၈၄။ မချိုးနှိမ်နိုင်သော ယုံကြည်ခြင်း

မန့်ယုံ တရုတ်နိုင်ငံ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်နှင့် ညီအစ်ကို မောင်နှမအချို့သည် နေရာတစ်ခုသို့ ဧဝံဂေလိတရား ဖြန့်ဝေရန် ခရီးနှင်ခဲ့ကြပြီး ဆိုးညစ်သောလူများ၏ သတင်းပေးမှု ခံခဲ့ကြရသည်။ သိပ်မကြာမီတွင် နိုင်ငံတော်အစိုးရအမိန့်နှင့်အတူ ဒုစရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့များ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့များ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင် ရဲတပ်ဖွဲ့များနှင့် ဒေသဆိုင်ရာ ရဲစခန်းကပါ ကျွန်တော်တို့အား ဖမ်းဆီးရန် ရဲကားဆယ်စီးနှင့်အထက် ရောက်လာခဲ့ကြသည်။ ညီအစ်ကိုတစ်ယောက်နှင့် ကျွန်တော်သည် အဝေးသို့ မောင်းထွက်သွားရန် ပြင်လိုက်စဉ်ပင် ရဲသားလေးဦး အပြေး ရောက်လာပြီး ကျွန်တော်တို့ကားကို ဖြတ်တားလိုက်ကြသည်။ တစ်ဦးက ကားသော့အား ဆွဲဖြုတ်ကာ ကျွန်တော်တို့အား ကားထဲတွင်နေရန်နှင့် မလှုပ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက်တွင် ရာဘာတုတ်များ ဆွဲကိုင်ထားသည့် ရဲသားခုနှစ်ဦး သို့မဟုတ် ရှစ်ဦးလောက်သည် အခြားညီအစ်ကိုတစ်ဦးအား ဒေါသတကြီးရိုက်နှက်နေပြီး ထိုညီအစ်ကိုသည် မလှုပ်ရှားနိုင်တော့သည့် အဆင့်ထိ ရောက်အောင် ရိုက်နှက်ခြင်းခံခဲ့ရသည်ကို မြင်ခဲ့ရသည်။ ကျွန်တော်က မတတ်သာတော့သည့်အဆုံး တရားသော ဒေါသများ တလိပ်လိပ်တက်လာပြီး သူတို့၏အကြမ်းဖက်မှုကို ရပ်တန့်ပစ်ဖို့ ကြိုးစားရန် ကားထဲမှ တစ်ဟုန်ထိုးပြေးသွားခဲ့သည်။ သို့သော်လည်း ရဲသားများက ကျွန်တော့်ကို ဖမ်းချုပ်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်တို့အား ရဲစခန်းသို့ခေါ်သွားပြီး ကျွန်တော်တို့ကားကိုလည်း တရားဝင်သိမ်းယူခဲ့လေသည်။

ထိုနေ့ည ကိုးနာရီကျော်ပြီးနောက်တွင် အမှုစစ် ရဲနှစ်ယောက်သည် ကျွန်တော့်အား စစ်မေးရန် ရောက်လာခဲ့သည်။ ကျွန်တော့်ထံမှ အသုံးဝင်သည့် အချက်အလက်များ မရနိုင်ကြောင်းကို သိသွားသောအခါ၊ ပျာယာခတ်လျက် စိတ်တိုသွားခဲ့ပြီး အံကြိတ်ကာ “နေနှင့်ဦးပေါ့၊ နောက်မှ မင်းကို ကိုင်တွယ်ရမယ်။” ဟု ကျိန်ဆဲခဲ့သည်။ ထို့နောက် သူတို့သည် ကျွန်တော့်အား စစ်ဆေးရေးအခန်းတွင် ပိတ်လှောင်ခဲ့သည်။ ည ၁၁:၃ဝ တွင် စောင့်ကြည့် ကင်မရာမရှိသည့် အခန်းထဲသို့ ကျွန်တော့်ကို ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် ကျွန်တော့်အား အကြမ်းဖက်ကြတော့မည်ကို ကြိုသိနေခဲ့သောကြောင့်၊ ဘုရားသခင် ကျွန်တော့်အား ကာကွယ်ရန် အသနားခံရင်း၊ ကျွန်တော့် နှလုံးသားထဲမှ အထပ်ထပ်အခါခါ ဆုတောင်းနေခဲ့သည်။ ထိုအချိန်တွင် မိသားစုအမည် “ကျား” ဆိုသော ရဲအရာရှိတစ်ယောက်က ကျွန်တော့်အား စစ်မေးရန် ရောက်လာခဲ့သည်။ “ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗောက်စ်ဝက်ဂွန် ဂျက်တာကားထဲက လူက မင်းလား” မဟုတ်ဘူးဟု ကျွန်တော် ဖြေခဲ့သည်။ သူက ဒေါသတကြီးဖြင့် “တခြားသူတွေက မင်းကို တွေ့ခဲ့တယ်။ အခုထိ မင်းက ငြင်းနေတုန်းပဲလား။” ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် ကျွန်တော့်ပါးအား ရက်ရက်စက်စက် ဖြတ်ရိုက်ခဲ့လေသည်။ ကျွန်တော်၏ပါးပြင်ပေါ်တွင် ပူခနဲ နာကျင်မှုကို ခံစားခဲ့ရသည်။ ထို့နောက်- “မင်းဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့။” ဟု သူက ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ သူက ပြောပြောဆိုဆိုနှင့် ခါးပတ်ကြီးကြီးတစ်ခုယူပြီး ကျွန်တော်၏ မျက်နှာအား ခါးပတ်ဖြင့် လွှဲရိုက်နေခဲ့သည်၊ အကြိမ်ရေမည်မျှ အရိုက်ခံရသည်ကို ကျွန်တော် မသိသော်လည်း၊ နာကျင်လွန်းသောကြောင့် ထပ်ခါထပ်ခါ အော်ရုံမှလွဲ၍ ကျွန်တော် မည်သည့်အရာမျှ မတတ်နိုင်ခဲ့ပေ။ ဤသည်ကိုမြင်သောအခါ၊ ကျွန်တော့်ပါးစပ်ကို ခါးပတ်ဖြင့် စည်းခဲ့လေသည်။ ထို့နောက် အချို့ရဲသားများက ကျွန်တော့်ကို မရိုက်နှက်မီ ဂွမ်းစောင်များဖြင့် ကျွန်တော့်ကိုယ်ခန္ဓာကို အုပ်ထားခဲ့ကြကာ၊ သူတို့မောပန်းပြီး အမောဖြေသည့် အချိန်မှလွဲပြီး ရာဘာတုတ်များဖြင့် ကျွန်တော့်အား ဒေါသတကြီး ရိုက်နှက်ခဲ့သည်၊ ကျွန်တော်သည် ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရပြီး ကျွန်တော့် ခေါင်းထဲတွင် ချာချာလည်နေလျက် အရိုးအားလုံး တစ်စစီ ပြုတ်ထွက် သွားသကဲ့သို့ ခံစားနေခဲ့ရသည်။ ထိုအချိန်တုန်းက ကျွန်တော့်အား အဘယ့်ကြောင့် ထိုကဲ့သို့သောနည်းလမ်းဖြင့် ရိုက်နှက်သည်ကို မသိခဲ့သော်လည်း၊ ကျွန်တော်၏အသားပေါ်တွင် အညိုအမဲရာများ မကျန်အောင် ရိုက်နှက်ရာတွင် ဂွမ်းစောင်များကို သုံးခဲ့ကြောင်း နောက်ပိုင်းတွင် ကျွန်တော် သိလာခဲ့ရလေသည်။ စောင်ကြည့် ကင်မရာမရှိသည့် အခန်းထဲသို့ခေါ်ပြီး ပါးစပ်ကို စည်းကာ ခန္ဓာကိုယ်ပေါ်သို့ ဂွမ်းစောင်များနှင့် ဖုံးခြင်းတို့ အားလုံးမှာ- သူတို့၏ ဆိုးညစ်သော လုပ်ဆောင်ချက်များ ပေါ်သွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲများသည် အင်မတန်ဒုက္ခပေးပြီး ရက်စက်သောသူများ ဖြစ်ကြသည်။ သူတို့လေးယောက် ကျွန်တော့်ကို ရိုက်၍ မောသွားသည့် အချိန်တွင်၊ နောက်ထပ်နှိပ်စက်နည်းတစ်ခု ပြောင်းလိုက်ကြလေသည်။ ရဲသားနှစ်ဦးသည် ကျွန်တော့်၏ လက်မောင်းတစ်ဖက်အား ပခုံးပေါ်မှကျော်၍ အနောက်သို့ ပြင်းပြင်းထန်ထန် ဆွဲချစဉ်တွင် အခြားရဲသားနှစ်ဦးသည် ကျွန်တော်၏ ကျန်လက်မောင်းအား အနောက်မှ ပတ်၍ အရှိန်ပြင်းပြင်း အပေါ်သို့ ဆွဲတင်လေသည်။ (ဤကဲ့သို့သော နှိပ်စက်နည်းကို “ကျောပေါ်တွင် ဓါးထမ်းလာခြင်း” ဟု ခေါ်ပြီး တော်ရုံလူ တစ်ယောက်အနေဖြင့် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ချေ။) သို့သော် ကျွန်တော့်လက်နှစ်ဖက်ကို မည်သို့ဖြစ်စေ အတူ မဆွဲနိုင်တောသောကြောင့်၊ ကျွန်တော့်လက်မောင်းအား ရက်ရက်စက်စက် ဒူးနှင့် တိုက်ကြလေသည်။ “ဂျွတ်ကနဲ” အသံကြီးကို ကြားလိုက်ရပြီးနောက်၊ ကျွန်တော့် လက်မောင်း နှစ်ဖက်စလုံး ပြုတ်ထွက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော် သေလုမျောပါး နာကျင်ခဲ့ရသည်။ ကျွန်တော့်လက် နှစ်ဖက်စလုံး ထိတွေ့ခံစားမှု အာရုံပျောက်ဆုံးသွားစေရန် အချိန် သိပ်မကြာလိုက်ပေ။ သူတို့သည် နှိပ်စက်၍ အားမရသေးသောကြောင့်၊ ကျွန်တော့်အား ပို၍ ဒုက္ခဝေဒနာ ခံစားစေရန် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ခိုင်းခဲ့ကြသည်။ ကျွန်တော်သည် အလွန်ပင်နာကျင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများ ထွက်ကာ ခေါင်းထဲတွင် အသံများမြည်နေပြီး အသိစိတ်သည်လည်း အနည်းငယ် ဝေဝါးစပြုနေပြီဖြစ်သည်။ “ကျွန်တော့်ဘဝမှာ နှစ်ပေါင်း များစွာနေထိုင်လာခဲ့တဲ့ ကာလတလျှောက်လုံးထဲမှာ ကိုယ့ အသိစိတ်ကို ထိန်းချုပ်ဖို့ မတတ်နိုင်တာမျိုး ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ ကျွန်တော် သေတော့မှာပါလား။” ဟု တွေးခဲ့မိသည်။ ထို့နောက် ကျွန်တော်သည် တကယ်ကို နောက်ထပ် မခံနိုင်တော့သောကြောင့်၊ သက်သာရာရလိုရငြား မြန်မြန်အသက်ထွက်ပြီး သေပါစေတော့ဟုသာ တွေးတောနေ ခဲ့မိတော့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်စိတ်အတွင်းမှ ဉာဏ်အလင်း ပေးခဲ့လေတော့သည်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊...အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အား ရုတ်တရက် နိုးထစေခဲ့ပြီး ကျွန်တော်၏ တွေးတောပုံ နည်းလမ်းသည် ဘုရားသခင်၏အလိုတော်နှင့် လွဲချော်နေကာ၊ ဘုရားသခင်ကို ဝမ်းနည်း စိတ်ပျက်စေခြင်းသာ ဖြစ်စေကြောင်းကို နားလည် သဘောပေါက်စေခဲ့သည်။ အကြောင်းမှာ ယခုကဲ့သို့ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခကြီးစွာ ခံစားရခြင်းတို့အကြားတွင် ဘုရားသခင်မြင်လိုခဲ့သည့် အရာမှာ ကျွန်တော့်အနေဖြင့် သေခြင်းကို ရှာဖွေခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုကို မှီခိုကာ စာတန်ကို တိုက်ခိုက်ရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့် စာတန်ကို ရှက်ကြောက်စေပြီး ရှုံးနိမ့် သွားစေရန်ဖြစ်သည်။ သေခြင်းကို ရှာဖွေခြင်းသည် စာတန်၏ အကြံအစည်ထဲသို့ ကျရောက်သွားခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်းဟု မယူဆ နိုင်ဘဲ၊ ရှက်ကြောက်ခြင်း၏ အမှတ်အသားတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီးနောက် တိတ်ဆိတ်စွာပင်- “အို ဘုရားသခင်၊ ကျွန်ုပ်၏ သဘောဝဟာ အားနည်းလွန်းတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်က ပြသလိုက်ပါပြီ။ ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံဖို့ အလိုဆန္ဒနဲ့ သတ္တိမရှိဘဲ၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှု နည်းနည်းကြောင့် သေခြင်းကို ရှာဖွေခဲ့မိတယ်။ အခုတော့ ကျွန်ုပ်ဟာ ဆင်းရဲဒုက္ခကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံရပါစေ၊ လွတ်မြောက်ဖို့ လုံးဝ မလိုလားတော့ဘဲ၊ ကိုယ်တော့်အတွက် သက်သေ ရပ်တည်နိုင်ပြီး ကိုယ်တော့်ကို ကျေနပ်နှစ်သိမ့်စေရပါမယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်ုပ်ရဲ့ကိုယ်ခန္ဓာဟာ အလွန်အမင်း နာကျင်နေပြီး အားနည်းနေပါတယ်၊ ကျွန်ုပ်၏ ကိုယ်ပိုင် ခွန်အားဟာ ဒီမကောင်းဆိုးဝါးတွေရဲ့ ရိုက်နှက်ခြင်းကနေ လွန်မြောက်နိုင်ဖို့ တကယ်ပဲ ခက်ခဲတယ်ဆိုတာ သိပါတယ်။ ကိုယ်တော့်ကိုအားကိုးပြီး စာတန်ကို နှိမ်နင်းနိုင်ဖို့အတွက် ကျေးဇူးပြုပြီး ယုံကြည်မှုနဲ့ ခွန်အား ကျွန်ုပ်ကို ထပ်ပြီး ပေးသနားတော်မူပါ။ ကိုယ်တော့်ကို သစ္စာမဖောက်ဖျက်သလို ညီအစ်ကိုမောင်နှမတွေကိုလည်း စွန့်ခွာမသွားပါဘူးလို့ ကျွန်ုပ်ရဲ့ အသက်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။” ဟု ဆုတောင်း နေခဲ့လေသည်။ ဘုရားသခင်ထံသို့ ထပ်တလဲလဲ ဆုတောင်းပြီးနောက်တွင် ကျွန်တော်၏ နှလုံးသားသည် တဖြည်းဖြည်း သက်သာရာရလာခဲ့သည်။ ယုတ်မာသော ရဲများက ကျွန်တော့်အသက် ငွေ့ငွေ့လေးသာ ကျန်ရှိတော့သည်ကို မြင်ပြီး ကျွန်တော်သေဆုံးသွားပါက၊ တာဝန်ယူရမည်ကို ကြောက်လန့်နေ ခဲ့လေသည်၊ ထို့ကြောင့် ကျွန်တော်၏လက်ထိတ်ကို ဖြုတ်ပေးရန် ရောက်လာခဲ့ကြလေသည်။ သို့သော် ကျွန်တော်၏ လက်မောင်းသည် မာတောင့်လျက်ရှိနေပြီး လက်ထိတ်သည်လည်း အလွန်ပင် ကျပ်နေသောကြောင့်၊ လက်ထိတ်ဖြုတ်ရန် အလွန်ပင်ခက်ခဲနေလေသည်။ ယုတ်မာသည့် ရဲသားလေးဦးသည် လက်ထိတ်အားဖြုတ်ရန် မိနစ်အတန် ကြာအောင် ကြိုးစားခဲ့ကြပြီးနောက်၊ ကျွန်တော့်အား စုံစမ်းစစ်ဆေးရေး အခန်းထဲသို့ တရွတ်တိုက် ပြန်လည် ဆွဲခေါ်သွားခဲ့လေတော့သည်။

နောက်တစ်နေ့ မွန်းလွဲချိန်တွင် ရဲများသည် ကျွန်တော့်အား “ပြစ်မှုကျူးလွန်းကြောင်း” တစ်ဖက်သတ် စွပ်စွဲခဲ့ပြီး လိုအပ်သည့် ပစ္စည်းများ ပြန်လည်သိမ်းဆည်းရန် ကျွန်တော့်အိမ်သို့ ပြန်စေခဲ့ပြီးနောက်တွင် ကျွန်တော့်အား အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့လေသည်။ အကျဉ်းစခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထောင်ကြီးကြပ်ရေး အရာရှိလေးဦးသည် ကျွန်တော့် ချည်သားအနွေးထည်၊ ဘောင်းဘီများ၊ ဘွတ်ဖိနပ်များနှင့် နာရီအပါအဝင်၊ လက်ထဲမှ ယွမ် ၁၃၀၀ ကိုပါ သိမ်းယူခဲ့လေသည်။ သူတို့သည် ကျွန်တော့်အား သတ်မှတ်ထောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်စေခဲ့ပြီး သူတို့ထံမှ ဂွမ်းစောင်တစ်ထည်ကို ယွမ် ၂ဝဝ ဖြင့် အတင်းအကျပ် ဝယ်ခိုင်းလေသည်။ ထို့နောက် ထောင်ကြီးကြပ်ရေး အရာရှိ လေးဦးသည် ကျွန်တော့်အား ဓါးပြများ၊ လူသတ်သမားများ၊ မုဒိမ်းကောင်များ၊ မူးယစ်မှောင်ခိုသမားများနှင့်အတူ သော့ပိတ် ထားလေတော့သည်။ ကျွန်တော်နေရမည့် အကျဉ်းခန်းလေးထဲသို့ ဝင်လိုက်သောအခါ၊ ထိပ်ပြောင်ပြောင်နှင့် အကျဉ်းသား တစ်ဆယ့်နှစ်ဦးသည် ကျွန်တော့်အား ရန်လိုသောအကြည့်နှင့် ကြည့်နေကြသည်ကို တွေ့ခဲ့သည်။ ပတ်ဝန်းကျင်သည် မှုန်မှိုင်းနေပြီး ကြောက်လန့်စရာကောင်းနေသည်၊ ပြီးလျှင် ရုတ်တရက် ကျွန်တော့်၏နှလုံးသားထဲမှာ စို့နင့်လာသည်ကို ခံစားခဲ့ရလေသည်။ အခန်းထဲမှ အကျဉ်းမှူးနှစ်ဦးသည် ကျွန်တော့်ထံသို့ လျှောက်လာပြီး- “ဘာအတွက်ကြောင့် ဒီကိုရောက်လာသလဲ။” ဟု မေးခဲ့သည်။ “ဧဝံဂေလိတရားကို ဖြန့်ဝေလို့။” ဟု ကျွန်တော်က ပြန်ပြောခဲ့သည်။ နောက်ထပ် တစ်ခွန်းမျှ မပြောဘဲ၊ သူတို့ထဲမှ တစ်ယောက်က ကျွန်တော့်ပါးကို နှစ်ကြိမ်ဖြတ်ရိုက်ခဲ့ပြီး “မင်းက ဘာသာရေးခေါင်းဆောင် မဟုတ်လား။” ဟု ပြောခဲ့သည်။ အခြားအကျဉ်းသားများကလည်း “ဒီနေရာကလွတ်အောင် မင်းရဲ့ဘုရားသခင်ကို ကယ်ခိုင်းလိုက်လေ။” ဟု စတင် ရိုင်းစိုင်းစွာ ပြောဆိုရယ်မောပြီး သရော်ခဲ့ကြသည်။ လှောင်ပြောင်သရော်မှုများ ကြားတွင် အကျဉ်းမှူးက ကျွန်တော့်ပါးအား တစ်ချက်ပြီးတစ်ချက် ဆင့်ပြီးရိုက်ခဲ့ပြန်သည်။ ထိုအချိန်မှစပြီး သူတို့သည် ကျွန်တော့်အား “ဘာသာရေးခေါင်းဆောင်” ဟု နာမည်ပြောင် ပေးထားပြီး မကြာခဏလှောင်ပြောင်ရင်း အရှက်ရစေခဲ့သည်။ အခြားအကျဉ်းမှူးတစ်ဦးက ကျွန်တော်ခြေညှပ်ဖိနပ် စီးထားသည်ကိုမြင်ပြီး- “မင်း ကိုယ့်အဆင့်ကိုယ် မသိဘူးလား။ ဒီဖိနပ်တွေစီးဖို့ မင်းနဲ့ထိုက်တန်လို့လား၊ ချွတ်ပစ်လိုက်စမ်း။” ဟု အထက်စီးဆန်ဆန် အော်ဟစ်ပြောဆိုခဲ့လေသည်။ ဟောင်းနွမ်း စုတ်ပြတ်နေသော သူတို့ဖိနပ်ကို အစားထိုးရန် သူက ပြောပြောဆိုဆိုပင် ကျွန်တော့်ဖိနပ်အား ချွတ်ယူလိုက်လေသည်။ သူက ကျွန်တော့်ဂွမ်းစောင်ကိုလည်း အခြား အကျဉ်းသားများထံသို့ ပေးပစ်လိုက်ကြလေသည်။ ထိုအကျဉ်းသားများသည် ကျွန်တော့်ဂွမ်းစောင်ကိုလုရင်း ရန်ဖြစ်နေကြပြီး အဆုံးသတ်တွင် ပါးလွှာ စုတ်ပြဲ ညစ်ပတ်ပြီး နံစော်နေသည့် ဂွမ်းစောင်ဟောင်း တစ်ထည်သာ ကျွန်တော့်အတွက် ကျန်ခဲ့လေတော့သည်။ ထောင်ကြီးကြပ်ရေး အရာရှိလေးဦး၏ သွေးထိုးလှုံ့ဆော်မှုကြောင့်၊ ဤအကျဉ်းသားများသည် ကျွန်တော့်အား နှိပ်စက်ကလူပြုပြီး ဆင်းရဲဒုက္ခမျိုးစုံကို ခံစားစေခဲ့လေသည်။ ညဘက်ဆိုလျှင် အကျဉ်းခန်းထဲတွင် မီးအမြဲလင်းနေလျက် ရှိသော်လည်း၊ အကျဉ်းမှူးက စပ်ဖြီးဖြီးလုပ်ကာ- “ငါ့ကို မီးပိတ်ပေးစမ်း။” ဟု ပြောလေသည်။ (မီးခလုတ်တစ်ခုမျှ မရှိသည့်အတွက်ကြောင့်) ကျွန်တော် မပိတ်တတ်သည့်အခါ၊ ကျွန်တော့်ကို စတင် လှောင်ပြောင် ရယ်မောကြပြန်လေသည်။ နောက်တစ်နေ့တွင် လူငယ်အကျဉ်းသားလေးအချို့က ကျွန်တော့်အား ထောင့်တစ်နေရာတွင် ရပ်နေစေပြီး “ဒါတွေကို နှစ်ရက်အတွင်းမှာ ရအောင် မကျက်ထားဘူးဆိုရင်၊ အကြောင်းသိစေရမယ်။” ဟု ခြိမ်းခြောက်လျက်၊ အကျဉ်းထောင်စည်းကမ်းများကို အလွတ် ကျက်မှတ်ရန် အတင်းအကျပ် စေခိုင်းခဲ့သည်။ ကျွန်တော်လည်း မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ပြီးခဲ့သည့် ရက်အနည်းငယ်က ဖြတ်သန်းခဲ့သည့်အကြောင်းများကို ပြန်တွေးမိလာလေလေ၊ ပိုမိုကြောက်လန့် တုန်လှုပ်လာလေလေပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ဤဒုက္ခဆင်းရဲမှ လွှားကျော်နိုင်ရန် ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်ပြီး၊ အသနားခံခဲ့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ် အကြောင်းကို တွေးမိလေသည်။ “စမ်းသပ်မှုများ လာသောအခါ ဘုရားသခင်ကို သင်ချစ်နေနိုင်ဦးမည်ဖြစ်ပေသည်။ ထောင်ချခံရခြင်း၊ နာမကျန်းဖြစ်ခြင်း၊ လှောင်ပြောင်သရော်မှု သို့မဟုတ် အသရေဖျက်မှုတို့ကို အခြားသူများထံမှ သင်ရင်ဆိုင်ရပါစေ၊ သို့မဟုတ် လွတ်လမ်းမရှိဟု ထင်ရပါစေ၊ ဘုရားသခင်ကို သင် ချစ်နိုင်သေး၏။ ဤသည်မှာ သင်၏ စိတ်နှလုံး ဘုရားသခင်ထံ လှည့်ပြီဟု အဓိပ္ပါယ်ရပါသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်ထံ သင်၏ စိတ်နှလုံး လှည့်ပြီလား”) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော့်အား ခွန်အား ပေးခဲ့ပြီး၊ ဘုရားသခင်ကိုချစ်ရန်နှင့် ကျွန်တော့်စိတ်နှလုံးကို ဘုရားသခင်ထံသို့ ပြန်လှည့်ရန် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း တစ်ခုအားညွှန်ပြခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် ရုတ်တရက်ဆိုသကဲ့သို့ ကျွန်တော့် နှလုံးသားထဲ၌ ရှင်းလင်းပြတ်သားသွားခဲ့သည်- ကျွန်တော့်အပေါ် ထိုဆင်းရဲဒုက္ခခံစားရခြင်းကို ဘုရားသခင်က ခွင့်ပြု ပေးလိုက်ခြင်းသည် ကျွန်တော့်အား နှိပ်စက်ရန် သို့မဟုတ် တမင်တကာ ဆင်းရဲဒုက္ခခံစေရန် မဟုတ်ဘဲ၊ ယခုကဲ့သို့ အခြေအနေမျိုး၌ ကျွန်တော့်နှလုံးသားအား ဘုရားသခင်ထံသို့ လှည့်ပြန်စေရန် လေ့ကျင့်ပေးခြင်းဖြစ်သည်၊ သို့မှသာ ကျွန်တော်သည် စာတန်၏ မှောင်မိုက်လှသော စွမ်းအားများ၏ ထိန်းချုပ်မှုကို ဆန့်ကျင်နိုင်မည်ဖြစ်ပြီး ကျွန်တော့်နှလုံးသားသည် ဘုရားသခင်နှင့် ပိုပြီးနီးစပ်လာနိုင်ကာ ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ဘယ်သောအခါမျှ မညည်းတွားဘဲ အမြဲတစေလက်ခံပြီး နာခံမည်ဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် ထိုသို့တွေးမိလိုက်ရာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိတော့ပေ။ ရဲသားနှင့် အကျဉ်းသားတို့သည် ကျွန်တော့်အား မည်သို့ပင်ပြုမူနေစေကာမူ၊ ကျွန်တော် ဂရုစိုက်ရမည့်အရာမှာ ဘုရားသခင်ထံသို့ မိမိကိုယ်ကိုယ် အပ်နှံခြင်းနှင့် ဘယ်သောအခါမျှ စာတန်ကို အရှုံးမပေးရန်သာ ဖြစ်သည်။

အကျဉ်းထောင်ထဲရှိဘဝသည် လောကငရဲပင်ဖြစ်သည်။ ထောင့်သားများသည် ကျွန်တော့်အားနှိပ်စက်ရန် နည်းလမ်း မျိုးစုံကို သုံးဖို့ ထောင်စောင့်များ၏ သွေးထိုးခြင်းခံရကြသည်။ ညပိုင်း ကျွန်တော်အိပ်ပျော်နေစဉ်တွင် ၎င်းတို့က ကျွန်တော့်ကို ဝိုင်းပြုံပြီး တွန်းထိုးကြသဖြင့် ကျွန်တော် လှည့်ပင်မလှည့်နိုင်ဘဲ၊ အိမ်သာနှင့်ယှဉ်လျက် အိပ်ခဲ့ရသည်။ ကျွန်တော်အဖမ်းခံရပြီး နောက်ပိုင်း ရက်အတော်ကြာ မအိပ်ခဲ့ရသဖြင့် လွန်စွာ အိပ်ချင်လာပြီးနောက် မတတ်သာသည့်အဆုံး တမှေး အိပ်မိလေတော့သည်။ မတ်တပ်ရပ်အစောင့်လုပ်ရသည့် တာဝန်ကျ အကျဉ်းသားများသည် ကျွန်တော့်အား အနှောက်အယှက် ပေးရန် သူတို့တာဝန်ချိန်မကုန်မီ ကျွန်တော်မနိုးမချင်း ကျွန်တော့်နဖူးကို တမင်တကာတောက်ပြီးမှ ထွက်သွားကြသည်။ နောက်အကျဉ်းသားတစ်ယောက်က ကျွန်တော့်အား တမင်တကာနှိုးပြီး ကျွန်တော်၏ အောက်ခံ ဘောင်းဘီရှည်ကို ယူဖို့ ကြိုးစားသည်။ နောက်တစ်နေ့ နံနက်စာ စားပြီးနောက် အကျဉ်းမှူးက ကျွန်တော့်အား ကြမ်းပြင်များကို နေ့စဉ် တိုက်ချွတ် ဆေးကြောခိုင်းလေသည်။ ထိုနေ့ရက်များသည် နှစ်တစ်နှစ်၏ အအေးဆုံးသောနေ့ရက်များဖြစ်ပြီး ရေနွေး မရှိသော့ကြောင့်၊ ကျွန်တော်သည် သန့်ရှင်းရေးအဝတ်အတွက် ရေအေးကိုသာလျှင် အသုံးပြုရလေသည်။ ထို့နောက် နှစ်ရှည် အကျဉ်းကျဓါးပြများသည် ကျွန်တော့်အား အကျဉ်းထောင်စည်းကမ်းများကို အလွတ်ကျက်ခိုင်းလေသည်။ ကျွန်တော်အလွတ်မရလျှင်၊ လက်သီးနှင့်ထိုး၊ ကန်ကြောက်ပြီး ယခင်ကထက်ပိုပြီး ပါးရိုက်ခံရသည့် အကြိမ်ရေများလာခဲ့သည်မှာ သာ၍ပင် ပုံမှန်ဖြစ်လာသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်လျက် ကျွန်တော် အလွန်စိတ်ဒုက္ခရောက်ခဲ့ရသည်။ ညဘက်တွင် ဂွမ်းစောင်ကို ခေါင်းမြီးခြုံပြီး “အို ဘုရားသခင်၊ ကိုယ်တော်ဟာ ဒီပတ်ဝန်းကျင်ကို ကျွန်ုပ်အပေါ်ကျရောက်စေဖို့ ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကိုယ်တော်ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေဟာ ဒီထဲမှာတည်ရှိနေရမယ်။ ကျေးဇူးပြုပြီး ကိုယ်တော့်ရဲ့ရည်ရွယ်ချက်တွေကို ကျွန်ုပ်အား ပြသပေးပါ။” ဟု တိတ်ဆိတ်စွာပင် ဆုတောင်းနေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ဉာဏ်အလင်းရစေခဲ့လေသည်။ “တောင်ကုန်းတို့၌ ပွင့်လန်းဝေဆာနေသော နှင်းပန်းများကို ငါသဘောကျ၏။ ပန်းများနှင့် မြက်ပင်တို့သည် တောင်စောင်းအနှံ့ ပေါက်ရောက်နေသော်လည်း၊ နှင်းပန်းများသည် နွေဦးရာသီ မရောက်မီ မြေကြီးပေါ်တွင် ငါ၏ ဘုန်းအသရေကို ဂုဏ်ရောင်ထွန်းပြောင်မှု ဖြည့်ပေးကြသည်- လူသားသည် ထိုသို့သော အရာများကို စွမ်းဆောင်နိုင်သလော။ သူသည် ငါပြန်မလာမီ ကမ္ဘာမြေပေါ်တွင် ငါ့ကို သက်သေခံနိုင်မည်လော။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါ၏နာမအတွက် သူသည် မိမိကိုယ်ကိုယ် ဆက်ကပ်နိုင်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်တော် တွေးဆသည့်အခါ၊ “ပန်းကလေးတွေ၊ မြက်ပင်တွေနဲ့ ကျွန်တော်တို့အားလုံးက ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေ ဖြစ်ကြတယ်။ ကိုယ်တော့်ကို ထင်ရှားစေဖို့နဲ့ဘုန်းထင်ရှားစေဖို့ ဘုရားသခင်က ကျွန်တော်တို့ကို ဖန်ဆင်းခဲ့တယ်။ နွေဦးမရောက်ခင် နှင်းပန်းလေးတွေက မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ထွန်းလင်းစေတာ ဘုရားသခင်၏ ဖန်ဆင်းခံအနေ့်နဲ့ သူတို့ရဲ့တာဝန်ကို ပြီးပြည့်စုံစေခြင်းကို ဆိုလိုတာဖြစ်တယ်။ ဒီနေ့ ကျွန်တော့်ရဲ့ တာဝန်မှာ ဘုရားသခင်ရဲ့စီမံမှုကို နာခံပြီး စာတန်၏အရှေ့တွင် ဘုရားသခင်ကို သက်သေခံဖို့ ဖြစ်တယ်။ ဒီနေ့မှာ ကျွန်တော်က ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အရှက်ကွဲခြင်းတွေကို ခံစားရတာက ကျွန်တော့်ရဲ့ ယုံကြည်မှုကြောင့် ဖြစ်ပေမဲ့လည်း၊ ဒါဟာ ဖြောင့်မတ်ခြင်းအတွက် ဒုက္ခခံရခြင်း ဖြစ်ပြီး၊ အဲဒါက ဂုဏ်ဝင့်ဖွယ်ဖြစ်တယ်။ စာတန်က ကျွန်တော့်ကို ပိုအရှက်ခွဲလေလေ၊ ကျွန်တော်က ဘုရားသခင်ဘက်မှာ ပိုရပ်တည်ပြီး ဘုရားသခင်ကို ပိုချစ်ဖို့ လိုတယ်။ အဲဒီနည်းလမ်းနဲ့ ဘုရားသခင်က ဘုန်းအသရေ ရနိုင်ပြီး၊ ကျွန်တော်တို့ ဖြည့်ဆည်းသင့်တဲ့ တာဝန်ကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်မယ်။ ဘုရားသခင်ဝမ်းမြောက်ပြီး ကျေနပ်နေသရွေ့၊ ကျွန်တော့် နှလုံးသားကလည်း ကျေနပ်နှစ်သိမ့်မှုကို ရရှိနေမှာ ဖြစ်တယ်။ ကျွန်တော်က ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်စေဖို့ နောက်ဆုံးသော ဒုက္ခခံတာကို ကြံ့ကြံ့ခံသွားဖို့နှင့် အရာခပ်သိမ်းမှာ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းကို ကျိုးနွံနာခံဖို့ ဆန္ဒရှိနေပါတယ်။” ဟု မိမိဘာသာ တွေးမိသည်။ ဤနည်းလမ်းကို ကျွန်တော် စတင် စဉ်းစားမိလိုက်သောအခါ၊ အထူးသဖြင့် ကျွန်တော့်နှလုံးသားသည် တို့ထိခံခဲ့ရပြီး နောက်တစ်ကြိမ် မျက်ရည်မထိန်းနိုင် ဖြစ်ခဲ့ရပြန်သည်။ “အို ဘုရားသခင်၊ စစ်မှန်တဲ့ကိုယ်တော်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်။ ကျွန်ုပ်ဟာ ကိုယ်တော့်နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်တော့်ရဲ့နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို ဒီနေ့ ကျွန်ုပ်ခံစားရသလောက် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါ ဒါမှမဟုတ် ဒီနေ့လောက် ကိုယ်တော်နဲ့နီးကပ်တာကို မခံစားခဲ့ရဖူးပါဘူး။” ဟု တိတ်တဆိတ် ဆုတောင်းခဲ့လေသည်။ ကျွန်တော်သည် ဆင်းရဲဒုက္ခများကို လုံးဝမေ့သွားခဲ့ပြီး ဤခံစားချက် စီးကြောင်းထဲတွင် အချိန်အတော်ကြာ နစ်မြုပ်နေခဲ့တော့သည်။

အကျဉ်းထောင်ထဲ၌ ခြောက်ရက်မြောက်သောနေ့တွင် အပူချိန်ဒီဂရီ အလွန်နိမ့်သည်။ ယုတ်မာသော ရဲများသည် ကျွန်တော့်ချည်သားထူထူကုတ်အင်္ကျီကို သိမ်းယူခဲ့သည့်အတွက် အောက်ခံအင်္ကျီအပါးတစ်စုံကိုသာ ဝတ်ဆင်ခဲ့ရသဖြင့် နောက်ဆုံးတွင် ကျွန်တော်သည် အအေးမိခဲ့လေတော့သည်။ ကျွန်တော် အကြီးအကျယ်ဖျားပြီး ချောင်းဆိုးမရပ်တော့ပေ။ ညဘက်မှာ စုတ်ပြတ်နေသော ဂွမ်းစောင်ကိုခြုံပြီး ဖျားနာခြင်း၏ နှိပ်စက်မှုကို ကြံ့ကြံ့ခံနေရစဉ် ကျွန်တော့်အပေါ် ထောင်သားများ၏ အဆုံးမရှိသော နှိပ်စက်မှုများနှင့် အနိုင်ကျင့်ခြင်းအကြောင်းကို ပြန်စဉ်းစားနေမိခဲ့သည်။ အထီးကျန်ခြင်းနှင့် အကူအညီမဲ့ခြင်းကိုလည်း လွန်စွာ ခံစားခဲ့ရသည်။ ကျွန်တော့်ဝေဒနာများသည် ကြီးစွာသော အတိုင်းအတာသို့ ရောက်လာသောအခါတွင် ဘုရားသခင်ရှေ့မှောက်၌ ပေတရု၏ စစ်မှန်ပြီး ရိုးသားသော ဆုတောင်းချက်အကြောင်းကို တွေးခဲ့မိတော့သည်- “ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) ထိုစကားလုံးများသည် ကျွန်တော့်အား ယုံကြည်မှုနှင့်ခွန်အား ပေးလေသည်။ ပေတရုသည် ဇာတိပကတိ၏ နာကျင်မှုကို ထည့်သွင်းမစဉ်းစားခဲ့ပေ။ သူအလွန်ပင် ချစ်မြတ်နိုးပြီး တန်ဖိုးထားသည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင် ဖြစ်သည်၊ သူသည် သန့်စင်ခြင်း ခံရနိုင်ရန်နှင့် နောက်ဆုံးတွင် သေသည်တိုင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ပြီးလျှင် ဘုရားသခင်ကို အဆုံးစွန်ချစ်ခင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရန် ရှာဖွေခဲ့သည်။ ယခု ကျွန်တော်သည် ပေတရု၏ ရှာဖွေခြင်း ဥပမာနောက်ကို လိုက်သင့်ကြောင်းနှင့် ထိုအခြေအနေမျိုးတွင် ကျွန်တော့်ကို နေရာချထားရန် ဘုရားသခင် ခွင့်ပြုထားကြောင်းတို့ကို ကျွန်တော် သိပါသည်။ ဇာတိပကတိသည် နာကျင်မှုကို ခံစားရလျှင်ပင်၊ ယင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ကျွန်တော့် ယုံကြည်ခြင်းနှင့် ဒုက္ခခံလိုသော စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က စုံလင်စေလိုသည်။ ဘုရားသခင်၏ အလွန် လေးနက်သော ရည်ရွယ်ချက်ကို နားလည်ပြီးနောက် ကျွန်တော်စိတ်လှုပ်ရှားခဲ့သည်၊ ပြီးလျှင် ကျွန်တော် မည်မျှ သူရဲဘောကြောင်ပုံ၊ အတ္တကြီးပုံကိုလည်း မုန်းတီးမည်သည်။ ဘုရားသခင်၏အလိုတော်ကို အရေးမထားမိခဲ့သည့်အတွက် ကျွန်တော်သည် ဘုရားသခင်အပေါ် အကြွေးကြီးကြီးမားမား တင်ရှိနေသည်ကို ခံစားခဲ့ရပြီး ကျွန်တော့်၏ ဆင်းရဲဒုက္ခခံခြင်းသည် မည်မျှပင်ကြီးမားပါစေ၊ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဖြစ်ပြီး ကျေနပ်နှစ်သိမ့်စေမည်ဟု ကျွန်တော် ကျိန်ဆိုခဲ့သည်။ နောက်တစ်နေ့တွင် ကျွန်တော့်အဖျားမှာ မယုံနိုင်လောက်အောင် လျော့ကျသွားခဲ့လေသည်။ ကျွန်တော်စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။

တစ်ညတွင် ပြတင်းပေါက်နားသို့ ပျံကျစျေးသည်တစ်ဦး ရောက်လာပြီး အကျဉ်းမှုးသည် ဝက်ပေါင်ခြောက်များ၊ ခွေးသားနှင့် ကြက်ပေါင်များ စသည်တို့ကို များစွာ ဝယ်ယူလေသည်။ အဆုံးတွင် ကျွန်တော့်အား ငွေရှင်းပေးရန် အမိန့်ပေးခဲ့လေသည်။ ကျွန်တော့်မှာငွေမရှိဘူးဟု ပြောသောကြောင့်၊ သူက “မင်းမှာပိုက်ဆံမရှိရင် မင်းကို ဖြည်းဖြည်းချင်း ညှဉ်းဆဲပစ်မယ်။” ဟု ဒေါသတကြီး ပြောလေသည်။ နောက်တစ်နေ့တွင် သူသည် ကျွန်တော့်အား အိပ်ယာခင်းများ၊ အဝတ်အစားများနှင့် ခြေစွပ်များကို လျှော်ခိုင်းလေတော့သည်။ အကျဉ်းထောင်တွင်းမှ ထောင်ကြီးကြပ်ရေး အရာရှိများကလည်း သူတို့ခြေစွပ်များကို ကျွန်တော့်အား လျှော်ခိုင်းကြသည်။ အကျဉ်းထောင်ထဲတွင် ကျွန်တော်သည် နေ့စဉ်နေ့တိုင်း သူတို့၏ရိုက်နှက်ခြင်းများကို ကြံ့ကြံ့ခံခဲ့ရလေသည်။ ကျွန်တော်သည်းမခံနိုင်ဖြစ်လာသည့် အချိန်တိုင်းတွင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားမိသည်- “ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အား စွမ်းအားကို ပေးခဲ့လေသည်။ တစ်ချိန်ပြီးတစ်ချိန် ကျွန်တော်သည် အကျဉ်းသားများ၏ တိုက်ခိုက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ရိုက်နှက်ခြင်းများ ခံနေရသော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လမ်းညွှန်ပေးမှုကြောင့်၊ ကျွန်တော့်အတွင်းတွင် နှစ်သိမ့်မှုကို ရရှိခဲ့ပြီး နာကျင်မှုမခံစားရတော့ပါ။

တစ်နေ့တွင် ထောင်ကြီးကြပ်ရေးအရာရှိသည် ကျွန်တော့်အား သူတို့ရုံးခန်းသို့ ခေါ်သွားခဲ့လေသည်။ လူဆယ်ယောက်ကျော်လောက်သည် ကျွန်တော့်အား ထူးခြားသော အကြည့်ဖြင့် စိုက်ကြည့်နေကြသည်ကို မြင်ခဲ့ရသည်။ သူတို့ထဲမှ တစ်ယောက်သည် ဗီဒီယိုကင်မရာကို ကိုင်ထားလျက်၊ ကျွန်တော့် အရှေ့ဘယ်ဘက်နားတွင် ရပ်နေပြီး နောက်တစ်ဦးသည် မိုက်ခရိုဖုန်းကိုကိုင်ကာ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘာကြောင့် ယုံကြည်တာလဲ။” ဟု ကျွန်တော့်အား မေးခဲ့သည်။ ယင်းသည် မီဒီယာအင်တာဗျူး တစ်ခု ဖြစ်ကြောင်း နားလည်လိုက်သောကြောင့်၊ ကျွန်တော်က ဂုဏ်ယူနှိမ့်ချစွာဖြင့် “ကျွန်တော်ငယ်ငယ်ကတည်းက လူတွေရဲ့ အနိုင်ကျင့်တာနဲ့ အေးစက်စက် ဆက်ဆံရေးတွေကို မကြာခဏ ခံခဲ့ရတယ် ကိုယ်ကျိုးအတွက် တစ်ယောက်နဲ့တစ်ယောက် လိမ်လည်လှည့်ဖြားနေကြတဲ့ လူတွေကိုလည်း မြင်ခဲ့ဖူးတယ်။ ဒီလူ့အဖွဲ့အစည်းဟာ အလွန်ပဲ မှောင်မိုက်ပြီး အန္တရာယ်များ လွန်းတယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ လူတွေဟာ ကူညီရာမဲ့ပြီး ဘာမှမရှိတဲ့ ဘဝတွေနဲ့ နေထိုင်နေကြတယ်။ ရှေ့ကို မျှော်ကြည့်စရာလည်း မရှိဘဲ၊ ဘဝရဲ့ပန်းတိုင်လည်း မရှိကြဘူး။ အဲဒီနောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဟောပြောလိုက်တဲ့အခါမှာ၊ ကျွန်တော် စတင်ယုံကြည်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတော့ တခြားယုံကြည်သူတွေက ကျွန်တော့်ကို သူတို့ရဲ့မိသားစုလိုပဲ သဘောထားဆက်ဆံတာကို ခံစားခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်မှာ ကျွန်တော့်ကို ဆန့်ကျင်လုပ်ကြံတဲ့လူ တစ်ယောက်မှ မရှိဘူး။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပြီး ဂရုစိုက်ကြတယ်။ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကြပြီး သူတို့စိတ်ထဲမှာရှိတာတွေကို ထုတ်ဖော်ပြောဖို့လည်း ဝန်မလေးကြဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ကျွန်တော်ဟာ ဘဝရဲ့ရည်ရွယ်ချက်နဲ့တန်ဖိုးကို တွေ့ခဲ့ရတယ်။ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သိပ်ပြီးကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် သတင်းထောက်က- “ခင်ဗျား ဒီကို ဘာကြောင့် ရောက်လာခဲ့တာလဲ ဆိုတာကို သိပါသလား။” ဟု ဆက်မေးခဲ့သည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ကတည်းက၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က လူတွေကို တကယ်ကို ကယ်တင်ပြီး သန့်စင်နိုင်တယ်၊ ပြီးတော့ သူတို့ကို ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်း လျှောက်ဖို့ ဦးဆောင်နိုင်တယ်ဆိုတာကို ကျွန်တော် တွေ့ရတယ်။ ဒါကြောင့် အခြားသူတွေကိုလည်း ဒီသတင်းကောင်းကိုပြောဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဒါပေမဲ့ ဒီလိုကောင်းတဲ့ လုပ်ဆောင်ချက်ဟာ တရုတ်ပြည်မှာ ပိတ်ပင်တားမြစ် ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော်မသိခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်အဖမ်းခံခဲ့ရပြီး ဒီကိုရောက်လာတာပဲ။” ဟု ပြန်ဖြေခဲ့သည်။ ကျွန်တော့်အဖြေများသည် သူတို့အတွက် အကျိုးမရှိသည်ကို သတင်းထောက်က သိသောကြောင့်၊ အင်တာဗျူးကို ချက်ချင်းရပ်ကာ ထွက်သွားခဲ့သည်။ ထိုအချိန်မှာပင် အမျိုးသားလုံခြုံရေးအဖွဲ့ လက်ထောက် ခေါင်းဆောင်သည် ဒေါသအမျက်ချောင်းချောင်းထွက်ပြီး သူ့ခြေထောက်ကို ဆောင့်ဆောင့်နင်းနေခဲ့သည်။ သူက ကြောက်စရာကောင်းလောက်အောင်ပင် ကျွန်တော့်ကို စိုက်ကြည့်ပြီး အံကြိတ်လျက် “မင်းဘာဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်။” ဟု ပြောသွားခဲ့သည်။ သို့သော်လည်း ကျွန်တော်သည် သူ၏ ကြိမ်းဝါးခြိမ်းခြောက်မှုများကို လုံးဝမကြောက်ခဲ့ပေ။ အပြန်အလှန်အားဖြင့် ကျွန်တော်သည် ဤအခြေအနေမျိုးတွင် ဘုရားသခင်အတွက် သက်သေခံ နိုင်ခဲ့ခြင်းအတွက် လေးလေးနက်နက် ဂုဏ်ယူခဲ့ရသည်၊ ထို့အပြင်၊ ဘုရားသခင်၏ နာမတော်ကို ချီးမြှောက်တင်ရန်အတွက် ဘုရားသခင်ကို ဘုန်းထင်ရှားစေခဲ့ပြီး စာတန်ကို အနိုင်ရခဲ့သည်။

ထို့နောက် ကျွန်တော့်အမှုကို ကိုင်တွယ်သော ရဲအရာရှိသည် ကျွန်တော့်အားထပ်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ဤတစ်ကြိမ်တွင် ဖြောင့်ချက်ပေးလာအောင် အတင်းအကျပ် နှိပ်စက်ဖို့ မကြိုးစားတော့ဘဲ၊ “ကြင်နာသော” မျက်နှာထားသို့ ပြောင်းလဲလိုက်ကာ ကျွန်တော့်ကို “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ ငါတို့ကို ပြောပြမယ်ဆိုရင် မင်း အားလုံးအဆင်ပြေသွားမယ်။ မင်းကို ကြီးမားတဲ့သက်ညှာခွင့်ပေးမယ်။ မင်းက တကယ်တော့ အပြစ်ကင်းပါတယ်၊ ဒါပေမဲ့ တခြားလူတွေက မင်းကို သစ္စာဖောက်လို့ပဲ ဖြစ်မှာပါ။ ဒီတော့ ဘာကြောင့် သူတို့အတွက် ဖုံးကွယ်နေမှာလဲ။ မင်းကိုကြည့်ရတာ လူကောင်း တစ်ယောက်နဲ့ တူပါတယ်။ သူတို့အတွက် မင်းဘဝကို ဘာကြောင့် ပေးမှာလဲ။ ငါတို့ကို ပြောပြရင် မင်းအိမ်ပြန်နိုင်ပြီ။ ဘာကြောင့် ဒီမှာနေရင်းနဲ့ ဒုက္ခခံနေမှာလဲ။” ဟု မေးခဲ့သည်။ ထိုမျက်နှာနှစ်မျိုးနှင့် ကြောင်သူတော်များသည် အကြမ်းနည်းနှင့် ချဉ်းကပ်ခြင်းမှာ အလုပ်မဖြစ်ကြောင်းကို သသောကြောင့်၊ အနုနည်းနှင့် ချဉ်းကပ်ဖို့ကြိုးစားရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ထိုသူများသည် အမှန်တကယ် ဉာဏ်နီဉာဏ်နက်များသော လှည့်ကွက်များ အပြည့်နှင့် ဖြစ်ပြီး စက်ပုန်းခုတ်ခြင်းနှင့် အကွက်ဆင်ခြင်း၌ ဆရာကြီးများဖြစ်သည်။ ထိုသူ၏ ဟန်ဆောင်ကောင်းသော မျက်နှာသည် မကောင်းဆိုးဝါး အငွေ့အသက်များနှင့် ပြည့်နှက်နေသည့်အတွက် ကျွန်တော့်နှလုံးသားတွင် မုန်းတီးမှုများ ပြည့်သိပ်လာခဲ့သည်။ ကျွန်တော်က- “ကျွန်တော်သိသမျှ အားလုံး ပြောခဲ့ပြီးပြီ။ တခြားဘာမှ မသိတော့ဘူး။” ဟု သူ့ကို ပြောခဲ့သည်။ သူသည် ကျွန်တော်၏ ဆုံးဖြတ်ချက်ခိုင်မာသော ရပ်တည်ချက်နှင့် ကျွန်တော့်ထံမှ မည်သည့်သတင်းမှ မရနိုင်တော့သည်ကို မြင်လိုက်ရသည်။ သူ စိတ်မချမ်းမြေ့စွာ ထွက်သွားခဲ့လေသည်။

အကျဉ်းထောင်ထဲတွင် လဝက်မျှ ထိန်းထားခြင်း ခံရပြီးနောက်တွင်၊ ကျွန်တော့်မိသားစုဆီက ခံဝန်ငွေ ယွမ် ၈ဝဝဝ ပေးရန် တောင်းဆိုခဲ့ပြီးမှသာ ကျွန်တော့်ကို ထောင်မှ လွှတ်ပေးခဲ့လေသည်။ သို့သော် ကျွန်တော့်အား ဘယ်မှမသွားရန် သတိပေးခဲ့ပြီး၊ အိမ်မှာပဲနေရန်နှင့် အချိန်မရွေးဆက်သွယ်နိုင်ရန် အာမခံခိုင်းခဲ့သည်။ နောက်ပိုင်းတွင် “လူမှုဖွဲ့စည်းပုံစနစ်ကို အနှောက်အယှက်ပေးခြင်း” ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီသည် ကျွန်တော့်အား စွဲချက်တင်ပြီး ထောင်ဒဏ်တစ်နှစ်တိတိ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်၊ နှစ်နှစ်တိုင်တိုင် ကျွန်တော့်အား အလုပ်ဆိုင်းငံ့ခဲ့လေသည်။

ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခကြီးစွာ ခံစားခဲ့ရပြီးနောက်၊ တရုတ်ပြည်ဘာသာမဲ့ဝါဒီ ကွန်မြူနစ်ပါတီ၏ ရက်စက်သောသွင်ပြင်နှင့် ဆိုးယုတ်သော အနှစ်သာရကို ကျွန်တော် နားလည်သိမြင်လာခဲ့ပြီး ၎င်းအပေါ် အမုန်းတရားများ သန္ဓေစွဲတည်လာခဲ့ရတော့သည်။ သူတို့သည် သူတို့ ပိုင်ဆိုင်ထားသော ရာထူး၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ကာကွယ်ရန် အကြမ်းဖက်မှုများနှင့် အလိမ်အညာများကို သုံးကြသည်- ဘုရားသခင်ကို ယုံကြည်သောသူများအား ရူးမိုက်စွာဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး ညှဉ်းပန်းနှိပ်စက်ကြလေသည်။ သူတို့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏အလုပ်ကို ဟန့်တားပြီး နှောင့်ယှက်ရန် စာအုပ်ထဲရှိ ပရိယာယ်အားလုံးကို အသုံးပြုကာ သမ္မာတရားကို အဆုံးစွန်ထိ မုန်းတီးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အကြီးမားဆုံးသော ရန်သူဖြစ်ပြီး ကျွန်တော်တို့ကဲ့သို့သော ယုံကြည်သူများ၏ ရန်သူလည်း ဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ဖြတ်ကျော်ပြီးနောက် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် လူတို့၏အသက်အား ဆောင်ယူလာနိုင်သည်ကို မြင်တွေ့နိုင်ခဲ့သည်။ ကျွန်တော့်အတွက် အဆိုးရွားဆုံးအချိန် သို့မဟုတ် သေမင်းချောက်ကမ်းပါးစွန်း ရောက်နေသော အချိန်တွင် ယုံကြည်ခြင်းနှင့်ခွန်အားကို ပေးသနားခဲ့ပြီး ကျားကုတ်ကျားခဲအသက်ရှင်ရန် ခွင့်ပြုပေးခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ပင်ဖြစ်သည်။ ကျွန်တော့်ကို အမှောင်ဆုံး၊ အခက်ခဲဆုံးနေ့ရက်များမှ ကာကွယ် ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းပါသည်။ ကျွန်တော့်အပေါ်ထားရှိသော ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမြတ်ပေသည်။

အရှေ့သို့- ၈၃။ စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

နောက်တစ်ခုသို့- ၈၅။ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရချိန်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်