သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း

30.09.2022

ရှင်းချန် တရုတ်နိုင်ငံ

၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ အသင်းတော်အလုပ်ကို ဦးဆောင်ရတယ်။ အဲဒီတာဝန်ကို ကျွန်မ စလုပ်တော့ စည်းမျဉ်းတော်တော်များများကို ရှင်းရှင်းလင်းလင်း မသိဘူး။ ကျွန်မမှာ မေးစရာရှိတိုင်း အစ်မချန်းနဲ့ ဆွေးနွေးတယ်။ သူ ကျွန်မကိုပေးတဲ့ ဘယ်အကြံမဆို ကျွန်မက အဆင်သင့်လက်ခံတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မတာဝန်မှာ ရလဒ်နည်းနည်းရလာပြီး ကျွန်မက အလုပ်မှာ အမှီအခိုကင်းကင်းနဲ့လုပ်ဖို့ လုံလောက်တဲ့ အရည်အချင်းရှိတယ်လို့ ခံစားမိတယ်။ အဲဒီနောက်တော့ ကျွန်မက အလုပ်တွေကို ခွဲဝေပေးတဲ့အခါမှာ အစ်မချန်းနဲ့ မဆွေးနွေးဘဲ ကိုယ့်ဘာသာ ကိုင်တွယ်တယ်။ ကျွန်မတို့ အတူတူဆုံးဖြတ်ချက်ချသင့်တဲ့ တချို့ကိစ္စတွေမှာတောင် ကျွန်မက ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက စည်းမျဉ်းနဲ့အညီ မလုပ်တာကို မြင်ပြီး အစ်မချန်းက ကျွန်မကို ကိုယ်ထင်သလို ဆုံးဖြတ်ချက်တွေ မချဖို့ ခဏခဏသတိပေးတယ်။ တစ်ခါတလေမှာ သူက ဒါကို သင်းထောက်တွေရှေ့မှာတောင်ပြောတယ်။ သူက ကျွန်မကို မကြည်လို့လုပ်နေသလိုမျိုး ကျွန်မ ခံစားမိတယ်။ ကျွန်မ ဂုဏ်သိက္ခာကို အလေးမထားဘဲ ကျွန်မကို အရှက်ရအောင်လုပ်နေတယ်ပေါ့။ အဲဒါနဲ့ ကျွန်မ သူ့ကို နည်းနည်းအတိုက်အခံဖြစ်လာတယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါမှာ ကျွန်မ အယူအဆအများစုကို သူက ငြင်းပယ်တာ ခဏခဏပဲ။ ကျွန်မက ခုခံချင်လာပြီး စဉ်းစားမိတယ်။ “ကျွန်မတို့နှစ်ယောက်လုံးက အသင်းတော်အလုပ်ကို ဦးဆောင်ရတယ်။ ဒါဆို ကျွန်မအစား အစ်မက ဘာလို့ဆုံးဖြတ်ခွင့်ရှိသင့်တာလဲ။ အစ်မက ကျွန်မစိတ်ကူးတွေကို အမြဲတမ်းပယ်တယ်။ ဒါက အစ်မက ကျွန်မထက်သာတဲ့ပုံစံမဖြစ်ဘူးလား။ ကျွန်မက မကောင်းတဲ့ခေါင်းဆောင်တစ်ယောက်လို့ ညီအစ်ကိုမောင်နှမတွေက ထင်မှာမဟုတ်ဘူးလား။ ဒါဆို ကျွန်မက လူတိုင်းကို ဘယ်လိုရင်ဆိုင်ရမှာလဲ” ပေါ့။ အစ်မချန်းကို ကျွန်မ အမြင်စောင်းလာတယ်။ အဲဒီနောက်တော့ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါမှာ ကျွန်မစိတ်ကူးကို ပယ်ချခံရလိုက်တာနဲ့ ကျွန်မက တိတ်ဆိတ်သွားလိုက်တယ်။ တစ်ခါတလေမှာ သူမှန်တယ်လို့ ကျွန်မ ထင်ပေမဲ့ သူ့ကို အလျှော့ပေးဖို့ အတွေးက ကျွန်မကို အနေရခက်စေတယ်။ ကြာလာတော့ အစ်မချန်းကို ကျွန်မ ပိုပိုပြီး အမြင်စောင်းလာတယ်။ ကျွန်မက သူနဲ့ ဆွေးနွေးဖို့မပြောနဲ့ စကားတောင်မပြောချင်ခဲ့ဘူး။ ကျွန်မက သူ့အတွက် တကယ်ကို စိတ်ကျဉ်းကျပ်စရာဖြစ်လာတယ်။ ကျွန်မကလည်း အရမ်းချုပ်တည်းထားပြီး ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်နေသလို ခံစားရတယ်။

၂၀၂၁၊ ဇန်နဝါရီလမှာ ကျန်းမာရေးကိစ္စတွေ၊ ကျွန်မတို့က အကြာကြီး ပူးပေါင်းဆောင်ရွက်တာမရှိတာတွေ၊ ကျွန်မကြောင့် စိတ်ကျဉ်းကျပ်တာတွေကြောင့် အစ်မချန်းက အပျက်သဘောဆောင်ခြင်းရဲ့ ထိုးနှက်မှုကို မခံနိုင်ဖြစ်ပြီး လုံးဝ ပြန်ကောင်းမလာဘဲ နောက်ဆုံးမှာ နုတ်ထွက်သွားတယ်။ အောက်တိုဘာလမှာ အသင်းတော်က လွတ်နေတဲ့ ခေါင်းဆောင်နေရာကို ဖြည့်ဖို့ ရွေးကောက်ပွဲတစ်ခုလုပ်တယ်။ အထက်ခေါင်းဆောင်တစ်ယောက်က အစ်မချန်းအကြောင်းပြောပြီး သူ့အခြေအနေကို မေးတယ်။ တွဲဖက်အမှုဆောင် အစ်မဝမ်ကပြောတယ်။ “သူ့အခြေအနေက အခုတစ်လော တော်တော်တိုးတက်လာပြီး သူ့တာဝန်ကိုပိုပြီး ယူလာတယ်” တဲ့။ ကျွန်မက နည်းနည်းစိတ်ပူသွားတယ်။ “သူက အစ်မချန်းကို အထင်ကြီးတယ် ထင်တယ်။ ခေါင်းဆောင်က ဒါကိုကြားပြီး အစ်မချန်းက ရာထူးအတွက် သင့်တော်တယ်လို့ သေချာပေါက်ထင်မှာပဲ။ သူက တကယ်အရွေးခံရရင် ငါတို့က ထပ်ပြီး အတူတူလုပ်ရမယ့်သဘောမဟုတ်ဘူးလား” ပေါ့။ ကျွန်မတို့ အတူတူလုပ်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားပြီး နည်းနည်း လန့်မိတယ်။ ကျွန်မ စဉ်းစားတယ်။ “အရင်က အလုပ်ကို ဘယ်လိုရှေ့ဆက်လုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ငါတို့က မတူတဲ့အမြင်တွေရှိတယ်။ တွဲဖက်အမှုဆောင်အများစုက အစ်မချန်းဘက်ကပါတယ်။ ဘယ်သူမှ ငါပြောတာ နားမထောင်ဘူး။ အစ်မချန်းက တော်တော် တရားမျှတတဲ့သူပဲ။ ငါက စည်းမျဉ်းအရ မလုပ်နေတာကို သူ သတိထားမိရင် ငါ့ကို အပြစ်တင်ပြီး ခဏခဏ အရှက်ရအောင်လုပ်မှာပဲ။ သူနဲ့အတူလုပ်ရတာ တော်တော်ဆိုးတယ်။ သူ ထွက်သွားပြီးကတည်းက တွဲဖက်အမှုဆောင်တွေက ငါ့အကြံအတိုင်းလိုက်လုပ်တယ်။ သူပြန်လာရင် တွဲဖက်အမှုဆောင်တွေက အရင်ကလို သူပြောတာပဲ နားထောင်ကြမှာလား။ သူက ငါ့ကို အမြဲတမ်းဝေဖန်နေရင် ညီအစ်ကိုမောင်နှမတွေကြားငါ ပျိုးထောင်ခဲ့တဲ့ ပုံရိပ်က ပျက်စီးသွားမှာမဟုတ်ဘူးလား” ပေါ့။ ဒါကို သဘောပေါက်ပြီး ကျွန်မက အစ်မချန်းနဲ့ တကယ်ကို အတူမလုပ်ချင်ဘူး။ ကျွန်မ စဉ်းစားတယ်။ “ဒါဆို မဖြစ်ဘူး။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို လူတိုင်းကို ငါပြောရမယ်။ မဟုတ်ရင် သူ အရွေးခံရရင် တော်တော်စိတ်ညစ်ဖို့ကောင်းမှာပဲ” ပေါ့။ အဲဒီလိုနဲ့ သူ့ရဲ့ မကောင်းတဲ့အပြုအမူတွေအားလုံးကို ကျွန်မ ပြောပြလိုက်တယ်။ သူက အဆင့်အတန်းကို အရေးစိုက်နေပြီး သူ့တာဝန်မှာ တာဝန်ယူမှုမရှိခဲ့တာအပါအဝင်ပေါ့။ ကျွန်မက သိပ်မတိကျမှာစိုးပြီး ကျွန်မပြောချင်တာကို သက်သေပြဖို့ ဥပမာတချို့လည်း ပြောပြလိုက်တယ်။ ကျွန်မက အစ်မချန်းကို မျှမျှတတမဆက်ဆံတာကို ခေါင်းဆောင်က မြင်တယ်။ အဲဒါနဲ့ သူက သူများတွေကို မျှမျှတတဆက်ဆံခြင်း စည်းမျဉ်းကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ကျွန်မက လက်မခံဘူး။ သုံးလေးရက်ကြာတော့ ရွေးကောက်ပွဲကို တရားဝင်စလုပ်ခဲ့ပြီး အစ်မလီက ကျွန်မကို အစ်မချန်းရဲ့ အခြေအနေအကြောင်းမေးတယ်။ ကျွန်မ စဉ်းစားတယ်။ “သူက အစ်မချန်းနဲ့ မရင်းနှီးဘူး။ သူ့ကို ကောင်းကောင်းမသိဘူး။ အစ်မချန်းက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ သူ့ကို ငါ အသိပေးရမယ်။ ဒါဆိုရင် သူက အစ်မချန်းကို မဲပေးမှာမဟုတ်ဘူး” ပေါ့။ အဲဒါနဲ့ သူ့တာဝန်မှာ တာဝန်ခံယူမှုမရှိတာအပါအဝင် အစ်မချန်းရဲ့ မကောင်းတဲ့ အပြုအမူတွေအားလုံးကို ကျွန်မ သူ့ကို ပြောပြလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အစ်မတစ်ယောက်က ပြန်ခုခံပြီး ပြောတယ်။ “အစ်မချန်းက မကောင်းတဲ့အခြေအနေမှာရှိနေလို့ အဲဒီတုန်းက တာဝန်မခံခဲ့တာပါ။ နောက်ပိုင်းမှာ သူက အခြေအနေတွေကို ပြောင်းလဲလိုက်ပြီး တာဝန်ခံယူမှုရှိနေပါပြီ။ ပြီးတော့လည်း ကျွန်မတို့တာဝန်တွေမှာ နားမလည်တဲ့ ပြဿနာတွေကိုလည်း သူက ကျွန်မတို့နဲ့ စိတ်ရှည်ရှည်မိတ်သဟာယဖွဲ့ပြီး ကူညီပေးတယ်။” ဒါကို ကျွန်မကြားတော့ စိတ်ပူသွားတယ်။ “အစ်မက ဘာလို့ အစ်မချန်းကို ဆက်တိုက်ချီးမွမ်းနေတာလဲ။ သူ့ကို မဲပေးပြီးသွားပြီလား။ အစ်မလီကလည်း အစ်မပြောတာကိုကြားပြီး သူ့အတွက် မဲပေးမှာလား။ သူက တကယ် အရွေးခံရရင် ကျွန်မတို့က ထပ်ပြီး အတူတူလုပ်ရဦးမယ်။ ဒါဆိုရင် ကျွန်မက လူအလေးစားခံရအောင် မလုပ်နိုင်ရုံတင်မကဘူး။ သူက ကျွန်မကို တစ်ချိန်လုံး ပြုပြင်ပေးနေတာကိုလည်း ခံရမယ်။ ခေါင်းဆောင်အသစ်တစ်ယောက် အရွေးခံရရင် ပိုကောင်းမယ်။ ဒီလိုဆိုရင် ကျွန်မက ခဏလောက် ခေါင်းဆောင်ဖြစ်ဖူးပြီး စည်းမျဉ်းတော်တော်များများကို နားလည်တော့ အချိန်အများစုမှာ ကျွန်မအမြင်တွေကို သူတို့ သဘောတူကြမယ်။ ကျွန်မက တစ်ခုခုမှားလုပ်ရင်တောင်မှ သူတို့က သတိထားမိပြီး ကျွန်မကို တိုက်ရိုက်ဝေဖန်တာဖြစ်မှာမဟုတ်ဘူး။ ဒါဆို ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းကို စိန်ခေါ်ခံရမှာမဟုတ်ဘူး” ပေါ့။ ကျွန်မ တွေးကြည့်လေလေ၊ အစ်မချန်းကို အရွေးခံရခွင့်ပေးလို့မဖြစ်ဘူးလို့ ခံစားမိလေလေပဲ။ အဲဒါနဲ့ အစ်မချန်းက ဘဝအတွေ့အကြုံအများကြီးမရှိဘူး၊ အယူဝါဒဆိုင်ရာ အသိပညာတွေကိုပဲ မျှဝေတာလို့ ကျွန်မ ချက်ချင်းပြောလိုက်တယ်။ ကျွန်မ ဒီလိုပြောတော့ အစ်မလီက ခေါင်းညိမ့်လိုက်တာကို ကျွန်မ တွေ့တယ်။ ကျွန်မ နည်းနည်း စိတ်သက်သာရာရသွားတယ်။ ဒါဆိုရင် အစ်မလီက အစ်မချန်းအတွက် မဲမပေးလောက်ဘူးလို့ ထင်ပြီးတော့ပေါ့။ အစ်မချန်းနဲ့ တခြားအစ်မတစ်ယောက်က မဲအများဆုံးအနေနဲ့ သားရေကျတယ်။ အစ်မချန်းအရွေးခံရပြီး ကျွန်မနဲ့ ထပ်ပြီး အလုပ်လုပ်ရမှာကို ပိုပြီးတော့တောင် စိတ်ပူလာတယ်။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ “အစ်မချန်းရဲ့ အစွမ်းအစကိုကြည့်ရင် သူက ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းရှိပါတယ်။ သူက တကယ်အရွေးခံရရင် အစ်မ ဘယ်လိုခံစားရမလဲ” တဲ့။ ဒီမေးခွန်းကြောင့် သူတို့က အစ်မချန်းကို တကယ်ရွေးကောင်းရွေးနိုင်တယ်လို့ ကျွန်မ စိတ်ပူသွားတယ်။ အဲဒါနဲ့ ကျွန်မ အမြန်ပြောလိုက်တယ်။ “အစ်မချန်းက ဘဝအတွေ့အကြုံအများကြီးမရှိဘူး။ သူ့မှာ တော်တော်ဆိုးတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုရှိတယ်” ပေါ့။ ကျွန်မက အစ်မချန်းအပေါ် အတိုက်အခံဖြစ်နေတာကို ခေါင်းဆောင်က မြင်နိုင်ပြီး ကျွန်မကို နောက်တစ်ခါ ဖော်ထုတ်ပြီးပြောတယ်။ “အစ်မက လူတွေရဲ့ အားနည်းချက်တွေကိုပဲ သတိထားမိပြီး အားသာချက်တွေကို ဘယ်တော့မှ မှတ်မထားဘူး။ ဒါကြောင့် အစ်မက ဘယ်သူနဲ့မဆို ကောင်းကောင်းပူးတွဲပြီးလုပ်နိုင်မှာမဟုတ်ဘူး။ အစ်မက အရမ်းမာနကြီးနေတာပဲ။ အစ်မက ဘယ်သူနဲ့မဆို ကောင်းကောင်းပူးတွဲပြီးလုပ်နိုင်မှာမဟုတ်ဘူး” လို့ ကြားရတာ ကျွန်မ တော်တော်ထိသွားတယ်။ ခေါင်းဆောင်က ကျွန်မရည်ရွယ်ချက်တွေအားလုံးကို ဖော်ထုတ်လိုက်ပြီး သေချာပေါက် ကျွန်မအပေါ် အမြင်ကောင်းမှာမဟုတ်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ခေါင်းဆောင်တွေရောက အစ်မချန်းကို ကြိုက်ကြတယ်။ ဒါဆို ကျွန်မက ကိုယ့်တာဝန်ကို ဘယ်လိုဆက်လုပ်ရမှာလဲ။ ကျွန်မ စိတ်ပဲညစ်နေပြီး ခေါင်းဆောင်မဖြစ်ချင်တော့ဘူး။ ကျွန်မ စဉ်းစားတယ်။ “အစ်မချန်းက အရမ်းတော်နေရင် သူ့ကိုပဲ ရွေးလိုက်တော့လေ” ဆိုပြီးတော့။ အဲဒါနဲ့ ကျွန်မ ခေါင်းဆောင်ကို ပြောတယ်။ “ကျွန်မမှာ လူ့သဘာဝကောင်းမရှိဘူး။ ဘယ်သူနဲ့မှ ပူးတွဲပြီးမလုပ်နိုင်ဘူး။ ဒီတာဝန်ကို မလုပ်နိုင်ဘူးလို့ ခံစားမိတယ်။ ကျွန်မကို လူစားထိုးဖို့ တခြားခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်သင့်တယ်လို့ ထင်တယ်” ဆိုပြီးတော့။ ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယဖွဲ့ပြီး ပြောတယ်။ “ကျွန်မက အစ်မကို ဘောင်ခတ်ဖို့အတွက် အရမ်းမာနကြီးတယ်လို့ပြောတာမဟုတ်ပါဘူး။ အစ်မကို သမ္မာတရားကို ရှာဖွေပြီး အစ်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းအောင် ဖိအားပေးဖို့ပါ” တဲ့။ ဒါကိုကြားပြီးတော့ ကျွန်မက ကိုယ့်တာဝန်မှာ ကျွန်မဒေါသကို ဖွင့်ချနေပြီး ဘုရားကို ဆန့်ကျင်ပြီးပြုမူနေတာပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မ နည်းနည်းရှက်မိပြီး အနေရခက်သွားတယ်။ ဒါပေမဲ့ အစ်မချန်းနဲ့ အတူအလုပ်လုပ်ဖို့ စဉ်းစားမိတိုင်းမှာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်တယ်။ ဒီအခြေအနေကို ကျွန်မ ရင်မဆိုင်ချင်ဘူး။ အဲဒါနဲ့ ကျွန်မက တခြားအလုပ်ရှိတယ်လို့ ဆင်ခြေပေးပြီး ထွက်သွားလိုက်တယ်။ ကျွန်မ တော်တော်စိတ်ဓာတ်ကျနေသလို ခံစားရတယ်။ ကျွန်မက ဘုရားကို ဆန့်ကျင်ပုန်ကန်နေတာဖြစ်ပြီး ဘုရားက သူ့မျက်နှာကို ကျွန်မဆီကနေ ဖုံးကွယ်ထားတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားက ကျွန်မအတွက် စီစဉ်ပေးတဲ့ အခြေအနေကို ကျွန်မက ရှောင်နေတာပါ။ ကျွန်မက အခြေအနေကို မပြောင်းလဲရင် ဘုရားက ကျွန်မကို သေချာပေါက် အထင်အမြင်သေးပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုကို ကျွန်မ ဆုံးရှုံးရမှာပဲ။ ကျွန်မ နည်းနည်းကြောက်သွားတယ်။ အဲဒါနဲ့ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ ဒီနေ့ သမီးအတွက် ကိုယ်တော်စီစဉ်ပေးတဲ့ အခြေအနေကနေ သင်ယူဖို့ သင်ခန်းစာတစ်ခုရှိပါတယ်။ ဒါကို ရှောင်ကြဉ်ပြီး အာခံတာက သမီးမှားပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်ပြီး နားလည်ရမယ်ဆိုတာ သမီးသေချာမသိပါဘူး။ ကိုယ်တော့်ရည်ရွယ်ချက်တွေကို နားလည်ပြီး ဒီဖြစ်ရပ်မှာ သင်ခန်းစာယူဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်မ နည်းနည်း ငြိမ်းချမ်းသွားတယ်။

ရွေးကောက်ပွဲရလဒ်ကို နောက်တစ်နေ့မှာ ကြေညာတယ်။ အစ်မချန်းက ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ဒါပေမဲ့ ဒီသတင်းက ကျွန်မကို အဲဒီလောက် မထိခိုက်ခဲ့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်တယ်။ ကျွန်မက အစ်မချန်းရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို အမြဲတမ်း ဝေဖန်နေပေမဲ့ သူ့အားသာချက်တွေ၊ ပါရမီတွေကို တစ်ခါမှ မပြောဘူး။ ကျွန်မက သူ့ကို ဖယ်ကြဉ်နေတာမဟုတ်ဘူးလား။ အဲဒါနဲ့ သူတို့နဲ့ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ပြီး ဖယ်ကြဉ်တဲ့ အန္တိခရစ်တွေနဲ့သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်မ ရှာကြည့်လိုက်တယ်။ တကယ်ကို နားလည်သွားစေတဲ့ သီးသန့် အပိုဒ်တစ်ခုရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တို့သည် သမ္မာတရား လိုက်စားသူများကို မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်ကြသနည်း။ ၎င်းတို့သည် အခြားလူတို့ကိုတိုက်ခိုက်ရန်၊ ရှုတ်ချရန်၊ လှည့်စားရန်အတွက် ကျိုးကြောင်းသင့်ပြီး မှန်ကန်သည်ဟု အခြားလူများကမြင်သောနည်းလမ်းများကို မကြာခဏအသုံးပြုပြီး လွှမ်းမိုးနိုင်စွမ်းရှိရန် သမ္မာတရားအကြောင်း ငြင်းခုံဆွေးနွေးမှုများကိုပင် အသုံးပြုကြသည်။ ဥပမာအားဖြင့် အန္တိခရစ်များက ၎င်းတို့၏ တွဲဖက်များသည် သမ္မာတရားကို လိုက်စားပြီး ၎င်းတို့အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သည်ဟု ထင်လျှင် ၎င်းတို့သည် လူတို့ကို လှည့်စားပြီး လူတို့ကို ၎င်းတို့အား အထင်ကြီးအောင်ပြုလုပ်ရန်အတွက် အဆင့်မြင့်သော အယူဝါဒများနှင့် ဝိညာဉ်ရေးရာသီအိုရီများကို ပြောကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်များနှင့် တွဲဖက်အမှုဆောင်များကို သေးသိမ်အောင်ပြုလုပ်ပြီး ဖိနှိပ်နိုင်ကြကာ လူတို့အား ‘ကျွန်ုပ်တို့ခေါင်းဆောင်၏ တွဲဖက်များက သမ္မာတရားကို လိုက်စားသောသူများဖြစ်သော်လည်း အစွမ်းအစ၊ အရည်အချင်းနှင့်ပတ်သက်လျှင် ၎င်းတို့၏ ကျွန်ုပ်တို့ခေါင်းဆောင်များနှင့် တန်းတူညီခြင်းမရှိပေ။ ကျွန်ုပ်တို့ခေါင်းဆောင်၏ တရားဒေသနာများက အဆင့်မြင့်ပြီး မည်သူကမှ မယှဉ်နိုင်ပေ။’ ဟူ၍ ခံစားရစေရန် ပြုလုပ်နိုင်ကြသည်။ အန္တိခရစ်များအတွက် ဤသို့သော မှတ်ချက်မျိုးကို ကြားရခြင်းက အလွန့်အလွန် ကျေနပ်ဖွယ်ရာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်များကိုကြည့်ပြီး ‘သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်သလော။ သင်သည် သမ္မာတရား၏ စစ်မှန်မှုအချို့မရှိသလော။ အဘယ်ကြောင့် ရှင်းလင်းစွာ ရှင်းမပြနိုင်သနည်း။ သင့်တွင် အရည်အချင်းရှိလျှင် စင်ပေါ်သို့တက်၍ ပြောပါ။ သင်သည် ယခုအခါ ကမ်းကုန်အောင် အရှက်ကွဲပြီဖြစ်သည်။ သင့်တွင် အရည်အချင်းမရှိပေ။ သို့တိုင်အောင် ကျွန်ုပ်နှင့် ယှဉ်ပြိုင်ရဲသလော။’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက စဉ်းစားသောအရာဖြစ်သည်။ အန္တိခရစ်၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အခြားလူတို့ကို ဖိနှိပ်ရန်၊ သေးသိမ်စေရန်၊ အခြားလူတို့အထက်တွင် မိမိတို့ကိုယ်ကို ထားရှိရန် နည်းလမ်းတစ်ခုကို စဉ်းစားကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတိုင်း၊ သို့မဟုတ် ၎င်းတို့နှင့်အတူ အလုပ်လုပ်သောသူတိုင်းကို အန္တိခရစ်က ဆက်ဆံသောပုံစံဖြစ်သည်။...ဤမကောင်းမှုများအပြင် အန္တိခရစ်များသည် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသောအရာကို လုပ်ဆောင်ကြသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတို့အပေါ် မည်သို့ဩဇာအရှိန်အဝါ ရယူရမည်ကို အဖြေရှာဖို့ အစဉ် ကြိုးစားနေကြခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် မထိမ်းမြှားမီ ကာမကျူးလွန်ခဲ့လျှင်၊ သို့မဟုတ် အခြားပြစ်မှားမှုအချို့ကျူးလွန်ခဲ့လျှင် အန္တိခရစ်များသည် ထိုသူတို့ကို တိုက်ခိုက်ရန် ဤအရာများကို ခုတုံးအဖြစ် လက်မလွှတ်တမ်းအသုံးချသည်။ ထိုသူများ အပျက်သဘောဆောင်စေရန်အတွက် ၎င်းတို့၏ တာဝန်များထမ်းဆောင်ရာတွင် စိတ်ထက်သန်မှုလျော့ကျစေရန်အတွက် ၎င်းတို့ကို စော်ကားရန်၊ ဖော်ထုတ်ရန်၊ အသရေဖျက်ရန်၊ တံဆိပ်ကပ်ရန် အခွင့်အလမ်းများကို ရှာသည်။ သမ္မာတရားကို လိုက်စားသောသူတို့ အထီးကျန်စေရန် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိုသူတို့အား ခွဲခြားဆက်ဆံရန်၊ ရှောင်ကြဉ်ရန်၊ ငြင်းပယ်ရန်လည်း အန္တိခရစ်များက ပြုလုပ်သည်။ အဆုံးတွင် သမ္မာတရားကို လိုက်စားသောထိုသူအားလုံးတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ၊ ၎င်းတို့၏ တာဝန်များကို တက်တက်ကြွကြွထမ်းဆောင်ခြင်းမရှိတော့သောအခါ၊ စုဝေးပွဲများကို မတက်လိုသောအခါတွင် အန္တိခရစ်များ၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့က ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မခြိမ်းခြောက်တော့သည်နှင့်၊ ၎င်းတို့ကို မည်သူကမျှ မတိုင်ကြားရဲ၊ မဖော်ထုတ်ရဲတော့သည်နှင့် အန္တိခရစ်များက စိတ်အေးလက်အေးဖြစ်နိုင်သည်။...အချုပ်အားဖြင့် အန္တိခရစ်တို့၏ ဤသရုပ်သကန်များအရ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတွင် လူတို့ကို ဦးမဆောင်နေသောကြောင့်၊ ထိုသူတို့ကို အသက်နှင့် ပံ့ပိုးပေးခြင်းနှင့် သမ္မာတရားကို ရရှိစေခြင်းမရှိသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်ကို မထမ်းဆောင်နေကြောင်း ကျွန်ုပ်တို့ ဆုံးဖြတ်နိုင်သည်။ ထိုအစား ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်ဖျက်ဆီးကြသည်။ အသင်းတော်အလုပ်ကို ဖြိုဖျက်ပြီး ဖျက်ဆီးသည်။ သမ္မာတရားကိုလိုက်စားခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်းလမ်းကြောင်းပေါ်တွင် လူတို့အား ကြန့်ကြာစေသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို လမ်းလွဲရန် ဦးဆောင်လိုပြီး ကယ်တင်ခြင်းကို ပေးအပ်ခြင်းခံရဖို့ အခွင့်အရေးကို ၎င်းတို့အား ဆုံးရှုံးစေလိုသည်။ ဤသည်မှာ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းအားဖြင့် အန္တိခရစ်များက ရရှိလိုသော အဆုံးစွန်သော အပြစ်ရှိသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်က ကျွန်မကို တော်တော်ထိတယ်။ အန္တိခရစ်တွေက သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေဖို့အတွက် သမ္မာတရားရှာဖွေသူတွေကို အမှားရှာပြီး မတရားချိုးနှိမ်ပြောပြီးတော့ သူများတွေကို ဖိနှိပ်ပြီး ဖယ်ကြဉ်တာကို ဘုရားက ဖော်ထုတ်တယ်။ ဒါက ကျွန်မက အစ်မချန်းကို ဆက်ဆံနေတဲ့ပုံစံပဲမဟုတ်ဘူးလား။ ရွေးကောက်ပွဲလုပ်နေတုန်းမှာ လူတိုင်းက အစ်မချန်းကို မျက်နှာသာပေးတာကို ကျွန်မ မြင်တဲ့အချိန်မှာ ကျွန်မတို့အတူတူအလုပ်လုပ်တဲ့အခါမှာ တခြားလူတွေအားလုံးက သူ့အကြံအတိုင်းလိုက်လုပ်ပြီး သူက အားလုံးက အာရုံစိုက်တာခံရတာကို ကျွန်မ တွေးမိတယ်။ သူက ကျွန်မအမှားတွေကိုလည်း ခဏခဏ ထောက်ပြပြီး ကျွန်မ သိက္ခာကျအောင်လုပ်တယ်။ သူ အရွေးခံရရင် ညီအစ်ကိုမောင်နှမတွေက သူပြောတာကိုပဲ နားထောင်ပြီး လေးစားကြမှာ၊ ဘယ်သူမှ ကျွန်မအကြံအတိုင်းလိုက်မလုပ်မှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက လန့်ဖြန့်ပြီး သူ့အရည်အချင်းတွေကို တက်တက်ကြွကြွနဲ့ ငြင်းပယ်တယ်။ အရင်က သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဖြစ်ရပ်တွေကို ပုံကြီးချဲ့ပြောတယ်။ သူက ဘဝအတွေ့အကြုံမရှိဘူး၊ သမ္မာတရားကို မရှာဖွေဘူးလို့ ကျွန်မ ပြောပြီး သူ့ကို လူတိုင်းက မဲမပေးအောင် လူတိုင်းက သူ့ကို အမြင်စောင်းလာအောင် လှည့်စားဖို့ ကြိုးစားခဲ့တယ်။ ခေါင်းဆောင်က ကျွန်မပြဿနာကို သတိထားမိပြီး လူတွေကို မမျှမတဆက်ဆံတဲ့အတွက် ကျွန်မကို ဝေဖန်တော့ ကျွန်မ ဖြစ်စေချင်တာမဖြစ်ဘူးဆိုတာ မြင်ပြီး ကျိုးကြောင်းမသင့်ဖြစ်လာပြီး ကိုယ့်တာဝန်ကို စွန့်ပစ်ချင်ခဲ့တယ်။ ကျွန်မပြောသမျှက ကောက်ကျစ်မှုတွေ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေပြည့်နေခဲ့တယ်။ ဒါတွေအားလုံးက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲ။ ဒါက ဂုဏ်အဆင့်အတန်းကို ခိုင်မာစေဖို့ သမ္မာတရားကို ရှာဖွေသူတွေကို တိုက်ခိုက်တဲ့ အန္တိခရစ်တွေနဲ့ ဘယ်လိုကွာခြားမှာလဲ။ အသင်းတော်အလုပ်မှာ ပါရမီရှိသူတွေကို အရေးတကြီးလိုအပ်နေတယ်။ အစ်မချန်းက ဖောက်ပြန်ပျက်စီးမှု လက္ခဏာတွေပြပြီး အားနည်းချက်တွေရှိပေမဲ့ သူ့မှာ တရားမျှတမှုအသိစိတ်ရှိပြီး တာဝန်ခံယူမှုရှိတယ်။ သူက ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူက ခေါင်းဆောင်ရဲ့ အရည်အချင်းတွေနဲ့ ညီတယ်။ ဒါပေမဲ့ သူများတွေရဲ့ အမြင်မှာရှိတဲ့ ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းကို သူက ခြိမ်းခြောက်မှာကို ကျွန်မ စိုးရိမ်မိတယ်။ အဲဒါနဲ့ ကျွန်မက အသင်းတော်အလုပ်ကို နည်းနည်းလေးမှ မစဉ်းစားဘဲ သူ့ကို မတရားချိုးနှိမ်ပြီး ဖယ်ကြဉ်ဖို့ ကြိုးစားတယ်။ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ မတွေးခဲ့ဘူး။ ကျွန်မတာဝန်ကို မထမ်းဆောင်ခဲ့ပါဘူး။ ကျွန်မက အသင်းတော်အလုပ်ကို ကြားဝင်ပြီး နှောင့်ယှက်နေတာပဲ။ ကျွန်မက မကောင်းမှုလုပ်နေတာပါ။ ဒါကို သဘောပေါက်သွားပြီး ကျွန်မလုပ်ရပ်တွေက တကယ်ကို စိတ်ပျက်စရာပဲလို့ ရုတ်တရက် ခံစားမိတယ်။ အရင်တုန်းက လူတွေကို ဖယ်ကြဉ်ပြီး အပြစ်ဒဏ်ပေးတာက အန္တိခရစ်ရဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ကျွန်မ အမြဲတမ်းစဉ်းစားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မလည်း အန္တိခရစ်စိတ်သဘောထားရှိပြီး အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ နောင်တမရရင် ဘုရားသခင်က ဖော်ထုတ်ပြီး ထုတ်ပယ်မှာပဲ။ ဒါကို သဘောပေါက်လာပြီး ကျွန်မ နည်းနည်းလန့်သွားတယ်။ ဒါပေမဲ့ ကိုင်တွယ်ဖြေရှင်းတာ၊ ဖော်ထုတ်တာခံရပြီး ကျွန်မက ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်က မျှော်လင့်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဖို့ အစ်မချန်းနဲ့ တကယ်ကို ပူးပေါင်းဆောင်ရွက်သင့်တယ်။ အဲဒီနောက်တော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းကိ ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောခဲ့တယ်။ ကျွန်မရဲ့ အရင်က ဖော်ပြချက်တွေကို သူတို့ပိုင်းခြားသိမြင်နိုင်ပြီး အစ်မချန်းကို ကောင်းကောင်းဆက်ဆံနိုင်အောင်ပေါ့။ အစ်မချန်းကို ကျွန်မ မြင်တဲ့အခါမှာ သူ့ကို ဖယ်ကြဉ်တာ၊ အတိုက်အခံလုပ်တာတွေ ကျွန်မ မလုပ်တော့ဘူး။ ပြီးတော့ သူ့ကို တက်တက်ကြွကြွနဲ့ သွားတွေ့တယ်။ အလုပ်ကို ဆွေးနွေးပြီး သူနဲ့ ပူးတွဲပြီးလုပ်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ အချင်းချင်း တော်တော်ကိုပိုပြီး အဆင်ပြေလာတယ်။ ကျွန်မလည်း အရမ်းကို စိတ်အေးသွားတယ်။ အထူးသဖြင့် စုဝေးပွဲတစ်ခုမှာ အစ်မချန်းက သူ့ရဲ့ လတ်တလောအတွေ့အကြုံကို အရမ်းကို လက်တွေ့ကျကျပြောနေတာကို ကျွန်မကြားပြီး သူခေါင်းဆောင်ဖြစ်မလာအောင် ကျွန်မ ဆက်တိုက်တားဆီးနေပြီး မကောင်းမှုလုပ်မိလုနီးပါးဖြစ်ခဲ့တာကို စဉ်းစားမိတဲ့အခါမှာ ပိုပြီးတော့တောင် နောင်တရပြီး အပြစ်ရှိသလိုခံစားရတယ်။

နောက်ပိုင်းမှာ ကျွန်မ သမ္မာတရားကို ဆက်ရှာဖွေပြီး ဒီပြဿနာရဲ့ အရင်းအမြစ်ကို သုံးသပ်ကြည့်တယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။...အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လောက်တပ်မက်တယ်၊ သူတို့လုပ်သမျှက သူတို့ရဲ့ အာဏာကို လိုက်စားမှုအတွက်ဖြစ်တယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ပြတယ်။ သူတို့က လူတိုင်းကို သူတို့ကို နာခံစေချင်တယ်။ လူတိုင်းရဲ့ စိတ်နှလုံးမှာ နေရာတစ်နေရာရှိချင်တယ်။ လက်တွေ့မှာတော့ သူတို့က ကိုယ်ပိုင်အမှီအခိုကင်းတဲ့ နယ်မြေကိုတည်ထောင်ဖို့ ဒါတွေအားလုံးကို လုပ်ကြတာ။ သူတို့က ယုံကြည်သူတွေကိုရဖို့ ဘုရားနဲ့ ယှဉ်ပြိုင်ပြီး လူတွေကို သူတို့ကို ကိုးကွယ်စေချင်တယ်။ ကျွန်မရဲ့ ဖော်ပြမှုတွေက ဘုရားသခင်ဖော်ထုတ်တဲ့သူတွေလိုပဲဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက အမြဲတမ်း သူများတွေရဲ့ အမြင်မှာရှိတဲ့ ကျွန်မပုံရိပ်ကို ပျိုးထောင်ဖို့ ကြိုးစားတယ်။ အဆင့်အတန်းကို ရှာဖွေတယ်။ အဆုံးအဖြတ်ပေးခွင့်ရှိပြီး လူတိုင်းက အာရုံစိုက်တာကိုရတယ်။ ကျွန်မထက် ပိုပြီး ပါရမီရှိတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ကျွန်မက သူ့ကို ကျွန်မရဲ့ ဂုဏ်အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ပြီး သူ့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်တယ်။ ဒါ အစ်မချန်းကို ကျွန်မ ဆက်ဆံတဲ့ပုံစံပဲ။ သူက ခေါင်းဆောင်အနေနဲ့ အရွေးခံရရင် ကိုယ့်ကိုယ်ကိုယ် လူအလေးစားခံရအောင်မလုပ်နိုင်မှာကို စိတ်ပူပြီး သူ့ကို မဲမပေးအောင် သူများတွေကို လှည့်စားဖို့အတွက် သူ့ရဲ့ အရင်က ဖောက်ပြန်ပျက်စီးမှုကို ပုံကြီးချဲ့ပြောတယ်။ တွဲဘက်အသစ်တစ်ယောက် အရွေးခံရဖို့တောင် မျှော်လင့်ခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မက ခေါင်းဆောင်ဖြစ်တာ ပိုပြီးတော့ကြာခဲ့တာကို ကြည့်ရင် ကျွန်မက ဘာကိုပဲပြောပါစေ၊ လုပ်ပါစေ၊ စည်းမျဉ်းနဲ့ မကိုက်ရင်တောင် ကျွန်မရဲ့ တွဲဘက်အသစ်က သတိထားမိမှာမဟုတ်ဘူး။ ကျွန်မကို ဖော်ထုတ်မှာ၊ အပြစ်တင်မှာမဟုတ်ဘူး။ ကျွန်မက အသင်းတော်မှာ ထိပ်ဆုံးက ရှိနေနိုင်တယ်။ ကျွန်မပြောသမျှအတိုင်းဖြစ်ပြီး ကျွန်မလုပ်ချင်တာ ဘာမဆိုလုပ်နိုင်တယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေက လုံးဝ ထိန်းလို့မရတော့ဘူး။ ကျွန်မက နောက်လိုက်တွေရဖို့ ဘုရားနဲ့ ယှဉ်ပြိုင်နေပြီး ကိုယ်ပိုင်အမှီအခိုကင်းတဲ့ နယ်မြေ တည်ဆောက်နေတာပဲ။ ကျွန်မရဲ့ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူများတွေကိုတောင် ဖိနှိပ်ပြီး ဖယ်ကြဉ်ခဲ့တယ်။ ဒါက သူတို့နဲ့သဘောထားကွဲလွဲသူတွေကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နေတဲ့ စီစီပီနဲ့ ဘာကွာလို့လဲ။ သူတို့ရဲ့ အာဏာရှင်ဆန်တဲ့အုပ်စိုးမှုကို ထိန်းသိမ်းပြီး အားလုံးကို သူတို့ကို ကိုးကွယ်နာခံအောင်လုပ်ဖို့ သူတို့ရဲ့ အဆင့်အတန်းနဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်တဲ့ဘယ်သူကိုမဆို ဖိနှိပ်ပြီး အမြစ်ဖြတ်ဖို့ သူတို့ရဲ့ အာဏာကို အသုံးပြုတယ်။ ကျွန်မက စီစီပီက သူတို့ရဲ့ သားကောင်တွေကို ဆက်ဆံသလို အစ်မချန်းကို ဆက်ဆံနေတာပဲ။ ကျွန်မက ဂုဏ်အဆင့်အတန်းအတွက်နဲ့ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်လာသလဲဆိုတာကို မယုံနိုင်ဘူး။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်အလုပ်ကို ပြီးမြောက်ဖို့အတွက် သမ္မာတရားကို လိုက်စားသူတွေနဲ့ အတူတူလုပ်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေကို ဘုရားရှေ့ကို ခေါ်ဆောင်သင့်တယ်။ ဒါပေမဲ့ ကျွန်မစဉ်းစားလို့ရသမျှက ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲ။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားရဲ့ စေခိုင်းချက်အတွက် နေရာမရှိဘူး။ ဘုရားကို ကြောက်ရွံ့သူမဟုတ်ခဲ့ဘူး။ ဘုရားသခင်ကို ကျွန်မ နှစ်တွေအကြာကြီး ယုံခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဆင့်အတန်းအတွက် အမြင်စောင်းပြီး လူတွေကို ဖိနှိပ်နေတုန်းပဲ။ ဘုရားကို ဆန့်ကျင်ပုန်ကန်တုန်းပဲ။ ဘုရားကို ကျွန်မ တကယ်ကို စိတ်ပျက်စေခဲ့ပြီး စက်ဆုပ်ရွံရှာစေခဲ့တယ်။

နောက်ပိုင်းမှာ အစ်မချန်းကို ကျွန်မ ဖိနှိပ်ပြီး ဖယ်ကြဉ်တဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုရှိတာကို သဘောပေါက်သွားတယ်။ သူက ကျွန်မကို ဆက်တိုက်ဖော်ထုတ်ပြီး သိက္ခာကျအောင်လုပ်နေတာ။ ဒီအခြေအနေနဲ့ပတ်သက်တဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့တယ်။ “သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို ရှောင်ဖို့ ဆန္ဒရှိပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို ချစ်သည့် တော်ဖြောင့်သော လူများထံ တက်ကြွစွာ ချဉ်းကပ်သင့်သည်။ ပြဿနာတစ်ခုကို တွေ့သောအခါတွင် သင့်အား အကြံဉာဏ်ပေးနိုင်သောလူများ၊ အမှန်အတိုင်းပြောပြနိုင်ပြီး ဝေဖန်နိုင်သောသူများ၊ အထူးသဖြင့် ပြဿနာတစ်ခုကို တွေ့သောအခါတွင် သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်သောသူများကို သင် နီးကပ်အောင် လုပ်ဆောင်သင့်သည်။ ဤသည်မှာ သင့်အတွက် အလွန်အမင်း အကျိုးဖြစ်စေနိုင်သောသူ ဖြစ်သည်။ သင်သည် ထိုသူကို ချစ်မြတ်နိုးသင့်သည်။ ဤလူကောင်းမျိုးကို သင်က ငြင်းပယ်ပြီး သင်၏အမြင်မှ ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရလိမ့်မည်။ ကံကြမ္မာဆိုးသည် ဖြေညှင်းစွာဖြင့် နီးကပ်လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများကို သင်နီးကပ်အောင် ပြုလုပ်လျှင် သင်သည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ကံကြမ္မာဆိုးကို ရှောင်ကြဉ်နိုင်လိမ့်မည်။ နိမ့်ကျသောလူများ၊ အရှက်ကင်းမဲ့သူများ၊ မြှောက်ပင့်သူများနှင့် သင်နီးကပ်အောင် လုပ်ဆောင်လျှင် သင်သည် အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်သည် အရူးလုပ်ခံရပြီး လိမ်ညာခံရနိုင်ခြေရှိရုံမကဘဲ ကံကြမ္မာဆိုးသည် အချိန်မရွေး သင့်အပေါ် ကျရောက်နိုင်သည်။ မည်သူက သင့်အတွက် အကျိုးအဖြစ်ဆုံးဖြစ်သည်ကို သင်သိရမည်။ တစ်စုံတစ်ခုကို သင်မှားယွင်းလုပ်ဆောင်သောအခါ၊ သင့်ကိုယ်သင် မြှင့်တင်ပြီး သက်သေခံကာ အခြားလူတို့ကို လှည့်စားရန် သင် ကြိုးစားသောအခါတွင် သင့်ကို ထောက်ပြသောသူသည် သင့်အတွက် အကျိုးအဖြစ်ဆုံးသောသူမျိုးဖြစ်သည်။ ၎င်းတို့နှင့် နီးကပ်အောင် ပြုလုပ်ခြင်းသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ ဤအရာကို သင်တို့ လုပ်ဆောင်နိုင်သလော။ တစ်စုံတစ်ယောက်က သင့်အား အရှက်ရစေသည့်အရာတစ်ခုကို ပြောလျှင် သင်က ၎င်းတို့အပေါ် တစ်သက်လုံး အာဃာတထားကာ ‘အဘယ်ကြောင့် ငါ့ကို သင် ဖော်ထုတ်သနည်း။ ငါသည် သင့်အား ဆိုးရွားစွာ မဆက်ဆံခဲ့ပေ။ အဘယ်ကြောင့် ငါ့အား အစဉ် ခက်ခဲစေသနည်း။’ ဟု ဆိုသည်။ သင့်စိတ်နှလုံးတွင် အာဃာတတစ်ခုထားရှိသည်။ ဤသည်မှာ ကွဲပြားမှုတစ်ခုကို ဖြစ်ပေါ်စေပြီး သင်က ‘ခေါင်းဆောင်တစ်ယောက်အနေဖြင့် သင့်အား ဤသို့ပြောဆိုခြင်းကို တားမြစ်ရန် ရာထူးနှင့် အဆင့်အတန်း ငါ့တွင်ရှိသည်။’ ဟု အစဉ် ခံစားရသည်။ ဤသည်မှာ မည်သည့်ဖော်ပြချက်ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လက်မခံဘဲ အခြားလူများနှင့်ယှဉ်ပြိုင်သည့် ဖော်ပြချက်တစ်ခုဖြစ်သည်။ ဤသည်မှာ အနည်းငယ် ကျိုးကြောင်းမဆီလျော်ပေ။ ဤသည်မှာ အဆင့်အတန်းအတွက် အရေးစိုက်မှုကြောင့် ပြုမူခြင်းမဟုတ်လော။ ယင်းသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသည်။ အဆင့်အတန်းကို အစဉ် အလွန်အကျွံ အရေးစိုက်သောလူများသည် ၎င်းတို့အတွင်း၌ အန္တိခရစ်စိတ်သဘောထားတစ်ခု ပြင်းထန်နေသောသူများဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် မကောင်းမှုကို လုပ်ဆောင်နိုင်လျှင် ချက်ချင်း ဖော်ထုတ်ခံရမည်။ သမ္မာတရားကို ငြင်းပယ်ပြီး သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် ကြီးမားသောအန္တရာယ်ကျရောက်နေပြီဖြစ်သည်။ အဆင့်အတန်းအတွက် အစဉ်ယှဉ်ပြိုင်ကြိုးစားပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို တပ်မက်ခြင်းသည် အန္တရာယ်ဖြစ်လာတော့မည့် လက္ခဏာဖြစ်သည်။ လူတစ်ယောက်၏ စိတ်နှလုံးသည် အဆင့်အတန်းအားဖြင့် အစဉ်သဖြင့် အုပ်စိုးခြင်းခံရလျှင် ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်သလော။ လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ရရှိရန် အစဉ်လုပ်ဆောင်လျှင်၊ ၎င်းတို့၏ သြဇာအာဏာကို အသုံးချပြီး အစဉ်လုပ်ဆောင်လျှင် ဤသည်မှာ သိသာစွာပင် အန္တိခရစ်က ၎င်း၏ သရုပ်မှန်ကို ပြသနေခြင်းမဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဒီအပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လှောင်ပြောင်ဖို့၊ မတရားချိုးနှိမ်ပြောဖို့ အရှက်ခွဲဖို့အတွက် ဖော်ထုတ်ပြီး ပြုပြင်နေတာမဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်သိလာအောင် ကူညီဖို့ပဲ။ ဒါက ကျွန်မဘဝအတွက် အကျိုးရှိပြီး လမ်းမှားမလိုက်မိအောင် သေချာလုပ်ပေးတယ်။ အရင်နှစ်တုန်းက အစ်မချန်းနဲ့အတူ အလုပ်လုပ်နေတုန်းမှာ ကျွန်မက အရမ်းကို မာနကြီးပြီး ထင်သလိုလုပ်နေတာကို သတိထားမိပြီးတဲ့နောက်မှာ သူက ကျွန်မကို တိုက်ရိုက်ဖော်ထုတ်တာကို ကျွန်မ တွေးမိတယ်။ သူက ချစ်ချစ်ခင်ခင်နဲ့ကျွန်မကို ပံ့ပိုးပေးနေတာပါ။ ကျွန်မကို ကြီးကြပ်ဖို့အတွက် ကျွန်မအနားမှာ ဒီလိုလူမျိုးရှိတာက ကျွန်မ အသက်ဝင်ရောက်မှုအတွက် အကျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ဘုရားသခင်ဆီကလာတယ်လို့ မမှတ်ယူဘဲ အစ်မချန်းရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို အဓိပ္ပာယ်ကောက်လွဲခဲ့တယ်။ ကျွန်မကို တိုက်ရိုက်ဖော်ထုတ်ပြီး ပြုပြင်ပြီးတော့ ကျွန်မကို သိက္ခာကျအောင်လုပ်နေတယ်လို့ပဲ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ကျွန်မက သူ့ကို အမြင်စောင်းပြီး ဖယ်ကြဉ်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ အန္တိခရစ်စိတ်သဘောထားကို ဖော်ပြတာတွေပဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတယ်။ သမ္မာတရားကို လိုက်စားတဲ့ ရိုးသားပြီး ဖြောင့်မတ်တဲ့လူတွေနဲ့ ကျွန်မ အချိန်ပိုကုန်ရမယ်။ ကျွန်မက တစ်ခုခုမှားလုပ်ပြီး စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့အခါ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို စွန့်ပစ်ပြီး သူတို့အတွေးတွေကို နားထောင်သင့်တယ်။ ဒါဆိုရင် ကျွန်မ မကောင်းမှုမလုပ်ဖို့ သေချာသွားမယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ပေမဲ့ ကျွန်မ နားမလည်တဲ့ ပြဿနာတွေအများကြီးရှိသေးတာကို ကျွန်မ တွေးမိတယ်။ ကျွန်မတို့က ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ထိန်းချုပ်တာကို ခံရတော့ ကျွန်မတို့က ကိုယ့်တာဝန်တွေမှာ မလွှဲသာမရှောင်သာ နှောင့်ယှက်တာ၊ ကြားဝင်တာတွေ နည်းနည်း ဖြစ်မှာပဲ။ ဒါကြောင့် သူများတွေနဲ့ သင့်သင့်မြတ်မြတ်အလုပ်လုပ်ပြီး အချင်းချင်း ကူညီပံ့ပိုးမှသာ ကျွန်မတို့တာဝန်တွေကို လုပ်နိုင်ပြီး အသင်းတော်အလုပ်ကို ကောင်းကောင်းဆောင်ရွက်နိုင်မယ်။ ဘုရားအလိုတော်ကို နားလည်သွားတာနဲ့ ကျွန်မ အစ်မချန်းကို ဖွင့်ပြောပြီး သူ့ကို တောင်းပန်လိုက်တယ်။ ကျွန်မ သူ့ကို တိုက်ခိုက်ပြီး ဖိနှိပ်တဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်တယ်။ ဒါကိုကြားပြီး အစ်မချန်းက ကျွန်မထင်သလို ကျွန်မကို အထင်သေးတာ၊ မုန်းတာ မဖြစ်ဘူး။ ကျွန်မကို ကူညီဖို့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုပဲ မိတ်သဟာယပြုတယ်။ ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့တော့ ကျွန်မတို့က ကိုယ့်ရဲ့ တစ်ဖက်သတ်အမြင်တွေကို ဘေးဖယ်ထားနိုင်တယ်။

နောက်ပိုင်းမှာ တစ်ခါတော့ ကျွန်မက တခြားပရောဂျက်တွေနဲ့ အလုပ်ရှုပ်နေလို့ တချို့ အထွေထွေကိစ္စတွေကို လျစ်လျူရှုလိုက်တယ်။ နှစ်လကြာပြီးတဲ့နောက် အထွေထွေကိစ္စတွေကို ကိုင်တွယ်ခဲ့တဲ့ သူတွေနဲ့ စုဝေးပွဲလုပ်ဖို့ရှိမှပဲ သတိရမိတယ်။ အထွေထွေကိစ္စတွေကို ဦးဆောင်ရတဲ့ အစ်မယန်က ကျွန်မကို ဝေဖန်တဲ့နေရာမှာ တဲ့တိုးပဲပြောတယ်။ “အစ်မက ကျွန်မတို့နဲ့ စုဝေးပွဲမလုပ်တာ နှစ်လကြာပြီ။ ကျွန်မတို့တာဝန်တွေမှာရှိတဲ့ ပြဿနာတွေကို အစ်မ မဖြေရှင်းဘူး။ ဒါကြောင့် ကျွန်မတို့ ဘဝတွေအားလုံးက အပျက်သဘောဆောင်ပြီး ထိခိုက်ကုန်တယ်။ အလုပ်ကို ခွဲပေးပြီး မစီမံတဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက အယောင်ဆောင်ခေါင်းဆောင်တွေဖြစ်တယ်လို့ ဘုရားနှုတ်ကပတ်တော်ကပြောတယ်” တဲ့။ ဒီအစ်မက ဒီလိုပြောတာကို ကြားတော့ ကျွန်မက ခံစားချက်တွေ ရောထွေးနေတယ်။ “ကျွန်မက ဒီနှစ်လမှာ အစ်မတို့အခြေအနေကို မေးပါတယ်။ ခဏခဏမမေးတာပဲရှိတာ။ ပြီးတော့လည်း ဒါက တခြားအလုပ်တွေနဲ့ ရှုပ်နေလို့ပါ။ ဒီအတွက်နဲ့ ကျွန်မကို အယောင်ဆောင်ခေါင်းဆောင်လို့ ခေါ်လို့မရဘူးလေ။ အစ်မက ဒီလိုမျိုးပြောတော့ ကျွန်မက အစ်မလုပ်ကို ဘယ်လိုဆက်ပြီး စစ်ဆေးရမှာလဲ။ ကျွန်မက အမှားတစ်ခုခုလုပ်တာကို အစ်မက ထပ်တွေ့သွားပြီး ကျွန်မကို အယောင်ဆောင်ခေါင်းဆောင်ဆိုပြီး အထက်ပိုင်းခေါင်းဆောင်တွေကို တိုင်ရင် ကျွန်မ အဆင့်အတန်း ဆုံးရှုံးမှာမဟုတ်ဘူးလား။ ဒါဆိုမဖြစ်ဘူး။ နောင်မှာ အစ်မကို အလုပ်ကို ကြီးကြပ်ခွင့်ပေးလို့မဖြစ်ဘူး” ပေါ့။ ဒါပေမဲ့ အရင်လတုန်းက အစ်မချန်းကို ကျွန်မ တိုက်ခိုက်ပြီး ဖယ်ကြဉ်ခဲ့တာကို ကျွန်မ တွေးမိတယ်။ အခုလည်း ကျွန်မက အစ်မယန်က သူ့အမြင်ကို ထုတ်ပြောပြီးတဲ့နောက်မှာ သူ့ကို အလုပ်ကို မကြီးကြပ်စေချင်ပြန်ဘူး။ ကျွန်မက မတူတဲ့အမြင်ရှိတဲ့သူတွေကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နေတုန်းပဲမဟုတ်ဘူးလား။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရတယ်။ “သင့်အား သမ္မာတရားကို ပြောပြနိုင်သောလူတို့နှင့် နီးကပ်အောင် သင်လုပ်ဆောင်ရမည်။ ထိုသို့သောလူမျိုးကို သင့်ဘေးတွင် ထားရှိခြင်းသည် အကျိုးများစွာဖြစ်စေသည်။ အထူးသဖြင့် သင်သည် ပြဿနာတစ်ခုရှိသည်ဟု တွေ့ရှိပြီးသည့်နောက် သင့်အား ဝေဖန်ဖော်ထုတ်ရဲသောသူများဖြစ်သည်။ ထိုကဲ့သို့သော ကောင်းသောလူမျိုးကို သင့်ဘေးတွင် ထားရှိခြင်းသည် သင့်အား လမ်းလွဲခြင်းမှ ကာကွယ်ပေးနိုင်သည်။ သင်က သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့က တွေ့ရှိလျှင် ၎င်းတို့သည် သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ဖြစ်စေ သင့်အား လိုအပ်သလို ဝေဖန်လိမ့်မည်။ လိုအပ်သလို ဖော်ထုတ်လိမ့်မည်။ ဤသည်မှာ တရားမျှတစိတ်ရှိသော ဖြောင့်မှန်သောသူဖြစ်သည်။ ၎င်းတို့က သင့်ကို မည်သို့ဖော်ထုတ်ပြီး ဝေဖန်ပါစေ ထိုအရာများအားလုံးက သင့်ကို ကူညီပေးနိုင်သည်။ ထိုအရာအားလုံးသည် သင့်အပေါ် ကြီးကြပ်ခြင်းနှင့် တွန်းအားပေးခြင်းဖြစ်သည်။ ထိုကဲ့သောသူမျိုးအနီးသို့ သင်ချဉ်းကပ်ရမည်။ သင့်အားကူညီရန် သင့်ဘေးတွင် ထိုလူမျိုးရှိလျှင် သင်သည် အလွန်ပင်ပို၍ ဘေးကင်းသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်ကို ပြန်စဉ်းစားရင်းနဲ့ ကျွန်မ တဖြည်းဖြည်းချင်း စိတ်ငြိမ်သွားတယ်။ အစ်မယန်က နည်းနည်းကြမ်းတယ်။ ဒါပေမဲ့ သူက အရှိအတိုင်းပြောနေတာပါ။ အဲဒီအချိန်အတွင်းမှာ သူ့အခြေအနေကို ကျွန်မ တကယ်နားမလည်ခဲ့ဘူး။ သူ့ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး။ သူ့ဘဝက တကယ်ပဲ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူတွေရဲ့ အခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သူတိ့ပြဿနာတွေကို ဖြေရှင်းဖို့က ကျွန်မတာဝန်ပဲ။ ကျွန်မက ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ ဒီတာဝန်ကို ရှောင်လို့မရဘူး။ ဒါပေမဲ့ ကျွန်မက အစ်မယန်အတွက် ဘာအရေးစိုက်မှုမှ မပြခဲ့ဘူး။ သူက ကျွန်မကို အကြံနည်းနည်းပေးတော့ ကျွန်မက သိက္ခာကျတယ်လို့ ထင်တာကြောင့် သူ့ကို အငြိုးကြီးကြီးနဲ့ တိုက်ခိုက်ချင်ခဲ့တယ်။ ကျွန်မက တကယ်ကို အဆိပ်အတောက်ဖြစ်တာပဲ။ အစ်မယန်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ သူက ကျွန်မအလုပ်ကို ကြီးကြပ်ပြီး သမ္မာတရားကို လက်တွေ့လုပ်နေတာပါ။ ကျွန်မက သူ့ကို တိုက်ခိုက်ပြီး လက်စားချေရင် ကျွန်မက သမ္မာတရားကို ဆန့်ကျင်ပြီး မကောင်းမှုလုပ်နေတာပဲ။ ဒါကို သဘောပေါက်ပြီး ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးက မကောင်းတဲ့သဘာဝရှိတာကို သဘောပေါက်ပါတယ်။ သိက္ခာဆည်ပြီး သမီးရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် အစ်မယန်ကို တိုက်ခိုက်ပြီး လက်စားချေချင်ခဲ့ပါတယ်။ ဒါက လူတွေကို အပြစ်ဒဏ်ပေးနေတာပဲ။ ဘုရားသခင် သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း မလုပ်ဆောင်ချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး အစ်မယန်ရဲ့ အကြံတွေကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ အစ်မယန်အပေါ် ကျွန်မ ဆက်ဆံတဲ့ပုံစံကို အပြစ်ရှိသလိုခံစားရပြီး တောင်းပန်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအံ့သြသွားတာက အစ်မယန်က ကျွန်မကို အရင်တောင်းပန်တယ်။ သူက နည်းနည်းလွန်သွားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ စကားပြောခဲ့တယ်လို့ ပြောတယ်။ ကျွန်မလည်း အစ်မယန်ကို တောင်းပန်လိုက်တယ်။ ကျွန်မက “အစ်မပြောတာ မှန်ပါတယ်။ ကျွန်မက တကယ်ကို လက်တွေ့အလုပ်ကိုမလုပ်ဘူး။ ဒါကို ပြန်သုံးသပ်ကြည့်သင့်တယ်” လို့ ပြောလိုက်တယ်။ ဒီအခြေအနေက ကျွန်မကို ဘုရားသခင်က ကာကွယ်တဲ့နည်းလမ်းပဲလို့ ကျွန်မ ခံစားမိတယ်။ လက်တွေ့အလုပ်ကိုလုပ်ဖို့ ကျွန်မ ပျက်ကွက်တဲ့အချိန်မှာ ဘုရားသခင်ကို ကျွန်မကို ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ဖော်ထုတ်ပြီး ကူညီတယ်။ ဘုရားသခင်က ဒီလို လက်တွေ့ကျတဲ့နည်းနဲ့ အလုပ်လုပ်တယ်။ ဘုရားကျေးဇူးပဲ။

ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မက စာတန်က ဖျက်ဆီးတာကို အရမ်းခံထားရပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တပ်မက်တယ်ဆိုတာ သဘောပေါက်သွားတယ်။ သိက္ခာဆည်ပြီး ကျွန်မရာထူးကို ထိန်းသိမ်းဖို့ လူတွေကို ဖိနှိပ်တာ၊ ဖယ်ကြဉ်တာတောင်လုပ်တယ်။ ဒါက အရမ်းကို စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်တယ်။ ဘယ်အခြေအနေကိုပဲ ကျွန်မတို့ ရင်ဆိုင်ရပါစေ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိမြင်ဖို့ သမ္မာတရားကိုရှာဖွေဖို့အာရုံစိုက်ရမယ်ဆိုတာလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒီအခါမှ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတာကို ရှောင်ကြဉ်နိုင်ပါတယ်။ ကျေးဇူးတော်ပဲ။

နောက်တစ်ခုသို့- ရှောင်လွှဲမရသော တာဝန်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား

ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ

အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။