သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၃။ မုသားတို့ သုံးမိပြီးသည့်နောက်...

အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောပါတယ်၊ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) သခင်ယေရှုကလည်း ပြောခဲ့တယ်၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ” (ရှင်မဿဲခရစ်ဝင် ၁၈:၃) ဘုရားသခင်ဟာ သစ္စာနဲ့ပြည့်စုံတယ်၊ ရိုးသားခြင်းကို နှစ်သက်ပြီး၊ လှည့်စားခြင်းကို ရွံရှာတယ်။ ပြီးတော့ ရိုးသားသူတွေသာ ကယ်တင်ခံရပြီး၊ ကောင်းကင်နိုင်ငံဆီ ဝင်ရောက်နိုင်တယ်ဆိုတာတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ မြင်နိုင်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့တွေ ရိုးသားကြဖို့၊ လိမ်ညာလှည့်ဖြားတတ်တဲ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖြေရှင်းကြဖို့၊ ဘုရားသခင်က အကြိမ်ကြိမ် တောင်းဆိုတာပါ။ ဒါပေမဲ့ တကယ့်ဘဝမှာတော့၊ ကျွန်မရဲ့ဂုဏ်အဆင့်အတန်းကို တစ်ခုခုက ထိခိုက်လာပြီဆိုတာနဲ့၊ မလိမ်ညာ မလှည့်ဖြားဘဲ မနေနိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှု၊ ဘုရားရဲ့ ရိုက်နှက်ဆုံးမမှုနဲ့ ဆုံးမပဲ့ပြင်မှုတွေသာ မရှိရင်၊ ကျွန်မအနေနဲ့ အမှန်တကယ် နောင်တရခဲ့မှာမဟုတ်ဘူး။ လိမ်ညာမှုတွေကို ကျောခိုင်းပြီး၊ ရိုးသားသူတစ်ယောက်အဖြစ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့မိမှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။ တစ်ရက်မှာ ကျွန်မရဲ့ခေါင်းဆောင်က ကျွန်မကို တွဲဖက်အကျိုးတော်ဆောင်များစည်းဝေးပွဲတစ်ခု တက်ဖို့ ပြောတယ်။ ကျွန်မ တော်တော် ပျော်သွားတယ်။ အဲဒီကာလတစ်ဝိုက် အသင်းတော်မှာ စည်းဝေးပွဲတွေ၊ မိတ်သဟာယပြုတာတွေကို နေ့တိုင်းလုပ်ရင်း၊ ကျွန်မ ဘယ်လောက် အလုပ်ကြိုးစားထားတာတွေ၊ ညီအစ်ကိုမောင်နှမအများစုကလည်း သူတို့ရဲ့အလုပ်မှာ တက်တက်ကြွကြွ ပါဝင်နေတာတွေကို ကျွန်မ တွေးလိုက်မိတယ်။ တချို့အဖွဲ့တွေဆို တိုးတက်မှုအများကြီး ရနေကြပြီ။ အဲဒါကြောင့် ဒီစည်းဝေးပွဲက ကျွန်မကို လူသိစေမယ့် အခွင့်အရေးပဲဆိုပြီး သေချာပေါက် တွေးလိုက်တယ်။ ကျွန်မ ဘယ်လောက် လုပ်နိုင်စွမ်းရှိတယ်၊ တခြားသူတွေထက် ပိုတော်တယ်ဆိုတာတွေကို၊ ခေါင်းဆောင်နဲ့ တွဲဖက်အကျိုးဆောင်တွေ မြင်အောင် ပြနိုင်မယ်ပေါ့။ ပွဲကို ကျွန်မ ရောက်သွားတော့၊ အစ်မလျူက သောကရောက်သလို ပုံစံမျိုးနဲ့ မှုန်ကုပ်ကုပ်ဖြစ်နေတာကို တွေ့တယ်။ ပြီးတော့ သူက သက်ပြင်းချပြီး ပြောတယ်၊ “ညီအစ်ကိုမောင်နှမတွေကို နင် ရေလောင်းထောက်ပံ့နေတာတွေ ဘယ်လိုလဲ။ ငါတို့တော့ ခက်ခက်ခဲခဲဖြစ်နေတယ်။ ငါက သမ္မာတရားရဲ့စစ်မှန်မှု မရှိတာပဲဖြစ်ရမယ်။ ငါ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ အများကြီးပဲ” တဲ့။ ကျွန်မလည်း အသာလေး ပြုံးပြီး၊ ပြောလိုက်တယ်၊ “ကျွန်မတို့အသင်းတော်မှာတော့ ရေလောင်းတဲ့အလုပ်က ဟိုးအရင်ကထက်ကို အများကြီး ပိုပြီး အောင်မြင်နေတယ်” ပေါ့။ အဲဒီအချိန်မှာတင် ခေါင်းဆောင်က ဝင်လာပြီးတော့၊ အသင်းတော်တွေမှာ ရေလောင်းတဲ့အလုပ်တွေကို စပြီး မေးရော။ ကျွန်မ ထင်ပေါ်ဖို့ အခွင့်အရေးလို့ပဲ တွေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မ ကောင်းကောင်း ထုတ်ပြလိုက်တယ်။ အံ့ဩဖို့ကောင်းတာက၊ ခေါင်းဆောင်က ရေလောင်းတဲ့အလုပ်မှာ ကျွန်မတို့ အောင်မြင်တာတွေကို မေးတာမဟုတ်ဘူး။ ဘယ်လိုအခက်အခဲတွေ ပေါ်နေလဲ၊ အဲဒါတွေကို သမ္မာတရားနဲ့ မိတ်သဟာယပြုပြီး၊ ဘယ်လိုဖြေရှင်းထားလဲ၊ ပြီးတော့ ဘယ်လိုအခက်အခဲတွေကို မဖြေရှင်းနိုင်ဘူးလဲဆိုတာတွေကို မေးတာ။ ကျွန်မလည်း ကြောက်လန့်သွားတယ်။ များသောအားဖြင့် ကျွန်မက အလုပ်ကို စီစဉ်ပေးတာလောက်ပဲ။ အသေးစိတ်တွေကို လုံးဝ မသိဘူး။ ဒီတော့ အမှန်တကယ် ရေလောင်းတာမျိုးကို ကျွန်မ မလုပ်ခဲ့ဖူးဘူး။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ခေါင်းဆောင်က မေးလာရင်၊ ကျွန်မ ဘာပြောရမလဲ။ အမှန်အတိုင်း ပြောလိုက်ရင်၊ ကျွန်မကို လက်တွေ့အလုပ်မလုပ်ဘူးလို့ ထင်သွားမှာလား။ ကျွန်မ တာဝန်ယူထားတဲ့အလုပ်က အောင်မြင်နေတယ်ဆိုပြီး၊ အစ်မလျူကို ခုနလေးတင် ကြွားနေသေးတာလေ။ ကျွန်မက အသေးစိတ် မပြောပြနိုင်ဘူးဆိုရင်၊ ကျွန်မကို ဘာမှမဟုတ်ဘဲ ကြွားပြောတာဆိုပြီး သူက ပြောလာမှာလား။ ဘယ်လိုလုပ်မလဲပေါ့။ ကျွန်မလည်း ပိုပိုပြီးတော့ စိုးရိမ်လာတယ်။ အဲဒီအချိန်မှာပဲ၊ အစ်ကိုကျိုးက သူတို့အသင်းတော်ရဲ့ ရေလောင်းတဲ့အလုပ်မှာ သူတို့ ကြုံခဲ့ရတဲ့ ကိစ္စတွေ၊ အလုပ်နဲ့ပတ်သက်ပြီး သူ့ဆီမှာ ပေါ်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတာတွေကို ပြောပြတယ်။ ပြီးတော့ အဲဒါတွေ ပြေလည်သွားအောင်၊ သမ္မာတရားကို သူ ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာကို ရှင်းပြတယ်။ သူက တော်တော် လက်တွေ့ကျကျနဲ့ အသေးစိတ်သဘော ရှင်းပြတာဆိုတော့၊ ကျွန်မတို့ကို လက်တွေ့လုပ်ဆောင်ဖို့လမ်းတစ်ခု ပြပေးလိုက်သလိုပဲ။ သူ့မိတ်သဟာယကို နားထောင်ပြီးတော့၊ ကျွန်မလည်း တကယ်ကို ရှက်စိတ်ဖြစ်မိတယ်။ ကျွန်မက ဘယ်အလုပ်မှ လက်တွေ့ကျကျ မလုပ်ခဲ့ပါလားဆိုတာကို သိပြီး၊ ခေါင်းလည်း ငိုက်စိုက်ကျ၊ မျက်နှာတွေလည်း ထူပူကုန်တာ။ နောက်တော့ ခေါင်းဆောင်က ကျွန်မကို ပြောပြခိုင်းတယ်။ ကျွန်မရင်ထဲမှာ ကြောက်လန့်သွားတယ်။ ဘာပြောရမလဲပေါ့။ ကျွန်မမှာ အသေးစိတ်ပြောစရာ ဘာမှမရှိဘူး။ အကျဉ်းချုံး ပြောရင်လည်း၊ ကျွန်မက အလုပ်ကို လက်တွေ့မလုပ်ခဲ့မှန်း ပေါ်သွားမယ်။ အမှန်အတိုင်း ပြောလိုက်ရင်၊ လူတွေက ကျွန်မကို ဘယ်လိုထင်ကုန်မလဲ။ ပွင့်ပွင့်လင်းလင်း ပြောလို့မဖြစ်ဘူးလို့ ကျွန်မ မြင်မိတယ်။ ဒါနဲ့ ကျွန်မလည်း၊ “ကျွန်မအခြေအနေက အစ်ကိုကျိုးနဲ့ အတူတူလောက်ပါပဲ။ ထပ်ပြောနေစရာမလိုတော့ပါဘူး” လို့ ပြောလိုက်တယ်။ ခေါင်းဆောင်က နားထောင်ပြီး ဘာမှမပြောဘူး။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ စည်းဝေးပွဲကို စတယ်။ အဲဒီစည်းဝေးပွဲမှာ၊ ကျွန်မက သူများဆီကနေ တစ်ခုခု ခိုးလိုက်မိသလို ခံစားရတယ်။ တော်တော် နေမထိထိုင်မထိ ဖြစ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မရဲ့အလုပ်ကို စစ်ဆေးတာမျိုး၊ ကြီးကြပ်တာမျိုး လုပ်လာမဲ့နေ့ကို ကြောက်မိတယ်။ ကျွန်မရဲ့လက်တွေ့အလုပ်က အစ်ကိုကျိုးလို မဟုတ်ဘူးဆိုတာ သိသွားမယ်၊ ပြီးရင် ကျွန်မကို လက်တွေ့မလုပ်ဘူး၊ လိမ်ညာလှည့်ဖြားတယ်ဆိုပြီး၊ တာဝန်ကနေ ထုတ်ပယ်ပစ်မှာ။ ကျွန်မရဲ့ ပူပန်စိတ်က ကြီးလာတယ်။ ဒါပေမဲ့ အမှန်ကိုပြောဖို့ သတ္တိက မရှိသေးဘူး။ ကျွန်မလည်း တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်၊ “ဒီနေ့ ငါ့မရိုးသားမှုကို ပြန်ကျေအောင်၊ အစ်ကိုကျိုး လုပ်တဲ့လမ်းစဉ်အတိုင်း ငါ လုံးဝ လုပ်ရမယ်” ပေါ့။

အသင်းတော်ကို ကျွန်မ ပြန်ရောက်တော့၊ သင်းထောက်တွေ၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ ချက်ချင်း တွေ့တယ်။ ကိုယ်တိုင် အသေးစိတ် မိတ်သဟာယပြုပြီး၊ သူတို့ကို ချက်ချင်းပဲ စလုပ်ခိုင်းတယ်။ ပြီးတော့ ညီမလုရဲ့အိမ်ကို စက်ဘီးနဲ့ သွားတယ်။ သူ့ကို အစ်ကိုကျိုးရဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ် ပြောပြတယ်။ ရေလောင်းပေးတဲ့အလုပ်မှာ တခြားညီအစ်ကိုမောင်နှမတွေကိုလည်း မျှဝေပေးဖို့ ပြောရတယ်။ သုံးရက်ဆိုတဲ့အချိန်က အဲဒီအတိုင်းပဲ ကုန်သွားတယ်။ ကျွန်မလည်း ကိုယ်ကြိုးစားထားတာတွေရဲ့ အသီးအပွင့်ကို ရိတ်သိမ်းဖို့ ပျော်ပျော်ကြီး စောင့်နေတာပေါ့။ ဒါပေမဲ့ သူတို့ ပြောပြတာတွေကို ကျွန်မ အံ့ဩသွားရတယ်။ သူတို့တွေ ရေလောင်းပေးတဲ့တာဝန်မှာ ပြဿနာတွေ အများကြီး ကြုံရတယ်တဲ့။ တချို့ဟာတွေဆို သူတို့ မဖြေရှင်းနိုင်ကြဘူး။ အသစ်ရောက်လာသူတွေကလည်း အချိန်မီ ရေလောင်းမခံထားရတော့၊ သူတို့က စီစီပီနဲ့ ဘာသာရေးသင်းအုပ်တွေရဲ့ အလိမ်အညာတွေ မိနေကြတယ်။ အဲဒါကြောင့် အဲဒီလူတွေကလည်း ဝတ်ပြုစည်းဝေးပွဲတွေကို ထပ်ပြီး မလာရဲတော့ဘူးတဲ့။ ကျွန်မစိတ်တွေ ချာချာလည်သွားတယ်။ ဘယ်လိုလုပ် အဲဒီလို ဖြစ်ကုန်တာလဲပေါ့။ ကျွန်မလည်း ညီမလုရဲ့အိမ်ကို အပြေးအလွှား ပြန်သွားရတယ်။ ကျွန်မကို မြင်မြင်ချင်း၊ သူကလည်း စိုးရိမ်တကြီးနဲ့ ပြောတယ်၊ “ကျွန်မတို့ရေလောင်းပေးတဲ့အလုပ်က ဒီပြဿနာတွေကို အခု ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတော့ မသိတော့ဘူး” တဲ့။ ကျွန်မလည်း ဘာပြောရမှန်း မသိတော့ဘူး။ ကျွန်မက သူ့ကို မိတ်သဟာယပြုပြီး၊ သီးသန့် သင်ပြပေးထားတာပါ။ ကျွန်မရဲ့မိတ်သဟာယမှာ တော်တော်ကို အသေးစိတ် ရှင်းပြထားတယ်။ ဒါပေမဲ့ သူက နားမလည်သေးဘူး။ အဲဒီလူတွေ ဘာတွေ လွဲမှားနေလဲဆိုတာ ကျွန်မ စဉ်းစားကြည့်တယ်။ ကျွန်မက သေချာ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုထားပေမဲ့၊ သူတို့က နားမလည်ကြသေးဘူးလေ။ ကျွန်မရဲ့အလုပ်က ကောင်းကောင်းမွန်မွန် မပြီးစီးဘူးဆိုရင်၊ ခေါင်းဆောင်က ကျွန်မကို ဘယ်လို ထင်လာမလဲ။ အဲဒါကို တွေးကြည့်လေလေ၊ ပိုပြီး မချင့်မရဲနဲ့ စိတ်ပျက်မိလေလေပဲ။ အဲဒီညကဆို အိပ်ရာထဲမှာ လူးလှိမ့်ပြီး အိပ်မပျော်နိုင်ဘူး။ လုံးဝ ခွန်အား မရှိသလို ခံစားခဲ့ရတယ်။ နောက်ဆုံး ဘုရားသခင်ရှေ့မှောက် ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ ဒီရက်ပိုင်းတွေမှာ ကျွန်မရဲ့တာဝန်ကို ပိုပြီးတော့ ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်မြောက်ခဲ့ဘူး။ ကိုယ်တော့်လမ်းညွှန်မှုကို ကျွန်မ မခံစားမိဘူး။ ကျွန်မ အမှောင်ထဲမှာ နေနေရပါတယ်။ ဘုရားသခင်၊ ကျွန်မက ကိုယ်တော့်အလိုနဲ့ ဆန့်ကျင်တာ တစ်ခုခုကို လုပ်မိပြီး၊ ကိုယ်တော့်မနှစ်သက်ခြင်းနဲ့ မုန်းတီးခြင်းကို နှိုးဆွသလို ဖြစ်နေတာလား။ ကျွန်မရဲ့ကိုယ်ပိုင် အခြေအနေကို နားလည်နိုင်အောင်၊ ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ။”

နောက်တော့ ဘုရားသခင်ဆီကနေ ဒီလို ထုတ်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိပါတယ်၊ “ငါ့အား စဉ်းစားလျက် သင်တို့၏ ပန်းတိုင်များကို ချမှတ်ခဲ့သလော။ ငါ့မျက်မှောက်တွင် သင်၏ စကားများနှင့် အပြုအမူတို့သည် တည်နေသလော။ သင်၏ အကြံအစည်များနှင့် အတွေးအခေါ်များ အားလုံးကို ငါစစ်ဆေးသည်။ သင်သည် အပြစ်ရှိသည်ဟု မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် သူတပါးထက် သာ၍ဖြောင့်မတ်သကဲ့သို့ တည်ငြိမ်စွာ ပြုမူ၏၊ ထိုသို့ပြုခြင်းသည် သင့်ကိုယ်သင် ကာကွယ်ဖို့ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ သင်၏ ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် သင်သည် ထိုသို့ပြုလုပ်ခြင်းဖြစ်ပြီး၊ ထိုဆိုးယုတ်ခြင်းကို တစ်ပါးသူအပေါ်သို့ တွန်းပို့ရန် နည်းလမ်းများကိုပင် ရှာဖွေသည်။ အဘယ်ကဲ့သို့သော ဖောက်ပြန်မှုသည် သင်၏ နှလုံးသားထဲတွင် ကိန်းဝပ်နေသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “အခြားသူများ၏ရှေ့မှောက်တွင် တစ်မျိုး၊ သူတို့၏ နောက်ကွယ်၌ အခြားတစ်တမျိုး မပြုမူနှင့်။ ငါသည် သင်ပြုသမျှသော အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်းလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း ငါ့အား မလုပ်နိုင်။ ငါသည် ၎င်းတို့အား ရှင်းလင်းစွာ မြင်ရသည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် မဖြစ်နိုင်၊ အရာရာအားလုံးသည် ငါ့ လက်ထဲ၌ရှိသည်။ သင်၏ တစ်ကိုယ်ကောင်းဆန်သော တွက်ချက်မှုများကို အသင့်ပြင်ကာ သင့်ကိုယ်သင် ထက်မြက်သည်ဟု မထင်နှင့်။ လူသားသည် အစီအစဉ် တစ်ထောင် သို့မဟုတ် တစ်သောင်း ပြုလုပ်နိုင်သော်လည်း၊ နောက်ဆုံး၌ သူတို့သည် ငါ၏လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်ကြောင်း ငါသင့်ကို ပြောမည်။ အရာရာတိုင်းနှင့် အဖြစ်အပျက်တိုင်းတို့သည် ငါ့လက်များထဲ၌ အုပ်ချုပ်ခြင်းခံရပြီး၊ လူသားတစ်ယောက်အနေဖြင့် ဤထက်မက အဘယ်မျှ ပိုဖြစ်နိုင်မည်နည်း။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏မွန်မြတ်သော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်ကြောင်းကို သင်သည် မမြင်နိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဒါကို ဖတ်ပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။ ကျွန်မက သင်းထောက်တွေ၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ မိတ်သဟာယပြုလိုက်၊ စည်းဝေးပွဲတွေ လုပ်ပေးလိုက်နဲ့၊ အလောတကြီး ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ အဲဒါတွေအားလုံးက ဘာအတွက်လဲ။ ကျွန်မက အဲဒါကို အသင်းတော်ရဲ့အလုပ်အတွက်၊ ညီအစ်ကိုမောင်နှမတွေရဲ့အသက်တာတွေအတွက် တကယ်ပဲ လုပ်ခဲ့တာလား။ သူတို့ရဲ့ လက်တွေ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ လုပ်ခဲ့တာလား။ အဲဒီအချိန်မှာပဲ ဟိုတစ်ခါ စည်းဝေးပွဲမှာ ကျွန်မ လိမ်ခဲ့မိတာကို စဉ်းစားမိတယ်။ ခေါင်းဆောင်က ရေလောင်းပေးတဲ့အလုပ်အကြောင်း မေးတဲ့အခါ၊ ကျွန်မအနေနဲ့ လက်တွေ့အလုပ် ဘာမှမလုပ်ထားမှန်း ကိုယ့်ဘာသာ သိတယ်။ ဒါပေမဲ့ ကိုယ့်ကို အရူးလို့ မမြင်အောင်၊ ကိုယ့်အကြောင်းကို လူတွေ မသိအောင်၊ အထင်မသေးအောင်ဆိုပြီး၊ ကျွန်မ လှည့်စားခဲ့တယ်။ ကျွန်မ လိမ်ထားတာတွေကို ခေါင်းဆောင် သိမသွားအောင်၊ ကျွန်မရဲ့အလုပ်တာဝန်ထဲက ယိုပေါက်တွေကို အလောတကြီး ပြန်ဖာခဲ့မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်မ နားလည်သွားတယ်။ ကျွန်မက ကိုယ့်အလိမ်အညာ မပေါ်အောင်၊ အလုပ်ကြိုးစားခဲ့တာပဲ။ ကျွန်မအနေနဲ့ လက်တွေ့အလုပ်ကို မလုပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို ဖုံးဖိဖို့ရယ်၊ ကိုယ့်ဂုဏ်အဆင့်အတန်းအတွက်ရယ် အလုပ်ကြိုးစားခဲ့တာပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့် အခက်အခဲတွေကို အမှန်တကယ် နားလည်ရမယ့်အစား၊ ပြီးတော့ သူတို့ကိစ္စတွေကို သမ္မာတရားနဲ့ မိတ်သဟာယပြုပေးပြီး ဖြေရှင်းရမယ့်အစား၊ အစ်ကိုကျိုး မိတ်သဟာယပြုခဲ့တဲ့ လမ်းကြောင်းကိုပဲ ကျွန်မက အသုံးချလိုက်တာပါ။ ကျွန်မက အဲဒီလို စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို မွေးထားရင်း၊ ကိုယ့်တာဝန်ကို အရေးမထားခဲ့တာပဲ။ အဲဒါက ဘုရားရဲ့အလိုတော်နဲ့ ဘယ်လိုလုပ် ကိုက်ညီနိုင်မှာလဲ။ ဘုရားသခင်က ကျွန်မတို့စိတ်နှလုံးတွေကို အတွင်းကျကျ မြင်ပါတယ်။ ဒီတော့ ကျွန်မက သူ့ကို အဲဒီလို လှည့်စားဖို့၊ လိမ်ညာဖို့၊ အရူးလုပ်ဖို့ ကြိုးစားနေတာကို၊ မနှစ်သက်တာမျိုး မဖြစ်ဘဲနေပါ့မလား။ ကျွန်မ လဲပြိုကျခဲ့တဲ့ အမှောင်ထုဆိုတာ ဘုရားက ကျွန်မကို ရိုက်နှက်ဆုံးမပြီး၊ ဆုံးမပဲ့ပြင်နေတာပါ။ ဒါကို နားလည်မိတော့၊ ကျွန်မ နည်းနည်း ကြောက်သလို ခံစားရတယ်။ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့၊ လာမယ့်စည်းဝေးပွဲမှာ ရိုးရိုးသားသား ပြောမယ်လို့ စဉ်းစားတယ်။ ဒါပေမဲ့ ကျွန်မက မုသားအကြီးကြီး ပြောခဲ့မိတာပဲဆိုတာကို တွေးရင်းနဲ့၊ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ကျွန်မက ဝန်ခံလိုက်ရင်၊ သူများတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မကို ဉာဏ်များတယ်လို့ ပြောကြမလား။

အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်မိပါတယ်၊ “မုသားတစ်ခုကို သင်ပြောသောအခါ ထိုနေရာ၌ပင် သင် မျက်နှာမပျက်ရသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် သင် လုံးလုံးလျားလျား ဂုဏ်သိက္ခာထိခိုက်ခံရပြီဟု သင်ခံစားပြီး၊ သင်၏ အသိစိတ်က သင့်ကို မရိုးသားဟု စွပ်စွဲလိမ့်မည်။ အတွင်းစိတ်ထဲတွင် သင်သည် သင့်ကိုယ်သင် စက်ဆုပ်ရွံရှာပြီး သင့်ကိုယ်သင် အထင်သေးလိမ့်မည်ဖြစ်ပြီး ‘ငါ ဘာကြောင့် အလွန် သနားစရာကောင်းအောင် အသက်ရှင်ရတာလဲ။ အမှန်တရားကို ပြောဖို့ တကယ်ပဲ အလွန်ခက်သလား။ ငါ့ဂုဏ်သတင်းအတွက်နဲ့ ဒီအလိမ်အညာတွေကို ပြောရမလား။ ဘဝဟာ ငါ့အတွက် ဘာကြောင့် ဒီလောက် ငြီးငွေ့စရာကောင်းရတာလဲ’ ဟု တွေးမိလိမ့်မည်။ သင်သည် ငြီးငွေ့စရာကောင်းသော အသက်တာကို နေထိုင်ရန် မလိုအပ်သော်လည်း သက်သာငြိမ်းအေးခြင်းနှင့် လွတ်လပ်ခြင်း၏ လမ်းကြောင်းကို သင် မရွေးချယ်ရသေးပေ။ သင်၏ဂုဏ်သတင်းနှင့် သင်၏ဝင့်ဝါခြင်းအား ထိန်းသိမ်းထားခြင်း လမ်းကြောင်းတစ်ခုကို သင်ရွေးချယ်ထားသောကြောင့် သင့်အတွက် ဘဝက အလွန်ငြီးငွေ့စိတ်ပျက်ဖွယ်ရာ ဖြစ်လေသည်။...သင်၏ ဂုဏ်သတင်းနှင့် သိက္ခာကဲ့သို့သော အရာများကို သင်မစွန့်လွှတ်နိုင်သဖြင့် ၎င်းတို့ကို အလိမ်အညာများနှင့်သာ သင် ထိန်းသိမ်းထားနိုင်တော့သည်။ သင်သည် ဤအရာများကို ဖက်တွယ်ထားရန် မုသားများကို အသုံးပြုနိုင်သည်ဟု သင်ထင်မြင်သော်လည်း အမှန်မှာမူ သင်အသုံးမပြုနိုင်ပေ။ သင်၏တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းရာတွင် သင်၏မုသားစကားများက မအောင်မြင်သည့်အပြင် ပို၍အရေးကြီးသည်က သမ္မာတရားကို ကျင့်ဆောင်ရန်အခွင့်အရေးတစ်ရပ်ကို သင်ဆုံးရှုံးပြီ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ဂုဏ်သတင်းနှင့် သိက္ခာကို ထိန်းသိမ်းထားခဲ့စေကာမူ သမ္မာတရားကို သင်ဆုံးရှုံးသွားပြီ ဖြစ်သည်၊ ယင်းကို လက်တွေ့ကျင့်သုံးရန် အခွင့်အလမ်းအပြင် ရိုးသားသောလူဖြစ်ရမည့် အခွင့်အရေးကိုလည်း သင် ဆုံးရှုံးသွားပြီဖြစ်သည်။ ဤသည်မှာ ဆုံးရှုံးမှုများထဲတွင် အကြီးမားဆုံးဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားနှုတ်ကပတ်တော်တွေရဲ့ စကားလုံးတိုင်းက ရင်ထဲကို တန်းခနဲ ဝင်ပါတယ်။ ကျွန်မက မုသားပြောပြီးတော့၊ ကိုယ့်နာမည်ကို ဆက်ထိန်းခဲ့တယ်။ ဒါပေမဲ့ နည်းနည်းလေးမှ မပျော်နိုင်ခဲ့ဘူး။ အဲဒီအစား ကိုယ် လုပ်ခဲ့မိတာကို အမြဲ သောကဖြစ်ရင်းနဲ့၊ စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ တစ်ခါတလေမှာ ကျွန်မ စကားပြောပြီဆို၊ လူတွေနဲ့ မျက်လုံးချင်း မဆုံချင်ခဲ့ဘူး။ ကျွန်မ လှည့်စားတတ်တာကို မြင်သွားပြီး၊ ကျွန်မကို မယုံကြည်ကြတော့မှာကို ကြောက်တယ်။ ကျွန်မရဲ့အလိမ်အညာကို ဖုံးဖိဖို့၊ ယုံကြည်စရာဖြစ်အောင် လုပ်ဖို့၊ နည်းလမ်းမျိုးစုံကို သုံးခဲ့တယ်။ ခက်ခဲပင်ပန်းတဲ့ ရှင်သန်နေထိုင်ပုံမျိုးပါ။ ဘယ်လို သက်သာရာကိုမှ ရှာမရခဲ့ဘူး။ ကျွန်မက လိမ်ညာလှည့်ဖြားခဲ့တယ်လေ။ အဲဒီတော့ စက်ဆုပ်စရာကောင်းတဲ့၊ သိက္ခာမရှိတဲ့ ပုံစံနဲ့ ရှင်သန်ခဲ့ရတာပဲ။ ကျွန်မကိုယ်ကျွန်မ ဆက်ပြီး မဖုံးဖိချင်တော့တဲ့ အချိန်ကျမှ၊ ဘုရားဆီ ဝန်ခံနောင်တရဖို့ ဆုတောင်းခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေနဲ့ နောက်တစ်ကြိမ် တွေ့တဲ့အခါ၊ ကိုယ့်ရဲ့ဇာတိပကတိကို စွန့်လွှတ်ပြီး၊ ရင်ဖွင့်တော့မယ်လို့လည်း ဆုံးဖြတ်ခဲ့တယ်။

နှစ်ရက်သုံးရက်လောက် ကြာတော့၊ ခေါင်းဆောင်က ကျွန်မတို့နဲ့အတူ စည်းဝေးပွဲတစ်ခု တက်ဖို့၊ ရောက်လာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားက ကျွန်မကို အခွင့်ပေးနေတာပဲလို့ ခံစားမိခဲ့တယ်။ ကျွန်မ ဆုတောင်းပါတယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့အလိမ်အညာနဲ့ လှည့်ဖြားမှုကို ထုတ်ဖော်ပြောချင်ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ကျွန်မကို စိတ်ပိုင်းဖြတ်မှု ပေးတော်မူပါ” ပေါ့။ စည်းဝေးပွဲကို ရောက်တဲ့အခါ၊ ကျွန်မ ဘာသိရလဲဆိုတော့၊ ခေါင်းဆောင်က ကျွန်မတို့အသင်းတော်ခေါင်းဆောင်တွေထဲကနေ၊ အလုပ်အတွက် တွဲဖက်တစ်ယောက် ရွေးဖို့ လာတာပါ။ ကျွန်မစိတ်ထဲမှာက လွန်ဆွဲနေပြီ။ ကျွန်မတို့ အသင်းတော်ခေါင်းဆောင်တွေထဲမှာ၊ ကျွန်မရဲ့ အရည်အချင်းနဲ့ အောင်မြင်မှုတွေက တခြားသူတွေထက်တော့ သာသလိုဖြစ်နေတယ်လေ။ ဒီတော့ သူတို့က ကျွန်မကို ရွေးဖို့သင့်တော်တဲ့လူလို့ မြင်နေပြီးသား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မက အမှန်ကိုပြောပြီး၊ ကျွန်မရဲ့အလိမ်အညာကို ထုတ်ပြောတယ်ဆိုရင်၊ ကျွန်မကို အထင်သေးသွားကြမှာလား။ သူတို့က ကျွန်မကို ဉာဏ်များလွန်းတယ်လို့ ထင်ပြီး၊ မရွေးတော့ဘဲ ထားကြမှာလား။ တခြားတစ်ယောက်သာ အရွေးခံလိုက်ရရင်၊ ကျွန်မမျက်နှာကို ဘယ်လိုလုပ် ထပ်ပြနိုင်တော့မလဲ။ ကျွန်မ ထုတ်ပြောလို့မဖြစ်ဘူးဆိုတာ တွက်မိတယ်။ အတွေးထဲနစ်ပြီး ခေါင်းငုံ့ထားမိချိန်မှာ၊ ခေါင်းဆောင်က ကျွန်မရဲ့ လတ်တလော အခြေအနေကို မျှဝေပေးဖို့ ပြောလာတယ်။ ကျွန်မလည်း စကားတွေ ထစ်ထစ်ငေါ့ငေါ့နဲ့ ဖော့ပြောမိတယ်၊ “ကျွန်မအခြေအနေက ကောင်းပါတယ်။ အခက်အခဲတွေ ကြုံရင်လည်း၊ အဲဒါတွေကို ဖြေရှင်းဖို့အတွက် ဘုရားဆီ ဆုတောင်းပြီး၊ သမ္မာတရားကို ရှာဖွေရမယ်ဆိုတာ ကျွန်မ သိပါတယ်...” ပေါ့။ ဒါကို ပြောပြီးတော့၊ ရှက်ဖို့ကောင်းတာတစ်ခု လုပ်လိုက်မိသလို ခံစားရတယ်။ စိတ်ထဲမှာလည်း စိုးရိမ်ပူပန်တာတွေ ပြည့်လာတယ်။ ချွေးပါ ပြန်လာတယ်။ ကျွန်မက ချွေးတွေပဲ သုတ်နေတာကို မြင်တော့၊ ခေါင်းဆောင်က ကျွန်မကို ရေနွေးပူပူတစ်ခွက် ပေးတယ်။ ပြီးတော့ ကျွန်မကို အအေးမိနေသလားလို့ ကြင်ကြင်နာနာနဲ့ မေးတယ်။ ကျွန်မလည်း၊ “ဘာဖြစ်မှန်း မသိပါဘူး။ စိတ်ထဲမှာ မငြိမ်သလိုဖြစ်ပြီး၊ ချွေးတွေက ထိန်းမရဘူးဖြစ်နေတာပါ” ပေါ့။ တကယ်တော့ ကျွန်မကိုယ်ကျွန်မ သိတယ်။ ကျွန်မအနေနဲ့ ထပ်လိမ်ညာမိပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖြစ်လိုက်တာကြောင့်ပဲ။ ကျွန်မလည်း ဘုရားဆီကို တိတ်တိတ်လေး ဆုတောင်းမိပါတယ်၊ “ဘုရားသခင်၊ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခေါင်းမာမာနဲ့ ငြင်းရင်း၊ အကြိမ်ကြိမ် လိမ်ညာမိပါပြီ။ ကျွန်မက မာရေကျောရေနိုင်လွန်းပါတယ်၊ ပုန်ကန်လွန်းပါတယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ရိုးသားသူတစ်ယောက် ဖြစ်နိုင်အောင်၊ လမ်းပြပေးတော်မူပါ”

အဲဒီအချိန်မှာပဲ အစ်မလျူက ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ဆိုကြဖို့ အကြံပြုတယ်။ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။... အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေ ဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏”) ဒီ ဓမ္မသီချင်းကို ဆိုနေရင်းနဲ့၊ ကျွန်မလည်း စိတ်ဆင်းရဲမိတဲ့အပြင်၊ ရှက်လည်း ရှက်မိတယ်။ ကျွန်မအနေနဲ့ ဘယ်လို လိမ်ညာလှည့်ဖြားမိခဲ့လဲဆိုတာကို ရင်ဖွင့်ချင်တဲ့အတွက်၊ စည်းဝေးပွဲမတိုင်ခင်မှာ ကျွန်မ ဆုတောင်းခဲ့သေးတယ်လေ။ ဒါပေမဲ့ ခေါင်းဆောင်က သူနဲ့အတူ အလုပ်လုပ်ဖို့ လူတစ်ယောက်ကို ရွေးမယ်ဆိုတာ သိရတဲ့အချိန်မှာ၊ ကျွန်မက ဘာကိုမှ ထုတ်မပြောချင်တော့ဘူး။ ကျွန်မက လက်တွေ့အလုပ်တွေ မလုပ်ခဲ့ဘူး၊ လိမ်တောင် လိမ်ခဲ့တယ်ဆိုတာကို ခေါင်းဆောင်နဲ့ အကျိုးဆောင်တွေ သိသွားတာမျိုး၊ ကျွန်မကို ဉာဏ်များလွန်းတယ်၊ အလုပ်နေရာအတွက် မရွေးချယ်တော့ဘူးလို့ ပြောလာမှာမျိုးကို ကျွန်မ ကြောက်ခဲ့တာပါ။ အဲဒီလိုဖြစ်ရင် ခေါင်းဆောင်တစ်ယောက် ဖြစ်မယ့်အခွင့်အရေးကို ဆုံးရှုံးရမှာလေ။ ကျွန်မက မရိုးသားလွန်းခဲ့တာပါ။ ဘုရားသခင်က အရာခပ်သိမ်းကို မြင်ပါတယ်။ ကျွန်မက တခြားသူတွေကို အရူးလုပ်လို့ ရနိုင်ပေမဲ့ ဘုရားကို လုပ်လို့ရပါ့မလား။ ဒီ စကားလုံးတွေဆိုရင် တကယ်ကို မြင်သာပါတယ်၊ “အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေ ဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ကျွန်မအတွက်က ပိုပြီးတော့ကို စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ ကျွန်မက ဘုရား ပြောထားသလို၊ ကိုယ့်လျှို့ဝှက်ကိစ္စတွေ အများကြီးကို ဖွင့်ပြောဖို့ ဝန်လေးနေသူတစ်ယောက် မဟုတ်ဘူးလား။ ရေလောင်းပေးတဲ့အလုပ်ရဲ့ အသေးစိတ်ကိစ္စတွေကို ကျွန်မ မသိဘူးဆိုတာ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကြီး သိထားပြီးသား။ ဒါပေမဲ့ ခေါင်းဆောင်က အဲဒီအကြောင်းကို မေးတဲ့အခါ၊ ကျွန်မက မရိုးမသားနဲ့၊ သိသိကြီး လိမ်ညာထားခဲ့တယ်။ အသင်းတော်ကို ပြန်ရောက်တော့လည်း၊ အလုပ်တာဝန်မှာ ကျွန်မရဲ့ ယိုယွင်းမှုနဲ့ အမှားတွေကို ထုတ်ဖော်ပြောဖို့၊ တခြားသူတွေအပေါ် ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ အဲဒီအစား၊ အလုပ်လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့၊ ကျွန်မရဲ့အလိမ်အညာတွေကို ဖုံးဖိပြီး ဆက်ထိန်းထားဖို့ပဲ ကြိုးစားခဲ့တယ်။ အဲဒါက ကိုယ့်အလုပ်တာဝန်ကို လုပ်နေတာ ဟုတ်ရဲ့လား။ အဲဒါတွေအားလုံးက ကိုယ့်နာမည်နဲ့ ဂုဏ်ကို ကာကွယ်ဖို့အတွက်ပါပဲ။ ကျွန်မက ဘုရားကို အရူးလုပ်ဖို့ ကြိုးစားနေခဲ့တာပါ။ လူတွေကို လှည့်စားခဲ့တာ။ ပြီးတော့လည်း နောက်တစ်ခါ ထပ်ပြီးတော့၊ ဒီ ရာထူးအသစ်ကို ရဖို့၊ ဘုရားကိုရော လူကိုရော လိမ်လည်ရင်းနဲ့၊ ကိုယ့်ရဲ့ကတိကို အရှက်မရှိ ပြန်ဖျက်မိတယ်။ ကျွန်မက အကြိမ်ကြိမ် လိမ်ညာလှည့်ဖြားနေခဲ့တာပဲ။ နောက်တော့မှ ဘုရားသခင်ရဲ့ ဒီ စကားတွေက စိတ်ထဲကို ရောက်လာတယ်၊ “သင်၏စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏” (ရှင်မဿဲခရစ်ဝင် ၅:၃၇) “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) ဘုရားက ရိုးသားသူတွေကို နှစ်သက်မှန်း၊ ကျွန်မ ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကို လှည့်စားဖို့ ကြိုးစားရင်း၊ ကျွန်မက လိမ်ညာမိလိုက်၊ ပြန်ဖုံးဖိလိုက်နဲ့ ထပ်တလဲလဲ ဖြစ်နေခဲ့တာပါ။ ကျွန်မက စာတန်နဲ့ဆိုရင် ဘာများ ကွာခြားသေးလို့လဲ။ ကျွန်မမှာ မှန်ကန်တဲ့လူ့သဘာဝဆိုတာ နည်းနည်းလေးတောင် ရှိခဲ့လို့လား။ ကျွန်မသာ နောင်တမရဘဲ မပြောင်းလဲဘူးဆိုရင်၊ စာတန်လို အဆုံးသတ်မျိုးက ကျွန်မအတွက် ကျိန်းသေတယ်ဆိုတာ သိလိုက်တယ်။ ဒီ အတွေးနဲ့ပဲ ကျွန်မ ကြောက်သွားတယ်။ ဒါနဲ့ ဘုရားဆီ ဆုတောင်းပြီး၊ ကိုယ့်ဂုဏ်သိက္ခာကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ပစ်ဖို့ သတ္တိကို မွေးယူလိုက်တယ်။ ကျွန်မ လိမ်ညာနေတာတွေ၊ ဖုံးဖိနေတာတွေအပြင်၊ စက်ဆုပ်စရာကောင်းပြီး ကောက်ကျစ်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကိုပါ၊ တစ်ခုမကျန်အောင် အသေးစိတ် ထုတ်ပြောလိုက်ပါတယ်။ ကျွန်မ လုံးလုံး ဝန်ခံပြီးသွားတဲ့အခါမှာ၊ ဝန်ထုပ်ကြီးတစ်ခု ပေါ့သွားသလို ခံစားလိုက်ရတယ်။ ရုတ်တရက် ပိုပြီး ငြိမ်းအေးသွားသလို ခံစားရတယ်။ စိတ်နှလုံးထဲမှာ လွတ်လပ်ပြီး ငြိမ်းချမ်းသွားတယ်။

ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်အမြင်သေးတာ မရှိကြဘူး။ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မအတွက် ဖတ်တောင်ဖတ်ပြတယ်။ “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ကြံရွယ်ချက်များ အစပြုသနည်း။ သူတို့သည် မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ ဤကဲ့သို့သော စိတ်သဘောထားမျိုးကို အဘယ့်ကြောင့် သူတို့ ဖော်ပြနိုင်ရသနည်း။ ယင်း၏ အရင်းအမြစ်က အဘယ်နည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားများက ထုတ်ဖော်ပြလာသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ သင်သည် ကိုယ်ကျိုးစွန့်ရမည် ဖြစ်သည်။ လူတို့အား ကိုယ်ကျိုးစွန့်စေခြင်းမှာ ပြုလုပ်ရန် အခက်ခဲဆုံးသော အရာဖြစ်သည်။ လူအများစုက အကျိုးအမြတ်မှလွဲ၍ မည်သည့်အရာကိုမျှ မရှာဖွေကြပေ။ လူတို့၏ အကျိုးအမြတ်များသည် သူတို့၏ဘဝဖြစ်ပြီး ထိုအရာများကို စွန့်လွှတ်စေခြင်းသည် သူတို့၏အသက်များကို စွန့်လွှတ်ရန် အတင်းအကျပ် စေခိုင်းခြင်း သဘောသက်ရောက်သည်။ ထို့ကြောင့် သင့် ဘာလုပ်သင့်သနည်း။ သင်သည် သင်ချစ်မြတ်နိုးသည့် အကျိုးအမြတ်များအား စွန့်လွှတ်ရန်၊ ကျောခိုင်းရန်၊ ၄င်းတို့ကို စွန့်လွှတ်ခြင်း၏ နာကျင်မှုကို ခံနိုင်ဖို့ရန် သင်ယူရမည်။ သင်သည် ဤနာကျင်မှုကို ကြံ့ကြံ့ခံပြီး သင်၏အကျိုးအမြတ်အနည်းငယ်ကို စွန့်လွှတ်ပြီးသောအခါ သင်သည် အနည်းငယ် စိတ်သက်သာရာရပြီး အနည်းငယ် လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၏ဇာတိပကတိကို သင် အောင်နိုင်လိမ့်မည်။ သို့သော်လည်း ‘ငါ လိမ်ညာလှည့်ဖြားခဲ့တယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဘုရားသခင် ငါ့ကို အပြစ်ဒဏ်မပေးဘူး၊ အဲဒီတော့ လူတွေငါ့ကို ဘာလုပ်နိုင်မလဲ။ ငါဘာမှ မစွန့်လွှတ်ဘူးကွာ’ ဟုဆိုကာ သင်သည် သင့်အကျိုးအမြတ်များကို တွယ်ဖက်ထားပြီး ၎င်းတို့ကို လက်လွှတ်ရန် ပျက်ကွက်ပါက၊ သင်သည် မည်သည့်အရာကိုမျှ မစွန့်လွှတ်သောအခါ အခြားမည်သူကမျှ မည်သည့်ဆုံးရှုံးမှုမျှ မခံစားရပေ။ နောက်ဆုံးတွင် ဆုံးရှုံးသွားရသူမှာ သင်ကိုယ်တိုင်ပင် ဖြစ်သည်။ သင်သည် သင်၏ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိသောအခါ၊ အမှန်အားဖြင့် ဤသည်မှာ သင့်အတွက် ဝင်ရောက်ရန်၊ တိုးတက်ရန်နှင့် ပြောင်းလဲရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် သင့်အတွက် ဘုရားသခင်၏ ရှေ့မှောက်လာရောက်ပြီး သူ၏စိစစ်ခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ပြင် ဤသည်မှာ ကယ်တင်ခြင်းကိုရရှိရန် သင့်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သမ္မာတရားကိုရှာဖွေခြင်းအား သင်လက်လျှော့လိုက်ပါက ယင်းသည် ကယ်တင်ခြင်းကို ရရှိရန်နှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အလမ်းတစ်ခုကို လက်လျှော့လိုက်ခြင်း သဘောသက်ရောက်သည်။...လူတို့က သမ္မာတရားကိုကျင့်သုံးရန် ရွေးချယ်ပါက သူတို့၏ ကိုယ်ကျိုးများကို သူတို့ဆုံးရှုံးပြီးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို အဆုံးရှုံးခံလျက် အကျိုးရရှိနေပါက သူတို့ဆုံးရှုံးသောအရာမှာ အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ အညံ့ဖျင်းဆုံးသောသူများ ဖြစ်သည်။ ကိုယ်ကျိုးများ သို့မဟုတ် သမ္မာတရားဟူ၍ အဆုံးစွန်အနေဖြင့် လူတစ်ဦးရွေးချယ်မည့်အရာအတွက်မူ ဤသည်မှာ အခြားအရာများနှင့်စာလျှင် လူတစ်ဦးကို အထုတ်ဖော်ဆုံးအရာ ဖြစ်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို ကျင့်သုံးခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံလမ်းခရီးပင်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဒီ နှုတ်ကပတ်တော်တွေကို ကြားရတော့၊ ကျွန်မရဲ့စိတ်နှလုံးက ကြည်လင်သွားတယ်။ အဓိကအားဖြင့် ကျွန်မက ဂုဏ်အဆင့်အတန်းကို အများကြီး ဂရုစိုက်ခဲ့တဲ့အတွက်၊ ပြီးတော့ လှည့်စားတတ်တဲ့ သဘာဝတစ်ခု ရှိခဲ့တဲ့အတွက်၊ အကြိမ်ကြိမ် လိမ်ညာလှည့်ဖြားမိခဲ့တာတွေကို ကျွန်မ ပြန်ဆင်ခြင်ကြည့်တယ်။ ကျွန်မက ကလေးဘဝကတည်းက၊ စာတန်ရဲ့ ပညာ ပေးတာတွေ၊ ဝါဒသွတ်သွင်းတာတွေကို ခံခဲ့ရတော့၊ သူ့ရဲ့အဆိပ်အတောက်တွေ အများကြီးကို စိတ်ထဲ စွဲနေခဲ့တာပါ။ ဥပမာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏”၊ “အကြိမ်တစ်သောင်း ရွတ်ဆိုသော မုသားတစ်ခုသည် အမှန်တရားဖြစ်လာ၏”၊ “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည် မဟုတ်”၊ “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ” ဆိုတာမျိုးတွေပေါ့။ အဲဒီ စာတန်အတွေးအခေါ်တွေက ကျွန်မရဲ့ဘဝရပ်တည်ရေး စည်းမျဉ်းတွေ ဖြစ်လာခဲ့တာပါ။ အဲဒီစည်းမျဉ်းတွေနဲ့ နေထိုင်ခဲ့တာဆိုတော့၊ ပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။ လှည့်ဖြားတတ်၊ အယောင်ဆောင်တတ်လာတယ်။ ကိုယ့်အကျိုးအတွက်ချည်းပဲ စဉ်းစားခဲ့တယ်။ အဲဒီနောက်ဆုံးအချိန် ရောက်တဲ့အထိ၊ မလိမ်ညာ မလှည့်ဖြားဘဲ မနေနိုင်ခဲ့ဘူး။ လိမ်ညာပြီးတဲ့နောက်မှာ အပြစ်ရှိတယ်လို့ ခံစားမိပြီး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ၊ ဘုရားသခင်ဆီမှာ နောင်တရပြီး၊ တခြားလူတွေကို အမှန်အတိုင်း ပြောပြချင်တာတွေ ဖြစ်ခဲ့ပေမဲ့၊ အရှက်ကွဲမှာ လှောင်ပြောင်ခံရမှာကို ကြောက်တဲ့စိတ်နဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဖုံးဖိနေခဲ့မိတယ်။ ဆက်ပြီး အယောင်ဆောင်နေခဲ့မိတယ်။ ကိုယ့်ရဲ့ လှည့်စားတတ်တဲ့ အပြုအမူနဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေကို အမှန်အတိုင်း ထုတ်ပြောချင်စိတ် မရှိခဲ့ဘူး။ အထူးသဖြင့်၊ အမှန်ကို ပြောလိုက်တာနဲ့၊ လူတွေက ကျွန်မကို အရှိအတိုင်း မြင်သွားလိမ့်မယ်၊ ကျွန်မကို အထင်ကြီးကြတော့မှာ မဟုတ်ဘူးဆိုတာကို တွေးရင်းနဲ့၊ ကိုယ့်မျက်နှာကို ခွာချဖို့၊ ရိုးသားဖို့ဆိုတဲ့ သတ္တိက ကျွန်မမှာ မရှိခဲ့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားရတာနဲ့စာရင်၊ အမှောင်ထဲ စိတ်ဆင်းရဲမှုတွေထဲမှာ ရုန်းကန်နေရတာကို ပိုကြိုက်ခဲ့တယ်။ ကျွန်မက စာတန်ကြောင့် ဘယ်လောက် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဆိုတာကို မြင်ခဲ့တာပါ။ ဘုရားသခင်ကသာ ကျွန်မကို အဲဒီလို ဖော်ထုတ်မပြခဲ့ဘူးဆိုရင်၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှုတွေသာ မရှိခဲ့ရင်၊ ကျွန်မရဲ့သဘာဝက ဘယ်လောက် ကောက်ကျစ်စဉ်းလဲသလဲဆိုတာကို၊ ကျွန်မ လုံးဝ မြင်ခဲ့မိမှာ မဟုတ်ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ကိုယ့်ပကတိအမှန်ကို ထုတ်ဖော်ပြဖို့၊ စိတ်ခွန်အား ရခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဆိုတာ ကိုယ်တော်က ကျွန်မကို ကာကွယ်နေတာ ကယ်တင်နေတာဖြစ်မှန်း၊ အဲဒီတော့မှ ကျွန်မ သဘောပေါက်မိတယ်။ သမ္မာတရားကို အားထုတ်တာ၊ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်တာတွေက ဘယ်လောက် အရေးကြီးမှန်းလည်း ခံစားမိခဲ့တယ်။

အမှန်အတိုင်း ပြောတတ်အောင်၊ ရိုးသားသူတစ်ယောက် ဖြစ်အောင်၊ လက်တွေ့လုပ်ဆောင်ဖို့ကိုပဲ အဲဒီအချိန်ကစပြီး ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်း အချိန်နည်းနည်းလောက်ကြာတော့၊ စည်းဝေးပွဲတွေမှာ ကျွန်မတို့နဲ့အတူ ပါခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်က တစ်ခါတလေ မာနထောင်ပြီး၊ သူ့ကိုယ်သူ အမှန်ထင်တတ်တာတွေ၊ တခြားသူတွေ အကြံပြုတာတွေကို လွယ်လွယ်နဲ့ လက်မခံတာတွေကို ကျွန်မ တွေ့မိတယ်။ ကျွန်မလည်း သူ့ကို အဲဒီအကြောင်း တော်တော်လေး ထုတ်ပြောချင်မိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်၊ “သူက ငါ ပြောတာ လက်ခံရင်တော့၊ အဆင်ပြေပြေနဲ့ ကောင်းတာပေါ့။ ဒါပေမဲ့ လက်မခံဘူးဆိုရင်၊ သူ ငါ့ကို ဘယ်လိုထင်မှာလဲ” ပေါ့လေ။ ကျွန်မလည်း စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ တစ်ရက်တော့ သူက ကျွန်မကို မေးတယ်၊ “ညီမ၊ တို့အချင်းချင်း သိလာတာ အခုဆို တော်တော်ကြာပြီ။ အစ်မဆီမှာ ပြဿနာတစ်ခုခုရှိနေတာ မြင်တယ်ဆိုရင်၊ အစ်မကို ပြောပါ။ အစ်မအတွက် အထောက်အကူဖြစ်တာပေါ့” တဲ့။ ကျွန်မလည်း သူ့ကို ကြည့်ပြီး၊ “ကျွန်မတော့ ဘာမှမမြင်ပါဘူး။ အစ်မက အားလုံးကောင်းတယ်” ဆိုတာမျိုး ပြောတော့မလို့ပဲ။ ဒါပေမဲ့ အဲဒါဆို လှည့်စားသလို ဖြစ်သွားမယ်ဆိုတာ၊ ကျွန်မ သဘောပေါက်တယ်။ ဒါနဲ့ ဘုရားဆီ ဆုတောင်းပြီး၊ ကိုယ်တော့်စိစစ်မှုကို လက်ခံချင်စိတ် ဖြစ်အောင် အားတင်းလိုက်တယ်။ ကျွန်မ ဆက်ပြီးတော့ လိမ်ညာ လှည့်ဖြားပြီး ဘုရားမနှစ်သက်အောင်လုပ်နေလို့ မဖြစ်တော့ဘူး အဲဒါနဲ့ ကျွန်မလည်း သူ့ပြဿနာကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။ သူက နားထောင်ပါတယ်။ ပြီးတော့ ခေါင်းကို ဆတ်ခနဲ ညိတ်ပြီး ပြန်ပြောတယ်၊ “ဘုရားသခင် ကျေးဇူးတော်ပါပဲ။ ညီမသာ မပြောပြဘူးဆိုရင်၊ ဒါကို အစ်မ လုံးဝ သဘောပေါက်မိမှာမဟုတ်ဘူး။ အစ်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ပြီး၊ ဒါကို တကယ် နားလည်ဖို့လိုတယ်” တဲ့။ သူက လက်ခံနိုင်တာကို မြင်တော့၊ ကျွန်မ တော်တော် ဝမ်းသာသွားတယ်။ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ မယုံနိုင်စရာ အရသာမျိုးကို ကျွန်မ ခံစားလိုက်ရတယ်။ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရတာ၊ ရိုးသားသူတစ်ယောက် ဖြစ်ရတာဟာ ဘယ်လောက်တောင် ကောင်းမွန်မှန်း၊ တကယ်ကို တွေ့ကြုံလိုက်ရပါတယ်။

ယခင်က:၂၉။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

နောက်တစ်ခုသို့:၃၆။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ