ဘုရား၏ နာမသည် ဧကန်အမှန် နက်နဲလှ၏

10.03.2022

ဂျက် ကနေဒါနိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ခေတ်တစ်ခုမှာ ဘုရားယူဆောင်တဲ့ နာမတစ်ခုစီက အဓိပ္ပာယ်ရှိတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြတယ်။ နာမအသီးသီးက ခေတ်တစ်ခု၊ အမှုတော် အဆင့်တစ်ခုကို ကိုယ်စားပြုတာ။ ဘုရားအမှုတော်ရဲ့ လိုအပ်ချက်နဲ့အညီ သူ့နာမတွေ လိုက်ပြောင်းလဲတယ်၊ ဒါပေမဲ့ သူ့နာမတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ သူ့စိတ်သဘောထားနဲ့ အနှစ်သာရကတော့ မပြောင်းလဲဘူး။ ဘုရားက အမြဲ ဘုရားပဲ။ ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကို ကျွန်တော် ဖက်တွယ်လေ့ရှိခဲ့တယ်။ ကိုယ့်အယူအဆတွေထဲမှာ ပိတ်မိနေပြီး သခင်ယေရှုရဲ့ အမည်နာမက လုံးဝ မပြောင်းလဲနိုင်ဘူးလို့ ထင်ခဲ့တာ။ နောက်တော့ ရုပ်ရှင်တစ်ကားကို ကြည့်ဖြစ်တော့မှ ဘုရားနာမတွေရဲ့ နက်နဲမှုတွေကို သိလိုက်ရသလို၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ဖို့ ကျွန်တော့်ရဲ့ အယူအဆတွေကို လက်လွှတ်လိုက်တယ်။

ခရစ်ယာန်မိသားစုမှာ ကျွန်တော်မွေးလာတာပါ။ ငယ်ငယ်ကတည်းက ကျွန်တော့်မိသားစုက သခင်ယေရှုဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရား၊ ကျွန်တော့်ရဲ့ ကယ်တင်ရှင်ဖြစ်ပြီး သူ့နာမနဲ့ ဆုတောင်းမှသာ ကောင်းကင်နိုင်ငံတော်ထဲ ကျွန်တော်ဝင်နိုင်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော် ကြီးလာလို့ ဓမ္မကျောင်းကို တက်တဲ့အချိန်မှာလည်း သင်းအုပ်က ဒီလိုခဏခဏ ပြောတယ်။ “ယေရှုခရစ်တော်ဟာ ငါတို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ သူ့ရဲ့နာမက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျမ်းစာထဲမှာ ဒီလိုပြောထားလို့ပဲ။ ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ (ဟေဗြဲသြဝါဒစာ ၁၃:၈) ဒီတော့ သခင်ယေရှုရဲ့ နာမကို တစ်ချိန်လုံး ငါတို့ထိန်းသိမ်းထားဖို့လိုတယ်။ ဒါဆို သူကြွလာတဲ့အခါ ချီဆောင်ခံရမှာ ကျိန်းသေပဲ” တဲ့။ ဒီစကားတွေကြောင့် သခင့်အပေါ် ကျွန်တော့်ယုံကြည်ခြင်းက ပိုတောင် ခိုင်မာသွားတယ်။ သခင်ကြွလာတဲ့အခါ နိုင်ငံတော်ထဲ ချီဆောင်ခံရအောင်လို့ စိတ်ထက်ထက်သန်သန်နဲ့လည်း အသုံးတော်ခံခဲ့တယ်။

၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ဓမ္မကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် ဒေသခံ ယုံကြည်သူတွေကို ကျွန်တော် စထိန်းကျောင်းခဲ့တယ်။ ဒါပေမဲ့ ဝတ်ပြုပွဲတွေမှာ တက်ရောက်သူဦးရေက တော်တော်နည်းခဲ့တယ်။ အသင်းတော် မန်နေဂျာက လှူဖွယ်ပစ္စည်းတွေ လျော့ကျနေပြီး အသုံးစရိတ်တောင် မကာမိနိုင်တာကို တွေ့တော့၊ ယုံကြည်သူတွေကို ချေးငွေ စပေးခဲ့တယ်။ ယုံကြည်သူတွေက အတိုးနဲ့ ပြန်မဆပ်နိုင်တဲ့အခါ ဘဏ္ဍာရေး အရာရှိနဲ့ စကားများကုန်ကြတယ်။ နောက်တော့ ဝတ်ပြုပွဲတွေ လုံးဝမတက်ချင်ကြတော့ဘူး။

အသင်းတော်ကို အားသစ်လောင်းတဲ့အနေနဲ့ ဒေသခံတွေကို ကျွန်တော်ဧဝံဂေလိ စဖြန့်ဝေခဲ့တယ်။ ယုံကြည်သူတွေရဲ့ အိမ်တွေကို သွားလည်ပြီး စုဝေးပွဲတွေ စီစဉ်ပေးတယ်။ တစ်ပတ်မှာလည်း နှစ်ခါ၊ သုံးခါ အစာရှောင် ဆုတောင်းတယ်။ ကျွန်တော့်အလုပ်မှာ တိုးတက်အောင် လမ်းပြပေးဖို့ သခင့်ကို တောင်းလျှောက်တာပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် အသင်းတော် တက်ရောက်သူဦးရေက နည်းနေတုန်းပဲ။ ဒီလိုခြောက်ကပ်နေတဲ့ အသင်းတော်ကို မြင်ရတော့ ကျွန်တော်စိတ်ပျက်အားလျော့လာတယ်၊ ယုံကြည်မှုလည်း ပိုပိုပြီး ဆုတ်ယုတ်လာတယ်။ အဲဒီနောက် ဆုတောင်းတာ၊ ကျမ်းစာဖတ်တာနဲ့ အစာရှောင်တာတွေကို နှစ်ဆတိုးလုပ်ခဲ့တဲ့အပြင် ဘာသာရေး ရုပ်ရှင်တချို့ကို ဒေါင်းလုတ်ဆွဲပြီး ကြည့်ခဲ့တယ်။ ဒါပေမဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မခံစားရသေးဘူး။ ဝိညာဉ်ရေးရာ ဗလာဖြစ်နေပြီး အမှောင်ထဲမှာ ရှိသလို ခံစားရတုန်းပဲ။ နာနာကျင်ကျင်နဲ့ ဘုရားကို ဟစ်အော်ခဲ့တယ်။ “အို၊ သခင်။ ကိုယ်တော်ရဲ့ နာမတော်ကို အမှီပြုပြီး တောင်းလျှောက်သရွေ့ ကိုယ်တော်ပေးမယ်လို့ ကျမ်းစာမှာ ပြောထားပါတယ်။ အသင်းတော်က ပိုပိုပြီး ခြောက်ကပ်လာနေပါတယ်။ ကိုယ်တော်ရဲ့ နာမတော်နဲ့ ကျွန်တော် တောင်းလျှောက်နေခဲ့တာ၊ ဘာလို့ ကိုယ်တော့်မျက်မှောက်တော်ကို မခံစားရတာလဲ။ သခင်၊ ကိုယ်တော် ဘယ်မှာလဲ” လို့ပေါ့။ ကျေးဇူးတော်ကြောင့် ဘုရားက ကျွန်တော့်ဆုတောင်းချက်ကို နားညောင်းတယ်။

၂၀၁၆၊ ဖေဖော်ဝါရီလ ရက်တစ်ရက်မှာ သမ္မာကျမ်းစာနှင့်ပတ်သတ်သောနက်နဲရာများ ထုတ်ဖော်ခြင်းလို့ဆိုတဲ့ ရုပ်ရှင်ကို ယူကျုမှာ ကျွန်တော်တွေ့မိတယ်။ ကျမ်းစာနောက်ကွယ်က နက်နဲမှုကို ရုပ်ရှင်က လုံးဝသဲသဲကွဲကွဲ ရှင်းပြတာ။ ရုပ်ရှင်လည်းကြည့်ပြီးရော ကျမ်းစာအပေါ် နားလည်မှုအသစ်ရသွားတယ်၊ စိတ်နှလုံးလည်း တကယ်လင်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်တွေးနေမိတာက အဲဒီစကားတွေ ဘယ်ကလာတယ်ဆိုတာပဲ။ ကျမ်းစာထဲမှာ မရှိဘူးလေ။ နောက်တော့ ဗီဒီယိုကို ဒေါင်းလုတ်ဆွဲပြီး အကြိမ်တော်တော်များများ ထပ်ကြည့်ဖြစ်တယ်။ ရုပ်ရှင်ကို ကြည့်လေလေ ကြိုက်လေလေပဲ။ မိတ်သဟာယပြုချက်က ကျမ်းစာနဲ့ လုံးဝကိုက်နေတာ။ ရုပ်ရှင်ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ထုတ်ထားတာမှန်း သိလိုက်ရတယ်။ ဒါကြောင့် သူတို့ရဲ့ရုပ်ရှင်တွေကို ကျွန်တော် ဆက်ရှာခဲ့တယ်။ ဒီလိုနဲ့ ဘုရားနာမ ပြောင်းလဲသွားပြီလားဆိုတဲ့ ရုပ်ရှင်တစ်ခုကို အမှတ်မထင် တွေ့သွားရော။ ခေါင်းစဉ်ကို လုံးဝစိတ်ဝင်စားသွားလို့ ဒေါင်းလုတ်ဆွဲပြီး ချက်ချင်းကြည့်လိုက်တယ်။ တစ်ဝက်လောက်မှာ ဒီလိုပြောလာတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားကြွလာတဲ့အခါ သူ့ကို ယေရှုလို့ ခေါ်မှာမဟုတ်ဘဲ နာမအသစ်ရှိမယ်တဲ့လေ။ ကျွန်တော် တော်တော်အံ့ဩသွားတယ်။ “မမှန်နိုင်ပါဘူး။ ကျမ်းစာက ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ (ဟေဗြဲသြဝါဒစာ ၁၃:၈) ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောထားတာပဲ။ ဘုရားရဲ့ နာမက ဘယ်လိုလုပ် ပြောင်းနိုင်မှာလဲပေါ့။ ပြီးခဲ့တဲ့ အနှစ်နှစ်ထောင်လုံး ယုံကြည်သူတိုင်းက သခင်ယေရှုရဲ့ နာမနဲ့ ဆုတောင်းပြီး သူ့နာမနဲ့ပဲ အလုပ်လုပ်နေခဲ့ကြတာ။ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ဘုရားနာမတော် ပြောင်းပြီလို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘယ်လိုပြောနိုင်ရတာလဲပေါ့။”

နောက်တော့ ရုပ်ရှင်ထဲမှာ အစ်မယန်က ဒီလိုမိတ်သဟာယဖွဲ့ပြတာ ကြားလိုက်ရတယ်။ “ကျမ်းစာက ပြောတယ်။ ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏’ (ဟေဗြဲ သြဝါဒစာ ၁၃:၈) တဲ့။ ဒါက ဘုရားရဲ့ စိတ်သဘောထားနဲ့ အနှစ်သာရက ထာဝရဖြစ်ပြီး မပြောင်းလဲတာကို ဆိုလိုတာ။ သူ့ရဲ့အမည်နာမ အမြဲပြောင်းလဲမှာ မဟုတ်ဘူးလို့ မဆိုလိုဘူး” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တစ်ပိုဒ်ကိုလည်း သူဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ ပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။...သို့ဖြစ်ရာ ‘ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။’ ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး ‘ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ’ ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) အဲဒီနောက် အစ်မယန်က ပြောတယ်။ “လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှုပြုနေစဉ်တစ်လျှောက် မတူကွဲပြားတဲ့ ခေတ်တွေမှာ မတူတဲ့ အမှုကို သူပြုပြီး မတူတဲ့ နာမတွေကို ခံယူတယ်။ ဒါပေမဲ့ ဘုရားရဲ့ အနှစ်သာရက လုံးဝ မပြောင်းလဲဘူး။ ဘုရားက အမြဲ ဘုရားဖြစ်နေမှာ။ ဆိုလိုတာက၊ ဘုရားရဲ့ နာမဟာ ယေဟောဝါပဲဖြစ်ဖြစ်၊ ယေရှုပဲဖြစ်ဖြစ် သူ့အနှစ်သာရက အတူတူပဲ။ ဒီဘုရားတစ်ပါးတည်းကပဲ အမြဲအမှုပြုနေတာ။ ဘုရားရဲ့ အမှုက ခေတ်ကာလ တစ်ခုကနေ နောက်တစ်ခုကို ပြောင်းသွားတာနဲ့အမျှ သူ့နာမလည်း ပြောင်းမယ်ဆိုတာကို ဂျူးလူမျိုး ဖာရိရှဲတွေက မသိခဲ့ကြဘူး။ ယေဟောဝါကသာ သူတို့ဘုရား၊ သူတို့ကယ်တင်ရှင်လို့ ထင်ခဲ့ကြတာ။ ‘ယေဟောဝါကသာ ဘုရားဖြစ်တယ်။ ယေဟောဝါကလွဲလို့ ကယ်တင်ရှင်မရှိဘူး’ ဆိုတဲ့ ယုံကြည်မှုကို မျိုးဆက်နဲ့ချီ သူတို့ဖက်တွယ်ခဲ့ကြတယ်တဲ့။ ဒီတော့ ယေရှုဆိုတဲ့ အမည်နာမနဲ့ ရွေးနုတ်ခြင်းအမှုကို ဘုရားပြုတဲ့အခါ သူ့ကို အရူးအမူး ရှုတ်ချပြီး ခုခံခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ကားစင်တင်သတ်လိုက်ကြတယ်လေ။ ယုတ်မာလွန်းတဲ့ ပြစ်မှုကို သူတို့ကျူးလွန်ခဲ့ကြလို့ ဘုရားအပြစ်ပေးတာ ခံခဲ့ရတယ်တဲ့လေ။ ဘုရားရဲ့ ဉာဏ်ပညာကို ဘယ်သူမှ နားမလည်နိုင်သလို ဘုရားကို ဘယ်သူမှ ဘောင်ခတ်လို့မရဘူး။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့အမှုနဲ့ နာမပြောင်းသွားလို့ ဘုရားရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် တစ်ပါးတည်းသော ဘုရားက ပြုတဲ့အမှုကို ကျွန်မတို့ ငြင်းကြမယ်ဆိုရင် အဓိပ္ပာယ်မဲ့ပြီး မသိနားမလည်တာပဲတဲ့။ ခေတ်အသီးသီးမှာ ဘုရားခံယူတဲ့ အမည်နာမက အဓိပ္ပာယ်ရှိတဲ့အပြင် လူသားအတွက် ကြီးမားတဲ့ ကယ်တင်ခြင်းဖြစ်တယ်တဲ့လေ။”

ဒီအထိကြည့်ပြီးတော့ သဘောပေါက်သွားတယ်။ ဘုရားနာမက ပြောင်းလဲနိုင်ပါလားပေါ့။ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏” လို့ ကျမ်းစာထဲမှာ ပြောထားတာက ဘုရားရဲ့ မပြောင်းလဲတဲ့ အနှစ်သာရနဲ့ စိတ်သဘောထားကို ရည်ညွှန်းတာပဲ၊ ဘုရားရဲ့ နာမနဲ့ အမှုတော်က လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူးလို့ပေါ့။ ဘုရားရဲ့ နာမက သူ့အမှုတော်ရဲ့ လိုအပ်ချက်နဲ့အညီ လိုက်ပြောင်းလဲတယ်။ ကျွန်တော်က ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကနေပဲ နားလည်နေခဲ့တာ၊ ဘုရားနာမ လုံးဝပြောင်းမှာ မဟုတ်ဘူးလို့ တွေးရင်းပေါ့။ အဲဒါက ကျွန်တော့်ရဲ့ စိတ်ကူးသက်သက်ဖြစ်မှန်း တွေ့လိုက်ရတယ်။ ဖာရိရှဲတွေက ယေဟောဝါဟာ သူတို့ဘုရားပဲ၊ ယေဟောဝါဆိုတဲ့ အမည်နာမက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့ကြတာ။ အဲဒါကြောင့် အမှုပြုဖို့ သခင်ယေရှု ကြွလာတဲ့အခါ မေရှိယလို့ အခေါ်မခံရတဲ့သူ ဘယ်သူမဆိုက ဘုရားမဟုတ်ဘူးလို့ ယူဆခဲ့ကြတာပေါ့။ သခင်ယေရှုကို အကြောင်းမဲ့သက်သက်လည်း ခုခံ၊ ရှုတ်ချကြလို့ နောက်ဆုံးမှာ သူ့ရဲ့ ကယ်တင်ခြင်းကို မရလိုက်ကြဘူးလေ။ ကျွန်တော့်အနေနဲ့ ကိုယ့်စိတ်ကူးတွေကြောင့် ဖာရိရှဲတွေလို သခင့်ကို မဆန့်ကျင်မိအောင် ကိုယ့်အမြင်တွေကို ဘေးဖယ်ထားပြီး ရုပ်ရှင်ထဲက မိတ်သဟာယကို အလေးအနက် နားထောင်ရမယ်ဆိုတာ သဘောပေါက်လိုက်တယ်။

နောက်တော့ အဓိက ဇာတ်ဆောင်က နောက်ထပ်မေးခွန်းတစ်ခု မေးတယ်။ “ဒါဆိုရင် ခေတ်အသီးသီးက ဘုရားနာမရဲ့ အဓိပ္ပာယ်က ဘာများလဲ” တဲ့။ ကျွန်တော်တွေးမိရော။ “သိပ်ကောင်းတဲ့ မေးခွန်းပါလား၊ သူ့လိုပဲ ငါလည်း မသိဘူး။ ခေတ်အသီးသီးအတွက် ဘုရားနာမသစ်မှာ အဓိပ္ပာယ်ရှိပြီး လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်တယ်လို့ သူတို့မိတ်သဟာယဖွဲ့ပြသွားကြတယ်။ ဒီတော့ ဘုရားနာမတွေရဲ့ အဓိပ္ပာယ်က တကယ် ဘာများလဲပေါ့။” ဧဝံဂေလိ ဆရာမတစ်ယောက်ဖြစ်တဲ့ အစ်မဖန်းက ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ပြတယ်။ “‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

နောက်တော့ အစ်မဖန်းက မိတ်သဟာယပြုတယ်။ “ပညတ်တော်ခေတ်မှာ ဘုရားရဲ့ နာမက ယေဟောဝါဖြစ်ခဲ့တယ်။ အဲဒီနာမဟာ အဲဒီခေတ်က လူတွေကို သူဖော်ပြခဲ့တဲ့ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ စီရင်ဖျက်ဆီးခြင်းနဲ့ ကရုဏာတော် စိတ်သဘောထားတွေကို ကိုယ်စားပြုခဲ့တာတဲ့။ ဘုရားက ယေဟောဝါဆိုတဲ့ အမည်နာမနဲ့ ပညတ်တော်ခေတ်မှာ သူ့အမှုကို အစပြုခဲ့တယ်။ ပညတ်တရားနဲ့ ပညတ်ချက်တွေ ထုတ်ပြန်ပြီး ကမ္ဘာပေါ်က လူသားတွေရဲ့ဘဝကို ဦးဆောင်လမ်းပြခဲ့တယ်။ ပညတ်တရားတွေကို တစ်သဝေမတိမ်း လိုက်နာပြီး သူ့ကို ကိုးကွယ်ချီးမြှောက်ဖို့ လူတွေကို ဘုရားက တောင်းဆိုခဲ့တယ်တဲ့။ ပညတ်တရား လိုက်နာသူတွေက ဘုရားရဲ့ ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကို ရခဲ့ကြပေမဲ့ ပညတ်တရား ချိုးဖောက်သူတွေကတော့ သေတဲ့အထိ ကျောက်ခဲနဲ့ပေါက်ခံရတယ်၊ ကောင်းကင်မီးနဲ့ လောင်ကျွမ်းခံခဲ့ရတယ်တဲ့လေ။ ဒါကြောင့် ပညတ်တရားအောက်က ဣသရေလတွေဟာ သစ္စာရှိရှိ စောင့်ထိန်းပြီး ယေဟောဝါရဲ့ နာမကို မြင့်မြတ်တယ်လို့ ဂုဏ်ပြုခဲ့ကြတယ်။ ယေဟောဝါရဲ့ လမ်းပြမှုအောက်မှာ နှစ်ထောင်နဲ့ချီ အသက်ရှင်ခဲ့ကြတယ်တဲ့။ ပညတ်တော်ခေတ် အဆုံးပိုင်းကို ရောက်တော့ လူတွေက တိုးပြီး အကျင့်ပျက်လာသလို အပြစ်နဲ့ပြည့်လာကြပြီး ပညတ်တရားကို မနာခံနိုင်ကြတော့ဘူး။ ပညတ်တရား ချိုးဖောက်မိလို့ အပြစ်ပေးခံရမဲ့ အန္တရာယ်ကို လူတိုင်းမပြတ်ကြုံနေခဲ့ရတယ်။ ဒါကြောင့် ဘုရားက ယေရှုဆိုတဲ့ အမည်နာမနဲ့ ရွေးနုတ်ခြင်းအမှုအဆင့်ကို စခဲ့တယ်တဲ့။ ပညတ်တော်ခေတ်ကို သူအဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို အစပြုခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ၊ ယေရှုက ချစ်ခြင်းနဲ့ ကရုဏာ စိတ်သဘောထားတွေကို ဖော်ပြခဲ့တယ်။ လူသားအပေါ် အကန့်အသတ်မဲ့ ကျေးဇူးတော်ကို အပ်နှင်းခဲ့ပြီး နောက်ဆုံးမှာ စာတန်ဆီကနေ လူကို ရွေးနုတ်ဖို့ ကားစင်တင်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ လူတွေက ယေရှုနာမနဲ့ စဆုတောင်းခဲ့တယ်၊ ယေရှု နာမကို မြင့်မြတ်တယ်ဆိုပြီး စကိုးကွယ်ခဲ့ကြတယ်တဲ့လေ။ ဘုရားရဲ့ ခွင့်လွှတ်ခြင်းနဲ့ အကန့်အသတ်မဲ့ ကျေးဇူးတော်ကိုလည်း စခံစားခဲ့ရတယ်တဲ့။ ခေတ်အသီးသီးမှာ ဘုရားခံယူတဲ့ အမည်နာမက သီးသန့်အဓိပ္ပာယ်ရှိတာကို ဘုရားရဲ့ အရင်အမှုအဆင့်နှစ်ဆင့်ကနေ တွေ့နိုင်တယ်။ အဲဒီနာမတွေက အဲဒီခေတ်မှာ ဘုရားဖော်ပြတဲ့ အမှုနဲ့ စိတ်သဘောထားကို ကိုယ်စားပြုတာပဲတဲ့လေ။ ကျေးဇူးတော်ခေတ်မှာ သခင်ကြွလာခဲ့တဲ့အခါ သူ့ကို ယေရှုဆိုတာထက် ယေဟောဝါလို့ ခေါ်ခဲ့ရင် ဘုရားရဲ့ အမှုက ပညတ်တော်ခေတ်နဲ့တင် ရပ်သွားခဲ့မှာပဲတဲ့။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားရဲ့ ရွေးနုတ်ခြင်းကို လုံးဝ ရရှိခဲ့မှာ မဟုတ်ဘူး။ ပညတ်တရားကို ချိုးဖောက်မိတဲ့အတွက် နောက်ဆုံးမှာ စီရင်ပြီး အပြစ်ပေးတာ ခံရမှာပဲတဲ့လေ။ အလားတူပဲ နောက်ဆုံးသော ကာလမှာ သခင့်နာမက ယေရှုပဲ ဖြစ်နေဦးမယ်ဆိုရင် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က သူတို့ အပြစ်တွေအတွက် ခွင့်လွတ်ခြင်းကိုပဲ ရရှိကြမှာ။ သန့်စင်ပေးတာလည်း လုံးဝမခံရ၊ နိုင်ငံတော်ထဲလည်း ဝင်ရမှာ မဟုတ်ဘူးတဲ့။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကတစ်ဆင့် လူသားမျိုးနွယ်ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးပြီဖြစ်ပေမဲ့ သူတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက ကျန်နေလို့ပဲတဲ့။ ဒီတော့ သူတို့က အမြဲ အပြစ်လုပ်ကြပြီး ဘုရားကို ဆန့်ကျင်ကြသလို ဘုရားရဲ့ အပြည့်အဝ ရယူတာကို မခံရသေးဘူးတဲ့လေ။ အဲဒါကြောင့် အပြစ်ကနေ လူကို အပြည့်အဝကယ်တင်ဖို့အတွက် သခင်ယေရှုအမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်စေဖို့ နောက်ဆုံးသော ကာလမှာ ဘုရားက ထပ်ပြီး လူ့ဇာတိခံယူတာ ဖြစ်တယ်တဲ့။ နိုင်ငံတော်ခေတ်ကို သူအစပြုထားပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်လိုက်ပြီတဲ့။ ဘုရားရဲ့ အမှုတော်က ရှေ့ဆက်သွားပြီ၊ ခေတ်လည်း ပြောင်းသွားပြီ။ သူ့ရဲ့အမှုတော်က မတူတော့ဘူး။ သူ့နာမကလည်း လိုအပ်သလို ပြောင်းလဲသွားပြီတဲ့လေ။”

ဒီအချိန်မှာ ကျွန်တော်တွေးမိသွားတယ်။ “ခေတ်အသီးသီးမှာ ဘုရားက နာမအသစ် ခံယူတဲ့အခါ အဓိပ္ပာယ်ရှိနေတာပဲ။ နာမတစ်ခုစီက ခေတ်တစ်ခေတ်ကို ကိုယ်စားပြုတာကိုး။ ပညတ်တော်ခေတ်မှာ ဘုရားခံယူခဲ့တဲ့ နာမဖြစ်တဲ့ ယေဟောဝါက ဘုရားရဲ့ ဘုန်းအာနုဘော်၊ အမျက်‌ဒေါသ၊ စီရင်ဖျက်ဆီးခြင်းနဲ့ ကရုဏာတော် စိတ်သဘောထားတွေကို ကိုယ်စားပြုတာပဲ။ ကျေးဇူးတော်ခေတ်မှာ ဘုရားခံယူခဲ့တဲ့ နာမဖြစ်တဲ့ ယေရှုက သူရဲ့ သနားကြင်နာပြီး ချစ်ခင်တတ်တဲ့ စိတ်သဘောထားတွေကို ကိုယ်စားပြုခဲ့တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားက လူတွေကို သန့်စင်စေပြီး အပြည့်အဝ ကယ်တင်မဲ့ အမှုကို ပြုဖို့ ကြွလာတာ။ ဘုရားရဲ့အမှုတော် ပြောင်းတဲ့အခါ သူ့နာမလည်း ပြောင်းတာပဲ။ ဘုရားနာမတွေထဲမှာ နက်နဲမှုအများကြီး ရှိမယ်လို့ ငါလုံးဝမထင်မိခဲ့ဘူး” ဆိုပြီးပေါ့။ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက တိုးနေလို့ ဗီဒီယိုကို ဆက်ကြည့်နေလိုက်တယ်။

အဲဒီနောက်၊ အစ်မဖန်းက နောက်ဆုံးသော ကာလမှာ ဘုရားနာမဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်လို့ မိတ်သဟာယပြုပြီး ဗျာဒိတ်ကျမ်း ၁:၈ ကို ကိုးကားပြခဲ့တယ်။ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” ဒါ့အပြင် ဗျာဒိတ်ကျမ်း ၁၁:၁၆-၁၇ ကလည်း ဒီလိုပြောတယ်။ “ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။” နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ နာမသစ်က အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်တဲ့ “အနန္တတန်ခိုးရှင်” ဖြစ်မယ်ဆိုတဲ့ ၄:၈၊ ၁၆:၇ နဲ့ ၁၉:၆ တို့လို တခြားပရောဖက်ပြုချက်တွေ ဗျာဒိတ်ကျမ်းထဲမှာ အများကြီး ရှိတယ်တဲ့လေ။

မှန်မမှန်စစ်ဖို့ နားထောင်ရင်းနဲ့ ကျမ်းစာကို လှန်လှောကြည့်လိုက်တယ်။ လက်စသတ်တော့၊ “အနန္တတန်ခိုးရှင်” ဆိုတဲ့ အမည်နာမက အားလုံးမှာ ရှိနေတယ်လေ။ တအံ့တသြနဲ့ တွေးလိုက်တယ်။ “နောက်ဆုံးသော ကာလထဲက ဘုရားနာမကို ကျမ်းစာထဲမှာ ဟိုးအရင်တည်းက ရှင်းရှင်းဖော်ပြထားတာပဲ။ ဗျာဒိတ်ကျမ်းထဲမှာ သတ္တဝါလေးပါးက ဘုရားကို နေ့ညမပြတ် ဒီလိုချီးမွမ်းနေခဲ့ကြတာပဲပေါ့။ ‘အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။(ဗျာဒိတ်ကျမ်း ၄:၈) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမကို သူတို့ချီးမွမ်းနေခဲ့ကြတာကိုး။ ‘အနန္တတန်ခိုးရှင်’ ဆိုတဲ့ အမည်နာမကို တခြားနေရာ အများကြီးမှာလည်း ဖော်ပြထားတယ်။ နောက်ဆုံးသော ကာလထဲက ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ ဆိုတဲ့ အမည်နာမက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေနဲ့ လုံးဝ ကိုက်တာပဲပေါ့။ သခင့်ကို ဒီနှစ်တွေတစ်လျှောက်လုံး ငါယုံကြည်ပြီး ကျမ်းစာအများကြီး ဖတ်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီနက်နဲမှုတွေကို ငါလွတ်သွားရတာလဲလို့ပေါ့။”

ကျွန်တော် ဆက်ကြည့်နေလိုက်တယ်။ ဧဝံဂေလိဟောနေတဲ့ ဇာတ်ဆောင်က ဒီလိုပြောရော။ “ဘုရားက ဉာဏ်ပညာရှိတဲ့ ဘုရားပါ၊ သူလုပ်တဲ့ အရာတစ်ခုစီတိုင်းက ကြီးမားတဲ့ အဓိပ္ပာယ်ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမဟာ နောက်ဆုံးသော ကာလထဲက သူ့အမှုနဲ့ သူဖော်ပြတဲ့ စိတ်သဘောထားကို အပြည့်အဝ ကိုယ်စားပြုတယ်။ ဒီနက်နဲမှုတွေကို ဘုရားက ကိုယ်တိုင်ကိုယ်ကျ မဖွင့်ဟပြခဲ့ရင် ကျမ်းစာကို နှစ်ပေါင်းဘယ်လောက်ကြာ ဖတ်ပါစေ၊ အဲဒါတွေကို ကျွန်တော်တို့ နားလည်မှာ မဟုတ်ဘူး” တဲ့။ နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် သူဖတ်ပြတယ်။ “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အဲဒီနောက် သူက မိတ်သဟာယပြုတယ်၊ “နောက်ဆုံးသော ကာလမှာ ဘုရားက အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမနဲ့ သူ့ရဲ့ နိုင်ငံတော်ခေတ် တရားစီရင်ခြင်း အမှုကို ပြုတယ်။ လူ့ရဲ့ အပြစ်ပြုပြီး ဘုရားကို ဆန့်ကျင်တဲ့ စာတန်ဆန်တဲ့ သဘာဝကို ဖော်ထုတ်ဖို့၊ မနာခံမှုနဲ့ မဖြောင့်မတ်မှုကို တရားစီရင်ဖို့ သမ္မာတရားကို သူဖော်ပြတယ်။ ဒီနှုတ်ကပတ်တွေကတစ်ဆင့် ကိုယ့်သဘာဝနဲ့ အဖြစ်အနေကို သိနိုင်အောင်၊ စာတန်ရဲ့ နက်ရှိုင်းစွာ ဖျက်ဆီးခံထားရတဲ့ သရုပ်မှန်ကို မြင်နိုင်အောင်၊ ကိုယ့်အကျင့်ပျက်ခြင်းရဲ့ ရင်းမြစ်ကို နားလည်နိုင်အောင်ပဲ။ ဘုရားရဲ့ ဖြောင့်မတ်ပြီး ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို သိနိုင်အောင်ပဲ။ မကောင်းမှုကို စွန့်၊ သမ္မာတရားကို အားထုတ်၊ စိတ်သဘောထားတွေ ပြောင်းလဲပြီး ဘုရားကယ်တင်တာခံရနိုင်အောင် ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲဖို့ နည်းလမ်းကိုလည်း သူညွှန်ပြတယ်။ လူသားတွေကို တရားစီရင်ပြီး သန့်စင်စေဖို့၊ အမျိုးအစားအလိုက် ခွဲခြားဖို့နဲ့ ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ပေးဖို့၊ အကျင့်ပျက်တဲ့ လူသားတွေကို အပြစ်ကနေ အပြည့်အဝ ကယ်တင်ပြီး ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ဖို့ ဘုရားကြွလာပါပြီ။ ပြစ်မှားမှုကို သည်းမခံတဲ့၊ ဖြောင့်မတ်၊ ခမ်းနားပြီး အမျက်ဒေါသနဲ့ပြည့်တဲ့ စိတ်သဘောထားနဲ့ နောက်ဆုံးသော ကာလမှာ ဘုရားပေါ်ထွန်းလာပြီ။ လူတိုင်းကို သူ့ပင်ကိုစိတ်သဘောထား၊ အရာအားလုံးနဲ့ ဖြစ်ခြင်းတွေ အတိအလင်း ပြသပြီးပြီ။ လူသားတွေရဲ့ အကျင့်ပျက်မှုနဲ့ မဖြောင့်မတ်မှုအားလုံးကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ သူကြွလာပြီ။ ကျွန်တော်တို့ကို အပြစ်ကနေ အပြည့်အဝ ကယ်တင်ပြီး မူလလူသားသဏ္ဌာန်ကို ပြန်ရရှိစေဖို့လည်း ဟုတ်တယ်။ အရာခပ်သိမ်းကို သူဖန်ဆင်းခဲ့ရုံသာမက အုပ်လည်း အုပ်စိုးမှန်း လူတိုင်းကို သူမြင်စေချင်တယ်။ သူဟာ လူသားတွေရဲ့ အပြစ်ဖြေရာယဇ် ဖြစ်ရုံသာမက၊ ကျွန်တော်တို့ကို စုံလင်၊ ပြောင်းလဲစေပြီး သန့်စင်ပေးနိုင်တယ်။ သူက အဦးဆုံးသူနဲ့ နောက်ဆုံးသောသူပဲ။ သူ့ရဲ့ အံ့ဖွယ်ဖြစ်ခြင်း၊ လုပ်ဆောင်ချက်တွေကို ဘယ်သူမှ နားမလည်နိုင်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမက နောက်ဆုံးသော ကာလမှာ အသင့်တော်ဆုံး ဖြစ်တယ် တဲ့လေ။ ဒီနာမကို တိုင်တည်ဆုတောင်းပြီး သူ့နှုတ်ကပတ်တော်တွေ ဖတ်သူတိုင်းက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ အလုပ်ကို ရနိုင်ပြီး၊ ဘဝအတွက် ဘုရားရဲ့ ကြွယ်ဝတဲ့ အာဟာရနဲ့ ရေလောင်းခြင်းကို ခံစားနိုင်တယ်။ ဘာသာရေး လောကက ခြောက်ကပ် ပျက်စီးခြင်းကို အခု ရင်ဆိုင်နေရတယ်။ လူတွေရဲ့ ယုံကြည်ခြင်းက အေးစက်လာပြီ၊ လူတွေက အားနည်းပြီး လောကီအရာတွေကို တောင့်တကြတယ်၊ တရားဟောဆရာတွေက ဟောစရာမရှိ ဖြစ်နေတယ်၊ လူတွေလည်း ဆုတောင်းရာမှာ တို့ထိမခံရဘူး။ ဒါ့အပြင်၊ ပိုပိုများတဲ့ လူတွေက လောကီ စုံစမ်းနှောင့်ယှက်ခြင်းတွေကို မလွန်ဆန်နိုင်ဘူး ဖြစ်နေတယ်။ သိုးသငယ်ကို အမီမလိုက်ကြသလို အသက်ရေရဲ့ အာဟာရကို မရနိုင်ကြဘူး။ အမှောင်ထဲကို ကျဆင်းပြီး လမ်းပျောက်ကြတယ်” တဲ့။

ဒါကို မြင်တော့ ကျွန်တော် သိပ်စိတ်လှုပ်ရှားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တွေက တကယ် ဩဇာအာဏာရှိတာပဲ။ အထူးသဖြင့် ဒါပေါ့- “ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။” ဒီစကားတွေက ဘုရားရဲ့ ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်းနဲ့ ပြည့်နေတယ်။ ဩဇာအာဏာ၊ ဘုန်းအာနုဘော်နဲ့ အင်မတန် ပြည့်နှက်နေတဲ့ အရာတစ်ခုကို ဘုရားကပဲ ပြောနိုင်မှာ။ ဒါက ဘုရားရဲ့ အသံဖြစ်တယ်၊ သခင်ယေရှုက တကယ်ပြန်ကြွလာပြီမှန်း ကျွန်တော်သိလိုက်တယ်။ ယုံကြည်သူတွေ သခင့်ကို နာခံပြီး ဝတ်ပြုပွဲတွေ တက်ကြအောင်လို့ အစေခံရင်း၊ အိမ်လည်ရင်းနဲ့ ကျွန်တော် အများကြီး ပေးဆပ်ခဲ့ပြီးပြီ။ တစ်ပတ်မှာ နှစ်ခါ၊ သုံးခါ အစာရှောင်ပြီးတောင် ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က လုံးဝ မနိုးထခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းတောင် မှေးမှိန်နေခဲ့ပြီး၊ ဘေးမှာ သခင်ရှိမှန်း ခံစားလို့မရခဲ့ဘူး။ အခု သိလိုက်ပြီလေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမနဲ့ လူသားတွေကို တရားစီရင်ပြီး သန့်စင်ပေးဖို့ အမှုအဆင့်အသစ်ကို ဘုရားလုပ်နေတာ။ သခင့်ကို ယုံကြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့က ဘုရားရဲ့ အမှုသစ်ကို အမီမလိုက်ကြဘူး။ ဘုရားရဲ့ လက်ရှိ နှုတ်ကပတ်တော် အာဟာရတို့၊ ဝိညာဉ်တော်ရဲ့ လမ်းပြမှုတို့ကို မရခဲ့ကြဘူး။ ဒီတော့ အမှောင်ထဲကို ကျဆင်းသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို လက်ခံပြီး သူ့နာမနဲ့ ဆုတောင်းလို့ သူ့နှုတ်ကပတ်တော်တွေကို ဖတ်မှပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ အလုပ်ကို ရနိုင်မှာ။

ရုပ်ရှင်အဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို သူတို့ဖတ်တယ်။ “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) အဲဒီနောက် ပိုလို့တောင်နားလည်သွားတယ်။ ယေဟောဝါ၊ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးက ဘုရားတစ်ပါးတည်းပါလားပေါ့။ ခေတ်အသီးသီးမှာ ဘုရားက မတူတဲ့ နာမရှိပြီး မတူတဲ့ အမှုပြုပေမဲ့ လူတွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး သူအမြဲအမှုပြုတာ။ ဒီနက်နဲမှုတွေကို ဘုရားကပဲ ဖွင့်ပြနိုင်စွမ်းရှိတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ရင်ထဲအသည်းထဲက ကျွန်တော်သိသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမကို လက်ခံတာက သခင်ယေရှုကို သစ္စာဖောက်တာ မဟုတ်ဘူး၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေကို အမီလိုက်တာပဲ။ ဗျာဒိတ်ကျမ်းက ပြောတဲ့အတိုင်းပါပဲ၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄)

နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် အဆက်အသွယ်ရခဲ့တယ်။ သူတို့နဲ့ စုဝေးပြီး မိတ်သဟာပြုရာကတစ်ဆင့် သမ္မာတရားတချို့ကို နားလည်လာတယ်၊ ယုံကြည်မှုနဲ့ပတ်သက်တဲ့ ပဟေဋိအများကြီးလည်း ပြေလည်သွားခဲ့တယ်။ ဝိညာဉ်ရေး အာဟာရတွေအများကြီးလည်း ရခဲ့တယ်။ ပလ္လင်တော်ရှေ့ကို ချီမခံရပြီး သိုးသငယ်ရဲ့ စားပွဲတော်ကို တက်ရောက်ရတယ်လို့ ကျွန်တော်တကယ်ခံစားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တကယ် ကျေးဇူးတင်မိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

သခင့်ကို ကြိုဆိုရန် အယူအဆများကို ထိုးဖောက်ထွက်ခြင်း

လီဟွမ်း တရုတ်နိုင်ငံ ဒါနဲ့ ညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘယ်အချိန်မှာ စပြီး ကြားဖူးခဲ့တာလဲ။ ၂၀၀၅ ခုနှစ်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။