ကျွန်မဟာ ဘာကြောင့် စိတ်ခံစားချက်နဲ့ အမြဲတမ်း လုပ်ဆောင်မိတာလဲ
တစ်ခါတုန်းက သမီးရဲ့ ကြီးကြပ်သူက အစ်မရှန့်ကျင်ကို သမီးနဲ့ ဗီဒီယိုတွေလုပ်ဖို့ တာဝန်ပေးခဲ့တယ်။ ရှန့်ကျင်က တော်တော်လေး ဖော်ရွေတယ်။ သမီးလည်း စတွေ့ချိန်ကတည်းက သူ့ကို တရင်းတနှီးရှိသလို ခံစားရတယ်။ သူက သမီးထက် နည်းနည်း အသက်ပိုကြီးတယ်။ ပြီးတော့ သူက အစ်မတစ်ယောက်လိုပဲ သမီးကို တော်တော် ဂရုစိုက်တယ်။ သမီးမှာ ဖောက်ပြန်ပျက်စီးမှုပေါ်လာတဲ့အခါ သူက သမီးကို ကူညီဖို့ ထောက်ပြတတ်တယ်။ အဲဒီတုန်းက သမီးက အတူတွဲလုပ်တဲ့ အစ်မတင်ယီနဲ့ ပဋိပက္ခလေးတွေ ဖြစ်နေတာ။ တင်ယီက နည်းနည်း ဗိုလ်ကျလွန်းသလို စကားတဲ့တိုး ပြောလွန်းတယ်လို့ သမီး ထင်ခဲ့တယ်။ တစ်ခါတလေ သူ့စကားတွေက သမီးရဲ့မာနကို ထိခိုက်လာတာ။ သူနဲ့တွဲလုပ်ရတာက ကိုယ့်ဖြစ်တည်မှုတောင် မရှိတော့သလိုမျိုး၊ ကိုယ့်ကို တန်ဖိုးမထားသလိုမျိုး ခံစားရတယ်။ သမီးလည်း ရှန့်ကျင်နဲ့ တွဲလုပ်ရတာကို ပိုပြီး သဘောကျမိတာပေါ့။ သူက ထိခိုက်စေတဲ့ဟာမျိုးတွေ မပြောဘူး၊ သမီးရဲ့ပြဿနာတွေကို ထောက်ပြတယ်ဆိုရင်တောင်၊ သမီး လက်ခံနိုင်တဲ့ပုံစံမျိုးနဲ့ ပြောတတ်တယ်။ ပြီးတော့ ရှန့်ကျင်က ပြဿနာတွေ ကြုံရတဲ့အခါ သမီးဆီကိုပဲ ချက်ချင်း လာတတ်တယ်။ သူ ဖြစ်နေတဲ့ ဘယ်လိုအခြေအနေကိုမဆို သမီးဆီ ဖွင့်ပြောချင်တဲ့စိတ် ရှိတယ်။ ဒါက ကိုယ့်ကို တန်ဖိုးထားတယ်၊ အာရုံစိုက်တယ်လို့ ခံစားရတယ်လေ။ တစ်ခါကျတော့ တင်ယီက သမီးကို အထင်မှားသွားတာကို ရှန့်ကျင်က မြင်တော့၊ သူပဲ ကိစ္စတွေကို ကူရှင်းပေးတယ်။ အဲဒီနောက်မှာ သမီးလည်း သူက စာနာတတ်တယ်၊ မျှတတယ်လို့ ပိုပြီးတော့ ထင်မိသွားရော။ သူ့ကို ပိုပြီးတော့ ရင်ဖွင့်ချင်စိတ် ဖြစ်မိတယ်။ သမီးတို့နှစ်ယောက် ပိုရင်းနှီးသွားတယ်။ ဒါပေမဲ့ သမီးတို့ဆီမှာ သူ့တာဝန်ကို တစ်လကျော်ကျော် လုပ်ပြီးသွားတော့၊ ရှန့်ကျင်ရဲ့အလုပ်က သိပ်ပြီး တိုးတက်မလာသေးဘူး။ သမီးတို့ခေါင်းဆောင်တွေက သူ့ကို အလုပ်မှာ ပိုပြီး အားထုတ်ကြိုးစားဖို့ အကြံပေးကြတယ်။ သမီးနဲ့ တင်ယီကိုလည်း သူ လုပ်နေတဲ့ ဗီဒီယိုကို စစ်ဆေးခိုင်းပြီးတော့၊ တည်းဖြတ်ပြီးမှပဲ အပ်ခိုင်းတယ်။ သမီးတို့လည်း သူ့ဗီဒီယိုကို တည်းဖြတ်ဖို့ တစ်နေကုန် အချိန်ယူလိုက်ရတယ်။ ဗီဒီယိုကို အများကြီး ပြင်ပေးလိုက်ရတော့၊ သမီး တွေးမိတယ်၊ “ပြဿနာတွေ ဘယ်လောက်များမှန်းကို ခေါင်းဆောင်တွေ မြင်ရင်၊ သူတို့က ရှန့်ကျင်ကို ပျိုးထောင်ပေးဖို့ မသင့်တော်ဘူးလို့ ထင်ပြီး၊ တာဝန်ပြောင်းလိုက်မှာလား။ ရှန့်ကျင် ရောက်လာကတည်းက၊ သူက ငါ့ကို အသက်ဝင်ရောက်မှု ကိစ္စတွေနဲ့ ဖြစ်ဖြစ်၊ သာမန်ဘဝနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ် အရမ်းကူညီချင်ခဲ့တာ။ သူနဲ့နေရတဲ့အချိန်မှာ ငါ တကယ် ပျော်တယ်။ သူ ထွက်သွားရင်၊ ငါ့မှာ ကိုယ်ယုံကြည်စိတ်ချနိုင်တဲ့ လူတစ်ယောက် လျော့သွားလိမ့်မယ်။ အဲဒါအပြင် သူ့တာဝန်ကို ဒီမှာ နှစ်လပြည့်အောင် မလုပ်လိုက်ရဘဲ အလုပ်ပြောင်းခံရတယ်ဆိုရင် သူလည်း ဝမ်းနည်းမှာမဟုတ်ဘူးလား။ သူ လုပ်ထားတဲ့ပုံစံကို ခေါင်းဆောင်တွေဆီ မပို့တာပဲကောင်းမယ်” ပေါ့။ နောက်တော့ တင်ယီက သိသွားပြီး၊ သမီးကို သတိပေးရင်း ပြောတယ်၊ “ရှန့်ကျင်ရဲ့ဗီဒီယိုမူရင်းပုံစံကို ခေါင်းဆောင်တွေဆီ ငါတို့ ပို့သင့်တယ်။ အဲဒါမှ သူ ဘယ်လိုလုပ်နေတယ်ဆိုတာ သူတို့လည်း ရှင်းရှင်းလင်းလင်း သိနိုင်ကြမယ်” တဲ့။ သူ အဲဒီလိုပြောတဲ့အချိန်မှာ သမီးလည်း နည်းနည်း စိတ်မလုံသလိုဖြစ်ပြီး၊ စဉ်းစားကြည့်တယ်။ “တခြားလူတစ်ယောက်ယောက်သာ ဖြစ်နေရင်၊ တွန့်ဆုတ်မနေဘဲ မတည်းဖြတ်ထားတဲ့ဗီဒီယိုကို ခေါင်းဆောင်တွေဆီ ငါ ပို့မိမှာပဲ။ ဒါပေမဲ့ ငါက ရှန့်ကျင်ကိုတော့ တစ်မျိုးဆက်ဆံတယ်။ ငါက သူ့ကို ကာကွယ်နေတာ၊ အခွင့်အရေးပေးနေတာ မဟုတ်ဘူးလား။ အဲဒါက ဘုရားရဲ့အလိုတော်နဲ့ မညီညွတ်ဘူး” ပေါ့။ သမီးလည်း ဘုရားနှုတ်ကပတ်တော်တွေ ပြောတာကို တွေးကြည့်မိတယ်၊ “သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) ကိုယ့်စကားတွေ၊ လုပ်ရပ်တွေမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ထားကြဖို့၊ တခြားသူတွေကို စိတ်ခံစားချက်နဲ့ မကာကွယ် မစောင့်ရှောက်ဖို့ ဘုရားက တောင်းဆိုတာပါ။ ဒါက ဘယ်ယုံကြည်သူမဆို အနည်းဆုံး လုပ်သင့်တဲ့အရာပဲ။ သမီးက ကိုယ့်ခေါင်းဆောင်တွေအပေါ် မရိုးသားဘဲ၊ အသင်းတော်ထဲမှာ လူတွေကို စပြီးလက်သင့်ခံ ကာကွယ်ပေးလာပြီဆိုရင်၊ ဒါက တော်တော် ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ ဒါကို သဘောပေါက်သွားတော့ သမီးလည်း နည်းနည်း ကြောက်သွားတယ်။ စိတ်ခံစားချက်နဲ့ လုပ်ဆောင်လို့မဖြစ်ဘူး။ ကိုယ်နဲ့ အဆင်ပြေအတွဲမိတဲ့လူတွေကို ကာကွယ်မစောင့်ရှောက်သင့်ဘူး။ လုပ်စရာရှိတာကို လုပ်ရမှာပဲ။ ဒါနဲ့ သမီးလည်း ရှန့်ကျင်ရဲ့မူရင်းဗီဒီယိုကို ခေါင်းဆောင်တွေဆီ ပို့လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ သမီးက မဆင်ခြင်မိဘူး။ ကိုယ့်ကိုယ်ကိုယ် သိမလာခဲ့ဘူး။ သမီးက ကိုယ့်ပြဿနာတွေရဲ့ဇာစ်မြစ်ကို မခွဲခြားခဲ့မိတော့၊ အဲဒီလိုအမှားတွေကိုပဲ ထပ်ပြီး လုပ်မိတယ်။
သိပ်မကြာခင် ခေါင်းဆောင်တွေက သမီးတို့ကို ရှန့်ကျင်ရဲ့စွမ်းဆောင်မှု အကဲဖြတ်ချက်တစ်ခု ရေးခိုင်းရော။ သူက ဗီဒီယိုထုတ်လုပ်ရေးအတွက် သင့်တော်လား၊ ပျိုးထောင်ဖို့အတွက် ရွေးချယ်သင့်တဲ့လူလားဆိုတာ သူတို့က သိချင်တာ။ သမီးလည်း နည်းနည်း ဝေခွဲမရဖြစ်သွားတာပေါ့။ ရှန့်ကျင်က တကယ်ကို တိုးတက်မှု သိပ်မရှိခဲ့ဘူးလေ။ ဒါပေမဲ့ သမီးက မှန်မှန်ကန်ကန် အကဲဖြတ်ချက် ရေးလိုက်ရင်၊ သူ အလုပ်အပြောင်းခံရနိုင်တယ်။ အဲဒါက သူ့အတွက် တကယ်ကို စိတ်မကောင်းစရာဖြစ်သွားမှာ။ သမီးက သူ့ကို ဒီလိုအရေးကြီးတဲ့အချိန်မှာ မကူညီရင်၊ သမီးတို့ အတူတူတွဲလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါတွေအားလုံးကို စဉ်းစားနေတုန်းမှာပဲ တင်ယီက သမီးကို ပြောလာရော၊ “ရှန့်ကျင်က တကယ် အစွမ်းအစကောင်း မရှိဘူး။ သူ့ဗီဒီယိုတွေကလည်း စံချိန်မမီဘူး။ သူသာ ပိုကောင်းတဲ့ အစွမ်းအစရှိရင်၊ ပြီးခဲ့တဲ့ တစ်လ နှစ်လမှာ တိုးတက်မှုနည်းနည်း ရနေလောက်ပြီပေါ့” တဲ့။ သမီးလည်း ကြားမိလေလေ၊ ပိုပြီး ဒေါသဖြစ်မိလေပဲ။ “ရှန့်ကျင်ရဲ့ချို့ယွင်းချက်တွေကို နင်က ဘာလို့ ထပ်တလဲလဲ ဆက်ပြောနေတာလဲ။ သူ့ကို လေ့ကျင့်ပေးဖို့ အများကြီး လုပ်ရမယ် ထင်နေလို့ သူ တာဝန်ပြောင်းခံရဖို့ကို နင်က ပိုလိုလားတာလား” ပေါ့။ အဲဒါနဲ့ သမီးလည်း စိတ်ဆိုးဆိုးနဲ့ တုံ့ပြန်မိတယ်၊ “နင် ပြောတာ တစ်ခုမှ မမှားပါဘူး။ ဒါပေမဲ့ နင်က သူ့အားသာချက်တွေကျတော့ တစ်ခုမှ ထုတ်မပြောဘူး။ ငါတို့က သူ့ကို မျှမျှတတနဲ့ အရှိအတိုင်း အကဲဖြတ်သင့်တယ်။ သူ့အားနည်းချက်တွေကိုပဲ ပြောလို့မရဘူး။ ရှန့်ကျင်မှာ ကောင်းတဲ့ အစွမ်းအစ ရှိချင်မှရှိမယ်။ ဒါပေမဲ့ နင် ပြောသလို ဘာမှ မတိုးတက်သေးတာတော့ မဟုတ်ဘူး။ နင်က သူ့ပြဿနာလေးတွေကို ထောက်ပြမယ်ဆိုရင်၊ သူလည်း အဲဒါတွေကို တိုးတက်အောင် လုပ်နိုင်ပါသေးတယ်” ပေါ့။ သမီးက နည်းနည်း အတိုက်အခံလုပ်နေတာကို မြင်တော့၊ တင်ယီက ဘာမှ ထပ်မပြောတော့ဘူး။ ကသိကအောက်ဖြစ်ရတဲ့ အခြေအနေမျိုးတော့ ရှိတာပေါ့။ ကိုယ် ဒေါသထွက်သွားမှန်း အသိတရားရသွားတော့၊ နည်းနည်း မလုံမလဲဖြစ်မိတယ်။ “ငါ ဘာဖြစ်နေတာလဲ။ တင်ယီက ရှန့်ကျင်ကိစ္စတွေကို ပြောလာတာနဲ့ ငါက ဘာဖြစ်လို့ အတိုက်အခံ လုပ်လွန်းလာရတာလဲ။ တင်ယီ ပြောတဲ့ကိစ္စတွေက အမှန်ပဲလေ။ အဖြစ်မှန်တွေကို သူ မလိမ့်တစ်ပတ်လုပ်နေတာမှ မဟုတ်တာ။ ဒါဆို ငါက ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရတာလဲ။ ငါက စိတ်ခံစားချက်အရ ပြုမူနေတာလား” ပေါ့။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပြီး၊ တင်ယီကိုလည်း ဆက်ပြောခိုင်းလိုက်တယ်။ နည်းနည်း ဆွေးနွေးကြပြီးတော့၊ ရှန့်ကျင်ဟာ တချို့စည်းမျဉ်းတွေကို မရင်းနှီးသေးဘူးလို့ သမီးတို့ ကောက်ချက်ချလိုက်ကြတယ်။ သူ့ကို နည်းနည်းလောက် ဆက်ပြီး လေ့ကျင့်ပေးခွင့်ပြုဖို့လည်း ထောက်ခံလိုက်ကြတယ်။ ရှန့်ကျင်အကြောင်း ဆွေးနွေးတာတွေ ပြီးသွားတာတောင်၊ တင်ယီကို ဒေါသထွက်ခဲ့မိတဲ့ အဲဒီအခိုက်အတန့် အချိန်လေးက စိတ်ထဲမှာ လွှမ်းမိုးနေတုန်းပဲ။ သမီးလည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်တယ်၊ “သူက ရှန့်ကျင်အကြောင်း မကောင်းတာတစ်ခုခု ပြောလိုက်တာနဲ့ ငါက စိတ်မချမ်းမသာဖြစ်သွားတယ်။ ငါက ရှန့်ကျင်ကို ကာကွယ်ပြီး လက်သင့်ခံပေးနေတာလား။ ပြီးခဲ့တဲ့တစ်ခေါက်မှာ ငါ့လုပ်ရပ်တွေအပေါ် စိတ်ခံစားချက်တွေကို ချုပ်ကိုင်ခွင့်ပေးမိလို့၊ သူ့ဗီဒီယိုကို ခေါင်းဆောင်တွေဆီ မပေးချင်ခဲ့မိဘူး။ အခု ငါက အဲဒီအတိုင်း ထပ်လုပ်မိနေပြန်ပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ငါ ရှာဖွေရမယ်” ပေါ့။
သမီးလည်း ရှာဖွေရင်းနဲ့ ဒီကျမ်းပိုဒ်တွေကို အမှတ်မထင်တွေ့မိတယ်။ “အနှစ်သာရအရ စိတ်ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အလွန်အကျွံ ကာကွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် စိတ်ခံစားချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။) “သင်နှင့် ရင်းနှီးသူများ၊ သို့မဟုတ် သင်နှင့် စိတ်ဝင်စားမှု တူသူများအပေါ် သံယောဇဉ် တွယ်တာသလော။ ၎င်းတို့၏လုပ်ရပ်များနှင့် အပြုအမူတို့ကို သင်၏အကဲဖြတ်ခြင်း၊ သတ်မှတ်ချက်နှင့် တုံ့ပြန်မှုတို့သည် သမာသမတ်ကျပြီး ဓမ္မဓိဋ္ဌာန်ကျမည်လော။ လူတစ်ဦးကို၊ သို့မဟုတ် သင့်အနေဖြင့် စိတ်ခံစားချက်ဆိုင်ရာ ဆက်နွှယ်မှုရှိသူတစ်ဦးကို အသင်းတော်အနေဖြင့် အရေးယူဆောင်ရွက်ဖို့ အခြေခံသဘောတရားက သတ်မှတ်ဆုံးဖြတ်ပြီး၊ ဤဆောင်ရွက်မှုများက သင်၏ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီပါက သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်နာခံမည်လော။ သင်သည် ၎င်းတို့နှင့် တိတ်တဆိတ် ဆက်လက်၍ ထိတွေ့ဆက်ဆံဦးမည်လော၊ ၎င်းတို့၏ မလိမ့်တပတ် အပြောခံဦးမည်လော၊ ၎င်းတို့အတွက် ဆင်ခြေများပေးဖို့၊ ရှာကြံ အကြောင်းပြချက်ပေးပြီး ကာကွယ်ပေးဖို့ ၎င်းတို့၏ နှိုးဆော်ခြင်းကိုပင် ခံဦးမည်လော။ သမ္မာတရား၏ အခြေခံသဘောတရားများကို သတိမမူမိသကဲ့သို့၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားဘဲ၊ သင့်ကို ကြင်နာခဲ့သော သူများအတွက် ခေါင်းခံပေးပြီး ၎င်းတို့အား ကူညီပေးမည်လော။ ဤအရာအားလုံးသည် စိတ်ခံစားချက်များနှင့်ပတ်သက်သည့် ပြဿနာမျိုးစုံ ပါဝင်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “လူတို့သည် ဘုရားသခင့်အပေါ် ကြောက်ရွံ့ခြင်းမရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သူတို့နှလုံးသားများထဲ၌ နေရာမရှိပါက သူတို့သည် မည်သည့်တာဝန်များကို ဖြည့်ဆည်းနေကြပါစေ သို့မဟုတ် မည်သည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေကြပါစေ မည်သည့်အခါမျှ ကိုယ်ကျင့်တရားအရ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ မိမိတို့၏ ရည်ရွယ်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွင်း အသက်ရှင်နေသော လူတို့သည် သမ္မာတရား၏ စစ်မှန်မှုအတွင်း ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့ရပြီး မိမိတို့၏ ရည်ရွယ်ချက်များအပေါ် ဆန်းစစ်ဝေဖန်သောအမြင် မထားရှိကြဘဲ သူတို့၏ရည်ရွယ်ချက်များ မှားယွင်းသည့်နေရာကို သတိမထားနိုင်ကြကာ ထိုအစား သူတို့ကိုယ်သူတို့အတွက် အလိမ်အညာများနှင့် အကြောင်းပြချက်များကို ဖန်တီးရန် ရှင်းချက်မျိုးစုံကို အသုံးပြုတတ်ကြလျှင် အဆုံး၌ မည်သည့်အရာဖြစ်သနည်း။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဂုဏ်သတင်းနှင့် လူအချင်းချင်း ဆက်ဆံရေးများကို ကာကွယ်ရန်အတွက် အတော်ပင် အောင်မြင်ကြသော်လည်း သူတို့သည် ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ သမီးလည်း သဘောပေါက်သွားတယ်။ မျက်နှာသာပေးတာ၊ ဆက်ဆံရေးကို ထိန်းသိမ်းတာတွေက ချစ်ခင်တွယ်တာမှုတွေကြောင့်ပဲ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေပဲ။ သမီးရဲ့အပြုအမူနဲ့ပတ်သက်ရင်လည်း၊ ရှန့်ကျင်က ကိုယ့်ကို ဂရုစိုက်စောင့်ရှောက်ပေးလို့၊ သမီးက သူ့ကို မျက်နှာသာပေးမိတာ။ သူ့မှာ မေးစရာတစ်ခု ရှိတဲ့အခါတိုင်းလည်း သမီးဆီပဲ အရင်ဆုံး လာတတ်တာဆိုတော့၊ သမီးက ကျေနပ်သာယာမိတယ်။ အဲဒီတော့ သူ့ဗီဒီယိုမှာ ပြဿနာအများကြီးရှိတာကို သတိထားမိချိန်မှာ သမီးက ခေါင်းဆောင်တွေဆီ အသိမပေးချင်တော့ဘူး။ ပြီးတော့ တင်ယီက ရှန့်ကျင်ရဲ့ချို့ယွင်းချက်တွေကို အလေးပေးပြောတော့လည်း၊ သမီး လက်မခံနိုင်ခဲ့ဘူး။ ဒေါသဖြစ်ဖြစ်နဲ့ ရှန့်ကျင်ကိုတောင် ကာကွယ်ပေးပြီး၊ သူ့အားနည်းချက်တွေကို ဖုံးဖိဖို့ ကြိုးစားမိတယ်။ သမီးက စိတ်ခံစားချက်တွေကို ကိုယ့်လုပ်ရပ်တွေအပေါ် ချုပ်ကိုင်ခွင့်ပေးနေတာ မဟုတ်ဘူးလား။ ရှန့်ကျင်က ဘာမှမတိုးတက်သေးမှန်း သမီး သိပေမဲ့ တင်ယီကို အမှန်အတိုင်း ပြောခွင့်မပေးခဲ့ဘူး။ သူက လုံးလုံး တိုးတက်မှုမရှိတာ မဟုတ်ပါဘူးဆိုပြီး တင်ယီကို စကားကတ်ပြောဖို့ ကြိုးစားခဲ့သေးတယ်။ တကယ်တမ်းတော့ လူတွေကို ပျိုးထောင်ပေးရာမှာ အသင်းတော်ရဲ့စည်းမျဉ်းက အဲဒီလူတွေမှာ အစွမ်းအစ၊ ပါရမီ ဒါမှမဟုတ် အလားအလာ ရှိရဲ့လား၊ အလုပ်တာဝန်ကို ချက်ချင်း ဖြေရှင်းနိုင်စွမ်း ရှိရဲ့လားဆိုတဲ့ အကဲဖြတ်မှုအပေါ် အဓိကထားတာပါ။ ဒါကြောင့် ရှန့်ကျင်ကို နည်းနည်း တိုးတက်မှုရှိတယ်လို့ ပြောတာက တကယ်ကို ဘာအဓိပ္ပာယ်မှမရှိဘူး။ သူ့ချို့ယွင်းချက်တွေကို ဖုံးဖိဖို့နဲ့ လူတွေရဲ့ထင်မြင်ချက် ဝေဝါးသွားအောင်လို့ သမီးက ဒါကို ပြောနေခဲ့မိတာ။ ရှန့်ကျင်နဲ့ပတ်သက်တဲ့ လတ်တလောကိစ္စတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ သမီး လုပ်ခဲ့ပြောခဲ့တာတွေရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခု ရှိနေမှန်း မြင်သွားတယ်။ သမီးက ရှန့်ကျင်ကို ဆက်ရှိစေချင်တာပဲ။ ဒါမှ သူက သမီးကို ဆက်ပြီး စောင့်ရှောက်ပေးနိုင်မယ်၊ ပြီးတော့ သမီးရဲ့အတ္တနဲ့ ရာထူးအဆင့်အတန်းကို မက်တဲ့စိတ်လည်း ပြေလည်သွားမယ်လေ။ သူ့ကိုယ်စား ပြောပေးတာကလည်း စည်းမျဉ်းတွေကို ရှာဖွေတာ၊ ဘုရားနှုတ်ကပတ်တော်တွေ လက်တွေ့လုပ်တာကို အခြေခံခဲ့တာ မဟုတ်ဘူး။ ဘယ်လို လုပ်ဆောင်ပုံနည်းလမ်းက အသင်းတော်ရဲ့အလုပ်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို သမီး ထည့်မတွက်ခဲ့ဘူး။ အဲဒီအစား တစ်ကိုယ်ကောင်းဆန်တဲ့၊ ရွံစရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကိုယ့်စကားတွေနဲ့ လုပ်ရပ်တွေအပေါ် ချုပ်ကိုင်ခွင့်ပေးလိုက်တာ။ သမီးရဲ့တလွဲဆုံးဖြတ်ချက်ကြောင့် အသင်းတော်က မသင့်တော်တဲ့လူကို အသုံးပြုမိရင်၊ အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။ သမီးက သမ္မာတရားရဲ့စည်းမျဉ်းတွေနဲ့ အသင်းတော်ရဲ့အလုပ်ထက် ကိုယ့်စိတ်ခံစားချက်တွေကို ဦးစားပေးခဲ့တာပါ။ သမီးစိတ်နှလုံးထဲမှာ ဘုရားက လုံးဝ နေရာမရှိသလို ဖြစ်ခဲ့တာ။
နောက်တော့ သမီးလည်း ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို အမှတ်မထင် တွေ့မိတယ်။ “ဘုရားသခင်သည် အတော်အသင့် မလုပ်ဆောင်ပေ။ သူသည် လူ၏ စိတ်ကူးများဖြင့် စွန်းထင်းခြင်းမရှိ။ သူ့အတွက်၊ တစ်သည် တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်။ အမှန်သည် အမှန်ဖြစ်ပြီး အမှားသည် အမှားဖြစ်သည်။ မရေရာခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ စစ်မှန်စွာနာခံခြင်းဖြင့်သာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်) “ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)) ဘုရားရဲ့စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် နားလည်သွားတယ်။ ဘုရားက လူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံတယ်။ ဘယ်သူ့အပေါ်မှ သံယောဇဉ်မထားဘူး။ ဣသရေလဘုရင် ဒါဝိဒ်ကို ဥပမာကြည့်လေ။ ဘဝမှာ သူ့အကြီးမားဆုံး မျှော်လင့်ချက်က၊ ပြည်သူတွေ ဘုရားကို ဝတ်ပြုနိုင်တဲ့ ဗိမာန်တော်တစ်ခု တည်ဆောက်ဖို့ပဲ။ ဒါဝိဒ်ဆိုတာ ဘုရားအလိုတော်ကို အလေးထားတဲ့ လူတစ်ယောက်။ ဒါပေမဲ့ သူက ဖောက်ပြန်မှုကျူးလွန်တဲ့အချိန်မှာ၊ ဘုရားက သူ့ကို မျက်နှာသာမပေးခဲ့ဘူး။ လက်သင့်မခံခဲ့ဘူး။ ဘုရားက သူ့ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးခဲ့တယ်။ သူ့အိမ်သားတွေလည်း ဓားဘေးနဲ့ အမြဲ တွေ့ကြုံခဲ့ကြရတယ်။ ဘုရားက လူတွေအားလုံးကို မျှမျှတတ တရားသဖြင့် ဆက်ဆံတယ်ဆိုတာကို ဒီအဖြစ်ကနေ သမီးတို့ မြင်နိုင်တယ်။ သမီးကျတော့ လူတွေကို စိတ်ခံစားချက်တွေ၊ နှစ်သက်တာတွေကို အခြေခံပြီး ဆက်ဆံခဲ့တယ်။ ကိုယ်နဲ့ အဆင်ပြေပြီး ကိုယ့်အကျိုးအတွက် အသုံးဝင်တဲ့ ဘယ်သူ့ကိုမဆို၊ သမီးက လက်သင့်ခံပြီး အခွင့်အရေးပေးတတ်တယ်။ ကိုယ် နှစ်သက်တဲ့လူတွေနဲ့ ပိုပြီး အဆက်အဆံလုပ်ချင်တဲ့အပြင်၊ အဲဒီလူတွေကို စည်းမျဉ်းမရှိဘဲ ကာကွယ်ပေးချင်စိတ်တောင် ဖြစ်ခဲ့တယ်။ တင်ယီက ရှန့်ကျင်ကို စည်းမျဉ်းကို အခြေခံပြီး အကဲဖြတ်တဲ့အချိန်မှာလည်း၊ သမီးက စိတ်တောင်ဆိုးပြီး၊ သူ စကားဆက်ဖို့ တွန့်ဆုတ်အောင် လုပ်မိတယ်။ အဲဒီလိုအပြုအမူမျိုးကို ဘုရားက ရွံရှာတယ်လေ။ လောကီနယ်ပယ်မှာ အရာအားလုံးက ပေါင်းသင်းဆက်ဆံရေးတွေအပေါ်မှာ အခြေခံတယ်။ ဒါပေမဲ့ ဘုရားရဲ့အိမ်တော်ကတော့ မတူဘူး။ လူတွေကို စည်းမျဉ်းပေါ် အခြေခံပြီး ရိုးသားပွင့်လင်းစွာနဲ့ မျှမျှတတ ဆက်ဆံဖို့၊ ဘုရားက ပြောတယ်။ ဒီသဘောအတိုင်း ပြုမူနေထိုင်တာက ပွင့်လင်း၊ ဖြောင့်မတ်ပြီး စိတ်ကို ငြိမ်းချမ်းစေတယ်။
နောက်တော့ ကိုယ် ပြောဆိုလုပ်ကိုင်တာတွေမှာ စိတ်ခံစားချက်တွေကို ဘာလို့ အမြဲတမ်း ချုပ်ကိုင်ခွင့်ပေးမိသလဲဆိုတာ ဆင်ခြင်ကြည့်ရင်း၊ ဒီကျမ်းပိုဒ်တွေကို အမှတ်မထင် တွေ့ပြန်ရော။ “ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာများတွင် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကြာခဏ အလေးပေးပြောဆိုကြသည်။ သို့ရာတွင် အချို့သောလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်မစဉ်းစားတတ်ပေ။ ထိုအစား အရာရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှေ့တန်းတင်ကြသည်။ ဤလူများသည် အထူးပင် တစ်ကိုယ်ကောင်းဆန်သည်။ ထို့အပြင် အရေးကိစ္စများကို ၎င်းတို့ ကိုင်တွယ်ရာတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်သည်အထိ၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားအိမ်တော်အပေါ် သွယ်ဝိုက်တောင်းဆိုမှုများ ပြုလုပ်မည့်အထိပင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိမ်ဖန်များစွာ ကာကွယ်ကြသည်။ ဤတွင် အဓိကစကားလုံးမှာ အဘယ်နည်း။ အဓိကအားဖြင့် ပြောဆိုသည့်အရာမှာ အဘယ်နည်း။ (အကျိုးစီးပွား။) ‘အကျိုးစီးပွား’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤဝေါဟာရတွင် မည်သည့်အရာပါဝင်သနည်း။ မည်သည့်အရာသည် လူ၏ အကျိုးစီးပွားဖြစ်သည်ဟု လူတို့က သတ်မှတ်သနည်း။ လူ၏ အကျိုးစီးပွားတွင် မည်သည့်အရာ အကျုံးဝင်သနည်း။ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းတို့အပြင် ရုပ်ဝတ္ထုအကျိုးစီးပွားများနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူများကို သူ့အား လေးစားပြီး ကိုးကွယ်စေရန် လှည့်စားသောအခါ ထိုသူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားနေခြင်းဖြစ်သည်။ ရုပ်ဝတ္ထုအကျိုးစီးပွားများလည်းရှိသည်။ ဥပမာအနည်းငယ် ပေးရလျှင် အခြားလူများအပေါ် အခွင့်အရေးယူခြင်း၊ မိမိတို့အတွက် အကျိုးအမြတ်များ ခံစားခြင်း၊ သို့မဟုတ် ဘုရားအိမ်တော် ပိုင်ဆိုင်သော ပစ္စည်းများကို ခိုးယူခြင်းတို့အားဖြင့် လူတို့ လိုက်စားသောအရာများဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အစဉ် ဦးစားပေးကြသည်။ အန္တိခရစ်များသည် စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို လိုက်စားသည်ဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားသည်ဖြစ်စေ မတော်လောဘကြီးပြီး မကျေနပ်နိုင်ကြပေ။ ဤအရာများကို ၎င်းတို့အတွက်သာ ယူဆောင်ဖို့ ကြိုးစားလိမ့်မည်။ လူတစ်ယောက်၏ ကိုယ်ကျိုးစီးပွားများနှင့်သက်ဆိုင်သော အကြောင်းကိစ္စများသည် အရာအားလုံးတွင် ၎င်းတို့ကို ထုတ်ဖော်အပြဆုံးဖြစ်သည်။ ကိုယ်ကျိုးစီးပွားများသည် လူတိုင်း၏ ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ တစ်ရက်ချင်းစီတိုင်းတွင် လူတစ်ယောက်က ထိတွေ့သည့်အရာရာတိုင်းသည် သူ၏ ကိုယ်ကျိုးစီးပွားများပါဝင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) “လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) စာတန်ကြောင့် အကျင့်ပျက်သွားပြီးတဲ့နောက်မှာ သမီးတို့သဘာဝတွေက တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းလာခဲ့တယ်။ သမီးတို့ပြောတဲ့လုပ်တဲ့ အရာတိုင်းရဲ့နောက်ကွယ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်။ အားလုံးက ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်ချည်းပါပဲ။ သမီးတို့က တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြောဆိုလုပ်ဆောင်ပြီဆိုရင်၊ စာတန်ရဲ့လက်ပါးစေတွေအဖြစ် သမီးတို့က အမှတ်တမဲ့ အစေခံမိပြီး၊ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးမိနေတာပဲ။ သမီးလည်း ကိုယ့်အပြုအမူကို ဆင်ခြင်ကြည့်ရင်း မြင်သွားတယ်။ ရှန့်ကျင်က သမီးအတွက် မကြာမကြာ ပူပန်ပေးတတ်ပြီး၊ စောင့်ရှောက်တတ်တာကြောင့်၊ အဆင်ပြေတယ်ဆိုတဲ့ ခံစားမှုကို သာယာခဲ့တာ။ ဂုဏ်လိုချင်တဲ့ ကိုယ့်ဆန္ဒလည်း ပြည့်ဝသွားတယ်လေ။ သူ ထွက်သွားရင်၊ ဒီအကျိုးအမြတ်တွေအားလုံးကို သမီးက ဆုံးရှုံးသွားမှာ။ ဒီတော့ ခေါင်းဆောင်တွေကို သူ့ကို တာဝန်ပြောင်းတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ သမီးက သူ့ကို စည်းမျဉ်းအတိုင်း မဆက်ဆံခဲ့ဘူး။ အဲဒီအစား ကိုယ့်အကျိုးအတွက်ပဲ အရင်ဆုံး ထည့်စဉ်းစားနေခဲ့တာ။ ခေါင်းဆောင်တွေက ရှန့်ကျင်ကို စည်းမျဉ်းနဲ့အညီ အလုပ်ပြောင်းပေးဖို့ လိုအပ်လားဆိုတာကို ဆုံးဖြတ်ဖို့၊ အသင်းတော်အလုပ်ရဲ့ထိရောက်မှု တိုးတက်စေဖို့နဲ့ အသင်းသားတိုင်းကို အကောင်းဆုံး အသုံးပြုဖို့အတွက်၊ သမီးတို့ကို ရှန့်ကျင်အပေါ် အကဲဖြတ်ချက် ရေးခိုင်းခဲ့တာ။ ဒါပေမဲ့ သမီးက အသင်းတော်ရဲ့အလုပ်ကို ထည့်မစဉ်းစားဘဲ၊ ဂုဏ်လိုချင်တဲ့ ကိုယ့်ဆန္ဒကို ဘယ်လိုပြည့်အောင်လုပ်မလဲဆိုတာပဲ စဉ်းစားနေခဲ့တာ။ အသင်းတော်ရဲ့အလုပ်ကို မကာကွယ်ခဲ့တဲ့အပြင်၊ ရှန့်ကျင်ရဲ့ တကယ့် အခြေအနေကိုလည်း ခေါင်းဆောင်တွေ မသိအောင် တားဖို့ ကြိုးစားခဲ့တယ်။ အမှန်တကယ်တော့ ရှန့်ကျင်က ဗီဒီယိုထုတ်လုပ်ရေးအတွက် မသင့်တော်ပါဘူး။ ဒါပေမဲ့ သမီးက သူ့ကို ဆက်ထားဖို့ မရမကပြောမယ်ဆိုရင်၊ သူ့အနေနဲ့ အကျိုးထူး ရလာမှာမဟုတ်သလို၊ သမီးတို့လည်း သူ့ဗီဒီယိုတွေကို တည်းဖြတ်ရင်း အချိန်အများကြီး ကုန်ရလိမ့်မယ်။ အမြတ်ထက် အရှုံးက အလေးသာခဲ့တာပါ။ ဘုရားသခင် တောင်းဆိုသလို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ခြင်းရဲ့ အရေးကြီးပုံကို သမီး နားလည်သွားတယ်။ ဒါက အသင်းတော်ဝင်တွေနဲ့ အသင်းတော်ရဲ့အလုပ်အတွက် အကျိုးပြုပါတယ်။ စိတ်ခံစားချက်တွေကို ကိုယ့်လုပ်ဆောင်ချက်တွေမှာ ချုပ်ကိုင်ခွင့်ပေးတာက အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးတာပဲ ဖြစ်စေတယ်။ စိတ်ခံစားချက်တွေကို အခြေခံပြီး ဆက်လုပ်ဆောင်နေလို့ မဖြစ်မှန်း သမီး သိသွားတယ်။
အဲဒီနောက် မကြာခင်မှာ ရှန့်ကျင်က နောက်ထပ် ဗီဒီယိုတစ်ခု လုပ်ရတယ်။ သမီးလည်း အဲဒါကို စစ်ဆေးရင်း တွေးနေမိတာက၊ နှစ်လလုံးလုံး လေ့ကျင့်ပေးပြီးတဲ့နောက်မှာ သူ့ဗီဒီယိုက ဘာဖြစ်လို့ ပြဿာနာတွေအများကြီး ပါနေသေးတာလဲဆိုတာပဲ။ ဒီအချိန်မှာ ခေါင်းဆောင်တွေက ရှန့်ကျင်ကို အလုပ်အတွက် သင့်တော်ရဲ့လားဆိုတာ သိရဖို့ စောင့်ကြည့်နေကြတာ။ သမီးက သူ့အမှားတွေကို ဖော်လိုက်ရင်၊ သူ တာဝန်ပြောင်းခံရနိုင်တယ်။ သူ့အမှားတွေ နည်းနည်းလောက်ကိုပဲ ဖော်ပြဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ဟိုအရင် စိတ်ခံစားချက်ကို အခြေခံပြီး သူ့ကို ဆက်ဆံခဲ့ပုံတွေကို တွေးမိတော့၊ သမီးအနေနဲ့ အဲဒီလမ်းကို ထပ်မလျှောက်သင့်တော့ဘူးလေ။ အရှိအတိုင်းအချက်အလက်တွေကို အခြေခံပြီး သူ့အမှားတွေအားလုံးကို ဖော်ပြလိုက်ရတယ်။ အဲဒါမှ သူ့အနေနဲ့ အလုပ်နေရာအတွက် သင့်တော်လားဆိုတာကို ခေါင်းဆောင်တွေက စည်းမျဉ်းအရ ဆုံးဖြတ်နိုင်မှာ။ အဲဒီအချိန်မှာပဲ ဟိုအရင် ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို သတိရသွားတယ်။ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် စိတ်ခံစားချက်အပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်းဖြစ်သည်။ အခြားသောအရာအားလုံးထက် ရိုးသားရန် လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။...သင်သည် အမှန်အတိုင်း မပြောခဲ့လျှင် သင်သည် ဘုရားသခင်၏လမ်းနောက်လိုက်ပြီး ဘုရားသခင်ကို ကျေနပ်စေလျက်ရှိသည်ဟု အလေးပေးပြောခြင်းက သင့်အတွက် အသုံးဝင်မည်လော။ သင်၏ အော်ဟစ်ခြင်းကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်မည်သို့ အော်ဟစ်သည်၊ မည်မျှပြင်းထန်စွာ အော်ဟစ်သည်၊ သို့မဟုတ် သင်၏စိတ်စွမ်းအားက မည်မျှကြီးမားသည်ဆိုသည်ကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်အကြိမ်မည်မျှအော်ဟစ်သည်ကို ဘုရားသခင်က အရေးစိုက်မည်လော။ အရေးစိုက်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုရှိမရှိနှင့် သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါ မည်သည့်အရာကို ရွေးချယ်သည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သည်တို့ကို ကြည့်ရှုသည်။ သင်၏ ရွေးချယ်မှုသည် ဆက်ဆံရေးများကို ထိန်းသိမ်းရန်၊ သင်၏ ကိုယ်ကျိုးစီးပွားနှင့် ပုံရိပ်ကို ထိန်းသိမ်းရန်၊ မိမိရှင်သန်မှုအဖို့ငှာ ကြိုးပမ်းခြင်းအတွက်သက်သက်သာဖြစ်လျှင် ဤသည်မှာ သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါတွင်ဖြစ်သော သင်၏ အမြင်နှင့် သဘောထားဖြစ်သည်ဟု ဘုရားသခင်က မြင်လိမ့်မည်ဖြစ်ပြီး သူသည် သင့်ကို အကဲဖြတ်လိမ့်မည်။ သင်သည် သူ၏လမ်းခရီးကို လိုက်လျှောက်သောသူမဟုတ်ဟု သူက ဆိုလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားက သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ဖို့၊ ပြီးတော့ သမီးတို့ ရင်ဆိုင်မိတဲ့ ကိစ္စကြီးငယ်တိုင်းမှာ ရိုးသားကြဖို့ တောင်းဆိုတာပါ။ လူတစ်ယောက်ကို အကဲဖြတ်တာက ကြီးကြီးမားမားကိစ္စ မဟုတ်ဘူးလို့ ထင်ရနိုင်ပေမဲ့၊ လူတစ်ယောက်ဟာ ဘုရားကို ကြောက်ရွံ့မှု ရှိရဲ့လားဆိုတာကို ထုတ်ဖော်ပြနိုင်တယ်။ လူတစ်ယောက်ဟာ ရိုးသားပြီး ယုံကြည်စိတ်ချရလားဆိုတာကိုလည်း ပြနိုင်တယ်။ သမီးမှာ ဘုရားကို ကြောက်ရွံ့ခြင်း မရှိသေးဘူးဆိုပေမဲ့၊ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ချင်တယ်။ အပြောနဲ့ အလုပ်မှာ စိတ်ချယုံကြည်၊ အားကိုးထိုက်တာမျိုး ဖြစ်ချင်မိတယ်။ သမီးလည်း ဘုရားကို ဆုတောင်းရင်း ပြောမိတယ်၊ “ဘုရားသခင်၊ သမီးဟာ စိတ်ခံစားချက်နဲ့ မလုပ်ဆောင်ချင်တော့ပါဘူး။ စိတ်နှလုံးထဲမှာ ကိုယ်တော့်ကို ကြောက်ရွံ့ခြင်းနဲ့ပဲ လုပ်ဆောင်ချင်ပါတယ်” ပေါ့။ အဲဒီလိုနဲ့ သမီးလည်း ရှန့်ကျင်ရဲ့ဗီဒီယိုထဲမှာ တွေ့ရတဲ့ အမှားတွေအားလုံးကို ဖော်ပြပေးလိုက်တယ်။ တစ်ရက်နှစ်ရက်လောက် အကြာမှာတင် သူ တကယ် တာဝန်ပြောင်းသွားရတယ်။ သမီးလည်း နည်းနည်း စိတ်မကောင်းဖြစ်မိပေမဲ့၊ ဒါက အသင်းတော်အလုပ်နဲ့ သူကိုယ်တိုင်အတွက် ဘယ်လိုအကျိုးရှိမယ်ဆိုတာကို တွေးမိတော့၊ နည်းနည်း ပိုပြီး စိတ်သက်သာရာ ရသွားတယ်။
ဟိုအရင်ကတော့ ကိုယ့်ခင်တွယ်မှုတွေဆိုတာ ခဏတဖြုတ် အတွေးတွေ၊ ခဏတဖြုတ် ခံစားချက်တွေလို့ပဲ ထင်မိတာ။ ကိုယ်က စည်းမျဉ်း ချိုးဖောက်တာ မသိသာသရွေ့၊ အသင်းတော်ရဲ့အလုပ်ကို ထိခိုက်မှု မဖြစ်စေသရွေ့၊ အဲဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ဘူး။ အဲဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ မလိုဘူးပေါ့။ တကယ်တော့ သမီးက မှားယွင်းတဲ့အယူအဆ ရှိခဲ့တာပါ။ အပြင်ပန်းအရ စည်းကမ်းတွေနဲ့ ကိုက်ညီတယ်၊ မြင်သာတဲ့အပြစ်ကိုလည်း မကျူးလွန်ဘူးဆိုပေမဲ့၊ အတွင်းထဲမှာတော့ ကိုယ့်စိတ်ကူးတွေ၊ ယုံကြည်မှုတွေနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို မချုပ်ထိန်းနိုင်ခဲ့ဘူး။ သမီးက သမ္မာတရားကို မရှာဖွေဘူး၊ ဒီပြဿနာကို မဖြေရှင်းခဲ့ဘူးဆိုရင်၊ သမီးကြောင့် အနှောင့်အယှက်တွေ သေချာပေါက် ဖြစ်လာမှာပဲ။ ဒါကြောင့် ကိုယ့်ဖောက်ပြန်ပျက်စီးမှုနဲ့ အကြံအစည်တွေကို ခွဲခြားဖော်ထုတ်တာတွေ၊ သမ္မာတရားကို ရှာဖွေတာတွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တာတွေ အားလုံးက အရမ်း အရေးကြီးပါတယ်။ ဒါက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆီ သွားတဲ့ လမ်းပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။