၉၀။ စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် စုံလင်ခြင်းခံရသော ယုံကြည်ခြင်း
ကျွန်မ အမေက ၁၉၉၃ ခုနှစ်မှာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ခဲ့ပါသည်။ ရလဒ်အနေနှင့် ကျွန်မတို့ တစ်မိသားစုလုံး သခင်ယေရှုကို ယုံကြည်ခဲ့ကြသည်။ ထိုနောက်ပိုင်းမှာ သူ ထူးထူးဆန်းဆန်း ပြန်ကောင်းလာသည်ကို ကြုံတွေ့ခဲ့ရသည်။ ထိုကစပြီး ကျွန်မ သူနှင့် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း တက်ခဲ့ပါသည်။ ပြီးလျှင် ၂၀၀၀ ခုနှစ် နွေဦးရာသီမှာ သခင်ပြန်ကြွလာသည့် ဝမ်းမြောက်ဖွယ် သတင်းက ကျွန်မတို့ အိမ်ကို ရောက်လာပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး သူက ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မတို့ သေချာသွားခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပံ့ပိုးသည့် ရေလောင်းပေးခြင်းနှင့် အာဟာရကို ခံစားရင်း ကျွန်မတို့ ထိုနှုတ်ကပတ်တော်များကို နေ့တိုင်း ဖတ်ခဲ့ကြသည်။ ဤသည်က ကျွန်မကို ဝိညာဉ်ရေးရာမှာ တကယ်ကို ပြုစု ပျိုးထောင်ပေးပါသည်။ သခင်ကြွလာခြင်းကို မျှော်လင့်တောင့်တနေသည့် လူများ မည်မျှပင် ဘုရားသခင်၏ အသံတော်ကို မကြားရသေးသည်ကိုလည်းကောင်း၊ သခင်ပြန်ကြွလာခြင်းကို မကြိုဆိုရသေးသည်ကိုလည်းကောင်း တွေးမိပြီး ကျွန်မ ဘုရားသခင်၏ အလိုတော်ကို အရေးထားပြီး ထိုလူများနှင့် နိုင်ငံတော် ဧဝံဂေလိတရားကို မျှဝေရမည်ကို ကျွန်မ သိခဲ့ပါသည်။ မကြာမီမှာ ကျွန်မ ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် ကျွန်မ တာဝန်ကို စတင် ထမ်းဆောင်ခဲ့ပါသည်။ သို့ရာတွင် ကျွန်မ အံ့သြသွားရသည်မှာ ထိုကဲ့သို့လုပ်ရာတွင် ကျွန်မ တရုတ်ကွန်မြူနစ်ပါတီ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
၂၀၁၃ခုနှစ် ဇန်နဝါရီလတုန်းက ညီအစ်ကို မောင်နှမ ခြောက်ယောက်နှင့်အတူ ဝတ်ပြုအစည်းအဝေးလုပ်နေစဉ်၊ ရုတ်တရက် ရဲ အယောက် ၂၀ ကျော်က အတင်းဝင်လာသည်။ သူတို့ထဲက နှစ်ယောက်က အရှေ့ကို အမြန်သွားပြီး လက်ထဲမှာ သေနတ်များနှင့် “မလှုပ်နဲ့။ မင်းတို့ကို ဝိုင်းထားပြီးပြီ။” ဟု ကျွန်မတို့ကို အော်သည်။ အခြားနှစ်ယောက်မှာက လျှပ်စစ်တုတ်များ ရှိသည်။ “လက်တွေ မြှောက်ထားပြီး နံရံကို မျက်နှာမူထား” ဟု သူတို့က အော်လေသည်။ သေနတ်တစ်လက်ကိုင်ထားသည့် ရဲတစ်ယောက်က “ငါတို့မင်းတို့နောက်ကိုလိုက်နေတာ အခုဆို နှစ်ပတ်လောက်ရှိပြီ။ မင်းက ရှောင်ရှောင်ပဲ။” ဟု ပြောသည်။ ဤသည်ကို ကြားရတော့ ကျွန်မ ကြောက်သွားသည်။ ကျွန်မ၏ ငယ်နာမည်ကို သူတို့ မည်သို့သိသနည်း ဟု တွေးမိသည်။ ပြီးလျှင် သူတို့က ငါ့ နောက်ကိုလိုက်နေသည်မှာ နှစ်ပတ်လောက်ရှိပြီ ပြောသည်။ သို့ဆိုလျှင် ယခုတစ်လောမှာ ကျွန်မ သွားသည့်နေရာတိုင်းကို သူတို့ သိသလား။ ထိုညီအစ်ကို မောင်နှမများအားလုံး အဖမ်းခံခဲ့ရပြီးပြီလား။ ကျွန်မ ထပ်ပြီး မစဉ်းစားနိုင်တော့ပါ။ အခြားသူများအတွက်ကိုသာ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ရဲများ လုပ်ထားသည့် ပြင်ဆင်မှုများကို ကြည့်လျှင်ပင်၊ ကျွန်မကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်သည်ကို ကျွန်မ သိခဲ့သည်။ ပူပင်သောကရောက်ရင်းနှင့် ဘုရားသခင်ကို ကျွန်မ အော်ခေါ်ခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များက စိတ်ထဲမှာ ပေါ်လာသည်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ငြိမ်းချမ်းခြင်း အသိစိတ်ကို ပေးပါသည်။ အရာအားလုံးက ကိုယ်တော့်လက်ထဲမှာရှိသည်၊ ထိုရဲများအားလုံးပင် ပါသည်ကို ကျွန်မ သိပါသည်။ ဘုရားသခင်က ကျွန်မ၏ အထောက်အပံ့အင်အားဖြစ်သောကြောင့်၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး အမှီပြုခဲ့ပါသည်။ ကျွန်မကိုယ်တိုင် မသိလိုက်ဘဲ၊ ရဲများက တစ်ချိန်လုံး ကျွန်မနောက်ကိုလိုက်ခြင်း ခံခဲ့ရသည်ကို သဘောပေါက်ပြီး အသင်းတော်အပေါ်ကို ထိုမျှ ကြီးမားသည့် ပြဿနာကို ယူဆောင်မိသည့်အတွက် တော်တော်တုံးအပြီး အကင်းမပါးခဲ့သောကြောင့်၊ ကျွန်မ မိမိကိုယ်ကိုယ် မုန်းတီးခဲ့ပါသည်။ ထိုအချိန်မှာ ကျွန်မ လုပ်နိုင်သည်က ညီအစ်ကို မောင်နှမများအတွက် ဆုတောင်းပေးဖို့သာ ဖြစ်သည်။ ကျွန်မ စိတ်ပိုင်းဖြတ်ပြီးလျှင် “ရဲတွေက ကျွန်မကို ဘယ်လိုပဲ နှိပ်စက်နိုင်ပါစေ၊ ကျွန်မ ညီအစ်ကို မောင်နှမတွေအကြောင်းကို လုံးဝ မဖော်ဘူး။ ယုဒလုပ်ပြီး ဘုရားသခင်ကို သစ္စာဖောက်တာ မလုပ်ဘူး။” ဟု ဆုတောင်းခဲ့သည်။ ထိုကဲ့သို့ ဆုတောင်းပြီးသည့်အခါမှာ ကျွန်မ မကြောက်တော့ပါ။ ကျွန်မမှာ ယုံကြည်ခြင်းနှင့် ခွန်အားနှင့် ပြည့်လာသည်။
ရဲများက သူခိုးဓါးပြများကဲ့သို့ တစ်အိမ်လုံးကို မွှေနှောက်ပစ်သည်။ ကျွန်မတို့၏ ဆဲလ်ဖုန်းများ၊ ဗီဒီယိုစက် ရှစ်ခု၊ တက်ဘလက် လေးခု၊ ဧဝံဂေလိစာအုပ်များ အများကြီးနှင့် ယွမ် ၁၀၀၀၀ကို သိမ်းသွားကြသည်။ သူတို့က ကျွန်မနှင့် အခြားအစ်မနှစ်ယောက်ကို ဧည့်ခန်းကို ခေါ်သွားပြီး ကြမ်းပြင်မှာ အတင်းအဓမ္မ ဆောင့်ကြောင့် ထိုင်ခိုင်းသည်။ ထိုအချိန်တွင် ရဲများက အစ်ကိုများကို အဆက်မပြတ် ရိုက်နေသည့် အသံများက အိပ်ခန်းတစ်ခန်းဆီမှ ထွက်လာသည်။ ကျွန်မ အရမ်းစိတ်တိုသွားပြီး “ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်တာ သက်သက်ပါ။ တရားမဝင်တာ ဘာတစ်ခုမှ မလုပ်ဘူး။ ဘာလို့ ကျွန်မတို့ကို ဖမ်းတာလဲ။” ဟု တောင်းဆိုလိုက်သည်။ ရဲတစ်ယောက်က မုန်းစရာကောင်းသည့် ပုံစံနှင့် “ယုံကြည်ကိုးကွယ်မှုရှိတာက ဥပဒေကို ချိုးဖောက်တာပဲ။ ဒါ ပြစ်မှုပဲ။ ကွန်မြူနစ်ပါတီက မင်းတို့ ဥပဒေတစ်ခုကို ချိုးဖောက်နေတယ်လို့ ပြောရင် မင်းတို့ ဥပဒေ ချိုးဖောက်နေတာပဲ။ ပါတီက ဘုရားကို ယုံကြည်ခွင့် မပေးဘူး။ ဒါပေမဲ့ မင်းတို့က သူတို့ရဲ့ ပိုင်နက်ထဲမှာ လုပ်ရဲသေးတယ်။ ဒါက မင်းတို့က ပါတီနဲ့ အတိုက်အခံလုပ်နေတာပဲ။ မင်းတို့က သေချင်နေတာပဲ။” ဟု ပြောသည်။ ကျွန်မက “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်က တရားဝင် အာမခံထားတယ် မဟုတ်ဘူးလား။” ဟု ပြောလိုက်လေသည်။ သူတို့က “မင်းတို့က ဘာတစ်ခုမှ မသိသေးပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်က အပြသက်သက်ပဲ။ နိုင်ငံခြားသားတွေ တွေ့ဖို့ အတွက်ပဲ။ ဒါပေမဲ့ မင်းတို့ ယုံကြည်သူတွေကတော့ ဒီလိုပဲ ဖြစ်မှာပဲ။” ဟု ရီရင်းနှင့် ပြောသည်။ သူက ဤကဲ့သို့ ပြောရင်းနှင့် ကျွန်မ မျက်နှာကို ဖြတ်ရိုက်ပြိး ရဲမေတစ်ယောက်က ရောက်လာပြီး ကျွန်မ လက်ကို ကန်သည်။ ကျွန်မ ဒေါသထွက်သွားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက စိတ်ထဲမှာ ပေါ်လာသည်။ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီကို ခေါင်းဆောင်လုပ်ခိုင်းသည်မှာ တကယ်တမ်းက စာတန်ကို ခေါင်းဆောင်လုပ်ခိုင်းခြင်း ဖြစ်သည်။ သူတို့ ဥပဒေများအားလုံးက လှည့်စားဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ပြင်ပလူများကို သူတို့က လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသည်ဟု ပြောသည်။ သို့ရာတွင် တကယ်တမ်းတွင် မည်သူ့ကိုမျှ ဘုရားသခင်ကို ယုံကြည်ပြီး လမ်းမှန်ကို လျှောက်ခွင့်မပေးပါ။ အပြုသဘောဆောင်သည့်အရာ ဘာကိုမျှ ခွင့်မပြုပါ။ ခရစ်ယာန်များကို အကြီးအကျယ် ဖမ်းဆီးပြီး ထိခိုက်နစ်နာစေသည်။ ထိုရဲများက ယူနီဖောင်းဝတ်ထားသည့် ဓါးပြများ၊ လူယုတ်မာများသက်သက်သာ ဖြစ်သည်။ ကျွန်မ သူတို့နှင့် အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားသည်မှာ ရီစရာကောင်းသည်။ ကျွန်မကို သူတို့ ရဲကားထဲ ထည့်သည့်အချိန်မှာ ကျွန်မတို့ကို ဝိုင်းထားသည့် ရဲကားများ ဆယ်စီးကျော်ခန့် ရှိသည်ကို တွေ့ရသည်။
ကျွန်မတို့ကို ကောင်တီ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့သို့ ခေါ်သွားပြီးသည်နှင့် ရဲတစ်ယောက်က “ငါတို့ မင်းနဲ့ပတ်သက်ပြီး အချီကြီးမိထားတယ်။ မင်းအကြောင်းကို ငါတို့ အကုန်သိတယ်။ အရင် နှစ်ပတ်လောက်မှာ မင်း ရောက်ခဲ့တဲ့ မြို့တိုင်း၊ ကောင်တီတိုင်းကို ငါတို့ သိတယ်။ မင်းက အသင်းတော် ခေါင်းဆောင် တစ်ယောက်ဖြစ်မယ်။ မဟုတ်ရင် မင်းကို ဖမ်းမိဖို့ ဒီလောက် ကြီးတဲ့အင်အားအထိ စုထားမှာမဟုတ်ဘူး။ ငါတို့ မင်းကို ဒီနေရာမှာ မစစ်ဘူး။ ငါတို့မှာ အဲဒါအတွက် ‘နေရာကောင်း’ တစ်ခု ရှိတယ်။ မင်း မခံနိုင်အောင် ဖြစ်သွားမှာကိုပဲ ငါစိုးရိမ်တာပါ။” ဟု ကျွန်မကို ပြောသည်။ ထိုအချိန်ကျမှ သူတို့က ကျွန်မကို အသင်းတော်ခေါင်းဆောင် တစ်ယောက်နှင့် လူမှားသွားသည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ထိုအချိန်မှာ တကယ့်ခေါင်းဆောင်က အနည်းငယ်ပိုပြီး ဘေးကင်းမည်ကို သိပြီး ကျွန်မ အနည်းငယ် စိတ်သက်သာရာရခဲ့ပါသည်။ သို့ရာတွင် ကျွန်မ စိတ်ပူနေဆဲ ဖြစ်သည်။ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ဟု သူတို့က ထင်ပြီး ကျွန်မကို အလွယ်တကူနှင့် လွှတ်ပေးမည် မဟုတ်သည်ကို ကျွန်မ သိသည်။ သူတို့ ကျွန်မကို မည်သို့ ညှင်းပန်းမည်ကို ကျွန်မ မသိပါ။ ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့၊ ကျွန်မ သက်သေရပ်တည်အောင် ကူညီပေးဖို့ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ထိုနေ့ည ၁၁ နာရီထိုးပြီးသည့်နောက်မှာ ထို “နေရာကောင်း” ကို ခေါ်သွားဖို့ ကျွန်မကို ရဲကားတစ်စီးထဲ ထည့်လိုက်ကြသည်။ ကားထဲမှာ ရဲတစ်ယောက်က “ဒီ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေကို ဘယ်လို ကိုင်တွယ်ရမယ်ကို မင်းတို့ မသိကြဘူး။ သူတို့ထံမှ ဘယ်အရာမဆို ရဖို့အတွက် တော်တော်ကို အားထည့်ရတယ်။ အလုပ်ဖြစ်မယ့် ဘယ်အရာကိုမဆို ငါတို့ လုပ်ရမယ်။ မဟုတ်ရင် သူတို့ ဝန်ခံချင်မှ ဝန်ခံလိမ့်မယ်။” ဟု ပြောသည်။ အခြား ရဲက “အေး ဟုတ်တယ်။ သေချာတာပေါ့။ မင်းက အဲဒီယုံကြည်သူတွေနဲ့ပတ်သက်ရင် နောက်ဆုံးအကွက်ရှိတယ်လို့ ကြားတယ်။ ဒါကြောင့် ဒီကိစ္စမှာ မင်းကို ခေါ်တာပေါ့။” ဟု ပြောလေသည်။ ဤသည်ကို ကြားရတော့ ကျွန်မအတွက် မည်သို့ ညှင်းပန်းမှုမျိုးကို စီစဉ်ထားသည်ကို စဉ်းစားမိသည်။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ပြီးလျှင် သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များက ကျွန်မ စိတ်ထဲမှာ ပေါ်လာသည်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ယုံကြည်ခြင်းမှာ ကျွန်မကို ခွန်အားပေးခဲ့ပါသည်။ ကျွန်မ အသက်က ဘုရားသခင်၏ လက်ထဲမှာရှိသည်၊ ကျွန်မ ဝိညာဉ်က သူ့လက်ထဲမှာရှိသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ သေဖို့အတွက် စီစဉ်ထားလျှင်ပင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို နာခံပြီး သူ့ကို လုံးဝ သစ္စာမဖောက်ဖို့ ကျွန်မ စိတ်ဆုံးဖြတ်ခဲ့ပါသည်။
သူတို့ ကျွန်မကို ကောင်တီ ရဲစခန်းကို ခေါ်သွားခဲ့ပြီး စစ်မေးသည့်အခန်းထဲကို ကျွန်မတို့ ရောက်သည်နှင့်တစ်ပြိုင်နက် အရမ်းငိုနေသည့် အစ်ကိုတစ်ယောက်၏ အသံကို ကျွန်မ ကြားရသည်။ ရဲတစ်ယောက်က စောင့်ကြည့်သည့် စက်ပစ္စည်းများကို ပိတ်ဖို့ အမိန့်ပေးလိုက်ပြီး အခြားနှစ်ယောက် ရောက်လာပြီး ကျွန်မကို လက်ထိတ်ခတ်သည်။ ကျွန်မ ညာလက်ကို ပခုံးနောက်မှ လိမ်ပြီး ဘယ်လက်ကို အောက်မှ ကျောဘက်ကို ဆွဲပြီးခတ်သည်။ လက်ထိတ်ကို အပေါ်အောက် လှုပ်ခါသည်။ ကျွန်မ လက်များ ကျိုးသွားတော့မလို ခံစားရသည်။ ထိုနောက်မှာ ကျွန်မ လက်နှင့် နောက်ကျော ကြားထဲကို ကျားထိုင်ခုံ၏ ဘောင်တစ်ခုနှင့် ထိုးသည်။ ကျွန်မလက်များ ဆွဲဖြဲခံရသလို ခံစားရသည်။ အရမ်းနာသည်မှာ ချွေးများက ကျွန်မ မျက်နှာမှာ လိမ့်ကျလာသည့်အထိ ဖြစ်လေသည်။ ရဲတစ်ယောက်က လက်ထိတ်ကို အားနှင့်ဆွဲလိုက်ပြီး “တော်တော်နာလား။ ဘယ်လိုခံစားရလဲ။” ဟု ပြောသည်။ အခြားတစ်ယောက်က “အမျိုးသမီးအဖော်အနေနဲ့ ဘာလို့ မလုပ်တာလဲ။ ဒါဆိုရင် ငါတို့ မင်းကို ဖမ်းမှာမဟုတ်ဘူး။” ဟု ရီရင်းနှင့် ပြောသည်။ ကျန်သည့်သူများအားလုံးက ယင်းကို ဝါးလုံးကွဲ ရီကြသည်။ သူတို့ အရှက်လုံးဝ မရှိသောကြောင့်၊ ကျွန်မ အော်ဂလီဆန်သွားသည်။ ရဲများ၏ ပါးစပ်မှ အရမ်း ရွံဖို့ကောင်းသည့်အရာများ ထွက်လာနိုင်မည်ဟု တစ်ခါမျှ စိတ်မကူးဖူးပါ။ သူတို့က သားရဲကောင်းများထက် နိမ့်ကျသည်။ သူတို့ထဲက တစ်ယောက်က “ဒီ စစ်မေးတာကို အမြန်မလုပ်ကြနဲ့။ အဆုံးကျရင် သူသိတာကို ငါတို့ကို အရမ်းကို ပြောပြချင်နေလိမ့်မယ်။ အခုက နေစမယ်။ သူ့ကို စားခွင့်၊ အိပ်ခွင့်၊ အိမ်သာသုံးခွင့် မပေးနဲ့။ သူ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ ကြည့်ရအောင်။” ဟု ပြောသည်။ ထိုနောက်မှာ ကျွန်မ လက်များက ခါးလောက်ရှိသည့် သတ္ထုတိုင်မှာ လက်ထိတ်ခတ်ထားသည်ကို သူက ကျွန်မလက်များကို တစ်အားဆွဲပြီး လိမ်သည်။ ကျွန်မ ဒူးလည်း မထောက်နိုင်ပါ။ မတ်တတ်လည်း မရပ်နိုင်ပါ။ သိပ်မကြာခင်မှာပဲ ကျွန်မ နောက်ကျောနှင့် ခြေထောက်များက ကိုက်လာသည်။ သူတို့က ကျွန်မကို အိပ်ခွင့်မပေးပါ။ မျက်လုံးပင် ပိတ်ခွင့်မပေးပါ။ ကျွန်မ မျက်လုံးများ မှေးလာသည်နှင့်တစ်ပြိုက်နက် ရဲက စားပွဲကို ရိုက်သည်။ ထိုင်ခုံကို ကန်သည်။ သို့မဟုတ် သတ္ထုတိုင်ကို ရိုက်သည်။ သို့မဟုတ် ကျွန်မ နားတည့်တည့်ကို အော်သည်။ ကျွန်မ ကြောက်အောင် ဆူညံသံပေါင်းစုံ လုပ်သည်။ ထို့ကြောင့် ကျွန်မက အရမ်းသတိရှိနေရသည့် အခြေအနေမှာရှိနေပြီး ခဏလေးပင် အေးအေးဆေးဆေး နေ၍မရခဲ့ပါ။ ကျွန်မ တိတ်တဆိတ်နှင့် ဆုတောင်းပြီး ဘုရားသခင်ကို အော်ခေါ်ခဲ့သည်။ ထိုအချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဤအပိုဒ်ကို တွေးမိသည်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်ခြင်း ပေးခဲ့သည်။ သမ္မာတရားကို ရဖို့ မည်သည့်အရာကိုမဆို ဒုက္ခခံရသည်မှာ ထိုက်တန်ပါသည်။ ကျွန်မ မည်မျှဒုက္ခခံရပါစေ ယင်းကို စွဲကိုင်ထားခဲ့သည်။ သက်သေခံပြီး စာတန်ကို အရှက်ရအောင်လုပ်ဖို့ ကျွန်မ စိတ်ဆုံးဖြတ်ထားခဲ့သည်။
နောက်နေ့မနက်မှာ ရဲ ခြောက်ယောက်၊ ခုနစ်ယောက်ခန့် ရောက်လာပြီး၊ အသင်းတော် ရန်ပုံငွေများ၏ နေရာနှင့် အထက်ပိုင်းခေါင်းဆောင်များက မည်သူဖြစ်သည်ကို ကျွန်မကို မေးသည်။ ကျွန်မ သူတို့ကို မည်သည့်အရာမျှ မပြောသည့်အခါ၊ ကျွန်မကို ရက်ရက်စက်စက် ရိုက်နှက်ကြသည်။ သူတို့ ထွက်သွားပြီးပြီးချင်း နောက် လူသုံးလေးယောက်ခန့် ရောက်လာပြီး ဤမေးခွန်းများကိုသာ မေးသည်။ ကျွန်မကို တစ်ရက်ကို ၂၄ နာရီ မရပ်မနား မေးကြသည်။ လေးရက်ကြာပြီးသည့်နောက်မှာ ကျွန်မ တစ်ကိုယ်လုံး ရောင်ကိုင်းလာသည်။ ကျွန်မ ခြေသလုံးများက အရမ်းရောင်လာပြီး ကျွန်မ ပေါင်လောက် တုတ်လာသည်။ ကျွန်မ အရမ်းဆာလောင်နေပြီး ပင်ပန်းနေခဲ့သည်။ ရဲမေတစ်ယောက်က ကျွန်မ အိပ်သွားသည်ကို တွေ့ပြီး ကျွန်မ ခြေထောက်ကို အားကုန် ကန်သည်။ ကျွန်မ၏ ကိုယ်အောက်ပိုင်း တစ်ခုလုံးမှာ မည်သည့်အရာမျှ မခံစားရတော့ပါ။ နောက်ကျောက မခံနိုင်လောက်အောင် နာသည်။ ကျိုးသွားသကဲ့သို့ ဖြစ်သည်။ ကျွန်မ မျက်လုံးများက ရောင်နေပြီး တော်တော်ကို ကျိန်းစပ်နေသည်။ မျက်လုံးများက အချိန်မရွေး ပေါက်ထွက် လာတော့မလို ခံစားရသည်။ တော်တော်ကို ဆိုးဆိုးဝါးဝါး နာကျင်ခဲ့ပါသည်။ ခဏတာ ကျွန်မ မျက်လုံးများကို မှိတ်ဖို့၊ ခြေထောက်များကို အနားယူဖို့ စိတ်ကူးမိလျှင်ပင်၊ တကယ့်ကို စည်းစိမ်တစ်ခုကဲ့သို့ ဖြစ်သည်။ ကျွန်မကို သူတို့ မည်မျှ ကြာသည့်အထိ နှိပ်စက်မည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မကိုယ်ခန္ဓာက ခံနိုင်သည့်အတိုင်းအတာကို ရောက်နေပြီ၊ သိပ် မထိန်းထားနိုင်တော့ပါဟု ခံစားခဲ့ရသည်။ ကျွန်မ နှလုံးသားထဲမှာ အရမ်းကို အားနည်းသလို ခံစားရသည်။ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်။ ယုံကြည်ခြင်းနှင့် ခွန်အားကို တောင်းလျှောက် ခဲ့ပါသည်။ ထိုအချိန်မှာ ဘုရားသခင့်နှုတ်ကပတ်တော်ထဲက ဤအပိုဒ်ကို ကျွန်မ တွေးမိသည်။ “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အောင်နိုင်သူတို့၏သီချင်း”) “အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အားပေးခဲ့ပြီး ကျွန်မ၏ အားအင်များကို တိုးလာစေခဲ့ပါသည်။ ကျွန်မ ရက်ရက်စက်စက် နှိပ်စက်ခြင်းကို ခံရသည်။ သို့ရာတွင် ဘုရားသခင်က ကျွန်မဘေးမှာ နေခဲ့သည်။ သူ့၏ နှုတ်ကပတ်တော်များနှင့် ကျွန်မကို လမ်းပြနေခဲ့ပါသည်။ ဘုရားသခင်က ကျွန်မ၏ ယုံကြည်ခြင်းကို စုံလင်စေနိုင်ဖို့အတွက် ဤဆင်းရဲဒုက္ခမျိုးကို ကျွန်မ ကြုံနေရသည်၊ အဆင်းနီသော နဂါးကြီးရှေ့မှာ အောင်နိုင်သည့် သက်သေကို ခံရမည်ကို ကျွန်မ သိခဲ့ပါသည်။ ကျွန်မက ကြောက်သောကြောင့်၊ ဇာတိပကတိ ဒုက္ခကို ခံရသောကြောင့်၊ ဘုရားသခင်ကို သစ္စာဖောက်ခဲ့လျှင်ပင်၊ ကျွန်မဘဝက အဓိပ္ပာယ်မရှိဘဲ ကျန်နေခဲ့မည် ဖြစ်သည်။ အရမ်းကို အရှက်ရစရာ တစ်ခုဖြစ်ပေမည်။ ခေတ်တစ်လျှောက်က တမန်တော်များနှင့် ပရောဖက်များအကြောင်း ကျွန်မ တွေးမိသည်- ၎င်းတို့က ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး သေခြင်းတရားကို ရင်ဆိုင်ခဲ့ရသော်လည်း၊ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ကြပြီး ဘုရားသခင်အတွက် ပြည့်စုံသည့် သက်သေကို ခံခဲ့ကြသည်။ ဘုရားသခင်၏ ခွင့်ပြုချက်နှင့် ကျွန်မက ရဲများ၏ နှိပ်စက်မှု၊ ထိခိုက်မှုကို ခံနေရခြင်း ဖြစ်သည်။ ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး ခေတ်အဆက်ဆက်က သန့်ရှင်းသူများနှင့် ကျွန်မ တစ်စက်မျှ ယှဉ်၍မရပါ။ သို့ရာတွင် ဘုရားသခင်အတွက် ထိုသက်သေကို ခံရဖို့ အခွင့်အရေးကို ရသည်မှာ ကျွန်မ အရမ်းကံကောင်းပါသည်။ ဘုရားသခင်အတွက် သက်သေခံဖို့၊ ဘုရားသခင်၏ နှလုံးသားကို အနည်းအကျဉ်း သက်သာစေဖို့ ကျွန်မ၏အသက်ကို စွန့်ဖို့ ဆန္ဒရှိနေပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးတောခြင်းက ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို အတော်လေး သက်သာစေသည်ဟု ထင်ရပါသည်။ ကျွန်မ ငိုက်နေသည်ကို တွေ့ရတော့ ဗိုလ်ကြီးက ကျွန်မ ဆံပင်ကို ဆွဲပြီး ကျွန်မခေါင်းကို ရှေ့နောက် လှုပ်ခါသည်။ သူ့လက်သီးနှင့် ကျွန်မ၏ ခေါင်းနှင့် ရင်ဘတ်ကို ထိုးသည်။ သန့်စင်ခန်းကိုလည်း သတ်မှတ်ထားသည့်အချိန်မတိုင်မီအထိ ကျွန်မ သုံး၍မရသောကြောင့် ကျွန်မကို ပေးမသုံးပါ။ သန့်စင်ခန်း သွားရလျှင်ပင် ရဲမေတစ်ယောက်က အိမ်သာနားမှာ ရပ်နေပြီး ယုတ်မာသည့် စကားပေါင်းစုံ ပြောသည်။ ကျွန်မ တော်တော် ရှက်မိသည်။ သေချင်သလို ခံစားခဲ့ရသည်။ ထိုအချိန်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိသည်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာ ပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ကျွန်မ၏ ယုံကြည်ခြင်းအတွက် အရှက်ခွဲခံရပြီး နှိပ်စက်ခံရသည်မှာ ဖြောင့်မတ်ခြင်းအကျိုးအတွက် ဒုက္ခခံရခြင်း ဖြစ်သည်ကို ဘုရားသခင့်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းက ကျွန်မကို ပြသခဲ့ပါသည်။ သက်သေခံဖို့အတွက် ထိုအခွင့်အရေးကို ကျွန်မကို ပေးသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဤအရာက ကျွန်မအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ကျွန်မ အနည်းငယ် ရှက်မိသည့်အခါ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို အနည်းငယ် တွေ့ကြုံရသည့်အခါမှာ ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းက ပျောက်သွားပြီး သေဖို့ပင် စဉ်းစားခဲ့သည်။ ကျွန်မက ကိုယ်တိုင် ဘုန်းကျက်သရေကို ရခြင်း ဒါမှမဟုတ် အရှက်ရခြင်းများ အပေါ်မှာ တော်တော်အလေးထားခဲ့သည်။ ဤအရာက မည်သို့များ သက်သေခံသည့်ပုံစံမျိုးဖြစ်မည်နည်း။ ကျွန်မ သေရလျှင်ပင်၊ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ သို့ရာတွင် ကျွန်မက အသွေးအသားမှာ အနည်းငယ် ဒုက္ခခံလိုက်ရသည်နှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားနေခဲ့သည်။ ကျွန်မက စာတန်၏ လှည့်ကွက်များထဲက တစ်ခုကို ခံနေရခြင်း မဟုတ်ပါလား။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်ဖို့ စာတန်က ကြိုးစားနေခြင်း မဟုတ်ပါလား။ ကျွန်မ နောက်ဆုတ်ပြီး စာတန်၏ ဟားတိုက်စရာ အဖြစ်မခံနိုင်ပါ။ ကျွန်မ အသက်ဆက်ရှင်ရမည်။ ဘုရားသခင်အတွက် သက်သေရပ်တည်ရမည်။ စာတန်ကို အရှက်ရစေရမည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်ပြီးသည်နှင့် “ဘုရားသခင် ကျွန်မ ကိုယ်တော့် လက်ထဲကို ကိုယ့်ကိုယ်ကိုယ် ထည့်ထားဖို့ အဆင်သင့်ရှိပါတယ်။ စာတန်က ကျွန်မကို ဘယ်လိုပဲ နှိပ်စက်နိုင်ပါစေ ကိုယ်တော့်အတွက် သက်သေခံပြီး ကိုယ်တော်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ အရာရာမှာ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံပါမယ်။” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီး ကျွန်မ အားအင်များ တိုးလာသလို ခံစားရသည်။
စစ်မေးသည့်အခန်းထဲ ပြန်ရောက်တော့ ရဲများက ကွန်ပြူတာကို ဖွင့်လိုက်ပြီး ကျွန်မ ရွေးထုတ်ပေးဖို့ အစ်မအချို့၏ ပုံများကို ထုတ်ပြသည်။ ဇန်နဝါရီ ၂၄ ရက် ညနေ ၂ နာရီလောက်မှာ မတူသည့်နေရာ သုံးလေးနေရာလောက်မှ ညီအစ်ကို မောင်နှမများကို ဖမ်းဆီးခဲ့သည်ဟုလည်း သူတို့က ပြောသည်။ ငြိုးပြီးလုပ်ကြသည့် စစ်ဆင်ရေးတစ်ခု ဖြစ်ပါသည်။ ကျွန်မ တော်တော် စိတ်ဆိုးခဲ့သည်။ ကျွန်မ မဖြေသည်ကို သိတော့၊ သူတို့က ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း လုပ်ကြသည်။ “မင်းတို့လူတွေ အကြောင်း အားလုံးကို ငါတို့ သိပြီးထားပြီ။ ပြန်ခုခံနေလို့ အသုံးမဝင်ပါဘူး။ လူတိုင်းက ပြောပြပြီးပြီဆိုတော့ မင်းက သူတို့အကျိုးအတွက် ထိန်းထားတာ မင်းအတွက် ဘာကောင်းလို့လဲ။ ငါတို့က အခု မင်းကို သွားခွင့်ပေးရင်တောင် မင်းအသင်းတော်က မင်းကို ပြန်ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။ ဉာဏ်ရှိစမ်းပါ။ အထက်ပိုင်း ခေါင်းဆောင်တွေက ဘယ်သူတွေကို၊ အသင်းတော် ရန်ပုံငွေတွေက ဘယ်မှာ သိမ်းထားတာလဲဆိုတာကို ငါတို့ကို ပြောပြလိုက်။ ဒါဆိုရင် နှစ်သစ်ကူးပွဲကျင်းပဖို့အတွက် မင်းကို အချိန်မီ အိမ်ပြန်ပို့ပေးမယ်။” ဟု ပြောသည်။ ကျွန်မ စကားတစ်လုံးမှ မပြောသေသောကြောင့်၊ “အသင်းတော် ပိုက်ဆံတွေ ဘယ်မှာလဲဆိုတာကို မင်း ငါတို့ကို မပြောရင် မင်းကို အဝတ်တွေ ချွတ်ပစ်ပြီး အမိုးကနေ ကြိုးနဲ့ ဆွဲချိတ်ထားမယ်။ သွေးတွေအိုင်နေအောင် ရိုက်ပစ်မယ်။ အဲဒီအချိန်မိနစ်တိုင်းကို အရသာခံပစ်မယ်။” ဟု ကျွန်မကို အော်သည်။ ဤကဲ့သို့ ကြားရတော့ ကျွန်မ ကြောက်သွားသည်။ ဤနတ်ဆိုးများက အားလုံး လုပ်နိုင်စွမ်းရှိသည်ကို ကျွန်မ မြင်ရပြီး ကျွန်မ ခံနိုင်ရည်ရှိမရှိကို မသိခဲ့ပါ။ ကျွန်မ အရမ်းစိုးရိမ်နေပြီး ထိုညမှာ သူတို့ ကျွန်မကို မည်သည့်အရာလုပ်မည်ကို ကျွန်မ မသိခဲ့ပါ။ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်းများ တလိပ်လိပ် တက်လာပြီးသည့်နောက်၊ ကျွန်မ အရမ်းကို အကူအညီမဲ့သလို ခံစားခဲ့ရသည်။ ကျွန်မ ဘုရားသခင်ကို အမြန်ဆုတောင်းပြီး သူ့၏ ကွယ်ကာမှုကို တောင်းလျှောက်ခဲ့ပါသည်။ ဆုတောင်းပြီးသည့်အခါ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိသည်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ကျွန်မက အရှက်ရပြီး သေရမည်ကို အရမ်းကြောက်နေခဲ့ကြောင်း ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းဖွင့်ပြခြင်းက တစ်ဆင့် ကျွန်မ နားလည်ခဲ့ပါသည်။ စာတန်က ကျွန်မကို ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်ဖို့ ကျွန်မ၏ အားနည်းချက်ကို ဖမ်းဆုပ်ထားခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သည်။ ကျွန်မက မိမိအသက်ကို စွန့်နိုင်လျှင်၊ ကျွန်မ မခံယူနိုင်သည်မှာ မည်သည့်အရာ ရှိဦးမည်နည်း။ သူတို့ ကျွန်မကို ဤကဲ့သို့ ဆက်ဆံနေသည်မှာ ကျွန်မကို အရှက်ရစေခြင်းမဟုတ်ဘဲ၊ ရဲများက ဆိုးယုတ်ပြီး မုန်းတီးစရာကောင်းခြင်း သက်သက်သာ ဖြစ်သည်ကိုလည်း ကျွန်မ မြင်ခဲ့သည်။ ကျွန်မ၏ ဇာတိပကတိက ဘာတန်ဖိုးမျှ မရှိပါ။ ဘုရားသခင်ကို သက်သေခံပြီး စာတန်ကို အရှက်ရစေဖို့အတွက် ကျွန်မ၏ အသက်ကို စွန့်လွှတ်အနစ်နာခံဖို့ ကျွန်မ ဆန္ဒရှိလာခဲ့ပါသည်။ ဘုရားသခင်အတွက် ကျွန်မ သက်သေခံနိုင်လျှင် ထိုက်တန်သည်ကို၊ ကျွန်မ အလဟဿ အသက်ရှင်သလို မဖြစ်တော့သည်ကို ကျွန်မ သိခဲ့သည်။ ဤကဲ့သို့ စဉ်းစားမိပြီး ကျွန်မ မကြောက်တော့ပါ။ ကျွန်မမှာ ခွန်အားနှင့် ယုံကြည်ခြင်းနှင့် ပြည့်လာသည်။
ထိုနေ့ နေ့လည် ၁ နာရီ ဝန်းကျင်လောက်မှာ ကျွန်မ နှလုံးက အရမ်းခုန်လာပြီး အသက်ရှူရတာ ခက်လာသည်။ ခြေထောက်များက အားပျော့လာပြီး ကျွန်မ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။ ကျွန်မကို ထိုကဲ့သို့ မြင်ရတော့ သူတို့က “အလုပ်ရှုပ်ခံပြီး သေတော့မလို ဟန်ဆောင်မနေနဲ့။ မင်းကို လွတ်ပေးမှာမဟုတ်ဘူး။ ယုံကြည်သူတွေကို သေအောင် ရိုက်လည်း ကိစ္စမရှိဘူးလို့ ဗဟိုကော်မတီကပြောတယ်။ တစ်ယောက်ထပ်သေတော့ ယုံကြည်သူတစ်ယောက် ထပ်လျော့တာပေါ့။ တွင်းတစ်တွင်းတူးပြီး မင်းကို ပစ်ထည့်ထားလိုက်လို့ရတယ်။ ဘယ်သူမှ သိမှာမဟုတ်ဘူး” ဟု ပြောသည်။ နောက်ပိုင်းတွင် ကျွန်မ တကယ်ကို နေမကောင်းဖြစ်နေသည်ကို သူတို့ မြင်ပြီး ကျွန်မ သေသွားပြီး သူတို့ ပျာယာခတ်ကုန်ကြမည်ကို ကြောက်သောကြောင့်၊ ဆေးစစ်ဖို့အတွက် ကျွန်မကို ဆေးရုံ ခေါ်သွားကြသည်။ ဆရာဝန်က ကျွန်မ အားအင်က ကုန်ခန်းလာပြီး နှလုံးမှာ ပြဿနာဖြစ်သွားသည်၊ ကျွန်မ အစာအနည်းငယ် စားပြီး အနားယူသင့်သည်ဟု ပြောသည်။ သို့ရာတွင် ကျွန်မ ရှင်ရှင်၊ သေသေ သူတို့ ဂရုမစိုက်ပါ။ ဆေးရုံမှ ပြန်လာပြီး နာရီဝက်ကြာသည့်အခါ၊ သတ္ထုလက်ရန်းများမှာ ကျွန်မကို ထပ်ပြီး လက်ထိတ်ခတ်ကြသည်။ သူတို့၏ ကြမ်းတမ်းသည့် နည်းနှင့် မည်သည့်အရာမျှ မထူးခြားသည်ကို မြင်သည့်အခါ၊ ပိုပျော့ပြောင်းသည့် နည်းကို ပြောင်းသည်။ ရဲတစ်ယောက်က ဟန်လုပ်ထားသည့် နူးညံ့သည့် လေသံနှင့် ကျွန်မကို ပြောသည်။ သူက သခင့်အပေါ် ယုံကြည်ခြင်းကို မဆန့်ကျင်ပါ၊ သူ့အဘွားက ခရစ်ယာန်တစ်ယောက်ဖြစ်သည်၊ သူ့မှာ ရည်းစားမရှိပါ၊ ကျွန်မ အဘယ်မျှလှသည်ကို မြင်တော့ ကျွန်မကဲ့သို့ ရည်းစားတစ်ယောက် တကယ်ကို ရှာချင်သည်ဟုလည်း ပြောသည်။ ပြီးလျှင် နောက်တစ်ယောက်က “မင်းက ကိုယ့်အတွက်ကိုယ် ထည့်မတွက်ရင်တောင်မှ မင်းမိဘတွေကို ကြည့်သင့်တယ်။ အခု တရုတ်နှစ်သစ်ကူးရောက်တော့မယ်။ တခြားလူတိုင်းက သူတို့ မိသားစုတွေနဲ့ အတူရှိနေတယ်။ ဒါပေမဲ့ မင်းက ဒုက္ခခံနေရတယ်။ မင်းမိဘတွေသာ သိရင် တော်တော် ဝမ်းနည်းမှာပဲ။” ဟု ပြောသည်။ နောက် ရဲတစ်ယောက်က ဝင်ပြောသည်။ “ငါ့မှာ မင်းအရွယ်လောက်ရှိတဲ့ ကလေးတစ်ယောက်ရှိတယ်။ ငါလည်း မင်း ဒီလို ဒုက္ခခံနေရတာကို မမြင်ချင်ဘူး။ မင်း လိုအပ်တာကို ငါ့ကိုသာ ပြော။ ဒီနေရာမှာ ငါ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ မင်းကို ငါ အလုပ်လည်း ကူရှာပေးနိုင်တယ်။ မင်းသိတဲ့ ဘယ်အရာကိုမဆို ငါ့ကို ပြောလို့ရတယ်။” ဟု သူတို့ဘက်က ဒီ ဟန်ဆောင်မျက်နှာချိုသွေးနေသည့် အပြုအမူကို မြင်ရသည်မှာ ကျွန်မ အတွက် အော်ဂလီဆန်စရာကောင်းသည်။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) စာတန်က ကျွန်မ၏ စိတ်ခံစားချက်များကို အသုံးပြုဖို့၊ ကျွန်မကို မက်လုံးပေးဖို့ အကျိုးအမြတ် အနည်းငယ်လောက်ကို အသုံးပြုဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။ စာတန်က အရှက်မဲ့ပြီး မုန်းတီးစရာကောင်းသည်။ စာတန်၏ လှည့်ကွက်များထဲ ရောက်လို့မဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ထိုနောက်မှာ သူတို့ ကျွန်မကို မည်သို့ခြိမ်းခြောက်ပါစေ၊ သွေးဆောင်ဖြားယောင်းပါစေ ကျွန်မ စကားတစ်လုံးမျှ မပြောပါ။ သူတို့က တစ်ကြိမ်ကို လူ ခြောက်ယောက်၊ ခုနစ်ယောက်ခန့် အုပ်စုနှင့်လာသည်။ ကျွန်မကို ရှစ်ရက်နှင့် ရှစ်ည အလှည့်ကျ မေးကြသည်။ ကျွန်မဆီမှ ခံဝန်ချက် ထွက်လာဖို့အတွက် ခြိမ်းခြောက်ခြင်း၊ ခြောက်လှန့်ခြင်း၊ နှိပ်စက်ခြင်းများကို အသုံးပြုကြသည်။ သို့ရာတွင် ကျွန်မဆီမှ မည်သည့်သတင်းအချက်အလက်မျှ မရကြပါ။ နောက်ဆုံးမှာ ရဲတစ်ယောက်က “မင်းက မယုံနိုင်လောက်အောင် စိတ်ဓာတ်ခိုင်မာတာပဲ။ မင်းရဲ့ ဘုရားက ကြီးမြတ်ပါတယ်။” ဟု ပြောသည်။ ဤသည်ကိုကို ကြားရသည်မှာ ကျွန်မ တော်တော်ပျော်သည်။ စာတန် အရှက်ရပြီး ရှုံးနိမ့်သွားသည်ကို ကျွန်မ မြင်ရသည်။
ထိုနောက်မှာ သူတို့ ကျွန်မကို ထိန်းသိမ်းရေးစခန်းတစ်ခုထံမှ ခေါ်သွားသည်။ ထိုနေရာကို ရောက်တော့ ရဲမေတစ်ယောက်က စောင့်ကြည့်ကင်မရာကို ဖွင့်ထားရင်းနှင့် ကျွန်မကို အဝတ်များချွတ်ပြီး ရှာဖွေသည်။ အကျဉ်းခန်းထဲကို ကျွန်မ ရောက်သည်နှင့် အခြားထောင်သားများအားလုံးက ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ကြည့်ကြသည်။ ထောင်အစောင့်များက သူတို့ကို “ဒါ နောက်ထပ် ယုံကြည်သူတစ်ယောက်ပဲ။ သူ့ကို သေချာ ကောင်းကောင်းဂရုစိုက် လိုက်ကြ။” ဟု မြှောက်ပေးလိုက်သည်။ ကျွန်မ၏နေရာကိုပင် ကျွန်မ မသိသေးမီမှာ ထောင်သားတစ်ယောက်က ကျွန်မကို ရေအေးနှင့် ရေချိုးဖို့ အမိန့်ပေးသည်။ ရေအေးများ တစ်ခွက်ပြီးတစ်ခွက် ကျွန်မကိုယ်ပေါ်ကို ပက်တော့ ကျွန်မ တုန်တုန်ယင်ယင် ဖြစ်နေသည်။ အခြားထောင်သားများက တစ်ဖက်မှာနေပြီး ရီနေကြသည်။ အိမ်သာဆေးဖို့၊ သန့်ရှင်းရေးလုပ်ဖို့ ကျွန်မ နေ့တိုင်း ရေပုံးဆယ်ခေါက်ကျော်ခန့် ဆွဲရသည်။ ထမင်းစားသည့်အချိန် ရောက်လျှင်၊ အစားအစာများကို ကျွန်မကို တမင်သက်သက် လျှော့ပြီးပေးသည်။ ကျွန်မ မည်သည့်အခါမျှ ဗိုက်မပြည့်ပါ။ ညတွင် ကျွန်မ မအိပ်နိုင်အောင် ကျွန်မ၏ ကုတင်ဘောင်ကို တစ်အားကန်သည်။ ကျွန်မ လန့်သွားပြီး နှလုံးများ အရမ်းခုန်သွားသည်။ တော်တော်ဆိုးဝါးပါသည်။ နောက်ပိုင်းတွင် သူတို့က ကျွန်မကို အေးနေသည့် ကွန်ကရစ်ကြမ်းပြင်ပေါ် တစ်ယောက်တည်း အိပ်ခိုင်းသည်။ ထို့အပြင် အစောင့်များက ထောင်ဗိုလ်နှင့် လူသတ်သမားအချို့ကို ကျွန်မကို ညှဉ်းဆဲဖို့ တိုက်တွန်းသည်။ ပြီးလျှင် ရဲများက ကျွန်မကို အမြဲတမ်း မေးခွန်းများထုတ်နေပြီး ခြိမ်းခြောက်သည်။ “မင်းက နိုင်ငံရေးပြစ်မှု ကျူးလွန်သူပဲ။ မင်း သေသွားလည်း ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ မင်း မပြောပြရင် မင်းကို ဒီမှာ အချိန်အကန့်အသတ်မရှိ ထားထားမှာ။ ဒီကနေ ထွက်ရဖို့ မမျှော်လင့်နဲ့။” ဟု ပြောသည်။ ဤသည်ကို ကြားရသည်မှာ ကျွန်မအတွက် တော်တော်ဆိုးသည်။ ထိုလေးလ၏ ရက်တိုင်းမှာ နှိပ်စက်ခံရလေသည်။ ကျွန်မ တကယ်ကို မခံနိုင်တော့ပါ။ ဤအရာများအားလုံးက မည်သည့်အချိန်မှာ ပြီးဆုံးမည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ ရှေ့ဆက်သွားဖို့ အားအင်မရှိတော့ပါဟု ခံစားခဲ့ရသည်။ တော်တော်ကို အားနည်းနေသည်။ နာကျင်မှုများမှ လွတ်မြောက်ဖို့ ကျွန်မ သေဖို့ ဆန္ဒရှိနေသည်။ ကျွန်မ နာကျင်နေရင်းနှင့် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ဆုတောင်းရင်းနှင့် ခါးခါးသီးသီး ငိုကြွေးသည်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့ပုံ၊ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို ကြွလာပုံများကို တွေးမိသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရေလောင်ခြင်းနှင့် အာဟာရကို ကျွန်မ နှစ်သက်ခံစားနေခဲ့ပါသည်။ သို့ရာတွင် ဘုရားသခင်၏ ချစ်ခြင်းကို ကျွန်မ ပြန်မပေးဆပ်မီတွင် ဤကမ္ဘာမှ ကျွန်မ ထွက်ခွာချင်ခဲ့သည်။ အပြစ်များ၊ နောင်တများနှင့် ကျွန်မ ပြည့်နေခဲ့သည်။ ကျွန်မ ခံစားရသည်မှာ တော်တော်ဆိုးသည်။ ကျွန်မ နှလုံးသားကို ထုရိုက်ခံထားရသကဲ့သို့ ဖြစ်သည်။ ထိုအချိန်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိပါသည်။ “ထို့ကြောင့် ဤနောက်ဆုံးသော ကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင် ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) “သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ တကယ်ကို အရှက်ရမိသည်။ ဘုရားသခင်က ကျွန်မတို့၏ အာဟာရအတွက် သမ္မာတရားများစွာကို ဖော်ပြဖို့ လူ့ဇာတိခံပြီး ကမ္ဘာပေါ်ကို ကြွလာခဲ့သည်။ ယခု လူများကို သူ့အတွက် သက်သေခံဖို့ သူ လိုအပ်သော်လည်း၊ ကျွန်မက အနည်းငယ် အရှက်ကွဲခြင်း ကြုံတွေ့ရသောကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခခံရသောကြောင့်၊ ထိုအခြေအနေကို သေခြင်းမှတစ်ဆင့် လွတ်မြောက်ချင်ခဲ့သည်။ ဤသည်မှာ စစ်မှန်သည့် နာခံခြင်း မဟုတ်ပါ။ ယင်းက ဘုရားသခင်ကို ပုန်ကန်နေခြင်း မဟုတ်ပါလား။ ယောဘက သူပိုင်ဆိုင်သမျှအရာအားလုံးနှင့် သူ့သားသမီးများကို ဆုံးရှုံးခဲ့ရပုံ၊ ရောဂါ၏ ညှဉ်းပန်းမှုကို ခံရပုံ၊ သို့ရာတွင် ဘုရားသခင်ကို လုံးဝ အပြစ်မတင်ပုံများကို ကျွန်မ စဉ်းစားမိသည်။ သူက ဘုရားသခင်၏ အမည်နာမကို ဆက်ချီးမွမ်းနေပြီး ဘုရားသခင်ကို နာခံခဲ့သည်။ သူက ဘုရားသခင်အတွက် ပြည့်စုံသည့် သက်သေဖြစ်သည်။ ပြီးလျှင် ခေတ်ကာလများ တစ်လျှောက်မှာ တပည့်တော်များနှင့် ပရောဖက်များက ဘုရားသခင်အတွက် သူတို့အသက်များကို စွန့်လွှတ်ခဲ့ကြပြီး သွေးစွန်းခဲ့ကြသည်။ ဘုရားသခင်ဆီမှ ကျွန်မ အများကြီး ပျော်မွေ့ခံစားခဲ့ရသည်။ သို့ရာတွင် သူ့အတွက် ကျွန်မ ဘာကို စွန့်လွှတ်အနစ်နာခံခဲ့သနည်း။ ကျွန်မ တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး မုန်းတီးစရာကောင်းခဲ့ပါသည်။ ဘုရားသခင် ကျွန်မအတွက် ပေးဆပ်ခဲ့သည့် အဖိုးအခနှင့် ထိုက်တန်အောင် ကျွန်မ မနေထိုင်ခဲ့ပါ။ ကျွန်မကို လူသားဟုပင် ခေါ်ဖို့ မထိုက်တန်ပါ။ ကျွန်မ နောင်တနှင့်အတူ ဘုရားသခင်၏ရှေ့မှောက်မှာ “ဘုရားသခင် ကျွန်မ မှားခဲ့ပါတယ်။ သေခြင်းကို ကျွန်မ မတွေးသင့်ပါဘူး။ ကျွန်မ ယောဘလို၊ ပေတရုလို ဖြစ်ချင်ပါတယ်။ ဘာကိုပဲ ရင်ဆိုင်ရပါစေ ကိုယ်တော့်အတွက် သက်သေ ရပ်တည်ချင်ပါတယ်။” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းက နောက်ထပ် မည်သည့်အရာသာ လာပါစေ ရင်ဆိုင်ဖို့ ခွန်အားကို ကျွန်မကို ပေးခဲ့ပါသည်။ သိပ်မကြာမီတွင် ထောင်ဗိုလ်က သူ့၏ ပြစ်ဒဏ်သတ်မှတ်ချက်ကို ခံဖို့အတွက် ထောင်ကို ရွှေ့ပြောင်းခံခဲ့ရသည်။ ပြီးလျှင် အခြားထောင်သားအချို့ ပြောင်းရွှေ့ပြီး ရောက်လာကြသည်။ သူတို့က ကျွန်မကို ဂရုစိုက်ကြသည်။ သူတို့က နေ့စဉ်လိုအပ်သည့်ပစ္စည်းများကို ကျွန်မနှင့် မျှဝေသုံးကြပြီး ရာသီအလိုက် ဝတ်ဖို့ အဝတ်များကို ပေးကြသည်။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှာ ပြောသကဲ့သို့ ဖြစ်ပါသည်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)
နောက်ပိုင်းမှာ ထိန်းသိမ်းရေးစခန်းမှာ အစ်မတစ်ယောက်နှင့် တွေ့ခဲ့သည်။ ကျွန်မအတွက် တကယ်ကို အားရကြည်နူးစရာ ဖြစ်လေသည်။ အချင်းချင်း အားပေးပြီး မိတ်သဟာယပြုဖို့အတွက် ဘုရားသခင့်နှုတ်ကပတ်တော်အချို့ကို ကျွန်မတို့ တိတ်တဆိတ် ကူးယူကြသည်။ ကျွန်မ နှလုံးသားက ပြည့်ဝပြီး ဝမ်းမြောက်ခြင်းကို ခံစားခဲ့ရပါသည်။ ထိုနောက် စက်တင်ဘာလ၏ နေ့တစ်နေ့မှာ ရဲများက ကျွန်မကို မေးခွန်းထုတ်ဖို့ ရောက်လာပြန်သည်။ ကျွန်မ စစ်မေးသည့်အခန်းထဲကို ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့က ကျွန်မကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ ကျွန်မ၏ အချက်အလက်များကို ရှာဖို့ အသုံးပြုမည်ဟု ပြောသည်။ သူတို့က ကျွန်မကို “မင်းအမှုက ရှင်းလို့ပြီးတော့မှာ။ အပြင်ထွက်ရဖို့ စဉ်းတောင်မစဉ်းစားနဲ့။ ခရစ်ယာန်တွေအတွက် ကွန်မြူနစ်ပါတီရဲ့ မူဝါဒက တစ်နှစ်စီရင်ချက်ကို သုံးနှစ် စီရင်ချက်ပြောင်းဖို့၊ သုံးနှစ်စီရင်ချက်ကို ခုနစ်နှစ် စီရင်ချက်ပြောင်းဖို့ပဲ။ ခရစ်ယာန်တွေကို စိတ်ထင်သလို သတ်ပစ်နိုင်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ မင်း ဘယ်လောက် တောင့်ထားနိုင်မလဲဆိုတာကို ငါတို့ ကြည့်မယ်။” ဟု ခြိမ်းခြောက်ပြီး ပြောသည်။ တရုတ်ကွန်မြူနစ်ပါတီက မည်မျှဆိုးယုတ်ပြီး မုန်းတီးစရာကောင်းသည်ကို မြင်ရသည့်အခါ စာတန်နတ်ဆိုးကို ကျွန်မ ပို၍ပင် မုန်းမိသည်။ ကျွန်မ လုံးဝ မည်သည့်အခါမျှ လက်လျှော့အရှုံးပေးပြီး ဘုရားသခင်ကို သစ္စာဖောက်မည် မဟုတ်ပါ။ ကျွန်မ သူတို့ကို “အဲဒါကို နင်တို့ မေ့ထားလို့ရတယ်။ ကျွန်မ အပြင်ထွက်ဖို့ အစီအစဉ်မရှိဘူး။ ကျွန်မရဲ့ ဘဝတစ်လျှောက်မှာ ဘုရားသခင်ကို သိရပြီး ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်နိုင်သရွေ့၊ ကျွန်မ ဒီမှာသေရရင်တောင်မှ ထိုက်တန်ပါတယ်။” ဟု အလေးအနက် ပြောလိုက်သည်။ ထိုအခါ ရဲများက စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားသည်။
အာဏာပိုင်များ၏ တရားမဝင် ထိန်းသိမ်းထားသည်ကို ၁၀ လ ခံပြီးသည့်နောက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်မကို လွှတ်ပေးခဲ့ပါသည်။ ကွန်မြူနစ်ပါတီဖမ်းသည်ကို ခံရသည့် ကျွန်မ၏ အတွေ့အကြုံမှာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို တစ်ချိန်လုံး ဉာဏ်အလင်းဖွင့်ပြနေခဲ့ပါသည်။ စာတန်၏ စုံစမ်းသွေးဆောင်မှုများကို အောင်နိုင်ဖို့၊ သက်သေရပ်တည်ဖို့ ကျွန်မကို လမ်းပြနေခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဘုန်းတန်ခိုးနှင့် သြဇာအာဏာကို ကျွန်မ အမှန်တကယ် တွေ့ကြုံခဲ့ရပြီး ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းက တိုးလာခဲ့ပါသည်။ ဘုရားသခင်ကို မုန်းတီးသည့်၊ ဘုရားသခင်၏ ရန်သူဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နတ်ဆိုးနှင့်တူသည့် အနှစ်သာရကိုလည်း ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပါသည်။ ကျွန်မ တရုတ်ကွန်မြူနစ်ပါတီကို လုံးဝကျောခိုင်းပြီး ငြင်းပယ်ခဲ့သည်။ ဘုရားသခင်နောက်တော်ကိုလိုက်ဖို့ ကျွန်မ၏ စိတ်ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်းပါသည်။