သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

မာတိကာ

ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှု အထွတ်အထိပ်ရောက်နေပြီဖြစ်သောကြောင့်၊ ဖျက်စီးခံရသင့်ပါ သလား။

၁) ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။” (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉)

“ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင် သူတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့ပြီး ညစ်ညမ်းမှုများ ကင်းစင်ခဲ့သည်။ သူတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါကို သစ္စာဖောက်ခြင်းအကြောင်း လုံးလုံးမသိခဲ့ကြပေ။ ယင်းမှာ သူတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှု အနှောင့်အယှက်မရှိ၊ စာတန်၏အဆိပ်မရှိခဲ့ဘဲ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့်ညစ်ညမ်းမှုမျှမရှိ၊ ဇာတိပကတိ စရိုက်လက္ခဏာမရှိဘဲ ယေဟောဝါအား ရိုသေလေးမြတ်ခြင်းဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ခံရသည့်အခါ သူတို့သည် မြွေဆိပ်မိခဲ့ရပြီး ယေဟောဝါအား သစ္စာဖောက်လိုခဲ့ကြသည့်ပြင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ အစအဦး၌ သူတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့သည်၊ လူသားတို့သည် ဤအတိုင်းသာ ဖြစ်ရမည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက် သူတို့သည် ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေခဲ့ကြသည်။ သူတို့သည် တဖြည်းဖြည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မူလလူသားသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူတွင် ယေဟောဝါ၏ ဇီဝအသက်ရှိခဲ့ပြီး သူတို့တွင် မနာခံခြင်း တစိုးတစိမျှ မရှိခဲ့၊ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု အလျှင်းမရှိခဲ့။ ထိုအချိန်တွင် လူသည် စစ်မှန်သောလူဖြစ်ခဲ့၏။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် လူသည် သားရဲ ဖြစ်လာခဲ့သည်၊ သူ့အတွေးတို့သည် ကောင်းခြင်း သို့မဟုတ် သန့်ရှင်းခြင်းမရှိဘဲ မကောင်းမှု အညစ်အကြေးတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စာတန်မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို အကယ်စင်စစ် မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ့စိတ်နှလုံး၏ အလွန်တရာကြည်ညိုမြတ်နိုးသည့်အရာ ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားအား သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရသည့် အတိုင်းအတာအထိ ကျယ်ပြောရုံမက လူကိုယ်တိုင် မိမိ၏ပုန်ကန်သည့် အမူအကျင့်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အထိ ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံခဲ့ရသည့် အတွက် သူသည် ဘယ်ကိုဦးတည်သွားရမည်ကို မသိပေ။ ယနေ့တိုင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်ကို မမြင်မတွေ့နိုင်သော အခါတွင်လည်း သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်ကို သစ္စာဖောက်ကြသော သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိဉာဏ်သည် နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိစိတ်သည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။...ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်းခံရကာ “အဆင့်မြင့်ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော ဘဝ၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုချင်ချင် စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်၏ စကားကို လိုလိုချင်ချင် နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို လိုလိုချင်ချင် ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုသို့ပြုမည့်အစား လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ပျော်ပါးကာ မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိပဲ၊ ရွှံ့နွံတောထဲ၌ ဇာတိပကတိ၏ ပျက်ဆီးယိုယွင်းခြင်းထံ မိမိကိုယ်ကို လုံးလုံးမြှုပ်နှံထားသည်။ အမှောင်ထုတွင် ကျင်လည်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါပင် လက်တွေ့ကျင့်သုံးရန် စိတ်မကူးကြပေ။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုသည့် ဆန္ဒပြင်းပြမှုလည်း မဖြစ်ပေါ်ကြပေ။ ထိုမျှလောက် အကျင့်ပျက်ပြီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းရယူရန် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမျှ ကိုယ်ကျင့်တရား နိမ့်ကျသော လူသားမျိုးနွယ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

စာတန်၏ လူသားကို ဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ၌ ခေတ်နောက်ကျော့သော စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိလာသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်ကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ၌ ပင်ကိုအားဖြင့် ယုတ္တိတန်သော အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိစိတ် မူမမှန်ဖြစ်လာကာ၊ သူ၏စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိဘဲ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ဖွင့်ပြခြင်းသည် လူ့အသိစိတ်၊ ထိုးထွင်းသိမြင်စွမ်းနှင့် အသိတရားတို့ကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် အကောင်းပကတိ မဟုတ်တော့သည်သာမက သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

ညအချိန်သည် တိတ်တဆိတ် ချဉ်းကပ်လာသောအခါ လူသားသည် သတိမပြုမိပေ၊ အကြောင်းမှာ လူသား၏နှလုံးသားအနေဖြင့် ညသည် မည်ကဲ့သို့ချဉ်းကပ်လာသည်၊ သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမမူမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် တစ်စတစ်စပျောက်ကွယ်သွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုသည်၊ သို့သော်လည်း မည်သည့်နေရာမှ အလင်းလာပြီး ည၏အမှောင်ထုကို မည်သို့နှင်ထုတ်လိုက်ပုံကိုမူ လူသားသည် သာ၍ပင် မသိရှိကြပေ၊ သာ၍ပင် သတိမထားမိကြပေ။ ထိုသို့ ထပ်တလဲဖြစ်ပေါ်နေသော နေ့နှင့်ညတစ်လှည့်စီဖြစ်ပေါ်မှုများသည် လူတို့ကို ကာလတစ်ခုမှ အခြားကာလတစ်ခုသို့၊ သမိုင်းကြောင်းနောက်ခံအနေအထားတစ်ခုမှ အခြားတစ်ခုသို့ ပို့ဆောင်ပေးပြီး၊ တစ်ဖက်တွင်လည်း ခေတ်ကာလတိုင်းရှိ ဘုရားသခင်၏အမှုနှင့် ခေတ်တိုင်းအတွက် သူ၏အကြံအစည်တို့ ဆောင်ရွက်ပြီးသည်ကို သေချာစေလျက်ရှိသည်။ လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွန်ကြားပြီး လမ်းညွှန်ပြပေးသည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေးသောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့်သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက်ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ပို၍သင့်လျော်သောအခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။ သို့နှင့် လူတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊ လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည်ဟူသော အမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာပေါ်ထွက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက်နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။ ဘုရားသခင်၏ အမှုတော်နှင့် ဓမ္မဟောင်းကာလအတွင်း သူ၏နှုတ်ကပတ်တော်များအကြောင်း မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။ လူများသည် ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် ရှိတော်မူခြင်းနှင့် အရာရာအပေါ် အုပ်စိုးခြင်းတို့အပေါ် သက်ဝင်ယုံကြည်မှုတို့ကို စိတ်မဝင်စားကြတော့ပါ။ လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည်လည်း ၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။ လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့ကိုသာ အလေးထားသော အနှစ်သာရကင်းမဲ့သည့် လောကကြီးတွင် နေထိုင်ကြလေသည်။...ယနေ့ ဘုရားသခင် အလုပ်လုပ်သည့်နေရာကို ရှာဖွေရန် သို့မဟုတ် လူသားတို့၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ဦးဆောင်ပြီး ပြင်ဆင်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ မှတ်ယူထားကြသည်။ ဤနည်းဖြင့် လူသားတို့က သိရှိခြင်းမရှိဘဲနှင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းသည် လူသားတို့၏ လိုအင်ဆန္ဒများနှင့်ညီရန် သာ၍သာ၍ မစွမ်းနိုင်ဘဲ ဖြစ်လာကာ ဤကဲ့သို့သောလောကတွင် နေထိုင်ရသည်မှာ သွားလေသူတို့လောက် ပျော်ရွှင်မှုမရဟု ခံစားနေကြသောသူများ အများအပြားပင် ရှိလေသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုကဲ့သို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုကြသည်။ အကြောင်းမှာ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိပါက၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။ လူသားတို့၏ နှလုံးသားထဲရှိ လစ်ဟာမှုကို ဖြည့်ဆည်းခြင်းငှာ မည်သူမျှမစွမ်းသာပါ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ လူသား၏အသက် မဖြစ်နိုင်၊ သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကို မည်သည့်လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေနိုင်သောကြောင့် ဖြစ်ပါသည်။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။ ဤကမ္ဘာကြီးတွင် သင်သည် လွတ်လပ်သောနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ လူ့အခွင့်အရေးမရှိသည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ သင့်အနေဖြင့် လူသားတို့၏ ကံကြမ္မာမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ သင်သည် အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ လူသားတို့၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုခြင်းမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ စိတ်ရှုပ်ထွေးစေသော လစ်ဟာမှုခံစားချက်မှ လွတ်မြောက်နိုင်စွမ်း သာ၍ပင် ရှိမည်မဟုတ်။ လူသားအားလုံးတွင် ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်သည်၊ သို့သော် ထိုပြဿနာများကို မည်သည့်မဟာလူသားကမျှ မဖြေရှင်းနိုင်ပါ။ အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူတိုင်းအစာရေစာဝလင်လျက် သာတူညီမျှပြီး လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လူသားတို့အနေဖြင့် လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အတွက် ဘုရားသခင်၏ အသက်အထောက်အပံ့ကိုလည်း လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သူတို့အတွက် အသက်အထောက်အပံ့တို့ကို လက်ခံရရှိသောအခါမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့မှာ ပြေလည်သွားမည်ဖြစ်သည်။ တိုင်းနိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

၂) လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးမှု အထွတ်အထိပ်ရောက် နေပြီဖြစ်သောကြောင့်၊ ဖျက်စီးခံရသင့်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” (ကမ္ဘာဦးကျမ်း ၆:၉၂-၁၃)

နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀)

“မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။” (ဆာလံကျမ်း ၉၂:၇)

“ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။ တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၈-၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် သေသေချာချာ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အကြောင်းအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ၊ ထိုအရာကို တိုင်းတာသတ်မှတ်သည့် စံတစ်ခု သူ့အမြင်တွင် ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်က ဤအကြောင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်မည်လော သို့မဟုတ် အခြေအနေနှင့် အကြောင်းအရာများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ သူသည် စိတ်မဝင်စားခြင်း သို့မဟုတ် အရာအားလုံးအပေါ်၌ ခံစားချက်မရှိခြင်း မဟုတ်ပေ။ စင်စစ်အားဖြင့် ထိုအချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောသည့် ကျမ်းပိုဒ်တစ်ခုရှိသည်။ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအကြိမ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် လူသားကိုသာ ဖျက်ဆီးမည်ဟု ပြောခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဖျက်ဆီးလိုသနည်း။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထားနှင့်ပတ်သက်၍ နောက်ထပ် ဖွင့်ပြချက်တစ်ခုရှိသည်။ ဘုရားသခင်၏အမြင်တွင် လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် သတ္တဝါအားလုံးတို့၏ မနာခံမှုတို့အပေါ်တွင် သူ၏သည်းခံမှုနှင့်ပတ်သက်၍ အကန့်အသတ်တစ်ခုရှိသည်။ သူ၏ အကန့်အသတ်က မည်သို့ဖြစ်သနည်း။ ဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စာစုက အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်နောက် လိုက်ခဲ့ကြသည့်သူများအပါအဝင်၊ ဘုရားသခင်၏ အမည်နာမကို ခေါ်ဆိုခဲ့သည့်၊ ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသည့်၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသည့်၊ သက်ရှိအားလုံးကို ဆိုလိုသည်။ သူတို့၏အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဤသည်ကို ဘုရားသခင်မြင်သည့်အခါ ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကန့်အသတ်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားကို ဘုရားသခင်က မည်မျှအထိ သည်းခံသနည်း။ ဘုရားသခင်၏နောက်လိုက်များဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို မလျှောက်တော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးပြီး မကောင်းမှုနှင့်ပြည့်ရုံသာမကဘဲ ကမ္ဘာကို ဘုရားသခင်က အုပ်ချုပ်သည်၊ ဘုရားသခင်သည် လူသားများကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သည့်သူကို မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သူတစ်ယောက်မျှ မရှိတော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပြုသည့် အတိုင်းအတာထိဖြစ်သည်။ လူသား၏ ပျက်စီးမှုသည် ဤအခြေအနေကိုရောက်သည်နှင့် ဘုရားသခင်သည် ဆက်ပြီးသည်းခံတော့မည် မဟုတ်ပေ။ မည်သည့်အရာနှင့် အစားထိုးမည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်ခြင်းနှင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို တစ်ပိုင်းတစ်စ ဖွင့်ပြခြင်းတစ်ခု မဟုတ်သလော။ လက်ရှိခေတ်ကာလတွင် ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သူ ရှိသေးသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူရှိသေးသလော။ ဤခေတ်ကာလတွင် ကမ္ဘာပေါ်တွင်ရှိသည့် သတ္တဝါအားလုံး၏အပြုအမူသည် ဘုရားသခင်၏အမြင်၌ ပျက်စီးနေပြီလော။ ယနေ့ခေတ်ကာလတွင် ဘုရားသခင်မှ စုံလင်အောင် ပြုလိုသည့်သူများ၊ ဘုရားသခင်၏နောက်ကိုလိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍ အသွေးအသားနှင့် လူသားအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်နေသည့်အရာအားလုံး၊ သင်တို့၏နားနှင့် ကြားနေရသည့်အရာများ၊ သင်တို့၏ မျက်လုံးနှင့် မြင်တွေ့နေရသည့်အရာများနှင့် ဤကမ္ဘာ၌ နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်အရာများသည် အဓမ္မအမှုနှင့် ပြည့်စုံနေသည် မဟုတ်လော။ ဘုရားသခင်၏ အမြင်၌ ဤသို့သောကမ္ဘာ၊ ဤသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧတုန်းကကာလ၏ နောက်ခံနှင့် လုံးဝ မတူညီသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် ထိုအချိန်အခါကနှင့် လုံးဝ အတူတူပင် ရှိနေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း အခြေအနေအရပ်အရပ်ကိုကြည့်လျှင် ဘုရားသခင်၏အမြင်၌ ဤကမ္ဘာသည် ဖျက်ဆီးခြင်းခံရသင့်သည်မှာ ကြာလှချေပြီ။ ကမ္ဘာက ရေနှင့်လွှမ်းမိုးပြီး ဖျက်ဆီးခံရသည့်အချိန်နှင့်စာလျှင် ယခုအခြေအနေသည် လုံးဝမတူပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

နောဧသင်္ဘောလက်ထက်သို့ ပြန်ကြည့်လျှင် လူသားတို့သည် အတော်ဆိုးရွားစွာပင် ဖောက်ပြန်ပျက်ဆီးနေခဲ့ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် သွေဖည်နေခဲ့ကာ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံရတော့ဘဲ ဘုရားသခင်၏ ကတိတော်များကိုလည်း ဆုံးရှုံးခဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏အလင်းမရှိဘဲ အမှောင်ထုထဲတွင် ရှင်သန်နေခဲ့ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် သဘာဝအားဖြင့် ကိုယ်ကျင့်သိက္ခာကင်းမဲ့လာကာ အကျည်းတန်သော ဆိုးယုတ်ခြင်းဆီသို့ သူတို့ကိုယ်သူတို့ အထိန်းအကွပ်မဲ့စွာ လွှတ်ချခဲ့ကြလေသည်။ ထိုကဲ့သို့သော လူများမှာ ဘုရားသခင်၏ ကတိတော်ကို မရရှိကြတော့ပေ၊ သူတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီး ဘုရားသခင် သူတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြရုံမက ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့သွားကြသောကြောင့် ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံတော်ကိုကြားရန် မထိုက်တန်တော့ပေ။ သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့ကြသည်။ ထိုသို့ဖြစ်လာသည်နှင့် သူတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကိုလွန်၍ အကျင့်စာရိတ္တများ ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ဤအကြောင်းကြောင့် သူတို့သည် သေခြင်းနှင့် နီးသည်ထက်နီးလာခဲ့ပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံတော်နှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကိုတည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါအမျိုးမျိုးကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ပြီးသည့်အခါ ဘုရားသခင်သည် ကမ္ဘာကြီးကို ပျက်စီးစေခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့်အတွက် နောဧနှင့် မိသားစုဝင် ခုနစ်ဦးတည်းသာလျှင် ဤဖျက်ဆီးခြင်းမှ အသက်ရှင် လွတ်မြောက်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

မည်သို့ပင်ဖြစ်စေ နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက် ဘုရားသခင်အနေနှင့် မည်သို့မျှ မကြည့်ရက်နိုင်သည့် ပုံစံမျိုးဖြင့် အိမ်ထောင်ဖွဲ့နေထိုင်လာခဲ့ကြ၍ သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ရေလွှမ်းမိုးမှုကြီးကို သူတို့ထံ စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချန်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်ထိန်းသိမ်းထားခဲ့သူအားလုံးတို့သည် သူ့အား နောက်ဆုံးအထိကို သစ္စာရှိနေခဲ့သည့် သူများပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးထဲ၌ ဘုရားသခင်အနေနှင့် မကြည့်ရက်နိုင်အောင်ကို အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေခဲ့ကြပြီး နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အရှင်သခင်အဖြစ် ငြင်းဆိုခဲ့သည်အထိပင် ဖောက်ပြန်ပျက်စီးနေခဲ့သည် ဖြစ်လေရာ၊ နောဧခေတ်တုန်းက လူသားအားလုံးကို ဘုရားသခင်က ဖျက်ဆီးပစ်ခဲ့သည်။ ခေတ်နှစ်ခေတ်စလုံးထဲတွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကြီးမားစွာ ဝမ်းနည်းကြေကွဲစေခဲ့သည်ပင်လျှင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ရှိသော လူသားများကို ယခုအထိပင် ဆက်လက်သည်းခံခဲ့ပါသည်။ အဘယ့်ကြောင့်များနည်း။ သင်တို့သည် ထိုအကြောင်းကို မည်သည့်အခါမျှ မစဉ်းစားခဲ့ဘူးလော။ သင်တို့ အမှန်မသိကြဘူးဆိုလျှင်၊ ငါသင်တို့ကိုပြောမည်။ ဘုရားသခင်က လူသားများကို နောက်ဆုံးသောကာလတွင် သိမ်မွေ့စွာ ပြုမူနေခြင်းက လူသားများသည် နောဧခေတ်ကထက် နည်းပြီးဖောက်ပြန်ပျက်စီးနေကြ၍ သို့မဟုတ် သူတို့သည် နောင်တရခဲ့ကြခြင်းကို ဘုရားသခင်အား ပြသနေကြ၍ မဟုတ်ပါ၊ နောက်ဆုံးသောကာလအတွင်းမှာ စက်မှုနည်းပညာများ တိုးတက်လာခဲ့၍ ဘုရားသခင်က လူသားများကို မဖျက်ဆီးလိုခြင်းမျိုးလည်း ပို၍ပင်မဟုတ်ပါ။ ယင်းအစား ထိုသို့ဖြစ်ရခြင်းက ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ လူအုပ်စုထဲတွင် အမှုကို ဆောင်ရွက်ရန် ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းကို လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင်သာလျှင် လုပ်ဆောင်သွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ထိုအုပ်စုထဲက တစ်ပိုင်းကို သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်အဖြစ် သူကယ်တင်ပေးရန် ရွေးချယ်ခဲ့သူတို့ကို သူနှင့်အတူ နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

လူသားတို့သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ပြီး ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ မနာခံသည့်အခါ သူ၏စိတ်သဘောထားနှင့် အနှစ်သာရကြောင့် သူ၏စည်းမျဉ်းများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်ကို သနားကြင်နာဆဲဖြစ်ပြီး သူတို့ဆက်လက်ရှင်သန်နိုင်ရန်အတွက် လူသားမျိုးနွယ်ကိုရွေးနုတ်ရန် နည်းအမျိုးမျိုးပင် အသုံးပြုခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို မနာခံမှုတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ကူညီပေးသည်ဖြစ်စေ သို့မဟုတ် သူတို့ကို သည်းခံသည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ပေ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုအလယ်တွင် လူသားတို့ နောက်ပြန်လှည့်လာရန် စောင့်စားရင်း သူ၏သည်းခံမှုကို အဆုံးစွန်ထိပေးဖို့ကို ဘုရားသခင်သည် မမေ့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်သွားသည့်အခါတွင်မူ တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ သူလုပ်စရာရှိတာကို လုပ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ်တွင် ဘုရားသခင်၏ သည်းခံမှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ သူသည် ဆက်လက်သည်းခံမည် မဟုတ်တော့ဘဲ သူ၏စီမံခန့်ခွဲမှုအသစ်နှင့် အစီအစဉ်အသစ်တို့ကို အစပြုလိမ့်မည်။ သူလုပ်ရမည့်အရာကို စလုပ်မည်ဖြစ်ကာ သူ၏လုပ်ဆောင်ချက်များနှင့် သူ့စိတ်သဘော၏ အခြားတစ်ဖက်ကို ဖွင့်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသားအနေဖြင့် သူ့ကို ဘယ်တော့မျှ မစော်ကားရပေဆိုခြင်းကို ပြသရန် သို့မဟုတ် သူသည် အာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်နေသည်ကို ပြသရန်မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်ကို ပြသဖို့ရန်လည်းမဟုတ်ပေ။ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်မျိုးကို သူ၏မျက်မှောက်တွင် ရှင်သန်ခွင့်ပြုရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပြုရန် ခွင့်မပြုနိုင်တော့ခြင်း၊ စိတ်ရှည်သည်းခံမှု မရှိတော့ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအားလုံးသည် သူ့ကိုဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ယောက်မျှ မရှိတော့သည့်အခါ၊ သူသည် ထိုသို့သော လူသားမျိုးနွယ်မျိုးကို ဆက်၍ သည်းခံတော့မည် မဟုတ်ဘဲ ဤသို့သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ ဤသို့သောလုပ်ရပ်ကို သူ့စိတ်သဘောထားနှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်၌ နေထိုင်သည့် ဖန်ဆင်းခံအရာအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

မိုက်မဲခြင်းအားလုံးနှင့် အသိမဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဆက်ဆံမှုက သနားညှာတာမှုနှင့် သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါသည်။ တစ်ဖက်မှာတော့ သူ၏အမျက်ဒေါသသည် ကျယ်ပြန့်သည့် အချိန်နှင့် အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါသည်။ ၎င်းကို လူသားက မသိပေ။ အကျိုးရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါသည်။ ဤကဲ့သို့ပင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသကို အလေးမထားပေ။ လူသားသည် ဘုရားသခင်၏ နောက်ဆုံးအမှုနှင့် လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံး သနားညှာတာမှုနှင့် သူ၏ နောက်ဆုံး သတိပေးချက်တို့က လူသားတို့ဆီကို ရောက်သည့်အခါမှာ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ မည်သည့်အားထုတ်မှုမှ မပြုလုပ်ဘူးဆိုလျှင်၊ သူတို့၏ နည်းလမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် သူ၏ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုလျှင် ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က သူ၏ သနားညှာတာမှုကို ပြန်လည်ရုတ်သိမ်းခြင်းသည် ဤအချိန်ဖြစ်ပါသည်။ ၎င်းအပြီးမှာ သူ၏အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မည်။ သူ၏ အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများနှင့် ဖော်ပြနိုင်သည်။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောကရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်းအတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာနေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည်မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

သက်ဆိုင်သည့် အကြောင်းအရာ