လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည် (အပိုင်း ၁)
အောက်ပါအချက်များက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်သည့် “နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဖြစ်သည်။ ယောန ဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင်၊ ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင့်အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ မခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့၏ အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။

ဘုရားသခင်က နိနေဝေမြို့သားများအပေါ် သူ၏နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါ သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့သည် အရေခြုံဗန်းပြတစ်ခု ဖြစ်သလော။ မည်သို့ဖြစ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အခြေအနေတစ်ခုတည်းကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းနေစဉ်တွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ရပ်ကြား ပြောင်းလဲခြင်းက ဘာကိုပြသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ပြည့်ဝစုံလင်၏။ စိတ်ပိုင်းထားခြင်း လုံးဝမရှိပေ။ သူ့အနေဖြင့် လူတို့အပေါ်၌ ဒေါသကို ပြနေသည်ဖြစ်စေ၊ သနားကရုဏာနှင့် သည်းခံခြင်းကို ပြနေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ချက်ချာပြီး အထင်းသားမြင်သာကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ သူ၌ ပဓာနကျသည့် စိတ်ကူးများလည်း မရှိဟူသတတ်။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ အမှန်တရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြလိမ့်မည်။ ခြင်္သေ့တစ်ကောင်၏ အမျက်ဒေါသအပြင် မိခင်တစ်ဦး၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သူ့ကိုမျှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အမှုအရာများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြနိုင်သည်။ သူသည် ဤရှုထောင့်များကို ဖန်ဆင်းခြင်း၏ နေရာတိုင်းတွင် အသက်ပါစွာ ဖော်ပြပြီး ၎င်းတို့ကို အချိန်တိုင်းတွင် အသက်ပါတက်ကြွမှုဖြင့် အကောင်အထည်ဖော်၏။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အချိန်၊ သို့မဟုတ် နေရာတို့၏ ဘောင်ခတ်သတ်မှတ်ချက်များအရ စက်ယန္တရားဆန်ဆန် ဖော်ပြခြင်းလည်း မဟုတ်၊ ထုတ်ဖော်ခြင်းလည်း မဟုတ်ဘဲ ထိုအစား အချိန်တိုင်း နေရာတိုင်း၌ ပကတိလွတ်လပ်မှုဖြင့် ထုတ်ဖော်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲပြီး သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို ရပ်တန့်ကာ နိနေဝေမြို့အား မဖျက်ဆီးဘဲ စိတ်ချုပ်တည်းလိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်သည် သနားကရုဏာ၊ မေတ္တာနှင့်သာ ပြည့်စုံသည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသတွင် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် ပြင်းထန်သည့် အမျက်ဒေါသဖြင့် ဒေါသူပုန်ထပြီး သူ၏သနားကရုဏာကို ရုပ်သိမ်းလိုက်သောအခါ လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဟု သင်ဆိုနိုင်သလော။ လူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် ဤအမျက်ဒေါသကို ဘုရားသခင်ဖော်ပြ၏။ သူ၏အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တကြောင့် တို့ထိခံရသည်။ သူ၏နှလုံးသားကို ပြောင်းလဲစေသည်မှာလည်း ဤနောင်တပင် ဖြစ်သည်။ သူတို့ထိခံရသည့်အခါ၊ သူ၏နှလုံးသားပြောင်းလဲသည့်အခါ၊ ထို့ပြင် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသသည့်အခါ ဤအရာအားလုံးသည် လုံးလုံးလျားလျား ခြောက်ပြစ်ကင်း၏။ ၎င်းတို့သည် သန့်ရှင်း၍ ဖြူစင်ကာ ပြစ်မျိုးမှဲ့မထင်ဖြစ်ပြီး အရောအနှောကင်း၏။ ဘုရားသခင်၏ သနားကရုဏာက သနားကရုဏာမှလွဲ၍ အခြားဘာမျှ မဟုတ်သကဲ့သို့ ဘုရားသခင်၏ သည်းခံခြင်းသည်လည်း သည်းခံခြင်းသက်သက်သာဖြစ်သည်။ လူသား၏နောင်တနှင့် လူသားအပြုအမူ၏ အပြောင်းအလဲများနှင့်အညီ သူ၏စိတ်သဘောထားသည် အမျက်ဒေါသ၊ သို့မဟုတ် သနားကရုဏာနှင့် သည်းခံမှုတို့ကို ထုတ်ဖော်ပြ၏။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ထုတ်ဖော်ပြီး ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပြီး တိုက်ရိုက်ဖြစ်သည်။ သူ၏အနှစ်သာရသည် မည်သည့်ဖန်ဆင်းခံမဆို၏အနှစ်သာရနှင့် ကွဲပြား၏။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်များ၏အောက်ခြေရှိ အခြေခံမူများကို ဖော်ပြသည့်အခါ ၎င်းတို့သည် ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ ကင်း၏၊ ထို့ပြင် သူ၏အတွေးများ၊ စိတ်ကူးများအပြင် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူပြုသည့် လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းများကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ့လုပ်ငန်းများ၏ရလဒ်များက မှန်ကန်ပြီး ပြောစရာမရှိသည်မှာ ၎င်းတို့၏ အရင်းအမြစ်က ချို့ယွင်းချက်ကင်းပြီး အပြစ်အနာအဆာကင်းသည့် အကြောင်းရင်းအတိအကျကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ အလားတူပင် မည်သည့်ဖန်ဆင်းခံမျှ မပိုင်သည့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့သည်လည်း သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကာ တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သည်။
နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ အခြားဘက်ကို သင်တို့မြင်ကြသလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ ဤစိတ်သဘောထားမျိုးကို လူသားမျိုးနွယ်ထဲ၌ ပိုင်ဆိုင်သောသူရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည့် ဤအမျက်ဒေါသမျိုးကို ပိုင်ဆိုင်သောသူ ရှိသလော။ ဘုရားသခင်ပိုင်ဆိုင်သော အရာဖြစ်သည့် သနားကရုဏာနှင့် သည်းခံခြင်းကို ပိုင်ဆိုင်သောသူ ရှိသလော။ ဖန်ဆင်းခံများထဲမှ မည်သူက ထိုမျှလောက် ကြီးမားသော အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးရန်၊ သို့မဟုတ် ဘေးဒုက္ခကျရောက်စေရန် ဆုံးဖြတ်နိုင်သနည်း။ ထို့ပြင် လူသားအပေါ် သနားကရုဏာကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် ထိုသို့အားဖြင့် လူသားကိုဖျက်ဆီးရန် ယခင်ကဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းများနှင့် စည်းမျဉ်းများမှတစ်ဆင့် ဖော်ပြသည်။ လူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများ၏ ထိန်းချုပ်မှုကိုသော်လည်းကောင်း၊ ကန့်သတ်မှုများကိုသော်လည်းကောင်း သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားကြောင့် သူ၏အတွေးများနှင့် စိတ်ကူးများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဖျောင်းဖျပြီး သူ၏ဆုံးဖြတ်ချက် တစ်ခုတလေကို ပြောင်းလဲစေရန်လည်း မည်သူမျှမလုပ်နိုင်ပေ။ ဖန်ဆင်းခံများ၏ အပြုအမူနှင့် အတွေးများအားလုံးသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၏ တရားစီရင်မှုအောက်၌ တည်ရှိသည်။ အမျက်ဒေါသကို သူကျင့်သုံးမည်လော၊ သနားကရုဏာကို သူကျင့်သုံးမည်လောဆိုသည်ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရပါက ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာလျှင် ၎င်းကို ဆုံးဖြတ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိသည့် သဘာဝဖြစ်သည်။
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်း၌ တွေ့ရသည့် သနားကရုဏာကို ဖော်ပြဖို့ရန် “အတုမရှိ” ဟူသည့်စကားလုံးကို သင်တို့အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာဖြစ်သည့် ရှုထောင့်နှစ်ခုကို သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် ငါအဓိပ္ပာယ်ဖွင့်ဆိုမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းသည်။ ယင်းသည် ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသကဲ့သို့ မည်သူမဆိုက မေးခွန်းထုတ်ခြင်းကိုလည်း သည်းမခံပေ။ ၎င်းသည် ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ မပိုင်ဆိုင်သည့် အရာဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်လည်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ပုန်ကန်ပြစ်မှား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အခြားရှုထောင့်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားကရုဏာသည် သန့်ရှင်းပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်ပေ။ ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို ဘုရားသခင်က သူဖြစ်မြောက်ရန် ရည်ရွယ်သည့်အရာအား လုပ်ဆောင်ရာတွင် သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်း၌၊ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်း၌ မည်သူကမျှ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အောက်ပါအချက်များက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်သည့် “နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဖြစ်သည်။ ယောန ဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏...
လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များ ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။...
နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးကျူးခြင်းကို ရယူနိုင်ခဲ့သည် နိနေဝေဘုရင်က ဤသတင်းကိုကြားသည့်အခါ သူ၏ရာဇပလ္လင်မှ ထပြီး...