လူတစ်ဦးကို မျက်ကန်းယုံကြည်ခြင်း၏ အကျိုးဆက်များ

13.12.2022

လီရွှမ်း ဖိလစ်ပိုင်နိုင်ငံ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပေါ့၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်မဝမ်ကို လက်တွေ့ကျကျ အလုပ်မလုပ်ဘူး၊ မမှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုပြီး စွပ်စွဲကြတယ်။ ကျွန်မတို့အထက်လူကြီးက စစ်ဆေးပြီးတော့၊ ဒါကို မှန်တယ်ဆိုပြီး အတည်ပြုတယ်။ သူ့ကိုလည်း တာဝန်ကနေ ဖြုတ်လိုက်တယ်။ အဲဒါတွေ ပြီးသွားတော့ အထက်လူကြီးက ကျွန်မကို မေးတယ်၊ “မင်းက သူ့လုပ်ဖော်ကိုင်ဖက်ပဲ။ အစ်မဝမ်က အလုပ်ကို လက်တွေ့ကျကျ မလုပ်ဘူးဆိုတာ မင်း မသိဘူးလား” တဲ့။ ကျွန်မလည်း ထစ်ထစ်ငေါ့ငေါ့နဲ့ သေချာ မရှင်းပြနိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မကို ကိုယ့်တာဝန်မှာ ကိုယ့်အလုပ်တစ်ခုတည်း အာရုံစိုက်တယ်၊ တခြားအလုပ်ကို အလေးမထားဘူး၊ တစ်ကိုယ်ကောင်းဆန်၊ ရွံစရာကောင်းပြီး တာဝန်မဲ့တယ်ဆိုပြီး ကိုင်တွယ်ဖြေရှင်းတယ်။ နောက်တော့ ကျန်တဲ့လူတွေကလည်း ကျွန်မက အစ်မဝမ်ကို ကာကွယ်ပေးတယ်၊ သူ့အတွက် ဖုံးဖိပေးတယ်ဆိုပြီး ပြောကြတယ်။ အဲဒီလိုပတ်ဝန်းကျင်မျိုးနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မလည်း ငါ သင်ယူရမယ့် သင်ခန်းစာတွေ ရှိရမယ်ဆိုတာ သိတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်တယ်။ အစ်မဝမ် ထုတ်ပယ်မခံရခင်တုန်းက၊ သူ့ကို စွပ်စွဲထားတဲ့ တိုင်ကြားစာတစ်ခုကို ကျွန်မ ရခဲ့တယ်။ ဧဝံဂေလိအကျိုးဆောင်တွေ ရေးထားတဲ့ အဲဒီစာထဲမှာ သူက အလုပ်ကို လက်တွေ့ကျကျမလုပ်ဘူး၊ ဧဝံဂေလိအကျိုးဆောင်တွေမှာ အခက်အခဲတွေ ရှိတဲ့အခါ ဖြေရှင်းပေးဖို့အတွက် သူက သမ္မာတရားနဲ့ မိတ်သဟာယမပြုဘူး၊ အလုပ်ရဲ့တိုးတက်မှုကိုလည်း မေးတယ်ဆိုရုံပဲ ရှိတယ်ဆိုပြီး တိုင်ကြားထားတာ။ ပြီးတော့ တာဝန်တွေ လုပ်ဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကိုလည်း သူက မေးခဲတယ်တဲ့။ မေးပြီဆိုရင်လည်း သူက ဝတ်ကျေတမ်းကျေသဘောပဲ မေးတယ်ပေါ့။ စည်းဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေက မေးခွန်းတွေ မေးပြီဆိုရင်၊ သူက ဝတ်ကျေတမ်းကျေ စကားနည်းနည်း ပြောပြီး ထွက်သွားရောတဲ့။ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူးပေါ့။ အဲဒီအချိန်မှာ ကျွန်မက အဲဒါကို သိပ်ပြီး မယုံကြည်မိဘူး။ အစ်မဝမ်က အလုပ်ကို လက်တွေ့ကျကျ မလုပ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ သူက ဧဝံဂေလိအလုပ်အတွက် တာဝန်ရှိတဲ့အပြင်၊ ဗီဒီယိုအလုပ်မှာလည်း တာဝန်ယူရတယ်။ ဗီဒီယိုအလုပ် နောက်ဆက်တွဲတွေနဲ့ အလုပ်များနေတာ ဖြစ်ရမယ်လို့ ထင်မိတာ။ အဲဒီတော့ ဧဝံဂေလိအလုပ် လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သူ့မှာ အချိန်မရှိဘူးပေါ့။ အစ်မဝမ်က အလုပ်ကဏ္ဍတော်တော်များများအတွက် တာဝန်ယူရတာ။ ဒီတော့ အလုပ်တိုင်းကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်တာ ပုံမှန်ပဲလို့ ထင်မိတယ်။ အထက်လူကြီးက အလုပ်တိုးတက်မှုအကြောင်း လာမေးတဲ့အခါတိုင်း၊ သူက လည်လည်ပတ်ပတ် ဖြေနိုင်တယ်။ သူသာ အလုပ်ကို အမှန်တကယ် မလုပ်ဘူးဆိုရင်၊ ဒီအခြေအနေတွေကို ဘယ်လိုလုပ် ထိန်းသိမ်းတတ်မှာလဲ။ သူတို့က အစ်မဝမ်ကို မှန်မှန်ကန်ကန် သဘောမထားတာ၊ သူ့အခက်အခဲတွေကို ထည့်မစဉ်းစားတာကော မဖြစ်နိုင်ဘူးလား။ ပြီးတော့ သူက မဟာလူသားမဟုတ်ဘူး။ အရာရာတိုင်းကို ကောင်းအောင် မလုပ်နိုင်ဘူး။ ရှိသမျှဟာတိုင်းအတွက် သူ့ကို အပြစ်တင်လို့ မရဘူးလေ။ ကျွန်မလည်း ဒီလိုစဉ်းစားမိတော့၊ တိုင်စာကို လေးလေးနက်နက် မထားခဲ့ဘူး။ ဧဝံဂေလိကြီးကြပ်သူကို ရှိနေတဲ့အခြေအနေအတိုင်းပဲ ပြောပြလိုက်တယ်။ နောက်တော့ ကြီးကြပ်သူက ကျွန်မကို စာထဲမှာပါတာတွေက အခြေခံအားဖြင့် မှန်နေတယ်ဆိုပြီး ပြောလာတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါကို လေးလေးနက်နက် သဘောမထားသေးဘူး။ အလုပ်မှာ လမ်းလွဲတာတွေ၊ ချို့ယွင်းတာတွေ မဖြစ်ဘူးဆိုတဲ့ ခေါင်းဆောင်မျိုး၊ အကျိုးဆောင်မျိုး မရှိဘူးလို့ပဲ ထင်မိတယ်။ ပြဿနာအကြီးကြီးလည်း မဟုတ်ဘူး။ ဒီတော့ အဲဒီလောက်လေးကို အလေးထားနေဖို့ မလိုဘူးပေါ့။ ကျွန်မလည်း အဲဒီအတိုင်းပဲ ထားလိုက်တယ်။ အခုချိန်မှာ စဉ်းစားကြည့်တော့ ကြောက်ဖို့ကောင်းလိုက်တာ။ တိုင်စာကို ရပြီးတဲ့နောက်မှာ ကျွန်မက ဘာဖြစ်လို့ အသေးစိတ် မစုံစမ်း မစစ်ဆေးခဲ့တာလဲ။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အကျိုးဆောင်တွေနဲ့ မဆွေးနွေးမိခဲ့ဘူး၊ ကိုယ့်အထက်လူကြီးကိုလည်း မပြောခဲ့ဘူး။ စာကို တိတ်တိတ်လေးပဲ ချောင်ထိုးထားလိုက်တာ။ ဒါက အစ်မဝမ်အတွက် ဖုံးဖိပေးနေတာ မဟုတ်ဘူးလား။ အဲဒါကို စဉ်းစားလေလေ ပိုပြီး ဝမ်းနည်းရလေပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း မေးမိတယ်၊ ငါ့လုပ်ဆောင်ချက်တွေမှာ ဘာဖြစ်လို့ စည်းမျဉ်းစည်းကမ်းတွေ မရှိခဲ့တာလဲ။ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်အတုဆိုပြီး တိုင်ကြားရတဲ့အထိ အရေးကြီးတဲ့ ကိစ္စမျိုးမှာ၊ ငါက ဘယ်လိုဖြစ်ပြီး လွယ်လွယ်ကြီး လွှတ်ပေးလိုက်ရတာလဲ။ အစ်မဝမ်ကို အမှန်တကယ် အလုပ်လုပ်နိုင်တယ်ဆိုပြီး ဘာဖြစ်လို့ ငါက သေချာလွန်းခဲ့တာလဲ။ ဒီကိစ္စမှာ ငါက ဘာကို အခြေခံထားတာလဲပေါ့။

နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ဖတ်ပြီးတော့မှ၊ ဒီကိစ္စကို ကျွန်မ နည်းနည်း နားလည်မှုရသွားတယ်။ “ခေါင်းဆောင်တစ်ယောက်သည် ၎င်း၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းရှိမရှိ၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဟုတ်မဟုတ်ကို မည်သို့အကဲဖြတ်နိုင်မည်နည်း။ အခြေခံအကျဆုံးအရာမှာ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိကို ကြည့်ရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် တကယ့်အလုပ်ကို အမှန်တကယ် လုပ်ဆောင်ခြင်း ရှိမရှိကို ကြည့်လော့။ ၎င်းတို့နှုတ်က ပြောသည့်အရာများနှင့် သမ္မာတရားအပေါ် မည်သည့်နားလည်ခြင်းမျိုး ၎င်းတို့ ရှိသည်တို့ကို လျစ်လျူရှုလော့။ ၎င်းတို့က အပေါ်ယံအလုပ်ကို လုပ်သည့်အခါ၊ ၎င်းတို့၌ အစွမ်းအစရှိမရှိ၊ ၎င်းတို့၌ ပါရမီနှင့် ဆုကျေးဇူးရှိမရှိ၊ ၎င်းတို့သည် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်း ရှိမရှိတို့အပေါ် အာရုံမစိုက်နှင့်၊ ဤအရာများသည် အရေးမပါပေ။ အရေးကြီးသည့်အရာမှာ ၎င်းတို့သည် အသင်းတော်၏ အခြေခံအကျဆုံးသောအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့သည် လူများကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤအလုပ်သည် အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးသော်အရာဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤတကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က၊ ‘၎င်းတို့ တကယ့်အလုပ်တစ်ခုမျှ မလုပ်ရသေးသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့ကို ခဏမျှ လေ့ကျင့်ပေးလော့။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်ဆိုးရွားသည့်အရာမျှ မလုပ်ရသေးပေ၊ သို့မဟုတ် မည်သည့်မကောင်းမှုမျှ မကျူးလွန်ရသေးပေ၊ သို့မဟုတ် မည်သည့်အနှောင့်အယှက်နှင့် ဝင်ရောက်စွက်ဖက်မှုကိုမျှလည်း မဖြစ်စေခဲ့ပေ။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည်ဟု သင်မည်သို့ပြောနိုင်မည်နည်း’ ဟု ပြောကြသည်။ ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ သင်၌ မည်မျှအရည်အချင်းရှိသည်၊ သင်၏အစွမ်းအစက မည်မျှကြီးမားသည်၊ သို့မဟုတ် သင်မည်မျှပညာတတ်သည်ဆိုသည်တို့ကို မေ့ထားလော့။ အရေးပါသည့်အရာမှာ တကယ့်အလုပ်ကို သင်လုပ်မလုပ်၊ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းခြင်း ရှိမရှိဖြစ်သည်။ သင်ခေါင်းဆောင်ဖြစ်နေသည့် သင်၏ အချိန်ကာလအတွင်းတွင် သင်၏ တာဝန်ဝတ္တရားနယ်ပယ်အတွင်းတွင်ရှိသော အသေးစိတ် အလုပ်တိုင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သလော၊ အလုပ်လုပ်ဆောင်နေစဉ်တွင် ပေါ်ပေါက်လာသော ပြဿနာမည်မျှကို သင် ထိရောက်စွာ ဖြေရှင်းခဲ့သနည်း၊ သင်၏ အလုပ်၊ သင်၏ ခေါင်းဆောင်မှု၊ သင်၏ လမ်းပြမှုတို့ကြောင့် လူမည်မျှသည် သမ္မာတရား၏ အခြေခံသဘောတရားများအား နားလည်လာခဲ့ကြသနည်း၊ အသင်းတော်၏ အလုပ်မည်မျှသည် ခရီးရောက်ခဲ့ပြီး ရှေ့ဆက်တိုးခဲ့သနည်း။ အရေးပါသည့်အရာမှာ ဤအရာများဖြစ်သည်။ ဘုရားစာမည်မျှကို သင်ထပ်ခါထပ်ခါ ရွတ်ဆိုနိုင်ပုံ၊ စကားလုံးများနှင့် အယူဝါဒမည်မျှကို သင်ကျွမ်းကျင်တတ်မြောက်ထားပုံတို့ကို မေ့ထားလော့။ နေ့စဉ် ပင်ပန်းစွာလုပ်ကိုင်လျက် သင်အချိန်မည်မျှ ကုန်ဆုံးခဲ့သည်၊ မည်မျှ မောပန်းသည်တို့ကို မေ့ထားလော့။ လမ်းပေါ်တွင် သင်မည်မျှအချိန်ကုန်ဆုံးစေခဲ့သည်၊ အသင်းတော်မည်မျှကို သင်သွားရောက်လည်ပတ်ခဲ့သည်၊ စွန့်စားမှုများကို မည်မျှအထိ သင်လုပ်ဆောင်ခဲ့သည်၊ သင်မည်မျှ ဒုက္ခခံပြီးဖြစ်သည်၊ ဤအရာအားလုံးကို မေ့ပစ်လော့။ သင်၏တာဝန်နယ်ပယ်အတွင်းရှိ အလုပ် မည်မျှထိရောက်ပြီးဖြစ်သည်၊ ယင်းသည် ရလဒ်တစ်ခုတလေ ရရှိပြီးခြင်း ရှိမရှိ၊ ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် သင်ရရှိသင့်သည့် ရည်မှန်းချက်များ မည်မျှကို သင် စွမ်းဆောင်ပြီးဖြစ်သည်၊ ယင်းတို့ထဲမှ မည်မျှကို သင်အကျိုးဖြစ်ထွန်းစေပြီးဖြစ်သည်၊ ယင်းတို့ကို သင်မည်မျှကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေပြီးဖြစ်သည်၊ ယင်းတို့ကို မည်မျှကောင်းမွန်စွာ နောက်ဆက်တွဲ လုပ်ထားပြီးဖြစ်သည်၊ သင်၏အလုပ်၌ ပေါ်ပေါက်လာသည့် ကြီးကြပ်ခြင်းနှင့်ဆိုင်သော ပြဿနာများ၊ သွေဖည်မှုများ၊ သို့မဟုတ် စည်းမျဉ်းချိုးဖောက်မှုများတို့နှင့် ဆက်နွှယ်သည့် ပြဿနာမည်မျှကို သင် ဖြေရှင်းခဲ့၊ ပြုပြင်ခဲ့၊ ထေမိစေခဲ့သည်၊ လူသားအရင်းအမြစ် စီမံခန့်ခွဲရေး၊ စီမံအုပ်ချုပ်ရေး၊ သို့မဟုတ် အထူးအလုပ်တာဝန်မျိုးစုံတို့နှင့် ဆက်နွှယ်သော ပြဿနာမည်မျှကို သင် ကူညီဖြေရှင်းခဲ့သည်၊ ပြီးလျှင် ယင်းတို့ကို သင်သည် စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအရဖြစ်စေ ဖြေရှင်းခဲ့ခြင်း ရှိမရှိ စသည်တို့ကိုသာ ကြည့်လော။ ဤအရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်း ရှိမရှိ စစ်ဆေးဖို့ စံနှုန်းများ ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ ကျွန်မ နားလည်သွားတယ်။ ခေါင်းဆောင်တစ်ယောက်ကို အရည်အချင်းပြည့်မီရဲ့လား အကဲဖြတ်ဖို့ဆိုရင်၊ အရေးကြီးဆုံး စည်းမျဉ်းက သူတို့ဟာ လက်တွေ့ကျတဲ့အလုပ်ကို လုပ်နိုင်ရဲ့လား၊ ပြီးတော့ လက်တွေ့ကျတဲ့အလုပ်ကို အမှန်တကယ် လုပ်ကြသလား၊ သူတို့လုပ်ဆောင်ချက်က လူတွေကို လမ်းတစ်ခု ပေးနိုင်သလား၊ သူတို့က သူများတွေရဲ့အသက်ဝင်ရောက်မှုနဲ့ သူတို့တာဝန်တွေမှာ လက်တွေ့ပြဿနာတွေကို ဖြေရှင်းနိုင်သလား ဆိုတာတွေကို ကြည့်ဖို့ပဲ။ သူတို့က ဒါကို မလုပ်နိုင်ဘူးဆိုရင်၊ သူတို့အရည်အချင်းနဲ့ အစွမ်းအစတွေ ဘယ်လောက်ပဲမြင့်မြင့်၊ ဘယ်လောက်ကောင်းအောင်ပဲ စကားပြောတတ်ပါစေ၊ သူတို့က ခေါင်းဆောင်အတုတွေပဲ။ သူတို့ကို ထုတ်ပယ်ရမယ်။ အစ်မဝမ်ကို ကြည့်လိုက်ရင်၊ သူက ဟိုတုန်းက လက်တွေ့ကျတဲ့အလုပ်တချို့ကို လုပ်ခဲ့ပေမဲ့၊ အလုပ်ပမာဏ တိုးသွားပြီးတဲ့နောက်မှာ၊ သူက ခန္ဓာကိုယ်ကို အလိုလိုက်ပြီး သက်သာရာကို တောင့်တလာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ဘယ်တော့မှ အမှန်တကယ် လမ်းမပြဘူး။ တစ်ခါတလေ အလုပ်အကြောင်းကို မေးတယ်ဆိုပေမဲ့၊ သူက ဝတ်ကျေတမ်းကျေပဲ လုပ်နေတာ။ အခက်အခဲတွေကို ရှာဖို့လည်း အာရုံမစိုက်ဘူး။ အလုပ်တိုးတက်မှုနဲ့ပတ်သက်ပြီး မေးရုံပဲမေးတယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်မှာ ပြဿနာတွေ၊ လမ်းလွဲတာတွေ ရှိပြီဆိုရင်၊ သူက အဲဒါတွေကို လုံးဝ နားမလည်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့တာဝန်တွေမှာ အခက်အခဲတွေ၊ အပျက်သဘောတွေ ရှိလာပြီဆိုရင်၊ သူက ကူညီတာမျိုး၊ မိတ်သဟာယပေးတာမျိုး လုပ်ခဲတယ်။ အဲဒါက ဧဝံဂေလိအလုပ်ရဲ့တိုးတက်မှုကို တိုက်ရိုက် ထိခိုက်စေတယ်လေ။ တချို့ညီအစ်ကိုမောင်နှမတွေမှာ ပျက်စီးတဲ့ စိတ်သဘောထားတွေ ပေါ်လာလို့၊ သူ့ကို အကူအညီတောင်းရင်လည်း၊ သူ တုံ့ပြန်တာတွေက ဝတ်ကျေတမ်းကျေပဲ။ သူတို့တွေရဲ့ပြဿနာတွေကို ဂရုမစိုက်ဘူး၊ ဖြေရှင်းပေးဖို့လည်း မကြိုးစားဘူးဆိုတော့၊ ညီအစ်ကိုမောင်နှမတွေက သူ့ဆီကနေ ဘာမှကို မရရှိကြဘူး။ အစ်မဝမ်ရဲ့အပြုအမူကို အကဲဖြတ်ကြည့်ရင်လည်း၊ သူ့ကို လူမြင်ကောင်းစေမယ့်ဟာတွေကိုပဲ သူက လုပ်ချင်တာ။ ဒါပေမဲ့ ဆင်းရဲဒုက္ခခံဖို့၊ ပေးဆပ်ဖို့၊ တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ လိုပြီဆိုရင်၊ သူက ရှောင်တော့တာပဲ။ အလုပ်ကို အမှန်တကယ် မလုပ်တာပါ။ ကျွန်မက ဟိုအရင် အကဲဖြတ်ချက်တွေ၊ အထင်အမြင်တွေကို အခြေခံပြီး သူ့ကို သုံးသပ်ခဲ့မိတာ။ ကျွန်မလည်း အယူအဆတွေ၊ စိတ်ကူးတွေနဲ့ နေထိုင်ခဲ့မိတာ။ တော်တော် မိုက်ခဲ့တာပါ။

နောက်မှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိပြီးတော့၊ ငါက အစ်မဝမ်ကိုရော ကိုယ့်ကိုယ်ကိုယ်ရော ဘာလို့ အဲဒီလောက် ယုံကြည်နိုင်ခဲ့တာလဲဆိုတာ တွေးကြည့်တယ်။ ဒီပြဿနာရဲ့ဇာစ်မြစ်က ဘာလဲ။ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကိုလည်း ကျွန်မ ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်သော၊ သို့မဟုတ် မိမိတို့၏ တာဝန်များကို လျစ်လျူရှုနေသော ကြီးကြပ်သူများကို စုံစမ်းစစ်ဆေးမည်မဟုတ်ပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး အရာရာက အဆင်ပြေလိမ့်မည်ဟု ထင်မြင်ကြသည်။ ပြီးနောက်တွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့လုပ်ရန် လိုအပ်သမျှမှာ စည်းဝေးမှုများ မကြာခဏကျင်းပရန်သာဖြစ်သည်၊ အလုပ်ကို စောင့်ကြည့်ရန်၊ မည်သည့်အခြေအနေရှိသည်ကို မေးမြန်းရန် မလိုပေ၊ လက်လွှတ်ထားနိုင်သည်ဟု ထင်မြင်ကြသည်။ ကြီးကြပ်သူတစ်ယောက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို တစ်ယောက်ယောက်က တိုင်ကြားလျှင် အယောင်ဆောင်ခေါင်းဆောင်က ‘အသေးအဖွဲပြဿနာတစ်ခုသာဖြစ်သည်။ သင့်ဘာသာ ကိုင်တွယ်နိုင်သည်။ ငါ့ကို မမေးနှင့်’ ဟူ၍ ပြောလိမ့်မည်။ ပြဿနာကို တိုင်ကြားသောသူက ပြောသည်။ ‘ထို ကြီးကြပ်သူသည် ပျင်းရိသော အစားကြီးသူဖြစ်သည်။ စားသောက်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် ပျော်တော်ဆက်သည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ပါ။ ၎င်းတို့သည် အလွန်အမင်း ပျင်းရိကြသည်။ ၎င်းတို့၏ တာဝန်တွင် အနည်းငယ်မျှပင် ဒုက္ခမခံလိုပေ။ ၎င်းတို့၏ အလုပ်နှင့် တာဝန်ကို ရှောင်ကြဉ်ရန်အတွက် လိမ်ညာပြီး ဆင်ခြေများပေးရန် နည်းလမ်းများကို အစဉ် ရှာကြသည်။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက်ဖြစ်ရန် အရည်အချင်းမပြည့်မီပေ။’ အယောင်ဆောင်ခေါင်းဆောင်က ဖြေလိမ့်မည်။ ‘၎င်းတို့ကို ကြီးကြပ်သူအဖြစ် ရွေးချယ်စဉ်က အဆင်ပြေခဲ့သည်။ သင်ပြောသည့်အရာက မမှန်ကန်ပေ၊ သို့မဟုတ် မှန်ကန်လျှင်ပင် ယာယီသရုပ်သကန်တစ်ခုသာဖြစ်သည်။’ အယောင်ဆောင်ခေါင်းဆောင်သည် ကြိုးစားပြီး ကြီးကြပ်သူ၏ အခြေအနေကို ပိုမိုသိရှိရန် မပြုလုပ်ဘဲ ထိုသူအပေါ် ၎င်းတို့၏ ယခင်က အမြင်များအပေါ်တွင် အခြေခံပြီး အမှုကိစ္စကို အကဲဖြတ်ပြီး ဆုံးဖြတ်သည်။ ကြီးကြပ်သူနှင့်ပတ်သက်သော ပြဿနာများကို မည်သူက တိုင်ကြားသည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က လျစ်လျူရှုသည်။ ကြီးကြပ်ရေးမှူးသည် မနိုင်ဝန်ထမ်းနေသည်။ ၎င်း၏ အလုပ်များကို ပြီးမြောက်ရန် လုံလောက်သော အရည်အချင်း မရှိသကဲ့သို့၊ အမှားများ ပြုလုပ်ပြီးလုနီးနီး ဖြစ်နေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်က ဂရုမစိုက်ချေ။ တစ်စုံတစ်ယောက်က ကြီးကြပ်ရေးမှူး၏ ပြဿနာများကို သတင်းပို့သည့်အခါ ၎င်းတို့က လျစ်လျူရှုသည်မှာ ဆိုးပြီးသားဖြစ်သည်။ သို့သော် စက်ဆုပ်ဖွယ်အကောင်းဆုံးမှာ အဘယ်နည်း။ ကြီးကြပ်သူကြုံနေသည့် တကယ့် ဆိုးရွားသော ပြဿနာများအကြောင်းကို လူများက ၎င်းတို့ကို ပြောပြသည့်အခါ၊ ၎င်းတို့သည် ဤအရာများကို ကြိုးစားပြီး ဖြေရှင်းခြင်းမရှိဘဲ၊ ဆင်ခြေမျိုးစုံပင် ပြောကြလေသည်။ ‘ဤကြီးကြပ်ရေးမှုးကို ကျွန်ုပ်သိသည်။ ၎င်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ ၎င်းတွင် မည်သည့်ပြဿနာမျှ လုံးဝ ရှိမည်မဟုတ်။ ရှိခဲ့လျှင်ပင်၊ ဘုရားသခင်က ၎င်းကို ကာကွယ်ပြီး ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ၎င်းက အမှားတစ်ခုတလေ ပြုသည့်အခါ၊ ယင်းမှာ သူနှင့် ဘုရားသခင်ကြားတွင် ဖြစ်သည်။ ကျွန်ုပ်တို့ စိုးရိမ်စရာ မလိုပါ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း အလုပ်လုပ်ပုံဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားလည်ချင်ယောင်၊ ယုံကြည်ခြင်းရှိယောင် ဟန်ဆောင်ကြသည်။ အကျိုးဆက်မှာ ၎င်းတို့သည် အသင်းတော် အလုပ်ကို ရှုပ်ထွေးသွားစေသည်၊ သို့မဟုတ် ရပ်ပင် ရပ်တန့်သွားစေသည်။ ထိုတစ်ချိန်လုံးတွင် ၎င်းတို့သည် မသိနားမလည်ချင်ယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့သည် ဗျူရိုကရက်များသာ ဖြစ်သည်မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့၊ အုပ်စုခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်ကို မည်သည့် အလေးအနက်ထားခြင်းမျှဖြင့် မချဉ်းကပ်ပေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်လျက်၊ ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ ထိုသူတို့သည် ပြောင်းလဲမည်မဟုတ်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ထိုလူအကြောင်း တစ်စုံတစ်ဦးက တစ်ခုခုကို ထောက်ပြသည့်အခါတွင် ၎င်းတို့ လျစ်လျူရှုကြသည်။...အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ၊ ‘ဤလူကို ငါ ရိပ်စားမိချိန်တွင် ငါမမှားပေ။ မည်သည့်အရာကမျှ မလွဲချော်နိုင်ပေ။ ၎င်းတို့သည် လျှောက်လုပ်သောသူ၊ အပျော်အပါးမက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းသောသူ သေချာပေါက်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံမျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်ယောက်ယောက် ဖြစ်သလော။ သင့်တွင် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ ဤသည်မှာ သင်၏ အထူး ကျွမ်းကျင်မှုလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သည်။ သို့သော် ၎င်းတို့၏ သဘာဝကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို မခံရလျှင်၊ သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝနှင့် အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ သင်သည် တစ်ခဏတာအမြင်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ၎င်းတို့ကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူတို့ကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် သင်သည် အလွန်အမင်း မျက်ကန်းဖြစ်နေသည်မဟုတ်လော။ စိတ်မြန်လက်မြန် ပြုလုပ်နေခြင်းမဟုတ်သလော။ ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားရဲ့နှုတ်ကပတ်တော်ကနေ ကျွန်မ မြင်သွားတာက၊ ခေါင်းဆောင်အတုတွေဟာ များသောအားဖြင့် သူတို့အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး လူတွေကို အကဲဖြတ်တယ်ဆိုတာပဲ။ သူတို့က လူတွေရဲ့ယာယီအပြုအမူပေါ်မှာပဲ အခြေခံပြီး အဲဒီလူတွေကို ယုံကြည်လိုက်တယ်။ ပြီးတော့ အသင်းတော်အလုပ်ကို အဲဒီလူတွေဆီ လုံးလုံး လွှဲပေးပြီး၊ ဒီအတိုင်း ထားလိုက်ရော။ ဒီကာလအတွင်းမှာလည်း သမ္မာတရားရဲ့စည်းမျဉ်းတွေကို ရှာဖွေတာမျိုး၊ ပြဿနာတွေကို တိုင်ကြားတဲ့ လူတွေကို နားထောင်ပေးတာမျိုး မလုပ်ကြဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်ပြီး၊ သူတို့ကိုယ်ပိုင် ထင်မြင်ချက်တွေကိုပဲ ဖက်တွယ်လိုက်ကြတာ။ အဲဒီလိုလူတွေဟာ မာနထောင်လွှားလွန်းတယ်၊ လုံးဝကို တာဝန်မဲ့ကြတာပဲ။ ကျွန်မရဲ့အပြုအမူက ဘုရား ထုတ်ဖော်ပြတဲ့အတိုင်း ဖြစ်မနေဘူးလား။ အစ်မဝမ်က အလုပ်တွေအများကြီး တာဝန်ယူရတော့ နေ့တိုင်း အလုပ်များတယ်လို့ ကျွန်မက ထင်မိတယ်။ ဒါပေမဲ့ အထက်လူကြီးက အလုပ်အကြောင်း မေးပြီဆိုရင်လည်း သူက လည်လည်ပတ်ပတ် ဖြေနိုင်တယ်။ ဒီတော့ သူက အလုပ်ကို အမှန်တကယ် လုပ်နေတယ်လို့ပဲ ကျွန်မက တွက်မိတာ။ ညီအစ်ကိုမောင်နှမတွေက သူ့ကို တိုင်တဲ့အခါမှာ ကျွန်မက လေးလေးနက်နက် သဘောမထားတော့ဘူး။ သူတို့က သူ့ကို တောင်းဆိုနေတာတွေ များလွန်းတယ်၊ သူ့ကိုပဲ အပြစ်တင်နေကြတယ်လို့ ထင်မိတာ။ နောက်တော့ အစ်မဝမ်က လက်တွေ့ကျကျ အလုပ်မလုပ်ဘူးဆိုတဲ့ လက္ခဏာတချို့ ပေါ်လာမှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ “ဘယ်သူမှ ပြီးပြည့်စုံမနေဘူး။ တချို့အလုပ်တွေ ကောင်းကောင်းမွန်မွန် မပြီးဘူးဆိုတာ ကောင်းတဲ့ အကြောင်းပြချက်တွေတော့ ရှိရမယ်။ အဲဒါက ပြဿနာကြီး မဟုတ်ဘူး” ဆိုပြီး ကျွန်မက ထင်ခဲ့တာ။ ကျွန်မရဲ့မာနထောင်လွှားတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူတာတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာတွေကြောင့်၊ အစ်မဝမ်ရဲ့ပြဿနာကို အချိန်တော်တော် ကြာတဲ့အထိ မဖြေရှင်းခဲ့မိဘူး။ အဲဒါက အသင်းတော်ရဲ့အလုပ်လည်း အနှောင့်အယှက်ဖြစ်ရတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုလည်း ထိခိုက်ခဲ့ရတယ်။ ခေါင်းဆောင်အတုတွေဆိုတာ စိတ်ကြီးဝင်တယ်၊ သူတို့အယူအဆတွေကို အခြေခံပြီး သူများတွေကို အကဲဖြတ်တယ်လို့ ဘုရားက ထုတ်ဖော်ပြတာကို မြင်လိုက်ရတော့၊ ကျွန်မလည်း တော်တော် ဝမ်းနည်းသွားတယ်။ ကျွန်မက တကယ်ကို စိတ်ကြီးဝင်လွန်းခဲ့တာပဲ။ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှုတွေ မရှိခဲ့ဘူး။ လူတွေကို မခွဲခြားနိုင်ခဲ့ဘူး။ ပြီးတော့ လူတွေရဲ့အနှစ်သာရကို မမြင်တတ်ခဲ့ဘူး။ အဲဒါအပြင် ကျွန်မက အစ်မဝမ်ရဲ့အလုပ်ကို အမှန်တကယ် ကြီးကြပ်တာ၊ စစ်ဆေးတာ မရှိခဲ့ဘူး။ အသင်းတော်ရဲ့အလုပ်အမျိုးမျိုးကို သူ ဘယ်လို ဆောင်ရွက်သလဲ၊ ဘယ်လို နောက်ဆက်တွဲ လုပ်ဆောင်လဲ၊ တကယ့်ပြဿနာတွေကို ဖြေရှင်းရဲ့လား၊ တကယ့်အလုပ်ရော ပြီးစီးရဲ့လား ဆိုတာတွေပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှမသိခဲ့ဘူး။ အဲဒါတွေအကြောင်းကို ရံဖန်ရံခါပဲ မေးမိတယ်။ ကျွန်မက သူ့ကို ဘယ်လိုဖြစ်ပြီး မဆင်မခြင် ယုံကြည်မိတာလဲ။ ဟိုအရင်ကဆို ကျွန်မသူငယ်ချင်းကို ပစ္စည်းတွေ ကူပြီးဝယ်ခိုင်းတဲ့အချိန်မျိုးမှာတောင်၊ ကျွန်မက စိတ်ချခဲ့တာ မဟုတ်ဘူး။ သူငယ်ချင်းက ပစ္စည်းတွေ ကူပြီး ရွေးပေးနေပြီဆိုရင်၊ ပစ္စည်းတွေရဲ့အရည်အသွေးကို သူ သေချာ စစ်ဆေးရဲ့လားဆိုတာ ကျွန်မက စိတ်ပူတော့တာပဲ။ ကြာရှည်မခံတဲ့ မကောင်းမကန်း ပစ္စည်းတွေကို သူ ဝယ်ခဲ့မိမလားပေါ့။ အဲဒါနဲ့ သူ့ကို မရေမတွက်နိုင်အောင် သတိတွေပေးရတယ်။ သူ ပစ္စည်းတွေ သယ်လာပြီဆိုလည်း၊ ကျွန်မက သေချာ စစ်ဆေးသေးတာ။ ပစ္စည်းတွေက မသင့်တော်ဘူးဆိုရင်၊ ဆုံးရှုံးတာတွေ မဖြစ်ရအောင်လို့ အဲဒါတွေကို ချက်ချင်း ပြန်လဲချင်တာ။ ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်လာရင် ကျွန်မက ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် မယုံရဲခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက မမှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက်ကို တိုင်ကြတဲ့ ကိစ္စကြီးမှာကျတော့၊ ကျွန်မက ကိုယ့်ယာယီအထင်အမြင်ကို အခြေခံပြီး အစ်မဝမ်ကို မျက်ကန်း ယုံကြည်လိုက်တယ်။ သူ့ကို စွပ်စွဲကြတဲ့အချိန်မှာ ကျွန်မက သူ့အလုပ်ကို လုံးဝ အာရုံမစိုက်ခဲ့ဘူး၊ လေးလေးနက်နက် သဘောမထားခဲ့ဘူး။ ကျွန်မက အသင်းတော်အလုပ်မှာ တော်တော် တာဝန်မဲ့ခဲ့တာပါ။ ကျွန်မကသာ အသင်းတော်အလုပ်ကို တာဝန်သိသိနဲ့ ထမ်းပိုးခဲ့မယ်ဆိုရင်၊ အစ်မဝမ်ရဲ့အလုပ်ကို အမှန်တကယ် ကြီးကြပ်ပြီး စစ်ဆေးမိခဲ့မှာပဲ။ သူ ပြောတဲ့ ကောင်းတဲ့ကိစ္စတွေကိုပဲ နားထောင်ရင်း၊ သူ့ကို မျက်ကန်း ယုံကြည်ပြီးတော့၊ တိုင်စာကို ချောင်ထိုးထားမိမှာ မဟုတ်ဘူး။ ဒီကိစ္စတစ်လျှောက်လုံးမှာ ကျွန်မက သမ္မာတရားကို ရှာဖွေမယ်ဆိုတဲ့ သဘောထားမျိုးတောင် မရှိခဲ့ဘူး။ ကိုယ့်ထင်မြင်ချက်ကိုပဲ ယုံကြည်တယ်ဆိုတော့ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး မဆင်ခြင်ခဲ့တာပဲ။ အသင်းတော်အလုပ်ကို တော်တော် တာဝန်မဲ့မဲ့ သဘောထားခဲ့တာ။

နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်မိပြန်ရော၊ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့ ကျွန်မ အရမ်း ရှက်မိတယ်။ ကျွန်မက ဘုရားရဲ့နှုတ်ကပတ်တော်မှာ ထုတ်ဖော်ပြထားတဲ့ မာနထောင်လွှားတဲ့လူပဲ။ တိုင်စာတွေကို ဖြေရှင်းတဲ့နေရာမှာ၊ ဘုရားကို ကြောက်ရွံ့တဲ့စိတ်နှလုံး ရှိတဲ့၊ ချင့်ချိန်တတ်တဲ့ လူတစ်ယောက်က သတိရှိနေမှာပဲ။ ပြဿနာကို တရားမျှတပြီး ဘက်မလိုက်တဲ့ ရှုထောင့်ကနေ ကြည့်လိမ့်မယ်၊ ဘယ်ဘက်ကိုမှ မဆင်မခြင် ယုံကြည်မှာမဟုတ်ဘူး၊ တစ်ဖက်သတ် ဆုံးဖြတ်မှာလည်း မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေ ဖော်ထုတ်ပြတဲ့ ပြဿနာကို စစ်ဆေးပြီး အတည်ပြုပေးလိမ့်မယ်၊ ပြီးတော့မှ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကိုင်တွယ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မကျတော့ တိုင်စာကို ရပြီးတဲ့နောက်မှာ၊ တိုင်စာတွေကို ကိုင်တွယ်ရတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လုံးဝ မရှာဖွေခဲ့ဘူး။ တိုင်တဲ့ကိစ္စတွေက မှန်နေလားဆိုတာကိုလည်း အသေးစိတ် မစုံစမ်းခဲ့ဘူး။ အဲဒီအစား ကျွန်မက အစ်မဝမ်ဘက်က ရပ်တည်ပြီး၊ စွပ်စွဲတဲ့စာ ရေးတဲ့သူတွေကို ဝေဖန်မိတယ်။ တိုင်ထားတဲ့ ပြဿနာတွေက မှန်နေတယ်လို့ ကြီးကြပ်သူက သိသွားပြီး၊ အချက်အလက်တွေကို ကျွန်မရှေ့ ချပြလာတဲ့အချိန်မှာတောင်၊ ကျွန်မက မသိချင်ယောင်ဆောင်တုန်းပဲ။ သူများတွေ စစ်ဆေးထားတာတွေကို ကျွန်မက မထီမဲ့မြင်ပြုခဲ့တာ။ တကယ်ကို မာနထောင်လွှားပြီး ခေါင်းမာခဲ့တာပါ။ ကျွန်မမှာ ဘုရားကို ကြောက်ရွံ့မှုဆိုတာ မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းတော့ တိုင်စာကို စစ်ဆေးတာတွေ၊ ဖြေရှင်းတာတွေ မလုပ်ဘဲ၊ မဆင်မခြင် ချောင်ထိုးထားလိုက်တာ။ ဒါက မမှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ကာကွယ်ပေးဖို့ သူ့ဘက်က ရပ်တည်နေတာ မဟုတ်ဘူးလား။ ကိုယ့်ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်အတုကို တိုင်ကြားဖို့ သတ္တိရှိခဲ့ကြတယ်။ သူတို့မှာ တရားမျှတတဲ့စိတ် ရှိကြတယ်။ သူတို့က အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းနေကြတာပဲ။ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ကျွန်မက သူတို့ကို အားပေးပြီး၊ တိုင်စာကို စည်းမျဉ်းတွေနဲ့အညီ စစ်ဆေးခဲ့သင့်တာ။ အစ်မဝမ်ကို မမှန်ကန်တဲ့ခေါင်းဆောင်ပဲလို့ ဆုံးဖြတ်လိုက်တယ်ဆိုလည်း၊ သူ့ကို နေရာပြောင်းဖို့၊ ထုတ်ပယ်ဖို့ အပူတပြင်း လုပ်ခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မက ဒီတရားဝင်တိုင်စာကို ခေါင်းဆောင်တွေ၊ အကျိုးဆောင်တွေအပေါ် တောင်းဆိုလွန်းတယ်လို့ ယူဆခဲ့တာ။ အနှစ်သာရအရ ကျွန်မက ခေါင်းဆောင်အတုကို ကာကွယ်ပေးပြီး၊ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်နေတာပဲ။ ညီအစ်ကိုမောင်နှမတွေကို ခေါင်းဆောင်တွေ၊ အကျိုးဆောင်တွေအပေါ် ကန့်ကွက်ခွင့်မရအောင် လုပ်နေခဲ့တာပဲ။ ဒါက အချင်းချင်း ကာကွယ်ကြတဲ့ အဆင်းနီတဲ့နဂါးကြီးရဲ့ အရာရှိတွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ အပြင်လောကမှာလည်း အရာရှိတွေက အုပ်ချုပ်ပြီး အဆုံးအဖြတ်ပေးတဲ့ နေရာမျိုးမှာ၊ သာမန်လူတွေက ပြောဆိုခွင့် မရှိကြဘူး။ သူတို့အတွက် ပြဿနာဖြစ်လာမှာကို ကြောက်ပြီး၊ ခေါင်းဆောင်တွေကို “မဟုတ်ဘူး” လို့တောင် မပြောရဲကြဘူး။ ဆိုးဆိုးရွားရွား ကိစ္စတွေမှာဆို လူတွေက အနှိပ်အစက်တောင် ခံကြရတယ်။ ဒါပေမဲ့ ဘုရားရဲ့အိမ်တော်မှာတော့ သမ္မာတရားက စိုးမိုးပါတယ်။ အာဏာကို ကိုင်စွဲသူက ဘုရားသခင်ပါပဲ။ ဘုရားရဲ့အိမ်တော်က လူတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်ဆံတာပါ။ လူတစ်ယောက်ရဲ့အဆင့်အတန်းက ဘယ်လိုပဲရှိရှိ၊ အလုပ်ကို လက်တွေ့ကျကျ မလုပ်ဘူး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်၊ ဘုရားရဲ့အိမ်တော်က စုံစမ်းစစ်ဆေးပြီး၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကိုင်တွယ်လိမ့်မယ်။ ဒါက ဘုရားရဲ့ဖြောင့်မတ်ခြင်းကို ပြတာပါ။ အပြင်လောကနဲ့ လုံးဝ ကွာခြားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျွန်မက တိုင်စာကို ရပြီးတဲ့နောက်မှာ ကိုင်တွယ်မဖြေရှင်းခဲ့ဘူး။ အဲဒီအစား မာနထောင်လွှားပြီး ကိုယ် ဆန္ဒရှိတဲ့လူကိုပဲ ကာကွယ်ပေးမိတယ်။ သမ္မာတရားရဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိခဲ့ဘူး။ ဒါက မမှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူပဲ။ အာဏာ စွဲကိုင်နေတဲ့ စာတန်ပဲ။ အဲဒီအတွေးကြောင့် ကျွန်မလည်း ကြောက်လန့်ပြီး တုန်တုန်ယင်ယင် ဖြစ်သွားတာ။ ကျွန်မက စည်းမျဉ်းစည်းကမ်းတွေ မပါဘဲ လုပ်ခဲ့တာဆိုတော့၊ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်အတုရဲ့အောက်မှာ နေထိုင်ခဲ့ကြရတာ။ သူတို့အခြေအနေတွေနဲ့ အခက်အခဲတွေ မပြေလည်နိုင်ခဲ့ဘူး။ စိတ်ဆင်းရဲမှုနဲ့ အမှောင်ထုထဲမှာ နေခဲ့ကြရတယ်။ ကျွန်မက ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေးနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မက တကယ်ကို ရွံစရာကောင်းခဲ့တာပဲ။ ကျွန်မလည်း ဘုရားရှေ့ သွားပြီး ဆုတောင်းလိုက်တယ်၊ “အမှုကိစ္စတွေကို ကိုယ့်စိတ်ဆန္ဒအတိုင်း ကျွန်မ မလုပ်ချင်တော့ပါဘူး၊ ဘုရားသခင်။ ကျွန်မရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းရာမှာ လမ်းပြတော်မူပါ” ပေါ့။

နောက်တော့ မာနထောင်လွှားတဲ့ ကျွန်မရဲ့စိတ်သဘောထားကို ဖြေရှင်းဖို့ လက်တွေ့လုပ်ဆောင်တဲ့ လမ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ရှာမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ ဖတ်မိတာက၊ “သင်သည် သမ္မာတရား၏အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်ကို သဘောမကျဖြစ်စေသည့် အရာတစ်ခုခုကို ပြုလုပ်မိပြီးသည့်အချိန်တွင်၊ သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ကာ သိဖို့ကြိုးစားသင့်သနည်း။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ ‘ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ အလွန်မုန်းတီးမည်လော၊ သို့မဟုတ် စက်ဆုပ်ရွံရှာမည်လော။’ ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ ဤသည်မှာ လူတို့၏ ပုန်ကန်မှုမှ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သင်သည် အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ သင်လိုက်လျှောက်ရမည့် အရာဖြစ်သည်။ သင်သည် ကြိုတင်၍ ဆုတောင်းရန် ဘုရားသခင်ရှေ့သို့ လေးနက်စွာလာရောက်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို ရှာဖွေလျှင် မှားယွင်းမည်မဟုတ်ပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ရာတွင် သွေဖည်မှုအချို့ရှိနိုင်သည်။ သို့သော် ဤအရာကို ရှောင်ရန် ခက်သည်။ အတွေ့အကြုံအချို့ရပြီးနောက်တွင် သင်သည် မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကိုသိသည့်တိုင်အောင် လက်တွေ့မလုပ်ဆောင်လျှင် ပြဿနာမှာ သမ္မာတရားကို သင်မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်ပေ။ သမ္မာတရားကို ချစ်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတို့နားမလည်သည့်အရာများဖြစ်ပျက်သောအခါ ၎င်းတို့သည် သမ္မာတရားကို ရှာနိုင်ကြသည်။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်နိုင်ဘဲ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိလျှင် သမ္မာတရားကိုနားလည်သောသူတစ်ယောက်နှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သမ္မာတရားကို ရှာဖွေသင့်သည်။ သမ္မာတရား နားလည်သောသူတစ်ယောက်ကို မရှာတွေ့နိုင်လျှင် သင်သည် ဘုရားသခင်အား စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် အတူတကွဆုတောင်းရန် လူအနည်းငယ်ကိုရှာသင့်သည်။ ဘုရားသခင်ထံမှ ရှာဖွေသင့်သည်။ ဘုရားသခင်၏ အချိန်ကိုစောင့်ပြီး၊ သင့်အတွက် လမ်းဖွင့်ပေးရန် ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သင်တို့အားလုံးသည် သမ္မာတရားကို တောင့်တသရွေ့၊ သမ္မာတရားကို ရှာဖွေပြီး၊ သမ္မာတရားကို အတူတကွ မိတ်သဟာယဖွဲ့သရွေ့ သင်တို့ထဲမှတစ်ယောက်က ဖြေရှင်းချက်ကောင်းတစ်ခု ရရှိလာသည့်အချိန်ရောက်လာနိုင်သည်။ သင်တို့အားလုံးသည် သင့်တော်သော ဖြေရှင်းချက်ကိုရှာတွေ့ပြီး ယင်းက နည်းလမ်းကောင်းတစ်ခုဖြစ်လျှင်၊ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့နောက်တွင် သင်သည် ပို၍ တိကျသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ထွက်ပေါ်လာရန် ဆက်လက်၍ အတူတကွ မိတ်သဟာယဖွဲ့လျှင် ယင်းသည် သေချာပေါက် သမ္မာတရားစည်းမျဉ်းများနှင့် ညီလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်တဲ့ လမ်းကို ညွှန်ပြလိုက်တာပဲ။ ကျွန်မတို့တာဝန်ကို ဘုရားအလိုတော်နဲ့အညီ လုပ်ဖို့ဆိုရင်၊ ကျွန်မတို့မှာ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိရမယ်။ အမှုကိစ္စတွေကို လုပ်ကြပြီဆိုရင်၊ ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာ အခြေခံရဲ့လား၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရဲ့လား၊ ဘုရားရဲ့အလိုတော်က ဘာလဲဆိုတာတွေကို ကျွန်မတို့က ရှာဖွေပြီး နားလည်နိုင်စွမ်း ရှိရမယ်။ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် မကြာမကြာ ဆန်းစစ်မိပြီးတော့၊ ကိုယ့်သဘောအတိုင်း လုပ်မိတာတွေ၊ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်တဲ့အရာတွေကို လုပ်မိတာတွေ ရှောင်ရှားနိုင်ကြတယ်။ အဲဒါအပြင် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်နိုင်ရမယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို ပွင့်လင်းတဲ့စိတ်နဲ့ နားထောင်နိုင်ရမယ်။ အထူးသဖြင့် ကျွန်မတို့ မရှင်းလင်းတဲ့၊ အရေးကြီးတဲ့ အသင်းတော်အလုပ်နဲ့ပတ်သက်တဲ့ အရာတွေမှာ၊ ကျွန်မတို့က တွဲဖက်အကျိုးဆောင်တွေနဲ့ ရှာဖွေ၊ မိတ်သဟာယပြုရမယ်။ အများဆန္ဒကို ရပြီးတဲ့နောက်မှာ စည်းမျဉ်းတွေနဲ့ လုပ်ဆောင်ရမယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် မျက်ကန်း ယုံကြည်ပြီး၊ ကိုယ် ဆန္ဒရှိတာကို လုပ်တယ်ဆိုရင်၊ ဘုရားကို ပုန်ကန်ပြစ်မှားတဲ့ အရာတွေကို လုပ်မိဖို့ လွယ်ပါတယ်။ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှုတွေ မရှိခဲ့ဘူး၊ လူတွေကို မခွဲခြားတတ်ခဲ့ဘူးဆိုတာကို ဒီပျက်ကွက်မှုကတစ်ဆင့် ကျွန်မ မြင်သွားတယ်။ အဲဒီနောက်ပိုင်း ကျွန်မမှာ အမှုကိစ္စတွေ ပေါ်လာပြီဆိုရင်၊ ကိုယ့်ထင်မြင်ချက်ကိုပဲ အရမ်းကာရော အခိုင်အမာ မပြောဝံ့တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ငြင်းပယ်နိုင်သွားတယ်။ သမ္မာတရားရဲ့စည်းမျဉ်းတွေကိုလည်း ရှာဖွေတတ်သွားတယ်။

နောက်ပိုင်းမှာ ကျွန်မက လူသစ်တွေကို စပြီး ရေလောင်းပေးတယ်။ အဖွဲ့တစ်ခုရဲ့အလုပ်အတွက် တာဝန်ယူရတယ်။ တစ်ခါကျတော့ ခေါင်းဆောင်က ကျွန်မကို ညီအစ်ကိုမောင်နှမတချို့ရဲ့အလုပ်ကို စောင့်ကြည့်စစ်ဆေးခိုင်းတယ်။ ဒီလူတွေအားလုံးကို ကျွန်မက သိတယ်။ သူတို့အားလုံးက တော်တော် လက်တွေ့ကျတဲ့လူတွေ။ အဲဒါနဲ့ ကျွန်မလည်း ငါတော့ ခဏခဏ စစ်ဆေးဖို့ လိုလောက်မှာ မဟုတ်ဘူး၊ ပြဿနာကြီးကြီးမားမားတွေလည်း မရှိလောက်ဘူးဆိုပြီး တွေးလိုက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိရော၊ “ငါက အလုပ်ကို အမှန်တကယ် မစစ်ဆေးရသေးဘူး၊ နောက်ဆက်တွဲလည်း မလိုက်ရသေးဘူး။ ဒါပေမဲ့ ပြဿနာ ရှိမှာမဟုတ်ဘူးဆိုပြီး ငါက တော်တော် သေချာနေတယ်။ ဒါက ကိုယ့်တာဝန်ကို မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ လုပ်နေသေးတာ မဟုတ်ဘူးလား” ပေါ့။ အဲဒီတော့မှ အမှန်တကယ် စစ်ဆေးကြည့်လိုက်တော့၊ အလုပ်မှာ လမ်းလွဲတာတွေ၊ ပြဿနာတွေ အများကြီး ရှိနေသေးတာကို တွေ့လိုက်ရတယ်။ မိတ်သဟာယပေးတာတွေ၊ ပြဿနာ အဖြေရှာတာတွေ လုပ်လိုက်တော့မှ အလုပ်က တဖြည်းဖြည်း တိုးတက်သွားတယ်။ ဒီကနေ ကျွန်မလည်း မြင်သွားတယ်။ အမှုကိစ္စအားလုံးမှာ မာနထောင်လွှားတဲ့ ကိုယ့်စိတ်သဘောထားကို အားမကိုးဘဲ၊ သမ္မာတရားရဲ့စည်းမျဉ်းတွေကို ရှာဖွေနိုင်ခြင်းကသာ ကိုယ့်တာဝန်မှာ အကျိုးရလဒ်တွေ ရရှိနိုင်တာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သိမ်ငယ်ခြင်း ခံစားချက်များနောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း

ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်စလုပ်တော့၊ ညီမ ချင်းရှောင်နဲ့ တွဲလုပ်ရတယ်။ ချင်းရှောင်မှာ အစွမ်းအစကောင်းရှိပြီး သူ့အလုပ်မှာ ရဲရင့်၊...

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

စစ်မှန်စွာ ပျော်ရွှင်တဲ့ဘဝကို ကျွန်မ တွေ့ခဲ့ပြီ

ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...

နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ

ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်