လက်တွေ့လုပ်ဆောင်ခြင်း (၄)

ယနေ့တွင် ငါပြောဆိုသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သည် သင်ယုံကြည်၍ နားလည်ထားသည့် အရာများနှင့် တူညီခြင်း မရှိကြပါ။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဆိုသည်မှာ တစ်နေ့လုံး ပျော်ရွှင်နေခြင်း၊ သင့်မိသားစုထဲတွင် ကံဆိုးခြင်း သို့မဟုတ် အနာရောဂါ ကင်းမဲ့ခြင်း၊ သင်၏ နှလုံးသားတွင်း ဝမ်းနည်းခြင်း၏ ခံစားမှုစိုးစဉ်းမျှမရှိဘဲ၊ အစဉ်အမြဲ ကျေနပ်နေခြင်းနှင့် သင်၏အသက်တာ တိုးတက်သည့် အတိုင်းအတာသည် မည်သို့ပင် ဖြစ်နေစေကာမူ ဖော်မပြနိုင်သော ဝမ်းမြောက်ခြင်း ခံစားမှု ရှိနေခြင်းကို ဆိုလိုသည်ဟု သင်ထင်ခဲ့သည်။ ယင်းသည် လစာတိုးခြင်းနှင့် သင်၏သား တက္ကသိုလ် စတင် တက်ရောက်ခြင်းတို့အပြင် ဖြစ်ခဲ့သည်။ ဤအမှုအရာများကို စိတ်ထဲတွင်ထားရင်း သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်မှာ အလွန်ပင် ကြီးမြတ်ခဲ့ကြောင်း တွေ့မြင်သဖြင့် သင်သည် အလွန်တရာ ဝမ်းမြောက်ကာ ပါးစပ်နားရွက်ချိတ်အောင် ပြုံးပြီး ဘုရားသခင်အား ကျေးဇူးတင်ခြင်းကို ရပ်တန့်၍ မရနိုင်ခဲ့ပေ။ ထိုသို့သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကိုရရှိခြင်းနှင့် အတူလာသော စစ်မှန်သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း မဟုတ်ချေ။ ယင်းအစား ထိုအရာသည် ဇာတိပကတိ၏ကျေနပ်မှု၏အကျိုးဆက် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဖြစ်သည်။ ယနေ့သည် မည်သည့်ခေတ် ဖြစ်သည်ကို သင်သည် နားလည်သင့်သည်။ ယင်းသည် ကျေးဇူးတော်ခေတ် မဟုတ်၊ သင်၏ ဝမ်းဗိုက်ကို ပေါင်မုန့်နှင့် ဖြည့်ခြင်းငှာ ကြိုးပမ်းသည့် အချိန်လည်း မဟုတ်တော့ပေ။ သင်၏ မိသားစုသည် အစစအရာရာ အဆင်ပြေနေသည့်အတွက် သင်သည် အလွန်ပင် ဝမ်းမြောက်ကောင်း ဝမ်းမြောက်လိမ့်မည်၊ သို့သော် သင်၏ အသက်တာသည် ၎င်း၏ နောက်ဆုံးသော ထွက်သက်ကို အငမ်းမရ ရှုရှိုက်နေလေပြီ။ ဤအတွက်ကြောင့် သင်၏ ဝမ်းမြောက်ခြင်းသည် မည်မျှပင် ကြီးမားနေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရရှိရန်မှာ ရိုးစင်းပေသည်- သင်လုပ်သင့်သည့် အရာကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်လော့၊ လူသားတစ်ဦး၏ တာဝန်နှင့် လုပ်ငန်းဆောင်တာကို ကောင်းမွန်စွာ ထမ်းဆောင်လော့၊ ထို့အပြင် သင်၏ ချွတ်ယွင်းချက်များကို ထေမိရန် သင်လိုအပ်သော အရာများနှင့် သင့်ကိုယ်သင် ပြည့်စုံနိုင်စေလော့။ အကယ်၍ သင့်တွင် သင်ကိုယ်တိုင်၏အသက်တာအတွက် ဝန်ထုပ်တစ်ခု အမြဲရှိပြီး သင်သည် သမ္မာတရား တစ်ခုကို သဘောပေါက်မိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်၏ လက်ရှိအလုပ်ကို နားလည်ခဲ့သောကြောင့် ပျော်ရွှင်သည်ဆိုလျှင်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် စစ်မှန်စွာ ရှိခြင်းဖြစ်သည်။ သို့မဟုတ် အကယ်၍ တစ်ခါတစ်ရံတွင် သင်သည် မည်သို့ တွေ့ကြုံခံစားရမည်ကို မသိသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရသောကြောင့် သို့မဟုတ် မိတ်သဟာယဖွဲ့သွားသော သမ္မာတရားတစ်ခုကို နားမလည်သောကြောင့် စိုးရိမ်ကြောင့်ကြမှု ရုတ်တရက်ပေါ်ပေါက်သည် ဆိုပါက ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်နှင့်အတူရှိခြင်းကို သက်သေပြသည်။ ဤသည်တို့မှာ အသက်တာ အတွေ့အကြုံ၏ ဖြစ်နေကျ အခြေအနေများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်တော် ရှိခြင်းနှင့် မရှိခြင်းတို့အကြား ကွဲပြားခြားနားချက်ကို သင်နားလည်ရမည်ဖြစ်ပြီး ဤအရာနှင့်ပတ်သက်၍ သင်၏ အမြင်သည် အလွန်အမင်း ရိုးစင်းလွန်းခြင်း မရှိရ။

ယခင်က သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် ကွဲပြားခြားနားကြောင်းကို ပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်း၏ ပုံမှန်အခြေအနေသည် ပုံမှန်အတွေးများ၊ ပုံမှန်အသိစိတ်နှင့် သာမန်လူ့သဘာဝရှိခြင်းတွင် ထင်ရှားပြသခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦး၏ စရိုက်သည် ယခင်ဖြစ်နေကျအတိုင်းသာ ဆက်ရှိမည်၊ သို့သော် ၎င်းတို့၏ အတွင်းတွင် ငြိမ်သက်ခြင်းရှိလိမ့်မည် ဖြစ်ပြီး အပြင်ပန်းတွင် သန့်ရှင်းသူတစ်ပါး၏ တင့်တယ်လျောက်ပတ်သော အမူအကျင့် ရှိပေလိမ့်မည်။ ဤသည်မှာ ၎င်းတို့နှင့်အတူ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေသည့်အခါ၊ ၎င်းတို့ဖြစ်နေမည့်ပုံတည်း။ တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောအခါ၊ ၎င်းတို့၏တွေးခေါ်မှုသည် ပုံမှန်ဖြစ်၏။ ၎င်းတို့သည် ဆာလောင်သည့် အချိန်တွင် စားချင်သည်၊ ၎င်းတို့ ရေဆာသည့် အချိန်တွင် ရေသောက်ချင်သည်။... သာမန်လူ့သဘာဝ၏ ထိုသို့သော သရုပ်သကန်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်း မဟုတ်၊ ၎င်းတို့သည် လူတို့၏ ပုံမှန်တွေးခေါ်မှု ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်း၏ ပုံမှန် အခြေအနေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများသည် ဆာလောင်မွတ်သိပ်ခြင်းကို မသိရ၊ မောပန်းခြင်းကို မခံစားရဘဲ၊ ၎င်းတို့သည် မိသားစု အကြောင်းလည်း မစဉ်းစားကြဟန်တူကာ၊ ထိုသူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ဇာတိပကတိမှ လုံးလုံးနီးပါး ခွဲခြားထားပြီး ဖြစ်ကြသည်ဟု အချို့သော လူများက မှားယွင်းစွာ ယုံကြည်ကြသည်။ စင်စစ်အားဖြင့်မူ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့နှင့်အတူ ရှိလေလေ၊ ၎င်းတို့သည် ပုံမှန်ဖြစ်လေလေ ဖြစ်၏။ ၎င်းတို့သည် ဒုက္ခခံရန်နှင့် အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ရန်၊ ၎င်းတို့ကိုယ်၎င်းတို့ ဘုရားသခင်အတွက် အသုံးပြုရန်၊ ဘုရားသခင်ကို သစ္စာရှိရန် သိကြသည်။ ထို့အပြင် ၎င်းတို့သည် အစားအစာနှင့် အဝတ်အစားများ အကြောင်းကိုလည်း တွေးကြပေသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် လူတို့တွင်ရှိသင့်သည့် သာမန် လူ့သဘာဝ၏ အဘယ်အရာတစ်ခုကိုမျှ ဆုံးရှုံးခြင်းမရှိဘဲ၊ ယင်းအစား ဆင်ခြင်တုံတရားကို အထူးသဖြင့် ပိုင်ဆိုင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အလုပ်ကို ချင့်ချိန်တွေးဆ၏၊ ၎င်းတို့၏ နှလုံးသားများအတွင်း ယုံကြည်သက်ဝင်ခြင်းရှိလျက် ၎င်းတို့သည် သမ္မာတရားကို ရရှိအောင် အားထုတ်ရန် လိုလိုလားလား ရှိကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ဤအုတ်မြစ်ပေါ်တွင် အခြေခံထားသည်မှာ မှန်ပေ၏။ အကယ်၍ လူတို့သည် ပုံမှန် တွေးခေါ်မှု မရှိကြပါက၊ ၎င်းတို့တွင် ဆင်ခြင်တုံတရား မရှိပေ၊ ယင်းသည် ပုံမှန် အခြေအနေ မဟုတ်ပေ။ လူတို့၌ ပုံမှန် တွေးခေါ်မှု ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့် အတူရှိသောအခါ၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရားကို မလွဲဧကန်ပင် ပိုင်ဆိုင်ပြီး၊ ထို့ကြောင့် ၎င်းတို့၌ ပုံမှန်အခြေအနေရှိသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် တစ်ခါတစ်ရံ ဖြစ်ပေါ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်းမှာမူ တစ်ချိန်လုံးနီးပါးဖြစ်၏။ လူတို့၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန် မဟုတ်ကြသောအခါတွင်မူ၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် သင့်အထဲတွင် ရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော် အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် သေချာပေါက် အလုပ်လုပ်နေသည်နှင့် အလားမတူပေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများ၌ အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် တည်ရှိမှုကိုသာ ထိန်းသိမ်းပေးနိုင်၏၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လုပ်သားတစ်ဦးဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ထံ သင့်အား ဉာဏ်အလင်း ရစေလိမ့်မည်၊ ထိုသို့သော အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်နေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အထူးသဖြင့် ဆီလျော်သော နှုတ်ကပတ်တော်အချို့နှင့် သင့်ကို ဉာဏ်အလင်းရစေသောအခါ သင်ကိုယ်တိုင်၏ အခြေအနေများနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ရစေလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်လေသည်။ တစ်ခါတစ်ရံ ငါပြောဆိုသောအခါ သင်တို့နားထောင်ကြပြီး သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန်နိုင်ကြပြီး၊ တစ်ခါတစ်ရံ သင်တို့သည် တို့ထိခံရသည်၊ သို့မဟုတ် စေ့ဆော်ခံရသည်၊ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန်ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လူအချို့က ၎င်းတို့သည် လက်ရှိအတိုင်းသာ လိုက်လျှောက်ပြီး အသက်ကို ရခြင်းငှာ တတ်စွမ်းနိုင်သည်၊ မတတ်စွမ်းနိုင်သည်နှင့် ပတ်သက်ပြီး စိတ်မဝင်စားကြပါဟု ဆိုကြသည်၊ ၎င်းတို့သည် အသက်ကို လိုက်မရှာပေ၊ သို့သော် ၎င်းတို့သည် ဆုတ်ခွာခြင်းလည်း မရှိပေ။ အမှု၏ ဤအဆင့်ကို ဘုရားသခင်က ဆောင်ရွက်တော်မူသည်ကိုသာ ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ သက်သေခံချက်၌ ကျရှုံးခြင်း မဟုတ်သလော။ ဤကဲ့သို့သောလူတို့သည် သိမ်းပိုက်ခံရပြီးခြင်းကိုပင် သက်သေမခံကြ။ သိမ်းပိုက်ခြင်း ခံရပြီးသူများသည် အခြားအရာများ မည်သို့ပင်ဖြစ်နေပါစေ လိုက်လျှောက်ကြပြီး အသက်အား လိုက်ရှာခြင်းငှာလည်း တတ်နိုင်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်သာမကဘဲ ဘုရားသခင်၏စီစဉ်ခြင်းများ အားလုံးကိုလည်း လိုက်လျှောက်ရန် သိကြသည်။ ယင်းသို့သော သူများသည် သက်သေခံသောသူများ ဖြစ်ကြသည်။ သက်သေမခံသော သူများသည် အသက်ကို မည်သည့်အခါမျှ လိုက်မရှာခဲ့ဖူးကြဘဲ တော်စွလျော်စွ ကြုံရာကျပန်းနေခြင်းဖြင့် လိုက်လျှောက်ဆဲ ဖြစ်ကြသည်။ သင်သည် လိုက်လျှောက်ကောင်း လိုက်လျှောက်သော်လည်း ယင်းမှာ သင်သည် သိမ်းပိုက်ခြင်းခံရပြီးကြောင်း မဆိုလိုပေ၊ အကြောင်းမှာ သင်သည် ယနေ့ ဘုရားသခင်၏ အမှုကို လုံးဝနားမလည်သောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရရန်အလို့ငှာ အချို့သော သတ်မှတ်ချက်များနှင့် ပြည့်မီရမည်။ လိုက်လျှောက်သောသူအားလုံး သိမ်းပိုက်ခံရသည် မဟုတ်၊ အကြောင်းမှာ သင်၏ စိတ်နှလုံးတွင် ယနေ့၏ ဘုရားသခင်နောက်ကို အဘယ်ကြောင့် သင်သည် လိုက်လျှောက်ရမည်နှင့် ပတ်သက်၍ သင်အဘယ်အရာကိုမျှ နားမလည်သကဲ့သို့၊ သင်သည် ယနေ့အထိ မည်ကဲ့သို့ ရောက်လာခဲ့သည်နှင့် မည်သူသည် သင့်အား ယနေ့ထိတိုင် ထောက်မပေးနေသည်ကို သင် မသိသောကြောင့် ဖြစ်သည်။ အချို့သူများ၏ ဘုရားသခင်အား ယုံကြည်သက်ဝင်ခြင်းအပေါ် လက်တွေ့လုပ်ဆောင်မှုသည် အမြဲနားဝေတိမ်တောင်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေကြ၏။ ထို့ကြောင့် လိုက်လျှောက်ခြင်းက သင့်တွင် သက်သေခံခြင်းရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ စစ်မှန်သော သက်သေခံချက်သည် အတိအကျအားဖြင့် အဘယ်နည်း။ ဤနေရာတွင် ပြောသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းဖြစ်ပြီး၊ အခြားတစ်ပိုင်းမှာ စုံလင်စေခြင်း ခံရပြီးသည်ကို သက်သေခံခြင်းဖြစ်သည် (ယင်းမှာ အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများ နောက်လိုက်သည့် သက်သေခံချက်ပင် ဖြစ်လိမ့်မည်မှာ မှန်ပေသည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများ အတောအတွင်း ခိုင်ခံ့စွာရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည်ဆိုပါလျှင်၊ သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ပေးခဲ့ပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် အရေးပါလှသော အရာမှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်မှုများ ဖြစ်စဉ်တိုင်းအတောအတွင်း၌ မြဲမြံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်းဟူသည့် သက်သေခံချက်၏ ပထမအဆင့် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံနေရခြင်း၏ သက်သေခံချက် ဖြစ်သည်။ ယင်းမှာ ယနေ့သည် သိမ်းပိုက်ခြင်း အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ (မျက်မှောက်အချိန်သည် ဘုရားသခင်၏ ကမ္ဘာပေါ်၌အမှု၏ အချိန်ဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏ ကမ္ဘာပေါ်၌ အဓိကအမှုသည် သူ့နောက်လိုက်သော ကမ္ဘာပေါ်ရှိ ဤလူစုအား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် သိမ်းပိုက်ခြင်း ဖြစ်သည်)။ သင်သည် သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာမကဘဲ၊ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို စစ်မှန်စွာ နားလည်နိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအမှုတစ်ခုလုံးကို စစ်မှန်စွာ သဘောပေါက်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ တကယ့်အဆုံးတိုင်အောင် လိုက်လျှောက်ရုံမျှနှင့် သင်သည် လွတ်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်း၏ အတောအတွင်း၌ သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အမှု၏ အဆင့်အသီးသီးကို စစ်မှန်စွာ နားလည်နိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းနှင့် နာခံခြင်းတို့ကို တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရန် လိုအပ်သည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းသည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းထံသို့ ဖြစ်သည်မှာ အထူးအရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက် သို့မဟုတ် အာဏာစွဲကိုင်သူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်သည် သို့မဟုတ် ပြောဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏အမှုအားလုံးကို နာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများအားလုံး— ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင်ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် လူ့ဇာတိသို့ ဘုရားသခင် ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် နတ်ဆိုးများနှင့် ရန်လိုသူများကို ရည်ရွယ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြသော ရန်သူများ အားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သည်။

ဘုရားသခင်အကြောင်းတွေးခြင်းနှင့် ဘုရားသခင်ကိုတမ်းတခြင်းက သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး ဖြစ်ကြောင်းကို သက်သေမပြပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်ကို သင်ယုံကြည်ခြင်း ရှိ၊ မရှိ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းကို သင်ယုံကြည်ခြင်း ရှိ၊ မရှိနှင့် ဝိညာဉ်တော်သည် နှုတ်ကပတ်တော် ဖြစ်လာပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခဲ့ပြီးသည်ကို သင် ယုံကြည်ခြင်း ရှိ၊ မရှိတို့အပေါ်တွင် ယင်းက မူတည်ပေသည်။ ဤသည်မှာ အဓိက သက်သေခံချက် ဖြစ်သည်။ သင်မည်ကဲ့သို့ လိုက်လျှောက်သည် ဆိုခြင်းကား အရေးမပါသကဲ့သို့၊ သင်သည် သင့်ကိုယ်သင် မည်ကဲ့သို့ အသုံးခံသည် ဆိုခြင်းလည်း အရေးပါခြင်း မရှိ။ နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ဝိညာဉ်တော်သည် လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရား၊ လမ်းခရီးနှင့် အသက် အားလုံးတို့သည် လူ့ဇာတိ၌ ကြွလာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မြေကြီးပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိပြီးဖြစ်ကာ ဝိညာဉ်တော်သည် လူ့ဇာတိ၌ ကြွလာပြီးဖြစ်သည် ဆိုခြင်းကို ဤသာမန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ သင်တတ်နိုင်ခြင်း ရှိ၊ မရှိသာ အရေးပါလှ၏။ အပေါ်ယံ သဘောအားဖြင့် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း၊ ဝိညာဉ်တော်သည် လူ့ဇာတိတွင် အကောင်အထည်ပေါ်ပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်ပြီး ဖြစ်ကြောင်းကို ဤအမှုတွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို သင် နားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ပေးနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် သူ့ကို သိနိုင်သည်သာမကဘဲ၊ ယနေ့ သင် လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီးနှင့် သမ္မာတရား၏ လမ်းခရီး ဖြစ်သည်ကိုလည်း သင် သတိမူမိသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတိနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အမှု၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အမှု- ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ ဇာတိပကတိ၌ ဘုရားသခင်၏ အမှုအားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိပကတိ၌ ဘုရားသခင်၏ဖြစ်ခြင်းခေတ်ကို အဆုံးသတ်စေသည်။ ထို့ကြောင့် သင်သည် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်ကို သိရှိရမည်။ သင်သည် အဘယ်မျှလောက် ကိစ္စများမြောင်ကို ပြုလုပ်သည် သို့မဟုတ် အခြားသော အပြင်ပန်း ကိစ္စရပ်များကို မည်ကဲ့သို့ ကောင်းမွန်စွာ သင် ဆောင်ရွက်သည် ဆိုခြင်းမှာ အရေးမပါပါ။ အရေးပါသည့် အရာမှာ သင်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့မှောက်တွင် စစ်မှန်စွာ ကျိုးနွံနာခံ၍ သင်၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်ထံ ပေးအပ်မြှုပ်နှံကာ သူ၏နှုတ်မှ လာသည့် နှုတ်ကပတ်တော် အားလုံးကို နာခံနိုင်ခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိသာဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အရာဖြစ်ပြီး သင် လိုက်နာကျင့်သုံးရမည့် အရာဖြစ်သည်။

သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်စေခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက်ပြီးနောက် သင်သည် ဘုရားသခင် အကြောင်း အသိပညာကို ပိုင်ဆိုင်လာပြီး သူ့အကြောင်း ယုံမှားမရှိ ဖြစ်လာကာ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ပေတရု၏ အမူအရာနှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်၊ ဤသို့ဖြစ်သည်မှာ သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ သူ့ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက်နှင့်ညီသော လူသား၏ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်စေခြင်းတို့ ခံရပြီးသော တစ်စုံတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဤသည်မှာ ယင်းမှာ အန္တိမ သက်သေခံချက် ဖြစ်သည်၊ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ပေးသင့်သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ၎င်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်းသည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့်ထံမှ ယနေ့ငါလိုအပ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိတို့အားဖြင့် ယင်းကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာဖြစ်၏။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၃)

နောက်တစ်ခုသို့- လက်တွေ့လုပ်ဆောင်ခြင်း (၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။