၁၁။ ကျွန်ုပ်၏သမီးဖြစ်သူ အဖမ်းခံရခြင်းက ကျွန်မကို ထုတ်ဖော်ခဲ့သည်

လင်းကျိ၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ညနေစောင်းမှာ၊ ရှင်းကွမ်းအသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ရဲအဖမ်းခံလိုက်ရတယ်လို့ ညီအစ်မတစ်ယောက်က ကျွန်မကို သတင်းပေးပါတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ ထိတ်ခနဲဖြစ်သွားပြီး “ဟယ်၊ မဟုတ်ပါစေနဲ့။ ငါ့သမီးများ ဖြစ်နိုင်မလား” လို့ တွေးလိုက်မိတယ်။ ကျွန်မကို ပေးထားတဲ့စာကို အမြန်ဖွင့်ဖတ်လိုက်တော့ “မင်ကျင်း အဖမ်းခံလိုက်ရပြီ...” ဆိုတာကိုပဲ တွေ့လိုက်ရတယ်။ ကျွန်မ တစ်ကိုယ်လုံး ရုတ်တရက် နုံးချည့်သွားပြီး တွေးလိုက်တယ်၊ “ငါ့သမီး တကယ်ပဲ အဖမ်းခံလိုက်ရပြီ။ အဲဒီရဲတွေက အရမ်းကို ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ယုံကြည်သူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ဖို့ဆိုရင် ဘာမဆိုလုပ်မှာပဲ။ ငါ့သမီးလေး ဒါကို ဘယ်လိုများ ခံနိုင်မှာလဲ။ ငါ့သမီးက ကိုယ့်အသွေးအသားလေ။ ဒီလိုညှဉ်းပန်းမှုကို သူခံစားရမှာကို ငါ ဘယ်လိုလုပ်ပြီး ခွင့်ပြုရက်မှာလဲ” လို့ပေါ့။ နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ ခံစားခဲ့ရပြီး အဲဒီဒုက္ခကို သမီးလေးနေရာမှာ ကျွန်မကိုယ်တိုင် ဝင်ခံလိုက်ဖို့ အသည်းအသန်တောင့်တမိတယ်။ အထူးသဖြင့် ကျွန်မ စိုးရိမ်မိတာက၊ ရဲတွေက ကျွန်မသမီးဟာ ခေါင်းဆောင်မှန်းသိရင်၊ အသင်းတော်အကြောင်း အသေးစိတ်တွေကို ထုတ်ဖော်ဖို့ သူ့ကို ဖိအားပေးမှာ သေချာတယ်။ သူသာ အဲဒီအကြောင်းတွေ ထုတ်မပြောရင် ရဲတွေက သူ့ကို ရိုက်နှက်ပြီး မသန်စွမ်းဖြစ်သွားအောင်လုပ်လိုက်မှာကို ကျွန်မ စိုးရိမ်မိတယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူသာ မသန်စွမ်းဖြစ်သွားရင် ရှေ့ဆက်ပြီး ဘယ်လိုအသက်ရှင်တော့မှာလဲ။ အရိုက်ခံရလို့ သေသွားရင်တော့ ကျွန်မသမီးကို ကျွန်မ ထာဝစဉ် ဆုံးရှုံးသွားရမှာပဲ။ ကျွန်မသမီးက စုဝေးပွဲတွေ တက်လာတာ နှစ်နှစ်ကျော်ပဲရှိသေးပြီး သူနားမလည်တဲ့ သမ္မာတရားတွေ အများကြီးရှိနေတုန်းပဲ။ ဘုရားသခင်က ဘယ်လိုလုပ်ပြီး ရဲတွေကို သူ့ကို ဖမ်းခွင့်ပြုနိုင်ရတာလဲ။ ဒါ့အပြင် ကျွန်မသမီးက သူ့အလုပ်အကိုင်နဲ့ အိမ်ထောင်ရေးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ့ကိုယ်သူအသုံးခံဖို့ သူ့အချိန်အားလုံးပေးခဲ့တာလေ။ ဘုရားသခင်က ဘာလို့ သူ့ကို မစောင့်ရှောက်ခဲ့တာလဲ။ ဘုရားသခင်က လူကို မချစ်ဘူးလား။ ကျွန်မ ဘုရားသခင်ကို မကျေမနပ်ဖြစ်လာပြီး ဒီကိစ္စတစ်ခုလုံးကို စဉ်းစားလေလေ ပိုပြီးစိတ်မကောင်းဖြစ်လေလေပဲ။ ကျွန်မမျက်လုံးတွေက မျက်ရည်တွေကလည်း ထိန်းမနိုင်သိမ်းမနိုင် ကျလာတော့တာပဲ။ ကိုယ့်အခြေအနေကို ပြုပြင်ဖို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ချင်ပေမဲ့ ကျွန်မ လုံးဝ စိတ်နှစ်လို့မရခဲ့ဘူး။ အရင်က ကျွန်မနဲ့ တွဲဖက်လုပ်ခဲ့တဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မ သတိရမိတယ်။ သူတို့ အဖမ်းခံရပြီးနောက်မှာ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သစ္စာဖောက်ဖို့ ဖိအားပေးခံရတယ်၊ အတင်းအကျပ် ဦးနှောက်ဆေးကြောခံရပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒတွေ ဖြစ်သွားကြတယ်။ ဒီတစ်ခါလည်း ရဲတွေက အသင်းတော်ကို သစ္စာဖောက်ဖို့ ကျွန်မသမီးကို ဖိအားပေးမှာ သေချာတယ်၊ ပြီးတော့ သူ့ကိုပါ ဦးနှောက်ဆေးကြောလိုက်လို့ သူလည်း လမ်းလွဲသွားပြီး ယုဒလိုလုပ်လာရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို လုံးဝဆုံးရှုံးသွားမှာပဲ။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်နှလုံးထဲမှာ၊ “ဘုရားသခင်က ဘာလို့ ငါ့သမီးကို မကာကွယ်ခဲ့တာလဲ။ ဘာလို့ သူ့ကို ဒီလိုအခြေအနေမျိုး ကြုံတွေ့ခွင့်ပြုရတာလဲ” လို့ တွေးပြီး စောဒကတက်မိတာကို မထိန်းနိုင်ခဲ့ဘူး။ ပြီးတော့ သမီးကို ဧည့်ခံတဲ့ ညီအစ်မကို ကောင်းကောင်းသတိမရှိတဲ့အတွက်ရယ်၊ အခြေအနေက ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာကို သဘောမပေါက်ဘဲ သမီးကို တခြားဧည့်ခံအိမ်ဆီ အချိန်မီ မပြောင်းပေးခဲ့အတွက် ကျွန်မ အပြစ်တင်မိတယ်။ အဲဒီနောက် ရက်တွေအများကြီး ကျွန်မရဲ့အခြေအနေက အရမ်းဆိုးနေခဲ့တယ်။ စားမဝင်၊ အိပ်မပျော်နိုင်သလို၊ ကျွန်မတာဝန်ကိုလည်း အာရုံမစိုက်နိုင်ခဲ့ဘူး။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ဘုရားနှုတ်ကပတ်တော်ကို ကျွန်မနဲ့ မိတ်သဟာယပြုပေးတဲ့အချိန်မှာတောင် ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ အတွေးတွေက ထိန်းမနိုင်သိမ်းမနိုင် လျှောက်တွေးနေမိတယ်။ ဒီအတိုင်းဆက်သွားရင် ကျွန်မတာဝန်ကို နှောင့်နှေးစေပြီး ကိုယ့်အသက်တာလည်း နစ်နာဆုံးရှုံးရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ရှေ့မှာ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အဖမ်းခံရကတည်းက သမီးဟာ အရမ်းကို အပျက်သဘောဆောင်ပြီး အားနည်းနေပါတယ်၊ ကိုယ်တော့်ကိုတောင် မကျေမနပ်ပြောပြီး နားလည်မှုလွဲမိပါတယ်။ ဒီအခြေအနေကနေ ဘာသင်ခန်းစာယူသင့်လဲဆိုတာ သမီးမသိပါဘူး။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာတော့ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ဘုရားနှုတ်ကပတ်တော် ဒီတစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့တယ်။ “လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။) ဂျူးလူမျိုးများက ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရသည့် အဖြစ်များကို လူတို့ မြင်ပြီးနောက်တွင် နာကျင်ခံစားရပြီး ‘အစပထမတွင် ဘုရားသခင်က ဣသရေလလူမျိုးများကို အလွန်ချစ်ခဲ့သည်။ သူတို့ကို အဲဂုတ္တုပြည်မှ ပင်လယ်နီကို ဖြတ်လျက် ခေါ်ဆောင်ခဲ့သည်၊ ကောင်းကင်မှ မန္နနှင့် သောက်ဖို့ စမ်းရေကို ပေးခဲ့ပြီးနောက် သူတို့ကို ဦးဆောင်ဖို့ ပညတ်တရားများ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ပြီး မည်သို့ အသက်ရှင်ရမည်ကို သွန်သင်ပေးခဲ့သည်။ လူအတွက် ဘုရားသခင်၏ မေတ္တာမှာ ပေါများကြွယ်ဝနေခဲ့သည်။ ထိုစဉ်အချိန်က အသက်ရှင်ခဲ့သည့် လူများသည် အလွန်ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်၏ သဘောထားက မျက်တောင်တစ်ချက်အခတ်တွင် မည်သို့များ ပြောင်းပြန်ဖြစ်သွားရသနည်း။ သူ၏ ချစ်ခြင်းမေတ္တာအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း’ဟု ဆိုကြသည်။ လူတို့၏ စိတ်ခံစားချက်များက ဤအရာကို မကျော်လွန်နိုင်သကဲ့သို့ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဟုတ်ပါသလား၊ မဟုတ်ပါသလား။ ဣသရေလလူမျိုးများအပေါ် သူ၏ နဂိုမူလ သဘောထားသည် အဘယ်ကြောင့် ထင်သာမြင်သာ မရှိတော့ပါသနည်း။ သူ၏ မေတ္တာသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပေပြီ။ သူသည် လုံးဝ ချစ်ခြင်းမေတ္တာတစ်ခုတလေ ရှိပါသေးသလား’ဟု ဆိုလျက် စတင်သံသယရှိကြသည်။ ဤသည်မှာ လူတို့၏ အထင်လွဲမှုများ စတင်သည့်နေရာ ဖြစ်သည်။ လူတို့ အထင်လွဲမှုများဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ရပ်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ဤအချက်သည် လူတို့အား ဘုရားသခင်ကို အထင်လွဲစေသည့်အရာ ဖြစ်သလော။ လူတို့ ဘုရားသခင်ကို အထင်လွဲသည့် အကြောင်းရင်းမှာ သူ၏ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ၎င်းတို့ ကန့်သတ်ထားသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူသည် လူတို့ကို စောင့်ရှောက်ကာ ကွယ်ကာသင့်ပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ပုံပေးသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာ ဖြစ်သည့်အရာဖြစ်၏။ ဘုရားသခင်က လူတို့ကို ဤသို့ချစ်သောအခါ ငါ နှစ်သက်သည်။ ဘုရားသခင်က လူတို့ကို ပင်လယ်နီဖြတ်လျက် ဦးဆောင်ခဲ့ချိန်တွင် သူတို့ကို သူမည်မျှချစ်သည်ကို ငါ အထူးသဖြင့် မြင်ရသည်။ ထိုအချိန်က လူများသည် အလွန် ကောင်းချီးခံစားခဲ့ရသည်။ ငါသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်သည်’ဟု တွေးကြ၏။ သင်သည် ဤဇာတ်ကြောင်းကို စွဲလမ်းသည့်အခါ ထိုအဖြစ်ပျက်တွင် ဘုရားသခင် ထုတ်ဖော်ခဲ့သည့် မေတ္တာကို အမြင့်မားဆုံးသော သမ္မာတရားအဖြစ်လည်းကောင်း၊ သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ပြယုဂ်အဖြစ်လည်းကောင်း သဘောထားမိလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား သင်ကန့်သတ်မိကာ ထိုအခိုက်အတန့်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို အမြင့်ဆုံးသော သမ္မာတရားအဖြစ် သဘောထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော ဘက်ဖြစ်ပြီး လူတို့အား သူ့ကို လေးစားရိုသေ၍ ကြောက်ရွံ့ရန် အလှုံ့ဆော်ဆုံးသောအရာဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင် တွေးထင်၏။ အမှန်တွင် ဘုရားသခင်၏ လုပ်ရပ်များကိုယ်၌က အပြုသဘောဆောင်သော်လည်း သင်၏ ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ယင်းတို့သည် သင့်စိတ်ထဲ၌ အယူအဆများဖြစ်လာပြီး ဘုရားသခင်ကို သင် သတ်မှတ်သည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ယင်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများထက် အခြားမည်သည့်အရာမျှ မဟုတ်သည့်အလား သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ထိုမျှသာဖြစ်သည့်အလား အထင်လွဲစေ၏။ သင်သည် ချစ်ခြင်းမေတ္တာ၏ ဤသွင်ပြင်လက္ခဏာများကို အဘယ်ကြောင့် အလွန်ချစ်ခင်မြတ်နိုးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ (ဟုတ်ပါသည်။) မည်သည့် ကိုယ်ကျိုးစီးပွားနှင့် ယင်းသည် ဆက်နွှယ်ပါသနည်း။ (ဇာတိပကတိ၏ အပျော်အပါးများနှင့် သက်သောင့်သက်သာဖြစ်သော ဘဝတစ်ခု ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ သူ့ထံမှ ဤအရာများကို ရလိုကြသော်လည်း အခြားအရာများကို မရလိုကြချေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်း၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အမှုအရာများကို စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အသက်များကိုပင် စတေးခြင်းတို့ကို လူတို့က မစဉ်းစားချင်ကြချေ။ ဘုရားသခင်၏ မေတ္တာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းနှင့် လမ်းပြခြင်းတို့ကိုသာ လူတို့ မွေ့လျော်ခံစားလိုကြ၏။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာကို သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသော လက္ခဏာတစ်ခုနှင့် သူ၏ တစ်ခုတည်းသော အနှစ်သာရအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ဣသရေလလူမျိုးများကို ပင်လယ်နီဖြတ်သန်း၍ ဦးဆောင်လမ်းပြခဲ့ချိန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများသည် လူတို့အယူအဆများ၏ အရင်းအမြစ် ဖြစ်လာခဲ့သည် မဟုတ်လော။ (ဖြစ်လာခဲ့ပါသည်။) ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ အယူအဆများကို ဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ လူတို့ ဖြစ်ပေါ်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ ၎င်းတို့ နားလည်လိမ့်မည် မဟုတ်သည်သာမက အဓိပ္ပာယ်ကောက်လွဲလိမ့်မည်ဖြစ်ကာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလိမ့်မည်မှာ သိသာပေသည်။ ဤအရာက လူ၏ သိနားလည်မှုသည် အလွန် ကျဉ်းမြောင်းပြီး စစ်မှန်သည့် သိနားလည်မှုမဟုတ်သည်ကို သက်သေပြ၏။ အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်ဘဲ ဘုရားသခင်ကို လူတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာပြီး အဓိပ္ပာယ်ကောက်သည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်မှုမျိုး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ လွဲချော်နေခြင်းကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းကနေ၊ ကျွန်မဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဘောင်ခတ်ထားလို့ ဘုရားသခင်ကို နားလည်မှုလွဲမှားတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေထဲမှာ၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ မေတ္တာ၊ စောင့်ရှောက်ခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေ ပါဝင်တယ်လို့ကျွန်မ ယုံကြည်ခဲ့တယ်။ ဖိနှိပ်ညှဉ်းပန်းမှု၊ ဆင်းရဲဒုက္ခ၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကတော့ ကျွန်မရဲ့အယူအဆနဲ့ မကိုက်ညီဘဲ၊ ဒါတွေဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မသမီး အဖမ်းခံရပြီးတဲ့နောက်၊ ကျွန်မဟာ ဘုရားသခင်ကို မကျေမနပ်ပြောပြီး နားလည်မှုလွဲခဲ့တယ်၊ ပြီးတော့ ကိုယ်တော် စီစဉ်ညွှန်ကြားတဲ့ အခြေအနေကိုလည်း ကျွန်မ ကျိုးနွံနာခံနိုင်စွမ်းမရှိခဲ့ဘူး။ အရင်တုန်းက ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုကြောင့် ကျွန်မ အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတာကို ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီအချိန်တုန်းက ကျွန်မသမီးက တော်တော်လေးငယ်သေးပြီး ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းနိုင်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမှာ ပါဝင်တဲ့အရာပဲလို့ ကျွန်မထင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ ကျွန်မသမီးက အသင်းတော်မှာ သူ့တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။ ကျွန်မတို့မိသားစုတစ်ခုလုံးက ဘုရားသခင်အတွက် အသုံးခံနေကြတာမို့၊ ကျွန်မတို့မှာ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေ သေချာပေါက်ရှိမှာပဲလို့ ထင်ခဲ့တယ်။ ဒါနဲ့ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲလို့ ပိုပြီးတောင်ထင်ခဲ့ပြီး၊ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ အခုတော့ ကျွန်မသမီး အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရဖို့ကလည်း အလားအလာများနေတယ်။ သူသာ ဒီညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင်၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်။ ဒါက ကျွန်မကို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအပေါ် မေးခွန်းထုတ်စေခဲ့တယ်၊ ကျွန်မသမီးကို မစောင့်ရှောက်တဲ့အတွက် ဘုရားသခင်ကို စောဒကတက်စေပြီး စိတ်နှလုံးထဲမှာ ကိုယ်တော့်ကို နားလည်မှုလွဲမှားမှု ဖြစ်ပေါ်စေခဲ့တယ်။ ကျွန်မရဲ့ ဘုရားသခင်ချစ်ခြင်းမေတ္တာအပေါ် ရှုမြင်ပုံက ကျွန်မအတွက် အကျိုးရှိမရှိဆိုတဲ့အပေါ်မှာ လုံးလုံးမူတည်နေခဲ့တယ်။ ဘုရားသခင်က ကျွန်မမိသားစုအတွက် အရာအားလုံးကို ချောချောမွေ့မွေ့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် သေချာလုပ်ပေးပြီး အဆုံးသတ်တွေက ကျွန်မမိသားစုအတွက် ကောင်းကျိုးဖြစ်ထွန်းရင်၊ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ကျွန်မ ပြောမှာပဲ။ ဒါပေမဲ့ အခြေအနေတွေက ကျွန်မရဲ့အယူအဆတွေနဲ့ မကိုက်ညီဘဲ ကျွန်မမိသားစုအတွက် အကျိုးမရှိတဲ့အခါမှာတော့၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ ငြင်းပယ်မှာပဲ။ ကျွန်မက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ စောင့်ရှောက်ခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေ ပါဝင်တယ်လို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ ကျွန်မရဲ့ အယူအဆနဲ့ စိတ်ကူးပဲဖြစ်ပြီး သမ္မာတရားနဲ့ မကိုက်ညီခဲ့ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက သနားကရုဏာနဲ့ မေတ္တာကျေးဇူးတော်တင် မဟုတ်ဘူး၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်စစ်ကြောမှုတွေနဲ့ စစ်ဆေးခြင်းတွေလည်း ပါဝင်တယ်။ ကျွန်မသမီး အဖမ်းခံရတာက မကောင်းတဲ့အရာတစ်ခုလို ထင်ရပေမဲ့၊ သူသာ သမ္မာတရားကို ရှာဖွေပြီး သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ရင်၊ သူ့ရဲ့ယုံကြည်ခြင်းနဲ့ ဒုက္ခခံလိုစိတ်ကို စုံလင်စေမှာပဲ။ ဒါက တကယ်တော့ ကျွန်မသမီးအတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်သွားမှာ။ ဒါ့အပြင်၊ ကျွန်မသမီး အဖမ်းခံရတာက ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေကို ထုတ်ဖော်ပေးခဲ့ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မစင်ကြယ်မှုတွေကို ဆင်ခြင်သုံးသပ်ခွင့်ရစေခဲ့တယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ ယုံကြည်ခြင်းမှာ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို မရှာဖွေသင့်ဘူး၊ အရေးအကြီးဆုံးအရာဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခံစားဖို့၊ သမ္မာတရားကို ရရှိဖို့၊ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့နဲ့ စိတ်သဘောထားပြောင်းလဲမှုကို ရရှိဖို့ကိုပဲ အာရုံစိုက်သင့်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင် ဘာကိုပဲ လုပ်ဆောင်ပါစေ၊ အဲဒါဟာ အမြဲတမ်း ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာရဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မရဲ့ပြဿနာနဲ့ပတ်သက်ပြီး ဆက်ပြီးရှာဖွေခဲ့တယ်။ ကျွန်မသမီး အဖမ်းခံရတဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို အမြဲတမ်း တောင်းဆိုမှုတွေလုပ်ပြီး မကျေမနပ်ဖြစ်နေခဲ့တယ်၊ ကျွန်မပြဿနာရဲ့ သဘောသဘာဝက ဘာလဲ။ ကျွန်မရဲ့ရှာဖွေခြင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “အချို့သော မသိနားမလည်သော မိဘများသည် ဘဝ၊ သို့မဟုတ် ကံကြမ္မာကို နားမလည်နိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိမြင်နိုင်ပေ။ ပြီးလျှင် သားသမီးများနှင့်ပတ်သက်လျှင် မသိနားမလည်သောအရာများကို လုပ်ဆောင်တတ်သည်။ ဥပမာ သားသမီးများက အမှီအခို ကင်းပြီးနောက်တွင် ၎င်းတို့သည် အထူးအခြေအနေများ၊ အခက်အခဲများ၊ သို့မဟုတ် အကြီးစားဖြစ်ရပ်များကို ကြုံရနိုင်သည်။ အချို့မှာ ဖျားနာမှုများကို ရင်ဆိုင်ရသည်။ အချို့မှာ အမှုအခင်းများတွင် ပါဝင်ပတ်သက်ရသည်။ အချို့မှာ ကွာရှင်းကြသည်။ အချို့မှာ လှည့်စားခံရပြီး အလိမ်ခံရသည်။ အချို့မှာ ပြန်ပေးဆွဲခံရသည်။ ဒုက္ခပေးခံရသည်။ ပြင်းထန်စွာ အရိုက်နှက်ခံရသည်၊ သို့မဟုတ် သေခြင်းတရားကို ရင်ဆိုင်ရသည်။ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲသည့်အဖြစ်သို့ ရောက်သွားသူအချို့ပင် ရှိသည် စသည်တို့ဖြစ်သည်။ မိဘများသည် ဤသို့သော ထူးခြားသည့်၊ အရေးပါသည့်အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိဘအများစု၏ ပြုလုပ်နေကျ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် မိဘ၏ ပင်ကိုလက္ခဏာဖြင့် ဖန်ဆင်းခံများအဖြစ် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ လူစိမ်းတစ်ယောက်၌ ဤသို့ ဖြစ်ပျက်လျှင် မိဘများက ဤသို့သောသတင်းကို ကြားပြီး ဤသို့ တုံ့ပြန်သည်မှာ အလွန်ရှားသည်။ မိဘအများစုသည် ဆံပင်ဖြူသည်အထိ တစ်ညလုံးမအိပ်ဘဲနေသည်။ တစ်ညပြီးတစ်ည အိပ်ရေးပျက်သည်။ နေ့အချိန်တွင် အစာစားလိုစိတ်မရှိပေ။ ဦးနှောက်ခြောက်ခံ စဉ်းစားသည်။ ပြီးလျှင် အချို့မှာ မျက်လုံးများ နီရဲပြီး မျက်ရည်များခမ်းခြောက်သည်အထိ ခါးသီးစွာပင် ငိုကြွေးသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို ထည့်တွက်ပြီး ၎င်းတို့သားသမီးများကို ကာကွယ်ရန်၊ သားသမီးများအား ကူညီပေးပြီး ကောင်းချီးပေးရန်၊ သနားညှာတာရန်နှင့် သားသမီးများ၏ဘဝကို လွတ်ငြိမ်းချမ်းသာပေးရန် ဘုရားသခင်ထံ ပြင်းပြစွာ ဆုတောင်းသည်။ မိဘများက ဤသို့သောအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏ လူသားအားနည်းချက်များ၊ ပျော့ကွက်ရှိမှုများ၊ သားသမီးများအပေါ် ခံစားချက်များအားလုံးသည် ပေါ်လွင်သွားသည်။ အခြားမည်သည့်အရာ ပွင့်ထွက်လာသနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အနူးအညွတ်တောင်းပန်ပြီး ဆုတောင်းသည်။ သားသမီးများအား ဘေးဒုက္ခမရောက်စေရန်အတွက် တိုးလျှိုးတောင်းပန်သည်။ ကပ်ဘေးဖြစ်ပေါ်လျှင်ပင် သားသမီးများ မသေစေရန်လည်းကောင်း၊ အန္တရာယ်မှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ ဆိုးယုတ်သော လူများ၏ ဒုက္ခပေးခြင်းကို မခံရရန်လည်းကောင်း၊ ၎င်းတို့၏ ရောဂါသည် ပို၍ ဆိုးရွားမလာဘဲ သက်သာလာရန်လည်းကောင်း စသည်တို့ကို ဆုတောင်းသည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အတွက် ဆုတောင်းနေသနည်း။ (ဘုရားသခင် ၎င်းတို့သည် စောဒကတက်သည့် အငွေ့အသက်ရှိသော ဤဆုတောင်းချက်များဖြင့် ဘုရားသခင်အား တောင်းဆိုနေခြင်းဖြစ်သည်။) တစ်ဖက်တွင် ၎င်းတို့သည် သားသမီးများ၏ အတိဒုက္ခနှင့်ပတ်သက်ပြီး အလွန်အမင်း မကျေမနပ်ဖြစ်ကာ ဘုရားသခင်သည် ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ခွင့်မပြုသင့်ဟု စောဒကတက်နေခြင်းဖြစ်သည်။ ၎င်းတို့၏ မကျေနပ်မှုသည် စောဒကတက်ခြင်းနှင့် ရောထွေးနေသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းရန်၊ ဤသို့ မပြုမူမဆောင်ရွက်ရန်၊ ၎င်းတို့သားသမီးများအား အန္တရာယ်မှ ကယ်ထုတ်ရန်၊ ဘေးကင်းအောင် ကာကွယ်ပေးရန်၊ သားသမီးများ၏ ရောဂါကိုကုသရန်၊ တရားစွဲဆိုမှုမှ လွတ်မြောက်ရန်၊ ဘေးဒုက္ခ ဖြစ်ပေါ်သောအခါ ရှောင်ရန် စသည်တို့ကို တောင်းဆိုသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် အရာရာတိုင်းကို အဆင်ပြေချောမွေ့စေရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသို့ ဆုတောင်းခြင်းအားဖြင့် တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်အား တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်း၏ သရုပ်သကန်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မမှန်ပေ၊ သို့မဟုတ် မကောင်းပေဟုလည်းကောင်း၊ သူသည် ဤသို့မလုပ်ဆောင်သင့်ဟုလည်းကောင်း လုံးဝဥဿုံပြောဆိုနေခြင်း ဖြစ်သည်။ ဤသူတို့မှာ ၎င်းတို့၏ သားသမီးများဖြစ်သောကြောင့်၊ ၎င်းတို့သည် ယုံကြည်သူများဖြစ်သောကြောင့် ဘုရားသခင်က ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ပျက်ခွင့် မပြုသင့်ဟု ၎င်းတို့က ထင်သည်။ ၎င်းတို့သားသမီးများသည် အခြားလူများနှင့်မတူ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဦးစားပေးကောင်းချီးကို ရရှိသင့်သည်။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် ၎င်းတို့သားသမီးများကို ကောင်းချီးပေးသင့်သည်။ ပြီးလျှင် ဘုရားသခင်က ကောင်းချီး မပေးလျှင် ၎င်းတို့သည် စိတ်သောကရောက်သည်။ ငိုသည်။ သောင်းကျန်းသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်မလျှောက်လိုတော့ပေ။ ၎င်းတို့၏ကလေးက သေလျှင် ၎င်းတို့သည်လည်း ဆက်လက်၍ အသက်မရှင်နိုင်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့စိတ်တွင်ရှိသော ခံယူချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြသည့် ပုံစံမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြနေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားသခင်က မိဘတွေဟာ သူတို့ရဲ့သားသမီးတွေ ကံဆိုးမှုတွေကြုံရတဲ့အခါ ကိုယ်တော်ကို ဘယ်လို ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေလုပ်တယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်၊ ဘုရားသခင်က ဒီလိုလုပ်သင့်တယ်၊ ဟိုလိုလုပ်သင့်တယ်လို့ ယုံကြည်ပြီး ကိုယ်တော်က သင့်တော်သလိုမလုပ်ရင် မကျေမနပ်ပြောကြတယ်။ ဒါဟာ ဘုရားသခင်ကို ဆန္ဒပြကန့်ကွက်နေတာပဲ။ ကျွန်မဟာ အဲဒီလိုအခြေအနေမျိုးမှာပဲ ရှိနေခဲ့တယ်။ ကျွန်မသမီး အဖမ်းခံရတယ်လို့ ကြားလိုက်တာနဲ့၊ ရဲတွေက သူ့ကို ညှဉ်းပန်းနှိပ်စက်မှာကို ကျွန်မ စိုးရိမ်ပြီး ကြောက်လန့်သွားတယ်၊ ပြီးတော့ သူက ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားမှာနဲ့ အဆုံးသတ်မကောင်းမှာကို ပိုပြီးတော့တောင် စိုးရိမ်ခဲ့တယ်။ ကျွန်မကိုယ်တိုင်တောင် သတိမထားမိဘဲ ဘုရားသခင်ကို မကျေမနပ် စပြောမိခဲ့တယ်၊ “ငါ့သမီးက အလုပ်အကိုင်ကိုစွန့်ပြီး ဘုရားသခင်အတွက် အချိန်ပြည့် သူ့ကိုယ်သူအသုံးခံနေတာ၊ ဘုရားသခင်က ဘယ်လိုလုပ်ပြီး သူ့ကို မစောင့်ရှောက်ဘဲနေနိုင်ရတာလဲ”ပေါ့။ ကျွန်မဟာ ဘုရားသခင်ကို အမြဲတမ်း နားလည်မှုလွဲနေတာ၊ ဒါမှမဟုတ် ကိုယ်တော့်ကို ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေ လုပ်နေခဲ့တာပဲ။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရားမရှိလိုက်တာ။ ကျွန်မတို့ နေ့တိုင်းကြုံတွေ့ရတဲ့ အခြေအနေတိုင်းကို ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်ညွှန်ကြားပုံကို ကျွန်မ တွေးမိတယ်။ ဒါတောင်မှ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားမလည်ခဲ့ဘဲ၊ ကျွန်မသမီးအဖမ်းခံရတဲ့အခါ ဘုရားသခင်အပေါ်မှာ အကျိုးသင့်အကြောင်းသင့်မရှိဘဲ ရန်လုပ်ခဲ့တယ်။ ပြီးတော့ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက ကျွန်မကို ဘုရားနှုတ်ကပတ်တော်နဲ့ မိတ်သဟာယပြုပေးဖို့ ကြိုးစားတဲ့အခါမှာတောင် ကျွန်မ သူ့ကို နားမထောင်ခဲ့ဘဲ ဘုရားနှုတ်ကပတ်တော်ကို လက်မခံခဲ့ဘူး။ ကျွန်မသာ ကိုယ့်ရဲ့ဒီအခြေအနေကို မဖြေရှင်းဘဲ၊ ကျွန်မသမီးကို တစ်ခုခုဖြစ်သွားခဲ့ရင်၊ ကျွန်မ သေချာပေါက် မကျေမနပ်ပြောမှာပဲ၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်တော့်ကိုတောင် သစ္စာဖောက်ကောင်းဖောက်မိမှာပဲ။ ယောဘ စမ်းသပ်မှုတွေခံရတဲ့အခါ၊ သူ့ရဲ့စည်းစိမ်ဥစ္စာတွေ၊ သားသမီးတွေအားလုံးဆုံးရှုံးပြီး၊ သူ့ကိုယ်မှာ အနာစိမ်းတွေပေါက်ခဲ့တဲ့အခါ၊ သူ့ရဲ့စည်းစိမ်ဥစ္စာတွေနဲ့ သားသမီးတွေကို ဘုရားသခင်က ပေးခဲ့တာဖြစ်ပြီး၊ အဲဒါတွေကို ပြန်ယူသွားတာကလည်း ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ပဲဆိုတာ သူ သိနားလည်ခဲ့တာကို ကျွန်မ တွေးမိတယ်။ သူဟာ ဘုရားသခင်ကို မကျေမနပ်မပြောခဲ့ဘူး၊ ကျိုးကြောင်းပြ ပြောဆိုခဲ့တာ မရှိဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်ရဲ့နာမတော်ကိုတောင် ချီးမွမ်းခဲ့တယ်။ ကျွန်မကျတော့ သမီးဖြစ်သူ အဖမ်းခံရတာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာနဲ့ သြဇာအာဏာကို သံသယဝင်လာတယ်၊ အမြဲတမ်း စိုးရိမ်ကြောက်လန့်နေပြီး ဘုရားသခင်ကို တောင်းဆိုမှုတွေလုပ်ပြီး ကျိုးကြောင်းပြ ပြောဆိုနေခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခဲ့တာပါလား။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်မနေချင်တော့ဘူး။ ကျွန်မသမီး ဘာပဲဖြစ်ဖြစ်၊ သူ ညှဉ်းပန်းနှိပ်စက်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောင်းမွန်တဲ့ ပန်းတိုင်နဲ့ အဆုံးသတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျွန်မ ဘုရားသခင်ကို စောဒကတက်မှာမဟုတ်ဘူး၊ အရာအားလုံးကို ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေမှာပဲ ကျိုးနွံနာခံမှာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီအပိုဒ်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “ဘုရားသခင်၏ အမြင်တွင် သားသမီးများနှင့် မိဘများ၏ ဘဝသည် တသီးတခြားဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ ကြီးသူနှင့် ငယ်သူကြား ဆက်ဆံရေးလည်းမရှိပေ။ ၎င်းတို့သည် ပိုင်ဆိုင်သည့်၊ သို့မဟုတ် ပိုင်ဆိုင်ခြင်းခံရသည့် ဆက်ဆံရေး သေချာပေါက် မရှိပေ။ ၎င်းတို့၏ အသက်သည် ဘုရားသခင်ထံမှလာသည်။ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်။ သားသမီးများက မိဘများထံမှ မွေးဖွားခြင်း၊ မိဘများသည် သားသမီးများထက်ပို၍ အသက်ကြီးခြင်းနှင့် သားသမီးများသည် မိဘများထက်ပို၍ အသက်ငယ်ခြင်းသာ ဖြစ်သည်။ သို့တိုင်အောင် ဤဆက်နွှယ်မှု၊ ဤအပေါ်ယံဆန်သော ဖြစ်စဉ်ကို အခြေခံပြီး လူတို့သည် သားသမီးများက မိဘများ၏ အသုံးအဆောင်များနှင့် ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အမှုအရာကို ယင်း၏ အရင်းအမြစ်မှနေ၍ ကြည့်ခြင်း မဟုတ်ဘဲ အပေါ်ယံအဆင့်၊ ဇာတိပကတိ၊ မိမိ၏ချစ်ခင်တွယ်တာမှုတို့ကိုသာ အခြေခံပြီး စဉ်းစားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသို့သော စဉ်းစားသည့်ပုံစံကိုယ်၌က မှားယွင်းပြီး ဤအမြင်ရှုထောင့်သည် မှားယွင်းသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉))ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် မိမိတို့ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပတ်ဝန်းကျင်တစ်ခုကို အပြင်ပန်းတွင် ပံ့ပိုးဖို့သာဖြစ်ပြီး ထိုမျှသာဖြစ်၏။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘများကမျှ ဘဝတွင် ၎င်းတို့၏ ကံကြမ္မာကို လုံးဝ မတားဆီးနိုင်ပေ သို့မဟုတ် ဘဝတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍနှင့်ပတ်သက်လာသည့်အခါတွင် ၎င်းတို့ကို စိုးစဉ်းမျှပင် ထောက်ပံ့မြှင့်တင်ပေး၍ မရနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့တယ်၊ ကျွန်မသမီးဟာ ကျွန်မရဲ့အသွေးအသားဖြစ်လို့ သူ့ကို ကိုယ့်ရဲ့ “ကိုယ်ပိုင်ပစ္စည်း” လို့ ထင်မှတ်ခဲ့တာဟာ မှားယွင်းတယ်ဆိုတာကိုပေါ့။ လူရဲ့အသက်ဟာ ဘုရားသခင်ဆီက ဆင်းသက်တာပါ၊ လူကို ဇီဝအသက်ပေးတာဟာ ဘုရားသခင်ပဲ။ မိဘတစ်ယောက်ရဲ့ အခန်းကဏ္ဍက သားသမီးတွေကို မွေးဖွားပြီး၊ အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုဖို့ပဲ။ ဒါပြီးသွားရင် ကျွန်မတို့ရဲ့ တာဝန်ပြီးဆုံးသွားပြီ။ လူတိုင်းဟာ လွတ်လပ်သူတွေပါ၊ မိဘတွေနဲ့ သားသမီးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာတွေရှိကြပြီး ကျွန်မတို့တစ်ယောက်ချင်းစီဟာ ဖန်ဆင်းရှင်က သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း အသက်ရှင်ပြီး ကိုယ့်တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ကြရမှာပဲ။ နောက်ပြီး ကျွန်မ သဘောပေါက်ခဲ့တာက၊ ကျွန်မသမီးရဲ့ ဇာတိပကတိက ဒုက္ခဆင်းရဲခံရမှာကို စိုးရိမ်ပြီး၊ သူ့အမေအနေနဲ့ သူ့ကိုယ်စား ဒုက္ခခံချင်ခဲ့တဲ့အကြောင်းရင်းဟာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားလည်မှုမရှိတာကြောင့် ဆိုတာကိုပေါ့။ တကယ်တော့၊ ကျွန်မတို့ ဘယ်လိုအတွေ့အကြုံတွေကြုံရမယ်၊ ဘယ်လိုဒုက္ခဆင်းရဲတွေခံရမယ်၊ ဘဝမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတာတွေက၊ ကြိုတင်သတ်မှတ်ထားပြီးသားပါ၊ ဒါကြောင့် ကျွန်မရဲ့စိုးရိမ်မှုတွေက အပိုပါပဲ။ ဘယ်လောက်ပဲစိုးရိမ်နေပါစေ၊ ဘာကိုမှ ပြောင်းလဲနိုင်မှာမဟုတ်သလို၊ ကျွန်မသမီးရဲ့ အနာဂတ်နဲ့ ကံကြမ္မာအပေါ်မှာလည်း ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ တကယ်လို့ သမီးအဖမ်းခံရပြီးတဲ့နောက်မှာ၊ ကျွန်မသမီးက အသက်ရှင်သန်ခွင့်ရဖို့အတွက် အကြောက်ကြီးပြီး လိုအပ်တာ ဘာမဆိုလုပ်လို့၊ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်လို့၊ ယုဒဖြစ်သွားပြီး အသင်းတော်ကနေ နှင်ထုတ်ခံရမယ်ဆိုရင်၊ အဲဒါဟာ သူ့ရဲ့သဘာဝ အနှစ်သာရနဲ့ သူလျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းက ဆုံးဖြတ်ထားလို့ပဲ။ ဒါကို ဘယ်သူမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲ ချက်ချင်းပဲ နည်းနည်းကြည်လင်သွားတယ်။ ကျွန်မဟာ ကျွန်မသမီးကို ဘုရားသခင်ဆီ အပ်နှံရမယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး၊ ကိုယ့်အလုပ်ထဲမှာစိတ်နှစ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို စားသောက်ပြီးတဲ့နောက်၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်လုပ်ဆောင်နေတာဟာ လူတွေကို စုံလင်စေပြီး၊ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတဲ့အလုပ်ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်လာခဲ့တယ်။ ဘုရားသခင်က အသင်းတော်ကို သန့်စင်ရာမှာ အဆင်းနီသောနဂါးကြီးကို အစေခံအဖြစ် အသုံးပြုတယ်။ သမ္မာတရားကို လိုက်စားတဲ့သူတွေအတွက်ကတော့၊ စီစီပီက ဘယ်လိုရက်စက်ယုတ်မာတဲ့ အကြံအစည်တွေ ကြံစည်ပါစေ၊ ဘယ်လိုကောလာဟလတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆတွေ လုပ်ကြံဖန်တီးပါစေ၊ သူတို့ဟာ အထင်အမြင်မှားအောင် လုပ်ခံရမှာမဟုတ်ဘူး၊ ဘုရားသခင်ကို ငြင်းပယ်မှာမဟုတ်ဘူး၊ သစ္စာဖောက်မှာမဟုတ်ဘူး၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ကြမှာပဲ။ သမ္မာတရားကို မလိုက်စားတဲ့သူတွေနဲ့ ဘုရားသခင်နဲ့မသက်ဆိုင်တဲ့သူတွေကျတော့ ဒီလိုပတ်ဝန်းကျင်တွေကနေတစ်ဆင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပါ။ ဘုရားသခင်က လူတွေကို စမ်းသပ်ဖို့ ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကို အသုံးပြုတယ်၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်တဲ့သူတွေက ဂျုံစပါးတွေဖြစ်ပြီး၊ ခိုင်ခိုင်မာမာမရပ်တည်နိုင်တဲ့သူတွေကတော့ စွန့်ပစ်ခံရတဲ့ တောပင်တွေပဲ။ ဒါဟာ ဘုရားသခင်ရဲ့ လူတွေကို စမ်းသပ်တဲ့နည်းစနစ်ထဲက နည်းလမ်းတစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်ရဲ့ ဉာဏ်ပညာလည်း ဖြစ်တယ်။ ကျွန်မသမီး ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မလား၊ သက်သေခံနိုင်မလားဆိုတာကတော့၊ သူ ပုံမှန်အချိန်တွေမှာ သမ္မာတရားကို ဘယ်လိုလိုက်စားခဲ့သလဲဆိုတာအပေါ်မှာ မူတည်သလို၊ သူ့ရဲ့သဘာဝ အနှစ်သာရနဲ့ သူရွေးချယ်ခဲ့တဲ့ လမ်းကြောင်းနဲ့လည်း သက်ဆိုင်တယ်။ သူသာ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ရင်၊ အဲဒါက သူဟာ ဘုရားသခင်ကို တကယ်ယုံကြည်သူဖြစ်တယ်ဆိုတာကို ပြသမှာပဲ။ ဒီစမ်းသပ်မှုအတွင်းမှာ သူသာ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ခဲ့ရင်၊ ဒါဟာ ဘုရားသခင်က သူ့ကို ထုတ်ဖော်တဲ့နည်းလမ်းပဲဖြစ်လိမ့်မယ်။ ဘုရားသခင်က လူတိုင်းအပေါ်မှာ ဖြောင့်မတ်တယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ လွတ်လပ်ပြီး စိတ်တည်ငြိမ်သွားတယ်။

ကျွန်မသမီး အဖမ်းခံရတာ အခုဆိုရင် နှစ်လကျော်သွားပြီ၊ သူ့အခြေအနေနဲ့ပတ်သက်ပြီး ဘာသတင်းမှလည်း မကြားရသေးဘူး၊ ဒါပေမဲ့ သူ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာရှိတယ်ဆိုတာ ကျွန်မသိပြီး၊ သူ့အခြေအနေကြောင့် ကျွန်မ ဘောင်ခတ်တာ မခံရတော့ဘူး။ ဒါ့အပြင်၊ ကျွန်မ သဘောပေါက်ခဲ့တာက၊ ကျွန်မမှာ ကျွန်မတာဝန်ကို ထမ်းဆောင်ခွင့်ရသေးတဲ့ အခွင့်အရေးကို တန်ဖိုးထားပြီး၊ ကိုယ့်တာဝန်ဝတ္တရားတွေကို ကောင်းကောင်းထမ်းဆောင်ဖို့လိုတယ်ဆိုတာကိုပေါ့။ ကျွန်မသမီးအတွက် စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားလိုက်တာနဲ့၊ ကျွန်မစိတ်နှလုံးကို တာဝန်ထဲမှာ နှစ်ထားနိုင်ခဲ့တယ်။

အရှေ့သို့- ၁၀။ “လူတို့၏ အားနည်းချက်များကို ထုတ်မပြောခြင်း”၏ နောက်တွင် ကွယ်ဝှက်နေသော အရင်းခံအကြောင်းရင်း

နောက်တစ်ခုသို့- ၁၂ ကျွန်မတာဝန် ဆုံးရှုံးပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။