သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကောင်းကင်နိုင်ငံသို့ လမ်းကို ကျွန်မ တွေ့လိုက်ရပြီ

100

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက ရှင်းလင်းလွန်းတယ်နော်။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှု ပြုခဲ့တယ်ဆိုတာ၊ လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးတာသက်သက်ပဲ။ ကျွန်မတို့ရဲ့ လွဲမှားတဲ့ သဘာဝတွေကို ကိုယ်တော်က ဖယ်ရှားပေးခဲ့တာမဟုတ်ဘူး။ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုဖို့အတွက် နောက်ဆုံးသောကာလမှာ သခင် ပြန်လာဖို့ဆိုတာ ကျွန်မတို့အတွက် လိုနေသေးတယ်။ ကျွန်မတို့ကို နောက်ထပ် သမ္မာတရားတွေ ပေးအပ်ဖို့၊ လွဲမှားတဲ့ ကျွန်မတို့သဘာဝကို ဖြေရှင်းပေးဖို့ပေါ့။ အဲဒါမှ ကျွန်မတို့က အပြစ်နှောင်ကြိုးတွေကို လုံးဝ ပစ်ပယ်နိုင်မယ်။ အဲဒီနောက်မှာ အပြစ်ကျူးလွန်တာမျိုး၊ ဘုရားကို ခုခံတာမျိုး ရှိတော့မှာမဟုတ်ဘူး။ ပြီးတော့ ဘုရားကို နာခံကြောက်ရွံ့တဲ့လူတွေ ဖြစ်လာကြလိမ့်မယ်။ အဲဒါက ကျွန်မတို့တွေ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းမီကြမယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဘုရားရဲ့အမှုတော်ကို ကျွန်မ ဟိုအရင်က နားမလည်ခဲ့ဘူး။ သခင်က ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီဆိုတော့၊ ကျွန်မတို့က ယုံကြည်ခြင်းအားဖြင့် မှန်ကန်နေပြီ၊ ကောင်းကင်ဘုံကို ရောက်နိုင်ပြီလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ယုံကြည်ခြင်း ဆယ်နှစ်ကျော်လာပြီးတော့လည်း၊ ကျွန်မက အမြဲလိုလို အပြစ်လုပ်နေတုန်းပဲ။ သခင့်နှုတ်ကပတ်တော်တွေကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဘုရားသခင်က သန့်ရှင်းပါတယ်။ မသန့်ရှင်းသူမှန်သမျှ ဘုရားကို မမြင်နိုင်ဘူး။ ဒါဆို ကျွန်မလို အပြစ်နဲ့ ရှင်သန်နေသူတစ်ယောက်က၊ သခင် ကြွလာတဲ့အခါ ဘုရားရဲ့နိုင်ငံတော်ထဲကို အမှန်တကယ် ချီဆောင်ခံရနိုင်ပါ့မလား။ ကျွန်မလည်း ဇဝေဇဝါဖြစ်သွားတယ်။ အဖြေရှာလို့ မရခဲ့ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှပဲ နားလည်ခဲ့တာပါ။ နောက်ဆုံးသောကာလမှာ ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုဆိုတဲ့၊ ဘုရားအမှုတော်ရဲ့ အရေးကြီးဆုံးအဆင့်ကို ကျွန်မက တွေ့ကြုံရခြင်း မရှိခဲ့တာပဲ။ ယုံကြည်ခြင်းမှာ ကျွန်မတို့က ကိုယ့်ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရနိုင်အောင်၊ နောက်ဆုံးသောကာလမှာ ဘုရားရဲ့တရားစီရင်မှုကို မဖြစ်မနေ ခံရမယ်။ အဲဒါက ကယ်တင်ခံရဖို့၊ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသောလမ်းပါပဲ။ ဒါနဲ့ပတ်သက်တဲ့ ကျွန်မရဲ့အတွေ့အကြုံကိုလည်း မျှဝေချင်တယ်။

ကျွန်မက မိဘတွေနဲ့အတူ ဘုရားကျောင်း သွားရင်း၊ ကြီးပြင်းလာတာပေါ့။ သခင့်နှုတ်ကပတ်တော်တွေကို ညီအစ်ကိုမောင်နှမတွေ မိတ်သဟာယပြုတာကို နားထောင်ရတာ သဘောကျခဲ့တယ်။ အိမ်ထောင်ကျပြီးတော့လည်း၊ ကျွန်မယောက်ျားနဲ့ ကျွန်မက အသင်းတော်ရဲ့အလုပ်ကို ဦးစားပေးနေတုန်းပဲ။ အသင်းတော်ရဲ့အလုပ်တွေမှာ ကြီးကြီးငယ်ငယ်၊ ကျွန်မတို့က တက်တက်ကြွကြွ ပါဝင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့၊ ကျွန်မ နားလည်လိုက်တယ်။ သင်းအုပ်ရဲ့တရားဟောချက်တွေက တော်တော် ငြီးငွေ့စရာကောင်းတယ်၊ ပြောတာတွေကလည်း ရိုးအီနေပြီ။ ကျွန်မတို့ကိုလည်း လှူဒါန်းဖို့ပဲ အမြဲ တိုက်တွန်းနေတယ်ပေါ့။ သူက ကျွန်မတို့အသက်တွေထက် ဘဏ္ဍာရေးကိုပဲ ပိုပြီး ပူပန်တာလေ။ သင်းအုပ်တွေ အကြီးအကဲတွေက တရားဟောစင်ပေါ် တက်ရဖို့၊ နေရာရဖို့ကို စကားများကြတယ်။ အချင်းချင်း ကျိတ်ကြံကြတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ဝတ်ပြုဆုတောင်းပွဲ တက်တာတွေ ပိုပိုပြီး နည်းလာတယ်။ တက်တယ်ဆိုတဲ့အချိန်မှာလည်း၊ အသေးအဖွဲစကားတွေ ရုပ်ပိုင်းဆိုင်ရာအပျော်အပါးတွေအကြောင်းပဲ ပြောကြတာ။ ပြီးရင် တရားဟောနေချိန်မှာ အိပ်ပျော်ကုန်ကြရော။ ကျွန်မကိုယ်တိုင်လည်း သခင့်လမ်းပြမှုကို မခံစားမိခဲ့ဘူး။ အသင်းတော်ဝတ်ပြုပွဲတွေမှာ ပါဝင်ရတာ တကယ် ငြီးငွေ့စရာကောင်းခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ အပြစ်လုပ်ပြီး ဝန်ချတောင်းပန်တဲ့ အခြေအနေထဲမှာပဲ နေထိုင်နေခဲ့တာပါ။ ပြီးတော့ ကျွန်မယောကျ်ားက အလုပ်ကနေ အိမ်ပြန်ရောက်ပြီဆိုရင်၊ တခြားဘာမှမလုပ်တော့ဘူး၊ အွန်လိုင်းဂိမ်းတွေနဲ့ပဲ အချိန်ဖြုန်းတတ်တာကို မြင်ရတော့၊ ကျွန်မ သူ့ကို နားပူနားဆာလုပ်ပြီး မဆူဘဲ မနေနိုင်ခဲ့ဘူး။ အမိန့်ပေးတဲ့လေသံမျိုးနဲ့ ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး ပြောနေမိတာပေါ့။ သူက နားမထောင်ဘူးဆိုရင်၊ ကျွန်မက ပိုပြီးတော့ ဒေါသထွက်လာရော။ သူ တစ်ခုခုကို နှေးနှေးကွေးကွေး လုပ်နေတာ မြင်ရတာနဲ့တင် ကျွန်မက မခံမရပ်နိုင်ဖြစ်တယ်။ သူ ထိထိရောက်ရောက် မလုပ်တာတွေကိုလည်း ကျွန်မက အပြစ်ရှာပြောတယ်။ သူကလည်း ကျွန်မကို အမြဲတမ်း အပြစ်တင်နေတာ၊ “မင်းက ယုံကြည်သူဆိုပြီး ဒီလောက်နှစ်တွေ ကြာလာတာတောင် နည်းနည်းမှ မပြောင်းလဲသေးဘူး” ပေါ့လေ။ ကျွန်မ တကယ် အပြစ်ရှိသလို ခံစားမိခဲ့တယ်။ သခင်ယေရှုရဲ့စကားတွေကိုလည်း ဆင်ခြင်ကြည့်တယ်၊ “ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ့်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။” (ရှင်မဿဲခရစ်ဝင် ၇:၃-၄) တခြားလူတွေရဲ့ အားနည်းချက်တွေကို အမြဲ မကြည့်သင့်ဘူး၊ ကိုယ့်အပြစ်အနာအဆာတွေကိုပဲ ပိုပြီး ဆန်းစစ်သင့်တယ်ဆိုတာ၊ သခင်က ကျွန်မတို့ကို သွန်သင်ခဲ့တာလေ။ ဒါပေမဲ့ ကျွန်မယောကျ်ားက ကျွန်မ မကြိုက်တာတစ်ခုခု ပြောမိလုပ်မိပြီဆိုရင်၊ ကျွန်မက သူ့ကို သည်းခံမှုမရှိခဲ့ဘူး။ အမြဲတမ်း ဒေါသထွက်ပြီး၊ သူနဲ့ ရန်ဖြစ်နေမိတယ်။ ကျွန်မတို့ဆက်ဆံရေးက ဆိုးရွားလာတယ်။ ကျွန်မလည်း တကယ် စိတ်ဆင်းရဲခဲ့ရတယ်။ ဘုရားသခင်က ပြောခဲ့တယ်လေ၊ “ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းကြရမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၄) ဘုရားသခင်က သန့်ရှင်းပါတယ်။ မသန့်ရှင်းသူမှန်သမျှ သခင့်ကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မက သခင့်အဆုံးအမတွေကို မလိုက်နာနိုင်ခဲ့ဘူး။ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ အပြစ်နှောင်ကြိုးတွေကနေ မလွတ်နိုင်ဖြစ်ပြီး၊ အမြဲတမ်း အပြစ်လုပ်နေခဲ့တာပါ။ ကျွန်မလိုလူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလုပ် ဝင်နိုင်မှာတဲ့လဲ။ ကျွန်မလည်း ဒီအတွေးနဲ့ စိတ်မချမ်းမသာဖြစ်နေမိတယ်။

တစ်ခါတော့ ဝတ်ပြုပြီးချိန်မှာ သင်းအုပ်ကို ကျွန်မရဲ့ ဝေခွဲမရဖြစ်တဲ့အကြောင်း မေးမိတယ်။ သူက ဘာပြောလဲဆိုတော့၊ “မစိုးရိမ်ပါနဲ့၊ ငါတို့က မကြာမကြာ အပြစ်လုပ်တယ်ဆိုရင်တောင်၊ သခင်ယေရှုက ငါတို့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပြီးသားပါ။ ငါတို့က သခင့်ဆီမှာ ဆုတောင်းပြီး အပြစ်ဝန်ခံနေသရွေ့၊ သူ ကြွလာတဲ့အခါ၊ ကိုယ်တော်က ငါတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မှာပါ” တဲ့။ သူ ပြောတာတွေက ကျွန်မ ရှုပ်ထွေးနေတာကို ဖြေရှင်းမပေးခဲ့ဘူး။ ကျမ်းစာမှာ ပြောတယ်လေ၊ “လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) ကျွန်မတို့က သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ဘူး၊ တမင်ကို အပြစ်ကျူးလွန်တယ်ဆိုရင်၊ အပြစ်တွေအတွက် နောက်ထပ် အပြစ်ဖြေရာယဇ် ရှိတော့မှာမဟုတ်ဘူးလို့ အရှင်းဆုံး ရေးထားတာပါ။ ဒါဆို အမြဲ အပြစ်လုပ်မိနေတဲ့ လူတွေက ကောင်းကင်ဘုံဆီ အမှန်တကယ် ချီဆောင်ခံရနိုင်ပါ့မလား။ အပြစ်လုပ်မိတာကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဒါနဲ့ သခင် သွန်သင်ခဲ့တဲ့ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကိုပဲ ကျွန်မ ကြိုးစားအားထုတ်တယ်။ ဒါပေမဲ့ အဲဒါတွေကို လက်တွေ့လုပ်ဆောင်လို့မရခဲ့ဘူး။ ကျွန်မလည်း စိတ်မချမ်းမသာနဲ့၊ သင်းအုပ်ကို ထပ်ပြီး အားကိုးကြည့်တယ်။ သူကလည်း မတတ်နိုင်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းခါပြီးပြောတယ်၊ “အပြစ်လုပ်လိုက် ဝန်ခံလိုက်ဖြစ်နေတဲ့ ပြဿနာအတွက် ငါ့မှာလည်း အဖြေမရှိဘူး။ ရှင်ပေါလုတောင် ပြောခဲ့တာပဲ၊ ‘အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။’ (ရောမသြဝါဒစာ ၇:၁၈-၁၉) ငါတို့က အပြစ်မလုပ်မိဘဲ မနေနိုင်ဘူး။ ဒါကြောင့် သခင့်ဆီမှာပဲ ပိုပြီးတော့ နောင်တရပြီး ဝန်ခံလိုက်ပါ။ ငါလည်း မင်းအတွက် ပိုပြီး ဆုတောင်းပေးပါ့မယ်” တဲ့။ သင်းအုပ်ဆီကနေ ဒါကိုကြားရတော့ တကယ်ကို စိတ်ဓာတ်ကျသွားတယ်။ ကျွန်မလည်း စိတ်မချမ်းမသာဖြစ်ပြီး၊ သခင့်ဆီ ဆုတောင်းတယ်၊ “သခင်၊ ကျွန်မ အပြစ်မလုပ်မိချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မထိန်းနိုင်တာပါ။ အပြစ်ထဲမှာ နေထိုင်ရတာ ကျွန်မအတွက် တကယ် နာကျင်ရပါတယ်။ ဒါပေမဲ့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်၊ ကိုယ်တော် ကျွန်မကို စွန့်ပစ်လာမှာကို ကြောက်ပါတယ်။ သခင် ကျွန်မကို ကယ်တင်တော်မူပါ” ပေါ့။

လူသား မစွမ်းနိုင်တော့တဲ့အချိန်မျိုးမှာ၊ ဘုရားရဲ့အထောက်အပံ့ လာတာပါပဲ။ ၂၀၁၈ မေလမှာ ကျွန်မက အစ်မဆူဇန်နဲ့ အွန်လိုင်းမှာ ဆုံမိတယ်။ ကျွန်မတို့နှစ်ယောက် ကျမ်းစာနဲ့ပတ်သက်ပြီး အများကြီး ဆွေးနွေးကြတယ်။ သူက ကျမ်းစာနဲ့ပတ်သက်ရင် ထူးခြားတဲ့ ထိုးထွင်းအမြင် ရှိတယ်။ သူ့မိတ်သဟာယက တကယ်ကို အသိဉာဏ်ပွင့်စေတယ်။ ဒါနဲ့ ကျွန်မ စိုးရိမ်မိတာတွေ ရှုပ်ထွေးနေတာတွေကို သူ့ကို ပြောပြလိုက်တယ်။ ကျွန်မ ပြောတာက၊ “သခင့်ကို ကျွန်မ ယုံကြည်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ဒါပေမဲ့ ခွင့်လွှတ်ခြင်း သည်းခံခြင်းကိုတောင် ကျွန်မက လက်တွေ့မလုပ်ဆောင်နိုင်ဘူး။ အမြဲလိုလို အပြစ်လုပ်မိတယ်။ ကျွန်မအနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ မဝင်ရမှာကို စိုးရိမ်တယ်။ ကျွန်မတို့သင်းအုပ် ပြောတာတော့၊ သခင်ယေရှုက ကျွန်မတို့အပြစ်တွေ အားလုံးကို ခွင့်လွှတ်ထားပြီးပြီ။ ကျွန်မတို့က သခင့်ဆီမှာ မကြာမကြာ ဆုတောင်းပြီး အပြစ်ဝန်ခံနေသရွေ့၊ ကိုယ်တော် ကြွလာတဲ့အခါ ကျွန်မတို့ကို ကောင်းကင်ဆီ ယူဆောင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ရှုပ်ထွေးနေတုန်းပဲ။ အစ်မက ဒါကို ဘယ်လိုမြင်သလဲ” ပေါ့။ အစ်မဆူဇန်က ပြန်ပြောတယ်၊ “သခင်ယေရှုက တို့အပြစ်တွေကို ခွင့်လွှတ်ပေးပြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက တို့တွေဟာ သန့်စင်သွားပြီဆိုတာမျိုး၊ အပြစ်ကနေ လွတ်မြောက်ပြီဆိုတာမျိုး မဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၇:၂၁) တို့အပြစ်တွေ ခွင့်လွှတ်ခံရလို့၊ တို့တတွေ ကောင်းကင်ဘုံကို ရောက်ကြလိမ့်မယ်ဆိုပြီး သခင်ယေရှုက လုံးဝ မပြောခဲ့ဘူး။ ခမည်းတော်ရဲ့အလိုကို လုပ်ဆောင်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ သူက အရှင်းဆုံး ပြောခဲ့တာပဲ” တဲ့။ “တို့အပြစ်တွေ ခွင့်လွှတ်ခံရလို့ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ရတယ်ဆိုတာ လူသားအယူအဆတွေ၊ စိတ်ကူးတွေသက်သက်ဖြစ်မှန်း တို့တွေ မြင်နိုင်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာလည်း အဲဒီအတွက် အခြေပြုချက် မရှိပါဘူး။ တို့တွေ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ သေသေချာချာ မြင်ခဲ့ကြတာတစ်ခုတော့ ရှိတယ်။ လူတွေက ယုံကြည်ခြင်းကို ရပြီး၊ အပြစ်တွေ ခွင့်လွှတ်ခံရတဲ့နောက်မှာ၊ အပြစ်လုပ်လိုက် ဝန်ခံလိုက်၊ ဝန်ခံလိုက် အပြစ်လုပ်လိုက်ဆိုတဲ့ အခြေအနေထဲမှာ ဆက်ပြီး နေထိုင်ကြတယ်ဆိုတာပဲ။ ဒါက ဘာကိုပြလဲဆိုရင်၊ သခင့်ကို ယုံကြည်ပြီး အပြစ်တွေ ခွင့်လွှတ်ခံရတယ်ဆိုတာ၊ အပြစ်ရဲ့နှောင်ကြိုးတွေ ချုပ်ချယ်မှုတွေကို စွန့်ပစ်တာနဲ့ မတူဘူးဆိုတာပဲ။ တို့တွေ သန့်စင်သွားကြပြီဆိုတဲ့သဘောမျိုး လုံးဝ မဟုတ်ဘူး။ ဘုရားသခင်က သန့်ရှင်းပါတယ်။ အပြစ်လုပ်မိနေဆဲ သူ့ကို ခုခံတတ်ဆဲ လူတစ်ယောက်ကို သူ့နိုင်ငံတော်ထဲ ဘယ်တော့မှ ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရားကို နာခံနိုင်ပြီး သူ့အလိုကို ဆောင်နိုင်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ကြမှာပါ” တဲ့။ သူ့မိတ်သဟာယကို ကြားရတော့၊ ကျွန်မ စဉ်းစားမိတယ်၊ “ဟုတ်တာပဲ။ ဘုရားက ငါတို့လို အမြဲတမ်း အပြစ်လုပ်နေသူတွေကို ကောင်းကင်နိုင်ငံတော်ထဲ ဝင်ခွင့်ပေးတယ်ဆိုရင်၊ သူ့သန့်ရှင်းခြင်းကို ဘယ်လိုလုပ် ဖော်ပြနိုင်မလဲ” ပေါ့။

အစ်မဆူဇန်က သူ့မိတ်သဟာယကို ဆက်သေးတယ်၊ “တို့တွေက သခင့်ဆီ ဆုတောင်းပြီး အပြစ်ဝန်ခံတယ်၊ သူ့အဆုံးအမတွေကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားတယ်ဆိုရင်တောင်၊ တို့တွေ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ အပြစ်နဲ့ ချုပ်ကိုင်ခံနေရတုန်းပဲ။ ဒါရဲ့နောက်ကွယ်က အကြောင်းရင်းမှန်က ဘာများဖြစ်မလဲ” တဲ့။ နောက်တော့ သူက ဘုရားနှုတ်ကပတ်တော်တွေထဲက ကျမ်းပိုဒ်တချို့ကို ဖတ်ပြတယ်။ “ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်း ဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။” “လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများ နှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။…လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။” “တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်း အားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်း စင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အစ်မဆူဇန်က ဒါကိုဖတ်ပြပြီးတော့၊ မိတ်သဟာယကို ထပ်ဆက်တယ်။ “တို့တွေက သခင်ယေရှုရဲ့ရွေးနုတ်ခြင်းကို ရပြီး၊ တို့အပြစ်တွေ ခွင့်လွှတ်ခံထားရပြီဆိုပေမဲ့၊ တို့ကို အပြစ်လုပ်မိအောင် လှုံ့ဆော်တဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို မဖြေရှင်းရသေးဘူး။ အဲဒါကြောင့် တို့တွေက အမြဲလိုလို အပြစ်လုပ်မိပြီး၊ ဘုရားကို ခုခံမိကြတာပါ။ သခင့်နှုတ်ကပတ်တော်တွေကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ကြတာပါ။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ခဲ့တယ်။ ပညတ်အရ ပြစ်တင်ခံရ ကန့်သတ်ခံနေရတဲ့အဖြစ်ကနေ တို့တွေ လွတ်မြောက်နိုင်အောင်၊ ပြီးတော့ ဘုရားရှေ့မှောက် ရောက်ရှိကြဖို့၊ သူ ပေးအပ်တဲ့ ကျေးဇူးတော်နဲ့ ဝမ်းမြောက်ခြင်းကို ခံစားဖို့ ထိုက်တန်နိုင်ကြအောင်ဆိုပြီး၊ တို့တွေကို အပြစ်တွေကနေ ရွေးနုတ်ခဲ့တာပါ။ သခင်ယေရှုက တို့အပြစ်တွေကို ခွင့်လွှတ်ခဲ့တယ်ဆိုပေမဲ့လည်း၊ တို့တွေရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ သဘာဝတွေကို မဖြေရှင်းပေးခဲ့ဘူး။ တို့တွေမှာ မာနထောင်လွှားတာ၊ ကိုယ့်ဘာသာ ကြီးကျယ်နေတာ၊ ကောက်ကျစ်တာ၊ တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းတာတွေက တကယ်ကို ရှိနေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော်ကို အထင်ကြီးကြတော့၊ အမြဲလိုလို အဆုံးအဖြတ်ပေးတဲ့နေရာကိုပဲ ရချင်နေတယ်၊ သူများတွေကို ကိုယ်လုပ်သလိုပဲ လိုက်လုပ်စေချင်နေတယ်။ တစ်ယောက်ယောက်က တို့တွေ မကြိုက်တာတစ်ခုခုကို လုပ်ပြီဆိုရင်၊ အဲဒီလူကို အပြစ်တင်ပြီး နှိမ်တတ်ကြတယ်။ တို့တွေက အမြဲတမ်းလည်း လိမ်ညာလှည့်ဖြားတတ်ကြတယ်။ ဘုရားဆီ လျှောက်တဲ့ ဆုတောင်းချက်တွေဆိုလည်း အနှစ်မဲ့တဲ့စကားတွေ၊ ကတိတွေသက်သက်ပဲ။ ဘုရားကို နာခံတာတွေ ချစ်မြတ်နိုးတာတွေအကြောင်း ပြောကြပေမဲ့၊ လက်တွေ့မှာတော့ တို့တွေက အရာရာတိုင်းကို ကိုယ့်အကျိုးအမြတ်အတွက်ပဲ လုပ်ကြတာပါ။ တို့တွေက ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဘုရားအတွက် ပေးဆပ်ကြတယ်ဆိုတာ၊ ကောင်းချီးပေးခံရဖို့ ကိုယ်တော့်နိုင်ငံထဲ ဝင်ရောက်ရဖို့သက်သက်ပဲ။ သခင့်ကျေးဇူးတော်ကို ခံစားရတဲ့အချိန်ဆို တို့တွေ ပျော်ရွှင်ကြတယ်။ ဒါပေမဲ့ ဆင်းရဲဒုက္ခတွေ စမ်းသပ်မှုတွေနဲ့ ကြုံပြီဆိုရင်၊ အပျက်သဘောဆောင်ပြီး မကျေမနပ်ဖြစ်ကြရော။ ဘုရားကိုတောင် ငြင်းပယ်တာမျိုး သစ္စာဖောက်တာမျိုး ဖြစ်တတ်သေးတယ်။ အပြစ်နဲ့စာရင် ဒီလိုဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ပိုပြီးတော့ကို ဆိုးဆိုးဝါးဝါး အမြစ်တွယ်နေတာပါ။ အဲဒါတွေကို မဖြေရှင်းဘူးဆိုရင်၊ တို့တွေက မကောင်းမှုကိုပဲ လုပ်မိဖို့များသလို၊ ဘုရားကိုလည်း အချိန်မရွေး ဆန့်ကျင်မိနိုင်တယ်။ တို့တွေက စာတန်လိုအတန်းစားတွေ ဖြစ်နေတုန်းပဲ။ တို့တွေက ဘုရားရဲ့နိုင်ငံတော်နဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ။ အဲဒါကြောင့် သခင်ယေရှုက သူ ပြန်လာမယ်လို့ ကတိပေးခဲ့တာ။ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ သူက လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့အတွက်၊ သမ္မာတရားအားလုံးကို ဖော်ပြထားတယ်။ သူက ဘုရားအိမ်တော်ကနေ စတင်နေတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တယ်။ ဒါက အဓိကအားဖြင့်၊ ပျက်စီးတဲ့လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ သဘာဝတွေကို ဖြေရှင်းပေးဖို့၊ အမြဲတမ်း အပြစ်လုပ်မိနေပြီး ဘုရားကို ခုခံမိနေတဲ့ တို့တွေရဲ့ပြဿနာကို အမြစ်ဖြတ်ပေးဖို့၊ ပြီးတော့ တို့တွေကို လုံးလုံးလျားလျား သန့်စင်ကယ်တင်ပြီး၊ ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ပါပဲ” တဲ့။ “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက သခင်ယေရှုရဲ့ ဒီ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတာပါ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ‘လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ပြီးတော့ ရှင်ပေတရုဩဝါဒစာ ပထမစောင်မှာလည်း ပါတယ်၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။’ (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) နောက်ဆုံးသောကာလရဲ့ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်ခြင်းကို လက်ခံတယ်ဆိုရင်၊ သမ္မာတရားကို တို့တွေ ရနိုင်တယ်။ တို့ရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားတွေလည်း သန့်စင်ခံရနိုင်တယ်။ အဲဒီတော့မှသာ ဘုရားရဲ့နိုင်ငံတော်ကို တို့တွေ ဝင်ရောက်နိုင်တာပါ” လို့ဆိုတယ်။

အစ်မဆူဇန်ရဲ့မိတ်သဟာယက အလင်းအပြည့်ပါတဲ့အပြင်၊ ကျမ်းစာနဲ့လည်း လုံးဝ ကိုက်ညီတယ်လို့ ကျွန်မ မြင်မိတယ်။ ကျွန်မ လုံးဝ လက်ခံယုံကြည်သွားတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ခဲ့တယ်၊ အဲဒါက လူသားမျိုးနွယ်ရဲ့လွဲမှားတဲ့ သဘာဝကို ဖြေရှင်းပေးတဲ့ အမှုတော် မဟုတ်ခဲ့ဘူးဆိုတာကို ကျွန်မ နားလည်မိတယ်။ သခင့်ကို ကျွန်မတို့ယုံကြည်ခြင်းက ကျွန်မတို့အပြစ်တွေအတွက် ခွင့်လွှတ်ခြင်းကိုပဲ ယူဆောင်ပေးနိုင်တာပါ။ ကျွန်မတို့ရဲ့ လွဲမှားမှုဇာစ်မြစ်ကို ဖြေရှင်းဖို့၊ အပြစ်ကို ရှောင်ရှားဖို့၊ ပြီးတော့ သန့်စင်ခံရဖို့အတွက် ကျွန်မတို့က ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မဖြစ်မနေ ကြုံတွေ့ရမယ်။ ကျွန်မလည်း မျက်စိပွင့်သွားတာပါ။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ မတွေ့ကြုံရသေးတဲ့ ဘုရားအမှုတော်ရဲ့အဆင့်တစ်ခု ရှိနေမှန်း မြင်လိုက်တာပါ။ သခင်ယေရှုက ပြန်ပြီး ကြွရောက်နေပြီဆိုတာတွေ၊ လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ပြီး နောက်ဆုံးမှာ ဘုရားရဲ့နိုင်ငံတော်ဆီ ကျွန်မတို့ကို ခေါ်ဆောင်ဖို့အတွက်၊ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားတွေ အများကြီးကို ဖော်ပြထားပြီးပြီဆိုတာတွေကို ဒီအစ်မက မိတ်သဟာယပြုပေးလို့ ကျွန်မ ကြားလိုက်ရတာလေ။ တော်တော်ကို စိတ်လှုပ်ရှားခဲ့မိတယ်။ အစ်မဆူဇန်ကိုလည်း သိချင်ဇောနဲ့ ချက်ချင်း မေးမိတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့ကို သန့်စင်ဖို့၊ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်တာလဲ” ပေါ့။

သူက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုနှစ်ခုကို ဖတ်ပြတယ်။ “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။” “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစား အားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည် လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက် နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇာစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

နောက်တော့ အစ်မဆူဇန်က သူ့မိတ်သဟာယကို ဆက်တယ်။ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားကို ဖော်ပြပါတယ်။ ကိုယ်တော်က လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့၊ သမ္မာတရားအားလုံးကို ဖော်ပြထားတဲ့အပြင်၊ ဘုရားရဲ့ စီမံခန့်ခွဲမှုအလုပ်နဲ့ပတ်သက်တဲ့ နက်နဲမှုတွေကိုလည်း ဖွင့်ဟပြထားတယ်။ စာတန်ကြောင့် ဖြစ်ရတဲ့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုအနှစ်သာရနဲ့ အဖြစ်မှန်ကို ထုတ်ဖော်ပြထားတယ်။ ဘုရားကို ခုခံတတ်တဲ့ တို့တွေရဲ့ ဆိုးယုတ်တဲ့သဘာဝကိုလည်း ဖော်ထုတ်ပြီး၊ ခွဲခြားစိစစ်ပြထားတယ်။ တို့တွေရဲ့သဘာဝတွေမှာ ဘယ်လိုဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အဆိပ်တွေ ရှိတယ်၊ ပျက်စီးတဲ့အခြေအနေတွေနဲ့ ဒီလို ဆိုးယုတ်တဲ့အဆိပ်တွေကို တွေးတောတာတွေက ဘယ်လိုအရာတွေကို ပေါ်ပေါက်စေတယ်၊ ဒီအရာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေကို ပြောဆိုပြထားတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားရဲ့ရှုထောင့်တိုင်းကို နားလည်အောင် ရှင်းပြတဲ့အပြင်၊ ဘုရားကို နာခံခြင်းဆိုတာ ဘာလဲ၊ ဘုရားကို အမှန်တကယ် ချစ်မြတ်နိုးခြင်းဆိုတာ ဘာလဲ၊ ရိုးသားသူတစ်ဦး ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုလည်း ရှင်းပြတယ်။ တို့တွေရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပယ်ပြီး၊ ပြည့်စုံတဲ့ကယ်တင်ခြင်း ရရှိဖို့ လမ်းကို၊ အဲဒါတွေက ညွှန်ပြတာပါ။ သန့်ရှင်းတဲ့ ဖြောင့်မတ်တဲ့ ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ ဘုရားရဲ့စိတ်သဘောထားကိုလည်း လူသားမျိုးနွယ်ဆီ ထုတ်ဖော်ပြတာပါ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရခြင်းအားဖြင့် တို့တွေက သမ္မာတရားကို တဖြည်းဖြည်း နားလည်လာနိုင်တယ်၊ စာတန်ကြောင့်ဖြစ်ရတဲ့ တို့တွေရဲ့ ဖောက်ပြန်ပျက်စီးမှုအနှစ်သာရနဲ့ အဖြစ်မှန်ကိုလည်း နားလည်လာနိုင်တယ်။ အဲဒီနောက်မှာ၊ စာတန်က တို့တွေကို ဘယ်လောက်ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့လဲဆိုတာကို မုန်းတီးတတ်လာတယ်။ ဘုရားရှေ့မှောက် ကိုယ့်ကိုယ်ကိုယ် ဝပ်စင်းပြီး နောင်တရလာတယ်၊ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်လာကြတယ်။ တို့တွေရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်း သန့်စင်ခံရပြီး ပြောင်းလဲသွားနိုင်သလို၊ ဘုရားကို ကြောက်ရွံ့နာခံခြင်းနည်းနည်းလည်း ရနိုင်ကြတယ်။ အဲဒီအခါ တို့တွေက အပြစ်လုပ်မိတာ၊ ဘုရားကို ခုခံမိတာတွေ နည်းသထက် နည်းလာတာပေါ့” တဲ့။ အစ်မဆူဇန်က သူ့အတွေ့အကြုံကိုလည်း ပြောပြသေးတယ်။ သူက သူ့ကိုယ်သူ တခြားလူတွေထက် ပိုပြီးလုပ်နိုင်စွမ်းရှိတယ်လို့ အမြဲတမ်း ထင်ခဲ့ဖူးတယ်။ အရာရာတိုင်းမှာ အတ္တဆန်ခဲ့တဲ့အပြင်၊ သူ့ကိုယ်ပိုင်အမြင်တွေကို လူတွေ လက်ခံလာအောင် အတင်းအကျပ်လုပ်ခဲ့တယ်ပေါ့။ သူနဲ့ သဘောချင်းမတိုက်ဆိုင်တဲ့ ဘယ်သူ့ကိုမဆို ဖယ်ထုတ်ပြီး အပြစ်ပြောတတ်တယ်။ ကျန်တဲ့အယောက်တိုင်းအတွက် နာကျင်ရတာတွေ ထိခိုက်တာတွေ ဖြစ်တာပေါ့။ သူက စာတန်ရဲ့စည်းမျဉ်းတွေ၊ တွေးခေါ်ပုံတွေလို့ဆိုရမဲ့ “ငါသာ အတော်ဆုံး”၊ “ဒီကမ္ဘာမှာ ငါက အရေးပါဆုံး” ဆိုတာမျိုးတွေနဲ့ ရှင်သန်နေတယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်တွေထဲက တရားစီရင်မှုနဲ့ ဖော်ပြခြင်းတွေကတစ်ဆင့် နားလည်ခဲ့တာပါ။ သူက အရမ်းကို မာနထောင်လွှားခဲ့တယ်။ ဘယ်သူ့ကိုမှ အလျှော့မပေးတဲ့အပြင်၊ သူ့အယူအဆတွေက မှန်တဲ့ပုံစံမျိုးနဲ့ သူများတွေကို အမြဲတမ်း လက်ခံနာခံစေချင်တယ်။ သူက ဘုရားကို ကြောက်ရွံ့မှု မရှိခဲ့သလို၊ လုံးဝ အဆင်အခြင်မဲ့ခဲ့တာပါ။ ဒါကို ဘုရားက ရွံရှာသလို၊ လူတွေကလည်း အော့ကြောလန်တယ်လေ။ သူက တခြားလူတွေကို သူ ပြောတာပဲ အမြဲနားထောင်စေချင်တယ်။ အဲဒါက စာတန်လို စံနမူနာ စိတ်သဘောထားမျိုးပဲ။ စာတန်ဆိုတာ မာနထောင်လွှားတယ်၊ စိတ်ကြီးဝင်တယ်။ ဘုရားနဲ့ အမြဲတမ်း အဆင့်အတန်းတူ ဖြစ်ချင်နေတာ။ သူက လူတွေကို ထိန်းချုပ်ချင်တယ်။ လူတွေက သူ ပြောတာနာခံပြီး၊ သူ့ကို ကြောက်ရွံ့စေချင်တာ။ ဒါကြောင့် ဘုရားရဲ့ကျိန်ဆဲခြင်းကို ခံရတယ်။ အစ်မဆူဇန်က သူ့ပြဿနာရဲ့သဘာဝနဲ့ အကျိုးဆက်တွေကို နားလည်မိမိချင်း၊ ကြောက်သွားတယ်ပေါ့။ နောက်တော့မှ သူ့ကိုယ်သူ မုန်းတီးလာပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ပဲ အာရုံစိုက်လာတယ်။ သူများတွေနဲ့ အပြန်အလှန်ဆက်ဆံရေးမှာ ပိုပြီးတော့ ရိုးရိုးကုပ်ကုပ်ဖြစ်လာတယ်။ သူများတွေကို အထင်သေးတာတွေ၊ ဟိုအရင် သူ လုပ်ခဲ့သလို ကန့်သတ်ချုပ်ချယ်တာတွေ ထပ်မလုပ်မိတော့ဘူး။ တခြားလူတွေက မှန်နေတဲ့အခါမျိုး၊ သူတို့အယူအဆတွေက သမ္မာတရားနဲ့ ကိုက်ညီတဲ့အခါမျိုးမှာ သူက ပိုပြီးတော့ လက်ခံနိုင်လာတယ်။ လူတွေနဲ့လည်း အများကြီးပိုပြီး အဆင်ပြေသွားတယ်ပေါ့။ အစ်မဆူဇန်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူ့အတွေ့အကြုံကို ဒီလို မိတ်သဟာယပြုပေးလိုက်တော့၊ ကျွန်မရင်ထဲမှာ အားတက်သွားတယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ပျက်စီးတဲ့ စိတ်သဘောထားတွေကို တရားစီရင်ပြီး သန့်စင်ပေးဖို့၊ နှုတ်ကပတ်တော်တွေကို ဖွင့်ဟနေတယ်ဆိုတာ၊ ကျွန်မ သိလိုက်ရပြီလေ။ ဘုရားက ကျွန်မတို့ကို ကယ်တင်ဖို့ ဒီနည်းနဲ့လုပ်ဆောင်တယ်ဆိုတာ တော်တော် လက်တွေ့ကျပါတယ်။ ကျွန်မက နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့၊ အပြစ်နှောင်ကြိုးတွေကို ရုန်းမထွက်နိုင်ခဲ့ဘူး။ စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ရှင်သန်နေခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မ လျှောက်ရမယ့်လမ်းကို တွေ့လိုက်ရပြီ။

အဲဒီနောက်မှာ၊ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်တယ်၊ ဧဝံဂေလိရုပ်ရှင်တွေ ကြည့်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ဓမ္မတေးတွေကို ဖုန်းထဲမှာ နေ့တိုင်း နားထောင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဝတ်ပြုစည်းဝေးပွဲတွေ တက်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ လမ်းပြမှုကို ကျွန်မ တကယ်ပဲ ခံစားမိခဲ့တယ်။ ယုံကြည်ခြင်းနှစ်တွေတစ်လျှောက်လုံး ကျွန်မ လုံးဝ မသိခဲ့တဲ့ နက်နဲမှုတွေ၊ သမ္မာတရားတွေ အများကြီးကို နားလည်ခဲ့တယ်။ တကယ်ကို ဝမ်းမြောက်ခဲ့ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွခြင်း ဖြစ်တယ်လို့၊ စိတ်နှလုံးထဲက သိခဲ့တာပါ။

အဲဒီနောက်မှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်ခဲ့တယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကိုလည်း နည်းနည်း နားလည်မှု ရခဲ့တယ်။ ကျွန်မက သူများတွေကို အများအားဖြင့် အထက်စီးကဆက်ဆံပြီး၊ ကြိမ်းမောင်းနေတာပဲ၊ အဲဒါက ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ပြနေတာပဲဆိုတာတွေကို မြင်မိတယ်။ အဲဒါက ဘုရားသခင် မုန်းတီးတဲ့အရာမျိုးလေ။ ကျွန်မလည်း နောင်တရဖို့၊ ဘုရားဆီမှာ ဆုတောင်းတယ်။ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားကို အခြေခံပြီး ပြုမူတာမျိုး၊ တခြားသူတွေရဲ့ပြဿနာတွေကိုပဲ အမြဲအာရုံစိုက်တာမျိုး၊ ကျွန်မ ဆက်မဖြစ်ချင်တော့ဘူး။ အဲဒါက ဆင်ခြင်တုံတရား မရှိလွန်းတာပါ။ ကျွန်မယောကျ်ားက ဂိမ်းကစားနေတာမျိုး၊ ကျွန်မ မကြိုက်တဲ့ တခြားတစ်ခုခု လုပ်နေတာမျိုး မြင်ပြီဆိုရင်၊ သူ့ကို အေးအေးဆေးဆေး ပြောနိုင်အောင်၊ ကိုယ့်စိတ်နှလုံး ငြိမ်သက်သွားဖို့ ဘုရားဆီမှာ ဆုတောင်းတယ်။ တစ်ရက်တော့ ကျွန်မယောကျ်ားက ကျွန်မကို ဗြုန်းစားကြီးပြောတယ်၊ “မင်း ပြောင်းလဲသွားပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို စပြီး ယုံကြည်ပြီးကတည်းက မင်း အရင်လိုမဟုတ်တော့ဘူး။ အရင်လို ငါ့ကို ဒေါသထွက်တာမျိုး၊ အပြစ်ပြောတာမျိုး မရှိတော့ဘူး။ ကိစ္စတစ်ခုခု ပေါ်ပြီဆိုလည်း သေချာ ဆွေးနွေးတတ်လာတယ်” ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိခဲ့တယ်။ အဲဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မဆီမှာ ရလိုက်တာတွေပဲဆိုတာကို သိလိုက်တယ်လေ။ ကျွန်မ တကယ် အံ့ဩခဲ့ရတာက၊ ကျွန်မယောကျ်ားက ကျွန်မဆီက အပြောင်းအလဲတွေကို မြင်တော့၊ သူကလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်လာတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သူလည်း လက်ခံသွားတယ်။ အွန်လိုင်းဂိမ်းတွေဆိုတာ လူတွေကို ဖြားယောင်းထိန်းချုပ်ဖို့ ပျက်စီးစေဖို့အတွက်၊ စာတန်ရဲ့နည်းလမ်းတစ်ခုပဲဆိုတာကို၊ နောက်ပိုင်းမှာ ကျွန်မယောကျ်ားလည်း ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် နားလည်သွားတယ်။ အွန်လိုင်းဂိမ်း ကစားတာတွေရဲ့ အနှစ်သာရနဲ့ အန္တရာယ်ကို သူ စပြီး နားလည်လာတယ်။ အဲဒါတွေကိုလည်း ဆက်ပြီး မစွဲလမ်းတော့ဘူး။ ကျွန်မတို့နှစ်ယောက် စကားများတာတွေ မရှိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို နှစ်ယောက်သား အများကြီးဖတ်ကြတယ်။ အချင်းချင်း မိတ်သဟာယပြုတယ်။ အခက်အခဲတစ်ခု ပြဿနာတစ်ခု ကြုံပြီဆိုရင်၊ အဆုံးအဖြတ်လမ်းကြောင်းတစ်ခု တွေ့အောင် ဘုရားနှုတ်ကပတ်တော်တွေကနေ သမ္မာတရားကို ရှာကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုဟာ ကျွန်မ လိုအပ်တဲ့အရာ ဖြစ်တယ်၊ ကျွန်မတို့ကို သန့်စင်ပေးပြီး အပြည့်အဝ ကယ်တင်ဖို့အတွက်၊ အရေးကြီးတဲ့အရာ ဖြစ်တယ်လို့ ကျွန်မ အမှန်တကယ် ခံစားမိပါတယ်။ သန့်စင်ခံရပြီး ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ရဖို့ လမ်းကို နောက်ဆုံးတော့ ကျွန်မ ရှာတွေ့လိုက်ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။

သက်ဆိုင်သည့် အကြောင်းအရာ