အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂)

ပြီးခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယပြုကြမည်။ ပြီးခဲ့သည့်အခေါက်က မည်သည့် အကြောင်းအရာအား ငါတို့ဆွေးနွေးခဲ့သည်ကို သင်မှတ်မိနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် ဤအကြောင်းအရာသည် သင်တို့နှင့် အလွန်အလှမ်းဝေးလှသည်ဟု ခံစားရသော အကြောင်းအရာလော။ သို့မဟုတ် သင်တို့၏စိတ်နှလုံးထဲတွင် ယင်းနှင့်ပတ်သက်၍ အကြမ်းဖျင်းအယူအဆတစ်ခု ရှိနှင့်ပြီးပြီလော။ ဤအကြောင်းအရာ အပေါ် ငါတို့၏ နောက်ဆုံးမိတ်သဟာယပြုချက်၏ အခရာအချက်မှာ မည်သည့်အရာဖြစ်ကြောင်း တစ်စုံတစ်ဦးက တစ်ခဏမျှ ပြောပြနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်သည်ကို ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းမှတစ်ဆင့် ကျွန်ုပ်တွေ့ရပါ၏။ အတိတ်က၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့ပေးသောအခါ သူသည် သူ၏ရွေးချယ်ခြင်းခံရသူတို့ကိုသာ သူ၏နှုတ်ကပတ်တော်ကို ထောက်ပံ့ပေးသည်ဟု ကျွန်ုပ်အမြဲထင်ခဲ့၏၊ အရာခပ်သိမ်းကို အုပ်စိုးသည့် နိယာမများမှတစ်ဆင့် ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပြုစုပျိုးထောင်ပေးနေသည်ကို ကျွန်ုပ်လုံးဝ မမြင်ခဲ့ပါ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်း၏ဘဝများသည် သူ့အားဖြင့် ထောက်ပံ့ပေးခံရသည်၊ ဘုရားသခင်က ဤနိယာမများကို စီစဉ်ပြီး အရာခပ်သိမ်းကို ပြုစုပျိုးထောင်ပေးသည်ဟု ကျွန်ုပ်ခံစားခဲ့ရသည်မှာ ဤသမ္မာတရား နှင့်ဆိုင်သော ဘုရားသခင်၏ ဆွေးနွေးမှုမှတစ်ဆင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းမှတစ်ဆင့်၊ သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်မြင်ရပါ၏။) ပြီးခဲ့သည့်အခေါက်က၊ အဓိကအားဖြင့် ဘုရားသခင်၏အရာခပ်သိမ်း ဖန်ဆင်းခြင်းနှင့် ၎င်းတို့အတွက် နိယာမများနှင့် အခြေခံသဘောတရားများကို သူချမှတ်ခဲ့ပုံအကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ထိုကဲ့သို့သောနိယာမများနှင့် ထိုကဲ့သို့သော အခြေခံ သဘောတရားများအောက်တွင်၊ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်နှင့် ဘုရားသခင် မြင်ကွင်းအတွင်းတွင် လူသားနှင့်အတူ အသက်ရှင်နေထိုင်၍ သေဆုံးကြကာ၊ လူသားနှင့်အတူ ယှဉ်တွဲနေထိုင်ကြသည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခြင်းအကြောင်းနှင့် ၎င်းတို့၏ကြီးထွားသည့် နိယာမများအပြင်၊ ၎င်းတို့၏ကြီးထွားမှု လမ်းကြောင်းများနှင့် ပုံစံများကို သတ်မှတ်ရန် သူ၏ကိုယ်ပိုင်နည်းစနစ်များကို အသုံးပြုခြင်းအကြောင်းတို့ကို ငါတို့ဦးစွာပြောဆိုခဲ့ကြသည်။ အရာခပ်သိမ်း ဆက်လက်ကြီးထွား၍ ပွားများကာ တစ်ဦးပေါ်တစ်ဦး မှီခိုခြင်းဖြင့် ဆက်လက်ရှင်သန်နိုင်ဖို့အလို့ငှာ ဤမြေ၌ အရာခပ်သိမ်း ရှင်သန်သည့် နည်းလမ်းများကိုလည်း သူချမှတ်ခဲ့၏။ ဤကဲ့သို့သော နည်းနာများနှင့် နိယာမများဖြင့်၊ အရာခပ်သိမ်းသည် ဤမြေတွင် အားမထုတ်ရဘဲနှင့် ငြိမ်းချမ်းစွာ တည်ရှိပြီး ကြီးထွားနိုင်ကြကာ၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် အမြဲ ရှေ့ဆက်ရွေ့လျားရင်း၊ အသက်ရှင်နေထိုင်ဖို့ တည်ငြိမ်သောအိမ်နှင့် တည်ငြိမ်သော အခြေအနေတစ်ခုရှိနိုင်သည်၊ အမြဲ ရှေ့သို့တက်လှမ်းနိုင်လေသည်။

ပြီးခဲ့သည့်အခေါက်က အရာခပ်သိမ်းအတွက် ဘုရားသခင် ထောက်ပံ့ပေးခြင်းနှင့်ဆိုင်သည့် အခြေခံအယူအဆကို ငါတို့ဆွေးနွေး ခဲ့ကြသည်- အရာခပ်သိမ်းသည် လူသားမျိုးနွယ်၏ အကျိုးအတွက် တည်ရှိပြီး အသက်ရှင်ဖို့အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဤနည်းဖြင့် ထောက်ပံ့ပေး၏။ တစ်နည်းအားဖြင့် ဘုရားသခင် ချမှတ်ခဲ့သော နိယာမများကြောင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခု တည်ရှိခြင်းဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် ၎င်း၏ လက်ရှိ အသက်ရှင်နေသည့် ပတ်ဝန်းကျင်ရှိသည်မှာ ထိုသို့သော နိယာမများကို ဘုရားသခင်၏ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း တို့ကြောင့်သာ ဖြစ်သည်။ ယင်းသည် ပြီးခဲ့သည်အခေါက်က ငါတို့ပြောဆိုခဲ့ကြသည့်အရာနှင့် ယခင်က ငါတို့ပြောခဲ့သည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့ကြား ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်၏။ ထိုတိုးတက်မှု တည်ရှိခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အတိတ်က ဘုရားသခင်ကို သိကျွမ်းခြင်းအကြောင်း ငါတို့ပြောဆိုကြသည့်အခါ လူသားမျိုးနွယ်ကို ဘုရားသခင်က ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်း နယ်ပယ်အတွင်းမှ ငါတို့ ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ခံရသူတို့၏ ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဖြစ်သည်— ထိုနယ်ပယ်အတွင်းတွင် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ သူ၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏အလိုတော်နှင့် သူ့အနေဖြင့် လူသားကို သမ္မာတရားနှင့် အသက်တို့ဖြင့် မည်သို့ ထောက်ပံ့ပေးသည်တို့ကို ငါတို့ ပြောဆိုခဲ့ကြသည်။ သို့ရာတွင် ပြီးခဲ့သည့်အခေါက်က၊ ငါတို့စတင်ခဲ့ကြသည့် အကြောင်းအရာသည် သမ္မာကျမ်းစာ၌ ပါဝင်သည့် အကြောင်းအရာများနှင့် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို ဘုရားသခင် ကယ်တင်ခြင်းနှင့်ဆိုင်သော နယ်ပယ်အထိသာ ကန့်သတ်ထားခြင်း မဟုတ်။ ယင်းထက်၊ ထိုအကြောင်းအရာသည် သမ္မာကျမ်းစာ၏ ဘောင်ခတ်မှုများနှင့် သူ၏ အရွေးချယ်ခံလူတို့အပေါ် ဘုရားသခင် ဆောင်ရွက်သည့် အမှု၏ အဆင့်သုံးဆင့်အပြင်က ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းကို ဆွေးနွေးလျက်၊ ဤနယ်ပယ်ကို ကျော်လွန်ကာ တိုးချဲ့လေသည်။ ထို့ကြောင့် ငါ၏ မိတ်သဟာယ ဤအပိုင်းကို သင်တို့ကြားသည့်အခါ ဘုရားသခင်နှင့်ပတ်သက်သော သင်တို့၏ အသိပညာကို သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သို့သာ ကန့်သတ်မထားရ။ ယင်းအစား၊ သင်တို့၏ရှုထောင့်အမြင်ကို ဖွင့်မြဲဖွင့်ထားရမည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအတွင်းရှိ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ အရာခပ်သိမ်းကို ဘုရားသခင် အမိန့်ပေးကာ စီမံခန့်ခွဲပုံကို သင်မြင်ရမည်။ ဤနည်းစနစ်နှင့် ဤအခြေခံအုတ်မြစ်မှတစ်ဆင့်၊ သင်သည် အရာခပ်သိမ်းကို ဘုရားသခင်မည်သို့ထောက်ပံ့သည်ကို မြင်နိုင်၏။ အရာခပ်သိမ်းကို ဘုရားသခင်ထောက်ပံ့ပုံက ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ စစ်မှန်သော အရင်းအမြစ်ဖြစ်ကြောင်းနှင့် ဤသည်မှာ အမှန်စင်စစ် ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာဖြစ်ကြောင်းကို လူသားမျိုးနွယ်အား နားလည်စေ၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် သြဇာအာဏာ၊ သူ၏ အရာအားလုံးတို့သည် ယခုလက်ရှိ သူ့နောက်ကို လိုက်သောသူများ အတွက်သာ မရည်ရွယ်ဘဲ၊ ဤလူတစ်စုဖြစ်သည့် သင်တို့အတွက်သာ မရည်ရွယ်ဘဲ၊ အရာခပ်သိမ်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်၊ အရာခပ်သိမ်း၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်၏။ ဘုရားသခင် စိုးမိုးထားသည့် အရာများသည် သင်တို့၏မျက်စိများဖြင့် မြင်နိုင်သည့်အရာများ ဖြစ်ရုံမျှသာမဟုတ်- အားလုံးမြင်နိုင်သည့် ရုပ်ဝတ္ထုလောကသာမက၊ လူသားမျက်စိများဖြင့် မြင်၍မရနိုင်သည့် ရုပ်ဝတ္ထုလောကကို ကျော်လွန်သည့် အခြားလောကနှင့် ယင်းကိုပင် ကျော်လွန်သည့် လူသားမျိုးနွယ် နေထိုင်၍မရသည့် ဂြိုဟ်များနှင့် ကမ္ဘာ့အပြင်ဘက် အာကာသ ဟင်းလင်းပြင်တို့ ပါဝင်သည်ကို သင်တို့အား ငါပြောချင်သောကြောင့်၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်ကို ဖော်ပြရန် ငါသည် “အရာခပ်သိမ်း” ဟူသော ဝေါဟာရကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှု နယ်ပယ်ဖြစ်၏။ ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်သည် အလွန် ကျယ်ပြန့်၏။ သင်တို့အပိုင်းအတွက် သင်တို့နားလည်သင့်သည့်အရာ၊ မြင်သင့်သည့်အရာနှင့် မည်သည့်အရာများကို သင်တို့အသိပညာ ရှိသင့်သည်နှင့် ပတ်သက်၍ သင်တို့အသီးသီးသည် နားလည်ဖို့၊ မြင်ဖို့နှင့် ရှင်းလင်းပြတ်သားမှု ရှိကြဖို့ လိုအပ်ကာ ရှိကိုရှိရမည် ဖြစ်သည်။ ဤ “အရာခပ်သိမ်း” ဟူသည့် ဝေါဟာရ၏ နယ်ပယ်သည် ဧကန်အမှန် လွန်စွာကျယ်ပြန့်သော်လည်း ယင်းနယ်ပယ်အတွင်းရှိ သင်တို့လုံးဝမမြင်နိုင်သည့်၊ သို့မဟုတ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံလာနိုင်မည် မဟုတ်သည့် အရာများအကြောင်းကို သင်တို့အား ငါပြောမည်မဟုတ်ပေ။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ စစ်မှန်သောအဓိပ္ပာယ်ကို လူတိုင်းခံစားနိုင်ရန်အလို့ငှာ၊ လူသားများက ထိတွေ့ဆက်ဆံနိုင်၊ နားလည်နိုင်ပြီး သဘောပေါက်နိုင်သည့် ယင်းနယ်ပယ်အတွင်းရှိ အရာများကိုသာ သင်တို့ကို ငါပြောပြမည်။ ဤနည်းဖြင့်၊ သင်တို့ကိုပြောသော ငါ၏ မိတ်သဟာယ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာမျှ အနှစ်သာရမဲ့လိမ့်မည် မဟုတ်ပေ။

ပြီးခဲ့သည်အခေါက်က အရာခပ်သိမ်းအတွက် ဘုရားသခင် မည်သို့ထောက်ပံ့သည်ကို လူတို့အနေဖြင့် အခြေခံသိနားလည်မှု ရရှိနိုင်ကြဖို့အလို့ငှာ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာနှင့်ဆိုင်သည့် ရိုးရှင်းသော ခြုံငုံသုံးသပ်ချက်တစ်ရပ်ပေးရန် ပုံပြောသည့် နည်းလမ်း တစ်ခုကို ငါတို့အသုံးပြုခဲ့၏။ သင်တို့အား ဤအခြေခံအယူအဆကို သွန်သင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုသည် သမ္မာကျမ်းစာနှင့် သူ၏ အမှုအဆင့်သုံးဆင့်အား ကျော်လွန်သည်ကို လူတို့ နားလည်စေဖို့ဖြစ်သည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ အာရုံစိုက်သည့် အမှုဖြစ်သော၊ လူသားတို့ မမြင်နိုင်သည့်၊ မထိတွေ့မဆက်ဆံနိုင်သည့် သာ၍ များသောအမှုကို လုပ်ဆောင်နေသည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်းအပေါ်နှင့် သူ၏ရွေးချယ်ခံလူတို့ကို ရှေ့သို့ဆက်၍ ဦးဆောင်လမ်းပြခြင်း တစ်ခုတည်းကိုသာ အမှုပြုနေပြီး၊ အခြားသော ဤအမှုတစ်ခု တစ်လေတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိပါက၊ သင်တို့အားလုံး အပါအဝင် ဤလူသားမျိုးနွယ်အတွက် ရှေ့ဆက်တက်လှမ်းရန် လွန်စွာခက်ခဲမည်ဖြစ်သည်။ ဤလူသားမျိုးနွယ်နှင့် ဤလောကသည် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ ဤတွင် ယနေ့ သင်တို့ကို ငါ မိတ်သဟာယပြုမည့် အကြောင်းအရာဖြစ်သည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ အရေးပါမှု တည်ရှိလေသည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ခေါင်းစဉ်များနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြားကို ငါတို့ဆွေးနွေးခဲ့ကြပြီးပြီ၊ သို့သော်လည်း ဘုရားသခင်သည် သင်တို့အား သူ၏နှုတ်ကပတ်တော်ဖြင့် ပံ့ပိုးပေး၍ သင်တို့အပေါ်၌ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်း တို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့် အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံးများထဲတွင် သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၏၊ သူသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်မှုနှင့် နှစ်သိမ့်မှုတို့ကို ပေးပြီး စောင့်ရှောက်မှုနှင့် အကာအကွယ်တို့ကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကျွန်ုပ်အား သူပေးပါသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစရာ၊ သောက်စရာများ ပေးပါသည်” ဟုပြောမည်ဖြစ်ပြီး၊ အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနားပါ၏” ဟုပင် ပြောလိမ့်မည်။ ၎င်းတို့၏နေ့စဉ်အသက်တာများ၌ လူတို့ ကြုံရသည့် ပြဿနာများကို သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံ၏ နယ်ပယ်နှင့်ဆက်နွှယ်သော နည်းလမ်းဖြင့် တုန့်ပြန်ကောင်း တုန့်ပြန်နိုင်သည်။ ဘုရားသခင်သည် လူအသီးသီးအပေါ် အမှုအရာများစွာ ပေးသနားပေသည်၊ သို့သော် ဤနေရာ၌ ငါတို့ဆွေးနွေးနေသည့်အရာမှာ လူတို့၏ နေ့စဉ် လိုအပ်ချက်များ ဆိုင်ရာ နယ်ပယ်၌သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ လူတစ်ဦးစီ၏ အမြင်နယ်ပယ်ကို တိုးချဲ့ဖို့နှင့် အမှုအရာများကို ကျယ်ပြန့်သော ရှုထောင့်မှ သင့်ကို မြင်ခွင့်ပေးရန်ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်သည့်အတွက် သူ့အနေဖြင့် အရာခပ်သိမ်း၏အသက်ကို မည်သို့ ထိန်းသိမ်းသနည်း။ တစ်နည်းအားဖြင့်၊ သူ၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အရာခပ်သိမ်း ဆက်လက်တည်ရှိနိုင်ရန် အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုနှင့် ယင်းဖြစ်တည်မှုအား ကျောထောက် နောက်ခံပြုထားသည့် နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့အား မည်သည့်အရာကို ပေးသနည်း။ ယင်းမှာ ယနေ့ ငါတို့၏ ဆွေးနွေးမှု အဓိကအချက်ဖြစ်သည်။ ငါပြောသွားသည့်အရာကို သင်တို့ နားလည်သလော။ ဤအကြောင်းအရာသည် သင်တို့အတွက် အလွန်စိမ်းနေနိုင်သော်လည်း အလွန်လေးနက်သည့် မည်သည့် အယူဝါဒများအကြောင်းကိုမျှ ငါပြောမည် မဟုတ်ပေ။ သင်တို့အနေဖြင့် ငါ၏ စကားများကို နားထောင်နိုင်ပြီး ယင်းတို့မှ နားလည်မှုရနိုင်ရှိသည်ကို သေချာအောင် ငါ ကြိုးပမ်းမည်။ သင်တို့အနေဖြင့် မည်သည့် ဝန်ထုပ်ဝန်ပိုးကိုမျှ ခံစားဖို့မလိုပေ၊ ဂရုတစိုက်နားထောင်ရန်သာလိုသည်။ သို့ရာတွင် ဤအချိန်၌ ငါသည် နောက်တစ်ဖန် အလေးပေးပြောရဦးမည်ဖြစ်သည်၊ ငါအဘယ် အကြောင်းအရာကို ပြောနေသနည်း။ ငါ့ကိုပြောလော့။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ထိုသို့ဆိုပါက ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ထောက်ပံ့ပေးသနည်း။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟုဆိုနိုင်ရန် အရာခပ်သိမ်းကို သူမည်သည့်အရာ ထောက်ပံ့ပေးသနည်း။ ဤအရာနှင့်ပတ်သက်၍ သင်တို့၌ အယူအဆများ၊ သို့မဟုတ် အတွေးအခေါ်များ တစ်ခုတစ်လေ ရှိသလော။ ကြည့်ရသည်မှာ သင်တို့၏နှလုံးသားများနှင့် သင်တို့၏ စိတ်များတွင် လုံးဝနီးပါး မသိရှိသည့် အကြောင်းအရာကို ငါက ဆွေးနွေးပေးနေပုံရသည်။ သို့သော် သင်တို့သည် ဤအကြောင်းအရာ နှင့် ငါပြောမည့်အရာများကို အသိပညာ၊ လူ့ယဉ်ကျေးမှု၊ သို့မဟုတ် သုတေသန တစ်ခုတစ်လေနှင့် ဆက်စပ်ခြင်းထက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင် အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ဤသည်မှာ သင်တို့အဖို့ ငါ၏အကြံပြုချက် ဖြစ်သည်။ သင်တို့ နားလည်ကြသည်မှာ သေချာသည် မဟုတ်လော။

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အရာများစွာကို ပေးသနားခဲ့၏။ လူတို့မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ ခံစားနိုင်သည့်အရာအကြောင်းကို ပြောခြင်းဖြင့် ငါစတင်မည်။ ဤအရာများသည် လူတို့က မိမိတို့၏ စိတ်နှလုံးများထဲတွင် လက်ခံကာ နားလည်နိုင်သည့် အရာများဖြစ်၏။ ထို့ကြောင့်၊ ရုပ်ဝတ္ထု လောကအကြောင်း ဆွေးနွေး၍ ဘုရားသခင်သည် လူသားမျိုးနွယ်အား မည်သည့်အရာ ထောက်ပံ့ပေးပြီး ဖြစ်သည်ဆိုသည့်အကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြပါစို့။

(က) လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့ အိပ်စက်နေသည့်အခါ၌ပင် အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ် အတွက် အလွန့်အလွန် အရေးကြီးပေသည်- ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ် လိုအပ်ပေသည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤဒြပ်ထည်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွက် သူ၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ သို့သော် လေကိုဖန်ဆင်း ပြီးနောက် ဘုရားသခင်သည် သူ၏ အမှု ပြီးစီးပြီဟု စဉ်းစားဆင်ခြင်လျက် ရပ်တန့်ခဲ့သလော။ သို့မဟုတ် လေ၏ သိပ်သည်းမှု မည်မျှဖြစ်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ လေတွင် မည်သည့်အရာ ပါဝင်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ ဘုရားသခင်သည် လေကို ဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း၊ ပြီးလျှင်သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူသားများသည် လေကိုလိုအပ်၏၊ ၎င်းတို့ အသက်ရှူရန် လိုအပ်သည်။ ပထမအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်အတွက် သင့်တော်ရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ အမှန်တွင်၊ လူတို့အတွက် ဤမေးခွန်း၏ အဖြေကို ကိန်းဂဏန်း သို့မဟုတ် အချက်အလက်အရ သိဖို့ အထူးတလည် မလိုအပ်သကဲ့သို့၊ အဖြေကို သိဖို့မှာ တကယ်ကို မလိုအပ်ပေ။ ယေဘုယျ ထင်မြင်ချက် တစ်ရပ်ရှိရုံမျှက လုံးဝ လုံလောက်ပေသည်။ ဘုရားသခင်သည် လူသား၏ အဆုတ်က ရှူရန်အတွက် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသား ခန္ဓာကိုယ်များထဲသို့ ၎င်းတို့၏ အသက်ရှူခြင်းမှတစ်ဆင့် လေက အလွယ်တကူ ဝင်ရောက်နိုင်ဖို့ရန်အလို့ငှာနှင့် အသက်ရှူစဉ် လူသား၏ ခန္ဓာကိုယ်ကို မထိခိုက်ဖို့ရန်အလို့ငှာ လေကို သူ ဖန်ဆင်းခဲ့လေသည်။ ဤအရာများသည် လေကို ဖန်ဆင်းသည့် အချိန်တွင် ဘုရားသခင် စဉ်းစားဆင်ခြင်သည့်အရာများ ဖြစ်သည်။ ဤနောက်၊ လေတွင် မည်သည့်အရာ ပါဝင်သည်ကို ငါတို့ ပြောကြမည်။ လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူသားများအဖို့ အဆိပ်မရှိသကဲ့သို့ အဆုတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသည့် လေသည် ချောမောစွာ ဝင်ထွက်ရမည် ဖြစ်ကြောင်းနှင့် ရှူသွင်းပြီးနောက်တွင် အဆုတ်များနှင့် ကိုယ်ခန္ဓာထဲရှိ သွေးအပြင် စွန့်ထုတ်လေတို့က တစ်ပေါင်း တစ်စည်းတည်း ကောင်းကောင်းမွန်မွန် ဇီဝဖြစ်စဉ် လုပ်ဆောင်ဖို့အလို့ငှာ၊ လေအတွင်းရှိ ဒြပ်ထည်များ၏ သဘာဝနှင့် ပမာဏတို့ ရှိနေသင့်ပေသည်။ ထို့အပြင်၊ လေတွင် အဆိပ်အတောက်ဖြစ်စေသာ ဒြပ်ပစ္စည်းများ တစ်ခုတစ်လေ မပါရှိသင့်သည်ကို သူ ထည့်စဉ်းစားခဲ့ရသည်။ လေအတွက် ဤစံနှစ်ရပ်နှင့်ပတ်သက်၍ သင်တို့ကို ပြောပြရာတွင် ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို အထူးသီးသန့် အသိပညာ တစ်ခုတစ်လေကိုမျှ ပေးဖို့မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သုံးသပ်ချက်များနှင့်အညီ အမှုအရာ တစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့ပြီး သူ ဖန်ဆင်းသည့် အရာတိုင်းသည် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်သည်ကို သင်တို့အား ပြသဖို့ ဖြစ်သည်။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏနှင့် ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ ကမ္ဘာမြေဆီသို့ လွင့်မျောလာသည့် ဖုန်မှုန့်ပမာဏတို့အတွက်မူ- ဘုရားသခင်၌ ဤအရာများကို စီမံခန့်ခွဲရန်အတွက် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် ပြိုကွဲသွားစေခြင်း နည်းလမ်းများလည်း ရှိပေသည်။ လေထဲ၌ ဖုန်မှုန့်ပမာဏ အချို့ရှိသော်လည်း လူ၏ကိုယ်ခန္ဓာ သို့မဟုတ် အသက်ရှူခြင်းကို အန္တရာယ်မပြုစေရန် ဘုရားသခင်က ထိုအရာကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစား ရှိသည့် ဖုန်မှုန့်အမှုန်များ ဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင် ဖန်ဆင်းခြင်းသည် နက်နဲမှုတစ်ခုဖြစ်သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှကဲ့သို့ ရိုးရှင်းသော အရာ ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင် ဖန်ဆင်းခြင်း၌ပင် သူ၏နက်နဲမှု၊ သူ့စိတ်၏ လုပ်ဆောင်ချက်များ၊ သူ၏ တွေးခေါ်ပုံနှင့် ဉာဏ်ပညာတို့အားလုံး ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ (လက်တွေ့ကျပါသည်။) ဆိုလိုသည်မှာ ရိုးရှင်းသော အရာများကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစား နေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေသကဲ့သို့ လူသားများကို အန္တရာယ်မဖြစ်စေနိုင်ပေ၊ ထို့နည်းတူ လေ၏ သိပ်သည်းမှုသည် လူတို့အသက်ရှူရန်အတွက် သင့်တော်သည်။ လူသားက စဉ်ဆက်မပြတ် ရှူသွင်းရှူထုတ်ပြုလုပ်သည့် ဤလေသည် လူသားများ၏ကိုယ်ခန္ဓာ၊ အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အကန့်အသတ်မရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာဖြစ်ပြီး၊ လူတို့အသက်ရှူရန် မရှိမဖြစ်သော အရာဖြစ်၏။

(ခ) အပူချိန်

ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ရပ်အဖို့ လိုအပ်သောအရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဥပမာ ဆိုကြပါစို့၊ အပူချိန်သည် လေးဆယ်ဒီဂရီ စင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်း အားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ထိုသို့သော အခြေအနေများထဲတွင် အသက်ရှင်ဖို့မှာ လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်း ကျဆင်းလျှင်ကော အဘယ်သို့ဖြစ်မည်နည်း။ အပူချိန်က အနုတ် လေးဆယ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်သည်ဆိုပါစို့- လူသားတို့သည် ဤအခြေအနေများကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန် အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အနည်းနှင့်အများ အနုတ်သုံးဆယ် ဒီဂရီ စင်တီဂရိတ်နှင့် လေးဆယ်ဒီဂရီ စင်တီဂရိတ်ကြားတွင် ဖြစ်၏။ မြောက်အရပ်မှ တောင်အရပ်တွင်ရှိသော နယ်မြေများထဲက အပူချိန်များသည် အခြေခံအားဖြင့် ဤအတိုင်းအတာအတွင်းတွင် ရှိသည်။ အလွန်အေးသောဒေသများတွင် အပူချိန်များသည် အနုတ်ငါးဆယ် မှ ခြောက်ဆယ်ဒီဂရီ စင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသများတွင် ဘုရားသခင်က လူသားတို့ကို နေထိုင် အသက်ရှင်ခွင့်ပြုမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်၊ ဤအေးခဲသော ဒေသများသည် အဘယ်ကြောင့်တည်ရှိနေသနည်း။ ဤအရာတွက် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသော နေရာများကို ကာကွယ်ထား၏၊ ထိုနေရာတွင် နေထိုင်ရန် လူသားအတွက် သူ မစီစဉ်ထားဟု ဆိုလိုသည်။ ဤနေရာများသည် လူသားမျိုးနွယ် အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့သော နေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဤနေရာများသည် ဘုရားသခင်က လူသားကို နေထိုင်ရန် သို့မဟုတ် ရှင်သန်ရန်ပင် ခွင့်မပြုသည့် နေရာများဖြစ်ပါက၊ ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာ တည်ရှိ၏။ ဆိုလိုသည်မှာ လူသား ရှင်သန်သည့် ပတ်ဝန်းကျင်၏ အပူချိန် အတိုင်းအတာကို ဘုရားသခင်က အတန်အသင့် ချိန်ညှိထားပြီး ဖြစ်သည်။ ယင်းတွင် အလုပ်လုပ်နေသည့် သဘာဝ နိယာမ တစ်ရပ်လည်း ရှိပေသည်။ ဘုရားသခင်သည် အပူချိန်ကို ထိန်းသိမ်းကာ ထိန်းချုပ်ဖို့ရန် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ၎င်းတို့မှာ မည်သည့်အရာများနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ် ဆောင်ကြဉ်း ပေးနိုင်သည်၊ သို့သော် ဤအနွေးဓါတ်သည် များလွန်းပါက၊ လူတို့ ခံနိုင်ရည်ရှိသလော။ နေအနီးသို့ ချဉ်းကပ်ဝံ့သူ တစ်စုံတစ်ဦး ရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် သိပ္ပံပညာနှင့်ဆိုင်သော ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ နေသည် ပူလွန်းသောကြောင့်ဖြစ်၏။ အလွန်နီးကပ်လာသည့် မည်သည့်အရာမဆို အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ စေ့စပ်သော တိုင်းတာချက်များနှင့် သူ၏ စံနှုန်းများနှင့်အညီ လူသားမျိုးနွယ် အထက်တွင် နေ၏အမြင့်ကို သတ်မှတ်ဖို့ တိတိကျကျ လုပ်ဆောင်ခဲ့သည်။ ထို့နောက် ကမ္ဘာ၏ ဝင်ရိုးစွန်းနှစ်ခုဖြစ်သည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ ရှိကြ၏။ ဤဒေသများသည် လုံးလုံးလျားလျား အေးခဲနေကာ ရေခဲမြစ်များ ဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်ဒေသများတွင် နေနိုင်သလော။ ထိုသို့သော နေရာများသည် လူသားရှင်သန်ဖို့ သင့်တော်သလော။ မသင့်တော်ပေ၊ ထို့ကြောင့် လူများသည် ထိုနေရာများသို့ မသွားကြပေ။ လူတို့သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားကြသည့် အတွက် ရေခဲမြစ်များက ထိန်းသိမ်းပြီးသားဖြစ်သွားပြီး၊ ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်း တည်းဟူသော ၎င်းတို့၏ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင် ကြလေသည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိပါက၊ နေ၏ စဉ်ဆက်မပြတ်သော အပူဒဏ်သည် ကမ္ဘာပေါ်က လူတို့ကို ပျက်ဆီးခြင်းသို့ ရောက်စေလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် သင့်တော်သော အပူချိန်တစ်ရပ်ကို ဤအရာနှစ်ခုအားဖြင့်သာ ထိန်းသိမ်းထား သလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် တောအုပ်များထဲ၌ ရှိကြကုန်သော အပင်အမျိုးအစား အားလုံး စသည့် သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူကာ ထိုသို့ စုပ်ယူခြင်းဖြင့် လူသားမျိုးနွယ် အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးသည့်နည်းဖြင့် နေ၏အပူစွမ်းအင်ကို လျော့ပါး စေလေသည်။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ လွှမ်းခြုံသည့် ဧရိယာကို မည်သူမျှ မသတ်မှတ်နိုင်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်ကို မည်သူမျှ မထိန်းချုပ်နိုင်သကဲ့သို့ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လမ်းကြောင်း၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကိုလည်း မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေမှ လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအထိ ဤရေအရင်းမြစ် အမျိုးမျိုးသည်လည်း လူသားနေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ရေအရင်းအမြစ်များအပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေများကဲ့သို့သော ပထဝီမြေဖွဲ့စည်းမှု အမျိုးအစား အမျိုးမျိုးလည်း ရှိ၏၊ ၎င်းတို့အားလုံးက မိမိတို့၏ ပထဝီမြေ အကျယ်အဝန်းနှင့် ဧရိယာအတိုင်း အချိုးကျသည့် အတိုင်းအတာ အထိ အပူချိန်ကို ထိန်းညှိပေးလေသည်။ ဥပမာ တောင်တစ်တောင်သည် အဝန်း ကီလိုမီတာ တစ်ရာရှိပါက၊ ဤကီလိုမီတာ တစ်ရာသည် ကီလိုမီတာတစ်ရာနှင့်တန်သည့် အသုံးဝင်မှုကို ပေးလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည်နှင့်ပတ်သက်၍မူ၊ ဤသည်မှာ ဘုရားသခင်က ဆင်ခြင်သုံးသပ်ပြီးဖြစ်သည့် အရေအတွက်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိပြီး အမှုအရာတစ်ခုစီ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှိသည်။ ဥပမာအနေဖြင့် သစ်တောများနှင့် သီးပင်စားပင် အမျိုးအစားမျိုးစုံကို စဉ်းစားကြည့်လော့- ၎င်းတို့တည်ရှိပြီး ပေါက်ရောက်သည့် ဧရိယာ၏ အကွာအဝေးနှင့် အတိုင်းအတာသည် မည်သည့်လူသားမဆို၏ ထိန်းချုပ်နိုင်ခြင်းကို ကျော်လွန်ပြီး ဤအရာများအပေါ် မည်သူမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ ထိုနည်းတူ၊ ၎င်းတို့ ရေမည်မျှစုပ်ယူသည်ကို မည်သည့်လူသားကမျှ မထိန်းချုပ်နိုင်သကဲ့သို့ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှ စုပ်ယူသည်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာ အားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် နယ်ပယ်အတွင်းတွင် ရှိကြ၏။

လူသားအနေဖြင့် ထိုသို့သော သင့်တော်သည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်နိုင်သည်မှာ ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း နှင့် စီမံမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း အပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာ အမျိုးမျိုး၊ ပြီးလျှင် သစ်တောများနှင့် အခြားသော သဘာဝပေါက်ပင်အမျိုးအစားများ ဖုံးလွှမ်းထားသည့်နေရာ အတိုင်းအတာနှင့်၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေး အမျိုးမျိုး၊ ပင်လယ်ရေနှင့် ရေချို ပမာဏများ၊ ပြီးလျှင် ပထဝီမြေဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးကဲ့သို့သော လူသားအနေဖြင့် မိမိ၏ မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်း- ဤအရာများ အားလုံးသည် လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် ပုံမှန် အပူချိန်များကို ထိန်းသိမ်းရန် ဘုရားသခင်အသုံးပြုသည့် အရာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထိုသို့သော သင့်တော်သည့် အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် လူသား အသက်ရှင်နိုင်သည်မှာ ဘုရားသခင်က ဤအရာအားလုံးကို နက်နက်ရှိုင်းရှိုင်း တွေးတောပြီးဖြစ်သောကြောင့်သာ ဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ- လူ၏ကိုယ်ခန္ဓာမှ ကျင့်သားရနိုင်သည်ထက် ကျော်လွန်သည့် အပူချိန်များရှိသည့် နေရာများဖြစ်သည့် ပူလွန်းသောအရပ်များသည် သင့်အတွက် ဘုရားသခင်က သေချာပေါက် မဖယ်ပေးထားပေ။ အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားများ ရောက်ရှိပြီးနောက် မိနစ်အနည်းငယ်အတွင်း လုံးဝ အေးခဲသွားမည့်၊ ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ၊ မကြာမီ အသက်ရှူကျပ်သွားမည့် အေးလွန်းသော နေရာများ- ထိုသို့သော နေရာများကိုလည်း လူသားမျိုးနွယ်အတွက် ဘုရားသခင် မဖယ်ပေးထားပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သော သုတေသနမျိုးကို ဆောင်ရွက်လိုသည် ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ ဆန်းသစ်တီထွင်လိုသည် သို့မဟုတ် ထိုသို့သော ကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ- လူတို့အနေဖြင့် မည်သည့်အတွေးများမဆို ရှိပါစေ၊ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်ဖြစ်ပြီး၊ မည်သည့် အပူချိန်များကို လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည်ကို ဘုရားသခင် အကောင်းဆုံး သိသောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူသားတို့ မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာများကို လူသားတို့ လုပ်ဆောင် ခဲ့သနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို စိန်ခေါ်ရန် လူများစွာက စဉ်ဆက်မပြတ် ကြိုးပမ်းကြပြီးဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ထိုနေရာတွင် အခြေချနိုင်ဖို့အလို့ငှာ နယ်မြေကို သိမ်းပိုက်ရန် ထိုနေရာများသို့ အစဉ်သွားလိုကြသည်။ ယင်းသည် ရယ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဝင်ရိုးစွန်းများကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးလျှင်ပင်၊ ထို့နောက် မည်သို့နည်း။ အပူချိန်များကို သင်ကျင့်သားရနိုင်ပြီး ထိုနေရာ၌ နေနိုင်လျှင်ပင်၊ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ လက်ရှိ ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို သင် “တိုးတက်” စေမည်ဆိုပါက၊ ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ လူသားမျိုးနွယ်သည် ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် လူသားတို့သည် ထိုနေရာ၌ တိတ်ဆိတ်စွာနှင့် လိုလိုလားလား ရှိမနေဘဲ၊ ယင်းအစား ၎င်းတို့အသက်ရှင်နေထိုင်၍ မရနိုင်သည့် နေရာများသို့ မရမက စွန့်စားသွားကြ၏။ ဤအရာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ ဘဝကို ငြီးငွေ့ကာ စိတ်မရှည်ဖြစ်လာကြပြီး၊ များလှစွာသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ခံစားထားကြရပြီး ဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ လုံးဝနီးပါး ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် “အရေး” တစ်ခုကို လိုက်စားရန်၊ “အစပျိုးသည့်” နည်းလမ်းတစ်ရပ်ကို ရှာဖို့ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း သို့လည်း သွားလျှင်ကောင်းမည်ဟု ယခု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ မမိုက်မဲပေဘူးလော။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်ဆောင်နေကာ၊ ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းထားသည့် လှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေကြ၏။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ ရှင်သန်မှုက အတော်အတန် အန္တရာယ် ရှိလာသည်ကို မြင်သောအခါ၊ လူများစွာသည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိလျက် လကမ္ဘာကို သွားရောက်လည်ပတ်ဖို့ နည်းလမ်းများ ရှာဖွေကြလေသည်။ သို့သော် နောက်ဆုံးတွင်၊ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့ပေသည်။ လူသားများသည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့သည့်အတွက်၊ လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့ရာတွင် လူသားသည် ထိုနေရာသို့ သွားရန် ဆန္ဒရှိလျက်သာ ရှိနေ၏။ ဤအပြုအမူကို မည်သို့ ခေါ်ဆိုသင့်သနည်း။ ယင်းသည်လည်း မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းလည်းဖြစ်သည်။ လကမ္ဘာသည် လေမရှိသော နေရာတစ်ခုဖြစ်ပြီး၊ ယင်း၏ အပူချိန်သည် လူသား ရှင်သန်ခြင်းအတွက် မသင့်တော်ပေ- ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင် ဖယ်ထားပေးသည့် နေရာမဟုတ်ပေ။

ယခုလေးတင် ငါတို့ပြောသည့် အကြောင်းအရာဖြစ်သည့် အပူချိန်သည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ကြုံတွေ့သည့် အရာတစ်ခုဖြစ်သည်။ အပူချိန်သည် လူ့ကိုယ်ခန္ဓာ အားလုံးက အာရုံခံစားနိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း၊ ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်၊ သို့မဟုတ် လူသားရှင်သန်မှု အတွက် သင့်တော်စေရန် ဤအပူချိန်ကို မည်သူက တာဝန်ယူထားပြီး ထိန်းချုပ်ထားသည်ကို မည်သူမျှ မစဉ်းစားကြပေ။ ဤသည်မှာ ငါတို့ယခု သင်ယူနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက် ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူသား ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ် ဖန်ဆင်းခဲ့သည်ကို ထောက်ရှုကြည့်သော်၊ ဤသည်မှာ အရာခပ်သိမ်းအတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ် ဟုတ်သလော။ မှန်ပေ၏။

(ဂ) အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရာတစ်ခု၊ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင် ယင်းအတွက် စီစဉ်မှုများ ပြုလုပ်ခဲ့ရသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာသည် ဘုရားသခင်နှင့် လူသားအယောက်စီတိုင်းအဖို့ အလွန်အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။ ဘုရားသခင်က ဤအရာကို ဂရုစိုက်ခြင်း မရှိခဲ့ပါက၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးကို ကြီးမားစွာ နှောင့်ယှက်ခဲ့ပေလိမ့်မည်၊ ဆိုလိုသည်မှာ ယင်းသည် လူသား၏ ဘဝနှင့် သူ၏ သွေးသားခန္ဓာအပေါ် အင်မတန် သိသာသည့် သက်ရောက်မှုတစ်ခု ရှိခဲ့မည်မှာ လူသားမျိုးနွယ်အနေဖြင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် ရှင်သန်နိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် မည်သည့်သက်ရှိအရာမျှ ရှင်သန်နိုင်ခဲ့မည် မဟုတ်ဟု ပြောနိုင်၏။ ထို့ကြောင့်၊ ငါပြောသည့် ဤအရာသည် အဘယ်အရာဖြစ်သနည်း။ အသံနှင့်ပတ်သက်၍ ငါ ပြောနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်အတွင်းတွင် အသက်ရှင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် စဉ်ဆက်မပြတ်သော လှုပ်ရှားမှုဖြင့် အသက်ရှင်နေကြကာ ပြောင်းလဲနေကြ၏။ ဤအရာဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီသည် ယင်း၏ ဖြစ်တည်မှု၌ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိ၏။ ဆိုလိုသည်မှာ၊ အမှုအရာတစ်ခုစီတိုင်း၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ပဓာနကျသော အရာတစ်ခု ရှိလေသည်။ ဘုရားသခင်၏အမြင်တွင်၊ အရာတစ်ခုစီတိုင်းသည် အသက်ရှင်၏၊ ပြီးလျှင် အရာခပ်သိမ်း အသက်ရှင်သည့်အတွက်၊ ၎င်းတို့ အသီးသီးသည် အသံထွက်ကြ၏။ ဥပမာအားဖြင့်၊ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည် စဉ်ဆက်မပြတ် လည်နေပြီး လသည်လည်း စဉ်ဆက်မပြတ် လည်နေ၏။ အရာခပ်သိမ်းတို့သည် မျိုးပွားပြီး၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားကြသည်နှင့်အမျှ အသံကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေကြ၏။ ကမ္ဘာမြေကြီးပေါ် တည်ရှိသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားလျက် ရှိကြသည်။ ဥပမာအားဖြင့်၊ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားနေကြပြီး၊ ပင်လယ်များ၏ နက်ရှိုင်းသောနေရာများထဲက ခပ်သိမ်းသော သက်ရှိသတ္တဝါများသည် ကူးခပ်ကာ လှုပ်ရှားလျက်နေကြ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိသတ္တဝါများ၊ အရာအားလုံးတို့သည်၊ အခြေခိုင်သည့် ပုံစံများနှင့်အညီ စဉ်ဆက်မပြတ် ပုံမှန်လှုပ်ရှားမှုဖြင့် အားလုံးရှိနေကြ၏။ ထို့ကြောင့်၊ အမှောင်တွင် မျိုးပွားပြီး ကြီးထွားဖွံ့ဖြိုးကာ လျှို့ဝှက်စွာ လှုပ်ရှားသည့် ဤအရာများအားလုံးက အဘယ်အရာကို ဖြစ်ပေါ်စေသနည်း။ ကြီးမားပြီး အားကောင်းသော အသံများ ဖြစ်သည်။ ကမ္ဘာဂြိုဟ် အလွန်တွင်ရှိသော၊ ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားလျက်ရှိကာ၊ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွား ဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ ဆိုလိုသည်မှာ သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ ရွေ့လျားသည်နှင့်အမျှ၊ ၎င်းတို့ အသီးသီးက အသံများကိုလည်း ထုတ်လွှတ်နေကြ၏။ ဘုရားသခင်သည် ဤအသံများအတွက် အစီအစဉ်များလည်း လုပ်ဆောင်ပြီးဖြစ်ကာ ဤအရာအတွက် သူ၏ အကြောင်းရင်းကို သင်တို့သိနှင့်ပြီးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ဟုတ်သည် မဟုတ်လော။ လေယာဉ်ပျံတစ်စင်းအနီးသို့ သင်ကပ်သွားသောအခါ ယင်းအင်ဂျင်၏ မြည်ဟိန်းနေသော အသံက သင့်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ ယင်းအနီးတွင် အချိန်ကြာမြင့်စွာ သင်နေပါက၊ သင်၏နားများ ထိုင်းသွားလိမ့်မည်။ သင်၏ နှလုံးသားကရော- ယင်းက ထိုတုန်လှုပ်ဖွယ်အတွေ့အကြုံကို တောင့်ခံနိုင်မည်လော။ နှလုံးအားနည်းသူအချို့သည် ခံနိုင်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ နှလုံးသန်မာသူများပင်လျှင် အလွန် ကြာမြင့်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ နားများဖြစ်စေ နှလုံးဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူသားတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသော အသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်းပြီး၊ ၎င်းတို့ ပုံမှန်စတင် လည်ပတ်ခဲ့ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ဤအရာသည်လည်း လူသားမျိုးနွယ် အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင် စဉ်းစားခဲ့သည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်အထက် လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုတစ်ခုရှိ၏။ ထို့အပြင် မြေဆီလွှာထဲရှိ အပင်များ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးရှိပြီး ယင်းတို့၏ ပေါင်းဆုံမှုကလည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ဆိုလိုသည်မှာ၊ လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင် တစ်ရပ်တွင် ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကို ဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအဖို့ ၎င်းတို့၏ဘဝများ၌ ကြီးမားသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာရင်းနှင့် ၎င်းတို့အတွက် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်စေရင်း၊ ဧရာမ အတားအဆီးတစ်ခု ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင် အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန် စစ်စစ်ပေါက်ပေါက် ဂရုပြုခဲ့ပြီး၊ ဤအရာ အသီးသီးအတွင်းတွင် ပါရှိသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ဤအရာနှင့်ဆိုင်သော လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ- ယင်းတို့အထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်မှာ လူတို့အတွက် လုံလောက်ပေသည်။ ယခု သင်တို့ ငါ့ကို ပြောလော့- လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အတိအကျ စံကိုက်ချိန်ညှိခြင်းဖြစ်သည့်- ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤအမှုသည် လိုအပ်ခဲ့ပါသလော။ (လိုအပ်ခဲ့ပါသည်။) ဤအမှုသည် လိုအပ်ခဲ့သည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ဤအမှုကို အသုံးပြုခဲ့သည်ဟု ပြော၍ရနိုင်သလော။ လူ၏ ကိုယ်ခန္ဓာသည် ထိုပတ်ဝန်းကျင်အတွင်းတွင် အနှောင့်အယှက်များ တစ်ခုတစ်လေ မခံစားရဘဲ၊ အတော်အတန် ပုံမှန်အတိုင်း အသက်ရှင်နိုင်ဖို့အလို့ငှာနှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အတိုင်း တည်ရှိကာ အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ခြင်းအတွက် ထိုသို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့၏။ သို့ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည့် နည်းလမ်းများထဲမှ တစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အလွန်အရေးကြီးသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ အသိအမှတ်ပြုကြသနည်း။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်တို့မခံစားနိုင်သကဲ့သို့ ထိုအချိန်က ဤလုပ်ဆောင်ချက်ကို ဘုရားသခင်မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ထိုအရာထဲသို့ သူ ထားရှိခဲ့သည့် ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ ရပါသည်။) ဤအရာကို ခံစား၍ရပါက၊ ယင်းသည် လုံလောက်ပေ၏။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုအရာများ ကြားတွင် လူတို့ မခံစားနိုင်သကဲ့သို့၊ မမြင်နိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များစွာ ရှိလေသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းလာနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အကြောင်းကို သင်တို့အား အသိပေးဖို့ ဤအရာကို ငါ တင်ပြရခြင်းသာ ဖြစ်သည်။ ဤအရာများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိရှိပြီး နားလည်စေနိုင်သည့် သဲလွန်စများ ဖြစ်သည်။

(ဃ) အလင်း

စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် သက်ဆိုင်၏- ယင်းမှာ အလင်းဖြစ်သည်။ ဤအရာသည်လည်း အလွန် အရေးကြီး၏။ တောက်ပသော အလင်းတစ်ခုကို သင်မြင်ပြီး၊ ယင်း၏တောက်ပမှုသည် အားကောင်းသည့် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ လူသား၏မျက်လုံးများကို ကန်းစေနိုင်စွမ်း ရှိလေသည်။ အမှန်တွင်တော့၊ လူသား မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ကျိန်းစပ်ခြင်းကို မခံနိုင်ပေ။ တစ်ဦးတစ်ယောက်သည် နေကို တိုက်ရိုက် စိုက်ကြည့်ဝံ့ပါသလော။ ထိုအရာကို လူအချို့က စမ်းကြည့်ဖူးပြီး၊ နေကာမျက်မှန်များကို ၎င်းတို့တပ်ပါက အဆင်ပြေရုံမျှ ရှိလေသည်- သို့သော် ကိရိယာတစ်ခု အသုံးပြုခြင်းကို လိုအပ်ပေသည်။ ကိရိယာများမပါဘဲ၊ လူ၏ ပကတိမျက်လုံးများသည် နေကို မျက်နှာမူပြီး ၎င်းကို တိုက်ရိုက် ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ အလင်းကို ယူဆောင်ပေးရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းသည်လည်း သူတာဝန် ယူထားသည့်အရာဖြစ်သည်။ ဘုရားသခင်သည် နေကိုဖန်ဆင်းခြင်းအား ပြီးစီးရုံမျှပြီးစီးကာ၊ ၎င်းကို တစ်နေရာတွင် ထားပြီးနောက် လျစ်လျူရှုခဲ့သည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင် အမှုပြုသည့် နည်းလမ်း မဟုတ်ပါ။ သူသည် မိမိ၏ လုပ်ဆောင်ချက်များကို အလွန်ဂရုစိုက်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် အစမှအဆုံးတိုင် စဉ်းစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်တို့ မြင်နိုင်ရန် အလို့ငှာ မျက်လုံးများကို ဖန်ဆင်းပေးခဲ့ပြီး အရာဝတ္ထုများကို ၎င်းတို့ မြင်နိုင်သည့် အလင်းရောင်၏ ကန့်သတ်ချက်ဘောင်တို့ကိုလည်း ကြိုတင်၍ သတ်မှတ်ထားခဲ့သည်။ အလင်းရောင်က အလွန် မှေးမှိန်ပါက ကောင်းမည်မဟုတ်ပေ။ လူတို့အနေဖြင့် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏ လက်ချောင်းများကို မမြင်နိုင်ရလောက်အောင် အလွန်မှောင် သည့်အခါတွင်၊ ၎င်းတို့မျက်လုံးများသည် မိမိတို့၏ လည်ပတ်မှု ဆုံးရှုံးသွားကာ မည်သည့်အသုံးဝင်မှုမျှ မပေးနိုင်ပေ။ သို့သော် တောက်ပမှုသည် မခံမရပ်နိုင်စရာဖြစ်သောကြောင့် တောက်ပလွန်းသည့် အလင်းရောင်သည် လူသား မျက်လုံးများအား အလားတူ အရာဝတ္တုများ မမြင်နိုင်ဖို့ ဖြစ်စေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တည်ရှိသည့် ပတ်ဝန်းကျင်ကို လူသား မျက်လုံးများအတွက် သင့်တော်သည့် အလင်းပမာဏတစ်ခု- လူတို့၏ မျက်လုံးများကို ၎င်းတို့၏ လုပ်ငန်းတာဝန် ဆုံးရှုံးစေဖို့နေနေသာသာ၊ ၎င်းတို့ကို မနာကျင်စေမည့် သို့မဟုတ် မထိခိုက်စေမည့် ပမာဏ တစ်ခုဖြင့် ဘုရားသခင်က ဖြည့်ဆည်းထားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက် အလွှာများကို ထည့်ထားခဲ့သည့် အကြောင်းရင်းဖြစ်ပြီး၊ လေ၏ သိပ်သည်းမှုက လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းအမျိုးအစားများကို ကောင်းမွန်စွာ စစ်ထုတ်နိုင်သည့် အကြောင်းရင်း ဖြစ်သည်- ဤအရာများက အချိုးညီမျှလေသည်။ ထို့အပြင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အခြား အလင်းမျိုးစုံကို ရောင်ပြန်ဟပ်ပြီး၊ လူ၏မျက်လုံးများ အသားကျ ဖို့အတွက် အလွန်တောက်ပလွန်းသော အလင်း အမျိုးအစားများကို ဖယ်ရှားပစ်နိုင်လေသည်။ ထိုသို့ဖြင့်၊ လူတို့သည် အပြင်တွင် လမ်းလျှောက်နိုင်ပြီး၊ အလွန်မည်းနက်သော နေကာမျက်မှန်များကို စဉ်ဆက်မပြတ် တပ်ဆင်ထားရန် မလိုဘဲ မိမိတို့၏ ဘဝများကို နေထိုင်နိုင်ကြလေသည်။ သာမန်အခြေအနေများ အောက်တွင် လူသားမျက်လုံးများသည် အလင်း၏ နှောင့်ယှက်မှု မခံရဘဲ ၎င်းတို့၏မြင်ကွင်း နယ်ပယ်အတွင်းမှ အရာများကို မြင်နိုင်လေသည်။ ဆိုလိုသည်မှာ၊ အလင်းရောင်က လွန်စွာစူးရှလွန်းလျှင်ဖြစ်စေ၊ မှိန်လွန်းလျှင်ဖြစ်စေ ကောင်းလိမ့်မည် မဟုတ်။ မှိန်လွန်းပါက လူတို့၏ မျက်လုံးများသည် ထိခိုက်လိမ့်မည် ဖြစ်ပြီး ခဏအသုံးပြုပြီးနောက် ပျက်စီးသွားပေလိမ့်မည်။ တောက်ပလွန်းပါက လူတို့၏ မျက်လုံးများသည် ခံနိုင်မည်မဟုတ်ပေ။ လူတို့ ရှိသည့် ဤအလင်းသည် လူသားမျက်လုံးများအတွက် မြင်နိုင်ရန် သင့်တော်ရမည်ဖြစ်ပြီး၊ ဘုရားသခင်သည် နည်းလမ်းမျိုးစုံဖြင့် လူသားမျက်လုံးများကို ဖြစ်စေသည့် ထိခိုက်မှုကို လျော့နည်း စေခဲ့သည်၊ ပြီးလျှင် ဤအလင်းသည် လူသားမျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ဖိစီးနှိပ်စက်သည် ဖြစ်စေ လူတို့အား မိမိတို့၏မျက်လုံးများ အသုံးဝင်မှုကို ထိန်းသိမ်းစဉ် ၎င်းတို့၏ ဘဝများအား အဆုံးသတ်သို့ ရောက်ရှိစေဖို့ လုံလောက်ပေသည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် ထိုသို့သော စဉ်းစားဆင်ခြင်မှုများမရှိဘဲ၊ စိတ်ရှိသည်အတိုင်း အမြဲ ပြုတတ်လေသည်။ စာတန်နှင့်ပတ်သက်၍၊ အလင်းသည် အမြဲတောက်ပလွန်းသည် သို့မဟုတ် မှိန်လွန်းတတ်လေသည်။ ဤသည်မှာ စာတန်လုပ်ဆောင်ပုံဖြစ်သည်။

ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ထိုသို့ ဆက်လက်အသက်ရှင်နိုင်ရန် လူသားမျိုးနွယ်၏ ရှင်သန်မှု ကျင့်သားရခြင်းကို များနိုင်သမျှများစေဖို့အလို့ငှာ ယင်း၏ အမြင်၊ အကြား၊ ရသာရုံ၊ အသက်ရှူခြင်း၊ ခံစားချက်များ စသည့် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍမျိုးစုံတို့ကို ဤအရာများ လုပ်ဆောင်လေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဘဝအတွက် လက်ရှိ ပတ်ဝန်းကျင်တစ်ရပ်သည် လူသားမျိုးနွယ် ရှင်သန်ရေး အတွက် အသင့်တော်ဆုံးနှင့် အကျိုးအပြုဆုံး ပတ်ဝန်းကျင်ဖြစ်သည်။ အချို့က ဤအရာသည် သိပ်အရေးမကြီးလှ၊ လုံးဝ အလွန်သာမန် ဖြစ်သောအရာ ဖြစ်သည်ဟု ထင်နိုင်၏။ လူတို့ ခံစားရသည့် အသံ၊ အလင်းနှင့် လေတို့သည် မွေးသည့်အချိန်မှစ၍ ၎င်းတို့ မွေ့လျော်ပြီးဖြစ်သည့် ၎င်းတို့၏ မွေးရာပါအခွင့်အရေး ဖြစ်သည်။ သို့သော် သင် နှစ်သက်ခံစားနိုင်သည့် ဤအရာများ နောက်ကွယ်တွင်၊ ဘုရားသခင်သည် အလုပ်လုပ်လျက်ရှိ၏။ ဤသည်မှာ လူသားများ နားလည်ဖို့လိုသည့်အရာတစ်ခု၊ ၎င်းတို့ သိရန်လိုသည့်အရာတစ်ခု ဖြစ်သည်။ ဤအရာများကို နားလည်ဖို့ သို့မဟုတ် သိဖို့ မလိုအပ်ဟု သင် ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် ထိုအရာတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင်၊ သူ့အနေဖြင့် ထိုအရာတို့ကို များစွာတွေးတောခဲ့ပြီး၊ အစီအစဉ်တစ်ရပ် ရှိခဲ့ကာ စိတ်ကူးအချို့လည်း ရှိခဲ့၏။ သူသည် ကိစ္စရပ်တစ်ခုကို နှစ်ကြိမ် စဉ်းစားခြင်းမရှိဘဲ လူသားမျိုးနွယ်ကို ဘဝအတွက် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲ၌ တာဝန်မဲ့စွာ သို့မဟုတ် အလွယ်တကူ ထားခဲ့ခြင်းမရှိပေ။ ငါသည် ဤသေးဖွဲသော အရာများတစ်ခုစီနှင့် ပတ်သက်၍ အလွန်ကြီးကျယ်စွာ ပြောလေပြီဟု သင်တို့ထင်ကောင်း ထင်နိုင်သော်လည်း၊ ငါ၏အမြင်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်ထောက်ပံ့ပေးသည့် အရာအသီးသီးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဤအရာ၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိပေ၏။

(င) လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်နည်း။ ဤအရာသည် လူတိုင်း၏ နေ့ရက်တိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်၏။ လူ့ဘဝနှင့် ယင်း၏ ဆက်နွှယ်မှု အလွန်နီးစပ်သည်မှာ ထိုအရာမရှိဘဲ လူ့ခန္ဓာကိုယ်သည် ဤရုပ်ဝတ္ထုလောကထဲတွင် အသက်မရှင်နိုင်ပေ။ ဤအရာသည် လေစီးဆင်းမှုဖြစ်သည်။ “လေစီးဆင်းမှု” ဟူသည် နာမ်ကို ကြားလိုက်သည်နှင့် မည်သူမဆို နားလည်ကောင်း နားလည်ကြပေမည်။ သို့ဖြစ်လျှင် လေစီးဆင်းမှုဆိုသည်မှာ အဘယ်နည်း။ “လေစီးဆင်းမှု” ဆိုသည်မှာ လေ၏ စီးဆင်းသည့် လှုပ်ရှားမှုသာဖြစ်သည်ဟု သင် ဆိုနိုင်သည်။ လေစီးဆင်းမှုသည် လူ့မျက်လုံးက မမြင်နိုင်သည့် လေဖြစ်သည်။ ၎င်းသည် ဓာတ်ငွေ့ ရွေ့လျားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ဤဆွေးနွေးမှုတွင် လေစီးဆင်းမှုက မည်သည့်အရာကို အဓိက ရည်ညွှန်းပါသနည်း။ ငါပြောလိုက်သည်နှင့် သင်တို့နားလည် ကြလိမ့်မည်။ ကမ္ဘာမြေကြီးသည် လည်ပတ်သည်နှင့်အမျှ တောင်များ၊ ပင်လယ်များနှင့် အရာခပ်သိမ်းကို သယ်ဆောင်ပြီး၊ ၎င်းလည်ပတ်သည့်အခါ၌ အလျင်အဟုန်ဖြင့် လည်ပတ်လေသည်။ ဤလည်ပတ်နေခြင်းနှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ သင်မခံစားရသော်လည်း မည်သို့ပင်ဆိုစေ ကမ္ဘာမြေ၏လည်ပတ်မှုက တည်ရှိနေသည်။ ၎င်း၏လည်ပတ်မှုက မည်သည့်အရာကို ဖန်တီး ဖြစ်ပေါ်စေသနည်း။ သင်ပြေးသည့်အခါ လေထွက်ပေါ်ပြီး သင့်နားရွက်များကို ဖြတ်သန်းသည် မဟုတ်လော။ သင်ပြေးသည့်အခါ လေကို ဖြစ်ပေါ်စေပါက၊ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အဘယ်သို့ လေမရှိနိုင်ရသနည်း။ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အရာခပ်သိမ်းသည် ရွေ့လျားနေ၏။ ၎င်းအပေါ်ရှိ အရာခပ်သိမ်းသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက် ဖွံ့ဖြိုးနေစဉ်တွင် ကမ္ဘာမြေကြီး ကိုယ်တိုင်သည် ရွေ့လျားနေပြီး အရှိန်တစ်ခုဖြင့် လည်ပတ်နေ၏။ ထို့ကြောင့် အရှိန်တစ်ခုဖြင့် လှုပ်ရှားမှုက လေစီးဆင်းမှုကို အလိုအလျောက် ပေါ်ပေါက် စေပေလိမ့်မည်။ ဤသည်မှာ “လေစီးဆင်းမှု” ဖြင့် ငါ ဆိုလိုသည့်အရာဖြစ်သည်။ ဤလေစီးဆင်းမှုသည် လူ့ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ထိခိုက်စေသည် မဟုတ်လော။ တိုင်ဖုန်းမုန်တိုင်းများကို စဉ်းစားကြည့်လော့- သာမန်တိုင်ဖုန်း မုန်တိုင်းများသည် အထူးတလည် အားမကောင်းသော်လည်း၊ ၎င်းတို့တိုက်ခတ်သည့်အခါ လူတို့သည် တည်ငြိမ်စွာ ရပ်ပင် မရပ်နိုင်ကြသကဲ့သို့၊ လေထဲတွင် လမ်းလျှောက်ရန် ၎င်းတို့အတွက် ခက်ခဲလေသည်။ ခြေတစ်လှမ်းသည်ပင် ခက်ခဲပြီး၊ လူအချို့သည် တစ်စုံတစ်ရာနှင့် တိုးဝှေ့ရိုက်ခတ်ခံရပြီး၊ လှုပ်ရှား၍ မရကြပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို လေစီးဆင်းမှု သက်ရောက်နိုင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ ကမ္ဘာမြေကြီး တစ်ခုလုံးသည် လွင်ပြင်များနှင့် ဖုံးလွှမ်းနေပါက ကမ္ဘာမြေကြီးနှင့် အရာခပ်သိမ်း လည်ပတ်သည့်အခါတွင် ထိုသို့ဖြင့် ဖြစ်ပေါ်သည့် လေစီးဆင်းမှုကို လူ၏ ခန္ဓာကိုယ်က လုံးဝ ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သော အခြေအနေတစ်ခုကို တုန့်ပြန်ဖို့ အလွန့်အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့သာဖြစ်ခဲ့မည်ဆိုပါက၊ ထိုသို့သော လေစီးဆင်းမှုသည် လူသားမျိုးနွယ်ကို အန္တရာယ် ယူဆောင်မည်ဖြစ်သည်သာမက၊ လုံးဝ ပျက်စီးခြင်းလည်း ယူဆောင် လာမည်ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်၌ လူသားများ ရှင်သန်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်က ထိုသို့သော လေစီးဆင်းမှုကို ဖြေရှင်းဖို့ မတူကွဲပြားသောပတ်ဝန်းကျင်များကို ဖန်တီးရသည့် အကြောင်းရင်းဖြစ်သည်- မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် လေစီးဆင်းမှုများသည် ပိုမိုအားနည်းသွား၏၊ ၎င်းတို့၏ ဦးတည်ရာ ပြောင်းလဲသွား၏၊ ၎င်းတို့၏အမြန်နှုန်းနှင့် အရှိန်တို့ ပြောင်းလဲလေသည်။ ဤသည်မှာ လူတို့က တောင်များ၊ တောင်တန်းများ၊ လွင်ပြင်များ၊ တောင်ကုန်းများ၊ မြစ်ဝှမ်းများ၊ ချိုင့်ဝှမ်းများ၊ ကုန်းပြင်မြင့်များနှင့် မြစ်ကြီးများကဲ့သို့ မတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များကို တွေ့နိုင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤမတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များနှင့်အတူ၊ လေစီးဆင်းမှု၏ အမြန်နှုန်းတစ်ရပ်၊ ဦးတည်ရာ နှင့် အရှိန်တို့ကို ဘုရားသခင် ပြောင်းလဲလေသည်။ ဤသည်မှာ လူသားများအနေဖြင့် အသက်ရှင်ဖို့ ပုံမှန်ပတ်ဝန်းကျင် တစ်ရပ် ရှိနိုင်ဖို့အလို့ငှာ၊ လေစီးဆင်းမှုကို သင့်တော်သည့် လေတိုက်နှုန်း၊ ဦးတည်ရာနှင့် ပြင်းအားတို့ရှိသည့် လေအဖြစ် လျှော့ချဖို့ သို့မဟုတ် ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့ သူအသုံးပြုသော နည်းလမ်းဖြစ်သည်။ ဤအရာ လိုအပ်မှုရှိပါသလော။ (လိုအပ်မှု ရှိပါသည်။) ဤသို့သော အရာတစ်ခုကို လုပ်ဆောင်ခြင်းသည် လူတို့အတွက် ခက်ခဲပုံရသော်လည်း၊ ဘုရားသခင်သည် အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာသောကြောင့် သူ့အတွက် လွယ်ကူပေသည်။ လူသားမျိုးနွယ်အတွက် သင့်တော်သော လေစီးဆင်းမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်မှာ သူ့အတွက် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းထားသည့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွင်းရှိ အမှုအရာတစ်ခုစီသည် မရှိမဖြစ်လိုအပ်၏။ အမှုအရာ တစ်ခုစီတိုင်း၏ တည်ရှိခြင်းတွင် တန်ဖိုးနှင့် လိုအပ်မှု ရှိ၏။ သို့ရာတွင်၊ စာတန်နှင့် ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ဤအခြေခံ သဘောတရားကို နားမလည်ပေ။ ၎င်းတို့သည် တောင်များကို မြေပြန့်အဖြစ်ပြောင်းလဲခြင်း၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြည့်ခြင်းနှင့် ကွန်ကရစ် တောကြီးမျက်မည်းကို ဖန်တီးရန် မြေပြန့်တွင် မိုးမျှော်တိုက်များ တည်ဆောက်ခြင်း နှင့်ဆိုင်သော အချည်းနှီးအိပ်မက်ဖြင့် ဖျက်ဆီးပြီးရင်း ဖျက်ဆီးကာ၊ တည်ဆောက်ပြီးရင်း တည်ဆောက်ကာ၊ ဖွံဖြိုးတိုးတက်ရင်း တိုးတက်ပြီး၊ အမြတ်ထုတ်ပြီးရင်း ထုတ်နေကြလေသည်။ လူသားမျိုးနွယ်အနေဖြင့် ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့၊ ပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးပြီး ၎င်းတို့အတွက် သူပြင်ဆင်ထားသော ဤအသင့်တော်ဆုံး ပတ်ဝန်းကျင်၌ နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို သူပြုစုသည့်နည်းလမ်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ အရေးမစိုက်ဘဲမနေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ လူတို့၏ ကိုယ်ခန္ဓာများနှင့် ၎င်းတို့ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့သည် သဘာဝအခြေအနေများမှ နှောင့်ယှက်မှု တစ်စုံတစ်ရာမျှ မခံရဘဲ၊ ယင်းအစား၊ သဟဇာတဖြစ်‌သည့် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် အရာခပ်သိမ်းတို့နှင့်အတူ လူသားမျိုးနွယ်သည် ပုံမှန်အသက်ရှင် နေထိုင်ပြီး မျိုးပွားနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် အပူချိန်မှ လေအထိ၊ အသံမှ အလင်းအထိ ရှုပ်ထွေးသော အစီအစဉ်များနှင့် အစီအမံများကို ပြုခဲ့၏။ ဤအရာအားလုံးကို ဘုရားသခင်က အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အဖို့ ထောက်ပံ့ပေးထား၏။

လူသား အသက်ရှင်သန်ရေးအတွက် ဤအခြေခံကျသော လိုအပ်ချက်ငါးခုကို ဘုရားသခင် စီစဉ်သည့်နည်းလမ်းတွင်၊ လူသားမျိုးနွယ်အတွက် သူမည်သို့ ထောက်ပံ့သည်ကို သင်မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဆိုလိုသည်မှာ၊ ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းသောအရှင်ဖြစ်ပြီး၊ ဤအရာများကို စီမံခန့်ခွဲကာ ထိန်းချုပ်၍လည်းနေ၏။ နှစ်ထောင်ပေါင်းများစွာ လူသား တည်ရှိပြီးနောက် ယခုတွင်ပင်လျှင်၊ ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် အပြောင်းအလဲများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်၊ ၎င်းတို့၏ ဘဝများသည် ပုံမှန်နည်းလမ်းတစ်ခုဖြင့် ထိန်းသိမ်း ထားနိုင်ရန်အလို့ငှာ အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော ပတ်ဝန်းကျင်ကို ၎င်းတို့အား ဆက်လက်ထောက်ပံ့ ပေးနေဆဲ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုကို အချိန်မည်မျှကြာ ထိန်းသိမ်း၍ရနိုင်သနည်း။ တစ်နည်းအားဖြင့်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က အချိန်မည်မျှကြာ ဆက်လက် ထောက်ပံ့ပေးနေလိမ့်မည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုကို အပြည့်အဝ ပြည့်စုံစေသည်အထိ ကြာလိမ့်မည်ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုများကို အလားတူ နည်းစနစ်များဖြင့် သူ ဖန်တီးမည်မှာ ဖြစ်ကောင်း ဖြစ်လိမ့်မည် သို့မဟုတ် ကွဲပြားသောနည်းနာများအားဖြင့် ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့ရာတွင် ယခု လူတို့ သိရမည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေခြင်း၊ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနေခြင်းနှင့်၊ ထိုပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနေခြင်း၊ ကာကွယ် ပေးနေခြင်းနှင့် စောင့်ရှောက် ပေးနေခြင်း ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ဖြင့်၊ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်ပုံစံတစ်ခုဖြင့် နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် အရာခပ်သိမ်း ဆက်လက်ရှင်သန်ပြီး ဘုရားသခင်ထံမှ ထိုသို့သော ထောက်ပံ့မှုများကြောင့် လူသားမျိုးနွယ် အားလုံး ရှေ့ဆက်ကြခြင်း ဖြစ်သည်။

ငါတို့ မိတ်သဟာယ၏ ဤနောက်ဆုံးပိုင်းသည် သင်တို့ကို အတွေးသစ်များ တစ်ခုတစ်လေ ယူဆောင်ပေးခဲ့ပါသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခု သင်တို့ သတိပြုမိလာကြပြီလော။ နောက်ဆုံးတွင်၊ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ လူသားလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်နှင့် လူသားတို့ ဆက်ဆံပုံကြား ကွာခြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်ကာ စီစဉ်ပြီး လူသားကမူ ထိုအရာတို့ကို မွေ့လျော်ခံစားပါ၏။) ဤအရာကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အုပ်ချုပ်ကာ ထောက်ပံ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာရာ၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ ပေးစဉ် လူသားမျိုးနွယ်က ထိုအရာကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ၊ အရာခပ်သိမ်းကို သူမွေ့လျော် ခံစားရသည်။ ဘုရားသခင်သည် ဆရာသခင်ဖြစ်ပြီး၊ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း အကျိုးတရားများကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၏။ သို့ဆိုလျှင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်း ရှုထောင့်မှ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း ဖွံ့ဖြိုးကြီးထွားမှုပုံ နှင့်ဆိုင်သော နိယာမများကို ရှင်းလင်းစွာမြင်နိုင်ပြီး၊ ဤနိယာမများကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ဘုရားသခင်၏မြင်ကွင်း အတွင်းနှင့် သူ၏ စစ်ဆေးမှုနယ်ပယ် အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမျိုးနွယ် မြင်နိုင်သည့်အရာမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိသည့်အရာ ထိသာ ကန့်သတ်ထား၏။ ထိုတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ထိုတောင်သာ ဖြစ်၏။ ထိုတောင်၏ အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ကမ်းခြေသို့ သွားပါက သင် မြင်သည့်အရာမှာ သမုဒ္ဒရာ၏ တစ်ဘက်ခြမ်းသာ ဖြစ်ပြီး သမုဒ္ဒရာ၏ အခြားတစ်ဘက်က အဘယ်အရာနှင့်တူသည်ကို သင် မသိနိုင်ပေ။ သင်သည် သစ်တော တစ်ခုထဲသို့ သွားပါက၊ သင်၏ရှေ့နှင့် သင်၏အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်သော်လည်း၊ သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူသားများသည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍ နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့ မြင်နိုင်သမျှမှာ ၎င်းတို့၏ ရှေ့တည့်တည့်၊ ၎င်းတို့၏ အမြင်အာရုံ နယ်ပယ်အတွင်း ရှိသည့်အရာ ဖြစ်သည်။ လူတို့အနေဖြင့် နှစ်ကာလ၏ လေးရာသီကို ချမှတ်သည့် နိယာမများ သို့မဟုတ် အရာခပ်သိမ်း ကြီးထွားဖွံ့ဖြိုးမှုပုံစံနှင့်ဆိုင်သည့် နိယာမများကို သိလျှင်ပင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲ၍မရနိုင်သေးပေ သို့မဟုတ် စေစား၍ မရနိုင်သေးပေ။ သို့တိုင် အရာခပ်သိမ်းကို ဘုရားသခင် မြင်ပုံမှာမူ သူကိုယ်တိုင် တည်ဆောက်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့သာ ဖြစ်သည်။ သူသည် ပါဝင်သည့် ပစ္စည်းတိုင်း၊ ဆက်သွယ်မှုတိုင်း၊ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ၎င်း၏ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို အလွန် အကျွမ်းဝင်ပေသည်- ဤအရာ အားလုံးကို ဘုရားသခင်သည် အရှင်းလင်းဆုံး အတိုင်းအတာဖြင့် သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်၏။ လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ စင်စစ်အားဖြင့် ဘုရားသခင်အရာခပ်သိမ်းကို ထိန်းချုပ်သည်မှာ ယင်းက လူသားအတွက် အနန္တ ထိန်းချုပ်မှုတည်း။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤသိနားလည်မှု တစ်ရပ်သို့ သင်ရောက်ရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကို စစ်မှန်စွာ သင် သိမှတ်လိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ့ကို သင်၏ဘုရားသခင် နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုသို့သော သိနားလည်မှုတစ်ရပ်ရှိပြီး သင်၏အသက်တာက ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို နားလည်လိမ့်မည်၊ သူ၏ စိတ်နှလုံးကို သိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် လက်ခံပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို နောက်ထပ် စမ်းသပ်ကာ တရားစီရင်တော့မည်မဟုတ်သကဲ့သို့၊ သင့်အပေါ် မည်သည့် တောင်းဆိုမှုမျှ ပြုလိမ့်မည် မဟုတ်တော့ပေ။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စိုးမိုးမှုနှင့် စီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုဖို့ အရေးကြီးသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လူတို့အား အသိပညာနှင့် သိနားလည်မှုတို့ကို သာ၍ပေးရန် ရည်ရွယ်ပေသည်- သင့်ကို ဝန်ခံစေရုံမျှသာမက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သာ၍ လက်တွေ့ကျသော နည်းလမ်းဖြင့် သင့်ကို သိရှိစေကာ နားလည်စေဖို့ ဖြစ်သည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက်

ယခုလေးတင်၊ အများစုအားဖြင့် ပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းနှင့် ပတ်သက်၍ ကမ္ဘာလောကကို ဘုရားသခင် ဖန်ဆင်းကတည်းက လူသား ရှင်သန်ရေးအတွက် ဘုရားသခင် ပြင်ဆင်ပေးခဲ့သည့် လိုအပ်သော အခြေအနေများကို အတိအကျ ငါတို့ ပြောဆိုခဲ့ကြသည်။ ငါတို့သည် အချက်ငါးချက်၊ ပတ်ဝန်းကျင်၏ လိုအပ်ချက်ငါးခုအကြောင်းကို ပြောခဲ့ကြသည်။ ငါတို့ပြောမည့် နောက်ထပ် အကြောင်းအရာမှာ လူသား၏ ရုပ်ပိုင်းဆိုင်ရာ ဘဝတိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်ပြီး၊ ယင်းသည် ထိုဘဝနှင့် ၎င်း၏ သတ်မှတ်ထားသည့် အခြေအနေများကို ပိုမိုကြီးမားစွာ ပြည့်စုံခြင်းတစ်ခုနှင့် ယခင်အချက်ငါးချက်ထက် သာ၍ သက်ဆိုင်သည်။ အတိအကျပြောရသော်၊ ယင်းမှာ လူတို့ စားသည့် အစာဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး ဘဝအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုတွင် ထားရှိခဲ့၏။ နောက်ပိုင်းတွင်၊ လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ဤလိုအပ်ချက်ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် အလားတူ လိုက်လျောညီထွေသော ပြင်ဆင်မှုများကို သူ့အတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီနှင့် သူပြုသည့် အရာတစ်ခုစီသည် ပြောထားသည့် အနှစ်မဲ့ စကားများမဟုတ်ဘဲ၊ လုပ်ဆောင်ထားသည့် စစ်မှန်ပြီး လက်တွေ့ကျသော လုပ်ရပ်ဖြစ်သည်။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိမဖြစ် မဟုတ်လော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူ အရေးကြီးကြ၏။ နှစ်ခုလုံးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ကာကွယ်ခြင်းအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ မည်သည့်အရာ သာ၍ အရေးကြီးသလော- လေ သို့မဟုတ် ရေလော။ အပူချိန်လော သို့မဟုတ် အစာလော။ ၎င်းတို့အားလုံး တန်းတူ အရေးကြီးကြ၏။ လူတို့သည် ၎င်းတို့ထဲမှ တစ်ခုတစ်လေမရှိဘဲ မနေနိုင်ကြသောကြောင့် ၎င်းတို့ကြား မရွေးချယ်နိုင်ကြချေ။ ဤသည်မှာ စစ်မှန်ပြီး လက်တွေ့ကျသော ပြဿနာဖြစ်သည်၊ အမှုအရာများကြား သင်၏ ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာကို တွေ့သောအခါ၊ “အစာမရှိဘဲ ငါမနေနိုင်” ဟု ထင်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးနောက် ချက်ချင်း၊ သင် အစာလိုအပ်သည်ကို သိခဲ့ပါသလော။ သင် မသိခဲ့၊ သို့သော် ဘုရားသခင် သိခဲ့၏။ အစာလိုအပ်သည်ကို သင် နားလည်ခဲ့သည်မှာ သင်သည် ဆာလောင်လာပြီး သင် စားဖို့အတွက် သစ်ပင်များအပေါ်က အသီးများနှင့် မြေကြီးပေါ်က အစေ့အဆန်များကို တွေ့ခဲ့ချိန်မှသာ ဖြစ်သည်။ ရေလိုအပ်သည်ကို သင် နားလည်ခဲ့သည်မှာ သင်သည် ရေဆာလာပြီး စမ်းရေတစ်ခုကို မြင်လိုက်သောအခါ- သောက်သောအခါမှသာ ဖြစ်သည်။ ဘုရားသခင်က ရေကို လူသားအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တစ်နေ့ သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍ စားသည်ဖြစ်စေ၊ အတိုချုပ်အနေဖြင့် အစာသည် လူတို့၏ နေ့စဉ်ဘဝများတွင် မရှိမဖြစ် အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ကိုယ်ခန္ဓာ ပုံမှန်၊ ဆက်လက်ရှင်သန်မှုကို ထိန်းသိမ်းဖို့ လိုအပ်သော အရာများထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အစာအများစုသည် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ယင်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ မြေကြီးသည် သစ်ပင်များ၊ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးအစားများစွာ၏ ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားမျိုးနွယ် အတွက် အစေ့အဆန်မျိုးစုံ၏ မျိုးစေ့များနှင့် အခြားအစာ အမျိုးမျိုးတို့၏ မျိုးစေ့များကို ပြင်ဆင်ခဲ့ပြီး မျိုးကြဲဖို့ သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ကို လူသားမျိုးနွယ်အား ပေးခဲ့ကာ ဤအရာများနှင့်အတူ လူသားမျိုးနွယ်သည် အစားအစာ ရရှိလေသည်။ အစာအမျိုးမျိုးမှာ မည်သည့်အရာများ ဖြစ်ကြသနည်း။ သင်တို့ သိနှင့်ပြီးဖြစ်နိုင်သည်။ ပထမဦးစွာ၊ အစေ့အဆန် အမျိုးမျိုးရှိ၏။ မည်သည့် မတူကွဲပြားသော အစေ့အဆန် အမျိုးအစားများ ရှိသနည်း။ ဂျုံ၊ ကောက်ပဲသီးနှံနှင့် အခြား အခွံပါသည့် အစေ့အဆန် အမျိုးအစားများ ဖြစ်သည်။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံ စသဖြင့် ကောက်နှံပင်များလည်း တောင်ပိုင်းမှ မြောက်ပိုင်းအထိ မတူကွဲပြားသော အမျိုးအစား စုံစုံလင်လင်ဖြင့် လာလေသည်။ ကွဲပြားသည့် မျိုးစိတ်များမှာ ကွဲပြားသည့် ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသည်။ တောင်ပိုင်းသည် ရာသီဥတု ပိုမိုပူပြင်းသောကြောင့် ဆန်လုံးပိုရှည်ကာ တောင်ပိုင်းမှ လူတို့အဖို့ သင့်တော်သည့် မိမိကိုယ်ပိုင် မျိုးကွဲများ ရှိသည်၊ ဆိုလိုသည်မှာ စေးကပ်လွန်းခြင်း မရှိသည့် အင်ဒိက (indica) ဆန်ကဲ့သို့ မျိုးကွဲများကို ဒေသခံလူတို့က စားသုံးရလေသည်။ ၎င်းတို့၏ ဆန်မှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့ စားချင်စိတ်ကုန်ပြီး ခံတွင်းတွေ့နိုင်ကြမည် မဟုတ်ပေ။ မြောက်ပိုင်းသည် အမြဲတမ်း ပိုအေးသောကြောင့် ထိုနေရာက လူတို့သည် ပိုမိုစွဲမြဲသည့်အရာများကို စားရသည်နှင့်အမျှ၊ မြောက်ပိုင်းသားများသည် ပိုစေးကပ်သော ဆန်ကို စားကြ၏။ ထို့အပြင် မြေပြင်အထက်တွင် ပေါက်ရောက်သည့် ပဲမျိုးကွဲများစွာနှင့် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြား အရာများစွာကဲ့သို့သော မြေအောက်တွင် ပေါက်သည့် အမြစ်ဟင်းသီးဟင်းရွက်များလည်း ရှိ၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းတွင် အာလူးများ၏ အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာ အစေ့အဆန်များ မရှိသည့်အခါ အာလူးသည် အဓိက အစားအစာအဖြစ် ၎င်းတို့ကို တစ်နေ့သုံးနပ် စားနေနိုင်စေ၏။ အာလူးကို အရန်အစားအစာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်။ ကန်စွန်းဥ၏ အရည်အသွေးသည် အာလူး၏ အရည်အသွေးထက် အတော်အတန် မကောင်းသော်လည်း၊ ၎င်းတို့ကို နေ့စဉ်အစာ သုံးနပ်ပြည့်ရန် အဓိက အစားအစာတစ်ခုအဖြစ် အသုံးပြုနိုင်သေး၏။ အစေ့အဆန်များ ရဖို့ ခက်ခဲသည့်အချိန်တွင်၊ လူတို့သည် ကန်စွန်းဥများဖြင့် ဆာလောင်မှုကို တွန်းလှန်နိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူ အသုံးပြုနိုင်ပြီး ယင်းသည်လည်း အဓိကအစားအစာတစ်ခုအဖြစ် ဖြည့်ဆည်းနိုင်သည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အစားအသောက် အတွက် လိုအပ်သည့် အစိတ်အပိုင်းများဖြစ်သော အမျိုးမျိုး ကွဲပြားသော အစေ့အဆန်များစွာ ဖြစ်၏။ လူတို့သည် အစေ့အဆန် အမျိုးမျိုးကို ပေါင်မုန့်၊ ပေါက်စီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများ ပြုလုပ်ရန် အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန် အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနားထား၏။ မျိုးကွဲပေါင်းမြောက်မြားစွာ အဘယ်ကြောင့် ရှိသည်မှာ ဘုရားအလိုတော်နှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့နှင့် အနောက်ပိုင်းတို့၏ မတူကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများတွင် သင့်တော်စွာ ပေါက်ရောက်ကြစဉ်တွင်၊ ၎င်းတို့၏ အမျိုးမျိုးသော ပေါင်းစပ်ဖွဲ့စည်းမှုများနှင့် ပါဝင်ပစ္စည်းများသည် လူ့ခန္ဓာကိုယ်၏ အမျိုးမျိုးသော ပေါင်းစပ်ဖွဲ့စည်းမှုများ၊ ပါဝင်ပစ္စည်းများနှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများက လိုအပ်သည့် အာဟာရများနှင့် ဒြပ်အမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း၊ ၎င်းတို့တွင် ကွဲပြားမှုများထက် တူညီချက်များ သာ၍များပြားစွာ ရှိသည်။ ၎င်းတို့နှစ်ခုလုံးသည် လူ့ခန္ဓာကိုယ်၏ ပုံမှန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ ပုံမှန်ရှင်သန်မှုကို ထောက်ပံ့ ပေးနိုင်သည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်သည် ဤမတူကွဲပြားသော အစားအစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့် ဒေသအသီးသီးတွင် ထုတ်လုပ်သည့် မျိုးစိတ်များ အလျှံပယ် ရှိလေသည်- ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန် တည်ရှိခြင်းကို ထိန်းသိမ်းဖို့၊ ပုံမှန်လူ့ဘဝကို အသက်ရှင်နေထိုင်နိုင်ဖို့အလို့ငှာ မြေဆီလွှာမှ ပေါက်သည့် အစာအမျိုးမျိုးဖြင့် ထောက်ပံ့ခံရဖို့ လိုအပ်ကြ၏။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အလွန်ထောက်ထားခဲ့၏။ လူတို့အပေါ် ဘုရားသခင်ပေးသနားသော အစာအမျိုးမျိုးသည် မရိုးရှင်းပေ- ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် လွန်စွာ မျိုးစုံကြသည်။ လူတို့သည် ကောက်နှံများကို စားလိုပါက စားနိုင်၏။ လူအချို့က ဆန်ထက် ဂျုံကို ပိုမိုနှစ်သက်ကြပြီး၊ ဂျုံကို မကြိုက်ပါက ဆန်စားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန်မျိုးစုံရှိပြီး အသီးသီးက လူတို့၏စားချင်စိတ်များကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက- ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင် လွန်းသရွေ့- အာဟာရချို့တဲ့မည်မဟုတ်သကဲ့သို့ သေသည်အထိ ကျန်းမာစွာနေနိုင်ရန် သေချာသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့ချိန်က ဘုရားသခင်၏စိတ်ထဲတွင်ရှိခဲ့သော စိတ်ကူး ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိ၍ မရပေ- ယင်းသည် လက်တွေ့အရှိတရား မဟုတ်လော။ ဤအရာများသည် လူက မိမိဘာသာ မဖြေရှင်းနိုင်သည့် လက်တွေ့ကျသော ပြဿနာများ ဖြစ်သော်လည်း ၎င်းတို့အတွက် ဘုရားသခင်က ပြင်ဆင် ပေးခဲ့ပေသည်။ သူက ထိုအရာများကို ကြိုတင်၍ တွေးခဲ့ပြီး လူသားမျိုးနွယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်အား ပေးခဲ့သည့်အရာအားလုံး မဟုတ်ချေ- လူသားမျိုးနွယ်ကို သူက ဟင်းသီးဟင်းရွက်များကိုလည်း ပေးခဲ့သေး၏။ အခြားမည်သည့် အရာမျှမပါဘဲ ထမင်းနှင့်ပတ်သက်၍ သင်စားသမျှမှာ ထမင်းသာ ဖြစ်ပါက၊ သင့်အနေဖြင့် လုံလောက်သော အာဟာရဓာတ်များ ရရှိကောင်းရရှိနိုင်မည် မဟုတ်။ တစ်နည်းအားဖြင့်၊ သင်၏ အစာများနှင့်အတူ စားရန် ဟင်းသီးဟင်းရွက်အနည်းငယ် ကြော်လိုက်ပါက သို့မဟုတ် အသုပ်တစ်ပွဲ ရောစပ်လိုက်ပါက၊ ဟင်းသီးဟင်းရွက်များတွင်ရှိသည့် ဗီတာမင်များနှင့် ၎င်းတို့၏ အမျိုးမျိုးသော မရှိမဖြစ်လိုအပ်သည့် ဓာတုပစ္စည်းများနှင့် အခြားအာဟာရများသည် သင့်ခန္ဓာကိုယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ အလိုအလျောက် ထောက်ပံ့ပေးနိုင်လိမ့်မည်။ ပြီးလျှင် လူတို့သည် အစာများကြားတွင် အသီးအနှံအနည်းငယ်ကိုလည်း စားနိုင်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် အရည်များ၊ သို့မဟုတ် အခြားအာဟာရများ၊ သို့မဟုတ် ကွဲပြားသည့် အရသာများ လိုအပ်ပြီး၊ ဤလိုအပ်ချက်များကို ဖြည့်ဆည်းဖို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ရှိလေသည်။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့သည် မတူကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများ ရှိသည်နှင့်အမျှ၊ မတူကွဲပြားသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို ထုတ်လုပ်ကြလေသည်။ တောင်ပိုင်း ရာသီဥတုသည် ပူလွန်းသည့်အတွက်၊ ထိုနေရာက အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် အများစုသည် စားသည်နှင့်တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို မျှစေနိုင်သည့် အေးစေသော အမျိုးအစားများဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ မြောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ မျိုးကွဲများ ပိုနည်းပါး၏၊ သို့တိုင် ဒေသခံတို့အတွက် လုံလောက်၏။ သို့ရာတွင် များမကြာမီနှစ်များတွင် လူမှုအဖွဲ့အစည်းထဲက ဖွံ့ဖြိုးတိုးတက်မှုများ နှင့် လူမှုရေးတိုးတက်မှုများဟု ဆိုသည့်အရာအပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့နှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် တိုးတက်မှုများကြောင့်၊ မြောက်ပိုင်းသားများသည်လည်း တောင်ပိုင်းက သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ သို့မဟုတ် ဒေသန္တရ ထွက်ကုန်များကို စားသုံးနိုင်ကြပြီး၊ တစ်နှစ် လေးရာသီပတ်လုံးပင် ထိုသို့ စားနိုင်ကြ၏။ ဤအရာက လူတို့၏ စားချင်စိတ်များနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ဖြည့်ဆည်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာများသည် ကွဲပြားသည့် ဘေးအန္တရာယ်အဆင့်များကို အမှတ်တမဲ့ ခံရကြ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော အစားအစာများထဲတွင် တောင်ပိုင်းသားတို့အတွက် ရည်ရွယ်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များရှိသည့်အပြင် မြောက်ပိုင်းသားတို့အတွက် ရည်ရွယ်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တောင်ပိုင်း၌ မွေးပါက၊ တောင်ပိုင်းမှ အရာများကို စားခြင်းသည် သင့်အတွက် သင့်တော်၏။ တောင်ပိုင်း၌ သီးခြားရာသီဥတုရှိသောကြောင့်၊ ဘုရားသခင်က ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို တိတိကျကျ ပြင်ဆင်ထားခြင်းဖြစ်၏။ မြောက်ပိုင်းသည် မြောက်ပိုင်းသားတို့၏ ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အစားအစာရှိ၏။ သို့တိုင် လူတို့သည် အငမ်းမရ စားချင်သောက်ချင်စိတ်များ ရှိသောကြောင့် ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဒီရေထဲတွင် မိမိတို့ကိုယ်ကိုယ် တွန်းပို့ခံရဖို့ အမှုမဲ့အမှတ်မဲ့ ခွင့်ပြုခဲ့ကြပြီး ဤနိယာမများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်မိနေကြ၏။ လူတို့အနေဖြင့် ၎င်းတို့၏ဘဝများသည် ယခင်ထက် ပိုကောင်းမွန်သည်ဟု ခံစားရသော်လည်း၊ ဤကဲ့သို့သော လူမှုအဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုမျိုးသည် အရေအတွက် ပိုမိုများပြားနေသော လူတို့၏ကိုယ်ခန္ဓာများအဖို့ မသိမသာ စိမ့်ဝင်ပျံ့နှံ့တတ်သော အန္တရာယ်ကို ဖြစ်စေလေသည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသောအရာ မဟုတ်သကဲ့သို့ ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို လူသားမျိုးနွယ်အား ပေးခဲ့ချိန်တွင် သူရည်ရွယ်ခဲ့သည့် အရာမဟုတ်ပေ။ လူသားများ ကိုယ်၌က ဘုရားသခင်၏ နိယာမများကို ချိုးဖောက်ခြင်းဖြင့် လက်ရှိအခြေအနေကို ဖြစ်စေပြီဖြစ်သည်။

ထိုအရာများအားလုံးအပြင်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားထားသော ရက်ရောမှုသည် အမှန်တကယ် များပြား ကြွယ်ဝပြီး၊ နေရာသီးသီးသည် မိမိ၏ဒေသထွက်ကုန် ရှိ၏။ ဥပမာအားဖြင့်၊ အချို့အရပ်များသည် (ဂျူဂျူဘီဟု လူအများ သိကြသည့်) စွံပလွန်သီးအနီများ ပေါကြွယ်သည်၊ အခြား အရပ်များသည် သစ်ကြားသီးတွင် ပေါကြွယ်ဝပြီး၊ အခြားအရပ်များက မြေပဲ၊ သို့မဟုတ် အခြားအခွံမာသီးအမျိုးမျိုး ပေါကြွယ်၏။ ဤရုပ်ဝတ္ထုပစ္စည်းများအားလုံးက လူ့ခန္ဓာကိုယ် လိုအပ်သည့် အာဟာရများကို ထောက်ပံ့ပေးသည်။ သို့သော် ဘုရားသခင်သည် နှစ်၏ ရာသီဥတုနှင့် အချိန်အခါအလိုက် လူသားမျိုးနွယ်ကို အမှုအရာများကို မှန်ကန်သည့် ပမာဏနှင့် မှန်ကန်သည့် အချိန်တွင် ထောက်ပံ့ပေးလေသည်။ လူသားမျိုးနွယ်သည် ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တပ်မက်ကာ အငမ်းမရဖြစ်ကြသဖြင့်၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ချိန်က လူသားကြီးထွားမှုနှင့်ဆိုင်သော သဘာဝ နိယာမများကို ချိုးဖောက်ပြီး ထိခိုက်ပျက်စီးစေရန် လွယ်ကူလျက် နေစေသည်။ ဥပမာအနေဖြင့် ချယ်ရီသီးကို ကြည့်ကြစို့။ ၎င်းတို့သည် ဇွန်လတွင် ရင့်မှည့်လာကြသည်။ ပုံမှန်အခြေအနေများအောက်တွင်၊ သြဂုတ်လရောက်သည်နှင့် ချယ်ရီသီးများ မကျန်တော့ပေ။ ချယ်ရီသီးများကို နှစ်လသာ လတ်လတ်ဆတ်ဆတ် သိမ်းထား၍ရ၏၊ သို့သော် သိပ္ပံနည်းကျ နည်းပညာများကို အသုံးပြုခြင်းဖြင့်၊ လူတို့သည် ယခုအခါ ထိုကာလကို ၁၂ လအထိ၊ နောက်နှစ် ချယ်ရီရာသီအထိပင် တိုးနိုင်ကြ၏။ ဤသည်မှာ ချယ်ရီသီးများ တစ်နှစ်ပတ်လုံး ရှိသည်ဟု ဆိုလိုသည်။ ဤဖြစ်ရပ်သည် မူမှန်သလော။ (မူမမှန်ပါ။) သို့ဖြစ်လျှင် ချယ်ရီသီးများကို စားသုံးရန် အကောင်းဆုံးရာသီသည် မည်သည့်အချိန်ဖြစ်သနည်း။ ယင်းသည် ဇွန်လမှ သြဂုတ်လအထိ ကာလဖြစ်ပေမည်။ ဤအချိန်ကို လွန်သွားလျှင် ၎င်းတို့ကို သင်မည်မျှ လတ်ဆတ်စွာ သိမ်းထားစေကာမူ အရသာတူမည် မဟုတ်သကဲ့သို့၊ လူ့ခန္ဓာကိုယ်မှ လိုအပ်သည့်အရာကိုလည်း မထောက်ပံ့ချေ။ ၎င်း၏သက်တမ်း ကုန်သည့်ရက်စွဲ ကျော်လွန်သည်နှင့်၊ သင့်အနေဖြင့် မည်သည့် ဓာတုပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ၊ သဘာဝအတိုင်း သင်စိုက်ပျိုးသည့်အခါ ၎င်းတို့ ရှိသည့် အရာတိုင်းဖြင့် ၎င်းတို့ကို သင် ပြည့်ဝစေနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင်၊ ထိုဓာတုပစ္စည်းများက လူသားများကို လုပ်ဆောင်သည့် ထိခိုက်မှုသည် ၎င်းတို့ မည်သည့်အရာ ကြိုးစားပါစေ၊ မည်သူမျှ ဖြေရှင်း သို့မဟုတ် ပြောင်းလဲ၍ မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လက်ရှိဈေးကွက်စီးပွားရေးသည် လူတို့ထံ မည်သည့်အရာ ယူဆောင် လာသနည်း။ လူတို့၏ဘဝများ ပိုကောင်းလာပုံရသည်၊ အရပ်ဒေသများကြား သယ်ယူပို့ဆောင်ရေးက အလွန်အဆင်ပြေ လာပြီးဖြစ်ကာ လူတို့သည် လေးရာသီ၏ မည်သည့်ရာသီတွင်မဆို အသီးအနှံမျိုးစုံ စားနိုင်ကြ၏။ မြောက်ပိုင်းသားတို့သည် တောင်ပိုင်းမှ ငှက်ပျောသီးများအပြင် ဒေသထွက် မည်သည့်စားကောင်း သောက်ဖွယ်များကိုမဆို၊ သစ်သီးဝလံ သို့မဟုတ် အခြားအစားအစာကို စားနိုင်ကြ၏။ သို့ရာတွင် ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်ပေးလိုသည့် ဘဝမဟုတ်ပေ။ ဤကဲ့သို့သော ဈေးကွက်စီးပွားရေးမျိုးသည် လူတို့၏ဘဝများကို အကျိုးကျေးဇူးအချို့ ယူဆောင်ကောင်းယူဆောင်လာနိုင်သော်လည်း အန္တရာယ်ကိုလည်း ယူဆောင်လာနိုင်ပေသည်။ ဈေးထဲ၌ အလျှံပယ် ပေါများမှုကြောင့် များစွာသောလူတို့သည် ၎င်းတို့၏ ပါးစပ်များထဲသို့ မည်သည့်အရာ ထည့်နေသည်ကို တွေးတောခြင်းမရှိဘဲ စားကြ၏။ ၎င်းတို့၏ အပြုအမူသည် သဘာဝနိယာမများကို ချိုးဖောက်လျက်ရှိပြီး လုတို့၏ကျန်းမာရေးကို အန္တရာယ်ရှိစေ၏။ ထို့ကြောင့် ဈေးကွက်စီးပွားရေးသည် လူတို့ကို စစ်မှန်သော ပျော်ရွှင်မှု မယူဆောင်ပေးနိုင်ပေ။ သင်ကိုယ်တိုင် ကြည့်လော့။ ဈေးထဲ၌ စပျစ်သီးများကို လေးရာသီလုံး ရောင်းသည်မဟုတ်လော။ အမှန်တွင်၊ စပျစ်သီးများသည် ခူးဆွတ်ပြီးနောက် တိုတောင်းသော အချိန်ကာလ တစ်ခုသာ လတ်ဆတ်နေ၏။ နောက်နှစ် ဇွန်လအထိ ထားပါက၊ ၎င်းတို့ကို စပျစ်သီးများဟုခေါ်၍ ရသေးသလော။ “အမှိုက်” သည် ၎င်းတို့အတွက် ပိုကောင်းသော နာမည်တစ်ခု ဖြစ်မည်လော။ ၎င်းတို့၌ တကယ်ကို လတ်ဆတ်သော စပျစ်သီး၏ ဒြပ် မကင်းမဲ့ချေ- ၎င်းတို့အထဲတွင် ဓာတုပစ္စည်းများ ပို၍ရှိနေပေသည်။ တစ်နှစ် ကြာပြီးနောက်၊ ၎င်းတို့သည် မလတ်ဆတ်တော့သည်သာမက၊ ၎င်းတို့ရှိသည့် အာဟာရဓာတ်များ ကုန်ဆုံးသွားသည်မှာ ကြာပြီ ဖြစ်ပေသည်။ စပျစ်သီးများကို လူတို့စားသောအခါ- “ငါတို့ ကံကောင်း လိုက်ပါဘိ။ လွန်ခဲ့သည့်အနှစ် ၃၀ က ဤရာသီမှာ စပျစ်သီးစား၍ ရနိုင်ခဲ့ပါ့မည်လော။ စားချင်လျှင်ပင် စားနိုင်ခဲ့မည်မဟုတ်။ ဘဝက ယခု အင်မတန်ကောင်းလှသည်” ဟူသော ခံစားချက် ရှိကြသည်။ ဤသည်မှာ အမှန်တကယ် ပျော်ရွှင်မှုလော။ သင်စိတ်ဝင်စားပါက ဓာတုပစ္စည်းများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် စပျစ်သီးများကို ကိုယ်တိုင် သုတေသနပြုပြီး ၎င်းတို့ကို မည်သည့် အရာဖြင့် ပြုလုပ်ထားသည်ဆိုသည်နှင့် ဤဒြပ်ပစ္စည်းများက လူသားများအဖို့ အကျိုးပြုခြင်းရှိမရှိဆိုသည်တို့ကို ကြည့်နိုင်သည်။ ပညတ်တော်ခေတ်၌၊ ဣသရေလအမျိုးများသည် အဲဂုတ္တုပြည်ကို စွန့်ခွာခဲ့ပြီး ခရီးသွား နေခဲ့ကြချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ငုံးငှက်နှင့် မန္နမုန့်တို့ကို ပေးခဲ့၏။ ဘုရားသခင်သည် ၎င်းတို့အား ဤအရာများကို တာရှည်ခံအောင် လုပ်ခွင့်ပေးခဲ့သလော။ ၎င်းတို့ထဲမှ အချို့သည် ရေရှည်ကို မကြည့်တတ်သကဲ့သို့ နောက်နေ့၌ နောက်ထပ်မရှိတော့မည်ကို စိုးရိမ်ကြသောကြောင့်၊ နောင်အတွက် အချို့ကို ဖယ်ထားခဲ့ကြသည်။ ထို့နောက် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ နောက်တစ်နေ့တွင်၊ ယင်းသည် ပုပ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သင်ငတ်မွတ်မသွားစေဖို့ သေချာသည့် ပြင်ဆင်မှုများကို ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့်အတွက် အချို့ကို ဖယ်ထားဖို့ သင့်ကို ဘုရားသခင် ခွင့်မပြုပေ။ သို့သော် လူသားမျိုးနွယ်သည် ထိုသို့သော စိတ်ချယုံကြည်မှု မရှိသကဲ့သို့၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းဖို့ မိမိတို့ကိုယ်ကိုယ် အမြဲနေရာပေးချင်ကြပြီး၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ပြင်ဆင်မှုများနောက်ကွယ်က ဂရုစိုက်မှုနှင့် အတွေးတို့ကို လုံးဝ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ထိုအရာကို မခံစားနိုင်ကြ၊ ထို့ကြောင့် “ဘုရားသခင်၏ လုပ်ဆောင်မှုများက စိတ်မချရပေ။ ကျွန်ုပ်တို့ လိုအပ်သည့်အရာ ဘုရားသခင် ပေးမည်မပေးမည် သို့မဟုတ် မည်သည့်အချိန်တွင် ပေးမည်ကို မည်သူသိသနည်း။ ကျွန်ုပ် အလွန်ဆာလောင်ပြီး ဘုရားသခင်က မပေးလျှင်၊ ကျွန်ုပ် ငတ်မွတ်လိမ့်မည် မဟုတ်လော။ အာဟာရချို့တဲ့မည်မဟုတ်လော” ဟု အမြဲတွေးရင်း၊ ၎င်းတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်၌ အပြည့်အဝ မထားနိုင်ကြချေ။ လူသား၏ စိတ်ချယုံကြည်မှု မည်မျှမခိုင်လုံသည်ကို မြင်လော့။

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးမျိုးစုံ- ဤရာများအားလုံးသည် သက်သတ်လွတ် အစားအစာများ ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများ ဖြစ်ကြသော်လည်း လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် လုံလောက်သည့် အာဟာရဓာတ်များ ပါရှိ၏။ သို့ရာတွင် ဘုရားသခင်က၊ “လူသားမျိုးနွယ်ကို ဤအစားအစာများသာ ငါပေးမည်။ ဤအရာများကိုသာ ၎င်းတို့ စားကြပါလေ့စေ” ဟု မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌ မရပ်တန့်ခဲ့ဘဲ လူသားမျိုးနွယ်အတွက် သာ၍ပင် အရသာရှိသော နောက်ထပ် အစားအစာများစွာကို ဆက်လက်ပြင်ဆင်ပေးခဲ့၏။ ဤအစားအစာများမှာ အဘယ်နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ သူသည် လူသားအတွက် အသားငါး နှစ်မျိုးလုံးကို အလွန်များစွာ ပြင်ဆင်ခဲ့သည်။ ငါးများသည် ရေထဲ၌နေကြပြီး၊ ဒြပ်ပစ္စည်းအနေဖြင့် ရေထဲက ငါး၏ အသားသည် ကုန်းနေ တိရစ္ဆာန်များ၏ အသားနှင့် ကွာခြားကာ လူကို မတူကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါးသည်လည်း လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို ညှိပေးနိုင်သည့် ဂုဏ်သတ္တိများရှိပြီး၊ ယင်းသည် လူသားအဖို့ အလွန့်အလွန် အကျိုးပြုလေသည်။ သို့ရာတွင် အရသာကောင်းသည့်အစာကို အလွန်အကျွံ မစားရပေ။ ငါပြောပြီးသည့်အတိုင်း၊ လူတို့အနေဖြင့် ဘုရားသခင်၏ နှင်းအပ်မှုများကို ပုံမှန်နည်းလမ်းတစ်ခုဖြင့်၊ ရာသီဥတုနှင့် အချိန်ကာလနှင့်အညီ မှန်ကန်စွာ မွေ့လျော်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်တော်သည့်အချိန်တွင် သင့်တော်သည့် ပမာဏကို လူသားမျိုးနွယ်အပေါ် ပေးသနားလေသည်။ ဥစား၊ အသားစားအတွက် မွေးမြူသော ကြက်ဘဲများ အတန်းအစားတွင် မည်သည့် အစားအစာ အမျိုးအစားများ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ဖြစ်သည်။ လူများစွာက ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားမျိုးစုံကို ထောက်ပံ့ထားသော်လည်း သူ၏ရွေးချယ်ခြင်းခံရသူများနှင့် သက်ဆိုင်သော သတ်မှတ်ချက် အချို့ကို သူ ပြုလုပ်ခဲ့ပြီး ပညတ်တော်ခေတ်အတွင်းတွင် ၎င်းတို့၏ အစားအသောက်နှင့်ပတ်သက်၍ တိကျသည့် ကန့်သတ်ချက်များ ထားရှိခဲ့လေသည်။ ယနေ့ခေတ်တွင်၊ ဤကန့်သတ်ချက်များသည် တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်တိုင်ကိုယ်ကျ အနက်ပြန်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးရင်း၊ သွေးကို ကြွယ်ဝ စေလျက်၊ ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး ရုပ်ခန္ဓာ ခွန်အားတည်ဆောက်ပေးလျက် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့် အာဟာရဓာတ်များပေး၏။ လူတို့က ၎င်းတို့ကို မည်သို့ ချက်ပြုတ်ပြီး စားသောက်ကြပါစေ၊ ဤအသားများသည် လူတို့၏ အစားအစာ အနံ့အရသာကို တိုးတက်စေပြီး၊ ၎င်းတို့၏ စားချင်စိတ်ကို အားပေးကူညီစဉ်တွင် ၎င်းတို့၏ဝမ်းများကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိ၏။ အရေးအကြီးဆုံးအနေဖြင့်၊ ဤအစားအစာများသည် လူ့ခန္ဓာကိုယ်ကို နေ့စဉ် အာဟာရလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစားအစာ အဆင်သင့် ပြင်ဆင်ပေးသည့်အချိန်တွင် ဘုရားသခင် ထည့်သွင်း စဉ်းစားခဲ့သည့် အချက်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ရှိ၏၊ အသားရှိ၏- ဤသည်မှာ ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင် ပြင်ဆင်ခဲ့ချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဤအစားအစာများကို လွန်လွန်ကဲကဲ မွေ့လျော်ခံစားဖို့ ဖြစ်သလော။ လူသည် ဤရုပ်ဝတ္ထု တပ်မက်မှုများကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရာ၌ ပိတ်မိလာသည့်အချိန်တွင် မည်သည့် အရာဖြစ်သနည်း။ ၎င်းသည် အာဟာရ လွန်ကဲလာသည် မဟုတ်လော။ အာဟာရများ လွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိစီးနှိပ်စက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်က သင့်တော်သော အချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေးပြီး လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီဥတုများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေသည့် အကြောင်းရင်းဖြစ်၏။ ဥပမာအားဖြင့်၊ အလွန်ပူပြင်းသော နွေရာသီ ပြီးနောက်၊ လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာထဲတွင် အပူဓာတ်များစွာအပြင်၊ ရောဂါ ဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုတို့ကို စုဆောင်းမိကြသည်။ ဆောင်းဦးရာသီ ရောက်သည့်အခါ၊ သစ်သီးဝလံ အမျိုးအစားများစွာ ရင့်မှည့်ကြပြီး ဤသစ်သီးများကို လူတို့စားကြသောအခါ ၎င်းတို့ ကိုယ်ခန္ဓာထဲက စိုထိုင်းမှုသည် ဖယ်ရှားခံရပေသည်။ ဤအချိန်တွင်၊ ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည်လည်း သန်သန်မာမာ ကြီးထွားကြပြီး ဖြစ်သောကြောင့် ဤသည်မှာ လူတို့သည် အာဟာရအတွက် အသားကို ပိုမိုစားသုံးသင့်သည့် အချိန်ဖြစ်သည်။ အသားအမျိုးမျိုးကို စားသုံးခြင်းအားဖြင့်၊ လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ၎င်းတို့ ခံနိုင်စေဖို့ အားအင်နှင့် အနွေးဓာတ်ရရှိကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ဘေးကင်းစွာနှင့် ကျန်းမာစွာ ကျော်ဖြတ်နိုင်ကြပေသည်။ အဆုံးစွန် ဂရုစိုက်ခြင်းနှင့် တိကျခြင်းတို့နှင့်အတူ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးရမည့်အရာနှင့် ထောက်ပံ့ရမည့်အချိန်၊ ပြီးလျှင် မည်သည့်အချိန်တွင် မတူညီသော အရာများကို ကြီးထွားစေမည်၊ အသီးသီးစေကာ ရင့်မှည့်စေမည်ဆိုသည်တို့ကို ထိန်းချုပ်ပြီး ပူးပေါင်း လုပ်ဆောင်လေသည်။ ဤအရာသည် “လူသား၏ နေ့စဉ်ဘဝ၌ လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” နှင့် ဆက်နွှယ် လေသည်။ အစားအစာအမျိုးအစားများစွာအပြင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်ဖြင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက်တွင်၊ လူတို့သည် ရေသောက်ဖို့လိုသေး၏။ သစ်သီးဝလံတစ်ခုတည်းက လုံလောက်မည်လော။ လူတို့သည် သစ်သီးဝလံဖြင့်သာ အသက်မရှင်နိုင်ပေ၊ သည့်အပြင် အချို့ ရာသီများတွင် သစ်သီးဝလံမရှိပေ။ သို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်သည် ရေကန်များ၊ မြစ်များနှင့် စမ်းချောင်းများအပါအဝင် မြေပေါ်မြေအောက်၌ ရေအရင်းအမြစ်များစွာကို ပြင်ဆင်ခြင်းဖြင့် ထိုအရာကို ဖြေရှင်းပြီး ဖြစ်သည်။ ဤရေအရင်းအမြစ်များ ညစ်ညမ်းမှုမျှမရှိသရွေ့၊ ၎င်းတို့ကို လူတို့က ကြိုးကိုင်ခြယ်လှယ်ခြင်း မရှိသရွေ့ မဖျက်ဆီးသရွေ့ သောက်သုံးနိုင်၏။ တစ်နည်းအားဖြင့်၊ လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ၏ ဘဝများကို အားဖြည့်သည့် အစာအရင်းအမြစ်များအရ၊ လူတို့၏ဘဝများသည် ကြွယ်ဝကာ ပေါများပြီး မည်သည့်အရာမျှ မချို့တဲ့ဖို့အလို့ငှာ ဘုရားသခင်သည် အလွန်တိကျ၊ အလွန်မှန်ကန်ပြီး အလွန် သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်၏။ ဤသည်မှာ လူတို့ ခံစားပြီး မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းတို့အလယ်တွင် လူ့ခန္ဓာရှိ ဒဏ်ရာအနာတရများကို ပျောက်ကင်းစေရန် သို့မဟုတ် ဖျားနာမှုကို ကုသရန် အထူးသဖြင့် ရည်ရွယ်ထားသည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့လုပ်ဆောင်သင့်သနည်း။ အပူလောင်အကွက်ကို ရေနှင့်သာ သင်ဆေးကြောနိုင်သလော။ အဝတ်စဟောင်းတစ်ခုတစ်လေဖြင့် ယင်းကို ပတ်စည်း၍ ရနိုင်သလော။ ထိုသို့ လုပ်ဆောင်ပါက၊ ဒဏ်ရာသည် ပြည်ဖြင့် ပြည့်လိမ့်မည် သို့မဟုတ် ရောဂါပိုးဝင်ကောင်းဝင်လိမ့်မည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦး အဖျားရှိလျှင်၊ သို့မဟုတ် အအေးမိလျှင်၊ အလုပ်လုပ်စဉ် ဒဏ်ရာအနာတရဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင် နေထိုင်မှုပုံစံ အကြောင်းရင်းများ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါနှင့်ဆိုင်သော ရောဂါများ အပါအဝင် ရောဂါအချို့ဖြစ်ပေါ်လျှင် ထိုရောဂါ အခြေအနေများ အားလုံးကို ကုသသည့် လိုက်လျောညီထွေသော အပင်များရှိ၏။ သွေးလည်ပတ်မှုကို တိုးတက်စေပြီး၊ သွေးတန့်မှုကို ဖယ်ရှားပေးသည့် အပင်များ၊ နာကျင်မှု သက်သာစေသည့်အပင်များ၊ သွေးတိတ်စေသည့် အပင်များ၊ မေ့ဆေးထုံဆေးပေးသည့် အပင်များ၊ အသားအရေကို ကုသပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်စေဖို့ အထောက်အကူပြုသည့် အပင်များနှင့်၊ သွေးပုပ်များကို စွန့်ပစ်ပြီး ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အပင်များရှိ၏- အတိုချုပ် အနေဖြင့်၊ ဤအပင်များသည် နေ့စဉ်အသက်တာတွင် အသုံးဝင်မှုများ ရှိ၏။ ၎င်းတို့ကို လူတို့က အသုံးပြုနိုင်ပြီး လိုအပ်လာပါက လူ့ခန္ဓာကိုယ်အတွက် ဘုရားသခင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ထဲမှ အချို့ကို လူသားအား ကံအားလျော်စွာဖြင့် ရှာဖွေတွေ့ရှိခွင့်ပေးခဲ့သော်လည်း အခြား အရာများကိုမူ ထိုသို့ရှာဖွေတွေ့ရှိရန် ဘုရားသခင် ရွေးချယ်ခဲ့သည့် လူတို့က ရှာဖွေတွေ့ရှိခဲ့ကြသည်၊ သို့မဟုတ် သူစီစဉ်ညွှန်ကြားသည့် အထူးသဘာဝဖြစ်စဉ်၏ အကျိုးဆက် တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။ ဤအပင်များကို ရှာဖွေတွေ့ရှိပြီးနောက်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကြမည်ဖြစ်ပြီး လူများစွာတို့သည် ၎င်းတို့အကြောင်း သိလာခဲ့ကြပေလိမ့်မည်။ ထိုသို့ဖြင့် ဤအပင်များကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိလေသည်။ အကျဉ်းချုပ်အားဖြင့်၊ ဤအရာများ အားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင် ပြင်ဆင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ၎င်းတို့သည် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အတွေး လုပ်ငန်းစဉ်များသည် လူသား၏ အတွေးလုပ်ငန်းစဉ်များထက် သာ၍စေ့စပ်စုံလင် ကြသလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို သင်ခံစားမိသလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ အလုပ်လုပ်၏။ ဤလောကသို့ လူသား မလာခဲ့သေးမီက၊ လူသားမျိုးနွယ်နှင့် သူမထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့၏။ လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝပြီး ပေါများသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားနှင့် ပတ်သက်၍ စိုးရိမ်စရာ ကင်းလျက်၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အလို့ငှာ၊ အရာရာသည် စိတ်ထဲတွင်ရှိသည့် လူသားမျိုးနွယ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ လူသား၏ တည်ရှိမှုအဖို့၊ ၎င်းတို့၏ ရှင်သန်မှုအတွက် စိတ်ကူးနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင်၊ လူသားမျိုးနွယ်သည် ဆက်လက် မျိုးပွားကာ ရှင်သန်နိုင် ကြလေသည်။

ဘုရားသခင်၏ လုပ်ဆောင်ချက် အကြီး၊ အသေး အားလုံးထဲတွင် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် တစ်ခုတစ်လေ မရှိသောအရာ ရှိသလော။ သူပြုလုပ်သမျှ၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိ၏။ ငါတို့၏ ဆွေးနွေးမှုကို အများပြောသည့် အကြောင်းအရာတစ်ခုဖြင့် စကြစို့။ လူများက မကြာခဏ မေးကြသည်- မည်သည့်အရာ အရင်လာသနည်း၊ ကြက်လော၊ ကြက်ဥလော။ (ကြက်ဖြစ်ပါသည်။) ကြက်အရင်လာသည်မှာ သေချာ၏။ အဘယ်ကြောင့် ကြက်အရင် လာသနည်း။ အဘယ်ကြောင့် ကြက်ဥအရင်လာ၍ မရနိုင်သနည်း။ ကြက်သည် ကြက်ဥမှ ပေါက်သည်မဟုတ်လော။ ၂၁ ရက်ကြာ ကြက်ဥကို ဝပ်ပြီးနောက် ကြက်ပေါက်၏။ ထို့နောက် ယင်းကြက်သည် ကြက်ဥများ ပိုမိုဥပြီး ထိုကြက်ဥများမှ ကြက်များ ပိုမိုများပြားစွာ ပေါက်ပြန်၏။ ထိုသို့ဆိုလျှင် ကြက်အရင်လာသလော၊ ကြက်ဥအရင် လာသလော။ သင်တို့သည် “ကြက်” ဟု တပ်အပ် သေချာမှုဖြင့် ဖြေကြ၏။ သို့သော် ဤသည်မှာ အဘယ်ကြောင့် သင်တို့၏ အဖြေဖြစ်သနည်း။ (သမ္မာကျမ်းစာက ဘုရားသခင်သည် ငှက်များနှင့် သားရဲများကို ဖန်ဆင်းခဲ့သည်ဟု ဆိုပါသည်။) ထို့ကြောင့်၊ သင်တို့၏ အဖြေသည် သမ္မာကျမ်းစာကို အခြေခံထားပေသည်။ သို့သော် သင်တို့သည် ဘုရားသခင်၏လုပ်ဆောင်မှုများနှင့် သက်ဆိုင်သော လက်တွေ့ကျသည့် အသိပညာတစ်ခုတစ်လေ ရှိသည်၊ မရှိသည်ကို ငါ မြင်နိုင်ဖို့အလို့ငှာ သင်တို့၏ ကိုယ်ပိုင် သိနားလည်မှုအကြောင်းကို ငါသင်တို့ကို ပြောပြစေချင်၏။ ယခုတွင်၊ သင်တို့၏ အဖြေနှင့် ပတ်သက်၍ သင်တို့သေချာသလော၊ မသေချာသလော။ (ဘုရားသခင်သည် ကြက်ကို ဖန်ဆင်းခဲ့ပါသည်၊ ထို့နောက် ထိုကြက်အား မျိုးပွားနိုင်စွမ်းကို ပေးခဲ့သည်၊ ယင်းမှာ ဥများဝပ်နိုင်စွမ်းကို ဆိုလိုသည်။) ဤအနက်ပြန်မှုမှာ အနည်းနှင့် အများ မှန်၏။ ကြက်အရင်လာပြီးနောက် ကြက်ဥလာပါသည်။ ဤသည်မှာ သေချာ၏။ ယင်းသည် အထူးသဖြင့် လေးနက်သော နက်နဲသည့်အရာတစ်ခု မဟုတ်သော်လည်း လောကလူတို့သည် ယင်းအား အလွန်လေးနက်သည်ဟု စဉ်းစားပြီး ထိုအရာကို ကောက်ချက်တစ်ခု ရလာခြင်းမရှိဖူးဘဲ၊ တွေးခေါ်မှုဆိုင်ရာ သဘောတရားများဖြင့် ဖြေရှင်းဖို့ ကြိုးစားကြလေသည်။ ဤသည်မှာ ၎င်းတို့အား ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို လူတို့မသိသည့်အခါ သကဲ့သို့သာဖြစ်၏။ ၎င်းတို့သည် ဤအခြေခံစဉ်းမျဉ်းကို မသိသကဲ့သို့ ကြက်ဥအရင်လာသင့်သည်၊ သို့မဟုတ် ကြက်အရင်လာသင့်သည် ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိကြချေ။ ၎င်းတို့သည် မည်သည့်အရာ အရင်လာသင့်သည်ကို မသိသောကြောင့် ဘယ်သောအခါမျှ အဖြေရှာမရနိုင်ဖြစ်ကြ၏။ ကြက်အရင်လာသည်မှာ အတော်အတန် သဘာဝကျပါသည်။ ကြက်မတိုင်မီ ကြက်ဥရှိခဲ့ပါက၊ ယင်းသည် ပုံမှန်မဟုတ်ဘဲ ဖြစ်လိမ့်မည်။ ယင်းသည် အင်မတန် ရိုးရှင်းသော အရာဖြစ်၏- ကြက်သည် တကယ်ကို အရင်လာပါသည်။ ဤသည်မှာ အဆင့်မြင့်သော အသိပညာမလိုအပ်သည့် မေးခွန်း ဖြစ်သည်။ လူသားအနေဖြင့် မွေ့လျော်သင့်သည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အရာရာကို ဘုရားသခင် ဖန်ဆင်းခဲ့၏။ ကြက်ရှိသည်နှင့်တစ်ပြိုင်နက် ကြက်ဥက ထုံးစံအတိုင်း လိုက်လာ၏။ ယင်းမှာ အရန်သင့် ဖြေရှင်းချက်တစ်ခု မဟုတ်သလော။ ကြက်ဥကိုသာ အရင်ဖန်ဆင်းခဲ့ပါက ယင်းကိုဝပ်ရန် ကြက်လိုဦးမည် မဟုတ်လော။ ကြက်ကို တိုက်ရိုက်ဖန်ဆင်းခြင်းက များစွာပို၍ အရန်သင့်ဖြစ်သည့် ဖြေရှင်းချက် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ကြက်သည် ဥများကို ဥနိုင်ပြီး အထဲက ကြက်ပေါက်ကလေးများကို ဥဖောက်နိုင်ကာ၊ လူတို့က စားဖို့ ကြက်ရှိကြလေသည်။ အဆင်ပြေလိုက်သည့်ဖြစ်ခြင်း။ အမှုအရာများကို ဘုရားသခင် ပြုလုပ် လုပ်ဆောင်ပုံသည် လုံးဝ ရှုပ်ထွေးခက်ခဲခြင်းမရှိဘဲ၊ သပ်ရပ်ကာ ရှင်းလင်း၏။ ကြက်ဥသည် မည်သည့်နေရာမှ လာသနည်း။ ကြက်မှလာ၏။ ကြက်မရှိဘဲ ကြက်ဥမရှိပေ။ ဘုရားသခင် ဖန်ဆင်းခဲ့သည်မှာ အသက်ရှိသော အရာတစ်ခုဖြစ်၏။ လူသားမျိုးနွယ်သည် ထိုသို့သော ရိုးရှင်းသည့်အရာများတွင် အမြဲရစ်ပတ်ငြိတွယ်လျက်နှင့် ဖြစ်နိုင်ချေ မရှိသည့် အတွေးမှားများ တစ်ပုံတစ်ခေါင်းဖြင့် အဆုံးသတ်ကြလျက်၊ အဓိပ္ပါယ်မရှိသကဲ့သို့ ရယ်ဖွယ်ဖြစ်၏။ လူသည် ကလေးဆန်လွန်းလှပါတကား။ ကြက်ဥနှင့် ကြက်တို့အကြား ဆက်နွှယ်မှုသည် ရှင်းလင်း၏- ကြက်အရင်လာသည်။ ဤသည်မှာ တိကျအမှန်ကန်ဆုံး ရှင်းပြချက်၊ နားလည်ရန် အတိကျဆုံး နည်းလမ်းနှင့် အတိကျဆုံး အဖြေဖြစ်၏။ ဤသည်မှာ မှန်ကန်၏။

မည်သည့်အကြောင်းအရာများကို ယခုပင် ငါတို့ ဆွေးနွေးကြပြီး ဖြစ်သနည်း။ လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့် ပြင်ဆင်မှုများအကြောင်း ဆွေးနွေး ပြောဆိုခြင်းဖြင့် ငါတို့ စခဲ့ကြသည်။ သူ စီစဉ်ခဲ့သည့် အရာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော ဖန်ဆင်းခြင်း အရာများကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေခြင်းမှ သူ၏ ဖန်ဆင်းခြင်းအရာများကို တားဆီးဖို့ ဤဆက်နွှယ်မှုများအား ဘုရားသခင် စီစဉ်ပုံတို့ကို ငါတို့ ဆွေးနွေး ခဲ့ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ၎င်းတို့၏ အမြင့်မားဆုံး အသုံးဝင်မှုဖြင့် အသုံးတော်ခံခွင့်ပေးရင်း၊ သူ၏ ဖန်ဆင်းခြင်းအတွင်းရှိ မတူညီသော အရာများစွာက လူသားမျိုးနွယ်၏ ပတ်ဝန်ကျင်အပေါ် ရှိကောင်းရှိခဲ့နိုင်သည့် ထိခိုက်နစ်နာစေမှုကိုလည်း လျော့ပါးစေခဲ့ပြီး၊ လူသားမျိုးနွယ်ထံ အကျိုးရှိစေသည့် သဘာဝအင်အားစုများနှင့်အတူ အကျိုးရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဆောင်ကြဉ်းပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အား ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ကျင့်သားရနိုင်စေကာ ဘဝနှင့် မျိုးပွားခြင်း သံသရာကို မှန်မှန် ဆက်လက်ဖြစ်စေလေသည်။ ထို့နောက်၊ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ လူသားမျိုးနွယ်၏ နေ့စဉ်အစားအသောက်အကြောင်း ငါတို့ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ဤသည်မှာလည်း လူသားမျိုးနွယ် ရှင်သန်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ခန္ဓာကိုယ်သည် အသက်ရှူခြင်းတစ်ခုတည်းဖြင့်၊ အာဟာရအတွက် နေရောင်မျှဖြင့်၊ သို့မဟုတ် လေဖြင့်၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ လူသားများသည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုအပ်ပြီး၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လျစ်လျူရှုမသွားဘဲ ၎င်းတို့ ထိုသို့လုပ်ဆောင်နိုင်ရန် လူသားမျိုးနွယ်၏ အစာ အရင်းအမြစ်များ ဖြစ်သည့် အမှုအရာများ၏ အရင်းအမြစ်များကို လူသားမျိုးနွယ် အတွက် ပြင်ဆင်ပေးခဲ့သည်။ သင်တို့သည် အင်မတန် ကြွယ်ဝကာ ပေါများသည့် ခြံထွက်ပစ္စည်းဖြစ်သည့် လူသားမျိုးနွယ်၏ အစားအသောက်အရင်းအမြစ်များကို မြင်တွေ့ပြီးသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့အတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ အကယ်၍ ဖန်ဆင်းခြင်း အချိန်ကာလ အတောအတွင်းတွင် ဘုရားသခင်သည် သစ်ပင်များနှင့် မြက်များ သို့မဟုတ် အခြားသောသက်ရှိများ တချို့တလေကိုသာ ဖန်ဆင်းခဲ့ပါက၊ ပြီးလျှင် ဤသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များသည် နွားများနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက်၊ ဥပမာအနေဖြင့် ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားဖို့ဖြစ်ပြီး၊ ကျားများက သိုးများနှင့် ဝက်များကို စားဖို့ဖြစ်သော်လည်း လူသားတို့စားရန် သင့်တော်သည့်အရာ တစ်ခုမျှပင် မရှိပါက ယင်းသည် အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ အလုပ်ဖြစ်ခဲ့မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ် ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးများအတွက် ရည်ရွယ်ထားသော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက၊ ထိခိုက်ကောင်းထိခိုက်မည်မဟုတ်သော်လည်း၊ ထိုသို့သော အရာများကို အချိန်ကြာမြင့်စွာ စားပါက ၎င်းတို့၏ အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်သကဲ့သို့၊ လူတို့သည် ကြာကြာ အသက်ရှင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ တိရစ္ဆာန်များ စားနိုင်သော်လည်း လူသားများအဖို့ အဆိပ်ရှိသည့် အရာများပင် ရှိလေသည်- တိရစ္ဆာန်များက ထိုအရာများကို အကျိုးဆက်မရှိဘဲ စားကြ၏၊ သို့သော် လူသားများအတွက်မူ ထိုသို့ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများ၊ တည်ဆောက်ပုံနှင့် လူသားများ လိုအပ်သည့်အရာတို့ကို ဘုရားသခင် အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ခန္ဓာကိုယ်၏ ပေါင်းစပ်ဖွဲ့စည်းမှု နှင့် ပါရှိသည့်အရာ၊ ယင်း၏ လိုအပ်ချက်များနှင့် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လည်ပတ်ခြင်းနှင့် အမျိုးမျိုးသော ဒြပ်ပစ္စည်းများကို မည်သို့ စုပ်ယူကာ ဖယ်ရှားပြီး စွန့်ထုတ်သည်ကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် သိလေသည်။ လူသားများက မသိကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့ အမြော်အမြင်မရှိဘဲ စားကြသည်၊ သို့မဟုတ် မဆင်မခြင် မိမိတို့ဘာသာ ချက်ပြုတ်စားသောက်ကြသည်၊ ထိုသို့လုပ်ဆောင်ခြင်း လွန်ကဲလွန်းခြင်းက မညီမျှမှု ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အရာများကို ပုံမှန်နည်းလမ်းဖြင့် စားသောက်ကာ မွေ့လျော်ပါက ကျန်းမာရေး ပြဿနာများ ရှိလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ သွေးတန့်မှုကို တွေ့ကြုံ ခံစားရလျှင်ပင်၊ ဤအရာက ပြဿနာ လုံးဝမဖြစ်ပေါ်စေပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကို စားရန်သာလိုပြီး သွေးတန့်နေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ လူသားမျိုးနွယ်သည် အခြားသက်ရှိ အရာများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအသီးသီးအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ပြင်ဆင်ပေးခဲ့ပြီး၊ တိရစ္ဆာန်အမျိုးအစား အသီးသီးအတွက် အစားအစာနှင့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် ၎င်းတို့ ပတ်ဝန်းကျင်၏ တင်းကျပ်ဆုံး လိုအပ်ချက်များရှိပြီး ထိုလိုအပ်ချက်များကို နည်းနည်းလေးမျှ လျစ်လျူရှု၍မရနိုင်ပေ။ လျစ်လျူရှုမိခဲ့ပါက၊ လူသားမျိုးနွယ်သည် ပုံမှန်နည်းလမ်းဖြင့် ကြီးထွားတိုးတက်ခြင်း၊ အသက်ရှင်ခြင်းနှင့် မျိုးပွားခြင်းတို့ကို ဆက်လက်လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာကို သူ၏ စိတ်နှလုံးထဲတွင် အသိဆုံးသောသူမှာ ဘုရားသခင် ဖြစ်၏။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့ချိန်တွင်၊ သူသည် အခြားမည်သည့်အရာမဆိုထက် ထိုအရာအပေါ် သာ၍ အလေးထားခဲ့၏။ သင့်ဘဝတွင် သင်မြင်နိုင်ပြီး မွေ့လျော်နိုင်သည့် သာမညောင်ည အရာတစ်ချို့ သို့မဟုတ် မွေးကတည်းက သင်၌ရှိခဲ့ပြီးဖြစ်သည့် သင်မြင်ကာ မွေ့လျော်သော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် သတိပြုမိနိုင်ခြင်း ရှိကောင်း ရှိလိမ့်မည်မဟုတ်သော်လည်း၊ ဘုရားသခင်သည် သင့်အတွက် အချိန်ကြာမြင့်စွာက သို့မဟုတ် တိတ်တဆိတ်ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားနှင့်ပြီးဖြစ်သည်။ တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ မသင့်လျော်သကဲ့သို့ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေကောင်း ဖြစ်စေနိုင်မည့် အပျက်သဘောဆောင်သော အရာအားလုံးကို ဖယ်ရှား၍ လျော့ပါးစေပြီးဖြစ်၏။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းက ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်က ၎င်းတို့အပေါ် ဘုရားသခင် ထားရှိခဲ့သည့် သဘောထားကို ပြပါသလော။ ထိုသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏သဘောထားမှာ ဂရုတစိုက်ရှိပြီး လေးနက်၏၊ ပြီးလျှင် ထိုသဘောထားသည် မည်သည့်ရန်သူ အင်အားစုများမဆို၊ ပြင်ပ အရာများ သို့မဟုတ် သူနှင့်သက်ဆိုင်ခြင်း မရှိသော အခြေအနေများ၏ မည်သည့်နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤတွင် ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းထဲက ဘုရားသခင်၏သဘောထားကို မြင်နိုင်ပေသည်။ ပြီးလျှင် ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ် မွေ့လျော်သည့် ရှင်သန်မှုနှင့် ဘဝအတွက် ပတ်ဝန်းကျင်မှတစ်ဆင့်အပြင်၊ ၎င်းတို့၏နေ့စဉ် အစားအသောက်နှင့်နေ့စဉ်လိုအပ်ချက်များတွင် လူကို ဘုရားသခင်သည် ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တာဝန်ယူသော သဘောထား အပြင်၊ ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ စိတ်ပိုင်းဖြတ်မှုကို ငါတို့တွေ့နိုင်၏။ ဤအရာများတွင် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သလော။ သူ၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ သူ၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ သူ၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို ထောက်ပံ့ခြင်းအဖို့ သူ၏အမြော်အမြင်ရှိပြီး တန်ခိုးကြီးမားသော နည်းလမ်းများကို အသုံးပြုလေသည်။ ယခု သင်တို့ကို အလွန်များစွာ ငါ ပြောပြီးဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာ သေချာပေါက် ထိုသို့ဖြစ်၏။ သင်တို့၌ သံသယတစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် အရာခပ်သိမ်းကို တည်ရှိကာ အသက်ရှင်စေနိုင်ပြီး၊ မျိုးပွားကာ ဆက်လက်ရှင်သန်စေနိုင်သည့် ထောက်ပံ့မှု၏ အရင်းအမြစ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မှတစ်ပါး အရင်းအမြစ် မရှိသောကြောင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သည်ကိုပြရန် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ထောက်ပံ့မှုသည် လုံလောက်ပေသည်။ လူတို့၏ အခြေခံအကျဆုံး ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များကို သူထောက်ပံ့ပေးသည့် သမ္မာတရား လိုအပ်မှုဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက် အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ ပေး၏။ နည်းလမ်းအားလုံးဖြင့်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းသည် လူသားမျိုးနွယ်အတွက် အလွန်ပင် အရေးကြီးသည်။ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အနေနှင့် မြင်နိုင်ကာ ခံစားနိုင်သော ဤလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ် အတွက် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ မဟုတ်လော။ ဤတွင် အခြားအရာ တစ်ခုမျှမရှိပေ။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့သည့်အခါ၊ ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများအားလုံး ဖန်ဆင်းခဲ့သည်ကို သင်သိသင့်သည်။ ရေထဲ၌ ကူးခပ်ကြသော သက်ရှိသတ္တဝါများရှိပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းများ ရှိကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်များနှင့် အပင်များသည် နွေဦးရာသီတွင် အဖူးထွက်ပြီး ပေါက်ကာ၊ ဆောင်းဦးရာသီတွင် အသီးသီးပြီး ရွက်ဟောင်းခြွေသည်၊ ပြီးလျှင် ဆောင်းရာသီ အရောက်တွင် ထိုအပင်များသည် ဆောင်းရာသီကို ကျော်လွှား လွန်မြောက်ဖို့ ပြင်ဆင်ကြသည်နှင့်အမျှ အရွက်အားလုံး ကြွေကျကုန်လေသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အသီးသီးသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသော နည်းလမ်းများဖြင့် အသက်ရှင်ကြကာ ၎င်း၏အသက်ခွန်အားနှင့် ၎င်းရှင်သန်သည့် ပုံသဏ္ဌာန်ကို ပြသရန် ကွဲပြားသည့် နည်းလမ်းများကို အသုံးပြုကြ၏။ အသက်ရှင်ခြင်းနှင့်ပတ်သက်၍ သတ္တဝါများ မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိအရာအားလုံးအပေါ် ဘုရားသခင် အုပ်စိုးခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက်လော။ သူသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ဤအရာက လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဘုရားသခင်အတွက် မည်မျှ အရေးကြီးသည်ကိုသာ ပြလေသည်။

လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်ပြီး မျိုးပွားနိုင်စွမ်းသည် ဘုရားသခင်အဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေပေသည်။ သူသည် ကွဲပြားသောနည်းလမ်းများဖြင့် အရာခပ်သိမ်းကို ထောက်ပံ့ပေးပြီး အရာခပ်သိမ်း၏ ရှင်သန်မှုကို ထိန်းသိမ်းခြင်းဖြင့်၊ လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်မှုကို ထိန်းပေးရင်း လူသားမျိုးနွယ်ကို ရှေ့ဆက် လှမ်းနိုင်စေသည်။ ဤသည်တို့မှာ ငါတို့ ယနေ့ မိတ်သဟာယပြုသည့် ကဏ္ဍနှစ်ခုဖြစ်သည်။ ဤကဏ္ဍနှစ်ခုမှာ မည်သည်တို့ဖြစ်သနည်း။ (ကြီးမားသောရှုထောင့်မှဆိုလျှင်၊ ဘုရားသခင်သည် လူသား အသက်ရှင်သည့် ပတ်ဝန်းကျင်ကို ဖန်ဆင်းခဲ့၏။ ယင်းသည် ပထမကဏ္ဍဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်က လိုအပ်ပြီး မြင်နိုင်၊ ထိတွေ့နိုင်သည့် ဤရုပ်ဝတ္ထုပစ္စည်းများကိုလည်း ပြင်ဆင်ခဲ့၏။) ဤကဏ္ဍနှစ်ခု မှတဆင့် ငါတို့သည် ငါတို့၏ အဓိကအကြောင်းအရာကို ဆွေးနွေးပြီး ဖြစ်သည်။ ငါတို့၏ အဓိက အကြောင်းအရာမှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ဤခေါင်းစဉ်နှင့် ပတ်သက်၍ ငါ၏ မိတ်သဟာယတွင် ထိုသို့သော အကြောင်းအရာများ အဘယ်ကြောင့် ရှိခဲ့သည်ကို သိနားလည်မှုအချို့ သင်တို့ ယခု ရှိသင့်ကြ၏။ အဓိက အကြောင်းအရာနှင့် ဆက်စပ်မှုမရှိသော ဆွေးနွေးမှု တစ်ခုတစ်လေ ရှိလေပြီလော။ လုံးဝ မရှိပါ။ ဤအရာတို့ကို ကြားပြီးနောက် သင်တို့ထဲမှ အချို့သည် သိနားလည်မှု အချို့ရရှိပြီး ဤနှုတ်ကပတ်တော်များသည် ဩဇာသက်ရောက်မှုရှိသည်၊ ၎င်းတို့သည် အလွန်အရေးကြီးသည်ဟု ယခု ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်သော်လည်း အခြားသူများသည် တိုက်ရိုက် နားလည်မှု အချို့သာရှိပြီး ဤနှုတ်ကပတ်တော်များသည် ၎င်းတို့ အထဲနှင့် ၎င်းတို့ကိုယ်၌က အရေးမကြီးဟု ထင်ကောင်း ထင်ကြပေမည်။ လက်ရှိအခိုက်အတန့်တွင် သင်တို့ ဤအရာကို မည်သို့နားလည်သည်ဖြစ်စေ သင်တို့၏ အတွေ့အကြုံသည် တစ်နေ့နေ့ကို ခရီးပေါက်သည့်အချိန်၊ သင်တို့၏သိနားလည်မှုသည် အဆင့်တစ်ခုခုသို့ ရောက်သည့်အချိန်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဘုရားသခင် ကိုယ်တိုင်နှင့်သက်ဆိုင်သော သင်တို့၏အသိပညာက အဆင့်တစ်ခုခုသို့ ရောက်ရှိသည့်အချိန်တွင်၊ သင်တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများအဖို့ လေးနက်ပြီး ရိုးသားစစ်မှန်သော သက်သေခံချက်တစ်ခုကို ပေးရန် သင်တို့ ကိုယ်တိုင်၏ လက်တွေ့ကျသောစကားများကို အသုံးပြုကြလိမ့်မည်။

သင်တို့၏ လက်ရှိသိနားလည်မှုသည် အတော်အတန် အပေါ်ယံဖြစ်ပြီး တိုက်ရိုက်ဖြစ်သည်ဟု ငါထင်၏၊ သို့သော် ငါ၏ ကဏ္ဍနှစ်ခု မိတ်သဟာယကို ကြားရင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ရန် မည်သည့်နည်းများ အသုံးပြုသည်၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်အရာများ ဘုရားသခင် ထောက်ပံ့သည်ကို အနည်းဆုံး သင်တို့သတိပြုမိနိုင်ကြသလော။ သင်တို့၌ အခြေခံယူဆချက်တစ်ရပ်၊ အခြေခံ သိနားလည်မှုတစ်ရပ် ရှိသလော။ (ရှိပါ၏။) သို့သော် ငါဆွေးနွေးခဲ့သည့် ဤကဏ္ဍနှစ်ခုသည် သမ္မာကျမ်းစာနှင့် ဆက်နွှယ်မှုရှိသလော။ ၎င်းတို့သည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ထိုသို့ဆိုလျှင် ငါသည် ထိုအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် ဆွေးနွေးခဲ့သနည်း။ ယင်းမှာ ဘုရားသခင်ကို သိဖို့ ထိုအရာများကို လူတို့နားလည်ရမည်ဖြစ်သောကြောင့်လော။ (ဟုတ်ပါသည်။) ဤအရာများကိုသိရန် အလွန်လိုအပ်ပြီး ၎င်းတို့ကို နားလည်ရန်လည်း အလွန်လိုအပ်သည်။ ဘုရားသခင်ကို အလုံးစုံ သိနားလည်ဖို့ သင်တို့ကြိုးစားကြသည်နှင့်အမျှ၊ သင့်ကိုယ်သင် သမ္မာကျမ်းစာနှင့် မကန့်သတ်နှင့်၊ ပြီးလျှင် လူသားနှင့်သက်ဆိုင်သော ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် သင့်ကိုယ်သင် မကန့်သတ်နှင့်။ ဤအရာ ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ့ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာမဟုတ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့ လိုက်ပြီး၊ သူသည် သင်၏ဘုရားသခင်ဖြစ်သော်လည်း သူ့နောက်သို့ မလိုက်သော သူတို့၏ ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်သည် သူ့နောက်သို့ မလိုက်သောသူတို့အားလုံး၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များသည် နယ်ပယ်အရ သူ့နောက်လိုက်သောသူတို့ထိမျှသာ ကန့်သတ်ပါသလော။ (မကန့်သတ်ပါ။) သူ၏အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ သူ၏ အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဖန်ဆင်းခြင်း အရာအားလုံးကို ခြုံငုံပေသည်။ အများဆုံးအနေဖြင့်၊ ယင်းသည် လူတို့ မမြင်နိုင်သည့် စကြဝဠာတစ်ခုလုံးကို ခြုံငုံ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီး သူ၏လုပ်ဆောင်မှုများကို ဆောင်ရွက်ကာ၊ ဤအရာသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် လူတို့သိလာဖို့ အခွင့်ပေးရန် လုံလောက်ပေသည်။ သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ၎င်းတို့၏ ကိုယ်ပိုင် နိယာမများကို လိုက်နာရပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင်၊ အရာခပ်သိမ်းသည် ရှင်သန်မှုအတွက် မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြလေသည်။ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် လိုအပ်ချက်များ သည်လည်း ဘုရားသခင်၏အုပ်စိုးမှုနှင့် ထောက်ပံ့မှုတို့ဖြင့် အတူတကွ ဆက်နွှယ်၏။ ယင်းမှာ ဘုရားသခင်၏စိုးမိုးမှုနှင့် အုပ်စိုးမှု အောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် ဆက်နွှယ်ကြသည်၊ တစ်ဦးကိုတစ်ဦး အမှီပြုကြပြီး ကံတူ အကျိုးပေးတူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်

အရှေ့သို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။