၆၃။ မာနထောင်လွှားသည့် စိတ်သဘောထားကို ပြောင်းလဲ၍မရနိုင်ဟု မည်သူ ပြောသနည်း

ကျောက်ဖန် တရုတ်နိုင်ငံ

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လက်တွေ့ကျလွန်းပါသည်။ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ကျွန်မတို့ကို ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိိပါက၊ ကျွန်မတို့၏ ဆိုးယုတ်သည့် စိတ်သဘောထားများကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့၊ သာမန်လူ့သဘာဝတစ်ခုနှင့်လည်း အသက်ရှင်နေထိုင်နိုင်ကြမည် မဟုတ်ပါ။ ကျွန်မက တော်တော် မာနထောင်လွှားခဲ့ဖူးပါသည်။ မိမိအလုပ်မှာ ကိုယ်က အခြားသူများထက် သာသည်ဟုသာ အမြဲခံစားမိသည်။ ထို့ကြောင့် ကျွန်မ ပြောသည့်အရာကိုသာ သူတို့ နားထောင်သင့်သည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှု ရှိလာပြီးသည့်နောက်မှာလည်း၊ မာနထောင်လွှားသည့် စိတ်သဘောကို ကျွန်မက မကြာမကြာ ထုတ်ဖော်ပြခဲ့သည်။ ကျွန်မကသာ အမြဲတမ်း အဆုံးအဖြတ်ပေးချင်ခဲ့သည်။ လူတိုင်းကို အထက်စီးကနေ ဆရာလုပ်ခဲ့သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေခဲ့ပါသည်။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းကြောင့်သာ၊ ကျွန်မ၏မာနထောင်လွှားစိတ်ကို နားလည်မှု အနည်းငယ် ရခဲ့သည့်အပြင်၊ မိမိကိုယ်ကိုယ် ရွံရှာမိပြီး နောင်တရနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်အလုပ်တာဝန်များကို အခြားသူများနှင့် အတူလုပ်ရပါက၊ ကျွန်မလည်း သိုသိုသိပ်သိပ်နှင့် နေတတ်လာသည်။ လူများ အကြံပေးသည့် အရာများကို လက်ခံတတ်လာသည့်အပြင်၊ သမ္မာတရားကိုလည်း ရှာဖွေတတ်လာသည်။ ပြီးလျှင် လူသားပုံသဏ္ဌာန်မျိုးနှင့် အသက်ရှင်နေထိုင်ခဲ့ပါသည်။

၂၀၁၅ခုနှစ် မှာ ကျွန်မက အသင်းတော်ခေါင်းဆောင် တစ်ယောက်အဖြစ် ရွေးချယ်ခံရဖူးသည်။ ကျွန်မက တော်တော်ပျော်ခဲ့သည်။ စိတ်ထဲမှာလည်း၊ “အသင်းတော်ထဲက လူတွေအများကြီးက ငါ့ကို ရွေးကြတယ်ဆိုတာ ငါက ဒီမှာ အတော်ဆုံးမို့လို့ပဲ။ ဒီတာဝန်ကို ကျေပွန်အောင် ငါ ကြိုးစားအလုပ်လုပ်ရမယ်။ ဒါမှ သူတို့အရွေးမှန်တယ်လို့ ညီအစ်ကိုမောင်နှမတွေက မြင်ကြမယ်။” ဟု တွေးမိသည်။ ထိုသို့နှင့် ကျွန်မလည်း နေ့တိုင်း အလုပ်များစွာ လုပ်သည်။ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက် ပြဿနာ ရှိနေသည်ကို မြင်သည့်အခါ၊ ကျွန်မက ထိုပြဿနာကို ဘုရားသခင်၏နှုတ်ကပတ်တော်များ သုံးပြီး ဖြေရှင်းပေးဖို့ အမြန်ဆုံး ကြိုးစားသည်။ အချိန်နည်းနည်း ကြာလာသည့်အခါ၊ အသင်းတော် အသက်တာကလည်း တော်တော်လေး တိုးတက် သွားသည်။ လုပ်ရသည့်အလုပ်များက အလွန် များခဲ့သည်။ သို့သော်လည်း ကျွန်မက ထိုအရာများကို သေသေသပ်သပ်နှင့် စီမံနိုင်ခဲ့သည်။ ကျွန်မတို့ အသင်းတော်၏ အသက်တာက အခြားအသင်းတော်များထက် နည်းနည်း ပိုသာနေသည်ကို မြင်မိ့သည့်အခါ၊ ကျွန်မ တကယ် ကျေနပ်ခဲ့မိသည်။ ကျွန်မတို့ အသင်းတော်၏အလုပ်က တော်တော် အောင်မြင်နေသည်ကို ခေါင်းဆောင်များက မြင်ကြသည့်အခါ၊ အခြားအသင်းတော်များကို ကျွန်မတို့ထံမှ လမ်းညွှန်စာအုပ်ကို ငှားပြီး လေ့လာခိုင်းသေးသည်။ ထို့အပြင် အသင်းတော်မှာ ရှိသည့် အရေးကြီးသည့်အလုပ် အချို့မှာလည်း သူတို့က ကျွန်မကို ပါဝင်စေချင်ကြသည်။ ကျွန်မက “ခေါင်းဆောင်တွေကတောင် ငါ့ကို အထင်ကြီးပြီး၊ ငါ့အရည်အချင်းတွေကို ချီးမွမ်းတယ်ဆိုတော့၊ ငါ့ပင်ကိုစွမ်းရည်က သိပ်မဆိုးဘူးနဲ့တူတယ်။ လူအများစုထက် သာတာတော့ သေချာတယ်။” ဟု တွေးမိသည်။ ကျွန်မက အမှတ်တမဲ့နှင့် မိမိကိုယ်ကိုယ် တော်တော်ကြီး အထင်ကြီးမိနေပြီ ဖြစ်သည်။ ကျွန်မ အားလုံး လုပ်နိုင်သည်ဟု ထင်မိသည်။ ထို့ကြောင့် တွဲဖက်အကျိုးဆောင်များက အကြံပြုချက်များ ပေးပါက၊ ကျွန်မက သူတို့ကို ထိုမျှ ခေါင်းထဲမထည့်ပါ။ ကျွန်မက သူတို့ထက် သာသည်ဟုသာ ထင်မိသည်။ ကိုယ် ဖြစ်စေချင်သည့်အရာကို သူတို့က မလုပ်ပါက၊ ကျွန်မက မနေနိုင်ပါ၊ အပြစ်တင်မိသည်။ တစ်ခါတွင် ကျွန်မနှင့်အတူတူ လုပ်နေသည့် ညီမတစ်ယောက်မှာ အဖြေပေးရမည့် မေးခွန်းတစ်ခု ရှိလာသည်။ နောက်တော့ သူက ယင်းကိုဆွေးနွေးဖို့ ကျွန်မဆီ လာသည်။ ကျွန်မက “ဘာများ ဆွေးနွေးလောက်စရာရှိလို့လဲ။ ဒါက ခက်ခက်ခဲခဲ မေးခွန်းမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ငါက နင့်ကို ဖြေခိုင်းလိုက်တာ။ နင် ဒါကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့၊ အလုပ်မှာ အရည်အချင်းမရှိဘူးဆိုတာ ရှင်းနေပြီ။ ငါသာဆို ဖြေရှင်းပြီးနေလောက်ပြီ။” ဟု စဉ်းစားမိသည်။ ဒါနဲ့ ကျွန်မက “ထားလိုက်ပါ။ ကျွန်မပဲ ဖြေပေးလိုက်မယ်။” ဟု မောက်မာသော လေသံမျိုးနှင့် ပြောလိုက်သည်။ သူမလည်း ကျွန်မကြောင့် မချင့်မရဲဖြစ်သွားသည်။ ထိုအချိန်ကစပြီး သူမက ကျွန်မထံမှ အကူအညီ လုံးဝ မတောင်းရဲတော့ပါ။ နောက်တစ်ခါတွင် ကျွန်မက အစ်မဝမ်ကို တာဝန်တစ်ခုအတွက် ထောက်ခံပေးမိသည်။ အစ်မချန်က “ဒီတာဝန်က အရေးကြီးလွန်းတယ်။ ဒါကြောင့် ငါတို့စိတ်ချနိုင်အောင်၊ အစ်မဝမ်ရဲ့ ပုံမှန်အမူအကျင့်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။” ဟု အကြံပေးလာသည်။ ကျွန်မလည်း ဤစကားကြောင့် နည်းနည်း မကျေမနပ်ဖြစ်မိသည်။ စိတ်ထဲမှာလည်း၊ “ဒီတာဝန်မျိုးကို အရင်တုန်းက ငါ အများကြီး လုပ်ခဲ့ပြီးပြီ။ ငါ့ကို နားမလည်ဘူးလို့ ထင်တာလား။ ပြီးတော့ အစ်မဝမ်ကိုလည်း သိလာတာကြာပြီ။ ဘာကို မေးမြန်းနေစရာလိုလို့လဲ။ အယောက်တိုင်းကို သူ့အကြောင်း လိုက်မေးနေရင်၊ အချိန်တွေ မကြာကုန်ဘူးလား။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မလည်း သူ့ကို၊ “အချိန်မဖြုန်းပါနဲ့။ ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့။” ဟု ပြောလိုက်သည်။ ကျွန်မက အလျှော့မပေးသည်ကို မြင်တော့၊ သူမလည်း တိတ်သွားသည်။ ထိုအချိန်မှာ သူမ နည်းနည်း လက်မခံချင်သည်ကို ကျွန်မ မြင်ပါသည်။ သို့သော်လည်း အရေးကိုမစိုက်ခဲ့ပါ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်က အကြံပေးပါက၊ သူတို့က သိပ်တော်သည့်လူများ မဟုတ်ဟုသာ အမြဲတမ်း တွေးသည်။ ထို့ကြောင့် သူတို့အမြင်များကို ငြင်းပစ်ဖို့၊ ကျွန်မက ဆင်ခြေများအမျိုးမျိုး သုံးသည်။ ပြီးလျှင် ကျွန်မ သဘောကျသည့် စိတ်ကူးများကို ဖော်ပြသည်။ ပြီးလျှင် လူတိုင်းကို ကျွန်မ ပြောသည့်အတိုင်း လုပ်ခိုင်းသည်။ အချိန်ကြာလာသည့်အခါ၊ သူတို့အားလုံးက ကျွန်မကြောင့် မလုပ်ချင်ဘဲလုပ်ရသကဲ့သို့ ဖြစ်လာကြသည်။ အလုပ်အကြောင်း ဆွေးနွေးနေပါက၊ မည်သည့်အရာမျှ မပြောဘဲ နေကြတော့သည်။ နောက်တော့ ကျွန်မလည်း ထိုအရာများကို လုပ်ရိုးလုပ်စဉ်သက်သက်ဖြစ်ကာ၊ အချိန်ဖြုန်းသည်ဟု ခံစားရလျက်၊ သူတို့ကို မည်သည့်အရာမျှ မပြောတော့ပေ။ ထို့ကြောင့် ကျွန်မက မိမိတာဝန်ကို မာနထောင်လွှားသည့် အခြေအနေမျိုးနှင့် လုပ်ခဲ့သည်။ ပို၍ မဆင်မခြင်နှင့် ထင်တိုင်းကြဲလာသည်။

တစ်ခါတွင် အဖွဲ့ခေါင်းဆောင်တစ်ယောက်က သူ့တာဝန်ကို သေချာမလုပ်သည်ကို မြင်သည့်အခါ၊ ကျွန်မက သူ့ကို ညံ့ဖျင်းသည်၊ နေရာပြောင်းဖို့ လိုသည်ဟုသာ တွေးလိုက်သည်။ တွဲဖက်အကျိုးဆောင်များနှင့် ဆွေးနွေးသင့်သည်ကို သိသော်လည်း၊ ထိုအချိန်မှာ ကျွန်မက “ဆွေးနွေးစရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံး နောက်ဆုံးတော့ သဘောတူမှာပဲ။” ဟု စဉ်းစားမိသည်။ ထို့ကြောင့် ကျွန်မက အဖွဲ့ခေါင်းဆောင်နေရာကို အစားထိုး လိုက်လေသည်။ ပြီးလျှင် တွဲဖက်အကျိုးဆောင်များကို ကျွန်မ မည်ကဲ့သို့ ကိုင်တွယ်လိုက်သည်ကို ပြောပြသည်။ ထိုအချိန်တွင်ပင် အစ်မချန်က “အဲဒီခေါင်းဆောင်မှာ ပြဿနာတွေ ရှိခဲ့တယ်ဆိုပေမဲ့၊ သူက သမ္မာတရားကို အားထုတ်တဲ့လူပါ။ ယုံကြည်သူတစ်ယောက် ဖြစ်လာတာ မကြာသေးလို့ပါ။ သမ္မာတရားကို သိပ်ပြီး နားမလည်တဲ့အပြင်၊ မပြည့်စုံတာတွေလည်း သူ့မှာ ရှိတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ပါ။ ကျွန်မတို့က သူ့ကို မိတ်သဟာယပြုရင်း ကူညီပေးလို့ရတယ်။ သူ့ကို အစားထိုးလိုက်တာက သမ္မာတရားနဲ့ မညီပါဘူး။” ဟု ပြောသည်။ ကျွန်မက လုံးဝ လက်မခံခဲ့ပါ။ ထို့ကြောင့် ကျွန်မက “သူက အလုပ်ကို လက်တွေ့ကျကျမလုပ်နိုင်လို့၊ ကျွန်မက သူ့ကို အစားထိုးလိုက်တာ။ ဒီကိစ္စမျိုးကို အရင်ကလည်း ကျွန်မက ဖြေရှင်းဖူးတယ်။ ရှင်က ဘာသိလို့လဲ။” ဟု ပြောလိုက်သည်။ ကျွန်မက သဘောထား မပြောင်းသည်ကို မြင်တော့၊ သူမလည်း မည်သည့်အရာမျှ မပြောတော့ပါ။ ထို့နောက် တွဲဖက်အကျိုးဆောင်များက ထိုကိစ္စကို သေချာသိအောင်၊ အကဲဖြတ်ဖို့ လုပ်ကြသည်။ ကျွန်မက နည်းလမ်းတကျ မကိုင်တွယ်ခဲ့သည်ကို သူတို့ တွေ့သွားသည်။ အဖွဲ့ခေါင်းဆောင်ကိုလည်း ယခင် နေရာမှာ ပြန်ခန့်သည်။ တာဝန်များကို လွှဲလိုက်ပြောင်းလိုက်နှင့်ဖြစ်သောကြောင့်၊ အဖွဲ့၏အလုပ်ကို အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ ထိုအချိန်မှာ ကျွန်မလည်း ရှက်မိလေသည်။ ကိုယ်က စည်းမျဉ်းနှင့်အညီ မလုပ်ခဲ့သည်ကို မြင်ရသည်။ သို့သော်လည်း မိမိကိုယ်ကိုယ် မဆင်ခြင်မိသေးကဲ့သို့၊ သမ္မာတရားကိုလည်း မရှာဖွေမိပါ။

တစ်လလောက်ကြာတော့ အသင်းတော်မှာ အရေးကြီးသည့်အလုပ်တစ်ခု ပေါ်လာသည်။ သင့်တော်သူ တစ်ယောက်ကို ကျွန်မတို့ တွဲဖက်အကျိုးဆောင်များ အဖွဲ့ထဲကနေ ရွေးမည် ဖြစ်သည်။ ကျွန်မ တကယ် စိတ်လှုပ်ရှားမိသည်။ အလုပ်အတွေ့အကြုံနှင့်ပတ်သက်ပါက၊ ကျွန်မက အခြားသူများထက် သာသည်ဟု တွေးရင်းနှင့်၊ ကျွန်မကိုသာ သူတို့ မဲပေးကြမည်ဟု ထင်လိုက်သည်။ မဲရလဒ်များ ထွက်လာသည့်အခါတွင်၊ ကျွန်မ အံ့ဩခဲ့ရသည်။ ရသင့်သည့် မဲအရေအတွက်ကို မရခဲ့ပါ။ တစ်မဲမျှကို မရခဲ့ခြင်း ဖြစ်သည်။ ကျွန်မ အရမ်းစိတ်ပျက်သွားသည်။ ကျွန်မ၏ ကမ္ဘာလေး ပြိုလဲနေပြီဟု ထင်မိသည်။ ဤသည်မှာ မည်သို့ ဖြစ်ရသနည်း။ ကျွန်မက အဘယ့်ကြောင့် အရွေးမခံရသနည်း။ သူတို့မှာ ချင့်ချိန်နိုင်စွမ်း မရှိကြသနည်း။ ကျွန်မလည်း အကြောင်းရင်းကို သိချင်လွန်းသောကြောင့်၊ ကျွန်မမှာ မည်သည့်အားနည်းချက်များ ရှိသနည်းဟု မေးလိုက်သည်။ အစ်မကျိုး ချီတုံချတုံဖြစ်နေသည်ကိုလည်း မြင်မိသောကြောင့်၊ “ကျွန်မကို အရည်အချင်းမမီဘူးလို့ မြင်ထားကြတယ်ဆိုရင်၊ အဲဒီအကြောင်းကို ဆွေးနွေးကြတာပေါ့။” ဟု သူတို့ကို ပြောလိုက်သည်။ ထိုအချိန်ကျမှ သူမကလည်း “ညီမက အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အမှန်ယူမှတ်တတ်တယ်လို့ အစ်မ ထင်တယ်။ တခြားလူတွေရဲ့ထင်မြင်ချက်တွေကိုလည်း လက်မခံဘူး။ ပြီးတော့ အစ်မတို့ကို ဩဇာတွေပေးတယ်။ ညီမနဲ့ အတူရှိနေတဲ့အချိန်တိုင်း၊ အစ်မ မွန်းကျပ်တယ်။” ဟု ပြောဖို့ သတ္တိရှိသွားသည်။ ထိုအချိန်မှာ အခြားညီအစ်မ တစ်ယောက်ကလည်း “ကျွန်မလည်း အစ်မကို အောင့်အည်းနေရတာပါ။ အစ်မက မာနထောင်လွှား လွန်းတယ်။ ကျွန်မတို့ကိုလည်း အထင်သေးတယ်။ အသင်းတော်ရဲ့အလုပ်ကို လုပ်နိုင်တာ အစ်မတစ်ယောက်ပဲ ရှိသလိုပုံစံမျိုး။ တခြားသူတွေကို လုံးဝ လုပ်နိုင်စွမ်းမရှိဘူးလို့ ထင်တာပါ။” ဟု ဝင်ပြောသည်။ ထိုအချိန်မှာ အစ်မချန်ကလည်း “အစ်မလည်း ညီမကို စိတ်ကြီးဝင်နေတယ်လို့ ထင်တယ်။ ညီမက သမ္မာတရားကို မရှာဖွေဘူး၊ တခြားသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း လက်မခံဘူး။ ညီမပဲ အဆုံးအဖြတ်ပေးနိုင်တယ်လို့ ထင်တယ်။ ကိစ္စအားလုံးကို ညီမချည်းပဲ ဆုံးဖြတ်တတ်တယ်။” ဟု ပြောပြန်သည်။ ကျွန်မနှင့် အလုပ်အတူလုပ်သည့် ညီအစ်မများ အားလုံးက သူတို့ကို ကျွန်မက ကန့်သတ်နေသည်ဟု တစ်ယောက်ပြီးတစ်ယောက် ပြောသွားကြသည်။ ကျွန်မ “ရှင်တို့အားလုံးက ကျွန်မကို မာနထောင်လွှားတယ်၊ ကန့်သတ်တယ်လို့ ပြောတယ်။ ရှင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ တာဝန်မသိတာကျတော့ ဘာလို့ ဝန်မခံကြတာလဲ။ ရတယ်။ အခုအချိန်ကစပြီး ကျွန်မလည်း တိတ်တိတ်နေတော့မယ်။ ရှင်တို့ကြိုက်သလို လုပ်ကြ။” ဟု စဉ်းစားမိသည်။ ထိုနေ့ ညရောက်တော့၊ ကျွန်မ အိပ်၍မရပါ။ အိပ်ရာထဲ လူးလှိမ့်နေခဲ့သည်။ ကျွန်မက မိမိကိုယ်ကိုယ် လုပ်နိုင်စွမ်းရှိသည်ဟုသာ အမြဲတမ်း ထင်ခဲ့သည်။ ထိုမျှ ဆိုးဝါးမည်ဟု မထင်ခဲ့ပါ။ သူတို့က ကျွန်မကို မာနထောင်လွှားသည်၊ အသိစိတ် မရှိပါဟု မြင်သည်ကို ကျွန်မ လုံးဝ မတွေးမိခဲ့ပါ။ သူတို့ စိတ်ထိခိုက်ပြီး တော်တော် အောင့်အည်းခဲ့ရသည်ကို မည်သူက စဉ်းစားမိခဲ့မည်နည်း။ ကျွန်မလည်း တကယ်ကို ဝမ်းနည်းလာမိသည်။ လူတိုင်းက ကျွန်မကို တော်တော် မနှစ်သက်ကြသောကြောင့်၊ ကျွန်မက လမ်းပေါ်က အမုန်းခံအပယ်ခံ ကြွက်စုတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်လေသည်။ ဘုရားသခင်ကလည်း ကျွန်မကဲ့သို့ လူမျိုးကို လုံးဝ ကယ်တင်မည်မဟုတ်ပါ။ ကျွန်မလည်း အပျက်သဘောဆောင်လာသည်။ စိတ်ထဲမှာ မခံစားနိုင်လွန်းသောကြောင့်၊ ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်မ အရမ်းကို နာကျင်ရပါတယ်။ ဒီကိစ္စကို ဘယ်လို လုပ်ရမှန်း မသိပါဘူး။ ကိုယ်တော့်အလိုကို နားလည်နိုင်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ။” ဟု မနားတမ်း ဆုတောင်းခဲ့သည်။

နောက်နေ့မနက်ကျတွင် ကျွန်မလည်း ကွန်ပျူတာ ဖွင့်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်မိသည်- “အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲသည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရင်ထဲမှာ ထိခိုက်လွန်းသောကြောင့်၊ ကျွန်မလည်း မျက်ရည်များသာ ဆက်တိုက်ကျလာမိသည်။ ညီအစ်ကိုမောင်နှမများကို ကျွန်မအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းစေသည့် ဤကဲ့သို့ အခြေအနေကို ချမှတ်သည်မှ၊ ဘုရားသခင်က ကျွန်မကို ဖယ်ရှင်းနေခြင်း မဟုတ်ပါ၊ အရှက်ရအောင် လုပ်ခြင်းလည်း မဟုတ်ပါ။ ထိုအစား ကျွန်မက တကယ်ကို မာနထောင်လွန်း နေသည့်အတွက်၊ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်မိအောင်၊ နောင်တရပြီး ပြောင်းလဲအောင်၊ တွန်းအားပေးဖို့အတွက် သတိပေးချက် အနေနှင့် ဘုရားသခင်က ဤသည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်မကို ကယ်တင်နေခြင်း ဖြစ်သည်။ ဤသည်ကို နားလည်မိသည့်အခါ၊ လွတ်မြောက်သွားကဲ့သို့ ခံစားရသည်။ ဘုရားသခင်ကိုလည်း နားလည်မိသည်။ မိမိကိုယ်ကိုယ် ဆင်ခြင်ကြည့်ပြီး မိမိအကြောင်းကို သိချင်လာသောကြောင့်၊ ကျွန်မ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

နောက်တော့ လူသား၏မာနထောင်လွှားပုံအကြောင်း ပြောဆိုထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှာဖတ်မိသည်။ ဘုရားသခင်က ပြောသည်မှာ- “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ် ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အား ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရင်းနှင့် စိတ်ထဲမှာ မသက်မသာ ဖြစ်သည်၊ ကြောက်လည်း ကြောက်မိသည်။ ကျွန်မက မာနထောင်လွှားမှုထဲမှာ ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။ လူများကို ချုပ်ချယ်ကန့်သတ်ပြီး ဒုက္ခပေးရုံတင်မကဘဲ၊ ဟိုးအစမှာကတည်းက ကျွန်မ၏ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက်နေရာ မရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်မက သူ့ကို အချိန်မရွေး ခုခံတတ်နေခြင်း ဖြစ်သည်။ ကျွန်မ၏ ခေါင်းဆောင် တာဝန်နှင့်ပတ်သက်ပြီး စဉ်းစားကြည့်သည်။ မိမိမှာ အရည်အချင်းအနည်းငယ် ရှိသည့်အတွက်၊ ငါက တော်သည်ဟု မိမိကိုယ်ကိုယ် အရမ်းအထင်ကြီးစိတ် ဖြစ်ခဲ့သည်။ အခြားသူများနှင့် အလုပ်အတူလုပ်သည့်အခါ၊ ကျွန်မက သာသည်ဟု အမြဲတမ်း ထင်နေသောကြောင့်၊ သူတို့ကို ချုပ်ချယ်ပြီး ဆရာကြီး လုပ်မိသည်။ တစ်ယောက်ယောက်မှာ အယူအဆ တစ်ခုရှိပါက၊ ကျွန်မက သမ္မာတရား၏အဆုံးအမများကို လုံးဝ မရှာဖွေခဲ့ပါ။ ကျွန်မက အတွေ့အကြုံရှိပြီး၊ အကြောင်းကိစ္စများကို သေချာမြင်တတ်သောကြောင့်၊ လူများကို ကျွန်မ ဖြစ်စေချင်သကဲ့သို့ လုပ်ခိုင်း၍ ရသည်ဟုသာ ထင်ခဲ့သည်။ မိမိအမြင်ကိုသာ မှန်သည် စံပြဖြစ်သည်ဟု မြင်ပြီး၊ ကျန်သည့်သူများအားလုံးက ယင်းကို နာခံရမည် ဖြစ်သည်။ တခြားသူများ သူတို့ကိုယ်သူတို့ မဖော်ပြနိုင်တော့သည့်အထိ ငါက ချုပ်ချယ်ခဲ့သည်ကို စဉ်းစားကြည့်တော့ ကြောက်စရာပင် ဖြစ်သည်။ သို့သော်လည်း ကျွန်မက လုံးဝ သတိမမူမိခဲ့ပါ။ အခြားသူများကို ကိုယ်နှင့် တစ်သဘောတည်းဟုပင် ထင်နေခဲ့သည်။ ကျွန်မကိုယ်ကျွန်မ အရမ်း အထင်ကြီးမိသည့်စိတ်နှင့်၊ မိမိကိုယ်ကိုယ် ညီအစ်ကိုမောင်နှမများ၏အထက်မှာ ထားလိုက်သည့်အတွက်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို သူတို့နှင့် မတိုင်ပင်ဘဲ၊ အစားထိုးမိသည့်အထိ ဖြစ်သွားသည်။ အစ်မတစ်ယောက်က ဤကိစ္စကို ပြောလာတော့လည်း၊ ကျွန်မက လက်မခံဘဲ အချေအတင် ပြန်ပြောသည်။ ကျွန်မက မာနထောင်လွှား လွန်းခဲ့သည်ကို မြင်ခဲ့မိသည်။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့မှု လုံးဝ မရှိခဲ့ပါ၊ ဘုရားသခင့်အိမ်တော်၏အလုပ်ကို အကျိုးပြုခြင်း ရှိမရှိကိုလည်း ထည့်မစဉ်းစားခဲ့ပါ။ ကျွန်မက တစ်ဖက်သတ် ထင်တိုင်းကြဲပြီး ပြုမူခဲ့သောကြောင့်၊ ဘုရားသခင်၏အိမ်တော်ကို ထိခိုက်စေခဲ့သည်၊ အသင်းတော်၏ အလုပ်ကိုလည်း မိမိ၏မာနထောင်လွှားသည့် သဘာဝနှင့် နှောင့်ယှက်မိခဲ့သည်၊ မိမိညီအစ်ကိုမောင်နှမများကိုလည်း အများကြီး နစ်နာစေခဲ့ပါသည်။ ယင်းက မည်သို့များ မိမိအလုပ်တာဝန်ကို ကျေပွန်ခဲ့ခြင်းဖြစ်မည်နည်း။ ကျွန်မက မိမိအလုပ်အတွက် တာဝန်သိသည်ဟုသာ ထင်ခဲ့သည်။ တကယ်တော့ ကျွန်မက အာဏာအတွက် မိမိလောဘကို ပြည့်အောင် ကြိုးစားခဲ့သည့် အာဏာရှင်တစ်ယောက်သာ ဖြစ်လေသည်။ ကျွန်မက ဘုရားကို ခုခံနေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းမှာ မိမိကိုယ်ကိုယ် ထပ်ခါထပ်ခါ မေးမိသည်။ ကျွန်မက ဒုစရိုက်လမ်းကို ခြေချမိလောက်အောင် မည်သို့များ မာနထောင်လွှားလွန်းခဲ့သနည်း။ သေချာဆင်ခြင်ကြည့်တော့မှ ကျွန်မ သဘောပေါက်မိသည်၊ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏၊” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” တို့ကဲ့သို့ ဆိုးယုတ်သည့် အဆိပ်များက ကျွန်မကို ထိန်းချုပ်ထားသောကြောင့်၊ ကျွန်မက ငယ်ငယ်လေး ကတည်းက လိုက်ပြီး ဆရာလုပ်တတ်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်မပြောသည်ကို အခြားသူများ နားထောင်အောင်၊ အာရုံစိုက်အောင်၊ ကျွန်မကို ဝန်းရံအောင်သာ အမြဲ ကြိုးစားမိသည်။ ယင်းက အများ၏အာရုံစိုက်မှုကို ခံရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး၊ ထိုကဲ့သို့ နေထိုင်ခြင်းကသာ တန်ဖိုးရှိသည်ဟု ထင်ခဲ့သည်။ ကျွန်မက ဤကဲ့သို့ ဆိုးယုတ်သည့်အဆိပ်များနှင့် အမြဲတမ်း နေထိုင်ခဲ့၍၊ ကျွန်မ၏မာနထောင်လွှားမှုက ထိန်းမရဖြစ်ခဲ့သည့်အပြင်၊ လူ့သဘာဝလည်း မရှိခဲ့သည်ကို ကျွန်မ အခုတော့ သိပြီဖြစ်သည်။ ကျွန်မက လူများကို ကန့်သတ်ချုပ်ချယ်ပြီး ဒုက္ခပေးခဲ့ရုံမကပါ၊ အသင်းတော်၏အလုပ်ကိုပါ နှောင့်ယှက်မိခဲ့သည်။ ထိုအချိန်မှသာ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏၊” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” ဟူသည့် ယုံကြည်ချက်မျိုးများက စာတန်၏အဆိပ်များ ဖြစ်သည်ကို ကျွန်မ နားလည်မိသည်။ ယင်းတို့က ယုတ်ညံ့ပြီး အဓိပ္ပာယ်မရှိသည့်အပြင်၊ ကျွန်မတို့ကို ဒုက္ခပေးပြီး အကျင့်ပျက်စေခြင်းသာ ရှိသည်။ အခြားသူများထက် သာပြီး ချီးကျူးခံရသည်မှာ ကျေနပ်စရာဟု ကျွန်မ အမြဲတွေးခဲ့ဖူးသည်။ နောက်တော့မှ ကျွန်မက ဆိုးယုတ်သည့်အဆိပ်များနှင့် နေထိုင်မိ၍ တစ္ဆေသရဲကဲ့သို့ ဖြစ်ခဲ့ရမှန်း နားလည်မိခြင်း ဖြစ်သည်။ မည်သူကမျှ ကျွန်မအနားကို မလာချင်တော့ပါ။ လူများက ကျွန်မကို ရွံခဲ့ကြကဲ့သို့၊ ဘုရားသခင်ကလည်း ရွံသွားခဲ့ခြင်း ဖြစ်သည်။ ဤအရာများက စာတန်၏အဆိပ်များနှင့် နေထိုင်မိ၍ ရခဲ့သည့် ခါးသီးသည့် အသီးများ ဖြစ်ပါသည်။ ဘုရားသခင်နှင့် တစ်တန်းတည်းဖြစ်အောင် ကြိုးစားခဲ့သည့် ကောင်းကင်တမန်မင်းဆိုပါက၊ မည်မျှ မာနထောင်လွှားခဲ့မည်ကို စဉ်းစားကြည့်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သောကြောင့်၊ ဘုရားသခင်က သူ့ကို ကျိန်ဆိုပြီး၊ လေထဲကို ပစ်ချလိုက်ခြင်း ဖြစ်လေသည်။ ကျွန်မလည်း အခြားသူများကို ချုပ်ချယ်ခြင်း၊ ကိုယ်ပြောသည့်အရာကိုသာ နားထောင်စေလိုခြင်းနှင့် မာနထောင်လွန်းခဲ့သည်။ ဤသည်မှာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထားနှင့် တူသည် မဟုတ်ပါလား။ ထိုကဲ့သို့စိတ်သဘောထားနှင့် နေထိုင်ခြင်းက မည်မျှ ကြောက်ဖို့ကောင်းသည်ကို၊ နောက်ဆုံးမှ ကျွန်မ နားလည်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မ မည်သည့်အရာ လုပ်နေမိသည်ကို ဘုရားသခင်ကသာ မပြခဲ့ပါက၊ မိမိအလုပ်တာဝန်ကို မာနထောင်လွှားစိတ်နှင့် လုပ်မိနေဦးမည် ဖြစ်သည်။ ကျွန်မကြောင့် ထိခိုက်နစ်နာခြင်းများလည်း ပို၍များပြီး၊ နောက်ဆုံးမှာ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်သည်။ ကျွန်မလည်း နောက်ဆုံး နားလည်သွားသည့်အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်မ မာနထောင်လွှားမှုထဲမှာ မနေထိုင်ချင်တော့ပါဘူး။ ကျွန်မရဲ့မာနထောင်လွှားစိတ်ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်ပါတယ်၊ အမှန်တကယ် နောင်တရချင်ပါတယ်။” ဟု ဆုတောင်းသည်။

နောက်တော့ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်မိသည်၊ “မာနထောင်လွှားသောသဘာဝက သင့်ကို ခေါင်းမာစေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် တစ်ဇွတ်ထိုးလုပ်တတ်သည် မဟုတ်လော။ သို့ပြုလျှင် သင်သည် သင်၏တစ်ဇွတ်ထိုးလုပ်တတ်ခြင်းကို မည်သို့ဖြေရှင်းသနည်း။ သင်၌ စိတ်ကူးတစ်ခုရှိသောအခါ ဤကိစ္စအကြောင်း သင်ထင်မြင်ယုံကြည်သည့်အရာကို သင်ထုတ်ပြောသည်၊ ထို့နောက် ထိုအကြောင်းကို လူတိုင်းအား သင်ပြောပြသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤတစ်ဇွတ်ထိုးလုပ်ခြင် စိတ်သဘောထားကို အောင်နိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသော ခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင် ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) လက်တွေ့လုပ်ဆောင်ဖို့လမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ တွေ့လိုက်ခြင်း ဖြစ်သည်။ မည်သည့်ကိစ္စဖြစ်ပါစေ၊ ကျွန်မအနေနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့နာခံခြင်းကို မဖြစ်မနေ ထိန်းသိမ်းထားရမည်ကို သိလိုက်သည်။ ကျွန်မအနေနှင့် ဆုတောင်းရမည်၊ သမ္မာတရားကို ရှာဖွေရမည်။ ပြီးလျှင် အားလုံး အတူတူ ဆုံးဖြတ်နိုင်အောင်၊ ညီအစ်ကိုမောင်နှမများနှင့် ဆွေးနွေးပြီး မိတ်သဟာယပြုရမည်။ ကိုယ်က မှန်သည်ထင်လျှင်ပင်၊ မိမိကိုယ်ကိုယ် သတိရှိရှိနှင့် ငြင်းပယ်ပြီး စွန့်လွှတ်ရမည်။ ညီအစ်ကိုမောင်နှမများ ပြောသည်ကို နားထောင်ရမည်။ ပြီးလျှင် အသင်းတော်အတွက် မည်သည့်အရာက အကျိုးရှိဆုံး ဖြစ်သည်၊ စည်းမျဉ်းနှင့်အညီဆုံး ဖြစ်သည်ကို ကြည့်ရမည်။ ထိုနောက်ပိုင်း စည်းဝေးပွဲတစ်ခုမှာ၊ ကျွန်မလည်း မိမိညီအစ်ကိုမောင်နှမများကို ရင်ဖွင့်လိုက်သည်။ ကျွန်မကြောင့် သူတို့ ချုပ်ချယ်ခံရပြီး ထိခိုက်ခဲ့ရခြင်းများအတွက် တောင်းပန်လိုက်သည်။ သူတို့ကလည်း ဤကိစ္စကို အရမ်းကြီး စိတ်ဆိုးမပြကြပါ။ ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြကြသည့်အခါ၊ ကျွန်မလည်း စိတ်ထဲမှာ တော်တော် ပေါ့သွားသည်။ ထိုနောက်ပိုင်း အလုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးကြပါက၊ အခြားသူများကို သူတို့၏အမြင်များ ဖော်ပြခိုင်းသည်။ ထင်မြင်ချက်များ ပေါ်လာပါက၊ အားလုံး သဘောတူသည့်အထိ ကျွန်မတို့ မိတ်သဟာယပြုသည်။ တဖြည်းဖြည်းနှင့် အယောက်တိုင်းက ကျွန်မကြောင့် အောင့်အည်းရခြင်းကို မခံစားမိကြတော့ပါ။ အားလုံး၏ အခြေအနေကလည်း အများကြီး ပို၍ သဟဇာတဖြစ်လာသည်။

တစ်ရက်မှာ ကျွန်မက ညီအစ်မတစ်ယောက်နှင့် အလုပ်အကြောင်း ဆွေးနွေးသည်။ သူက အသင်းတော်ထဲက ဤချို့ပြဿနာများကို ခေါင်းဆောင်များထံ ပြောဖို့ စာတစ်စောင် ရေးထားသည်ဟု ပြောလာသည်။ ကျွန်မတို့ တာဝန်များမှာ ရှိခဲ့ဖူးသည့် ပြဿနာများနှင့်၊ ယင်းတို့ကို ကျွန်မတို့ မည်သို့တွေ့ကြုံခဲ့ရသည်တို့ဖြစ်သည်။ ဤသည်ကို ကြားသည့်အခါ မာနထောင်လွှားသည့် ကျွန်မ၏ စိတ်သဘောထားက ပြန်ပေါ်သွားသည်။ စိတ်ထဲမှာလည်း “ငါတို့တွေ ပြောဆိုကြတာ လုံလောက်ပြီလေ။ ဘာလို့ စာရေးပြောဦးမှာလဲ။” ဟု တွေးမိသည်။ ကျွန်မ သူမကို အပြစ်တင်ဖို့လုပ်စဉ်တွင်၊ ယခင်က ကျွန်မ ဆိုးဆိုးဝါးဝါး မာနထောင်လွှားခဲ့ဖူးသည်ကို ပြန်သတိရသွားသည်။ အခြားသူများကို ကျွန်မ ပြောသည့်အရာကိုသာ အမြဲ နားထောင်စေချင်ခဲ့သည်။ ထိုကြောင့် လူတိုင်းက ချုပ်ချယ်ခံရသကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မလည်း လူသားပုံသဏ္ဌာန်တစ်ခုနှင့် မနေထိုင်ဖြစ်ခဲ့ပါ။ ထို့ကြောင့် ကျွန်မ မိမိကိုယ်ကိုယ် ပစ်ပယ်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းသည်၊ မိမိ၏မာနထောင်လွှားမှုနှင့် မနေထိုင်ချင်တော့ပါ၊ သမ္မာတရားကိုသာ လက်တွေ့လုပ်ဆောင်ချင်သည်။ နောက်တော့မှ ဤညီအစ်မက ကျွန်မတို့၏ ခေါင်းဆောင်များထံ ဆက်သွယ်ပြောဆိုဖို့ တာဝန်ကို ယူလိုက်သည်မှာ မည်မျှ ကောင်းသည်ကို ကျွန်မ နားလည်သွားသည်။ ထို့ကြောင့် သူမ၏စာကို ပိုကောင်းအောင် ကူညီမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့နားလည်ပြီးပြီးချင်း ကျွန်မ၏လေသံက ချက်ချင်း ပျော့ပျောင်းသွားသည်။ ပြီးလျှင် ကျွန်မတို့မှာ ရှိနေသည့် ပြဿနာများကို သူမနှင့် ပြောဆိုနိုင်သွားသည်၊ သူမ၏ အမြင်များကိုလည်း နားထောင်ပေးလိုက်နိုင်သည်။ အချို့နေရာများမှာ သူမက လွဲနေသကဲ့သို့ဖြစ်နေသည်ဟု ထင်မိသော်လည်း၊ သူမကို မဝေဖန်မိအောင် ထိန်းလိုက်သည်။ မပြောမီ အရင် စဉ်းစားကြည့်လိုက်ကာ၊ နောက်မှ သူမ ပြောသည့် အချို့အကြောင်းများက ကျွန်မ ယခင်က လုံးဝ မစဉ်းစားမိခဲ့သည့်အရာများ ဖြစ်သည်ကို တွေ့လာသည်။ ကျွန်မ အနည်းငယ် ရှက်မိသည်။ ကျွန်မက မာနထောင်လွှားပြီး၊ ညီအစ်ကိုမောင်နှမများကို သူတို့ တာဝန်များမှာ သေချာ မလုပ်နိုင်အောင် ချုပ်ချယ်ခဲ့မိခြင်းကို မြင်မိပြီဖြစ်သည်။ တကယ်တော့ သူတို့အားလုံးမှာ အားသာချက်များ ရှိကြသည်။ သူတို့သာ ကျွန်မနှင့်တွဲပြီး အလုပ်မလုပ်ခဲ့ကြပါက၊ တာဝန်များကို ကျွန်မဘာသာ ကျေပွန်အောင် လုပ်နိုင်ခဲ့မည် မဟုတ်ပါ။ ထို့နောက်မှာ ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး ပြဿနာများကို အကျဉ်းချုပ် ရေးကြသည်။ ပြီးလျှင် စာကို အချောသပ်ပြီး ပို့လိုက်သည်။ နောက်ပိုင်းတွင် အလုပ်များ လုပ်ကြရင်း၊ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝက အလိုလို ပေါ်လာပါက၊ ကျွန်မလည်း ဘုရားသခင်ကို သတိရှိရှိနှင့် ဆုတောင်းသည်။ အခြားသူများနှင့်လည်း ပို၍ မိတ်သဟာယပြုရင်းနှင့်၊ မိမိကိုယ်ကိုယ် ပစ်ပယ်လိုက်သည်။ ကျွန်မတို့ကြား ဆက်ဆံရေးကလည်း အများကြီး ပိုကောင်းသွားသည်။ အထူးသဖြင့် ကျွန်မလည်း စိတ်ထဲမှာ ငြိမ်းချမ်းပြီး ပေါ့ပါးသွားသည်။ မိမိတာဝန်ကို ထိုပုံစံနှင့် လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံစားမိသည်။ ကျွန်မကဲ့သို့ မာနထောင်လွှားလွန်းသည့်လူက အနည်းငယ်လေး ပြောင်းလဲသွားသည်မှာ၊ တကယ်ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် တွေ့ကြုံလိုက်ရသည့် ရလဒ်ဖြစ်ပါသည်။

အရှေ့သို့- ၆၂။ ရှုံးနိမ့်ခြင်းကိုရင်ဆိုင်ရာ၌ ရုန်းထခြင်း

နောက်တစ်ခုသို့- ၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်