၇။ ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း
ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲပြီး မိဘများက ကျူရှင်ဖိုး မတတ်နိုင်ခဲ့သောကြောင့်၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးများ လုပ်ပြီး ရောင်းခဲ့ရသည်။ တစ်ခါက ကျွန်မ လယ်အလုပ် လုပ်နေရင်းနှင့် လက်သန်းညပ်သွားသည်။ ဆေးကုဖို့ ပိုက်ဆံလည်း မရှိတော့ အနာက မကျက်ပါ။ ယခုထိ ကောင်းကောင်း မဆန့်နိုင်သေးပါ။ အိမ်ထောင် ကျပြီးနောက်၊ ကျွန်မတို့ လင်မယား ဆင်းရဲနေဆဲ ဖြစ်သည်။ မိတ်ဆွေနှင့် မိသားစုများကလည်း ကျွန်မတို့ကို အထင်သေးပြီး ရှောင်ကြသည်။ လူချမ်းသာများ၏ အပူအပင်မရှိဘဲ ဝတ်နိုင်စားနိုင်ခြင်းနှင့် သူတို့ ရနေသည့် လေးစားမှုကို မြင်လိုက်ရသည့်အခါ၊ ကျွန်မ အားကျခဲ့သည်။ လူများ အမြဲ ပြောကြသည်။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မှာ မဟုတ်။” နှင့် “ငွေရှိရင် ဘာမဆို ဖြစ်တယ်။” ထိုအချိန်က ဤအရာများအားလုံးကို အမှန်ဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ ငွေရှိပါက ဝတ်နိုင်စားနိုင်ပြီး လေးစားအထင်ကြီး ခံရနိုင်သည်။ ငွေရှိပါက၊ အားလုံး ပြည့်စုံပြီဟု ထင်ခဲ့သည်။ ကျွန်မ အလုပ်ကြိုးစားပြီး ပိုက်ဆံ ပိုရှာမည်ဟု ကျိန်ဆိုခဲ့သည်။ ဆင်းရဲမှုမှ လွတ်မြောက်ချင်ပြီး သူဌေး တစ်ယောက်ကဲ့သို့ နေချင်သည်။
နောက်တော့ ကျွန်မအမျိုးသားနှင့် ကျွန်မကို ကျောင်းမုန့်ဆိုင်လေး ဖွင့်ပေးဖို့ အလုပ် လာငှားကြသည်။ ထိုနေရာတွင် နေ့တိုင်း လူများရာနှင့်ချီ စားသုံးကြသည်။ ငွေစုဖို့၊ ကျွန်မတို့ နောက်ထပ် အလုပ်သမား တစ်ယောက်သာ ခေါ်ခဲ့သည်။ ကျွန်မနှင့် အမျိုးသားနှင့် မနက် ၄ နာရီမှ ညဉ့်သန်းခေါင်ကျော်အထိ နေ့တိုင်း အလုပ်လုပ်ကြသည်။ အလွန် အအေးမိနေသည့် အချိန်များမှာပင်၊ ကျွန်မ အလုပ်ဆက်လုပ်နေဆဲ ဖြစ်သည်။ ပိုက်ဆံ ပိုရှာဖို့အတွက် လယ်အလုပ်များ အများကြီးလည်း လုပ်ကြသေးသည်။ အလုပ်များသည့် ရာသီများအတွင်းတွင်၊ ညဘက်၌ ပျိုးစိုက်ဖို့နှင့် ရိတ်သိမ်းဖို့ အချိန်ပို လုပ်ခဲ့ကြသည်။ နေ့ရောညရော အလုပ်လုပ်ကြသောကြောင့်၊ ကျွန်မလည်း မကြာခဏ ခေါင်းမူး တတ်လာသည်။ တစ်ခါတစ်ရံ အသီးအရွက် လှီးနေရင်း ငိုက်သွား၍ လက်ပါ လှီးမိသေးသည်။ ရှရာကိုလည်း ရေနှင့်ဆားနှင့် အုပ်ထားလိုက်သည်။ ယင်းက အရမ်းနာကျင်လေသည်။ ကျွန်မ အရမ်း ပင်ပန်းခဲ့သော်လည်း၊ စုငွေလေး များလာသည်ကို မြင်ရတိုင်း ပျော်လာသည်။ အလုပ် လုပ်ရကျိုးနပ်သည်ဟု ခံစားရသည်။ ပြီးလျှင် ထိုလူချမ်းသာများ ဝတ်ကောင်းစားလှများ ဝတ်စားပြီး ရယ်မောနေသည်ကို မြင်ရတိုင်း၊ ကျွန်မကိုယ်ကျွန်မ “ငါ ငွေ ထပ်ရှာရမယ်။” ဟု ပြောနေမိသည်။ ကျွန်မ အလုပ် ကြိုးစားလေလေ၊ အနှေးနှင့်အမြန် လူကုံထံ အသိုင်းအဝိုင်းထဲ ဝင်ဆံ့သွားမည် ဖြစ်သည်ဟု ထင်ခဲ့မိသည်။
ရေအေးများပဲ နေ့တိုင်းသုံးနေရသောကြောင့်၊ အဆစ်ရောင်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ ကျွန်မ၏ အဆစ်များလည်း စပြီး ပုံစံ မမှန်တော့ပါ။ နောက်တော့ နှစ်နှင့်ချီပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရသောကြောင့်၊ ကျောရိုး အဆစ်လွဲပြီး၊ တင်ပါးနှင့် ခြေသလုံး ကိုက်ခဲသည့်ရောဂါပါ ဖြစ်လာသည်။ ဆရာဝန်က ခွဲစိတ်မှုလုပ်ပြီး ဆေးရုံမှာ သုံးလနေဖို့ မှာသော်လည်း၊ ငွေရှာသည်ကို မရပ်လိုက်ချင်သောကြောင့်၊ ကျွန်မ ငြင်းခဲ့သည်။ သုံးရက်ပင်လျှင် ကျွန်မအတွက် အလွန် ကြာသည်။ ထို့ကြောင့် နေ့ရောညရော အလုပ် ဆက်လုပ်နေခဲ့သည်။ နောက်ဆုံးတော့ အချိန်မှန် မစားခဲ့သကဲ့သို့၊ အိပ်ရေးလည်း မဝခဲ့သောကြောင့်၊ အစာအိမ် အောက်ကျပြီး အူနှင့်အစာအိမ်ရောင်သည့် ရောဂါပါ ဖြစ်ခဲ့သည်။ သိပ်မကြာမီတွင် သားအိမ်အကြိတ်၊ မျိုးဥကျွံရောဂါ၊ နှလုံးရောဂါနှင့် နှလုံးကြွက်သားပါ ရောင်လာပြီးလျှင်၊ ဆိုးဝါးသည့် သွေးအားနည်း ရောဂါပါ ဖြစ်လာခဲ့သည်။ တစ်ခုပြီးတစ်ခု ဖြစ်လာတော့သည်။ မခံနိုင်လောက်အောင် နာပြီး၊ ညဘက်တွင် အိပ်၍မရပါ။ ကျွန်မ မရေမတွက်နိုင်အောင် မျက်ရည်ကျခဲ့ရသည်။ ကျွန်မ လမ်းပျောက်နေခဲ့သည်။ ကျွန်မက “ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ငွေရဖို့အတွက်ရုန်းကန်ရင်း ဘဝရဲ့အချိန်တွေကို ဒီအတိုင်း ကုန်ဆုံး ပစ်လိုက်ရုံပဲလား။” ဟု တွေးမိခဲ့သည်။ ကျွန်မမှာ အဖြေ မရှိခဲ့ပါ။ လူ့အဖွဲ့အစည်းမှာ မည်သည့်အရာမဆို ရနိုင်ဖို့ ငွေရှိဖို့ လိုသည်ဟု ကျွန်မ ခံစားမိခဲ့သည်။ ထို့ကြောင့် ကျွန်မမိမိကိုယ်ကိုယ် ပြောမိသည်။ “နင် ကျန်းမာနေသမျှတော့ အလုပ် ဆက်လုပ်လို့ရတာပဲ။” ထိုသို့ဖြင့်ပင် ကျွန်မ ငွေနောက် ပြန်လိုက်မိသွားသည်။ သို့ရာတွင် တစ်ရက်၌၊ ကျွန်မ ဆေးရုံ သွားခဲ့ပြီး ကျွန်မမှာ ကင်ဆာရောဂါ နှစ်မျိုး ရှိနေသည်ဟု သိခဲ့ရသည်- အစောပိုင်း အဆုတ်ကင်ဆာနှင့် ရင်သားကင်ဆာ တို့ဖြစ်သည်။ ဤသည်ကို သူတို့ ကျွန်မကို ရုတ်တရက်ကြီး ပြောလိုက်သည့်အခါ၊ ကျွန်မ အားနည်းသွားသည်ဟု ခံစားခဲ့ရသည်။ အိပ်ယာပေါ်မှာ လှဲပြီး နာရီပေါင်းများစွာ ငိုခဲ့ရသည်။ ကျွန်မ ဆေးကုဖို့ ဆေးရုံမျိုးစုံကို သွားခဲ့ရပြီး ကျွန်မတို့၏စုငွေများ ကုန်လုနီးပါး သုံးစွဲခဲ့ရသည်။ သို့ရာတွင် တစ်ခုမှ အဆင်မပြေခဲ့ဘဲ၊ ကျွန်မ သောက်သည့် ဆေးများကြောင့် တစ်ကိုယ်လုံး ဖောလာသည်။ အရာရာ တိတ်ဆိတ်နေသည့်ညတိုင်းမှာ၊ ကျွန်မက အိပ်ယာထဲမှာ လှဲပြီး မျှော်လင့်ချက်မဲ့စွာနှင့် ပြတင်းပေါက်ကို ငေးနေခဲ့ရသည်။ ကျွန်မဘဝကို ငွေရှာရင်းနှင့် ကုန်ဆုံးစေခဲ့ပြီး၊ မချမ်းသာလာသည့်အပြင်၊ ကျန်းမာရေး ထိခိုက်ပြီး ဘဝမှာလည်း ဒုက္ခများခဲ့ရသည်။ ကျွန်မ အသက်ရှင်နေရသည့် အဓိပ္ပာယ်က မည်သည့်အရာ ဖြစ်သနည်း။ ပိုက်ဆံရှာဖို့ ကြိုးစားရင်း ကျွန်မကိုယ်ကျွန်မ သေအောင် မလုပ်နေချင်တော့ပေ။ သို့သော်လည်း ကျွန်မ အမျိုးသားက ငွေကို ချစ်သည်။ သူက “အသက်ရှင်နေသမျှ ကာလပတ်လုံး အလုပ်လုပ်ပါ။” ဟု ပြောခဲ့သည်။ သူ၏ စိတ်မဝင်စားမှုက ကျွန်မ စိတ်ပျက်စေပြီး စိတ်ညစ်စေခဲ့သော်လည်း၊ များသောအားဖြင့် ကူကယ်ရာ မဲ့သည်ဟု ခံစားခဲ့ရသည်။ ကျွန်မ အသက် ၄၀ ဝန်းကျင်သာ ရှိသေးသည်။ တစ်ခါမှ ပျော်ရွှင်သည့် ဘဝကို မရခဲ့ဖူးပါ။ ကျွန်မသား အိမ်ထောင်ပြုသည်ကိုလည်း မမြင်ခဲ့ရသေးပါ။ ကျွန်မ ထိုသို့ သေဖို့ အဆင်သင့် မဖြစ်သေးပါ။ အသက်ရှင်ချင်သေးသည်။ သို့ရာတွင် ငွေမရှိဘဲ၊ ကျွန်မ မည်သို့ ဆေးကုပြီး အသက်ရှင်ရမည်နည်း။ တစ်ခုတည်းသော နည်းလမ်းက ပိုက်ဆံ ဆက်ရှာနေဖို့သာ ရှိတော့သည်။ ထို့ကြောင့် ဆေးကုသမှု ခံယူနေရင်းနှင့် အလုပ် ဆက်လုပ်ခဲ့ရသည်။
နောက်တစ်နှစ်အကြာ ကျွန်မအမျိုးသားက လက်ကျန် စုငွေလေးများနှင့် ကျောက်မီးသွေး စက်ကလေး ထောင်သည်။ နောက်နှစ်၌ ဆီစက်ထောင်သည်။ နေ့တိုင်း ကျွန်မလည်း ဖျားနေရက်နှင့် စက်ရုံနှစ်ခုကိုသွားပြီး သာမန်မဟုတ်သည့် အလုပ်များ လုပ်ခဲ့ရသည်။ နှစ်များ အကြာကြီး အလုပ်ကြိုးစားပြီးသည့် နောက်ဆုံးမှာ၊ ကျွန်မတို့ ပိုက်ဆံ အချို့ ရလာခဲ့သည်။ မြို့ထဲမှာ အိမ်တစ်လုံး၊ ကားတစ်စီး ဝယ်ပြီး ပစ္စည်းရှိ ဘဝတစ်ခုကို ခံစားခဲ့ကြသည်။ ဆွေမျိုးမိတ်ဆွေများကလည်း လာပြီး ဖားကြ၊ လေးစားကြသည်။ ကျွန်မတို့၏ လူမှုအဆင့်အတန်း ပြောင်းလဲသွားပြီဖြစ်သည်။ ကျွန်မတို့မှာ ပုံစံအသစ် ရသွားခဲ့သည်။ မိမိတို့ကိုယ်ကိုယ် အရမ်း ကျေနပ် နေခဲ့ကြသည်။ ထိုနှစ်များ အကြာကြီး ဒုက္ခ ခံစားခဲ့ရခြင်းများက နောက်ဆုံးတော့ ခံစားရကျိုးနပ်သကဲ့သို့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အချိန်ကောင်းလေးများက တာရှည် မခံခဲ့ပါ။ နှစ်များအကြာကြီး အလုပ် ကြိုးစားခဲ့ရပြီးသည့်နောက်မှာ၊ ကျွန်မ ခန္ဓာကိုယ်က စပြီး ပျက်စီးလာတော့သည်။ ဆရာဝန်က ကျွန်မကို ပြောပါသည်။ “ခင်ဗျားရဲ့ရောဂါက အရမ်း ရှုပ်ထွေးတယ်။ ခင်ဗျားရဲ့ ဘယ်အစိတ်အပိုင်းမှ သေချာ အလုပ်မလုပ်တော့ဘူး။ ကျုပ်တို့ လုပ်နိုင်တာလည်း ဘာမှ မရှိဘူး။” သူ့စကားလုံးများက သေမိန့် တစ်ခုလို ရောက်လာခဲ့သည်။ ဤသတင်းကို ကျွန်မလက်မခံနိုင်ပါ။ ကျွန်မက အိမ်ပြန်ပြီး သေဖို့ စောင့်နေရမလား။ ကျွန်မမှာ ငွေရှိသည်၊ ဥစ္စာဓနကိုလည်း ခံစားနေခဲ့ရသည်။ သို့ရာတွင် ယင်းက ဘာအသုံးဝင်သနည်း။ မည်မျှများသည့် ငွေဖြစ်ဖြစ် ကျွန်မကို မကယ်နိုင်တော့ပါ။ ရောဂါ၏နာကျင်မှုက ကျွန်မကို သေစေချင်လောက်သည့်အထိ နှိပ်စက်ခဲ့သည်။ ကျွန်မ အခြား မည်သည့်အရာများ လုပ်နိုင်မည်နည်း။ ကျွန်မလည်း သတိလက်လွတ်နှင့် အပေါ်ကို မော့ပြီး “ကောင်းကင်ဘုံ၊ ကယ်ပါဦး။” ဟု အော်ခေါ်မိသည်။
ကျွန်မ အရမ်း မျှော်လင့်ချက်မဲ့နေသည့် အချိန်မှာ၊ ကျွန်မသူငယ်ချင်းက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လာပြောပြသည်။ သူမက ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့နှင့် သမ္မာတရားကိုဖော်ပြပြီး၊ ဘဝ၏ နက်နဲမှုများကို အကြွင်းမဲ့ ဖော်ပြဖို့အတွက် လူဇာတိခံယူပြီဖြစ်သည်ဟု ပြောသည်။ သူက ကမ္ဘာမှာရှိသည့် မကောင်းမှု၊ ဆိုးယုတ်မှုများ၏ အရင်းအမြစ်၊ ကျွန်မတို့ ဘဝများက အဘယ့်ကြောင့် အဓိပ္ပာယ်မဲ့ပြီး ဒုက္ခများ ပြည့်နေရသည်၊ ဖျားနာမှုများ မည်သည့်နေရာက ရောက်လာသည်၊ ကျွန်မတို့၏ ကံကြမ္မာကို မည်သူက ချုပ်ကိုင်ထားသည်၊ မည်သည့်အရာက ကျွန်မတို့၏ဘဝကို စစ်မှန်သည့် အဓိပ္ပာယ် ပေးနိုင်မည် စသည်တို့ကို ထုတ်ဖော်ပြသည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး သမ္မာတရားကို နားလည်ခြင်းအားဖြင့်၊ ဤအရာများကို ထိုးဖောက် မြင်ရနိုင်ပြီး ကျွန်မတို့ ဒုက္ခခံနေရခြင်းများ သက်သာသွားမည်ဟု သူမက ပြောခဲ့သည်။ ကျွန်မသူငယ်ချင်းက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ် တစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့ပါသည်၊ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု”)
ထို့နောက်တွင် ကျွန်မ သူငယ်ချင်းက မိတ်သဟာယမှာ ပြောသွားသည်၊ “ဘုရားက ကျွန်မတို့ကို ဖန်တီးတုန်းက ကျွန်မတို့ အားလုံးဟာ ဧဒင်ဥယျာဉ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ဘုရားရဲ့စောင့်ရှောက်မှုနဲ့ နေခဲ့ကြတယ်။ သေခြင်း၊ ရောဂါဘယနဲ့ စိတ်ပူပန်ခြင်းတို့ မရှိဘဲနဲ့ပေါ့။ ဒါပေမဲ့ စာတန်က လူသားမျိုးနွယ်ကို စုံစမ်းသွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးအောင် လုပ်တော့၊ ကျွန်မတို့ဟာ ဘုရားကို သစ္စာဖောက်ခဲ့ကြပြီး ဘုရားရဲ့စောင့်ရှောက်မှုနဲ့ ဂရုစိုက်မှုကို ဆုံးရှုံးခဲ့ကြရတယ်။ ကျွန်မတို့က စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ စာတန်ရဲ့ စည်းမျဉ်းတွေအတိုင်း နေကြရတယ်။ ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ ဂုဏ်ပကာသနတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်ကြတယ်၊ လိမ်ကြတယ်၊ လှည့်စားကြ၊ ရန်လိုကြတယ်။ ဒီလိုကနေ ကျွန်မတို့ ဝိညာဉ်မှာ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုနဲ့ ဖျားနာမှုတွေ ဖြစ်လာကြတယ်။ ပြီးတော့ အဲဒီခံစားရမှုတွေ ပူပန်ရမှုတွေကပဲ၊ လူတိုင်းကို ဘဝဟာ အရမ်း နာကျင်စရာ ပင်ပန်းစရာနဲ့ အရမ်း ခက်ခဲတယ်လို့ ခံစားရအောင် လုပ်တော့တာပဲ။ ဒါတွေ ဖြစ်လာရတာက စာတန်က ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးအောင် လုပ်ခဲ့လို့ပဲ။ ဒါက စာတန်ရဲ့ ညှဉ်းပန်းမှုပဲ။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ကို ကယ်တင်ဖို့ ကမ္ဘာပေါ်ကို လူ့ဇာတိခံယူပြီး ရောက်လာခဲ့ပြီ။ သူက ကျွန်မတို့အတွက် ကယ်တင်ခြင်း ခံရပြီး သန့်စင်ခံရစေဖို့ သမ္မာတရားကို အကြွင်းမဲ့ ဖော်ပြတယ်။ ကျွန်မတို့က ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အဲဒီအတိုင်း နေမယ်ဆိုရင်၊ ဘုရားရဲ့စောင့်ရှောက်မှုနဲ့ လမ်းညွှန်မှုကို ရရှိနိုင်ပြီးတော့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှား ပစ်နိုင်တယ်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရပြီးတော့ ကျွန်မတို့ရဲ့ နောက်ဆုံးပန်းတိုင်ဆီကို ဘုရားရဲ့ ခေါ်ဆောင်မှု ခံရမှာ ဖြစ်တယ်။” သူမပြောသည်ကိုကြားလျက်၊ ကျွန်မ မျှော်လင့်ချက် ရှိလာသကဲ့သို့ ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မကို ဒုက္ခများမှ ကယ်တင်နိုင်သည်ဟု ခံစားခဲ့ရသောကြောင့်၊ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ လုပ်ဆောင်မှုကို လေ့လာဖို့ သဘောတူခဲ့သည်။ ကျွန်မသူငယ်ချင်းက ကျွန်မကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တစ်အုပ်ပေးသည်။ ထို့နောက်တွင် ကျွန်မလည်း ဘုရား၏ နှုတ်ကပတ်တော်များကို နေ့တိုင်းဖတ်ပြီး ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံခဲ့သည်။
တစ်ရက ကျွန်မ ဘုရားဝတ်ပြုခြင်း၌ ဘုရားနှုတ်ကပတ်တော်များကို ရွတ်ဖတ်ပြသည့် ဗီဒီယို တစ်ခုကို ကြည့်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ကျွန်မ ဤဗီဒီယို ကြည့်တုန်းက၊ ဘုရားက ကျွန်မတို့၏ ဖန်ဆင်းရှင်ဖြစ်ပြီး၊ အားလုံးကို အုပ်စိုးသည်ကို သိခဲ့ရသည်။ ဘုရားက လူသား အားလုံးအတွက် အထောက်အပံ့နှင့် အာဟာရကို ပေးသည်။ ကျွန်မတို့ ကံကြမ္မာ၊ ကျွန်မတို့၏ သေခြင်းရှင်ခြင်းနှင့် ပျော်ရွှင်မှုများက ဘုရား၏ လက်တော်ထဲမှာ ရှိသည်ကို သိလိုက်ရသည်။ ကျွန်မတို့က အလုပ်များ ရှုပ်ပြီး အလျင်စလို လုပ်နေကြရုံနှင့် ပြောင်းလဲမပစ်နိုင်ပါ။ သို့ရာတွင် ကျွန်မက ဘုရား၏ အချုပ်အခြာအာဏာကို နားမလည်ခဲ့ပါ။ ကျွန်မ၏ကိုယ်ပိုင် ခွန်အားကို သုံးပြီး ချမ်းသာလာအောင် ကြိုးစားရင်း၊ ကျွန်မကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့မိသည်။ သို့ရာတွင်လည်း ငွေအနည်းငယ် စုမိသော်လည်း၊ ပျော်ရွှင်မှုကို မခံစားခဲ့ရပါ။ ကျွန်မ၏ဝိညာဉ်က နာကျင်နေရပြီး ကျန်းမာရေးလည်း ထိခိုက်ခဲ့ရသည်။ ထိုအချိန်မှာ ကျွန်မ နားလည်လိုက်သည်။ လူများသာ ဘုရားအပေါ် မယုံကြည် မကိုးကွယ်ပါက၊ ပြီးလျှင် ဘုရား၏ အုပ်စိုးမှုကို မနာခံကြပါက၊ သူတို့၏ ကံကြမ္မာကို ရမ္မက် တစ်ခုတည်းနှင့် ခုခံတွန်းလှန်နေပါက၊ သူတို့က အလဟဿ ဒုက္ခခံရမည်ဖြစ်ပြီး သေပြီးသည့်နောက်မှာ ငရဲ သွားကြရမည် ဖြစ်သည်။ ထိုအချိန်မှာ ဘုရားကသာ ကျွန်မအတွက် စစ်မှန်သည့် အထောက်အပံ့ ဖြစ်သည်ကို ကျွန်မ သိလိုက်ရပြီး၊ ကျွန်မ၏ကျန်းမာရေးကိုလည်း ဘုရားထံမှာ ဆုတောင်း အပ်နှံခဲ့ပါသည်။ ကျွန်မ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဘုရား၏ အုပ်စိုးမှုကို နာခံသွားမည် ဖြစ်သည်။
ထို့နောက်တွင် ကျွန်မလည်း အသင်းတော် အသက်တာမှာ မကြာမကြာ ပါဝင်ခဲ့ပါသည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ဘုရား၏ နှုတ်ကပတ်တော်များကို မည်သို့ ဖတ်ပြီး သမ္မာတရားကို နာခံကြသည်၊ သူတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ရှာဖွေရှင်း ဘုရားကို ကျေနပ်အောင် ပြုမူနေကြသည်တို့ကို မြင်ရပြီး၊ သူတို့ကို တကယ်ကို လေးစားအားကျမိပါသည်။ ကျွန်မ၏ ဘဝဟောင်းမှ လွတ်မြောက်ပြီး ဘဝအသစ် တစ်ခုနှင့် နေချင်ခဲ့သည်။ ထို့ကြောင့် ဘုရားဆီမှာ မကြာခဏ ဆုတောင်းဖြစ်ခဲ့သည်၊ ကျွန်မမှာ အချိန်ပိုရပြီး တွေ့ဆုံပွဲများ တက်ရောက်ရင်း အမှုတော်ကို ထမ်းရွက်နိုင်ဖို့ ကျွန်မကို လွတ်မြောက်ဖို့ နည်းလမ်းပေးပါရန် ဘုရားကို တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မတို့၏ဆီစက်ကို လမ်းအသစ် ဖောက်ဖို့အတွက် ကမ်းလှမ်းခံရသည်။ ကျွန်မလည်း ယခင်ကကဲ့သို့ စက်ရုံနှစ်ခုကို ဟိုပြေးဒီပြေး လုပ်နေရန် မလိုတော့ပါ။ အခြားသူများနှင့် တွေ့ဖို့နှင့် ဘုရား၏ နှုတ်ကပတ်တော်များနှင့် မိတ်သဟာယဖွဲ့ဖို့၊ ဘုရား၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ဖို့နှင့် ဘုရားနှင့် ပိုမိုနီးကပ်စေဖို့ အချိန်ပို ရလာခဲ့သည်။ နေ့တိုင်း ပိုပြီး တိုးတက်လာသကဲ့သို့ ခံစားရသည်။ နောက်သိပ်မကြာပါ၊ ကျွန်မ၏ကျန်းမာရေးလည်း အများကြီး ကောင်းလာသည်။ ကျွန်မ အားအင်ပြည့်လာသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်လည်း ပိုသန်မာလာသကဲ့သို့ ခံစားခဲ့ရသည်။ အများကြီး ပို၍ စိတ်အေးရပြီး သက်သာခဲ့ပါသည်။ ဘုရားကို အလွန် ကျေးဇူးတင်မိပါသည်။
နောက်ပိုင်းတွင် ကျွန်မလည်း ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ပြသည့် ဗီဒီယိုတစ်ခုကို ကြည့်ဖြစ်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။...ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဤသည်ကို ကြည့်ပြီးသည့်နောက်၊ ကျွန်မ၏နာကျင်မှုများ ပင်ပန်းမှုများနှင့် ဖြတ်သန်းခဲ့ရသည့် ဆယ်စုနှစ်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေမှုနှင့် လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုများက ကျွန်မကို လောကီရေးရာများ နောက်ကို လိုက်ပြီး ငွေကို ကိုးကွယ်မိစေခဲ့သောကြောင့်ဖြစ်သည်ကို ကျွန်မ နားလည်သွားခဲ့သည်။ ကျွန်မ ငယ်စဉ်ကာလ အတွင်းတွင် ဆင်းဆင်းရဲရဲ နေခဲ့ရသည်၊ လူကျဉ်ခံရပြီး အထင်သေးခံခဲ့ရသည်။ ကောင်းကောင်း နေထိုင်ပြီး လေးစားမှုခံနေရသည့် လူချမ်းသာများကို မြင်တိုင်း၊ ဤကမ္ဘာမှာ နေထိုင်ဖို့အတွက် ငွေလိုသည်ကို အသေအချာ ခံစားခဲ့ရသည်။ “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှ လုပ်နိုင်မည်မဟုတ်။” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “ငွေရှိရင် ဘာမဆိုဖြစ်တယ်၊” “ငွေသာလျှင် ပထမဖြစ်ပြီး၊” နှင့် “လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်။” ဤစာတန်ဆန်သည့် အယူအဆလွဲများက ကျွန်မနှလုံးသားမှာ အမြစ်တွယ်ပြီး ကျွန်မအတွေးများကို ထိန်းချုပ်တော့သည်။ ငွေရှိပါက ဘာမဆို ဖြစ်သည်၊ ငွေကသာ အထင်ကြီး လေးစားခံရမှုကို ပေးနိုင်ပြီး ပျော်ရွှင်စေနိုင်သည်ဟု ကျွန်မ ထင်ခဲ့မိသည်။ ကျွန်မ ငွေရှာခြင်းကိုပဲ ကျွန်မ၏တစ်ခုတည်းသော ပန်းတိုင်ကဲ့သို့ သတ်မှတ်ခဲ့ပြီး၊ ငွေထပ်ရှာဖို့ကိုသာ ဂရုစိုက်ခဲ့မိသည်။ ကျွန်မ ခေါင်းမူးခြင်း သို့မဟုတ် ပင်ပန်းခြင်း၊ ဖျားနာခြင်းများနှင့် ခန္ဓာကိုယ်က မခံနိုင်များက အရေးမကြီးပါ။ ကျွန်မ ချမ်းသာလာပြီး လူကုံထံ တစ်ယောက်ဘဝမှာ နေရသည်ကို စိတ်ကူးမိလိုက်တိုင်း၊ အံကိုကြိတ်ပြီး ရှေ့ဆက်ခဲ့သည်။ ကျွန်မ ကင်ဆာဖြစ်သည့်အခါတွင်ပင် ယင်းက မည်သည့်အရာမျှ မပြောင်းလဲသွားပါ။ တကယ်တမ်းတွင် ကျွန်မက ဆေးကုပြီး အသက်ရှင်ဖို့ ငွေကို လိုအပ်ခဲ့သောကြောင့်၊ ယင်းက ငွေကို ပိုပြီး အရေးကြီးသွားစေခြင်း ဖြစ်သည်။ ထို့နောက်တွင်ပင် ကျွန်မ ပိုက်ဆံ ရှာမရပ်ခဲ့ပါ။ စာတန်၏ ချည်နှောင်မှုကို လုံးဝ ခံခဲ့ရပြီး ငွေ၏ကျေးကျွန်သာ ဖြစ်လာခဲ့သည်။ ကျွန်မမှာ ကားနှင့် အိမ်နှင့် ငွေအချို့ ရှိနေပြီး၊ လေးစား အထင်ကြီးခံနေရသော်လည်း၊ လုံးဝ မပျော်ခဲ့ရပါ။ ရောဂါများ များလာပြီး ကင်ဆာလည်း ဖြစ်သွားသည်။ ကျွန်မ၏ ငွေများက ကျွန်မ၏ နာကျင်မှုကို မသက်သာ စေနိုင်တော့သည့်အပြင်၊ ကျွန်မဘဝကိုပါ မကယ်နိုင်တော့ပါ။ ကျွန်မ အရမ်းကို နာကျင်ပြီး မျှော်လင့်ချက်မဲ့ခဲ့ရသည်။ ပိုက်ဆံရှိလည်း အသုံးမဝင်တော့ပါ။ ယခင်က ကျွန်မဘဝကို ငွေနှင့် လဲခဲ့သည်။ ယခုအခါ ကျွန်မဘဝကို ငွေနှင့်ပြန် ဝယ်နေရသည်။ ကျွန်မ ငွေရှာဖို့ အသက်ရှင်ခဲ့သော်လည်း၊ လက်ဗလာ ပြန်ဖြစ်သွားသည်။ ထို့နောက်မှသာ ကျွန်မလည်း ငွေနောက်လိုက်ခြင်းက မှားယွင်းသည့် ဘဝနေနည်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ငွေသည် ကျွန်မတို့ကို ထိခိုက်စေပြီး ဖောက်ပြန်ပျက်စီးစေဖို့ စာတန် အသုံးပြုသည့် လှည့်ကွက်တစ်ခု ဖြစ်သည်။ ယင်းက ကျွန်မတို့ လည်ပင်းမှာ စာတန် တင်ထားသည့် ထမ်းပိုး တစ်ခုဖြစ်သည်။ ဘုရား၏ နှုတ်ကပတ်တော်များကြောင့်သာ မဟုတ်ပါက၊ ကျွန်မတို့ကို ချုပ်ကိုင်ပြီး ထိန်းချုပ်ဖို့နှင့် ထိခိုက်အောင်လုပ်ဖို့၊ စာတန်က ငွေကို မည်သို့ အသုံးချသည်ကို သိခဲ့မည် မဟုတ်ပါ၊ ပြီးလျှင် စာတန်က ကျွန်မကို ချုပ်ကိုင်နေဦးမည်၊ နှိပ်စက်ပြီး ကစားနေဦးမည်သာ ဖြစ်သည်။ လူများက သမ္မာတရားကို နားမလည်ခဲ့ကြသောကြောင့်၊ ဘဝမှာ မည်သို့ နေရမည်ကို မသိကြသည်ကိုလည်း သိလာရသည်။ သူတို့က အများနောက်ကို လိုက်ပြီး ငွေကို ရှေ့တန်းတင် ထားကြသည်။ ယင်းက အလွန် ရှက်စရာကောင်းပါသည်။ စာတန်၏ အနိုင်ကျင့်မှုမှ လွတ်မြောက်ဖို့နှင့် ဘုရားရှေ့မှောက် ရောက်ဖို့အတွက် ဘုရား၏ အသံတော်ကို ကြားရသည်မှာ ကျွန်မ အရမ်း ကံကောင်းပါသည်။ ဤသည်က ဘုရား၏ကယ်တင်ခြင်း ဖြစ်ပြီး ကျွန်မ နှလုံးသားမှာလည်း ဘုရားကို ကျေးဇူးတင်စိတ်များ ပြည့်နေခဲ့ပါသည်။
နောက်ပိုင်းတွင် ကျွန်မအမျိုးသား လိုအပ်သည့် အရာများ ဝယ်ဖို့သွားပါက၊ ကျွန်မက စက်ရုံမှာ အလုပ်လုပ်ပေးရသည်။ ယင်းက တစ်ခါတစ်ရံ ကျွန်မတို့၏ အစည်းအဝေး လုပ်လက်စအချိန် ဖြစ်နေတတ်သည်။ ကျွန်မဆက်ပြီး ဆွေးနွေးခဲ့သော်လည်း၊ စိတ်မကောင်းခဲ့ပါ။ စိတ်ထဲ အပြစ် ရှိသကဲ့သို့ ခံစားခဲ့ရသည်။ ငွေရှာဖို့အတွက် ကျွန်မကိုယ်ကျွန်မ ဖျားနာအောင် လုပ်ခဲ့မိပုံများကို တွေးမိသည်။ ဆရာဝန်ကလည်း သေမိန့်ပေးထားပြီးပြီ ဖြစ်သည်။ ကျွန်မ သေမင်းနှုတ်ခမ်းဝ ရောက်နေချိန်မှာ ကယ်တင်ခဲ့ပြီး ဒုတိယ အခွင့်အရေးပေးခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်။ သို့ရာတွင် ကျွန်မက အမှုတော်ကို မထမ်းရွက်နိုင်ဘဲ ဘုရား၏ချစ်မြတ်နိုးမှုကို ပြန်မပေးဆပ်နိုင်ခဲ့ပါ။ ဘုရားအပေါ်မှာ အကြွေး တင်နေသကဲ့သို့ ခံစားခဲ့ရသည်။ သခင်ယေရှု ပြောခဲ့သည့်အရာကို ကျွန်မ တွေးမိခဲ့ပါသည်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ပြီးလျှင် တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၈ မှာလည်း ပြောထားသေးသည်။ “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။” မိမိဘဝ အဆုံးခံရမည်ဆိုပါက၊ ငွေရှာသည်မှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ကျွန်မလည်း မီးသွေးစက်ကို အငှားချပစ်ဖို့ စဉ်းစားမိသည်။ ငွေရနည်းသွားမည် ဖြစ်သော်လည်း၊ ရှင်သန်ဖို့ လုံလောက်ဆဲဖြစ်ပြီး ဘုရားကို ကိုးကွယ်ပြီး အမှုတော် ထမ်းနိုင်မည် ဖြစ်သည်။ သို့ရာတွင် ဒုတိယ အတွေးတစ်ခု ဝင်လာမိသည်။ မီးသွေးစက်က အလွန်လေး အဆင်ပြေနေပြီး အလုပ်စဖို့ကို အလွန် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ယင်းကို စွန့်လွှတ်ဖို့ကို စိတ်မကောင်းဖွယ် ဖြစ်နေသည်။ ကျွန်မ တွန့်ဆုတ်နေခဲ့သည်။ ကျွန်မ မည်သည့်အရာကိုလုပ်ရမှန်း မသိသောကြောင့်၊ ဘုရားထံမှ အကူအညီ တောင်းခဲ့သည်။
တစ်ရက်မှာ ဘုရား၏ နှုတ်ကပတ်တော်များထဲက ဤသည်ကို ကျွန်မ ဖတ်မိသည်။ “သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကို သင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ် သက်ဆင်းသည့် ငရဲသို့ ပို့ဆောင်သော တွင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရား၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ ကျွန်မ ချမ်းသာအောင် ကြိုးစားရင်းနှင့် အားကိုးခဲ့သည့် စာတန်ဆန်သည့် စည်းမျဉ်းများကို တွေးမိသည်။ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှ လုပ်နိုင်မည်မဟုတ်။” တို့ကို ယုံကြည်မိသည်။ ချမ်းသာဖို့နှင့် လူလေးစားခံရဖို့အတွက် ကျွန်မ ငွေရဖို့ ရုန်းကန်ခဲ့ရသည်။ ထိုနေ့ရက်များက အရမ်း နာကျင်ပြီး ဒုက္ခ များခဲ့ရပါသည်။ ငွေက ထိုမျှ အရေးကြီးပါသလား။ တကယ်တမ်း ငွေက ကျွန်မကို မည်သည့်အရာများ ပေးနိုင်သနည်း။ အိမ်တစ်လုံး ကားတစ်စီး ဝယ်နိုင်မည်၊ ပစ္စည်းရှိ ဘဝမျိုးမှာ နေနိုင်အောင် လုပ်ပေးနိုင်မည်၊ ပြီးလျှင် လေးစားမှုခံရအောင် လုပ်နိုင်မည်၊ ခဏတာ ပျော်စရာကောင်းမည့် ဇာတိပကတိဆန်သည့် ပျော်ရွှင်မှုမျိုး ပေးနိုင်မည်။ သို့ရာတွင် ကျွန်မနှလုံးသားထဲက ကွက်လပ်ကို မဖြည့်ပေးနိုင်သကဲ့သို့၊ နာကျင်မှုကိုလည်း မရပ်တန့်ပေးနိုင်ပါ၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုလည်း မပေးနိုင်ပါ၊ ရောဂါကြောင့် ခံစားနေရခြင်းများကို အဆုံးမသတ်ပေးနိုင်ပါ၊ ကျွန်မအသက်ကိုလည်း မကယ်ပေးနိုင်ပါ။ ကျွန်မတို့ ဒေသခံကျောင်းအုပ်ဆရာ တစ်ယောက်အကြောင်း တွေးမိသည်။ သူ့မှာ ငွေနှင့် ဂုဏ်အများကြီး ရှိခဲ့သော်လည်း၊ ကင်ဆာနှင့် ဆုံးပါးသွားသည်။ ငွေနှင့်ပကာသနများက သူ့ကို ဒုက္ခနှင့် သေခြင်းတရားမှ ရုန်းထွက်ဖို့ မကူညီပေးနိုင်ခဲ့ပါ။ ဘဝကို နာကျင်မှုများ ကွက်လပ်များနှင့် နေထိုင်ခဲ့ရပြီးလျှင်၊ ယင်းကို အဆုံးသတ်ဖို့ မိမိကိုယ်ကိုယ် သေကြောင်းကြံသွားသည့် လူချမ်းသာများအကြောင်းကြားဖူးသည်၊ ထို့အပြင် ငွေအတွက်နှင့် သူများကို လိမ်လည်လှည့်ဖျား၊ ရန်ရှာတတ်သည့် လူများလည်း လူသားဆန်မှုနှင့် အသိဉာဏ် ပျောက်ဆုံးသွားသည်ကိုလည်း ကြားဖူးသည်။ ထိုဇာတ်ကြောင်းများနှင့် ကျွန်မကိုယ်ပိုင် အတွေ့အကြုံတို့က ကျွန်မကို ငွေနောက်လိုက်ခြင်းက လူများကို ပိုပြီး ဖောက်ပြန်ပျက်စီးစေပြီး ကျင့်ဝတ် ပျောက်သွားစေသည်ကို သိစေခဲ့သည်။ ယင်းက ၎င်းတို့ကို ဘုရားနှင့်ဝေးပြီး အပြစ်တရားထံ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ငွေနှင့် ရုပ်ဝထ္ထုများနောက် မလိုက်ခဲ့သည့် ယောဘအကြောင်း တွေးမိသည်။ ယောဘက ဘုရား၏အုပ်စိုးမှုကို နာခံပြီး အရာရာမှာ ဘုရား၏လုပ်ဆောင်မှုကို သိဖို့ ရှာဖွေခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဘုရား၏ကောင်းချီးကို ရခဲ့သည်။ ယေရှုက ပေတရုကို ခေါ်သည့်အခါ ပေတရုက ဘုရားနောက်ကို လိုက်ဖို့အတွက် အားလုံးကို စွန့်ပစ်ခဲ့သည်ကို ကျွန်မ တွေးမိသည်၊ ပေတရုက ဘုရားကို သိကျွမ်းဖို့ ကြိုးစားသည်၊ ဘုရားကို ချစ်သည်၊ ပြီးလျှင် ဘုရားက သူ့ကို စုံလင်စေခဲ့ပြီး၊ သူလည်း အဓိပ္ပာယ်ရှိသည့် ဘဝကို ရခဲ့သည်။ ဤသည်မှ ဘုရားကိုသိခြင်း၊ ကိုးကွယ်ခြင်း၊ ဘုရား၏နှုတ်ကပတ်တော်များအတိုင်း နေထိုင်ခြင်းနှင့် ဘုရား၏ချီးမွမ်းမှုကိုရခြင်းက ဘဝ၏ အရေးအကြီးဆုံး အရာများဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ယုံကြည်မှုကို ရှာပြီး စစ်မှန်သည့် လမ်းကြောင်းကို ရှာဖို့က ကျွန်မအတွက် ခက်ခဲခဲ့ပါသည်။ ကျွန်မသာ ချမ်းသာကြွယ်ဝမှုနှင့် လောကီပျော်ရွှင်မှုများ နောက်ကို ဆက်လိုက်ပြီး၊ သမ္မာတရားနှင့် ကယ်တင်ခြင်းကို မရှာဖွေိပါက၊ ရူးမိုက်ရာကျမှန်း သိခဲ့ပါသည်။ ကျွန်မ ဤအရာကို တွေးမိသည့်အခါ၊ ကျွန်မနှလုံးသားမှာ သံသယ မရှိတော့ပါ။ ငွေ၏ကျေးကျွန်မ ထပ်မဖြစ်ချင်ခဲ့တော့ပါ။ သမ္မာတရားကို ရှာဖွေဖို့အတွက် အချိန်နှင့်ခွန်အားများပဲ ထပ်လိုချင်တော့သည်။ နောက်တော့ ကျွန်မ အမျိုးသားနှင့်အတူ စက်ရုံကို အငှားချဖို့ တိုင်ပင်ခဲ့သည်။ ဘုရား၏ အံ့သြဖွယ် စီစဉ်ညွှန်ကြားမှု အကူအညီကြောင့်၊ ကျွန်မတို့ အငှားချခဲ့သည်။ ကျွန်မလည်း တွေ့ဆုံပွဲများကို ပုံမှန်တက်ပြီး အမှုတော်ကို ထမ်းနိုင်ခဲ့သည်။
နောက် နှစ်နှစ်အကြာ ကျွန်မအမျိုးသား ရုတ်တရက် ဖျားနာပြီး ဆုံးသွားခဲ့သည်။ သူ၏ကွယ်လွန်ခြင်းက ကျွန်မအတွက် ခက်ခဲပြီး ဘဝက မည်မျှ ထိလွယ်ရှလွယ်သည်ကို ပြသခဲ့သည်။ ကျွန်မအမျိုးသားက သူ့ဘဝ၏ အချိန်အများစုကို အလျှင်စလိုနှင့် ငွေရှာဖို့ ကြိုးစားရင်း ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။ သူ့သွေးပေါင်ချိန်က ၂၀၀ ကျော်နေသော်လည်း၊ သူ အလုပ် ဆက်လုပ်နေခဲ့သည်။ သူ့တင်ပါးရိုး ကျိုးသည့်အချိန်က၊ သေချာ ပြန်မကောင်းသေးဘဲ၊ အလုပ်ထဲ ပြန်သွားသည်၊ ပြီးလျှင် ကျွန်မ တိုက်တွန်းသည့်အခါတွင်ပင် သူ မနားခဲ့ပါ။ သူလည်း ငွေ၏ကျေးကျွန် ဖြစ်ခဲ့သည်။ သူ့တစ်ဘဝလုံးကို စာတန်၏ ထိန်းချုပ်ခံပြီး ထိခိုက်ခံခဲ့သည်။ သူက သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင် လက်မလျှော့ပါ။ သူက ပိုက်ဆံရှာပြီး ကောင်းမွန်သည့် ဘဝမှာ နေချင်ခဲ့သော်လည်း၊ သူ့ဘဝ ဆုံးသွားပြီဖြစ်သည်။ ငွေနှင့်ပကာသနများက သူ့ကို မကယ်နိုင်ခဲ့သကဲ့သို့၊ သူ့နာကျင်မှုကို မသက်သာစေခဲ့ပါ၊ သို့မဟုတ် သေခြင်းကို မလှည့်စားနိုင်ခဲ့ပါ။ ဘုရား ပြောသကဲ့သို့ပင် ဖြစ်သည်။ “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင်နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ငွေရှာဖို့ ကြိုးစားရင်း၊ ကျွန်မဘဝ၏ ဖြတ်သန်းခဲ့သည့် အချိန် အများစုကို မည်သို့ ကုန်ဆုံးခဲ့သည်ကို ပြန်ကြည့်မိပါက၊ လေးစား အထင်ကြီးမှုများ ရခဲ့သော်လည်း၊ ကျွန်မဘဝ၏ စက္ကန့်တိုင်း၌ စာတန် နှိပ်စက်ခြင်း ခံခဲ့ရသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သို့ရာတွင် ဘုရားက ကျွန်မကို ကယ်တင်ခဲ့ပါသည်။ သူက ကျွန်မကို ငွေဆိုသည့် ဝဲဂယက် ထဲမှ ကယ်တင်ခဲ့ပြီး ကျွန်မဘဝ၏ ဦးတည်ချက်ကို ပြောင်းလဲပေးခဲ့သည်။ ယခုအခါ ကျွန်မက သမ္မာတရားကို ရှာဖွေပြီး အမှုတော် ထမ်းနေရင်း၊ လွတ်လပ်ပြီး ငြိမ်းချမ်းမှုကို ခံစားရပါသည်။ ဤသည်မှာ ငွေနှင့်ဝယ်၍မရပါ။ ကျွန်မကို ကယ်တင်ခဲ့သည့်အတွက်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။