင်း’ ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းတယ်။ ဒုက္ခနဲ့ စမ်းသပ်မှုတွေရင်ဆိုင်ရပြီး ဘာလုပ်ရမယ်မသိဖြစ်ချိန်မှာ ဘုရားကို ယုံကြည်ခြင်း ရှိဖို့၊ သူ့ရဲ့ အနန္တတန်ခိုး အုပ်စိုးမှုကို ယုံကြည်ပြီး သူ့ရဲ့ စီမံညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ လိုတယ်။ အဲဒါကသာ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းပဲ။ စာတန်ကို အရှက်ရစေပြီး ဘုရားကို နှစ်သိမ့်ပေးနေရင်း၊ ဘုရားအတွက် သက်သေရပ်တည်ဖို့ သူ့ယုံကြည်ခြင်းအပေါ် အားကိုးတဲ့ ယောဘလိုပါပဲ။ အဲဒီအကြောင်းတွေးလေ၊ ပိုစိတ်လှုံ့ဆော်ခံရလေပဲ။ ကျွန်တော့် သားသမီးတွေ စွန့်လွှတ်ရင်တောင်၊ ရွေးချယ်စရာမရှိရင်တောင်၊ ဘုရားနောက်ကို လိုက်ဦးမှာပဲ။ ကျွန်တော့်ဇနီးကို နှစ်သိမ့်လိုက်တယ်၊ “ဘုရားကို ယုံကြည်ခြင်းအတွက် ငါတို့ ဆင်းရဲဒုက္ခခံပြီး ဖိနှိပ်ခံတာ၊ တန်ပါတယ်။” “အစာအတွက် တောင်းစားရရင်တောင်၊ ဘုရားနဲ့ သွားရမယ်”လို့ပေါ့။ သူ မျက်ရည်တွေသုတ်ပြီး ပြောတယ်၊ “ကောင်းပါပြီ၊ အဲဒီဆို ဒီအိမ်ကို စွန့်ရအောင်”တဲ့။
စွန့်ပစ်ထားတဲ့ အိမ်ဟောင်းတစ်ခုကို တွေ့ပြီး အဲဒီနေရာကို ရွှေ့လိုက်ကြတယ်။ အဲဒီမှာ ရှစ်နှစ်ကြာနေကြတယ်။ အဲဒီနှစ်တွေမှာ ကျွန်တော်တို့ချွေးမရဲ့ အတားအဆီး၊ အနှောင့်အယှက်တွေ မရှိဘဲ၊ တဲထဲမှာနေထိုင်ရပြီး ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတချို့ ရှိခဲ့ပေမဲ့၊ အတူစုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို ပုံမှန်အတိုင်း ဖတ်နိုင်ခဲ့တယ်၊ ဧဝံဂေလိ ဝေမျှပြီး တာဝန်လုပ်နိုင်ခဲ့ကြတယ်။ သမ္မာတရားတချို့ကို သင်ယူပြီး ဖော်ပြလို့မရတဲ့ ငြိမ်သက်၊ ဝမ်းမြောက်ခြင်း ရှိခဲ့တယ်။ တစ်ခါတလေ ဘဝမှာ အခက်အခဲတွေ ရှိတော့၊ ညီအစ်ကို မောင်နှမတွေက စိတ်ထက်ထက်သန်သန် ကူညီကြတယ်။ အားနည်းပြီး အပျက်သဘောဆောင်တဲ့အခါ သူတို့လာပြီး အားပေးကြတယ်။ ဒါလုံးဝကို ဘုရားရဲ့မေတ္တာဖြစ်မှန်း သိပြီး သူ့ကို စိတ်နှလုံးထဲကနေ ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးနောက်မှာ ဒုက္ခထပ်ရောက်ပြန်တယ်။
ချုံးကျနေတဲ့ အိမ်လေးမှာ ကျွန်တော်တို့ နေနေကြတာလေ၊ ဒီတော့ ၂၀၂၀ နိုဝင်ဘာလမှာ၊ သဘာဝပတ်ဝန်းကျင် ငှာနက အဲဒါကို ဖြိုဖျက်ပစ်ချင်ခဲ့တယ်။ ရွှေ့ပြောင်းပေးဖို့ သုံးရက်အချိန်ပေးတယ်။ ချက်ချင်း ကျွန်တော် စိတ်သောကရောက်သွားတယ်။ ကျွန်တော်တို့ ဘယ်သွားမလဲ။ အိမ်ပြန်လို့မရသလို၊ တရုတ်နှစ်သစ်ကူး ရောက်ခါနီးပြီဖြစ်လို့ တခြားတစ်ယောက်ယောက်ရဲ့အိမ်မှာ သောင်တင်မှာပဲ။ ကျွန်တော်တို့မှာ နေစရာတစ်နေရာမှ မရှိဘူး။ ကျွန်တော့်မိန်းမက အအေးဒဏ်နဲ့ လေနဲ့ မတည့်သလို၊ ရင်ခေါင်းအရမ်းနာတတ်တယ်။ ဘာလို့ နေရာတစ်ခု မရှိဘဲနေလို့ရမှာလဲ။ အရမ်းစိုးရိမ်ပြီး သူနဲ့ ငိုမိတယ်။ နေစရာမရှိတာကို မြင်တော့ ရွာသားတွေက လှောင်ကြတယ်။ “အဲဒါက ခင်ဗျားတို့ကို ယုံကြည်သူတွေဖြစ်မှန်း ပြမှာပဲ။ ပါတီကို ခင်ဗျားတို့ ဆန့်ကျင်တယ်၊ အခု နေစရာတစ်နေရာတောင် မရှိဘူး။ အဲဒါ ခင်ဗျားတို့ ရတာပဲ”တဲ့။ မယုံကြည်သူတွေရဲ့ လှောင်ပြောင်မှုနဲ့ အရှက်ခွဲတာတွေ ရင်ဆိုင်ရတော့၊ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်မှုကို ပိုလို့တောင် မြင်တယ်။ ဘုရားကို သူတို့နဲ့အတူ ဆန့်ကျင်ဖို့ ဆင်းရဲသားတွေကို လှည့်စားတဲ့ အလိမ်အညာတွေ လုပ်ကြံဖန်တီးတယ်။ အဲဒါကို လုံးလုံးလျားလျား မုန်းမိတယ်။ နောက်ပိုင်းမှာ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်— သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ ကျွန်တော်တို့အနေနဲ့ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်မှု၊ ဘုရားကိုဆန့်ကျင်တဲ့ အနှစ်သာရကို ရှင်းရှင်း မြင်နိုင်ပြီးတော့ စိတ်နှလုံးကနေ စွန့်ပစ်၊ ငြင်းပယ်နိုင်ပြီး အဲဒီအခြေအနေကို ဖြတ်ကျော်ဖို့ ဘုရားအပေါ် အသင့်မှီခိုလာနိုင်အောင်လို့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့ ဘုရားက ဒီဖိနှိပ်မှုနဲ့ အခက်အခဲတွေကို ကျွန်တော်တို့ဆီ ဖြစ်ခွင့်ပေးတာဖြစ်မှန်း ကျွန်တော် တွေ့ရတယ်။
အဲဒီအချိန်မှာ သမီးရဲ့အိမ်ကိုသွားဖို့ စဉ်းစားမိတယ်၊ ဒါကြောင့် သူ့ကို ဖုန်းဆက်လိုက်တယ်၊ သူက အေးတိအေးစက်နဲ့၊ “အဖေတို့မှာ သားရှိတာပဲ။ အစ်ဖေတို့ကို စောင့်ရှောက်ဖို့ သမီးအလှည့်မှ မဟုတ်တာ”လို့ ပြောတော့ အံ့ဩမိတယ်။ ကျွန်တော့်သားနဲ့ သူ့မိန်းမက အလုပ်အတွက် မြို့ပြင် အထွက်များပြီး အိမ်မှာ ဘယ်သူမှမရှိလို့ အိမ်ကို သွားကူစောင့်ရှောက်ပေးလို့ရတယ်လို့ တွေးမိတယ်။ သူတို့ကု ဖုန်းဆက်ပြီး ကျွန်တော်တို့ ပြန်လာပြီး အိမ်အလုပ် ကူလုပ်ပေးလို့ရတယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ချွေးမက ရက်ရက်စက်စက်နဲ့ “ရှင်တို့ ယုံကြည်သူ မဟုတ်တော့ဘူးလို့ မပြောရင် အိမ်သော့တွေ ပေးမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ ပိုင်နက်ကျူးကျော်တာပဲ”လို့ ပြောမှာကို ဘယ်သူတွေးမိမှာလဲ။ အဲဒါက ညီအစ်ကို မောင်နှမတွေက ကွန်မြူနစ်ပါတီက “စာသုံးစောင်” အတင်းလက်မှတ်ထိုးခိုင်တာနဲ့ အတူတူပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီ လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်တော့်ချွေးမက ကျွန်တော်တို့ကို ဖိနှိပ်နေတာ၊ ဘုရားကို သစ္စာဖောက်ဖို့ ပြောနေတာလို့ ထင်ရပေမဲ့၊ အမှန်တော့ စာတန်ရဲ့ စမ်းသပ်မှုဖြစ်ပြီး အဲဒီလှည့်ကွက်ကို ခံလို့မဖြစ်ဘူး။ ဘုရားဆီက တခြားတစ်ခု တွေးမိတယ်။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကြောင့်၊ ယုံကြည်သူနဲ့ မယုံကြည်သူတွေက မတူတဲ့ လူစားမျိုးတွေဖြစ်မှန်း တွေ့ရတယ်။ ကျွန်တော့် သားသမီးတွေက မယုံကြည်သူတွေ၊ ဒီတော့ ကြွယ်ဝမှုနဲ့ အလုပ်အကိုင်တွေ၊ အလားအလာကောင်းပြီး၊ ကောင်းမွန်တဲ့ ဘဝရဖို့ အလုပ်လုပ်ကြတယ်။ ရုပ်ပိုင်းသက်သာမှုနောက် လိုက်တဲ့ မယုံကြည်သူလမ်းကြောင်းမှာ ရှိကြတယ်။ ကျွန်တော်တို့က ယုံကြည်သူတွေဖြစ်လို့ သမ္မာတရားနဲ့ အသက်ကို လိုက်စားကြပြီး ကယ်တင်ခြင်းလမ်းကြောင်းပေါ်မှာ ရှိကြတယ်။ မတူညီတဲ့ လမ်းကြောင်းတွေပေါ်ရှိကြပြီး မတူတဲ့ ရလဒ်တွေရှိမှာပဲ။ ယုံကြည်ခြင်းရှိပြီး ဘုရားကို ကျိုးနွံနာခံသူတွေပဲ ကောင်းမွန်တဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ရှိတယ်။ ကျွန်တော့် သားသမီးတွေက ယုံကြည်ခြင်းမရှိသလို ဘုရားကို ဆန့်ကျင်ကြတယ်၊ ဒါကြောင့် အဆုံးမှာ ဘုရားရဲ့အပြစ်ပေးတာ ခံရမှာပဲ။ ဘုရားက လူတွေရဲ့ ကံကြမ္မာနဲ့ ရလဒ်တွေကို ထိန်းချုပ်တယ်။ ကျွန်တော့်သားသမီးတွေက သူတို့ကိုယ်သူတို့ ထိန်းချုပ်ချင်ကြတယ်၊ ဒါပေမဲ့ ကျွန်တော်က သူတို့အပေါ် အမြဲမှီခိုချင်ခဲ့တယ်။ အဲဒါ မိုက်မဲတာမဟုတ်လား။ ဒါကြောင့် သူတို့ကို တင်းတင်းမာမာနဲ့ တရားသဖြင့် ပြောလိုက်တယ်။ “ဒီယုံကြည်ခြင်းလမ်းကြောင်းပေါ်မှာ ငါ လုံးဝ အခြေချထားတယ်။ အစာတောင်းစားပြီး၊ လမ်းတွေမှာ ပိုတောင် လှည့်လည်သွားလာချင်တယ်။ ဘုရားနောက်ကို အဆုံးထိ ငါလိုက်နေဦးမှာပဲ”လို့ပေါ့။ ကျွန်တော်တို့အတွက် ဘုရားပြင်ဆင်တဲ့ ဘယ်အရာကိုမဆို ကျိုးနွံနာခံပြီး ကြုံဖို့ အသင့်ဖြစ်တာနဲ့ ရုတ်တရက် ကျွန်တော့်သမီးက ဖုန်းဆက်ပြီး သူနဲ့ လာနေလို့ရတယ်လို့ ပြောတယ်။ ဒါဟာ ဘုရားက ကျွန်တော်တို့အတွက် လမ်းဖွင့်ပေးနေတာဖြစ်မှန်း သိခဲ့ပြီး၊ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ်။
သမီးရဲ့ နေရာမှာ ယေဘူယျအားဖြင့် အိမ်တစ်ဝိုက် ဟိုဟာ၊ ဒီဟာ နည်းနည်းပါးပါး လုပ်ပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး၊ အားတဲ့အချိန်မှာ စုဝေးပွဲသွားကြတယ်။ ဒါပေမဲ့ အဲဒီမှာနေတာက တကယ်တော့ ရေရှည်အစီအစဉ် မဟုတ်ဘူး။ မိန်းမနဲ့ ကျွန်တော်က လူမနေတဲ့ မြေကွက်တစ်ကွက် တွေ့တယ်၊ ဂျုံရောင်းရငွေ ယွမ် ၅,၀၀၀ ကျော်လေးနဲ့ ရိုးရှင်းတဲ့ အဆောက်အဦးနှစ်ခုကို ဆောက်လိုက်ကြပြီး၊ သမီးရဲ့အိမ်ကနေ ရွှေ့ပြောင်းလိုက်ကြတယ်။ အဲဒီကတည်းက သားသမီးတွေရဲ့ ထိန်းချုပ်တာ မခံရတော့တာပဲ။ ပုံမှန်အတိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်၊ စုဝေးပြီး တာဝန်ကို လုပ်နိုင်ကြတယ်။ အရမ်းလွတ်လပ်ပြီး စိတ်အေးလက်အေးဖြစ်တယ်။
အဲဒီအတွေ့အကြုံကတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတချို့ ခံခဲ့ရပေမဲ့၊ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်မှု၊ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရအပေါ် သိမြင်မှုရခဲ့ပြီး၊ သားသမီးတွေရဲ့ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရကိုလည်း မြင်ခဲ့တယ်။ ဘုရားက တစ်ခုတည်းသော ကျောက်ဆောင်၊ ကယ်တင်ခြင်းပါ။ ခက်ခဲတဲ့ အခြေအနေတစ်လျှောက်မှာ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခွင့်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်မိတယ်။