၇၅။ ကျွန်ုပ်၏ မုသားများနှင့် မည်သည့်အရာကို ကာကွယ်ဖို့ ကျွန်ုပ် ကြိုးစားနေခဲ့သနည်း

မာဆယ်လာ၊ ဖိလစ်ပိုင်နိုင်ငံ

ကျွန်မက အသင်းတော်မှာ ရေလောင်းတဲ့အဖွဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ နေ့တိုင်း အသင်းတော်ကို လူသစ်တွေ ရောက်လာတာဆိုတော့ ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို လူသစ်တွေ စုဝေးပွဲတက်တဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံခိုင်းတယ်။ တစ်နေ့မှာ အစီရင်ခံစာ ရေးနေတုန်း လူသစ်တချို့အတွက် ဘာစုဝေးပွဲမှ မစီစဉ်ပေးရသေးတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ “ငါ ဘယ်လိုလုပ်ပြီး ဒါကို လွတ်သွားရတာလဲ” လို့ပေါ့။ ဒီလို အခြေခံကျတဲ့ အမှားမျိုး လုပ်မိတယ်ဆိုတာ ကိုယ့်ဟာကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ်။ နေ့တိုင်း ကိုယ့်တာဝန်တွေကို ဒီလောက် ဂရုတစိုက် လုပ်နေရက်နဲ့ ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာမျိုး ပေါ်လာရတာလဲပေါ့။ အရင်တုန်းကဆိုရင် ကျွန်မက တာဝန်သိတယ်၊ တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် ရှိတယ်၊ ပြီးတော့ အလုပ်ကို အသေးစိတ် ဂရုစိုက်ပြီး လုပ်တတ်တယ်လို့ ကြီးကြပ်ရေးမှူးက အကဲဖြတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဒီလောက် အခြေခံကျတဲ့ အမှားမျိုးကို လုပ်မိသွားပြီလေ။ “ငါသာ ဒီအကြောင်းကို အမှန်အတိုင်း ရေးလိုက်ရင် ကြီးကြပ်ရေးမှူးက ငါ့ကို အထင်သေးသွားမလား။ နောက်ပြီး ငါက အဖွဲ့ခေါင်းဆောင်လေ၊ ညီအစ်ကိုမောင်နှမတွေကို သူတို့တာဝန်တွေမှာ ဂရုစိုက်ကြဖို့ နေ့တိုင်း သတိပေးနေတာ၊ ဒီနေ့ကျမှ ပေါ့ဆတာက ငါဖြစ်နေတယ်။ သူတို့က ငါ့ကို ဆောင်ပုဒ်တွေပဲ အော်နေပြီး စကားလုံးတွေနဲ့ အယူဝါဒတွေကိုပဲ ကြက်တူရွေးနှုတ်တိုက် ရွတ်နေတယ်လို့ ထင်သွားကြမလား” လို့ တွေးမိတယ်။ ကျွန်မ စိတ်ပူပန်ရလို့ ဂနာမငြိမ်ဖြစ်နေပြီး ဘာလုပ်သင့်လဲဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတော့တာပဲ။ ခဏလောက် စဉ်းစားပြီးတဲ့နောက် ဒီအကြောင်းကို သူတို့ကို လုံးဝ အသိပေးလို့မဖြစ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ကြီးကြပ်ရေးမှူးဆီ တင်တဲ့ အစီရင်ခံစာထဲမှာ ဒီလူသစ်တွေကို အကြောင်းကြားခဲ့ပေမဲ့ သူတို့အင်တာနက်လိုင်း မကောင်းလို့ အဲဒီနေ့က စုဝေးပွဲ မတက်နိုင်ဘူးလို့ ပြောခဲ့ပါတယ်ဆိုပြီး ရေးလိုက်တယ်။ ဒါကို ရေးပြီးတော့ ကိုယ့်ဘာသာ တွေးမိပြန်တယ်၊ “ကြီးကြပ်ရေးမှူးကိုတော့ ငါလှည့်ပတ်ရှောင်လိုက်ပြီ၊ ဒါပေမဲ့ ဒီလူသစ်တွေကို ရေလောင်းပေးနေတဲ့ ညီအစ်မကများ လူသစ်တွေ စုဝေးပွဲမတက်ရတဲ့ တကယ့်အကြောင်းရင်းကို သွားမေးပြီး အဖြစ်မှန်ကို ကြီးကြပ်ရေးမှူးဆီ အစီရင်ခံလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါ လိမ်ထားတာ ပေါ်သွားမှာ မဟုတ်ဘူးလား။ ငါက လိမ်ပြီး သူ့ကို လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ကြီးကြပ်ရေးမှူး သိသွားရင် ငါ့ကို ဘယ်လိုထင်မလဲ။ ညီအစ်ကိုမောင်နှမတွေကရော ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဒီလို စက်ဆုပ်စရာကောင်းပြီး ရှက်စရာကောင်းတဲ့ကိစ္စကို လုပ်ရလောက်အောင် ငါက လုံးဝကို လှည့်ဖြားတတ်တယ်လို့ သူတို့ ထင်သွားကြမလား။ အဲဒီလိုသာဖြစ်ရင် ငါ့ဂုဏ်သတင်းတော့ ပျက်စီးသွားမှာပဲ။ ဘာသဲလွန်စမှ မကျန်အောင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ။ ဒီလူသစ်တွေကို ရေလောင်းပေးနေတဲ့ ညီအစ်မက ကြီးကြပ်ရေးမှူးကို သွားမပြောသရွေ့တော့ ဒီပြဿနာက ပေါ်မှာမဟုတ်ဘူး” လို့ပေါ့။ ဒါနဲ့ ညီအစ်မကို ကမန်းကတန်း သွားရှာပြီး အခြေအနေကို အမှန်အတိုင်း ရှင်းပြလိုက်တော့ နောက်နေ့မှ စီစဉ်လည်း ရပါတယ်လို့ သူက ပြောတယ်။ ဒါကိုကြားတော့ တစ်ညလုံး အလုပ်တွေ ရှုပ်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ကျွန်မ သက်ပြင်းချနိုင်သွားတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်မ တကယ်ကို ရတက်မအေးဖြစ်ပြီး တွေးမိတယ်၊ “ငါက စီစဉ်မပေးခဲ့ဘဲနဲ့ အဲဒီအစား လူသစ်တွေ စုဝေးပွဲ မတက်ဘူးလို့ ပြောလိုက်တာ သိသာနေတာပဲ။ ဒီလိုလုပ်တာက တခြားသူတွေကို လှည့်ဖြားဖို့ ကြိုးစားနေမှန်း ရှင်းနေတာပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးကို ငါ့အမှား ငါဝန်ခံလိုက်ရင် ငါ့အပေါ် သူအကောင်းမြင်တာတွေ ပျောက်ကုန်တော့မှာပဲ” ပေါ့။ ခဏလောက်တော့ ကျွန်မ စိတ်ခံစားချက်တွေ ရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ မြန်မြန် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အခု သမီး တကယ်ကို စိတ်မကောင်းဖြစ်နေပါတယ်။ သမီးလုပ်ခဲ့တာဟာ ကိုယ်တော်နဲ့ ကြီးကြပ်ရေးမှူးကို လှည့်ဖြားဖို့ ကြိုးစားတာမှန်း သမီး သိပါတယ်၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးဆီ အမှားဝန်ခံဖို့ သမီးမှာ တကယ် သတ္တိမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဝန်ခံလိုက်ရင် သမီးအပေါ် သူအကောင်းမြင်တာ ထိခိုက်သွားမှာကို ကြောက်လို့ပါ။ အို ဘုရားသခင်၊ ဒီကိစ္စကနေ သင်ခန်းစာယူပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မရဲ့ အခြေအနေနဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “၎င်းတို့၏ နေ့စဉ်ဘဝများတွင် လူတို့သည် အကျိုးမရှိသောစကားများ၊ မုသားများကို မကြာခဏ ပြောဆိုကြပြီး အသိဉာဏ်ကင်းမဲ့သော၊ မိုက်မဲသော၊ ခုခံကာကွယ်သော စကားများကို ပြောဆိုကြသည်။ ဤအရာအများစုကို ဂုဏ်ပကာသနနှင့် သိက္ခာအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်အတ္တများကို ဖြည့်ဆည်းရန်အလို့ငှာ ပြောဆိုကြခြင်းဖြစ်သည်။ ထိုသို့သော မမှန်မကန်ပြောဆိုခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ သင်သည် ဤဖောက်ပြန်ပျက်စီးသော အရာများကို ဖြေရှင်းပါက သင်၏စိတ်နှလုံးသည် သန့်စင်ခြင်းခံရမည်ဖြစ်ပြီး သင်သည် တဖြည်းဖြည်း ပို၍စင်ကြယ်ကာ ပို၍ရိုးသားလာလိမ့်မည်။ လက်တွေ့တွင် လူအားလုံးသည် အဘယ်ကြောင့် လိမ်ညာကြသည်ကို သိကြသည်။ ယင်းမှာ တစ်ကိုယ်ရေအကျိုးအမြတ်အတွက်၊ အချည်းနှီးဖြစ်သော ဂုဏ်နှင့် သိက္ခာအတွက်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်ဖြစ်ပြီး ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ရန် ကြိုးစားကြကာ ဝမရှိဘဲ ဝိလုပ်၍ ဟန်ဆောင်ကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ မုသားများသည် နောက်ဆုံးတွင် အခြားသူများ၏ ထုတ်ဖော်ခြင်းနှင့် ဖော်ထုတ်ခြင်းကို ခံကြရပြီး ၎င်းတို့သည် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့နှင့်အတူ သိက္ခာကျရလေသည်။ ဤအရာအားလုံးသည် အလွန်အကျွံ လိမ်ညာခြင်းများကြောင့် ဖြစ်ရသည်။ သင်၏ လိမ်ညာမှုများသည် အလွန်များပြားလှပေသည်။ သင်ပြောသည့် စကားတိုင်းသည် မသန့်စင်ဘဲ မှားယွင်းကာ စကားတစ်ခွန်းမျှ မှန်ကန်သည် သို့မဟုတ် ရိုးသားသည်ဟု မှတ်ယူ၍ မရနိုင်ပေ။ သင်သည် လိမ်ညာပြောဆိုသည့်အခါ သိက္ခာမကျအောင် ရှောင်ရှားနိုင်သည်ဟု ခံစားရသော်လည်း စိတ်နှလုံး နက်ရှိုင်းရာတွင်မူ သင်သည် အရှက်ရသည်ဟု ခံစားရလေသည်။ သင်၏ အသိစိတ်က သင့်အား အပြစ်တင်ပြီး အတွင်းစိတ်ထဲတွင် သင်သည် မိမိကိုယ်ကို အထင်သေးကာ မထီမဲ့မြင်ပြုလျက် ‘ငါသည် အဘယ်ကြောင့် ဤမျှ သနားစရာကောင်းသော ဘဝဖြင့် အသက်ရှင်နေရသနည်း။ အမှန်တရားကို ပြောရန် ဤမျှ ခက်ခဲသလော။ ငါ၏ ဂုဏ်မာနအတွက် လိမ်ညာမှုများကို အားကိုးရမည်လော။ ငါ၏ ဘဝသည် အဘယ်ကြောင့် ဤမျှ ပင်ပန်းရသနည်း’ ဟု တွေးလေသည်။ သင်သည် ဤမျှ ပင်ပန်းသော ဘဝဖြင့် အသက်ရှင်ရန် မလိုအပ်ပေ။ သင်သည် ရိုးသားသောသူတစ်ဦးဖြစ်ရန် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သက်သောင့်သက်သာရှိပြီး လွတ်လပ်ကာ လွတ်မြောက်သော ဘဝဖြင့် အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် သင်သည် လိမ်ညာပြောဆိုခြင်းအားဖြင့် သင်၏ သိက္ခာနှင့် အချည်းနှီးသော ဂုဏ်ကို ထိန်းသိမ်းသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် ပင်ပန်းပြီး ဆင်းရဲဒုက္ခရောက်သော ဖြစ်တည်မှုဖြင့် အသက်ရှင်ရလေသည်။ ဤအရာအားလုံးသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်ပေသည်။ လူတစ်ဦးသည် မုသားပြောဆိုခြင်းအားဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကောင်း ထိန်းသိမ်းနိုင်သော်လည်း ထိုဂုဏ်သိက္ခာဟူသည်မှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနှစ်မဲ့သောအရာတစ်ခုသာ ဖြစ်ပြီး လုံးဝ တန်ဖိုးမရှိပေ။ မုသားပြောဆိုခြင်းဟူသည်မှာ လူတစ်ဦး၏ တည်ကြည်မှုနှင့် သိက္ခာကို သစ္စာဖောက်ခြင်း ဖြစ်ပေသည်။ ယင်းက လူတို့ကို ၎င်းတို့၏ သိက္ခာကို စွန့်လွှတ်ရစေပြီး ၎င်းတို့၏ တည်ကြည်မှုကို ဆုံးရှုံးစေသည်။ ဘုရားသခင်သည် ဤအရာကို မနှစ်မြို့ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းသည်ဟု မြင်တော်မူသည်။ ဤသည်မှာ တန်သလော။ လုပ်ကျိုးမနပ်ချေ။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ (မဟုတ်ပါ။) မကြာခဏ လိမ်ညာသော လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် စာတန်၏ အာဏာအောက်၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် အလင်းထဲ၌ အသက်မရှင်သည်သာမက ဘုရားသခင်၏ မျက်မှောက်တော်၌လည်း အသက်မရှင်ကြပေ။ သင်သည် မည်သို့ လိမ်ညာရမည့်အကြောင်းကို အစဉ်အမြဲ စဉ်းစားပြီးနောက် လိမ်ညာပြီးနောက်တွင်မူ ထိုမုသားကို မည်သို့ ဖုံးကွယ်ရမည့်အကြောင်း စဉ်းစားရသည်။ ထို့ပြင် ထိုမုသားကို ကောင်းမွန်စွာ မဖုံးကွယ်ဘဲ ဖော်ထုတ်ခံရသောအခါ သင်သည် ကွဲလွဲဆန့်ကျင်မှုများကို ကြိုးစားပြီး ဖြေရှင်းရန် ဦးနှောက်ခြောက်အောင် စဉ်းစားကာ ယုတ္တိရှိအောင်လုပ်ဖို့ လိုတော့သည်။ ဤပုံစံအတိုင်း အသက်ရှင်ရသည်မှာ ပင်ပန်းသည်မဟုတ်လော။ အလွန် ပင်ပန်းဖွယ်ကောင်းသည်။ ယင်းသည် ထိုက်တန်သလော။ မထိုက်တန်ပေ။ မာန်မာန၊ ဝင့်ဝါမှုနှင့် အဆင့်အတန်း တစ်ခုတည်းအတွက်ကြောင့် မုသားဆိုရန်နှင့် ယင်းတို့ကို ဖုံးကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားရာ၌ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ နောက်ဆုံးတွင် သင်သည် ပြန်၍ဆင်ခြင်ပြီး ‘အဘယ်အကျိုးရှိသနည်း။ မုသားဆိုပြီးနောက် ယင်းတို့ကို ဖုံးကွယ်ရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤပုံစံအတိုင်း ပြုမူနေထိုင်ခြင်းက အလုပ်ဖြစ်မည်မဟုတ်။ ငါသည် ရိုးသားသော လူတစ်ဦးသာ ဖြစ်လာလျှင် ပို၍လွယ်ကူမည်’ ဟု တွေးမိသည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လာရန် ဆန္ဒရှိသော်လည်း သင်၏ မာန်မာန၊ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကို လက်မလွှတ်နိုင်ပေ။ ထို့အတွက်ကြောင့် သင်သည် ဤအရာများကို ထိန်းသိမ်းဖို့အတွက် မုသားဆိုခြင်းကိုသာ အားကိုးနိုင်တော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံရသည့်အပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံရသည့် သဘောသက်ရောက်လျှင်ပင် သင်အရေးစိုက်မည် မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားသောလူများ ဖြစ်ရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အပေါ်ယံ တည်ကြည်မှုကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းထက် လှည့်ဖြားတတ်သော လူများဖြစ်လိုကြပြီး ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ ဘုရားသခင်ကို ငြင်းပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ ၎င်းတို့သည် လှည့်ဖြားတတ်သော လူများဖြစ်လိုကြသည်။ ဘုရားသခင် နှစ်သက်သည်၊ မနှစ်သက်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ကယ်တင်ခြင်း မခံရနိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားများဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ မှန်ကြောင်း ရှင်းချက်ထုတ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ နေ့ရက်များကိုသာ ဖြတ်သန်းနိုင်ကြသည်။ မုသားများက သင် လိုအင်ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာတို့ကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် မိမိ၏ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာအပြင် သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူက သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ သင်၏အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် ထာဝရ နောင်တပင် ဖြစ်၏။ လှည့်ဖြားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ ထိုးထွင်းသိမြင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတာက လှည့်ဖြားတတ်တဲ့ လူတွေဟာ ကိုယ့်ရဲ့ အချည်းအနှီး ဂုဏ်သိက္ခာ၊ မာနနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ပြောဆိုပြုမူကြတယ်ဆိုတာပါပဲ။ ဘုရားသခင်က ဒါကို မနှစ်သက်ဘူးဆိုတာ သူတို့ ကောင်းကောင်း သိရက်နဲ့တောင် မုသားပြောဖို့၊ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့နဲ့ လှည့်ဖြားဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြတုန်းပါပဲ။ သူတို့ရဲ့ မာနနဲ့ အချည်းနှီး ဂုဏ်သိက္ခာကို ကာကွယ်လိုက်နိုင်တယ်လို့ ထင်ရပေမဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို သူတို့ ဆုံးရှုံးသွားကြတာပဲ၊ ပြီးတော့ သူတို့သာ နောင်တမရဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာကို ခံရပြီး ဘုရားသခင် ကယ်တင်တာခံရမယ့် အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားမှာပဲ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ မှင်တက်သွားတယ်။ ကျွန်မရဲ့ အပြုအမူက ဘုရားသခင် ဖော်ထုတ်ထားတဲ့ အခြေအနေတွေနဲ့ တစ်ပုံစံတည်း ဖြစ်နေတာကိုး။ လူသစ်တချို့အတွက် စုဝေးပွဲတွေ စီစဉ်မပေးရသေးဘူးဆိုတာကို တွေ့လိုက်ရတာနဲ့ ဒီကိစ္စကို ကြီးကြပ်ရေးမှူးသာ သိသွားရင် ကျွန်မကို ဘယ်လိုထင်မလဲ၊ ကိုယ့်အပေါ် အထင်သေးသွားမလားဆိုပြီး စိုးရိမ်မိခဲ့တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ သိသွားရင် သူတို့တာဝန်တွေမှာ ပိုပြီး လုံ့လဝီရိယရှိဖို့ ကိုယ်က အမြဲသတိပေးနေပြီးတော့ ကိုယ့်တာဝန်တွေကျမှ ဒီလောက် အခြေခံကျတဲ့ အမှားမျိုး လုပ်မိတဲ့ အချက်ကို သူတို့ ထောက်ပြကြမလားဆိုပြီးတော့လည်း စိုးရိမ်မိတယ်။ ကျွန်မကို လက်တွေ့ကျမှု မရှိဘဲ စကားလုံးတွေနဲ့ အယူဝါဒတွေကို ကြက်တူရွေးနှုတ်တိုက် ရွတ်နေတဲ့သူလို့ သူတို့ ထင်သွားကြမှာကို ကြောက်တာပေါ့။ ကျွန်မအပေါ် လူတွေ အကောင်းမြင်တာကို ထိန်းသိမ်းဖို့အတွက် အင်တာနက်လိုင်း မကောင်းလို့ လူသစ်တွေ စုဝေးပွဲ မတက်ခဲ့တာပါဆိုပြီး ကျွန်မ လိမ်ပြောခဲ့တယ်။ ဒါပေမဲ့ လူသစ်တွေကို ရေလောင်းပေးနေတဲ့ ညီအစ်မက တကယ့်အခြေအနေမှန်ကို သိသွားပြီး ကြီးကြပ်ရေးမှူးဆီ အစီရင်ခံလိုက်လို့ ကိုယ်ပြောထားတာနဲ့ လွဲနေတာတွေ ပေါ်သွားမှာပဲဆိုပြီးတော့လည်း စိုးရိမ်ပြန်ရော။ ဒါကြောင့် ရေလောင်းနေတဲ့ ညီအစ်မဆီ ကမန်းကတန်းသွားပြီး အခြေအနေကို ကိုယ်ကဦးအောင် ရှင်းပြခဲ့ရတယ်။ ကိုယ့်ရဲ့ အချည်းနှီး ဂုဏ်သိက္ခာနဲ့ မာနကို ကာကွယ်ဖို့အတွက် မုသားတွေပြောပြီး အဲဒီမုသားတွေကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်ဆိုတာ ကျွန်မ ကောင်းကောင်း သိပြီး အပြစ်ရှိသလို ခံစားရပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သေးဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချုပ်နှောင်တာကို ခံရပြီး နာကျင်သလို ပင်ပန်းနွမ်းနယ်မှုကိုလည်း ခံစားခဲ့ရတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာရော၊ တည်ကြည်မှုပါ ကျွန်မ ဆုံးရှုံးခဲ့ရတယ်။ ကိုယ်လုပ်ခဲ့တဲ့အတိုင်း လုပ်လိုက်ရင် ဘာအစအနမှ ကျန်ခဲ့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘုရားသခင်က အရာရာတိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေတာပဲလေ။ ကျွန်မက လူပြက်တစ်ယောက်လို ပြုမူနေခဲ့တာ။ များများ ဆင်ခြင်သုံးသပ်လေလေ၊ ကျွန်မလုပ်ခဲ့တာတွေဟာ ရွံစရာ၊ စက်ဆုပ်စရာကောင်းပြီး ယုတ်ညံ့တယ်လို့ ပိုပြီး ခံစားရလေလေပဲ၊ ပြီးတော့ ကျွန်မရဲ့ လုပ်ရပ်တွေကြောင့် ကျွန်မကို ဘုရားသခင် စက်ဆုပ်ရွံရှာသွားတယ်လို့ ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ ရှင်းပြလို့မရတဲ့ စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုမျိုးကို ခံစားရပြီး တကယ်ကို အန္တရာယ်ရှိနေသလို ခံစားရတယ်။ ဘုရားသခင် ပြောထားသလိုပါပဲ၊ “မုသားများက သင် လိုအင်ဆန္ဒရှိသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာတို့ကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် မိမိ၏ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာအပြင် သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်နှင့် သိက္ခာကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူက သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ သင်၏အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် ထာဝရ နောင်တပင် ဖြစ်၏။” မုသားပြောလိုက်တာက တခြားသူတွေရှေ့မှာ ကျွန်မရဲ့ အချည်းနှီး ဂုဏ်သိက္ခာနဲ့ မာနကို ကာကွယ်ခွင့်ပေးပြီး ကျွန်မအပေါ် လူတွေထားတဲ့ အကောင်းမြင်စိတ်ကို ထိန်းသိမ်းခွင့်ပေးခဲ့ပေမဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကိုတော့ ကျွန်မ ဆုံးရှုံးသွားခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရှေ့မှောက်မှာ ထာဝရ ဖျက်ဖျောက်လို့မရတဲ့ ပြစ်မှားခြင်းကို ကျွန်မ ကျူးလွန်ခဲ့မိတယ်။ နောက်ပိုင်းကျတော့ ကျွန်မ တွေးမိတယ်၊ “ဘာဖြစ်လို့ ငါက တစ်ချိန်လုံး မလိမ်ဘဲ မနေနိုင်ရတာလဲ။ ဒါရဲ့ အခြေခံအကြောင်းအရင်းက ဘာလဲ” လို့ပေါ့။

တစ်နေ့မှာ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ လူတို့သည် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်၍ မကောင်းသည့်အရာများ သို့မဟုတ် ဂုဏ်သရေညှိုးစေသောအရာများကို လုပ်ဆောင်မည့်အစား ကိုယ်ရည်သွေးကာ ၎င်းတို့ကို အကောင်းမြင်စေမည့်အရာများ ပို၍ လုပ်ဆောင်ရသည်ကိုလည်းကောင်း၊ လေးစားမခံရသော သို့မဟုတ် ဂုဏ်သရေမရှိသော ဘဝကို အသက်ရှင်ရခြင်းမျိုးမှ ရှောင်ကြဉ်ဖို့ကိုလည်းကောင်း အလေးထားရန်ကို ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးက ပြောနေသည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ မိမိကိုယ်ကို ကြည့်ကောင်းအောင် လုပ်ဖို့အတွက် လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး ဂုဏ်ရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် ၎င်းတို့ အမှန်တကယ် တွေးတောသည့်အရာ၊ ၎င်းတို့ လုပ်ခဲ့သည့် အမှားများနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ချိုးဖောက်သည့် နည်းလမ်းများတို့ကဲ့သို့ မိမိနှင့်ပတ်သက်သည့် အဖြစ်မှန်များနှင့် အမှန်တရားတို့အားလုံးကို ဘုရားသခင်ကို ထုတ်ဖော်ပြရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကိုလည်း ချခင်းပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ သင့်ကိုယ်သင် ချခင်းပြပြီး ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေ ကျွန်မ နောက်ဆုံးမှာ သဘောပေါက်သွားတာက ကျွန်မဟာ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်အတိုင်း အသက်ရှင်နေထိုင်ခဲ့တယ် ဆိုတာကိုပါပဲ။ ဒါက ကျွန်မ ဆောင်ရွက်ပုံနဲ့ ကျင့်ကြံပြုမူပုံအတွက် လမ်းညွှန်ချက် ဖြစ်လာခဲ့တယ်။ ငယ်ငယ်လေးကတည်းက ကျွန်မရဲ့ မိသားစုက အမြဲဆုံးမခဲ့တာက “ဒီဘဝမှာ ကိုယ့်ဂုဏ်သတင်းကို အာရုံစိုက်ရမယ်၊ ဒါမှ တခြားသူတွေက ကိုယ့်ကို အထင်ကြီးပြီး အကောင်းမြင်ကြမှာ။ နာမည်ဆိုးနဲ့ ကျော်ကြားသွားရင် မိဘတွေတောင် မျက်နှာပျက်ရတယ်” တဲ့။ ကျောင်းစတက်တော့လည်း ဆရာတွေက ခဏခဏ သင်ပေးတယ်၊ “တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ရှင်သန်ဖို့အတွက် သူတစ်ပါးရဲ့ ချီးကျူးမှုကို ရယူရမယ်” တဲ့။ ဒီလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်မ ဘာပဲလုပ်လုပ် သူများတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကို အထူးဂရုစိုက်ခဲ့တယ်။ ဘုရားသခင်ကို တွေ့ရှိပြီး အသင်းတော်မှာ တာဝန်ယူပြီးတဲ့နောက်မှာတောင် တခြားသူတွေ ကျွန်မအပေါ် ထားတဲ့ အမြင်ကို အများကြီး အာရုံစိုက်ခဲ့တုန်းပဲ၊ ပြီးတော့ နေ့တိုင်း ကိုယ့်တာဝန်ကို ဂရုတစိုက် ထမ်းဆောင်ရင်းနဲ့ တစ်ခဏလေး လစ်ဟင်းသွားရင်တောင် ပြဿနာတွေဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲက ကျွန်မရဲ့ ပုံရိပ်ကောင်းတွေ ထိခိုက်ပျက်စီးသွားစေမှာကို စိုးရိမ်နေခဲ့တယ်။ သေးငယ်တဲ့ ပြဿနာလေးတစ်ခုကတောင် ကျွန်မကို သေရေးရှင်ရေး အန္တရာယ်ကျရောက်နေသလို ခံစားရစေပြီး ရင်ထဲမှာ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်သွားစေတယ်။ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းထားဖို့အတွက် ကြီးကြပ်ရေးမှူးဆီ အမှားတွေ ဝန်မခံရဲခဲ့ဘူး၊ ဒါကြောင့် လှည့်ကွက်တွေ၊ လှည့်ဖြားမှုတွေကို သုံးပြီး လူသစ်တွေရဲ့ စုဝေးပွဲ အခြေအနေကို လိမ်လည် အစီရင်ခံခဲ့တာပေါ့။ ဒီလို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်ရင်းနဲ့ ကျွန်မဟာ တကယ်ကို ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့သူ ဖြစ်လာခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် လူသားပီသခြင်းရဲ့ အခြေခံစည်းမျဉ်းတွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မဟာ အဲဒီလောက် ယုတ်ညံ့ပြီး တန်ဖိုးမရှိတဲ့ ဘဝနဲ့ အသက်ရှင်နေထိုင်ခဲ့တာပဲ။ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ဖို့ ကြိုးစားရာမှာ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့ နိယာမနဲ့ ထိပ်တိုက်တွေ့တဲ့အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဒါမှမဟုတ် သမ္မာတရားဘက်မှာ ရပ်တည်ဖို့ ကျွန်မ မလုပ်နိုင်တာကို တွေ့ရတယ်လေ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မ ဘယ်လိုလုပ် ကယ်တင်ခြင်း ခံရနိုင်မှာလဲ။ စာတန်ဆန်တဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်ခြင်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သဘောပေါက်လိုက်တော့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့မိတာကို အကြီးအကျယ် နောင်တရမိတယ်၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ကျွန်မ ရှာခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲ ဟန်ဆောင်နေပါက၊ အမြဲ သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းနှင့် မြင့်မားသော စရိုက်တို့ ရှိသည်ဟု ဟန်ဆောင်နေပါက၊ သင်၏ ဖောက်ပြန်ပျက်စီးမှုနှင့် အပြစ်အနာအဆာများကို အခြားသူများထံမှ ဖုံးကွယ်ထားပါက၊ ၎င်းတို့အား ပုံရိပ်အတုတစ်ခုကို တင်ပြနေပါက၊ သင်သည် ဖြောင့်မှန်သောသူ၊ ကြီးမြတ်သောသူ၊ ကိုယ်ကျိုးစွန့်သောသူ၊ တရားမျှတသောသူနှင့် ကိုယ်ကျိုးမဖက်သောသူဖြစ်သည်ဟု ၎င်းတို့အား ယုံကြည်စေပါက ဤအရာတွင် လှည့်ဖြားတတ်ခြင်းနှင့် ပရိယာယ်တို့ မရှိသလော။ အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် သင့်ကို ထိုးထွင်းသိမြင်နိုင်မည် မဟုတ်လော။ သို့ဖြစ်၍ ကြောင်သူတော်တစ်ဦး မဖြစ်ပါနှင့် သို့မဟုတ် ဟန်ဆောင်မှု မပြုလုပ်ပါနှင့်။ ထိုအစား ရိုးရှင်းပြီး ပွင့်လင်းလော့၊ မိမိကိုယ်ကို ချပြရန် သင်ယူလော့၊ သင်၏ စိတ်နှလုံးကို အခြားသူများ မြင်နိုင်ရန် ချပြလော့။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတာက လှည့်ဖြားတာ ဒါမှမဟုတ် လိမ်လည်တာကို ရှောင်ရှားဖို့အတွက် ဘုရားနှုတ်ကပတ်တော်နဲ့အညီ ရိုးသားတဲ့သူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဆောင်ဖို့ လိုတယ်၊ ပြီးတော့ ကိုယ့်စိတ်နှလုံးကို ဖွင့်ဟပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ဖို့၊ ကိုယ့်စိတ်ထဲမှာ တကယ်ရှိနေတာကို ပြောဖို့ လိုတယ်ဆိုတာပါပဲ။ ကိုယ့်မှာ ဘယ်လိုပဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိနေပါစေ၊ ကိုယ့်တာဝန်မှာ အမှားတွေ လုပ်မိတာပဲဖြစ်ဖြစ်၊ ကိုယ့်မှာ အားနည်းချက်တွေ၊ ချို့တဲ့မှုတွေ ရှိနေတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟပြီး ဖွင့်ချပြတတ်ဖို့ သင်ယူသင့်တယ်၊ သူတို့လိုပဲ ကျွန်မမှာလည်း ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးရှိပြီး သူတို့ထက် ဘာမှ မသာဘူးဆိုတာကို ညီအစ်ကိုမောင်နှမတွေကို မြင်ခွင့်ပေးရမယ်။ ပွင့်လင်းပြီး ရိုးသားမှသာ ကျွန်မရဲ့ စိတ်နှလုံးက ငြိမ်းချမ်းပြီး သက်သာရာရနိုင်မှာလေ။ ဒါကို စိတ်ထဲမှတ်ထားပြီး ညီအစ်ကိုမောင်နှမတွေကို ကျွန်မရဲ့ အခြေအနေအကြောင်း ဖွင့်ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ အမှန်တရားကို ပြောဖို့ စဉ်းစားလိုက်တဲ့အခါ အရမ်းကို စိုးရိမ်ပူပန်လာပြန်တယ်။ ကြီးကြပ်ရေးမှူးက ကိုယ့်ကို ပြုပြင်မလားဆိုတာကို ကြောက်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ကို အထင်သေးသွားမလားလို့လည်း စိုးရိမ်မိတယ်။ ဒါနဲ့ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်လာအောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတော့ ခွန်အားတွေ ရလာတယ်၊ ပြီးတော့ သတ္တိမွေးပြီး ကြီးကြပ်ရေးမှူးဆီ စာပို့လိုက်တယ်၊ လူသစ်တွေရဲ့ စုဝေးပွဲတွေအကြောင်း အစီရင်ခံတုန်းက အမှန်အတိုင်း မပြောခဲ့ဘူးဆိုတာကို သူ့ကို ပြောပြလိုက်တယ်။ ကျွန်မရဲ့ စာကို ဖတ်ပြီးတော့ ကြီးကြပ်ရေးမှူးက ဘာလို့ ဒီလိုလုပ်တာလဲလို့ပဲ မေးပြီး တခြား ဘာမှ သိပ်မပြောပါဘူး။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာလည်း ရိုးသားတဲ့သူဖြစ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ကိုယ့်အမှားတွေကို ဖုံးကွယ်ဖို့ ကျွန်မ ဘယ်လိုလိမ်လည်လှည့်ဖြားခဲ့တယ်ဆိုတာကို ပြောပြခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ဆင်ခြင်သုံးသပ်မှုနဲ့ နားလည်သဘောပေါက်မှုတွေကို ဝေမျှခဲ့တယ်၊ ဒါမှ သူတို့အနေနဲ့ ကျွန်မရဲ့ အတွေ့အကြုံကို သတိထားစရာ သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ယူနိုင်မှာလေ။ ဝေမျှပြီးသွားတော့ ရင်ထဲက လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး နောက်ဆုံးမှာ ကျသွားပြီး စိတ်နှလုံးထဲမှာ ချက်ချင်းဆိုသလို သက်သာရာရသွားတယ်။

ဒီအတွေ့အကြုံ ပြီးတဲ့နောက်မှာ ကျွန်မ စဉ်းစားမိတယ်၊ “တခြားသူတွေ ပြဿနာတွေ ဒါမှမဟုတ် ကိုယ့်တာဝန်မှာ လမ်းလွဲမှုတွေ ကြုံရရင် သူတို့က မှန်မှန်ကန်ကန် သဘောထားနိုင်ပေမဲ့ ငါ ပြဿနာတွေနဲ့ ကြုံရတဲ့အခါကျမှ ဘာလို့ စိတ်ရှုပ်ထွေးနေရတာလဲ။ ဘာဖြစ်လို့ စိတ်မသက်မသာ ဖြစ်နေရတာလဲ။ သူများတွေ ကိုယ့်ကိုယ်အကောင်းမြင်အောင် ဂရုစိုက်တာအပြင် တခြား ဘာပြဿနာတွေ ရှိနေနိုင်သေးလဲ” လို့ပေါ့။ တစ်နေ့ ဝတ်ပြုနေတုန်း “အမှားများကို ဝန်ခံရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုရဲ့ စာသားကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်။ အဲဒီမှာ ကျွန်မအတွက် အရမ်း အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကိုးကားထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။...ပထမဦးစွာ မိမိကိုယ်ကို အမည်ဂုဏ်ပုဒ်တစ်ခု မပေးနှင့်၊ ထို့နောက် ယင်းက သင့်ကို ဘောင်ခတ်သည်ကို ခွင့်မပေးဘဲ ‘ငါသည် ခေါင်းဆောင် ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်၊ ငါသည် ကြီးကြပ်ရေးမှူး ဖြစ်သည်၊ သို့မဟုတ် ငါသည် ဤနယ်ပယ်တွင် အသိပညာအကြွယ်ဝဆုံးနှင့် နည်းပညာအရ အကျွမ်းကျင်ဆုံးသူ ဖြစ်သည်’ ဟု မပြောနှင့်။ သင် ကိုယ်တိုင်ပေးထားသော အမည်ဂုဏ်ပုဒ်၏ တားဆီးခြင်းကို မခံရစေနှင့်။ ဤအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ယင်းက သင့်ကို တင်းကျပ်စွာ ချည်နှောင်လိမ့်မည် ဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များသည် ယင်း၏ သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ပုံမှန် တွေးခေါ်မှုနှင့် ဆုံးဖြတ်ချက်တို့သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ ဤအဆင့်အတန်း၏ ကန့်သတ်ချက်များမှ သင် ရုန်းထွက်လွတ်မြောက်ရမည်။ ပထမဦးစွာ ဤတရားဝင် အမည်ဂုဏ်ပုဒ်၏ ရာထူးမှ ဆင်းပြီး သာမန်လူတစ်ဦး၏ နေရာကို ရယူလော့။ ထို့နောက် သင်၏ စိတ်သဘောထားသည် အတော်အတန် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဤသို့လည်း ဝန်ခံရမည်၊ ‘ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ၊ ပြီးလျှင် ထိုအရာကို ကျွန်ုပ် နားမလည်ပါ၊ ကျွန်ုပ် လေ့လာစုံစမ်းမှုအချို့ ပြုလုပ်ပြီး လေ့လာရမည်’ သို့မဟုတ် ‘ဤအရာကို ကျွန်ုပ် မည်သည့်အခါမျှ မကြုံဖူးပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ’ ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် တွေးနေသည့်အရာကို သင် ပြောနိုင်ပြီး ဤကဲ့သို့ ရိုးသားစွာ ပြောဆိုနိုင်သောအခါ သင်သည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ သင်သည် အခြားသူများကို သင့်ပကတိအခြေအနေကို သိခွင့်ပေးပါက ၎င်းတို့သည် သင့်အပေါ် ပုံမှန် အမြင်တစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး သင်သည် ဟန်ဆောင်နေရန် လိုအပ်မည် မဟုတ်ပေ။ သင်သည် ပြင်းထန်စွာ ဖိအားပေးခံရသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ အခြားသူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူလေသည်။ ဘဝသည် အလွန် ပင်ပန်းသည်ဟု ခံစားရသူ မည်သူမဆိုသည် မိမိကိုယ်ကိုသာ အပြစ်တင်ရန် ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အစပိုင်းမှာ အဖွဲ့ခေါင်းဆောင်တာဝန်ကို ပေးခံရတုန်းက ကိုယ့်ကိုယ်ကိုယ် နေရာမှန်မှန်ကန်ကန် မထားခဲ့ဘဲ အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်ကို ကိုယ့်ခေါင်းပေါ် တင်ထားခဲ့မိတယ်။ ကျွန်မ ပြောသမျှ၊ လုပ်သမျှ အရာအားလုံးဟာ ဒီခေါင်းစဉ်အောက်မှာ ပုံသွင်းခံထားရတာကို တွေ့လိုက်ရတယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီဆိုတော့ ကျွန်မရဲ့ ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တခြား ညီအစ်ကိုမောင်နှမတွေထက် ပိုသာရမယ်၊ ပြီးတော့ ကျွန်မရဲ့ ပုံမှန်အပြုအမူကလည်း သူတို့ထက် ပိုကောင်းရမယ်လို့ ထင်ခဲ့မိတာကိုး။ ဒီလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို လက်ခံထားမိတော့ တခြားသူတွေ ကိုယ့်ကို အထင်သေးသွားမှာ ကြောက်လို့ ကိုယ့်တာဝန်မှာ အမှားတွေ၊ လမ်းလွဲမှုတွေ လုပ်မိမှာကို လက်မခံနိုင်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ဒီလောက် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရတဲ့အတွက် ဒီလိုပုံစံနဲ့ အသက်ရှင်ရတာ အရမ်းကို ပင်ပန်းပြီး နာကျင်ရပါတယ်။ ဒါတွေအားလုံးဟာ သမ္မာတရားကို နားမလည်ဘဲ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အမှုအရာတွေကို မရှုမြင်ခဲ့လို့ပါပဲ။ တကယ်တမ်းကျတော့ အသင်းတော်က ကျွန်မကို အဖွဲ့ခေါင်းဆောင်တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးတာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပြီး ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ကျွန်မက အဖွဲ့ခေါင်းဆောင် ဖြစ်ပေမဲ့ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေရဲ့ ရေလောင်းတဲ့ ရလဒ်တွေက ကျွန်မထက်တောင် ပိုကောင်းနေတတ်တယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တခြားသူတွေထက် ပိုတော်ရမယ်၊ အမှား လုံးဝ မလုပ်ရဘူးလို့ အမြဲတွေးနေမိတုန်းပဲ။ ဒါဟာ တကယ်ကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရား ကင်းမဲ့တာပါပဲ။ ကျွန်မက ဖောက်ပြန်ပျက်စီးနေတဲ့ လူသားတစ်ယောက်ပါပဲ၊ ဒါကြောင့် ကိုယ့်တာဝန်မှာ လမ်းလွဲမှုတွေရှိတာ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်မိတာဟာ ပုံမှန်ပါပဲ။ ဒါကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားပြီး ညီအစ်ကိုမောင်နှမတွေကို ဖွင့်ဟပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ချသင့်တယ်။ ပြီးတော့ ကျွန်မရဲ့ လမ်းလွဲမှုတွေနဲ့ အမှားတွေကနေ ပြဿနာတွေကို အနှစ်ချုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်တယ်။ အဲဒီလိုမှသာ ကိုယ့်တာဝန်ကို ပိုကောင်းအောင် ထမ်းဆောင်နိုင်မှာလေ။

ရက်ပိုင်းလောက်နေတော့ ကြီးကြပ်ရေးမှူးက ကျွန်မဆီ စာတစ်စောင် ပို့လာတယ်။ စာထဲမှာက လူသစ်တစ်ယောက် စုဝေးပွဲတက်ပေမဲ့ ကျွန်မက မတက်ဘူးလို့ အစီရင်ခံထားတယ်တဲ့၊ ပြီးတော့ လူသစ်တွေရဲ့ စုဝေးပွဲတွေကို နောက်ဆက်တွဲ လိုက်လုပ်တဲ့အခါ ပိုဂရုစိုက်ဖို့နဲ့ ကျွန်မရဲ့ အစီရင်ခံစာတွေကို သေချာစစ်ဆေးဖို့ သူက မှာလိုက်တယ်။ စာကို ဖတ်ပြီးတော့ ကျွန်မ ရင်ထဲ ဒိန်းနဲဖြစ်သွားတယ်၊ ပြီးတော့ တွေးမိတယ်၊ “ငါ အစီရင်ခံစာကို စစ်ပြီးပြီပဲ၊ ဘယ်လိုလုပ် ဒီလိုအမှားမျိုး လုပ်မိရတာလဲ” လို့ပေါ့။ ကျွန်မ အမြန်ပဲ ဖိုင်ကို ဖွင့်ကြည့်လိုက်တယ်။ အဲဒီအချိန်ကျမှ တခြား အရေးတကြီး လုပ်စရာတွေ ရှိနေလို့ ပြီးစလွယ် ကြည့်လိုက်မိပြီး အချက်အလက်တွေကို သေချာ မစစ်ဆေးခဲ့မိဘူးဆိုတာကို သတိရသွားတယ်၊ ရလဒ်အနေနဲ့ လူသစ်ရဲ့ စုဝေးပွဲ အခြေအနေကို အစီရင်ခံတဲ့နေရာမှာ အမှားလုပ်မိသွားတာပေါ့။ ညဘက် စုဝေးပွဲလုပ်တဲ့အခါ ကျွန်မရဲ့ အမှားကို ညီအစ်ကိုမောင်နှမတွေ သင်ခန်းစာယူနိုင်အောင် ဝေမျှချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ချီတုံချတုံဖြစ်ပြီး တွေးမိတယ်၊ “ငါ နောက်ထပ် အမှားလုပ်မိသွားပြန်ပြီဆိုတာကို ညီအစ်ကိုမောင်နှမတွေ သိသွားရင် ငါ့တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်နေတယ်လို့ ထင်ကြမလား။ အခုတလော ငါ ဘာတွေဖြစ်နေတာလဲလို့တွေးကြမလား၊ ငါ ဘာလို့ ခဏခဏ အမှားတွေ လုပ်နေရတာလဲဆိုပြီး သူတို့ တွေးရခက်နေမလား။ ငါ့ကို ဘယ်လိုများ ထင်ကြမလဲ။ ငါ တစ်ခုခု ဖြစ်နေတယ်လို့ သူတို့ ထင်ကြမလား” လို့ပေါ့။ ခဏလောက်တော့ ကျွန်မစိတ်တွေ ရှုပ်ထွေးသွားတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အခြေအနေ တစ်ခုခု မှားယွင်းနေပြီဆိုတာကို သဘောပေါက်လိုက်လို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်လာအောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်၊ “သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် ၎င်းတို့ အမှန်တကယ် တွေးတောသည့်အရာ၊ ၎င်းတို့ လုပ်ခဲ့သည့် အမှားများနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ချိုးဖောက်သည့် နည်းလမ်းများတို့ကဲ့သို့ မိမိနှင့်ပတ်သက်သည့် အဖြစ်မှန်များနှင့် အမှန်တရားတို့အားလုံးကို ဘုရားသခင်ကို ထုတ်ဖော်ပြရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကိုလည်း ချခင်းပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အတွေးတွေကို ရုတ်တရက် ရှင်းလင်းသွားစေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် ခွန်အားတွေ ပေးခဲ့တယ်။ ကျွန်မရဲ့ အမှားတွေကို ညီအစ်ကိုမောင်နှမတွေဆီ ဝန်ခံချင်ခဲ့တယ်၊ ဒီလိုလုပ်တာက နည်းနည်းတော့ ရှက်စရာကောင်းပေမဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်နေတာဖြစ်ပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်တာပဲလေ၊ ပြီးတော့ ဝိညာဉ်ရေးရာအရဆိုရင်လည်း လွတ်မြောက်ပြီး လွတ်လပ်သလို ခံစားရမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ဖို့ လမ်းပြပေးပါလို့ တောင်းဆိုလိုက်တာပေါ့။ ပြီးတော့ တခြားသူတွေ ကျွန်မကို ဘယ်လိုပဲ မြင်လာပါစေ၊ ဘုရားသခင်ကိုပဲ ကျေနပ်စေချင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ညဘက် စုဝေးပွဲလုပ်တဲ့အခါ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် တာဝန်မှာ လုပ်မိခဲ့တဲ့ အမှားတွေအကြောင်း ညီအစ်ကိုမောင်နှမတွေကို ပြောပြခဲ့ပြီး ကျွန်မလုပ်ခဲ့တဲ့ အခြေခံကျတဲ့ အမှားမျိုးတွေကို သူတို့မလုပ်မိကြဖို့ တိုက်တွန်းခဲ့တယ်။ ဒီစကားတွေကို ပြောပြီးသွားတော့ ကျွန်မ သက်သာရာရပြီး လွတ်မြောက်သွားသလို ခံစားရတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ တာဝန်ကို ဆက်ထမ်းဆောင်တဲ့အခါ အရင်ကလိုမျိုး သူများတွေ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာကို မစိုးရိမ်တော့ဘဲ ကိုယ့်အမှားတွေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လာနိုင်တယ်။ နေ့တိုင်း ကိုယ်လုပ်သင့်တာကို အကောင်းဆုံးကြိုးစားပြီး ကိစ္စတွေကို အလေးအနက်ထား ကိုင်တွယ်တယ်၊ ပြီးတော့ တာဝန်မှာ ပြဿနာတစ်ခုခု ပေါ်လာတဲ့အခါ ပြဿနာတွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့်ဖြစ်တာဆိုရင် ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတယ်။ တကယ်လို့ ဒီအမှားက သီးခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ ကျွန်မရဲ့ တာဝန်မှာ လုပ်မိခဲ့တဲ့ အမှားတွေကနေ လမ်းလွဲမှုကို အနှစ်ချုပ်ပြီး နောက်တစ်ခါကျရင် ပြင်ဆင်တယ်။ ကိုယ်တော့်ရဲ့လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရတဲ့ ဝမ်းမြောက်မှုကို ကျွန်မ မြည်းစမ်းမိလာပါတယ်။

အရှေ့သို့- ၇၄။ ကျွန်မရဲ့တာဝန်ကို တစိုက်မက်မက် ထမ်းဆောင်နိုင်ခဲ့ပြီ

နောက်တစ်ခုသို့- ၈၁။ ကျောက်ကပ်ရောဂါ ပြန်လည်ဖြစ်ပွားရာမှ သင်ယူခဲ့ရသော သင်ခန်းစာများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။