မယုံကြည်သူတစ်ဦး ဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ၎င်းတို့က ထင်ရှားပြသည့်နည်းလမ်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ။” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော။” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည်ဟု ပြောပြီး ဘုရားသခင်အတွက် ချီးမွမ်းခြင်းစကားများ ပြောဆိုသောသူများစွာ ရှိသည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မချစ်ကြသကဲ့သို့ သမ္မာတရားကို စိတ်မဝင်စားကြချေ။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ စာတန်၏ ဒဿနအမြင်များနှင့် အပြင်လောက၏ အယူဝါဒအမျိုးမျိုးဖြင့် ၎င်းတို့အသက်ရှင်မှသာ ၎င်းတို့ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြမည်ဟု ထင်မြင်ယူဆကြကာ၊ ဤကဲ့သို့ အသက်ရှင်ခြင်းသည်သာ ဤလောကထဲတွင် ၎င်းတို့၏ အသက်တာများကို တန်ဖိုးရှိစေလိမ့်မည်ဟု အမြဲထင်မြင်ယူဆကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူ တစ်စုံတစ်ဦး ဖြစ်သလော။ ကျော်ကြားသည့်၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ဆိုရိုးစကားများအားလုံးသည် အထူးသဖြင့် ဒဿနိကဆန်ပြီး၊ လူတို့ကို အထူးသဖြင့် လှည့်ဖြားနိုင်စွမ်းရှိကြသည်။ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောထားပြီး နီတိများအဖြစ် သင်လိုက်နာသော်လည်း၊ ရိုးသားသော လူတစ်ဦးဖြစ်ဖို့၊ သင်၏ကိုယ်ပိုင်၊ သတ်မှတ်ထားသည့် နေရာကို လုံးဝတွယ်ကပ်ပြီး ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ကာ၊ တည်ကြည်ခိုင်မာမြဲဖြစ်နေဖို့ သင့်ကို တောင်းဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သာမန်အဖြစ်ဆုံးသော နှုတ်ကပတ်တော်များနှင့် ပတ်သက်လာသည့်အခါ- သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောမထားပါက၊ သင်သည် ဘုရားသခင်၏ နောက်လိုက် မဟုတ်ပေ။ သူ၏နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု သင်ပြောကောင်းပြောနိုင်သော်လည်း၊ ဘုရားသခင်က သင့်အား သမ္မာတရားအတွက် မရမနေ တိုက်တွန်းပြီး၊ “မည်သည့်အရာကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်လက်တွေ့လုပ်ဆောင်သည့် နှုတ်ကပတ်တော်များကို မည်သူပြောဆိုခဲ့သနည်း။ သင်လိုက်နာစောင့်ထိန်းသည့် ကိုယ်ကျင့်တရားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း” ဟု မေးလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအခြေခံအကြောင်းရင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ပါက၊ ယင်းသည် စာတန်၏စကားများ ဖြစ်သည်။ သင်အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စကားများဖြစ်သော်လည်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု သင်ပြောနေဆဲဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်က လူတို့အနေဖြင့် ရိုးသားသင့်သည်ဟု ပြောသော်လည်း၊ ရိုးသားခြင်းတွင် မည်သည့်အရာ ပါဝင်သည်၊ ရိုးသားမှုကို မည်သို့လက်တွေ့လုပ်ဆောင်သင့်မည်၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာများထဲမှ မည်သည့်အရာက မရိုးသား၊ မည်သည့်အရာက ရိုးသားသည်ဆိုသည်တို့ကို မတွေးဆသောသူများ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သမ္မာတရား၏ အနှစ်သာရကို မချင့်ချိန်မစဉ်းစားကြဘဲ၊ မယုံကြည်သူများ၏ စာအုပ်များကို ရှာကာ ယင်းကို ဖတ်ရှုပြီးနောက် ၎င်းတို့က၊ “ဤသည်တို့မှာ ကောင်းမွန်သော စကားများဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များထက်ပင် ကောင်းသည်။ ‘မာယာကင်းသောလူများ အမြဲအောင်မြင်သည်’- ယင်းမှာ ဘုရားသခင်ပြောခဲ့သည့်အရာနှင့် တူညီသည် မဟုတ်လော။ ဤအရာသည်လည်း သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဤစကားများကို လိုက်နာကြသည်။ ဤစကားများကို ၎င်းတို့လိုက်နာကြသည့်အခါ၊ မည်သည့်အရာကို ၎င်းတို့အသက်ရှင်နေထိုင်ကြသနည်း။ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ကြသလော။ ထိုသို့သောလူများ များစွာရှိသလော။ ၎င်းတို့သည် အသိပညာအနည်းငယ် ရရှိကြသည်၊ စာအုပ်အနည်းငယ်ဖတ်ကြပြီး ထိုးထွင်းသိမြင်မှုအနည်းငယ် ရရှိကြကာ၊ ကျော်ကြားသည့် ဆိုရိုး၊ သို့မဟုတ် လူသိများသည့် ဆိုရိုးစကားအချို့ကို ၎င်းတို့ကြားကြပြီး ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားကြလေသည်။ ၎င်းတို့သည် ဤစကားများအတိုင်း ပြုမူဆောင်ရွက်ကြပြီး ယင်းတို့ကို ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် ၎င်းတို့၏အသက်တာများအဖို့ ကျင့်သုံးကြကာ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ လှည့်စားမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ လှည့်ကွက်ဖြစ်သည် မဟုတ်လော။ ယင်းသည် ပြစ်မှားစော်ကားမှု ဖြစ်၏။ လူတို့ထဲတွင် ဤအရာများစွာရှိ၏။ ၎င်းတို့သည် နှစ်လိုဖွယ်ဖြစ်ပုံရသည့်၊ မှန်ကန်ပုံရသည့် လူတို့၏အယူဝါဒများကို သမ္မာတရားအလား လိုက်နာစောင့်ထိန်းကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးတစ်ဖက်တွင်ထားပြီး ယင်းတို့ကို အလေးဂရုမပြုသကဲ့သို့၊ အကြိမ်မည်မျှ ၎င်းတို့ဖတ်ရှုကြသည်ဖြစ်စေ၊ ယင်းတို့ကို နှလုံးမသွင်းကြပေ၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောမထားကြချေ။ ထိုသို့လုပ်ဆောင်သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ထိုသို့သော လူတစ်ဦးသည် ဘာသာတရား၌ ယုံကြည်ပေသည်။ ၎င်းတို့သည် စာတန်နောက်လိုက်ကြသည်။ စာတန်ပြောဆိုသည့် စကားများတွင် ဒဿနအမြင်ရှိသည်၊ ဤစကားလုံးများ၌ နက်နဲသော အဓိပ္ပာယ်ရှိသည်၊ ယင်းတို့သည် ကျမ်းဂန်ဖြစ်သည်၊ အမြော်အမြင်ရှိသော ဆိုရိုးစကားများဖြစ်ပြီး၊ အခြားမည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်ပါစေ၊ ဤစကားလုံးများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဘေးဖယ်ထား၍မရနိုင်ဟု ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်ကြလေသည်။ ၎င်းတို့အဖို့ ထိုသို့လုပ်ဆောင်ခြင်းသည်၊ ၎င်းတို့၏အသက်ကို ဆုံးရှုံးခြင်းကဲ့သို့၊ သို့မဟုတ် ၎င်းတို့၏နှလုံးသား ကော်ထုတ်ခံလိုက်ရခြင်းကဲ့သို့ ဖြစ်ပေမည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်နောက်လိုက်သော လူတစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် အသိစိတ် ခံစားချက်တစ်ခု ရှိ၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင် လုပ်သမျှအားလုံး မှန်ကန်ပြီး လူသားအဖို့ အကျိုးကျေးဇူး ရှိကြောင်းကို ၎င်းတို့ ယုံကြည်ကြ၏။ ၎င်းတို့သည် အမှားတစ်စုံတစ်ရာလုပ်မိပြီး သမ္မာတရားကို ချိုးဖောက်မိပါက၊ ၎င်းတို့၏ အတွင်းစိတ်နှလုံး နက်ရှိုင်းသော နေရာတွင် အပြစ်တင်ခြင်း၊ အကြွေးတင်ရှိခြင်းနှင့် မချိတင်ကဲဝေဒနာ ခံစားချက် တစ်ခုကို ၎င်းတို့ ခံစားရသည်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သူတို့ အတွက်မူ၊ ၎င်းတို့၌ အသိစိတ်ခံစားချက်တစ်ခု ရှိမရှိ ဆိုသည့်မေးခွန်ကို ဘေးဖယ်ထားပြီး၊ ပထမဦးစွာ ဘုရားသခင်၏ တည်ရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားအကြောင်းကို ပြောကြစို့။ နံပါတ်တစ်အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်မှာ အဘယ်နည်း။ “ဘုရားသခင် တည်ရှိသည်ဟု သင်တို့ ပြောကြသည်- သို့သော် ဘုရားသခင် အဘယ်မှာနည်း။ သူ့ကို ငါ မမြင်ရ။ ဘုရားသခင် တစ်ပါးရှိသည် မရှိသည်ကို ငါမသိ။ သူ့ကို ယုံကြည်သော သူတို့က ရှိသည်ဟု ပြောကြသည်၊ မယုံကြည်သောသူတို့က မရှိဟု ပြောကြသည်။” ယင်းမှာ ၎င်းတို့၏ အမြင်ဖြစ်သည်။ သို့သော် ထပ်၍ဆင်ခြင်သုံးသပ်ရာတွင် ၎င်းတို့က “ဤလူများအားလုံးက သူ့ကို ယုံကြည်ကြပြီး သူ့အဖို့ သက်သေခံကြသည်၊ ထို့ကြောင့် ဘုရားသခင် ရှိကောင်းရှိနိုင်သည်။ ထိုသို့ဖြစ်သည်ဟု ငါထင်၏။ ရှိပါလျှင်၊ ငါသည် တစ်ပတ်ရိုက်ကာ ကောင်းချီးမင်္ဂလာ ခံစားရပြီးဖြစ်လိမ့်မည်။ မှန်ကန်သော စွန့်စားမှုကို ငါ ပြုလုပ်ပြီးဖြစ်လိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ကံစမ်းလျက်၊ စွန့်စားလျက်၊ ရေလိုက်ငါးလိုက်သာ ရှိကြလေသည်။ ထိုအရာက ၎င်းတို့ကို တစ်ခုတစ်လေ ဆုံးရှုံးနစ်နာစေမည်ကို ၎င်းတို့ မတွေးကြချေ။ ယင်းမှာ ဘုရားသခင် တည်ရှိခြင်း ရှိမရှိဆိုသည့်အပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်ဖြစ်သည်။ ဘုရားသခင် တစ်ပါးရှိသည် မရှိသည်ကို ၎င်းတို့ မပြောနိုင်ကြသကဲ့သို့၊ သူ အတိအကျ အဘယ်မှာတည်ရှိသည် သို့မဟုတ် များလှစွာသော လူတို့၏ သက်သေခံချက်က မှန်သည် မှားသည်ဆိုသည်မှာ သူတို့အဖို့ မရှင်းလင်းပေ။ ၎င်းတို့၏ စိတ်ထဲတွင်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိ၏။ ၎င်းတို့ မသေချာ နိုင်ကြသောကြောင့် သံသယပွားကြလေသည်။ ပြီးလျှင် ထိုသို့သော သံသယပွားခြင်း နှင့် မသေချာမှုတို့နှင့်အတူ၊ ဘုရားသခင်က သမ္မာတရားကို ပြောဆိုပြီး ဖော်ပြသည့်အခါ သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ ခံယူကြပါသလော။ ရံဖန်ရံခါ၊ သိချင်စိတ်ပြင်းပြခြင်းဖြင့် ၎င်းတို့ နားထောင်ကောင်း နားထောင်ကြလိမ့်မည်၊ တစ်ခဏမျှ ထိုအရာတို့ကို တွေးဆပြီး ထိုသို့ လုပ်ဆောင်ပြီး သောအခါ ၎င်းတို့က၊ “ဤစကားများသည် သမ္မာတရားလော။ ၎င်းတို့၌ တန်ခိုးနှင့် အာဏာရှိသည်ဟု ဆိုကြ၏- ယင်းကို ကျွန်ုပ် အဘယ်ကြောင့် မကြားရသနည်း သို့မဟုတ် အဘယ်ကြောင့် မခံစားရသနည်း။ သိရသရွေ့၊ ၎င်းတို့က လူတို့ကို ပြောင်းလဲပေးနိုင်သည်- သို့ဆိုလျှင် ၎င်းတို့က အဘယ်ကြောင့် ငါ့ကို မပြောင်းလဲ သေးသနည်း။ ငါသည် စားခြင်းနှင့် အိပ်ခြင်းကို နှစ်သက်ဆဲဖြစ်သည်။ ယခင်အတိုင်းပင် ငါသည် စိတ်တိုတတ်ပြီး၊ မည်သည့်အရာကိုမျှ သာ၍ စွမ်းဆောင်နိုင်ခြင်း ရှိမလာသေးပေ။ အဆင်းနီသော နဂါးကြီးက သူ၏ နှိပ်စက်ညှဉ်းပန်းမှု ဘေးသင့်စေသည့်အခါ ငါ ကြောက်နေဆဲဖြစ်သည်။ ငါသည် မဟာလူသား ဖြစ်မလာသေးပေ။ အဆိုအရတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ အပြုသဘောဆောင်သောအရာ ဆိုသည်မှာ အဘယ်နည်း။ ယင်းက လူတို့အနေဖြင့် ကောင်းမြတ်ပြီး ရိုးသားကြဖို့ရန် တောင်းဆိုခြင်းလော။ ရိုးသားသော လူများသည် လူနုံလူအများဖြစ်၏။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ လူတို့ကို စေခိုင်းထား၏။ ဆိုလိုသည်မှာ သင် မကောင်းမှု လုပ်သည့်အခါ၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းရမည်၊ မိမိကိုယ်ကိုယ် ချုပ်ချယ်ထားရမည်ဖြစ်ပြီး မကောင်းသော အရာများကို မလုပ်ဆောင်ရပေ- လူမည်မျှက ယင်းကို လုပ်ဆောင်နိုင်သနည်း။ လူသား၏ သဘာဝမှာ မကောင်းသောအရာများကို လုပ်ဆောင်ဖို့၊ တစ်ကိုယ်ကောင်းဆန်ဖို့ဖြစ်သည်။ မိမိကိုယ်သာ မိမိကိုးကွယ်ရာဖြစ်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်။ ဤလောကထဲတွင် မည်သူမျှ မိမိကိုယ်ကိုယ်မှလွဲ၍ မည်သူ့ကိုမျှ မစဉ်းစားကြပေ။ သင်၏ ကံကြမ္မာသည် သင့်လက်ထဲတွင် ရှိသည်။ ပျော်ရွှင်မှုအတွက် ကြိုးပမ်းဖို့မှာ သင့်သဘောဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကြပါက၊ လောကလူတို့သည် ခြိုးခြံသော အကျင့်ရှိသည့် ဘုန်းကြီးများနှင့် သီလရှင်များ ဖြစ်သွားကြလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် ရှင်သန်ခြင်း၌ အဘယ်အရာသည် ပျော်ရွှင်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။” ဟု တွေးကြသည်။ ဤသည်မှာ သမ္မာတရား အပေါ် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းသောနေရာက သဘောထား ဖြစ်သည် မဟုတ်လော။ “လူတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မကြိုးပမ်း၊ မရုန်းကန်ပါက၊ ချမ်းသာကြွယ်ဝမှုနှင့် အသိအမှတ်ပြုခြင်းတို့အတွက် ၎င်းတို့ အသက်မရှင်ကြပါက ဘဝသည် မည်သည့်အဓိပ္ပါယ်ရှိလိမ့်မည်နည်း။” ယင်းမှာ ထိုသို့သောလူများ၊ မယုံကြည်သူများ၏ အမြင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအပေါ် မယုံကြည်သူများ၏ သဘောထားဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် တန်းတူမဟုတ်သကဲ့သို့ သမ္မာတရားသည် အသက်တာနှင့် တန်းတူမဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများအတွင်း နက်ရှိုင်းသောနေရာထဲတွင် သမ္မာတရားကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ စဉ်းစားကြသနည်း။ ၎င်းတို့ကို သဘာဝလွန် ဖြစ်စေသော အရာတစ်စုံတစ်ခု၊ ၎င်းတို့ကို အစွမ်းသတ္တိများပေးနိုင်ပြီး ပါရမီရှိစေနိုင်သော အရာတစ်စုံတစ်ခု၊ ၎င်းတို့ကို ရုပ်ပိုင်းဆိုင်ရာ အကျိုးပြုသည့်အရာ၊ ၎င်းတို့၏ ဘဝများကို သာ၍ ပျော်ရွှင်စေနိုင်သောအရာ၊ ၎င်းတို့ကို အကြီးမားဆုံး ဖြစ်နိုင်သမျှ အကျိုးဖြစ်စေ နိုင်သော အရာတစ်စုံတစ်ခု ဖြစ်သည့် သမ္မာတရားပင် ဖြစ်သည်။ ၎င်းတို့ တွေးထင်ကြသည်မှာ- ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် သာမန် ဆန်လွန်း၏။ အသေးအဖွဲများမျှသာ၊ မပြောပလောက်သည့်အရာများ ဖြစ်သည်။ လူတို့ကို ရိုးသားကြဖို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေဖို့ တောင်းဆိုခြင်း- ယင်းမှာ အလွန်ခက်ခဲသည်။ လူတို့သည် လေဟာနယ်ထဲတွင် အသက်မရှင်ကြပေ။ ၎င်းတို့တွင် ဆန္ဒများနှင့် စိတ်ခံစားချက် အမြောက်အမြားရှိသည်။ မည်သူမျှ ဤနှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်နိုင်ခြင်း မရှိပေ။ မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသက်ဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြချေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲပေးနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ခွင့်ပေးနိုင်သည်ကို သာ၍ပင် မယုံကြည်ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့စိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု လက်မခံသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် လက်မခံဖူးကြချေ။ အားလုံးခြုံကြည့်သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ တည်ရှိခြင်းနှင့် အပြုအမူတို့၏ ဦးတည်ရာနှင့် ရည်ရွယ်ချက်တို့အဖြစ် ၎င်းတို့ လက်မခံကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားဖြစ်သည်ဟု လက်မခံသူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်နိုင်ကြသလော။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်သောသူတို့သည် ဤလောကထဲ၌ သမ္မာတရားလည်းရှိသည်ဟု ယုံကြည်နိုင်ကြသလော။ သမ္မာတရား၏ တည်ရှိခြင်းကို မယုံကြည်သောသူတို့သည် လူသားမျိုးနွယ်က ကယ်တင်ခံရနိုင်သည်ဟု ယုံကြည်နိုင်ကြသလော။ (မယုံကြည်နိုင်ကြပါ။) ယင်းထဲက မည်သည့်အရာကိုမျှ ၎င်းတို့ မယုံကြည်ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားကို ၎င်းတို့ ယုံကြည်နိုင်ကြသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ၎င်းတို့ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) ၎င်းတို့သည် လုံးလုံးလျားလျား မယုံကြည်သူများ ဖြစ်ကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်” မှ

အချို့လူတို့သည် ဘုရားနှုတ်ကပတ်တော်တို့က လူများကို အမှန်တကယ် ကယ်တင်နိုင်ခြင်း ရှိမရှိ အမြဲတစေ သံသယဝင်လျက် အကျော်အမော်များနှင့် ကြီးမြတ်သောလူတို့ကို ကိုးကွယ်ကြသည်။ အကျော်အမော်များနှင့် ကြီးမြတ်သောသူတို့၏ စကားများကသာ အရေးပါအရာရောက်ပြီး အဆင့်မြင့်သည်ဟု အစဉ်သဖြင့် ၎င်းတို့ထင်မြင်ကြသည်။ ၎င်းတို့က “ငါတို့နိုင်ငံ၏ အကြီးအကဲသည် မည်မျှအစွမ်းထက်သည်ကို ကြည့်ရှုလော့။ ငါတို့တိုင်းပြည်က ကျင်းပသော ညီလာခံများကို ကြည့်ရှုလော့— ထိုခမ်းနားကြီးကျယ်မှု၊ ထိုအရောင်အဝါ၊ ထိုပုံစံတို့ရှိပြီး ဤအရာနှင့် ဘုရားသခင်၏အိမ်တော်က မည်သို့လျှင် နှိုင်းယှဉ်၍ ရနိုင်မည်နည်း” ဟု မိမိတို့ဘာသာ အစဉ်သဖြင့် တွေးထင်ကြသည်။ သင်၏အမြင်တွင် ဘုရားသခင်၏ အိမ်တော်သည် မယုံကြည်သူများ၏ နယ်မြေများနှင့် မည်သည့်နည်းလမ်းဖြင့်မဆို မယှဉ်နိုင်လျှင်၊ မည်သည့်တိုင်းပြည်ကဲ့သို့မျှ မကောင်းမွန်လျှင်၊ ဘုရားအိမ်တော်၌ရှိသော လူတို့သည် အခြားမည်သည့်အဖွဲ့တွင်မဆို ရှိသောလူတို့ကဲ့သို့ မကောင်းမွန်လျှင်၊ ဘုရားအိမ်တော်၏ စီမံမှုဆိုင်ရာ အမိန့်များသည် မည်သည့်တိုင်းပြည်မဆို၏ စည်းမျဉ်း၊ ဥပဒေများကဲ့သို့ မကောင်းမွန်လျှင်— သင့်တွင် အစဉ်သဖြင့် ဤသို့သောအမြင်ရှိလျှင် ဘုရားသခင်ကို ယခုထက်ထိ ယုံကြည်နေပြီး မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်အားလုံးကို သင်မည်သို့ အမှန်တကယ် သဘောထားသနည်း။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်မည်သို့သဘောထားသနည်း။ သင်သည် ကြောက်ရွံ့ခြင်းကင်းမဲ့ရုံတင်မကဘဲ လေးစားမှုလည်း မရှိပေ။ ဤသို့သောသူသည် မယုံကြည်သူဖြစ်သည် မဟုတ်သလော။ ဤသို့သောသူကို အမြန်ဆုံး ထွက်ခွာသွားခိုင်းသင့်သည် မဟုတ်လော။ (ထွက်ခွာသွားခိုင်းသင့်ပါသည်။) ၎င်းတို့မထွက်ခွာလျှင် မည်သို့ပြုမည်နည်း။ အမြန်ဆုံးထွက်ခွာစေရန် ပြုလုပ်လော့— ရွံရှာဖွယ်ဖြစ်သော ယင်ကောင်တို့ကို မောင်းထုတ်သည့်အလား ၎င်းတို့ကို နှင်ထုတ်လော့။ ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားက စိုးမိုးပြီး ဘုရားသခင်က စိုးမိုးကာ အမှုအရာများကို သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်သည်။ ဤသို့သောသူတို့ကို နှင်ထုတ်သင့်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျက်ဖြင့် ဘုရားသခင်၏ အိမ်တော်ကို သေးသိမ်စေသော၊ ဘုရားသခင်ကို အထင်အမြင်သေးသော ဤကဲ့သို့မယုံကြည်သူများကို သင်တို့အထဲတွင် ရှိစေလိုသလော။ (မရှိစေလိုပါ။) ဤအကြောင်းကြောင့် ၎င်းတို့ကို ချက်ချင်း ရှင်းထုတ်ရမည်ဖြစ်သည်။ ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းသည် မည်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့ကို နှင်ထုတ်ရမည်။ ဤသည်မှာ ရိုင်းစိုင်းခြင်းလော၊ သို့မဟုတ် စာနာစိတ်ကင်းခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ အခြေခံစည်းမျဉ်းများအရ အမှုအရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ သင်၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားပါစေ၊ သမ္မာတရားကို အားထုတ်ရန် သင်၏စိတ်ပိုင်းဖြတ်ချက်က မည်မျှကြီးမားပါစေ၊ သို့မဟုတ် ဘုရားသခင်အပေါ်၌ သင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိကျပြီး သံသယဝင်ရန်မလိုသောအရာတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်ဖြစ်သော ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး အသက်ဖြစ်ခြင်း ဖြစ်သည်။ ဤသည်မှာ ထာဝရ မပြောင်းလဲနိုင်ပေ၊ ဤအရာသည် လူတစ်ဦးချင်းစီ၏ စိတ်နှလုံးတွင် ကျောက်ဆောင်ဖြစ်သင့်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် အခိုင်မာဆုံးအုတ်မြစ်ဖြစ်သင့်သည်။ သင်၏စိတ်နှလုံးတွင် တိကျသေချာပြီး သံသယမရှိသင့်ပေ။ ဤအရာကိုပင် သံသယဝင်လျှင် သင်သည် ဘုရားသခင်၏ မိသားစုတွင်နေထိုင်ရန် မထိုက်တန်ပေ။ အချို့လူတို့က “ငါတို့သည် ကြီးမြတ်သောသူများဖြစ်ကြသည်။ မြင့်မြတ်သောအမျိုးဖြစ်သည်။ ငါတို့၏ လူများ၊ ငါတို့၏ ဓလေ့များ၊ ငါတို့၏ ယဉ်ကျေးမှုတို့သည် နှိုင်းယှဉ်၍ မရနိုင်အောင် မြင့်မြတ်သည်၊ ခရစ်တော်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားတို့ထက်ပင် မြင့်မြတ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မယုံကြည်သူတစ်ယောက်၏ အသံမဟုတ်လော။ မယုံကြည်သူတစ်ယောက်၏ အသံဖြစ်သည်။ ဤသို့သောသူမျိုးကို ရှင်းလင်းပစ်သင့်ပြီး နေထိုင်ခွင့် မပေးသင့်ပေ။ တစ်ခါတစ်ရံတွင် လူတစ်ယောက်သည် အခြေအနေတစ်ခုတွင် ယာယီတည်ရှိနေသည်၊ သို့မဟုတ် သူ၌ အတွေးတစ်ခုရှိနေသည်။ သို့သော်လည်း ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် စစ်မှန်၏။ ဤသို့သောသူတို့သည် အနည်းငယ်မိုက်မဲသည်— ၎င်းတို့သည် ကိစ္စရပ်များကို နားမလည်နိုင်ခြင်း ရှိနိုင်သည်၊ သို့မဟုတ် လှည့်စားခံရနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် မိုက်မဲသည့်အချိန်တစ်ခဏတွင် မရေမရာသောနည်းလမ်းဖြင့် ပြောဆို၊ ပြုမူကြသည်။ ဤအရာအားလုံးတို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏၊ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းတို့၏၊ သမ္မာတရားကို နားမလည်ခြင်း၏ ရလဒ်များဖြစ်သည်။ သို့သော် ဤကဲ့သို့သာသူတို့သည် မယုံကြည်သူအမျိုးအစားမဟုတ်ပေ။ ဤပြဿနာတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ၎င်းတို့နားလည်ဖို့လိုပြီး ၎င်းတို့ကို သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပေးရန် လိုအပ်သည်။ အချို့လူတို့သည် မယုံကြည်သူအမျိုးအစားဖြစ်ပြီး ထိုသူတို့သည် ဘုရားသခင်၏ မိသားစုဝင်များမဟုတ်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

အဓိကအကျဆုံးမှာ၊ ဘုရားသခင်အားယုံကြည်ခြင်း၌ သင်နားလည်ထားရမည့် အချက်တစ်ခုရှိ၏- ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏နာမတော်ကို ယုံကြည်ခြင်းသက်သက်သာ မဟုတ်ဘဲ၊ သင့်စိတ်ကူးရှိ မရေရာသော ဘုရားသခင်ကို ယုံကြည်ခြင်း သာ၍ပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်သည် စစ်မှန်ကြောင်းကို သင်ယုံကြည်ရမည်။ ဘုရားသခင်၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ ထို့ပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သင်ယုံကြည်သင့်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးကြောင်းနှင့် သင်၏ကံကြမ္မာကို သူအုပ်စိုးကြောင်း သင်ယုံကြည်ရမည်။ ဤသို့ဆိုလျှင် အဘယ်အရာကို ယုံကြည်ခြင်းအဖြစ် မှတ်ယူနိုင်သနည်း။ လူတို့အနေဖြင့် ယုံကြည်ခြင်း၌ ဧကန်စင်စစ် ပူးပေါင်းပါဝင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် ရှုထောင့်တစ်ခု မရှိသလော။ သာဓကအားဖြင့်၊ အချို့လူများသည် ၎င်းတို့အပေါ်ကျရောက်သော အခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြပြီး ထိုအရာက ၎င်းတို့၏ ဝိညာဉ်ရေးရာ၌ သေးငယ်သော ဝရုန်းသုန်းကား အခြေအနေ တစ်ခုခုကို ဖြစ်စေသည်၊ ထိုအခါ ၎င်းတို့အနေဖြင့် “ဤကဲ့သို့ ငါဖြစ်သွားရသည်မှာ ဘယ်သူဘယ်ဝါကြောင့်ပင် ဖြစ်သည်။ ထိုသူသာ ချစ်တီးခေါင်း သန်းမရှာခဲ့ပါလျှင် ဤမျှလောက် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်” ဟူ၍ တွေးကြ၏။ ၎င်းတို့သည် ရှုထောင့်ပေါင်းစုံမှ ဆင်ခြေပေးရန် ကြိုးစားကြပြီး အဆုံး၌ အခြားသူတစ်ယောက်အပေါ် အပြစ်ဖို့ကြသည်။ ထိုသို့အားဖြင့် ၎င်းတို့သည် စိတ်အေးသွားကြပြီး ပြဿနာမှာ ပြေလည်သွားပြီဖြစ်ကြောင်း၊ အခက်အခဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ပြဿနာများကို ဤနည်းဖြင့် ဖြေရှင်းခြင်းအား သင်မည်ကဲ့သို့သဘောရသနည်း။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရနိုင်သလော။ ထိုအရာက ဘုရားသခင်အပေါ် နာခံခြင်းသဘောထားကို ပြသလော။ ထိုသို့သောလူများက မည်သည့်ရှုထောင့်နှင့် မည်သည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုး၏၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်ခပ်သိမ်းတို့သည် သူ၏လက်တော်၌ ရှိ၏” ဟူသော နှုတ်ကပတ်တော်များကို ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာ၌ ကျင့်သုံးထားသလော။ ၎င်းတို့သည် လူ့ဉာဏ်ကို အသုံးပြု၍ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသောအခါ၊ လူ့နည်းလမ်းများဖြင့် ကိစ္စရပ်ကို ဖော်ပြဆွေးနွေးကြသောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်နေကြသလော၊ လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို ၎င်းတို့နာခံနေကြသလော။ (မဟုတ်ပါ။) ပထမအနေဖြင့် ၎င်းတို့သည် နာခံခြင်းမရှိ၊ ဒုတိယအနေဖြင့် ၎င်းတို့သည် သာ၍ပင် ကြီးလေးသော အမှားကို လုပ်ကြသည်- ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသော အခြေအနေအပြင် လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများကို ဘုရားသခင်ထံမှ ၎င်းတို့လက်မခံနိုင်ကြ၊ ၎င်းတို့သည် အပေါ်ယံကိုကျော်၍ မကြည့်ကြ။ အခြေအနေက အပြင်ပန်းအားဖြင့် မည်သို့ပုံပေါ်သည်ကိုသာ ၎င်းတို့ကြည့်ကြသည်၊ ထိုအချိန်မတိုင်မီတွင် လူ့ဉာဏ်ကိုအသုံးပြု၍ ယင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြပြီး လူ့နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားကြသည်။ ဤသည်မှာ အမှားကြီးပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့လျှင် ထိုသို့ဖြစ်ရသနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကိုခံရကြောင်း ၎င်းတို့မယုံကြပေ။ ၎င်းတို့က “အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်လော။ ဘုရားသခင်သည် အလွန်များလှစွာသော အရာများအပေါ် အုပ်စိုးနိုင်သလော။ ယင်းမှာ အယူဝါဒကို မျက်ကန်း အသုံးချခြင်းသာဖြစ်သည်။ ငါ၌ ဖြစ်ပျက်သွားသောအရာသည် တစ်မူထူး၏၊ ယင်းမှာ ခြွင်းချက်ဖြစ်၏” ဟု မိမိဘာသာ တွေးထင်ကြသည်။ ဤအရာမှာ ခြွင်းချက်ဖြစ်၏၊ ထိုအရာမှာ ခြွင်းချက်ဖြစ်၏။ ၎င်းတို့၏အမြင်တွင် အရာအားလုံးမှာ ခြွင်းချက်ဖြစ်နေ၏၊ မည်သည့်အရာ တစ်ခုတလေကမျှ ဘုရားသခင်၏ အုပ်စိုးခြင်းကို မခံရဘဲ အရာအားလုံးမှာ လူသားထံမှ အခြေခံ၍ ပေါ်ပေါက်လာ၏ဟု ၎င်းတို့မြင်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းလော။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ အနှစ်သာရကို ထင်ဟပ်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းပေါ် အုပ်စိုးနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်သည် အရာအားလုံး၊ ဖြစ်ရပ်အားလုံးနှင့် အခြေအနေအားလုံးကို စီစဉ်နိုင်ကြောင်း ၎င်းတို့မယုံကြပေ။ ဘုရားသခင်ထံမှ ဤအရာများကို ၎င်းတို့ လက်မခံနိုင်ကြ။ ဤအခြေအနေများက ကြုံရာကျပန်း ဖြစ်ပွားလာခြင်းသာ ဖြစ်ကြောင်း၊ လူ့လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဘုရားသခင်စီစဉ်ထားခြင်း မဟုတ်ကြောင်းကို ၎င်းတို့ခံစားကြရသည်။ ထိုသို့ဆိုလျှင် ၎င်းတို့ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်တကား။ မယုံကြည်သူများ၏အမြင်မှာ ဘုရားသခင်ထံမှ တစ်စုံတစ်ရာကိုမျှ လုံးဝလက်မခံဘဲ ထိုအစား ၎င်းတို့ကြုံကြိုက်ရသမျှကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အလို့ငှာ လူ့ရှုထောင့်များ၊ လူ့တွေးခေါ်မှု အလေ့အထများအပြင် လူ့နည်းလမ်းများကို အသုံးချ၍ အလေးအနက်စဉ်းစားရန်နှင့် ဦးနှောက်ခြောက်အောင် စဉ်းစားကြရန်ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူတစ်ဦး ပြုသောအရာဖြစ်၏။ အနာဂတ်၌ ဤကဲ့သို့သောလူစားမျိုးနှင့် သင်တို့ကြုံဆုံရသောအခါ ၎င်းတို့နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုခု သင်တို့၌ စတင်ပြီးရှိသင့်သည်။ အကြောင်းအခြင်းအရာများ ပေါ်ပေါက်လာသောအခါ မယုံကြည်သူများသည် ၎င်းတို့၏ဦးနှောက်များကို အသုံးချခြင်းနှင့် စိတ်ကူးများ ထုတ်ကြခြင်းအရာ၌ ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် လက်ရှိကိစ္စရပ်ကို အစဉ်တစိုက် လေ့လာကြပြီး လူ့နည်းလမ်းများကို အသုံးပြု၍ ဖြေရှင်းရန် ကြိုးစားကြသည်၊ ထို့အပြင် ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့်ပြောရန်နှင့် စာတန်၊ သို့မဟုတ် ဥပဒေ၏ ဒဿနအမြင်များကို လိုက်နာရန် နှစ်သက်ကြသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အုပ်စိုးကြောင်း၊ သို့မဟုတ် ဘုရားသခင်က အရာခပ်သိမ်းကို ပြုလုပ်ကြောင်း ၎င်းတို့ယုံကြည်ကြရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကိုပင် ၎င်းတို့မယုံကြည်ကြပေ။ ဘုရားသခင်စီစဉ်ပေးထားသော မည်သည့်အခြေအနေမျိုးကိုမျှ၊ သို့တည်းမဟုတ် ၎င်းတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ထားသည့် မည်သည့်အရာကိုမျှ ဘုရားသခင်ထံမှ ၎င်းတို့လုံးဝလက်မခံထားကြပေ။ လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကြောင်း၊ ထို့ပြင် သူ၏အုပ်စိုးခြင်းနှင့် သူ၏စီစဉ်ခြင်းများကို ၎င်းတို့နာခံလိုကြောင်းကို ၎င်းတို့သည် များသောအားဖြင့် မလျှော့တမ်း ပြောဆိုကြ၏။ သို့သော်လည်း အကြောင်းအခြင်းအရာတစ်ခုနှင့် ၎င်းတို့ကြုံကြိုက်ရသောအခါ ၎င်းတို့ယုံကြည်သည်မှာ ထိုအရာများ မဟုတ်ပေ၊ အမှုအရာများကို ၎င်းတို့နားလည်ကြသည်မှာ ထိုကဲ့သို့မဟုတ်ပေ၊ ထို့ပြင် ၎င်းတို့သည် ထိုနည်းအတိုင်း လုံးဝမနာခံကြပေ။ မယုံကြည်သူမှာ ဤကဲ့သို့ပင် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏” မှ

အမှုကိစ္စများ ဖြစ်ပေါ်သည့်အခါ လူအချို့သည် အခြားသူများနှင့် အခြေအနေများကို အစဉ် ဝေဖန်လေ့ရှိသည်။ ဤသည်မှာ ပြဿနာကြီးတစ်ခု ဖြစ်သည်။ အခြားသူများသည် ၎င်းတို့ကို မညှာမတာ ဆက်ဆံနေသည်၊ သို့မဟုတ် အခြားသူများက ၎င်းတို့အတွက် အမှုကိစ္စများကို တမင်သက်သက် ခက်ခဲအောင် လုပ်သည်ဟု ၎င်းတို့က အစဉ်တွေးကြသည်၊ သို့မဟုတ် ၎င်းတို့က အခြားသူများကို အမှားလိုက်ရှာကြသည်။ ဤသည်မှာ အစွဲရှိခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အားထုတ်ကြိုးပမ်းမှုမျှ မပြုဘဲ အခြားသူများ ရှေ့တွင်၊ သို့မဟုတ် အခြားသူများ အလယ်တွင် သိက္ခာဆယ်ဖို့နှင့် မှန်ကန်ကြောင်းပြဖို့ အစဉ် ကြိုးစားနေကြသည်၊ ထို့ပြင် အမှုကိစ္စများကို အမှားပြင်ဖို့ လူ့နည်းလူ့ဟန်များကိုသာ အစဉ် အသုံးပြုလိုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်းအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်ပေသည်။ သင်သည် ဤနည်းဖြင့် ပြုမူကာ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ဤနည်းဖြင့် ယုံကြည်ပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါမျှ မလာသောကြောင့် ဖြစ်သည်။ သင့်ရှေ့တွင် ဘုရားသခင်ချမှတ်ပေးထားသည့် အရာများအားလုံးကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ သင်မည်သည့်အခါမျှ မလာပေ၊ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း သင်မည်သည့်အခါမျှ မကျင့်သုံးပေ။ ယင်းအစား သင်သည် ထိုအရာကို ဖြေရှင်းဖို့ လူ့နည်းလူ့ဟန်များကိုသာ အစဉ် အသုံးပြုလိုသည်။ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သူ့ထံမှ အလွန်ဝေးကွာပေသည်— သင်၏စိတ်နှလုံးသာလျှင် သူ့ထံမှ ဝေးကွာနေသည် မဟုတ်၊ သင်၏ဖြစ်ခြင်းတစ်ခုလုံးသည်လည်း သူ၏မျက်မှောက်တော်၌ မရှင်သန်နေပေ။ ဤသည်မှာ အခြားသူများနှင့် အခြေအနေများကို ဝေဖန်သည့်လူများကို ဘုရားသခင်မြင်သည့်ပုံစံ ဖြစ်သည်။ လူအချို့က စကားပြောလိမ္မာပြီး အတွေးမြန်ကြသည်။ ၎င်းတို့က “ငါစကားပြောကောင်းသည်။ အခြားလူများအနီးတွင် ငါရှိနေချိန်၌ ၎င်းတို့အားလုံးက ငါ့ကို မနာလိုဖြစ်ပြီး အားကျကြသည်။ ၎င်းတို့က ငါ့ကို ချီးမြှောက်ကြပြီး ယေဘုယျအားဖြင့် ငါ့ကို နာခံကြသည်” ဟု တွေးကြသည်။ ဤသည်မှာ အသုံးတည့်သလော။ အခြားလူများ အလယ် သင်၏ဂုဏ်ဒြပ်သည် အခြေခိုင်ပြီးဖြစ်သော်လည်း သင်သည် ဘုရားသခင်ရှေ့မှောက် ရောက်သည့်အခါ သူက သင့်ကို အစဉ် လျစ်လျူရှုလိမ့်မည်။ သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သင်သည် သမ္မာတရားအပေါ် ရန်လိုသည်ဟု သူက ပြောလိမ့်မည်။ သင်သည် သဘောကျလောက်အောင် သွက်လက်ညက်ညောသည့် နည်းလမ်းဖြင့် အခြားသူများအလယ်တွင် ပြုမူသည်၊ ပြီးလျှင် သင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အမှုကိစ္စများကို အလွန် ကိုင်တွယ်နိုင်စွမ်းရှိသည်၊ ထို့ပြင် သင်သည် မည်သူနှင့်မဆို သင့်မြတ်နိုင်သည်— သို့သော် အဆုံး၌ ဘုရားသခင်ထံမှ ထိုသို့သော အကဲဖြတ်မှုကြောင့် သင်သည် ပွဲသိမ်းသွားလိမ့်မည်။ သင့်အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိလိမ့်မည် မဟုတ်ဘဲ သင်၏ကံကြမ္မာသည် သတ်မှတ်ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က “ဤသည်မှာ ကောင်းချီးမင်္ဂလာများ ရရှိဖို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း နဖူးစည်းစာတန်းကို ဝှေ့ယမ်းနေသည့် မယုံကြည်သူ ဖြစ်သည်။ ဤသူသည် သမ္မာတရားအပေါ် ရန်လိုသည်။ ၎င်းသည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါကမျှ အားထုတ်ကြိုးပမ်းခြင်း မရှိသကဲ့သို့ သမ္မာတရားကို မည်သည့်အခါကမျှ လက်မခံဖူးပေ” ဟု ပြောလိမ့်မည်။ ဤကဲ့သို့ အကဲဖြတ်ခြင်းမျိုးကို သင်မည်သို့ သဘောရသနည်း။ ယင်းမှာ သင်တို့အလိုရှိသည့်အရာတစ်ခု ဖြစ်သလော။ ဧကန်မဟုတ်ချေ။ လူအချို့ကမူ “မည်သို့ဖြစ်ဖြစ်ပါ။ ဘုရားသခင်ကို ကျွန်ုပ်တို့မြင်၍ရနိုင်သည်လည်း မဟုတ်။ ကျွန်ုပ်တို့၏ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံး အရာသည် ကျွန်ုပ်တို့အနီးရှိ လူများနှင့် သင့်မြတ်နေခြင်း ဖြစ်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို ကျွန်ုပ်တို့ အလုပ်ဖြစ်အောင် မလုပ်ပါက အုပ်စုထဲတွင် အဆင်ပြေဖို့ ခက်ခဲလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဤလူများနှင့် ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်ဖို့နှင့် ၎င်းတို့နှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားဖို့ လိုအပ်သည်။ မနက်ဖြန်ကိစ္စကို မနက်ဖြန်ကျမှ ပြော၍ရပါသည်” ဟု ပြောလျက် ဂရုစိုက်ချင်မှ စိုက်ပေလိမ့်မည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သေးသလော။ (မဟုတ်ပါ။) လူတစ်ဦးသည် ဘုရားသခင်ရှေ့မှောက်၌ မကြာခဏ နေထိုင်ပြီး အချိန်တိုင်း၊ ကိစ္စတိုင်းတွင် သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်ရှေ့သို့ လာရောက်ရမည်၊ ထိုသို့အားဖြင့် အဆုံး၌ ဘုရားသခင်က “သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦးဖြစ်၏။ သင်သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာနှင့် ကြည်နူးဖွယ်ရာဖြစ်သည်။ ဘုရားသခင်က သင်၏စိတ်နှလုံးနှင့် အပြုအမူတို့ကို မြင်ပြီးဖြစ်သည်” ဟု ပြောနိုင်ရန် ဖြစ်သည်။ ဤအကဲဖြတ်ခြင်းကို သင်မည်သို့သဘောရသနည်း။ ထိုသို့သောလူများသာ ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

ဘုရားသခင်အား သူတို့ ယုံကြည်ရာတွင် အကယ်၍ လူတို့သည် သူ၏ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့သည် သူ့အတွက် မည်သည့်ကြောက်ရွံ့မှုမျှ ရှိနိုင်မည် မဟုတ်ကြသည့်အပြင် မကောင်းမှုကို ရှောင်ကြဉ်ခြင်းငှာလည်း တတ်နိုင်မည် မဟုတ်ကြချေ။ ဤအမှုအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ သင်၏ စိတ်နှလုံးက ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် ဘုရားသခင်ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင် စက်ဆုပ်သော အရာကို သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ အဓိပ္ပါယ်မရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။ အကယ်၍ ဘုရားသခင်ကို သင်၏ယုံကြည်မှု၌ စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခု မကြာခဏ ရှိခြင်း၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲ၌ ရှိမရှိ မသိခြင်း၊ သင်၏စိတ်နှလုံးထဲ၌ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း မသိခြင်း၊ ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်း မရနိုင်ခြင်းနှင့် တစ်စုံတစ်ရာဖြစ်သောအခါ ဘုရားသခင်ထံ ဆုမတောင်းခြင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခြင်း၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏စာတန်ဆိုင်ရာ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံခြင်းနှင့် ဘုရားသခင်ကို မနာခံခြင်းပြုပါက၊ ထိုသို့သော လူတို့၏ စိတ်နှလုံးများသည် စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြည်ညိုခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်၍၊ ၎င်းမှာ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် သမ္မာတရားနှင့် ဆန့်ကျင်၏။ ထို့ကြောင့် ယင်းကဲ့သို့ လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် မည်သည့်အခါမျှ သတင်းပို့ကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့အပေါ် အုပ်စိုးသော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးများဖြင့် ကိုးကွယ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်ကြောင်း ထင်ကြပြီး “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ဆိုကြ၏။ မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေးဖြစ်သည်ဟု ထင်ကြပြီး ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ဤအရာမှာ ၎င်းတို့ကို မယုံကြည်သူများ မဖြစ်စေသလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဤလူတို့ကို မည်သည့်အမည် မှည့်သနည်း။ တစ်နေ့လုံး၊ ၎င်းတို့ တွေးသမျှ အားလုံးသည် ဆိုးယုတ်၏။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ ကိုယ်ကျင့်တရား ပျက်သူများဖြစ်ပြီး၊ ထိုသို့သော လူတို့ကို သူ၏ အိမ်တော်သားများအဖြစ် သူ အသိအမှတ်မပြုပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။