၇၆။ နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည် ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဤအပိုဒ်ကို ဖတ်ရသည့်အခါ၊ နာမကျန်းဖြစ်ဖူးသည့် အတွေ့အကြုံတစ်ခုကို ကျွန်တော် သတိရမိသည်။ ထိုအချိန်တုန်းက နာကျင်မှုများရှိပြီး မျက်ရည်များစွာ ကျခဲ့ရသော်လည်း၊ သမ္မာတရားတချို့ကို နားလည်လာခဲ့ပါသည်၊ ကျွန်တော့်၏ ယုံကြည်ခြင်းမှာ ကောင်းချီးများစွာ ရှာခြင်းကို ရပ်တန့်ခဲ့ပြီး ဤဆင်းရဲဒုက္ခမှ သင်ခန်းစာအချို့ ကျွန်တော် ရရှိခဲ့ကာ၊ ဤသည်မှာလည်း ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ကျွန်တော် ခံစားခဲ့ရသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ၂၀၁၀ ခုနှစ်မှာ ကျွန်တော် လက်ခံခဲ့ပါသည်။ ထိုအချိန်တုန်းက ကျွန်တော်က အထက်တန်းကျောင်းမှာသာ ရှိသေးသည်။ လူကို ဘုရားသခင်က ဖန်ဆင်းခြင်းဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်းက မှန်ကန်သည့် လမ်းကြောင်း- တန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံး လမ်းကြောင်း ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြသခဲ့ပါသည်။ အသင်းတော် အစည်းအဝေးများကို ကျွန်တော် စတက်ခဲ့ပြီး ရာသီဥတုက မည်သို့ဖြစ်ပါစေ တစ်ခါမှ မပျက်ခဲ့ဖူးပါ။ ကျွန်တော်၏ သူငယ်ချင်းများ၊ ဆွေမျိုးများကို ဧဝံဂေလိတရား ဟောဖို့ကိုလည်း ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ နေ့တိုင်း ကျွန်တော် ကျေနပ်မိပြီး အလွန် ငြိမ်သက်ခြင်း ရှိခဲ့ပါသည်။
တစ်နှစ်ကြာပြီးသည့်နောက် ကျွန်တော် ဆေးစစ်ဖို့အတွက် ဆေးရုံကိုသွားခဲ့ပြီး ကျွန်တော့်မှာ အသည်းရောင်အသားဝါ ဘီ ပိုးရှိနေသည်ကို သိလိုက်ရသည်။ ကုသဖို့ ခက်ပြီး ပိုဆိုးလာခဲပါက၊ ကင်ဆာဖြစ်သွားနိုင်သည်ဟု ဆရာဝန်က ပြောသည်။ ဤရောဂါကို ရုတ်တရက် သိလိုက်ရတော့ ကျွန်တော် လုံးဝ ထုံထိုင်းသွားသည်။ ကျွန်တော့်မျက်နှာက အေးစက်သွားပြီး လက်များက တုန်တုန်ယင်ယင် ဖြစ်နေသည်။ ရုတ်တရက်ကြီး ကျွန်တော့် အနာဂတ်က ထိုမျှ မသေချာသကဲ့သို့ ဖြစ်သွားသည်။ ထိုနေ့ အိမ်အပြန်လမ်းမှာ ကျွန်တော် တကယ်ကို စိတ်ဓာတ်ကျနေခဲ့သည်။ ဆက်ဆက်၍သာ ငိုနေမိသည်။ ကျွန်တော် “ဒီ ရောဂါကို ငါ ဘယ်လိုရသွားတာလဲ။ တခြားလူတိုင်းလို ငါက ဘာလို့ မကျန်းမာရတာလဲ။” ဟု မိမိကိုယ်ကိုယ် မေးနေမိသည်။ ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်က ကျွန်တော့်ကို နာမကျန်းဖြစ်ခြင်းကနေ ကာကွယ်မည်ဟု ကျွန်တော် ထင်ခဲ့ဖူးသည်။ ဘုရားအိမ်တော်မှာ ကျွန်တော့်တာဝန်ကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထမ်းဆောင်ရခြင်းသည် အတော်ကောင်းမည်။ သို့သော် ယခုတော့ မည်သည့်အချိန် ကောင်းလာမည်ပင် မသိဘဲ၊ မကျန်းမာနေသည့်အတွက် ပိုဆိုးလာပါက ကျွန်တော့် အသက်ပင် ဆုံးရှုံးနိုင်သည်။ ဤ အတွေးများကြောင့် ကျွန်တော် တကယ်ကို စိတ်ညစ်မိပြီး ဘုရားသခင်ရှေ့မှောက်ကို သွားကာ အကြိမ်များစွာ ဆုတောင်းခဲ့ပါသည်။ ဤ အခြေအနေကို မည်သို့ ဖြတ်သန်းရမည်ကို သိဖို့အတွက် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့အလို့ငှာ ကျွန်တော့်ကို ယုံကြည်ခြင်းနှင့် ခွန်အားအတွက်ကို ပေးဖို့၊ လမ်းပြပြီး ဉာဏ်အလင်းပြဖို့ ဘုရားသခင်ထံ ကျွန်တော် တောင်းလျှောက်သည်။
ညီအစ်ကို မောင်နှမများက သိသွားသည့်အခါ၊ ကျွန်တော့်ကို ကူညီအားပေးဖို့ ရောက်လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ဖတ်ပြပါသည်။ “နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဤအပိုဒ်ကို ဖတ်ရင်း၊ ကျွန်တော် ပိုဆိုးလာခြင်း ရှိမရှိမှာ ဘုရားသခင်၏ လက်ထဲမှာရှိသည်ကို ကျွန်တော့် စိတ်နှလုံးထဲကနေ သိခဲ့သည်- ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးပါသည်။ ကျွန်တော် စိုးရိမ်ပူပန်စိတ်များ၊ စိတ်သောကရောက်နေခြင်းများ အားလုံးက လုံးဝ မလိုအပ်ပါ။ ယခု ကျွန်တော် နာမကျန်းဖြစ်နေသည့်အတွက်၊ ဘုရားသခင်ကို ကျွန်တော် အမှန်တကယ် အမှီပြုပြီး အားကိုးခဲ့ရသည်။ ကျွန်တော် သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ဘုရားသခင်ကို အပြစ်တင်၍မရဘဲ၊ သူ့၏ အုပ်စိုးမှုကို နာခံခဲ့ရပါသည်။ ထိုသို့နှင့် ထိုအချိန်ကစပြီး ကျွန်တော့်၏ ရောဂါနှင့်ပတ်သက်ပြီး ဘုရားသခင်ကို ခဏခဏ ဆုတောင်းသကဲ့သို့၊ ကုသမှုလည်း ခံယူသည်။ ခြောက်လကြာပြီးသည့်နောက်မှာ နောက်ထပ် ဆေးစစ်ဖို့အတွက် ဆေးရုံကို သွားခဲ့သည်။ ကျွန်တော့် အခြေအနေက ကောင်းလာကာ ထိန်းထားနိုင်သောကြောင့်၊ ကျွန်တော် ကုသမှု မလိုတော့ပါဟု ဆရာဝန်က ပြောသည်။ ဤသည်ကို ကြားရတော့ ကျွန်တော် အလွန် ပျော်သွားပြီး “ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။” ဟု မပြတ် ပြောနေမိသည်။ ဘုရားသခင်ကို ကျွန်တော် တကယ်ကို မည်သည့်အရာကို ပြောရမှန်းမသိခဲ့ဘဲ၊ ဤသည်မှာ သူ့၏ ကြင်နာခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ဖြစ်သည်ကို ကျွန်တော် သိခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှာ ကျွန်တော် ကောလိပ်ကျောင်း တက်ခဲ့သော်လည်း၊ ကျောင်းနယ်မြေထဲမှာ ဧဝံဂေလိ ဖြန့်ဝေ၍ဆိုပြီး ကျွန်တော် အတိုင်ခံရသောကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။ ထိုအချိန်က ကျွန်တော့်အတွက် တော်တော် ခက်ခဲသည့်အချိန်ပင် ဖြစ်သည်။ တကယ်တမ်း ဤနေရာကို ရောက်ဖို့အတွက် ၁၂ နှစ်လောက် စာကြိုးစားခဲ့ရသည်။ သို့သော် နောက်တော့ လူသားကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြနေပြီး အလုပ်လုပ်နေသည့် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်တော် စဉ်းစားမိပြီး ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်လျှောက်မှသာ ကယ်တင်ခြင်း ခံရနိုင်ပေသည်။ ကပ်ဘေးကြီးများက မကြာမီ ရောက်လာတော့မည် ဖြစ်သောကြောင့်၊ ကျွန်တော့် တာဝန်ကို မထမ်းဆောင်ဘဲ၊ ကောင်းမှုများ မလုပ်ပါက ကျွန်တော် သုတ်သင်ဖယ်ရှင်းခံရမည်ကို ကြောက်ခဲ့သည်။ “ကောလိပ်ကို ထားလိုက်တော့။ သမ္မာတရားကို လိုက်စားပြီး အသင်းတော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက်ပဲ ငါ အစွမ်းကုန် ကြိုးစားတော့မယ်။” ဟု ကျွန်တော် မိမိဘာသာ စဉ်းစားမိသည်။ သုံးလေးရက်ကြာပြီးနောက် ကျွန်တော် အိမ်ကနေထွက်ခဲ့ပြီး အသင်းတော်မှာ ကျွန်တော့်တာဝန်ကို စပြီး ထမ်းဆောင်ခဲ့သည်။ မည်သည့် တာဝန်ကိုသာ ကျွန်တော့်ကို ချပေးထားသည်ဖြစ်စေ ကျွန်တော် ဝမ်းမြောက်ဝမ်းသာနှင့် စောဒကတက်ခြင်းမရှိဘဲ ခံယူသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ တစ်ဖက်စွန်းကျသည့် ဖိနှိပ်မှု၊ ဖမ်းဆီးမှုများကို ရင်ဆိုင်ရပြီး ရဲများ၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါး နှစ်ကြိမ်ဖြစ်ခဲ့သည်ပင် ကျွန်တော် မကြောက်ရွံ့ခဲ့ဘဲ၊ ဧဝံဂေလိကို ဆက်ဖြန့်ဝေခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံခဲ့သည်။ ကျွန်တော့်တာဝန်ကို ဆက်ပြီး ထမ်းဆောင်နေမှသာ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်မှာဖြစ်ပြီး ယင်းကသာ ကောင်းမွန်သည့် ပန်းတိုင်ရရှိဖို့ တစ်ခုတည်းသော လမ်းဖြစ်သည်ဟု ကျွန်တော် ခံစားခဲ့ရသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော့် တာဝန်ကို ထမ်းဆောင်ဖို့အတွက် ကျွန်တော် မြို့ပြင်ကို ပြောင်းရွှေ့ခဲ့ရသည်။ တစ်ရက်ကျတော့ ခေါင်းဆောင်က ကျွန်တော့်ထံမှ အခြားသူများကို မကူးအောင် ကြိုတင်ကာကွယ်သည့်သဘောနှင့် ကျွန်တော့်ကို ဆေးစစ်ဖို့ ဆေးရုံကို သွားခိုင်းသည်။ ဤသည်ကို ကျွန်တော် ကြားရတော့ “ငါ နောက်ဆုံး ဆေးစစ်ပြီးကတည်းက အခုအချိန်အထိ ငါးနှစ်လောက်ရှိနေပြီ။ ငါ့ရောဂါက ဒီအချိန်အတွင်း ပိုဆိုးလာနိုင်တယ်။ ရောဂါက တော်တော်ကို ကူးစက်တတ်ရင် ဒါမှမဟုတ် ကင်ဆာအဖြစ် ပြောင်းသွားရင် ငါ့ တာဝန်ကို လုပ်နိုင်မှာမဟုတ်တော့ဘူး။” ဟု မိမိဘာသာ စဉ်းစားလိုက်သည်။ ဤအတွေးက ကျွန်တော် တကယ်ကို စိတ်ညစ်သွားသည်။ ကျွန်တော် ကြောက်လည်းကြောက်ပြီး ယင်းကို လက်ခံနိုင်မည်မဟုတ်သည်ကို သိခဲ့ပါသည်။ နောက်တစ်နေ့မှာ ကျွန်တော် ဆေးရုံကို သွားခဲ့သော်လည်း၊ ထိုနေရာရောက်သည့်အခါ တော်တော် စိတ်လှုပ်ရှားနေသည်။ စိတ်ထဲမှာလည်း “အခုအချိန်မှာ ကင်ဆာဖြစ်သွားရင် ဒါမှမဟုတ် တော်တော် ကူးစက်တတ်တယ်ဆိုရင် ဒီမှာ ငါ့ကို သူတို့ ကုပေးနိုင်ပါ့မလား။ သူတို့ ကုမပေးနိုင်ဘူးဆိုရင် ငါ ဘာလုပ်ရမလဲ။” ဟု စဉ်းစားမိသည်။ ထိုအချိန်မှာ ဘုရားသခင်ကို ကျွန်တော် ဆုတောင်းခဲ့ပြီး မည်သည့်အရာဖြစ်ပါစေ ကျွန်တော် နာခံမည်ဟု ပြောခဲ့ပါသည်။ သို့သော် ထို့နောက်မှာ ကျွန်တော့်မှာ နှလုံးစည်းချက်မမှန်သည့် ရောဂါ ရှိသည်ဟု ဆရာဝန်က ပြောသည်။ ကျွန်တော် “ဒါ မကျန်းမာလာတဲ့ လက္ခဏာလား။ တခြားဘာကြောင့် ငါက နှလုံးစည်းချက်မမှန်တဲ့ ရောဂါ ရှိရမှာလဲ” ဟု စဉ်းစားလျက်၊ ထပ်စိတ်ပူသွားမိသည်။ ဆရာဝန်၏ စိတ်ပူသည့် မျက်နှာကို အနီးကပ်ကြည့်ရင်း၊ ကျွန်တော့်အတွက် အခြေအနေသိပ်မကောင်းသည်ကို သဘောပေါက်လိုက်သည်။ ဆရာဝန်က အခြားအရာများ သိပ်မပြောတော့ဘဲ သွေးနည်းနည်း ယူထားပြီး အိမ်ပြန် စောင့်နေဖို့ပြောသည်။
ကျွန်တော် ဆေးအဖြေရမည့် နေ့က နီးလာတော့ ကျွန်တော့်၏ စိတ်သောကရောက်မှုက ပြန်ပေါ်လာပြန်သည်။ သတင်းဆိုးကြားရမည်ကို ကြောက်နေပြီး ကျွန်တော် ရင်ဆိုင်နိုင်မည်ဟု မထင်ခဲ့ပါ။ ကျွန်တော် ပြန်ပြီးသာ ကောင်းသွားချင်သည်။ တစ်ပတ်ကြာပြီး ကျွန်တော့် ရလဒ်အဖြေ သိရဖို့ ဆေးရုံကို သွားသည်။ ကျွန်တော့်သွေးက အသည်းရောင် အသားဝါ ဘီပိုးများနှင့် ပြည့်နေပြီး ယင်းက အခြေအနေဆိုးသည့် အသည်းရောင်အသားဝါ ရောဂါဖြစ်လာခဲ့ပြီး ဖြစ်သည်ဟု သူကပြောသည်။ ယင်းမှာ တော်တော်ကူးစက်တတ်ပြီး ကျွန်တော် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်သည်ဟု ဆရာဝန်က ပြောသည်။ ကျွန်တော်က “သွားပြီပဲ။ အခု ငါ့တာဝန်ကို ထမ်းဆောင်နိုင်ပါတော့မလား။ အစည်းအဝေးတွေတက်ပြီး အသင်းတော် အသက်တာကို ရှင်သန်နိုင်ပါ့မလား။” ဟု မိမိဘာသာ တွေးလိုက်သည်။ အိမ်အပြန်လမ်းမှာ ကျွန်တော့်၏ မကျန်းမာမှုအကြောင်းကိုသာ တွေးနေမိပြီး၊ ကျွန်တော်၏ စက်ဘီးကို စီးရသည်မှာလည်း ခြေကုန်လက်ပန်းကျသည်ဟု ခံစားရသည်။ အိမ် ပြန်ရောက်ပြီးနောက် အွန်လိုင်းမှာ ကုသမှုများ ရှာကြည့်ရင်း၊ အခြေအနေဆိုးနေသည့် အသည်းရောင် အသားဝါရောဂါက လူကို မေ့မြောသွားစေပြီး သုံးလေးရက်အတွင်းတွင် သေစေနိုင်သည် ဟု ဖတ်ရသည်။ ကျွန်တော် ကြောက်လန့်သွားပြီး၊ “ငါက အဲဒီလိုမျိုး ဖြစ်လာမှာလား။ တကယ်သာ ဒီလိုမျိုးသေသွားရင် အဲဒါဟာ ငါ့ယုံကြည်ခြင်းရဲ့ အဆုံးသတ်ဖြစ်မှာ မဟုတ်ဘူးလား။ တခြား ညီအစ်ကို မောင်နှမတွေအားလုံးက အရမ်း ကျန်းမာကြတယ်။ ဘာလို့ မကျန်းမာတဲ့သူက ငါတစ်ယောက်တည်းဖြစ်နေတာလဲ။ ဘာလို့ တခြားလူတိုင်းနဲ့ ငါက အရမ်း ကွဲပြားနေရတာလဲ။” ဟု စဉ်းစားမိသည်။ သူများကို ကျွန်တော် ပိုပိုပြီး မနာလို ဖြစ်လာသည်။ သူတို့က ရောဂါကြောင့် ဒုက္ခမရောက်ဘဲ သူတို့သည်ဝန်များကို အေးအေးချမ်းချမ်းနှင့် ထမ်းဆောင်နိုင်သည်။ ကောင်းမှုများကို ပြင်ဆင်နေကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည်ပင် ဖြစ်သည်။ ထိုအချိန်မှာ ကျွန်တော်ကတော့ နာမကျန်းဖြစ်နေသည်၊ ကျွန်တော့်တာဝန်ကို ပြန်လုပ်နိုင်ခြင်း ရှိမရှိကို လုံးဝ မသိရပါ။ ပြန်မလုပ်နိုင်ပါက၊ ကျွန်တော် စွန့်ပစ်ခြင်းခံရပြီး ကပ်ဘေးများထဲကို ထိုးကျသွားမလား။ ကျွန်တော့်၏ ယုံကြည်ခြင်းကြောင့် ကောလိပ်ကျောင်းကနေ ထုတ်ခံရပြီး ကမ္ဘာမှာရှိသည့် ကျွန်တော့်၏ အနာဂတ်ကို စွန့်လွှတ်ခဲ့သည်။ ရည်းစားလည်း တစ်ခါမှ မထားဖူးခဲ့ဘဲ၊ ကျွန်တော့်တာဝန်အတွက် အိမ်ကနေ ထွက်ခွာခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို မည်သို့ဖြစ်စေ စွန့်ပစ်ပြီး သုတ်သင်ဖယ်ရှင်းပစ်မည်ဆိုပါက၊ ဤနှစ်များ တစ်လျှောက်လုံး ကျွန်တော့်၏ ယုံကြည်ခြင်း၌ ပေးဆပ်ခဲ့ခြင်းများအားလုံးက အချည်းနှီးသာဖြစ်သည်ဟု အဓိပ္ပာယ် ဖြစ်မနေပါလား။ ယခုအချိန်မှာ ကျွန်တော် အိမ်ပြန်သွားပါက တရုတ်ကွန်မြူနစ်ပါတီက ကျွန်တော့်ကို ဖမ်းမည်။ သေချာပေါက် အဖမ်းခံရပြီး ထောင်ကျမည်သာ ဖြစ်သည်။ ဤအတွေးများက ကျွန်တော့်ကို ပိုပိုစိတ်ညစ်စေလာပြီး စိတ်ပျက်အားလျော့စေလာခဲ့သည်။ “ဘုရားသခင်၊ ကျွန်တော့်ကို ဖော်ထုတ်ပြီး သုတ်သင်ဖယ်ရှင်းပစ်ဖို့ ဒီအနာရောဂါကို အသုံးပြုနေတာလား။” ဟု တွေးတောမိခဲ့သည်။ မျက်ရည်များကျလာသည်ကို မတားဆီးနိုင်ခဲ့ပါ။ ကျွန်တော် မိမိတာဝန်ကို ထမ်းဆောင်ဖို့ သို့မဟုတ် မည်သည့်အရာကိုမျှ လုပ်ဖို့ စိတ်မပါဘဲ၊ တော်တော်ကို အားလျော့နေသည်။ မည်သည့်အရာမျှပင် ကျွန်တော် မစားချင်ခဲ့ပါ။ လုံးဝကို ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ကျွန်တော့်၏ နာကျင်မှုများဖြင့် ဘုရားရှေ့မှောက်ကိုသွားပြီး “အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်တော် အရမ်းအားလျော့နေပြီး အရမ်းနာကျင်နေရပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ကို မတွေးဘဲ မနေနိုင်ပါဘူး။ ကျွန်တော့်မှာ ပန်းတိုင်မရှိတော့သလို ခံစားရပါတယ်။ အဖ ဘုရားသခင်၊ ကိုယ်တော်က ဒီအနာရောဂါကို ကျွန်တော့်ဆီမှာ ဖြစ်ဖို့ ခွင့်ပြုခဲ့တယ်ဆိုတာ သိပါတယ်။ ကိုယ်တော်ရဲ့အလိုတော်ကို နားလည်ဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပြပြီး လမ်းပြတော်မူပါ။” ဟု ဆုတောင်းခဲ့သည်။
ထိုအချိန်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ တစ်ပိုဒ် ကျွန်တော့်စိတ်ထဲ ပေါ်လာသည်။ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဤနှုတ်ကပတ်တော်များကို တွေးဆရင်း၊ ဘုရားသခင်၏ ကောင်းမြတ်သည့် အလိုတော်က ဤနာမကျန်းဖြစ်ခြင်းအတွင်းတွင် တည်ရှိနေသည်ကို ကျွန်တော် နားလည်ခဲ့သည်။ သူက ကျွန်တော်၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ဖို့နှင့် ကျွန်တော့်အား မိမိကိုယ်ကိုယ် သိစေဖို့၊ သင်ယူစာရစေဖို့ ဤအခြေအနေကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ ယောဘအပေါ်ကို ထိုစမ်းသပ်မှုများကို ဘုရားသခင် ခွင့်ပြုခဲ့သည့်အကြောင်းကို ကျွန်တော် စဉ်းစားမိသည်။ သူက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားရသော်လည်း၊ ဘုရားသခင်က သူ့အသက်ကို နုတ်ယူဖို့ ဒဏ်ပေးနေခြင်း မဟုတ်ဘဲ၊ သူ့၏ ယုံကြည်ခြင်းကို စုံလင်စေဖို့၊ ဘုရားသခင်ကို ယောဘ ပို၍ သိစေဖို့ အခွင့်ကို ပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်တော့်ကို ဖော်ထုတ်ပြီး ဖယ်ရှင်းဖို့အတွက် ကျွန်တော့်အား နာမကျန်းဖြစ်စေခြင်း မဟုတ်ဘဲ၊ ကျွန်တော်၏ ယုံကြည်ခြင်းမှာရှိသည့် အစွန်းအထင်းများကို သန့်စင်ဖို့နှင့် သူ့ကို အမှန်တကယ်ချစ်ပြီး နာခံစေဖို့ပါ။ ဘုရားသခင်ကို ကျွန်တော် အပြစ်မတင်နိုင်ဘဲ ကျွန်တော့် ယုံကြည်ခြင်းနောက်ကွယ်မှာ ရှိသည့် မှားယွင်းသည့် ရည်ရွယ်ချက်များ၊ ဘုရားသခင်ကို ကျွန်တော် မည်သို့ပုံစံနှင့် မနာခံဘဲ၊ ခုခံနေသည်ကို ဆန်းစစ်ခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်လျက်၊ ကျွန်တော် တော်တော်ကို အပြုသဘောဆောင်လာသည်။ ဘုရားသခင်ကို ကျွန်တော် နောက်ထပ် ဆုတောင်းသည်၊ မိမိကိုယ်ကိုယ် ငြိမ်သက်စေခဲ့ပြီး၊ သင့်တော်သည့် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းများ လုပ်ခဲ့သည်။
ကျွန်တော်၏ရှာဖွေခြင်း၌၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရပါသည်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသော သူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသား တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရင်း၊ ကျွန်တော်၏ယုံကြည်ခြင်းမှာ ကျွန်တော်က ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ မဆက်ဆံနေသည်ကို သတိပြုမိခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ကောင်းချီးများ ထုတ်ပေးနေသည့်စက်တစ်ခုလို တွေးထင်နေခဲ့သည်။ ထို့ကြောင့် ကျွန်တော် နာမကျန်းဖြစ်တုန်းက ပထမဆုံး စဉ်းစားသည်မှာ ကျွန်တော့်၏ အနာဂတ်အလားအလာများ၊ ကျွန်တော် သက်သာခြင်း ရှိမရှိတို့ဖြစ်ပြီး ရောဂါအကြောင်းနှင့် မည်သို့ကုသရမည်ကို အွန်လိုင်းပေါ်မှာ ရှာခဲ့သည်။ မိမိတာဝန်ကို ထမ်းဆောင်ရာမှာ စိတ်ပါဝင်စားမှု လုံးဝ မရှိခဲ့ပါ။ ပိုဆိုးလာသည့်အခါ ကျွန်တော့်ကို မကာကွယ်သည့်အတွက်၊ မကျန်းမာစေသည့်အတွက်ဟု ဘုရားသခင်ကို တရားမမျှတဟု အပြစ်တင်သည်၊ ကျွန်တော့်တာဝန်အတွက် ကျွန်တော် ပညာသင်ခြင်းများ၊ မိသားစုများနှင့် ကျွန်တော့်၏ ငယ်ရွယ်မှုကို စွန့်လွှတ်ခဲ့ခြင်းများအတွက် နောင်တပင် ရခဲ့သည်။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရင်းနှင့် “ဒီယုံကြည်လာတဲ့ နှစ်တစ်လျှောက်မှာ ငါ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် အရာရာကို ငါ ဘယ်လိုများ စွန့်လွှတ်နိုင်ခဲ့တာလဲ။” ဟု တွေးမိသည်။ ယင်းမှာ ကျွန်တော့်မှာ မှားယွင်းသည့် အမြင်ရှိနေသောကြောင့်ဖြစ်သည်ကို သဘောပေါက်ခဲ့သည်။ ကျွန်တော်က ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံပြီး မိမိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးသင့်သည်၊ ကျွန်တော်၏ မကျန်းမာမှုကို ပျောက်ကင်းစေသင့်သည်၊ အန္တရာယ်များကနေ ကျွန်တော့်ကို လုံခြုံအောင်ထားသင့်သည်ဟု ထင်မြင်ခဲ့သည်။ သို့ဆိုလျှင် ကပ်ဘေးများကို ကျွန်တော် လွတ်မြောက်ပြီး သေမည်မဟုတ်ပါ၊ အသက်ရှင်ကျန်ရစ်ပြီး ကောင်းမွန်သည့် အဆုံးသတ်ပန်းတိုင်ရှိမည်။ ယင်းကသာ ကျွန်တော် မိမိတာဝန်မှာ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်လိုသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ပါသည်။ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတာဝန်ကို ထမ်းဆောင်သည့် ကျွန်တော့် ရည်ရွယ်ချက်က ကောင်းချီးများရဖို့ ဖြစ်ပါသည်။ ကျွန်တော်၏ အခြေအနေက ဆိုးလာသည့်အခါမှာ၊ ကျွန်တော်၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်က ပျက်စီးသွားသည့်အခါမှာ သမ္မာတရားကို လိုက်လျှောက်ဖို့ ကျွန်တော့်၏ စိတ်ပိုင်းဖြတ်မှုနှင့် မိမိတာဝန်ကို ထမ်းဆောင်ဖို့ စိတ်ဓာတ်ခွန်အားများက ပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော်၏ စိတ်နှလုံးထဲမှာ ဘုရားသခင်နှင့်ပင် ငြင်းခုံခဲ့သည်။ ကျွန်တော်၏ ယုံကြည်ခြင်းမှာ ကောင်းချီးများကိုသာ ကျွန်တော် ရှာဖွေခဲ့သည်ကို သတိပြုမိခဲ့ပါသည်။ နာမကျန်းဖြစ်သည့်အချိန်မှာ ကျွန်တော်၏ ကိုယ်ပိုင် အနာဂတ် အလားအလာများအကြောင်းသာ တွေးပြီး ကျွန်တော့်၏ ကိုယ်ပိုင် အကျိုးစီပွားကိုသာ စဉ်းစားသည်- ဘုရားသခင်၏အလိုတော်ကို လုံးဝ မရှာဖွေခဲ့ဘဲ၊ ဘုရားသခင်ကိုပင် အပြစ်တင်ခဲ့သည်၊ အထင်လွဲခဲ့ပြီး သစ္စာဖောက်ခဲ့ပါသည်။ ကျွန်တော် တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့သည်။ ကျွန်တော်၏ ဤအတွေးများ အားလုံးက တကယ်ကို ဘုရားသခင်ကို နာကျင်စေပြီး စိတ်ပျက်စေခဲ့သည်။ ကျွန်တော်၏ ယုံကြည်ခြင်းက ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်သကဲ့သို့၊ သမ္မာတရားကို လိုက်စားခြင်း မဟုတ်သည်ကို အမှန်တရားက ပြသနေပါသည်။ ငြိမ်းချမ်းသည့်ဘဝကို ရဖို့၊ ကောင်းမွန်သည့် အဆုံးသတ်ပန်းတိုင် ရှိဖို့သက်သက်သာ ဖြစ်သည်။ အပြန်အလှန်အားဖြင့် အနာဂတ် ဆုလာဘ်များနှင့် ကောင်းချီးများကို ရဖို့ ကျွန်တော်၏ ဒုက္ခခံမှုကို ဘုရားသခင်နှင့် အလဲအလှယ်လုပ်ချင်ခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို အသုံးချနေပြီး သူ့ကို လိမ်ညာဖို့ ကြိုးစားနေခြင်း မဟုတ်ပါလား။ ပေါလုက နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ဒုက္ခအများကြီး ခံခဲ့ကာ၊ အဆုံးမှာ ယုံကြည်ခြင်းကြောင့် သတ်ဖြတ်ခံခဲ့ရသော်လည်း၊ သူက ဖန်ဆင်းခံ တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ဖို့ အလုပ်လုပ်နေခြင်းမဟုတ်ပါ။ ဆုလာဘ်များရဖို့၊ သရဖူဆောင်းဖို့အတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က ပေါလု၏ လမ်းကြောင်းအတိုင်း လျှောက်နေသည်ကို နောက်ဆုံးမှာ သဘောပေါက်ခဲ့သည်။ ဘုရားသခင်က သန့်ရှင်းပြီး ဖြောင့်မတ်သည်။ ကျွန်တော့်ကဲ့သို့ အပေးအယူလုပ်ဖို့ နှင့် သူ့ကို လိမ်ညာဖို့ ယတိပြတ် စိတ်ပိုင်းဖြတ်ထားသည့်သူကို သူက သူ့၏ နိုင်ငံတော်ထဲကို မည်သို့များ ဝင်ခွင့်ပေးမှာလဲ။ ဤသည်ကို တွေးဆရင်း၊ ကျွန်တော် ယခု ဖြတ်သန်းနေရသည့် ဤအနာရောဂါက ကောင်းချီးမင်္ဂလာရဖို့ ကျွန်တော်၏ ကြံရွယ်ချက်ကို ဖော်ထုတ်နေသည်ကို ကျွန်တော် နောက်ဆုံးမှာ နားလည်ခဲ့ပါသည်။ ဤအရာ မရှိဘဲ၊ ကျွန်တော်၏ ယုံကြည်ခြင်း၌ရှိသည့် ရည်ရွယ်ချက်များနှင့် အစွန်းအထင်းများ အားလုံးကို ကျွန်တော် သတိထားမိဦးမည် မဟုတ်သကဲ့သို့၊ ပေါလု၏ လမ်းကြောင်း၊ ဘုရားသခင် ရှုတ်ချသည့် လမ်းကြောင်းတစ်ခုကို လျှောက်နေသည်ကို သတိထားမိမည် မဟုတ်ပါ။ ဤအတွေးဖြင့် ဤရောဂါရှိခြင်းနှင့် ပတ်သက်၍ ကျွန်တော် သိပ် စိတ်မညစ်တော့ဘဲ၊ ထိုအစား ဤနည်းလမ်းနှင့် ကျွန်တော့်ကို ဖော်ထုတ်ပြီး ကယ်တင်သည့် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါသည်။ အပြင်ပန်းမှာမူ ယင်းက ရောဂါတစ်ခု၊ မကောင်းသည့်အရာတစ်ခုဖြစ်သော်လည်း၊ ယင်းထဲ၌ ကျွန်တော့်အတွက် ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းနှင့် ကယ်တင်ခြင်းက ပါဝင်နေပါသည်။ ဘုရားသခင်က ကျွန်တော်၏ ယုံကြည်ခြင်းမှာရှိသည့် အစွန်းအထင်းများ အားလုံးကို သန့်စင်ပေးဖို့အတွက် ယုံကြည်ခြင်း၏ မှန်ကန်သည့် လမ်းကြောင်းပေါ်ရောက်အောင် ကျွန်တော့်ကို လမ်းညွှန် ပေးနေခြင်း ဖြစ်သည်။
ဤအရာများအားလုံးကို ချင့်ချိန်စဉ်းစားရင်းနှင့် “ဘုရားသခင်က လူသားကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် လူ့ဇာတိခံယူခဲ့ပြီး သမ္မာတရားကို ဖော်ပြနေတယ်။ သူက ငါတို့ကို ကိုယ်ကျိုးမကြည့်ဘဲ အသက်ကို ပေးခဲ့ပြီး ဘာမှ ပြန်မတောင်းဆိုခဲ့ဘူး။” ဟု မိမိဘာသာ စဉ်းစားမိသည်။ ဘုရားသခင်၏ စိတ်နှလုံးက မည်မျှ လှပပြီး ကောင်းမွန်သည်ကို ကျွန်တော် ခံစားရသည်။ နောက်တော့ ကျွန်တော်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပျော်မွေ့လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းကို အများကြီး ခံရသော်လည်း၊ မိမိတာဝန်၌ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားပြီး နာမကျန်းဖြစ်သည့်အချိန်မှာ ဘုရားသခင်ကို အပြစ်တင်ပြီး အထင်လွဲလျက်၊ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ တစ်စက်မျှ မစဉ်းစားခဲ့သည်ကို မိမိဘာသာ တွေးမိသည်။ ဤအတွေးတွင် အလွန် ရှက်မိပြီး စိတ်ကသိကအောက် ဖြစ်မိသည်။ အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းသည့်အတွက် မိမိကိုယ်ကိုယ် မုန်းတီးမိသည်။ စာတန်က ကျွန်တော် မည်သို့ပြုမူနေထိုင်သည်ကို စောင့်ကြည့်နေသည့်အချိန်၊ ဘုရားသခင်က ကျွန်တော့်၏ စိတ်အတွင်းကျကျအတွေးများကို အဆက်မပြတ် စိစစ်နေသည်။ ကျွန်တော်က စာတန်၏ ဟားတိုက် အရီခံရသည့်သူ ဖြစ်၍ မဖြစ်ပါ။ ဘုရားသခင်ဘက်မှာ ကျွန်တော် ရပ်တည်ခဲ့သည်၊ သူ၏ အစီအစဉ်များကို နာခံခဲ့ပြီး သင်ခန်းစာများကို ကောင်းစွာ သင်ယူခဲ့သည်။ ထို့နောက် “ဘုရားသခင် ကောင်းချီးများအတွက် ကျွန်တော့်ရဲ့ ဆန္ဒကို စွန့်လွှတ်ချင်ပြီး ကျွန်တော့်ရဲ့ အနာဂတ်ကို မစဉ်းစားချင်တော့ပါဘူး။ ကျွန်တော် သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ စာတန်ကို အရှက်ရစေဖို့အတွက် ကိုယ်တော့်ကို နာခံပြီး ကိုယ်တော့်အတွက် သက်သေရပ်တည်ချင်ပါတယ်။” ဟု ပြောလျက်၊ ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးသည့်နောက်မှာ ကျွန်တော် အလွန် စိတ်ငြိမ်သက်သွားပြီး မိမိအကြောင်းကို အရမ်း မစဉ်းစားတော့ပါ။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရပါသည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို ရှင်သန် ခွင့်ပြုသောကြောင့်၊ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်။ ကျွန်ုပ်တို့ ရှင်သန်သည့်နေ့ တစ်ရက်ချင်းစီသည် ကျွန်ုပ်တို့ ထမ်းဆောင်ရမည့် တစ်ရက်တာ တာဝန် ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကျွန်ုပ်တို့၏ အရေးအကြီးဆုံး လုပ်ဆောင်ချက်တာဝန် အဖြစ် ကျွန်ုပ်တို့ သဘောထားသင့်ပြီး ကျွန်ုပ်တို့၏ တာဝန်များကို ယင်းတို့သည် အသက်တာ၌ အကြီးမားဆုံး အရေးကိစ္စများ ဖြစ်သည့်အလား ဆောင်ရွက်သင့်သည်။ မိမိတို့၏တာဝန်များ ပြည့်ပြည့်စုံစုံ ပြီးဆုံးသွားသည်အထိ ကျွန်ုပ်တို့ အားထုတ်ကောင်း အားထုတ်နိုင်မည် မဟုတ်သော်လည်း၊ စာတန်ကို ကျွန်ုပ်တို့အား စွပ်စွဲချက်များ မပြုနိုင်အောင် ဖြစ်သွားစေလျက်၊ ကျွန်ုပ်တို့၏ အသိစိတ်အတိုင်း ကျွန်ုပ်တို့ ပြုမူပြီး၊ အသိစိတ်၏ နောင်တမရှိဘဲ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး နောင်တလုံးဝ မရှိဘဲ ဖြစ်လာနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့်သူတစ်ယောက်က မိမိ၏ တာဝန်နှင့်ပတ်သက်၍ ထားရှိသင့်သည့် သဘောထား ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ကျွန်တော် သက်သာလာခြင်း ရှိမည် မရှိမည်ကို မသိခဲ့သော်လည်း၊ ကျွန်တော် လုပ်နိုင်သည်က ဘုရားသခင် ကျွန်တော့်ကို ပေးသည့် တာဝန်ကို ထိန်းသိမ်းခြင်းသာ ဖြစ်သည်။ ထို့နောက်မှာ ကျွန်တော်၏ ရောဂါကြောင့် မတွန့်ဆုတ်နေတော့ဘဲ၊ မိမိတာဝန်ကို စိတ်ပါလက်ပါနှင့် ထမ်းဆောင်နိုင်ခဲ့ပါသည်။
နောက်ပိုင်းမှာ ကျွန်တော့်ရောဂါကို ကြည့်ဖို့ ဆေးရုံကို ပြန်သွားခဲ့သည်။ ကျွန်တော်က အခြေအနေကောင်းပြီး ကျွန်တော့်၏ အသည်းကလည်း ပုံမှန်သာ ဖြစ်သည်ဟု ဆရာဝန်ကပြောသည်။ ကျွန်တော့်သွေးထဲမှာတော့ ပိုးအများကြီး ရှိနေသော်လည်း၊ အခြားက အကုန်လုံး အဆင်ပြေသည်။ ကျွန်တော့်ကို စိတ်မပူဖို့နှင့် ကျွန်တော်က သာမန် ကုသမှုသာလိုသည်ကို သေချာမှာသွားသည်။ ဆရာဝန်က ဤကဲ့သို့ ပြောသည့်အချိန်မှာ ကျွန်တော် မနေနိုင်ဘဲ၊ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ ဘုရားသခင်က ကျွန်တော့်ကို သနားညှာနေသည်ကို ခံစားရသည်၊ ကျွန်တော်က တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်၊ အကျိုးအမြတ်ရဖို့သာ ကြည့်သည်၊ တာဝန်အချို့ကိုလုပ်ပြီး ဘုရားသခင်ထံမှ တစ်ခုခု ပြန်ရချင်သည်၊ ဘုရားသခင်ကို လိမ်ညာပြီး သူ့ကို ရွံရှာစေသည်၊ သို့သော် သူက ကျွန်တော့်၏ ပုန်ကန်မှုကို လျစ်လျူရှုခဲ့သည်။ ကျွန်တော်၏ ယုံကြည်ခြင်း၌ မှားယွင်းသည့် ရည်ရွယ်ချက်များနှင့် အမြင်များကို ကျွန်တော် သိလာဖို့အလို့ငှာ သူ့၏ အလုပ်ကို ကြုံတွေ့ဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းပြပြီး လမ်းပြဖို့ သူ့နှုတ်ကပတ်တော်များကို ဆက်တိုက် အသုံးပြုခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းက မည်မျှ ကြီးမြတ်သည် ကျွန်တော် တကယ်ကို ခံစားခဲ့ရပါသည်။ ထို့နောက်တွင် ကျွန်တော့်တာဝန်ကို ထမ်းဆောင်သည့်နေရာမှာ အစွမ်းကုန် ကြိုးစားခဲ့သည်။ ဤစမ်းသပ်မှုကို ကြုံတွေ့ခြင်းမှတစ်ဆင့် သင်ခန်းစာအချို့ ရလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခု စီစဉ်သည့်အခါ၊ နောက်တစ်ကြိမ် ထုတ်ဖော်ခံရခြင်းအတွက် ကျွန်တော် အံ့သြခဲ့ရပါသည်။
တစ်လကြာပြီးနောက် ကျွန်တော် နောက်တစ်ခါ ဆေးစစ်ဖို့အတွက် ခေါင်းဆောင်က ကျွန်တော့်ကို ဆေးရုံကို သွားခိုင်းသည်။ ကျွန်တော့်ရောဂါက အလွန် ကူးစက်လွယ်ပါက၊ အခြားသူများနှင့် အဝေးတွင် မိမိဘာသာနေရမည်ဟု သူကပြောသည်။ သူ ဤကဲ့သို့ ပြောသည်ကို ကြားရလျက်၊ ကျွန်တော့်ရင်ဘတ်ပေါ်ကို ကျောက်တုံးအကြီးကြီးနှင့် ဖိထားသကဲ့သို့၊ အမှန်တကယ် စိတ်ညစ်ဖို့ကောင်းသည်။ “ငါ့ကို လူတွေနဲ့ အဝေးမှာထားရင် အစည်းအဝေးတွေကို ငါ သွားနိုင်မှာ မဟုတ်ဘူး၊ အသင်းတော်အသက်တာကို ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် တစ်နေ့ကျရင် ငါက တော်တော် နာမကျန်းဖြစ်ပြီး ဘယ်သူကမှ ဒါကို မသိဘူးဆိုရင် ငါဘာလုပ်မလဲ။ ကပ်ဘေးကြီးတွေ ရောက်လာတဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေအားလုံး စုဝေးပြီး မိတ်သဟာယ ဖွဲ့နိုင်တယ်၊ ပြီးတော့ အချင်းချင်း ကူညီထောက်ပံ့နိုင်တယ်။ ဒါပေမဲ့ ငါကတော့ လုံးဝ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ။ ငါ ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ပါ့မလား။” ဟု ကျွန်တော့် စိတ်က လှုပ်ရှားလာသည်။ စဉ်းစားလေလေ၊ ကျွန်တော် စိတ်ဓာတ်ကျလေလေသာ ဖြစ်သည်။ ခေါင်းဆောင်က ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးပြီး ဘုရားသခင်၏ အုပ်စိုးမှုကို နာခံတတ်အောင် သင်ယူဖို့ ပြောခဲ့သည်။ ဤအခြေအနေမှာ ယောဘကဲ့သို့ပင်ဘုရားသခင်၏ အလိုတော်ကို ပိုပြီး ရှာဖွေဖို့၊ ကောင်းချီးရသည်ဖြစ်စေ၊ ဘေးဒုက္ခရောက်သည်ဖြစ်စေ ဘုရားကို ချီးမွမ်းဖို့ ပြောသည်။ ဤသည်ကို ကြားရတော့ ကျွန်တော် စိတ်ထိခိုက်ခံစားခဲ့ရသည်၊ ပြီးလျှင် အရင်တစ်ခေါက်က ကျွန်တော်၏ အတွေ့အကြုံကို သတိရသည်။ ဤအရာကို ဘုရားသခင်က ခွင့်ပြုထားပြီး၊ ကျွန်တော် ဦးစွာလုပ်ဆောင်ဖို့ လိုအပ်သည့်အရာမှာ နာခံဖို့သာ ဖြစ်သည်ကို ကျွန်တော် သဘောပေါက်ခဲ့သည်။ ထို့နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို ကြည့်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ကျွန်တော် ဤဗီဒီယိုကို ကြည့်ရင်း၊ မိမိကိုယ်ကိုယ် တော်တော်ရှက်မိသည်။ ယောဘက ဘုရားသခင်ကို ချီးကျူးထောမနာပြုနေသည်က အနှစ်မပါသည့် စကားများ သက်သက်မဟုတ်ပါ။ သူ၏ချီးမွမ်းမှုက သူ့စိတ်နှလုံး အတွင်းထဲမှ လာခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ သြဇာအာဏာ၊ သူ၏ အနန္တတန်ခိုးရှိခြင်းနှင့် အချုပ်အခြာအာဏာကို ယောဘက သိသည်။ ထို့ကြောင့် ဘုရားသခင်ကို သူ့ စိတ်နှလုံးထဲကနေ ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဘုရားအဖြစ် ဆက်ဆံနိုင်သည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အရာကို စီစဉ်ညွှန်ကြားပါစေ၊ စီစဉ်ပါစေ စောဒကတက်ခြင်း၊ တောင်းဆိုခြင်းများ တစ်ခုမှ မလုပ်ခဲ့ပါ။ ယောဘက ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ မကြိုးစားခဲ့ပါ။ သူက ကောင်းချီးများနှင့် ကြုံရသည်ဖြစ်စေ၊ ဘေးဒုက္ခများနှင့် ကြုံရသည်ဖြစ်စေ ရိုးရိုးရှင်းရှင်းသာ နာခံခဲ့သည်။ ဘုရားသခင်ကို နာခံခြင်းကသူ့၏အသက်ထက် ပိုအရေးကြီးသည်ဟု ခံယူခဲ့သည်။ ကျွန်တော်က ဘုရားသခင်နှင့် အဘယ့်ကြောင့် ခဏခဏ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့ပြီး၊ ကောင်းချီးများနောက်ကို အဘယ့်ကြောင့် ခေါင်းမာမာနှင့် လိုက်ခဲ့သည်ကို မိမိအကြောင်းကို တွေးမိသည်။ ကျွန်တော့် နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိ၍၊ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားကို မကြောက်ရွံ့ခဲ့၍ ဖြစ်ပြီး၊ ကျွန်တော်၏ အနာဂတ်နှင့် ကောင်းချီးရဖို့အတွက်ကို အရမ်းအလေးထားခဲ့သောကြောင့် ဖြစ်သည်၊ ထို့အကြောင်းကြောင့် ကျွန်တော် မကျန်းမာနေသည့်အခါ၊ ဘုရားသခင်ကို မနာခံခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကောင်းချီးအချို့ကို ကျွန်တော် ပျော်မွေ့ခံစားနိုင်ခဲ့သည်၊ ပြီးလျှင် ဤနာမကျန်းဖြစ်ခြင်းကို ကျွန်တော့်အပေါ် ကျရောက်စေခြင်းသည် ဘုရားသခင်၏ အုပ်စိုးမှု ဖြစ်ပါသည်။ ကျွန်တော့်မှာရှိသည့် အရာရာတိုင်းကို ဘုရားသခင်က ပေးခဲ့သောကြောင့်၊ သူက ပြန်ယူသွားပါက၊ ယင်းမှာလည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသာ ဖြစ်သည်။ ပုရွက်ဆိတ်တစ်ကောင်ထက် နိမ့်ကျသည့် ကျွန်တော်က အဘယ့်ကြောင့် ဘုရားသခင်နှင့် ငြင်းခုံဖို့ အရည်အချင်း ပြည့်မီရမည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံဖို့ ဆန္ဒရှိပါမည်ဟု ဘုရားသခင်ထံ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ကျွန်တော့်ကို လူများနှင့် ခွဲထားရမည်ဆိုလည်း ရပါသည်။ ဘုရားသခင် ကျွန်တော့်ကို မည်သည့်နေရာမှာပင် ထားထား၊ ဘေးဒုက္ခများ ကျရောက်လျှင်ပင် ကျွန်တော် စောဒကမတက်ပါ။ ကျွန်တော် မည်သည့်နေရာမှာပင် ရောက်နေနေ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ မိမိတာဝန်ကို ထမ်းဆောင်ပါမည်။ နောက်ပိုင်းမှာ ကျွန်တော် ဆေးစစ်ဖို့အတွက် ဆေးရုံကို သွားခဲ့သည်။ ထိုနေရာကိုသွားသည့်လမ်းမှာ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေသည်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီကိုသာ ဆက်တိုက်ဆုတောင်းနေပြီး သူ့၏နှုတ်ကပတ်တော်များကို ဆင်ခြင်နေခဲ့သည်။ ဆေးရုံကို စက်ဘီးနင်းသွားရသည်မှာ အလွန် လွယ်ကူသည်ဟု ခံစားရသည်။ ကျွန်တော် ထိုနေရာကိုရောက်သည့်အခါ၊ “ဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့လတုန်းက ခင်ဗျားရဲ့ သွေးထဲမှာ တစ်မီလီမီတာကို ပိုးပေါင်း သန်း ၁၇၀၀ ရှိတယ်။ အခုတော့ ၅ သိန်း ၆ သောင်းပဲရှိပြီး ခင်ဗျားဆီက သိပ်ပြီး ပိုးမကူးစက်နိုင်တော့ဘူး။” ဟု ဆရာဝန်ကပြောသည်။ တစ်လတည်းနှင့် ထိုမျှထိကျသွားသည်ကို မြင်ရသည်မှာ အလွန်ကောင်းလှသည်ဟုလည်း သူကပြောသည်။ ဤသည်ကို ကြားရလျက်၊ ကျွန်တော့်မှာ ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နေသည်။ သူက ကျွန်တော့်ဘေးမှာ ရှိနေပြီး အရာခပ်သိမ်းကို အုပ်စိုး စီမံနေခြင်း ဖြစ်သည်။ ပြီးလျှင် ယင်းက အံ့သြဖွယ်ကောင်းပြီး လက်တွေ့ကျပေသည်။
ဤနာမကျန်းဖြစ်ခြင်းကို ကြုံတွေ့ရခြင်းက ကောင်းချီးလိုချင်သည့် ကျွန်တော့်၏ ဆန္ဒနှင့် စက်ဆုပ်စရာ ကောင်းသည့် ရည်ရွယ်ချက်များကို လုံးဝ ရှင်းလင်း သွားစေပါသည်။ ကျွန်တော့်မှာရှိခဲ့သည့် အားထုတ်လိုက်စားခြင်း နှင့်ပတ်သက်ပြီး မှားယွင်းသည့်အမြင်များနှင့် ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို နားလည်မှုအချို့ ရှိလာခဲ့ပါသည်။ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်ပတ်သက်သည့် လက်တွေ့ကျသော အသိအမှတ်ပြုခြင်း တစ်ခုလည်း ရှိလာခဲ့သည်။ ဤအရာများ အားလုံးက ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများမှ လာခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့်အချိန်မှာ ကျွန်တော် အသည်းရောင်အသားဝါရောဂါ လုံးဝ ပျောက်သွားမည်ကို ယခု ကျွန်တော် မတွေးတော့ပါ။ ကျွန်တော်က ဤအခြေအနေအလယ်တွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကိုသာ ကျွန်တော် နာခံပြီး ကျွန်တော်၏တာဝန်ကိုသာ လုပ်ဆောင်လိုသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။