၂၃။ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ခြင်းသည် ပါဝင်ပတ်သက်သူအားလုံးကို ထိခိုက်စေသည်
၂၀၁၆ ခုနှစ်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရပါတယ်။ ကျွန်မ စိတ်အားအရမ်းတက်ကြွခဲ့ပြီး၊ ဒီတာဝန်ကို ကောင်းကောင်းမွန်မွန်ထမ်းဆောင်မယ်၊ အသင်းတော်အလုပ်အားလုံးကို ကောင်းကောင်း ကိုင်တွယ်ဖို့ အစွမ်းကုန်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေက သင့်တော်တဲ့သူကို သူတို့ရွေးခဲ့တယ်ဆိုတာ မြင်အောင်ပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မနဲ့အတူတူ လက်တွဲလုပ်နေတဲ့ အစ်မလီရှင်းဟာ၊ ကျွန်မထက် တာဝန်ထမ်းဆောင်တာ ပိုကြာတယ်၊ သူ့ရဲ့အစွမ်းအစကလည်း ပိုကောင်းတယ်၊ သမ္မာတရားကို မိတ်သဟာယပြုတာလည်း ပိုပြီးရှင်းလင်းတယ်ဆိုတာကို ကျွန်မသိလာတယ်။ ကျွန်မတို့ အတူတူ အစည်းအဝေးတက်တဲ့အခါ ညီအစ်ကိုမောင်နှမတွေ မေးတဲ့မေးခွန်းအများစုကို သူက ဖြေရှင်းပေးနိုင်ခဲ့ပြီးတော့၊ ညီအစ်ကိုမောင်နှမတွေကလည်း သူ့ရဲ့မိတ်သဟာယကို နားထောင်ရတာ သဘောကျကြတယ်။ ဒါတွေအားလုံးကိုမြင်တော့ ကျွန်မ စိတ်ထဲမှာ နည်းနည်း ဘဝင်မကျဖြစ်သွားပြီး တွေးမိတယ်၊ “လီရှင်းရဲ့ သမ္မာတရားမိတ်သဟာယက တကယ်ပဲ တော်တော်ရှင်းလင်းတာပဲ။ ဒါပေမဲ့ ဒီအတိုင်းသာဆက်သွားရင် တခြားလူတွေက သူ့ကို အထင်ကြီးလေးစားကြမှာပေါ့။ အဲဒီအခါကျရင် ဘယ်သူက ငါ့ကို ဂရုစိုက်တော့မှာလဲ။ မဖြစ်ဘူး၊ ငါ့အရည်အချင်းကို သက်သေပြနိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးစားသောက်ဖို့နဲ့ ကိုယ့်မှာသမ္မာတရားရှိထားဖို့ ညဘက်တွေမှာ မိုးချုပ်တဲ့အထိ ခဏခဏ နေခဲ့တယ်။ စုဝေးပွဲတွေမှာ တစ်ယောက်ယောက်ရဲ့ ဘုရားနှုတ်ကပတ်တော် မိတ်သဟာယက အလင်းပေးတဲ့အခါတိုင်းမှာ ကျွန်မ အမြန်မှတ်ထားလိုက်တယ်။ တခြားအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်တဲ့အခါ အဲဒါကို ပြန်ပြီး မိတ်သဟာယပြုနိုင်အောင်လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မလည်း တော်တော်များများ နားလည်တယ်ဆိုတာကို တွေ့သွားအောင်လို့လေ။ နောက်ပိုင်းမှာ လီရှင်းနေတဲ့နေရာက တော်တော်လေး ဝေးတဲ့နေရာမှာဖြစ်တော့၊ ညီအစ်ကိုမောင်နှမတွေက သူတို့မေးခွန်းတွေအတွက် သူ့ကို သွားပြီးဆွေးနွေးတိုင်ပင်ဖို့ အဆင်မပြေကြဘူးလေ။ ဒါနဲ့ ကျွန်မက ဒီအခွင့်အရေးကိုသုံးပြီး အသင်းတော်ရဲ့အလုပ်အားလုံးကို ကိုယ့်လက်ထဲမှာပဲ ယူထားလိုက်တယ်။ တစ်ခါတလေဆို လီရှင်းနဲ့ မတိုင်ပင်ဘဲနဲ့တောင် အလုပ်တွေကို ကျွန်မ စီစဉ်လိုက်တယ်။ အချိန်ကြာလာတော့ လီရှင်းက သူဟာ အရေးပါတဲ့ကဏ္ဍကနေ မပါဝင်တော့ဘူးလို့ ခံစားလာပြီး၊ သူ့တာဝန်တွေအတွက် စိတ်အားထက်သန်မှုကလည်း တဖြည်းဖြည်း လျော့နည်းလာတယ်။ နောက်ပြီးတော့ သူ့ရဲ့မိသားစုဝန်ထုပ်ဝန်ပိုးတွေကလည်း များတော့ သူ့အခြေအနေက ပိုပိုပြီး အပျက်သဘောဆောင်လာတယ်။ ပြီးတော့ တချို့အချိန်တွေမှာ သူကကျွန်မကိုတွေ့တဲ့အခါ သက်ပြင်းတောင်ချပြီးတော့၊ ဒီတာဝန်ကို သူထမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက အပေါ်ယံမှာတော့ ကျွန်မက သူ့ကို မိတ်သဟာယပြုပေးခဲ့ပေမဲ့၊ စိတ်ထဲမှာတော့ သူဒီလိုပဲ အပျက်သဘောဆောင်နေဖို့ မျှော်လင့်ခဲ့တယ်။ အဲဒီလိုဆိုရင် ငါက ပိုပြီးတော့တောင်ပေါ်လွင်လာမှာပေါ့လို့ တွေးနေခဲ့တယ်။ နောက်ပိုင်းမှာ လီရှင်းရဲ့မကောင်းတဲ့အခြေအနေက ဆက်တိုက်ဖြစ်နေခဲ့လို့ ဖြုတ်ချခံခဲ့ရပြီး၊ အသင်းတော်က အစ်မဝမ်လင်ကို ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်လိုက်တယ်။ ဝမ်လင်ရဲ့ အစွမ်းအစက ကောင်းတာကိုမြင်တော့ ကျွန်မ စိုးရိမ်စိတ်ဝင်လာတယ်။ လေ့ကျင့်မှုနည်းနည်းလောက်ရပြီးရင် သူက ကျွန်မကို ကျော်တက်သွားနိုင်တယ်လို့ ခံစားရလို့၊ သူ့ကို ပေါ်လွင်မလာစေချင်ခဲ့ဘူး။ ဖြစ်ချင်တော့ အသစ်ရွေးချယ်ခံရတဲ့ ဝမ်လင်က အလုပ်နဲ့ပတ်သက်ပြီး မရင်းနှီးသေးဘူး။ ဒါနဲ့ ကျွန်မကအသင်းတော်အလုပ်တွေကို အပြည့်အဝယူဖို့ ဒါကိုအကြောင်းပြချက်အဖြစ် အသုံးပြုလိုက်တယ်။ သူ့ရဲ့ အရည်အချင်းတွေကို သုံးဖို့ အခွင့်အရေးမပေးခဲ့ဘူး။ တစ်ခါတုန်းက အသင်းတော်မှာ အရေးပေါ် မိတ်သဟာယပြုပြီး အကောင်အထည်ဖော်ရမယ့် အလုပ်တစ်ခုရှိခဲ့တယ်။ ဒါပေမဲ့ ဝမ်လင်က ဒေသခံမဟုတ်တော့၊ အစည်းအဝေးကျင်းပတဲ့ နေရာတချို့နဲ့ မရင်းနှီးဘူးလေ။ ကျွန်မက သူ့ကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ပေးဖို့ဖြစ်ဖြစ်၊ အလုပ်ကို အတူတူ အကောင်အထည်ဖော်ဖို့ဖြစ်ဖြစ် ခေါ်မသွားခဲ့ဘူး။ အဲဒီအစား သူ့ကို ပယ်ထားလိုက်ပြီးတော့၊ သူ့ရဲ့ တာဝန်နယ်ပယ်ထဲမှာရှိရမဲ့ နေရာတွေထဲက အလုပ်ကို အကောင်အထည်ဖော်လိုက်တယ်။ နောက်ပိုင်းမှာ ဝမ်လင်မှာ အလုပ်အတွက် ဝန်တာထားတဲ့စိတ်မရှိဘူးလို့ ညီအစ်ကိုမောင်နှမတွေကိုတောင် ကျွန်မပြောပြခဲ့တယ်၊ ပြီးတော့ အလုပ်တွေကို ကျွန်မတစ်ယောက်တည်း ဘယ်လိုနေရာတကာပြေးလွှားပြီး အကောင်အထည်ဖော်ခဲ့ရတယ်ဆိုတာကိုပါ ပြောပြခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမတချို့က သူ့အပေါ်မှာ အမြင်စောင်းသွားကြပြီး သူ့ရဲ့ မိတ်သဟာယကို နားမထောင်ချင်ကြတော့ဘူး။ အကျိုးဆက်အနေနဲ့ ဝမ်လင်ဟာ အပျက်သဘောဆောင်လာခဲ့တယ်။ ကျွန်မ နည်းနည်းတော့ အပြစ်ရှိသလို ခံစားရပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ အဲဒီအစား ကိုယ့်တာဝန်မှာ ဘယ်လောက်တောင် အနစ်နာခံပြီး တောင့်ခံခဲ့ရတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေရှေ့မှာ ဆက်ပြီး ထုတ်ကြွားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက အလုပ်အပေါ်ထားတဲ့ ကျွန်မရဲ့ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ်အတွက် ကျွန်မကို ခဏခဏ ချီးကျူးကြပြီး၊ အသင်းတော်မှာ ကျွန်မမရှိလို့မဖြစ်ဘူးလို့ ပြောကြတယ်။ ဒါကိုကြားတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်သဘောကျပြီး ကျေနပ်နေခဲ့တယ်။ အဲဒီနောက်မှာတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဉာဏ်အလင်းပွင့်ခြင်း၊ အလင်းပေးခြင်း ဘာတစ်ခုမှ မရတော့ဘူး၊ ဆုတောင်းတဲ့အခါမှာလည်း ဘာပြောစရာစကားမှ မရှိတော့ဘူးဆိုတာကို ကျွန်မတွေ့လာတယ်။ ကျွန်မရဲ့ နေ့ရက်အချိန်တွေကို နားဝေတိမ်တောင်နဲ့ ဦးတည်ရာမရှိတဲ့ အခြေအနေနဲ့ ဖြတ်သန်းခဲ့တယ်။ အသင်းတော်အလုပ်ရဲ့ ရလဒ်တွေကလည်း ကျဆင်းလာတယ်။ အဲဒီအချိန်ကျမှ ကိုယ့်အခြေအနေ မမှန်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းရှာဖွေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်လာအောင် ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။...၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ လက်ရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်ကို ခြိမ်းခြောက်သည့်သူ တစ်စုံတစ်ယောက်ရှိလျှင် ထိုသူကို ဖြိုလှဲပြီး ဖယ်ရှားဖို့အတွက် မည်သည့်အရာကိုမဆို လုပ်ကြမည် ဖြစ်ကာ ညှာတာမှုမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သောသူ၊ မိမိတာဝန်ကို သစ္စာစောင့်သိမှုနှင့် တာဝန်သိစိတ်ဖြင့် ထမ်းဆောင်သောသူတို့ကို ဖိနှိပ်ရန် စက်ဆုပ်ဖွယ် နည်းလမ်းများကိုပင် အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အကောင်းဆုံးထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအပေါ်သို့လည်း မနာလိုမှုနှင့် မုန်းတီးမှုအပြည့်ရှိကြသည်။ ညီအစ်ကိုမောင်နှမများက ထောက်ခံပြီး အတည်ပြုလက်ခံသောသူတို့အပေါ်ကို ၎င်းတို့က အထူးသဖြင့် မုန်းတီးကြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့ ကြိုးပမ်းသည့်အရာအတွက်၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က ‘သင်၊ သို့မဟုတ် ငါ၊ ငါ သို့မဟုတ် သင်ဖြစ်ရမည်။ ငါတို့နှစ်ယောက်လုံးအတွက် နေရာမရှိပေ။ ငါက သင့်ကို ဖြိုလှဲပြီး ရှင်းမပစ်ရလျှင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မည်မဟုတ်။’ ဟု ကျိန်ဆိုကြသည်။ မတူညီသော ထင်မြင်ချက်ကို ဖော်ပြသော၊ ၎င်းတို့ကို ဖော်ထုတ်သော၊ သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သော ညီအစ်ကိုမောင်နှမများအပေါ်တွင် ၎င်းတို့က မသက်ညှာပေ။ ထိုသူတို့ကို ဝေဖန်အပြစ်တင်ရန်၊ ပြစ်တင်ရှုတ်ချရန်၊ သိက္ခာချရန်နှင့် ဖြိုလှဲရန်အတွက် ထိုသူတို့အပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်ကို ရယူနိုင်ရန် မည်သည့်အရာကိုမဆို စဉ်းစားကြပြီး မရမချင်း ၎င်းတို့သည် စိတ်ချလက်ချ ရှိမည် မဟုတ်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံး၏ အနှစ်သာရမှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ပြီးထိခိုက်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မရဲ့အခြေအနေကို အတိအကျပဲ ဖော်ထုတ်လိုက်တာပဲ။ ကျွန်မ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်ကစပြီး တခြားလူတွေက ကျွန်မကို ဘယ်လိုမြင်လဲဆိုတာကိုပဲ အမြဲအာရုံစိုက်ခဲ့တယ်။ ကျွန်မနဲ့အတူတူ လက်တွဲလုပ်နေတဲ့အစ်မက ကျွန်မထက်ပိုတော်တာကို တွေ့လိုက်ရတဲ့အခါ၊ ကျွန်မလက်မခံနိုင်ခဲ့ဘူး၊ သူနဲ့ပြိုင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ချင်ခဲ့တယ်။ ကျွန်မက သူများတွေထက် သာအောင်လုပ်ရမယ်၊ လူတိုင်းက ကျွန်မကို အထင်ကြီးလေးစားအောင်လုပ်ရမယ်ပေါ့။ လီရှင်းနဲ့ လက်တွဲလုပ်တုန်းက၊ သူ့ရဲ့အစွမ်းအစက ကောင်းတယ်၊ အလုပ်လုပ်နိုင်စွမ်းရှိတယ်၊ သမ္မာတရားကို မိတ်သဟာယပြုတာကလည်း ရှင်းလင်းတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို ကျွန်မတွေ့ခဲ့တယ်။ ကျွန်မ မနာလိုဖြစ်ခဲ့ပြီး ဒါကို လက်မခံနိုင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကိုပဲ အထင်ကြီးလေးစားပြီး ကျွန်မကို အထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ ဒါနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဖို့အတွက် တခြားလူတွေရဲ့ မိတ်သဟာယထဲမှာ ပါတဲ့ အလင်းကို လိုက်လေ့လာပြီး ဒီလိုလုပ်ခြင်းအားဖြင့် တခြားသူတွေက ကျွန်မကို အထင်ကြီးလာအောင်လုပ်ဖို့ မျှော်လင့်ခဲ့တာပေါ့။ လီရှင်းထက် ကျွန်မ ပိုသာတယ်ဆိုတာကို ပြချင်လို့၊ အသင်းတော်အလုပ်အားလုံးကို ကျွန်မတစ်ယောက်တည်း တာဝန်ယူပြီး လီရှင်းကို ဝင်မပါစေဘဲ၊ မသိမသာနဲ့ သူ့ကို ဘေးဖယ်ထုတ်ထားတဲ့အထိတောင် ဖြစ်ခဲ့တယ်။ လီရှင်းရဲ့အခြေအနေ မကောင်းတာကိုတွေ့တဲ့အခါမှာလည်း ကျွန်မ ဂရုမစိုက်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ့အခြေအနေသာ ကောင်းသွားရင် သူ့အလုပ်ရဲ့ရလဒ်တွေက ကျွန်မထက်သာသွားမှာကို စိုးရိမ်ခဲ့လို့လေ။ ဝမ်လင်နဲ့ လက်တွဲလုပ်တဲ့အခါမှာလည်း ကျွန်မက ပြိုင်ဆိုင်လိုစိတ် အရမ်းပြင်းထန်ခဲ့တယ်။ ဝမ်လင်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်နေတာ မကြာသေးတော့ ကျွန်မက သူ့ကိုကူညီပြီး ပံ့ပိုးပေးသင့်တယ်ဆိုတာကို ကောင်းကောင်းသိပေမဲ့၊ သူ့ရဲ့အစွမ်းအစက ကောင်းတာကိုတွေ့တော့၊ သူသာ အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သွားရင် ကျွန်မကို ကျော်တက်သွားပြီး ကျွန်မရဲ့အဆင့်အတန်းကို ထိခိုက်လာမှာစိုးရိမ်ခဲ့တယ်။ ဒါနဲ့ ကျွန်မရဲ့အလုပ်လုပ်နိုင်စွမ်းကို ထုတ်ပြဖို့ တစ်ယောက်တည်း အလုပ်လုပ်ခဲ့ပြီး၊ သူ့ရဲ့အရည်အချင်းတွေကို အပြည့်အဝအသုံးချဖို့ အခွင့်အရေး တစ်ခုမှ မပေးခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရင်းနဲ့ သူ့ကို ကွယ်ရာမှာ ချိုးနှိမ်ခဲ့တဲ့အထိတောင် ဖြစ်ခဲ့တယ်၊ အကျိုးဆက်ကတော့ ညီအစ်ကိုမောင်နှမတွေက သူ့အပေါ် အမြင်စောင်းပြီး ပယ်ထားကြတော့တာပေါ့။ နောက်ဆုံးမှာတော့ သူလည်း အပျက်သဘောဆောင်တဲ့အထဲကို ကျရောက်သွားခဲ့တယ်။ ဒီလိုအရာတွေ လုပ်ခဲ့မိတာကို ကျွန်မပြန်တွေးကြည့်တဲ့အခါ ကျွန်မဟာ လူ့သဘာဝမရှိဘဲ တော်တော်လေး စက်ဆုပ်စရာကောင်းတယ်လို့ တကယ်ကိုခံစားခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ကြတာ၊ ကျွန်မ ဒီအခွင့်အရေးကို တန်ဖိုးထားသင့်ခဲ့တယ်။ အသင်းတော်အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်မှာ တခြားသူတွေနဲ့ သဟဇာတဖြစ်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ သစ္စာစောင့်သိရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ အဲဒီအစား လူတွေက ကျွန်မကို အထင်ကြီးလေးစားလာအောင် နာမည်နဲ့ အကျိုးအမြတ်အတွက် အမြဲတမ်း ပြိုင်ဆိုင်ခဲ့တယ်။ ကျွန်မရဲ့အပြုအမူက အစ်မနှစ်ယောက်ကို ဘောင်ခတ်ခဲ့ရုံတင်မကဘဲ၊ အသင်းတော်အလုပ်ကိုလည်း ထိခိုက်ခဲ့တယ်။ အခု ကျွန်မ အမှောင်ထဲကို ကျရောက်သွားခဲ့တယ်၊ ဒါဟာ ဘုရားသခင်က ကျွန်မကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်နေတာပဲ။ ကျွန်မသာ ပြန်မသုံးသပ်ဘဲ နောင်တမရရင် ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရမယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ ဒီအတွေးက ကျွန်မကို တကယ်ပဲ ကြောက်လန့်သွားစေခဲ့တယ်။ ဒါနဲ့ ကျွန်မ ချက်ချင်းပဲ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်။ သမီးရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်တော့မှ ထပ်ပြီးမပြိုင်ဆိုင်တော့ပါဘူး” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ တာဝန်တွေထမ်းဆောင်တဲ့အခါ၊ စပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ဘေးဖယ်ထားပြီး ဝမ်လင်နဲ့ ပြိုင်ဆိုင်တာကို ရပ်လိုက်တယ်။ အဲဒီအစား အသင်းတော်အလုပ်ကိုလုပ်ဆောင်ရာမှာ သူနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို သင်ယူခဲ့ပြီး သူ့တာဝန်တွေကို အမြန်ဆုံးကျွမ်းကျင်သွားအောင် စပြီး ကူညီပေးခဲ့တယ်။ ဝမ်လင်ရဲ့အခြေအနေက တိုးတက်လာတယ်၊ သူ့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်လာပြီး၊ တကယ့်ပြဿနာတချို့ကိုလည်း ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒါကိုမြင်တော့ ကျွန်မ ရှက်မိတယ်။ ကျွန်မက ဝမ်လင်နဲ့ အမြဲတမ်းပြိုင်ဆိုင်နေပြီး သူ့ကို လေ့ကျင့်ဖို့အခွင့်အရေး ဘယ်တုန်းကမှ မပေးခဲ့လို့သာ သူ စိတ်ဓာတ်ကျခဲ့ရတာဆိုတာ ကျွန်မ သိတယ်လေ။ အခု ကျွန်မတို့ အတူတူ ပူးပေါင်းဆောင်ရွက်ကြတော့၊ ဝမ်လင်က သူ့ရဲ့အရည်အချင်းတွေကို အပြည့်အဝ အသုံးချနိုင်ခဲ့ပြီး၊ အသင်းတော်အသက်တာမှာ ရရှိတဲ့ရလဒ်တွေကလည်း ပိုကောင်းလာတယ်။ ဒီအတွက် ကျွန်မ အရမ်းပျော်ခဲ့ပြီး ဒီအပိုင်းမှာ ကျွန်မနည်းနည်း ဝင်ရောက်မှုရှိလာပြီလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ကျွန်မအထဲမှာ အရမ်းကိုအမြစ်တွယ်နေတော့၊ မကြာခင်မှာပဲ နာမည်နဲ့အကျိုးအမြတ်အတွက် ပြိုင်ဆိုင်နေတဲ့ အခြေအနေထဲကို ပြန်ရောက်သွားခဲ့ပြန်ရော။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ၊ ကျွန်မတို့အသင်းတော်ကို အနီးအနားက တခြားအသင်းတော်တစ်ခုနဲ့ ပေါင်းလိုက်ပြီး ကျွန်မကို ခေါင်းဆောင်အဖြစ် ထပ်ရွေးချယ်ခဲ့တယ်။ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အသင်းတော်ပေါင်းပြီးတဲ့နောက်မှာ ခေါင်းဆောင်အဖြစ် ဆက်လုပ်နေရတာက ကျွန်မအရည်အချင်းရှိတယ်ဆိုတာကို သက်သေပြနေတာပဲလို့ ခံစားရလို့ပါ။ ဒါပေမဲ့ ကျွန်မနဲ့အတူတူ လက်တွဲလုပ်ရမယ့် အစ်မနှစ်ယောက်အကြောင်းကို ကျွန်မစဉ်းစားမိတယ်။ တစ်ယောက်က အစ်မ ပန်ကျင်း၊ သူက ခေါင်းဆောင်အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူလေ။ သူက စည်းမျဉ်းတွေအများကြီးကို နားလည်တယ်၊ အတွေ့အကြုံလည်းကြွယ်ဝပြီး သမ္မာတရားကို မိတ်သဟာယပြုနိုင်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်လေ့ရှိတယ်။ နောက်တစ်ယောက်က အစ်မ ချန်မင်၊ သူ့ရဲ့အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း နှစ်ခုလုံးက တော်တော်လေးကောင်းတယ်။ ဒါကြောင့် ကျွန်မ ဖိအားတွေအများကြီးရှိနေသလို ခံစားရတယ်။ သူတို့နှစ်ယောက်လုံးက ကျွန်မထက်သာနေတော့ ငါက အားအနည်းဆုံးသူ ဖြစ်သွားမှာပဲ၊ အဲဒီအခါကျရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးကြမလားလို့ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မ တိတ်တဆိတ်နဲ့ ကြိုးစားမှုကို နှစ်ဆတိုးလိုက်တယ်။ နေ့တိုင်း အုပ်စုအစည်းအဝေးတွေသွားဖို့ အချိန်ပိုရအောင် ညှစ်ထုတ်တယ်။ အလုပ်ပိုလုပ်ပြီး၊ ပိုဒုက္ခခံပြီး၊ သူတို့ထက် ပိုကြီးတဲ့အဖိုးအခကို ပေးခြင်းအားဖြင့် သူတို့ကို ကျော်တက်နိုင်မယ်လို့ ထင်တာကြောင့်လေ။ အထူးသဖြင့် ပန်ကျင်း တာဝန်ယူထားတဲ့ ဧရိယာက ညီအစ်ကိုမောင်နှမတွေနဲ့ အတူရှိဖို့ အချိန်ပိုရအောင် ကျွန်မ အထူးကြိုးစားခဲ့တယ်။ အုပ်စုအစည်းအဝေးတိုင်းကို တစ်ကြိမ်မှမပျက်ဘဲ ကျွန်မတက်ခဲ့တယ်၊ သူတို့တာဝန်ယူထားတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ခံမှုကို ရချင်တဲ့မျှော်လင့်ချက်နဲ့ပေါ့။ တစ်ခါတုန်းက ပန်ကျင်းက သူ့နယ်မြေထဲက အဖွဲ့တစ်ဖွဲ့မှာ ညီအစ်ကိုမောင်နှမတွေက ဘယ်တော့မှ သဟဇာတရှိရှိ အလုပ်မလုပ်နိုင်ကြဘူး၊ သူက သူတို့နဲ့ သုံးလေးကြိမ် မိတ်သဟာယပြုခဲ့ပေမဲ့လည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးလို့ ပြောတာကို ကျွန်မကြားခဲ့တယ်။ ကျွန်မတွေးလိုက်တယ်၊ “ငါ ဒီအခွင့်အရေးကို အရယူပြီး ဒီပြဿနာကို မိတ်သဟာယပြု ဖြေရှင်းပေးရမယ်။ ဒါဆိုရင် ငါက သူ့ထက်သာတယ်ဆိုတာကို ပြနိုင်မှာပဲ” ပေါ့။ ဒါနဲ့ ကျွန်မ အချိန်ရအောင်လုပ်ပြီး ဒီအဖွဲ့ကို သွားတွေ့ခဲ့တယ်။ ကျွန်မရဲ့ စိတ်ရှည်ရှည် မိတ်သဟာယပြုမှုကနေတစ်ဆင့် နောက်ဆုံးမှာတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဧည့်ခံတဲ့အိမ်ကအစ်မက ပန်ကျင်းရှေ့မှာတောင် ကျွန်မရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို ချီးကျူးခဲ့တယ်။ ဒါကိုကြားတော့ ကိုယ့်ကိုယ်ကိုယ် သိပ်ကျေနပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အရည်အချင်းရှိတယ်လို့ ထင်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ့်အတွက် ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ဖို့၊ ကျွန်မ နေ့ဘက်တွေမှာ အဖွဲ့အမျိုးမျိုးရဲ့ အစည်းအဝေးတွေကို တက်ရင်း အချိန်ကုန်လေ့ရှိတယ်၊ ပြီးတော့ ပြဿနာတွေကို ချက်ချင်းဖြေရှင်းနိုင်အောင်လို့ ညဘက်တွေမှာ မနက် ၁ နာရီအထိ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး အချက်အလက်တွေ ရှာဖွေလေ့လာခဲ့တယ်။ အစည်းအဝေးတစ်ခုမတိုင်ခင်တိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မ သမ္မာတရားကို မိတ်သဟာယပြုတာ ကောင်းတယ်လို့ မြင်စေချင်တဲ့မျှော်လင့်ချက်နဲ့ ဆရာမတစ်ယောက်က သင်ခန်းစာတွေ ပြင်ဆင်နေသလိုမျိုးပဲ ကျွန်မပြင်ဆင်ခဲ့တယ်။ တစ်ခါတော့ ကျွန်မက တခြားဒေသက အစည်းအဝေးတစ်ခုကို တက်ရလို့ အဖွဲ့အစည်းအဝေးတစ်ခု လွတ်သွားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တာဝန်ယူစိတ်ရှိတယ်လို့ ထင်စေချင်လို့၊ နောက်နေ့ ကျွန်မပြန်ရောက်တဲ့အခါ လွတ်သွားတဲ့အစည်းအဝေးအတွက် ဖာထေးလို့ရအောင် အချိန်ရအောင် အမြန်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အစည်းအဝေးသွားတဲ့လမ်းမှာ ကျွန်မရဲ့လျှပ်စစ်စက်ဘီး နောက်ဘီးက ရုတ်တရက် လေမရှိတော့ဘူး။ မိုးတွေ၊ နှင်းတွေထဲမှာ ဘာမှမရှိတဲ့ နေရာတစ်နေရာမှာ ကျွန်မ သောင်တင်သွားတယ်။ ခဏလောက်တော့ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်မ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ၊ နေ့တိုင်း ကျွန်မတို့အပေါ် ကျရောက်တဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တယ်၊ ဒီအခြေအနေမှာ ကျွန်မအတွက် သင်ယူစရာ သင်ခန်းစာတစ်ခု ရှိနိုင်တယ်ဆိုတာကို ရုတ်တရက် သတိရလိုက်တယ်။ ပြန်သုံးသပ်ကြည့်တော့၊ အစည်းအဝေးတက်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က မမှန်ကန်ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မက ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုပြီး သမ္မာတရားကို နားလည်ဖို့ တက်ရောက်နေတာမဟုတ်ဘူး၊ အဲဒီအစား ဒီအစည်းအဝေးကို အခွင့်ကောင်းယူပြီး သူတို့ကို ကျွန်မမှာ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ်ရှိတယ်ဆိုတာ မြင်စေချင်တာ၊ ကျွန်မကို အထင်ကြီးလေးစားစေချင်တာ။ ကျွန်မက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက်ပဲ လုပ်ဆောင်နေခဲ့တုန်းပဲ။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “ဩဇာအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ အသင်းတော်တွင် အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အခြားလူတို့၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုတို့ကို ကြိုးစားရယူဖို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပိုများသည့် လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်မည်ဖြစ်ပြီး ပိုများသည့်လူတို့အား ၎င်းတို့ကို ကြည်ညိုလေးစားအောင်၊ ကိုးကွယ်အောင် လုပ်နိုင်မည်ဖြစ်သည့်အပြင် ထိုသို့ဖြင့် အသင်းတော်တွင် အဆုံးအဖြတ် ပေးပိုင်ခွင့်ရရှိခြင်းနှင့် ဩဇာအာဏာ ကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်သည်။ ဩဇာအာဏာကို ရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အခြားလူများနှင့် ပြိုင်ဆိုင်ခြင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောလူများ၊ အသင်းတော်တွင် ဂုဏ်သိက္ခာ ရှိသောသူများနှင့် ညီအစ်ကို မောင်နှမများ၏ ချစ်ခြင်းကို ခံရသောသူများသည် ၎င်းတို့၏ အဓိက ရန်ဘက်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် မည်သူမဆိုသည် ၎င်းတို့၏ ရန်ဘက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ထက် အားကောင်းသော သူတို့နဲ့ မတွန့်မဆုတ်ဘဲ ယှဉ်ပြိုင်ကြပြီး ၎င်းတို့ထက် အားနည်းသောသူတို့ကို မည်သည့် သနားစိတ်မျှ လုံးဝ မခံစားရဘဲ ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက ယှဉ်ပြိုင်ခြင်း၊ တိုက်ခိုက်ခြင်း အတွေးအခေါ်များနှင့် ပြည့်နေသည်။ လူတို့က ယှဉ်ပြိုင်ကာ တိုက်ခိုက်ခြင်း မရှိလျှင် မည်သည့် အကျိုးကျေးဇူးမျှ ရရှိနိုင်ကြမည် မဟုတ်သကဲ့သို့ ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့အားဖြင့်သာ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့ ရရှိနိုင်ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အဆင့်အတန်းကို ရရှိရန်နှင့် လူတစ်စုအတွင်းတွင် ပြိုင်ဘက်ကင်းသော နေရာတစ်ခုကို ရယူရန်အလို့ငှာ မည်သူနှင့်မဆို ယှဉ်ပြိုင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခုဖြစ်စေသည့် လူတစ်ဦးကိုမျှ ၎င်းတို့ ချမ်းသာမပေးကြပေ။ မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဖြစ်စေ ဤဆက်ဆံရေးများသည် ယှဉ်ပြိုင်မှုများ၊ တိုက်ခိုက်မှုများနှင့် ပြည့်နေပြီး ၎င်းတို့ အသက်ကြီးသည်အထိ ဆက်လက်၍ ယှဉ်ပြိုင်ပြီး တိုက်ခိုက်နေကြသည်။ ၎င်းတို့က ‘ထိုလူကို ငါ တိုက်ခိုက်လျှင် အနိုင်ရနိုင်မည်လော’ဟု မကြာခဏ ဆိုကြသည်။ စကားပြောကောင်းပြီး ကျိုးကြောင်းဆီလျော်သော၊ အဆီအငေါ် တည့်သော၊ စနစ်ကျသော ပုံစံတစ်ခုဖြင့် စကားပြောနိုင်သူ မည်သူမဆိုသည် ၎င်းတို့ မနာလိုဖြစ်ကာ အတုခိုးသည့် ပစ်မှတ်ဖြစ်လာသည်။ ထို့ထက်ပင်ပို၍ ထိုသူတို့သည် ၎င်းတို့၏ ရန်ဘက်ဖြစ်လာသည်။ သမ္မာတရားကို လိုက်စားပြီး ယုံကြည်ခြင်း ရှိကာ ညီအစ်ကို မောင်နှမများကို မကြာခဏ ကူညီပြီး ပံ့ပိုးပေးနိုင်သည့်အပြင် ထိုသူတို့ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့မှ လွတ်မြောက်လာရန် ထောက်ကူပေးနိုင်သည့်သူ မည်သူမဆိုအပြင် အလုပ်အကိုင်တစ်ခုခုတွင် ကျွမ်းကျင်ပြီး ညီအစ်ကို မောင်နှမများ၏ လေးစားမှု အတော်အတန် ရသောသူ မည်သူမဆိုသည်လည်း ၎င်းတို့၏ ရန်ဘက်ဖြစ်လာကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ရလဒ်များရကာ အထက်၏ အသိအမှတ်ပြုခြင်း ရရှိသူမည်သူမဆိုသည် ၎င်းတို့အတွက် သာ၍ပင် ကြီးမားသော ရန်ဘက်တစ်ခု အလိုအလျောက် ဖြစ်လာသည်။ မည်သည့်အဖွဲ့တွင် ရှိသည်ဖြစ်စေ အန္တိခရစ်များ၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ သင်တို့၏ အတွေးများကို ဝေမျှကြလော့။ (အခြားသူများနှင့်လည်းကောင်း၊ ကောင်းကင်ဘုံနှင့်လည်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဆုံးမဲ့ ပျော်စရာရင်းမြစ်တစ်ခု ဖြစ်သည်။) ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်ပေသည်။ အခြားတစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ၎င်းတို့က ‘ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏’ဟု တွေးထင်ကြသည် မဟုတ်လော။ ဆိုလိုသည်မှာ ၎င်းတို့သည် အမြင့်ဆုံးဖြစ်ချင်ကြပြီး မည်သူနှင့် ၎င်းတို့ ရှိသည်ဖြစ်စေ ထိုသူတို့ထက် သာအောင်လုပ်ချင်ကြသည်။) ဤသည်မှာ ၎င်းတို့၏ စိတ်ကူးများထဲမှတစ်ခုဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်၊ စကားလုံးအချို့ကို ကျွန်ုပ် စဉ်းစားမိပါသည်။ ‘အနိုင်ရသူ ဘုရင် ဖြစ်သည်’ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အခြားသူများထက် အမြဲ သာလွန်ချင်ကြပြီး ထင်ပေါ်ချင်ကြကာ အမြင့်ဆုံးဖြစ်ဖို့ ကြိုးပမ်းကြသည်ဟု ကျွန်ုပ် ထင်ပါသည်။) သင်တို့ ပြောပြီးသည့်အရာ အများစုမှာ စိတ်ကူးအမျိုးအစားများ ဖြစ်သည်။ ယင်းတို့ကို ဖော်ပြရန် အပြုအမူတစ်မျိုးကို ကြိုးစားအသုံးပြုကြည့်လော့။ အန္တိခရစ်များသည် မည်သည့်နေရာတွင် ၎င်းတို့ ရှိသည်ဖြစ်စေ အမြင့်ဆုံးသော နေရာကို မလွဲမသွေ ယူလိုခြင်းမျိုး မဟုတ်ပေ။ နေရာတစ်ခုကို ၎င်းတို့ သွားသည့်အခါတိုင်းတွင် ၎င်းတို့ကို ပြုမူဆောင်ရွက်ရန် တွန်းအားပေးနေသော စိတ်သဘောထားတစ်ခုနှင့် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက ‘ငါ ပြိုင်ရမည်။ ပြိုင်ရမည်။ ပြိုင်ရမည်’ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာ ဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ် မြင်ခြင်းနှင့် ငါဟူသော အတ္တဆန်ခြင်း အလွန်အမင်း ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသော စိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့် တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။ သို့သော် အဆင့်အတန်းကို ရလျှင် ယင်းသည် ၎င်းတို့အတွက် မည်သည့်အကျိုး ရှိသနည်း။ အခြားလူများက ၎င်းတို့ကို နားထောင်လျှင်၊ လေးစားလျှင်၊ ကိုးကွယ်လျှင် ၎င်းတို့အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ အန္တိခရစ်များကိုယ်တိုင်ပင် ဤအရာကို ရှင်းမပြနိုင်ပေ။ လက်တွေ့တွင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မွေ့လျော်ခံစားလိုသည်။ လူတိုင်းအား ၎င်းတို့ကို ပြုံးပြစေလိုပြီး မြှောက်ပင့်ကာ ဖားလျက်ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းခံလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အန္တိခရစ်တွေဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို တကယ်ပဲ နှစ်သက်တယ်၊ သူတို့ ဘယ်သူနဲ့ပဲရှိရှိ တခြားသူတွေနဲ့ ပြိုင်ဆိုင်ပြီး နှိုင်းယှဉ်ရတာကို ကြိုက်တယ်ဆိုတာကို ဖော်ထုတ်ထားတယ်။ လူတွေက သူတို့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်လာအောင်လို့ တခြားသူတွေကို သူတို့အမြဲတမ်း သာလွန်ချင်ကြတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက်ဆိုရင် တခြားသူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မသမာတဲ့နည်းလမ်းတွေကိုတောင် သုံးဖို့ ဆန္ဒရှိကြတယ်။ သူတို့မလုပ်တဲ့ ယုတ်ညံ့တဲ့အရာ ဘာတစ်ခုမှမရှိဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ချိန်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်မထုတ်ဖော်ပြခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ တစ်ပုံစံတည်းပဲဆိုတာကို ကျွန်မတွေ့ခဲ့တယ်။ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ၊ ကျွန်မက “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ဘာပဲလုပ်လုပ် တခြားသူတွေထက် ပိုကောင်းအောင် အမြဲတမ်းလုပ်ချင်ခဲ့တယ်၊ ဘယ်ကိုပဲသွားသွား တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ချီးကျူးမှုကို ရချင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာတောင် ကျွန်မက ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်အောင်လုပ်ပြီး တခြားသူတွေထက် သာချင်ခဲ့တုန်းပဲ၊ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဆက်ပြီး ကြိုးပမ်းယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မက တခြားသူတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့အတွက် ကျွန်မနဲ့လက်တွဲလုပ်တဲ့ အစ်မတွေကို ပယ်ထုတ်ပြီး သေးသိမ်အောင်လုပ်ခဲ့တဲ့အထိတောင် ဖြစ်ခဲ့တယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုတဲ့ အစည်းအဝေးတွေမှာတောင် ကျွန်မရဲ့ရည်ရွယ်ချက်က အမြဲတမ်းပဲ ကျွန်မနဲ့လက်တွဲလုပ်တဲ့ အစ်မတွေကို ကျော်လွှားဖို့ပဲဖြစ်ခဲ့တယ်။ ဒီစာတန်ဆန်တဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်ခြင်းက ကျွန်မကို ပိုပိုပြီး မာနထောင်လွှားကာ မလိုမုန်းထားစိတ်ရှိသူ ဖြစ်စေခဲ့တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ဂရုစိုက်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ဒါမှမဟုတ် အသင်းတော်ရဲ့အကျိုးစီးပွားကို မစဉ်းစားခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို နာကျင်စေခဲ့ပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်။ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအကြောင်းကို ကျွန်မစဉ်းစားမိတယ်။ သူတို့က ကိုယ့်နေရာကို ခိုင်မာအောင်လုပ်ဖို့အတွက် သဘောထားကွဲလွဲသူတွေကို ပယ်ထုတ်ပြီး ဖိနှိပ်တဲ့အထိတောင် လုပ်ခဲ့ကြတယ်။ သူတို့က အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ မကောင်းတဲ့အပြုအမူများစွာနဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ ကျွန်မက အဲဒီအန္တိခရစ်တွေနဲ့ လမ်းကြောင်းတစ်ခုတည်းကို လျှောက်နေမှန်း ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဆက်ပြီးလိုက်စားနေခဲ့တယ်၊ ကျွန်မသာ နောင်တမရရင်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ကိုယ်တော်ရဲ့ အပြစ်ပေးတာကို ခံရမှာ သေချာတယ်။ ကျွန်မ တကယ်ပဲ ကြောက်လန့်သွားပြီး နောင်တနဲ့ အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြည့်နှက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန်ချလိုက်တယ်၊ “ငါ ဇာတိပကတိကို ပုန်ကန်ရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ ငါ့အစ်မတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “သင်သည် ဤအရာများကို စွန့်လွှတ်ရန်နှင့် လက်လွှတ်ရန် သင်ယူရမည်၊ အခြားသူများကို ထောက်ခံရန်နှင့် ကောင်းမွန်သော အခွင့်အရေးများရှိသည့်အခါ အခြားသူများကို ထင်ပေါ်ကျော်ကြားခွင့်ပြုရန် သင်ယူရမည်။ သင်သည် ထင်ပေါ်ကျော်ကြားရန်နှင့် ထွန်းလင်းတောက်ပရန် အခွင့်အရေးများကို ကြုံတွေ့သည့်အခါတိုင်း ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်း မပြုရပေ။ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ရမည်ဖြစ်သော်လည်း သင်၏တာဝန်ထမ်းဆောင်မှုကိုမူ မထိခိုက်စေရ။ မထင်မရှား အလုပ်လုပ်သော၊ မိမိကိုယ်ကို မကြွားဝါသော၊ မိမိ၏တာဝန်ကိုလည်း သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတစ်ဦး ဖြစ်ပါစေ။ သင်သည် သင်၏မာနနှင့် အဆင့်အတန်းကို စွန့်လွှတ်လေလေ၊ သင်၏အကျိုးစီးပွားများကို ပို၍ စွန့်လွှတ်လေလေ၊ သင်သည် ပို၍ ငြိမ်းချမ်းမှုကို ခံစားရလေလေ ဖြစ်မည်၊ သင်၏စိတ်နှလုံးထဲတွင် အလင်း ပို၍ရှိလာမည်ဖြစ်ပြီး သင်၏အခြေအနေသည် ပို၍ ကောင်းမွန်လာလိမ့်မည်။ သင်သည် ပို၍ ယှဉ်ပြိုင်ပြီး ပြိုင်ဆိုင်လေလေ၊ သင်၏အခြေအနေသည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်။ သင်သည် ငါ့ကိုမယုံကြည်ပါက စမ်းကြည့်လိုက်။ သင်သည် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် အခြေအနေကို ပြုပြင်ပြောင်းလဲလိုပါက၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ထိန်းချုပ်မှုကို မခံလိုပါက သင်သည် သမ္မာတရားကို ရှာဖွေရမည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်၊ ထို့နောက် ယင်းတို့ကို လက်လွှတ်ပြီး စွန့်လွှတ်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားဖို့ သင်ယူရမယ်၊ ပြီးတော့ အသင်းတော်ရဲ့အကျိုးစီးပွားကို ဦးစားပေးရမယ်။ ဒီလိုလုပ်မှသာ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မယ်။ ကျွန်မနဲ့လက်တွဲလုပ်တဲ့ အစ်မတွေရဲ့ အစွမ်းအစက ကျွန်မထက်ပိုကောင်းပြီး သူတို့က လက်တွေ့ကျတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာကို ပြန်သုံးသပ်ကြည့်တဲ့အခါ၊ ဒါက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်ဆိုတာကို ကျွန်မတွေ့ခဲ့တယ်။ ပြီးတော့ ကျွန်မက သူတို့နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်၊ အချင်းချင်း အပြန်အလှန် အားဖြည့်ပေးသင့်ရင်းနဲ့ သူတို့ရဲ့ အားသာချက်တွေကို လေ့လာသင့်တယ်။ ဒီလိုလုပ်မှသာ အသင်းတော်ရဲ့အလုပ်က ပိုကောင်းတဲ့ရလဒ်တွေ ရရှိနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ချို့တဲ့ချက်တွေကိုလည်း ဖြည့်ဆည်းနိုင်မှာလေ။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်မတာဝန်ကို လုပ်နိုင်တဲ့ပုံစံပဲ။ ဒီနောက်မှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့တယ်၊ ကျွန်မနဲ့လက်တွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မထက်ပိုတော်လား မတော်လားဆိုတာကို မစဉ်းစားတော့ဘဲ၊ ကိုယ့်တာဝန်မှာ ကိုယ့်အခန်းကဏ္ဍကနေ ပါဝင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒီအချိန်အတောအတွင်းမှာ ကျွန်မထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ ကျွန်မရဲ့သုံးသပ်မှုတွေ၊ နားလည်သဘောပေါက်လာမှုတွေအကြောင်းကို ကျွန်မနဲ့လက်တွဲလုပ်တဲ့ အစ်မတွေကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက်မှာ အစ်မတွေက ကျွန်မကို အထင်မသေးခဲ့ဘဲ အဲဒီအစား ကျွန်မကို မိတ်သဟာယပြုပြီး ကူညီပေးခဲ့ကြတယ်။ ရှေ့ဆက်ပြီးတော့ ကျွန်မတို့ အလုပ်တွေကို အတူတူဆွေးနွေးပြီး သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ အချိန်နည်းနည်းကြာတော့ အသင်းတော်အလုပ်က တိုးတက်လာခဲ့တယ်။
တစ်နေ့မှာ၊ အထက်ခေါင်းဆောင်တွေဆီကနေ အသင်းတော်ခေါင်းဆောင်တွေထဲကနေ တရားဟောသူတစ်ယောက်ကို ရွေးချယ်မယ်လို့ပြောတဲ့ စာတစ်စောင်ရောက်လာတယ်။ ကျွန်မစိတ်ထဲမှာ လှုပ်ရှားသွားတယ်၊ ကျွန်မလည်း ရွေးချယ်ခံချင်တာပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ချန်မင်က ငါ့ထက် သမ္မာတရားကို ပိုနားလည်တယ်၊ ပြီးတော့ သူက အစွမ်းအစလည်းကောင်းတယ်၊ အလုပ်လုပ်နိုင်စွမ်းလည်းရှိတယ်၊ ဒါကြောင့် စည်းမျဉ်းတွေအရဆိုရင်တော့ သူက ပိုသင့်တော်တယ်” လို့ပေါ့။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ နည်းနည်းတော့ မသက်မသာဖြစ်နေတုန်းပဲ၊ “ချန်မင်သာ တရားဟောသူ တကယ်ဖြစ်သွားရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက သူ့လောက်မကောင်းဘူးလို့ ပြောကြမှာလား” လို့ တွေးမိတယ်။ ကျွန်မစိတ်ထဲမှာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့တယ်။ “သင်သည် ဤအရာများကို စွန့်လွှတ်ရန်နှင့် လက်လွှတ်ရန် သင်ယူရမည်၊ အခြားသူများကို ထောက်ခံရန်နှင့် ကောင်းမွန်သော အခွင့်အရေးများရှိသည့်အခါ အခြားသူများကို ထင်ပေါ်ကျော်ကြားခွင့်ပြုရန် သင်ယူရမည်။ သင်သည် ထင်ပေါ်ကျော်ကြားရန်နှင့် ထွန်းလင်းတောက်ပရန် အခွင့်အရေးများကို ကြုံတွေ့သည့်အခါတိုင်း ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်း မပြုရပေ။ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ရမည်ဖြစ်သော်လည်း သင်၏တာဝန်ထမ်းဆောင်မှုကိုမူ မထိခိုက်စေရ။ မထင်မရှား အလုပ်လုပ်သော၊ မိမိကိုယ်ကို မကြွားဝါသော၊ မိမိ၏တာဝန်ကိုလည်း သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတစ်ဦး ဖြစ်ပါစေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုက ကျွန်မစိတ်နှလုံးကို လင်းထိန်သွားစေခဲ့တယ်။ ကျွန်မအရင်တုန်းက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ သာယာနေပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး တခြားသူတွေကို ကျော်လွှားဖို့ ကြိုးစားခဲ့တာတွေကို ကျွန်မစဉ်းစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်ရစေမယ့် ကိစ္စတစ်ခုခုပေါ်လာတိုင်းမှာ ကျွန်မက ပြိုင်ဆိုင်ပြီး တခြားသူတွေကို ကျော်လွှားဖို့ ကြိုးစားမိတာပဲ။ ဒါက လူတွေကို ဘောင်ခတ်ရုံတင်မကဘဲ အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ဒီအရာတွေကို စဉ်းစားမိတဲ့အခါ ကျွန်မ နောင်တတွေနဲ့ ပြည့်နှက်သွားတယ်။ အခု ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ပုန်ကန်ရမယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားပြီး၊ အသင်းတော်အလုပ်ကို ပထမနေရာမှာ ထားရမယ်။ ချန်မင်က ကျွန်မထက် တာဝန်ထမ်းဆောင်တာ ပိုကြာတယ်၊ သူက သမ္မာတရားကို မိတ်သဟာယပြုတာလည်း ပိုပြီးလက်တွေ့ကျတယ်၊ ဒါကြောင့် သူ တရားဟောသူဖြစ်လာတာက အသင်းတော်အလုပ်အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်။ ဒီလိုစဉ်းစားပြီးတော့ ကျွန်မ ချန်မင်ကို မဲပေးလိုက်တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ ငြိမ်သက်ပြီး သက်သောင့်သက်သာရှိတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မအထဲမှာ ဒီလိုပြောင်းလဲမှုကို ဖြစ်စေခဲ့တာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။