၂၉၀ ဘုရားသခင်၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲပေ
၁ ငါ့အစီအစဉ်၏ ကနဦးအစကတည်းက ငါသည် ယင်းကို အပြောင်းအလဲ တစ်ခုမျှ မလုပ်ရသေးပေ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူ ဦးရေ နည်းပါးလာပုံရသကဲ့သို့၊ ငါအမှန်တကယ် လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါခံယူသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်ပြီး ငါ့ကိုစွန့်ပစ်ရန်ပင် ဖြစ်နိုင်သည်အထိ အမြဲပြောင်းလဲ၊ အမြဲလျော့နည်းလာသည်မှာ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် ဖြစ်ပေသည်။
၂ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ အဆုံးတွင် အပြစ်ဒဏ်ပေးသည့်တိုင်အောင် သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိပေ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း၊ သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား နေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်၊ ပျင်းစဖွယ်ကောင်းလာပြီ ဖြစ်သဖြင့်၊ သင်တို့၏ မလိုမုန်းထား စကားများ၏ နာကျင်စေမှုကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ဝေးရာသို့သွားရန်၊ သင်တို့သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့သကဲ့သို့၊ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍ မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့ပြီးဖြစ်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့အား သမ္မာတရားနှင့် မကိုက်ညီသည့် အရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ရှားရန် ငါအလေးအနက် တိုက်တွန်းရဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား စိတ်ကျေနပ်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့်အရာနှင့် သင်ကိုယ်တိုင်၏ပန်းတိုင်အတွက် အကျိုးရှိမည့်အရာကို သင် လုပ်သင့်သည်။ သို့မဟုတ်ပါက ကပ်ဘေးအလယ်တွင် ဒုက္ခခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင် ဖြစ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်