အကဲဖြတ်ချက်တစ်ခု ရေးသားခြင်းအပေါ် သုံးသပ်ချက်များ

29.04.2024

ထန်ထန် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့ ဧပြီလတုန်းက အသင်းတော်ရဲ့ စာအရေးအသားအလုပ်မှာ ငါက ဦးဆောင်ရတယ်။ တစ်ရက်ကျတော့ အပေါ်ခေါင်းဆောင်တစ်ယောက်ဆီက စာတစ်စောင် ရတယ်။ ငါ့ကို လျုလီဆိုတဲ့ ခေါင်းဆောင်တစ်ယောက်အပေါ် အကဲဖြတ်ချက် ရေးခိုင်းတာ။ သုံးရက်အတွင်း ရေးပို့ရမယ်တဲ့။ ငါလည်း မခန့်မှန်းဘဲ မနေနိုင်ခဲ့ဘူး။ ငါ့ကို လျုလီအပေါ် အကဲဖြတ်ခိုင်းတယ်ဆိုတော့၊ အဲဒီတစ်ယောက်က အလုပ်ကို လက်တွေ့ကျကျ မလုပ်ဘဲနေတာ ဖြစ်နိုင်တယ်။ သူ့ကို ဖြုတ်ပစ်ဖို့ အစီအစဉ်များလား။ ဒါမှမဟုတ် သူက အရည်အချင်းကောင်းလို့ ပျိုးထောင်ပေးသင့်တာလည်း ဖြစ်နိုင်တယ်။ ဒါဆို သူ့ကို ရာထူးတိုးဖို့ အစီအစဉ်လားပေါ့။ လျုလီက များသောအားဖြင့် သူ့တာဝန်မှာ တာဝန်ကျေပါတယ်။ အလုပ်ရဲ့အကျိုးဖြစ်ထွန်းမှုအပိုင်းမှာ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်တယ်။ သူက သိပ်ပြီး မကျွမ်းကျင်တာမျိုးလောက်ပဲ။ အလုပ် များပြီဆိုတာနဲ့ သူက ပျာယာခတ်ပြီး၊ သေချာ ဦးစားပေး မလုပ်တတ်တော့တာ။ ငါလည်း တွက်ချက်ကြည့်နေမိတာပေါ့၊ ခေါင်းဆောင်က လျုလီကို ရာထူးတိုးပေးပြီး ပျိုးထောင်ဖို့ စီစဉ်တာကို၊ ငါက သူ့အားနည်းချက်တွေအကြောင်း အများကြီး ရေးလိုက်ရင်၊ ခေါင်းဆောင်က ငါ့ကို ချင့်ချိန်နိုင်စွမ်း မရှိဘူး၊ တခြားသူတွေကို မျှမျှတတ မဆက်ဆံဘူးလို့ ပြောမှာလား။ အဲဒီနောက်ပိုင်းမှာ သူက ငါ့ကို ဘယ်လိုထင်လာမလဲ။ ဒါပေမဲ့ ခေါင်းဆောင်က လျုလီကို ဖြုတ်ပစ်ဖို့ ပြင်ဆင်တာကို၊ ငါက သူ့အားသာချက်တွေအကြောင်း အများကြီး ရေးလိုက်မိရင်၊ သူက ငါ့ကို အရည်အချင်းမရှိဘူး၊ တိကျတဲ့ အကဲဖြတ်ချက်တစ်ခုတောင် မရေးနိုင်ဘူးလို့ ထင်သွားနိုင်တယ်။ အဲဒါဆို ငါလည်း စာအရေးအသားအလုပ်ကို ဘယ်လိုလုပ် ဆက်ပြီး ဦးဆောင်နိုင်တော့မလဲ။ အဲဒီနောက်ပိုင်းမှာ ငါ့ကို အထင်အမြင် သေးသွားနိုင်တယ်လေ။ စိတ်ထဲမှာ ဒီလိုရှိနေတော့ ငါလည်း စာရွက်ထဲမှာ သာမန်ကာလျှံကာ ချမရေးရဲဘူး။

နောက်တစ်နေ့မှာ လျုလီရဲ့တွဲဖက် အစ်မဝမ်ကျီက တို့နဲ့အတူ စည်းဝေးပွဲတစ်ခုကို လာတယ်။ ငါလည်း စိတ်ကူးတစ်ခု ရလိုက်တယ်။ သူ့ဆီကနေ အချက်အလက်လေးတွေ ပါးပါးနပ်နပ် စုံစမ်းကြည့်လို့ရတယ်လေ။ ဒါနဲ့ သူ့ကို စူးစမ်းတဲ့မေးခွန်းတစ်ခု မေးလိုက်တယ်၊ “အစ်မက ခုတစ်လော ကျွန်မတို့နဲ့ စည်းဝေးပွဲတက်တာ တော်တော်များတယ်နော်။ လျုလီကိုတော့ မမြင်မိပါလား။ သူက တကယ်ပဲ အလုပ်များလား” ပေါ့။ “သူက တခြားအလုပ်နဲ့ မအားဘူး”လို့ ဝမ်ကျီက ပြောတယ်။ သူက တော်တော် လေသံတိုးတိုးနဲ့ ဖြေတာကို ငါ သတိထားမိတယ်။ ငါ မှန်းဆမိတာက၊ လျုလီတော့ အလုပ်ဖြုတ်ခံရတော့မှာ ဖြစ်နိုင်တယ်၊ ဝမ်ကျီကလည်း သူ့ကို မကူညီမိခဲ့လို့ မလုံမလဲ ခံစားနေရတယ်ပေါ့။ ဒါပေမဲ့ ငါ့မှာ မသေချာသေးဘူးလေ။ ဒါနဲ့ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ရော၊ “အသင်းတော်အလုပ်ကို ရှင်တို့နှစ်ယောက်တည်းနဲ့ ကြီးကြပ်နေရတာ နိုင်နိုင်နင်းနင်း ရှိကြရဲ့လား” ပေါ့။ ငါက သူ စကားပြောပုံနဲ့ အမူအရာကို သတိထားကြည့်ပြီး၊ သဲလွန်စလေးတွေ ရမလားလို့ ကြိုးစားကြည့်နေတာ။ ဒါပေမဲ့ နောက်ဆုံး သိသာထင်ရှားတဲ့ အရိပ်အယောင်ဆိုလို့ တစ်ခုမှ မရနိုင်ခဲ့ဘူး။ အကဲဖြတ်ချက် ပြီးရမယ့်ရက်က နီးလာတာကို မြင်နေရတော့ ငါလည်း သောကရောက်တာပေါ့။ ဒါပေမဲ့ ဘာရေးရမှန်း မရေရာတော့ ဆက်ပြီး အချိန်ဆွဲနေမိရော။ နောက်ဆုံး ငါ့မှာ ခွဲခြားချင့်ချိန်နိုင်စွမ်း မရှိတာကို၊ ခေါင်းဆောင် မမြင်တော့အောင်ဆိုပြီး အဲဒါကို မရေးဖြစ်လိုက်တော့ဘူး။ သူက အဲဒီကိစ္စကို မေးလာခဲ့ရင်၊ အဲဒီရက်တွေမှာ အလုပ်များလွန်းလို့ အချိန်မရခဲ့ဘူးလို့ ပြောလို့ရတယ်လေ။ အဲဒီလိုနဲ့ ပြဿနာကို အကဲဖြတ်ချက် မရေးဘဲ ရှောင်လိုက်တယ်ပေါ့။ နောက်ပိုင်း အဲဒီအကြောင်းကို စဉ်းစားမိတိုင်း ငါ တော်တော် မလုံမလဲဖြစ်မိတယ်။ ခေါင်းဆောင်က ငါ့ကို လျုလီအပေါ် အကဲဖြတ်ခိုင်းခဲ့တယ်ဆိုတာ၊ လျုလီအနေနဲ့ လက်တွေ့ကျကျ အလုပ် လုပ်မလုပ်၊ သူ့ကို ပျိုးထောင်ပေးလို့ ရမရဆိုတာကို အဓိက တီးမိခေါက်မိရှိအောင်လို့ပဲ။ အဲဒါက အသင်းတော်ရဲ့အလုပ်နဲ့ တိုက်ရိုက် ပတ်သက်နေတာလေ။ ငါ သိသမျှ ချရေးလိုက်တယ်ဆိုတာ အရမ်း လွယ်ကူတဲ့အလုပ်လေးပဲ။ ဒါဆို ငါက အဲဒါကို ဘာလို့ အချိန်ဆိုင်းခဲ့တာလဲ။ ဘယ်ဟာက ငါ့ကို ချုပ်ကိုင်နေခဲ့တာလဲ။ ငါလည်း ဆုတောင်းချက်တစ်ခု လုပ်မိတယ်၊ “ဘုရားသခင်၊ ကျွန်မက အဲဒီအကဲဖြတ်ချက်နဲ့ပတ်သက်ပြီး အရမ်း သတိအထားလွန်နေတယ်။ မပြတ်သားဘူးဖြစ်နေတယ်။ စိုးရိမ်တာတွေလည်း များလွန်းနေတယ်။ ကျွန်မက ပူးပေါင်းမလုပ်ဆောင်ချင်ဘူး။ ကျွန်မရဲ့ပြဿနာကို နားလည်အောင် ကျွန်မကို လမ်းပြပေးပါ” ပေါ့။

ဝတ်ပြုတဲ့အချိန်တွေမှာလည်း ဒါကို ဖတ်မိတယ်။ “အန္တိခရစ်များသည် ဘုရားသခင်ကို မမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ခရစ်တော်ကို ၎င်းတို့ ကြုံတွေ့သောအခါ သာမန်လူတစ်ယောက်နှင့်မခြား ဆက်ဆံကြသည်။ အစဉ်သဖြင့် သူ၏ အမူအရာနှင့်လေသံမှ အရိပ်နိမိတ် ယူကြသည်။ အခြေအနေနှင့် သင့်တော်သလို ၎င်းတို့၏ လေသံကိုပြောင်းကြသည်။ အမှန်တကယ်ဖြစ်ပျက်နေသည့်အရာကို မည်သည့်အခါမျှ မပြောပေ။ ရိုးသားစစ်မှန်သည့်အရာတစ်ခုမှ မပြောပေ။ အနှစ်မရှိသည့် စကားများနှင့် အယူဝါဒကို ပြောသည်။ ၎င်းတို့ မျက်စိရှေ့တွင် ရပ်နေသော စစ်မှန်သည့်ဘုရားကို လှည့်စားပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိ။ ၎င်းတို့သည် စိတ်နှလုံးထဲမှ ဘုရားသခင်ကို စကားပြောနိုင်စွမ်း၊ စစ်မှန်သည့်အရာတစ်ခုမျှ ပြောနိုင်စွမ်း လုံးဝမရှိပေ။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ ဆူပူလှုပ်ရှားမှုများနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး သမ္မာတရားကို သင်ယူလိုသည့်အခါ၊ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ကောက်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း၊ မလိမ့်တပတ်လုပ်သည်။ ဤသို့ဖြင့် သင်ကြားလိုသည့်အရာကို ၎င်းတို့ပြောနိုင်ရန်အတွက်ဖြစ်သည်။ ၎င်းတို့ပြောသည့်အရာ မှန်သမျှသည် မြှောက်လုံးပင့်လုံး၊ သူတစ်ပါးစိတ်ကျေနပ်စေဖို့ အပြင်းအထန်ကြိုးစားခြင်းနှင့် ခယဝယ လုပ်ခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏နှုတ်မှ သမ္မာတရား၏ စကားတစ်လုံးမျှ မထွက်လာပေ။ ဤသည်မှာ ၎င်းတို့၏ လူတို့နှင့် ဆက်ဆံပုံဖြစ်ပြီး ဘုရားသခင်နှင့် ဆက်ဆံပုံဖြစ်သည်။ ၎င်းတို့သည် ထိုမျှ လှည့်စားတတ်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂)) အန္တိခရစ်တွေဟာ ခရစ်တော်ကို ရင်ဆိုင်ရတဲ့အခါတိုင်း၊ လှည့်စားတတ်ကြတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြတာ။ သူတို့က ကပ်ပါးရပ်ပါးလုပ်ပြီး မျက်နှာချိုသွေးနေကြတယ်။ ကိုယ်တော့်ဖော်ပြချက်တွေကို အတုခိုးကြတယ်။ သူတို့က ခရစ်တော်ရှေ့မှောက်မှာ အမှန်အတိုင်း မပြောဆိုကြဘူး။ လှည့်ဖြားတာတွေ၊ ဟန်ဆောင်တာတွေမှာ တော်ကြတယ်။ သိပ်ပြီး ကောက်ကျစ်ယုတ်မာကြတယ်။ ဘုရားသခင်ကိုလည်း မနှစ်မြို့ကြဘူး။ ငါကျတော့ ခရစ်တော်ကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတာ မဟုတ်ပေမဲ့၊ ငါ့မှာ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားမျိုး ပေါ်လာပြီး အဲဒီအတိုင်း ပြုမူနေခဲ့တာပဲ။ ခေါင်းဆောင်က ငါ့ကို အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် လျုလီအပေါ် အကဲဖြတ်ချက် ရေးခိုင်းတာ။ အဲဒါက ရှုပ်ရှုပ်ထွေးထွေးကိစ္စလည်း မဟုတ်ဘူး။ ငါ့အနေနဲ့ ငါ သိသမျှကို မှန်မှန်ကန်ကန် ချရေးလိုက်ဖို့၊ ငါ နားလည်တာတွေကို မျှမျှတတနဲ့ အရှိအတိုင်း မျှဝေလိုက်ဖို့ပဲ လိုတာ။ ဒါပေမဲ့ ငါက ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်တွေကို မှန်းဆပြီး ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်လိုက်တယ်။ ငါက သေချာ မရေးမိရင်၊ သူက ငါ့ကို အထင်သေးလိမ့်မယ်။ ငါ့မှာ ခွဲခြားချင့်ချိန်နိုင်စွမ်း မရှိဘူးလို့ ထင်လိမ့်မယ်ဆိုပြီး စိုးရိမ်ခဲ့တာ။ ခေါင်းဆောင်ရဲ့စိတ်ထဲမှာရှိတဲ့ ငါ့ပုံရိပ်နဲ့ နေရာကို ကာကွယ်ဖို့၊ ကိုယ့်ညီအစ်မတွေအတွက် ပူပန်ပါတယ်လို့ အယောင်ဆောင်ပြီး ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်တွေကို စပ်စုခဲ့တာ။ သူက လျုလီကို ရာထူးတိုးပေးချင်တယ်ဆိုရင်၊ ငါက လိုက်လျောညီထွေဖြစ်အောင် သူ့အားသာချက်တွေကို ပိုရေးလိုက်မယ်။ သူက လျုလီကို ဖြုတ်ပစ်ချင်တယ်ဆိုရင်၊ သူ ငါ့ကို အထင်ကြီးလာအောင်၊ လျုလီရဲ့အားနည်းချက်တွေကို ပိုရေးလိုက်မယ်ပေါ့။ ငါက လျုလီကို အချက်အလက်တွေ၊ စည်းမျဉ်းတွေအပေါ် အခြေခံပြီး အကဲဖြတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်တွေကို ခန့်မှန်းဖို့ ဝမ်ကျီရဲ့တုံ့ပြန်ပုံတွေကို အကဲခတ်နေခဲ့တာပဲ။ ငါ့ဆီမှာ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားမျိုး ပေါ်လာတာပဲ။ ကောက်ကျစ်လှည့်စားတတ်တာလေ။ ငါက ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်တွေ ပေါ်လာအောင်လို့၊ ဝမ်ကျီကို မေးခွန်းတွေ သွယ်ဝိုက်မေးပြီး သူ့ဆီက သတင်းတွေရအောင် ကြိုးစားခဲ့တာ။ ငါက ဣန္ဒြေဂုဏ်သိက္ခာ မရှိတဲ့ အောက်တန်းစားတစ်ယောက်နဲ့ တူသွားတာ။ တကယ်တော့ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြတာပဲ။ ငါတို့က အကဲဖြတ်ချက်တွေကို အချက်အလက်တွေနဲ့အညီ မျှမျှတတနဲ့ အရှိအတိုင်း ရေးဖို့ လိုတယ်။ ငါက မကောင်းတဲ့လူတစ်ယောက်အပေါ် အကောင်းမြင်တဲ့ အကဲဖြတ်ချက် ရေးလိုက်လို့၊ ခေါင်းဆောင်က ဆုံးဖြတ်ချက်အမှားကို ချမိတယ်ဆိုရင်၊ ငါက အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်သလို ဖြစ်သွားမယ်။ မကောင်းမှု လုပ်ပြီး ဘုရားကို ခုခံနေတာမျိုး ဖြစ်သွားမယ်။ ငါက သမ္မာတရား အားထုတ်တဲ့ လူတစ်ယောက်အပေါ် ပစ်ပစ်ခါခါ ဝေဖန်တဲ့ အကဲဖြတ်ချက် ရေးတယ်ဆိုရင်၊ အဲဒါက မတရားဘူး။ သူတို့လည်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာနိုင်တယ်။ မမှန်ကန်တဲ့ ငါ့အကဲဖြတ်ချက်ကြောင့် လျုလီ အလုပ်ပြောင်းရတာမျိုး၊ အထုတ်ခံရတာမျိုး ဖြစ်သွားရင်၊ ငါက မကောင်းမှု လုပ်နေမိသလို ဖြစ်သွားမယ်။ ဘုရားကို သေချာပေါက် ပုန်ကန်ပြစ်မှားမိနေလိမ့်မယ်။ ငါလည်း ဘုရားရဲ့နှုတ်ကပတ်တော်တွေကို စဉ်းစားမိသွားတယ်၊ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်က ငါတို့ကို သိပ်ပြီး တောင်းဆိုနေတာ မဟုတ်ပါဘူး။ ငါတို့အနေနဲ့ ပြောဆိုလုပ်ကိုင်တာတွေမှာ ဖြောင့်မတ်ရိုးသားလာဖို့၊ အရှိကို အရှိအတိုင်း ပြောကြဖို့၊ မလိမ်ညာတဲ့ မဖုံးကွယ်တတ်တဲ့ မျှတရိုးသားသူတွေ ဖြစ်လာဖို့ကိုပဲ ဘုရားက မျှော်လင့်တာပါ။ ငါတို့က အကဲဖြတ်ချက်တွေမှာ ရိုးသားပွင့်လင်းဖို့၊ ငါတို့သိတာကို ချရေးဖို့၊ ပြီးတော့ လူတွေကို မျှမျှတတ ဆက်ဆံဖို့ပဲ လိုတယ်။ ဒါပေမဲ့ ငါက အဲဒါကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ခေါင်းဆောင်က လူတစ်ယောက်အပေါ် ငါ ဘာတွေ ထင်မြင်သလဲဆိုတာ သိချင်တာ။ ဒါပေမဲ့ သူ့ခမျာ ငါ့ဆီက ရိုးရိုးသားသား စကားလေးတစ်လုံးတောင် မရခဲ့ဘူး။ အမြဲတမ်း ဉာဏ်များပြီး လှည့်စားနေတယ်ဆိုတာ ရိုးသားတဲ့လူတစ်ယောက်ရဲ့ အပြုအမူမျိုး မဟုတ်ဘူး။ အဲဒါကို နားလည်သွားတဲ့အချိန်မှာ ငါ့ကိုယ်ငါ မုန်းမိတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်မိတယ်။ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် စိတ်ခံစားချက်အပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်းဖြစ်သည်။ အခြားသောအရာအားလုံးထက် ရိုးသားရန် လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သလော။ ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းဖြစ်သလော။ (ဖြစ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်က ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို ‘ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူမှုရှိသလော’ ဟု မေးလာသည်။ သင်က ‘ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏’ ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာဖြစ်သလော။ သင်အမှန်တကယ် စဉ်းစားနေသည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် ပါးနပ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ ‘ငါအမှန်အတိုင်းပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်’ ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန်ပြောလိုက်သည်။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ်ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့၏ အပြုအမူ၏ အကြောင်းရင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သင်၏ စိတ်နှလုံးကို ကြည့်ရှုနေသည်၊ သင်၏ စိတ်နှလုံးကို စိစစ်နေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်းမပြောသည်ကို လူတို့မြင်နိုင်သည်။ အပြင်ပန်းတွင်ရှိသောအရာကို ၎င်းတို့ မြင်နိုင်သည်။ ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်မရိုးသားသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ အမှန်အတိုင်း သင်မပြောသည်ကို မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်မှာ အဘယ်နည်း၊ သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤအရာတွင် သင်သည် အမှန်အတိုင်းမပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ငါတို့က အကဲဖြတ်ချက်တွေ ရေးတဲ့အချိန်မှာ၊ ဘုရားကို ကြောက်ရွံ့ဖို့၊ သူ စစ်ဆေးတာကို လက်ခံဖို့ လိုအပ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ငါ သဘောပေါက်သွားတယ်။ အဲဒီတော့မှ ငါတို့မှာ မှားယွင်းတဲ့ ရည်ရွယ်ချက် ရှိနေရင်၊ မမှန်ကန်တဲ့ ဘက်လိုက်တဲ့ အကဲဖြတ်ချက်တစ်ခု ရေးမိပြီး ဘုရားကို ပုန်ကန်ပြစ်မှားမိလိမ့်မယ်ဆိုတာကို ကြောက်လန့်တော့၊ အကဲဖြတ်ချက်တွေ ရေးတဲ့အခါ သတိထားလာကြလိမ့်မယ်။ ဘုရားကို မျက်နှာမူလာကြလိမ့်မယ်။ ပြီးတော့ အကဲဖြတ်ချက်တစ်ခု ရေးတဲ့အချိန်မှာ၊ ငါတို့က ဆုတောင်းသင့်တယ်။ သမ္မာတရားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှာဖွေဖို့ အာရုံစိုက်သင့်တယ်။ ကိုယ် အကဲဖြတ်ရမယ့်လူအပေါ် ကိုယ့်ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရောထွေးမပါစေဘဲနဲ့၊ အဲဒီလူအပေါ် ကိုယ် အမှန်တကယ် နားလည်ပုံနဲ့ အမြင်တွေကို အရှိအတိုင်း မျှဝေသင့်တယ်။ အကြောင်းအရာတွေကို ချန်ခဲ့တာ လျှော့ပစ်တာတွေ မလုပ်ဘဲ အရှိအတိုင်း ပြောပြသင့်တယ်။ အဲဒါကမှ ဘုရားကို ကြောက်ရွံ့တဲ့ လက္ခဏာပဲ။ ဒါပေမဲ့ ဘုရားကို မကြောက်ရွံ့တဲ့လူတွေက သူတို့စိတ်ကူးပေါက်ရာ ပြောဆိုပြုမူတတ်ကြတယ်။ တစ်ခါတလေ သူတို့ကို အကျိုးရှိလာစေမယ်လို့ ထင်တဲ့ဟာမှန်သမျှကို ပြောကြတယ်၊ အမှန်တရားကို လုပ်ကြံပြောတာမျိုး၊ အချက်အလက်တွေကို မမှန်မကန်ပြောတာမျိုးတွေတောင် လုပ်ကြတယ်။ သူတို့တွေက တကယ်ကို ကောက်ကျစ်တဲ့ စိတ်သဘောထားတွေရှိတဲ့ လူတွေပဲ။ သူတို့က မယုံကြည်သူတွေလိုပဲ ပြုမူကြတာ။ ယုံကြည်စိတ်ချမရတဲ့ လူတွေပဲ။ အဲဒီအကဲဖြတ်ချက် ရေးတဲ့ကိစ္စက ငါ့ကို ဖော်ထုတ်လိုက်တာပဲ။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်း ရှိလာပြီးပေမဲ့၊ ငါ့ဆီမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတုန်းပဲ။ အကဲဖြတ်ချက် ရေးတဲ့အချိန်မှာ အခြေအနေကို အကဲခတ်ချင်တယ်။ ငါ့ကို အကျိုးရှိစေမယ့်ဟာမှန်သမျှကို ပြောချင်မိတယ်။ ငါက ဘုရားကို လုံးဝ မကြောက်ရွံ့ခဲ့တာပဲ။ တော်တော် ဉာဏ်များခဲ့တာပဲ။ ဘုရားက ဒါကို မနှစ်သက်ခဲ့ပါဘူး။ ဒါကို သဘောပေါက်သွားတော့၊ ငါလည်း ဒီအတိုင်းဆက်သွားရင် အန္တရာယ်ရှိလာမယ်လို့ ခံစားမိတယ်။ ဒါနဲ့ ဘုရားကို ဆုတောင်းပြီး၊ ငါ့ကိုယ်ငါ သိအောင် ဆင်ခြင်မိအောင် လမ်းပြဖို့ တောင်းလျှောက်တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ထပ်ဖတ်မိတယ်။ “အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများကို ဖော်ပြသောအခါတွင် ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေနှင့် စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) ဘုရားသခင် မိန့်ဆိုတာက၊ လူတွေဟာ မျှမျှတတရှိတယ်လို့ ထင်ရပေမဲ့၊ သူတို့စိတ်နှလုံးထဲမှာ လိမ်ညာလှည့်စားမှုတွေ သိမ်းထားမယ်၊ ဖုံးကွယ်ထားတဲ့ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ စကားချိုချိုတွေ သုံးကြတယ်ဆိုရင်၊ အဲဒါက ဉာဏ်များတာသက်သက် မဟုတ်တော့ဘူး။ ယုတ်ညံ့တဲ့ စိတ်သဘောထားပဲ။ ဘုရားက အဲဒီလိုလူမျိုးကို အမုန်းတီးဆုံးပဲတဲ့။ ငါက အကဲဖြတ်ချက်ရေးတဲ့အချိန်မှာ ခေါင်းဆောင်ဆီက သဘောကျ လေးစားတာတွေ ရဖို့၊ သူ့ရည်ရွယ်ချက်တွေကို မှန်းဆပြီး အဲဒါတွေနဲ့ လိုက်လျောညီထွေ ဖြစ်ချင်ခဲ့မိတာ။ ဘာရည်ရွယ်ချက်တွေရှိမှန်း တီးခေါက်ကြည့်ဖို့ လျုလီအတွက် စိတ်ပူသလိုတောင် ဟန်ဆောင်မိတယ်။ သူ့ကို မတွေ့တာ ကြာလို့ သူ အလုပ်များနေသလားတို့၊ သူတို့နှစ်ယောက် အဆင်ပြေပြေ စီမံနိုင်ကြသလားတို့ လျှောက်မေးပြီး၊ ဘာတွေ ဖြစ်နေသလဲဆိုတာ သိရအောင်၊ သူ ဆက်ရှိမလား ထွက်သွားရမလားဆိုတာ သိရအောင် ကြိုးစားတာပဲ။ အပေါ်ယံမှာတော့ ငါက သူ့ကို အလေးထား ဂရုစိုက်သလိုလို ထင်ရတယ်။ ဒါပေမဲ့ ငါ့စကားတွေက အလိမ်အညာတွေအပြည့်ပဲ။ ငါက နည်းနည်းလေးမှ ရိုးသားခဲ့တာမဟုတ်ဘူး။ တကယ်ကို လှည့်ဖြားလွန်းခဲ့တာ၊ ယုတ်ညံ့ခဲ့တာ။ ငါ ပြောပုံဆိုပုံ သဘောသဘာဝက ဧဝကို အသိဉာဏ်အသီး စားမိလာအောင်၊ လှည့်စားတဲ့ စကားချိုချိုတွေနဲ့ သွေးဆောင်ခဲ့တဲ့ မြွေနဲ့ အလားသဏ္ဌာန်တူတယ်။ သူများတွေကို လိမ်ညာလှည့်စားရင်း၊ ကိုယ့်စကားတွေ၊ လုပ်ရပ်တွေက မရိုးမသားဖြစ်နေခဲ့တာပဲ။ ငါက ယုတ်ညံ့ခဲ့တာပဲ။ ငါ မပြောင်းလဲဘူးဆိုရင်၊ ငါ့စကားတွေနဲ့ အပြစ်ဖြစ်လာနိုင်တယ်။ ဘုရားသခင်နဲ့ သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိနိုင်တယ်။ ငါလည်း ဒါကို နားလည်တဲ့အချိန်မှာ ဆုတောင်းချက်တစ်ခု လုပ်မိတယ်။ နောင်တရပြီး ပြောင်းလဲချင်တာရော၊ ဆိုးယုတ်တဲ့စိတ်သဘောထားတစ်ခုနဲ့ ရှင်သန်နေတာကို ရပ်ပစ်ချင်တာရောပေါ့။

နောက်တော့ ငါလည်း ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်မိပြီး၊ လက်တွေ့လုပ်ဆောင်တဲ့လမ်းတစ်ခု ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃))ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းသည် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်တစ်ခုဖြစ်သည်။ လူက လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားဖြစ်သည်။ ဤသို့ဆိုလျှင် လူသားသည် ဘုရားသခင်နှင့် ဆက်ဆံရာတွင် လိုက်နာသင့်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ရိုးသားစစ်မှန်လော့။ ဤသည်မှာ ဘုရားသခင်နှင့် အပြန်အလှန် ဆက်ဆံသည့်အခါတွင် လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ မယုံကြည်သူများက ကျင့်သုံးသော မျက်နှာလို မျက်နှာရလုပ်ခြင်း၊ သို့မဟုတ် အလွန်အမင်း ခယခြင်းတို့ကို ပါဝင်လုပ်ဆောင်ခြင်းမပြုနှင့်။ ဘုရားသခင်သည် လူ၏ အလွန်အမင်း ခယခြင်းနှင့် မျက်နှာလို မျက်နှာရလုပ်ခြင်းကို မလိုအပ်ပေ။ ရိုးသားစစ်မှန်ရုံဖြင့် လုံလောက်ပါသည်။ ပြီးလျှင် ရိုးသားစစ်မှန်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဟန်ဆောင်လုပ်ပြခြင်း၊ သို့မဟုတ် တစ်စုံတစ်ခုကို ဖုံးကွယ်ခြင်း၊ သို့မဟုတ် မည်သည့်လျှို့ဝှက်ချက်မျှ ထားရှိခြင်းတို့မရှိဘဲ ဘုရားသခင်ကို ရင်ဖွင့်ခြင်း သက်သက်၊ လှည့်စားခြင်း၊ သို့မဟုတ် လိမ်လည်ခြင်းတစ်ခုမျှ မရှိဘဲ၊ ဘုရားသခင်ကို ရိုးသားသော စိတ်နှလုံးဖြင့် တွေ့ဆုံခြင်းနှင့် ပွင့်လင်းခြင်းတို့ဖြစ်သည်။) ယင်းမှာ မှန်ပေသည်။ စစ်မှန်ဖို့ဆိုသည်မှာ၊ သင်သည် သင်၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဦးစွာ ဘေးဖယ်ရမည်။ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား၊ သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောပြီး၊ သင့်စကားများ၏ အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်သည်ကို တွေးဆခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း မပြုနှင့်။ သင်တွေးသမျှကို ပြောလော့၊ သင်၏ကြံရွယ်ချက်များကို ဘေးဖယ်လော့၊ ပြီးလျှင် ရည်မှန်းချက်အချို့ကို စွမ်းဆောင်ရရှိဖို့ငှာသာ အမှုကိစ္စများကို မပြောနှင့်။ သင်၌ အလွန်များစွာသော ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ညစ်ညမ်းသောအရာများ ရှိသည့်အခါ သင်သည် သင်စကားပြောသည့်ပုံစံတွင် စဉ်းစားဆင်ခြင်ရင်း အစဉ် တွက်ချက်နေသည်။ ‘ကျွန်ုပ် ဤသည်ကို ပြောသင့်သည်၊ ထိုအရာကို မပြောသင့်၊ ကျွန်ုပ်ပြောသည့်အရာကို ဂရုစိုက် ရမည်၊ ကျွန်ုပ်ကို အကျိုးရှိစေသည့် နည်းလမ်းဖြင့် ပြောမည်၊ ပြီးလျှင် ယင်းက ကျွန်ုပ်၏ အားနည်းချက်များကို ဖုံးဖိပေးပြီး ဘုရားသခင်အား ကျွန်ုပ်အပေါ် အကောင်းမြင်စေလိမ့်မည်’ဟု ဖြစ်သည်။ သင်၌ ကြံရွယ်ချက်များ မရှိသလော။ သင်၏နှုတ်ကို မဖွင့်မီ၊ သင်၏စိတ်၌ မရိုးသားသော အတွေးများဖြင့် ပြည့်နေပြီး သင်ပြောလိုသည့်အရာကို သင် သုံးလေးကြိမ် အမှားပြင်ဆင်သည်။ သို့ဖြစ်၍ သင်၏နှုတ်မှ စကားများ ထွက်လာသည့်အခါ၊ ယင်းတို့က သိပ်မစင်ကြယ်တော့သကဲ့သို့၊ စစ်မှန်မှု စိုးစဉ်းမျှ မရှိသည့်အပြင် သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် စာတန်၏ အကြံအစည်များ ပါဝင်လေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်းဆိုသည့်အရာမဟုတ်ပေ။ ဤသည်မှာ အန္တရာယ်ပေးတတ်သော ကြံရွယ်ချက်များနှင့် မကောင်းသော ရည်ရွယ်ချက်များရှိခြင်းဖြစ်သည်။ ထို့အပြင် သင်စကားပြောသည့်အခါ သင်သည် ဘုရားသခင်၏ မျက်နှာအမူအရာများနှင့် သူ၏ မျက်လုံးအကြည့်များမှနေ၍ အစဉ် အရိပ်နိမိတ်ယူသည်။ ဘုရားသခင်၏မျက်နှာ၌ အပြုသဘောဆောင်သည့် မျက်နှာအမူအရာ ရှိပါက သင် စကားဆက်ပြောသည်။ မဟုတ်ပါက၊ မျိုသိပ်လိုက်ပြီး မည်သည့်အရာကိုမျှ သင်မပြောပေ။ ဘုရားသခင်၏ မျက်လုံးအကြည့်က မကောင်းဘဲ၊ ဘုရားသခင်သည် သူကြားနေရသည့်အရာကို မနှစ်သက်သည့်ပုံပေါ်လျှင် သင်သည် သေချာစဉ်းစားပြီး ‘ကောင်းပြီ၊ သင့်ကို စိတ်ပါဝင်စားစေသည့် အရာတစ်ခု၊ သင့်ကို ပျော်ရွှင်စေသည့်၊ သင်နှစ်သက်မည့်၊ သင့်အား ကျွန်ုပ်ကို ထောက်ခံစေမည့်အရာတစ်စုံတစ်ခုကို ကျွန်ုပ်ပြောမည်’ ဟု မိမိကိုယ်ကိုယ် ပြောလေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂)) ဘုရားက ရိုးသားတဲ့လူတွေကို နှစ်သက်တယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ငါ နားလည်သွားတယ်။ ရိုးသားတဲ့လူတွေက ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ဘုရားကိုရော တခြားလူတွေနဲ့ရော လိမ်ညာဟန်ဆောင်မှု မရှိဘဲ ပွင့်လင်းကြတယ်။ အရာရာတိုင်းကို အရှိအတိုင်း ပြောတတ်ကြတယ်။ သူတို့က ရှင်းရှင်းလင်းလင်းနဲ့ တဲ့တိုးပဲ။ ပုံမှန်လူသားတစ်ယောက်ဆိုတာ အဲဒီလိုပဲ ဖြစ်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေ တော်တော်များများက ရိုးသားတဲ့လူတွေဖြစ်အောင် ကြိုးစားနေကြမှန်း ငါ မြင်သွားတယ်။ သမ္မာတရားရဲ့စည်းကမ်းတွေကို တစ်ယောက်ယောက်က ချိုးဖောက်တာကို မြင်လိုက်မိတယ်ဆိုရင်၊ သူတို့က အဲဒီလူတွေကို မိတ်သဟာယ ပေးပြီး ကူညီလိမ့်မယ်။ ဒါမှမဟုတ် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်။ သူတို့တွေက ဘွင်းဘွင်းရှင်းရှင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ကူညီပံ့ပိုးကြတယ်။ စည်းဝေးပွဲတွေမှာလုပ်တဲ့ မိတ်သဟာယမှာလည်း အမှန်တိုင်း ထုတ်ပြောတတ်ကြတယ်။ သူတို့က အရမ်း လွတ်လပ်တာပဲ။ ငါလည်း သူတို့ကို အားကျပြီးတော့၊ ဘုရား အလိုရှိသလို ရိုးသားသူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်သွားတယ်။ ငါ နားမလည်ခဲ့တဲ့ တချို့ကိစ္စတွေ ရှိခဲ့တယ်။ တချို့ ငါ့အမြင်တွေကလည်း မှားနိုင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ လိမ်ညာလှည့်ဖြားမှုဆိုတာ မရှိသင့်ဘူး။ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေပဲ ရှိဖို့လိုတယ်။ အဓိကကျတာက အဲဒါပဲ။ ဒါကို နားလည်သွားတော့ ငါ့စိတ်နှလုံးက ကြည်လင်သွားတယ်။ လက်တွေ့လုပ်ဆောင်တဲ့ လမ်းတစ်ခုကို ရှင်းရှင်းလင်းလင်း ရလိုက်တာပဲ။

အဲဒီနောက်ပိုင်း သိပ်မကြာဘူး၊ ငါက အစ်မချင်ရှောင်ဆိုတဲ့ နောက်ခေါင်းဆောင်တစ်ယောက်ကို အကဲဖြတ်ချက် ရေးရတယ်။ ငါလည်း ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်၊ “ငါက အဲဒီအစ်မကို သိပ်ပြီးမသိဘူး။ ငါ့အကဲဖြတ်ချက်မှာ ရှင်းရှင်းလင်းလင်း မဖြစ်ဘူးဆိုရင်၊ အပေါ်ကခေါင်းဆောင်က ငါ့ကို ခွဲခြားချင့်ချိန်နိုင်စွမ်း မရှိဘူးလို့ ပြောမှာလား။ ငါ့ကို အထင်သေးမှာလား။ ငါက သူ့အားသာချက်တွေကိုပဲ ပိုပြီးရေးသင့်တာမျိုးလား” ပေါ့။ အဲဒါကို တွေးမိတဲ့အချိန်မှာ၊ ငါတော့ ထပ်ပြီးလိမ်ညာဖို့ ကြိုးစားနေပြန်ပြီဆိုပြီး သဘောပေါက်သွားတယ်။ အကဲဖြတ်ချက်တွေဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူး။ ရာထူးတိုးတာတွေ၊ ဖြုတ်ပစ်တာတွေအပေါ် သက်ရောက်မှုရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး လိမ်ညာတယ်ဆိုတာ ဘုရားကို ပုန်ကန်ပြစ်မှားမိမှာပဲ။ ကိုယ့်အကျိုးအတွက် အခြေခံပြီး ရေးလို့မဖြစ်ဘူး။ ဒါနဲ့ ငါလည်း ဘုရားဆီ မြန်မြန်ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကိုလည်း ဖတ်မိသွားတယ်။ “သင်၏ ကျော်ကြားမှုနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် သင်သည် အလွန်ပင်ဝေ့ဝိုက်ပြီး ပြောဆိုကာ သင်ပြောဆိုသော စကားတိုင်းအတွက် အလွန်ပင် တွေးတောသည်။ သင်၏ အသက်တာသည် အမှန်ပင် ပင်ပန်းနွမ်းနယ်လှ၏။ သင်သည် ဤနည်းဖြင့် အသက်ရှင်လျှင် ဘုရားသခင်က ကျေနပ်မည်လော။ လှည့်စားတတ်သောသူများသည် ဘုရားသခင် အရွံရှာဆုံးဖြစ်သောသူများ ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို စွန့်ပယ်ပြီး ကယ်တင်ခြင်းခံရလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၊ မှန်ကန်၊ စစ်မှန်သောအရာများကို ပြောခြင်း၊ စိတ်ခံစားချက်၏ ကန့်သတ်ခြင်းကို မခံရခြင်း၊ သင့်ထံမှ ဟန်ဆောင်မှု၊ လှည်စားမှုတို့ကို ဖယ်ရှားခြင်း၊ စည်းမျဉ်းနှင့်အညီ ပြောဆိုပြုမူခြင်းတို့ကို စတင်လုပ်ဆောင်ရမည်။ ဤသို့အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး ပျော်ရွှင်သည်။ ဘုရားသခင်ရှေ့တွင် သင် အသက်ရှင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ငါ့ကို လက်တွေ့လုပ်ဆောင်တဲ့လမ်းတစ်ခု ပေးလိုက်တာပဲ။ ငါ့နာမည်နဲ့ ရာထူးကို ကာကွယ်ဖို့အတွက် မရိုးမသားလုပ်လို့မဖြစ်ဘူး။ အဲဒါက စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်တစ်ခု မဟုတ်ဘူး။ ဘုရားက ငါတို့ကို ရိုးသားတဲ့လူတွေဖြစ်ဖို့ တောင်းဆိုတာပါ။ ငါတို့က ရိုးသားဖြောင့်မတ်သင့်တယ်။ ကိုယ့်နာမည်တွေ၊ ရာထူးတွေအတွက် မစဉ်းစားသင့်ဘူး။ ငါ့အနေနဲ့ ကိုယ် သိသမျှကို ရေးရမယ်။ ကိုယ် သေချာမသိတဲ့ဟာမှန်သမျှကို ချန်ထားခဲ့ရမယ်။ တခြားလူတွေ ငါ့ကို ဘယ်လိုထင်မလဲဆိုတာကို မပူပန်ရဘူး။ ဒါနဲ့ ငါလည်း ချင်ရှောင်နဲ့ပတ်သက်ပြီး ငါ နားလည်မိတာတွေကို အချက်အလက်တွေနဲ့အညီ မျှမျှတတနဲ့ အရှိအတိုင်း ရေးပြီး၊ ပို့ပေးလိုက်တယ်။ ဒီလိုလုပ်လိုက်တော့မှ ငါလည်း တော်တော် တည်ငြိမ်အေးချမ်းသွားတာ။ လမ်းပြမှုအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အန္တိခရစ်ကို ဖော်ထုတ်ခြင်းသည် ကျွန်မ၏ တာဝန်ဖြစ်သည်

လီချမ်း တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။...

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

ဘုရားသခင် အလွန် ဖြောင့်မတ်သည်

ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။