နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။

ယခု သင် ဆန္ဒရှိသည်မှာ အသက်ကိုရရှိဖို့ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သင်သည် သမ္မာတရားကို ရရှိဖို့ ဆန္ဒရှိကောင်းရှိမည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို ရှာတွေ့ရန်၊ သင် မှီခိုနိုင်ပြီး သင့်ကို ထာဝရအသက်ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့ရန် ဆန္ဒရှိသည်။ သင်သည် ထာဝရအသက်ကို ရရှိလိုပါက၊ ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ သင်နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောနှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် မပြောင်းလဲသော အသက်ဖြစ်သည့်အတွက်၊ ထိုနည်းအားဖြင့် သူသည် ထာဝရအသက် ဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သည့်အတွက်၊ ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်၏။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ဆိုသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးအား မည်သို့ရရှိရမည်ကို ပထမဦးစွာ နားလည်သင့်ပေသည်။ ယခု ဤကိစ္စနှစ်ရပ်အား သီးခြားစီ ဆွေးနွေးကြပါစို့။

ထာဝရအသက် လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုပြီး၊ ယင်းကို ရှာဖွေရာတွင် သင်သည် စိတ်ပြင်းပြပါက၊ ပထမဦးစွာ ဤမေးခွန်းကို ဖြေဆိုလော့။ ယနေ့တွင် ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ “ဘုရားသခင် ကောင်းကင်တွင် နေသည် ဟုတ်ပေသည်- သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။” ဟု သင် ဖြေကောင်းဖြေမည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်တွင် သိသာထင်ရှားစွာ နေ၏ သို့မဟုတ် ဘုရားသခင်သည် လူအသီးသီး၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုပေမည်။ ဤအရာထဲမှ မည်သည့်အရာကိုမျှ ငါမငြင်းဆိုပေ၊ သို့သော် ကိစ္စရပ်ကို ငါရှင်းလင်းစေရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်၊ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အလယ်တွင် မိမိတို့၏ ယုံကြည်မှု စစ်မှန်သူများနှင့် မိမိတို့၏ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏၊ ဘုရားသခင် လက်ခံသောသူများနှင့် လက်မခံသောသူများ ရှိပြီး၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ စုံလင်စေသောသူများရှိပြီး သူ ပယ်ထုတ်သောသူများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားထဲတွင်သာ နေပြီး၊ ဤလူများသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က လက်ခံသူများ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသူများနှင့် သူ စုံလင်စေသည့်သူများ အသေအချာ ဖြစ်သည်ဟု ငါဆိုရပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းခံရသည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို ကြားကာ မြင်နှင့်ပြီးသော လူများ ဖြစ်ကြ၏။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု မှားယွင်းသောသူများ၊ ဘုရားသခင်က လက်မခံသောသူများ၊ ဘုရားသခင်က စက်ဆုပ်သောသူများ၊ ဘုရားသခင်၏ ပယ်ထုတ်ခြင်းခံရသောသူများ- ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရဖို့ သေချာကာ၊ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရဖို့ သေချာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် အသက်ရှင်သည့်သူများမှာမူ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သိကြ၏။ ၎င်းတို့သည် ဘုရားသခင်က ထာဝရအသက် လမ်းခရီးကို အပ်နှင်းသည့် လူများဖြစ်ပြီး၊ ဘုရားသခင် နောက်သို့ လိုက်သောသူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ယခု သင် သိပြီလော။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ နံဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကနှင့် ခပ်သိမ်းသော အမှုအရာအထက်တွင် ရှိသည်သာမက၊ လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင်လည်း သာ၍ ရှိပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက်ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ် အားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး၊ သူသည် လူသား၏ နှလုံးသားတွင် လူသား၏ အဓိက အစိတ်အပိုင်း ဖြစ်သည့်အပြင်၊ လူသားအလယ်တွင် ရှိလေသည်။ ဤနည်းဖြင့်သာ၊ သူသည် လူသားမျိုးနွယ်ထံ အသက်၏ လမ်းခရီးကို ဆောင်ကြဉ်း ပေးနိုင်ပြီး၊ အသက်၏ လမ်းခရီးထဲသို့ လူသားကို ခေါ်ဆောင်နိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားအနေဖြင့် တည်ရှိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီဖြစ်ပြီး၊ လူသားအလယ်တွင် အသက်ရှင်လေသည်။ တစ်ချိန်တည်းတွင်၊ လူသားအလယ် သူလုပ်ဆောင်သည့် စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကို ပံ့ပိုးပေးဖို့အလို့ငှာ၊ အရာခပ်သိမ်းအလယ် အားလုံးတို့ကိုလည်း ဘုရားသခင်သည် ကွပ်ကဲလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင် ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြုသော်လည်း၊ လူသားအလယ် ဘုရားသခင်၏ တည်ရှိခြင်း သမ္မာတရားကို အသိအမှတ်မပြုပါက၊ သင်သည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရား၏ လမ်းခရီးကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။ ဤပုံစံဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းသည့်အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ကမ္ဘာမြေကြီးပေါ်သို့ ‌ကြွလာခြင်းအားဖြင့် ဖြစ်သည်ကို ပထမဦးစွာ သင် အသိအမှတ် ပြုရမည်ဖြစ်ပြီး၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းရန် ကမ္ဘာမြေသို့ သူ ကြွလာသည်မှာ နောက်ဆုံးသော ကာလအတွင်းတွင် ဖြစ်သည်ကို သင် အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်တွင် မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုံ့ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

အရှေ့သို့- သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

နောက်တစ်ခုသို့- သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။