အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးမှာ သူ့ရဲ့တပည့်တော်တွေကိုပြောတဲ့ စကားများ

0

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးမှာ သူ့ရဲ့တပည့်တော်တွေကိုပြောတဲ့ စကားများ

ဒီစာပိုဒ်မှာ ပြန်ဖော်ပြထားတဲ့အရာတွေက သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့တပည့်တော်တွေကို ပြောခဲ့တဲ့ အရာတစ်ချို့ဖြစ်ပါတယ်။ ပထမဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်နဲ့ ပြီးနောက်ကြားက ကွာခြားချက်ကို ကြည့်ရအောင်။ သူဟာ အရင်က သခင်ယေရှုနဲ့ အတူတူပဲလား။ ကျမ်းစာမှာ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ ဖော်ပြထားတဲ့ ဒီစာသားတွေပါဝင်တယ်။ “ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။” အဲဒီအချိန်မှာ သခင်ယေရှုဟာ လူ့ဇာတိမဟုတ်တော့ဘဲ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်နေတယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒါဟာ လူ့ဇာတိရဲ့ အကန့်အသတ်ကို သူကျော်လွန်သွားတဲ့အတွက်ကြောင့်ပါ။ တံခါးပိတ်ထားတုန်းမှာ လူတွေကြားထဲကို သူလာပြီး သူတို့ကို မြင်စေနိုင်သေးတယ်။ ဒါဟာ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုနဲ့ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ လူ့ဇာတိမှာ အသက်ရှင်တဲ့ သခင်ယေရှုကြား အကြီးမားဆုံး ခြားနားချက်ပါ။ အဲဒီအချိန်ခဏမှာ ဝိညာဉ်ခန္ဓာရဲ့ အသွင်အပြင်နဲ့ အရင်က သခင်ယေရှုရဲ့ အသွင်အပြင်ကြားမှာ ခြားနားချက်မရှိပေမဲ့ အဲဒီအချိန်ခဏမှာ သခင်ယေရှုဟာ လူတွေအတွက် သူစိမ်းတစ်ယောက်လိုခံစားရတဲ့ ယေရှုဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုရင် သေခြင်းကနေ ရှင်ပြန်ထမြောက်လာပြီးနောက်မှာ သူဟာ ဝိညာဉ်ခန္ဓာဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပြီး သူ့ရဲ့အရင်က လူ့ဇာတိနဲ့ယှဉ်ရင် ဝိညာဉ်ခန္ဓာက လူတွေအတွက် ပိုပြီး ပဟေဠိဆန်ပြီး ပိုပြီး ရှုပ်ထွေးစေပါတယ်။ သခင်ယေရှုနဲ့ လူတွေကြားမှာ ပိုဝေးတဲ့ အကွာအဝေးကိုလည်း ဖန်တီးခဲ့ပြီး အဲဒီအချိန်ခဏမှာ သခင်ယေရှုဟာ ပိုပြီး ထူးခြားဆန်းကြယ်တယ်လို့ သူတိုရဲ့ နှလုံးသားထဲမှာ ခံစားရပါတယ်။ လူတွေရဲ့ ဒီနားလည်မှုတွေနဲ့ ခံစားချက်တွေဟာ မမြင်နိုင်၊ မထိတွေ့နိုင်တဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းခေတ်ကို ရုတ်တရက် ပြန်လည်သယ်ဆောင်သွားတယ်။ ဒါကြောင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအရာက လူတိုင်းက သူ့ကိုမြင်ဖို့၊ သူတည်ရှိတယ်ဆိုတာကို အတည်ပြုဖို့နဲ့ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုဖို့ ဖြစ်ပါတယ်။ ထပ်ပြောရရင် ဒီအချက်က လူ့ဇာတိနဲ့ သူအလုပ်လုပ်နေတဲ့အချိန်မှာ သူတို့နဲ့ ရှိခဲ့တဲ့ ဆက်ဆံရေးအတိုင်း လူတွေနဲ့ သူ့ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့ပြီး သူဟာ သူတို့မြင်နိုင်ပြီး ထိတွေ့နိုင်တဲ့ ခရစ်တော်ဖြစ်တယ်။ ဒီနည်းလမ်းနဲ့ ရလဒ်တစ်ခုက သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီးနောက်မှာ သေခြင်းကနေ ရှင်ပြန်ထမြောက်လာတာကို လူတွေ သံသယမရှိတော့ဘူး။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှုရဲ့ လုပ်ဆောင်မှုမှာ သံသယမရှိတော့ဘူး။ နောက်ရလဒ်တစ်ခုက သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ လူတွေဆီကို သခင်ယေရှု ပေါ်ထွန်းခြင်းနဲ့ လူတွေကို သူ့ကို မြင်ခွင့် ထိခွင့်ပေးခြင်းက ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာနဲ့ ထိန်းသိမ်းနိုင်စေခဲ့တယ်။ ဒီအချိန်ကနေစပြီးတော့ လူတွေဟာ အရင်ခေတ်ဖြစ်တဲ့ ပညတ်တော်ခေတ်ကို ပြန်မသွားနိုင်တော့ဘူး။ သခင်ယေရှုရဲ့ “ ပျောက်ကွယ်ခြင်း” သို့မဟုတ် “ စွန့်ပစ်ခြင်း” ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သခင်ယေရှုရဲ့ ဆုံးမစကားတွေနဲ့ သူလုပ်ဆောင်ခဲ့အလုပ်တွေကို လိုက်လျှောက်ရင်း ရှေ့ဆက်ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ အဆင့်အသစ်တစ်ခုဟာ စနစ်တကျ ပေါ်ထွက်လာတယ်။ ပညတ်တော်အောက်မှာရှိနေတဲ့ လူတွေဟာ အဲဒီအချိန်ကနေစပြီး စနစ်တကျ ထွက်ပေါ်လာခဲ့ပြီး အသစ်စတင်ခြင်းနဲ့အတူ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်ခဲ့ပါတယ်။ ဒါတွေက ရှင်ပြန်ထမြောက်အပြီးမှာ လူသားမျိုးနွယ်ဆီကို သခင်ယေရှုပေါ်ထွန်းခြင်းရဲ့ အမျိုးမျိုးသော အဓိပ္ပာယ်တွေဖြစ်ပါတယ်။

သူဟာ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်တဲ့အတွက်ကြောင့် လူတွေက သူ့ကို ဘယ်လိုထိနိုင်၊ မြင်နိုင်တာလဲ။ ဒါက လူသားမျိုးနွယ်အပေါ် သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းရဲ့ အဓိပ္ပာယ်နဲ့ သက်ဆိုင်ပါတယ်။ ကျမ်းစာရဲ့ ဒီစာပိုဒ်တွေမှာ သင်တို့ တစ်ခုခု သတိပြုမိသလား။ ယေဘူယျအားဖြင့် ဝိညာဉ်ခန္ဓာတွေက မမြင်နိုင် သို့မဟုတ် ထိတွေ့လို့မရနိုင်ပါဘူး။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့အလုပ်ဟာ ပြီးပြည့်စုံသွားပါပြီ။ ဒါကြောင့် သီအိုရီအရဆိုရင် သူဟာ လူတွေနဲ့တွေ့ဖို့အတွက် သူ့ရဲ့ ပင်ကိုပုံရိပ်နဲ့ လူတွေကြားထဲကို ပြန်လာဖို့ လုံးဝ မလိုအပ်ပါဘူး။ ဒါပေမဲ့ သောမလိုမျိုးလူတွေဆီကို သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ့ရဲ့ အဓိပ္ပာယ်ကို ပိုပြီးတော့ ခိုင်မာပြီး လူတွေရဲ့ နှလုံးသားထဲကို ပိုပြီးတော့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပါတယ်။ သောမဆီကို သူလာခဲ့တဲ့အခါမှာ သူဟာ သံသယဝင်နေတဲ့ သောမကို သူ့လက်ကိုထိစေပြီး သူ့ကိုပြောခဲ့တယ်။ “ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။” ဒီစကားလုံးတွေ ဒီအမူအရာတွေဟာ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာမှ သူပြောချင်၊ လုပ်ချင်ခဲ့တဲ့ အရာတွေမဟုတ်ဘဲ ဒါတွေဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့မရိုက်ခံရခင်မှာ သူလုပ်ချင်ခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ ဒါဟာ လက်ဝါးကပ်တိုင်မှာ ရိုက်ခြင်းမခံရသေးတဲ့ သခင်ယေရှုဟာ သောမလိုလူမျိုးတွေအပေါ် နားလည်မှုရှိနှင့်ပြီးဖြစ်တယ်ဆိုတာ ထင်ရှားမြင်သာပါတယ်။ ဒါဆိုရင် ဒီအချက်ကနေ ငါတို့ ဘာကို မြင်နိုင်သလဲ။ သူဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဒီတူညီတဲ့ သခင်ယေရှုပါပဲ။ သူ့ရဲ့ အနှစ်သာရဟာပြောင်းလဲမသွားပါဘူး။ သောမရဲ့ သံသယက အခုလေးတင် စဖြစ်တာမဟုတ်ဘဲ သခင်ယေရှုနောက်ကိုလိုက်နေစဉ် တစ်ချိန်လုံးမှာ သူနဲ့အတူ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့တဲ့ သခင်ယေရှုဖြစ်ပြီး သူ့ရဲ့ နဂိုမူလ ပုံရိပ်နဲ့၊ သူ့ရဲ့ နဂိုမူလ စိတ်သဘောထားနဲ့၊ သူ့ရဲ့ လူ့ဇာတိဖြစ်နေစဉ်မှာ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ နားလည်ခြင်းနဲ့ ဝိညာဉ်ကမ္ဘာကနေ ပြန်လာခဲ့ပါတယ်။ ဒီတော့ သောမကို အရင်ရှာဖို့ သူသွားခဲ့တယ်။ သောမကို သူ့ရဲ့နံရိုးကို ထိစေဖို့၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူ့ရဲ့ ဝိညာဉ်ခန္ဓာကို မြင်စေရုံတင်မကဘဲ သူ့ရဲ့ ဝိညာဉ်ခန္ဓာရဲ့ တည်ရှိမှုကို ထိတွေ့ခံစားစေပြီး သူ့ရဲ့ သံသယတွေကို လုံးဝ လွှတ်စေလိုက်ပါတယ်။ သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်မခံရင်မှာ သူဟာ ခရစ်တော်ဖြစ်တယ်ဆိုတာကို သောမကအမြဲတမ်းသံသယရှိနေပြီး မယုံကြည်နိုင်ခဲ့ဘူး။ ဘုရားသခင်အပေါ်မှာ သူ့ရဲ့ ယုံကြည်ခြင်းက သူ့မျက်လုံးနဲ့ သူမြင်နိုင်တဲ့အပေါ်၊ သူ့ရဲ့ကိုယ်ပိုင်လက်နဲ့ ထိတွေ့နိုင်တဲ့အပေါ်မှာသာ အခြေခံပြီး တည်ဆောက်ပါတယ်။ သခင်ယေရှုဟာ ဒီလိုလူမျိုးရဲ့ ယုံကြည်မှုအပေါ် ကောင်းမွန်တဲ့ နားလည်မှုရှိပါတယ်။ သူတို့ဟာ ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲ ယုံကြည်ပြီး ဘုရားသခင်စေလွှတ်လိုက်တဲ့သူ သို့မဟုတ် လူ့ဇာတိခံယူတဲ့ ခရစ်တော်ကို လုံးဝမယုံကြည်ဘဲ လက်မခံပါဘူး။ သခင်ယေရှုရဲ့ တည်ရှိမှုနဲ့ သူဟာ တကယ်ပဲ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာကို သူအသိအမှတ်ပြုပြီး ယုံကြည်စေဖို့အတွက်၊ သောမကို သူ့ရဲ့လက်ကိုလှမ်းပြီး သူ့နံရိုးကိုထိစေဖို့ ခွင့်ပြုခဲ့ပါတယ်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနဲ့ ပြီးနောက်မှာ သောမရဲ့ သံသယဝင်ခြင်းက ကွဲပြားမှုရှိသလား။ သူက အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာက သူ့ဆီကို သီးသန့်ပေါ်လာပြီး သူ့ကိုယ်ခန္ဓာက သံရိုက်ရာတွေကို သောမကို ထိစေခြင်းကလွဲပြီးတော့ ဘယ်သူကမှ သူ့သံသယကို မဖြေရှင်းနိုင်ဘူး။ ဘယ်သူကမှ သူ့ရဲ့သံသယတွေကို စွန့်လွှတ်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် သခင်ယေရှုက သူ့နံရိုးကို သူ့ကို ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတွေရှိတာကို တကယ်ခံစားစေခဲ့တဲ့အချိန်ကစပြီး သောမရဲ့ သံသယတွေဟာ ပျောက်ကွယ်သွားပြီး သခင်ယေရှုဟာ ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာကို တကယ်ပဲ သိပြီး သခင်ယေရှုဟာ စစ်မှန်တဲ့ ခရစ်တော်ဆိုတာ၊ သူဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဆိုတာကို အသိအမှတ်ပြုပြီး ယုံကြည်ခဲ့တယ်။ ဒီအချိန်မှာ သောမက သံသယမရှိတော့ပေမဲ့ သူဟာ ခရစ်တော်နဲ့တွေ့ဆုံဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သူနဲ့ အတူရှိဖို့၊ သူ့နောက်ကိုလိုက်ဖို့၊ သူ့ကိုသိဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သခင်ယေရှုက သူ့ကို စုံလင်စေဖို့အတွက် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီ။ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ သံသယတွေနဲ့ ပြည့်နေတဲ့သူတွေရဲ့ ယုံကြည်ခြင်းအပေါ်မှာ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ကို ထောက်ပံ့ပေးခဲ့တယ်။ သံသယရှိသူတွေကို ပြောဖို့၊ ကောင်းကင်ဘုံက ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကိုမယုံကြည်တဲ့သူတွေကို ပြောဖို့ သူ့ရဲ့ အစစ်အမှန် နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်တွေကို သူအသုံးပြုခဲ့တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို မချီးကျူးခဲ့သလို သံသယတွေပြည့်နေတဲ့ သူတို့ရဲ့ လိုက်လျှောက်ခြင်းကိုလည်း မချီးကျူးခဲ့ပါဘူး။ ဘုရားသခင်နဲ့ ခရစ်တော်ကို သူတို့ အပြည့်အဝယုံကြည်တဲ့ နေ့မှာသာ ဘုရားသခင်က သူ့ရဲ့ ကြီးမြတ်တဲ့အလုပ်ကို ပြည့်စုံစေတဲ့နေ့ဖြစ်နိုင်ပါတယ်။ အဲဒီနေ့က သူတို့ရဲသံသယဟာ စီရင်ခြင်းကို ရရှိတဲ့ နေ့လည်းဖြစ်ပါတယ်။ ခရစ်တော်အပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားဟာ သူတို့ရဲ့ ကံကို သတ်မှတ်ပြီး သူတို့ရဲ့ ခေါင်းမာတဲ့ သံသယတွေက သူတို့ယုံကြည်ခြင်းဟာ ရလဒ်မရှိဘူးလို့ ဆိုလိုတာဖြစ်တယ်။ သူတို့ရဲ့ မာကျောခြင်းက သူတို့မျှော်လင့်ချက်တွေဟာ အလဟဿဖြစ်တယ်လို့ ဆိုလိုပါတယ်။ ကောင်းကင်ဘုံက ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းက အစွဲမှားတွေကိုမှီပြီး ကြီးထွားလာတာဖြစ်တာကြောင့်၊ ခရစ်တော်အပေါ် သူတို့ရဲ့သံသယဟာ တကယ်တော့ ဘုရားသခင်အပေါ် သူတို့ရဲ့ တကယ့် သဘောထားဖြစ်တာကြောင့် သူတို့ဟာ သခင်ယေရှုရဲ့ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတွေကို ထိတွေ့ခဲ့ရပေမဲ့လည်း သူတို့ရဲ့ ယုံကြည်ခြင်းဟာ အသုံးမဝင်ဆဲဖြစ်ပြီး သူတို့ရဲ့ ရလဒ်တွေဟာ လေကိုရိုက်နှက်နေသလို အလဟဿဖြစ်နေတယ်လို့ပဲ ဖော်ပြနိုင်ပါတယ်။ သခင်ယေရှုကက သောမကို ပြောတဲ့အရာက လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြနေပါတယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့ သခင်ယေရှုဟာ အစပိုင်းမှာ လူသားမျိုးနွယ်ကြားမှာ အလုပ်လုပ်ရင်းနဲ့ သုံးဆယ့်သုံးနှစ်ခွဲကုန်ဆုံးခဲ့တဲ့ သခင်ယေရှုဖြစ်ပါတယ်။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီး သေမင်းအရိပ်လွှမ်းမိုးတဲ့ ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရပြီး သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ခဲ့ရပေမဲ့ သူ့ရဲ့ သွင်ပြင်လက္ခဏာတိုင်းက ပြောင်းလဲခြင်းမရှိပါဘူး။ သူ့ကိုယ်ခန္ဓာမှာ သံရိုက်ရာတွေရှိပေမဲ့၊ သူဟာ သေခြင်းကနေရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲကနေ ထွက်ခဲ့ပေမဲ့၊ သူ့ရဲ့စိတ်သဘောထား၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့နားလည်မှုနဲ့ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ရည်ရွယ်ချက်တွေဟာ နည်းနည်းလေးမှ မပြောင်းလဲပါဘူး။ သူဟာ လက်ဝါးကပ်တိုင်ကနေ ဆင်းခဲ့တယ်၊ အပြစ်တရားကို အောင်နိုင်ခဲ့တယ်၊ အခက်အခဲတွေကို အောင်နိုင်ခဲ့တယ်၊ သေခြင်းကို အောင်နိုင်ခဲ့တယ်လို့လည်း လူတွေကို ပြောနေပါတယ်။ သံရိုက်ရာတွေက စာတန်အပေါ် သူ့ရဲ့ အောင်နိုင်မှုသက်သေ၊ လူသားမျိုးနွယ်အားလုံးကို အောင်မြင်စွာ ရွေးနုတ်ဖို့ အပြစ်ဖြေရာယဇ်ဖြစ်ခြင်းရဲ့ သက်သေဖြစ်ပါတယ်။ သူဟာ လူသားမျိုးနွယ်ရဲ့ အပြစ်ကို ယူဆောင်ပြီး သူ့ရဲ့ ရွေးနုတ်မှုအလုပ်ကို ပြီးမြောက်စေခဲ့တယ်လို့ လူတွေကို ပြောနေပါတယ်။ သူ့ရဲ့ တပည့်တော်တွေကိုတွေ့ဖို့ သူပြန်လာတဲ့အခါမှာ သူ့ရဲ့ ပေါ်ထွန်းမှုနဲ့ သူတို့ကိုပြောခဲ့တယ်။ “ ငါဟာ အသက်ရှင်ဆဲပဲ။ ငါဟာ တည်ရှိနေဆဲပဲ။ ဒီနေ့ သင်တို့ ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ဖို့အတွက် သင်တို့ရှေ့မှာ ငါအမှန်တကယ် ရှိနေပါတယ်။ ငါဟာ သင်တို့နဲ့ အတူ အမြဲတမ်းရှိလိမ့်မယ်။” သခင်ယေရှုဟာ နောက်လူတွေအတွက် သတိပေးချက်အနေနဲ့ သောမရဲ့ အကြောင်းအရာကိုလည်း အသုံးပြုချင်ခဲ့ပါတယ်။ သင်က သခင်ယေရှုကို ယုံကြည်ပေမဲ့ သင်ဟာ သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းအားဖြင့် သင်ကောင်းချီးခံစားရနိုင်တယ်။ သင်ဟာ သင့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းကနေတစ်ဆင့် သခင်ယေရှုကို မြင်နိုင်တယ်။ ဒီလိုလူမျိုးဟာ ကောင်းချီးခံစားရပါတယ်။

……

သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးမှာ သူ့ရဲ့တပည့်တော်တွေကိုပြောတဲ့ စကားများ

ဒါက သံသယတွေနဲ့ ပြည့်နေတဲ့ သူတွေအပေါ် သခင်ယေရှုရဲ့ သဘောထားဖြစ်ပါတယ်။ ဒါဆိုရင် သခင်ယေရှုက သူ့ကို ရိုးရိုးသားသားယုံကြည်ပြီး သူ့နောက်ကိုလိုက်သူတွေကို ဘာပြောခဲ့သလဲ။ သူတို့အတွက် ဘာလုပ်ခဲ့သလဲ။ ဒါက သခင်ယေရှုက ပေတရုကို ပြောတဲ့အရာနဲ့ ပတ်သက်ပြီး ငါတို့နောက်ထပ် ကြည့်မယ့်အချက်ပါ။

ဒီစကားပြောဆိုခြင်းမှာ သခင်ယေရှုက ပေတရုကို ထပ်ခါထပ်ခါ မေးခဲ့တယ်။ “ ပေတရု သင်ငါ့ကိုချစ်သလား။” ဒါက သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေတရုလိုလူတွေ၊ ခရစ်တော်ကို အမှန်တကယ်ယုံကြည်ပြီး သခင်ကို ချစ်ဖို့ အစွမ်းကုန် ကြိုးစားတဲ့သူတွေဆီကနေ သခင်ယေရှုလိုအပ်တဲ့ ပိုမိုမြင့်မားတဲ့စံသတ်မှတ်ချက်တစ်ခုပါ။ ဒီမေးခွန်းက စူးစမ်းရှာဖွေခြင်းပုံစံမျိုး၊ စစ်ကြောမေးမြန်းခြင်းပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ဒါဟာ ပေတရုလိုလူတွေရဲ့ လိုအပ်ချက်နဲ့ မျှော်မှန်းချက်တွေဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှုစစ်ဆေးဖို့အတွက် ဒီလိုမေးတဲ့နည်းလမ်းကို သူ အသုံးပြုခဲ့ပါတယ်။ လူတွေအတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေကဘာလဲ။ သခင့်ကို ငါချစ်သလား။ ငါက ဘုရားသခင်ကို ချစ်တဲ့ လူတစ်ယောက်လား။ သခင်ယေရှုက ပေတရုကိုပဲ ဒီမေးခွန်းကိုမေးခဲ့ပေမဲ့ အမှန်တကယ်ကတော့ သူ့နှလုံးသားထဲမှာ ဘုရားသခင်ကို ချစ်ဖို့ အားထုတ်ကြိုးပမ်းသူတွေဖြစ်တဲ့ နောက်ထပ်လူတွေကို ဒီလိုမေးခွန်းကို မေးဖို့ ပေတရုကို မေးတဲ့အခွင့်အလမ်းကို သူအသုံးပြုချင်ခဲ့ပါတယ်။ ပေတရုဟာ ဒီလိုလူတွေရဲ့ ကိုယ်စားပြုအဖြစ် ပြုမူဖို့၊ သခင်ယေရှုကိုယ်တိုင်ရဲ့ နှုတ်ကနေ မေးခြင်းကို လက်ခံရရှိဖို့ ကောင်းချီးခံရတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သောမကို ပြောခဲ့တဲ့ “ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏” ဆိုတာနဲ့ ယှဉ်ကြည့်ရင် ပေတရုကို သုံးကြိမ်မေးတဲ့ “ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဆိုတာက သခင်ယေရှုရဲ့ သဘောထားရဲ့ လေးနက်မှု၊ သူမေးခွန်းထုတ်နေစဉ်မှာ သူခံစားရတဲ့ အရေးတကြီးဖြစ်မှုကို လူတွေကို ပိုပြီး ခံစားရစေပါတယ်။ သောမရဲ့ လိမ်လည်လှည့်ဖြားတတ်တဲ့ အကျင့်စရိုက်နဲ့ သံသယဝင်နေတဲ့သူ့အတွက်၊ သူ့လက်ကိုဆန့်ထုတ်ပြီး သူ့ရဲ့ သံရိုက်ရာတွေကို ထိကြည့်ဖို့ ခွင့်ပြုခဲ့ပြီး သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တဲ့လူသားဆိုတာကို သူ့ကို ယုံကြည်စေခဲ့ပြီး သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို ခရစ်တော်အဖြစ် အသိအမှတ်ပြုစေခဲ့တယ်။ သခင်ယေရှုဟာ သောမကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းမပြုသလို သူ့အတွက် ရှင်းလင်းတဲ့ တရားစီရင်မှုတစ်ခုခုကို နှုတ်ကနေ မဖော်ပြခဲ့ဘူး ။ သခင်ယေရှုဟာ သူ့ကို နားလည်တယ်ဆိုတာကို လက်တွေ့ လုပ်ဆောင်မှုတွေကနေတစ်ဆင့် သိစေခဲ့ပြီး ဒီလိုလူမျိုးအပေါ် သူ့ရဲ့ သဘောထားနဲ့ သံန္နိဋ္ဌာန်ကိုလည်း ပြသခဲ့ပါတယ်။ ဒီလိုလူမျိုးအပေါ် သခင်ယေရှုရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေဟာ သူပြောတဲ့အရာတွေကနေ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် သောမလိုလူတွေဟာ မှန်ကန်တဲ့ ယုံကြည်ခြင်းတစ်စတောင် တကယ်ပဲမရှိတာကြောင့်ပါ။ သူတို့အတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေက ဒီထဲမှာပဲ ရှိပါတယ်။ ဒါပေမဲ့ ပေတရုလိုလူတွေအပေါ် သူဖွင့်ပြတဲ့ သဘောထားက လုံဝ မတူပါဘူး။ ပေတရုကို သူ့လက်ကို ဆန့်ပြီး သူ့သံရိုက်ရာတွေကိုစမ်းဖို့ မလိုအပ်ခဲ့သလို ပေတရုကို “ ယုံမှားခြင်းမရှိနှင့်။ ယုံလော့” လို့လည်း မပြောခဲ့ဘူး။ ဒီလိုမဟုတ်ဘဲ သူဟာ ပေတရုကို ဒီမေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါမေးခဲ့တယ်။ ဒါဟာ ခရစ်တော်ရဲ့နောက်လိုက်တိုင်းကို နောင်တရစေမယ့်၊ ကြောက်ရွံ့စေမယ့်၊ သခင်ယေရှုရဲ့ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းတဲ့ စိတ်ခံစားမှုကိုလည်း ခံစားသိရှိစေရမယ့် စဉ်းစားစရာ အဓိပ္ပာယ်ပြည့်ဝတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ကြီးမားတဲ့ နာကျင်မှုတွေ၊ ဒုက္ခခံစားရခြင်းတွေ ဖြစ်တဲ့အခါမှာ သူတို့ဟာ သခင်ယေရှုခရစ်တော်ရဲ့ အလေးထားမှုနဲ့ သူ့ရဲ့ ဂရုစိုက်မှုကို ပိုပြီး နားလည်နိုင်လာကြတယ်။ သန့်စင်ပြီး ရိုးသားတဲ့လူတွေရဲ့ တင်းကြပ်တဲ့ လိုအပ်ချက်တွေနဲ့ သူ့ရဲ့လေးနက်တဲ့ ဆုံးမစကားတွေကို သူတို့ သိမြင်ကြတယ်။ သခင်ယေရှုရဲ့ မေးခွန်းဟာ ဒီရိုးရှင်းတဲ့စကားလုံးတွေထဲမှာ ဖွင့်ပြတဲ့ လူတွေအပေါ် သခင်ယေရှုရဲ့ မျှော်မှန်းချက်တွေဟာ သူ့ကို ယုံကြည်ပြီး သူ့နောက်လိုက်ရုံသက်သက်မဟုတ်ဘဲ ချစ်ခြင်းရှိဖို့၊ သင့်ရဲ့ သခင်ကို ချစ်ခြင်း၊ သင့်ဘုရားသခင်ကို ချစ်ခြင်းကို ရရှိဖို့ဖြစ်တယ်ဆိုတာကို လူတွေကို ခံစားရစေပါတယ်။ ဒီလိုအချစ်မျိုးဟာ ဂရုစိုက်ခြင်းနဲ့ နာခံခြင်းပါပဲ။ ဒါဟာ လူသားတွေက ဘုရားသခင်အတွက် အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် အသေခံခြင်း၊ ဘုရားသခင်အတွက် အရာအားလုံးကို နှစ်မြှုပ်ခြင်း၊ ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးခံပြီး ပေးအပ်ခြင်းတို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမျိုးဟာ ဘုရားသခင်ကို စိတ်သက်သာရာရမှုကိုလည်းပေးတယ်။ သူ့ကို သက်သေခံခြင်းကို နှစ်သက်ခံစားစေတယ်၊ သူ့ကို အနားယူစေတယ်။ ဒါဟာ ဘုရားသခင်အပေါ် လူသားမျိုးနွယ်ရဲ့ ပြန်လည်ပေးဆပ်ခြင်းဖြစ်တဲ့ သူတို့ရဲ့ တာဝန်ယူမှု၊ ဝတ္တရားနဲ့ လုပ်ဆောင်ရမယ့်တာဝန်တို့ဖြစ်ပြီး လူသားမျိုးနွယ်တို့ သူတို့ဘဝတစ်ခုလုံးမှာ လိုက်နာရမယ့် လမ်းဖြစ်ပါတယ်။ ဒီမေးခွန်းသုံးခုဟာ သခင်ယေရှု ပေတရုအပေါ် ပြုလုပ်တဲ့ လိုအပ်ချက်နဲ့ တိုက်တွန်းချက်တစ်ခုဖြစ်ပြီး လူအားလုံးကို စုံလင်စေပါလိမ့်မယ်။ ပေတရုကို သူ့အသက်တာလမ်းကြောင်းကို ဦးဆောင်ပြီး တွန်းအားပေးခဲ့တာက ဒီမေးခွန်းသုံးခုဖြစ်ပါတယ်။ ဒါဟာ သခင့်ရဲ့ နှလုံးသားကို ဂရုစိုက်ဖို့၊ သခင့်ကို နာခံဖို့၊ သခင့်ကို စိတ်သက်သာရာရခြင်းကို ပေးအပ်ဖို့၊ ဒီချစ်ခြင်းကြောင့် သူ့ဘဝတစ်ခုလုံးနဲ့ သူ့ခန္ဓာတစ်ခုလုံးကို ပေးအပ်ဖို့ သခင့်အတွက် သူ့ရဲ့ချစ်ခြင်းကြောင့် စုံလင်စေဖို့ဖြစ်တဲ့ ပေတရုရဲ့ လမ်းကြောင်းမှာ သူ့ကို အစပြုစေဖို့ ဦးဆောင်ခဲ့တဲ့၊ သူ့ကို ဦးဆောင်ခဲ့တဲ့ သခင်ယေရှုရဲ့ ခွဲခွာခြင်းအချိန်က မေးခွန်းတွေဖြစ်ပါတယ်။

ကျေးဇူးတော်ခေတ်ကာလအတွင်းမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ အဓိကအားဖြင့် လူအမျိုးအစားနှစ်မျိုးအတွက် ဖြစ်တယ်။ ပထမက သူ့ကိုယုံကြည်ပြီး သူ့နောက်လိုက်တဲ့သူ၊ သူ့ရဲ့ ပညတ်တော်တွေကို ထိန်းသိမ်းနိုင်သူ၊ လက်ဝါးကပ်တိုင်ကို ထမ်းနိုင်ပြီး ကျေးဇူးတော်ခေတ်ရဲ့ လမ်းဆီကို ကိုင်ဆောင်နိုင်တဲ့သူဖြစ်တယ်။ ဒီလူမျိုးဟာ ဘုရားသခင်ရဲ့ ကောင်းချီးကို ရရှိပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရမှာဖြစ်တယ်။ ဒုတိယလူအမျိုးအစားက ပေတရုလိုဖြစ်တယ်။ စုံလင်စေခြင်းခံရမယ့် သူမျိုး။ ဒါကြောင့် သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာ ပထမဆုံး ဒီသိပ်အဓိပ္ပာယ်ရှိလှတဲ့အရာနှစ်ခုကို အရင်ပြုလုပ်ခဲ့တယ်။ တစ်ခုက သောမအပေါ် ပြုခဲ့ပြီး တစ်ခုက ပေတရုအပေါ်ပြုခဲ့တယ်။ ဒီနှစ်ခုက ဘာကို ကိုယ်စားပြုသလဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ တကယ့်ရည်ရွယ်ချက်ကို ကိုယ်စားပြုသလား။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုကို ကိုယ်စားပြုသလား။ သောမကို သူပြုခဲ့တဲ့ လုပ်ဆောင်မှုဟာ သံသယမရှိဘဲ ယုံကြည်လိုက်ဖို့ လူတွေကို သတိပေးဖို့ဖြစ်တယ်။ ပေတရုကို သူပြုခဲ့တဲ့ လုပ်ဆောင်မှုဟာ ပေတရုလိုလူတွေရဲ့ ယုံကြည်မှုကို ခိုင်မာစေဖို့ဖြစ်ပြီး ဒီလိုလူမျိုးအတွက် ရှင်းလင်းတဲ့ လိုအပ်ချက်တွေ ပြုလုပ်ဖို့၊ သူတို့ ဘယ်ပန်းတိုင်နောက်ကို လိုက်သင့်တယ်ဆိုတာကို ပြသဖို့အတွက်ဖြစ်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ လိုအပ်တယ်လို့ သူထင်တဲ့ လူတွေဆီမှာ သူကိုယ်ထင်ပြခဲ့တယ်။ သူတို့နဲ့စကားပြောခဲ့ပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေကို ထားခဲ့ရင်း၊ လူတွေအပေါ် သူ့ရဲ့မျှော်မှန်းချက်တွေကို ထားခဲ့ရင်း သူတို့အတွက် သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းခဲ့တယ်။ ဆိုလိုတာကတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်အနေနဲ့ လူ့ဇာတိခံယူထားတဲ့ အချိန်အတွင်းမှာ ဖြစ်စေ၊ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာဖြစ်စေ၊ လူသားမျိုးနွယ်နဲ့ လူတွေအပေါ်ထားရှိတဲ့ သတ်မှတ်ချက်တွေအတွက် သူ့ရဲ့ အလေးထားမှုက မပြောင်းလဲပါဘူး။ သူဟာ လက်ဝါးကပ်တိုင်ပေါ် မရောက်ခင်မှာ ဒီတပည့်တော်တွေအတွက် စိုးရိမ်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခြေအနေက ရှင်းလင်းနေပါတယ်။ လူတိုင်းရဲ့ ချို့ယွင်းချက်တွေကို သူနားလည်တယ်။ သူသေပြီး ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သွားတော့လည်း လူ့ဇာတိမှာရှိတုန်းကလိုပဲ လူတိုင်းအပေါ် သူ့ရဲ့ နားလည်မှုက အတူတူပါပဲ။ လူတွေက သူ့ရဲ့ ဝိသေသလက္ခဏာကို ခရစ်တော်အနေနဲ့ လုံးဝ သေချာခြင်းမရှိဘူးဆိုတာကို သူသိခဲ့တယ်။ ဒါပေမဲ့ လူ့ဇာတိမှာရှိနေချိန်တုန်းက လူတွေအပေါ် သူတင်းကြပ်စွာ တောင်းဆိုမှုတွေ မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူတို့ရှေ့မှာ ကိုယ်ထင်ပြခဲ့ပြီး သခင်ယေရှုဟာ ဘုရားသခင်ဆီကနေလာတယ်ဆိုတာ၊ သူဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဆိုတာကို သူတို့ကို လုံးဝ သေချာအောင်ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို လူသားမျိုးနွယ်ရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုအတွက် အကြီးမားဆုံးမျှော်လင့်ချက်နဲ့ တွန်းအားအဖြစ် အသုံးပြုခဲ့တယ်။ သူ့ရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သူတွေ အားလုံးကို ခိုင်ခံ့စေခဲ့ရုံမကဘဲ ကျေးဇူးတော်ခေတ်ရဲ့ သူ့ရဲ့လုပ်ဆောင်မှုကို လူသားမျိုးနွယ်ကြားထဲမှာ သေသေချာချာ အကျိုးသက်ရောက်မှု ရှိစေခဲ့တာကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ကယ်တင်ခြင်းရဲ့ ဧဝံဂေလိတရားတော်ဟာ လူသားမျိုးနွယ်ရဲ့ နေရာအနှံ့ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့တယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သူ့ရဲ့ ကိုယ်ထင်ပြခြင်းက အဓိပ္ပာယ်တစ်ခုခုရှိတယ်လို့ သင်ဆိုမလား။ အဲဒီအချိန်မှာ သင်က သောမ သို့မဟုတ် ပေတရုဖြစ်ပြီး အဓိပ္ပာယ်သိပ်ရှိတဲ့ ဒီအရာကို သင်ကြုံတွေ့ခဲ့ရင် သင့်အပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိမလဲ။ သင့်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းအသက်တာမှာ အကောင်းဆုံးနဲ့ အကြီးမြတ်ဆုံးရူပါရုံပဲလို့ သင်မြင်မလား။ ဒါကို သင့်ရဲ့ ဘုရားသခင်နောက်ကိုလိုက်ခြင်း၊ သူ့ကိုဖြည့်ဆည်းပေးဖို့အတွက် အားထုတ်ကြိုးပမ်းခြင်း၊ သင့်အသက်တာမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကို အားထုတ်ကြိုးပမ်းခြင်းအတွက် တွန်းအားပေးတဲ့ စွမ်းအားအနေနဲ့ သင်မြင်မလား။ ဒီအကြီးမြတ်ဆုံး ရူပါရုံကို ဖြန့်ဝေဖို့အတွက် တစ်သက်လုံး အားစိုက်ထုတ်သွားမလား။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ဖြန့်ဝေခြင်းကို ဘုရားသခင်ဆီကနေ သင်လက်ခံတဲ့ တာဝန်တစ်ခုအဖြစ် ပြုလုပ်မလား။ သင်တို့က ဒါကို မကြုံတွေ့ဖူးပေမဲ့ သောမနဲ့ ပေတရုရဲ့ အဖြစ်အပျက်နှစ်ခုက အခုခေတ်လူတွေအတွက် ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဘုရားအပေါ် ရှင်းလင်းတဲ့ နားလည်ခြင်းကို ရရှိဖို့ လုံလောက်နေပါပြီ။ ဘုရားသခင်ဟာ လူ့ဇာတိဖြစ်ပြီးနောက်မှာ၊ လူသားမျိုးနွယ်နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို သူကိုယ်တိုင် ကြုံတွေ့ပြီးနောက်မှာ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်ခြင်းနဲ့ လူသားအသက်တာရဲ့ အခြေအနေကို သူမြင်ပြီးနောက်မှာ လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ အကူအညီမဲ့မှု၊ ဝမ်းနည်းမှုနဲ့ သနားစရာကောင်းမှုတို့ကို နက်နက်နဲနဲ ပိုပြီး ခံစားခဲ့ရတယ်။ ဘုရားသခင်ဟာ လူ့ဇာတိနဲ့ နေထိုင်စဉ်မှာ သူ့ရဲ့ လူသားဆန်မှုကြောင့် လူ့ဇာတိမှာရှိတဲ့ သူ့ရဲ့ ဗီဇစိတ်ကြောင့် လူသားရဲ့ အခြေအနေအတွက် ပိုပြီး ကြင်နာသနားခြင်းတွေ ရှိခဲ့ပါတယ်။ ဒီအချက်က သူ့နောက်လိုက်တွေအတွက် ပိုမိုကြီးမားတဲ့ ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါတွေက သင်တို့နားမလည်နိုင်တဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သူ့နောက်လိုက်တစ်ယောက်ချင်းစီတိုင်းအတွက် ဘုရားသခင်ရဲ့ စိုးရိမ်မှုနဲ့ ဂရုစိုက်မှုကို ပြင်းထန်တဲ့ ပူပန်မှုဆိုတဲ့ စကားစုနဲ့ ငါဖော်ပြနိုင်ပါတယ်။ ဒီဝေါဟာရက လူသားရဲ့ ဘာသာစကားကနေ လာတာဖြစ်ပေမဲ့၊ သိပ်လူသားဆန်တဲ့ စကားစုဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ နောက်လိုက်တွေအတွက် သူ့ရဲ့ ခံစားချက်ကို တကယ်ကို ဖော်ပြပြီး ရှင်းလင်းပြပါတယ်။ လူသားတွေအတွက် ဘုရားသခင်ရဲ့ပြင်းထန်တဲ့ ပူပန်မှုအတွက် သင်တို့ရဲ့အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်မှာ သင်ဒါကို တဖြည်းဖြည်း ခံစားရမှာဖြစ်ပြီး မြည်းစမ်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက သင်တို့ကိုယ်တိုင်ရဲ့ စိတ်သဘောထားပြောင်းလဲမှုနောက်ကိုလိုက်ခြင်းရဲ့ အခြေခံအချက်အပေါ်မှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို တဖြည်းဖြည်းနားလည်ခြင်းအားဖြင့်သာ ရရှိနိုင်ပါတယ်။ သခင်ယေရှုရဲ့ ကိုယ်ထင်ပြခြင်းဟာ လူသားမျိုးနွယ်မှာရှိတဲ့ သူ့ရဲ့နောက်လိုက်တွေအတွက် ပြင်းထန်တဲ့ ပူပန်မှုကို ရုပ်လုံးထင်စေခဲ့ပြီး အဲဒီအရာကို သူ့ရဲ့ ဝိညာဉ်ခန္ဓာကို လွှဲပြောင်းပေးခဲ့တယ် သို့မဟုတ် သူ့ရဲ့ ဘုရားသဘောသဘာဝကို လွှဲပြောင်းပေးခဲ့တယ်လို့ သင်တို့ဆိုနိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ထင်ပြမှုဟာ ခေတ်တစ်ခုကို ဖြစ်ပေါ်စေတာ၊ ခေတ်တစ်ခုကို တည်ဆောက်တာဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို စွမ်းအားကြီးစွာ သက်သေပြရင်းနဲ့ ဘုရားသခင်ရဲ့ ပူပန်မှုနဲ့ ဂရုစိုက်မှုကို လူတွေ နောက်ထပ် တွေ့ကြုံခံစားရစေပါတယ်။ နောက်ပြီး ခေတ်တစ်ခုကို အဆုံးသတ်တဲ့သူဟာ သူပါပဲ။ သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် လူတွေအားလုံးရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ ဒီအချက်က သူ့နောက်လိုက်တွေကို ထာဝရ အတည်ပြုချက်ကို ပေးခဲ့တယ်။ သူ့ရဲ့ကိုယ်ထင်ပြခြင်းကနေ တစ်ဆင့် ခေတ်သစ်မှာ သူ့အလုပ်ရဲ့ အဆင့်တစ်ခုကိုလည်း စတင်ခဲ့တယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

XXX