လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည် (အပိုင်း ၂)

20.10.2019

နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးကျူးခြင်းကို ရယူနိုင်ခဲ့သည်

နိနေဝေဘုရင်က ဤသတင်းကိုကြားသည့်အခါ သူ၏ရာဇပလ္လင်မှ ထပြီး သူ၏ဝတ်လုံကို ချွတ်၍ လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လိုက်သည်။ ထို့နောက် မြို့ထဲရှိ မည်သူကမျှ ဘာကိုမျှ မမြည်းရ၊ သိုးများကိုဖြစ်စေ၊ နွားများကိုဖြစ်စေ၊ အခြားခြံမွေးတိရစ္ဆာန်များကိုဖြစ်စေ အစာမကျွေး၊ ရေမတိုက်ရဟု သူကြေညာခဲ့သည်။ လူဖြစ်စေ၊ ခြံမွေးတိရစ္ဆာန်ဖြစ်စေ လျှော်တေအဝတ်ကို ဝတ်ကြပြီး လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြရန် သူကြေညာခဲ့သည်။ လူတိုင်းသည် မိမိတို့၏ ဆိုးယုတ်သောလမ်းများကို ရှောင်ပြီး မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်ပစ်ဖို့ရန်လည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံး နက်ရှိုင်းရာထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။ မိမိ၏ရာဇပလ္လင်ပေါ်မှ ထခြင်း၊ မိမိ၏ဘုရင်ဝတ်လုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာထဲ၌ ထိုင်နေခြင်းစသည့် နိနေဝေဘုရင်ပြုလုပ်ခဲ့သည့် လုပ်ရပ်တသီတသန်းကြီးက သူသည် မိမိ၏တော်ဝင်ဂုဏ်ဒြပ်ကို ဘေးဖယ်ထားပြီး သာမန်ပြည်သူများနှင့်အတူ လျှော်တေအဝတ်ကို ဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါဘုရားသခင်ထံမှ ကြေညာချက်ကို ကြားပြီးနောက် သူ့လက်ထဲရှိ သူ၏ဆိုးယုတ်သောလမ်း၊ သို့မဟုတ် အဓမ္မအမှုကို ဆက်လုပ်ဖို့ သူ၏တော်ဝင်နေရာကို မယူထားခဲ့ပေ။ စင်စစ်အားဖြင့် သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန်အုပ်စိုးခံတစ်ယောက်အနေနှင့် သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုမျှမက သူပြုခဲ့သည့်ပုံစံအတိုင်း ယေဟောဝါဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် တစ်မြို့လုံးကို သူပြောခဲ့သည်။ ထို့ပြင် သူ့ထံ၌ မည်သို့လုပ်မည်ဆိုသည့် သတ်သတ်မှတ်မှတ် အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာထဲ၌ မြင်ရသည့်အတိုင်းပင်ဖြစ်သည်။ “လူဖြစ်စေ၊ သားရဲတိရစ္ဆာန် ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှ လည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” မြို့ကို အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် အမြင့်ဆုံးသော ဂုဏ်ဒြပ်နှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့် ဘယ်အရာကိုမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါ သူသည် ဤကိစ္စကို လျစ်လျူရှု၍ ရနိုင်သည်၊ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲရှိလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ သူ့အနေဖြင့် ထိုကိစ္စကို လုံးဝလျစ်လျူရှု၍ ရနိုင်ခဲ့သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူသည် မိမိ၏ရာဇပလ္လင်မှ ထ၍ ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ယေဟောဝါဘုရားသခင်ရှေ့၌ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့ရုံသာမကဘဲ မြို့ထဲရှိလူတို့နှင့် ခြံမွေးတိရစ္ဆာန်များ အားလုံးကိုလည်း ထိုကဲ့သို့လုပ်ရန် သူအမိန့်ထုတ်ခဲ့သည်။ “ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။” ဟူ၍ပင် လူတို့ကို သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်တသီတသန်းအားဖြင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။ သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊ စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤလုပ်ရပ်များကို လူ့သမိုင်း၌ မကြုံစဖူးသည့်အရာများဟု ခေါ်ဆိုနိုင်ပြီး ၎င်းတို့သည် လူသားမျိုးနွယ်၏ အမှတ်ရခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။ လူ့သမိုင်းအစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံရန်နှင့် ဆန့်ကျင်ရန်အတွက် မိမိတို့၏အုပ်စိုးခံလူများကို ဦးဆောင်ခဲ့သည်။ မိမိတို့၏ ဆိုးညစ်မှုအတွက် ရွေးနုတ်ခြင်းကို ရှာဖွေကာ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့အလို့ငှာ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးရန် မည်သူကမျှ မိမိတို့၏အုပ်စိုးခံလူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်ကမူ သူ၏အုပ်စိုးခံလူများကို ဘုရားသခင်ထံ လှည့်ပြန်ဖို့၊ မိမိတို့၏ သက်ဆိုင်ရာ ဆိုးယုတ်သောလမ်းများကို ထားခဲ့ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ရာဇပလ္လင်ကိုလည်း ဘေးချိတ်ထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် စိတ်ပြောင်းသွားပြီး နောင်တရခဲ့ကာ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့သားတို့ကို အသက်ရှင်ခွင့်ပေး၍ ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့၏။ ဘုရင်ကြီး၏ လုပ်ဆောင်ချက်များကို လူ့သမိုင်းထဲ၌ ရှားပါးသည့် ဆန်းကြယ်မှုဟူ၍ သေချာပေါက် ဆိုနိုင်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ထံတွင် မိမိတို့၏အပြစ်များကို နောင်တရခြင်းနှင့် ဝန်ခံခြင်းတို့၏ စံပြတစ်ခုဟုပင် အမှန်တကယ် မှတ်ယူနိုင်လေသည်။

နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းရှိ စစ်မှန်သည့် နောင်တကို ဘုရားသခင်မြင်၏

ဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက် နိနေဝေဘုရင်နှင့် သူ၏အုပ်စိုးခံလူများသည် လုပ်ဆောင်ချက်တသီတသန်းကြီး ပြုလုပ်ခဲ့သည်။ သူတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ သဘောတရားက အဘယ်နည်း။ တစ်နည်းပြောရလျှင် သူတို့အပြုအမူအလုံးစုံ၏ အနှစ်သာရက အဘယ်နည်း။ သူတို့လုပ်ခဲ့သည့်အရာကို သူတို့ဘာကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်၏အမြင်တွင် သူတို့သည် စစ်မှန်စွာ နောင်တရခဲ့ကြသည်။ သူတို့အနေဖြင့် ဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်ကို ဝန်ခံပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့ခြင်းကြောင့်သာမဟုတ်ဘဲ သူတို့၏ ဆိုးညစ်သည့်အပြုအမူကိုလည်း စွန့်ပစ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် သူတို့သည် အလွန့်အလွန် ကြောက်လန့်သွားကြပြီး ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို ယုံကြည်ခဲ့ကြ၍ ဤအတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာထဲ၌ ထိုင်ခြင်းအားဖြင့် သူတို့၏လမ်းများကို ပြန်လည်ပြုပြင်ရန်နှင့် ဆိုးညစ်မှုမှ ရှောင်ကြဉ်ရန် သူတို့ဆန္ဒရှိခြင်းကို ပြလိုခဲ့ကြသည်။ မိမိ၏ဒေါသကို ချုပ်တည်းပေးပါရန် ယေဟောဝါဘုရားသခင်ထံ သူတို့ဆုတောင်းခဲ့ကြပြီး သူ၏ဆုံးဖြတ်ချက်နှင့် သူတို့အပေါ်ကျရောက်လာမည့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းပေးပါရန် သူ့ကို သူတို့တောင်းပန်တိုးလျှိုးခဲ့ကြ၏။ သူတို့၏အပြုအမူအားလုံးကို ငါတို့ဆန်းစစ်ကြည့်ပါက သူတို့၏ ယခင်က ဆိုးညစ်သည့်လုပ်ရပ်များကို ယေဟောဝါဘုရားသခင်က စက်ဆုပ်သည့်အကြောင်း သူတို့နားလည်ခဲ့သည်ကို ငါတို့မြင်နိုင်သည်၊ ထို့ပြင် ယေဟောဝါဘုရားသခင်အနေဖြင့် မကြာမီတွင် သူတို့ကို အဘယ်ကြောင့်ဖျက်ဆီးမည်ဆိုသည့် အကြောင်းရင်းကို သူတို့နားလည်ခဲ့ကြောင်းလည်း ငါတို့မြင်နိုင်သည်။ ဤအကြောင်းကြောင့် သူတို့အားလုံးသည် အပြည့်အဝနောင်တရဖို့၊ မိမိတို့၏ ဆိုးယုတ်သော လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲမှ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို သူတို့သိလိုက်သည်နှင့် သူတို့တစ်ယောက်ချင်းစီတိုင်းသည် မိမိတို့၏နှလုံးသားများထဲ၌ အကြောက်တရားကို ခံစားခဲ့ကြရသည်။ သူတို့၏ ဆိုးညစ်သော အပြုအမူကို ရပ်ဆိုင်းခဲ့ကြပြီး ယေဟောဝါဘုရားသခင် စက်ဆုပ်သည့် ထိုလုပ်ရပ်များကို ဆက်မကျူးလွန်တော့ချေ။ ထို့ပြင် သူတို့၏ အတိတ်က အပြစ်များကို ခွင့်လွှတ်ပေးပါရန်နှင့် သူတို့၏အတိတ်က လုပ်ရပ်များအရ သူတို့ကို မဆက်ဆံပါရန် ယေဟောဝါဘုရားသခင်ကို သူတို့တောင်းပန်တိုးလျှိုးခဲ့သည်။ ယေဟောဝါဘုရားသခင်ကို နောက်တစ်ခါ ဘယ်တော့မျှ ဒေါသမထွက်စေနိုင်မည်ဆိုလျှင် ဆိုးညစ်မှုကို ဘယ်တော့မျှ မလုပ်တော့ရန်နှင့် ယေဟောဝါဘုရားသခင်၏ ညွှန်ကြားချက်များအရ ပြုမူရန် သူတို့ဆန္ဒရှိနေခဲ့ကြသည်။ သူတို့၏နောင်တက စစ်မှန်ပြီး ပြည့်စုံမှုရှိသည်။ ထိုနောင်တက သူတို့၏အတွင်းနှလုံးသားထဲမှလာပြီး ပရိယာယ်ကင်းသကဲ့သို့ ယာယီလည်း မဟုတ်ပေ။

ဘုရင်မှစ၍ အရပ်သူအရပ်သားများအထိ နိနေဝေမြို့သားအားလုံးသည် ယေဟောဝါဘုရားသခင်က သူတို့ကို ဒေါသထွက်နေကြောင်း သိသွားသည်နှင့် သူတို့၏ နောက်ဆက်တွဲလုပ်ရပ်တစ်ခုချင်းစီတိုင်းနှင့် သူတို့၏အပြုအမူအလုံးစုံအပြင် သူတို့ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုတိုင်းကို ဘုရားသခင်က ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား တွေ့နိုင်ခဲ့သည်။ ဘုရားသခင်၏ နှလုံးသားသည် သူတို့၏ အပြုအမူအရ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်၏ စိတ်အခြေအနေက မည်သို့ရှိခဲ့သနည်း။ သမ္မာကျမ်းစာက ဤမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်သည်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်ပါသည်။ “သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” (ယောနဝတ္ထု ၃:၁၀) ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သော်လည်း သူ၏စိတ်အခြေအနေနှင့် ပတ်သက်၍ ရှုပ်ထွေးခြင်း မရှိခဲ့ပေ။ သူသည် သူ၏ဒေါသကို ဖော်ပြခြင်းမှ သူ့ဒေါသကို ငြိမ်းစေခြင်းသက်သက်ပင်ဖြစ်သည်။ ထို့နောက် နိနေဝေမြို့အပေါ် ကပ်ဘေးကျရောက်အောင် မလုပ်ရန် သူဆုံးဖြတ်ခဲ့သည်။ နိနေဝေမြို့သားများကို ကပ်ဘေးမှ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်သည့် ဘုရားသခင်၏ ဆုံးဖြတ်ချက်က အလွန်မြန်ဆန်လှသည့် အကြောင်းရင်းမှာ ဘုရားသခင်သည် နိနေဝေမြို့သားတိုင်း၏ နှလုံးသားကို စောင့်ကြည့်ခဲ့သည့်အတွက်ဖြစ်သည်။ မိမိတို့၏အပြစ်များအတွက် သူတို့၏ စစ်မှန်သော နောင်တရခြင်းနှင့် ဝန်ခံခြင်း၊ သူ့အပေါ် သူတို့၏ စစ်မှန်သည့် ယုံကြည်ခြင်း၊ သူ၏စိတ်သဘောထားကို သူတို့၏ဆိုးသွမ်းသည့် လုပ်ရပ်များက မည်ကဲ့သို့ဒေါသထွက်စေခဲ့ပုံကို သူတို့၏နက်နဲသည့် သိနားလည်ခြင်းနှင့် ယေဟောဝါဘုရားသခင်ပေးမည့် ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့ခြင်းတို့ဖြစ်သည့် သူတို့၏ အတွင်းနှလုံးသားထဲ၌ ကိုင်စွဲထားကြသည့်အရာများကို သူမြင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် ဆက်၍ဒေါသမထွက်ပါမည့်အကြောင်း သူ့ကို တောင်းပန်တိုးလျှိုးနေသည့် သူတို့၏နှလုံးသားအတွင်းထဲမှလာသော သူတို့၏ဆုတောင်းသံများကိုလည်း ယေဟောဝါဘုရားသခင်က ကြားခဲ့သည်။ ဤအချက်အားလုံးကို ဘုရားသခင်က ကြည့်ရှုလေ့လာသည့်အခါ သူ၏ဒေါသများက တစ်စပြီးတစ်စ ပျောက်ကွယ်သွားခဲ့သည်။ ယခင်က သူ၏ဒေါသသည် မည်မျှပင်ကြီးပါစေ ဤလူတို့၏ နှလုံးသားအတွင်းထဲရှိ စစ်မှန်သည့် နောင်တကို သူမြင်သည့်အခါ သူ၏နှလုံးသားသည် တို့ထိခံရသဖြင့် သူတို့အပေါ် ဘေးဒုက္ခကျရောက်အောင် မလုပ်ရက်တော့ဘဲ သူတို့အပေါ် ဒေါသထွက်နေခြင်းကို ရပ်တန့်လိုက်သည်။ ထိုအစား သူတို့အား သူ၏သနားကရုဏာနှင့် သည်းခံမှုကို ဆက်လက်၍ ကမ်းလှမ်းပေးခဲ့ပြီး သူတို့ကို ဆက်လက်လမ်းညွှန်ကာ ထောက်ပံ့ပေးခဲ့သည်။

ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းက စစ်မှန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်း၌ တွန့်ဆုတ်ခြင်း၊ သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ စင်စစ်အားဖြင့် ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်၏။ ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်တို့၌ မပြတ်သားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ မည်သည့်အခါမျှမရှိပေ။ သူ၏လုပ်ဆောင်ချက်များနောက်က အခြေခံမူများနှင့် ရည်ရွယ်ချက်များအားလုံးသည် ရှင်းလင်းပြီး ပွင့်လင်းမြင်သာ၏၊ သန့်စင်ပြီး ခြောက်ပြစ်ကင်း၏။ အတွင်း၌ လှည့်ကွက်များ၊ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရထဲ၌ အမှောင်ထုသော်လည်းကောင်း၊ ကောက်ကျစ် ဆိုးယုတ်ခြင်းသော်လည်းကောင်း မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးညစ်သည့် လုပ်ရပ်များက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေမြို့သားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပင် ဖြစ်နေသေး၏။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်း၌ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ထို့ပြင် ဘုရားသခင်၏ မေတ္တာကရုဏာနှင့်ပြည့်စုံသော အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးညစ်သည့် လုပ်ရပ်များကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါ သူ့ဒေါသကို သူတို့အပေါ် ကျရောက်စေလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ၏ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီးဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်စဲလိမ့်မည် မဟုတ်ဘဲ သူ၏အမျက်ဒေါသသည် ထိုသူတို့ဖျက်ဆီးခံရသည့်အထိ တစ်စပြီးတစ်စ သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က ဖော်ပြသည့်အရာနှင့် သူ၏စိတ်သဘောထား ထုတ်ဖော်ခြင်းများသည် မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ဘုရားသခင်၏ အမျက်ဒေါသဖြစ်ပါစေ၊ သို့မဟုတ် သူ၏သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ဖြစ်ပါစေ၊ ယင်းသည် လူတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အပြုအမူတို့အပြင် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ စိတ်အတွင်းပိုင်းထဲမှ ၎င်းတို့၏ သဘောထားအပေါ် မူတည်လေ၏။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ဤလူ့အနေဖြင့် တစ်ခါမျှ အမှန်တကယ် နောင်တရဖူးခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့၌ ဦးညွှတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုကို ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိခြင်းဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှု၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို မကြာခဏလက်ခံရရှိလျှင် ဤလူ၏နှလုံးသား၌ ဘုရားသခင်ကို စစ်မှန်သည့်ယုံကြည်ခြင်းရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်အား မဆန့်ကျင်သည်ကို ယုံမှားဖွယ်ရာမရှိပေ။ ဤသူသည် ဘုရားသခင်ရှေ့၌ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်သို့ မကြာခဏ သက်ရောက်လျှင်ပင် သူ၏အမျက်ဒေါသက ကျရောက်မည် မဟုတ်ပေ။

ဤမှတ်တမ်းအကျဉ်းက လူတို့အား ဘုရားသခင်၏ နှလုံးသားကို မြင်စေသည်၊ သူ့အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်စေသည်၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏ ရည်ရွယ်ချက်များပြောင်းလဲခြင်းများသည် အကြောင်းမဲ့သက်သက် မဟုတ်ကြောင်းကို လူတို့အား မြင်စေသည်။ ဒေါသနှင့် သည်းခံခြင်းဟူသည့် ဘုရားသခင့်အနှစ်သာရ၏ ဤရှုထောင့်နှစ်ခုကြားတွင် ကြီးမားသည့် ကွာဟမှု၊ သို့မဟုတ် ခြားနားမှုတစ်ခုရှိသည်ဟု လူတို့ကို ယုံကြည်စေသောအရာဖြစ်သည့် စိတ်ဆိုးချိန်နှင့် နှလုံးသားပြောင်းလဲချိန်တွင် ဘုရားသခင်ထုတ်ဖော်ပြသခဲ့သည့် သိသာသော ကွဲပြားမှုရှိသော်လည်း နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင့်စိတ်သဘောထားအမှန်၏ အခြားတစ်ဖက်ကို လူတို့အား မြင်စေသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု၏ အမှန်တရားကို လူသားမျိုးနွယ်အား နောက်တစ်ကြိမ်မြင်စေပြီး ဘုရားသခင့်အနှစ်သာရ၏ ထုတ်ဖော်ချက်အမှန်ကိုလည်း မြင်စေသည်။ ဘုရားသခင်၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့သည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများလည်း မဟုတ်ကြောင်းကို လူသားမျိုးနွယ်က အသိအမှတ်ပြုရုံသာရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်ပြီး ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းက မှန်ကန်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားကရုဏာနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့သည်။

နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားကရုဏာကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်

ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက အဘယ်အရာဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ဖော်ပြထားသည့် အရာတစ်ခုဖြစ်သည်။ “လူတိုင်းက မိမိတို့၏ဆိုးယုတ်သည့်လမ်းကို ရှောင်သည်” ဆိုခြင်းနှင့် “မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်” ဆိုခြင်းတို့ဖြစ်သည်။

ဤ “ဆိုးယုတ်သည့်လမ်း” က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူပေါက်ဖွားလာသည့် ဆိုးယုတ်သည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ “မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ကြံရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ “မိမိလက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်” ဆိုသည့်အထဲ၌ “စွန့်လွှတ်” ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းအမျိုးမျိုးအပြင် သူတို့၏နှလုံးသားထဲရှိ မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ၏နှလုံးသားကို ပြောင်းလဲစေဖို့၊ သူ၏ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့၊ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့သည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို သူတို့ပြန်လည်ရွေးနုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့ကို ရယူနိုင်ခဲ့၏၊ ထိုအချိန်တွင် ဘုရားသခင်က သူ၏အမျက်ဒေါသကိုလည်း ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည် (အပိုင်း ၃)

ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ၊ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က...

လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည် (အပိုင်း ၁)

အောက်ပါအချက်များက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်သည့် “နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဖြစ်သည်။ ယောန ဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏...

လူသားမျိုးနွယ်သည် စစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုကို ရယူနိုင်သည် (အပိုင်း ၄)

လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ စစ်မှန်သော ခံစားချက်များ ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။