၃၀။ ဂုဏ်အဆင့်အတန်းကို စွန့်လွှတ်ခြင်းက မလွယ်ကူပါ

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ လီကျွင်း

ကျွန်တော်က လယ်လုပ်တဲ့ မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မိဘတွေ ဆုံးသွားတာကြောင့် ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မှီခိုခဲ့ကြရတယ်။ ကျွန်တော်တို့က အရမ်းဆင်းရဲပြီး လူတွေက အထင်သေးကြတယ်။ ကျွန်တော်က တွေးလေ့ရှိတယ်။ ငါ ကျောင်းတက်မယ်။ တစ်နေ့ကျရင် ငါ သူများတွေထက် အများကြီးသာရမယ် ပေါ့။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့က ပိုက်ဆံမရှိတာကြောင့် အထက်တန်းကျောင်း ဒုတိယနှစ်အတွင်းမှာ ကျွန်တော် ကျောင်းထွက်ခဲ့ရတယ်။ သူများတွေထက် အများကြီးသာဖို့ ကျွန်တော့်အိပ်မက်က ပျက်စီးသွားခဲ့တယ်။ ကျွန်တော်လည်း လုံးဝ စိတ်ဓာတ်ကျသွားတယ်။

၁၉၉၀ ခုနှစ်မှာ ကျွန်တော် သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ တရားဟောဆရာကပြောတယ်။ သခင့်ကို ယုံကြည်ရင် ဒီဘဝမှာ ငြိမ်းချမ်းခြင်းကို ရှာတွေ့ရုံတင်မကဘဲ နောက်ဘဝမှာ ထာဝရအသက်ရမယ် တဲ့။ ပြီးတော့ ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် လူတွေကို ကျွန်တော်တို့ ပြောင်းလဲလေလေ၊ ကောင်းချီးခံစားရလေလေဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆုလာဘ်နဲ့ သရဖူကို ရရှိမယ်၊ ဘုရားသခင်ဘေးမှာ ဘုရင်တွေအဖြစ် စိုးစံရမယ်လို့လည်း သူက ပြောတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် သမ္မာကျမ်းစာထဲက ဒါကို ဖတ်ရတယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) အဲဒါနဲ့ ကျွန်တော့်မိသားစုကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် ဧဝံဂေလိ ဖြန့်ဝေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က အားအင်တွေ အပြည့်ရှိတယ်။ တစ်နှစ်တောင် မပြည့်သေးဘူး။ လူတွေ ရာချီပြီးတော့ ကျွန်တော် ပြောင်းလဲစေခဲ့တယ်။ ပြောင်းလဲသူ အရေအတွက်က များလာတော့ ၁၉၉၇ ခုနှစ်မှာ လူ အယောက် ၃၀၀၀၀ ကျော်ရှိတဲ့ အသင်းတော်တွေ ရာချီပြီး ကျွန်တော်တို့ တည်ဆောက်ခဲ့တယ်။ အသင်းတော်တွေမှာရှိတဲ့ လုပ်စရာ ကိစ္စတိုင်းမှာ ကျွန်တော်က နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အလုပ်လုပ်ဖို့ ဘယ်အသင်းတော်ကိုပဲ ကျွန်တော် သွားပါစေ အဲဒီမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို တလေးတစားနဲ့ ကြိုဆိုနှုတ်ဆက်ကြပြီး ကျွန်တော် သွားချင်တဲ့နေရာတိုင်းကို ကားနဲ့ လိုက်ပို့ပေးတယ်။ စားဖို့အတွက် အရသာရှိတဲ့ အစားအစာတွေကျွေးပြီး နေဖို့အတွက် ကောင်းမွန်တဲ့နေရာပေးတယ်။ ပြီးတော့ ကျွန်တော့် ခရီးစရိတ်တွေကိုလည်း ပေးကြတယ်။ ဒါတွေကို ကျွန်တော် ပျော်မွေ့လာခဲ့တယ်။

တစ်နေ့မှာ အထက်ပိုင်းအဆင့် ခေါင်းဆောင်တစ်ယောက်က ကျွန်တော်တို့ကို အစည်းအဝေးခေါ်ပြီးတော့ ပြောတယ်။ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ်ပြန်လာခဲ့ပြီလို့ဟောတဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းလို့ခေါ်တဲ့ အသင်းတော်တစ်ခု အခု ရှိနေတယ် တဲ့။ ပြီးတော့ သူတို့ရဲ့ တရားဒေသနာတွေက တော်တော်အဆင့်မြင့်တယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပြတယ်။ အသင်းတော်မှာရှိတဲ့ လူတွေထဲက အသင်းသားကောင်းတွေ အများကြီးကို သူတို့ ခိုးယူသွားကြပြီး ကျွန်တော်တို့အသင်းတော်က တွဲဖက်အမှုဆောင်နှစ်ယောက်ဖြစ်တဲ့ အစ်ကိုဝမ်နဲ့ အစ်ကိုဝူတို့တောင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားကြပြီဆိုပြီး သူက ပြောပြတယ်။ ခေါင်းဆောင်က ကျွန်တော်တို့ကို ဒီအစ်ကိုနှစ်ယောက်ကို လုံးဝ ငြင်းပယ်ခိုင်းပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဒေသနာတွေကို နားထောင်နေတဲ့သူတွေကို တွေ့ရင် သူတို့ကို ချက်ချင်း ထုတ်ပယ်ရမယ်လို့ ပြောတယ်။ ဒါတွေအားလုံးကြောင့် ကျွန်တော် အံ့သြသွားခဲ့ရတယ်။ ဒီ အစ်ကိုနှစ်ယောက်ကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူတို့က သမ္မာကျမ်းစာကို ကောင်းကောင်းသိပြီး သခင့်ကို စစ်မှန်စွာ ယုံကြည်တယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သူတို့ ဘယ်လိုများလက်ခံနိုင်တာလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ နှစ်ကုန်ခါနီးအချိန်မှာ ဒီ အစ်ကိုနှစ်ယောက်က ကျွန်တော့်အိမ်ကို ရုတ်တရက် အလည်အပတ်ရောက်လာကြတယ်။ သူတို့ ကျွန်တော့်ကို လှည့်စားဖို့လာတာ ဖြစ်မှာကို ကြောက်ပြီး သူတို့ကို တံခါးဖွင့်ပေးဖို့ မဆုံးဖြတ်ခင် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် စဉ်းစားမိတယ်။ “ဘာပဲဖြစ်ဖြစ် ငါ သခင့်ကို ယုံကြည်တယ်။ ဒီအစ်ကိုနှစ်ယောက်ကို ငါ့တံခါးကနေ အဝေးကို နှင်ထုတ်လိုက်လို့ မဖြစ်ပါဘူး။” ပေါ့။ အဲဒါနဲ့ သူတို့ကို အထဲကို ကြိုဆိုလိုက်တယ်။ သူတို့ကပြောတယ်။ သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့ ကျွန်တော် အာရုံစိုက်ရမယ်၊ လမ်းမှားရောက်မှာကြောက်ပြီး စစ်မှန်တဲ့လမ်းကို ရှာဖွေဖို့၊ စူးစမ်းဖို့ မငြင်းပယ်သင့်ဘူး တဲ့။ အဲဒီနောက်မှာ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို ကြားတဲ့ ပညာရှိသတို့သမီးတစ်ယောက် ဖြစ်အောင်ဘယ်လိုလုပ်ရမယ်၊ စစ်မှန်တဲ့လမ်းနဲ့ မှားယွင်းတဲ့လမ်းကြား ခြားနားချက်ကို ဘယ်လိုသိရမယ်ဆိုတာတွေအပေါ် အသေးစိတ် မိတ်သဟာယဖွဲ့တယ်။ အဲဒီနေ့မှာ သူတို့ပြောခဲ့တာတွေက ဆန်းသစ်ပြီးတော့ ဉာဏ်အလင်းရစေတယ်လို့ ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော် လုံးဝ လက်ခံသွားတယ်။ သူတို့ ပြန်တဲ့အချိန်မှာ ကျွန်တော့်ကို စာအုပ်တစ်အုပ်ပေးတယ်။ စာအုပ်ထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေပါတယ်လို့ ပြောတယ်။ စာအုပ်ကိုဖတ်ခိုင်းပြီး သခင့်ကို ကြိုဆိုဖို့ ကျွန်တော့်ရဲ့ အခွင့်အရေးကို မလွဲပါစေနဲ့ဆိုပြီး တိုက်တွန်းခဲ့တယ်။ သူတို့ ထွက်သွားပြီးတဲ့နောက်မှာ ကျွန်တော် စပြီး စိုးရိမ်လာတယ်။ ကျွန်တော် လမ်းလွဲကို ပို့ဆောင်ခံရပြီလား၊ ဒီ အစ်ကိုတွေကို ကျွန်တော့်အိမ်ထဲကို ကြိုဆိုခဲ့တာကို အထက်ပိုင်းအဆင့်က ခေါင်းဆောင်က သိသွားရင် ငါ အသင်းတော်ကနေ ထုတ်ပယ်ခံရမှာပဲ ပေါ့။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နေပြီး ထုတ်ပယ်ခံရမှာကြောက်ပြီး ငါက မစူးစမ်းဘူးဆိုရင် ငါက ဘုရားသခင်ကို ငြင်းပယ်ပြီး အာခံတဲ့သူတစ်ယောက်ဖြစ်မသွားဘူးလား” ဆိုပြီးတော့။ ဒီလို စဉ်းစားမိပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းဖို့ ကျွန်တော် ချက်ချင်း ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်း ဖတ်တယ်။ ဒီအချိန်အတွင်းမှာ အဲဒီ အစ်ကိုနှစ်ယောက်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု အဆင့်သုံးဆင့်၊ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှု၊ လူကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် ဘုရားသခင်က သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်မှုကို ဘယ်လိုလုပ်ဆောင်တယ်၊ ခေတ်တွေကို ဘုရားသခင်က ဘယ်လို အဆုံးသတ်တယ်၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ကမ္ဘာမြေပေါ်မှာ ဘယ်လို အကောင်အထည်ဖော်တယ် ဆိုတာတွေနဲ့ တခြားဟာတွေကို ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးကြတယ်။ သခင့်ကို ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ဒီလိုမျိုး တစ်ခါမှ မကြားဖူးခဲ့ဘူး။ ပြီးတော့ ကျွန်တော် ပိုပြီး ကြားရလေလေ၊ ကျွန်တော့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာရှိပြီး အစွမ်းထက်တဲ့ ပုံစံ ပေါ်လေလေပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု တကယ်ကို ဖြစ်နိုင်ပြီး ငါ စုံစမ်းစစ်ဆေးသင့်တယ်ဆိုပြီး ကျွန်တော် ပိုပိုပြီး ခံစားလာရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကျွန်တော် အမြဲတမ်း ဒွိဟဖြစ်နေတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ရှုတ်ချလာတာ နှစ်ချီနေပြီ။ ပြီးတော့ အသင်းတော်ကို တတ်နိုင်သမျှ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ပြီး ဘယ်သူ့ကိုမှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အဆက်အသွယ်လုပ်ခွင့်မပေးဘဲ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့လမ်းကို လက်ခံတဲ့သူတိုင်းကို ထုတ်ပယ်ရာမှာ ကျွန်တော်လည်း သူတို့ကို သဘောတူခဲ့တယ်။ ကျွန်တော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်ရင် အသင်းတော်က ကျွန်တော့်အောက်မှာရှိတဲ့ ယုံကြည်သူ ၃၀၀၀၀ ကျော်က ဘယ်လို ထင်ကြမလဲ။ သူတို့အားလုံးကလည်း ကျွန်တော့်နောက် လိုက်ပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လက်ခံရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့က အဲဒီလိုမလုပ်ရင် ကျွန်တော့်ကို သူတို့ သေချာပေါက် ငြင်းပယ်ကြမှာပဲ။ ရာသီဥတု အမျိုးမျိုးအောက်မှာ ကျွန်တော် အပြင်ထွက်ခဲ့တာတွေ၊ နေ့ရောညပါ တရားဟောပြီး အလုပ်လုပ်တာတွေ၊ စီစီပီက လိုက်ဖမ်းခံရမှာကို အရဲစွန့်လုပ်ခဲ့ရတာတွေ၊ ကျွန်တော့်ရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ ဒီ အသင်းတော်တွေအားလုံးကို တည်ဆောက်ခဲ့ရတာတွေကို ကျွန်တော် တွေးမိတယ်။ ကျွန်တော် အခုရောက်နေတဲ့နေရာကို ရောက်ဖို့၊ လူတွေအများကြီးရဲ့ အထင်ကြီးလေးစားခြင်းကို ခံရဖို့ အများကြီးလုပ်ခဲ့ရတာ။ ငါ ဘယ်လိုလုပ်ပြီး ဒါတွေအားလုံးကို အလွယ်တကူ လွှင့်ပစ်နိုင်မှာလဲ ပေါ့။ နောက်ပြီးတော့ အသင်းတော်မှာရှိတဲ့ ကျွန်တော့်အောက်က လူတိုင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရင်တောင် ကျွန်တော်က သူတို့ရဲ့ ခေါင်းဆောင်ဖြစ်နိုင်ပါဦးမလား။ ဒါပေမဲ့ နောက်တော့ ကျွန်တော် စဉ်းစားမိတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်ပြီး ငါက သူ့ကို လက်မခံဘူးဆိုရင် သခင့်ကို ကြိုဆိုဖို့ ငါ့ရဲ့ အခွင့်အရေးနဲ့ လွဲချော်မှာမဟုတ်ဘူးလား” ပေါ့။ ဘာလုပ်ရမှန်း မဆုံးဖြတ်နိုင်ဘဲ ကျွန်တော့်စိတ်ထဲမှာ ထပ်ခါထပ်ခါ စဉ်းစားနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့် မိန်းမကြောင့် ကျွန်တော် အံ့သြသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူက နားထောင်ပြီးတဲ့နောက်မှာ စိတ်လှုပ်ရှားရင်းနဲ့ အမြန်ပြေးလာပြီးတော့ “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ နားထောင်ပြီးပြီ။ အဲဒါတွေက ဘုရားသခင်ရဲ့ အသံတော်လို့ ကျွန်မ ယုံကြည်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုရင် ကျွန်မတို့ စူးစမ်းလေ့လာသင့်ပြီး တတ်နိုင်သမျှ အမြန်ဆုံး လက်ခံသင့်တယ်” တဲ့။ ကျွန်တော်က စိတ်တိုနေရင်းနဲ့ ပြန်ပြောလိုက်တယ်။ “ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီလောက် မရိုးရှင်းဘူး။ ငါတို့အသင်းတော်က ခေါင်းဆောင်တွေနဲ့ တွဲဖက်အမှုဆောင်တွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်သူ့ကိုမှ စုံစမ်းခွင့်မပြုဖို့အတွက် အသင်းတော်ကို ပိတ်ထားတာ။ ငါက သူတို့လမ်းကို လက်ခံရင် ငါ့ကို သေချာပေါက် ငြင်းပယ်ကြမှာပဲ” ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်တော့် အမျိုးသမီးက ဒါကို စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ပြောတယ်။ “သခင့်ကို ကျွန်မတို့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ယုံကြည်လာတာ ဘာအတွက်လဲ။ ကျွန်မတို့တွေ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခံရအောင်လို့ သခင်ကြွလာတာကို စောင့်မျှော်နေကြတာမဟုတ်ဘူးလား။ အခု သခင်က ပြန်လာခဲ့ပြီ။ ရှင်က ခေါင်းဆောင်မဟုတ်ရင်တောင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီး သခင့်ကို ကြိုဆိုရဦးမှာပဲ။” တဲ့။ ကျွန်တော်က သူပြောတာကို သဘောတူပါတယ် လို့ ပြောခဲ့တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စဉ်းစားနေတယ်။ “မင်းက မိန်းမတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ စိတ်သက်သက်ပါပဲ။ ငါ့မှာက လူ ၃၀၀၀၀ ကျော်ကို ထည့်စဉ်းစားရသေးတယ်။ ငါ သေသေချာချာ လျှောက်လှမ်းရမယ်။ ငါ နည်းနည်းထပ်ပြီး စဉ်းစားဖို့လိုတယ်။” ပေါ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်တော် လက်မခံဘဲ လတွေအများကြီး ကြာသွားခဲ့တယ်။ ဒီအချိန်ကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေက ကျွန်တော်နဲ့ တွေ့ဖို့ ခဏခဏလာတယ်။ သူတို့က ကျွန်တော်နဲ့ စိတ်ရှည်လက်ရှည် မိတ်သဟာယဖွဲ့ကြတယ်။ ပြီးတော့ ဒါက တကယ်ကို ဘုရားသခင်ရဲ့ အမှုတော်ဖြစ်တယ်ဆိုတာကို ကျွန်တော့် နှလုံးသားထဲကနေ တကယ်ကို ရှင်းရှင်းလင်းလင်း ခံစားလာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရာထူးကို မစွန့်လွှတ်နိုင်တာကြောင့် လက်ခံဖို့ကို နှောင့်နှေးနေသေးတယ်။ အချိန်နည်းနည်းလောက်ကြာတော့ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်မှာ ဖြစ်နေတဲ့ အခြေအနေကို သတိပြုမိခဲ့ကြတယ်။ တစ်ခါတော့ ကျွန်တော် အစ်ကိုပိုင်၊ အစ်ကိုစုံနဲ့ စုဝေးနေတုန်းမှာ အစ်ကိုစုံက သူ့အတွေ့အကြုံကို ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့တယ်။ သူကပြောတယ်။ သူလည်း အရင်က အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အသင်းတော် တစ်ဆယ်ကျော်လောက် ဦးဆောင်ရတယ်တဲ့။ လူတစ်ယောက်က သူ့ကို ဧဝံဂေလိ ဟောကြားပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာကို သူ သေချာသွားခဲ့တယ်။ ဒါပေမဲ့ တကယ် လက်ခံရမယ့်အချိန်ကျတော့ သူ တွေဝေသွားပြီး “ငါ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံလိုက်ရင် ခေါင်းဆောင်ဖြစ်ဦးမှာလား။ လူတွေ အများကြီးကို ဦးဆောင်နိုင်ဦးမှာလား” ဆိုပြီး စဉ်းစားမိတယ်။ အဲဒီနောက်မှာ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အငယ် ၃၃ ကနေ ၄၁ မှာပါတဲ့ သခင်ယေရှုရဲ့ ပုံဥပမာဖြစ်တဲ့ ကောက်ကျစ်တဲ့ လယ်သမားအကြောင်းကို သူ သတိရတယ်။ “အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။ ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။” အစ်ကိုစုံက သူ့ကိုယ်သူ သိသိသာသာ အပြစ်တင်မိတဲ့စိတ်ကို ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ ပြောပြတယ်။ သခင်က သူ့ရဲ့ သိုးစုကို သူ့ဆီကို အပ်နှံထားခဲ့တယ်။ အခု သခင်က ပြန်ကြွလာပြီ။ သခင့်ကို ကြိုဆိုဖို့ ညီအစ်ကို မောင်နှမတွေကို ဦးဆောင်ရမယ့်အစား သူက သခင့်ရဲ့ သိုးစုကို လုယူပြီးသခင့်ကို ငြင်းပယ်ဖို့ ကြိုးစားနေတာပဲ။ အဲဒီ ကောက်ကျစ်တဲ့ လယ်သမားတွေလိုပဲ အတိအကျ သူ ပြုမူခဲ့တယ်၊ သူက သခင့်ကို အာခံတဲ့ ကောက်ကျစ်တဲ့ အစေခံပဲဆိုပြီး သူက ပြောတယ်။ သူ့ကိုယ်သူ မေးတယ်။ “ငါ ခေါင်းဆောင်ဖြစ်လာအောင်လို့ ဘုရားသခင်ကို ယုံကြည်တာလား။ ဂုဏ်အဆင့်အတန်းနဲ့ စားဝတ်နေရေးအတွက် ငါလုပ်တာလား။ ငါက ဘုရားသခင်ကို တကယ် ယုံကြည်သူလား” ပေါ့။ ဒါတွေကို စဉ်းစားမိတော့ သူ တော်တော်ကို နောင်တရမိတယ်။ ဒါကြောင့် ဘုရားသခင်ကို သူ ဝန်ခံပြီး နောင်တရခဲ့တယ်။ အဲဒီနောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ သူ့အောက်က ညီအစိကို မောင်နှမတွေအားလုံးကို သူ ဧံဝဂေလိ ဖြန့်ဝေခဲ့တယ်။ သူ ဒီမိတ်သဟာယဖွဲ့တာကို ကျွန်တော် ကြားတဲ့အခါမှာ တော်တော်ရှက်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် တကယ်ကို ဘုရားသခင်ရဲ့ အမှုတော်မှန်း သိပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရာမှာ အချိန်ဆွဲနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကိုလည်း စူးစမ်းဖို့ အခွင့်မပေးခဲ့ဘူး။ ကျွန်တော်က ဘုရားသခင်ရဲ့ သိုးတွေကို ဘုရားကို လွှဲပြောင်းပေးဖို့ ငြင်းဆန်နေခဲ့တာပါ။ ကျွန်တော်က ကောက်ကျစ်တဲ့ အစေခံပဲ။ ကျိန်ဆဲခံပြီး အပြစ်ဒဏ်ပေးခံရသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အသင်းတော်ကို ဘယ်လောက် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခဲ့တာတွေ၊ ကျွန်တော့်အသင်းတော်မှာရှိတဲ့ ဘယ်လူတစ်ယောက်ကမှ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံတာတွေကို စဉ်းစားမိတော့ “ငါသာ လက်ခံလိုက်ရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို မဖြစ်ဘူးလား။ ငါ့မျက်နှာကို ဘယ်မှာ သွားပြလို့ရမှာလဲ။ ငါက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်တာကို ငါ့အသင်းတော်က လူတွေ တွေ့သွားရင် ငါ့ကို သေချာပေါက် မုန်းပြီးငြင်းပယ်ကြမှာပဲ။ ဒါဆိုရင် ငါ့မှာ ဘာမှ ကျန်မှာမဟုတ်တော့ဘူး” ဆိုပြီး တွေးမိတယ်။ ဒါကြောင့် လက်မခံတာ အကောင်းဆုံးပဲဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

သုံးလေးရက်လာကြာတော့ အဲဒီအစ်ကိုနှစ်ယောက်နဲ့ နောက် အစည်းအဝေးတစ်ခုမှာ ကျွန်တော့်ရဲ့ အရေးကိစ္စကို သူတို့ကို ပြောပြခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က အရမ်း လှည့်စားတတ်တယ်။ စကားကို ဝေ့ဝိုက်ပြီးတော့ သူတို့ကို မေးတယ်။ “ကျွန်တော် ဦးဆောင်တဲ့ လူတွေကလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လာကြတယ်ဆိုရင် သူတို့ကို ဘယ်သူ ဦးဆောင်မှာလဲ။ အခုလိုမျိုးပဲ ဒီခေါင်းဆောင်နဲ့ ဒီ တွဲဖက်အမှုဆောင်တွေပဲ ဖြစ်မှာလား” ပေါ့။ ကျွန်တော် တကယ်ဆိုလိုချင်တာက “ငါ သူတို့ကို ခေါင်းဆောင်ပြီး စီမံရဦးမှာပဲ” ပေါ့။ ဒါပေမဲ့ အစ်ကိုပိုင်ကပြောတော့ ကျွန်တော် အံ့သြသွားတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ဘုရားသခင်ကိုယ်တော်တိုင် ကျွန်တော်တို့ကို ဦးဆောင်ပြီး ရေလောင်းတယ်။ ထိန်းကျောင်းပါတယ်။ ကျွန်တော်တို့အသင်းတော်မှာ ခရစ်တော်နဲ့ သမ္မာတရားက အုပ်စိုးပါတယ်။ အသင်းတော် ခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ပါတယ်။ ဒါကြောင့် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်တဲ့ ဘယ်သူမဆို၊ ညီအစ်ကို မောင်နှမတွေကို ရေလောင်းပေးနိုင်ပြီး သူတို့ရဲ့ လက်တွေ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဘယ်သူမဆို ရွေးချယ်တင်မြှောက်ခံရပါတယ်” တဲ့။ သူက ဆက်ပြောတယ်။ “အစ်ကိုလည်း သမ္မာတရားကို လိုက်စားရင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရနိုင်ပါတယ်။ အသင်းတော်မှာ အမျိုးအစားမတူတဲ့ တာဝန်တွေအများကြီးရှိပါတယ်။ ခေါင်းဆောင်တွေ၊ ဧဝံဂေလိဟောကြားသူတွေ လူတိုင်းမှာ သူတို့တာဝန်ရှိပါတယ်။ တာဝန်တွေနဲ့ ပတ်သက်လာရင် အရေးကြီးတယ်၊ အရေးမကြီးဘူး၊ မြင့်တယ်၊ နိမ့်တယ်ဆိုတဲ့ ကွဲပြားမှုတွေ မရှိပါဘူး။ ဘုရားသခင်ရှေ့မှာ လူတိုင်းက ညီတူညီမျှ ဖြစ်တာကြောင့်ပါ။ ဒါက ဘာသာရေး ဂိုဏ်းဂဏတွေမှာ လုပ်တဲ့ပုံစံနဲ့ လုံးဝ ကွဲပြားပါတယ်။” တဲ့။ အစ်ကိုပိုင်ပြောတာကို ကျွန်တော် နားထောင်လေလေ၊ ကျွန်တော့်မျက်နှာက ညှိုးကျလာတဲ့အထိ ဝမ်းနည်းပက်လက်ဖြစ်လေလေပဲ။ ကျွန်တော် တွေးတယ်။ “ဒါပြီးတဲ့နောက်မှာ ငါ လူတွေအများကြီးရဲ့ ခေါင်းဆောင် ဖြစ်နိုင်မယ်မထင်ဘူး ပေါ့။”

အစ်ကိုစုံက ကျွန်တော် ဘယ်လိုခံစားနေရတာကို သတိပြုမိပြီး နိနဝေမင်းကြီး အတွေ့အကြုံကို ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးတယ်။ သူကပြောတယ်။ “နိနဝေမင်းကြီးက နိုင်ငံတစ်နိုင်ငံကို အုပ်စိုးသူဖြစ်ပါတယ်။ ယောနက နိနဝေမြို့က ဖျက်ဆီးခံရမယ်လို့ပြောပြီး ဘုရားနှုတ်ကပတ်တော်ကို ဟောကြားတာကို သူ ကြားတဲ့အခါမှာ သူ့ပုလ္လင်ပေါ်ကနေဆင်းပြီး တစ်မြို့လုံးကို သူတို့ကိုယ်သူတို့ လျှော်တေအဝတ်ကိုဝတ်စေပြီး ပြာနဲ့ဖုံးစေခဲ့တယ်။ ဘုရားသခင်ကို ဝန်ခံပြီး နောင်တရဖို့ ဒူးထောက်စေခဲ့တယ်။ ဘုရားသခင်ကို သူတို့ကို သနားညှာတာပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်” တဲ့။ သူက ဆက်ပြောတယ်။ “အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သခင်ကြွလာတဲ့အခါမှာ ကြီးကျယ်တဲ့ဖြစ်ရပ်ကို ရင်ဆိုင်ရတဲ့အခါမှာ နိနဝေမင်းကြီးကို အတုယူပြီး ညီအစ်ကိုမောင်နှမတွေကို ဘုရားကို ဝန်ခံပြီး နောင်တရဖို့ ဦးမဆောင်သင့်ဘူးလား” တဲ့။ သူပြောတာ ကျွန်တော့်စိတ်ကို တကယ် တို့ထိခဲ့တယ်။ သူပြောတာ မှန်တယ်။ နိနဝေမင်းကြီးက နိုင်ငံတစ်ခုကို အုပ်စိုးသူဖြစ်တယ်။ ဒီလို မြင့်မားတဲ့ ရာထူးရှိတဲ့သူတစ်ယောက်က သူ့ကိုယ်သူ နှိမ့်ချပြီး ဘုရားကို ဝန်ခံတယ်၊ နောင်တရနိုင်တယ်ဆိုရင် ဘာလို့ ကျွန်တော်က ကိုယ့် ဂုဏ်အဆင့်အတန်းကို စွန့်လွှတ်ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံနိုင်ရတာလဲ။ အစ်ကိုစုံက ဆက်ပြောတယ်။ “သခင်ယေရှုက သူ့ရဲ့ အမှုတော်ကို ဆောင်ရွက်တဲ့အခါမှာ ဖာရိရှဲတွေက သူတို့ရဲ့ ရာထူးနဲ့ စားဝတ်နေရေးကို ကာကွယ်ချင်တာကြောင့် ယုံကြည်သူတွေကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချဖို့ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့ကြတယ်။ သခင်ယေရှုက သူတို့ကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။’ (ရှင်မဿဲခရစ်ဝင် ၂၃:၁၃)” ပြီးတော့ သူက ကျွန်တော့်ကိုပြောတယ်။ “ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေပြီး နောက်ဆုံးသောကာလ တရားစီရင်မှုကို ဆောင်ရွက်နေတာဟာ ကောင်းကင်နိုင်ငံတော် ကြွရောက်လာခြင်း ဧဝံဂေလိတရားဖြစ်ပါတယ်။ အစမှာ အစ်ကို့ကိုပြောတဲ့ အလိမ်အညာတွေကို အစ်ကို ယုံကြည်ပြီး အသင်းတော်ကို ပိတ်ဆို့ရာမှာ ဘာသာရေးခေါင်းဆောင်တွေကို သဘောတူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ တားဆီးခဲ့တယ်။ ဒီလိုလုပ်တာက ဘုရားသခင်ကို အာခံတာပဲ။ အခု အစ်ကိုက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ သူက ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ ကောက်ချက်ချခဲ့ပြီ။ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံဖို့ ဒါမှမဟုတ် သခင်ပြန်ကြွလာခြင်း သတင်းကို ညီအစ်ကို မောင်နှမတွေကို ပြောဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေပြီး သူတို့တွေကို ကောင်းကင်နိုင်ငံတော်ကနေ ပိတ်ဆို့ထားရင် အစ်ကိုက သိသိကြီးနဲ့ အမှားလုပ်နေတာပဲ။ နောက်အမှားတစ်ခုကို လုပ်မိနေတာပဲ။” တဲ့။ သူကပြောတယ်။ “ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းမှုကြီးတစ်ခုဖြစ်မှာပဲ။ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့က တားဆီးခဲ့လို့ ကယ်တင်ခံရဖို့ သူတို့ အခွင့်အရေး ဆုံးရှုံးသွားရရင် ဒါက သွေးကြွေးတစ်ခု ဖြစ်မှာပဲ။ ကျွန်တော်တို့ ထပ်ခါထပ်ခါ သေခဲ့ရင်တောင် ဒီ အကြွေးကို ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေကို ဘုရားရှေ့ကို အစ်ကို ခေါ်ဆောင်သွားရင် သူတို့က အစ်ကို့ကို မမုန်းရုံတင်မကဘဲ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားနဲ့ ထာဝရအသက် လမ်းခရီးကို သူတို့ကို ဝေမျှတဲ့အတွက် သူတို့က ကျေးဇူးတင်ကြလိမ့်မယ်” တဲ့။

အဲဒီနောက်မှာ အစ်ကိုပိုင်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ် နှစ်ပိုဒ် ဖတ်ပြတယ်။ “လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်”) “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်”) နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ ဒီအပိုဒ်တွေကို သူဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် တော်တော်ကို စိတ်သောကရောက်သွားတယ်။ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်ခံရပြီး နီရဲသွားသလို ခံစားခဲ့ရတယ်။ မြေကြီးက ပွင့်လာပြီး ကျွန်တော့်ကို မျိုသွားစေချင်ခဲ့တယ်။ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီဆိုတာ၊ သမ္မာတရားများစွာကို ဖော်ပြနေပြီး လူကို တရားစီရင်ပြီး သန့်စင်တဲ့အမှုကို ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရာထူးနဲ့ စားဝတ်နေရေးကို ကာကွယ်ဖို့အတွက် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး ဘုရားသခင်ရဲ့ သိုးတွေ ဘုရားအသံတော်ကို ကြားပြီး သူ့ဆီမသွားအောင်လို့ အသင်းတော်ကို ပိတ်ဆို့ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကာလတွေတုန်းက သခင်ယေရှုကို ဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ကျွန်တော် ဘယ်လိုကွာခြားဦးမှာလဲ။ သခင်က ကျွန်တော်တို့ရဲ့ သိုးထိန်းပါ။ အခု သူ့သိုးတွေကို သူ့ဆီပြန်ခေါ်ဖို့ ပြန်လာခဲ့ပြီ။ ဘုရားသခင်ရဲ့ သိုးတွေကို ဘုရားဆီ ပြန်လွှဲပေးရမယ်။ ဘာလို့ ကျွန်တော့်ရဲ့ ရာထူးကို ကာကွယ်ဖို့ အခု ကြိုးစားနေသေးတာလဲ။ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ခတ်မှု ကျွန်တော့်ဆီ ကျရောက်လာတဲ့အထိ စောင့်တာလား။ ကျွန်တော် ဘုရားသခင်ကို ဆက်ပြီး အာခံလို့မဖြစ်တော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက်မဟုတ်တော့ဘဲ လူတိုင်းက ကျွန်တော့်ကို ငြင်းပယ်ကြရင်တောင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံရဦးမှာပါ။ ညီအစ်ကို မောင်နှမတွေကို ဘုရားသခင်ဆီ ခေါ်ဆောင်ပြီး ဘုရားရဲ့သိုးစုတွေကို ဘုရားကို ပြန်ပေးရမှာပါ။ ဒါကို စဉ်းစားရင်းနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ကျွန်တော် ဦးဆောင်ခဲ့တဲ့လူတွေကို ဧဝံဂေလိတရား စတင်ဟောကြားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။

အချိန်နည်းနည်းလောက်ကြာပြီးတဲ့နောက်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ ကျွန်တော့်အသင်းတော်က လူ ၁၀၀၀၀ ကျော် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ နောက်ဆုံးတော့ ဘုရားသခင်ရဲ့ သိုးစုကို ဘုရားရှေ့ကို ကျွန်တော် ခေါ်ဆောင်ခဲ့ပြီ။ တော်တော်ကို ငြိမ်းချမ်းပြီး စိတ်သက်သာရာရမိတယ်။

ခြောက်လကြာပြီးတဲ့နောက်မှာ နေရာတွေအများကြီးကလူတွေက အသင်းတော်ကို ပိုပိုပြီး ဝင်လာခဲ့ကြတယ်။ ဒါကြောင့် အသင်းတော်ကို ဒေသတွေနဲ့ ခွဲပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ရွေးချယ်တင်မြှောက်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်း မာနထောင်လွှားပြီးတော့ “အသင်းတော်တွေကို ဘယ်လိုပဲ ခွဲခွဲ ငါ့ရဲ့ လုပ်နိုင်စွမ်းနဲ့ အတွေ့အကြုံကြောင့်မို့ ငါက ခေါင်းဆောင်ဖြစ်နေဦးမှာပဲ။ အသင်းတော် တော်တော်များများကို ငါ စီမံနိုင်တယ်။ ပြဿနာမရှိဘူး” ဆိုပြီး စဉ်းစားတယ်။ ဒါပေမဲ့ သုံးလေးရက် ကြာပြီးနောက်မှာ အစည်းအဝေးတစ်ခုမှာ အစ်ကိုနှစ်ယောက်နဲ့ ရှိနေတုန်း အသင်းတော်ခေါင်းဆောင်တစ်ယောက်က ရောက်လာပြီး ပြောတယ်။ “အခုအချိန်က နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေဖို့ အချိန်ပဲ။ တခြားနေရာတွေကိုသွားပြီး ဧဝံဂေလိဖြန့်ဝေဖို့အတွက် သမ္မာကျမ်းစာကို ကောင်းကောင်းသိတဲ့ အရည်အချင်းရှိတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့ လိုအပ်တယ်။ ဒါ တော်တော်ကို အရေးကြီးတဲ့ တာဝန်တစ်ခုပါ။ အစ်ကိုတို့သုံးယောက် သွားဖို့ ဆန္ဒရှိလား” တဲ့။ အစ်ကိုနှစ်ယောက်က သူတို့သွားမယ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က သိပ် မပျော်ဘူး။ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့ရဲ့ အရင် ဂိုဏ်းခွဲမှာ အသင်းတော်တွေကို ငါ နှစ်ချီပြီး ဦးဆောင်ခဲ့တယ်။ လူထောင်ပေါင်းများစွာ စီမံခဲ့တယ်။ အခု ငါက ဧဝံဂေလိဟောတာကို ပြန်ရောက်သွားပြီး ငါ့အောက်က တွဲဖက်အမှုဆောင်တချို့က ခေါင်းဆောင်တွေ ဖြစ်လာကြပြီ။ ငါ့မျက်နှာကို ဘယ်လို ပြနိုင်မှာလဲ။ ရှက်စရာကောင်းတယ်” ဆိုပြီးတော့။ ကျွန်တော် ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့တဲ့နှစ်တွေ၊ ဘယ်ကိုပဲသွားသွား အထင်ကြီးလေးစားခံရပြီး ကိုးကွယ်ခံရတာတွေ၊ ကျွန်တော်လိုချင်တဲ့အရာတိုင်းနဲ့ ဧည့်ခံခံရတာတွေကို တွေးမိတယ်။ အခု ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး။ ဧဝံဂေလိ ထပ်ဟောဖို့အတွက် ဒုက္ခသွားခံရဦးမယ်။ ကျွန်တော် မခံနိုင်တော့ဘူး။ ဒါပေမဲ့ သူများတွေရှေ့မှာ ငြင်းဖို့က တော်တော်ရှက်ဖို့ကောင်းတာကြောင့် ကျွန်တော် တွန့်ဆုတ်တွန့်ဆုတ်နဲ့ သဘောတူခဲ့တယ်။ ကိုယ့်ဘာသာစဉ်းစားမိတယ်။ “ငါ ဧဝံဂေလိကို ကောင်းကောင်းဟောရမယ်။ လူတွေအများကြီးကို ပြောင်းလဲနိုင်သရွေ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီးလေးစားနေဦးမှာပဲ” ပေါ့။ ကျွန်တော် စလုပ်ရတဲ့အခါမှာ ဧဝံဂေလိဟောရာမှာ တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို လူ ၄၀၀ ကျော် လက်ခံခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ဘယ်ကိုပဲသွားသွား ညီအစ်ကို မောင်နှမတွေက စိတ်တက်ကြွစွာနဲ့ ကျွန်တော့်ကို ကြိုဆိုကြပြီး အထင်ကြီးလေးစားကြတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော် ကိုင်ဆောင်ထားတဲ့ ရာထူးက ပေးတဲ့ ပျော်မွေ့မှုထဲမှာ ကျွန်တော် နောက်တစ်ခါ ရှင်သန်နေခဲ့ပါတယ်။ ဧဝံဂေလိကို ဖြန့်ဝေခြင်းအပေါ် ကျွန်တော့်ရဲ့ စိတ်ပါဝင်စားမှုက တိုးလာခဲ့ပါတယ်။

၂၀၀၀ ခုနှစ်၊ သြဂုတ်လမှာ ဧဝံဂေလိဖြန့်ဝေဖို့အတွက် အစ်ကိုလျူနဲ့ မြို့ပြင်ကို ခရီးထွက်ခဲ့တယ်။ အစ်ကိုလျူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဖြစ်တာ ကျွန်တော့်ထက် ကြာပြီးတော့ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့တယ်။ ကျွန်တော်လည်း ပျော်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အားနည်းချက်တွေကို ဖာထေးဖို့ သူ့ရဲ့အားသာချက်ကို ဆွဲယူနိုင်တာဟာ ဘယ်လောက်ကောင်းလဲဆိုပြီး တွေးမိတယ်။ တစ်ခါတော့ ဘာသာရေးဂိုဏ်းတစ်ခုရဲ့လက်အောက်ကဖြစ်တဲ့ လူတစ်စုကို ဧဝံဂေလိတရားဟောဖို့ သူနဲ့ ကျွန်တော် သွားခဲ့ပါတယ်။ သူတို့က ဘာသာရေးအယူအဆတချို့ကို အကြာကြီးပြောကြပြီး ကျွန်တော်က သူတို့ကို မိတ်သဟာယဖွဲ့ချင်တယ်။ ဒါပေမဲ့ သမ္မာတရားအပေါ် ကျွန်တော့်ရဲ့ နားလည်မှုက တော်တော်နည်းနေတာကြောင့် ကူညီဖို့ စိတ်လောနေပေမဲ့ မကူညီနိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ အစ်ကိုလျူက သူတို့ရဲ့အယူအဆတွေကို ချေပဖို့အတွက် သူတို့ကို စိတ်အေးအေးထားပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ မှန်မှန်ကန်ကန်နဲ့ ကျိုးကြောင်းသင့်စွာ ပြောဆိုခဲ့တယ်။ ကျွန်တော်တို့ နဲ့ မိတ်သဟာယဖွဲ့နေတဲ့ အဲဒီလူတွေက အစတော့ လက်မခံကြဘူး။ ဒါပေမဲ့ သူတို့နားထောင်ရင်းနဲ့ အစ်ကိုလျူပြောတာက မှန်တယ်ဆိုပြီး သေချာလာကြတယ်။ နောက်ဆုံးတော့ သဘောတူပြီး ခေါင်းညိတ်ကြတယ်။ ဒီလိုဖြစ်သွားတာကို မြင်ရတော့ အစ်ကိုလျူအပေါ် မနာလိုဖြစ်တာရော၊ လေးစားတာရော ခံစားမိတယ်။ “အစ်ကိုလျူက မိတ်သဟာယဖွဲ့တာ တော်တော်ရှင်းတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ငါ့ရဲ့အခန်းကဏ္ဍက သူ့ကို ကြည့်ကောင်းအောင် လုပ်ပေးတာပဲ ဖြစ်နေမှာ။ သူများတွေက သူက ငါ့ထက်သာတယ်ဆိုပြီး ပြောကြမယ်။ ဒါဆို မဖြစ်ဘူး။ ငါ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ပြင်ဆင်ပြီး အစ်ကိုလျူထက် ပိုကောင်းအောင် ကြိုးစားရမယ်” ဆိုပြီး စဉ်းစားတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို မနက်ကနေ ညအထိ စဖတ်တယ်။ ဧဝံဂေလိဖြန့်ဝေခြင်း သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်တယ်။ အစာစားတဲ့အချိန်တွေမှာတောင် အစ်ကိုလျူက ဘယ်လို မိတ်သဟာယဖွဲ့သလဲဆိုတာကို ကျွန်တော် စဉ်းစားတယ်။ ဒါမှ နောက်တစ်ခါကျရင် ဧဝံဂေလိပစ်မှတ်တွေနဲ့ ဘယ်လို မိတ်သဟာယဖွဲ့ရမယ်ဆိုတာ သိနိုင်မယ်၊ အနည်းဆုံးတော့ အစ်ကိုလျူလို တော်တဲ့ပုံစံပေါက်မယ် ပေါ့။

ဒါပေမဲ့ ကျွန်တော် အံ့သြသွားရတာက အဲဒီလူတွေကို ဧဝံဂေလိတရားဟောဖို့ နောက်တစ်ခါ သွားတဲ့အခါမှာ သူတို့တွေက မေးခွန်းအသစ်တချို့ ထုတ်မေးကြတယ်။ ကျွန်တော်က ရှင်းလင်းတဲ့ မိတ်သဟာယကို နောက်တစ်ခါ ထပ်မပေးနိုင်ပြန်ဘူး။ ကျွန်တော်ပြောနေတာကို သူတို့က တကယ်တမ်းနားမလည်တာကို တွေ့ရတော့ တော်တော် ရှက်မိတယ်။ အဲဒီအချိန်မှာပဲ အစ်ကိုလျူက အမြန် ဝင်ပြောခဲ့တယ်။ သူတို့က သူ့ကို အာရုံစိုက်ပြီး နားထောင်ကြတယ်။ ရံဖန်ရံခါ ခေါင်းညိတ်တယ်။ အဆုံးကျတော့ အားလုံးကို သူတို့ ကောင်းကောင်းနားလည်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကျတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်တဲ့နေရာမှာပဲ အောင်မြင်ခဲ့ပြီး မြေကြီးက ပွင့်လာပြီး ကျွန်တော့်ကို မျိုသွားစေချင်မိတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါက အစ်ကိုလျူနဲ့အတူ လာတာ။ ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ဘူး။ ဘာမှ အသုံးမဝင်ဘူး။ သူဝင်လာပြီး သူတို့ပြဿနာကို ကူညီကိုင်တွယ်ဖို့ သူ့ကို လိုအပ်နေတုန်းပဲ။ ရှက်စရာကောင်းလိုက်တာ” ဆိုပြီးတော့။ သိက္ခာနည်းနည်း ပြန်ဆယ်ဖို့အတွက် အစ်ကိုလျူ မိတ်သဟာယဖွဲ့တာမှာ ခဏရပ်သွားတုန်း စကားနည်းနည်းပြောဖို့ အခွင့်ကောင်းယူတာကို မှတ်မိသေးတယ်။ တစ်ရက်ကြာပြီးတော့ သူတို့အားလုံး ဧဝံဂေလိကို လက်ခံသွားကြတယ်။ ဒါကြောင့်မို့ ကျွန်တော် တော်တော်ပျော်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်း ဝမ်းနည်းစိတ်ပျက်မိတယ်။ သူတို့တွေ ဧဝံဂေလိကို လက်ခံကြတာက ကျွန်တော့်ကြောင့်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမပြုမူနိုင်ခဲ့ဘူးလို့ ကျွန်တော် ခံစားခဲ့မိတယ်။ အစာစားပြီးတဲ့နောက်မှာ အဲဒီ လူသစ်တွေက ကျွန်တော်တို့ အတွေ့အကြုံတွေကို ပြောဖို့ တောင်းဆိုတယ်။ ကျွန်တော်က တွေးတယ်။ “ပုံမှန်ဆိုရင် အစ်ကိုလျူက ထင်ပေါ်တဲ့သူပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုပြောဖို့ အခွင့်အရေးကို ငါယူမှ ဖြစ်မယ်။ ဒါမှ ငါက အရေးမကြီးတဲ့သူတစ်ယောက်လို့ သူတို့ မထင်ကြမှာ” ဆိုပြီးတော့။ အဲဒါနဲ့ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်တွေ၊ ကျွန်တော် ခံယူခဲ့တဲ့ ဒုက္ခတွေ၊ လူ ၁၀၀၀၀ ကျော်ကို ဘုရားသခင်ဆီကို ဘယ်လို ပြန်ခေါ်ခဲ့တယ်ဆိုတာတွေကို ကျွန်တော် အကြာကြီးပြောတယ်။ တော်တော်ကို ပိုပိုသာသာ ပြောလိုက်တယ်။ အဲဒီ ညီအစ်ကို မောင်နှမတွေထဲက တချို့က အံ့သြကြတယ်။ တချို့က ကျွန်တော့်ကို တလေးတစားနဲ့ ကြည့်ကြတယ်။ တချို့ကတော့ အာရုံစိုက်ပြီးတော့ပဲ နားထောင်တယ်။ ကျွန်တော် ပျော်သွားတယ်။ ကျွန်တော် တည့်တည့်မတ်မတ်ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပြောခဲ့တယ်။

အဲဒီနေ့ အိမ်ပြန်ရောက်တော့ ကျွန်တော် စဉ်းစားတယ်။ “ဧဝံဂေလိ ဖြန့်ဝေတာနဲ့ပတ်သက်ရင် ငါ သမ္မာတရား တော်တော်နည်းပါးတာပဲ။ ဒါနဲ့ပတ်သက်ပြီး အစ်ကိုလျူနဲ့ ရှာဖွေသင့်သလား” ပေါ့။ ဒါပေမဲ့ နောက်တော့ “ဒါကို အစ်ကိုလျူနဲ့ ငါရှာဖွေရင် သူက ငါ့ထက်သာတယ်လို့ ပြလိုက်သလို ဖြစ်မသွားဘူးလား။ ထားလိုက်တော့။ ငါ လျှို့ဝှက်ပြီးတော့ပဲ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး သမ္မာတရားနဲ့ ပြင်ဆင်နေတော့မယ်။ သူ့ကို မမေးတော့ဘူး” ဆိုပြီး တွေးမိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်လုံး ဧဝံဂေလိဟောဖို့ ထပ်သွားတဲ့အခါမှာ ညီအစ်ကို မောင်နှမတွေက အစ်ကိုလျူကို တော်တော်ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ သူ့နားမှာ စုနေကြတယ်။ ဟိုအကြောင်း၊ဒီအကြောင်းတွေ မေးကြတယ်။ ဒါကို ကျွန်တော် တော်တော် စိတ်တိုမိတယ်။ ခေါင်းကို ငိုက်စိုက်ချပြီး ဘေးတစ်ဘက်မှာ ရပ်နေရင်းနဲ့ စဉ်းစားတယ်။ “အစ်ကိုလျူက ဒီလောက် ကောင်းတဲ့ မိတ်သဟာယကိုဖွဲ့နေတာ ငါ ဒီမှာရှိတော့ဘာလုပ်မှာလဲ။ ငါက သူများအမြင်မှာ လူပိုတစ်ယောက်ပဲ မဟုတ်ဘူးလား။ အမြဲတမ်း ထင်ပေါ်နေတာက သူပဲ။ ဒီလိုဆက်သွားနေရင် ဘယ်သူကမှ ငါ့ကို လုံးဝ အထင်ကြီးမှာမဟုတ်ဘူး” ပေါ့။ ပုန်ကန်တဲ့အတွေးက ရုတ်တရက် ကျွန်တော့်ဆီမှာ ပေါ်လာတယ်။ ကျွန်တော် အစ်ကိုလျူနဲ့ တကယ်ကို တာဝန်ဆက်ပြီး မထမ်းဆောင်ချင်တော့ဘူး။ ဒီလိုတွေးမိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ အစ်ကိုလျူ ဧဝံဂေလိဟောဖို့ သွားတဲ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော် ဆင်ခြေတွေ စပြီး ရှာလာတယ်။ ကျွန်တော် နေသိပ်မကောင်းဘူးလို့ပြောပြီး နောက်မှာပဲ နေရစ်ခဲ့ချင်တယ်။ တစ်ခါတလေမှာ သူနဲ့ ကျွန်တော် လိုက်သွားခဲ့ရင်တောင် ကျွန်တော် မိတ်သဟာယမဖွဲ့ခဲ့ဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကို မေးခွန်းတစ်ခု မေးတဲ့အခါကျမှ စိတ်မပါဘဲ စကားနည်းနည်းပြောပြီး မိတ်သဟာယဖွဲ့တယ်။ အဓိကကတော့ ကျွန်တော်သူနဲ့ အလုပ်ကို မလုပ်တာ။ ကျွန်တော်တို့ နှစ်လကျော် အတူတူလုပ်ခဲ့ရတယ်။ ကျွန်တော်က ကျော်ကြားမှုအတွက် အမြဲတမ်း ယှဉ်ပြိုင်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက်ပဲအမြဲတမ်း ရုန်းကန်နေခဲ့တယ်။ ကျွန်တော့်ရဲ့ အခြေအနေက ပိုပိုပြီးမှောင်မိုက်လာတယ်။ ပိုပိုပြီး ဆိုးလာတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ခေါင်းထဲကို နောင်တက လုံးဝ ဝင်မလာခဲ့ဘူး။ ဒီအချိန်မှာပဲ ဘုရားသခင်က ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်ခဲ့ပါတယ်။

တစ်နေ့မှာ ကျွန်တော့်ကို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကို သွားပြီး ဧဝံဂေလိ မျှဝေဖို့ ပြောတယ်။ ဒါကို ကြားရတော့ ကျွန်တော် အရမ်းပျော်သွားပြီး “နောက်ဆုံးတော့ ငါ အစ်ကိုလျူနဲ့ အလုပ်လုပ်ဖို့ မလိုတော့ဘူး။ ဒါ ငါ့အရည်အချင်းကို ပြရမယ့်အချိန်ပဲ။ လူတွေကို ဧဝံဂေလိဟောကြားပြီး ပြောင်းလဲတဲ့အခါ အားလုံးက ငါ့ကြောင့်ပဲ ဖြစ်လာမှာ။ ညီအစ်ကို မောင်နှမတွေကို ငါ့ကို သေချာပေါက် အထင်ကြီးလေးစားကြမှာပဲ။” ဆိုပြီး စဉ်းစားမိတယ်။ ကျွန်တော် မသိနိုင်လိုက်တဲ့အရာကတော့ အဲဒီကိုသွားတဲ့လမ်းမှာ ကျွန်တော့်မှာ မှတ်ပုံတင်ကဒ်ပါမလာတာကို ရဲကတွေ့သွားပြီး ထွက်ပြေးလာတဲ့ လူသတ်သမားလိုလို ကျွန်တော့်ကို ထင်သွားပြီး ဖမ်းဆီးခဲ့တယ်။ ကျွန်တော် ဘယ်လောက် ရှင်းပြဖို့ ကြိုးစားကြိုးစား သူတို့ နားမထောင်ကြဘူး။ သုံးရက် သုံးညအထိ ကျွန်တော့်ကို နှိပ်စက်ကြတယ်။ ကျွန်တော့်ကို ဘာမှ စားခွင့်မပေးဘူး။ အိပ်ခွင့်မပေးဘူး။ ရေအဝသောက်ခွင့်တောင် မပေးဘူး။ ကျွန်တော့်ပါးစပ်နဲ့ နှာခေါင်းမှာ သွေးတွေထွက်ပြီး မျက်လုံးတွေ ဖောရောင်လာပြီး ဖွင့်လို့မရတော့တဲ့အထိ ကျွန်တော့်ကို ရိုက်နှက်ကြတယ်။ စုတ်ပြတ်သွားတဲ့အထိ အရိုက်ခံရတယ်။ ခဏခဏ သတိမေ့သွားတာကို ကျွန်တော် မှတ်မိသေးတယ်။ သေတာကမှ ကောင်းချီးပေးလို့ရတဲ့ သက်သာမှု ဖြစ်ဦးမယ်။ ကျွန်တော့် နှလုံးသားမှာ တော်တော်ကို ဆင်းရဲဒုက္ခ ခံစားရပြီး အဲဒီနတ်ဆိုးတွေက တော်တော်ဆိုးတဲ့အတွက် မုန်းတီးခဲ့တယ်။ သူတို့က နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးခြင်းမရှိဘူး။ ဘာသက်သေအထောက်အထားမှလည်း မရှိဘူး။ ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း စစ်မေးခံရတယ်။ အဲဒီအချိန်တုန်းက ဘုရားသခင်ကိုပဲ ကျွန်တော် ဆုတောင်းနေခဲ့တာ။ ကျွန်တော့်ကို ကာကွယ်ဖို့၊ လမ်းပြဖို့ တောင်းတယ်။ ဘုရားသခင်က ဒါတွေအားလုံးကို ကျွန်တော့်အပေါ်မှာ ဖြစ်ပျက်ဖို့ ခွင့်ပြုထားတယ်ဆိုတာ၊ ဖြစ်ပျက်နေတဲ့အရာတွေကနေ ကျွန်တော် သမ္မာတရားကို ရှာပြီး သင်ယူရမယ်ဆိုတာကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ “ဘာလို့ ဒါတွေက ငါ့အပေါ်မှာ ဖြစ်ပျက်နေတာလဲ ပေါ့။” အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ “ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောရင်းနဲ့ ဂုဏ်အဆင့်အတန်းအပေါ် ကျွန်တော့်ရဲ့ ဆန္ဒက ဘယ်လောက်ကြီးမားတယ်ဆိုတာကို သတိပြုမိခဲ့တယ်။ ကျွန်တော် အစ်ကိုလျူနဲ့ ဧဝံဂေလိဟောကြားရင်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ပြန်တွေးတောမိတယ်။ သူက ကောင်းမွန်တဲ့ မိတ်သဟာယဖွဲ့ပြီး လူတိုင်းက သူ့ကို တလေးတစားကြည့်နေကြတာကို မြင်ရတဲ့အခါမှာ ကျွန်တော် မနာလိုဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်ချင်ခဲ့တယ်။ ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ချင်ခဲ့တယ်။ လူအသစ်တွေက ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြအောင်လို့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး ကြွားဝါဖို့အတွက် သူတို့ရှေ့မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြောခဲ့တယ်။ ညီအစ်ကို မောင်နှမတွေဆီကနေ ဘာလေးစားမှုမှ ကျွန်တော် မရတဲ့အခါမှာ ကျွန်တော် အပျက်သဘောဆောင်လာပြီး အတိုက်အခံလုပ်ချင်လာတယ်။ အစ်ကိုလျူနဲ့ အလုပ်မလုပ်ချင်တော့ဘူး။ ကျွန်တော့်တာဝန်မှာ အပေါ်ယံပဲ လုပ်ခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို သက်သေခံဖို့ ကိုယ့်တာဝန်ကို မဆောင်ရွက်ဘဲ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကို ပြန်ပြီးရဖို့ ဒါကို အသုံးပြုနေတယ်ဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်က တော်တော် မုန်းတီးစရာကောင်းခဲ့တာပါ။ ကျွန်တော်က ကျော်ကြားမှုနဲ့ ကိုယ်ပိုင် တစ်ကိုယ်ရေ အကျိုးစီးပွားနောက်လိုက်တာကလွဲပြီး တခြားဘာမှမလုပ်ခဲ့ဘူး။ မှောင်မိုက်ထဲကို နက်နက်နဲနဲ ကျရောက်သွားတာတောင် နောင်တက ကျွန်တော့်စိတ်ထဲကို တစ်ခါမှ ဝင်မလာခဲ့ဘူး။ ကျွန်တော်က တော်တော်ကို ပုန်ကန်ခဲ့တယ်။ ကျွန်တော် စဉ်းစားကြည့်လေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလေလေပဲ။ အဲဒါနဲ့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့ပါတယ်။ “အဖ ဘုရားသခင် ကျွန်တော့်တာဝန်မှာ ဂုဏ်အဆင့်အတန်းကိုပဲ အမြဲတမ်း လိုက်စားလေ့ရှိခဲ့ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ်တော် ဘယ်လောက်တောင် ဒါကို မုန်းတီးလိုက်မလဲ။ အခု ကိုယ်တော်က ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ် အလေးအနက် ဆင်ခြင်သုံးသပ်ချင်ပါတယ်။ ကိုယ်တော်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံချင်ပါတယ်။ ကျွန်တော် ဒီအခြေအနေမှာ အသက်ရှင်ခဲ့ရင် ကျွန်တော့်ရဲ့ ဂုဏ်အဆင့်အတန်းကို စွန့်လွှတ်ပြီး သမ္မာတရားကို အလေးအနက် လိုက်စားချင်ပါတယ်” ဆိုပြီး ပြောလိုက်တယ်။ ကျွန်တော် အံ့သြသွားရတာက ကျွန်တော် နာခံပြီး သင်ခန်းစာတချို့ သင်ယူရရှိလိုက်တဲ့အခါမှာ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြခဲ့ပါတယ်။ ရဲတွေက ကျွန်တော့် မှတ်ပုံတင်ကို သူတို့စက်ထဲမှာ ရှာတွေ့သွားခဲ့တယ်။ ကျွန်တော်က လူသတ်သမားမဟုတ်ဘူးဆိုတာ သိသွားပြီး လွတ်ပေးလိုက်တယ်။

ကျွန်တော် အိမ်ပြန်ရောက်တော့ ကျန်းမာရေးစစ်ဖို့ ဆေးရုံသွားခဲ့တယ်။ ကျွန်တော့် ညာဘက်ခြေထောက်က ကျိုးနေပြီး နံရိုးတစ်ချောင်းလည်း ကျိုးနေတယ်။ နောက် သုံးလေးလမှာ ကျွန်တော် အိမ်မှာ အားပြန်ပြည့်လာအောင် အနားယူနေရင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ တစ်နေ့ကျတော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ ဗီဒီယိုကို အတူကြည့်ရအောင်လေ။ "အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ ‘ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။’ ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။...သင်တို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘေးဖယ်ထားဖို့ သင်တို့အတွက် ခက်ပေသည်။ ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း”)

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး”) ဒီ အပိုဒ်တွေကို ဖတ်ရင်းနဲ့ ကျွန်တော် တော်တော်ငိုမိတယ်။ ဘုရားသခင်က တရားစီရင်ပြီး ပြစ်တင်ဆုံးမတာက လူကို မုန်းတီးလို့မဟုတ်ဘဲ လူကို ကယ်တင်ချင်တာကြောင့်ပဲဆိုတာ နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကို လိုက်စားတဲ့ ကျွန်တော့်ရဲ့ လွဲမှားတဲ့အမြင်ကို သူ ပြုပြင်ချင်ခဲ့တယ်။ ကျွန်တော် ငယ်ငယ်ကတည်းက “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့အညီ အသက်ရှင်ခဲ့တာပါ။ ကျွန်တော် ရသမျှ အခွင့်အရေးတိုင်းမှာ သူများတွေထက် ထင်ပေါ်ချင်ခဲ့တယ်။ အိပ်မက်တောင် မက်ခဲ့တယ်။ သခင့်ကို စတင် ယုံကြည်ပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေ ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြအောင်လို့ မြင့်မားတဲ့ ဂုဏ်အဆင့်အတန်းရဖို့အတွက် စွန့်လွှတ်အနစ်နာခံတာတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံခဲ့တယ်။ ခရစ်တော်ဘေးမှာ ဘုရင်တစ်ပါးလိုတောင် စိုးစံချင်ခဲ့တယ်။ ကျွန်တော့် ရည်မှန်းချက်တွေမှာ အကန့်အသတ်မရှိခဲ့ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ကြားတဲ့အခါမှာ သခင်ကြွလာခဲ့ပြီဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခေါင်းဆောင်ရာထူးကို မစွန့်လွှတ်နိုင်တာကြောင့် လက်မခံချင်ခဲ့ဘူး။ ယုံကြည်သူတွေကို ဘုရားနိုင်ငံတော်ထဲ မဝင်ရောက်ဖို့ တားဆီးတဲ့ ဆိုးယုတ်တဲ့ အစေခံဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီးကတည်းက လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ အပြင်ပန်းမှာတော့ ကျွန်တော်က ကျွန်တော့် ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခဲ့တဲ့ပုံစံရှိပေမဲ့ ကျွန်တော့် စိတ်နှလုံးက ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တုန်းပဲ။ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို လေးစားပြီး ကိုးကွယ်တဲ့အခါမှာ ကျွန်တော်က ကိုယ့်တာဝန်မှာ ပျော်ရွှင်ပြီး တက်ကြွမှုရှိတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်အပေါ် စိတ်ဝင်စားမှုမရှိတဲ့အခါမှာ စိတ်ဓာတ်ကျပြီး စိတ်ပျက်တယ်။ ကိုယ့်တာဝန်ကို မလုပ်ချင်တော့ဘူး။ ကျွန်တော်က သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားပြောင်းလဲအောင်လို့ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ခံရအောင်လို့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာမဟုတ်ဘဲ သူများတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင် သူများတွေထက် ထင်ပေါ်ဖို့၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ထမ်းဆောင်နေတာပါ။ ကျွန်တော်က အရှက်မရှိ ဘုရားသခင်ကို အသုံးပြုပြီး သူ့ကို လိမ်လည်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ကျွန်တော်က ဘုရားကို အာခံနေခဲ့တာ။ ကျွန်တော်က ဒီ ဆိုးယုတ်တဲ့အဆိပ်တွေနဲ့ ရှင်သန်နေခဲ့တာ။ ပိုပိုပြီးတော့ မာနထောင်လွှားလာပြီး လူသားဆန်မှု ဒါမှမဟုတ် အသိစိတ် နည်းနည်းလေးမှ မရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်း၊ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့ကြောင့်သာမဟုတ်ရင် ကျွန်တော်က စာတန်ရဲ့ ဖျက်ဆီးခြင်းကို ဘယ်လောက် ဆိုးဆိုးဝါးဝါး ခံထားရတယ်ဆိုတာ၊ ဂုဏ်အဆင့်အတန်းအပေါ် ကျွန်တော့် ဆန္ဒက ဘယ်လောက်ကြီးလဲဆိုတာကို ကျွန်တော် လုံးဝ သတိပြုမိမှာမဟုတ်ဘူး။ ဂုဏ်အဆင့်အတန်း ကောင်းချီးကို ပိုပိုပြီး အငမ်းမရဖြစ်လာပြီး ပိုပိုပြီးတော့ စာရိတ္တပျက်ပြားလာမှာပဲ။ နောက်ဆုံးကျရင်တော့ ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမယ်။ ဘုရားသခင်က ဘာပဲလုပ်လုပ် တရားစီရင်ခြင်းဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ ရိုက်နှက်ခြင်းဖြစ်စေ၊ ဆုံးမပဲ့ပြင်ခြင်းဖြစ်စေ အားလုံးက လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းနဲ့ ချစ်ခြင်းဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ ကျွန်တော် အသိအမှတ်ပြုလာခဲ့ပါတယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော်ဖတ်ပါတယ်။ “ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) “ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော အမှန်တရား ဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည််မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကိုယ့်ရဲ့ သင့်တော်တဲ့နေရာကို ယူသင့်တဲ့၊ ဘုရားကို ချစ်ဖို့ အားထုတ်သင့်တဲ့။ ဘုရားကို နာခံသင့်တဲ့၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်သင့်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ပါတယ်။ ဒါကသာ မှန်ကန်တဲ့ လိုက်စားခြင်းပါ။ လူတစ်ယောက်က ကယ်တင်ခြင်းကို ရယူပြီး စုံလင်ခံရခြင်းရှိမရှိက သူတို့တွေ ဂုဏ်အဆင့်အတန်းရှိမရှိဆိုတာနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကိုလည်း ကျွန်တော် နားလည်သဘောပေါက်ခဲ့တယ်။ လူတစ်ယောက်က ဘာ တာဝန်ကိုပဲ ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ကြည့်တာက သူတို့ရဲ့ ရိုးသားစစ်မှန်မှုနဲ့ နာခံမှုပါ။ သူတို့တွေ သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိကို ကြည့်တာပါ။ ဒါကို ကျွန်တော် နားလည်သဘောပေါက်တဲ့အခါမှာ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “နောင်အချိန်မှာ ဘာတာဝန်ကိုပဲ ကျွန်တော် ထမ်းဆောင်ရပါစေ၊ ကျွန်တော့်မှာ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သမ္မာတရားကို အလေးအနက် လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပါတယ်” ဆိုပြီးတော့။ ကျေးဇူးတော်ပါပဲ။ နှစ်လကျော်ကြာတော့ ကျွန်တော့် ဒဏ်ရာတွေက သက်သာလာပြီး ထပ်ပြီး ဧဝံဂေလိဟောကြားဖို့အတွက် အပြင်ထွက်လာနိုင်ခဲ့ပါတယ်။ ပြောင်းလဲသွားတာက ကျွန်တော်က ဂုဏ်အဆင့်အတန်းမရှိဘူးလို့ မခံစားရတော့ဘူး။ သူများတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ အတော်ဆုံးဖြစ်အောင် မယှဉ်ပြိုင်တော့ဘူး။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေတာသက်သက်နဲ့တင် ကျွန်တော် ဘုရားသခင်ရဲ့ မြှင့်တင်ပေးခြင်းကို ခံရတာပဲလို့ ခံစားရပါတယ်။

နှစ်တွေကုန်ဆုံးသွားခဲ့ပြီး ၂၀၁၂ခုနှစ် ဆောင်းရာသီတုန်းက ဖြစ်ခဲ့တာပါ။ ရဲတွေက ခရစ်ယာန်တွေကို ကြမ်းကြမ်းရမ်းရမ်း ဖမ်းဆီးနေပြီး အခြေအနေက တော်တော်ဆိုးတယ်။ တစ်နေ့မှာ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေက ကျွန်တော်တို့ရွာမှာ အစည်းအဝေးတစ်ခု လုပ်ကြတယ်။ ကျွန်တော်နည်းနည်းအားနေတာကို ခေါင်းဆောင်တစ်ယောက်က မြင်တော့ လမ်းထောင့်မှာ သွားရပ်ပြီး ကင်းစောင့်အနေနဲ့ လုပ်ဖို့ ခိုင်းတယ်။ ကျွန်တော် ဒါကို တော်တော်ကို မကျေနပ်ဘူး။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လုံခြုံရေးကို ထည့်တွက်ပြီး သဘောတူခဲ့ပါတယ်။ ခေါင်းဆောင်က ထွက်သွားတဲ့အခါမှာ ကိုယ့်ဘာသာ စဉ်းစားလိုက်တယ်။ “ငါက နှစ်ချီပြီးတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အပြင်မှာ အမြဲတမ်း ဧဝံဂေလိဟောခဲ့တယ်။ ဒီ အောက်ကျတဲ့ ကင်းစောင့်လုပ်ဖို့အတွက် သာမန်ယုံကြည်သူတွေကို ရှာတာ ပိုကောင်းတယ်။ ဘာလို့ ငါက လုပ်ရတာလဲ။ နင်တို့က ဒီထဲမှာ အစည်းအဝေးလုပ်နေတုန်း ငါကကျတော့ အေးနေတဲ့ အပြင်မှာရှိနေပြီး အန္တရာယ်ကို စွန့်စားနေရတယ်။ ဒါ ငါ့မှာ ဂုဏ်အဆင့်အတန်းမရှိလို့ မဟုတ်လား။ ငါသာ ခေါင်းဆောင်တစ်ယောက်ဖြစ်ရင် ဒီလိုမျိုး အစောင့်တာဝန်ကို လုပ်ရမှာမဟုတ်ဘူး။” ဆိုပြီးတော့။ ဂုဏ်အဆင့်အတန်းကိုမက်တဲ့ ကျွန်တော့်ဆန္ဒက ပြန်ထလာပြန်ပြီဆိုတာ ချက်ချင်း သတိပြုမိတာကြောင့် ဘုရားသခင်ကို အမြန်ဆုတောင်းလိုက်တယ်။ “အဖ ဘုရားသခင် အခု ကျွန်တော် ဒီ အောက်ကျတဲ့ တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပြီး ဂုဏ်အဆင့်အတန်းမက်တဲ့ ကျွန်တော့် ဆန္ဒက ပေါ်လာပြန်ပါတယ်။ ဘုရားသခင် ဂုဏ်အဆင့်အတန်းရဲ့ ချည်နှောင်မှုကို ကျွန်တော်ထပ်ပြီး မခံချင်တော့ပါဘူး။ ဂုဏ်အဆင့်အတန်းရဲ့ အချည်အနှောင်တွေကို ကျွန်တော် ဖယ်ရှားနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော်မူပါ” ဆိုပြီး ပြောလိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်ပါတယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်က အမြဲတမ်း ရာထူးကြီးတွေနောက်ကို လိုက်နေတယ်၊ သူများတွေ ကျွန်တော့်ကို အမြဲတမ်းအထင်ကြီးလေးစားစေချင်ပြီး ကိုးကွယ်စေချင်နေတယ်ဆိုတာ သတိပြုမိခဲ့ပါတယ်။ တခြားလူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်တော် နေရာတစ်ခုရှိချင်ခဲ့တယ်။ တကယ့်အနှစ်ချုပ်မှာတော့ ဒါဟာ တခြားလူတွေရဲ့ စိတ်နှလုံးကို ကျွန်တော် သိမ်းပိုက်ချင်တယ်လို့ အဓိပ္ပာယ်ရတယ်။ ကျွန်တော်က လူတွေကိုရဖို့ ဘုရားသခင်နဲ့ ယှဉ်ပြိုင်နေခဲ့တာပဲ။ ကျွန်တော့်ရဲ့ သဘာဝက တော်တော်ကို မာနထောင်လွှားပါတယ်။ ပေါလုက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံပြီးတော့ သူများတွေ သူ့ကို လေးစားပြီး ကိုးကွယ်အောင်လုပ်တာကို ကျွန်တော် စဉ်းစားမိတယ်။ ဒါကြောင့်မို့ သူက ပြောတယ်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဒါကြောင့် လူအများစုက သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်ကြတယ်။ လူတွေရဲ့ နှလုံးသားထဲမှာရှိတဲ့ သူ့နေရာက သခင်ယေရှုထက်တောင် ကျော်လွန်သွားတဲ့အထိပဲ။ အရင်တုန်းက ကျွန်တော် တွေးတောပြီး လိုက်စားနေတာတွေက ကျွန်တော့်ကို ပေါလုနဲ့ မတူစေဘူးလား။ ကျွန်တော်က တကယ်ကို အန္တိခရစ်တွေရဲ့ ဘုရားသခင်ကို အာခံတဲ့လမ်းကြောင်းပေါ်ကို ရောက်နေတာပါ။ ကျွန်တော် တကယ်ကို ဘုရားသခင်နဲ့ လူတွေကို စက်ဆုပ်ရွံရှာစေခဲ့တယ်။ အပြစ်ဒဏ်ပေးခံရသင့်ပါတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူကို သန့်စင် ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပါတယ်။ ဒါပေမဲ့ ယုံကြည်လာတဲ့ ဒီနှစ်တွေအားလုံးမှာ သမ္မာတရားကို လိုက်စားဖို့ ဘာ အားထုတ်မှုမှ မလုပ်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲဖို့ ကြိုးစားအားထုတ်ဖို့အတွက် လုံးဝ မစဉ်းစားခဲ့ဘူး။ အဲဒီအစား ဂုဏ်အဆင့်အတန်းနောက်လိုက်တဲ့နေရာမှာ ကျွန်တော့်ရဲ့ အတွေးတွေ၊ အားအင်တွေအားလုံးကို အသုံးပြုခဲ့တယ်။ ကျွန်တော် ဒီလိုသာ ဆက်သွားရင် ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာပဲ။ ကျွန်တော် တော်တော်မိုက်မဲခဲ့တာပဲ။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်တယ်။ “လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- ‘အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။’ ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ လူတစ်ယောက်က မြင့်မားတဲ့ ဂုဏ်အဆင့်အတန်းရှိတယ်ဆိုရင် ဘုရားသခင်က မြှင့်တင်ထားတာဖြစ်ပြီး လူတစ်ယောက်က နိမ့်ကျတဲ့ ဂုဏ်အဆင့်အတန်းရှိတယ်ဆိုရင် ဒါ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပဲဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။ လူတွေကို သူ ဘယ်လိုပဲ ဆက်ဆံပါစေ၊ ကျွန်တော်တို့ကို ဘယ်နေရာမှာပဲထားပါစေ ကျွန်တော်တို့ အမြဲတမ်းနာခံသင့်တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်သင့်ပြီး စောဒက မတက်သင့်ပါဘူး။ ဒီလိုလုပ်တာက ကျိုးကြောင်းသင့်လျော်ပြီး စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ယောက်က လုပ်တဲ့အရာပါ။ ဒါကို ကျွန်တော် နားလည်တဲ့အခါမှာ ကျွန်တော် နာခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့တယ်။ အဲဒီအချိန်ကစပြီး ကင်းစောင့်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံခဲ့ပါတယ်။ ခေါင်းဆောင်တွေနဲ့ အသင်းထောက်တွေက သူတို့ အစည်းအဝေးကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်နိုင်အောင်လို့ ကျွန်တော် သေချာစောင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ခေါင်းဆောင်က အစည်းအဝေးအတွက် ကျွန်တော်ကို ကင်းစောင့်ပေးဖို့ သုံးလေးကြိမ်လောက်ခိုင်းပါတယ်။ ဒါပေမဲ့ ဒါက ဂုဏ်မြင့်လား နိမ့်လားဆိုတာကို ကျွန်တော် မတွေးတော့ပါဘူး။ ကျွန်တော် လွတ်မြောက်ပြီး ငြိမ်းချမ်းသလို ခံစားရတယ်။

ဒီနှစ်တွေတစ်လျှောက်မှာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ကျွန်တော် ဘယ်လောက်ထိ နက်နက်နဲနဲ ခံစားရပြီး ဂုဏ်အဆင့်အတန်းမက်တဲ့ ကျွန်တော့် ဆန္ဒက ဘယ်လောက်ကြီးလဲဆိုတာကို ကျွန်တော် တကယ်မြင်လာဖို့အတွက် ကျွန်တော့်ကို ဖော်ထုတ်ဖို့ အခြေအနေတွေကို ဘုရားသခင်က ထပ်ခါထပ်ခါ စီစဉ်ခဲ့ပြီး ကျွန်တော့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့ပါတယ်။ ဂုဏ်အဆင့်အတန်းဟာ လူတွေကို ချုပ်နှောင်ထားဖို့အတွက် စာတန်အသုံးပြုတဲ့အရာတစ်ခုဆိုတာကိုလည်း ကျွန်တော် ရှင်းရှင်းလင်းလင်း သတိပြုမိလာခဲ့တယ်။ ဂုဏ်အဆင့်အတန်းကို လိုက်စားလေလေ၊ စာတန်က ကိုယ့်ကို ထိခိုက်နစ်နာစေပြီး ကိုယ့်ကို ဆော့ကစားလေလေဖြစ်ပြီး ဘုရားသခင်ကို ကိုယ်က နာခံမှုမရှိဘဲ ဆန့်ကျင်လေလေပဲ။ ကယ်တင်ခံရဖို့အတွက် ဘုရားသခင်အပေါ် လူတွေရဲ့ ယုံကြည်ခြင်းမှာ သူတို့ ဘာကို လိုက်စားသင့်တယ်ဆိုတာကိုလည်း ကျွန်တော် နားလည်လာခဲ့ပါတယ်။ ဂုဏ်အဆင့်အတန်းကို ဒီလိုမျိုး တော်တော်လိုချင်တဲ့ ဆန္ဒရှိပြီး ဒီလောက်ကြီးတဲ့ ရည်မှန်းချက်တွေရှိပြီးတဲ့နောက်မှာ အခုလို ကျွန်တော်ပြောင်းလဲနိုင်ခဲ့တာ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို လိုက်နာနိုင်ပြီး ကိုယ့်တာဝန်ကို နာခံခြင်းရှိစွာနဲ့ ထမ်းဆောင်နိုင်တာတွေ အားလုံးက ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကြောင့်ပါ။ ဘုရားသခင်က ကျွန်တော့်ကိုယ်စား ဒီလို ပင်ပန်းဆင်းရဲတဲ့ အားထုတ်မှုကို လုပ်ခဲ့တယ်။ ကျွန်တော့်ကို ကယ်တင်တဲ့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော့် စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၂၉။ အရာရှိတစ်ဦး၏ နောင်တ

နောက်တစ်ခုသို့- ၃၁။ မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ကနေဒါနိုင်ငံ၊ ထားရှီအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်