လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များ
ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမြင်တွေ့စေရန် သူ၏လုပ်ဆောင်ချက်များကို မကြာခဏ ပြသသောကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခဲယဉ်းသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏အတွေးများ၊ သူ၏စိတ်ကူးများ၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်ပြသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် လူသားကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်မှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် မျက်စိစုံမှိတ် ထင်ရသည့်အကြောင်းရင်းမှာ သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသကဲ့သို့ ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ လူသားသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...အရင်းအတိုင်းပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏အားနေသောအချိန်ကိုသာ အသုံးပြုပါက၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ပွင့်လင်းပြီး မြင်သာကြောင်း ထိုသူအနေဖြင့် သဘောပေါက်ရန် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။ အလားတူပင် ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေကြောင်း၊ သူသည် လူသားအပြင် အရာခပ်သိမ်းနှင့် အမြဲတမ်း စကားစမြည်ပြောနေကြောင်း၊ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေကြောင်းတို့ကို သဘောပေါက်ရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် အရာခပ်သိမ်းတွင် တည်ရှိ၏။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟု သူသည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်၏၊ သူ၏မျက်နှာထားမှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် ဘယ်သောအခါမျှ ထွက်ခွာမသွား၊ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ၏ဂရုတစိုက်ပူပန်ခြင်းနှင့် အထူးချစ်ခင်ကြင်နာခြင်းကိုလည်းကောင်း၊ လူသားအတွက် သူ၏စစ်မှန်သော အလေးထားမှုနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း နိနေဝေမြို့ကို သူကယ်တင်သောအခါ၌ တစ်စပြီးတစ်စ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြား ခွန်းတုံ့ဖလှယ်ခြင်းက မိမိကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ကြင်နာယုယမှုကို ပြည့်စုံစွာဖော်ထုတ်ပြခဲ့သည်။ ဤနှုတ်ကပတ်တော်များအားဖြင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ခံစားချက်များကို နက်ရှိုင်းစွာ သင်နားလည်သဘောပေါက်နိုင်သည်...
အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်။ “ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို မြတ်နိုးတန်ဖိုးထားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါ မြတ်နိုးတန်ဖိုးထားသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ပူပန်မှုနှင့် လူသားမျိုးနွယ်အား လက်လျှော့ရန် သူ၏ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ဖန်ဆင်းခံများအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် ခံစားချက်များကို ဤနှုတ်ကပတ်တော်များက ဖော်ပြသည်။ ဤနှုတ်ကပတ်တော်များသည် လူသားတို့ ကြားရခဲသော ပြည့်စုံရှင်းလင်းသည့် ဘာသာစကားမျိုးဖြင့် ဘုရားသခင်က လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို သူဆက်ဆံသည့် သဘောထားဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် သူ၏အတွေးများနှင့် သူ၏စိတ်သဘောထားတို့ ရှိကြ၏။

ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အဘယ်သို့သော အတွေးများကို ထုတ်ဖော်ထားသနည်း။ အသေးစိတ်ဖတ်ရှုမည်ဆိုပါက ဘုရားသခင်သည် “မြတ်နိုးတန်ဖိုးထား” ဟူသည့် စကားလုံးကို သုံးထားကြောင်း သတိပြုမိဖို့ မခဲယဉ်းပေ၊ ဤစကားလုံးကို သုံးနှုန်းထားခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို ပြသသည်။
တိုက်ရိုက်အဓိပ္ပာယ်အဆင့်တွင် လူတို့သည် “မြတ်နိုးတန်ဖိုးထား” ဟူသည့် စကားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်နိုင်သည်။ ပထမအနေဖြင့် “ချစ်ခြင်းနှင့် ကာကွယ်ပေးခြင်း၊ တစ်စုံတစ်ခုအပေါ် ကြင်နာယုယမှု ခံစားခြင်း” ကို ဆိုလို၏၊ ဒုတိယအနေဖြင့် “လွန်စွာချစ်ခြင်း” ကို ဆိုလိုကာ၊ နောက်ဆုံးအနေဖြင့် “တစ်စုံတစ်ခုကို နာကျင်စေရန် ဆန္ဒမရှိရုံသာမက ထိုသို့မပြုရက်ခြင်း” ကို ဆိုလိုသည်။ အတိုချုပ်အားဖြင့် ဤစကားလုံးက နူးညံ့သိမ်မွေ့သော ချစ်ခင်ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ တစ်စုံတစ်ဦး၊ သို့မဟုတ် တစ်စုံတစ်ခုအား လက်လျှော့ရန် ဆန္ဒမရှိခြင်းကိုလည်းကောင်း ညွှန်းဆိုသည်၊ ယင်းက လူသားအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို ညွှန်းဆိုသည်။ ဘုရားသခင်သည် လူသားတို့ကြားထဲတွင် အများပြောနေကျ ဤစကားကို သုံးနှုန်းခဲ့သော်လည်း ယင်းကို သူပြောဆိုသည့်အခါတွင် လူသားမျိုးနွယ်အပေါ် သူ၏စိတ်နှလုံး အသံတော်နှင့် သူ၏ သဘောထားကို လုံးလုံးလျားလျား ဖွင့်ဟပြလေသည်။
နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ကောက်ကျစ်ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏နောင်တက ဘုရားသခင်၏နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို သူတို့၏သဘောထားပုံက သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်ထံ သူတို့၏ ရိုးသားသော နာခံခြင်းနှင့် သူတို့၏အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော မြတ်နိုးတန်ဖိုးထားခြင်းကို နောက်တစ်ကြိမ် ပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်နှင်းအပ်ပေးသောအရာနှင့် လူသားမျိုးနွယ်အတွက် သူ၏ မြတ်နိုးတန်ဖိုးထားခြင်းကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်ပေ၊ ဘုရားသခင်၏ သနားကရုဏာ၊ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သော ခံစားချက်များကိုဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်နိုင်ချေ။ မြင့်မားသောအဆင့်မှဆိုပါက ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမကဲ့သို့ ပြောဆိုမည့်သူ၊ သို့တည်းမဟုတ် အမြင့်ဆုံးအဆင့်မှဆိုပါက လူသားမျိုးနွယ်၊ သို့မဟုတ် ဖန်ဆင်းခံများအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်မည့် ကြီးမြတ်သော လူယောက်ျား၊ သို့မဟုတ် လူမိန်းမ၊ သို့တည်းမဟုတ် အာဂလူဟုပင် သင်မှတ်ယူသည့်လူ တစ်စုံတစ်ယောက် ရှိသလော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို မိမိလက်ဖဝါးကဲ့သို့ သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် မည်သူသည် ဝန်တာထားကာ တာဝန်ယူနိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူသည် အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူသည် အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့ မြတ်နိုးတန်ဖိုးထားသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဖြစ်၏။ ဖန်ဆင်းရှင်သာ ဤလူသားမျိုးနွယ်အပေါ် ကြင်နာသော ချစ်ခြင်းကို ခံစားရ၏။ ဖန်ဆင်းရှင်သာ ဤလူသားမျိုးနွယ်အပေါ် ကြင်နာသော ချစ်ခင်တွယ်တာမှုပြ၏။ ဖန်ဆင်းရှင်သာ ခွဲဖို့ခက်သော ဤလူသားမျိုးနွယ်အပေါ် စစ်မှန်သော ချစ်ခင်တွယ်တာမှုထား၏။ ထိုနည်းတူပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင်းအပ်နိုင်ကာ မိမိ၏ဖန်ဆင်းခံများအားလုံးကို မြတ်နိုးတန်ဖိုးထားနိုင်သည်။ သူ၏နှလုံးသားသည် လူသား၏လုပ်ရပ်တစ်ခုစီတိုင်းဖြင့် တို့ထိခံစားရ၍ လူသား၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် ဒေါသထွက်ကာ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တ၊ ယုံကြည်လက်ခံမှုနှင့် ကျိုးနွံနာခံမှုတို့အပေါ် သူသည် ကျေနပ်အားရပြီး ဝမ်းမြောက်ကာ စိတ်နှလုံးပြောင်းလဲ၍ ကြည်နူးလေသည်။ သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်တည်နေ၍ လူသားကို ဗဟိုပြုနေသည်၊ လူသားမျိုးနွယ်အတွက် အလုံးစုံသာလျှင် သူ၏ဖြစ်ခြင်းနှင့် အရာအားလုံးကို ဖော်ပြ၏၊ သူ၏စိတ်ခံစားချက်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ တစ်စမကျန် တိတ်တိတ်ဆိတ်ဆိတ် အသုံးခံပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...သူသည် မိမိကိုယ်တိုင်၏အသက်ကို တန်ဖိုးထားရကောင်းမှန်း မည်သည့်အခါမျှ မသိခဲ့ပေ၊ သို့တိုင်အောင် သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အစဉ်သဖြင့် မြတ်နိုးတန်ဖိုးထားခဲ့သည်။...သူသည် ဤလူသားမျိုးနွယ်အတွက် သူ၌ရှိသမျှအားလုံးကို ပေးအပ်သည်။...သူသည် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ အကြွင်းမဲ့ချပေးသည်။ လူသားမျိုးနွယ်က သူ့မျက်စိရှေ့တွင်လည်းကောင်း၊ သူ၏အသက်ထောက်ပံ့ခြင်း အောက်တွင်လည်းကောင်း ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ပြုလုပ်သည်။ လူသားမျိုးနွယ်အနေဖြင့် တစ်နေ့တွင် သူ၏ရှေ့မှောက်၌ အရှုံးပေးအပ်နှံကာ၊ သူသာလျှင် လူသား၏ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ပံ့ပိုးပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။
ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် သူ၏စစ်မှန်သော ခံစားချက်များကို ဖော်ပြသည်
ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ဤစကားစမြည်ပြောခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြချက်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ တစ်ဖက်တွင် မိမိ၏သြဇာအာဏာအောက်၌ ရှိကြကုန်သော ဖန်ဆင်းရာအားလုံးအပေါ် ဖန်ဆင်းရှင်၏ နားလည်ခြင်းကို လူတို့အား ၎င်းက အသိပေးသည်။ ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်ဖြစ်၏၊ “များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါ မြတ်နိုးတန်ဖိုးထားသင့်သည် မဟုတ်လောဟု။” တစ်နည်းဆိုရလျှင် နိနေဝေမြို့အပေါ် ဘုရားသခင်၏ နားလည်ခြင်းမှာ သာမန်ကာလျှံကာကိစ္စထက် ကျော်လွန်သည်။ (လူများနှင့် ခြံမွေးတိရစ္ဆာန်များအပါအဝင်) မြို့အတွင်း၌ရှိသော သက်ရှိအရာများ၏ အရေအတွက်ကို သူသိခဲ့ရုံမက၊ မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ၊ အတိအကျဆိုရလျှင် ကလေးငယ်များနှင့် လူငယ်များ အဘယ်မျှလောက် ရှိသည်ကိုလည်း သူသိခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပြည့်စုံသော နားလည်ခြင်းကို ပြသည့် ခိုင်လုံသောသက်သေပင်ဖြစ်သည်။ တစ်ဖက်တွင် ဤစကားစမြည်ပြောခြင်းက လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထား၊ တစ်နည်းဆိုရလျှင် ဖန်ဆင်းရှင်၏ နှလုံးသားထဲတွင်ရှိသည့် လူသားမျိုးနွယ်အတွက် ကြီးလေးသောတာဝန်ကို လူတို့အား အသိပေးသည်။ ယေဟောဝါဘုရားသခင်က ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို မြတ်နိုးတန်ဖိုးထားခြင်း ရှိပေ၏။... နိနေဝေမြို့ကြီးကို ငါ မြတ်နိုးတန်ဖိုးထားသင့်သည် မဟုတ်လော...။” ဤသည်မှာ ယောနအပေါ် ယေဟောဝါဘုရားသခင်၏ ပြစ်တင်စကားများ ဖြစ်သော်လည်း အားလုံးမှန်ပေသည်။
နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်သကဲ့သို့ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များကိုလည်း သူနားမလည်ခဲ့ပေ။ လူသားမျိုးနွယ်သည် သူ့ကိုယ်ပိုင်လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုထားကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို မိမိတို့၏ပခုံးများထက်တွင် သယ်ပိုးထားကြကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ထောက်ပံ့မှုကို အကျိုးခံစားခဲ့ကြကြောင်းကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် အပတ်တကုတ် အားထုတ်ရသည့် အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်၏။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို မြတ်နိုးတန်ဖိုးထားသလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူသားမျိုးနွယ်ကို မြတ်နိုးတန်ဖိုးထားကြောင်းကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ လူသားမျိုးနွယ်ကို ပေါ့ပေါ့တန်တန် စွန့်ပစ်မည် မဟုတ်ပေ၊ အထူးသဖြင့် မြို့အတွင်း၌ ကလေးငယ်များနှင့် အပြစ်မဲ့ ခြံမွေးတိရစ္ဆာန်များ အမြောက်အမြား ရှိခဲ့သောကြောင့်ဖြစ်သည်။ မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကိုပင် မခွဲခြားနိုင်ကြသူများဖြစ်သည့် ဤငယ်ရွယ်၍ မသိနားမလည်သော ဖန်ဆင်းခံလူသားများကို ကိုင်တွယ်ဖြေရှင်းသောအခါ ဘုရားသခင်သည် ထိုသို့အလျင်စလိုနည်းဟန်မျိုးဖြင့် သူတို့၏အသက်များကို အဆုံးသတ်ပြီး သူတို့၏ရလဒ်များကို အဆုံးအဖြတ်ပေးခြင်းငှာ ပို၍ပင် မတတ်နိုင်ခဲ့ချေ။ ဘုရားသခင်သည် သူတို့ကြီးပြင်းလာသည်ကို မြင်တွေ့ရန် မျှော်လင့်သည်၊ သူတို့သည် သူတို့၏လူကြီးသူမများကဲ့သို့ တူညီသည့် လမ်းကြောင်းများအတိုင်း မလျှောက်မည့်အကြောင်း၊ သူတို့သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နောက်ထပ်ပြန်ကြားစရာ မလိုမည့်အကြောင်း၊ ထို့ပြင် သူတို့သည် နိနေဝေ၏အတိတ်ကို သက်သေခံကြမည့်အကြောင်း ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ထက်ပို၍ နောင်တရပြီးသား နိနေဝေမြို့ကို မြင်တွေ့ရန်၊ နောင်တရပြီးနောက် နိနေဝေမြို့၏ အနာဂတ်ကို မြင်တွေ့ရန်၊ ပိုအရေးကြီးသည်မှာ နိနေဝေမြို့သည် ဘုရားသခင်၏ သနားကရုဏာအောက်တွင် နောက်ထပ်တစ်ဖန် အသက်ရှင်သည်ကို မြင်တွေ့ရန် ဘုရားသခင်မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် မိမိတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကို မခွဲခြားနိုင်သော ထိုဖန်ဆင်းခံလူသားများသည် နိနေဝေ၏အနာဂတ်ပင် ဖြစ်ကြသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နိနေဝေမြို့၏ အတိတ်နှင့်အနာဂတ်ကို သက်သေခံရမည့် အရေးကြီးသောတာဝန်ကို သူတို့ထမ်းပိုးထားရမည် ဖြစ်သကဲ့သို့ နိနေဝေ၏ စက်ဆုပ်ဖွယ်ကောင်းသော အတိတ်ကိုလည်း သူတို့ထမ်းပိုးရမည်ဖြစ်သည်။ သူ၏စစ်မှန်သော ခံစားချက်များကို ဤသို့ကြေညာရာ၌ ယေဟောဝါ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဖန်ဆင်းရှင်၏ သနားကရုဏာကို အလုံးစုံတင်ပြခဲ့သည်။ ယင်းက “ဖန်ဆင်းရှင်၏ သနားကရုဏာ” သည် အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်သကဲ့သို့ ပေါ့တန်သော ကတိတစ်ခုလည်းမဟုတ်ကြောင်း လူသားမျိုးနွယ်ကို ပြခဲ့သည်၊ ယင်းတွင် ခိုင်လုံသော အခြေခံမူများ၊ နည်းလမ်းများနှင့် ရည်မှန်းချက်များ ပါရှိသည်။ ဘုရားသခင်သည် မှန်ကန်၍ စစ်မှန်ပြီး မုသားများနှင့် အယောင်ဆောင်မှုများကို မသုံးပေ၊ ထို့ပြင် ဤနည်းအတိုင်းပင် သူ၏ သနားကရုဏာကို အချိန်တိုင်း၊ ခေတ်ကာလတိုင်းရှိ လူသားမျိုးနွယ်အပေါ် အဆုံးမရှိ ပေးအပ်ထားသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် ယောနနှင့် ဖန်ဆင်းရှင်၏ အပြန်အလှန်စကားပြောခြင်းသည် လူသားမျိုးနွယ်ကို သူအဘယ်ကြောင့်သနားကရုဏာပြပုံ၊ လူသားမျိုးနွယ်ကို သူမည်သို့ကရုဏာပြပုံ၊ လူသားမျိုးနွယ်အပေါ် သူမည်မျှသည်းခံပုံတို့အပြင် လူ့လောကအတွက် သူ၏စစ်မှန်သော ခံစားချက်များနှင့်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သီးသန့်နှုတ်ထွက်ထုတ်ပြန်ချက်ပင် ဖြစ်သည်။ ဤအပြန်အလှန်စကားပြောစဉ်တွင် ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းကျသော နှုတ်ကပတ်တော်များက လူသားမျိုးနွယ်နှင့်ပတ်သက်သည့် သူ၏ ပြည့်စုံသော အတွေးများကို ဖော်ပြသည်၊ ဤသည်မှာ လူသားမျိုးနွယ်အပေါ် သူ့နှလုံးသားသဘောထား၏ စစ်မှန်သော ဖော်ပြချက်ပင် ဖြစ်သည်၊ ထို့ပြင် ဤသည်မှာ လူ့လောကအပေါ် သူ၏ကြွယ်ဝသော သနားကရုဏာပေးအပ်ခြင်း၏ ခိုင်လုံသော သက်သေလည်း ဖြစ်လေသည်။ သူ၏သနားကရုဏာကို လူသားမျိုးနွယ်၏ ရှေးမျိုးဆက်များအပေါ်ကိုသာ နှင်းအပ်ပေးထားခြင်း မဟုတ်ပေ၊ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်သို့ ပြုနေကျအတိုင်းပင် ငယ်ရွယ်သော လူသားမျိုးနွယ်ဝင်တို့ကိုလည်း ပေးသနားထားသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသားမျိုးနွယ်၏ အချို့နေရာများနှင့် အချို့ခေတ်ကာလတို့တွင် မကြာခဏ ကျရောက်တတ်သော်လည်း၊ ဘုရားသခင်၏ သနားကရုဏာမှာမူ ဘယ်သောအခါမျှ ရပ်စဲမသွားဖူးပေ။ သူသည် ဖန်ဆင်းခံများဖြစ်သည့် မျိုးဆက်တစ်ခုပြီးနောက်တစ်ခုကို သူ၏သနားကရုဏာနှင့်အတူ လမ်းညွှန်ပြီးဦးဆောင်သည်၊ ပြီးလျှင် ဖန်ဆင်းခံလူသားများ၏ မျိုးဆက်တစ်ခုပြီး နောက်တစ်ခုကို ထောက်ပံ့ပြီး အာဟာရဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လူ့လောကအပေါ် သူ၏စစ်မှန်သော စိတ်ခံစားမှုများမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။ “...ငါ မြတ်နိုးတန်ဖိုးထားသင့်သည် မဟုတ်လောဟု မိန့်တော်” ဟု ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင်ဖန်ဆင်းရာကို အမြဲ မြတ်နိုးတန်ဖိုးထားလာခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားဆိုင်ရာ သနားကရုဏာဖြစ်ပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်း အပြည့်အဝလည်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)